လက်ဝှေ့ဝါသနာပိုး - နေလင်းအောင်



(၁)

ဗိန်းဗောင်းတိုက်သံကို ကြားလိုက်ရလျှင် ကျွန်ုပ်၏ ကိုယ်တွင် စွဲကပ်နေသည့် လက်ဝှေ့ဝါသနာပိုးသည် လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ လက်ဝှေ့မထိုးတတ်လင့်ကစား အရိုးအခြင်များ တောင့်တင်းလာ၏။ အသွေးအသားများ ဆူဝေလာ၏။ အနီ၊ အပြာခြယ် ကြိုးဝိုင်းထောင့်တို့တွင် နေရာယူထားသည့် ရိုးရာလက်ဝှေ့ကျော်တို့၏ ထီမထင်သော  မျက်နှာတို့ကို မြင်ယောင်မိသည်။ ယင်းတို့၏ လက်ပမ်းပေါက်ခတ်သံ တဖြောင်းဖြောင်းကို ကြားယောင်မိသည်။ ထို့ကြောင့် လုပ်လက်စအမှုကိစ္စတို့ကို ချောင်ထိုးထားခဲ့ပြီး ကြိုးဝိုင်းရှိရာဆီ အရောက်သွားခဲ့မိသည်မှာ အခါခါပင် ဖြစ်၏။ 

ဆိုင်းသံ ကျယ်ကျယ်လောင်လောင်၊ နှဲသံ စူးစူးဝါးဝါး၊ လက်ဝှေ့မှာ ဘုရင်၊ ယှဉ်ချင်လျှင် ထွက်ခဲ့၊ ပုဝါမကူ ရေမရှုကြေး၊ ကြိုက်ရာကိုရွေးဟဲ့ ကြောက်ရှုံး ကွဲရှုံး သက်လုံရှုံး၊ ရေကုန်ရေခန်း မကျန်၊ တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ထွက်ခဲ့စမ်း အစချီသည့် လက်ဝှေ့ကျော်တို့၏ ကြုံးဝါးသံကို ကြားလိုက်ရလျှင် လက်သီးလက်မောင်းတန်း၍ အာခေါင်ခြစ်ကာ အော်ဟစ်အားပေးမိသည်။

(၂)


ကျွန်ုပ်သည် ရာမညတိုင်းရှိ အပေါင်၊ ကျိုက်ထိုစသည့်မြို့ရွာတို့တွင် ကြီးပြင်းခဲ့သူဖြစ်ခြင်းကြောင့် ကိုယ်တွင်း၌ လက်ဝှေ့ပိုး စွဲကပ်နေသည်မှာ မဆန်းချေ။ အောက်ပြည်အောက်ရွာ သထုံခရိုင် အပေါင်၊ ဇင်းကျိုက်၊ ကော့ဘိန်း၊ ကော့ထင်း အစရှိသည့်ဒေသတို့သည်ကား လက်ဝှေ့ပွဲများ ထွန်းကားရာ အရပ်ဒေသများ မဟုတ်လော။ ထိုအရပ်ဒေသတို့တွင် လက်ဝှေ့ပွဲများကို တလင်းသိမ်းချိန်ရောက်သည့်နှင့် တပြိုက်နက် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ဘုန်းကြီးပျံ၊ ရှင်ပြု၊ ဘုရားပွဲ စသည့် ဘာသာရေးဆိုင်ရာ ပွဲတော်တို့တွင် လက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင် ဖြစ်၏။

စင်စစ် မြန်မာရိုးရာလက်ဝှေ့သည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းက ပိုင်ဆိုင်သော ကစားနည်းမဟုတ်ဘဲ၊ တိုင်းရင်းသားတိုင်း ဘုံအဖြစ် ပိုင်ဆိုင်သည့် ရိုးရာအမွေအနှစ် လက်နက်မဲ့ကိုယ်ခံပညာရပ်သာလျှင် ဖြစ်ချေသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ရှိခဲ့စဉ်က ရိုးရာလက်ဝှေ့သည် ထီးသုံးနန်းသုံး ကစားနည်းတစ်ခုအဖြစ် နေရာယူနိုင်ခဲ့သော်လည်း၊ ထီးကျိုးစည်ပေါက်ခဲ့ရပြီးနောက်တွင် မှေးမှိန်တိမ်ကော ခဲ့ရလေ၏။

ပင်းယခေတ်တွင် ထင်ရှားခဲ့သည့် သာသနာပိုင် အောင်စည်းခုံ သံဃရာဇာသည်  (အောင်စည်းခုံ သိင်္ခရာဇာ ဟုလည်း အဆိုရှိသည်။) ပြိုင်ဘက်ကင်းသည့် မြန်မာ့ လက်ဝှေ့ကျော်တစ်ဆူပင် ဖြစ်၏။ ပင်းယခေတ်တွင်သာမက အင်ဝခေတ်ရောက်သည်အထိ ကျော်စောထင်ရှားခဲ့သည့် မြန်မာ့လက်ဝှေ့ကျော် တစ်ဦးပင် ဖြစ်သည်။

အင်းဝမင်းခေါင်လက်ထက်တွင် အုန်းဘောင်စော်ဘွား (သီပေါစော်ဘွား) က လက်ဝှေ့အသတ်ကောင်းသော ရှမ်းကြီးတစ်ယောက်ကို အင်းဝသို့ ခေါ်လာပြီးလျှင် လက်ဝှေ့ယှဉ်ပြိုင် မော်ကွန်းတင်ကြအံ့ဟု မြန်မာမင်းအား ၀ံ့စားလာသည်။

ထိုစဉ်အခါက စစ်ကိုင်း၊ အင်းဝအရပ်တစ်ခွင်တွင် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးအား ယှဉ်ပြိုင်သတ်ဝံ့သူ မပေါ်ခဲ့ချေ။ အ၀သားတို့ အရှက်ရလုဆဲတွင် အင်းဝမင်းခေါင်သည် မှူးမတ်အပေါင်းတို့နှင့် စည်းဝေးပြီး လက်ဝှေ့ကျော်ဟောင်း အောင်စည်းခုံ သံဃရာဇာကို စုံစမ်းရှာဖွေစေသည်။ မှူးမတ်အပေါင်းတို့က အောင်စည်းခုံ သံဃရာဇာသည် အိုမင်းလှပြီဖြစ်သဖြင့် အုန်းဘောင်စော်ဘွား၏ လက်ဝှေ့ကျော်ရှမ်းကြီးနှင့် ယှဉ်ပြိုင်ထိုးသတ်စေရန် မသင့်လျော်ကြောင်း လျှောက်တင်ကြ၏။ သို့သော်လည်း အင်းဝမင်းခေါင်းသည် ရှေ့တော်သွင်းရန်ကိုသာ မိန့်တော်မူသည် ဟူ၏။

အောင်စည်းခုံသံဃရာဇာကို မင်းချင်းတို့ ရှာဖွေတွေ့ပြီးသော် အင်းဝနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုအခါ သံဃရာဇာသည် မင်းပရိသတ်တို့အလယ်တွင် ဤသို့ဆိုလေသည်။ ငါသည် အထက်မင်းများ လက်ထက်တော်အခါက ပျိုရွယ်စဉ်ဖြစ်၍ လက်ဝှေ့ကို ကျော်စောရုံမျှသာ သတ်သည်။ ယခုကား ငါ၏ အသက် ၆၉ နှစ် ရှိလေပြီ။ ဤပွဲတွင် ပြိုင်ဘက်အား သေအောင်သတ်မည်ဟု ကြိမ်းဝါးလိုက်လေ၏။

ထိုအခါ မင်းနှင့်ပရိသတ်တို့က အသက်သေအောင် ထိုးသတ်ခြင်း မပြုပါလင့်၊ တော်ရုံတန်ရုံမျှသာ ထိုးသတ်ပါဟု တောင်းပန်ကြလေ၏။ ထို့နောက် စကားကျောင်းတော် မော်ကွန်းစိုက်ရာ မုခ်တံခါးအရှေ့ ငါးတာခြားသည့် ကုန်း၌ လက်ဝှေ့ပွဲ ကျင်းပလေသည်။ လက်ဝှေ့ပွဲတွင် မင်းနှင့်တကွ မင်းညီမင်းသား စော်ဘွား စုံညီစွာ ရှုစားအားပေးကြသည်။

သံဃရာဇာနှင့် ရှမ်းကြီးတို့သည် လက်ဝှေ့မထိုးသတ်မီတွင် ကခုန်သီဆိုကြသည်။ လက်ဝှေ့ပွဲစသည်နှင့် တပြိုက်နက် သံဃရာဇာသည် ရှမ်းကြီးအား ခတ်သယောင်ပြုပြီး ခြောက်ကာလှန့်ကာ ညာလက်သီးဖြင့် ပြင်းစွာထိုးနှက်လိုက်လေရာ ထိချက်ပြင်းသောကြောင့် ရှမ်းကြီး၏မျက်နှာသည် အနောက်သို့ လည်ထွက်သွားလေ၏။

အုန်းပေါင်စော်ဘွားက သေသော်ပင် အမြင်ကောင်းသေးသည်။ ယခုသော် အမြင်မကောင်းပါတကားဟု ၀မ်းနည်းပက်လက် စကားဆိုရရှာသည်။ ထိုအခါ သံဃရာဇာသည် ရှမ်းကြီးအား ဘယ်လက်သီးတစ်လုံးဖြင့် ထပ်မံထိုးသတ်လိုက်လေရာ ၎င်းင်း၏မျက်နှာမှာ ရှေ့တွင် နေမြဲနေပြန်လေသည်။

ထိုအခြင်းအရာကို မြင်တွေ့ရသော မင်းပရိသတ်အပေါင်းက အံ့ဖွယ်သရဲ ရှိလှပေသည်ဟု ဆိုကြပြီးလျှင် သံဃရာဇာအား မြင်းနှစ်ကောင်၊ ဖျင်သုံးလိပ်နှင့် ငွေတစ်ပိဿာ ဆုလာဘ်ပေး၍ ချီးမြှင့်ကြသည်ဟု မြန်မာ့သမိုင်းတွင် အဆိုရှိခဲ့ဖူးသည်။

ထိုမျှသာမကသေး ယခုအခါပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် လေးဆယ့်ငါးကျပ်တန်တွင် တံဆိပ်ခတ်နှိပ်ကာ မော်ကွန်းတင်အပ်သည့် ရေနံမြေသပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးသည်လည်း လက်ဝှေ့ကျော်တစ်ဦးပင်ဖြစ်ပြီး ပထမကမာ်္ဘစစ်အတွင်း မက်ဆိုပိုတေးမီယား စစ်မြေပြင်၌် အသားမည်း နီဂရိုးစစ်သားတစ်ဦးကို မတရားအနိုင်ယူကာ ညှဉ်းဆဲသည့် မျက်နှာဖြူတပ်ကြပ်တစ်ဦးအား မြန်မာ့ရိုးရာ လက်ဝှေ့အတတ်ပညာကို ကျင်လည်စွာ အသုံးပြုပြီး ပညာပေးခဲ့ဖူးသေးသည်။

(၃)

အမနာပဆိုသူများက မြန်မာ့လက်ဝှေ့သည် အားကစားနည်းမဟုတ်၊ ကြမ်းတမ်းသည့် စီးချင်းထိုးပွဲ လူသတ်ပွဲဟု ပေါ့ပေါ့တန်တန် မှတ်ချက် ချတတ်သည်။ ယောက်ျားတိုင်းသည် အတိုင်းအတာအလျောက် ခွန်အား သတ်္တိနှင့် ပြည့်စုံကြမည်မှန်သော်လည်း စည်းဝိုင်းအလယ်တွင် တစ်ဦးချင်းရင်ဆိုင်ပြီး ယှဉ်ပြိုင်ကာ လက်ဝှေ့ထိုးသတ်ဝံ့သော သတ်္တိသည် လူတိုင်း မရှိနိုင်ပေ။ ပမာဆောင်ရသော် လူနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာတွင် ဒေါသအလျောက် ထိုးရဲသတ်ရဲ ရှိကြပေမည်။ သို့သော် ထိုသူနှစ်ယောက်အား ဒေါသပြေပျောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ထိုးသတ်စေပါက မထိုးသတ်ဝံ့ဘဲ ရှိကောင်း ရှိပေမည်။ ထို့ထက် စည်းကမ်းစနစ်ကျနစွာဖြင့် ထိုးသတ်ရသော လက်ဝှေ့ပွဲဆိုလျှင် ဝေးစွာပင် ရှောင်ရှားကြပေလိမ့်မည်။ လက်ဝှေ့ထိုးသတ်ခြင်းကား ထိုသို့ မဟုတ်မူပဲ သတိ္တဗျတ်္တိကို အခြေပြုပြီး ယောက်ျားတို့၏ စွမ်းရည်ကို ယှဉ်ပြိုင်သည့် အားကစားနည်း တစ်ရပ်သာလျှင် ဖြစ်သည်။

(၄)

