၂၀၁၅ ရွေးကောက်ပွဲနှင့်အတူ ပအိုဝ်းဒေသနှင့် ပအိုဝ်းအမျိုသားအဖွဲ့ချုပ်ပါတီ (PNO) တို့ ဘယ်လိုရှေု့ဆက်ကြမလဲ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကာ တဖြည်းဖြည်းနီးကပ်လာလေပြီး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ မြန်မာပြည်တခွင် ကိုယ်စီကိုယ်စီ အနိုင်ရရှိဖို့ စတင်လှုပ်ရှားနေကြပြီး။ ရွေးကောက်ပွဲမှာ သမ္မတဖြစ်ရေ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ အခြားတဘက်တွင်လည်း ဦးရွှေမန်းမှ သမ္မတအဖြစ် NLD ပါတီနှင့် အပြိုင် အရွေးခံရေး စကားသံထွက်လာလေပြီး။ ၄င်းပါတီကြီးနှစ်ခုမှာ ပြည်မ နှင့် တိုင်းရင်းသားဒေသ များမကျန် အနိုင်ရရှိရေးအတွက် များမကြာမှီကာလအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်သွားကြတော့မှာ ဖြစ်ပါသည်။

ထို့အတူ သက်ဆိုင်ရာ တိုင်းရင်းသားဒေသရှိ မွန်၊ ရခိုင်၊ ရှမ်း နှင့် ချင်း အစရှိသည့် တိုင်းရင်းသားပါတီများလည်း ပါတီအောင်နိုင်ရေးနှင့် ပြည်သူလူထုထောက်ခံရရှိရေးအတွက် လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နေကြပြီး ဖြစ်သည်။ ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ရှိခြင်းသည် ပါတီတိုင်း၏ အခြေခံအကျဆုံး နညှ်းဗျူဟာ ဖြစ်သလို ပါတီအောင်နိုင်ရေးအတွက်လည်း တိုင်းရင်းသားပါတီတို့ ကနဦးခြေလှမ်းများ အစပြုလာပါပြီး။ မကြာသေးမှီကလည်း တိုင်းဒေသများကိုသာ ကိုယ်စားပြု ရွေးကောက်ဝင်ရောက်မည့် တိုင်းရင်းသားများပါဝင်သည့် ပါတီကြီးတခု ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ ပြည်သူလူထု၏ အသံ၊ လိုအပ်ချက်၊ အခြေအနေ နှင့် အကြံပြုချက်များကို လေ့လာနားထောင်ခြင်းသည် ပါတီတခုအတွက် ယနေ့အချိန်မှာ မရှိမဖြစ် လိုအပ်လှပေပြီး။

ဒါကြောင့် ၂၀၁၅ အတွက် ပြည်မပါတီများအပြင် တိုင်းရင်းသားပါတီများလည်း ဖွဲ့၊ ပြင်၊ ပူးပေါင်း လုပ်ဆောင်ချက် အမျိုးမျိုးကို အားယူ လုပ်ဆောင်နေပြီး ဖြစ်သည်။ တချို့တိုင်းရင်းသားပါတီများက ဒေသတွင်းလုံခြုံရေးနှင့် တရားမ၀င်နိုင်ငံခြားသားအရေး၊ အမျိုးသားရေးကို အခြေပြုပြီး အမျိုးသားအချင်းချင်း စည်းလုံးညီညွှတ်မှု ရယူခြင်းဖြင့် ရွေးကောက်ပွဲဝင်ရောက်ရေးကို ပြင်ဆင်နေကြသည်။ အချို့တိုင်းရင်းသားပါတီများမှာ အမျိုးသားစာပေ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့် လူဦးရေ မှတ်ပုံတင် အစစ်အမှန်ရရှိရေးကို ရှေ့တန်းတင်ပြီး ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲကြမည်။ တချို့ပါတီမှာမှု ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေးနှင့် ဒုက္ခုသည်များအား ပြည်လည် နေရာချထားရေးကို အဓိကအားဖြင့် ရည်သန်းပြီး ၂၀၁၅ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင် သွားကြမည်။ တိုင်းရင်းသားပါတီများမှာ ကိုယ်ဒေသ ကိုယ်ပြသာနာကိုယ်စီကိုယ်စီနှင့် ၊ အမျိုးသားရည်မှန်းချက် အမျိုးမျိုးကို ပုံဖော်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလတိုတခုကို ကျော်ဖြတ်သွားကြမည်။ ထို့အတူ အနာဂတ် ဖယ်ဒရယ်တည်ဆောက်ရေးနှင့် တန်းတူရေး မှုဝါဒကို တိုင်းရင်းသားပါတီတိုင်းက ဘုံရပ်တည်ချက်အဖြင့် အဓိက ဆွဲကိုင်ထားကြပါသည်။

မိမိဒေသ မိမိအောင်နိုင်ရမည် ဆိုသည့်အတိုင်း အမျိုးသားရေး နှင့် ရေရှည်ဒေသအကျိုးစီးပွားကို ဗဟိုပြုပြီး သွေးကွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲရှိ မညီညွှတ်ခဲ့သည့် တိုင်းရင်းသားပါတီများလည်း ယနေ့အချိန်မှာ တပါတီတည်း၊ တစ်မှုတည်း၊ တစ်သံတည်း ဖြစ်လာစေရေးအတွက် အချင်းချင်စုစည်းနေကြပြီး။ တိုင်းပင်ညှိနှိုင်းနေကြသည်ကို တွေ့မြင်ရပြီး။ ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီအနိုင်ရရှိရေးထက် အမျိုးသားထုကို ကိုယ်စားပြုမည့် အောင်နိုင်ရေးကို လိုလားခြင်းပင် ဖြစ်ပေသည်။ အကြောင်းမှာ မိမိတို့အမျိုးသားပါတီအနိုင်ရမှ မိမိဒေသအကျိုးစီးပွားနှင့် အမျိုးသားဘုံ ရပ်မှန်းချက် ကို အမျိုးသားထုတရပ်အနေဖြင့် အတူတကွ လုပ်ဆောင်နိုင်မည် ဖြစ်သောကြောင့် အချို့သော တိုင်းရင်းသားပါတီများမှာ မိမိပြည်သူလူထုနှင့် ၂၀၁၅ ကို ကြိုတင်ပြင်ဆင်မှုများနှင့် ချီတက်လျှောက်လှမ်းသွားမည် ဖြစ် သည်။

၂၀၁၅ ရွေးကောက်ပွဲသည် တိုင်းရင်းသားဒေသများကို များစွာရိုက်ခတ်သွားမည် ဖြစ်သလို မြန်မာပြည်ရှိ ပအိုဝ်းဒေသကိုလည်း ထူးထူးခြားခြားရိုက်ခတ်မည်မှာ မုချဖြစ်ပေမည်။ အကြောင်းမှာ၂၀၁၅ နိုင်ငံရေးအခင်းအကျဉ်းသည် ယခင် ၂၀၁၀ ရွေးကောက်ပွဲနှင့် များစွာ ခြားနာသည့် အခြေအနေဖြစ်သည့်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (သို့) ပါတီသည် အင်အားကြီးမားသည့် NLD ပါတီ နှင့် ကြံခိုင်ရေး နိုင်ငံရေးပါတီကဲ့သို့ ပွင်းလင်းလွတ်လပ်မည့် အခြေအနေအောက်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယခုအခြေအနေမှာ ယခင် ၂၀၁၀ ကဲ့သို့ ကြံခိုင်ဖွံဖြိုးရေးပါတီ နှင့် လက်ဝါးချင်းရိုက်သလို မဟုတ်သည်မှာ အမှန်ပင်တည်။ သည့်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ယနေ့အချိန်မှာ ဘာလုပ်မည်နည်း။ ဘာတွေပြင်ဆင်သင့်သနည်း။ ပြည်သူလူထုကို ဘယ်လိုစည်းရုံးသင့်သနည်း။ ယနေ့အချိန်မှာ ပအိုဝ်းပြည်သူများ၏ ဆန္ဒ၊ ထောက်ခံမဲပေးရေးမှာ PNO ပါတီထက် အခြားပါတီများသို့ ရောက်ရှိရန်မှာ လွယ်ကူလှသည့် အခြေအနေတွင် ရှိနေပေသည်။

အကြောင်းမှာ ပအိုဝ်းအမျိုးသားပါတီ၏ ဒေသပြင်ပ နှင့် ပအိုဝ်းဒေသတွင်း လုပ်ဆောင်ချက်များသည် ပအိုဝ်းပြည်သူများအတွက် မေးခွန်းထုတ်ဖွယ်ရာများ ရှိနေပါသည်။ ပါတီဝင်များနှင့် အာဏာရှိ ပုဂ္ဂိုလ်တစု၏ လုပ်ဆောင်ချက်များကြောင့် ပါတီမကောင်းသတင်းများ ပြည်သူအကြား ပျံ့နှံစေခဲ့သည်။ ပြည်သူလူထုလည်း ပါတီအပေါ် ယုံကြည်ကိုးစားမှု ဆုတ်ယုတ်နေခဲ့သည်။ အမျိုးသားအရေး၊ အမျိုးသားပါတီမို့ ပြည်သူလူထုထောက်ခံ ရပ်တည်ခဲ့သော်ဌား ပါတီဝင် အချို့ကြောင့် ပြည်သူလူထု၏ အကျိုးစီးပွားကို နေ့ဓဒူဝ ခြိမ်းခြောက်စေသည့် လုပ်ရပ်များဖြစ်ပေါ်ခဲ့သည်။ ဥပမာ မြေယာများသိမ်းဆည်ခြင်း။ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ လာဘ်ပေးလက်ယူမှုရှိခြင်း၊ အာဏာအလွဲသုံးစာပြုမှုခြင်း စသည့် ပြသာနာအရပ်ရပ်များသည် ပါတီနှင့် သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဆက်စပ်ပြီး ပအိုဝ်းဒေသမှာ ကြုံတွေ့နေရသည်။ ကြုံတွေ့နေရဆဲပင်။ သို့သော် တာဝန်ရှိထိပ်ပိုင်း ခေါင်းဆောင်းများမှ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း၊ အပြစ်ပေးခြင်း၊ နစ်နာသူများအား အထိုက်အလျောက် တာဝန်အရ လုပ်ဆောင်းပေမှု မရှိသလောက် နည်းပါးပေသည်။ ပြည်သူလူထုများ လက်ခံနိုင်မည့် ပြသာနာဖြေရှင်းချက်များ PNO ပါတီအနေဖြင့် ယနေ့ထိတိုင် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတွက်ကြောင့် ပါတီအတွင်းမှ တစ်ဦးတစ်ယောက် (သို့) ပုဂ္ဂိုလ်အချို့၏ လုပ်ဆောင်ချက်သည် အဖွဲ့တစ်ခုလုံး၏ ပုံရိပ်ကို ထိခိုက်စေပြီး၊ ပအိုဝ်းပြည်သူများ၏ ယုံကြည်ကိုးစားမှု နှင့် ထောက်ခံအားပေးမှုကို ကျဆင်းစေပါသည်။ သို့အတွက်ကြောင့် ယခုကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ပအိုဝ်းအမျိုးသားပါတီ၏ နောက်ထပ် ထောက်ခံမဲရရှိရေး အိမ်မက်ကို အနည်းနှင့်အများ ခြိမ်းခြောက်နေပါသည်။

