Sunday, July 28, 2013

သမိုင်းထဲက ဥတ္တရ ငြိမ်းချမ်းရေးပြယုဂ်


(မင်းထက်စံ)

ကားလမ်းမကြီးဟု ဆိုသော်လည်း ကားတစ်စီးမျှ သွား၍မရ။ ဖြူနီပြာဝါ မီးရောင်စုံများ လင်းထိန်လျက် ခေတ်ပေါ် တေးဂီတသံများလည်း ဆူညံနေသည်။ ဧကများစွာ ကျယ်ဝန်းသော ရင်ပြင်ကြီးတွင် မရေတွက်နိုင်သော လူအုပ်ကြီးဖြင့် ပြည့်နှက်နေပြီး ခြေတစ်လှမ်း လှမ်းရန်ပင် တော်တော်ခက်ခဲ သည်အထိ စည်ကားလျက် ရှိသည်။

ထိုမြင်ကွင်းက လွန်ခဲ့သည့် လေးနှစ်ခန့် ၂၀၀၉ ခုနှစ်က ကျင်းပခဲ့သော (၆၁) နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော် မြင်ကွင်းပင် ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေမှာမူ ယင်းမြင်ကွင်းနှင့် ကွာခြားနေသည်။

တောင်ပေါ်မြို့ဟု ဆိုသော်လည်း အအေးဓာတ်မရှိဘဲ အပူချိန်မြင့်မားနေသော မြစ်ကြီးနားမြို့တွင် အထင်ကရဖြစ်သော မနောကွင်းသည် တိတ်ဆိတ်လျက် မနောတိုင်များသာ အထီးကျန်ဆန်လျက် ရှိသည်။ မနောကွင်းသို့ ရောက်ရှိချိန်ကား မွန်းလွဲ ၁ နာရီ။ တော်တော်ပူသည်။

မနောပွဲကို တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ ကျင်းပနိုင်ခြင်းမရှိတော့ပေ။ မနောတိုင်များ၊ မနောတိုက်ကွက်ပုံစံ (ဒီဇိုင်း) များ၊ မနောစည်တော်၊ မနောမျှော်စင်တို့က မနောအကများကို မျှော်လေသလောဟုပင် ထင်မှတ်ရသည်။

မနောဟူသည်မှာ ယခင်က နတ်ကိုးကွယ်သူတို့အဖို့ မဒိုင်နတ်ကို ပူဇော်ပသသော နတ်ပွဲကြီးဖြစ်ပြီး ကချင်လူမျိုးတို့ ဘိုးဘေးဘီဘင်လက်ထက်က အစပြု၍ ကောင်းကင်နှင့် မြေကြီး၊ စကြဝဠာ တစ်ခုလုံးကို ဖန်ဆင်းကာ အရာခပ်သိမ်းတို့ကို ထိန်းကျောင်းပေးသော ဖန်ဆင်းရှင်တစ်ပါး ရှိသည်ကို ယုံကြည်ကြသည်။

ဥစ္စာပစ္စည်း တိုးပွားစေရန်၊ ဆန်ရေစပါး ပေါများရန်၊ ရောဂါဘယ ကင်းဝေး၍ ကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းရန် မဒိုင်နတ်ကို နှစ်ပေါင်းများစွာ ပူဇော်ပသခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူနေမှု အဆင့်အတန်း တိုးတက်ပြောင်းလဲကာ ကိုးကွယ်သည့် ဘာသာအယူအဆများကြောင့် မဒိုင်နတ်ကို ပူဇော်ပသသည့် ပွဲမဟုတ်တော့ဘဲ ရိုးရာယဉ်ကျေးမှု ပွဲတော်အဖြစ် ပြောင်းလဲ ကျင်းပလာကြသည်။ သို့သော် ဖိရိုးဖလာ နတ်ကိုးကွယ်သူများက မဒိုင်နတ် ပူဇော်ပသ၍ ကပြနေကြဆဲ ဖြစ်သည်။

