Sunday, July 28, 2013

သတင်းလွတ်လပ်ခွင့် တိုက်ပွဲ



(အောင်စိုး)

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့် သတင်းမီဒီယာဥပဒေတို့ကို လွှတ်တော်သို့ တစ်ပြိုင်တည်းတင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်း ကောင်စီ (ယာယီ) တို့ သဘောတူညီချက် ရပြီးနောက်မှ ဦးစွာပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်သို့ ရုတ်တရက် တင်လိုက်ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ရာ နှစ်ဖက် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာခဲ့သည်။

ပြည်သူ့လွှတ်တော်သို့ ရောက်ရှိသွားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို လွှတ်တော် ကိုယ်စားလှယ်များ မှတစ်ဆင့် စာနယ်ဇင်းကောင်စီက ပြင်ဆင်ရန် ကြိုးပမ်းသော်လည်း အရာမထင် ဖြစ်ခဲ့ပြီး ယင်းနောက်သက်ဆိုင်ရာ မီဒီယာ အဖွဲ့အစည်းများက ယင်းကို တညီတညွတ်တည်း ကန့်ကွက်လိုက်သည်။

ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၁၈ ရက်နေ့က ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ပုံနှိပ်ဥပဒေတွင် မီဒီယာသမားများ၏ ကန့်ကွက်ထားခြင်းကို လွှတ်တော်ကိုယ်စားလှယ် များက မသိရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က ပြောကြားသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို သတင်းမီဒီယာသမား များနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ရေးဆွဲခဲ့သည်ဟု နားလည်ထားသောကြောင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အဲဒီတော့ မိမိတို့ ကန့်ကွက်ချင်တာဟာ ဘာတွေလဲ ဆိုတာကို ပြည်သူ့လွှတ်တော်ကို ပေးပို့ဖို့လည်း လိုပါတယ်။ အမျိုးသားလွှတ်တော်က ဒါကိုအတည်ပြုပြီးရင် ပြည်သူ့လွှတ်တော်ကို ပြန်ပို့ရမယ့် အနေ အထားရှိပါတယ်။ အဲဒီမှာ ဒီဘက်ကနေပြီးတော့ မိမိတို့လုပ်နိုင်သလောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ဦးက အဆိုပြန်လည် တင်ပြလာမယ်ဆိုရင် ပြန်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

စာနယ်ဇင်းကောင်စီကို ကြိုတင်အသိပေးခြင်း မရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း၊ လွှတ်တော်တွင် ဆွေးနွေး အတည်ပြုသည့်အခါ ကြိုတင်ညှိနှိုင်း သဘောတူထားခဲ့သော စာနယ်ဇင်းကောင်စီ၏ ပြင်ဆင်ချက်များ မပါဝင်ခဲ့ခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ မရိုးသားသော လုပ်ရပ်များ ဖြစ်ရပ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနိုင်ငံ တို့ထက် သတင်းမီဒီယာ လွတ်လပ်ခွင့် အညွန်းကိန်း နိမ့်ကျနေသော မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိပါက ၁၉၆၂ ပုံနှိပ် ထုတ်ဝေ ဥပဒေထက် ဆိုးရွားသော အခြေအနေဖြစ်ပြီး စာပေစိစစ်ရေး ဖျက်သိမ်းသည် ဆိုသည်မှာ နာမည်ခံ ဆောင်ရွက်ပေးရုံသာ ဖြစ်ကြောင်း Eleven Media Group မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောကြားသည်။

သို့ဆိုလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းမှာ အမျိုးသားလွှတ်တော်တွင် မည်သို့ ခရီးဆက်မည်နည်း။

ယင်းကိစ္စနှင့် ပြန်ကြာရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများ မှတစ်ဆင့် သတင်းထုတ်ပြန် ခဲ့ရာတွင် စာနယ်ဇင်းကောင်စီ အနေနှင့် အခြေခံအကျဆုံး ဥပဒေကြမ်း Zero Draft ကို စတင်ရေးဆွဲရာ ဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ အနေနှင့် Zero Draft ရေးဆွဲရာတွင် ပါဝင်သင့်သည့် အချက်များကို လိုအပ်သလို ကိုးကား အသုံးပြုနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ရက်နေ့တွင် ပေးပို့အကြံပြုခဲ့ပြီး အထက်ဖော်ပြပါ အကြံပြုချက်များနှင့် Zero Draft အမြန်ပေးပို့ရန် ကိစ္စများကို စာနယ်ဇင်းကောင်စီသို့ လေးလေးစားစား ဆက်သွယ်ပေးပို့ အကြောင်းကြား ခဲ့သော်လည်း ကောင်စီအနေနှင့် လုံးဝပြန်ကြားမှု မရှိခဲ့ကြောင်း၊ သတင်းမီဒီယာ ဥပဒေကြမ်းတွင် မျှော်လင့်ထားသည့် အတိုင်းပင် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ လိုအပ်သော စည်းမျဉ်း စည်းကမ်းများ မပါရှိဘဲ ပုဒ်မ (၃၈) တွင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ဖျက်သိမ်းကြောင်းသာ ပါရှိသည့်အတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတစ်ခုကို ကြိုတင်ရေးဆွဲ၍ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း ဖော်ပြခဲ့သည်။

