Wednesday, July 31, 2013

မီဒီယာလွတ်လပ်ခွင့် တိုက်ပွဲ ဒီရေမြင့်


 


ရေးသားသူ- အေးသူစံ

ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် တစ်နှစ်အတွင်း အဆင့် ၂၃ ဆင့်သို့ တက်ခဲ့သော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အတွက်ပင် အစိုးရနှင့် ပုဂ္ဂလိကမီဒီယာအင်အားစုတို့ကြား အားပြိုင်မှုမှာ ယနေ့ဒီရေအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်။

သတင်းလွတ်လပ်ခွင့်ကို ဆက်လက်ချုပ်ကိုင်လိုသည်ဟု စွပ်စွဲခံနေရသော ပြန်ကြားရေးဝန်ကြီးဌာနနှင့် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်းကောင်စီတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ မီဒီယာအခြေပြု ဥပဒေကြမ်း သုံးခုထွက်ပေါ်ရာက အစပြုခဲ့ခြင်း
ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းနှင့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းဟူသော ဥပဒေကြမ်းနှစ်ခု ရေးဆွဲထားသည်။ မကြာသေးမီက ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းက မီဒီယာကို ထိန်းချုပ်ရန် သက်သေပြနေကြောင်း မီဒီယာသမားအများစုက မှတ်ယူနေကြသည်။ ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းမှ အချက်ငါးချက်ကို သတင်း ထောက်အများစုနှင့် စာနယ်ဇင်း ကောင်စီက သဘောမတူခဲ့ပေ။ ထို့အပြင် စာနယ်ဇင်းကောင်စီက ဖြည့်စွက်စေလိုသည်ကို မဖြည့်ဘဲ လွှတ်တော်တင်ခဲ့ခြင်းဖြစ်သည်။

စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေကြမ်းသည်လည်း မီဒီယာလွတ်လပ်ခွင့်ကို ရှေ့တန်းတင်လျက် အခြားနိုင်ငံတကာမီဒီယာ ဥပဒေများတွင်ပင် မပါရှိသည့် သတင်းအချက်အလက်ရယူမှုများတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ တစ်ကိုယ်ရေလွတ်လပ်ခွင့်ကိုပင် ထိပါးနိုင်ဖွယ်ရှိသည့်အချက်များ ပါဝင်နေသည်ကို ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံနိုင်ကြောင်း သတင်းထုတ်ပြန်ထားပြန်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ပြီးနောက် ၂၀၁၂ သြဂုတ် ၂၀ ရက်တွင် စာပေစိစစ်ရေးကို ဖျက်သိမ်းခဲ့ရာ မြန်မာ့မီဒီယာလောကအတွက် အားကိုးရမည့် ၀န်ကြီးအဖြစ် မီဒီယာအ များစုက ယုံကြည်မျှော်လင့်ခဲ့ကြသည်။ ထို့အပြင် သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်း ကောင်စီ(ယာယီ)နှင့် တွေ့ဆုံ၍ သတင်းသမားများအတွက် မီဒီယာဥပဒေတစ်ခုကို စိတ်တိုင်းကျ ရေးဆွဲပါရန် ၀န်ကြီးက ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီမှ ဥပဒေရေးဆွဲနေစဉ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၃ ဖေဖော်ဝါရီလဆန်းတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ(ယာယီ) နှင့် တိုင်ပင်ညှိနှိုင်း အသိပေးခြင်းမပြုဘဲ ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေသည် ပုံနှိပ်သူနှင့် ထုတ်ဝေသူအတွက်သာ ရည်ရွယ်ရေးဆွဲကြောင်း ပြန်ကြားရေးကဆိုသော်လည်း ထုတ်ဝေနှင့် ပုံနှိပ်သူတို့ကို ၀န်ကြီးဌာနတွင် မှတ်ပုံတင်စေသည့်နည်းဖြင့် သတင်းမီဒီယာမဏ္ဍိုင်ကို ၀န်ကြီးဌာနအောက်သို့ ပြန်လည်သွတ်သွင်းသည့် ဥပဒေအဖြစ် စာနယ်ဇင်းကောင်စီယာယီက ကန့်ကွက်ခဲ့ကြသည်။

