Tuesday, July 16, 2013

ပြဇာတ်၊ မျက်လှည့်နှင့် နိုင်ငံရေး ဇာတ်ပွဲကြီး


Written by ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်မြို့ တညင်းကုန်းဘူတာသို့ ကုန်စိမ်းရထား ဆိုက်ရောက်ပြီးနောက် မြင်ကွင်း (ဓာတ်ပုံ-၀င်းမြင့်ကျော်)
လူတချို့က မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု များကိုကြည့်ပြီး ပြဇာတ်ကောင်းကောင်း တစ်ပုဒ်ကို ကြည့်နေရသည်နှင့် တူသည်ဟု ဆိုသည်။ လူတချို့က မြန်မာ့အသွင် ကူးပြောင်းရေးကိုကြည့်ပြီး မျက်လှည့်လက်လှည့်ပွဲ ကြည့်နေရသကဲ့သို့ ခံစားရသည်ဟု ဆိုသည်။ လူတချို့က မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ထိုင်ကြည့်ရသည်မှာ ဇာတ်ပွဲကြီးတစ်ခုကို ထိုင်ကြည့်နေရသည်နှင့် ဆင်တူသည်ဟု ဆိုသည်။ အကယ်စင်စစ် နိုင်ငံရေးတို့ မည်သည်ပြဇာတ်အသွင်၊ မျက်လှည့်အသွင်၊ ဇာတ်ပွဲအသွင် ရှိနေတတ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်သော်လည်း ကြည့်ကောင်းဖို့ လိုသည်ဟုလည်း နိုင်ငံရေးက၀ိ အချို့က ဆိုကြသည်။ မည်သို့ပင်ဆိုစေ ပြည်သူကိုမည်၍မည်မျှ အကျိုးပြုသည်ဟူသော အချက်နှင့်သာ အဆုံးသတ်တွင် အကဲဖြတ်ရမည် ဖြစ်သည်။
လက်ရှိသမ္မတ ဦးသိန်းစိန်၊ လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန် ကာလတွင် သမ္မတအဖြစ် ရွေးချယ်ခံလိုကြောင်း အတိအလင်း ထုတ်ဖော်ပြောထားကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဦးဆောင်မည့်သူ ဖြစ်သည်။ ထို့ကြောင့် ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးပွင့်ဆိုင်နိုင်ငံရေး ယှဉ်ပြိုင်မှုဟု သတ်မှတ်နိုင်မည် ဖြစ်သည်။
ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးပွင့်ဆိုင် ဆက်ဆံရေးသည် ထင်သလောက် မချောမွေ့သည်မှာ အထင်အရှား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် အားလျော်စွာ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် အပါအ၀င် လွှတ်တော်အသိုင်းအ၀ိုင်းနှင့် နီးစပ်မှု ပိုရှိသည်ကို တွေ့ရသည်။ အတည်မပြုနိုင်သော သတင်းများအရ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးသည် နိုင်ငံရေးအရ ယုံကြည်မှုနှင့် နားလည်မှု မြင့်မားနေသည်သာမက ပုဂ္ဂိုလ်ရေးအရလည်း မောင်ရင်းနှမပုံစံ ဆက်ဆံရေး ရှိနေသည်ဟု ဆိုကြသည်။ မြန်မာ့နိုင်ငံရေး၏ အစဉ်အလာ သဘောသဘာဝအရ ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်မှုများသည် နိုင်ငံရေးအပေါ် သက်ရောက်မှု အားကောင်းသည့်အလျောက် မောင်နှမပုံစံ ရင်းနှီးမှုသာ မှန်ကန်ခဲ့ပါက အဆိုပါ ရင်းနှီးမှုသည် အနာဂတ် နိုင်ငံရေးလမ်းကြောင်းတွင် လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ကြီးစွာအထောက်အပံ့ ဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်နိုင်သည်။