၂၀၁၃ မတ်လ ၂၃ရက်နေ့တွင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက “မှတ်ပုံတင် အရာရှိက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို တာဝန်ယူထားတယ် ဆိုတာနဲ့ ပတ်သက်ပြီး လုံးဝ သဘောမတူပါကြောင်း၊ မှတ်ပုံတင် အရာရှိကို တာဝန်များ ပေးထားခြင်းသည် ကြိုးနီစနစ် ဖြုတ်လို၍ ဖြစ်ကြောင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ အကြံပြုချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထည့်သွင်း စဉ်းစားနိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ တိတိကျကျ တင်ပြပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ပြင်ဆင်၍ ပေးပို့သည့် သတင်းမီဒီယာ ဥပဒေတွင် ၆၈ ချက်အနက် ၅၁ ချက်ကို လိုက်လျောလက်ခံပြီး ၁၇ ချက်မှာ နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်မှုမရှိခြင်း၊ ဝန်ကြီးဌာန၏ မူဝါဒနှင့် မကိုက်ညီခြင်းများကြောင့် ပြန်လည် ပြင်ဆင်ပေးပါရန် ညှိနှိုင်းဆောင်ရွက် ခဲ့ရသော်လည်း စာနယ်ဇင်းကောင်စီ (ယာယီ) က လက်ခံနိုင်ခြင်း မရှိကြောင်း ဇူလိုင် ၉ ရက်နေ့တွင် ပြန်ကြားလာသဖြင့် စာနယ်ဇင်းကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြပေးသွားမည် မဟုတ်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံစဉ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယခင်က သဘောတူညီ ထားသည့် အချက်အလက်များကို အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုသည့်အခါ ထည့်သွင်း အတည်ပြုရေးကို ရှင်းပြခဲ့ကြောင်း ဦးကျော်မင်းဆွေက ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးက ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ပုံနှိပ်ဥပဒေကို ပြန်လည် သုံးသပ်ပေးရန် အဆိုအဖြစ် တင်သွင်းခြင်းနှင့် စာနယ်ဇင်းကောင်စီက ရေးဆွဲသော သတင်းမီဒီယာ ဥပဒေတွင်လည်း ပုံနှိပ်ဥပဒေကို အခန်းတစ်ခု အနေနှင့်သာ ဖော်ပြရန် အဆိုပြုခြင်း စသည့်နည်းလမ်းကို ဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော် စာပေ၊ ယဉ်ကျေးမှုနှင့် အားကစားကော်မတီဝင် ဦးရဲထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာသော ဥပဒေကြမ်းများမှာ ဥပဒေကြမ်း ကော်မတီ တစ်ခုတည်းကသာ စိစစ်ရသဖြင့် ယင်းကော်မတီတွင် အလုပ်များ အဆမတန် များပြားနေရုံသာမက ဥပဒေကြမ်းကော်မတီ တစ်ခုတည်းအနေနှင့် ဆိုပါကလည်း ဘာသာရပ်အားလုံး ကျွမ်းကျင်မှုရှိမည် မဟုတ်ကြောင်း၊ ပုံနှိပ်ဥပဒေအရ လမ်းဘေး မိတ္တူကူးစက် လုပ်ငန်းများသည်ပင် မှတ်ပုံတင်ရန် လိုအပ်ပြီး ဥပဒေသတ်မှတ်ချက် တစ်ခုခုနှင့် ငြိစွန်းပါက ဒဏ်ငွေကျပ် သိန်းငါးဆယ်မှ သိန်းတစ်ရာအတွင်း ကျခံရမည်ဟု ပါရှိနေရာ အလွန် ပြင်းထန်လွန်းကြောင်း၊ ယင်းအချက်ကို ပြင်ဆင်သွားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည့်အတိုင်း ထပ်မံအတည် ပြုခဲ့ပါက မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်မှုမှာ နိုင်ငံတကာ၏ မေးခွန်းထုတ်ခံရမည့်အပြင် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လွှတ်တော်၏ ပုံရိပ်ကို ထိခိုက်စေမည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်များကို အသိပေးခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များထံမှ သိရသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဖိတ်ကြားမှုအရ နေပြည်တော်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ခုနစ်ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက နံနက်စာ မုန့်ဟင်းခါး၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံပြီး တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့ကြသည့်တိုင် ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စွန်းတစ်စပင် မဟခဲ့။