ထို့ပြင် လက်နက်ကိုင်လမ်းစဉ်မှ အသွင်ပြောင်းလာခဲ့သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ပအိုဝ်းပြည်သူများအတွက် နိုင်ငံရေးအခွင့်အရေးနှင့် နိုင်ငံရေးအဆင့်အတန်း တရပ် မြင့်မားလာအောင် အရေးဆိုခြင်းထက် စီးပွားရေးအသိုက်အမြုံ၊ အထူးအခွင့်အရေးတွင်းကြီးထဲမှာ တစ်ဦးချင်း ဖြစ်ပါစေ၊ တစ်စုချင်းဖြစ်စေ နှစ်မွမ်းနေသည်အတွက် ပအိုဝ်းပြည်သူများနှင့် ပအိုဝ်းဒေသအတွက် နိုင်ငံရေးအရ နစ်နာစေခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်တခွင်တွင် အစောဆုံး- ၁၉၄၉ ခုနှစ် မှ အစဉ်အလာကြီးကြီးမားမားနှင့် စတင်ခဲ့သည့် ပအိုဝ်းအမျိုးသားတော်လှန်ရေး အဆက်ဆက်၏ အမျိုးသားရေးဦးတည်ချက်ကို PNO ပါတီ အနေဖြင့် ခိုင်ခိုင်မာမာ၊ ထင်ထင်ရှားရှား ဆက်လက်ကိုင်စွဲသင့်သည်။ သို့သော် ပအိုဝ်းအမျိုးသားတော်လှန်ရေး၏ ဦးတည်ချက်ကာ ဘာနည်း။ အမျိုးသားလွတ်မြောက်ရေးနှင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ပင်တည်း။ ထိုမှတဆင့် လူမျိုးတစ်မျို၏ နိုင်ငံရေး အဆင့်အတန်းနှင့်အညီ ပအိုဝ်းအမျိုးသားပြည်နယ် တည်ဆောက်ရေးပင်တည်။ ထို့ကြောင့် PNO ပါတီမှ ပအိုဝ်းအမျိုးသားတရပ်၏ နိုင်ငံရေး အန္တိမပန်းတိုင်းနှင့် နိုင်ငံရေးအဆင့်အတန်းတရပ် အကောင်အထည်ဖော်လာအောင် လုပ်ဆောင်ဖို့ လိုပေပြီး။ စစ်အစိုးရအကြိုက် သတ်မှတ်ပေးခဲ့သည့် မစစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလေးနှင့် အမျိုးသားဦးတည်ချက်ကို အဆုံးမသတ်သင့်ပေ။

ပါတီတရပ်အနေဖြင့် အမျိုးသားရေးဦးတည်ချက်၊ အန္တိမပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ကိုင်ဆွဲထားသင့်သည်။ ထုတ်ဖော်ပြောဆိုဖို့လည်း သင့်သည်။ အကြောင်းမှာ မိမိအခွင့်အရေး မိမိအရေးဆိုရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အမျိုးသားတရပ်၏ နိုင်ငံရေးအဆင့်အတန်းသည် ခေတ်အဆက်ဆက်ဝါဒဖြန့် ခွဲခြားသတ်မှတ်ထားသည့် စနစ်အကြိုက် လူမျိုးစုကြီး(၈)မျိုး အပါအ၀င် ၁၃၅မျိုးထဲမှ မထင်မရှား လူမျိုးစုငယ်လေး ဘ၀ဖြင့် မှေးမိန်သွားရလိမ့်မည်။ တို့အတူ PNO ပါတီသည် အမျိုးသားနိုင်ငံရေးရပ်တည်ချက် ချမှတ်ရမည်ထက် ၄င်း၏ လုပ်ဆောင်ချက်များသည် စီးပွားရေးအခွင့်အလမ်းနှင့်သာ နိဂုံးချုပ်သွားနိုင်ပါသည်။ ဒါကြောင့် PNO ပါတီ မှ ရှင်းလင်းသည့် ဖွဲ့စည်းပုံ၊ ရပ်တည်ချက်၊ မှုဝါဒများနှင့် အမျိုးသားကိုယ်စားပြုပါတီတရပ်အဖြင့် ယနေ့အချိန်မှာ ရပ်တည်ဖို့ လိုအပ်နေပေပြီး။ အကြောင်းမှာ PNO ပါတီသည် ပအိုဝ်းပြည်သူများကို နိုင်ငံရေးအရ ဆိုးသည်ဖြစ်စေ၊ ကောင်းသည့်ဖြစ်စေ ကိုယ်စားပြုနေသည်။ ပအိုဝ်းတိုင်းရင်းသားအရေးကို အကြွင်းမဲ့ ပြောဆိုနိုင်သည့်အခြေအနေတွင် ရှိနေပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နည် သုံးမြို့နယ်နှင့် ရွေးကောက်ပွဲနိုင်လွတ်တော်ကိုယ်စားလှယ်များ အပါအ၀င်တည်း။

လက်တွေ့တွင် PNO ပါတီက စီးပွားရေးဖွံ့ဖြိုးရေးသည် နိုင်ငံရေးထက် ပထမဟူသည် ဆောင်ပုဒ်အတိုင်း ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှု ကိုပထမ ဦးစားပေခြင်းများအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ နိုင်ငံရေး လမ်းစဉ်ကို သွေဖယ်ခဲ့ပြီးဟု အချို့ခေါင်းဆောင်များက ဝေဖန်ခဲ့ဖူးသည်။ သို့သော် အဖွဲ့ချုပ်၏ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးအနိမပန်းတိုင်ကာ ဘာနည်း။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ စစ်အစိုးရအကြိုက် မပြည့်မစုံ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ရရှိရေးလော။ ဒါမှမဟုတ် စစ်မှန်သည့် ပအိုဝ်းပြည်နယ်သစ် ပေါ်ထွန်လာရေးနှင့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလော။ သို့သည်အတွက် ရှင်းလင်းတိကျသည့် နိုင်ငံရေး အနိမပန်းတိုင်နှင့် နိုင်ငံရေးလမ်းစဉ်ကို အမျိုးသားပါတီတရပ်အနေဖြင့် ရဲ့ရဲ့ဝံ့ဝံ့ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ပေသည်။ သို့မှသာ ညီနောင်တိုင်းရင်းသားများနှင့် ပြည်မနေ ပြည်သူများက ပအိုဝ်းအမျိုးသားတရပ်၏ နိုင်ငံရေးဦးတည်ချက်၊ အမျိုးသားအနိမပန်းတိုင်ကို သိရှိပေမည်။

အခြားတဘက်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရွေးကောက်ခံသည့်နေမှ ယနေ့ထက်ထိ အခြားတိုင်းရင်းသားပါတီများကဲ့သို့ ဒေသတွင်း ၊ နိုင်ငံတကာနှင့်ပတ်သတ်သည်လေ့လာရေး၊ ဆွေးနွေးပွဲ၊ အစိုးရပိုင်းဆိုင်ရာပတ်သတ်သည့် ပူးပေါင်းလုပ်ဆောင်သည့် ကဏ္ဍာများအတွင်း ပါဝင်လုပ်ဆောင်မှုမှာ အားနည်းသည်ကို တွေ့မြင်ရပါသည်။ ရွေးကောက်ပွဲနိုင် လွတ်တော်ကိုယ်စားလှယ်များ သော်လည်ကောင်း၊ ပါတီတရပ်လုံးသော်လည်ကောင်း တက်တက်ကြွကြွ လုပ်ဆောင်သည့် အလေ့အထ နည်းပါသည်ကိုလည်း တွေ့ရပါသည်။ ၄င်းပူးပေါင်းဆောင်ရွက်မှု နည်းပါးခြင်းသည့်အတွက် ပအိုဝ်းတိုင်းရင်းသားများအတွက် ပြင်ပကမာ့္ဘနှင့် ပအိုဝ်းဒေသ ထိတွေ့ချိတ်ဆက်မှု အားလျော့စေပါသည်။