နောက်ကြောင်းပြန် သုံးသပ်ကြည့်လျှင် သမ္မတဦးသိန်းစိန် အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံမည်ဟု တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည့် နောက်ပိုင်းမှစ၍ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးမှာ အထူးနီးစပ် ကောင်းမွန်လာခဲ့ပြီး နှစ်ဦးနှစ်ဖက် နားလည်မှုနှင့် ယုံကြည်မှုတို့သည်လည်း အလျင်အမြန် မြင့်တက်လာခဲ့သည်ဟု သုံးသပ်နိုင်သည်။ သမ္မတ ဦးသိန်းစိန်၏ ဒုတိယသက်တမ်း ပြန်အရွေးခံနိုင်ဖွယ် မှတ်ချက်သည် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ယုံကြည်မှုနှင့် နားလည်မှု မြင့်မားလာစေရေးအတွက် တွန်းအားဖြစ်စေ ခဲ့သည်ဟုပင် မှတ်ချက်ပြုနိုင်သည်။ တွန်းပို့ခဲ့လေသလားဟုပင် သံသယ မှတ်ချက်များကိုလည်း ကြားသိနေရသည်။
၂၀၁၅ ခုနှစ်အလွန် ပေါ်ပေါက်လာဖွယ် ရှိနေသည့် ညွန့်ပေါင်းအစိုးရ အဖွဲ့သည် မြန်မာပြည်သူ လူထုကြီး၏ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပညာရေး အဆင့်အတန်း မြင့်မားရေး၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်၊ လက်တွေ့ကျကျ၊ အပြောနည်းနည်း၊ အလုပ်များများ အကောင်အထည် ဖော်လာနိုင်မည် ဆိုပါက . . . . .
မြန်မာ့နိုင်ငံရေး၏ ထိပ်သီးပါတီကြီးနှစ်ခုမှ ဥက္ကဋ္ဌနှစ်ဦးအကြား ထူးခြားသော၊ လေးနက်သော ဆက်ဆံရေးကို အကြောင်းပြုလျက် ညွန့်ပေါင်းအစိုးရဆိုသည့် အသံသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း အတော်ဆူဆူညံညံ ထွက်ပေါ်လာခဲ့သည်။ ဥက္ကဋ္ဌကြီး နှစ်ဦးအကြား လက်ရှိအနေအထားအပေါ် အခြေပြု စဉ်းစားလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် ကာလတွင် ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်ခြေမှာ အလွန်အမင်း မြင့်မားလျက် ရှိနေသည်ဟု မှတ်ချက်ပြုနိုင်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် အစိုးရအဖွဲ့ကို မည်သို့ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ရမည် ဖြစ်သည်။ ထို့ကြောင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးတွင် မည်သူသမ္မတဖြစ်မည်က ပိုမိုအရေးကြီးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်လိုသဖြင့် သမ္မတဖြစ်နိုင်လျှင် ဖြစ်လိုကြောင်း အဆိုပြုခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အထမမြောက်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတမဖြစ်နိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အချိန်မီ မပြင်နိုင်သဖြင့် သမ္မတ မဖြစ်နိုင်သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ် နေရာအများစု အနိုင်ရရှိရန် အလားအလာမှာ မြင့်မားနေဆဲဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဆိုပြုသူသည် သမ္မတဖြစ်လာနိုင်သည့် အလားအလာမှာ မြင့်မားနေသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးဦး သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦးကို သမ္မတတာဝန် ရယူနိုင်ဖို့အထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုကိုလည်း ယနေ့အချိန်အထိ မမြင်တွေ့ရသေးပေ။
ထိုအခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မိမိပါတီထဲမှ တစ်ဦးဦးကို သမ္မတလောင်း သတ်မှတ်သည်ထက် တပ်မတော်နှင့်လည်းနီးစပ် သူမနှင့်လည်း နားလည်မှု ယုံကြည်မှုလည်းရှိသော သူရဦးရွှေမန်းကို သူမကိုယ်စား သမ္မတအဖြစ် အဆိုပြုလာနိုင်ဖွယ် ရှိသည်ဟုလည်း လေ့လာသူ အချို့က မှတ်ချက်ပြုကြသည်။ သူရဦးရွှေမန်း အနေဖြင့်လည်း ၂၀၁၅ ခုနှစ် မတိုင်မီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နားလည်မှု၊ ယုံကြည်မှု့ ကို ယခုထက် ပိုမိုခိုင်မာအောင် စနစ်တကျ တည်ဆောက်လာနိုင်ဖွယ် ရှိသည်မှာလည်း ငြင်းမရသော အချက်ဖြစ်သည်။
ပကတိ အခြေအနေကို ကြည့်လျှင်လည်း ကျန်သမ္မတလောင်း ဖြစ်နိုင်သူနှစ်ဦးအနက် သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်ပြီး သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်ဆက်ဆံမှု မရှိသည့်အပြင် နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေး အပိုင်းတွင်လည်း အားနည်းနေသည်ဟု ဆိုနိုင်သည်။ ထို့အပြင် သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်ထံမှ ယုံကြည်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားပြီးဖြစ်သည်။ အဆိုပါ သုံးသပ်ချက်အရဆိုလျှင် သူရဦးရွှေမန်းသည် တိုင်းပြည်အုပ်ချုပ်ရေး၏ အကြီးအကဲ သမ္မတ ဖြစ်လာနိုင်ဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ဥပဒေပြုရေး၏ အကြီးအကဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မောင်ရင်းနှမကဲ့သို့ ရင်းနှီးသူနှစ်ဦးအနက် တစ်ဦးက အုပ်ချုပ်ရေးကို ဦးဆောင်သည့်အချိန်တွင် တစ်ဦးက ဥပဒေပြုရေးကို ထိန်းကျောင်းသည့်အသွင် ပုံပေါ်လာနိုင်ဖွယ် ရှိနေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနှင့် ဒုတိယသမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်ရမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းနှင့် ကိုက်ညီလျှင် သမ္မတအဖြစ် ရွေးချယ်နိုင်မည် ဖြစ်သည်။ ဆက်စပ်စဉ်းစား ကြည့်မိသည်မှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွှတ်တော်နှစ်ရပ်စလုံးတွင် ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရရှိရန် အလားအလာကောင်းလျက် ရှိနေသည်။ ထို့ကြောင့် ပထမအဆင့် ဒုတိယသမ္မတ ဖြစ်ရေးနှင့် နောက်တစ်ဆင့် သမ္မတဖြစ်ရေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ၏ ထောက်ခံမှုသည် အလွန်ပဓာန ကျသည်ဟု မှတ်ချက်ပြုနိုင်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်ကာလ လွှတ်တော်အခင်းအကျင်း၌ သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်လာရေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုသည် သေရေးရှင်ရေးတမျှ အရေးကြီးလာဖွယ် ရှိနေသည်။ ထို့ကြောင့် သူရဦးရွှေမန်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နီးစပ်ရန်၊ အထူးသဖြင့် ပါတီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်နိုင်ရန် ဗျူဟာမြောက် ပုံဖော်လာခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။ အဆိုပါ သုံးသပ်မှုများသည် ဒီယုန်မြင်၍ ဒီချုံထွင်သည်ဟု မှတ်ချက်ပြုသည်အထိ ခရီးပေါက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ဒေါ်အောင်ဆန်းစုကြည် သြဇာလွှမ်းမိုးနိုင်မှုသည် မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် ပါတီခေါင်းဆောင်များက