လာရီဂျာဂန်း မြင်နေသည့် မြန်မာ့နိုင်ငံရေး ဖြိုးဝေ





မြန်မာ့နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးအဖြစ် သတင်းဆောင်းပါးများ ရေးသားနေသည့် Mr. Lary Jagan အား တွေ့ရစဉ်
ပြီးခဲ့သည့် စနေနေ့က ဘီဘီစီ သတင်းဌာနတွင် နှစ်ပေါင်း ၄၀ ခန့် အလုပ်လုပ်ခဲ့ပြီး ဗြိတိန်နိုင်ငံ ရိုက်ကူးထုတ်လုပ်ရေး ကော်ပိုရေးရှင်းတွင် မြန်မာ့နိုင်ငံရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိအချိန်တွင် အလွတ်တန်း သတင်းထောက် တစ်ဦးအဖြစ် လုပ်ကိုင်နေသူ Mr. Lary Jagan နှင့် တွေ့ဆုံဖြစ်ခဲ့သည်။
ဝါရင့်သတင်းထောက်ကြီး တစ်ဦးအဖြစ် မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသများအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူမို့ သူ၏နိုင်ငံတကာ အတွေ့အကြုံများမှာ ကျွန်တော်တို့လို မီဒီယာလွတ်လပ်ခွင့် အနည်းငယ် စတင်ရရှိနေသည့် မြန်မာနိုင်ငံသား သတင်းထောက်များအတွက် အလွန်တန်ဖိုးရှိသည့် စကားများအား တလေးတစား နားထောင်ခဲ့ရသည်။
Mr. Lary Jagan ဆိုသည်မှာ ဘီဘီစီအတွက် တာဝန်ထမ်းဆောင်ရင်း ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးသမား အချို့၏ ဖိတ်ခေါ်ချက်အရ သတင်းရယူရင်း ပြည်ဝင်ခွင့် ပိတ်ခံခဲ့ရသူ ဖြစ်သည်။
"ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ အချိန်မှာ ကျွန်တော်သူ့ဆီ နေ့တိုင်းဖုန်းဆက်တယ်။ ၁၉၉၅ လောက်ဆိုတော့ ဖုန်းလိုင်းတွေကလည်း မကောင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာလေး တစ်ခုကို သတိရမိတယ်။ "လာရီ နင်ကအမှန်တွေပဲ ရေးတော့ အစိုးရက ဘယ်ကြိုက်ပါ့မလည်း ပြောခဲ့တယ်" ဟု သတိတရ ဆိုသည်။
ယခင်အစိုးရ လက်ထက်က ရေးသားခဲ့သည့် သတင်းများအတွက် ပြည်ဝင်ခွင့် ပိတ်ခံရသလို ယခုအစိုးရ လက်ထက်တွင်လည်း သူရေးသော သတင်းများအား အစိုးရအဖွဲ့ အနေဖြင့် နှစ်လိုမှုရှိဟန် မတူကြောင်း Mr. Lary Jagan ဆိုသည်။
အစိုးရသစ်လက်ထက် တစ်နှစ်ကျော်ကာလအတွင်း ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြု ခဲ့သော်လည်း ထိုသို့ပြည်ဝင်ခွင့် ရရှိရန် အကြိမ်ပေါင်း ၄၃၀ အထိ လျှောက်ထားခဲ့ရသည်။
ပြည်ဝင်ခွင့် ပြန်လည်ရရှိသော်လည်း အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံစကားပြောဆိုခွင့် ရရှိရန်မူ ခက်ခဲနေဆဲ ဖြစ်သည်။
"၈၈ ငွေရတုပွဲမှာ ၀န်ကြီးဦးစိုးသိန်းနဲ့တွေ့တော့ သူက "လာရီရေ မင်းရဲ့ရေးသားချက်တွေကြောင့် ငါတို့ပြုပြင် ပြောင်းလဲလာပါပြီ" ဆိုပြီး လာနှုတ်ဆက်တယ်။ "ဒါဆိုလည်း အင်တာဗျူးလေး လုပ်ရအောင်လည်း ပြောလိုက်ရော သူလစ်ပြေးသွားတယ်" ဟု အပြုံးတစ်ဝက်နှင့် ဆိုသည်။
စစ်အာဏာရှင် လက်အောက်မှ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံသည် အလုံးစုံ ပြုပြင်ပြောင်းလဲနေသည် ဆိုသော်လည်း အကြောက်တရား တစ်ခုအောက်တွင် နှစ်ပေါင်း ၅၀ ကျော် နေခဲ့ရခြင်း၊ လက်ရှိတည်ငြိမ်မှု ကင်းမဲ့နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေအရ နောက်ကြောင်းပြန်နိုင်သည်ဟု ယူဆမှုများ ရှိနေပြီး ယခုကဲ့သို့ ပွင့်လင်းလွတ်လပ်ချိန် ပြောဆိုမှုများမှာ အာဏာသိမ်းခံရချိန်တွင် ဖမ်းဆီးအရေးယူ ခံရမည်ကို အစိုးရပိုင်းမှ ထိပ်သီးတာဝန် ရှိသူများပင် ကြောက်ရွံ့နေဖွယ်ရှိပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေဆဲဖြစ်ကြောင်း Mr. Lary Jagan က သုံးသပ်သည်။
လက်ရှိ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဖြစ်သူ ဦးဆက်အောင်နှင့်လည်း ပြောဆိုဆက်သွယ်မှုများ ရှိနေသည်။ ထိုသို့ ပြောဆိုဆက်ဆံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ပြောကြားခဲ့သော်လည်း ကိုးကားခွင့်ကိုမူ ယခင်က အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပိတ်ပင်ခဲ့ကြောင်း ဆက်လက်ပြောသည်။
Mr. Lary Jagan အနေနှင့် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာချိန်တွင် အာဏာရပါတီမှ ထိပ်ပိုင်းပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ဦးဌေးဦးကိုသာ တရားဝင် တွေ့ဆုံမေးမြန်းခွင့် ရရှိထားသည်။ သူ့နှင့် တွေ့ဆုံပြောဆိုမှု ပြုလုပ်ရန် အစိုးရအဖွဲ့ဝင်များ အနေနှင့် တွန့်ဆုတ်နေပြီး မြန်မာနိုင်ငံအတွင်း သတင်းရယူရာတွင် ခိုးကြောင်ခိုးဝှက် သတင်းများ ရယူလိုမှုမရှိဘဲ တရားဝင် သတင်းရယူရန် ဂျာနယ်လစ်ဗီဇာ လျှောက်ထားသော်လည်း ရရှိမှု မရှိခဲ့ချေ။
မြန်မာ့နိုင်ငံရေးအပေါ် အမြင်များသည် အဖိုးထိုက်တန်သကဲ့သို့ သူဆက်လက် ရေးသားမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့၏ အားပြိုင်မှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် အမှန်တကယ် လုပ်ဆောင်မှု ရှိမရှိ . . . . .
လက်ရှိတွင် သူ့အနေဖြင့် အစိုးရသက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း ပွတ်တိုက်မှု အရှိန်အဟုန် မြင့်မားလာသည့် ယခင်အစိုးရလက်ထက် အဆင့် ၄ ဖြစ်ခဲ့သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ယခင်အစိုးရလက်ထက် အဆင့် ၃ ဖြစ်ခဲ့သူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ အကြားရှိ ပွတ်တိုက်မှု၊ အားပြိုင်မှုများအပေါ် သုံးသပ်မှုဆောင်းပါး ရေးနိုင်ရန် အားထုတ်နေကြောင်းလည်း ပြောဆိုခဲ့သည်။
အလားတူပင် အင်တာဗျူးခွင့်ရမည် ဆိုပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးတို့အား အင်တာဗျူးခွင့် ရယူလိုကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လူမှုရေး၊ ဘာသာရေး ပဋိပက္ခများနှင့် မြန်မာ့သမိုင်းတွင် ပါဝင်မှုမရှိသည့် ရိုဟင်ဂျာဆိုသည့် နာမည်ခံယူထားသည့် ဘင်္ဂါလီများ အရေးကိုမူ မြန်မာနိုင်ငံ သမိုင်းအား လေ့လာနိုင်မှု အားနည်းနေသောကြောင့် မဝေဖန်လိုသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ အထိမခံနိုင်သည့် အနေအထားသို့ ဆိုက်ရောက်နေသည့်အတွက် သတင်းမီဒီယာ သမားများ အနေနှင့် သတင်းရေးသားရာတွင် ဂရုတစိုက် ရေးသားရန် လိုအပ်ကာ Time Magazine မှ Hanna Beech ၏ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တစ်ပါးအား အကြမ်းဖက်သူအဖြစ် စွပ်စွဲရေးသားမှုမှာ မရေးသားသင့်သော အကြောင်းအရာသာ ဖြစ်နေပြီး ထိုသို့ရေးသားမှုကြောင့် မြန်မာနိုင်ငံအတွင်း ပြဿနာ ဖြစ်ပေါ်နေသည့် ဘာသာနှစ်ခုအကြား အဓိကရုဏ်းများ လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း Mr. Lary Jagan က သုံးသပ်သည်။
မြန်မာနိုင်ငံ၏ အထွတ်အထိပ် ဥပဒေ တစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ မတရားမှုများ၊ ဘက်လိုက်မှုများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိတွင် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသည် ဆိုသော်လည်း လွှတ်တော်အတွင်း ဆန္ဒခံယူခြင်း၊ ဆုံးဖြတ်ခြင်း၊ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ခြင်း စသည့်လုပ်ငန်းစဉ်များမှာ အချိန်များစွာ ယူရမည်ဖြစ်သည့်အတွက် ထပ်မံရောက်ရှိလာမည့် ၂၀၁၆ ခုနှစ် အစောပိုင်းအထိ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်မှုများ မပြီးမြောက်နိုင်ကြောင်းလည်း Mr. Lary Jagan က ပြောပါသည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် သမ္မတဖြစ်မည့်သူ စာရင်းများအား ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဌေးဦးတို့အား စာရင်းချပြခဲ့ပြီး မည်သူသမ္မတ ဖြစ်လာနိုင်မည်ဆိုသည့် အဖြေကိုမူသူ၏ တစ်သီးပုဂ္ဂလအမြင် ဖြစ်သဖြင့် ကိုးကားခြင်း မပြုပါရန် တောင်းဆိုခဲ့သည်။
နိုင်ငံခြား သတင်းထောက်ဖြစ်သူ Mr. Lary Jagan တွေ့ကြုံရသကဲ့သို့ မြန်မာနိုင်ငံ အတွင်းမှ သတင်းထောက်များသည်လည်း အစိုးရ အဖွဲ့ဝင်များ၊ ၀န်ကြီးများ၊ ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သတင်းရယူရန် ခက်ခဲနေကာ ထိုသို့ဖြေကြားမှု အားနည်းနေသည့်အတွက် အစိုးရ အဖွဲ့ဝင်များ ပြောဆိုသကဲ့သို့ တစ်ဖက်သတ်ရေးသော သတင်းများသာ စာမျက်နှာအထက် ပါဝင်နေသော်လည်း သတင်းထောက် တစ်ဦးသည် နောက်ကွယ်မှ သန်းပေါင်းများစွာသော ပြည်သူများအတွက် ဖြေကြားရန် ကြောက်ရွံ့နေသည့် သူများအား သတင်းရရှိရန် စဉ်ဆက်မပြတ် မေးမြန်းရမည်သာဖြစ်ကြောင်း Mr. Lary Jagan က အားပေးစကား ဆိုခဲ့သည်။
အစိုးရ အဖွဲ့များ နှစ်ခြိုက်မှု နည်းပါးသည့် ၀ါရင့်နိုင်ငံခြား သတင်းထောက်တစ်ဦး၏ မြန်မာ့နိုင်ငံရေးအပေါ် အမြင်များသည် အဖိုးထိုက်တန်သကဲ့သို့ သူဆက်လက် ရေးသားမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့၏ အားပြိုင်မှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် အမှန်တကယ် လုပ်ဆောင်မှု ရှိမရှိဆိုသည့် ဆောင်းပါးများအား မြန်မာနိုင်ငံမှ သန်း ၆၀ ကျော်သော ပြည်သူများအပြင် မြန်မာ့နိုင်ငံရေး ကူးပြောင်းမှုအား စိတ်ဝင်တစား စောင့်ကြည့်နေသည့် ကမ္ဘာ့နိုင်ငံများမှ စောင့်ကြည့်ဖတ်ရှုနေမည် ဖြစ်သည်။
သာမန် သတင်းထောက် တစ်ဦးသာဖြစ်သော ကျွန်တော့်အနေဖြင့် ယခင်စစ်အစိုးရ သာမက လက်ရှိစစ်အစိုးရပါ ၀ါရင့်သတင်းထောက်ကြီး Mr. Lary Jagan ၏ မှန်ကန်သော ရေးသားမှုများအပေါ် နှစ်လိုမှု နည်းပါးသည် ဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားသော သတင်းထောက်အိုကြီးတစ်ဦး ထပ်မံပြည်ဝင်ခွင့် ပိတ်ပင်ခြင်း မခံရပါစေနှင့်ဟု ဆုတောင်းရုံသာ။
From First -11
Read More »

ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ)




အခုလောလောဆယ်မှာ ]အဆိုးထဲက အကောင်း}ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။

ဦးခွန်ထွန်းဦးရဲ့ စကား
    အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်း ဆောင်းပါး တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိ တာတွေထဲက တစ်ခုကတော့ The Voice ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥကဌ ဦးခွန်ထွန်းဦးရဲ့စကား တစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက ဒီလိုဗျာ။ ]]လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမတရုံး ၀န်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုမူ လို့ လက်ခံလာသလို နိုင်ငံရေးပါတီတွေ၊ သတင်းဂျာနယ်တွေမှာလည်း ဖယ်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ခွဲထွက်ရေးမဟုတ်ဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလာတယ်။ အဘိုး၊ အဖေနဲ့ အန်ကယ်ကိုယ်တိုင် ထောင်ကျခံပြီး ဖယ်ဒရယ်ကို နားလည်လက်ခံလာအောင် ကြိုးပမ်းရကျိုးနပ်တယ်}}လို့ ပြောလိုက်တာဗျ။

ခွဲထွက်ရေးမူအမြင်ကို စွန့်လွှတ်လိုက်ပြီလား
    အားလုံးသိကြတဲ့အတိုင်း ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့  အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရကို ကိုယ် စားပြုပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတဲ့ ယခင် မီးရထား ၀န်ကြီး၊ ယခု သမတရုံးဝန်ကြီး ဦးအောင်မင်းဟာ ယခင် စစ်အစိုးရ လက်ထက်က တိုင်းမှူးအဆင့်အထိ တာဝန်ယူခဲ့ဖူးတဲ့ စစ်အရာရှိ ဟောင်းကြီးတစ်ဦး ဖြစ်တယ်ဗျ။ အဲဒီတော့ ဦးခွန်ထွန်းဦးစကားအရ ဖယ်ဒရယ်မူကို ခွဲထွက်ရေးမူအဖြစ် နှစ်ပေါင်းငါးဆယ်လောက် သဘောထားလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်စားလှယ်တစ်ဦး ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အဲဒီအမြင်ကို စွန့်လွှတ်လိုက်တဲ့ သဘောလို့ ယူဆရမှာ ဖြစ်တယ်ဗျ။

အဓိက အကြောင်းပြချက်ကြီး
    ဖယ်ဒရယ်မူဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုး ကွေ့သွားခဲ့တဲ့ဇာတ်လမ်းမှာ အဓိက အကြောင်းပြချက်ကြီး ဖြစ်ခဲ့တယ်ဗျ။ အကြောင်းကတော့ ပါလီမန် ဒီမိုကရေစီစနစ်ကို မြေမြှုပ် သင်္ဂြိုဟ်၊ သူ့အခေါ် ဆိုရှယ်လစ် ဒီမိုကရေစီစနစ်၊ ပြည်သူလူထု အများစုကြီး အခေါ် ဆိုရှယ်လစ်အရေခြုံတစ်ပါတီအာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေ၀င်း ထူထောင်ရာမှာ သူ အဓိက ပေးခဲ့တဲ့အကြောင်းပြ ချက်က အဲဒီဖယ်ဒရယ်မူ ဖြစ်တယ်ဗျ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ထည့်သွင်း ထားတဲ့ ခွဲထွက်ခွင့် တစ်နည်း ဖယ်ဒရယ်မူကို အကြောင်း ပြုပြီး ပြည်နယ် တစ်ခုက ခွဲထွက်ဖို့ ကြံစည်ကြိုးပမ်းလာတာကြောင့် ပြည်ထောင်စုကြီး မပြိုကွဲသွားရလေအောင် နိုင်ငံတော်အာဏာကို တပ်မတော်က ရယူ ထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည်ကို  အသိပေး ကြေညာခဲ့တာဖြစ်တယ်ဗျ။
အကြံရကျပ်နေတုန်းမှာ
    ရှစ်ဆယ့်ရှစ်အရေးတော်ပုံကာလအတွင်း ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်လာတဲ့သတင်းတစ်ခုမှာ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အာဏာသိမ်းတဲ့ကိစ(ပထစအစိုးရခေါင်းဆောင်တွေနဲ့ ရှမ်းစော်ဘွား အများစုကို ဖမ်းဆီး ထိန်းသိမ်းတဲ့ကိစ)ပြီးတဲ့နောက် တပ်မတော်က ဘာကြောင့် အာဏာသိမ်းရတယ်ဆိုတာ တိုင်းပြည်ကို တရားဝင် အသိပေးကြေညာဖို့ အကြံရကျပ်နေတုန်း သူ့လက်ထောက် စစ်ဗိုလ်ကြီး တစ်ဦးက ကြေညာချက်တစ်စောင် ရေးယူလာတယ်။ အဲဒီကြေညာချက် ထဲမှာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မယ် အနရာယ်ရှိလာတဲ့အတွက် အာဏာသိမ်းရတယ်လို့ ရေးထားတယ်။ အဲဒါကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဖတ်ကြည့်ပြီး ]]အေး ကောင်းတယ်၊ အဲဒီအတိုင်း ရေဒီယိုက အသံလွှင့် ကြေညာလိုက်}}လို့ ပြောခဲ့တယ်လို့ ဆိုတယ်။ အဲဒီဖော်ပြချက်သာ မှန်တယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖယ်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမှာကို တကယ်ပဲ စိုးရိမ်ပြီး အာဏာသိမ်းတာမဟုတ်ပဲ သိမ်းချင်လို့ သိမ်းပြီးမှ ဖယ်ဒရယ်မူ နဲ့ ပြည်ထောင်စု ပြိုကွဲမယ့် အနရာယ်ဆိုတာကို တမင်သက်သက် ဆင်ခြေဆင်လက် ဆင်နားရွက်လုပ်လိုက်တာ ဖြစ်တယ်လို့ ယူဆရမှာ ဖြစ်တယ်ဗျ။

ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ သဘောထား
    ထားပါတော့ဗျာ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရော၊ အဲဒီကြေညာချက်ရေးယူလာတဲ့ စစ်ဗိုလ်ကြီးရော၊ အဲဒီအာဏာသိမ်းပွဲ ပြီးနောက် ဖွဲ့စည်းတဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင် အကုန်လုံးနီးပါး လောက်မရှိကြတော့ပြီမို့ ဒီကိစကို အကျယ်အကျယ် မငြိမ်းဖွယ်လုပ် မနေချင်တော့ပါဘူးဗျာ။ တစ်ဆက်တည်းမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုက ]]ပြည်ထောင်စုကြီး ပြိုကွဲ မဲ့ အနရာယ် အမှန်တကယ်ရှိနေပြီလို့ ကျုပ်ကို နှစ်မိနစ်လောက်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာမလိုပါဘူး၊ ကျုပ်ကိုယ်တိုင် တပ် မတော်ကို အာဏာအပ်မှာပါ}}လို့ ပြောခဲ့တာကို ၁၉၆၆ခု စက်တင်ဘာလက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့ရပြီး သတင်းရေး ခဲ့ဖူးပါတယ်။ ၀န်ကြီးချုပ်ဟောင်းဦးနုလည်း အခုအချိန်မှာ မရှိတော့ပြီမို့ ဒီကိစကို ]ရာဇ၀င်ထဲမှာ ထားရစ်ခဲ့} လို့ ဆိုရတော့မပေါ့ဗျာ။