၁၉၉၁- PNA ငြိမ်းချမ်းရေးယူသည့် နောက်ပိုင်း ပအိုဝ်းဒေသ စစ်သေနတ်သံ ချုပ်ငြိမ်းခဲ့သည်။ စစ်ပွဲကြားမှ ပြည်သူဘ၀ နလှန်ထူစရှိလာခဲ့သည်။ PNA ၏ စီးပွားရေးအခွင့်အလမ်း၊ လုပ်ဆောင်ချက်များမှတဆင့် အချို့သော ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ပအိုဝ်းဒေသ ဖွံ့ဖြိုးမှု ရှိခဲ့ပါသည်။ ထို့အတူ ပအိုဝ်းအမျိုးသားဂုဏ်အင်္ဂါ နှင့် ပအိုဝ်းအမျိုးသားယဉ်ကျေးမှုနှင့် စာပေဖွံ့ဖြိုးလာသည်။ အခြားတိုင်းရင်းသားများ အကြား ထင်ပေါ်လာခဲ့သည်။ တဘက်တွင် ချီးမွှမ်းခံရသလို၊ တဘက်တွင်လည်း အပြစ်တင်ဝေဖန်းခံရမှုလည်း ရှိခဲ့ပါသည်။ သို့သော်လည်း နောက်ပိုင်း စစ်တပ်အသွင်မှ ကူပြောင်းလာခဲ့သည် PNO ပါတီတွင် ပြည်သူလူထု အကျိုးစီးပွားထက် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၏ အကျိုးစီးပွားများ လွှမ်းမိုးမှု ကြီးမားလာသည့်အတွက် ပါတီအပေါ် ပြည်သူများမှာ သံသယပွားများလာခဲ့သည်။ ပါတီဝင်တချို့လုပ်ဆောင်ချက်သည် စနစ်ပြောင်းသော်လည်း အမှုအကျင့်မပြောင်းခဲ့သည့်အတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသလို ပအိုဝ်းပြည်သူတွေ ကြုံတွေ့ရခဲ့သည်။ ထို့ပြင် မြေယာအရင်းအမြစ်ပေါကြွယ်သော်ဌား မရှင်းမလင်းသည့် ခေတ်နောက်ပြန် ဥပဒေ နှင့် အာဏာပြ ပုဂ္ဂိုလ်တချို့၏ လုပ်ရပ်များကြောင့် ပအိုဝ်းပြည်သူများ၏ ဘိုးဘွားပိုင်လယ်မြေ၊ ခြံမြေများ ဆုံးရှုံးခဲ့သည့်အတွက် ပါတီနှင့် ခေါင်းဆောင်အချို့အပေါ် ထောက်ခံမှု ကျဆင်းခဲ့ရသည်။

၎င်းအခြေအနေများကြောင့် PNO ပါတီသည်၂၀၁၅ ရွေးကောက်ပွဲအတွင်း ထောက်ခံမှု လျော့ကျနိုင်ခြင်း၊ မဲမထည့်ခြင်းများနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ပေသည်။ သို့သော် အမျိုးသား အမျိုးသားပါတီချင်းမို့ တခြားသောပါတီထက် ပအိုဝ်းပြည်သူများမှာ အမျိုးသားပါတီအပေါ် အာရုံစူးစိုက်မှု များစွာ ရှိနေသည်။ သို့သော်ဌာလည်း PNO ပါတီ ဘာဆက်လုပ်သင့်သနည်း။ ပြုပြင်ပြောင်းလဲရေးလုပ်မည်လော။ နဂို လမ်းစဉ်အတိုင် လျှောက်လှမ်းမည်လော။ ပအိုဝ်းပြည်သူများ နှင့် ပအိုဝ်းဒေသအတွက် တခုတည်းသော စစ်မှန်သည့် အမျိုးသားပါတီတရပ်အဖြစ် ရပ်တည်မည်လော။ PNO သည် ပအိုဝ်းအမျိုးသားများအတွက် မည်သည့်နိုင်ငံရေးအခွင့်အရေးကို ရပ်တည် တောင်းဆိုပေးမည်နည်း။ လမ်းဖောက်၊ တံတားဆောက်၊ ဒေသဖွံ့ဖြိုးရေးအတွက်နှင့်သား ကျေနပ်ရောင့်ရဲတင်းတိမ်မည်လော။ ပြည်သူလူထု ယုံကြည်ကိုးစားရေးနှင့် ထောက်ခံစေရေးအတွက် ပါတီကိုယ်တိုင် ဘာတွေ ပြုပြင်သင့်နည်း။ ပြောင်းလဲသင့်သနည်း။ သည့်အတွက် ရွေးကောက်ပွဲနိုင် ပအိုဝ်းပြည်သူလွတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ စဉ်းစားလုပ်ဆောင်ဖို့ အချိန်တန်ပြီး ဖြစ်သည်။
လက်တွေ့တွင်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည့် ပြည်သူတစ်စုစာကို ကိုယ်စားပြုနေသလော။ ဒါမှမဟုတ် ပအိုဝ်းအမျိုးသားထု တရပ်လုံးကို ကိုယ်စားပြုသည့်ပါတီလော။

ပအိုဝ်းပြည်သူများအနေဖြင့် ယနေ့အချိန်မှာ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင်နှင့်အတူ လက်ရှိပကတိ အခြေအနေများ၊ ပါတီတခု၏ ဆောင်ရွက်ခဲ့မှုများကို ကွဲကွဲပြားပြား သိရှိနားလည်ဖို့ လိုအပ်ပေပြီး။ ဆန့်ကျင်ကန့်ကွက်မှု လုပ်ခြင်းထက် ဝေဖန်ထောက်ပြမှုများကို ပအိုဝ်းပြည်သူများမှ ပြုလုပ်ဖို့ လိုအပ်ပေသည်။ အကြောင်းမှာ ပအိုဝ်းအမျိုးသားပါတီသည် ပအိုဝ်းပြည်သူတရပ်ကို ကိုယ်စားပြုနေသည့်အတွက် ပြည်သူများအနေဖြင့် ၀ိုင်းဝန်းကြိုးပမ်း ထိန်းညှိပေးဖို့ ၊ ဝေဖန်ထောက်ပြဖို့ တာဝန်ရှိပါသည်။ လက်ရှိအခြေအနေတွင်လည်း ပအိုဝ်းအမျိုးသားပါတီနှင့် ပြည်သူလူထုများမှာ အပြန်အလှန် ညှိနှိုင်းခြင်းအားဖြင့် အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ အလွန် အရေးကြီးလှပေသည်။

၂၀၁၅ ရွေးကောက်ပွဲ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ပအိုဝ်းဒေသရှိ ပြည်သူလူထုများမှာ နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေး အမြင်ကျယ်ဖို့ အရေးကြီးတမျှ လိုအပ်ပေသည်။ ပြည်သူလူထုများမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် မဲထည့်ရေးနှင့် မိမိတို့၏ အခွင့်အရေးများကို မိမိတို့ကိုယ်တိုင် မဲများနှင့် ပအိုဝ်းဒေသတွင်းရှိ PNO ပါတီနှင့် အခြားသော ရွေးကောက်ပွဲဝင် ပါတီများကို တောင်းဆိုနိုင်ပါသည်။ သို့သော် အမျိုးသားတရပ်၏ နိုင်ငံရေး အန္တိမပန်းတိုင်ဖြစ်သည့် “ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေး”ကို နိုင်ငံရေးရည်မှန်းချက်ကြီးကို ပြည်သူလူထုမှ ကိုင်စွဲထားရမည်။ တောင်းဆိုနိုင်ရမည်။ အကြောင်းမှာ ၄င်းတောင်းဆိုချက်သည် ပအိုဝ်းပြည်သူလူထု၏ နိုင်ငံရေးအရ နိုင်ငံရေးအဆင့်အတန်းတရပ်ကို ပုံဖော်စေသည်။ ၄င်းတောင်းဆိုမှုကို မဲထည့်ခြင်း၊ မထည့်ခြင်းဖြင့် ပအိုဝ်းဒေသရှိ ပါတီတိုင်းကို ကိုင်စွဲ လုပ်ဆောင်နိုင်သည်။ ရွေးကောက်ပွဲဝင် ပါတီတိုင်း၏ ဖွဲ့စည်းပုံတွင် ပြည်နယ်သစ်ပေါ်ထွန်းရေး မှု၊ ၀ါဒ ကျင့်သုံးခြင်းရှိမရှိ လေ့လာတောင်းဆိုခြင်းအားဖြင့် အဖိုးတန်သည့် မဲထည့်ခြင်းကို ပြုလုပ်သင့်သည်။

ထို့အတူ ပအိုဝ်းဒေသတွင်းရှိ အခြားသောအခြေအနေအရပ်ရပ်ကို သမရိုးကျ တောင်းဆိုမှုလည်း ရှိရပေလိမ့်မည်။ ပအိုဝ်းဒေသတွင်း လက်ရှိကြုံတွေ့ရသည့် လျှပ်စစ်မီးရရှိမည်လေား၊ လမ်းတံတားဖောက်လုပ်ရေး၊ ဘိန်းစိုက်ပျိုးမှုကင်းရှင်းရေး၊ မြေယာသိမ်းဆည်းမှု လုံးဝပပျောက်ရေး ရှိလာမည်လေား။ ပအိုဝ်းဒေသဆင်းရဲမှု ပပျောက်ရေး၊ ပအိုဝ်းကလေးငယ်များ ပအိုဝ်းဒေသပြင်ပရှိ အခြားနယ်မြို့များသို့ မိဝေးဖဝေး ပညာသင်ကြားရမှု လျော့ချရေး၊ စားဝတ်နေရေးအခြေ အနေကြောင့် ကလေးငယ်များ တပါးသူ မွေးစားခံရခြင်းမှ ကင်းလွတ်ရေး။ ဘုန်တော်ကြီးကျောင်း များကိုသာ အားကိုးနေရသည့် ပညာရေးအခြေနေ လျော့ချရေး စသည့် အချက်များ တိုးတက်အောင် လုပ်ပေးနိုင်မည်လော။ ၄င်းအခြေအနေများနှင့် လုပ်ဆောင်ချက်များကို ပအိုဝ်းပြည်သူများမှ ၂၀၁၅အတွင်း မဲပေးခြင်းအားဖြင့် တောင်းဆိုသွားရမည်ဖြစ်ပေသည်။ မည့်သည် ပါတီနိုင်နိုင် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များအား လုပ်ဆောင်ရန်မှာ ဒေသတွင်း ပါတီတိုင်းမှာလည်း တာဝန်ရှိပေသည်။ သို့သော် အမျိုးသားနိုင်ငံရေး အန္တိမပန်းတိုင်ကို ကိုင်စွဲခြင်းဖြင့် ပအိုဝ်းပြည်သူများမှ ၂၀၁၅ ရွေးကောက်ပွဲကို တက်လီလက်ညီ ချီတက်သွားရန်မှာ အရေးတမျှ အရေးကြီးလှပေသည်။

ခွန်မင်းနိုင်
(၁၅၊ ၆၊၂၀၁၃)
Read More »

