Saturday, August 3, 2013

ဗဟိုဘဏ် လက်သစ်



(ေဇယ်သူ)

ဗဟိုဘဏ် ဥပဒေ ပေါ်ထွက်လာသလို ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ စာရင်းကိုလည်း လွှတ်တော်သို့ တင်သွင်းလိုက်သည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေး နောက်တစ်ဆင့်တက်ခြင်း ဖြစ်သည်။

“ဗဟိုဘဏ်၏ အဓိက ရည်မှန်းချက်သည် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်းရန်” (Price Stability) ဟု ဗဟိုဘဏ်ဥပဒေတွင် ထည့်သွင်း ရေးသားထားသဖြင့် ရှိသင့်ရှိထိုက်သော ဈေးနှုန်းများ (ကုန်ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း စသည့်) မဖြစ်ထွန်းသေးသည့်၊ ဈေးနှုန်းများ အတက်အကျကြမ်းသည့် ရာဇဝင်ရှိသော မြန်မာနိုင်ငံတွင် ကြီးလေးလှသော တာဝန်ကို ဗဟိုဘဏ်အား ပေးအပ်လိုက်ခြင်း ဖြစ်သည်။ ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊ ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးမှုများ ရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေး မူဝါဒများကို အထောက်အကူပြုရေးသည် အဓိက ရည်မှန်းချက်ဖြစ်သည့် Price Stability ကို အထောက်အကူပြုမည့် ဗဟိုဘဏ်လက်သစ်၏ ရည်ရွယ်ချက်များ ဖြစ်သည်။

“ဗဟိုဘဏ်သည် လွတ်လပ်ရမည်” (Independent Central Bank) ဟူသော အယူအဆသည် ယခုနောက်ပိုင်းတွင် ခေတ်စားလာသော စီးပွားရေးမူဝါဒဆိုင်ရာ အယူအဆ ဖြစ်သည်။ ငွေကြေးမူဝါဒ Monetary Policy နှင့် ဘဏ္ဍာရေးမူဝါဒ Fiscal Policy တို့သည် နိုင်ငံ့စီးပွားရေးကို ကြိုးကိုင်နေသော မူဝါဒများ ဖြစ်သည်။ ငွေကြေးမူဝါဒသည် ဗဟိုဘဏ်နှင့်ဆိုင်ပြီး ဘဏ္ဍာရေးမူဝါဒကို ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူသည်။ ထို့ကြောင့် ငွေကြေးမူဝါဒကို ဗဟိုဘဏ်ကိုသာ တာဝန်ယူစေခြင်းသည် လွတ်လပ်သော ဗဟိုဘဏ် အယူအဆဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားတွင် သုံးစွဲကြသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးမူဝါဒ၏ ပိုင်ရှင် ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လက်အောက်တွင် ဗဟိုဘဏ်ရှိခဲ့သဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဘဏ္ဍာရေးမူဝါဒရော ငွေကြေးမူဝါဒပါ ပူးတွဲကျင့်သုံးခြင်း ဖြစ်ခဲ့သည်။ ယခုဗဟိုဘဏ်သည် ဗဟိုဘဏ်ဥပဒေအရ လုပ်ငန်းတာဝန်အားဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်လာသဖြင့် ငွေကြေးမူဝါဒကို ဘဏ္ဍာရေးမူဝါဒနှင့် သီးခြားခွဲထုတ်လိုက်ခြင်း ဖြစ်သည်။

ဗဟိုဘဏ်သည် တိုင်းပြည် ငွေရေးကြေးရေးအတွက် အရေးကြီးလှသောကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တကွ အဖွဲ့ဝင်များသည် နိုင်ငံရေးသမား မဟုတ်ဘဲ ပညာသည် (Professional) ဖြစ်ရန်လိုသည်။ တိုင်းပြည်တွင်း ထင်ရှားကျော်ကြားသည့်၊ သိက္ခာရှိသည့်၊ ထက်မြက်သည့် စီးပွားရေး ပညာရှင်များအား ထိုရာထူးကို ပေးအပ်လေ့ ရှိသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဈေးကွက်သဘော၊ လူ့အကျောကို သိသလို နိုင်ငံရေး ဘောဂဗေဒနှင့် နိုင်ငံတကာ အခြေအနေတို့ကို မျက်ခြည်မပြတ်သူ ဖြစ်ရမည်။ သူသည် ရေတိုလူကြိုက်များမှုကို မကြည့်ဘဲ ရေရှည်တိုင်းပြည်နှင့် ပြည်သူ့အကျိုးစီးပွား ကိုသာ ကြည့်ရမည်။ ရွေးကောက်ပွဲနီးလျှင် ပြည်သူ့အကြိုက် ပြဒါးတိုင်ကို ကြည့်ရမြဲ ဖြစ်သည့် နိုင်ငံရေးသမားတို့၏ ဖိအားကိုလည်း ကြံ့ကြံ့ခံနိုင်သည့် အရေထူသူဖြစ်ရန် လိုသည်။ ထိုသို့ ဗဟိုဘဏ်မှ အဓိက တာဝန်ရှိသူများသည် နိုင်ငံရေးမှ လွတ်ကင်းရခြင်း၊ နိုင်ငံရေးသမားများနှင့် ကိုယ်ပေါင်းစိတ်ခွာ နေနိုင်ခြင်းသည်လည်း ‘လွတ်လပ်သောဗဟိုဘဏ်’ ၏သဘောတရားပင် ဖြစ်သည်။