ပြည်ထောင်စု ပြိုကွဲရေးဆိုတဲ့အမြင်
    ဖယ်ဒရယ်မူကြောင့် အာဏာသိမ်းတာလား။ အာဏာသိမ်း ပြီးမှ ဖယ်ဒရယ်မူကို အကြောင်းပြချက်ဆင်ခြေအဖြစ် ဆွဲသုံးသလား ဆိုတဲ့ အချက်ကို ရာဇ၀င်ထဲမှာ ထားရစ်ခဲ့လို့ ရကောင်းရမှာဖြစ်ပေမယ့် ရာဇ၀င်ထဲမှာ မနေရစ်ခဲ့ဘဲ အဲဒီနောက် နှစ်ပေါင်းများစွာ အထိ လိုက်လာခဲ့တဲ့ကိစကတော့ မြန်မာပြည်သူ အစိတ်အပိုင်းတစ်ချို့ အထူး သဖြင့် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်အများစု စိတ်ထဲ ဖယ် ဒရယ်မူဆိုတာကို ပြည်ထောင်စု ပြိုကွဲရေးလမ်းစအဖြစ် စွဲနေကြတဲ့ကိစ ဖြစ်တယ်ဗျ။ တကယ်ပဲ စိုးရိမ်လို့လေလား။ ဒါမှမဟုတ် သူ အာဏာ သိမ်းတဲ့ကိစကို တရားမျှတတယ် (justify) လို့ အများက မြင်အောင် လေလားတော့မသိဘူး။ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့သူ ဦးဆောင်တဲ့ အစိုးရပုံသဏ္ဍာန်နှစ်ခု (တော်လှန်ရေးကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)က အဲဒီအချက်ကို ထပ်တလဲလဲ သံမှိုနှက်သလို နှက်ခဲ့ တာကြောင့်လည်း အဲသလို စွဲနေခဲ့ကြတာ ဖြစ်တယ်ဗျ။
ရွှေပြည်တော် မျှော်တိုင်းမနီး
    ဗိုလ်ချုပ်ကြီးနေ၀င်းက ဖယ်ဒရယ်မူကို ရိုးရိုးသားသား စိုးရိမ် စိတ်နဲ့ပဲဖြစ်ဖြစ်၊ မရိုးမသား အသုံးချခဲ့တာပဲဖြစ်ဖြစ် သူကတော့ အဲဒီ ပုစ်ဆာကို ပဟေဠိအဖြစ်ထားခဲ့ပြီး လောကထဲက ထွက်သွားခဲ့ပြီမို့ သူ့ အတွက်တော့ ပြသနာမရှိတော့ဘူးဗျာ။ ပြသနာရှိနေတာက ဖယ်ဒရယ် မူကို ပြည်ထောင်စုဖြိုခွဲရေးမူအဖြစ် တပ်မတော်ခေါင်းဆောင် အဆက် ဆက်က သဘောထားနေခဲ့ကြတာကြောင့် ကျွန်တော်တို့နိုင်ငံမှာ ပြည် တွင်းစစ်မီးမငြိမ်းနိုင်ဖြစ်နေခဲ့တဲ့ ကိစဖြစ်တယ်ဗျ။ တပ်မတော်ခေါင်း ဆောင်တွေက ဖယ်ဒရယ်မူဆိုတဲ့စကား ပြောလိုက်တာနဲ့ ပြောတဲ့သူကို မျက်ထောင့်နီကြီးတွေနဲ့ ကြည့်၊ ဖယ်ဒရယ်မူကို ကိုင်စွဲပြီး မိမိ လူမျိုးစု အခွင့်အရေး (nationality's rights)အတွက် တိုက်ပွဲဝင်နေ သူတွေကို လူမျိုးစုသောင်းကျန်းသူတွေအဖြစ် ရှုမြင်လာကြရင်းနဲ့ပဲ ကျွန်တော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေးကင်းမဲ့ပြီး ရွှေပြည်တော် မျှော်တိုင်းမနီး ဖြစ်လာခဲ့တာ အခုတိုင်ဖြစ်တယ်ဗျ။ ငြိမ်းချမ်းရေးမှ မရ တော့လည်း ကျွန်တော်တို့နိုင်ငံကကာမှာ မပြောနဲ့ ဒေသတွင်းမှာ တောင် ဓားမနောက်ပိတ်ခွေးဖြစ်တာ ဘာဆန်းသလဲဗျာ။

ပြန်လည် ဆန်းစစ် သုံးသပ်ခွင့်ရှိ
    အခုအချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက် အဖြစ်စာနယ်ဇင်းလွတ်လပ်ခွင့်လည်း အတော်ကလေးရလာနေပြီမို့ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင် ပြောနေ ဆိုနေ ရေးနေ သားနေကြပြီမို့ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး တကယ် အဓိပာယ် အစစ်အမှန်ကို ပြည်သူတွေ အတော်ကလေး သဘောပေါက် နားလည်နေကြပြီလို့ ကျွန်တော် ယူဆတယ်ဗျာ။ တပ်  မတော်သားတွေလည်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး မိမိတို့အရင်တုန်းက ရှိထားခဲ့တဲ့ နားလည်သဘောပေါက်မှုဟာ မှန်မမှန်ဆိုတာကို ပြန်လည် ဆန်းစစ် သုံးသပ်ခွင့်ရရှိနေကြပြီဖြစ်တယ်ဗျာ။ ကျွန်တော်တို့ ပြည်သူ့ ခေတ်ဂျာနယ်မှာ ဦးအေးသာအောင် အခန်းဆက်ရေးခဲ့တဲ့ ပင်လုံနဲ့ ဖယ်ဒရယ် ဆောင်းပါးတွေကို ဖတ်ရှုခဲ့ကြသူများအနေနဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့ အတိတ်ကို မှန်မှန်ကန်ကန်သိရှိပြီး အနာဂတ် အတွက် မြော်မြော်မြင်မြင်နဲ့ တွေးဆနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။

ပြည်နယ်အာဏာ ခွဲဝေပေးရေးအဓိက
    တကယ်တော့ ၁၉၆၁ အစောပိုင်းကာလမှာ တိုင်းရင်းသား ခေါင်းဆောင်အချို့ (အထူးသဖြင့် ရှမ်းစော်ဘွားတွေ) ပြည်ထောင်စု အစိုးရကို အရေးဆိုဖို့ စီစဉ်ခဲ့ကြတာက ခွဲထွက်ခွင့်တောင်းဖို့ မဟုတ် ဘူးဗျ။ ပင်လုံညီလာခံမှာ ချမှတ်ခဲ့တဲ့ အခြေခံမူများမှ တစ်စတစ်စ သွေဖည်လာပြီး တစ်နေ့တခြားတိုးတက် ဆုံးရှုံးလာနေတဲ့ တိုင်းရင်းသား လူမျိုးအခွင့်အရေးတွေကို မှန်မှန်ကန်ကန် ရရှိဖို့ဖြစ်တယ်ဗျ။ တစ်နည်းပြော ရရင် ၁၉၄၇ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ တိုင်းရင်းသားအခွင့် အရေးတွေကို လက်တွေ့မှာ အမှန်တကယ်ရရှိရေး တောင်းဆိုဖို့သာ စီစဉ်ခဲ့တာ ဖြစ်တယ်ဗျ။ နိုင်ငံရေးရဲ့သဘာဝအတိုင်း အကျပ်ကိုင်တာ ဖိအားပေးတာ ဈေးဆစ်တာ ဈေးကိုင်တာတွေတော့ ပါချင်လည်းပါမှာ ပေါ့ဗျာ။ ဒါပေမယ့် တိုင်းရင်းသားခေါင်းဆောင် အများစုက ပြည်ထောင် စုက ခွဲထွက်လိုစိတ်မရှိကြတာတော့ ကျွန်တော် လေ့လာမိသလောက် သေချာတယ်ဗျာ။ သူတို့ အဓိကလိုချင်ကြတာက ပြည်ထောင်စုအာဏာနဲ့ ပြည်နယ်တွေရဲ့ အာဏာကို ပင်လုံညီလာခံ (တစ်နည်း)၁၉၄၇ အခြေခံဥပဒေပါ ဖော်ပြချက်တွေအတိုင်း တိတိကျကျ ခွဲဝေပေးဖို့ပဲ ဖြစ်တယ်ဆိုတာ အထောက်အထားတွေ အများကြီး ရှိပါတယ်ဗျာ။
    ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံလို့ တရားဝင် ခေါ်ထားပေမယ့် တိုင်းရင်းသားတွေကတော့ ]ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်တည်း} အဖြစ် တစ်လျှောက်လုံး ရှုမြင်ခဲ့ကြ တယ်ဗျ။ ကျွန်တော်တို့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ကြတယ် ဆိုရင်တော့ တိုင်းရင်းသားတွေ ရင်ထဲက အဲဒီအမြင် ပပျောက်လွင့်စင် သွားအောင် လူများစုဖြစ်တဲ့ ကျွန်တော်တို့ ဗမာတွေက လုပ်ဆောင်ကြ ရမှာ ဖြစ်တယ်ဗျ။ ဒီတော့မှသာ ရွှေပြည်တော် မျှော်တိုင်း မဝေးတော့မယ့် အခြေအနေကို ဆိုက်ရောက်မှာ ဖြစ်တယ်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကား
    ကျွန်တော်ကတော့ တိုင်းရင်းသားဒေသတွေမှာ သေနတ်သံ တွေ မစဲသေးဘူးဆိုတဲ့ သတင်းတွေကြားရတိုင်း လွတ်လပ်ရေးဗိသုကာ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား တစ်ခွန်းကိုပဲ အမြဲ ကြား ယောင်မိတယ်ဗျာ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ပြည်နယ် ခွဲထွက်ခွင့် ပုဒ်မထည့်ဖို့ ကိစကို မြန်မာခေါင်းဆောင်တချို့က ကန့်ကွက်ကြတော့ ဗိုလ်ချုပ်က ]]အိုဗျာ..ဒီဆယ်နှစ်အတွင်း ပြည်နယ်တွေ ခွဲမထွက်ချင် အောင် ကျုပ်တို့ ဗမာတွေက ကြိုးစားရမှာပေါ့။ ဒီလိုမှ မကြိုးစားနိုင်ရင် ကျုပ်တို့ ညံ့လို့ပေါ့}} လို့ ပြောခဲ့တယ်လို့ ကြားဖူးတယ်ဗျာ။ ဟုတ်ပါ တယ်ဗျာ။ နှစ်ပေါင်းအရာအထောင် တမြေတည်းနေ တရေတည်း သောက်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေနဲ့ စုပေါင်းတည်ထောင်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး မပြိုကွဲရလေအောင် လူများစု လူမျိုးစုဖြစ်တဲ့ ကျွန်တော်တို့ ဗမာလူမျိုးတွေက တရားမျှတ လွတ်လပ် ခြင်းနဲ့မသွေ တန်းတူညီမျှ ၀ါဒဖြူစင်တဲ့ နည်းလမ်းအသုံးပြုပြီး စတင် ကြိုးပမ်းသင့်ကြဖို့ ကျွန်တော်ယူဆတယ်ဗျာ။

(မှတ်ချက်။   ။ ၁၉၆၁-၆၂မှာ အတိအလင်း တောင်းဆိုခဲ့တဲ့ ရှမ်းမူလို့ နာမည်ကြီးတဲ့ ဖက်ဒရယ်မူ သို့မဟုတ် ပြည်ထောင်စု စစ်စစ်မူ အကြောင်းနဲ့ ဖြစ်ရပ်မှန်များကို ထဲထဲဝင်ဝင် လေ့လာလိုသူများ ]]မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့}}က စိစစ် ထုတ်ဝေတဲ့ ]]၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး}} တတိယတွဲ အခန်း၁၃၊ ယင်းစာအုပ် စတုတတွဲ အခန်း ၁၄၊ အခန်း ၁၅၊ အခန်း ၁၆၊ ထို့အပြင် အခန်း ၁၇ စာမျက်နှာ ၂၃၅ အောက်ခြေမှတ်စုပါ ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ပြည်လမ်း အသံလွှင့်ရုံ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဦးထွန်းမြင့်(တောင်ကြီး) ပြောကြားသော မိန့်ခွန်း ကောက်နှုတ်ချက် တို့ကို စေ့စေ့စပ်စပ် ဖတ်ရှုလေ့လာ ဆင်ခြင် စဉ်းစားသင့်ပါကြောင်း။)

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
Read More »

သစ်သားနှင့် သံချောင်း ပေါ်လင်းဦး


စာရေးတယ်ဆိုတာ ခက်တော့အခက်သား။ ရေးဦးမှပဲလို့ တွေးနေပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ ရှိချင်မှရှိတတ်တာကိုး။ မအားလို့ မရေးတော့ဘူး ဆိုခါမှ ရေးစရာကုန်ကြမ်းလေးက ရလာရင်တော့လည်း အချိန်မရတဲ့ကြားထဲကပဲ ရေးဖြစ်သွားတတ်တာမျိုး ဖြစ်သည်။ ဒီရက်ပိုင်းတွေ အချိန်ရလှသည် မဟုတ်ပါ။ သို့သော်လည်း ရေးစရာ အတွေးလေးက ရလာပြန်တော့လည်း ရေးဖြစ်သွားသည် ဆိုပါတော့။
per_tthtc_PLOခေတ်ပြောင်းစနစ်ပြောင်းဆိုတော့ အရပ်ဘက်လှုပ်ရှားမှုတွေက ပေါမှပေါဖြစ်သည်။ ဟိုအခမ်းအနား၊ ဒီအခမ်းအနားတွေ ပေါလှသည်။ ကောင်းပါသည်။ ဒီလိုဖြစ်သင့်တာ ကြာပါပြီ။ တစ်နေ့ကလည်း အခမ်းအနားတစ်ခုကို ရောက်ဖြစ်သည်။ ဟောပြောပွဲဆိုဆို၊ တွေ့ဆုံပွဲဆိုဆို သက်ကြီးစကား သက်ငယ်ကြားတော့ ဖြစ်သည်ပေါ့။ အနည်းဆုံးတော့ စင်ပေါ်တက်သူတွေက ကိုယ့်အထုပ်ကို ဖြေပြတတ်ကြသည်ဖြစ်ရာ သူတို့အထုပ်ကို ကြည့်ခွင့်ရသည်ဟု အောက်မေ့ပါသည်။ အခုနောက်ပိုင်း ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အဲသလိုသဘောမျိုးနှင့် ကြည့်ဖြစ်သည်။ ကုန်ကုန်ပြောရလျှင် တရားပွဲပင်ဖြစ်စေ အကုန်လုံးကို မှန်လှပါဟု လုပ်ချင်မှလုပ်တော့သည်။ မရှင်းတာကို မရှင်းသလို ထားမိလာသည်။ မကြိုက်သည်ကို မကြိုက်ပါဟု ကိုယ့်ကိုယ်ကိုယ် ပြောဖြစ်လာသည်။ တစ်ခုတော့ရှိသည်။ ‘ကိုယ့်စိတ်အခံကြောင့် မကြိုက်သည်’ နှင့် ‘ကိုယ်က ဉာဏ်မမီ၍ လိုက်မမီနိုင်သည်’ ကတော့ ကွဲပြားမှဖြစ်မည်။ မည်သူဖြစ်စေ စင်ပေါ်ရောက်တော့ အထုပ်ဖြေ ပြတတ်ကြသည်။အချို့က အထုပ်ထဲမှ အမှိုက်တွေ ထုတ်ပြတတ်သည်။ အချို့က အဖိုးတန်သည့် အရာတွေ ထုတ်ပြတတ်သည်။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုသလိုမျိုး ဖြစ်သည်။
ယခုလည်း စတိတ်ပေါ်တွင် သြဝါဒပေးသူက လူငယ်တွေနှင့် ပတ်သက်ပြီး ပြောသည်။ ထုံးစံအတိုင်း ဒီနေ့ခေတ်လူငယ်တွေကို အားမရပါပေါ့။ ကြိုးစားစေချင်သည်ပေါ့။ ခံယူချက် မှန်စေချင်သည်ပေါ့။ အပြောကောင်းပါသည်။ ဆွဲဆောင်မှု ရှိပါသည်။ ထိထိမိမိ ရှိပါသည်။ စေတနာပါမှန်း သိသာပါသည်။ ကျွန်တော်ကတော့ သဘောကျပါသည်။ ဥပမာ ဥပမေယျတွေနှင့်ပါ ပြောသည်။ သစ်သားထဲကို သံနဲ့ ရိုက်လိုက်တဲ့အခါ သံဝင်သွားပါသည်တဲ့။ တစ်နည်းအားဖြင့် ဒါဟာ သစ်သားက သူ့နေရာကို ဖယ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒီလို ဖယ်ပေးလိုက်ရတာဟာ သံဟာ သစ်သားထက်မာတဲ့ အတွက်ကြောင့်ပါတဲ့။ မှန်ပါသည်။ လောကတွင် ငါ့အတွက်နေရာ မရှိတော့ပါဘူးဆိုတာ မရှိပါဘူးတဲ့။ ငါဝင်တိုးလို့ ရပါ့မလားဆိုတာကို မစိုးရိမ်ပါနဲ့တဲ့။ ပိုမာတဲ့သူအတွက် ပျော့တဲ့သူက နေရာ ဖယ်ပေးရသည်ချည်း ဖြစ်သည်တဲ့။ သို့ကြောင့် နေရာတစ်ခုရဖို့ မိမိကိုယ်ကိုယ် ပိုမာအောင် တည်ဆောက်နိုင်ရန် တော့လိုမည် ဖြစ်သည်ဟု ဆိုသည်။ အောက်မှ နားထောင်သူများက လူငယ် အများစုဖြစ်သည်။ သြဝါဒပေးသူ၏ ဥပမာကို သဘောကျကြသည်။ ဟုတ်သည်ပေါ့။ မှန်သည်ပေါ့။ ကောင်းလိုက်တဲ့ ဥပမာပေါ့။
ပြောပြောဆိုဆိုနှင့် သူ့ဟောပြောမှုက ပြီးသွားပြီ ဖြစ်သည်။ ထိုစဉ် ကျွန်တော့် မိတ်ဆွေတစ်ဦးက စကားစသည်။ စောစောကပြောတဲ့ ဥပမာ မှားနေပါသည်တဲ့။ သစ်သားထဲကို သံရိုက်လို့ ဝင်သွားတာဟာ သံကမာနေလို့ ဆိုတာ မဟုတ်ပါဘူးတဲ့။ ပြဿနာက အဲဒီမှာ စပြီဖြစ်သည်။ အခမ်းအနား ပြီးသွားသော်လည်း ကျွန်တော်တို့အတွက်က မပြီးနိုင်သေး။ ဒီလိုဝင်သွားတာဟာ သံချောင်းရဲ့ အောက်ခြေဧရိယာကြောင့် ဖြစ်သည်ဟုဆိုသည်။ ပြောပြောဆိုဆိုနှင့် F=P⁄A ကို အစချီကာ စီကာပတ်ကုန်း ရှင်းပြတော့သည်။ နောက်ဆုံးတော့ သူကပြောသည်။ သံကို ပက်လက်လှန်ပြီး ဒီအားနဲ့ပဲ ရိုက်ကြည့်ပါတဲ့။ (different area, same hardness)။ သူပြောသလို အောက်ခြေဧရိယာကို ပြောင်းပြီး ရိုက်ခြင်းဖြစ်သည်။ အဲဒီအခါ ဝင်ဦးမှာလားတဲ့။ မဝင်နိုင်တော့ပါ။ ပက်လက်လှန်ရိုက်ရင်တော့ ဘယ်ဝင်တော့မလဲပေါ့။ သို့ကြောင့် စောစောကပြောသော ဥပမာသည် သံမာ၍ သစ်သားထဲကို ဝင်ရသည် ဆိုသည်မှာ မဟုတ်ပါဟုဆိုခြင်း ဖြစ်ပါသည်တဲ့။
“ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိ…”
ခေါင်းစားချင်စရာတော့ ဖြစ်သည်။ ကိုယ်လည်း ပြန်စဉ်းစားရသည်ပေါ့။ ဟုတ်များ ဟုတ်နေသလားပေါ့။ သူ့ငြင်းချက်က ခိုင်မာသယောင်ယောင် ဖြစ်သည်။
တစ်အောင့်လောက်ကြာတော့မှ ကျွန်တော်လည်း ပြန်ပြောဖြစ်သည်။ ကတ်သီးကတ်သတ် သူ့အမြင်ကို ကိုယ်ကလည်း ကြံကြံဖန်ဖန်ပြန်ပြောမှ ဖြစ်ချေတော့မည်။ သံသည်မာ၍ ဝင်ခြင်းမဟုတ် ဆိုသည့် အဆိုအပေါ် ကိုယ့်အမြင်ပြန်ပြောမှ ဖြစ်တော့မည်။ သံ၏ အမာဂုဏ်သတ္တိကြောင့် မဟုတ်ဟုဆိုလျှင် ‘ဖယောင်းတိုင်တစ်တိုင်ကို ယင်းသံနှင့် တစ်ထေရာတည်းတူအောင် ပြုလုပ်ကာ ရိုက်မည်ဆိုရင်ရော’ ဖြစ်သည်။ စောစောက သံချောင်းနှင့် အောက်ခြေဧရိယာချင်း အတူတူပင် ဖြစ်သည်။ ဒီလိုဆိုရင်ရော ဝင်ဦးမည်လား။ (different area, same hardness)။ မဝင်နိုင်တော့ပါ။ ချွန်မြနေသည့် ဖယောင်းဖြစ်သည့်တိုင် သစ်သားထဲကို ဝင်သွားနိုင်စရာ အကြောင်းတော့ မရှိပါ။ သူပြောသလို အောက်ခြေဧရိယာ တစ်ခုတည်းကြောင့် ဖြစ်ရိုးမှန်လျှင် အခုလည်း ဝင်ရမည်ပေါ့။
ဤနေရာတွင် ကျွန်တော့်အတွက် တွေးစရာတစ်ခု ရပါတော့သည်။ အမှား၊ အမှန် ချဉ်းကပ်ရာတွင် ဖြစ်လေ့ဖြစ်ထရှိသော ကျွန်တော်တို့၏ သဘောသဘာဝဖြစ်သည်။ မိမိအားသန်သည့် ရှုထောင့်တစ်ခုတည်းမှ ကြည့်ကာ ကောက်ချက်ချတတ်သည့် ကျွန်တော်တို့၏ သဘာဝဖြစ်သည်။ ရှုထောင့်ပေါင်းစုံကို ခြုံငုံကြည့်ခြင်းမပြုဘဲ မိမိသန်ရာသန်ရာ တစ်ခုခုကို ဆွဲကိုင်ကာ မိမိနှင့် မတိုက်ဆိုင်တိုင်း မှားသည်၊ မှန်သည်ဟု ပြောလေ့ပြောထ ရှိသည့်အကျင့်သည် ကိစ္စအသေးအမွှား များတွင် ပြဿနာ မရှိလှသော်လည်း ကိစ္စကြီးလျှင် ကြီးသလောက် အန္တရာယ်ရှိလှသည် ဟုတော့ ပြောနိုင်သည်ဖြစ်သည်။ နိုင်ငံနှင့်ချီလာလျှင် ပိုဆိုးပြီပေါ့။ ထိုကဲ့သို့အပြုအမူမျိုး မိမိတွင်လည်း မရှိနိုင်၊ မရှိခဲ့နိုင်၊ ရှိမလာနိုင်ဟု မပြောနိုင်ပေ။ ထိုမိတ်ဆွေကို အပြစ်မပြောလိုပေ။ ထိုသို့သော အမူအကျင့် ခင်ဗျားမှာလည်း ရှိနိုင်သလို၊ ကျွန်တော့်မှာလည်း ရှိနိုင်သည် ဖြစ်သည်။ မိမိအမြင်နှင့် မတိုက်ဆိုင်လျှင် မှားသည်ဟု လွှတ်ခနဲ ပြောလေ့ပြောထရှိသည့် ကျွန်တော်တို့၏ အကျင့်ကို သတိပြုမိခြင်းသာ ဖြစ်သည်။
ထိုကိစ္စကို ကျွန်တော်ဆက်လက် ဆွေးနွေးလိုပါသည်။ သစ်သားထဲကို သံဝင်သွားခြင်းမှာ အမှန်တော့ ထိုမိတ်ဆွေပြောသလို အောက်ခြေဧရိယာကြောင့် ပါသလို၊ သံ၏ အမာဂုဏ်သတ္တိ ကြောင့်လည်း ပါသည်ဖြစ်သည်။ တစ်ခုတည်းကြောင့်ဟု မပြောနိုင်ပါ။ အမှန်တော့ အချက်အားလုံး (ရှုထောင့် အားလုံးဘက်မှ) မကြည့်ဖြစ်သောကြောင့် သူမှားသည်၊ ကိုယ်မှန်သည်ဟု အငြင်းပွားနေခြင်း ဖြစ်သည်။
အမှန်အားဖြင့် လောကတွင် အမှားနှင့် အမှန်နှစ်မျိုးတည်း ရှိသည်မဟုတ်။ အဖြူနှင့်အမည်း နှစ်မျိုးတည်း ရှိသည်မဟုတ်။ ရှည်သူနှင့်ပုသူ နှစ်မျိုးတည်း ရှိသည်မဟုတ်။ မှားသည်နှင့် မှန်သည်ကြားတွင် အခြားသော အခြေအနေများ ရှိသေးသည်။ ဖြူသည်နှင့်မည်းသည် အကြားတွင် အခြားသော အခြေအနေများ များပြားစွာ ရှိသေးသည်။ ဖန်ခွက်ထဲတွင် ရေတစ်ဝက်ရှိခြင်းကို ‘အရှိ’ ရှုထောင့်မှကြည့်လျှင် တစ်ဝက်ရှိသည် ဖြစ်သည်။ ‘မရှိ’ ရှုထောင့်မှကြည့်လျှင် ရေတစ်ဝက်မရှိ၊ လိုနေသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအဆိုနှစ်ခုစလုံး မမှားပါ။ အဖြေမတူလို့ မငြင်းခုံစကောင်းပါ။ အဖြေမတူပေမယ့်၊ အမြင်မတူပေမယ့် အရှိတရားကတော့ အတူတူပင်ဖြစ်သည်။
‘ပူလိုက်တာပဲ’ ဟုဆိုခြင်းအပေါ် ‘လုံးဝမအေးဘူး’ ဟုလည်း ဆိုနိုင်သေးသည်။ ဤသည်ကိုပင် သင်္ချာသဘောအရ Fuzzy Logic ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းလောဂျစ် ဆိုသည်ကား လုံးလုံးအမှန်နှင့် လုံးလုံးအမှားကြားရှိ တစ်စိတ်တစ်ပိုင်းအမှန်၊ တစ်စိတ်တစ်ပိုင်း အမှားအကြောင်းကို အခြေပြုခြင်း ဖြစ်သည်။
နောက်သူငယ်ချင်းတစ်ဦးလည်း ရှိသေးသည်။ သူသည် ငယ်စဉ်ကတည်းက ပညာတော်သူ၊ စာကြိုးစားသူ ဖြစ်သည်။ ဆယ်တန်းအောင်တော့ အမှတ်ကောင်းကောင်းဖြင့် အောင်သည်။ တက္ကသိုလ် ဆက်တက်တော့ ထိုခေတ်ကာလ မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျောင်းတွေထဲက တစ်ခုကိုတက်သည်။ တက္ကသိုလ်တွင်လည်း ဆက်လက်ကြိုးစားသည်။ အတန်းတိုင်း ထိပ်ဆုံးမှဖြစ်သည်။ ပညာရေးကောင်းသူမို့ ပညာရေး အားနည်းသူများထက် သူက ဘဝမှာသာလိမ့်မည်ဟုသာ ငယ်စဉ်ကတည်းက တွေးထင်ခဲ့သည်။ ယုံကြည်ခဲ့သည်။ သို့သော်ယခု အသက်အရွယ်တွင် ထိုအမြင်မှာလုံးလုံး ပြောင်းသွားသည်ဟု ဆိုသည်။ သူ့လောက် ပညာရေးမကောင်းသူများက ယနေ့ သူ့ထက်အောင်မြင်နေသည်။ အဆင်ပြေနေသည်။ သူငယ်ငယ် ကတည်းက တစိုက်မတ်မတ် ယုံကြည်ခဲ့သောအရာသည် အခုမှ မှားနေမှန်း သိသည်ဟုဆိုသည်။ ငယ်စဉ်က သူသိထားသော ဘဝအောင်မြင်ရေးအတွက် အချက်အလက်များမှာ မစုံလင်ခဲ့ပါလား ပြန်တမ်းတသည့် လေသံဖြင့်ပြောသည်။
ထိုအတွေးသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် အခြေတော်တော် ခိုင်ခဲ့သော အတွေးဖြစ်သည်။ အမှန်မှာ ဘဝအောင်မြင်ရေးဟူသည် ပညာရေး (ကျောင်းစာ) တစ်ခုတည်းအပေါ်တွင် မူတည်နေသည် မဟုတ် ဆိုသည်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က ကောင်းကောင်း လမ်းညွှန်မပေးနိုင်ခဲ့ပါ။ ဤသို့ဆိုခြင်းမှာ ပညာရေး၏ ဂုဏ်သိက္ခာကို မှေးမှိန်စေရန် မရည်ရွယ်ပါ။ ဘဝအောင်မြင်ရေးအတွက် လိုအပ်သော အချက်အလက် အားလုံးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ပညာရေးစနစ်က မိတ်မဆက်ပေးနိုင်ခဲ့ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ဘဝတစ်ခုလုံး အတွက်မှာတော့ အခြားအခြားသော အရည်အသွေးများကို ထည့်သွင်းစဉ်းစားရန်၊ ပြုစုပျိုးထောင် ရန်လိုသည်ဟု ရည်ရွယ်လိုခြင်းသာ ဖြစ်သည်။ စာပြီးရင်း ‘စာ’ ဖြစ်နေသည့် သဘောကို ဟန်မကျပါလားဟု မြင်မိခြင်းသာ ဖြစ်ပါသည်။ ယနေ့ ကြားနေရသော ဘက်စုံပညာရေးဟုဆိုဆို၊ ကင်းထောက်လူငယ်ဟု ပြောပြော ယင်းတို့မှာ အဆိုပါ အားနည်းချက်တို့ကို ဖာထေးခြင်း ဖြစ်မည်တော့ ထင်ပါသည်။
သို့ဖြစ်ရာ မည်သည့်ကိစ္စတွင်ဖြစ်စေ ထည့်သွင်းစဉ်းစားသင့်သော အချက်အလက်တို့ မစုံလင်လျှင် အမှန်တရားကို မှားယွင်း နားလည်မိတတ်သည့် သဘောရှိပါသည်။ ယနေ့ ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် အမှားအမှန် ငြင်းခုံမှုများ အတော်များသည်။ ဒါလည်း သဘာဝတရားဖြစ်သည်။ အခု ငြင်းခုံသလို နောင်လည်း ငြင်းခုံရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသို့ ငြင်းခုံစရာ ရှိလာတိုင်း တစ်ဖက်နှင့်တစ်ဖက် ရှုထောင့်ချင်း အပြန်အလှန် မြင်ပေးနိုင်ရန် လိုသလို၊ အချက်အလက်အားလုံး စုံစုံလင်လင် ထည့်သွင်း စဉ်းစားရန် လိုလေမလားလို့ အတွေးဝင်မိခြင်းသာ ဖြစ်သည်။ ဤသည်မှာ ယနေ့ လူပြောများနေသည့် Blame Society အတွက် ဖြေဆေးတစ်ရပ်များ ဖြစ်လေမလား ထင်မိပါသည်။
From  http://thevoicemyanmar.com
Read More »