ဟိုတုန်းကတော့ သားဝမယားဝစနစ်လို့ ခေါ်သတဲ့

Photo: ဟိုတုန်းကတော့ သားဝမယားဝစနစ်လို့ ခေါ်သတဲ့

ရေးသားသူ- သင်းရီ

ဇွန်လ ၂ ရက်တုန်းက သုဝဏ္ဏအားကစားကွင်းမှာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် တက်ရောက်ပြီး 
မိန့်ခွန်းပြောသွားသည့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားကို 
မြန်မာ့ရုပ်မြင်သံကြားတွင် ကြည့်လိုက်ရသည်။ သမ၀ါယမစနစ် တစ်ခေတ်ဆန်းဖို့အကြောင်း မိန့်ခွန်းထဲ ကြားရ တော့ 
နောက်တစ်ခါလာပြန်ချေသေးဟု တွေးမိ၏။ သည်သမ၀ါယမဆိုသည်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် 
တစ်လျှောက်လုံး နာမည်ကောင်းတစ်လုံးမျှ မရခဲ့သည်ကိုလည်း သတိရသည်။ သည်တုန်းက သမ၀ါယမကို “သားဝ 
မယားဝ” စနစ်ဟုပင် နာမည်ပြောင် ပေးခဲ့ကြသေးသည်။ အသင်းဝင်တွေ၏ မိသားစုတွေ တိုးတိုးတက်တက် 
ဖွံ့ဖွံ့ဖြိုးဖြိုးဖြစ်တာကို ပြောခြင်းမဟုတ်။ အသင်းအမှုဆောင်တွေ ဆူဆူဖြိုးဖြိုးဖြစ်တာကို ပြောခြင်းဖြစ်လေ၏။

တကယ်တော့ ၁၉ ရာစုကတည်းကပင် ဥရောပနိုင်ငံများဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့၌ သမ၀ါယမစနစ်၏ 
ဖခင်ကြီးရော ဘတ်အိုဝင်(Robert Owen) တည်ထောင်ခဲ့သည့် သမ၀ါယမစနစ်က မကောင်းခြင်းမဟုတ်။ 

ရောဘတ်အိုဝင်ကိုယ်တိုင် ၀ါချည်ထည်စက်ရုံမှ အလုပ်သမားများနှင့် အလုပ် သမားများ၏ သားသမီးလေးများအထိကို 
ပညာပေးစည်းရုံးကာ ဘ၀တွေကိုယ်စီ တိုးတက်အောင် လုပ်နိုင်ခဲ့သည့်စနစ်ဖြစ်သည်။ သမ၀ါယမကျေးရွာတွေ 
အမြောက်အမြားကို တည်ထောင်နိုင်သည်ထိ အောင်မြင်ခဲ့သောစနစ်လည်း ဖြစ်လေသည်။

ထိုသို့ အောင်မြင်ခြင်းမှာ သမ၀ါယမအသိစိတ်ကို ဦးစွာပထမ ပညာပေးစည်းရုံးကာ ရင်ထဲဦးနှောက်ထဲအထိ 
အခြေချပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုထင်သည်။

ကျွန်တော်တို့နိုင်ငံတွင် ရောဘတ်အိုဝင်၏ သမ၀ါယမစနစ် မအောင်မမြင်နှင့် နာမည်ပျက်ခဲ့ရသည်က စတင်၍ 
ပုံစံချတည်ထောင်ပုံကပင် မဟုတ်သဖြင့် လူတွေ၏အသိစိတ်၌ သမ၀ါယမစိတ်ဓာတ် မကိန်းအောင်းခဲ့ကြခြင်းကြောင့် 
ဖြစ်သည်ဟု ထင်သည်။

ထို့ကြောင့်လည်း သမ၀ါယမစနစ်၏ ရည်ရွယ်ချက်ဖြစ်သော အသင်းဝင်များ၏ တူညီသော အကျိုးစီးပွားထက် 
အမှုဆောင်တွေ၏ ကိုယ်ကျိုးစီးပွားကသာ ရှေ့တန်းရောက်ခဲ့သည်။ ခြစားမှု အလွဲသုံးမှုတွေ ဖြစ်ခဲ့ကြသည်မှာ 
သောက်သောက်လဲ အားလုံးနီးပါးဖြစ်ခဲ့လေသည်။ အမှုဆောင်ဆိုသူတွေက အခွင့်ထူးခံလူတန်းစားတွေ 
ဖြစ်လာခဲ့ကြသည်။ 

ကျေးလက်မှာဖြစ်ဖြစ် မြို့ပြမှာဖြစ်ဖြစ် သမ၀ါယမအမှုဆောင်တွေက သမ၀ါယမစိတ်ဓာတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ 
လမ်းစဉ်ပါတီဝင်တွေ ဖြစ်ကြရသည်။ အသင်းဝင်တွေ၏ သဘောဆန္ဒနှင့် ရွေးချယ်တင်မြှောက်ရသူတွေလည်း 
မဟုတ်ကြ။ မြို့နယ်ပါတီယူနစ်က မျက်စိကျသူတွေသာ တိုက်ရိုက်အမည်စာရင်းဖြင့် အမှုဆောင်တွေ 
ဖြစ်လာတတ်ကြသည်။ သည်တော့ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်သမ၀ါယမ အမှုဆောင်ဖြစ်လိုသူတွေက 
ပါတီယူနစ်ကို ဖားကြယားကြရသဖြင့် စိတ်ဓာတ်ရေးရာက အခြေခံမှပင် စ၍ပျက်တော့သည်။

အခြေခံမခိုင်သည့် စိတ်ဓာတ်များဖြင့် ဆောင်ရွက်ကြသည့်အခါ အသင်းတိုးတက် ဖြစ်ထွန်းရေးထက် ကိုယ်ကျိုးစီးပွားက 
ရှေ့တန်းရောက်လာကြ၏။ လက်လွန်ခြေလွန်တွေထိ ကိုယ်ကျိုးစီးပွားကို ကြည့်ကြလွန်းရင်း စာရင်းမကိုက် 
အင်းမကိုက်တွေဖြစ်လာသည့်အခါ စာရင်းရှင်းပုံ နည်းစနစ်ကလည်း အလွန်လွယ်ကူသည်။ စာရင်းရှင်းဖို့ 
သမ၀ါယမအသင်း ဆိုင်တို့ ဂိုဒေါင်တို့ စသည်ဖြင့်ကို မီးတို့လိုက်ကြသည်တွေလည်း ကြုံခဲ့ကြားခဲ့ရသည်။  

ထို့ကြောင့် သမ၀ါယမဆိုလျှင် စားကြောဝါးကြောဟုသာ ထင်လာမြင်လာခဲ့ကြသည်။ ပြည်သူတွေက 
အော့နှလုံးနာလာခဲ့ကြသည်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီး ယိုင်နဲ့လာသည်နှင့်အမျှ ဒုတိယမဏ္ဍိုင်ဆိုသည့် သမ၀ါယမစနစ်နှင့် လုပ်ငန်းတွေပါ 
ယိုင်နဲ့လာခဲ့ကာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်သူများ၏ဘဏ္ဏာငွေဖြင့် တည်ထောင်ထားခဲ့သော 
အသင်းပိုင်ပစ္စည်းတွေ အဆောက်အအုံတွေ ကစဥ့်ကလျား ဖရိုဖရဲဖြင့်ဖြစ်ချင်သလိုဖြစ်ခဲ့ရသည်။ အသင်းဝင်ပြည်သူတို့၏ 
သဘောဆန္ဒမပါဘဲ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းမှုတွေက ထင်သလိုဖြစ်ခဲ့သည်။ ပြန်စဉ်းစားမိသည့် ပြည်သူတိုင်းက 
သမ၀ါယမဆိုလျှင် ခေါင်းခါချင်ကြပြီ။

တကယ်တော့ သမ၀ါယမဆိုသည်က စိတ်ရင်းစေတနာပါရသည့် ပရ အတ္တ နှစ်ဖြာအကျိုးစီးပွားလုပ်ငန်းမျိုးဖြစ်သည်။ မိမိ 
လူတန်းစား အကျိုးစီးပွားအတွက် မိမိ ဆောင်ရွက်မည်ဆိုသည့် ပြင်းပြသောစိတ် သဘောထားဆန္ဒရှိမှ ဖြစ်သည်။ 

ထိုစိတ်စေတနာမျိုးက လွယ်လွယ်နှင့် တည်ဆောက်၍ မရနိုင်ဟုထင်သည်။ ထို့ကြောင့် သမ၀ါယမစနစ်ကို 
ထူထောင်မည်ဆိုလျှင် လူတွေ၏ စိတ်ဓာတ်တွေကို အရင်တည်ဆောက်မှဖြစ်မည်လား ထင်မိသည်။

၁၉၈၆ ခုနှစ်လောက်ကထင်သည်။ မိတ်ဆွေတစ်ဦး အစ္စရေးနိုင်ငံသို့ စိုက်ပျိုးရေးလုပ်ငန်းများ 
လေ့လာရေးအတွက်သွားရသည်။  စိုက်ပျိုးရေးလုပ်ငန်းတွေကို ဘုံစနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်နေသည့် commun 
များသို့ သွားရောက် လေ့လာရသည်။ ထိုဘုံလယ်ယာများတွင် ဆောင်ရွက်လုပ်ကိုင်နေကြသူတွေက အတူတကွ 
တက်ညီလက်ညီရှိလွန်းသဖြင့် “မင်းတို့အထဲမှာ ရေသာခိုတဲ့သူတွေ မရှိနိုင်ဘူးလား”မေးသည့်အခါ 
“အဲ့သည်ရေသာခိုသည့် စကားလုံးပင် သူတို့မှာမရှိ”ဟု ပြန်ဖြေခဲ့သည့်အကြောင်း ပြန်ပြောပြသဖြင့် 
မှတ်သားထားခဲ့ဖူးသည်။ ဤသည်ပင် စိတ်ဓာတ်အခြေခံဖြစ်လေ၏။ ထိုစိတ်ဓာတ်မျိုးတွေကြောင့်လည်း သူတို့၏ 
ဘုံလယ်ယာတွေ တိုးတက်အောင်မြင်ကြခြင်းဖြစ်မည်ဟု ထင်သည်။
တစ်ခုကွာသည်က ထိုဘုံ commun တွေကို မူအရလုပ်ဆောင်ခိုင်းခြင်းမဟုတ်။ မည်သူကမျှ ချုပ်ကိုင်ထားခြင်းလည်းမရှိ။ 