ကျိုက်ထိုနယ်၊ ကင်မွန်းစခန်းကျေးရွာသည် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုန်းတန်ခိုးအာနုဘော်ကို အမှီပြုခြင်းကြောင့် လွန်စွာမှ စည်ကားသည့် ကျေးရွာကြီးတစ်ရွာဖြစ်၏။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ စခန်းချ နေနားရာဖြစ်ခြင်းကြောင့် အထူးပင် ထင်ရှားသည်။ 

ထိုကင်မွန်းစခန်းကျေးရွာတွင် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကြက်ပျံမကျ စည်ကားလှသည့် ကင်မွန်းစခန်း ကရင်နှစ်သစ်ကူး အာဝါဒေးပွဲမှာ ပဲခူး၊ သထုံ၊ ကျိုက်ထိုနယ် တစ်ဝိုက်တွင် အစည်ကားဆုံးသော ပွဲတော်တစ်ခုပင် ဖြစ်၏။

ထိုကရင်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် လက်ဝှေ့ပွဲကို ထည့်သွင်းကျင်းပသည်မှာ အစဉ်အလာပင်ဖြစ်သည်။ ရေး၊ မုတ္တမ၊ အစင်၊ ပဲခူး စသောဒေသများမှ မွန်၊ ကရင်၊ ပသျှူးလက်ဝှေ့ကျော်များသာမက သာစည်၊ တွံတေး၊ ညောင်တုန်းနယ် ကြက်တူရွေးသောင် စသည့်ဒေသများမှ ရိုးရာလက်ဝှေ့သမားများပါ လာရောက် ဆင်နွဲသည့် လက်ဝှေ့ပွဲပင် ဖြစ်၏။

(၅)

ဘုရားပွဲတော်ကာလဖြစ်သောကြောင့် ကင်မွန်းစခန်းရွာတွင် လူသူစည်းကားလှသည်။ ပွဲခင်းအတွင်း ဗိန်းဗောင်းသံ ညံလေပြီ။ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် လက်ဝှေ့ကျော်တို့သည် ပွဲခင်းအတွင်း ဟိုသည်လျှောက်၍ ယှဉ်ပြိုင်ထိုးသတ်ဘက်ကို ရှာကြကုန်၏။ တက်သစ်စ လက်ဝှေ့သမားငယ်တို့သည်လည်း မိမိတို့၏အစွမ်းကို ပြသနိုင်ရန်အတွက် အသားကုန်ပြင်ဆင် အားမွေးကာ နေကြကုန်၏။

ယနေ့ညတွင် ယှဉ်ပြိုင်ထိုးသတ်ကြမည့် လက်ဝှေ့ကျော်များမှာ ပသျှူးပြန်ဝင်းနိုင်စိန်ဟု အမည်ရသည့် အစင်ရွာသားလက်ဝှေ့သမားနှင့် တွံတေး တောကြီးတန်းရွာသား စောသဲသဲတို့ပင် ဖြစ်သည်။ လက်ဝှေ့ကျော်နှစ်ဦးလုံးသည် ရိုးရာလက်ဝှေ့လောကတွင် အတန်အသင့် ထင်ရှားကြသူများပင် ဖြစ်၏။ ပသျှူးပြန်သည် ရေအပြည့်ဖြည့်ထားသည့် တိုင်ကီကို ခြေဖြင့်ကျောက်လျှင် တိုင်ကီ ဗိုင်းဗိုင်းလဲသည်ဟု ပြောစမှတ်တွင်အောင် ခြေခတ်သန်လှသူ တစ်ဦးဖြစ်သည်။ စောသဲသဲမှာမူ တက်သစ်စ လက်ဝှေ့ကျော်တစ်ဦးပင် ဖြစ်၏။ တက်သစ်စဆိုသော်ငြား ရှုံးပွဲမရှိဖူးသေး။ နိုင်ပွဲများသာ ဆက်တိုက်နွဲလာခဲ့သူ ဖြစ်သည်။ စောသဲသဲ၏ ပတ်တံတောင်သည် ထုံးမန်းရေမန်း ကြိုက်ရာကိုဆောင်၊ ထိလျှင်ကွဲ ဗိုင်းဗိုင်းလဲကာ မှောက်ရမည့် ပတ်တံတောင်၊ မိုးကြိုးသွားအလား ပြင်းထန်လှသည့် တံတောင်ပင် ဖြစ်၏။

(၆)

ရိုးရာလက်ဝှေ့ပွဲတို့၏ အစဉ်အလာအရ ပွဲကြီးများ မကျင်းပမီတွင် ကြားပွဲများ ထည့်သွင်း ကျင်းပ ရသည်။ ယခုလည်း ကြားပွဲများ ကျင်းပရန် လူစစ်ဆေးပြီး အဆိုင်းတွဲပေးနေသည်ကို တွေ့ရ၏။ ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲကြမည့်သူများမှာ များသောအားဖြင့် ဆယ်ကျော်သက်များသာ ဖြစ်သည်။ ရန်ငြိုးရန်စကြောင့် မဟုတ်ဘဲ ၀ါသနာကို အရင်းခံ၍ ထိုးသတ်ကြမည့် လက်ဝှေ့ဝါသနာအိုးကလေးများပင် ဖြစ်ကြသည်။ လက်ဝှေ့သမိုင်းတွင် ကျော်ကြားခဲ့သည် သမန်းကျား၊ ဘနှစ် ကဲ့သို့သော လက်ဝှေ့ကျော်တို့သည်လည်း ဤကဲ့သို့သော ကြားပွဲများတွင် ၀င်ရောက်ဆင်နွဲရင်း၊ ပညာဆည်းပူရင်းနှင့် တဖြည်းဖြည်း အောင်မြင် ထင်ရှားလာပြီး လက်ဝှေ့သမိုင်းတွင် မှတ်တိုင် စိုက်နိုင်ခဲ့ကြသူများ ဖြစ်၏။ ယခု ကြားပွဲများတွင် ၀င်ရောက်ထိုးသတ်ကြသည့် လူငယ်များအနက်မှ သမန်းကျား၊ ဘနှစ်တို့ကဲ့သို့ ထင်ရှားကျော်ကြားသောများ မပေါ်ပေါက်ဟု အဘယ်သူဆိုဝံ့အံ့နည်း။

ယနေ့ညတွင် ကြိုးဝိုင်းဒိုင် အဖြစ် တာဝန်ယူဆောင်ရွက်မည့်သူများမှာ ထားဝယ်ဝင်းနိုင်နှင့် ကျိုက်ထိုသားဦးဂဠုန်တို့ ဖြစ်သည်။ ထားဝယ်ဝင်းနိုင်သည် သက်လတ်ပိုင်းကို ကျော်လွန်ခဲ့ပြီး သက်ကြီးပိုင်းသို့ ချဉ်းပြီဖြစ်၍ ၎င်း၏ ဆူဖြိုးလှသည့် ၀မ်းဗိုက်သည် ဖွားမြင်ခါနီး ကိုယ်ဝန်ဆောင်မိန်းမ၏ ၀မ်းကြာတိုက်နှင့် အလားသဏ္ဌာန် တူလှသည်။ သို့ဖြစ်လျှင် လျင်မြန် ဖျတ်လတ်ခြင်းနှင့် ကင်းပြီးလောဟု ဆိုဖွယ်ရာ ရှိသည်။ သို့သော် ထားဝယ်ဝင်းနိုင်သည် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ကြိုးတန်းများအောက် ခေါင်းလျှိုဝင်ခြင်း မပြုဘဲ၊ ကြိုးသုံးတန်းလုံးကို ပေါ့ပါးစွာ ခုန်ပျံကျော်လွှားပြီး ၀င်ရောက်သွားသည်မှာ လွန်စွာ ကြည့်ကောင်းလှသည်။ လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ဖက်ရွက်ကလေးတစ်ရွက် ကျလာသည့်နှယ်။ ဖက်ရွက်ဟု ဆိုသော်လည်း မိုးဦးကာလ၌ အထူးရှင်သန်ကြီးပြင်သည့် ပိန်းကြာဖက်ကြီးသာ ဖြစ်ချေသည်။ ဦးဂဠုန်ကား ကွမ်းတမြုံ့မြုံလုပ်ရင်း ကြိုးဝိုင်းအတွင်းသို့ ၀င်ရောက်လာသည်။ ရိုးရာလက်ဝှေ့သမားကြီးပီပီ ပွဲခင်းကျင်းမှု နေရာကျနမှု ရှိမရှိကို စစ်ဆေးသည်။ ဆိုင်းဝိုင်းတွင် လူစုံတက်စုံ ရှိမရှိကို ကြည့်ရှုသည်။

ရိုးရာလက်ဝှေ့ပွဲ ကျင်းပရာတွင် ဆိုင်းဝိုင်းကို နေရာချထားမှုသည် လွန်စွာမှပင် အရေးကြီးလှသည့် အချက်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆိုင်းဝိုင်းနေရာ အထားမှားလျှင် အနာတရဖြစ်တတ်၊ လူသေတတ်သည်ဟု ယူဆသောကြောင့်ပင်တည်း။ များသောအားဖြင့် ဆိုင်းဝိုင်းကို တောင်အရပ်တွင် နေရာချထားလေ့ရှိသည်။ တောင်အရပ်တွင် မသင့်ပါမှ အရှေ့အရပ်တွင် နေရာချသည်။ အနောက်အရပ်၊ မြောက်အရပ်တို့တွင် နေရာချရိုး ထုံးစံမရှိချေ။ ထိုမျှသာမကသေး ကြိုးဝိုင်းဒိုင်တို့၏ နေရာယူမှုသည်လည်း ဆိုင်းဝိုင်း နေရာချထားမှုနည်းတူ များစွာ အရေးပါသည်။ ၀ိုင်းဒိုင်တို့သည် နဂါးလှည့် နတ်နေ လွတ်အောင် နေရာယူရသည်။ နဂါးလှည့် နတ်နေ မသင့်လျှင် လက်ဝှေ့ကျော်တို့ အနာတရ ဖြစ်တတ်သည်ဟု အစွဲအလမ်း ရှိသေးသည်။

(၇)

စတော်တိုက်သံကို ကြားရလေပြီ။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ .. ကနေ့ညမှာ အသည်းကောင်းလို့ ပွဲတောင်းကြသူတွေ မနည်းလှပါဘူး။ ပုဝါမကူ ရေမရှု စတမ်း၊ ရေကုန်ရေခန်း ထိုးသတ်ဖို့ ကျွန်တော်များ ဒိုင်လူကြီးများ ထံမှောက် လာရောက်ပြီး စာရင်းပေးသွင်း ကြတဲ့သူပေါင်း လက်ဝှေ့ဝါသနာရှင်ပေါင်း အယောက်နှစ်ဆယ်ကျော်ရှိပါတယ် ခင်ဗျ။

ဒီတော့ ကနေ့ညမှာ မိဘပြည်သူုများအနေနဲ့ လက်ဝှေ့ဝါသနာရှင်တို့ရဲ့ အံ့မခန်း အစွမ်းအစကို တ၀ကြီး ရှုစားရမှာ ဖြစ်ပါတယ်ခင်ဗျ။ ကြားပွဲဆိုပေမယ့် တအားခဲပြီး ထိုးသတ်ကြမှာမို့ အချိန်မဖြုန်းဘဲ တစ်အိမ်လုံး၊ အချိန်မကြာအောင် ထဘီမခါဘဲ အသည်းကောင်းသူများထိုးသတ်မယ့်ပွဲစဉ်ကို လာရောက် ချီးမြှင့်ရှုစားကြဖို့ တိုက်တွန်းအပ်ပါတယ် ခင်ဗျာ။ နောက်ကျရင်တော့ အပေါက်ဝကနေ လှည့်ပြန်ရမှာ ထုံးစံပါပဲ ခင်ဗျ ဟူသည့်ု ကြေညာဆော်သြသံကို ကြားလိုက်ရ၏။

ထိုဆော်သြသံကို ကြားရပြီးနောက် ပရိသတ်တို့သည် လက်ဝှေ့ရုံအတွင်းသို့ တရိပ်ရိပ်တက်လာသည့် ဒီရေလှိုင်းလုံးကြီးများအလား စုရုံးရောက်ရှိလာကြသည်။

ကြိုးဝိုင်ဒိုင်တို့ ဘုရားကန်တော့ခန်းဆင်၊ သမားစဉ်ဝါစဉ် တောင်းပန်၊ ပါးပုတ်တမ်းကစားပြီးနောက် ပွဲစလေ၏။ ဦးစွာ ဒိုင်လူကြီးများက ကြားပွဲတွင် ၀င်ရောက်နွဲကြမည့် တက်သစ်စ လက်ဝှေ့သမားတို့၏ အမည်များကို ဖတ်ကြားသည်။ ထို့နောက် ကြားပွဲတွင် ၀င်ရောက်ဆင်နွဲမည့် အဆိုင်းကို ဖိတ်ခေါ်လိုက်လေ၏။ ကြားပွဲတွင် ၀င်ရောက်နွဲမည့် လက်ဝှေ့ပဂေးတို့ ကြိုးဝိုင်းအတွင်းသို့ ကြွရောက်လာလေပြီ။ နှစ်ဦးလုံးမှာ ပုဆိုးဂွင်းသိုင်းဖြုတ်ခါစ အရွယ်မျှသာလျှင် ဖြစ်၏။