စာဖတ်ကျင့်ကို အိမ်အတွင်းမှ စကြပါ အောင်အောင် (IR)


ဒီတစ်ပတ် The Voice ရဲ့ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းရည်နဲ့ ပညာရေး ဘယ်လိုဆက်စပ်နေတယ် ဆိုတာ တင်ပြသွားပါမယ်။ အဲဒီလိုတင်ပြရာမှာ လူငယ်တွေရဲ့ စာဖတ်စွမ်းအား မြှင့်တင်ဖို့အတွက် အခရာဖြစ်တဲ့ မိဘတွေရဲ့ အခန်းကဏ္ဍ ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီခေတ်မှာ လူငယ်တော်တော်များများက စာသိပ်မဖတ်ကြဘူး။ ဂိမ်းဆော့တယ်၊ ဖေ့ဘုတ်စ်သုံးတယ်၊ အင်တာနက်မှာ အချိန်ဖြုန်းတယ်ဆိုပြီး စာရေးသူနဲ့ သိတဲ့သူအချို့က သူတို့သား သမီးတွေကို စာကောင်း စာမွန်တွေ ဖတ်စေချင်ကြတယ်။ အဲဒီလိုစာဖတ်တယ် ဆိုတာ စာဖတ်ချင်စိတ် ရှိမှရတာ။ အဲဒီလို စာဖတ်ချင်စိတ်ရှိအောင်လည်း ကိုယ့်ဝန်းကျင်မှာ စာဖတ်နိုင်တဲ့ ဝန်းကျင်တစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဆိုလိုတာက စာအုပ်စာကောင်းမရှိတဲ့ အိမ်မှာ ကိုယ့်ကလေးတွေကို စာဖတ်ပါလို့ချည်း ပြောနေလို့ မရဘူး။ သူတို့လက်လှမ်းမမီတဲ့ နေရာတိုင်းမှာ စာအုပ်စာကောင်းတွေ ရှိဖို့လိုပါတယ်။
A bedtime story --- Image by © Royalty-Free/Corbisစာရေးသူတို့ တိုင်းပြည်မှာ ဝန်းကျင်တည်ဆောက်မှု အရမ်းအားနည်းတယ်။ ဆိုလိုတာ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေပဲ ပြောနေတာ။ အဲဒီလို လုပ်ချင်၊ ဖြစ်ချင်တာတွေ လုပ်ဖို့၊ ဖြစ်ဖို့ဆိုတဲ့ ဝန်းကျင်ကျတော့ မရှိဘူး။ ဖန်တီးမထားကြဘူး။ ဒီတော့ စာရေးသူတို့နိုင်ငံရဲ့ ပြဿနာအတော်များများဟာ အဖြေမရှိတဲ့ ပုစ္ဆာလိုပဲ။ ဘာလုပ်ရမယ်ဆိုတာ သိသိနဲ့ ဘာမှဖြစ်မလာဘူး။ အမှိုက်တွေ မပစ်ကြပါနဲ့ဆိုလည်း ပစ်တာပဲ။ ကွမ်းတံ တွေးတွေ မထွေးကြပါနဲ့ ဆိုလည်း ထွေးတာပဲ။ ကားအရမ်းမမောင်းကြပါနဲ့ ဆိုလည်း မောင်းတာပဲ။ ဒီလိုနဲ့ လုပ်တဲ့သူကလုပ်၊ ရှုပ်တဲ့သူက ရှုပ်နဲ့ မုန့်လုံးစက္ကူကပ်၊ ဘာပြဿနာ ရယ်မှ ပီပီပြင်ပြင်၊ ရှင်းရှင်းလင်းလင်း ဖြစ် သွားတယ်ဆိုတာ မရှိဘူး။ အဲဒီအမှိုက်ကို မပစ်အောင်၊ ကွမ်းကိုမထွေးအောင်၊ ကားကို စည်းမဲ့ကမ်းမဲ့ မမောင်းအောင် ထိန်းကွပ်၊ ထိန်းညှိပေးနိုင်မယ့် ဝန်းကျင်အား နည်းနေလို့ပါ။
ဒီတော့ မိဘတွေအနေနဲ့ အခုလို အလွယ်တကူ လုပ်ကျင့်ရှိတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ ကိုယ့်ကလေးတွေ စည်းနဲ့ကမ်းနဲ့ ရှိဖို့၊ စာကောင်းပေကောင်းဖတ်ဖို့ ဆိုတာ ကိုယ်ကိုယ်၌က ကိုယ့်အိမ်မှာ ကလေးတွေ အတွက် စာကောင်းစာပေဖတ်ဖို့ ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ စာရေးသူ အိမ်အတော်များများ ရောက်ဖူးတယ်။ လူငယ်လူရွယ်တွေ အလွယ်တကူဖတ်နိုင်မယ့်၊ သူတို့ အတွေးအခေါ်တွေကို အားပေးမယ့် စာကောင်းစာပေဆိုတာ သိပ်မတွေ့ရ တတ်ဘူး။
နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်တွေလောက်ပဲ တွေ့ရတတ်တယ်။ တချို့ ကလည်း စာအုပ်တွေရှိပါတယ် ဆိုပြီး ထုတ်ပြကြတယ်။ သိပ်မြင့်တဲ့ဟာတွေပေါ့နော်။ ဖဆပလခေတ်က စာအုပ်တွေ၊ နိုင်ငံရေး ကျမ်းတွေ၊ သမိုင်းစာအုပ်တွေ၊ တက်ကျမ်းတွေ အဲဒါတွေကျတော့ သိပ်မြင့်သွားပြီ။ ပြီးတော့ အကြောင်းအရာတစ်ခုတည်းကို ဇောင်းပေးရေးထားတာ ဆိုတော့ လူငယ်တွေ သိပ်စိတ်မဝင်စားကြဘူး။ ဒီတော့ သူတို့ဆီမှာ အဲဒီစာအုပ်တွေ ဖုန်တက်နေတာ အဆန်းတော့မဟုတ်ဘူး။
ဆိုလိုတာက ကိုယ့်သားသမီးတွေ စာဖတ်စေချင်ရင် ကိုယ့်အိမ်မှာ စာအုပ်အစုံ အလင် တတ်နိုင်သလောက် ထားရပါမယ်။ စာရွေးပြီး စုရပါမယ်။ ဗဟုသုတဖြစ်စေမယ့် စာအုပ်တွေ ရှိရမယ်။ အိမ်ကျဉ်းသည့်တိုင် စာအုပ်စင် အသေးလေးတစ်ခုတော့ ရှိသင့်တယ်။ အဲဒါဟာ အဲဒီအိမ်ရဲ့ စာကြည့်တိုက်ပဲ။ မိဘတွေဟာ အဲဒီစာကြည့်တိုက်ရဲ့ စာကြည့်တိုက်မှူးပဲ။ ကိုယ်ကိုယ်တိုင် ကလည်း ဖတ်ပြရမယ်။ ဒါမှ သားသမီးက နောက်ကလိုက်လာမှာပေါ့။
စာရေးသူ နယ်မှာ တာဝန်ကျလို့ မိတ်ဆွေအိမ်တစ်အိမ် သွားလည်ဖြစ်တယ်။ သွားတိုင်း အိမ်ထောင်ဦးစီးက နှစ်လုံး၊ သုံးလုံး တွက်နေတတ်တယ်။ ကွမ်းတဗျစ်ဗျစ် ထွေးတယ်။ သူ့အိမ်ရောက်တိုင်း စာရေးသူကို သူ့ကလေးတွေကို ဆုံးမပါ၊ ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်၊ စာဖတ်စေချင်တယ်၊ သူအမြဲပြောတယ်။ ဖခင်တစ်ယောက်ရဲ့ စေတနာကို လေးစားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်က ပြင်ဖို့လိုတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့၊ တွက်တဲ့အိမ်က ကလေးတွေက နှစ်လုံး၊ သုံးလုံး စိတ်ဝင်စား လာကြမှာပဲ။ ကွမ်းတဗျစ်ဗျစ် ထွေးတာ မြင်ရင် ဒီကလေးတွေလည်း ကွမ်းစားလာ ကြမှာပဲ။ ကိုယ့်ကလေးတွေ တကယ်ကောင်း စေချင်ရင် ကိုယ်ကိုယ်တိုင်က ပြင်ဖို့လို တယ်။ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်ကလေး တွေ မှန်မှန်ကန်ကန် ရှုမြင်တွေးခေါ်တတ် စေမယ့် ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့လို တယ်။ ဖန်တီးဖို့လိုတယ်။
စာရေးသူတို့နိုင်ငံရဲ့ လူတွေရှင်သန် ရတဲ့ဝန်းကျင်ဟာ အမြဲတမ်းပူလောင်နေ တယ်။ ပဋိပက္ခ အလွယ်တကူဖြစ်စေတယ်။ လူတွေ ပင်ပင်ပန်းပန်း ရုန်းကန်ကြရတယ်။ အိမ်အပြင်ထွက်တာနဲ့ အော်သံ၊ ဟစ်သံ၊ အလှူခံသံ၊ ကားသမားတွေ ဆဲဆိုသံ၊ ဘတ်စ်ကားပေါ် ပြေးတက်ကြတဲ့ မြင်ကွင်း တွေကအစ ဘာမှစိတ်ချမ်းသာစရာ မရှိဘူး။ စာရေးသူ အဆိုးအမြင်နဲ့ ရေးနေ၊ တင်ပြနေတာ မဟုတ်ဘူးနော်။ ကိုယ်ရောက်ခဲ့ ဖူးတဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက လူတွေ ရှင်သန်ရတဲ့ ဝန်းကျင်နဲ့ ယှဉ်ပြီး ပြောနေတာ။ ဟိုးခပ်ဝေးဝေးက ဂျပန်တို့၊ ကိုရီးယားတို့နဲ့ ယှဉ်ပြီး ပြောနေတာမဟုတ်ဘူး။ ဒီတော့ အဲဒီလို ပူလောင်၊ ဆူလောင် ဝန်းကျင်တွေထဲ မှာ သွားလာကျင်လည်နေရတဲ့ ကိုယ့်သား သမီးတွေကို အပြင်စရိုက်တွေ များများ မဝင် မလွှမ်းစေဘဲ ကိုယ့်အိမ်မှာ စာကောင်း ပေကောင်းတွေနဲ့ ယဉ်ပါးစေချင်တယ်။
စာရေးသူအိမ်မှာ အဖေက အလေ့ အကျင့်လုပ်ပေးထားတော့ ငယ်စဉ်ကတည်း က အိမ်တွင်းစာဖတ်ခြင်းဆိုတာနဲ့ ယဉ်ပါး ခဲ့ရတယ်။ အိမ်မှာ ၁၉၅၄ ခုနှစ်နဲ့ အဲဒီခုနှစ် များဝန်းကျင်က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း စာအုပ် ၁၄ အုပ်ရှိတယ်။ အရင်ဝန်ကြီးချုပ် ဦးနုလက်ထက်က ထုတ်ခဲ့တဲ့ စာအုပ်တွေ ပါ။ စာအုပ်တစ်အုပ်မှာ စာမျက်နှာ ၄ဝဝ ကျော်၊ ၅ဝဝ နီးပါး ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်း၊ သိပ္ပံ၊ အတ္ထုပ္ပတ္တိ အစုံပါတယ်။ စာရေးသူငယ်ငယ် ကတည်းက အဲဒီ စွယ်စုံကျမ်းစာအုပ် ၁၄ အုပ်နဲ့ ကြီးပြင်းလာခဲ့ရတာ။ အဖေက အဲဒီ စာအုပ်တွေကို အလွယ်တကူ မြင်နိုင်၊ တွေ့ နိုင်တဲ့နေရာမှာ ထားပေးတယ်။ မဖတ်ဘူးလို့ သူထင်ရင် ဖတ်အောင် လမ်းကြောင်းပေး တယ်။ လေ့ကျင့်ပေးတယ်။
အဲဒီလိုနဲ့ စာရေးသူ ကမ္ဘာ့နိုင်ငံ အကြောင်းတွေ၊ လူပုဂ္ဂိုလ်အကြောင်းတွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း စသဖြင့် ယဉ်ပါးလာခဲ့တယ်။ ငယ်ငယ်ကတည်းက စွယ်စုံကျမ်း မှာပါတဲ့ တိုက်တာမြင့်မြင့်မားမားနဲ့ မြို့ကြီးတွေ တွေ့ရင် ကိုယ့်တိုင်းပြည်ကို ငယ်စဉ်ကတည်းက အဲဒီလို အရမ်းဖြစ်စေချင်ခဲ့တယ်။ ဘယ်တော့ ဖြစ်လာမလဲလို့လည်း အမြဲတွေးခဲ့တယ်။ နိုင်ငံခြားရောက်ဖူးချင် တဲ့စိတ်တွေလည်း အရမ်းဖြစ်ခဲ့တယ်။ စွယ်စုံကျမ်းမှာပါတဲ့ နိုင်ငံခြားတက္ကသိုလ် ကြီးတွေကြည့်ပြီး တစ်ချိန် ငါ နိုင်ငံခြားမှာ ကျောင်းတက်ရမယ်လို့ ကျိတ်တွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတော့ အဲဒီငယ် ငယ်ကတည်းက တွေးခဲ့၊ ဖတ်ခဲ့တာတွေက ကိုယ့်ဘဝမှာ တွန်းအားတွေဖြစ်လာတယ်။ အဖေက သူမဆုံးခင်မှာတောင် နေမကောင်းတဲ့ ကြားက အဲဒီစွယ်စုံကျမ်းစာအုပ်ကြီး ၁၄ အုပ်ကို အဖုံးအသစ်တွေ ပြန်ဖုံးပေး သွားခဲ့တယ်။ အဖေ့ဆီကရတဲ့ အကောင်းဆုံး အမွေတစ်ခုပါပဲ။
စာရေးသူ UN မှာ အလုပ်လုပ်စဉ် နယ်အတော်များများကို ရောက်ဖြစ်တယ်။ Project တွေမှာရှိတဲ့ စာကြည့်ခန်း၊ စာကြည့်တိုက် ဆိုတာတွေ ဝင်လေ့လာဖြစ်တယ်။ စာရေးသူတို့ လာချိန်မို့လားတော့ မသိဘူး၊ ကလေးတွေ၊ လူငယ်တွေ စည်စည် ကားကားနဲ့ တွေ့ရတတ်တယ်။ စာကြည့်တိုက် ထဲမှာလည်း စာအုပ်စာတမ်း အတော်စုံပါရဲ့။ ဂျာနယ်၊ ကာတွန်းတွေလည်း ရှိတယ်။ စာရေးသူ မသိမသာ အချိန်ပေးပြီး လေ့လာကြည့်တယ်။ ကလေးအတော်များများက ကာတွန်းတွေလောက်ပဲ ဖတ်ကြတယ်။ ကလေးဆိုပေမယ့် ဆယ်ကျော်သက်တွေကို ပြောတာပါ။ တချို့လူငယ်တွေ ဆိုရင် သူတို့ ဦးစားပေးတာ လက္ခဏာ၊ ဗေဒင်ကဏ္ဍ ဖတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက်တောင် မျှလိုက်သေးတယ်။ ဆောင်းပါး၊ နိုင်ငံရေးသတင်း ဖတ်တာမျိုး တော်တော် ရှားတယ်။ မဖတ်ချင်တဲ့သူကို ဖတ်ပါ ပြောလို့တော့ ဘယ်ဖြစ်မလဲ။
ဖြစ်နိုင်ရင်တော့ စာကြည့်တိုက်မှူး တွေ၊ စာကြည့်ခန်း တာဝန်ရှိသူတွေကလည်း လမ်းကြောင်း (Guide) ပေးဖို့ လိုမယ် ထင်ပါတယ်။ နိုင်ငံခြားမှာဆို စာကြည့်တိုက်မှူးတွေ ဆိုတာ ပညာရှင်တွေပဲ။ လစာလည်း ကောင်းကြတယ်။ စာဖတ်သူအနေအထားကို လေ့လာပြီး စာကြည့်တိုက်တွေထဲမှာ စာအုပ်တွေကို ခဏခဏ အပြောင်းအလဲလုပ်တယ်။ တကယ်တော့ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ စာဖတ်စွမ်းအား မြှင့်တင်ရေးနဲ့ အမျိုးသား ပညာရေးမှာ အရေးပါတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုး အစားကို မသိမသာ အပြောင်းအလဲလုပ်ပေးဖို့ လိုတယ်။ ဗဟုသုတဖြစ်စေမယ့် စာတွေ၊ အသက်အရွယ်အလိုက် ဦးနှောက်ကို စိန်ခေါ်စေမယ့်စာတွေ၊ ကလေးတွေ၊ လူငယ်တွေ အလွယ်တကူ လက်လှမ်းမီအောင် စာကြည့်တိုက် တွင်းမှာတင် ဈေးကွက် (Marketing) ဖော်ရမယ်။ တဖြည်းဖြည်းနဲ့ အပျော်ဖတ် စာပေတွေကို အာရုံစိုက်မှု လျော့သွားစေရ မယ်။ ဆိုလိုတာ စာဖတ်သူတွေရဲ့ စာဖတ်ချင်စိတ်၊ စာဖတ်စိတ်ကို အတွေးမှန်၊ အသိမှန် ရစေမယ့် လမ်းကြောင်းတစ်ခုအပေါ် ဆွဲတင်သွားနိုင်ဖို့ပါ။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က စာကြည့်တိုက်မှူးတွေ၊ စာကြည့်တိုက် တာဝန်ရှိသူ တွေရဲ့ စေတနာပါမှု၊ အချိန်ပေးနိုင်မှု၊ အတွေ့အကြုံရင့်ကျက်မှု၊ အမြင်ကျယ်မှုတွေ ပေါ်မှာ အများကြီးမူတည်ပါတယ်။ အကယ်၍ သူတို့ကိုယ်တိုင်က ကာတွန်းထိုင်ဖတ်၊ ဗေဒင်လက္ခဏာ၊ ဂမ္ဘီရလောက်ပဲ စိတ်ဝင်စား နေရင်တော့ အဲဒီစာကြည့်တိုက် တွေက အရေအတွက်ကနေ အရည်အချင်းကို ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ့်သားသမီးတွေ စာများများ ဖတ်စေချင်တယ်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်စာအုပ်စင်က စကြဖို့ လိုပါတယ်။ အဲဒီ အိမ်တွင်းစာကြည့်တိုက် တွေကို စာအုပ် တစ်အုပ်နဲ့ စလည်း ရတယ်။ စာအုပ် ၁၀ အုပ်နဲ့ စလည်းရတယ်။ ရန်ကုန်မှာ မိဘ အတော်များများက ကိုယ့်သားသမီးတွေကို British Council လို၊ American Centerလို နေရာတွေဆီ အထင်တကြီး ပို့တတ်ကြ တယ်။ စာကောင်းစာမွန်တွေ အဲဒီမှာ အများကြီးတွေ့ပြီး ကိုယ့်သားသမီးတွေ အသိဉာဏ် ကြီးပွားတိုးတက်လာမယ်လို့ ထင်ကြတယ်။ မမှားပါဘူး။ ဒီစာကြည့်တိုက် တွေမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေ အရမ်း စုံတယ်။ သင်တန်းတွေရှိတယ်။ သင်ထောက်ကူပစ္စည်း ကအစ အပြည့်အစုံ ထားပေးတယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မိမိကိုယ်၌က တကယ့်ကို ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်၊ စာဖတ်ချင်စိတ် မရှိဘဲ ဘယ်လောက်ကောင်းတဲ့ စာကြည့်တိုက်တွေ၊ ရင်းမြစ်ဌာန (Resources Center) တွေသွားသွား ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တစ်ခါတစ်လေ အဲဒီက ပို့ချတဲ့စာတွေ၊ သူငယ်ချင်းတွေရဲ့ တိုးတက်မှုကို မလိုက်နိုင်လို့ စိတ်ကျရောဂါလို ဖြစ်သွားတဲ့ ကျောင်းသားတွေတောင် တွေ့ခဲ့ဖူးတယ်။ ပြီးတော့ အဲဒီမှာ ပုံတွေလောက်ကြည့်၊ ကြော်ငြာလောက် သာဖတ်၊ သင်တန်းအပျော်တက်၊ ဟိုဟိုဒီဒီ မျက်စိကစားပြီး အချိန်ဖြုန်း၊ အချိတ်အဆက် လုပ်ချင်သူတွေလည်း အများကြီးပါ။
ဒါကြောင့် ဒီစာဖတ်ကျင့်ကို ကိုယ့်အိမ်မှာပဲ အစပြု ပျိုးထောင်ပေးစေချင်ပါ တယ်။ အထူးသဖြင့် နယ်မှာဆို လူငယ်တွေ စာဖတ်အား သိပ်နည်းပါတယ်။ အခုလို လက်ကိုင်ဖုန်းတွေ လူတိုင်းနီးပါး (အတော်များများ) ကိုင်နိုင်ပြီဆိုတော့ အဲဒီဖုန်းတွေ တစ်ချိန်လုံး ကလိနေကြသူတွေ အများကြီးပါ။ အင်တာနက်က တွေ့သမျှ သတင်းတွေဖတ်၊ မိန်းကလေးပုံတွေ ဖလှယ်၊ အတင်းအဖျင်း သတင်းတွေ မျှကြနဲ့၊ နယ်လိုနေရာမျိုးမှာ ပညာရေးနဲ့ ပတ်သက်ရင် ရန်ကုန်လို မဟုတ်ဘဲ သွားစရာ၊ လုပ်စရာကလည်း နည်းလေတော့ ဒီလူငယ်တွေရဲ့ ရှေ့ရေး စဉ်းစားကြည့်ရင် အတော်ရင်လေးဖို့ ကောင်းပါတယ်။ နယ်ဆိုပေမယ့် နယ်မှာနေတဲ့ လူတွေက အများစုမဟုတ်လား။ စာကောင်းစာပေ စာဖတ်ကျင့်မရှိတဲ့ အဲဒီမျိုးဆက်က ပွားလာတဲ့ နောက်မျိုးဆက်ကလည်း သူ့ရှေ့က မျိုးဆက်လိုပဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားနေကြမယ် ဆိုရင် ကျွန်တော်တို့ မြန်မာတွေ ဘယ်သောအခါမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ကြမယ် မဟုတ်ပါဘူး။ ဒေသတွင်း အာဆီယံလို နေရာမျိုးမှာတောင် ဟိုးနောက်နားက အတော်လှမ်းလှမ်း ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ အခုလည်း ကျန်နေပါပြီ။ ဒါကြောင့် တစ်ဦး တစ်ယောက်ချင်းကနေ တစ်စုတစ်ဖွဲ့၊ တစ်စုတစ်ဖွဲ့ ကနေ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ စာဖတ်စွမ်းရည် မြှင့်ဖို့လိုနေပါတယ်။ ဒါဟာ အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်တယ်။ ဒီတော့ မိဘများအနေနဲ့ အိမ်တိုင်း အိမ်တိုင်းရဲ့ ဧည့်ခန်းကိုယ်စီမှာ ကိုယ်နိုင်သလောက် စာအုပ်စင်လေးတွေ ထားကြရင် အဲဒီအမျိုးသားရေးတာဝန် တစ်စိတ်တစ်ပိုင်းကို ကိုယ့်သားသမီး တစ်ဦးချင်းက တစ်ဆင့် စာဖတ်စွမ်းရည် ပြုစုပျိုးထောင်ပေးကြရင်း ကူညီပါဝင် ပံ့ပိုးပေးနိုင်ကြပါစေလို့ ဒီဆောင်းပါးက တစ်ဆင့် တိုက်တွန်းပါရစေ။
From thevoicemyanmar.com
Read More »