မိမိတို့ဘာသာ စိတ်တူကိုယ်တူ ဆန္ဒတူသူချင်းတွေ စုပေါင်းဖွဲ့စည်းကြခြင်း ဖြစ်လေသည်။ အားလုံးစုပေါင်းလျက် 
အားလုံး၏အကျိုးစီးပွားကို အားလုံးက တက်ညီလက်ညီ မခိုမကပ် ဆောင်ရွက်မည်ဆိုသည့် အသိစိတ်ဓာတ်၏ 
အခြေခံခိုင်မြဲမှုပင် ဖြစ်လေသည်။ သူတို့တွင် သည်စိတ်ဓာတ်က အသားသေနေပြီ။

အလားတူပင် တရုတ်နိုင်ငံတွင် နိုင်ငံခေါင်းဆောင်အဖြစ် တိန့်ရှောင်ပိန်တက်လာပြီး ပြုပြင်ပြောင်းလဲရေးတွေ 
လုပ်သည့်အခါ ဘုံစနစ် commun တွေကို ဖျက်သိမ်းလျက် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို ခွင့်ပြုလိုက်သည့်အခါ 
တရုတ်အခြေခံပြည်သူတွေ အကြားတွင် red eyes disease ဟုခေါ်သော မျက်လုံးနီရောဂါဟု တင်စားခေါ်သည့် 
စီးပွားဖြစ်လာသူအပေါ် မနာလိုဝန်တိုစိတ် ဖြစ်ပေါ်သည့် စိတ်ခံစားမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ဖူးသည်ဟုဆိုသည်။

ဘုံစနစ်တုန်းကတော့ အတူတူလုပ်။ အတူတူအညီအမျှ ခံစားဆိုသည့်အခါ တစ်ဦးနှင့်တစ်ဦး ကွာခြားမှုတွေ မရှိခဲ့ကြ။ 
ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ဆောင်ခွင့်တွေ ပေးလိုက်သည့်အခါ ပို၍ဆောင်ရွက်နိုင်သူ၊ 
လုပ်ရည်ကိုင်ရည်ရှိသူက ပို၍စီးပွားဖြစ်လာသည့်အခါ ပင်ကိုက လက်ကြောမတင်းသော်လည်း အများနည်းတူ 
ခံစားခဲ့ရသူတွေက ကိုယ်တိုင်အားမထုတ်လိုကြသော်လည်း မနာလိုစိတ်သာ ဖြစ်ပေါ်လာကြခြင်းကို ပေးထားသည့် red 
eyes disease နာမည်ဖြစ်လေ၏။

ဆိုလိုသည်က ခေါက်ရိုးကျိုး အသားသေနေတတ်သော လူအမျိုးမျိုးတို့၏ စိတ်ဓာတ်အခြေခံနှစ်မျိုးကို 
ပြောလိုခြင်းဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း စိတ်ဓာတ်တွေက ခေါက်ရိုးကျိုးနေခဲ့ပြီလားမသိ။ စနစ်တွေ 
ခေတ်တွေ ပြောင်းနေပြီဆိုသည့်တိုင် မပြောင်းနိုင်ကြသူတွေက အနမတဂ္ဂ။ သမ္မတကြီးနှင့် အစိုးရအဖွဲ့က မည်သို့ပင် 
ပြောင်းနေပါသည်၊ ပြောင်းရပါမည်ဆိုနေသည့်တိုင် မပြောင်းနိုင်မပြင်နိုင်ဘဲ အကျင့်စရိုက်ဆိုးတွေနှင့် 
လုံးထွေးနေကြသူတွေကလည်း အများအပြား။ ပြည်သူတွေအပေါ် လုပ်ချင်တိုင်းလုပ်လို့ရခဲ့သည့် စနစ်ဆိုးချည်တိုင်ကို 
အလွမ်းစိတ်ဖြင့် နောက်ကြောင်းပြန်လှည့်ချင်သူတွေကလည်း ရှိပြန်သေးသတဲ့ဆိုသည့်အခါ မွန်မြတ်စိတ်ထား 
ခိုင်မြဲပြင်းထန်ရသည့် သမ၀ါယမစနစ်ကို ဘယ်ပုံထူထောင်ကြမည်လဲ စိတ်ပူမိသည်။

အချောင်သမားစိတ်။ ၀ိသမလောဘစိတ်။ ရေသာခိုစိတ်။ ကိုယ်ကျိုးစီးပွားအတွက်ဆို ငတေမာနိုင်သည့်စိတ်။ 
သည်လိုစိတ်ဓာတ်မျိုးတွေနှင့်တော့ သမ၀ါယမစနစ်ကို အုံဖွမန်းလည်း ငုတ်တုတ်ထထိုင်လိမ့်မည်မဟုတ်တာ 
သေချာသည်။

သမ၀ါယမစနစ်၏ဖခင်ကြီး ရောဘတ်အိုဝင်သည်ပင် အရင်ဆုံး ဆောင်ရွက်ရသည်မှာ သူ့အလုပ်သမားတွေနှင့် 
ထိုအလုပ်သမားများ၏ သားသမီးတွေကို သမ၀ါယမစိတ်ဓာတ် ဓာတ်ခံရအောင် ပညာပေးသည့်ကိစ္စကို 
ပညာပေးရခြင်းဖြစ်လေသည်။

သို့မို့ကြောင့် ကျွန်တော်တို့နိုင်ငံ၏ ၀န်ထမ်းအဆင့်ဆင့်နှင့် ပြည်သူများတွင် ခေတ်အဆက်ဆက်က စွဲထင်လာခဲ့သည့် 
အညစ်အကြေး အစွန်းအထင်းတွေကို အရင်ဆုံး ဆေးကြောသန့်စင်ရန် လိုအပ်လေမည်လားဟု ထင်မြင်မိရကြောင်းပါ။

Credit To 7D News Journal
Read More »

မြေမြှုပ်မိုင်းများရှင်းရန် အချိန်မည်မျှလိုသနည်း

Photo: မြေမြှုပ်မိုင်းများရှင်းရန် အချိန်မည်မျှလိုသနည်း

ရေးသားသူ- ထွန်းခိုင်၊ အေးသူစံ

၂၀၁၂ အတွင်းထုတ်ပြန်ခဲ့သည့် မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ၏ မြေမြှုပ် မိုင်းအသုံးပြုမှုစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက်မှ ထက်ဝက်ကျော်တွင် နေထိုင်သည့်   ပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နေသည်ဟုဆိုသည်။

ဆယ်စုနှစ်ပေါင်းများစွာ သက်ဆိုးရှည်ခဲ့သည့် ပြည်တွင်းစစ်၏ အမွေဆိုးအဖြစ် မြေမြှုပ်မိုင်းအန္တရာယ်ကို မြန်မာပြည်သားများ ခံစားခဲ့ရပြီးဖြစ်သည်။ ခံစားနေရဆဲလည်း ဖြစ်သည်။ (ICBL) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၁၉၉၉ မှ ၂၀၁၁ ခုနှစ်အတွင်း ၃၂ နာရီကြာတိုင်း လူတစ်ဦးနှုန်း မြေမြှုပ်မိုင်းဒဏ်ခံစားခဲ့ရကြောင်း ၎င်းတို့ စုဆောင်းမိသမျှ အချက်အလက်ပေါ်အခြေခံကာ ထုတ်ပြန်သည်။

ယင်းအရေအတွက်ကို အခြေခံပြီး တွက်မည်ဆိုပါက ပြည်တွင်းစစ်စတင်ခဲ့ချိန်မှ ယနေ့အထိ လူပေါင်း ၁၇၀၀၀ ထက်မနည်း မြေမြှုပ်မိုင်းဒဏ်ခံစားခဲ့ရပြီး ဖြစ်သည်ဟုဆိုနိုင်သည်။ အချို့ သော မြေမြှုပ်မိုင်းတားဆီးရေး တက်ကြွလှုပ်ရှားသူများက အရေအတွက် သည့်ထက်ပိုကောင်းပိုနိုင်သည်ဟု ဆိုသည်။

အသက် ၂၈ နှစ်အရွယ်ကို မောင်မောင်သည် အထက်ပါ ၁၇၀၀၀ ကျော်သော လူများအနက်မှ တစ်ယောက်ဖြစ်သည်။ သူသည် ၂၀၁၁ ခုနှစ်အတွင်း ကချင်ပြည်နယ်တစ်နေရာတွင် မြေမြှုပ်မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။

“ကိုယ့်ရှေ့မှာလူတစ်ယောက် မိုင်းနင်းမိသွားတာမြင်တဲ့အခါမှာ ကျန်တဲ့သူတွေက နောက်ထပ်ခြေတစ်လှမ်းလှမ်းဖို့တောင်  သေလောက်အောင်လန့်နေကြတယ်။ ကိုယ့်ခြေလှမ်းကသာ မိုင်းပေါ်ကျသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့လေ” ဟု ကိုမောင်မောင်(အမည်လွှဲ)က ပြောသည်။

သူကဲသို့ပင် နောက်ခြေတစ်လှမ်းချဖို့အရေး ကြောက်ရွံ့တွေဝေနေသည့်သူများ မြန်မာနိုင်ငံတွင် ဒုနဲ့ဒေးရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အထိ ကမ္ဘာပေါ်တွင် လက်နက်ကိုင်တပ်ဖွဲ့များက မြေမြှုပ်မှိုင်းများကို လူသတ်မိုင်းအဖြစ် ပုံမှန်အသုံးပြုနေသည့် တစ်ခုတည်းသောနိုင်ငံအဖြစ်ရှိနေသောကြောင့်ဖြစ်သည်။