ဦးဂဠုန်သည် လက်ဝှေ့ကျော်နှပ်ချေးပေတလူးတို့ကို အရေးတယူပြုကာ ကြိုးဝိုင်း အနီထောင့်၊ အပြာထောင့် နေရာသတ်မှတ်ပေးသည်။ ဒဏ်ရာဟောင်းရှိမရှိကို ကြည့်ရှုသည်။ ယင်းတို့၏ လက်သည်းများကို စစ်ဆေးသည်။ လက်သည်းရှည်သည်ဟု ထင်လျှင် ညှပ်သည်။ ဆံပင်ရှည်ဟု ထင်လျှင် ဆံစတို့ကို ကပ်ကျေးဖြင့် ကိုက်ဖြတ်သည်။ ကြိုးဝိုင်းစည်းမျဉ်းတို့ကို ပြောကြားပြီးနောက် ဦးဂဠုန်သည် လက်ဝှေ့သမားငယ်နှစ်ဦးတို့နှင့် ပရိသတ်ကို မိတ်ဆက်ပေးလေ၏။

နှစ်ဦးလုံး ကျိုက်ထိုနယ်သားများ ဖြစ်ကြ၏။ တစ်ဦးမှာ ပျဉ်းမစခန်းရွာမှဖြစ်ပြီး တိုးပွား ဟု အမည်ရသည်။ ကျန်တစ်ဦးမှာမူ ဖက္ကလိပ်ကျေးရွာသား ဖြစ်ပြီး၊ မောင်ကျော်မင်း ဟူ၏။ ဦးဂဠုန်သည် မောင်ကျော်မင်းဟူသည့် အမည်သည် ကြိုးဝိုင်းအမည်အဖြစ် ခေါ်တွင်ရန် မသင့်ဟု ယူဆသောကြောင့် က ခ ဂ ဃ င ဟု အစချီပြီးလျှင် အကြင် မောင်ကျော်မင်းအား ကျားကြီးဟု အမည်သညာ ခေါ်တွင်စေသည်။ သို့ဖြင့် မောင်ကျော်မင်းသည် လူဘ၀မှ ကျားဘ၀သို့ အရှင်လတ်လတ် ဘ၀ပြောင်းရတော့သည်။

ရွှေပွဲလာ ပရိသတ်ကြီး ခင်ဗျာ အခုကြားပွဲမှာ ၀င်ရောက်ထိုးသတ်မယ့် လက်ဝှေ့ဝါသနာရှင် နှစ်ဦးကတော့ ပျဉ်းမစခန်းရွာသားကလေး တိုးပွားနဲ့ ဖက္ကလိပ်ကျေးရွာက တက်သစ်စ လက်ဝှေ့သမား ကျားကြီးတို့ ဖြစ်ပါတယ် ခင်ဗျာ။ အခုကြားပွဲမှာ တိုးပွားကပဲ ထိုးအားကောင်းကောင်းနဲ့ အနိုင်ပိုင်းလေမလား၊ ဒါမှမဟုတ် ဖက္ကလိပ်သား ကျားကြီးကပဲ တအားတီး လေမလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ် ခင်ဗျ။ တိုးပွားနဲ့ ကျားကြီး .. ကျားကြီးနဲ့ တိုးပွား .. အသည်းကောင်းသူတွေ ထိုးသတ်ကြမှာမို့ မျက်တောင်မခတ်စတမ်း အားပေးရှုစားတော်မူကြပါဦး ခင်ဗျာ။ အသည်းကောင်းလို့ ပွဲတောင်းတဲ့ တိုးပွားနဲ့ ကျားကြီး၊ ကျားကြီးနဲ့ တိုးပွား။ အက်ကိုးတင်ထားသော ကျောက်စက်၏ တန်ခိုးကြောင့် ကျားကြီးနဲ့ တိုးပွား ဟူသော အဆုံးသတ် စကားသံသည် ပွား ပွား ပွား ပွား ပွား ဟု ရိုက်ခြုန်းမြည်ဟီးပြီးလျှင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပနေသော ကင်မွန်းစခန်းတစ်ရွာလုံးကို လွှမ်းခြုံလိုက်လေ၏။

တိုးပွားနှင့် ကျားကြီး နှစ်ဦးလုံးသည် လက်ဝှေ့ပွဲနွဲကြမည့်သူများဖြစ်လင့်ကစား သောင်းသောင်းဖြဖြ အားပေးနေကြသော ပရိသတ်အရှိန်၊ ခမ်းနားလှသည့် ကြိုးဝိုင်းကြီးဟူသည့် အရှိန်၊ မီးရောင်ရှိန် စသည့် အရှိန်တို့ကြောင့် ကြောက်ဒူးတုန်သလိုလို ဖြစ်နေကြဟန်တူသည်။ တွန့်ဆုတ် တွန့်ဆုတ် လုပ်ကာ နေကြသည်။ ဆိုင်းဝိုင်းမှ ဗိန်းဗောင်းတိုက်သံသည် ယင်းတို့၏ ကြောက်စိတ်တို့ကို ပယ်ရှားလိုက်လေ၏။ လင်းကွင်းသံသည် ယင်းတို့၏ စိတ်ကို တက်ကြွစေသည်။ နှဲသံသည် အနီအပြာခြယ်သထားသည့် ကြိုးဝိုင်းအလယ်တွင် သင်တို့၏ ယောက်ျားအစွမ်းကို ပြလော့ဟု တိုက်တွန်းနေသည့် အလား။

ထိုး ဟူသည့် ထားဝယ်ဝင်းနိုင်၏ ဒိုင်လွှတ်သံအဆုံးတွင် လက်ဝှေ့သမားနှစ်ဦးလုံး ခေါင်းတခါခါ၊ ခြေဆန့်ချည် လက်ဆန့်ချည်ပြုပြီး ထိုးသတ်ရန် ပြင်ဆင်ကြသည်။ မီးရောင်အောက်တွင် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကျားချောင်းချောင်းပြီး ထိုးသတ်ကွက် ရှာကြသည်။ ကျားကြီးသည် တိုးပွားထက် ဒေါင်အနည်းငယ်ပို၍ ကောင်း၏။ သို့သော် တိုးပွားသည် အလုံးအဖန် တောင့်တင်းကျစ်လစ်သောကြောင့် ထိုကွာခြားချက်မှာ မပြောပလောက်ပေ။ တိုးပွားသည် ကျွဲပေါက်နှင့် အလားသဏ္ဍာန်တူပြီး၊ ကျားကြီးမှာမူ ကျားကြီးဟူသော အမည်နှင့် လိုက်ဖက်အောင် ကျားကျားလျားလျား ရှိလှပါပေသည်။

အပြန်အလှန် ထိုးကွက်ရှာနေကြရာမှ တိုးပွားသည် ဘယ်ခြေကို ရုတ်ခြည်ကြွပြီး ခတ်မယောင်ပြု၏။ ကျားကြီးကလည်း လျှင်မြန်စွာ နေရာပြောင်း၍ ဘယ်ခြေကို ညာဒူးဖြင့် ကာရန်     ပြင်၏။ ထိုအခိုက် တိုးပွားသည် ဘယ်ခြေဖြင့် မကျောက်တော့ဘဲ ညာဖြောင့်လက်သီးတစ်လုံးကို လျှင်စွာ လွှတ်၏။ တိုးပွား၏ ညာဖြောင့်လက်သီးကို ကျားကြီး မရှောင်နိုင်ဖြစ်လေရကား လက်သီးနှင့် မျက်နှာ မိတ်ဆက်သံ ဖြောက်ခနဲ ကြားလိုက်ရသည်။ မျက်နှာနှင့် လက်သီး သစ္စာနှံသော်ငြား ချက်ကောင်းကို ထိမိဟန်မတူချေ။ ကျားကြီးသည် ကိုယ်ကိုယို့၍ အနောက်သို့ အသာတိမ်း၏။ တိုးပွားသည် ဘယ်ညာပေါက်လက်သီးများဖြင့် တရစပ် ထိုးသတ်သည်။

ကျားကြီးကလည်း ပူးကပ်ထိုးသတ်လာသော် တိုးပွားကို လူချင်းခွာ၍ ရှောင်တိမ်းပြီးလျှင်၊ မိုးသီးမိုးပေါက်အလား ကျရောက်လာသည့် ဘယ်ညာထိုးချက်များကို ကာကွယ်လေသည်။ လူချင်းပူးကပ်ရာမှ ခွာ၍ထွက်ရာတွင် ၀ိုက်လက်သီး ကျွဲခတ်ခြေဖျားရိုက်နည်းဖြင့် တန်ပြန်ထိုးသတ်လိုက်သည်။ ချက်ကောင်းကို ထိမိဟန် တူသည်။ တိုးပွား ချာခနဲ ဖြစ်သွား၏။ ဆက်မလိုက်နိုင်တော့ပေ။ ထိုအခိုက် ဟိုး ဟူသည့် ဦးဂဠုန်၏ ဖျဉ်သံကိုကြားရသည်။ လက်ဝှေ့သမားနှစ်ဦးလုံးကို ပြန်လည် ရင်ဆိုင်စေသည်။ လွှတ်မယ် ထိုး ဟူသည့် အသံအဆုံး၌ လက်ဝှေ့သမားနှစ်ဦးသည် ပူးတုံ့ ခွာတုံ့ပြုကာ ထိုးသတ်ကြလေ၏။ လက်ဝှေ့သမားငယ်တို့သည် ငယ်ပင်ငယ်သော်ငြားလည်း သေသပ်ကျနစွာ ထိုးသတ်တတ်သည်။ ယင်းတို့သည် မြန်မာ့ရိုးရာ လက်ဝှေ့ထိုးနည်း သတ်ကွက်များကို ကောင်းစွာ လေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိမြင်နိုင်သည်။ ဤသို့ ထိုးသတ်ကြရင်းနှင့်ပင် ပထမအချီ အပြီးသတ်ခြင်းသို့ ရောက်လေ၏။

(၈)

အပေါင်းအဖော်တို့သည် ယင်းတို့၏ သူငယ်ချင်းတို့ကြောင့် များစွာ ဂုဏ်ယူနေကြဟန် တူသည်။ ယင်းတို့၏ ငယ်ပေါင်း နှပ်ချေးပေတလူး လက်ဝှေ့ပဂေးကြီးများကို သံပုရာသီး ပေးသူပေး၏။ ရေခဲကပ်သူ ကပ်၏။ ယိုးဒယားပြည်ဖြစ် မွှေးပွတဘက်ကြီးများဖြင့် ယပ်ခတ်ပေးသူလည်း ရှိ၏။ ထိုအခိုက် အမယ်အိုကြီးတစ်ယောက်သည် ရောက်ရက်ခတ်နေကြသော လူစုကြားသို့ တိုးဝင်လာပြီးလျှင် ဖက္ကလိပ်ရွာသားကျားကြီးနေရာယူရာ ကြိုးဝိုင်းအပြာထောင့်သို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ စပ်စုလိုသောစိတ်ကြောင့် ကျွန်ုပ်သည် ထိုင်ရာမှ ထ၍ ကြိုးဝိုင်းအနားသို့ အသာကပ်သွားမိသည်။

ထိုအမယ်ကြီးသည် ကြိုးဝိုင်းထောင့်သို့ ရောက်လျှင် ဟင် ကြည့်စမ်း ကြည့်စမ်း မအေအိုကြီးကို လိမ်တဲ့ သားမိုက် ငါ့ကို ပြောတော့ ကြိုးဝိုင်းအနားကို ယောင်လို့တောင် မသွားပါဘူးဆို ဟင် ငါ့မျက်ရည်ကျတာကို နင် တော်တော်မြင်ချင်နေလား ဟဲ့ ကျော်မင်း ဟဲ့ ဖြေစမ်း ဟု ဆူပူုကြိမ်းမောင်းကာ ကျားကြီး၏ အရှိုက်ကို စကားလက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုမျှမကသေး အမယ်အိုကြီးသည် နင့် ဖအေခြေရာကိုနင်းပြီး ငါ့ မျက်ရည်ကျအောင် လုပ်မလို့လား ဟု တစ်ခွန်းတောသည်။ ကျားကြီးတစ်ဖြစ်လဲ ကျော်မင်းသည် အမေအိုကြီး၏ ရှေ့မှောက်တွင် ကျားအဖြစ်မှ ရွေ့လျောပြီး အိမ်မွေးကြောင်ကြီးပမာ ဖြစ်သွားလေသည်။ ပြင်းစွာထိုးနှက်လိုက်သည့် စကားသံတို့ကြောင့် ကြောင်ကျားကြီး ငိုင်ခနဲ ဖြစ်သွားသည်။ ဆွံ့အသူအလား စကားတစ်ခွန်းမျှပင် မဆိုနိုင်။