အတိတ်မှာနေကြသူများ ------------ ရေးသားသူ- ငြိမ်းချမ်း



အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ် မြေးယောက်ျားလေးတစ်ဦးကတော့ မုန့်ဆီကြော်ကို အားရပါးရစားနေသည်။ ရရှိလာသောပိုက်ဆံများနှင့် မုန့်ဆီကြော်များကတော့ ဂန့်ဂါရွာဘုရားပွဲတွင် တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။

သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြဲ။

“အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင် ငယ်စဉ်ကတည်းက လာရောက်တောင်းရမ်းနေသော မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားတစ်ဦးဖြစ်သော အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်ကပြောသည်။ သူဖုန်းစားများအစု နေထိုင်သော ရပ်ကွက်မှာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ဘက်ရှိ မင်္ဂလာသာစည်ရပ်ကွက်ဖြစ်သည်။ လက်ရှိအချိန်တွင်မူ သာမန်လူတန်းစားများလည်း လာရောက်နေထိုင်လျက်ရှိပါသည်။ ထိုရပ်ကွက်တွင်နေထိုင်သော သူဖုန်းစားများမှ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲသူများလည်းရှိနေပြီး အချို့မှာ ဘ၀ပေးအခြေအနေအရ ပြောင်းလဲမှုမရှိသေးဘဲ တောင်းရမ်းမှု ပြုလုပ်နေဆဲဖြစ်သည်။

အိမ်ထောင်စု ၁၆၂ အိမ်ရှိသော မင်္ဂလာသာစည်ရပ်ကွက်တွင် အိမ်ထောင်စုအများစုသည် တောင်းရမ်းမှုမလုပ်တော့ဘဲ အိမ်ထောင်စု ၃၀ ၀န်းကျင်သာ တောင်းရမ်းမှုများ ပြုလုပ်နေသည်။ ရွာများတွင် တစ်နှစ်တစ်ခါပြုလုပ်သည့် ဘုရားပွဲများ၌သာ တောင်းရမ်းကြလေ့ရှိပါသည်။

ရှေးယခင်ကတည်းက တောင်းရမ်းလာမှုကြောင့် ၎င်းတို့သွားနေကျ ဘုရားပွဲများသို့ မသွားရောက်ဖြစ်ခဲ့ပါက စိတ်ဝေဒနာရောဂါဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါများမကောင်းခြင်း၊ ခန္ဓာကိုယ်ယားခြင်း စသည်တို့ဖြစ်တတ်သည်ဟု ယခင်ကယုံကြည်ခဲ့ကြသော်လည်း ယခုအချိန်တွင်မူ ထိုအရာများအားလုံးကို လက်ရှိတောင်းရမ်းနေသူများကပင် အယုံကြည်မရှိတော့ပါ။

“သူတောင်းစားမှန်ရင် တိုက်ပုံအင်္ကျီပါရတယ်။ တကယ်လို့မပါရင်လည်း အပေါ်ယံအင်္ကျီလက်ရှည်တော့ ၀တ်ရတယ်။ တောင်းတာက ခုဆိုရှက်စရာလို့ မထင်တော့ပါဘူး”ဟု ဆယ်နှစ်ကျော် တောင်းရမ်းလာခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မောင်ကပြောသည်။

ယခုလို တောင်းလာခဲ့မှုများကြောင့် တောင်းနေကျ ဘုရားပွဲများရောက်၍ မတောင်းရလျှင် စိတ်ကမနေနိုင်ကြောင်း ကိုဇာနည်မောင်ကဆက်လက်ပြောသည်။ သူဖုန်းစားများသည် တောင်းရန်အတွက် ရောက်ရှိသောရွာ၏ ဘုရားတွင်တည်းခိုပြီး ယင်းဘုရားပရိဝုဏ်ကို ဦးစွာသန့်ရှင်းရေးပြုလုပ်ပေးလေ့ရှိသည်။ ထို့နောက်မှ တောင်းရန်အတွက် ရွာထဲသို့သွားကြသည်။ ရရှိလာသည့်မုန့်များ၊ ထမင်းများကို ဘုရားမှာ ဦးစွာကပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဒေသအချို့တွင် သူဖုန်းစားများရှိသော်လည်း မင်္ဂလာသာစည်ရပ်ကွက်ထဲမှ သူဖုန်းစားများနှင့် ကွာခြားမှုရှိသည်။ မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားများက ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး၊ ၎င်းတို့မှာ အစဉ်အလာနှင့်ရိုးရာကို ဆက်လက်ထိန်းသိမ်းသူများဟု ယုံကြည်နေကြသည်။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် မြို့ပြင်ဘက်မှ ဒွန်းစဏ္ဍား(သူတောင်းစား)ရွာတွင် ဘုရားလောင်းမာတင်္ဂ (တောင်းရမ်းသောသူ)ကို မွေးဖွားခဲ့သည်ဟု ဗုဒ္ဓ၀င်ကျမ်းစာများတွင် ဖော်ပြထားသော ပုံတော်စုံနိပါတ်တော်လာ ဇာတ်တော်ငါးရာ့ငါးဆယ်အနှစ်ချုပ်တွင် ရေးသားဖော်ပြထားသည်။ သူတို့က ထိုဘုရားလောင်းမျိုးနွယ်စုမှ ဆင်းသက်လာသည်ဟု မင်္ဂလာသာစည်ရပ်ကွက်နေသူများ ယုံကြည်ခဲ့ခြင်းကြောင့် ယခင်ကတည်းက တောင်းရမ်းလာခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်ရှိ ဒေသခံများကဆိုကြသည်။

၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်က “ရာဇ၀င်တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများအာဏာစက်ကြောင့် ဒွန်းစဏ္ဍား၊ သူတောင်းစား၊ ဘုရားကျွန်၊ ကျောင်းကျွန်၊ ကယ်ပါ၊ သင်္ဂျီ စသည့်လူတန်းစား အနှိမ်ခံရသူတို့လည်း ရှိနေကြသည်။ ဤကဲ့သို့ အနှိမ်ခံရသော လူတန်းစားများကို ယနေ့မှစ၍ ရှေးမင်းအာဏာစက်များကို ကျွန်ုပ်ပယ်ဖျက်၍ ထိုလူတို့၏သဘောအတိုင်း လုပ်လိုသောအလုပ်မျိုးစုံတို့ကို လွတ်လပ်စွာလုပ်ကိုင်ကြပါစေ။ ကျွန်ုပ်အမိန့်ချမှတ်သည်”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှထုတ်ဝေသည့် မြန်မာနိုင်ငံလူမှုဝန်ထမ်းသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

“သူတောင်းစားဆိုတာ ပုဂံခေတ်တုန်းက မပေါ်သေးပါဘူး။ ကုန်းဘောင်ခေတ်ကြမှ ပေါ်လာတာပါ။ သူတို့က ဘုရားကျွန်တွေပါ”ဟု သမိုင်းပါမောက္ခအငြိမ်းစား၊ မြန်မာ့သမိုင်းအဖွဲ့ဝင်၊ သမိုင်းပညာရပ်ကို နှစ်ခြောက်ဆယ်ဝန်းကျင်လေ့လာခဲ့သူ ဒေါက်တာတိုးလှကဆိုပါသည်။

ရှေးမင်းများသည် ဘုရားတွင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဘုရားကျွန်များအဖြစ်ထားရှိပြီး ထိုဘုရားကျွန်များသည်လည်း တောင်းရမ်းခြင်းမရှိကြောင်း၊ မင်းကပေးသော လယ်ယာမြေများကိုသာ လုပ်ကိုင်ကြောင်း၊ နောက်ပိုင်းတွင် ၎င်းဘုရားကျွန်နေရာများသို့ ထောင်များမှထွက်လာသော လူဆိုးများကို ဘုရားကျွန်နေရာများတွင် မင်းများကထားရှိသောကြောင့် အဆိုပါဘုရားကျွန်များသည် အပြင်ထွက်၍တောင်းရာမှ သူတောင်းစားဘ၀သို့ ရောက်ရှိသွားကြောင်း ဒေါက်တာတိုးလှကဆိုသည်။

ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုဂံမြို့တွင် ဘုရားကျွန်၊ သူတောင်းစားများ ပပျောက်ရန်အတွက် လူထုပညာရေးကောင်စီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဝန်ကြီးဦးဘစောက ပုဂံမြို့သရပါတံခါးအနီး သဗ္ဗညုစေတီတော်ရှေ့တွင် ကယ်ပါလွတ်မြောက်ရေး ဘ၀စီမံကိန်းတစ်ခုပြုလုပ်ခဲ့သည်။ သို့သော် လက်တွေ့တွင် သူတောင်းစားများမှာ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ရှိ မင်္ဂလာသာစည်ရပ်ကွက်သို့ ၀င်လိုက်လျှင် သန့်ရှင်းသပ်ရပ်သောလမ်းမနှင့် သန့်ရှင်းစွာထားရှိသောလူနေအိမ်များ တွေ့မြင်ရသည်။ လမ်းမကြီးတစ်လျှောက်နှင့် လူနေအိမ်များအတွင်းတွင် အမှိုက်များမတွေ့ရပေ။ ထိုရပ်ကွက်ရှိ လူနေအိမ်အများစုကတော့ ထရံကာသွပ်မိုးအိမ်များသာဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများလာပြီး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသဖြင့် သူတောင်းစားအဖြစ်မှ အများစုမှာ ဟိုတယ်ဝန်ထမ်း၊ ပန်းရံလုပ်ငန်း၊ ဈေးအရောင်းအ၀ယ်လုပ်ငန်းများ
စသည်တို့ လုပ်ကိုင်နေကြပါပြီ။ တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးအရ မင်္ဂလာသာစည်ရပ်ကွက်မှ ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်များ၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား
ဆယ်ဦးကျော်ရှိနေပါပြီ။

“အကုန်လုံးပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ ပညာတတ်တွေ များများပေါ်ထွက်အောင် လုပ်ရမယ်။ တချို့လူငယ်တွေဆို ဟိုတယ်တွေမှာ ၀င်လုပ်နေကြပါပြီ”ဟု မင်္ဂလာသာစည်ရပ်ကွက်
အုပ်ချုပ်ရေးမှူးကိုအောင်ကိုမင်းက ပြောသည်။

ညောင်ဦးမြို့ဒေသခံများသည်ပင် မင်္ဂလာသာစည်ရပ်ကွက်သည် သူဖုန်းစားများနေထိုင်သောရပ်ကွက်ဟု သတ်မှတ်ထားပြီး မည်သို့ပင်လုပ်ကိုင်စားကြသည်ကို တိတိကျကျမသိကြောင်း ကိုအောင်ကိုမင်းကဆက်ပြောသည်။

“ဒီရပ်ကွက်ကို ညောင်ဦးကလူတွေတောင် မလာကြဖူးတဲ့သူတွေရှိပါတယ်။ လူ့ဘ၀မှာ ဒါ့ထက်နိမ့်ကျတာတော့ မရှိပါဘူး။ သူတို့လည်း မလုပ်ချင်တော့ပါဘူး”ဟု ကိုအောင်ကိုမင်းက ခပ်တိုးတိုးပြောသည်။ သူကတော့ တောင်းရမ်းနေကြခြင်းကို နှစ်မြို့ခြင်းမရှိပေ။ စီးပွားရေးအခြေအနေ၊ ဘ၀ပေးကုသိုလ်ကံကြောင့် လက်ရှိအချိန်ထိ တောင်းရမ်းနေသူများကတော့ မြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများ၏ ဘုရားပွဲများဆီသို့ သွားနေကြမြဲပါ။ “တောင်းတာကို ရပ်လိုက်လို့မရသေးဘူး။ တောင်းချင်နေတာလည်း မဟုတ်ပါဘူး။ အဘွားတို့ကတော့ သွားနေကျဘုရားပွဲတွေကို ဆက်သွားနေရအုံးမှာပဲ”ဟု ဒေါ်သန်းမြင့်ကပြောသည်။

Credit 7Day News Journal

Read More »

အရိုးစွဲနေတဲ့ မှောင်ခိုကုန်သွယ်ရေး တိုက်ဖျက်ရာဝယ် ------- ရေးသားသူ- ပြည်သိမ်း၊ အိဖြူလွင်၊ သိမ့်သိမ့်စိုး



အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် တရားမ၀င်ကုန်သွယ်မှု (မှောင်ခို)အများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)တွင် ကုန်သွယ်ရေးအပါအ၀င် အခွန်မှရငွေပါဝင်မှု ၃၀ ရာခိုင်နှုန်းနီးပါး ရှိနေသည်။ သို့သော် မြန်မာနိုင်ငံတွင် အခွန်မှရငွေပါဝင်မှု ၃ ရာခိုင်နှုန်းသာရှိသည်။ နိုင်ငံ့ဝင်ငွေ လေလွင့်ဆုံးရှုံးမှုကိုကာကွယ်ရန် တရားမ၀င်ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီကို အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းပြီး ကုန်ကွယ်ရေးတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်။

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်တွင် တရားမ၀င်ကုန်သွယ်မှု (မှောင်ခို) နှစ် ၅၀ ကျော် ကြီးစိုးခဲ့သည်။ အတိတ်တစ်ချိန်က မော်လမြိုင်ဈေး၊ စိန်ဂျွန်းဈေးတို့မှာ မှောင်ခိုရောင်းဝယ်မှု ခေတ်စားခဲ့သကဲ့သို့ ယနေ့တွင်လည်း နာမည်ကြီးဈေးများ၊ စူပါမားကက်များ၊ အရောင်းစင်တာအချို့တွင် မှောင်ခိုပစ္စည်းများ စိုးမိုးနေရာယူထားဆဲဖြစ်သည်။

မှောင်ခိုကုန်သွယ်မှုကို တားဆီးရန် ၂၀၁၂ အောက်တိုဘာလမှစ၍ အဓိကမှောင်ခိုစီးကြောင်းများဖြစ်သော မူဆယ်၊ မြ၀တီလမ်းကြောင်းတို့တွင် ရွေ့လျားစစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးဆောင်ရွက်နေသည်။ ယခုလပိုင်းအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုပါ စစ်ဆေးနေပြီဖြစ်သည်။ သို့သော် မှောင်ခိုကုန်သွယ်မှု အားကြီးနေသည့်နိုင်ငံတွင် စစ်ဆေးရေးအဖွဲ့များမှာ ကုန်သည်များနှင့်ညှိနှိုင်း၍ လာဘ်စားမှုများဖြစ်လာနိုင်သည်ဟု လုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောလာကြသည်။