မီဒီယာသမားများ၏ ကန့်ကွက်မှုကြောင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က စာနယ်ဇင်းကောင်စီ(ယာယီ)ကို ယခုနှစ် မတ်လ ၂၃ ရက်တွင် ခေါ်ယူတွေ့ဆုံ၍ ပြင်ဆင်လိုသည့်အချက်များကို ပြင်ဆင်ပေးမည်ဖြစ်ပြီး စာနယ်ဇင်းကောင်စီက ရေးဆွဲနေသော သတင်းမီဒီယာဥပဒေနှင့်အတူ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ ပြိုင်တူတင်မည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူညီချက်ဖြင့် ဆက်လုပ်ခဲ့သည်။ သို့သော် ယခု ဇူလိုင်လဆန်းတွင် စာနယ်ဇင်းကောင်စီ၏ ပြင်ဆင်ချက်များ မပါဝင်သော မူရင်းဥပဒေကြမ်းကို နှစ်ဖက်သဘောတူညီချက်ချိုးဖောက်၍ လွှတ်တော်သို့ တင်ခဲ့သည်။ ဥပဒေ နှစ်ခုပြိုင်တူတင်သွင်းပြီး လွှတ် တော်တွင်းတွင် မီဒီယာဥပဒေတစ် ခုတည်းဖြစ်သွားမည့်လမ်း ကြောင်းကို ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီတို့ သဘောတူထားခဲ့သော်လည်း ပြန်ကြားရေးက လက်ဦးမှုရယူပြီး တင်သွင်းလိုက်သည့် ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းအတွက် နှစ်ဖက်တင်းမာမှု အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ၅၁ ချက်လည်း သဘောတူပြီးပြီ။ သူတို့ ဖြုတ်ခိုင်းတဲ့ Chapter တစ်ခုလုံးလည်း ဖြုတ်ပြီးပြီ။ ဒါကိုမှ ၁၇ ချက် ထပ်ပြင်ဦးဆိုတော့ ကျွန်တော်တို့ဘက်က လျှော့စရာမရှိတော့ပါဘူး” ဟု PC မှ အဖွဲ့ဝင် ဦးသီဟစောက ပြောကြားသည်။

“ဥပဒေတစ်ခုဆိုတာ အရေးတကြီးဆွဲဖို့ လိုတာမဟုတ်ဘူး။ ရေရှည်လိုက်နာသွားဖို့လိုအပ်တဲ့အတွက် ဥပဒေကျွမ်းကျင်တဲ့လူတွေ၊ တကယ်အလုပ်လုပ်နေတဲ့သူတွေနဲ့ အချိန်ယူညှိနှိုင်းဆွေးနွေးငြင်းခုံပြီးမှ လုပ်တာကောင်းပါတယ်။ စစ်သားအမြင်နဲ့ စစ်တိုက်သလို တောင်ကုန်းတစ်ကုန်းမြင်တာနဲ့ သိမ်းမယ်ဆိုတာ အဆင်ပြေမှာ မဟုတ်ဘူး” ဟု သတင်းစာဆရာ ဦးရဲနိုင်မိုးကပြောသည်။

ထို့အပြင် စာနယ်ဇင်းကောင်စီ(ယာယီ)၏ သတင်းမီဒီယာဥပဒေမှာ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြင်ဆင်ခိုင်းသော အချက် ၁၇ ချက် မပါဝင်သည့်အတွက် လွှတ်တော်သို့ မတင်ပေးနိုင်တော့ကြောင်း ဇူလိုင် ၂၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့်အတွက် စာနယ်ဇင်းကောင်စီမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်၍ ဥပဒေကြမ်းကို အဆိုတင်သွင်းသည့်နည်းလမ်းဖြင့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်တွင်းရောက်ရန် ကြိုးစားရတော့မည်ဖြစ်သည်။