ICBL ကထုတ်ပြန်သော စာရင်းများအရ ပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နိုင်သော ပြည်နယ်ထဲတွင် သူနေထိုင်ရာ ရှမ်းပြည်နယ်လည်း အပါအ၀င်ဖြစ်သည်။ ရှမ်းပြည်နယ်နှင့်အတူ ကချင်၊ ကယား(ကရင်နီ)၊ မွန်၊ ရခိုင်စသည် ပြည်နယ်များနှင့် ပဲခူး၊ 
တနင်္သာရီစသည့် တိုင်းဒေသများတွင် နေထိုင်သူပြည်သူများသည် မိုင်းအန္တရာယ်ကျရောက်နေသည်ဟု ICBL အစီရင်ခံစာကဆိုသည်။

“အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအ၀င် အခွင့်အာဏာရှိသူတွေက မြေအောက်ထဲကမိုင်းတွေကို တူးဖို့ကို သယံဇာတ တူးဖို့လောက်စိတ်မ၀င်စားကြဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့အတွင်းနေထိုင်သည့် ပလောင်တိုင်းရင်းသားတစ်ဦးက ပြောသည်။

မိုင်းအန္တရာယ်ကျရောက်နေသည့် နေရာအများစုမှာ တိုင်းရင်းသား(သို့မဟုတ်)အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေးအရှိန် တင်းမာနေဆဲနေရာများ (သို့မဟုတ်)တင်းမာခဲ့သည့်နေရာများ ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ရေးတင်းမာမှုအကြီးဆုံးဖြစ်နေသည့် ကချင်ပြည်နယ်အတွင်းတွင်လည်း မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။

“မိုင်းတွေကြောင့် အခုချိန်ပြန်မယ်ဆို သိပ်လုံခြုံမှုမရှိဘူး။ ယူအန်ကလည်း ပါဝင်ဖို့လိုတယ်။ မိုင်းကိုဘယ်နေရာမှာဘယ်လို ထောင်ခဲ့သလဲ မသိကြတော့ ကိုယ်ထောင်တဲ့မိုင်းကို ကိုယ်ပြန်နင်းမိပြီး သေတာတွေလည်းရှိတယ်” ဟု ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား အစဉ်တစိုက်အကူအညီပေးနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အထွေထွေအတွင်းရေးမှူးဒေါက်တာခလမ်ဆပ်ဆွန်က မေလ ၂၇ ရက်တွင် 7Day နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်သောစာရင်းဇယားတစ်ခုထဲကပင် တပ်မတော်နှင့်ကေအိုင်အိုတို့အကြား တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တိုက်ပွဲများအတွင်း ဒဏ်ရာရသူ၊ မိုင်းထိသူ ပြည်သူ ၁၇၇ ဦးကို ဆေးရုံများ၌ ကုသပေးနေရကြောင်း ထုတ်ပြန်သည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ပြည်သူများကို ထိခိုက်စေသည့် မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့လိုကြောင်း တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။

သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတပ်ဖွဲ့များ စစ်ရေးတင်းမာနေသည့် ဒေသများတွင် “မြေမြှုပ်မိုင်း အသုံးပြုခြင်းကို ရှောင်ရှားဖို့” ဆိုသည်မှာ လက်ရှိအခြေအနေတွင် ဖြစ်နိုင်သောကိစ္စတစ်ခုဟု မထင်ကြောင်း မန်တုံဒေသခံပလောင်
တိုင်းရင်းသားကပြောသည်။

မြေမြှုပ်မိုင်းဆိုသည်မှာ အန္တရာယ်များလှသော်လည်း တစ်ဖက်ရန်သူ အနားကပ်မလာစေရေးအတွက် အဟန့်အတားအဖြစ် အသုံးဝင်နေဆဲဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

“မြန်မာပြည်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ ကြိုတင်လေ့လာ ဆန်းစစ်ချက်တွေလုပ်နေပါတယ်။ အဲဒီဆန်းစစ်ချက်တွေထဲမှာ ဒေသခံတွေသဘောမတူရင် မိုင်းရှင်းလင်းရေးမလုပ်ဘူးဆိုတဲ့ အချက်ကိုလည်း ထည့်ထားပါတယ်” ဟု မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှမြေမြှုပ်မိုင်းရှင်းလင်းရေးအတွက် လုပ်ဆောင်နေသည့် တာဝန်ရှိသူကပြောသည်။

ဒေသခံအများစုက မြေမြှုပ်မိုင်းများမရှိခြင်းက ပိုကောင်းသည်ဟု လက်ခံသော်လည်း အချို့ကမူ လက်နက်ကိုင်တပ်ဖွဲ့များ၏ အနိုင်ကျင့်မခံရစေရေး၊ မိမိတို့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို ကာကွယ်စေရေးတို့အတွက် မဖယ်ရှားစေလိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

မြေအောက်ထဲက မြေမြှုပ်မိုင်းများ ပြန်လည်ဖော်ရေးအတွက် အရေးအကြီးဆုံးအချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်ပြီးခိုင်မာသောအာမခံချက်ရရှိရန်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်များအတွက် မြေမြှုပ်မိုင်းများ ပြန်ဖော်ရေး၏ နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အကြောင်းတရားများ ရှိနေသေးကြောင်း လက်နက်ကိုင်များကပြောသည်။

“အပစ်အခတ်ရပ်စဲထားတာလေ။ အခုငြိမ်းချမ်းရေးဆိုတာက လမ်းခုလတ်မှာပဲ ရှိသေးတယ်။ ကိုယ်ပိုင်အချုပ်အခြာပြဋ္ဌာန်းခွင့်နဲ့ အလုံးစုံငြိမ်းချမ်းရေးရမှ မိုင်းတွေအားလုံးပြန်ဖော်ချင်တယ်” ဟု ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဦးလောဟိန်းစိုးက ပြောသည်။

လက်ရှိတွင် အမေရိကန်အပါအ၀င် နိုင်ငံအချို့က မြေမြှုပ်မိုင်း အန္တရာယ်ကာကွယ်ရေး၊ ဖယ်ရှားရေးအတွက် ကမ်းလှမ်းကူညီမှုများ ရရှိနေသော်လည်း အလုံးစုံအပစ်အခတ်ရပ်စဲရေးသာမက ငြိမ်းချမ်းရေးမရရှိသေးသရွေ့ မိမိတို့တပ်များ၏ လုံခြုံရေးအရမိုင်းဖယ်ရှားပေးရန် အလိုမရှိသေးကြောင်း ၎င်းကပြောသည်။

အခြားတိုင်းရင်းသားအင်အားစုများကလည်း အဆိုပါအချက်ကို သဘောတူကြသည်။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ကလည်း မြေမြှုပ်မိုင်းပြန်လည်ရှာဖွေဖော်ထုတ်ရေးသည် နိုင်ငံရေးဖြစ်စဉ်များနှင့် ဆက်နွှယ်နေကြောင်းထောက်ခံ ပြောဆိုသည်။

နိုင်ငံရေးအရ ဆွေးနွေးပွဲများ အောင်မြင်ပြီး စိတ်ချရသော အခြေအနေရောက်ပါမှ မြေမြှုပ်မိုင်းဘက်သို့ ခြေဦးလှည့်မည်ဟုဆိုသော်လည်း အမှန်တကယ်မြေမြှုပ်မိုင်းဖော်ရေး အကောင်အထည်ဖော်ပါက အခက်တွေ့မည့် အချက်က လက်နက်ကိုင်အဖွဲ့ပေါင်း သောင်းခြောက်ထောင်က မည်သည့်နေရာတွင် မြေမြှုပ်မိုင်း မြှုပ်နှံခဲ့သည်ကို တိကျသည့် မြေပုံမှာ ရှားပါးလွန်းခြင်းဖြစ်ကြောင်း မြေမြှုပ်မိုင်းဆန့်ကျင်ရေး လှုပ်ရှားသူများကပြောသည်။

ရှိသောမြေပုံများမှာလည်း တစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ လက်ထဲမရောက်စေရေးအတွက် အထူးလျှို့ဝှက်ထားကြသည်။

ဒေသတွင်းလုံခြုံရေးနှင့် တပ်ဘက်ဆိုင်ရာလုံခြုံရေးအတွက် အစိုးရနှင့် အပစ်အခတ်မရပ်စဲမီ ယနေ့အထိ မိမိတို့တပ်စခန်းမှ ထောင်ထားသည့် မြေမြှုပ်မိုင်းများ၏ မြေပုံကိုစနစ်တကျသိမ်းဆည်းထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်သေးသရွေ့ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအဖြစ် ယင်းမြေပုံများကို ဆက်လက်သိမ်းဆည်းထားဦးမည်သာဖြစ်ကြောင်း ဦးလောဟိန်းစိုးကဆိုသည်။

မြေပုံမရှိဘဲ မိုင်းမြှုပ်ထားသည့် ဖြစ်စဉ်များသည် အခြားလက်နက်ကိုင်များသာမက အစိုးရ၏ တပ်ဖွဲ့ဝင်များပင်ပြုလုပ်လေ့ရှိကြောင်း စွပ်စွဲမှုများလည်းရှိသည်။ 

တပ်မတော်က အများဆုံး မိုင်းထောင်ခြင်းမှာ မိမိတို့စခန်းတွေကို ကာကွယ်ရန်အတွက် စခန်းအနီးကတောင်ကုန်းနှင့် စခန်းခြံစည်းရိုး အရှေ့ဘက်များတွင် ထောင်လေ့ရှိကြောင်း၊ စွန့်လွှတ်မိုင်းထောင်ခြင်းမှာ နည်းပါးကြောင်း၊ တစ်ခါတစ်ရံ တစ်ဖက်အဖွဲ့နယ်မြေထဲကို ၀င်ရောက်စစ်ဆင်ရေးလုပ်ပြီး ပြန်ထွက်လာသည့်အခါ နောက်ကလိုက် မတိုက်နိုင်အောင် ကာကွယ်သည့်အနေဖြင့်စွန့်လွှတ် မိုင်းထောင်ခဲ့သည်က လွဲပြီး စွန့်လွှတ်မိုင်းထောင်လေ့မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“နိုင်ငံတကာ ကျင့်စဉ်များအရ ပဋိပက္ခတစ်ခုပြီးဆုံးသွားရင် မိုင်းရှင်းလင်းရေး (De Mining) ကို လုပ်ရပါတယ်။ အဲဒီမှာအခက်ခဲဆုံးက စွန့်လွှတ်မိုင်းများပဲဖြစ်ပါတယ်။ များသောအားဖြင့် တစ်ဖက်အဖွဲ့အစည်းများက ပြောက်ကျားစနစ်နဲ့ ထောင်ခဲ့တာဆိုတော့ မှတ်တမ်းမရှိသလောက်ဖြစ်ပါတယ်” ဟု တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးရဲထွဋ်က ပြောသည်။