“တားဆီးစစ်ဆေးတာတွေက သမာသမတ်ကျဖို့လိုတယ်။ စစ်တောင်းတွေဆိုရင်တော့မလွယ်ဘူး”ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ကုန်သွယ်ရေးနှင့်ပတ်သက်၍ စစ်ဆေးရေးဂိတ်များ၊ လုပ်ထုံးလုပ်နည်းများစွာ ဖြေလျှော့ပေးခဲ့သည်။ ထို့နောက် ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွင် တစ်လပြီးတစ်လ နိုင်ငံတော်မှ အခွန်ငွေရရှိမှုလျော့နည်းလာသည်။ ယင်းကို ပြန်လည်ထိန်းကျောင်းနိုင်ရန် စစ်ဆေးတားဆီးရေးအဖွဲ့များနှင့် ဆောင်ရွက်လိုသော်လည်း ခြစားမှုများ ကြုံတွေ့လာမည်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က စိုးရိမ်သည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးရေးကို ဆောင်ရွက်ရာတွင် ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူမှုများရှိပါက ကော်မတီသို့ တိုင်ကြားနိုင်သည်။ တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးရန် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းသိမ်းရေးဗဟိုကော်မတီမှ ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးကော်မတီက တာဝန်ယူလုပ်ကိုင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က လွှတ်တော်တွင်ပြောကြားသည်။

“၀န်ထမ်းနဲ့ ကုန်သည်တွေအနေနဲ့ မမှန်မကန်ဆောင်ရွက်တာ စစ်ဆေးတွေ့ရှိရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်”ဟု ဦးဝင်းမြင့်ကပြောသည်။

တရားမ၀င်ကုန်သွယ်ရေးမရှိစေရန် ဖွင့်လှစ်စစ်ဆေးသော ဂိတ်များမှာ အမှန်တကယ်စစ်ဆေးရေးထက် ငွေရရှိရေးကိုသာ ဦးတည်ဆောင်ရွက်နေသည့် ဂိတ်များဖြစ်လာနိုင်ကြောင်း မြ၀တီ-ရန်ကုန် ကုန်တင်ယာဉ်ပြေးဆွဲနေသော လုပ်ငန်းရှင်တစ်ဦးက ပြောလာသည်။

“စစ်ဆေးသူတွေတောင်းကောင်းအောင် တရားဝင်လုပ်ပေးလိုက်သလိုမျိုးပဲ”ဟု မူဆယ်မြို့မှ ဆန်ကုန်သည် ဦးမင်းသိန်းကလည်း သူ့အမြင်ကိုပြောပါသည်။

မှောင်ခိုကုန်သွယ်မှုပပျောက်ရန် ကုန်သည်များ၏ကုန်ပစ္စည်းများကို စစ်ဆေးအရေးယူမှုများ ပြုလုပ်သကဲ့သို့ ၀န်ထမ်းများလာဘ်စားမှုများရှိပါက စနစ်တကျစစ်ဆေးပြီး ထောင်ချအရေးယူသင့်ကြောင်း မြ၀တီမြို့မှ ကုန်သည်တစ်ဦးက သူ၏အမြင်ကိုပြောသည်။

“အဖွဲ့တွေ၊ လူတွေက အများကြီးဆိုတော့ ညှိနှိုင်းပြီး လာဘ်စားမှုတွေရှိနိုင်တယ်။ ဒါကိုသိရင် ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ အဖွဲ့ကိုလည်း သတင်းပေးတိုင်ကြားနိုင်ပါတယ်။ ဖုန်းနံပါတ်တွေကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်”ဟု တရားမ၀င်ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီမှ ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်ကဆိုသည်။

တရားမ၀င်ကုန်သွယ်မှုတားဆီးရေးကို ဆောင်ရွက်ရာတွင် ၀န်ထမ်းများအပါအ၀င် တိုင်ကြားမှုများစွာရှိနိုင်ကြောင်းကို ရန်ကုန်ဆိပ်ကမ်း ရွေ့လျားစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က ပြောကြားဖူးသည်။ လာဘ်စားမှု၊ မမှန်မကန်လုပ်မှု စသည့်တိုင်ကြားမှုများစွာကိုလည်း စနစ်တကျစစ်ဆေးပြီး အရေးယူသွားမည်ဟု တရားမ၀င်ကုန်သွယ်မှုတားဆီးရေး ဗဟိုကော်မတီဥက္ကဋ္ဌက လွှတ်တော်တွင်ပြောကြားသည်။

ကုန်သည်လုပ်ငန်းရှင်များက မှောင်ခိုပစ္စည်းများ သယ်ဆောင်လာပါကလည်း လွှတ်တော်တွင် အတည်ပြုပြီးသော ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။

မှောင်ခိုတားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းမှာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ရွေ့လျားစစ်ဆေးရေးအဖွဲ့များကိုလည်း ပြည်သူများအဆင်မပြေဟု အသံထွက်လာပါက အများသဘောတူညီချက်ဖြင့် ထားသင့်၊ မထားသင့်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းကဆိုသည်။

ပြည်တွင်း၌ မှောင်ခိုလုပ်ငန်း များပြားနေရခြင်းမှာ မဆလအစိုးရလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်ကို တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးပြီး အစိုးရတစ်ဖွဲ့တည်းမှ ပြည်သူများ၏ အစားအသောက်မှအစ လူသုံးကုန်ပစ္စည်းများအားလုံး ထုတ်လုပ်ပေးသည့်စနစ်များကို ကျင့်သုံးခဲ့သည်။

ပြည်တွင်း၌ နေ့စဉ်တိုးမြင့်လာသည့် လူဦးရေနှင့် အစိုးရလုပ်ငန်းများမှ ထုတ်ကုန်များက မမျှတမှုများကြောင့် မှောင်ခိုစီးပွားရေးကို ပိုအားကောင်းလာစေခဲ့သည်။ မှောင်ခိုစီးပွားရေးလုပ်ငန်းများကို သာမန်ကုန်သည်များသာမက အစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ၏ ဆွေမျိုးသားချင်းများစွာပါ ပါဝင်လုပ်ကိုင်ခဲ့ကြသည်။
“အဲဒီအချိန်က မှောင်ခိုလာဖမ်းရင် ဖမ်းတဲ့လူကို သုံးပုံတစ်ပုံပေးရတယ်။ အဲဒီအကျင့်တွေက နောက်ပိုင်းစစ်အစိုးရလက်ထက်မှာလည်း တောက်လျှောက်ပါလာတယ်””ဟု ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးကပြောသည်။

မဆလအစိုးရလက်ထက်က ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်တွင်းသုံးစွဲမှု မမျှတသဖြင့် မှောင်ခိုများရှိခဲ့သော်လည်း ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်တွင်လည်း အခွန်ပမာဏကြီးမားမှုကြောင့် မှောင်ခိုများ ဆက်လက်ရှင်သန်စေခဲ့သည်။ စစ်အစိုးရလက်ထက်တွင် ပို့ကုန်တင်ပို့ပါက ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရပြီး သွင်းကုန်များပေါ်တွင်လည်း အခွန်ပမာဏများစွာ ကောက်ခံခဲ့သည်။ သမ္မတဦးသိန်းစိန် လက်ထက်တွင် ကုန်သွယ်ရေးနှင့်ပတ်သက်၍ ဖြေလျှော့မှုများစွာ ရှိနေသော်လည်း မှောင်ခိုကုန်သွယ်မှုမှာ ရှင်သန်နေသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးကို ရွေ့လျားစစ်ဆေးရေးအဖွဲ့များဖြင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းရှိသည့် နယ်စပ်ကုန်သွယ်ရေးကို ဦးစွာလုပ်ခဲ့ပြီးမှ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုပါ ထပ်မံဆောင်ရွက်လာပြီဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးကို ဆောင်ရွက်ရာတွင် မူဆယ်နှင့် မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းတို့၌သာ အဓိကဆောင်ရွက်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးမှ မှောင်ခိုကုန်သွယ်မှုတားဆီးရာတွင် တစ်နှစ်ခန့်အတွင်း ဖမ်းဆီးမိသောပစ္စည်းများ လေလံပစ်ရာမှပင် နိုင်ငံ့ဘဏ္ဍာငွေအဖြစ် ကျပ်ခြောက်ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်မှုတွင်လည်း တရားမ၀င်ကုန်သွယ်မှု စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လစဉ်တစ်လပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော် တိုးလာသည်။ သို့သော် မြန်မာ-ထိုင်းနယ်စပ်၊ မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ထိုင်းနိုင်ငံ မဲဆောက်ကုန်သွယ်မှုအခြေအနေကို တရားဝင်စာရင်းများ ထုတ်ပြန်ရာတွင် မှောင်ခိုတားဆီးမှုများ ဆောင်ရွက်ပြီးနောက်မှာပင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ကွာခြားနေသေးသည်။ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးစာရင်းက မြန်မာနိုင်ငံစာရင်းထက် တစ်ဘီလီယံ ပိုများနေခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်နီးပါး အမြစ်တွယ်လာသည့် တရားမ၀င်မှောင်ခိုကုန်သွယ်ရေးလုပ်ငန်းများမှာ ၀န်ကြီးဌာနအနည်းငယ်၊ အဖွဲ့အစည်းတစ်ခုတည်း ဆောင်ရွက်ပါက အောင်မြင်မှုရရန်မလွယ်ကူပါ။ သက်ဆိုင်ရာဝန်ကြီးဌာနများသာမက အဖွဲ့အစည်းစုံ၊ ကဏ္ဍစုံမှပါဝင်ရန် လိုအပ်သည့်အပြင် ပြည်သူထူထုကလည်း တာဝန်သိစိတ်ဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးလှမောင်ကသုံးသပ်သည်။

Credit 7Day News Journal

Read More »

ပုဒ်မ ၁၈ ဂယက် --------------- ရေးသားသူ- အောင်ခိုင်


“ပုဒ်မ ၁၈ အလိုမရှိ။ မတရားဖမ်းဆီးချုပ်နှောင်ထားသူများ လွှတ်ပေးရေးတို့အရေး ၊ တရားဥပဒေစိုးမိုးရေး.. တို့အရေး”

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လူတစ်စုကမူ ဆူးလေစေတီတော်ဘက်သို့ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်နေကြသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ လုံးဝပယ်ဖျက်ရန် စမ်းချောင်းမြို့နယ်မှ ကျောက်တံတားမြို့နယ်ထိ ခုနစ်မြို့နယ် လမ်းလျှောက်ချီတက် တောင်းဆိုနေကြခြင်းဖြစ်သည်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားတို့ရပိုင်ခွင့်များကို ဖိနှိပ်ထားသဖြင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟုဆိုသည်။

ပုဒ်မ ၁၈ ပယ်ဖျက်ရန် ကန့်ကွက်မှုများ အားကောင်းလာချိန်မှာ ဆန္ဒဖော်ထုတ်သူများကို ယင်းပုဒ်မ ၁၈ ဖြင့်ပင် အရေးယူခဲ့သည်။

စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင် အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

“ပြတင်းပေါက်ဖွင့်ပေးပြီးမှ သံဆန်ခါပြန်တပ်သလိုဖြစ်နေတယ်။ ပုဒ်မ ၁၈ က ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အနှစ်သာရနဲ့လည်း ဆန့်ကျင်တယ်”ဟု ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ထောက်ပြပြောဆိုသည်။

နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ တွင်မူ “ခွင့်ပြုမိန့်မရှိဘဲ ငြိမ်းချမ်းစွာစုဝေးစီတန်း လှည့်လည်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟု ပါရှိသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင် မယုံကြည်ရဘူးလား၊ မလိုက်နာနိုင်ဘူးလား။ နိုင်ငံသားတိုင်း ရပိုင်ခွင့်အရ လွတ်လပ်စွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်ရှိတယ်”ဟု ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခြင်းခံထားရသော မျိုးဆက်သစ်လူငယ်များအဖွဲ့(GY)မှ ကိုစည်သူက ဝေဖန်ပြောဆိုသည်။

ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် တရားဝင်ရရှိရန် ခွင့်ပြုမိန့်ကြိုတောင်းခံရာတွင်လည်း အခက်ခဲများကြုံတွေ့နေရသည်ဟု တက်ကြွလှုပ်ရှားသူများကဆိုသည်။ လှည့်လည်ဆန္ဒဖော်ထုတ်ခွင့်ရရှိရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ အချက်အလက်ပြည့်စုံစွာဖြင့် အနည်းဆုံးငါးရက် ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်ဟု ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့်ဥပဒေက ပြဋ္ဌာန်းထားသည်။

“ခွင့်ပြုမိန့်ကြိုတောင်းတယ်။ ပယ်ချတယ်။ အယူခံဝင်ပြောတယ်။ မပေးချင်ရင် အကြောင်းအမျိုးမျိုးပြရွှေ့တယ်”ဟု ဒီမိုကရေစီအင်အားစုမှ ဦးသန်းဆွေက ခွင့်ပြုမိန့်ရရှိရန် ကြန့်ကြာပုံကို ဝေဖန်ထောက်ပြသည်။

ဆန္ဒဖော်ထုတ်ခွင့်တောင်းဆိုသော ပြည်သူများဘက်က စီတန်းလှည့်လည်ခွင့်ဥပဒေပါ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်အားနည်းနေသည့်အတွက် ခွင့်ပြုမိန့်ပေးရန် အခက်အခဲများရှိသည်ဟုလည်း တာဝန်ရှိသူများကဆိုသည်။

“တချို့က တစ်မိုင်ခရီး လမ်းလျှောက်ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချိန် နံနက် ၆ နာရီက ည ၆ နာရီ တောင်းတယ်။ ဒါအဓိပ္ပာယ်မရှိဘူး။ တချို့ဆို သတ်မှတ်ပုံစံမှာပါတဲ့ အချက်တွေမပါဘူး။ ဒါဆို
လက်မခံနိုင်ဘူးပြန်ပြောရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးကဆိုသည်။

တာဝန်ရှိအဖွဲ့အစည်းများကမူ ယခုကဲ့သို့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းဆဲကာလတွင် နိုင်ငံသားတိုင်းသည် ဥပဒေကို လေးစားလိုက်နာရန်လိုအပ်ပြီး စည်းကမ်းနှင့်အညီသာ ဆန္ဒဖော်ထုတ်သင့်သည်ဟု တုံ့ပြန်သည်။

“ခွင့်ပြုမိန့်မတင်ဘူး၊ ဒါဆိုရင် ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းအရ ခွင့်မလွှတ်နိုင်ပါဘူး။ သတ်မှတ်ပုံစံမှာပါတဲ့ အချက်အလက်တွေပြည့်စုံရင် ခွင့်ပြုမိန့်ပေးပါတယ်။ ဒါပေမဲ့ ဆန္ဒဖော်ထုတ်ရာမှာ အများနဲ့ဆိုင်တာပဲ ဖြစ်ရမယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း မတိုက်ခိုက်ရဘူး။ စည်းကမ်းရှိရမယ်။ ဥပဒေနဲ့ညီရင် ခွင့်ပြုပေးပါတယ်။ ပြီးရင် ငြင်းပယ်ခံရရင် အယူခံတက်ခွင့်ရှိပါတယ်”ဟု လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်မှုများကို အမြဲကိုင်တွယ်ဖြေရှင်းနေရသော မုံရွာခရိုင်ရဲမှူးကြီးတင်ထွန်းက ရှင်းပြပြောဆိုသည်။

ထို့ပြင် အချို့ဆန္ဒဖော်ထုတ်မှုများတွင် အများပြည်သူပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် အပြုအမူများကိုလည်း မြင်တွေ့နေရသည်ဟု ရဲမှူးကြီးကဆက်လက်ပြောသည်။

ဥပဒေပညာရှင်များကမူ ဆန္ဒဖော်ထုတ်ရန် မြို့နယ်တပ်ဖွဲ့မှူး ခွင့်ပြုမိန့်စောင့်ရမည်ဆိုခြင်းသည် ဥပဒေတို့၏ ပင်မကျောရိုးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြက်ရယ်ပြုနေခြင်းပင်ဖြစ်သည်ဟု ဝေဖန်ထောက်ပြကြသည်။

“ဥပဒေအထက်မှာ မည်သူမှမရှိစေရတဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေအထက်မှာ မြို့နယ်မှူးရောက်နေတယ်။ လုံးဝမရှိသင့်ဘူးလို့ ပြောချင်တယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကဆိုသည်။

ထို့ပြင် စီတန်းလှည့်လည်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ထားခြင်းကိုလည်း ကန့်ကွက်သူများက ထောက်ပြကြသည်။ ယင်းဥပဒေတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးသည် အုပ်ချုပ်ရေးမှူးအတည်ပြုချက်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံများတွင်လည်း နိုင်ငံသားတို့ရပိုင်ခွင့်အရ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို အပြည့်အ၀ပေးအပ်ထားသည်။

“ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင်လည်း ဒီလိုမရှိပါဘူး။ စီတန်းလှည့်လည်ခွင့်ပေးထားတယ်။ ဒါမှဥပဒေချိုးဖောက်ရင် အဲဒီဥပဒေနဲ့အရေးယူတယ်”ဟု ဦးဝင်းမြင့်က သုံးသပ်ပြောဆိုသည်။

ခွင့်ပြုမိန့်တောင်းခံစောင့်ဆိုင်းရခြင်းသည် ဒီမိုကရေစီစနစ်နှင့်မကိုက်ညီဘဲ အာဏာရှင်စနစ်၏ အမွေဆိုးများကို ဆက်လက်ကျင့်သုံးနေခြင်းပင် ဖြစ်သည်ဟုလည်း သုံးသပ်သူများကဆိုသည်။

“ဘယ်ဒီမိုကရေစီနိုင်ငံမှမရှိဘူး။ ဒီမှာပဲတီထွင်ပြီး ပြဋ္ဌာန်းထားတာ”ဟု ဦးခင်ဇော်ကထောက်ပြသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံတွင်မူ ပုဒ်မ ၁၈ အပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ မိမိတို့၏နစ်နာချက်များကို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ရန် ခွင့်ပြုမိန့်ကြိုတင်တောင်းခံနေရမြဲ။ ခွင့်ပြုမိန့်ကျမည့်ရက်ကို စောင့်ဆိုင်းနေရဆဲ။ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများစာရင်းအရ ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူခံရမှုပေါင်းမှာ သြဂုတ်လကုန်အထိ အမှုပေါင်း ၁၄၀ ခန့် ရှိနေပြီဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူခဲ့သော အမှုပေါင်းကိုသိရှိနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲချုပ်ရုံးများသို့ 7Day News က ဆက်သွယ်မေးမြန်းခဲ့သည်။ သို့ရာတွင် တယ်လီဖုန်းရှစ်လုံး အဆင့်ဆင့်လွှဲပြောင်းပေးသော်လည်း တာဝန်ယူဖြေကြားမည့်သူမရှိခဲ့ပေ။

ဝေဖန်ကန့်ကွက်မှုများ ကျယ်လောင်နေသော ပုဒ်မ ၁၈ နှင့်ပတ်သက်ပြီး ဆွေးနွေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ ရက်က အဆိုတင်သွင်းခဲ့သည်။ သို့သော် ယခုအချိန်ထိတော့ ပြည်သူ့အသံ တို့အသံဆိုသည့် လွှတ်တော်တွင် ပုဒ်မ ၁၈ ကို ဆွေးနွေးပြောဆိုခြင်း မရှိသေးပေ။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။ ဥပဒေအချို့နှင့် စည်းမျဉ်းစည်းကမ်းအချို့သည် လိုအပ်ချက်များရှိနေသောကြောင့် တရားမ၀င်ဆန္ဒပြမှု အခြေအနေများထိအောင် ရောက်ရှိသွားခြင်းဖြစ်သည်ဟု သြဂုတ်လနှောင်းပိုင်းက ပြောကြားထားခဲ့သည်။

Credit 7Day News Journal

Read More »