အမယ်အိုကြီး၏ ဒေါသသည် အကူလူ၊ ၀ိုင်းထောက် အစရှိသည့် သူငယ်အပေါင်းအပေါ်သို့ ဆက်လက်ဖြန့်ကျက်ပြန်သည်။ နင်တို့တတွေကလည်း တစ်ကျိတ်တည်း တစ်ကြံတည်းပဲ။ ငါ့ မျက်နှာကိုမှ မထောက်ထားကြဘူး။ အမေအိုကြီးကို မသနားကြဘူး။ ကိုယ့်သူငယ်ချင်းကို တားမယ် ဆီးမယ် မရှိဘူး။ သေလမ်းရောက်အောင် မြှောက်ပင့်ပေးကြတယ်ဟု မြည်တွန်တောက်တီးပြန်သည်။

(၉)

ထိုအခိုက် ကဲ အစန်းရယ် ပြောမနေပါနဲ့ကွာ။ ကလေးကလည်း ၀ါသနာ တယ်ကြီးတာကို မင်း အသိသားနဲ့ဟု လေပြည်ထိုးသံကို ကြားလိုက်ရ၏။ အလို စောသာထူး။ သြော် စောသာထူးလည်း အဘိုးအိုပေါက်စ ဘ၀ကို ရောက်ချေပြီပဲ။ လက်စသတ်တော့ ကျားကြီးဆိုတာ ကိုသာထူးရဲ့ သား ဖြစ်နေပါကလားကရို့။

စောသာထူးသည်ကား ကျိုက်ထိုနယ် ဖက္ကလိပ်ကျေးရွာမှ ရိုးရာလက်ဝှေ့ကျော်ဟောင်း တစ်ဦးဖြစ်၏။ ပျိုရွယ်စဉ်ကာလက အထူးပင် ကျော်ကြားခဲ့ဖူးသူ၊ အောက်ခရိုင်တ၀ိုက်တွင် အောင်လံစိုက်ခဲ့သူ လက်ဝှေ့ကျော် တစ်ဦးပါပေ။ အလံလုပွဲပေါင်းများစွာ ဆင်နွဲခဲ့သူ ဖြစ်၏။ ကျော်ကြားစဉ်အခါက သထုံ ရွှေစာရံဘုရားပွဲ လက်ဝှေ့ရုံတော်ကြီး၏ ရုံစောင့်လက်ဝှေ့ကျော်အဖြစ် နှစ်အလီလီ ကြာညောင်းသည့်တိုင်အောင် လက်စွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

ရုံစောင့်ဟူသည်ကား လက်ဝှေ့ရုံကို စောင့်ကြည့်ရသူ မဟုတ်ချေ။ ရိုးရာလက်ဝှေ့စနစ်တွင် ထိုဘွဲ့နာမသည် လွန်စွာထူးချွန်၍ ပထမအလံဆွတ်ခူးရရှိသူတို့သာ ရရှိနိုင်သော ဘွဲ့နာမပင် ဖြစ်သည်။ ရုံစောင့်ဘွဲ့သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ ရှေးအခါက ဒေသတစ်ခု၊ ပွဲတော်တစ်ရပ်တွင် များသောအားဖြင့် လက်ဝှေ့ပွဲကို တစ်နှစ်တစ်ကြိမ် ထည့်သွင်းကြသည်။ ထိုလက်ဝှေ့ပွဲတွင် ပထမ အောင်လံကို ဆွတ်ယူနိုင်သူတို့အား ရုံစောင့်ဘွဲ့ကို ချီးမြင့်သည်။ ရုံစောင့်ဘွဲ့ရသူသည် နောက်နှစ် လက်ဝှေ့ပွဲကျင်းပချိန်တွင် လက်ဝှေ့ရုံရှိရာသို့ ရောက်အောင်လာပြီး ယှဉ်ပြိုင်ထိုးသတ်လိုသူတို့အား ခုခံထိုးသတ်ရသည်။ အောင်လံကို ဆက်လက် ဆွတ်ခူးနိုင်ပါက ရုံစောင့်ဘွဲ့ကို ဆက်လက် ခံယူနိုင်ပြီး၊ ရှုံးနိမ့်လျှင် သို့မဟုတ် လက်ဝှေ့ပွဲသို့ လာရောက်ယှဉ်ပြိုင် ထိုးသတ်ခြင်း မပြုလျှင် ထိုရုံစောင့်ဘွဲ့ကို အခြားသော လက်ဝှေ့ကျော်တို့အား လွဲပြောင်းပေးအပ်ရသည်။

စောသာထူး ပျိုရွယ်စဉ်က ဆိုခဲ့ဖူးသော အောက်ခရိုင်တစ်ဝိုက်မှာ ကျောက်တိုင်စိုက်မယ့် စောသာထူး၊ ပွဲတွေ့မရှောင်၊ ကွမ်းမန်း မစား၊ ထုံးမန်း မမျို၊ ရေမန်း မသောက်၊ ပီးဆေးလည်း မဆောင်ဘူး၊ နိုင်ငံတ၀ှမ်း လက်ဝှေ့စွမ်းပြခဲ့သူမို့ လူစွမ်းကောင်းမှန်ရင် တစ်ပွဲတစ်လမ်း အကဲစမ်းရအောင် ကဲ ၀ိုင်းထဲကို ၀င်ခဲ့စမ်း၊ အောင်ဘာလေမဲမနှိုက် ကြိုက်ရာလူတက်ခဲ့ချေ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသည့် လက်ဝှေ့ကြိမ်းသည် ကျွန်ုပ်တို့ ကလေးတစ်သိုက်၏ ပါးစပ်ဖျားတွင် အထူးပင် ရေပန်းစား ခဲ့ဖူးသေးသည်။ အောင်လံချိုးပြီး ခါးထိုးပြန်မယ် ဟူသော စကားအတိုင်း စောသာထူး၏ နိုင်ပွဲများတွင် ဆွတ်ခူးရရှိသည့် အောင်လံကို တစ်ဝက်ချိုးပြီး ခါးတွင်ထိုးကာ လက်ဝှေ့ရေးပြနေပုံများကို မြင်ယောင်မိသည်။

စောသာထူး၏ လက်ဝှေ့ရေးပြဟန်သည် လက်ဝှေ့ထိုးသတ်ဟန်နှင့် မတူ၊ ကရင်ဒုံးကဟန်အတိုင်း ကပြကာ လက်ဝှေ့ရေးပြသခြင်း ဖြစ်ပြီး ယင်းလက်ဝှေ့ရေးပြဟန်ကို များစွာသော ပရိသတ်တို့ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြရသည်။ ထိုကဲ့သို့ ကျော်ကြားခဲ့သော လက်ဝှေ့ကျော်ကြီးသည် အိမ်ထောင်ရက်သားကျပြီးနောက် ကြိုးဝိုင်းကို ကျောခိုင်းသွားခဲ့လေတော့၏။

သို့သော် လူမှာ အမျိုး၊ ကြက်မှာ အရိုး ဟူသည့် စကားအတိုင်း စောသာထူး၏ သားသည် ကျားကြီးဟူသော အမည်ဖြင့် ကြိုးဝိုင်းထက်သို့ တက်လာလေပြီ။ သို့သော် မိခင်ဖြစ်သူသည် သားငယ် လက်ဝှေ့ယှဉ်ပြိုင်သည်ကို နှစ်မြိုဟန် မတူ။ စောသာထူးကမူ သားငယ်၏ ၀ါသနာကို တားဆီးလိုပုံ မရ။ သို့ဖြင့် လက်ဝှေ့သမားငယ်၊ မိခင်နှင့် ဖခင်တို့ ဗျာများနေကြခိုက်တွင် ထားဝယ်ဝင်းနိုင်၏ အကူလူ ဆင်းမယ်။ ၀ိုင်းထောက် ဆင်းမယ်။ ဒုတိယအချီပြန်စမှာမို့ လက်ဝှေ့သမားများ အသီးသီး နေရာယူပေးကြပါ ဟု အောင်မြင်ခံ့ညာစွာ သတိပေးလိုက်သံကို ကြားလိုက်ရသည်။ အတော်ပင် ရုန်းရင်းဆံခတ် ဖြစ်သွားသည်။ မိခင်ဖြစ်သူက လက်ဝှေ့သမား သားငယ်ကို ကြိုးဝိုင်းပြင်မှ ဆွဲထားသည်။ စောသာထူးက ချစ်ဇနီးကို တားဆီးသည်။ လက်ဝှေ့သမားငယ်သည် ထိုင်ရာမှ ထ၍ မရဘဲ ကုန်းကုန်းကွကွဖြင့် အတော်ပင် နေရာမကျ ဖြစ်နေလေ၏။

အစန်းရယ် ဒီတစ်ပွဲတော့ ထိုးခွင့်ပေးလိုက်ပါကွယ်။ နောက်ပွဲတွေ မထိုးရင် ပြီးတာပဲ မလား။ အစ်ကို ကလေးကို ကြည့်ပြောပါ့မယ် ဟု အဘိုးအိုစောသာထူးက တိုးလျှိုးသည်။ ထိုတောင်းပန်သံကို ကြားလျှင် အကြင်အစန်း ဟူသော အမယ်အိုကြီးသည် လင်တော်မောင်ကို နှုတ်လှံထိုးအံ့သောငှာ နောက်သို့လှည့်၏။ ထို့နောက် ရှင် လျှာအရိုး မရှိတိုင်း လျှောက်ပြော မနေနဲ့။ နောင်လည်း မထိုးရဘူး။ အခုလည်း မထိုးရဘူး။ ကျုပ်သားလေး အနာတရ ဖြစ်မှာ ကျုပ် မကြည့်ရက်ဘူး။ ကျုပ်က ၀မ်းနဲ့ လွယ်ပြီး မွေးထားရတာ။ ရှင့်လို ပစ်ပစ်ခါခါ မပြောနိုင်ဘူး ဟု ဆိုလိုက်လေ၏။ ယင်းသို့ဆိုခိုက်ဝယ် သားငယ်၏ ခါးဝတ်ကို ဆွဲကိုင်ထားသော အမယ်အို၏ လက်သည် ပြေလျော့သွားလေ၏။ ကျားကြီးသည် ထိုအချက်ကို အခွင့်ကောင်းယူ၍ အမေရယ် ဒီတစ်ပွဲတည်းထိုးမှာပါဗျာ နောက်မထိုးရင် ပြီးတာပဲမလား ဟုဆိုပြီးလျှင် အမေအို၏ လက်တွင်းမှ လွတ်အောင်ရုန်း၍ ကြိုးဝိုင်းအလယ်တွင် နေရာယူလိုက်လေသတည်း။ 
Read More »

လူမှုကွန်ရက်နှင့် မျိုးဆက်သစ်ပြဿနာ


Facebook တစ်ကမ္ဘာလုံး အသုံးပြုနေကြသည့် လူဦးရေ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် မတ်လစာရင်းအရ ၁ ဒသမ ၁၁ ဘီလီယံ (သန်း ၁၁၀၀) ရှိသွားပြီ ဖြစ်သည်။ ထိုအထဲတွင် အမေရိကန်ပြည်ထောင်စု၌ အသုံးပြုသူပေါင်း ၁၆၈ ဒသမ ၈ သန်း၊ ဘရာဇီးလ်နိုင်ငံတွင် အသုံးပြုသူပေါင်း ၆၄ ဒသမ ၆ သန်း၊ အိန္ဒိယနိုင်ငံတွင် အသုံးပြုသူပေါင်း ၆၂ ဒသမ ၆ သန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် အသုံးပြုသူပေါင်း ၅၁ ဒသမ ၄ သန်းနှင့် မက္ကဆီကို နိုင်ငံတွင် အသုံးပြုသူပေါင်း ၄၀ ဒသမ ၂ သန်း ရှိနေသည်ကလည်း အံသြစရာ ဖြစ်သည်။

Facebook မျိုးဆက်

Facebook ကို ဆိုရှယ်ကွန်ရက်၊ လူမှုကွန်ရက်ဟု အမျိုးမျိုး ခေါင်းစဉ်တပ်ကြသည်။ မည်သို့ဆိုစေ Facebook ဆိုသည့် အွန်လိုင်းမှတ်တမ်း စာအုပ်ကြီးတစ်ခုအတွင်း စာရင်းဖွင့်ကာ၊ မိတ်ဆွေရှာပြီး၊ ချစ်ခြင်း မုန်းခြင်းများကို အလုံးအရင်းနှင့် အငမ်းမရ တမ်းတရှာဖွေ၊ ဝင်ရောက် ဆွေးနွေးသည့် နေရာတစ်နေဟုသာ အလွယ်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုရပေလိမ့်မည်။

ထိုနေရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေ အပေါင်းအသင်း ဖြစ်နိုင်ကြသည်။ စာတိုစာရှည်တွေ ရေးပို့နိုင်ကြသည်။ ဓာတ်ပုံ၊ ဆက်သွယ်နိုင်မည့် (Link)၊ ဗီဒီယိုမှတ်တမ်းများ ပေးပို့နိုင်ကြသည်။ ထိုကဲ့သို့ ကျယ်ပြန့်လှသည့် မီဒီယာတစ်ခုကို ကြားခံပြုပြီး လွတ်လပ်စွာ စားသုံးကြသည့် အုပ်စုများကို မျိုးဆက်သစ် Facebook လူတန်းစားများဟု ခေါ်ဆိုရမည် ဖြစ်သည်။ ထိုမျိုးဆက်သည် တစ်နေကုန်နီးပါး Facebook ပေါ်တွင် နေထိုင်ကြသည်။ မိမိတို့ တုံ့ပြန်လိုက်မှု တစ်ခုခုကို မည်သူတွေက မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ကြသည်။ ယင်းသို့ ပေးခြင်း၊ ယူခြင်း၊ မျှော်လင့်ခြင်းကပင် သူတို့အတွက် စိတ်ဝေဒနာတစ်ခု ဖြစ်လာကြောင်းကို သိသူနည်းသည်။

စွဲလမ်းမှုဝေဒနာ

ကိုယ်ပေးလိုက်သည့် သတင်းတစ်ခုခု သို့မဟုတ် အကြောင်းအရာ တစ်ခုခုအတွက် တုံ့ပြန်ချက် (feed-back) ကို စောင့်မျှော်နေခြင်းသည် မျိုးဆက်သစ်တို့အတွက် စွဲလမ်းမှု ဝေဒနာတစ်ခုဟု ဆိုရမည်။ ထိုစွဲလမ်းစိတ်ကလည်း အတိုင်းအတာကာလ ခဏလေးသာ ဖြစ်သည်။ တစ်ခုခုရလိုက်လျှင် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း စသည့်တစ်မျိုးမျိုးကို ခံစားလိုက်ပြီး မေ့ဖျောက်မည်၊ နောက်အသစ်တစ်ခု ထပ်မံမွေးဖွားမည်။ ယင်းကို Facebook ထဲက ရုန်းမထွက်နိုင်သည့် သံသရာဟုလည်း ပြောနိုင်သည်။ မည်သို့ဆိုစေ တုံ့ပြန်ချက်သည်သာ သူတို့အတွက် အဖြေဖြစ်သည်။ ထိုသို့မျှော်လင့်စောင့်စားရသည့် ဝေဒနာကို ကောင်းသောအဖြေဟု ပညာရှင်များက မသတ်မှတ်ကြပေ။ ထိုဝေဒနာကို ကုစားခြင်းသည် ဝဲသြဃအတွင်းက ရုန်းထွက်လိုက်ခြင်းသာ ဖြစ်သည်။

စိတ်ထိခိုက်ခံစားလွယ်မျိုးဆက်

Facebook ပေါ်တွင် အချင်းချင်းမိတ်ဖွဲ့ပြီး ဂိမ်းကစားနိုင်သည်။ ကွန်ပျူတာဂိမ်း ကစားခြင်းသည် အထိုက်အလျောက် ကောင်းနိုင်သော်လည်း လွန်ကျူးစွာ စွဲလမ်းခြင်းကတော့ မကောင်းဟု ပြောရမည်။ မျိုးဆက်သစ်တို့သည် ကွန်ပျူတာဆိုသည့် နည်းပညာ ပေါ်လာချိန်တွင် ပိုပြီးအထီးကျန်ဆန်လာကြသည်။ သူတို့သည် Facebook လောက်ကိုသာ လူမှုဝန်းကျင်တစ်ခုဟု ထင်မှတ်ကြသည်။ အမှန်တော့ လူ့ဘောင်လောကကြီးက ပိုပြီးကျယ်ဝန်း နက်ရှိုင်းသည်။ ကွန်ပျူတာနှင့် ဂိမ်းတစ်ခု အပေါ်တွင်သာ အာရုံဝင်စားနေသော လူငယ်တစ်ယောက်သည် ပတ်ဝန်းကျင်ကို လျစ်လျူရှုတတ်သည့်စိတ်များ လွန်ကဲလာစေနိုင်သည်။ ဂိမ်းစွဲလမ်းစွာ ကစားခြင်း ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြောဆိုရမှု၊ ဆက်ဆံရမှုများတွင် စိုးရွံ့စိတ်များ၊ ကြောက်ရွံ့စိတ်များ၊ အားငယ်စိတ်များ ဝင်လာတတ်သည်။ တစ်နည်းအားဖြင့် လူထဲတွင် လူစကားမပြောတတ်သလောက် ဖြစ်လာကြသည်။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်း ဆိုင်တွေ့ရာတွင် မျက်နှာကိုပင် စေ့စေ့ကြည့်ပြီး မပြောရဲ မဆိုရဲခြင်းသည် အထီးကျန်စွာ နေခြင်းနှင့် အာရုံစူးစိုက်ခြင်းစသည့် အကျင့်အနေအထိုင်များပေါ်တွင် မှီတည်နေသည်။ ထိုစိတ်ဓာတ်သည် စိတ်ထိခိုက်လွယ်သည့် ပျော့ညံ့သောစိတ်ကို ဖြစ်စေနိုင်သည်။ အကောင်းစိတ်မဟုတ်၊ အဆိုးစိတ်သာ ဖြစ်သည်။

Facebook ရောဂါလက္ခဏာများ

- တစ်နေကုန် Facebook ထဲတွင် အချိန်ကုန်နေပါသလား
- အခြားအလုပ်များကို မလုပ်ချင်မကိုင်ချင် လောက်အောင် ဖြစ်နေပါသလား
- လက်တွေ့ဘဝထက် Facebook ထဲတွင်သာ အချိန်ဖြုန်းမှု များနေပါသလား
အဖြေသည် ‘ဟုတ်’ ဖြစ်နေလျှင် Facebook စွဲဝေဒနာကို ကျိန်းသေခံစားနေရပြီဟုသာ ဆိုရမည်။ ထို့ပြင် စွဲ၊ မစွဲ အောက်ပါအချက်များဖြင့်လည်း ဆန်းစစ်နိုင်သည်။
- နေ့စဉ် Facebook ကို စစ်ဆေးရခြင်းသည် နေ့တစ်နေ့၏ ပထမဆုံးနှင့် နောက်ဆုံးအလုပ် ဖြစ်နေသည်။ မနက်အိပ်ယာက နိုးသည်နှင့် ကွန်ပျူတာ သို့မဟုတ် အခြားဆက်သွယ်နိုင်သော ပစ္စည်းတစ်ခုခုကို ဖွင့်လိုက်ပြီး ပထမဦးဆုံး ဝင်ကြည့်သည်မှာ Facebook ဖြစ်နေမည်။ အိပ်ယာမဝင်မီ သို့မဟုတ် အိပ်ရာကထပြီး တစ်ရေးနိုးလျှင် Facebook ကို ဝင်ချင်သည်။
- Facebook ကြောင့် အလုပ်ကို မလုပ်ချင်၊ တာဝန်တွေကို ပစ်ထားသည်။ အလုပ်က စိတ်ကိုဖိစီးပြီး Facebook က စိတ်ပြေလက်ပျောက် ရှိသည်ဟု ထင်သည်။ အလုပ်တွေ မပြီးရခြင်းမှာ Facebook တွင် အချိန်ကုန်မှု များနေသောကြောင့် ဖြစ်သည်။
- စိတ်ထဲတွင် တောက်လျှောက် Facebook ကိုသာ တွေးနေသည်။ နောက်ထပ် ဘယ်သူတွေက ဘာတွေရေးမလဲ၊ ငါအစထောင်ထားတာကို ဘယ်သူတွေက လှောင်ထားမလဲ စသည့်အတွေးများသာ ဝင်နေသည်။ ကိုယ့် Wall ပေါ်တွင် ဘယ်သူတွေ ဘာလာရေးထားမည်ကို စိတ်ဝင်စားသည်။
- Facebook ကို လက်တွေ့ဘဝက လွတ်မြောက်ချင်သည့်အတွက် အသုံးပြုသည်။ အပြင်တွင် နေထိုင်ရသည့် လက်တွေ့ဘဝထက် Facebook ကိုသာယာသည်။ Facebook ထဲက လူတွေကို ပြင်ပကလူတွေထက်ပိုပြီး အလေးထားသည်။
- အမှန်တကယ်ရှိသော လူမှုရေးဘဝကို စိတ်မဝင်စား။ သာရေးလည်းမရှိ၊ နာရေးလည်းမသိ။ မိတ်ဆွေ အပေါင်းအသင်းများကို ပြင်ပတွင် ရှာဖွေခြင်းထက် Facebook ပေါ်တွင်သာ ရှာတော့သည်။ အင်တာနက်အပါးက တစ်ဖဝါးပင် မခွာချင်။ လူမှုဘဝတွင် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး ဆိုသည်မှာ စိတ်ကျန်းမာရေး သဘောလည်း ဆောင်သည်။ သို့သော် Facebook ထဲက သူငယ်ချင်းတွေကို အစစ်အမှန် ထင်သွားသည်။
- အထိုင်များသဖြင့် အညောင်းထိုင်ကာ မကျန်းမာချင် ဖြစ်လာသည်။ မျက်စိတွေလည်း မှုန်ဝါးလာသည်။ ကျန်းမာရေးနှင့် Facebook သုံးစွဲခြင်းက တစ်နည်းနည်း ပတ်သက်လာသည်။ အအိပ်ပျက်၊ အစားပျက် များလာသည်။ ကွန်ပျူတာရှေ့တွင် အချိန်ကုန်ရခြင်း၊ Facebook ထဲတွင် ဝင်စားနေရခြင်းကပင် မကျန်းမာသလိုလို ဖြစ်လာသည်။

အထက်ပါ ယူဆချက်များကို ဖြေကြည့်စေချင်သည်။ ထိုယူဆချက်များအတိုင်း အမှန်တကယ် ကိုယ်တိုင်ခံစားနေရပါက ရောဂါစွဲနေသည်မှာ သေချာသွားပြီ ဖြစ်သည်။

မစ်ချီဂန်တက္ကသိုလ်မှ အီသန်ကရော့စ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ လူဗန်းတက္ကသိုလ်မှ ဖိလစ်ပီဗာဒူးန် တို့ကပူးပေါင်းပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့က Facebook ကို အသုံးများလေလေ လက်ရှိနေထိုင်ရသည့် မိမိဘဝကို ကျေနပ်နှစ်သက်မှု နည်းလေလေ ဖြစ်ကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။

ယခင်စုံစမ်းစစ်ဆေးချက်များအရ Facebook ကို သုံးခြင်းကြောင့် မနာလို ဝန်တိုစိတ်များခြင်း၊ လူမှုရေး ဆိုင်ရာ စိတ်ကျဉ်းကျပ်မှုများခြင်း၊ အထီးကျန်စွာ နေထိုင်လိုခြင်းနှင့် စိတ်ကျဝေဒနာများ ခံစားရခြင်း တို့လောက်ကိုသာ သတိထားမိကြသည်။ ယင်းဝေဒနာများသည် အခိုက်အတန့်ဖြစ်သော ယာယီ စိတ်ဝေဒနာများ ဖြစ်သည်။ ဒေါက်တာကရော့စ်နှင့် ဒေါက်တာဗန်ဒူးန်တို့က Facebook ကို အသုံးပြုသည့် အချိန်ကိုလည်း ထည့်တွက်ပြီး ထိုဝေဒနာ ခံစားရမှုသည် အချိန်ကာလမည်မျှ အသုံးပြုခြင်းနှင့် ဆိုင်ကြောင်းကိုလည်း လေ့လာသုံးသပ်ခဲ့ကြသည်။ စိတ်ခံစားမှု အတိုင်းအတာသည် မည်သည့်အချိန်တွင် ပြောင်းလဲတတ်သနည်းကိုလည်း သူတို့ လေ့လာခဲ့ကြသည်။

သူတို့စစ်ဆေးစမ်းသပ်မှုတွင် Facebook သုံးစွဲသူ ၈၂ ဦးကို လေ့လာစစ်ဆေးခဲ့ကြသည်။ ထို ၈၂ ဦးစလုံး အသက် ၂၀ ဝန်းကျင်များ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင် နှစ်ပတ်ကြာ စမ်းသပ်စစ်ဆေးမှုကို လက်ခံခဲ့ကြခြင်း ဖြစ်သည်။ ရလဒ်ကတော့ရှင်းသည် Facebook သုံးစွဲလွန်သူများသည် အဆိုးမြင်စိတ် ဝေဒနာကို တစ်နည်းနည်းဖြင့် ခံစားနေရသူများဆိုသည့် အဖြေသာ ထွက်ပေါ်လာခဲ့သည်။