တစ်ပြည်လုံးရှိ မြေမြှုပ်မိုင်းများကို အလုံးစုံဖယ်ရှားရေးမှာ အလွန်ထိလွယ်ရှလွယ်ဖြစ်နေပြီး နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပေါ်တွင် မူတည်နေကြောင်း MPC မှ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် လုပ်ဆောင်နေသည့် တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်ကမြှုပ်နှံခဲ့သော မိုင်းအရေအတွက်မည်မျှရှိသည် မည်သည့်နေရာများတွင် ရှိနေကြောင်း ပြောဆိုရန်မှာခက်ခဲသကဲ့သို့ အဆိုပါမိုင်းများကို မည်သည့်အချိန်တွင် အလုံးစုံပြန်လည်ဖော်ထုတ် ဖယ်ရှားနိုင်မည်ဆိုသည်မှာလည်း အဖြေရှာခက်ခဲလှသော မေးခွန်းတစ်ရပ်ဖြစ်သည်။

သို့သော်လည်း စာရင်းဇယားများ၏ ဖော်ပြချက်များအရဆိုလျှင် အနည်းဆုံး နောက်ထပ် ၃၂ နာရီ ကြာတိုင်း လူတစ်ယောက်မှာ မိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်ရဦးမည်ဖြစ်သည်။

ဓာတ်ပုံ- အေအက်ဖ်ပီ

အိမ်ပြန်ချိန်တွေ တကယ်နီးပြီလား

Photo: အိမ်ပြန်ချိန်တွေ တကယ်နီးပြီလား
------------------
ရေးသားသူ- အေးမြကျော်

သိမ်းဆည်းထားသည်မှာ ၂၂ နှစ်ပင်ရှိပြီဖြစ်သော အိမ်ရှင်မထံမှ မင်္ဂလာ ဦးလက်ဆောင်အဖြစ် ရရှိထားသည့် လချိတ်ရိုးရာအဖြူရောင်ဝတ်စုံရှည်ကို  ဦးလွမ်းခေါင်က  ၀တ်ဆင်ထားသည်။ ဇိုင်ဝါးရိုးရာဝတ်စုံဝတ်ထားသော မိတ်ဆွေဖြစ်သူ ဓမ္မဆရာနှင့်အတူ  ရယ်မောကာ စကားတွေဖောင်ဖွဲ့နေကြသည်။
 
ခဏနေလျှင်တော့ ၀ိုင်းမော်မိုင်းနား စစ်ဘေးဒုက္ခသည်စခန်းမှအတူနေ မိတ်ဆွေ၊ ဆွေမျိုးပေါင်း ငါးရာကျော်နှင့် အတူ ဆယ့်ငါးမိနစ် လမ်းလျှောက်လျှင် ရောက်မည့် လမ်းမဘေးသို့ သွားကာ သူတို့ စောင့်မျှော်နေသူများကို ကြိုဆိုကြ ပေလိမ့်မည်။ သူတို့စောင့်မျှော်နေ သည်မှာ မြစ်ကြီးနားမြို့တွင် ငြိမ်း ချမ်းရေးဆွေးနွေးရန် လိုင်ဇာမြို့မှ လာရောက်မည့် ကချင်လွတ်မြောက် ရေးအဖွဲ့ကိုယ်စားလှယ်များပါဝင် မည့် ယာဉ်တန်းဖြစ်သည်။
 
“ဒီလိုမပျော်တာ  ၂ နှစ်ရှိပါ ပြီ။ ဒီနေ့ကို နေ့ထူးနေ့မြတ်လို့မှတ်ယူလို့ ဒီရိုးရာဝတ်စုံကိုဝတ်တယ်။ ကျွန်တော်တို့ သွားကြိုမှာက အိမ်ပြန်ရတော့မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ခေါင်းဆောင်တွေကိုသွားကြိုမှာပေါ့” ဟု သူ၏၀တ်ရုံရှည်ကို လက်ဖြင့်ဆွဲမြှောက်ပြရင်း အသက်(၄၅)နှစ်အရွယ် အိမ်ထောင်ဦးစီး ဦးလွမ်းခေါင်ကပြောသည်။ ကချင်ပြည်နယ်၏ မြို့
တော်မြစ်ကြီးနားတွင်  ပထမဆုံးအနေနှင့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့  တွေ့ဆုံဆွေးနွေးသွားကြမည်ဟု သတင်းကြားပြီးကတည်းက  ဦးလွမ်းခေါင်အပါအ၀င် ကချင်ပြည်နယ်တစ်ခုလုံးမှ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်း ရှောင်နေရသူတို့အဖို့ အိမ်ပြန်ရတော့မလားဟူသည့် မျှော်လင့်ချက်ရောင်ခြည်များသန်းလာခဲ့ကြသည်။ အချို့ကတော့ ဆွေးနွေးပွဲ တစ်ခါလုပ်ပြီးတိုင်း ထူးခြားမလာဟုမှတ်ယူကာ မျှော်လင့်ချက် မထားသူများလည်းရှိလေသည်။
 
၁၇ နှစ်ကြာအပစ်အခတ်ရပ်စဲထားပြီးမှ ၂၀၁၁ခုနှစ် ဇွန် ၉ ရက်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့
သည်မှာ  ဇွန် ၉ ရက်တွင်    ၂နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်သည်။     ၂နှစ်ကြာတိုက်ပွဲများက ကချင်ပြည်
နယ်တွင်းတွင်  စစ်ဘေးဒုက္ခသည် ပေါင်း တစ်သိန်းကျော်ကို အိုးအိမ်စွန့်ခွာထွက်ပြေးစေခဲ့သည်။   ၂နှစ်
အတွင်း ကချင်ပြည်နယ်တွင်းနှင့်  ရှမ်းပြည်နယ်ရှိ နေရာအချို့တို့တွင် အိုးအိမ်များမှ မီးလောင်ပြင်အဖြစ်သို့ ပြောင်းလဲခဲ့ပြီး  လယ်ယာမြေထောင်ပေါင်းများစွာမှာလည်း ပိုင်ရှင်မဲ့ခဲ့ရသည်။
 
ယခင်က စားပွဲဝိုင်းထက် နှစ်ဖက်အကြိမ်ကြိမ်တွေ့ဆုံခဲ့ရာတွင် နိုင်ငံပြင်ပတရုတ်နိုင်ငံတွင်သာဖြစ်ခဲ့ရာမှ မေ ၂၈ ရက်တွင် မြစ်ကြီးနားမြို့၌ အစိုးရနှင့် ကေအိုင်အိုတို့ သုံးရက်ကြာတွေ့ဆုံဆွေးနွေးကာ အချက်ခုနစ်ချက်ပါဝင်သော သ ဘောတူညီမှုတစ်ခုကို လက်မှတ်ထိုးနိုင်ခဲ့ကြသည်။ ယခုအကြိမ်တွင် ပထမဆုံးအနေနှင့်လည်း နှစ်ဖက် ခေါင်းဆောင်များက စစ်ဘေးဒုက္ခသည်များအရေးကိစ္စကို ထည့်သွင်းကာ အလေးပေး ဆွေနွေးခဲ့ကြသည်။
 
စစ်ဘေးဒုက္ခသည်များဘ၀ ပြန်လည်ထူထောင်ရေးကို နှစ်ဖက်ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက် သွားရေးကို သဘောတူညီချက်တွင် နံပါတ် ၄ နေရာ၌ ထည့်သွင်းသဘော တူညီခဲ့ကြသည်။
 
ထိုအချက်ကပင်   ဒုက္ခသည်စခန်းများအတွင်းမှ  အိမ်ပြန်ချိန်ကို စောင့်မျှော်နေသူများအား    အားတက်စေခဲ့သည်။
 
ပြီးခဲ့သော ဒီဇင်ဘာလကမှ ဒုက္ခသည်ဘ၀ ရောက်ရှိခဲ့သော ကလေးနှစ်ဦးမိခင် မခွန်ရာကလည်း
ယခုဆွေးနွေးပွဲက အိမ်ပြန်ရန်ချက်ချင်း မစွမ်းသာသော်လည်း သူမနှင့် ဘ၀တူအဖော်များအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ ဆောင်ယူလာပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။ မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် စစ်ရှောင်စခန်းသို့ကလေး  နှစ်ယောက်လက်ကိုဆွဲကာ ရောက်ရှိလာခဲ့သည့် မခွန်ရာသည်
လိုင်ဇာမြို့အနီးတွန်ဖွန်းရွာမှ ဖြစ်သည်။ တိုက်ပွဲများအရှိန်မြင့်ကာ လေကြောင်း  ပစ်ကူတိုက်ခိုက်ခဲ့သည့် ဒီ ဇင်ဘာလအတွင်းက လေယာဉ်များ ၎င်းတို့ရွာပေါ်မှ ၀ဲပျံကာ ဗုံးကြဲချသည်ကို   မြင်ပြီးကတည်းက ရွာမှ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့သည်မှာ ငါးလခန့်ကြာမြင့်ပြီဖြစ်သည်။ ဖရဲခင်းစိုက်ကာ အသက်မွေးကြသော ၎င်းတို့ရွာတွင် ဒီဇင်ဘာလ ၂၇ ရက်က ဖရဲခင်းအတွင်းလက်နက်ကြီးကျကာ အသက်သေဆုံးသည်အထိဖြစ် ခဲ့ပြီးနောက် ၎င်းတို့ရွာလည်းလူသူ ကင်းမဲ့ခဲ့သည်။ 
 