ယုံကြည်သလို ရေးတဲ့စာ


ကျွန်တော်ကတော့ ယုံကြည်သလိုပဲ ရေးတတ်ပါတယ်။ ကျွန်တော့် စာလုံးတွေထဲမယ် ကျွန်တော့်ရဲ့အသိဉာဏ်က လက်လှမ်းမီ သလောက် ကျွန်တော့်ခံစားမှုတွေ၊ မျှော်လင့်မှုတွေ၊ စိတ်စေတနာတွေ၊ ဇောတွေ၊ ရင်ခုန်သံတွေ၊ မွတ်သိပ်မှုတွေ ရောပြွမ်း ပါကောင်းပါလိမ့်မယ်။ သေချာတာ ကတော့ အားလုံးဟာ ရိုးသားစွာနဲ့ ကျွန်တော် ယုံကြည်တဲ့အတိုင်း ဖြစ်တယ် ဆိုတာပါပဲ။
ကျွန်တော်ကတော့ မြန်မာစာကို ကျွန်တော်တို့လူမျိုးရဲ့စာပေ ဖြစ်တာနဲ့တင် ချစ်ဖို့ လုံလောက်ခဲ့ပါတယ်။ အခြားသူတွေကိုလည်း ချစ်စေချင်ပါတယ်။
per_yktlyts_YKYG“စာစီစာကုံးဆိုတာ အပိုအလုပ်တွေပါ”လို့ပြောတဲ့သူတွေကို တွေ့ရတိုင်း စိတ်မကောင်းပါ။ ကျွန်တော်တို့လူမျိုးရဲ့ ကိုယ်ပိုင်ဘာသာစကားကို သုံးပြီး ကျွန်တော် တို့လူမျိုးတွေ နားလည်ခံစားနိုင်အောင် စာတစ်ပုဒ် ကောင်းကောင်းရေးတတ်ဖို့ အတွက် စာစီစာကုံးတွေကစပြီး ပျိုးထောင်ရတာပါပဲ။ လူနားလည်အောင် ရေးတတ်တာနဲ့ လူနားစွဲအောင် ရေးတတ်တာ မတူပါဘူး။ လူတိုင်းအတွက် တစ်ချိန်မှာ စာရေးတတ်ဖို့ လိုအပ်ချင် လိုအပ်လာမှာပဲ မဟုတ်လားဗျာ။ မချစ်ရင်တောင် လွှင့်ပစ်စရာလို့ သဘောထားတာ ကတော့ မသင့်ပါဘူး။
ကြုံရာသတ်ပုံနဲ့ ရေးနေတဲ့ Online ပေါ်ကစာတွေ၊ သတ်ပုံအမှားကို တမင်တကာရော မသိလို့ရော ဖက်ရှင်တစ်ခုလို သဘောထား သုံးစွဲနေကြ တာတွေ ပိုပို တွေ့လာရတဲ့အခါလည်း စိတ်မကောင်းပါ။ ပိုတာဝန်ရှိတယ်လို့ ခံစားရတဲ့ ပုံနှိပ်စာစောင် (Press Media) တွေကပါ အခြေခံ အမှားတွေကို ပုံမှန်ဆိုသလို ကျူးလွန်နေတာကို တွေ့ရတဲ့အခါ မှာတော့ ရင်လေးရပါတယ်။
စကားပြော အရေးအသားမှာ “တယ်၊ မယ်” စာလို အရေးအသားမှာ “သည်၊ မည်” စသည်ဖြင့် ပုံမှန်အခြေခံစည်းမျဉ်း လောက်ကိုတောင် မှန်အောင်မရေးနိုင်တဲ့ စာတွေကို တစ်စုံတစ်ရာ မတည်းဖြတ်ဘဲ နေ့စဉ်ရက်ဆက် ပုံမှန်ဖော်ပြကြတာမျိုး အမြဲတွေ့လာရပါတယ်။ သတ်ပုံအမှားများကို အစဉ်တစိုက် သုံးစွဲလာခြင်းအားဖြင့် အမှန်အဖြစ် သွတ်သွင်းပေးရာ ရောက်နေကြပါတယ်။ “လဲ” နှင့် “လည်း” အသုံးလောက် ကိုတောင် ဂရုတစိုက် တည်းဖြတ်မှု မရှိကြတော့ပါ။ ကျွန်တော်တို့ စာပေကို လေးစားမြတ်နိုးသော ပမာဏအလျောက် သတ်ပုံနဲ့ သဒ္ဒါစာပြင်ဆရာ တစ်ဦးလောက်အတွက် လစာ အကုန်ခံပေးကြပါလို့သာ ပြောချင်ပါတယ်။ ပြောနိုင်ပါတယ်။
“စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့…”
အင်္ဂလိပ်လို အသံထွက်မှားမိရင်၊ အပြောမှား အရေးမှားမိရင်တော့ ကျွန်တော်တို့ ကောင်းကောင်း ရှက်တတ်ကြပါတယ်။ မြန်မာလူမျိုးများက မြန်မာစာ အသုံးအနှုန်း၊ အထားအသို မှားနေတာကိုတော့ ဂုဏ်ယူစရာ တစ်ခုလိုတောင် ဖြစ်နေကြမလား လို့ဗျာ။ ထောက်ပြသူကိုတောင် “ဘုန်းကြီး ကျောင်းသားလား၊ တောကတက်လာတာလား” ဆိုတာမျိုး အထိကတော့ မဖြစ်သင့်တာမဟုတ်လား ခင်ဗျာ။ ကျွန်တော်တို့တွေ မှားနေကြပြီ ထင်ပါတယ်။
ပြင်သစ်လူမျိုး တစ်ဦးက အင်္ဂလိပ်လို မပြောတတ်တဲ့ အတွက်၊ အမှားပြောမိတဲ့အတွက် ရှက်တာမျိုး မတွေ့ဖူးပါ။ နပိုလီယံနဲ့ ဗော်လ်တဲယား အကြောင်း လုံးစေ့ပတ်စေ့ မပြောနိုင်တာ၊ ပြင်သစ်စကားနဲ့ စာကို ကျွမ်းကျွမ်းကျင်ကျင် ရှင်းမပြနိုင်တာကိုသာ ရှက်တတ်ကြပါတယ်။ ကျွန်တော်တို့ ကရော ဘာကိုရှက်ကြမှာလဲ ခင်ဗျာ။
အင်္ဂလိပ်စာတွေ ထည့်ရေးမှ၊ အင်္ဂလိပ်စကားလုံးတွေ ညှပ်ပြောမှ လူအထင်ကြီးတယ်ဆိုတာ အတိုင်းအတာတစ်ခု အထိတော့လည်း မှန်တယ်ဗျာ။ ဒါဟာ မရင့်ကျက်တဲ့၊ ဉာဏ်ပညာနိမ့်ကျတဲ့၊ စိတ်သဘောထား ဆိုင်ရာ သိမ်ငယ်စိတ် (Inferioirity Complex) ဝင်နေတဲ့ လူ့အဖွဲ့အစည်း တစ်ခုရဲ့ ပြယုဂ်ပါပဲ။
ကောင်းပါပြီ။ စာရေးသူက ဘယ်ကိုသွားမှာလဲ၊ သူ့အသိုင်း အဝိုင်းကို ဘယ်ကို ဆက်သွားစေချင်တာပါလဲဗျာ။ စာရေးသူတိုင်း ကိုယ်စီ မိမိကိုယ်ကိုယ် ပြန်မေးကြရမယ့် မေးခွန်း ထင်ပါတယ်။ ကျွန်တော်တို့ စာရေးနေတာက ကျွန်တော်တို့ အသိုင်းအဝိုင်းကို အဲဒီလို လမ်းကြောင်းအမှားထဲ ဆက်တွန်းပို့ရုံပဲလား။
ကျွန်တော်တို့ရဲ့ ဘိုးဘေးများက မော်တော်ကား၊ ရဟတ်ယာဉ်တို့၊ ရုပ်မြင်သံကြားတို့ကို တီထွင်သုံးစွဲခဲ့ကြတာ ဘယ်တော့မှ မမေ့ကောင်းပါ။
အင်္ဂလိပ်လိုပြောလိုက်မှ နားထဲ ရှင်းသွားတာမျိုးကလည်း တချို့သော အသိုင်းအဝိုင်းများမှာ အမှန်တကယ် ကြုံနေကျပါပဲ။ လျင်လျင်မြန်မြန် ကျယ်ပြန့်ဆန့်ကားလာတဲ့ နည်းပညာထဲမှာ ဘာသာပြန် စကားလုံး အလှဆင်နေဖို့ အချိန် မရှိတော့တာလည်း အမှန်ပါပဲ။ အထူးသဖြင့် ကန့်သတ်သုံးစွဲစရာ ပညာရပ်ဆိုင်ရာ စကားများမှာ သိသာလွန်းပါတယ်။ အရောင်တူသူချင်း ကြားထဲမှာ စကားတစ်လုံးနဲ့ ပြီးနိုင်ပေမယ့် အဆင်ကွဲတွေနားလည်ဖို့ မြန်မာစာ နှစ်ကြောင်း သုံးကြောင်းနဲ့ ပြန်ရှင်းရတတ် ပါသေးတယ်။
စိတ်စေတနာက အဓိကလို့ မှတ်ယူပါရစေ။ စာရေးသူရဲ့စိတ်စေတနာနဲ့ အဇ္ဈတ္တကို စာရေးသူက အသိဆုံးပါပဲဗျာ။ ကြာတော့လည်း ဒီပုတ်သင် ဘာအရောင်ဆိုတာ တဖြည်းဖြည်း သိကြရတာပဲ မဟုတ်ပါလား။
တချို့အတွက်တော့ စာတွေက ထမင်းအိုး၊ ဟင်းအိုးအဖြစ် ရှိနေဆဲပါပဲ။ ငွေနဲ့ အစက်ခံရတဲ့အခါ မတ်မတ်ရပ်ဖို့ သိပ်ခက်ပါတယ်။ မရေးချင် သော်လည်း တစ်ဝမ်းတစ်ခါး၊ နှစ်ဝမ်းနှစ်ခါး တွေအတွက် ရေးရတဲ့စာတွေဟာ အရောင် မှိန်လာတတ်ပါတယ်။ အရောင်လွင့်သွားရင်တော့ မကောင်းတော့ ပါဘူး။ လွင့်သွားတဲ့ အရောင်ပေါ်ကို ထမင်းကျွေးပြီး ဆိုးပေးမယ့် ဆေးတွေက ဝိုင်းနေတတ်တာမျိုး မဟုတ်ပါလား။
ဒီတိုက်ရဲ့အာဘော်က ဒီလိုပဲ၊ ဒီလိုရေးမှ ပါမှာပဲ .. ဆိုတာတွေကလည်း လျစ်လျူရှုလို့ မရကောင်းပါ။ စာမူပါရေး မပါရေးဟာ ဝမ်းရေးနဲ့ ဆက်နေတယ် ဆိုရင်တော့ သိပ်မမျှော်လင့်ကောင်းတော့ ပါဘူး။ အကောင်းဆုံး ကတော့ မိမိယုံကြည်တဲ့ အာဘော်မှာပဲ အစမှအဆုံးတိုင် မြဲမြဲရပ်နေကြဖို့ပါ။ အူမတောင့်ဖို့ဆိုတာ နေရာတိုင်းမှာ အရေးပါမြဲပဲ မဟုတ်လား။
အရင်ကတော့ စာပေသည် ဘယ်သူ့အတွက်ဆိုတာ ငြင်းခုံခဲ့ကြတာပါ။ ရည်ရွယ်ခဲ့ကြတဲ့ ဘယ်သူဘယ်ဝါ တချို့က မရှိတော့သော်လည်း စာပေကတော့ ရှိနေဆဲပါပဲ။ ကျွန်တော်ကတော့ ဘယ်သူအတွက် ဘယ်ဝါအတွက်လို့ ဝင်ပြောရလောက်အောင် မတတ်ပါ။ တစ်ယောက်ယောက် အတွက်တော့ အမြဲ ပါနိုင်ကောင်းပါတယ်။ အနည်းဆုံး ကျွန်တော့်ကိုယ်ကျွန်တော်အတွက် ဖြစ်နိုင်ပါတယ်။ ရေးကောင်းတဲ့ စာတစ်ပုဒ်ဟာ ဘယ်သူ့အတွက်ဆိုတာထက် ဘာအတွက်ဆိုတာက ပိုအရေးကြီးမလားလို့ ထင်မိပါရဲ့ဗျာ။
ရည်ရွယ်ချက်တစ်ခုအတွက် ရေးတဲ့စာ၊ ငွေအတွက် ရေးတဲ့စာ၊ လူအထင်ကြီးခံရဖို့ ရေးတဲ့စာ၊ သိက္ခာအတွက် ရေးတဲ့စာ၊ ထမင်းအတွက် ရေးတဲ့စာ၊ သားရေးသမီးရေးအတွက် ရေးတဲ့စာ၊ တစ်စုံတစ်ယောက်အတွက် ရေးတဲ့စာ၊ အနာဂတ်အတွက် ရေးတဲ့စာ၊ ဘဝအာမခံချက် အတွက် ရေးတဲ့စာ … ဘာစာပဲဖြစ်ဖြစ် ပေါက်လွှတ်ပဲစားမဟုတ်တဲ့ စာမှန်သမျှမှာ အရောင် ကိုယ်စီ ရှိကြပါတယ်။ အဆင့်ပေါ်မူတည်ပြီး တောက်ပမှုတွေ ကွဲပြားသွားကြ ပါတယ်။
အရောင်တွေကွဲပြားပေမယ့် အဆင့်မြင့်တဲ့စာတွေများတဲ့ လောကကြီးဟာ လင်းလက်မှုအား ပိုကောင်းတာပေါ့ဗျာ။ အရောင်အသွေးစုံနဲ့ ရွှန်းလက်တောက်ပနေတဲ့ စာပေလောကကြီးပေါ့။
စာတွေအရောင်လှဖို့၊ အရောင်ထွက်ဖို့ဆိုတာ အကြောင်းအချက် (Factors) များစွာအပေါ် အခြေခံနိုင်ပါတယ်။ တချို့အချက်တွေက ကျွန်တော်တို့ရဲ့ လက်တစ်ကမ်း အတွင်းကပါ။ နည်းနည်းအားစိုက်ပြီး လက်လှမ်း ပြုပြင်ပေးနိုင်တာနဲ့ အရောင် ပိုလှလာနိုင်ကြပါတယ်။ ပါဝင် ပတ်သက်သူအားလုံးက လက်လှမ်းလိုစိတ် ရှိကြဖို့ပဲလိုပါတယ်။
ကျွန်တော့်စာတွေကတော့ အရောင်နဲ့ တောက်ပမှုတွေအကြောင်း မဆိုနိုင်ပေမယ့် ဖတ်ကောင်းတဲ့စာတွေတော့ အမြဲဖြစ်ပါလိမ့်မယ်။ စာလုံးတွေထဲမယ် ကျွန်တော့် အသိဉာဏ်က လက်လှမ်းမီသလောက် စိတ်ခံစားမှုနဲ့ ရည်ရွယ်ချက်တွေ၊ ရင်ခုန်သံတွေ ပါကောင်း ပါနေပါလိမ့်မယ်။ သေချာတာ တစ်ခုက ဘယ်ဘက်ရင်ဘတ်က ခံစားတာကို ညာဘက်လက်က ယုံကြည်လို့ ရေးတဲ့စာတွေ ဖြစ်တယ်ဆိုတာပါပဲ။
(ယက္ခ) ရဲကြီး
Read More »

တရွတ်တိုက် လိုက်ရဦးမည့် လမ်းဆုံနိုင်ငံ


မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်မည်လော။
လက်ရှိ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုအပိုင်းသည် အာဆီယံနိုင်ငံများတွင် ဘိတ်ဆုံး။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းတာသော Logistics Performance Index သည်လည်း ၂ ဒသမ ၃၇ သာရှိပြီး အိမ်နီးချင်း လာအိုနှင့် ထိုင်းနိုင်ငံတို့အောက် နိမ့်ကျကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံနှစ်ခုစလုံးနှင့် အာဆီယံဒေသတွင်း ဆယ်နိုင်ငံတို့ကို ဆက်စပ်ပေးမည့် လမ်းဆုံသည် မြန်မာနိုင်ငံကို ဖြတ်သန်း ဖောက်လုပ်နေရ သဖြင့် ဆယ်စုနှစ်ကျော်ကြာ ပိတ်ဆို့ ရပ်တန့်မှုများရှိခဲ့သည်။
article_dytlyom_LYM
အာဆီယံဒေသတွင်း နိုင်ငံများအကြား လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက် အမြင့်ဆုံးနိုင်ငံ ဖြစ်နေသော်လည်း ရေမြေအနေအထားအရ အရှေ့၊ အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် အဓိက အချက်အချာနိုင်ငံ ဖြစ်လာနိုင်သောကြောင့် ၂၀၁၀ အစိုးရသစ်နောက်ပိုင်း နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ မျက်စိကျစရာ ဖြစ်နေသည်။
ပြည်တွင်း အထည်ချုပ်နှင့် ဆန်စပါးပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ အဓိကအများဆုံး အသုံးများသော ရေလမ်း ကုန်သွယ်ရေးတွင် ထားဝယ်နှင့်ကျောက်ဖြူ ရေနက်စီမံကိန်းကြီးများကို အခွင့်အလမ်း တစ်ခုဟု ထင်မှတ်ထားပြီး ယင်းစီမံကိန်း များပြီဆုံးပါက ဥရောပ၊ အာရှနိုင်ငံများသို့ ကုန်သွယ်စီးဆင်းမှုပိုင်း လွယ်ကူသွားမည် ဖြစ်ကြောင်း ယုံကြည်ကြသည်။

ကားလမ်းကိုသာ

မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော လမ်းပိုင်း စီမံကိန်းကြီး သုံးခုရှိသည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်မည့် အာရှလမ်းမကြီး၊ အာဆီယံ နိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး ဆောင်ရွက်ရန် ဖောက်လုပ်နေသော အာဆီယံလမ်းမကြီးနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများ ချိတ်ဆက်မည့် GMS (Greater Mekong Sub region) စီမံကိန်းလမ်းမကြီး တို့ ဖြစ်သည်။
အစိုးရက ယင်းစီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီး ဖြစ်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ရေးပိုင်းတွင် အားနည်းနေကြောင်း၊ အထူးသဖြင့် အနီးကပ်ဆုံး လာမည့် ၂ဝ၁၅ ခုနှစ်တွင်စတင်မည့် လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ အစိုးရ အကောက်ခွန်ကဏ္ဍတို့တွင် လိုက်နာ လက်မှတ်ရေးထိုးရမည့် အပိုင်းများ ရှိနေသေးကြောင်း ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) က The Voice သို့ ပြောကြားသည်။
လက်ရှိ အာဆီယံတွင် လမ်းပိုင်းဆိုင်ရာ အတွက် ချုပ်ဆိုထားသောစာချုပ် အားလုံး သုံးခုရှိသည့်အနက် ကုန်စည်များ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်တွင် အကောက်ခွန်ပိုင်း ဆိုင်ရာအတွက် ညှိနှိုင်းဆဲ အခြေအနေသာ ရှိပြီး တည်ဆဲဥပဒေများ ကိုလည်း ပြန်လည် ပြင်ဆင်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က The Voice သို့ ပြောဆိုသည်။
ယင်းသို့ လုပ်ထုံးလုပ်နည်းပိုင်းတွင် အခက်အခဲများစွာ ရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုင်းတွင်လည်း အာဆီယံ အဆင့်မီလမ်းမကြီးများ ရှားပါးလျက် ရှိသည်။
အာဆီယံ ဆယ်နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်မည့် ယင်းစီမံကိန်းတွင် မြန်မာနိုင်ငံ၌ ကီလိုမီတာ ၄၅၃၄ ရှိပြီး အဆင့်အမီဆုံး လမ်းမကြီးများ လုံးဝမရှိသေးဘဲ အဆင့်တစ် လမ်းမကြီး ၁၄၇ ကီလိုမီတာ သာရှိကြောင်း၊ အနိမ့်ဆုံးအဆင့် လမ်းမကြီး မှာ ကီလိုမီတာ ၂၁၂၅ ရှိသည့်အပြင် ကီလို မီတာ ၂၀၁ သည် လမ်းလုံးဝ မပေါက်သေးသော အာဆီယံလမ်းမကြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ASEAN Highway Fact & Department of Highways က ထုတ်ပြန်ထားသည်။
“ဂျပန်ဆို ကုန်းလမ်းက သွားရင် ၃ ရက်လောက်ပဲ ကြာတယ်။ ရေလမ်းက သွားရင် တစ်ပတ်လောက် ကြာသွားတယ်။ စရိတ်တော့ သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်းမှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
ကုန်းလမ်းကို ရွေးချယ်လိုကြသော်လည်း မြဝတီဘက်လမ်းပိုင်းသည် မိုးရာသီ ဆိုပါက လမ်းပန်းဆက်သွယ်ရေး အခက် အခဲများရှိနေသည့်အတွက် ရေလမ်းခရီးကို သာပိုသုံးဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြော ကြားသည်။

ဆိပ်ကမ်းထွက်ပေါက်နိုင်ငံ

ကုန်သွယ်မှုကဏ္ဍအတွက် အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ရေလမ်းပိုင်းကိုသာ ပိုမို အသုံးပြုလာကြသည်။
၂၀၀၀ ပြည့်နှစ်က ကုန်တင်ကုန်ချ ပို့ဆောင်ရေးပိုင်းတွင် မီးရထားကိုသာ အသုံးပြုလာကြပြီး ၂၀၀၇ ခုနှစ်ခန့်ထိ အသုံးပြုသူ များပြားခဲ့ရာမှ အစိုးရသစ်မတိုင်ခင်တွင် ရေလမ်းခရီး အသုံးပြုမှုသည် သိသိ သာသာ တိုးမြှင့်လာသည်။ ယခုအချိန်တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ၏ရွေးချယ်မှုသည် ရေလမ်းခရီးသာ ဖြစ်နေသည်။
“ကိုယ့်ရဲ့ဝယ်သူပေါ်မူတည်ပြီး ကုန်သွယ်တဲ့လမ်းတွေ ရွေးချယ်ကြတာ များတယ်။ သင်္ဘောနဲ့ ကားနဲ့ ဘာက ပိုရွေးတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ သင်္ဘောကို အများဆုံးရွေးဖြစ်တယ်” ဟု အာဖရိကသို့ ဆန်တင်ပို့နေသည့် Infinity Innovation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံဦး က The Voice သို့ ပြောကြားသည်။
ကုန်ပစ္စည်းများ ပို့ဆောင်မှုအပိုင်းတွင် ကုန်းလမ်းကို အသုံးပြုမည်ဆိုပါက ပိုမိုမြန်ဆန်နိုင်မည် ဆိုသော်လည်း ရေလမ်းခရီးသည် ကုန်ကျစရိတ် သက်သာသည့်အတွက် ပိုမို အသုံးပြုလာနိုင်ကြောင်း၊ လာမည့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် ကျောက်ဖြူ ရေနက်စီမံကိန်းများလည်း ရှိနေသေးသည့်အတွက် ရေလမ်းပိုင်းကိုသာ ရွေးချယ်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။
အစိုးရက စာချုပ်ချုပ်ဆိုထားသော လမ်းပိုင်းဆိုင်ရာ စာချုပ်များအနက် GMS စီမံကိန်းသည် ကုန်းလမ်းပိုင်းအတွက် သာမက ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင်း အတွက်လည်း အကူအညီဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဓိကလမ်းကြောင်း သည် မြန်မာနိုင်ငံတွင် ရှိကြောင်း အင်ဂျင် နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ရှင်းပြသည်။
GMS စီမံကိန်း၏ အဓိကလုပ်ငန်း သုံးခုထဲမှ အရှေ့၊ အနောက် စီးပွားရေး ပူးပေါင်းမှု စီမံချက်ကို မော်လမြိုင်-မြဝတီ-မက်ဒဟန်(ထိုင်း)-ဒန်စဝါ(Dansavanh)(လာအို)-ဒါနန်း(ဗီယက်နမ်) တွင်ပြုလုပ်ရန် လျာထားသည်။
ယင်းအပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကလည်း မြန်မာ့ ရေနက်ဆိပ်ကမ်းများကို အသုံးပြုကာ အရှေ့၊ အနောက် နိုင်ငံကြီးများနှင့် ဆက်သွယ်ရန် ဆန္ဒရှိကြသည့်အတွက် အစိုးရက ရေနက်ဆိပ်ကမ်း စီမံကိန်းများကို သေချာကိုင်တွယ်ပြီး နိုင်ငံဝင်ငွေ ရှာဖွေနိုင်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