နိုင်ငံရေးပါတီ တစ်ခုလုံးအပေါ် သြဇာသက်ရောက်မှုများနှင့် နှိုင်းယှဉ်ဆန်းစစ်လျှင် အမြင့်မားဆုံးအဆင့်တွင် ရှိသည်ဟုပင် သုံးသပ်နိုင်ဖွယ် ရှိသည်။ ပါတီအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာညောင်းမှု မြင့်မားခြင်းသည် လာမည့်သမ္မတ ရွေးကောက်ပွဲတွင် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး တစ်သံတည်း ထွက်ရေးကို များစွာအထောက်အကူ ပြုမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့တွင် ယခုအစိုးရအဖွဲ့ထက် တာဝန်ထမ်းဆောင်ဆဲ တပ်မတော် အရာရှိကြီးများကို ကာကွယ်ရေးဦးစီးချုပ်၏ ခွင့်ပြုချက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ ၀န်ကြီးအဖွဲ့၌ တာဝန်ပေးလာနိုင်ဖွယ် ရှိနေသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။ လာမည့် ၂၀၁၄ ခုနှစ်တွင် သမ္မတဦးသိန်းစိန်သည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ)ဥက္ကဋ္ဌ တာဝန်များ ပိနေမည့်အချိန်တွင် သူရဦးရွှေမန်းအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်း ထောက်ခံမှု ပိုမိုရရှိနိုင်ရေး စနစ်တကျ ပုံဖော်လာနိုင်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်မှု တည်ဆောက်ရေး လမ်းကြောင်းကိုလည်း နောက်ထပ်တစ်ဆင့် ထပ်မြှင့်လာနိုင်ဖွယ် ရှိနေသည်ဟု ကောက်ချက်ပြုမှုများလည်း ရှိနေသည်။
သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်မှု၊ နားလည်မှုတို့ကို ဒရောသောပါး တည်ဆောက်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်နှင့် ယုံကြည်မှု၊ နားလည်မှုတို့ကို အလျင်စလို တည်ဆောက်ရန် အာသာပြင်းပြနေသည်ဟု ဆိုနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အဓိက ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်နှင့် နားလည်မှု တည်ဆောက်ရေး အစဉ်နှလုံးသွင်း အားထုတ်နေလင့်ကစား ယနေ့အထိ အလားအလာမှာ နည်းပါးနေဆဲ ဖြစ်သည်မှာ အထင်အရှား ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား ယုံကြည်မှု တည်ဆောက်ရေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အလုပ်သဘော တွေ့ဆုံဆွေးနွေးမှု အကောင်အထည် ဖော်ရေးသည် အလွန်အဓိက ကျသည်ဟု သုံးသပ်မိသည်။ လက်လှမ်းမီသလောက် သတင်းများအရ ယနေ့အချိန်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှု မရှိသေးပေ။ အဆိုပါ အခင်းအကျင်းတွင် သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်အကြား တွေ့ဆုံမှုများ၊ ထိတွေ့မှုများ အထူးသဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အလုပ်သဘော တွေ့ဆုံဆွေးနွေးမှုကို ကြားဝင်ပုံဖော် ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းအကြား ယုံကြည်မှုနှင့် နားလည်မှုသည် ပိုမိုမြင့်မားလာမည်မှာ ပြေးကြည့်စရာမလို တွေးကြည့်ရုံဖြင့် သိနိုင်သည့်ကိစ္စ ဖြစ်သည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့် တစ်ချိန်တည်းတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ယုံကြည်မှုနှင့် နားလည်မှုသည်လည်း