ဗဟိုဘဏ်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်သည်။ လွတ်လပ်သော ဗဟိုဘဏ်များ၏ ဥက္ကဋ္ဌများသည် တန်ခိုးသြဇာကြီးကြပြီး သူတို့၏ နှုတ်ထွက်စကားများသည် တစ်ခွန်းဆိုတစ်ခွန်း နိုင်ငံ့စီးပွားရေးကို ကိုင်လှုပ်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် (Federal Reserve Bank) ကို ၁၉၈၇ မှ ၂၀၀၆ အထိ နှစ်အတော်ကြာ ဦးဆောင်ခဲ့သည့် Alan Greenspan ဆိုလျှင် သူ၏ အရေးအသားတစ်ချက်၊ စကားတစ်ခွန်းသည် ကမ္ဘာ့ဈေးကွက်များကိုပင် ဂယောက်ဂယက် ဖြစ်စေနိုင်သည်။ သူ့ပါးစပ်မှ ထွက်သမျှကို အကျအနကောက်ကာ စီးပွားရေး ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရသည်အထိ Greenspan သည် သြဇာကြီးခဲ့သည်။

ယခင်တပ်မတော် အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ဘဏ်ဥက္ကဋ္ဌဟောင်းကိုပင် ယခုဘဏ် ဥက္ကဋ္ဌ နေရာအတွက် အဆိုပြုထားသည်ကို တွေ့ရသည်။ ဒုဥက္ကဋ္ဌများ နာမည်ထဲတွင် ယခုလက်ရှိ အမျိုးသားစီမံကိန်း ဒုဝန်ကြီး ဦးဆက်အောင်နှင့် လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ တို့ကို မြင်လိုက်ရသည်။ ထိုသို့သော အဆင့်မြင့် တာဝန်ကြီးကြီး နေရာမျိုးအတွက် မြန်မာနိုင်ငံတွင်းတွင် ကမ္ဘာနှင့် ယှဉ်စဉ်းစားနိုင်သူ များများစားစား မရှိလှသည့်အတွက် အတွေ့အကြုံရှိပြီး ဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌ၊ ဒုဝန်ကြီး၊ မူဝါဒဆိုင်ရာ ထိပ်သီးစီးပွားရေး ပညာရှင်တို့ ပါဝင်သည့် ယခုဗဟိုဘဏ် ဒါရိုက်တာအဖွဲ့သည် မြန်မာ့အထွာဖြင့် တောင့်တင်းပါသည်။

ယခု တာဝန်ယူရမည့် ဗဟိုဘဏ် ဥက္ကဋ္ဌသည် စပ်ကူးမပ်ကူးကာလကို ဦးဆောင်ရမည့် ဥက္ကဋ္ဌ ဖြစ်သည်။ အားယူစ စီးပွားရေးကို ပဲ့ပြင်မည့် ဗဟိုဘဏ်၏ အခန်းကဏ္ဍသစ်ကို ဖော်ဆောင်ရန် ဥက္ကဋ္ဌသည် အခက်အခဲများစွာကို ကျော်ဖြတ်ရပေလိမ့်မည်။ နိုင်ငံရေး စီးပွားရေးတည်ငြိမ်၊ အသားကျပြီး ငွေကြေးစနစ်ရှိပြီး နိုင်ငံများရှိ လူအင်အား တောင့်တောင့်တင်းတင်း ဗဟိုဘဏ်များသည်ပင် သတိကြီးကြီး ထားနိုင်ကာမှ တန်ကာကျသည်ဆိုလျှင် ထိုအခြေအနေမျိုးများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဖွားမြင်စ ဗဟိုဘဏ်သစ်နှင့် အဖွဲ့ဝင်များ၏ ကြီးမားသည့် တာဝန်ကို မြင်နိုင်သည်။ ဆုံးဖြတ်ချက်များကို ဥက္ကဋ္ဌက အပြီးသတ်ချမှတ်ကာ အကောင်းအဆိုးကို တာဝန်ယူရသော်လည်း အဖွဲ့ဝင်များ၏ အကြဉာဏ်ဖြင့် စုပေါင်းစဉ်းစား၊ စုပေါင်းဆုံးဖြတ် (Collective Leadership) သဘောမျိုး သွားလိမ့်မည်ဟု ယူဆရသည်။