“ကျွန်တော်တို့ မီဒီယာသမားတွေအတွက် ဘာကြောင့် ဥပဒေနှစ်ခု သီးခြားစီလိုအပ်မှာလဲဆိုတာ စဉ်းစားလို့မရဘူး။ ပုံနှိပ်သူတွေနဲ့ သက်ဆိုင်တာ မှတ်ပုံတင်တာတွေဟာ တကယ်တော့ သတင်းမီဒီယာဥပဒေထဲမှာ အခန်းတစ်ခန်းအနေနဲ့ ပါသင့်တယ်” ဟု သတင်းစာဆရာ ဦးရဲနိုင်မိုးက ဆက်လက်ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးနဲ့ စဆွေးနွေးကတည်းက ဥပဒေတစ်ခုတည်းပဲ ရှိသင့်တယ်။ ပုံနှိပ်သက်သက်၊ မီဒီယာသက်သက် ခွဲထွက်တာကို အရင်ကတည်းက သဘောမတူခဲ့ဘူး။ အခုတောင် သတင်းသမားတွေ ပုဒ်မ-၅၀၀ (အသရေဖျက်မှု)နဲ့ တရားစွဲခံနေရတာ ဘယ်လောက်ရှိနေပြီလဲ။ အခုဒီပုံနှိပ် ထုတ်ဝေသာ လုံးဝအတည်ပြုလိုက်ရင် အချိန်မရွေးအမြင်ကတ် ပုဒ်မနဲ့ တရားစွဲခံနေရတော့မယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့က ဥပဒေ နှစ်ခုကို ပေါင်းချင်တာပါ” ဟု စာနယ်ဇင်းကောင်စီ ယာယီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြော သည်။

လွှတ်တော်သို့ ရောက်ရှိပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားသော ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းမှာ နိုင်ငံတကာသတင်း ထောက်အဖွဲ့များအပါအ၀င် ပြည်တွင်းသတင်းထောက်အားလုံးက ယခင်တင်းကျပ်သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ကျောထောက် နောက်ခံပြုထားသော ဥပဒေဟု ရှုမြင်ကန့်ကွက်ကြသည်။

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းမှာလည်း နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံများကို အသက်ဆက်နိုင်စေရန် အသက်သွင်းသည့် ဥပဒေဖြစ်ပြီး အစိုးရဘတ်ဂျက်နှင့် အခြားဝင်ငွေများ ခံစားခွင့်ရှိနေသော အခွင့်ထူးခံဥပဒေအဖြစ် မီဒီယာသမားတို့က ထောက်ပြခဲ့သည်။

အထူးသဖြင့် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ရပ်တည်နိုင်ရန် အပြင်းအထန်ကြိုးစားနေရချိန်တွင် သမ္မတမိန့်ခွန်း၊ သမ္မတခရီးစဉ်များ၊ သမ္မတတွေ့ဆုံမှုများ၊ အရေးကြီးပုဂ္ဂိုလ်တို့၏ တွေ့ဆုံမှုများတွင် အများပြည်သူဝန်ဆောင်မှုအဖြစ် ပြောင်းလဲတော့မည့် နိုင်ငံပိုင်မီဒီယာတို့သာ လက်ဦးမှုရယူ သတင်းဖော်ပြနေကြသည်။

အချို့သတင်းရယူမှုတွင်မူ ပုဂ္ဂလိကရုပ်သံမီဒီယာကြီးတစ်ခုက အခွင့်ထူးခံအဖြစ် လိုက်ပါသတင်းရယူနိုင်သည်ကို တွေ့ရသည့်အခါ အခြားသတင်းသမားများ ပြန်ကြားရေးအပေါ် မကျေနပ်မှုများ ပိုများလာသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ အချို့သောပုဂ္ဂိုလ်များသည် လက်ရှိပုဂ္ဂလိကသတင်းမီဒီယာအချို့ မှာ သတင်းရေးသားတင်ဆက်မှုတွင် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများ၊ အထူးသဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို ကြီးထွားစေသော ရေးသားမှုများ ပြုလုပ်နိုင်ကြောင်း အစိုးရအဖွဲ့တွင်း ၀ါဒဖြန့်ထားပြီး ယင်းအချက်ကို ထောက်၍ သတင်းသမားများကို အကြွင်းမဲ့လွတ်လပ်ခွင့် မပေးသင့်ကြောင်း အစီရင်ခံစာများ ရှိနေသည်။ ထို့ကြောင့် သတင်းသမားများ ကိုယ့်တာကိုယ်လုံဖို့လိုကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