နှစ်ဖက်သဘောတူညီမှုဖြင့် တင်မည်ဟု ဆိုထားသည့် နောက်ထပ်ဥပဒေတစ်ခုမှာ သတင်းမီဒီယာဥပဒေ ဖြစ်သည်။

သို့သော် စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော ယင်းဥပဒေပါ အချက် ၁၇ ချက်ကို ပြင်မပေးပါက ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်သို့ မတင်ပေးနိုင်ဟု ဆိုလာပြန်သည်။

“ဝန်ကြီးကိုယ်တိုင် ကလည်း ပုံနှိပ်ဥပဒေကိုလည်း စိတ်တိုင်းကျ ပြင်ပေးပါ၊ လက်ခံပါ့မယ်၊ သတင်းမီဒီယာ ဥပဒေကို စိတ်တိုင်းကျ ရေးဆွဲပါ၊ ထောက်ခံပါ့မယ်လို့ ပြောခဲ့တာပါ။ ဇူလိုင် ၄ ရက်နေ့ကျမှ ၁၇ ချက်ကို ပြင်မပေးနိုင်ရင် Press Council (စာနယ်ဇင်းကောင်စီ) က ဆွဲတဲ့ သတင်း မီဒီယာဥပဒေကို လွှတ်တော်ကို မတင်ပေးနိုင်ဘူးလို့ စာပို့တယ်” ဟု ယင်းကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်သက်ထွေးက ဆိုသည်။

ယင်းကြောင့် စာနယ်ဇင်းကောင်စီက မူလရည်မှန်းထားသည့် နည်းအတိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးမှ တစ်ဆင့်သာ တင်သွင်းရန် ဆုံးဖြတ်လိုက်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ကမူ နိုင်ငံအတွင်း ပုံနှိပ်လုပ်ငန်းများစွာ ရှိသည့်အတွက် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းနှင့် သတင်းမီဒီယာတို့ ဥပဒေသီးခြားစီ ရှိသင့်ကြောင်း ပြောဆိုထားသည်။
သို့သော် ယင်းနှစ်မျိုးစလုံးသည် ခွဲခြား၍ မရကြောင်း သတင်းစာဆရာများက တညီတညွတ်တည်း ရှုမြင်ကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေနှင့် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးဌာန တစ်ခုအနေနှင့်သာ ရပ်တည်ရမည်ဖြစ်ပြီး သတင်းမီဒီယာများ အပေါ် အာဏာပိုင်အဖြစ် ပြုမူနေခြင်းနှင့် မီဒီယာဥပဒေများ ရေးဆွဲခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်ရန် မသင့်ကြောင်း ဂျပန် NHK သတင်းဌာနမှ ဦးသီဟက ပြောကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက်ပိုင်း လွတ်လပ်ပြီဟု ‘ဟင်း’ ချရန် ကြံခဲ့သော်လည်း မပြီးသေးသော တိုက်ပွဲကား ရှေ့ဆက်နေဆဲပင်။

ယင်းတို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနသည် စာပေကင်ပေတိုင်ဟု အမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စာပေစိစစ်ရေးကို ဖျက်သိမ်းခဲ့သော်လည်း အခြားတစ်ဖက်က ယင်းသို့သော ပုံသဏ္ဌာန်တစ်မျိုး ပြန်အသက်သွင်းရန် ကြိုးပမ်းနေသလောဟု သတင်းစာဆရာများ၊ သတင်းမီဒီယာ အသင်းအဖွဲ့များက မေးခွန်းထုတ်ကြသည်။

“ပြန်ကြားရေးအနေနဲ့ စာပေစိစစ်ရေး ရွှေထီးဆောင်းခဲ့တဲ့ခေတ်ကို မေ့ပစ်လိုက်ဖို့လိုပြီ” ဟု စာနယ်ဇင်းကောင်စီဝင် တစ်ဦးဖြစ်သူ ဦးရဲမင်းဦးက ဆိုလေသည်။

Credit To The Voice Weekly

Related Articles:

Post a Comment