၎င်းတို့ရွာကဲ့သို့ လူသူကင်းမဲ့ သည့် ရွာများအရေအတွက်မှာ ၂နှစ်တာစစ်ပွဲအတွင်းရာဂဏန်းမျှပင်ရှိခဲ့ပြီဟု အတိအကျရေတွက်နိုင်ခြင်းမရှိသော်လည်း ခန့်မှန်းသူများက ခန့်မှန်းကြသည်။
 
သို့သော်   ထိုရွာများသို့ ပြန်လည်အခြေချကာ ကိုယ့်အိမ်ကိုယ်ရွာသို့ အချိန်တိုအတွင်း ပြန်နိုင်ရေးမှာမူ မဖြစ်နိုင်သေးဟု စစ်ဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသူများကပြောဆိုကြသည်။ တစ်သိန်းကျော်သော နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ    အိမ်ပြန်နိုင်ရေး အဓိကလိုအပ်ချက်မှာ နယ်မြေ လုံခြုံရေးဖြစ်သည်ဟု၎င်းတို့က ပြောဆိုကြသည်။
 
၂နှစ်တာကာလတစ်လျှောက်လုံး စစ်ဘေးဒုက္ခသည်များကို   ကူညီစောင့်ရှောက်ခဲ့သော ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အထွေ ထွေအတွင်းရေးမှူး  ဒေါက်တာခလမ်ဆမ်ဆွန်က “အထူးသဖြင့် နေရပ်ပြန်မယ်ဆိုရင် နယ်မြေလုံခြုံရေးက အဓိကပေါ့”ဟု မှတ်ချက်ပြုသည်။
 
အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးဒုက္ခသည်အရေအ တွက်အများဆုံးဖြစ်သော လူဦးရေ တစ်ထောင်ကျော်ရှိသည့် ၀ိုင်းမော် ဇုန်နယ်မိုင်းနားစစ်ရှောင်စခန်း၏ တာဝန်ခံလည်းဖြစ်သူ လူငယ်တစ် ဦးလည်းဖြစ်သည့် ဦခေါင်ဒေါင်ကလည်း ထိုအချက်ကိုပင် အလေးပေး ပြောကြားသည်။

“အိမ်ပြန်နိုင်ဖို့ဘာလိုအပ်လဲဆိုရင်တော့ နယ်မြေလုံခြုံမှုရှိဖို့လိုအပ်တယ် လို့ပြောရမယ်။ ဒုတိယ ကတော့ဟိုမှာ အသက်ရှင်နေထိုင်ဖို့ စားနပ်ရိက္ခာတွေနဲ့ ဘ၀ပြန်လည် ရပ်တည်နိုင်ရေးအတွက် လယ်ယာမြေတို့ စိုက်ပျိုးခြံတို့လိုမယ်”ဟု စစ်ဘေးဒုက္ခသည်များနေရပ်ပြန်ရေးအတွက် လိုအပ်ချက်များကို ဦးခေါင် ဒေါင်ကပြောကြားသည်။
 
၂နှစ်တာစစ်မြေပြင်ဖြစ်ခဲ့ရသော ကျေးရွာများတွင် ယခုတိုင်နှစ်ဖက်တပ်များ အသီးသီးတပ်စွဲထားကြဆဲဖြစ်သဖြင့် တိုက်ပွဲများမဖြစ်ပွားတော့သော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည့် အနေအထားဖြစ်သဖြင့် စစ်ဘေး
ဒုက္ခသည်အများစုမှာ နေရပ်ပြန်ရေး စိတ်မအေးနိုင်သေးဘဲ ရှိနေသည်။ ထိုအချက်ကို နှစ်ဖက်ခေါင်းဆောင် များအနေနှင့် သေချာစွာဆွေးနွေး ညှိနှိုင်းအဖြေရှာသင့်ကြောင်း စစ် ဘေးဒုက္ခသည်များကို  အကူအညီပေးနေသူများက ပြောကြားသည်။
 
“သူတို့စိတ်ထဲမှာ ကြောက်တဲ့ စိတ်နဲ့ စိုးရိမ်စိတ်တွေ၊ ပြီးတော့ မယုံ ကြည်တဲ့စိတ်တွေ သိပ်များနေတုန်းပါပဲ။ လုံခြုံမှုကို အတိုင်းအတာ တစ်ခုအထိ အာမခံပေးနိုင်တဲ့ အနေ အထားမျိုးဖန်းတီးပေးဖို့လိုအပ်ပါတယ်”ဟုကေအိုင်အေ ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မြစ်ကြီးနား ဆွေနွေးပွဲအပြီးပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ဘေး
ဒုက္ခသည်များအရေးနှင့်  ပတ်သက်ပြီး ပြောကြားခဲ့သည်။
 
မေ ၂၈ ရက်မှ ၃၀ အထိသုံး ရက်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် စစ်ဘေးဒုက္ခသည်များအရေးကို ဆွေးနွေးခဲ့ကြပြီးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးထက် နှစ်ဖက်က အာမခံချက်ပေးနိုင်သော နေရာနှစ်နေရာ 
(သို့)သုံးနေရာကိုရွေးချယ်ကာ စနစ်တကျနှင့်နေရပ်  ပြန်နိုင်ရေးအကောင်အထည် ဖော်နိုင်အောင်  ဆွေးနွေးခဲ့ပြီး ဆက်လက်ဆွေးနွေးဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်ကစစ်ဘေး ဒုက္ခသည်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်များကို မျှဝေသည်။ 
 
၂၀၁၁ခုနှစ် ဇွန် ၉ ရက်မှ စ ကာ  အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တစ်ကျော့ပြန်လည် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂နှစ်ပြည့်ချိန်တွင် စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းကျော်ရှိနေပြီး အစိုးရထိန်း ချုပ်သော နယ်မြေများတွင်လေးသောင်းကျော်နှင့် ကေအိုင်အိုနယ်မြေတွင် ခြောက်သောင်းကျော်ရှိ မည်ဟု ခန့်မှန်းထားကြသည်။
 
ထိုတစ်သိန်းကျော်သော စစ်ဘေးဒုက္ခသည်များတွင် ရာခိုင်နှုန်းထက်ဝက်နီးပါးမျှမှာ  ၁၈ နှစ်အောက်
နှင့် ကလေးငယ်များဖြစ်သဖြင့် နှစ်နှစ်ကာလအတွင်း ထိုကလေးငယ်များ၏ပညာရေးမှာ များစွာထိခိုက်
နစ်နာခဲ့ရသည်။
 
နှစ်နှစ်ကာလအတွင်း အလုပ် လက်မဲ့ဖြစ်ပွားခဲ့သော စစ်ဘေးဒုက္ခ သည်အမျိုးသားအချို့အတွက် စိတ်ထွက်ပေါက်မှာ မူးယစ်ဆေးဝါးသုံး စွဲခြင်းများဖြစ်လာခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်အချို့မှာလည်း လူမှုရေးပြဿနာများကြောင့် အဖမဲ့ကာ အိမ်ထောင်ဦးစီးပျောက်သွားခဲ့သူများ တစ်ပုံတစ်ပင်။
 
ဝိုင်းမော်မြို့နယ် အတွင်း ဒုက္ခသည်စခန်းတစ်ခုမှ ကလေးသုံးဦး မိခင်ဖြစ်သော ရှမ်းအမျိုးသမီး တစ်ဦးက ခင်ပွန်းဖြစ်သူမှာ ဗန်းမော်မြို့သို့ အလုပ်လုပ်ရန် ထွက်ခွာသွားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ နောက်အိမ်ထောင်ပြုသွားပြီး စာမလာသတင်းမကြားသည်မှာ ယခုအချိန်ထိဖြစ်ကြောင်း သတင်းမေးလာသူကို မျက်ရည်များသုတ်ရင်း ပြောနေသည်။ နှစ်လသားသားငယ်ကို ပုဆိုးဖြင့် ခါးထစ်ခွင်ချီပိုးရင် ညစာပြင်ဆင်နေသော ၎င်းက သတင်းမေးလာသူကို ဖြေကြားပြီး မိနစ်အနည်းငယ်ကြာတွင်တော့ ၀မ်းနည်းစွာ ငိုကြွေးပါတော့သည်။

၎င်းကဲ့သို့ လူမှုရေးပြဿနာများနှင့် ရင်ဆိုင်နေရသူများက အခြားနေရာအတော်များများတွင် လည်းရှိပြီး ထိုလူမှုရေးပြဿနာများက စစ်အနိဋ္ဌာနရုံများကို ရှောင်ပြေးလာသူများကို ဒုက္ခများထပ်ပိုးပေးသလိုဖြစ်လျှက်ရှိသည်။
 
ထို့အပြင်ဒုက္ခသည်စခန်းအတော်များများမှာ နေရာကျဉ်းကျဉ်းတွင် လူများများဆံ့အောင် ဆောက် လုပ်ထားကြရသည်ဖြစ်ရာ အိမ်ထောင်စုတစ်စုနှင့်တစ်စု၊ အချင်းချင်းပြဿနာဖြစ်ပွားခြင်းများကို မကြာ
ခဏဖြေရှင်းပေးရကြောင်း မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ရှိ  စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောကြားသည်။
 
ထို့ကြောင့် ထိုသူများ နေရပ်ပြန်ရေးအရေးကြီးသလို သူတို့၏ ဘ၀များပြန်လည်ထူထောင်ရေးကိုလည်း အစိုးရနှင့် ကေအိုင်အိုတို့ စနစ်တကျ အဖြေရှာပေးသင့် ကြောင်းလည်း ကူညီပေးနေသူများ က တိုက်တွန်းကြသည်။
 
၂နှစ်တာကြာ ဒူးနှင့်မျက်ရည်သုတ်ကာ ရည်မှန်းချက်၊ ဘ၀မျှော်လင့်ချက်မှေးမှိန်ကာ မိမိတို့အိုးအိမ်များတွင် နေထိုင်ရာမှ ၁၀ ပေလည် အခန်းကျဉ်းများ ရောက်ခဲ့ရသည့် စစ်ဘေးဒုက္ခသည်များအတွက် မြစ်ကြီးနားဆွေးနွေးပွဲသည် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်သန်းလာစေခဲ့သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)