“စစ်အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့ရတဲ့ အကျိုးဆက်ဟာ မီဒီယာလောကထဲမှာသာ မဟုတ်ဘူး။ ပညာရေး၊ ကျန်းမာရေးစတဲ့ ၀န်ထမ်းတွေအားလုံးမှာ ကျင့်ဝတ်နဲ့ မညီတာတွေ ဖြစ်နေတာပဲ။ လူငယ်သတင်းသမားတွေလည်း ကျင့်ဝတ်တွေ စောင့်ထိန်းသင့်တာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မလိုလားအပ်တဲ့ ပဋိပက္ခတွေမဖြစ်အောင်၊ သွေးထွက်သံယိုတွေ မဖြစ်အောင် သတင်းမီဒီယာကို ထိန်းချုပ်မှရမယ်ဆိုရင်တော့ အဲဒါဆန့်ကျင်ဘက်မှားယွင်းနေပြီပဲ။ သတင်းမီဒီယာကို ထိန်းချုပ်တဲ့ နည်းနဲ့ လူအဖွဲ့အစည်းအတွင်းမှာ ပြဿနာမဖြစ်အောင် ထိန်းချုပ်လို့ မရဘူး။ မှန်မှန်ကန်ကန်လွတ်လပ် ဖွံ့ဖြိုးစေတဲ့နည်းလမ်းနဲ့သာ ပြဿနာတွေကို ထိန်းချုပ်ရမှာ။ မီဒီယာကို ထိန်းချုပ်ရင် ပိုပြီးဆိုးမှာပဲ” ဟု ဦးရဲနိုင်မိုးက ပြောကြားသည်။

ဒီမိုကရေစီခေတ်တွင် တစ်ဦးတည်းသဘောဆန္ဒဖြင့် ဘာမှလုပ်၍မရကြောင်း၊ အတည်ပြုလိုက်သော ဥပဒေကြမ်းမှာလည်း လွှတ်တော်ရေးရာကော်မတီ၊ စာနယ်ဇင်းကောင်စီနှင့် အများပြည်သူ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားပြီးမှ လွှတ်တော်အဆုံးအဖြတ်ယူ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စွပ်စွဲမှုများနှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့မီဒီယာပတ်ဝန်းကျင်ကို ဥရောပသမဂ္ဂနိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ လူမှုတာဝန်သိသော မီဒီယာ (Social Responsible Media) အဖြစ် တည် ဆောက်ဖို့ ဆောင်ရွက်နေတယ်။ ဒီမီဒီယာမှာရှိရမယ့် နိုင်ငံတကာ စံများနဲ့ မကိုက်ညီတာရှိရင် တိတိကျကျ ထောက်ပြနိုင်ပါတယ်။ ပြင်ဆင်ဖို့အသင့်ပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့လုပ်တာ မယုံဘူးဆိုတဲ့ ဝေဖန်မှုမျိုးအတွက်တော့ ကျွန်တော်တို့ လည်း မတတ်နိုင်ပါဘူး” ဟု ဦးရဲထွဋ်ကဆိုသည်။

သတင်းမီဒီယာဥပဒေကြမ်းတွင် အချက် ၁၇ ချက်ကို ပြန်လည်ပြင်ဆင်စေခြင်းမှာ နိုင်ငံတကာစံနှုန်းနှင့် မညီသည့် အချက်များဖြစ်ပြီး အများပြည်သူအကျိုးစီးပွား၊ ပြည်သူတို့၏ လုံခြုံရေးကို ထိပါးစေသော အချက်များအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ထဲတွင် ကန့်ကွက်သွားဦးမည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

“နိုင်ငံတော်အဆင့်မဟုတ်တဲ့ လုံခြုံရေးမှတ်တမ်းတွေ တောင်းယူကြည့်နိုင်တယ်ဆိုတာက သူများရဲ့ ကိုယ်ရေးကိုယ်တာ ဆေးမှတ်တမ်းတွေ ကျန်းမာရေးမှတ်တမ်းတွေ ဒါတွေကို ယူကြည့်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးက နိုင်ငံတကာမှာတောင် မရှိပါဘူးဗျာ” ဟု ဦးရဲထွဋ်ကပြောသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအဆင့်များစွာတက်လာသော မြန်မာနိုင်ငံတွင် ပုဂ္ဂလိကမီဒီယာများမှာမူ သတင်းရယူခွင့်အတွက် ကန့်သတ်ခံရမှုများ ရှိနေဆဲဖြစ်သည်။

ပြန်ကြားရေးနှင့် မီဒီယာသမားတို့ အငြင်းပွားနေချိန်တွင် သမ္မတကလည်း မီဒီယာဥပဒေများနှင့် ပတ်သက်သည့် သူ့သဘောထားကို ဗြိတိန်သို့ ရောက်ရှိစဉ် တရားဝင်ပြောကြားခဲ့ပြန်သည်။

“လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်သိမှုတွေ ကြွယ်ဝနေမှသာ မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အ၀ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ထုတ်ပြန်ထားတဲ့ မီဒီယာဥပဒေတွေမှာ နိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီး ထိန်းချုပ်ထားတာ ကောင်းပါလိမ့်မယ်”။

လက်ရှိထွက်သမျှ မီဒီယာဥပဒေအတိုင်း အငြင်းပွားပြဿနာတက်နေသည့်ကိစ္စအတွက် စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ဖြေရှင်းရနိုင်သော နည်းလမ်းကို အောက်ပါအတိုင်းပြောသည်။

“လွှတ်တော်အဆင့်ဆင့်မှာ ဥပဒေကြမ်းကော်မတီအပါအ၀င် သက်ဆိုင်တဲ့ ကော်မတီတွေရှေ့မှာ ကောင်စီဘက်ကရော ၀န်ကြီးဌာနဘက်ကပါ မျက်နှာချင်းဆိုင်တွေ့ပြီး ဘာကြောင့်ပြင်တယ်၊ ဥပဒေက ဘယ်သူ့အတွက်ဆွဲတယ်။ အဓိက ရည်မှန်းချက်၊ ရည်ရွယ်ချက်က ဘာဆိုတာ ပွင့်ပွင့်လင်းလင်းဆွေးနွေးလိုက်ရင် ပြီးသွားနိုင်တယ်”။

“တစ်ခုတော့ရှိတယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါဝင်ပတ်သက်သူ အဖွဲ့အစည်း၊ အသင်းအပင်းတွေ၊ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ အုပ်ချုပ်သူနေရာကဘဲကြည့်ပြီး လုံခြုံရေးရှုထောင့်သက်သက်၊ ကိုယ်ကျိုးစီးပွား၊ လုပ်ပိုင်ခွင့်ကာကွယ်ဖို့သက်သက် စဉ်းစားပြဋ္ဌာန်းထားတဲ့ ဘယ်ဥပဒေမဆို ပြဿနာတက်နေဦးမှာပဲ”

ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကို မီဒီယာများကန့်ကွက်နေသည့်ကြား၊ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ပြင်ဆင်လိုသည့်အချက် များမပါဝင်ဘဲ လွှတ်တော်တွင် တင်ပြလာခြင်းကို မသိရှိခဲ့ပါကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့က ပြောကြားလာခဲ့ခြင်းကြောင်း ဖြစ်ပါသည်။

“ခေါင်းဆောင်နှစ်ယောက်ဒီလိုပြောတဲ့အပေါ် ကျွန်တော်တော်တော်အံ့သြတယ်။ ဥပဒေကြမ်းတွေ ဥပဒေတွေနဲ့ပတ်သက်နေတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်မှာပါ စောစောစီးစီး သတင်းအချက်အလက်တွေကို နားစွင့်စုံစမ်းထားသင့်ပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးရင် လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးတွေသာမက အတိုက်အခံတွေရဲ့ အခွင့်အရေးတွေသာမက ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို ထိပါးရာရောက်ပါတယ်” ဟု ဦးရဲနိုင်မိုးကပြောကြားသည်။

ဇူလိုင်လကုန်ပိုင်းက ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်း၊ သတင်းမီဒီယာဥပဒေကြမ်းနှစ်ခုလုံးအတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ကြသည့်အတွက် မီဒီယာဥပဒေနှစ်ခု၏ ခရီးရှည်က လွှတ်တော်တွင်း အားပြိုင်မှုများစွာဖြင့် ဆက်လက် ချီတက်ရန်ရှိပါသည်။ နိုင်ငံတကာစံနှုန်းကို အမြဲလက်ကိုင်ထားသုံးစွဲနေသော ပြန်ကြားရေးဝန်ကြီးဌာနမှာ ကမ္ဘာတွင်မရှိသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မှတ်ပုံတင်အရာရှိကို ဖန်တီးနေသည့်အတွက် အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဦးသီဟစောက ယခုကဲ့သို့ ပြောကြားသည်။

“၀န်ကြီးဌာနတစ်ခုအောက်က ရုန်းလို့မရတဲ့ မီဒီယာဟာ ဘယ်တော့မှ စတုတ္ထမဏ္ဍိုင်ဖြစ်လာမှာ မဟုတ်ဘူး”။

Credit To 7Day News Journal

Related Articles:

Post a Comment