“Facebook ကို စိတ်ဝင်စားနေသူတွေ အများကြီး ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ လူသုံးများ လာတာကြောင့်လည်း ပါတယ်။ နေ့စဉ်ပုံမှန် သုံးနေသူတွေက သန်း ၅၀၀ ကျော်လောက်ရှိတယ်။ ဒါကို လေ့လာဆန်းစစ်ဖို့ လိုပြီထင်ပါတယ်” ဟု သုတေသနအဖွဲ့တွင် ပူးပေါင်းပါဝင်သူ အီသန်ကဆိုသည်။

မနာလိုမှု

Facebook နှင့် ပတ်သက်ပြီး အခြားသတိပြုစရာ ကိစ္စတစ်ရပ်မှာ မနာလိုစိတ်များ ဝင်စေခြင်း ဖြစ်သည်။ ထိုစိတ်သည် အပျက်သဘောဆောင်သည့် စိတ်မျိုးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်များ လျော့နည်းလာတတ်ခြင်း များသည် ယင်းမနာလိုစိတ်တွင် အခြေခံနေသည်။ ဥပမာ - မိသားစုမရှိ စိတ်ဓာတ်ကျနေသည့် လူတစ်ယောက်အတွက် မိသားစုများနှင့် ပျော်ရွှင်စွာ အပန်းဖြေခရီး ထွက်နေသည့် ပုံများသည် စိတ်အားငယ်စရာ ဖြစ်စေနိုင်သည်။ အခြား အားငယ်စရာများတွင် မလှသူက လှပသူ၏ ပုံကိုကြည့်ပြီး စိတ်ပျက်သွားနိုင်သည်။ ဂျာမန် တက္ကသိုလ်ကျောင်းသား သုံးဦးတွင် နှစ်ဦးသည် Facebook ကိုရောက်ပြီးမှ မိမိဘဝကို မကျေနပ်မှုများ ပိုပြီးတိုးတက်လာပြီး Utah Valley တက္ကသိုလ်တွင်လည်း အလားတူ စိတ်အားငယ်မှုများကို Facebook အချိန်များစွာ အသုံးပြုသူများတွင် တွေ့ရကြောင်း Huffington Post သတင်းတွင် ရေးသားထားသည်။

Facebook ၏ ပြောင်းလဲတိုးတက်မှုကို သုံးသပ်ခြင်း

မည်သို့ဆိုစေ Facebook သည် အရှိန်အဟုန်နှင့် အောင်မြင်နေသော လူမှုရေးကွန်ရက်ကြီးတစ်ခုဟု ဆိုရမည်သာ ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် မာ့ခ်ဇူကာဘတ်ဆိုသည့် လူငယ်လေးတစ်ဦးက အခြေပြုလိုက်သည့် ထို Website သည် ယနေ့သုံးစွဲသူပေါင်း သန်း ၁၁၀၀ ခန့် ရှိလာလိမ့်မည်ဟု ထင်နိုင်စရာ အကြောင်းမရှိပေ။ ပထမဦးဆုံး ကျောင်းသားအချင်းချင်း ဆက်သွယ်အသုံးပြုနိုင်ရန် တီထွင်ခဲ့ရာမှ တစ်ကမ္ဘာလုံးရှိ လူပေါင်းစုံသုံးသည့် အဆင့်သို့ ရောက်သွားခဲ့ရသည်။

၂၀၁၂ ခုနှစ်စာရင်းအရ Facebook သုံးစွဲသူပေါင်း သန်း ၁၀၀၀ တွင် ၈ ဒသမ ၇ ရာခိုင်နှုန်းသည် Account တုများဖြင့် သုံးစွဲနေကြသူများ ဖြစ်သည်။ ၂၀၁၁ ခုနှစ်မေလ Consumer Reports အရ အသက် ၁၃ နှစ်အောက် သုံးစွဲသူပေါင်း ၇ ဒသမ ၅ သန်းရှိပြီး၊ အသက် ၁၀ နှစ်အောက် သုံးစွဲသူပေါင်း ၅ သန်းရှိသည်။

Facebook ကို အများပိုင်ကုမ္ပဏီတစ်ခု အဖြစ် ပြောင်းပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့တွင် စတော့ရှယ်ယာများ စတင်ရောင်းခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Facebook ၏ဝင်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများ ခေတ်စားလာသည့် အခါတွင်လည်း ၂၀၁၃ ခုနှစ်တွင် Facebook ကို မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုသူပေါင်းမှာ ၆၀၄ သန်းခန့် ဖြစ်ကြောင်း ဇန်နဝါရီလထုတ် Tech Crunch တွင် ဖော်ပြထားသည်။

မည်သို့ဆိုစေ လူမှုဘဝတွင် ထွက်ပေါက်တစ်ခုခုကို ရှာနေကြသူတိုင်းသည် Facebook ကို သုံးကြမည် သာဖြစ်သည်။ မျက်မှောက်ခေတ်တွင် Facebook ပေါ်၌ ဟုတ်တာတွေလည်း ရှိသည်၊ မဟုတ်တာတွေလည်း ရှိသည်။ မှန်တာလည်း ရှိသလို၊ မမှန်တာတွေလည်း ရှိနိုင်သည်။ အမှန်၊ အမှား၊ အကောင်း၊ အဆိုး ဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ် သုံးသပ်နိုင်ချက်နှင့် ဆိုင်မည်ထင်သည်။ ယနေ့အထိ ဘီလီယံချီပြီး ပရိသတ်ရှိနေခြင်းက အဆိုးဘက်ကဲပြီး၊ မကောင်းသောကြောင့်ဟု ပြော၍ မရနိုင်သည့် အနေအထား ဖြစ်သည်။

Facebook သုံးခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များ၊ လုံခြုံမှုများ အာမခံချက် တစ်စက်မျှ မရှိဟုဆိုစေ ကိုယ့်အကြောင်းကို ဖော်ထုတ်ပြီး ပျော်ရွှင်စွာ သုံးနေကြသည်သာ ဖြစ်သည်။ လူတို့၏ မွန်းကြပ် ပိတ်လှောင်မှုကို တစ်ခုခု ဖောက်ထုတ်ပေးနိုင်နေခြင်းက Facebook ၏ အောင်မြင်နေရခြင်းတစ်ခု ဖြစ်နေသည်။ အကယ်၍ လူတို့တွင် မွန်းကြပ်စရာ အကြောင်းအရာများ မရှိ၊ ဘဝအမောတွေ မရှိလျှင်လည်း အခြားအသွင်တစ်မျိုးဖြင့် Facebook သည် ရောက်လာဦးမည်သာ ဖြစ်သည်။ အမှန်တော့ Facebook ကို ‘ထွက်ပေါက်’ ဆိုလျှင်ပင်...

(တင်ညွန့်)
Ref: Avoidfacebook.com, Businessinsider.com, BBC.com, npr.org, Depressionforum.org

Credit The Voice Weekly
Read More »

စာတစ်လုံး ပြောင်းပြန်လှန်ရုံဖြင့် (ဇေယျသူ)


အင်္ဂလိပ် ဝေါဟာရတစ်ခုမှ စာတစ်လုံးကို ပြောင်းပြန်လှန်ရုံဖြင့် နိုင်ငံတည်ဆောက်နိုင်ပြီ ဆိုလျှင် တယ်ဆိုတဲ့စာပါလားဟု ပြောလိုသူတို့က ပြောမည်၊ သို့မဟုတ် လွယ်လှချည်လားဟု ဆိုသူတို့က ဆိုမည်။

ဘယ်စာလုံးလဲ။ Me ပါ။ Me ၏ ရှေ့စာလုံးကို ပြောင်းပြန် လှန်လိုက်လျှင်ျွှန ရပါသည်။ စာရွက်ပေါ်တွင် လုပ်ရသည်မှာ လွယ်သလောက်၊ စိတ်မှန်းနှင့်လုပ်ရန် လွယ်သလောက် We ကို Me ပြောင်းရန် လက်တွေ့တွင် ခက်လှသည်။ သို့သော် ထိုတစ်ချက် ပွင့်သွားလျှင် အားလုံးကောင်းသွားပြီ။
ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်သူများကို Me သမားများ ဟုခေါ်သည်။ ကိုယ့်အကြောင်းကလွဲပြီး အခြားသူများအကြောင်း စိတ်မဝင်စားသူသည် Me ဖြစ်သည်။ ငါစားမယ်၊ ငါသောက်မယ်၊ ငါငွေရှာမယ်၊ ငါအလုပ်လုပ်မယ်။ ငါငါနှင့်သာနေသူ ဖြစ်သည်။ ထို Me သည် လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်လျှင်ပင် လဲနေသူကို ထူပေးရမည့်အစား သက်သေလိုက် နေရမှာ စိုးသောကြောင့် အိမ်တံခါး ပိတ်ကာ ချောင်းကြည့်နေသူ ဖြစ်သည်။ ရပ်ရေးရွာရေး ဝေးဝေးက ရှောင်သူဖြစ်သည်။
Me တို့ မသိသည်က မိမိပတ်ဝန်းကျင်၊ နိုင်ငံယိုယွင်းလျှင် မိမိလည်း အကျိုးယုတ်မည်ကို။ လူတို့သည် အုပ်စုဖွဲ့ နေတတ်သည့်သတ္တဝါ Social Animal ဖြစ်သည်။ အုပ်စုဖွဲ့နေလျှင် မိမိအတွက် ကောင်းကျိုးရမည် ဆိုသည်ကို ရှေးဦးလူတို့ ကောင်းကောင်းသိသည်။ အိမ်ဝယ်လျှင် ပတ်ဝန်းကျင် ကောင်းသည့်နေရာက ဈေးပိုတတ်ခြင်းက ပတ်ဝန်းကျင်ကောင်းမှ မိမိ အတွက်ကောင်းမည်ကို သိသည့် လူ့သဘောကို မီးမောင်းထိုးပြနေသည်။ Me တို့က ထိုမွေးရာပါဗီဇကို ဆန့်ကျင်နေသယောင်။ ရပ်ကွက်ထဲတွင် မိမိအိမ်တစ်လုံးသာ ကောင်းပြီး အခြားအိမ်များက စုတ်ချာနေလျှင် မိမိအိမ် အမြင်လှပါမည်လား။ မိမိက ချမ်းသာသလောက် ပတ်ဝန်းကျင်က မွဲချာနေလျှင် မိမိလုံခြုံရေး စိတ်အေးရမည်လား။

We သမားက Me နှင့် တစ်ဘာသာ။ We သမားသည် “ကျွန်တော် တို့” ဆိုသောစကားကို လက်သုံးထားသည်။ We သမား၏ အောင်မြင်မှု သည် ငါ့အောင်မြင်မှု၊ ကျွန်တော့် အောင်မြင်မှုမဟုတ်၊ ငါတို့၊ ကျွန်တော်တို့၏ အောင်မြင်မှုဖြစ်သည်။ သူက ယာဉ်တိုက်မှုဖြစ်ကာ လဲနေသူကို ကားမရအရ ငှားကာ ဆေးရုံ ပို့သူဖြစ်သည်။ ရပ်ရေးရွာရေးတွင်လည်း တစ်တပ်တစ်အား နိုင်သည့်ဘက်မှ ပါတတ်သည်။ လမ်းဖြတ်လျှောက်သွားရင်း ကားပျက်နေသည်ကို တွေ့လျှင် ဝိုင်းတွန်းတတ်သူသည် We ဖြစ်နိုင်သည်။ ဘတ်စ်ကားပေါ်တွင် ထိုင်ခုံရသော်လည်း မိမိထက် ထိုထိုင်ခုံကို ပိုလိုသူများ၊ ဘိုးဘွား၊ ကိုယ်ဝန်ဆောင်တို့ တက်လာလျှင် ထပေးရန် ဖင်ပေါ့သူဖြစ်သည်။ သူသည် ငါ့ဖို့ တစ်ဖို့တည်းသာ ကြည့်သူမဟုတ်။ အများအတွက် ကြည့်တတ်သည်။

We သမားသည် စုပေါင်းညီညာ အောင်ကြောင်းဖြာ သဘောကို စွဲမြဲသည်။ ခေါင်းဆောင်လုပ်ရခြင်း၊ မရခြင်းကို သူစိတ်ဝင်မစား။ ကျရာနေရာ ကနေ ငါတို့ဟု ဟစ်မည့်သူ။ သူ့အတွက် We ကသာ အဓိက။

အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရေး Nation Buliding လုပ်ခြင်း စတင်အောင်မြင်ခဲ့သည်မှာ We အရှိန် တက်လာမှဖြစ်ကြောင်း တွေ့နိုင်သည်။ ရှေးဦး မြန်မာနိုင်ငံရေးသမား များသည် ယခင်က အင်္ဂလိပ်၏ အုပ်ချုပ်ရေးအဖွဲ့တွင် မိမိရာထူးရရေး၊ လစာကောင်း ရရေး Me အတွက်သာ ကြည့်နေခဲ့သဖြင့် ပညာတတ်များ ဖြစ်သော်လည်း အရာမရောက်ခဲ့။ We ကို ဦးထိပ်ရွက်သောသူများ ဦးဆောင်သောအခါမှသာ တော်လှန်ရေးဒီရေ မြင့်တက်လာခဲ့သည်။ သူတို့၏ ကြွေးကြော်သံတွင် We က အထင်းသား။
“မြန်မာပြည်သည် တို့ပြည်
မြန်မာစာသည် တို့စာ
မြန်မာစကားသည် တို့စကား
တို့ပြည်ကိုချစ်ပါ
တို့စာကို မြတ်နိုးပါ
တို့စကားကိုလေးစားပါ”