မနောအမျိုးအစား အဓိကငါးမျိုးသတ်မှတ်ထားရာ ယင်းတို့မှာ ၁။ ဆွတ်မနော (ဥစ္စာစီးပွား တိုးပွား ကြွယ်ဝချိန်တွင် အများလူထု မိတ်ဆွေ သင်္ဂဟတို့ကို ပေးကမ်းစွန့်ကြဲ လှူတန်းသည့် မနောပွဲ)၊ ၂။ ဂျူမနော (ပြင်းထန်စွာ နာမကျန်းသောအခါ၊ သက်ကြီးရွယ်အိုများ အသုဘ အခမ်းအနား ပြီးစီးချိန်၊ သားသမီး မထွန်းကားသည့်အခါ သားသမီးရစေရန် ဆုတောင်းသည့် မနောပွဲ)၊ ၃။ ပဒန်မနော (စစ်တိုက်၍ အောင်မြင်လာကြသောအခါ အောင်ပွဲခံသည့် မနောပွဲ)၊ ၄။ ကွမ်ရန် မနော (ပဒိုင်နတ်ကို ကိုးကွယ်သည့် မိသားစု၊ အိမ်ထောင်စုတစ်ခုမှ နယ်မြေသစ်ထူထောင်ရန် သို့မဟုတ် သီးခြား အိုးအိမ်သစ် တည်ဆောက်ရန် ကျင်းပသော မနောပွဲ)၊ ၄။ ရှဒစ် မနောပွဲ (နယ်မြေသစ် ထူထောင်ပြီး၍ မိဘများ နေထိုင်ရာ ပင်ဒေသ အူမားဂါးမှ မဒိုင်နတ်နှင့် ရှဒစ်တို့ကို ဝေခြမ်းပင့်ဆောင်လာသောအချိန် မဒိုင်နတ်ကို နေရာပြခြင်း သို့မဟုတ် နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို ဖယ်ရှားခြင်း) စသည်ဖြင့် အမျိုးမျိုး ကျင်းပခဲ့သည့်ဟု မနောပွဲသမိုင်းများတွင် ဖော်ပြထားသည်။

အထက်ပါ မနောငါးမျိုးအပြင် အခြားမနောပွဲများကိုလည်း ကျင်းပသည်မှာ ထိန်ရမ်းမနော (ညီအစ်ကို အချင်းချင်းဖြစ်စေ၊ သမက်ဖြစ်စေ၊ ယောက္ခမမျိုးတို့နှင့်ဖြစ်စေ ရန်လိုမှု၊ မကျေနပ်မှုများ ရှိနေချိန်တွင် တစ်ဦးနှင့်တစ်ဦး သံသယ ကင်းရှင်းစေကြောင်း ပြန်လည် စေ့စပ်ကျေအေးစေရန် ကျင်းပသည့် မနောပွဲ)၊ နိန်ထန်မနော (စစ်ထွက်ခါနီးအချိန်တွင် ဓား၊ လှံ၊ သေနတ်စသော စစ်လက်နက်များ ကိုင်ဆောင်၍ ဇာတိသွေး ဇာတိမာန်တက်ကြွစေရန် ကခုန်ကြသည့် မနောပွဲအပြင် စစ်သည်အင်အား စုဆောင်းသည့် မနောပွဲဟုလည်း ခေါ်ဆိုကြသည်။)၊ ထိန်ထန်မနော (မနောရှင်တို့က ခါတိုင်းပုံမှန် ကျင်းပနေသော မနောပွဲ ရက်ထက် နှစ်ဆပိုကြာအောင် ကျင်းပသော မနောပွဲ)တို့ကိုလည်း ကျင်းပခဲ့ကြသည်ဟု သမိုင်းစာအုပ်များတွင် ဖော်ပြခဲ့သည်။

မြစ်ကြီးနားမြို့ စီတာပူမနောကွင်း အလယ်တွင် တည်ရှိနေသော မနောတိုင်များထဲမှ အလယ်ဗဟို တိုင်နှစ်တိုင်မှာ အမတိုင်မှာ ဖြစ်၍ (Dung Yi) ဖြစ်၍ ယင်းတိုင်များနှင့် ယှဉ်ကာ ဘေးတစ်ဖက် တစ်ချက်စီတွင် စိုက်ထူထားသော တိုင်နှစ်တိုင်မှာ အဖိုတိုင်များ (Dung La) ဖြစ်ပြီး တခြားတိုင်အတိုတို့ကို ဒုံနွယ် (Dung Noi) ဟု ခေါ်ဆိုကြောင်း ဒေသခံတစ်ဦးက ပူပြင်းသော နေရောင်အောက်ရှိ မနောတိုင်များကို လက်ညှိုးထိုးပြကာ ရှင်းပြပေးသည်။

မနောတိုင်များကို အောက်ခြေတွင် ကန့်လန်ဖြတ်ထားသော တိုင်များကို ဒုံဗြဲ (Dung Bye) သို့မဟုတ် ဒုံတော် (Dung Tawn) ဟု ခေါ်ပြီး အောက်တွင် အောက်ချင်းငှက် ဦးခေါင်းနှင့် အမြီးကို ထွင်းလုပ် ထားသည်မှာ ငှက်များညောင်သီးစား၍ မနောပွဲ ကျင်းပခဲ့စဉ်က အောက်ချင်းငှက်သည် မနောရှင်အဖြစ် ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်ကြောင်း သူကပြောပြသည်။

ယင်းမနောတိုင်များမှာ ၁၉၉၃ ခုနှစ်အစောပိုင်း ကာလက သစ်သားတိုင်များဖြစ်ပြီး အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီးသည့် ကာလတွင် အဆိုပါမနောတိုင်များကို ကွန်ကရစ်တိုင်များအဖြစ် ပြောင်းလဲခဲ့သည့်အပြင် မဂျွယ်ခန်းမတို့ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မနောကွင်း အနောက်ဘက်တွင်မူ ယခင်က ဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင်ဟောင်းများ ရှိနေပြီး ခြောက်ကပ်လျက်…