၂၀၁၅ ကို တရွတ်တိုက် လိုက်မည်

လူ့စွမ်းအားအရင်းအမြစ် နည်းပါးမှု၊ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းပိုင်း အားနည်းချက်နှင့် ငွေကြေး လိုအပ်ချက် များကို ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (ASEAN Free Trade Area) မတိုင်ခင် အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက် နည်းနေသေးသည်။
တစ်ဖက်တွင်လည်း ကုန်စည် ပို့ဆောင်မှုပိုင်းအတွက် ပြင်ဆင်ကုန်ကျစရိတ် များကို အစိုးရချည်း တည်ဆောက်မည်ဆိုပါက ငွေကြေးလိုအပ်ချက် မြင့်မားပြီး လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲသည်။
ယင်းကြောင့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank)တို့၏ အကူအညီများစွာ လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။
မြန်မာနိုင်ငံသည် ကံအကြောင်း လှပြီး အချက်အချာကျသော နေရာကို ပိုင်ဆိုင် ထားသော်လည်း စီမံခန့်ခွဲမှုပိုင်း အားနည်းသောကြောင့် ဒေသတွင်းနိုင်ငံများကို လိုက်လံမှီငြမ်းနေရသည့်နိုင်ငံ ဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေးပိုင်း တိုးတက်လာရင် အစိုးရက ဘာမှလုပ်စရာ မလိုဘူး။ ကိုယ့်ဆီ ဝင်လာတဲ့ သူတွေဆီက ပိုက်ဆံတွေ လွယ်လွယ်ရနေပြီးသားပဲ။ လိုတာက လူ့စွမ်းအား အရင်းအမြစ်ပိုင်းပဲ” ဟု လမ်းပန်းဆက်သွယ်ရေး သုတေသန ပညာရှင် ဦးအောင်မြင့်က ဆိုသည်။
ဘေးပတ်ဝန်းကျင် နိုင်ငံများ၏ လူမှုစီးပွား ရိုက်ခတ်မှုဒဏ်များကို ခါးစည်း ခံနေရသည့် မြန်မာနိုင်ငံအတွက် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုသည် နိုင်ငံ၏ သဘာဝသယံဇာတများ မထိခိုက်ဘဲ ဝင်ငွေရရှိနိုင်သော နည်းလမ်းအသစ် ဖြစ်လာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ထောက်ပြ သုံးသပ်ခဲ့ကြသည်။
မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်ရန် မေးခွန်းအတွက် တိကျသည့် အဖြေများကား ဝေဝါးနေဆဲ။ အာဆီယံ၊ အိန္ဒိယနှင့် တရုတ်တို့အကြား လမ်းဆုံနိုင်ငံအဖြစ် အမြဲတစေ ဂုဏ်ယူဖွယ်ရာ ထုတ်ဖော်ပြောဆိုလေ့ ရှိသော်လည်း လက်တွေ့ အကျိုးကား လေထဲတွင် ရှိသေးသည်။
“အစိုးရက လုပ်နေပေမယ့် ၂၀၁၅ ကိုတော့ တရွတ်တိုက် လိုက်ရဦးမှာပဲ။ ပို့ဆောင်ရေးမှာ အာဆီယံနိုင်ငံ တွေရော၊ နိုင်ငံတကာမှာရော အဆင့်မီဖို့ ခဲယဉ်းဦးမယ်” ဟု ဦးအောင်မြင့်ကဆိုသည်။
လဲ့ရည်မြင့်
Credit The Voice Weekly
Read More »

မြန်မာ့နွေဦးနှင့် စကားတစ်ခွန်း

 

နိဒါန်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးကား ထက်ဝက်ကျိုးလာခဲ့ပါပြီ။ ဒီမိုကရေစီ၏ အရွေ့ မည်ရွေ့မည်မျှ ခရီးပေါက်ခဲ့ပြီကိုလည်း သိမြင်နေ ကြရပါပြီ။ သမိုင်းတွင်ရစ်မည့် အပြောင်းအလဲများ နှင့်အတူ သင်ခန်းစာ များလည်း ကျန်ရစ်ခဲ့ပါပြီ။ နိုင်ငံတော်သမ္မတကြီး ကတိသစ္စာကျိန်ဆိုပြီး ပထမဦးဆုံး ပြောကြားခဲ့သော ရာထူးလက်ခံမိန့်ခွန်းကို ယခုအချိန်တွင် ပြန်လည်သုံးသပ် ကြည့်လျှင် မိမိတို့ မြန်မာနိုင်ငံမည်မျှအထိ ခြေလှမ်းများ လျှောက်လှမ်းခဲ့သည်ကို အကြမ်းဖျင်းအားဖြင့် မှန်းဆကြည့် နိုင်ပေလိမ့်မည်။ ရှေ့လာမည့် လပေါင်း ၃၀ တွင် ဆက်လက်လျှောက်လှမ်းရမည့် ခြေလှမ်းများ သည်လည်း ဆက်လက်ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေး ဥတုပတ်ဝန်းကျင်နှင့် တိုက်ရိုက် ဆက်စပ် နေပါလိမ့်မည်။ မည်သို့ပင်ဆိုစေ ဖြတ်သန်းခဲ့ပြီးသော လပေါင်း ၃၀ နှင့် ဆက်လက်ဖြတ်သန်းရမည့် လပေါင်း ၃၀ တို့၏ သွင်ပြင် လက္ခဏာများ၊ သဘောသဘာဝ များသည်ကား တူညီ နိုင်တော့မည် မဟုတ်ပေ။

နိုင်ငံ့အရေးနှင့် နိုင်ငံရေး

per_mmnoh_HZနိုင်ငံရေးသမားတို့သည် နောင်လာမည့် ရွေးကောက်ပွဲ ကိုသာကြည့်ပြီး နိုင်ငံပြုခေါင်းဆောင်များမှာ နောက်မျိုးဆက်များကို ကြည့်သည်ဟူသော ဂျိမ်းဖရီးမင်းကလပ်၏ စကားသည် ယနေ့အချိန်အထိ နိုင်ငံရေး နယ်ပယ်တွင် မှန်ကန်နေဆဲ ဖြစ်သည်။ ပထမဦးစွာ ယနေ့နိုင်ငံ့ခေါင်းဆောင်များ၏ လုပ် ဆောင်ချက်မှန်သမျှသည် အနာဂတ်မျိုးဆက်သစ်များ အတွက် သမိုင်းပုံရိပ်များ ဖြစ်လာကြမည်ဖြစ်သလို ယနေ့ဒီမိုကရေစီ၏ အစကောင်းမှုသည် မြန်မာ့ဒီမိုကရေစီ ခရီးရှည်ကြီး အနှောင်းသေချာမှုကို ပုံဖော်ပေးမည် ဖြစ်သည်။ ယခုနောက်ဆုံး ပြည်သူ့လွှတ်တော်တွင် ဖြစ်ပွားခဲ့သော ဆွေးနွေး ငြင်းခုံမှုများသည် ဒီမိုကရေစီအင်္ဂါရပ် ဖြစ်သော Agree to Disagree ကို မြင်တွေ့ရခြင်းဟု မှတ်ယူနိုင်သော်လည်း Conflict of Interest အသွင် မဆောင်စေရန်လည်း နိုင်ငံပြုခေါင်းဆောင်များ၏ အမြော်အမြင်နှင့် သန်း (၆၀)ကို မျက်နှာမူမှု တို့က အဓိကကျနေမည် ဖြစ်သည်။
နိုင်ငံရေးသမားတို့ သမိုင်းအဆက်ဆက် ထားရှိအပ်သော နိုင်ငံရေး ပဋိညာဉ်မှာ သန်း ၆၀ သာ ဖြစ်သလို မဏ္ဍိုင်ကြီးများ မျက်နှာမူရာအရပ် သည်လည်း သန်း ၆၀ သာ ဖြစ်ရပါမည်။
နိုင်ငံသားတို့သည် နိုင်ငံတော်၏ ထိန်းကျောင်းတွန်းအားပေးမှုဖြင့် ပန်းတိုင်သို့ ချီတက်ရသည်ဖြစ်ရာ နိုင်ငံတော် နှင့်နိုင်ငံသားတို့သည် တူညီသော ပန်းတိုင်သို့ လျှောက်လှမ်းနေကြခြင်းသာ ဖြစ်သည်။
မဏ္ဍိုင်ကြီးများလည်း ပန်းတိုင်ရောက်စေ၊ နိုင်ငံသားများလည်း ပန်းတိုင်ရောက်စေသော နိုင်ငံရေးသည် နိုင်ငံ့အရေးပင် ဖြစ်သလို နိုင်ငံရေးသမားများရော နိုင်ငံပြုခေါင်းဆောင်များပါ ကျင့်သုံးသင့်သော နိုင်ငံရေးသည်လည်း နိုင်ငံ့အရေးပင် ဖြစ်ရပေမည်။ ပုဂ္ဂိုလ်အရင်းပြု နိုင်ငံရေးနှင့် မဏ္ဍိုင် အခြေပြုနိုင်ငံရေး တို့ကို ကွဲကွဲပြားပြား သိမြင်မှသာ ရေရှည်တည်တံ့သော မဏ္ဍိုင်အခြေပြုနိုင်ငံရေး ခိုင်မာစေမည် ဖြစ်သည်။ ဆိုရလျှင် ယနေ့ မြန်မာ့နွေဦး ၂ နှစ်ခွဲတွင် ထွက်ပေါ်လာခဲ့သော ရလဒ်များသည် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၏ ပုဂ္ဂိုလ်တစ်ဦးချင်း စိတ်ရင်း စေတနာတို့ကြောင့် ထွက်ပေါ်ခဲ့ခြင်းသာဖြစ်ပြီး အင်စတီကျူးရှင်းဟု ခေါ်ဆိုအပ်သော မဏ္ဍိုင်များ၏ ခိုင်မာအားကောင်းမှုကြောင့် ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မလွဲမသွေ တွေ့ကြုံရလေ့ရှိသော နိုင်ငံရေး အီနားရှားများ၏ အရှိန်အဟုန်သည် သန်း ၆၀ ၏ မျက်မှောက်ဘဝကို ပြဋ္ဌာန်းနေသည် ဖြစ်၍ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို မိုးလား တိမ်လား ဒွိဟ ပွားနေစရာ မလိုဟု ယူဆမိသည်။

မြန်မာ့နွေဦး ၂ နှစ် ခွဲသော် -

သက်တမ်းအားဖြင့် ၂ နှစ်ခွဲပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ့နွေဦး သည် သန်း ၆၀ အတွက် မည်မျှ မြင့်မြင့်မားမား ပေဆပ်ခဲ့ပါသနည်း။ ပထမဦးဆုံး ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့သည့် အောင်မြင်မှုမှာ မြန်မာ့ ဂုဏ်သိက္ခာ ဖြစ်ပေလိမ့်မည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များအကြား အထင်သေး အမြင်သေး မျက်ဝန်းများ၏ အရောင်များ ပြောင်းလဲခဲ့ပြီ ဖြစ်သလို အထီးကျန်၊ လူဆိုး စာရင်းဝင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတကာအလယ်တွင် သတိပြုစောင့်ကြည့်အပ်သော ဒီမိုကရေစီ ပုံရိပ်တစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ပါပြီ။ အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုများ၏ အမှောင်တိုက်မှ ရုန်းထွက်ကာ မှိန်ပျပျအလင်းရောင် တို့ကိုလည်း မြင်တွေ့နိုင်ခဲ့ပါပြီ။
“ငါက အခြေခံဥပဒေကိုင်ပြီး ကျမ်းကျိန်ထားရတာ။ နိုင်ငံသားတွေရဲ့ သစ္စာကို ခံထားရတာ။ အခုလို အခြေအနေကောင်းတွေ ဖြစ်နေတာတွေကို အလဟဿ မဖြစ်စေရဘူး…”
တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်း များစွာကို ပြန်လည်တမ်းတခဲ့ကြသော မြန်မာပြည်သူတို့၏ ဇာတိပုည ဂုဏ်မာနများသည်လည်း အသစ်တစ်ဖန် နိုးထရှင်သန်လာခဲ့ပြီ ဖြစ်သည်။ အာရပ်နွေဦး၏ အနိဋ္ဌာရုံများအကြားတွင် မြန်မာ့နွေဦးမှာ သိက္ခာရှိရှိ တင့်တင့်တယ်တယ် ထည်ဝါနိုင်ခဲ့သည်။ နောက်ပြန်လှည့်နိုး နောက်ကြောင်း ပြန်နိုးနှင့် ရင်တထိတ်ထိတ် စောင့်ကြည့်ခဲ့ရသော အရှေ့တောင်အာရှ နိုင်ငံကလေးသည် ဒီကနေ့ ဒီအချိန်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ လျှောက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် မိမိတို့၏ မြန်မာ့နွေဦးသည် ပြစ်မျိုးမှဲ့မထင် သဲလဲစင်သည့် အနေအထားတော့ မဟုတ်ခဲ့ပါလေ။ ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းတွင် ကြုံတွေရလေ့ရှိသော အမျိုးသားရေး နိုးကြားမှုသည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ကြွယ်ဝစုံလင်သော မြန်မာ့နွေဦးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့ရသည်။ နွေဦး၏ ပုရစ်ဖူးတို့ သွေးအလူးလူး မီးခိုးတလူလူ ဖြစ်စေခဲ့သော အမျိုးသားရေးနိုးကြားမှုသည် နိုင်ငံပြုခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင် များ၏ ဉာဏ်အမြော် အမြင်ဖြင့် မင်ဒဲလားနေ့ရက်ကို ကျော်ဖြတ်ရတော့မည် ဖြစ်သည်။ မာတင်လူသာကင်း မက်ခဲ့သော အိပ်မက်သည် ယနေ့ သမ္မတအိုဘားမား အိမ်ဖြူတော်စိုးစံခြင်းဖြင့် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်သလို ကေသုံးလုံးမရှိသော မြန်မာ့ယဉ်ကျေးမှု ပဒေသာစုံမှု ကြောင့်လည်း ကိုးကွယ်ယုံကြည်မှုတို့ကို စည်းမှသည် တံတိုင်း များအဖြစ်သို့ ရောက်ရှိနိုင်စေမည် မဟုတ်ပေ။ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံသား ဖြစ်တည်မှုတို့၏ အဆက်အစပ်ကို နိုင်ငံသားများကိုယ်တိုင် သိမြင်နားလည် ယုံကြည်ခံယူမှသာ မြန်မာဟူသော အမှတ် သင်္ကေတကို One Nation, One Myanmar အဖြစ် စုစည်းနိုင်မည် ဖြစ်သည်။

မဏ္ဍိုင်အခြေပြုနိုင်ငံရေး

ယနေ့ ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံရေး ခေါင်းဆောင်များကြောင့် ဖြစ်ပေါ်လာခဲ့သော အရွေ့များ ဖြစ်သလို ယနေ့ကြုံတွေ့နေရသည် တိုးတိုက်မှုများသည်လည်း နိုင်ငံရေးခေါင်းဆောင်များ၏ အဇ္ဈတ္တ၊ ဂုဏ်မာန နှင့် အကျိုးစီးပွားတို့ကို အခြေခံနေကြောင်း တွေ့ရှိရသည်။ အီဂျစ်မှ မော်စီ၊ ဗိုလ်ချုပ်ကြီးစီစီ တို့သည် အာရပ်နွေဦး၏ ဒဏ်ရာဒဏ်ချက်များကို ဖော်ပြနေသည်။ ဂုဏ်ယူဖွယ်ရာ ကောင်းနေဆဲ ဖြစ်သော မြန်မာ့နွေဦးကို မြန်မာ့ဟန်ပန် မြန်မာဆန်ဆန်ဖြင့် ဆက်လက် တောက်ပနေစေလိုသည်။ လူပုဂ္ဂိုလ်များကို ဖယ်ခွာချ၍ အင်စတီကျူးရှင်းကို အခြေခံသော မဏ္ဍိုင်အခြေပြု နိုင်ငံရေးရှု ထောင့်ဖြင့် ခွဲခြားလေ့လာ ကြည့်ပါလျှင် ဖဆပလခေတ်မှသည် မျက်မှောက် ခေတ်အထိ တိုးတိုက်မှုများ၏ ဇာစ်မြစ်များကို တွေ့ မြင်လာပေလိမ့်မည်။ လက်တွေ့ကျ၍ အလုပ်ဖြစ်သော မဟာဗျူဟာသဘော ဟူသည် နိုင်ငံရေးနှင့် တူသောနိုင်ငံရေး၊ တစ်နည်းအားဖြင့် မဏ္ဍိုင်အခြေပြု ပူးပေါင်းဆက်ဆံမှုသာ ဖြစ်သည်။
မဏ္ဍိုင်အခြေပြုနိုင်ငံရေး ဟူသည် လူပုဂ္ဂိုလ်ကို အခြေခံခြင်း မဟုတ်ဘဲ သင်းပင်းစည်းမျဉ်း မူဘောင်ဟူသော အင်စတီကျူးရှင်းများ အားကောင်း ခိုင်မာစေရန် ဆောင်ရွက်ပြီး နိုင်ငံတည်ဆောက်ခြင်းပင် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အခြေခံအုတ်မြစ် မဏ္ဍိုင်ကြီးဖြစ်ပြီး ယင်းမဏ္ဍိုင်တွင် ပြဋ္ဌာန်းထားသော မူဘောင်များနှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူသော မဏ္ဍိုင်ကြီးများကို ဖွဲ့စည်းရခြင်းဖြစ်သည်။ အလားတူ မီဒီယာ၊ ပြည်သူ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ဟူသော မဏ္ဍိုင်ကြီးများကိုလည်း အခြေခံဥပဒေပါ အခွင့်အရေးများနှင့်အညီ သီးခြားထူထောင် ဖွဲ့စည်းရသည်။ ထိုမှထိုမှ ခွဲဖြာလာခဲ့ကြသော အင်စတီကျူးရှင်းများသည် ဒီမိုကရေစီနှင့် အသွင်ကူးပြောင်းရေးကို လက်တွေ့ဖော်ဆောင် ပေးနေကြရသလို ရေရှည် တည်တံ့စေအောင်လည်း တည်ဆောက်ယူကြရသည်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းတို့သည် အင်စတီ ကျူးရှင်းတို့ကို ထိန်းကျောင်းခြင်း ပြုကြရသည်။
မဏ္ဍိုင်ဟု ခေါ်တွင်သော အင်စတီကျူးရှင်းများ အားကောင်းခိုင်မာလာပြီ ဆိုလျှင် ယင်းမဏ္ဍိုင်များက ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်သည်။ နိုင်ငံတော်၊ ပုဂ္ဂလိကကဏ္ဍနှင့် ဈေးကွက်ယန္တရား သူ့သဘောသူဆောင်ပြီး သူ့အလုပ်သူလုပ်နေခြင်း၊ စစ်သား၊ ကျောင်းသား၊ ဘုရားသား(သံဃာများ) သူ့အလုပ်သူလုပ်နေ ခြင်းသည် အင်စတီကျူးရှင်း ခိုင်မာအားကောင်းမှုနှင့် အဓိက ဆက်စပ်နေသလို ဖွံ့ဖြိုးရေး အဆောက်အဦ တို့အပေါ်တွင်လည်း မူတည်နေသည်။ ကိုယ့်အလုပ်ကို မလုပ်ဘဲ ဖြစ်နေခြင်း (ဥပမာ-ကျောင်းသားများ နိုင်ငံရေး လုပ်ကြရသည့် အတိတ်ကာလ အခြေအနေများ) သည် နိုင်ငံတည် ဆောက်ရေးကို အဟန့်အတား ဖြစ်စေသလို လွဲမှားနေသောစနစ်ကို ဖော်ပြနေသည်။ ထိုသို့ မဏ္ဍိုင်အရပ်ရပ် ကိုယ့်အလုပ်ကို လုပ်နိုင်စေရန်အတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေး ခေါင်းဆောင်များအပေါ် အမှီပြုနေသော တစ်ဦးချင်းဝါဒ Individualism များကို လျှော့ချ၍ မဏ္ဍိုင် အခြေပြုဝါဒ Institutuonalism ကို ဖော်ဆောင်နိုင်ရန် လိုအပ်ပြီး မဏ္ဍိုင် အခြေပြုနိုင်ငံရေး ထွန်းကားစေရေးသည် လတ်တလော လိုအပ်နေသော နိုင်ငံတည်ဆောက်ရေးပင် ဖြစ်သည်။
တစ်ဖန် လက်ရှိမဏ္ဍိုင်ကြီးများ ရင့်ကျက်တည်ငြိမ်ပြီး စေ့စပ်ညှိနှိုင်းမှု အတတ်ပညာ The Art of Engagement ကို ရှေးရှုမှသာ ရင့်ကျက် တည်ငြိမ်သော နိုင်ငံရေးရာသီဥတုကို ဖန်တီးနိုင်မည် ဖြစ်သည်။ ယူစရာ ပြည့်နှက်နေသော သင်ခန်းစာများသည် မိမိအရပ်တွင် ရှိနေရုံသာမက နိုင်ငံတကာနယ်ပယ် တွင်လည်း ရှစ်ခွင်တိုင်း မှုန်ရီမှိုင်းပျနေပြီ ဖြစ်သည်။ လူသားတို့ကြောင့် ဖြစ်ရသော ပြဿနာများ၊ စိန်ခေါ်မှုများကို လူသားတို့ကပင် ဖြေရှင်းနိုင်ရမည် ဖြစ်သည်။ ဤသို့ ဖြေရှင်းရာတွင် လူအခြေပြု စဉ်းစားခြင်းထက် အင်စတီကျူးရှင်းအခြေပြု စဉ်းစားခြင်းက သူနိုင်-ကိုယ်နိုင် ချိန်ခွင်လျှာကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ အနိုင်-အရှုံး လောင်းကြေးထပ်ခြင်း မဟုတ်ရသော နိုင်ငံတည်ဆောက်ရေးသည် နိုင်ငံရေးသမား တို့၏ ပေါက်သူ၊ ကွဲသူ ခံစားမှုများကြောင့် စတေးပေးဆပ်ရလျှင် တရားမျှတမည်မဟုတ်ပါ။ သန်း ၆၀ သည် ဆင်းရဲနွမ်းပါးနေဆဲ၊ လယ်သမား များသည် အကြွေးနှင့် ရုန်းကန်နေရဆဲ၊ မြန်မာ့ ကျေးလက်ဒေသများသည် မီးမရှိ၊ ရေမရှိ အတိဒုက္ခ ကြုံတွေ့နေရဆဲ၊ ကလေးငယ်များ ကင်ဆာဖြစ်နှုန်း မြင့်မားလာဆဲ၊ ပြည်သူ့အခွင့်အရေးများ လိုအပ်နေကြဆဲ၊ စားသုံးသူအခွင့် အရေးများ ဆုံးရှုံးနေရဆဲ၊ မြန်မာ့စီးပွားရေး ဦးမော့ရန်ကြိုးစားနေဆဲ၊ မြန်မာ့ နေရာမှန် ပြန်လည်ရယူရန် အလှမ်းကွာနေဆဲ ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်တိုင်း၏ နှုတ်ဖျားတွင် တဖွဖွ ထည့်သွင်း ရွတ်ဆိုခြင်းခံနေရသော သန်း ၆၀ သည် မပြောင်းမလဲ ရုန်းကန်နေရဆဲ ဖြစ်သည်။