ပို၍ပို၍မြင့်မား လာမည်မှာ မလွဲဧကန် ဖြစ်သည်။ အဆိုပါ အခင်းအကျင်းတွင် သမ္မတဦးသိန်းစိန် အနေဖြင့် ကျန်းမာရေး အခြေအနေကြောင့် နောက်တစ်ကြိမ် သမ္မတသက်တမ်းအတွက် ထပ်မံရွေးချယ် ခံတော့မည်မဟုတ်ကြောင်း ကြေညာချက်သည် ပေါ်ထွက်လာနိုင်ခြေရှိပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ သမ္မတ အရွေးခံမည် မဟုတ်ကြောင်း ကြေညာချက်ကို မရှေးမနှောင်း ထုတ်ပြန်လာနိုင်ခြေ ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်တစ်ခုကို သတိရမိသည်။ တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးအတွက်ဆိုလျှင် သူမကို အသုံးချမည် ဆိုပါကလည်း အသုံးချခံမည်ဆိုသော မှတ်ချက်ဖြစ်ပါသည်။ အဖေတူသမီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် ပေးဆပ်ရန် အဆင်သင့်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဈာန်ဝင်နေသော စိတ်ကူးများ၊ အစီအမံများ၊ အလုပ်များအားလုံးသည် တိုင်းပြည်နှင့် လူမျိုးကောင်းကျိုးအတွက် ဖြစ်သည်ကို မေးခွန်းထုတ်ဖွယ် မရှိပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေး တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးအတွက် အခြေခံကောင်းများ၊ အုတ်မြစ်ကောင်းများနှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကြီးကို စနစ်တကျ တည်ဆောက်နိုင်ရေးနှင့် မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် နိုင်ငံရေး သမားကောင်းများ ပေါ်ထွက်နိုင်ရေးတို့အတွက် နိုင်ငံရေး သမားဟောင်းကြီးများ၊ ပြည်တွင်းပြည်ပ ပညာရှင်များတို့နှင့် လက်တွဲလျက် စီမံချက်ချ မှတ်ဆောင်ရွက်နိုင်မည်ဆိုလျှင် အတိုင်းထက်အလွန် ကောင်းလေစွဟုပင် မှတ်ချက်ပြုမိပါသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် မျက်မှောက်မြန်မာ့နိုင်ငံရေးတွင် ပြဇာတ်၊ မျက်လှည့်နှင့် ဇာတ်ပွဲအသွင်များ ပူးကပ်ဝင်နေသည်ဟု သုံးသပ်မှုများသည် အခြေအမြစ် ရှိကောင်းမှ ရှိနိုင်မည် ဖြစ်သည်။ သို့သော် ပစ်ပယ်ထား၍ မဖြစ်သော သုံးသပ်မှုဟုပင် ထင်မြင်မိပါသည်။ နိုင်ငံရေးသည် ကြွေတစ်လှည့်၊ ကြက်တစ်ခုန်ဆိုသော စကားကလည်း အတော်တာသွားပါသည်။ လူသည် နိုင်ငံရေးသတ္တ၀ါ ဖြစ်သည့်အားလျော်စွာ ပြည်သူလူထုအားလုံး အနေဖြင့် နိုင်ငံရေးကို စိတ်ပါဝင်စားလာရန်လည်း အထူးလိုအပ်လျက် ရှိသည်ဟု ထင်မြင်မိပါသည်။ မည်သို့ပင် ဆိုစေကာမူ ၂၀၁၅ ခုနှစ်အလွန် ပေါ်ပေါက်လာဖွယ် ရှိနေသည့် ညွန့်ပေါင်းအစိုးရ အဖွဲ့သည် မြန်မာပြည်သူ လူထုကြီး၏ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပညာရေး အဆင့်အတန်း မြင့်မားရေး၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားသွန်ခွန်စိုက်၊ လက်တွေ့ကျကျ၊ အပြောနည်းနည်း၊ အလုပ်များများ အကောင်အထည် ဖော်လာနိုင်မည် ဆိုပါက မြန်မာပြည်သူ လူထုကြီး၏ ရင်တွင်းကျေးဇူးစကားကို မလွဲမသွေ ကြားရမည့် ပထမဆုံး အစိုးရအဖွဲ့ ဖြစ်ကောင်းဖြစ်လာနိုင်ပါကြောင်း စေတနာရှေ့ထား စကားပါးလိုက်ရပါသည်။
Credit To Eleven Journal

Related Articles:

Post a Comment