မြန်မာနိုင်ငံ လွတ်လပ်ရေးရခြင်းသည် We သမားများ ဒုနှင့်ဒေး ဖြစ်လာသောကြောင့် ဆိုသည်မှာ မည်သူမျှ မငြင်းနိုင်။ တို့ပြည် တို့မြေ ဟု We ကို တစ်ခဲနက်ကြွေးကြော် ဆောင်ရွက်နေမှတော့ မရခံနိုင်ရိုးလား။

မြန်မာနိုင်ငံတွင် နာဂစ် ရိုက်ခတ်သွားသောအခါ We အများအပြားကို တွေ့လိုက်ရသည်။ ကိုယ့်ထမင်းကိုယ်စား မနေနိုင် အခြားသူများကို တတ်နိုင်သမျှ အကူအညီပေးကြသည်။ ငွေကြေးတတ်နိုင်သူက ငွေကြေး၊ လုပ်အားတတ်နိုင်သူက လုပ်အားပေး အပ်ကြသည်။ မိဘပြည့်စုံသောကြောင့် ခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေရသည့် လူငယ်များပင် ရွှံ့တော ဗွက်တောသို့ဝင်ကာ လုပ်အားပေးကြသည်။ ဗော်လန်တီယာလုပ်တယ် (Volunteering) ဆိုသောစကား မြန်မာလူငယ်များအကြား ရေပန်းစားလာသည်။ ဗော်လန်တီယာ လုပ်သူများလျှင် နိုင်ငံဖွံ့ဖြိုးရေး အရှိန်ပိုကောင်းသည် ဟု ပညာရှင်များက သုတေသနပြု တွေ့ရှိထားသည်။ We သမားများလျှင် နိုင်ငံတည်ဆောက်ရာတွင် အရှိန်အဟုန် ကောင်းလာမည်။

We သမားသည် တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရမည့်အစား ၁၀ ရအောင် လက်တွေ့လုပ်နေသူ၊ Synergy Effect ရနေသူဖြစ်သည်။ “Two heads are better than one. Many heads are the best.” ဟု ယုံကြည်သူ ဖြစ်သည်။ သူသည် individual ဟု တစ်ကိုယ်တော်ကြဲမည့်အစား Collective Action စုပေါင်းစွမ်းဆောင်မှုကို ပိုမိုယုံကြည်သည်။

We သမားသည် Inclusive လူတိုင်းကို ဖိတ်ခေါ်သည်၊ လူတိုင်း ပါဝင်စေချင်သည်။ သီးသန့်သဘော၊ လူနည်းစုသဘော၊ ဟိုလူမပါရ ဒီလူမပါ ရသဘော Exclusive သဘောမရှိ။

Nation Building နိုင်ငံတည်ဆောက်ခြင်းတွင် We factor က အဓိကကျသည်။ We မရှိလျှင် State မဖြစ်နိုင်။ Me များ များနေလျှင် ထိုနိုင်ငံသည် ပျက်စီးခြင်းလမ်းကြောင်းသို့ ဦးတည်နေသည်ဟု လူမှုသိပ္ပံ ပညာရှင်များက ဆိုသည်။ အမေရိကန်တို့ အထီးကျန်ဖြစ်လာ၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံပေါင်းသင်းမှု နည်းလာသည့်အတွက် နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ ပီပြင်ရေးအတွက် အလားအလာ မကောင်းနိုင်ဟု နာမည်ကျော် Bowling alone: the Collapse and Revival of Americal Community “အထီးကျန် ဘိုးလင်းကစားခြင်းနှင့် အမေရိကန် လူ့အသိုက်အမြုံ ပြိုလဲခြင်း၊ ပြန်လည်ထူမတ်ခြင်း” စာအုပ်တွင် အမေရိကန်ပညာရှင် ပူတနမ်က သတိပေးခဲ့ရသည်။ ထိုသို့ အဆက်အဆံနည်းခြင်းသည် Me များလာပြီး We ကျခြင်းသဘောပင် ဖြစ်သည်။ We ကျလျှင် Trust တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုကျမည်။ Trust ကျလျှင် တစ်ဦးနှင့်တစ်ဦး အယုံကြည် နည်းသွားသည့်အတွက် အစစအရာရာ လက်တွဲလုပ်မရ။ ထိုအခါ နိုင်ငံတည်ဆောက်ရေး အလှမ်းဝေးသွားတော့သည်။

We စိတ်ဓာတ်၏ စွမ်းအားကို သိသူများက We စိတ်ဓာတ်မြှင့် တင်ရေး ကြိုးပမ်းကြသည်။ အဖွဲ့အစည်းတွင်ဖြစ်စေ၊ နိုင်ငံတွင်ဖြစ်စေ We စိတ်ဓာတ် သွင်းပေးနိုင်လျှင် ကြိမ်နှင့်ရိုက်ကာ တွန်းအားပေးရန် မလိုတော့။ သူ့အလိုလို စိတ်ရောကိုယ်ပါ လုပ်ဆောင်သွားကြတော့သည်။ အိုဘားမားရွေးကောက်ပွဲ အောင်ပွဲခံအောင် စွမ်းဆောင်ခဲ့သည့် ကမ္ဘာကျော်ဆောင်ပုဒ်၊ လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည့်ဆောင်ပုဒ်တွင် We ကိုတွေ့ နိုင်သည်။

“Yes, We Can” ကျုပ်တို့လုပ်ရင် ဖြစ်တာပေါ့။ နာမည်ကျော် Google ကုမ္ပဏီသည် ငွေကြေးအလျှံပယ် သုံးစွဲနိုင်လျက်နှင့် We စိတ်ဓာတ်ပေါ်အောင် ဝန်ထမ်းများကို စားပွဲခုံများတွင် တွဲထိုင်စေ (Desk Sharing) သည်။ We စိတ်ဓာတ် တက်လာစေရန် ဖြစ်သည်။

Me မှ We သို့ ပြောင်းခြင်းသည် နိုင်ငံတည်ဆောက်ရေးတွင် ပဓာန ကျသော အဆင့်တစ်ဆင့် ဖြစ်သည်။ နာဂစ်မှ ထွက်ပေါ်လာသည့် We သမားများကြောင့် စိတ်အားတက်ရသော်လည်း Me ၏ ရှေ့ဆုံးစကားလုံးကို ပြောင်းပြန်လှန်ပစ်မည့်သူများ အလုံးအရင်းနှင့် လိုအပ်နေပါသေးသည်။

(The Voice Weekly Vol-5, No 13, ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၉ - ၂၅ ထုတ်တွင် ဖော်ပြပြီးဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါသည်။)
Read More »

စီးပွါးရေးမဟာဗျူဟာများနှင့် Stakeholders --- ဘိုစိန်


စီးပွါးရေးလုပ်ငန်းများအတွက် မဟာဗျူဟာများ ချမှတ်ရာမှာ Stakeholder များနဲ့ပတ်သက်လို့ ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ပါတယ်။ မဟာဗျူဟာချမှတ်သူများအနေနဲ့ Stakeholder တွေရဲ့ အကျိုးစီးပွါးဆိုင်ရာ ကျေနပ်မှုရရှိရေး ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ကုမ္ပဏီတစ်ခုရဲ့ Stakeholder များနဲ့ပတ်သက်လို့ Internal Stakeholder များနဲ့ External Stakeholder များ ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Internal Stakeholder များက စတော့ရှယ်ယာရှင်တွေ(stockholders)၊ အမှုဆောင်အရာရှိများ၊ မန်နေဂျာများ၊ ဘုတ်အဖွဲ့ဝင်များအပါအ၀င် ကုမ္ပဏီဝန်ထမ်းများပါဝင်ပါတယ်။ External Stakeholder များမှာ ကုမ္ပဏီနဲ့ပတ်သက်လို့ ပြောဆိုပိုင်ခွင့်ရှိကြတဲ့ တစ်ဦးချင်း သို့မဟုတ် အုပ်စုလိုက် လူပုဂ္ဂိုလ်များ ပါဝင်ကြပါတယ်။ ကုမ္ပဏီရဲ့ ဖောက်သည်များ၊ ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ ပေးနေသူများ၊ အစိုးရအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ဒေသခံပြည်သူများနဲ့ အထွေထွေပြည်သူလူထုတို့ ပါဝင်ပါတယ်။

Stakeholder များအားလုံးဟာ ကုမ္ပဏီနဲ့ အပြန်အလှန် ဆက်နွယ်မှုရှိနေကြပါတယ်။ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ရှင်တွေ (stockholders)က ကုမ္ပဏီအတွက် ငွေအရင်းအနှီးများ ထောက်ပံ့ပေး ထားကြပြီး သူတို့ ရင်းနှီးမြှုပ်နှံမှု တွေအတွက် ကုမ္ပဏီမှ သင့်လျော်တဲ့ အမြတ်ရရှိဖို့ မျှော်မှန်းထားကြပါတယ်။

ကုမ္ပဏီရဲ့ ၀န်ထမ်းများက သူတို့ရဲ့ လုပ်အားတွေ ကျွမ်းကျင်မှုတွေကို ကုမ္ပဏီအတွက် ပေးထားကြပြီး အပြန်အလှန်အနေနဲ့ ကုမ္ပဏီမှ လစာဝင်ငွေ၊ အလုပ်နဲ့ဆက်နွယ်တဲ့ စိတ်ကျေနပ်မှု၊ အလုပ်တည်မြဲရေး နဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်အခြေအနေ စတာတွေကို မျှော်မှန်းကြပါတယ်။

ကုမ္ပဏီရဲ့ ဖောက်သည်များ(Customers) ကလည်း ကုမ္ပဏီအတွက် ၀င်ငွေများ ထောက်ပံ့ပေးနေကြပြီး ပေးရတာတန်တဲ့ အရည်အသွေးမြင့်မားကာ ယုံကြည်အားထားရတဲ့ကုန်ပစ္စည်းများကို အလိုရှိကြပါတယ်။

ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ဖြန့်ဖြူးပေးနေသူများ (Suppliers)ကလည်း ကုမ္ပဏီအတွက် လိုအပ်တဲ့ သွင်းကုန်ပစ္စည်းများကို ထောက်ပံ့ပေးပြီး ၀င်ငွေရရှိဖို့နဲ့ ယုံကြည်အားထားရတဲ့ ၀ယ်လက်များရရှိဖို့ ကြိုးပမ်းကြပါတယ်။

အစိုးရကလည်း စီးပွါးရေးလုပ်ငန်းများ မျှတစွာ ယှဉ်ပြိုင်နိုင်ရေးနဲ့ စီးပွါးရေးလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများဖြင့် ထိန်းညှိနိုင်ရေးအတွက် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြဌာန်းပေးပြီး အပြန်အလှန်အားဖြင့် ကုမ္ပဏီများအနေနဲ့ ပြဌာန်းချက်တွေကို စွဲမြဲစွာ လိုက်နာစေချင်ကြပါတယ်။

အလုပ်သမားသမဂ္ဂများကလည်း ကုမ္ပဏီအတွက် ထုတ်လုပ်စွမ်းအား ပြည့်ဝ တဲ့ ၀န်ထမ်းတွေ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး သူတို့အဖွဲ့ဝင်တွေ အတွက် ကုမ္ပဏီမှ အကျိုးကျေးဇူးခံစားခွင့်များကို ရရှိစေလိုကြပါတယ်။

ဒေသခံပြည်သူတွေက ကုမ္ပဏီအတွက် ဒေသဆိုင်ရာ အခြေခံအဆောက်အဦးများနဲ့ ပံ့ပိုးထားကြသလို ကုမ္ပဏီဘက်ကလည်း ဒေသခံတွေနဲ့ပတ်သက်လို့ တာဝန်ယူနိုင်စွမ်း ရှိစေချင်ကြပါတယ်။ ပြည်သူလူထု တစ်ရပ်လုံးကလည်း ကုမ္ပဏီများအတွက် တစ်မျိုးသားလုံးဆိုင်ရာ အခြေခံအဆောက်အဦးများနဲ့ ကူညီဆောင် ရွက်ထားပြီး ကုမ္ပဏီများ တည်ရှိနေခြင်းကြောင့် အရည်အသွေးပြည့်ဝသည့် ဘ၀များ ဖြစ်ထွန်းစေလိုကြပါတယ်။