သန်း ၆၀ ဘက် လှည့်ကြည့်ကြပါ

မဏ္ဍိုင်ကြီးများက အပြိုင်းအရိုင်း အင်အားကြီးမားအောင် တည်ဆောက်နေကြသည်။ သန်း ၆၀ ကား အနှိမ်ခံ မျက်နှာမွဲများ ဖြစ်နေဆဲ ဖြစ်သည်။ နိုင်ငံရေးအီနားရှားကြောင့် ဖြစ်ပေါ်လာရသော နိုင်ငံရေး တိုးတိုက်မှုများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက ဖြစ်သည်။ ဤသည်ပင် မြန်မာ့နိုင်ငံရေး ဓလေ့ဖြစ်ခဲ့သော်လည်း မတူကွဲပြားမှု များကို ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်သော နိုင်ငံရေး ခန္တီပါရမီတို့နှင့် ပြည့်စုံသော နိုင်ငံရေးယဉ်ကျေးမှုအသစ် တစ်ရပ် အစပြုနိုင်ခဲ့ပြီဟု ဆိုကြပါသော်လည်း သန်း ၆၀ ကား မြေစာပင် ဖြစ်နေဆဲပင်။ နွေဦးကို ခြိမ်းခြောက်နေသော အနောက်တောင်ဘက် အရပ်ဆီမှ ညိုနေသည့်မိုးရိပ်များ ကင်းဝေးစေချင်သလို နွေဦးကို အကျည်းတန်စေမည့် လေပွေလေရိုင်း များနှင့်လည်း ကင်းပြတ်စေလိုသည်။
တစ်ခုသော နိုင်ငံရေးအကျပ်အတည်း အခိုက်အတန့်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရခြင်း အတွက် နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သော စကားတစ်ခွန်း ရှိသည်။ ထိုစကား ဖြစ်ပေါ်ခဲ့ရသော အကြောင်းရင်းနောက်ခံ၊ အကျိုးရလဒ်များကို ကိုယ်တိုင်ကိုယ်ကျ သိမြင်နားလည်ခဲ့ရခြင်းကြောင့် လည်း Moral Authority ဟူသော အနက်အဓိပ္ပာယ်ကို သဘောပေါက်လာ ခဲ့ရခြင်း ဖြစ်သည်။ “တို့နိုင်ငံက အခုမှ နိုင်ငံတကာက လက်ခံလာခါစ၊ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ ဖြစ်ပေါ်လာခါစပဲ ရှိသေးတယ်။ ဒီနိုင်ငံ၊ ဒီပြည်ထောင်စု မပြိုကွဲဖို့၊ တို့ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဒီမိုကရေစီ နောက်ပြန်မလှည့်ဖို့ ငါ့မှာ အဓိကတာဝန် ရှိတယ်။ ငါက အခြေခံဥပဒေကိုင်ပြီး ကျမ်းကျိန်ထားရတာ။ နိုင်ငံသားတွေရဲ့ သစ္စာကို ခံထားရတာ။ အခုလို အခြေအနေကောင်းတွေ ဖြစ်နေတာတွေကို အလဟဿ မဖြစ်စေရဘူး” ဟူသော စကားဖြစ်သည်။ ထိုစကားကို ကြိမ်ဖန်များစွာ ပြန်လည် ကြားယောင်ခဲ့ရပေသည်။ ယခုဆောင်းပါးရေးသား နေချိန်တွင်လည်း ပြန်လည် ကြားယောင်မိပေသည်။ နိုင်ငံတော်သမ္မတကြီး၏ ထိုစကားသည် မြန်မာ့နွေဦးအတွက် နောင်သောအခါ သမိုင်းဝင်စကားတစ်ခွန်း ဖြစ်လာပါလိမ့်မည်။ ထိုအချိန်ရောက်လျှင် မြန်မာ့နွေဦးနှင့် စကားတစ်ခွန်း အကြောင်းကို အသေးစိတ် ရေးသား တင်ပြနိုင်ပါလိမ့်မည်။ ထိုအချိန် ရောက်လျှင် မြန်မာ့နွေဦးသည် ပုရစ်ဖူးတွေ တဝေဝေနှင့် လန်းလန်း ဆန်းဆန်း ပွင့်လန်းနေပါလိမ့်မည်။ ထိုအချိန် ရောက်လျှင် သန်း ၆၀ မှ အောက်ခြေ ဆယ်သန်းတို့၏ ဘဝများ တောက်ပြောင်နေလိမ့်မည် ဟုလည်း အမျှော်လင့်ကြီး မျှော်လင့်မိပေသည်။
မှူးဇော်
Credit The Voice Weekly
Read More »

သမိုင်းတစ်ကျော့ မလည်စေချင် ကျော်ဝင်း



အတိတ်တစ္ဆေ

စာရေးသူ စာမရေးဖြစ်သည်မှာ ကြာတောင့်ကြာရှည်ရှိပါပြီ။ စာရေးစားပွဲတွင် ကြိုးစား ထိုင်လိုက်တိုင်း စကားလုံးတွေက ရောက်မလာ။ စာရွက်ဗလာတွေ သာ ထားခဲ့ရသည်။ စာရေးသည့်အလုပ်က အနာဂတ်အမြင်ကြည်လင်ပါမှ လက်ကသွက် စာကထွက်တတ်ရာ ဝင်စားစိတ်ကို အနာဂတ်သို့ ပို့ကြည့်ပါ သည်။ ဘယ်လိုမှမရ။ အတိတ်တွင်သာ ဝဲလည် လိုက်ရင်း ပစ္စုပ္ပန်ကို ပြန်လန့်နေ သည်။ မခက်ပါလား။

စာရေးသူအမြင်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် အားတက် မျှော်လင့်စရာ “နှင်းခဲပျော်ချိန်” နှစ်ကြိမ်ရှိခဲ့သည်ဟု ထင်သည်။ ၁၉၆၀ ပြည့်နှစ်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ ပထမ နှင်းခဲပျော် ချိန် ကို ၁၉၆၀ ရွေးကောက်ပွဲနှင့် ဖွင့်ခဲ့သည်။ ဤရွေးကောက်ပွဲတွင် သန့်ရှင်း ဖဆပလ (ပထစ)က၊ “ဖက်ဆစ်ဝါဒကို ရွေးမည်လော၊ ဒီမို ကရေစီဝါဒကို ရွေးမည်လော...” ဆိုသော ကြွေးကြော်သံဖြင့် ဝင်သည်။ လူထုက “အသည်း ကြားက မဲပြားများ” ဖြင့် ဒီမိုကရေစီကို ရွေးခဲ့ကြသည်။ သို့တစေ မျှော်လင့် သလို ကား မဖြစ်။ ပထမဇာတ်ကွက်…၊ အာဏာရပါတီ အကွဲအပြဲ၊ ဒုတိယဇာတ်ကွက်…၊ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာကြေညာချက်နှင့် နောက်ဆက်တွဲ ပြဿနာများ၊ တတိယဇာတ်ကွက်…၊ ဖက်ဒရယ် ဆွေးနွေးပွဲများ…။ နောက်ဆုံး “တော်လှန်ရေးကောင်စီ”က ဒီမိုကရေစီ ဇာတ်ကြီး တစ်ခုလုံးကို ပြည်ဖုံးကားချပစ်လိုက်သည်။


၂၀၁၀ ရွေးကောက်ပွဲက နှစ်ပေါင်း ၅၀ နီးပါးမျှ ရပ်နားထားခဲ့ရသော ဒီမိုကရေစီ ဇာတ်ကြီးကို ပြန်စဖို့ ပြည်ဖုံးကားကြီး ပြန်ဖွင့်လိုက်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ဇာတ်ကွက်တွေ ပိုမြိုင်လာသည်။ ဒုတိယ နှင်းခဲပျော်ချိန်…။ အမှန်ပင် အားတက်ဖို့ ကောင်းပါသည်။ တကယ်လည်း အားတက်ရပါသည်။ သို့တစေ အပြည့်အဝတော့လည်း အားမတက်နိုင်။ အတိတ်၏ အရိပ်များကို ပစ္စုပ္ပန်တွင် မြင်နေရသည်။ သမိုင်းသည် တစ်ကျော့ လည်တတ်သလော…။

အကွဲအပြဲဇာတ်လမ်း

“မွေးကတည်းက အကွဲပါ၊ ဗိန္ဓောဆရာ ကုလို့မရ” ဆိုသော စာပြောင်သံချပ်မှာ မြန်မာ့ နိုင်ငံရေးကို ရည်ရွယ်လေသည်လားမသိ။ ကြည့်ပါ။ ဖဆပလ အဖွဲ့ကြီး ကွဲလို့မှ ဒဏ်ရာ မကျက်တတ်သေးမီ သန့်ရှင်း ဖ.ဆ.ပ.လ တစ်ဖြစ်လဲ ပထစ တွင်လည်း “ဦးဗိုလ်-သခင်” ကွဲကြပြန်သည်။ ဤအကွဲက မဲဆန္ဒရှင် လူထု၏ ဒီမိုကရေစီအိပ်မက်ကို စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။

၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်း အစဉ်အလာဆန့်ကျင်ဘက် အင်အားစုများ အကြား ပြေလည်ရေးလမ်းစပေါ်လာရာ မျှော်လင့်လို့မှမဆုံးသေးမှာပင် မထင်မှတ်သောနေရာမှ မထင်မှတ်သော “အက်သံ” အချို့ကို စတင်ကြား လာရသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ဒီမိုကရေစီအတွေ့အကြုံ ရင့်ကျက် လာသည်နှင့်အမျှ အဆိုပါအက်သံများ၊ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မည် မှန်းဆရသော်လည်း လက်တွေ့တွင် ထင်တိုင်းမဖြစ်။ ပိုစိပ်လာသည်။ ထိပ်တိုက်သဘော ပိုဆောင်လာသည်။ အက်သံမက ကွဲသံပါလာသည်။ “ပြုပြင်ပြောင်းလဲရေး ကာလတွင် သဘာဝကျစွာ ကြုံတွေ့ရမည့် နိုင်ငံရေး ပွတ်တိုက်မှုများ” ဟု ဆိုသော်လည်း သဘာဝမကျ တာတွေရှိလာသည်။ ဒီမိုကရေစီတွင် ငြင်းကြ၊ ခုံကြ၊ သဘောကွဲလွဲကြတာတွေ ရှောင်မရသော် လည်း “ဖြုတ်ထုတ်သတ်” အထိ ဘရိတ်မပေါက်ကြဖို့ လိုပါလိမ့်မည်။ (ပဲခူးရိုးမ ဗကပတွေလို “ငဆော်ကြီး”၊ “ငခုတ်ကြီး” တွေနှင့်ချမှ သတ်ရာရောက်သည် မဟုတ်။ နိုင်ငံရေး အရ နာလန်မထူအောင် တွယ်ကြသည်မှာလည်း “သတ်” ခြင်း တစ်မျိုးသာဖြစ်သည်။)

ပထမကွဲစဉ်ကတော့ ဥက္ကဋ္ဌကြီးဦးနုက ယခုလို ဝင်ထိန်းဖူးသည်။ “ဘယ့်နှယ်လဲ၊ ကိုရွှေ ဦးဗိုလ်နဲ့ ကိုရွှေသခင်တို့၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အုပ်နေကြတာ၊ မမောကြသေးဘူးလား…” စသည်ဖြင့်။ ယခုဥက္ကဋ္ဌကြီးများကိုယ်တိုင် အကြိတ်အနယ် ဖြစ်နေ တော့ နာယကကြီး ကိုယ်တိုင် ထိန်းမှရတော့မည်လားမသိ။ ပြည်တော်ပြန် ကိုမင်းဇင် (တစ်ခါက တာရာငြိမ်းချမ်း) ပြောသော “နာယကကြီး ကျန်းမာဖို့ အရေးကြီး” ဆိုသည့် စကားမှာ လူကြိုက်မများသည့်တိုင် “ခါးသီးသောအမှန်” ဖြစ်နေမလား မဆိုနိုင်။

ဘာသာရေးနှင့် နိုင်ငံရေး

ပထမနှင်းခဲပျော်ချိန်၏ ဒုတိယဇာတ်ကွက်ကို ဆက်ပါမည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ ၂၆ ရက်တွင် ပထစအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ပြဋ္ဌာန်းလိုက်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဦးနုကိုလေးစား ရမည်ဖြစ်သော်လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနှင့်မူ ထိုစဉ်က အခြေခံဥပဒေ (၁၉၄၇ ဥပဒေ) ပါ ဘာသာရေးနှင့် နိုင်ငံရေး စည်းခြားထားမှု အနှစ်သာရကို ဖျက်သိမ်းရာရောက်သွားသည်။ နိုင်ငံတကာ ဒီမိုကရေစီ အစဉ်အလာနှင့်လည်း ဆန့်ကျင်ရာရောက်သည်ဟု ထင်သည်။ ပြည်တွင်းတွင် ဘာသာရေး၊ လူမှုရေး မငြိမ်မသက်မှုများသာမက ပြည်တွင်းစစ်ကိုပင် အပြန့်ကျယ်သွား စေခဲ့သည်။

ယခုအခါတွင်လည်း ရခိုင်ပြည်နယ်မှအရေးကို ဒေသတွင်း ကန့်သတ်မဖြေရှင်း နိုင်ရာမှ တစ်ပြည်လုံးလောက် ပျံ့နှံ့သွားခဲ့ကာ ဘာသာရေး လူမျိုးရေးအသွင် ဆောင်လာသည်။ အမှန်စင်စစ် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆက်စပ်နေသော ပထဝီနိုင်ငံရေး ပြဿနာဖြစ်သည်။ နို်င်ငံရေးနည်းဖြင့်သာ ဖြေရှင်းကြရပါလိမ့်မည်။ ဘာသာရေး လူမျိုးရေး သဘောမဖြစ်/ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ဆင် လုပ်ကြံဖန်တီးမှုများ ရှိနိုင်သည် ကိုလည်း သတိချပ်ဖို့ လိုပါသည်။

ပထမခေတ် နိုင်ငံတော်ဘာသာပြဋ္ဌာန်းချက်နှင့် နောက်ဆက်တွဲ ပြဿနာ များနှင့် ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဝိဓူရ သခင် ချစ်မောင်၏ မှတ်ချက်စကားကို လက်ရှိ အခြေအနေနှင့် ဆက်စပ်စဉ်းစား နိုင်စေရန် ပြန်လည်ဖော်ပြလိုသည်။ ယခုလို … “၁၉၅၈-၅၉ မှစ၍သယ်လာ ခဲ့သော ပြည်သူတို့၏နိုင်ငံရေး ဒီမိုကရေစီရေးအုံကြွမှုကြီးသည် အလွန်နှမြော စရာ ကောင်းလောက်အောင် ဘာသာရေးတိုက်ပွဲဖြင့် လမ်းလွဲခံရကာ ဇာတ်မျော ကွယ်ပျောက် သွားခဲ့ရတော့သည်…” ဟူ၏။ ယခုလည်း ၁၉၈၈ ခုနှစ် ကတည်းက သယ်ဆောင်လာသော ဒီမိုကရေစီ အရေးတော်ကြီးကို မျက်ခြည်မပြတ်စောင့်ရှောက် ရှေ့ဆက်နိုင်ရန် အထူး အရေးကြီး လိမ့်မည်ဟု သဘောရပါသည်။

သိမ်မွေ့သည်လည်းရှိသော အကဲဆတ်သည်လည်းဖြစ်သော

ပထမနှင်းခဲပျော်ချိန်၏ တတိယဇာတ်ကွက်မှာ မြန်မာ့နိုင်ငံရေး၏ အသိမ်မွေ့ ဆုံးလည်းဖြစ် အကဲဆတ်ဆုံးလည်းဖြစ်သော လူမျိုးစုပြဿနာနှင့် ဆက်စပ်နေသည်။ သမိုင်းကို ပြန်လှန် ရလျှင် တောင်တန်းမြေပြန့်မခွဲ လွတ်လပ်ရေး အတူယူကြမည် ဆိုသော ပင်လုံစိတ်ဓာတ်ဖြင့် ဇာတ်ပန္နက် တည်ခဲ့ကြရာမှ မပြီးပြတ်သေးသော လူမျိုးစုပြဿနာ အဖြေရှာရေးမှာ ၁၉၆၀ ရွေးကောက်ပွဲအပြီးမှ အခွင့်သာလာခဲ့သည်။ ယနေ့ထက်တိုင် မြန်မာ့နိုင်ငံရေး အပေါ် အရှိန် ပြင်းပြင်း လှုပ်ခတ်နေဆဲ “ရှမ်းမူ” ခေါ် “ဖက်ဒရယ်မူ” မှာ ဤနောက်ခံအခင်းအကျင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤနေရာတွင် ဖက်ဒရယ်မူနှင့် ပတ်သက်ပြီး အဆိုးအကောင်းကို မဝေဖန်လိုသည်တိုင် လက်တွေ့အကောင်အထည်ဖော်ရာတွင်မူ ထိုစဉ်က ရှိနေခဲ့သော ဖြစ်တန်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် တွက်ဆမှုအားနည်းသည်များ ရှိခဲ့လေသလား စဉ်းစားမိသည်။ ဥပမာ- တောင်ကြီးစားမြိန်ရိပ်သာ ညီလာခံတွင် “ဗမာ” ကို မဖိတ်ကြားခဲ့ခြင်း၊ ရန်ကုန်အသံလွှင့်ရုံ ဆွေးနွေးပွဲများတွင် တပ်မတော် မပါဝင်ခဲ့ခြင်း စသည်တို့ဖြစ်သည်။

ယခု ဒုတိယနှင်းခဲပျော်ချိန်တွင် ဆိုခဲ့ပါ လူမျိုးစုပြဿနာ အဖြေရှာရေးအတွက် လမ်းစ ပြန်ပေါ် လာသည်။ ဤတွင် လမ်းကြောင်းနှစ်ရပ် သိသိသာသာ ပေါ်လာသည်။ ပထမ လမ်းကြောင်းမှာ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော ချင်းမိုင်ဆွေးနွေးပွဲမှလာသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပေဒကို လက်မခံ၊ ဖက်ဒရယ် စင်စစ်အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု ဆိုသည်။ ဤအဆိုကို ပြည်တွင်းပြည်ပမီဒီယာအချို့က ပဲ့တင်ထပ်ကြသည်။ Opinion Leader ဆိုသူများ ကလည်း ဝိုင်းဝန်းချီးပကြသည်။ ရယ်ဒီကယ်အကျဆုံး အစွန်းရောက်အုပ်စုများကဆိုလျှင် “ဖျက်သုံးဖျက် ကြွေးကြော်သံ” ပင် တင်လာကြသည်များ ရှိသည်။ (အခြေခံဥပဒေဖျက်၊ ဦးပိုင်ဖျက်၊ ကာလုံဖျက် စသဖြင့်) လက်ခုပ်သံ တဖြောင်းဖြောင်းရနိုင်သည့်တိုင် အဖြေရဖို့ မလွယ်။ ဆန့်ကျင်ဘက် အကျိုးဆက်နှင့်ပင် တိုးနိုင်သည်ဟု ဆင်ခြင်ရပါသည်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ်စစ်မစစ် ခြေကန်ငြင်းနေကြမည့် အစား ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို “ပေးထားချက်” အဖြစ်ယူကာ မိမိတို့ လိုလားသော ဖက်ဒရယ် အနှစ် သာရများကို ညှိနှိုင်းဆွေးနွေးကြလျှင်ကော… မဖြစ်နိုင်ပေဘူးလား… စဉ်းစားကြစေချင်သည်။ အပြည့်အဝမဟုတ်လျှင် သော်မှ အဖြေအချို့ ရနိုင်စရာရှိသည်ဟု မြင်သည်။ ပေးထားချက်တွင် မပါသော “သယံဇာတခွဲဝေရေး” အတွက်ပင် အဆင်ပြေကောင်း ပြေနိုင်စရာ ရှိမည်ထင်သည်။ ဤနေရာတွင် “မယိမ်းမယိုင် ကျောက်စာတိုင်” ဆိုသော သမားရိုးကျခံယူချက်ဆိုသည်ထက် လိမ္မာပါးနပ်သော နိုင်ငံရေး အမြော် အမြင်က အဓိက ကျပါလိမ့်မည်။ ဒုတိယနှင်းခဲပျော်ချိန်ကို ပထမ နှင်းခဲ ပျော်ချိန်လို ကံကြမ္မာမျိုး မတိုးစေဖို့ သတိကြီးကြီး ထားကြစေချင်သည်။

တွိုင်ဘီစကား

ထပ်ပြောပါဦးမည်။ “သမိုင်းသည် တစ်ကျော့လည်တတ်ပါသလော”…။

မာ့စ်ဝါဒီသမိုင်းဆရာများကမူ “သမိုင်းဘီးကြီးမှာ ဘယ်တော့မှ နောက်ပြန် မလည်၊ ရှေ့သို့သာ ချီမြဲ” ဟု ယတိပြတ်ဆိုသည်။ အကျော်ဇေယျ သမိုင်း ဆရာကြီး ပါမောက္ခ တွိုင်ဘီ ကမူ “သမိုင်းတစ်ကျော့လည်တတ်သည်” ဟု အခိုင်အမာဆိုပါသည်။ အထူးသဖြင့် သမိုင်း ဇာတ်ကောင်များ၏ အသိပညာရေချိန် တန့်ခံနေလျှင် သမိုင်းတစ်ကျော့ လည်တတ်သည်ဟု သတိပေးသည်။

၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ…။ တစ်နည်း ၂၀ ရာစုနှင့် ၂၁ ရာစု…။ ကမ္ဘာကြီးမှာ အကြီးအကျယ်ပြောင်းသွားခဲ့ပါပြီ။

ကျွန်တော်တို့သည်ကား...........…။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၄ ရက်ထုတ် The Voice Daily သတင်းစာမှ ကူးယူဖော်ပြသည်

Read More »