မနောကွင်း၏ဘေးရှိ ငြိမ်းချမ်းရေး မဂျွယ်ခန်းမအနီးတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည်။ ယင်းရဲတပ်ဖွဲ့ဝင်များမှာ မေလ ၂၈ ရက်နေ့တွင် ပြုလုပ်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီတွင် ရောက်ရှိနေခြင်း ဖြစ်သည်ဟုလည်း ဒေသခံများ၏ အဆိုအရ သိရသည်။

ယင်းမနောကွင်းသည် ၁၉၄၆ ခုနှစ်က ဂျပန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သော အထိမ်းအမှတ် အဖြစ် ပဒန်မနောပွဲအဖြစ် စတင်ကျင်းပခဲ့ပြီး ပြည်မမှ ဗမာကိုယ်စားလှယ်များပါ တက်ရောက် အားပေးခဲ့သည့်အတွက် ကချင်ဗမာ ချစ်မြဲစေခဲ့သည်ဟု သမိုင်းများက ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးနောက် ခြောက်ရက်အကြာ ၁၉၄၈ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကချင် ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး မနောပွဲအဖြစ် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက် တက်ရောက်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဘဦး၊ နိုင်ငံတော် သမ္မတ မန်းဝင်းမောင်တို့ ခေတ်အဆက်ဆက် တက်ရောက်ခဲ့သည်။

၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မကျင်းပနိုင်ခဲ့သော်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူသည့်အနေဖြင့် ပြန်လည် ကျင်းပခဲ့သည့်အပြင် ၁၉၉၃ ခုနှစ်တွင် ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေဖြင့် ပြန်လည် ကျင်းပခဲ့သည်။သို့သော် မနောပွဲ မကျင်းပနိုင်သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။

မနောကွင်းအနီးတွင် နေထိုင်သူ ၂၄နှစ်အရွယ် လီဆူးတိုင်းရင်းသူတစ်ဦးက“အရင်က မနောပွဲမှာ ပျော်ခဲ့တာတွေကို သတိရတယ်” ဟု ပြောပြသည်။

အစိုးရနှင့် ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အကောင်အထည် ဖော်နိုင်ရန် Technical Team အဖွဲ့ ရုံးဖွင့်ပွဲကို ဇူလိုင် ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ကေအိုင်အို အကြီးအကဲဟောင်းတစ်ဦးက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဆင်ပြေရင် မနောပွဲလည်း ပြန်ဖြစ်လာမှာပါ” ဟု မှတ်ချက်ပေးသည်။

ကေအိုင်အို Technical Team ရုံးရှေ့ရှိ မနောကွင်းဝင်ပေါက်တွင် ဖက်ဆစ်ဂျပန်များကို တိုက် ထုတ်ခဲ့ကာ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် ကချင်လူမျိုးခေါင်ဆောင် ဖုန်ကန်ဒူဝါနှင့် ဗိုလ်ဖိုးစောတို့၏ ရုပ်တုများက အသက်ဝင်နေပြီး ကချင်မနောတိုင်များနှင့် ဆင်စွယ်ပုံသဏ္ဌာန် အလှဆင်ထားသည်မှာ ဗိသုကာ မြောက်လှသည်။

သစ်ပင်တို့ ညီညာစွာ စိုက်ထားပြီး စိမ်းစိုသော မြက်ခင်းများအလယ် ဖြောင့်ဖြူးနေသော လမ်းမထိပ် တွင် မနောတိုင်များသည် ထိပ်တွင် အလံတလွင့်လွင့် ဖြစ်နေသည်။ မနောတိုင်ပတ်လည်တွင် ကခုန်သူ၊ စည်တော်တီးသူမရှိ။

မနောကရာတွင် ဂွမ်ဒုရုခေါ် ကြိမ်ဖြင့်ရက်လုပ်ထားသော ဦးထုပ်ကိုဆောင်းလျက် နဂါးရုပ်ပါသော ဝတ်စုံများ ဝတ်ဆင်ထားကြသော ဓားကိုင်ဆောင်သူတစ်ဦးနှင့် သစ်ရွက်ဖြင့် ထုပ်ထားသော သုံးမြှောင့်ပုံ သစ်သားချောင်းကို ကိုင်ဆောင်ထားသော မနောအက ဦးဆောင်သူနှစ်ဦး နောက်တွင် လူပေါင်းထောင်ချီ သောင်းချီကကြသည်က လွန်ခဲ့သော သုံးနှစ်ခန့်က ဖြစ်သည်။

နောင်လာမည့် မနောပွဲက ဘယ်တော့ ဘယ်အချိန် ကျင်းပနိုင်မည် ဆိုသည်ကား . . . ။ 

Credit To The Voice Weekly

(ကိုးကား - မနောအကြောင်း သိကောင်းစရာများ)

Related Articles:

Post a Comment