ဗဟိုဘဏ်လက်သစ်ကို မွေးဖွားလိုက်ခြင်းကြောင့် ဝမ်းသာရသော်လည်း လူလားမြောက်ရန် အချိန်ယူရဦးမည် ဖြစ်သည့်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မထားသေးရန် လိုသည်။ ဥပမာလွယ်လွယ်တစ်ရပ် ပြရလျှင် မြန်မာနိုင်ငံတွင်းတွင် လူဘယ်နှသန်း နေထိုင်သည်ကိုပင် မသိနိုင်သေးလောက်အောင် အချက်အလက်၊ စာရင်းဇယား၊ အထောက်အထား ချို့ငဲ့ချိန်တွင် ဗဟိုဘဏ်သည်လည်း ငွေရေးကြေးရေး ဆိုင်ရာတွင် အလားတူ အခက်အခဲများကို အများနည်းတူ ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာ ဆက်စပ်မှုသည် ယခင်ကထက်များစွာ တိုးတက်လာခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေး စီးဆင်းဝင်ထွက်မှု မြင့်လာခြင်း၊ နိုင်ငံတကာ အခြေအနေ အိမ်နီးချင်းနိုင်ငံတို့၏ အခြေအနေများ ပြောင်းလဲသွားခြင်း၊ ဗဟိုဘဏ်ကိုယ်တိုင်၏ အခန်းကဏ္ဍ ကိုယ်တိုင်ပင် ကြီးမားကျယ်ပြန့် လွတ်လပ်သွားခြင်းစသော ပြောင်းလဲမှုများ စွာရှိနေသောကြောင့် ယခင်ဗဟိုဘဏ် အတွေ့အကြုံများခဲ့သူများပင် ယခုဗဟိုဘဏ် လက်သစ်ကို ကိုင်တွယ်ရာတွင် ‘အလုပ်ခွင်တွင်း လုပ်ရင်းကိုင်ရင်း သင်ယူ’ (on-the-job training) ဖြစ်နေနိုင်သည်။

တိုင်းပြည်တစ်ပြည်လုံး၏ ငွေရေးကြေးရေးကို တာဝန်ယူရသူများ ဖြစ်သည့်အတိုင်း အကျိုးစီးပွားခြင်း ပဋိပက္ခဖြစ်ခြင်း Conflict of Interests (စည်းကြပ်ခံရသူနှင့် စည်းကြပ်သူ အကျိုးစီးပွားတူ ဖြစ်မနေစေရန်) မရှိစေရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ထားသည်။

“ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများသည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို အချိန်ပြည့် ထမ်းဆောင်ရမည် ဖြစ်သည့်အပြင် အခကြေးငွေ ရရှိသော အခြားမည်သည့် လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်း မရှိစေရ” ဟု ဗဟိုဘဏ်ဥပဒေတွင် ပြဋ္ဌာန်းထားသဖြင့် အခြားအလုပ်များကို ပစ်ထားပြီး တာဝန်ထမ်း သူတို့အတွက် ပြင်ပငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အနည်းဆုံးတန်းတူ ထိုက်ထိုက်တန်တန် လစာရိက္ခာ ချီးမြှင့်ရန် လိုသည်။ ‘အူမတောင့်မှ သီလစောင့်နိုင်သည်’ ဟူသော စကားမှာ လူတိုင်းအတွက် မမှန်သော်လည်း အူမတောင့်လျှင် သီလစောင့်ရန် ပိုလွယ်သည်မှာ အမှန်ပင် ဖြစ်သည်။

ဗဟိုဘဏ်ကို ပြုပြင်ပြောင်းလဲလိုက်ခြင်းသည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု အပိုင်းတွင် ချိန်ကိုက် လှမ်းလိုက်သော ခြေလှမ်းကြီးတစ်ရပ် ဖြစ်သည်။ သူတို့အောင်မြင်ခြင်း မအောင်မြင်ခြင်း အပေါ်တွင် ကျွန်တော်တို့ ပြည်သူများ၏ဘဝများ တည်မှီနေသည့်အတွက် ဗဟိုဘဏ်လက်သစ်ကို အခက်အခဲကြီးများ ကြားထဲမှ ထူထောင်မည့် ပုဂ္ဂိုလ်များ အောင်မြင်စေကြောင်း ဆုတောင်းလိုက်ပါသည်။

Credit To The Voice Weekly

Related Articles:

Post a Comment