ဒါ့ကြောင့် ကုမ္ပဏီများအနေနဲ့ စီးပွါးရေးဆိုင်ရာ မဟာဗျူဟာများကို ပုံဖော်ရာမှာ Stakeholder များနဲ့ပတ်သက်လို့ များစွာထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ဖော်ပြပါအချက်များကို လျစ်လျူရှုခဲ့မယ်ဆိုရင်တော့ Stakeholder တွေရဲ့ ထောက်ခံမှု ပျောက်ဆုံးကာ ကုမ္ပဏီ ရေရှည်တည်တံ့ဖို့ ခက်ခဲနိုင်ပါတယ်။

ရှယ်ယာရှင်တွေက သူတို့ရှယ်ယာတွေကို ပြန်လည်ရောင်းချတာမျိုး၊ ၀န်ထမ်းတွေကလည်း ကုမ္ပဏီကို စွန့်ခွါ သွားတာမျိုး၊ ကုမ္ပဏီရဲ့ ဖောက်သည်များ( Customers)ကလည်း အခြားထုတ်ကုန်များကို ပြောင်းလဲအားပေး ခြင်းမျိုး၊ ကုန်ကြမ်းထောက်ပံ့ပေးနေသူများ (Suppliers)ကလည်း ယုံကြည်အားထားရတဲ့ ၀ယ်လက်သစ်ဆီ ပြောင်းရွှေ့သွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂကလည်း အလုပ်သမားဆိုင်ရာ အငြင်းပွါး မှုတွေအတွက် တောင်းဆို လာခြင်း၊ ဒေသခံပြည်သူတွေကလည်း သူတို့အရပ်ဒေသမှာ ကုမ္ပဏီရဲ့ လုပ်ငန်းခွင် တည်ရှိနေမှုကို ကန့်ကွက်တားဆီးလာခြင်း၊ ပြည်သူလူထု ကလည်း လူနေမှုဘ၀အရည်အသွေးကို ထိခိုက်နိုင်တဲ့ ကုမ္ပဏီများနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်ဖို့ ဖိအားပေး တောင်းဆိုလာခြင်းများ ဖြစ်ပွါးလာနိုင်ပါတယ်။

ကုမ္ပဏီအနေနဲ့ Stakeholder များအားလုံးရဲ့ တောင်းဆိုမှုတွေကို အမြဲတမ်း ကျေနပ်နှစ်သက်အောင် ဆောင်ရွက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ကွဲပြားနေတဲ့ အုပ်စုတွေရဲ့ တောင်းဆိုချက် ဦးတည်ရည်မှန်းချက်တွေ ဟာ အပြန်အလှန် ထိုးနှက်နေတတ်ပါတယ်။ ဥပမာအားဖြင့် လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားသမဂ္ဂရဲ့တောင်းဆိုချက်ဟာ သင့်လျော်တဲ့ဈေးနှုန်းဖြစ်ဖို့ ဖောက်သည်များရဲ့တောင်းဆိုချက်၊ လက်ခံနိုင်လောက်တဲ့ အမြတ်ရရှိဖို့ ရှယ်ယာရှင်များရဲ့တောင်းဆိုချက်တွေနဲ့ အပြန်အလှန် ထိုးနှက်နိုင်ပါတယ်။

ထိုအတွက် ကုမ္ပဏီအနေနဲ့ ရွေးချယ်မှုပြုလုပ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီအတွက် အရေးပါတဲ့ Stakeholder တွေကို ခွဲခြားသတ်မှတ်ကာ စီးပွါးရေးမဟာဗျူဟာများပုံဖော်ရာမှာ ဦးစားပေးဆောင်ရွက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ကုမ္ပဏီနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ ဖောက်သည်များရဲ့ လိုအပ်ချက်များကို ကျေနပ်နှစ်သက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကုမ္ပဏီတွေဟာ ၀င်ငွေထိခိုက်နိုင်ပါတယ်။
Source: Strategic Management Theory
Read More »

နားဝေတိမ်တောင် နိုင်ငံရေး၊ သတင်းမီဒီယာများနှင့် ရှေ့ခရီး( ဒေါက်တာ ရန်မျိုးသိမ်း )



ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား သက်ကြီး၊ ၀ါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြု အခမ်းအနားတွင် တက်ရောက်လာသူများနှင့် မီဒီယာသမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မည်သည့်နိုင်ငံရေး ပုံစံတွင်မဆို သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို စတုတ္ထမဏ္ဍိုင်ဟု လည်းကောင်း၊ ပြည်သူလူထု၏အသံ အစစ်အမှန်ကို ကိုယ်စားပြု ပုံဖော်သည်ဟု လည်းကောင်း သတ်မှတ်ကြသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အပြောင်းအလဲတွင်လည်း သတင်းမီဒီယာများသည် တ၀ုန်းဝုန်း၊ တဒိုင်းဒိုင်း အသံများနှင့် ရှေ့တန်းစစ်မြေပြင် အလား အရေးပါလျက်ရှိသည်။ မီဒီယာများ အတွက်မူ ကျည်ကွယ်၊ မျက်ကွယ်နေရာက ရှားပါးလျက်ရှိသည်။ တစ်နေ့ထက်တစ်နေ့ နားဝေတိမ်တောင် ဖြစ်လာနေသော မြန်မာ့နိုင်ငံရေးတွင် သတင်းမီဒီယာများ အနေဖြင့် စားသတိ၊ သွားသတိ၊ လာသတိ၊ မေးသတိ၊ ပေးသတိ၊ ယူသတိ စသည့် သတိကပ် အလုပ်လုပ်ကြရ ဦးမည်ဖြစ်သည်။
သတင်းမီဒီယာများကို သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဟု နမူနာပြနိုင်သည်။ ပါလီမန် ဒီမိုကရေစီ နိုင်ငံရေးတွင် သတင်းမီဒီယာများသည် အစိုးရ၊ အတိုက်အခံနှင့် ပြည်သူလူထုအကြား တစ်ခါတစ်ရံ အသားညှပ်ပေါင်မုန့် ဖြစ်နေတတ်သည်မှာလည်း အလေ့အထ တစ်ခုဖြစ်သည်။ မင်းအစိုးရ တို့ကလည်း သတင်းမီဒီယာများကို သိမ်းသွင်းပြီး အကောင်းများများ၊ အဆိုးနည်းနည်းရေးဖို့ ဖျောင်းဖျ တတ်ကြသည့်နည်းတူ နိုင်ငံရေး ပါတီများနှင့် အတိုက်အခံ များကလည်း အတိုက်အခံ လှုပ်ရှားမှုကို ပိုပိုသာသာ ဇောင်းပေးဖို့ သတင်းမီဒီယာများကို ချဉ်းကပ်စည်းရုံး တတ်ကြသည်။ အကယ်စင်စစ် သတင်းမီဒီယာ အစစ်အမှန်သည် အစိုးရမဟုတ်၊ အတိုက်အခံ မဟုတ်သော အောက်ခြေပြည်သူလူထု အများစုကြီး ဘက်တွင်သာ ရပ်တည်ရမည် ဖြစ်သည်။ အထူးသဖြင့် ယနေ့ မြန်မာ့အခင်းအကျင်းကဲ့သို့ အတိုက်အခံ နိုင်ငံရေးအသံ ပျောက်လုနီးနီး ဖြစ်နေသည့် ပတ်ဝန်းကျင်တွင် ပြည်သူလူထုကို မျက်နှာမူသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် နိုင်ငံရေးအရ ပို၍အားကောင်း မောင်းသန်ဖြစ်ရန် လိုအပ်သည့်နည်းတူ သတင်းမီဒီယာ လောကသားများ သည်လည်း ကိုယ့်ဝမ်းစာ ကိုယ်အားစိုက် ဖြည့်တင်းကြရန် လိုအပ်လိမ့်မည်ဟု သုံးသပ်မိပါသည်။
အစိုးရ ခေါင်းဆောင်များကို မျက်နှာလို မျက်နှာရ လုပ်တတ်သော ပလူးပလဲ နေတတ်သော သတင်းမီဒီယာ များကိုလည်း တွေ့ရတတ်သည်မှာ သဘာဝပင် ဖြစ်သည်။ လွှတ်တော်အကြီးအကဲ များကို သွားဖြဲပြနေသော မီဒီယာများ၊ အစိုးရ၀န်ကြီး ၀န်ကလေးများကို ဖေးဖေးမမ ကူနေသော မီဒီယာများ တို့ကိုလည်း သတိပြုမိသည်။ ဒီမိုကရက်တစ် လူမှုပတ်ဝန်းကျင်တွင် သတင်းမီဒီယာတို့သည် ပြည်သူလူထု အများစုကြီးနှင့် တစ်သားတည်း ရပ်တည်ကြသည့် အလျောက် အတိုက်အခံ နိုင်ငံရေးဘက်ကို အားပိုသာသည်ဟု သုံးသပ်နိုင်သည်။ ထို့ကြောင့် ပြည်သူဘက်ကို ဘက်လိုက်သော သတင်းမီဒီယာများသည် အာဏာရ အစိုးရနှင့် အာဏာရပါတီတို့၏ မျက်မုန်းကျိုးသည့်ဒဏ်ကို အတိုင်းအတာ တစ်ခုအထိ ခံကြရသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။

လက်ရှိမီဒီယာ အများစုသည်လည်း သတင်းများကို သုံးသပ်လျက် မျှမျှတတ ချဉ်းကပ်ရေးသားနိုင်ရန် အစဉ်တစိုက် အားထုတ်လျက် ရှိသည်မှာ အထင်အရှား ဖြစ်သည်။ တစ်ဖက်တွင်လည်း မီဒီယာများ အနေဖြင့် သတင်းအရင်းအမြစ်များနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်ရေး အပိုင်းတွင်လည်း အခက်အခဲများ ရှိနေဆဲဖြစ်သည်။ အစိုးရတွင်သာမက နိုင်ငံရေး ပါတီများတွင်လည်း သတင်းတစ်ခုကို အတည်ပြုမှု ရယူရန် ခက်ခဲနေဆဲ ဖြစ်သည်မှာ အလျင်အမြန် ပြုပြင်ရမည့် ကိစ္စဖြစ်သည်...


လက်ရှိမြန်မာ့ နိုင်ငံရေး အခင်းအကျင်းတွင် အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး ပါတီများသည် သတင်းမီဒီယာတို့၏ စွမ်းဆောင်ရည်ကို မြင့်မြင့်မားမား တန်ဖိုးထားကြရန် လိုအပ်သည်။ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး ခေါင်းဆောင်များသည် သတင်းမီဒီယာများကို ဗျူဟာမြောက် ချဉ်းကပ်လျက် နိုင်ငံရေး လမ်းကြောင်းကို ထိထိရောက်ရောက် ပုံဖော်နိုင်ရန်လည်း လိုအပ်လျက် ရှိသည်ကို တွေ့မြင်ရသည်။ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး ခေါင်းဆောင်များသည် သတင်းမီဒီယာများနှင့် ဆက်ဆံရာတွင် အထက်အောက်ပုံစံ၊ ဆရာတပည့်ပုံစံ၊ သားအမိပုံစံမျိုးကို ရှောင်ကြဉ်သင့်သည်ဟု အကြံပြုလိုပါသည်။ လက်တွေ့အားဖြင့် အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး ခေါင်းဆောင်များသည် သတင်းမီဒီယာများနှင့် ဆက်ဆံရေး အပိုင်းတွင် တန်းတူရည်တူ သဘော အပြန်အလှန် အလေးထားသည့် သဘောတို့ လွှမ်းခြုံလျက် ဆက်ဆံရေး ပိုမိုအားကောင်းအောင် တည်ဆောက် သင့်သည်ဟုလည်း မှတ်ချက်ပြုလိုပါသည်။
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့သည် လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့် အင်န်အယ်လ်ဒီ ပါတီတို့သည် လည်းကောင်း၊ ပြောရေးဆိုခွင့် ရှိသူများကို တရားဝင် ခန့်ထားပြီး ဖြစ်သော်လည်း ယနေ့အထိ ပုံမှန်သတင်းစာ ရှင်းလင်းပွဲများကို ကျင်းပနိုင်ခြင်း မရှိသေးသည်ကို သတိပြုမိသည်။ အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေး ခေါင်းဆောင်များသည် လူထုဆက်ဆံရေးနှင့် ပြန်ကြားရေး နယ်ပယ်တွင် သတင်းမီဒီယာများ၏ အင်အားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက် တည်ဆောက်ရေးကို ဖော်ဆောင် သင့်သည်ဟု မှတ်ချက်ပြုလိုပါသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးများ ပြီးဆုံးပြီးနောက် ၂၀၁၃ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း အိုင်-၁၂ တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်း ခွင့်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ အလုပ်သည် သတင်းများကို ထည့်ရုံသာမက သတင်းများကို သုံးသပ်နိုင်သည့် အခြေအနေမှာလည်း ရှိသည့်အလျောက် မျှမျှတတသုံးသပ်ဖို့ လိုအပ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
လက်ရှိမီဒီယာ အများစုသည်လည်း သတင်းများကို သုံးသပ်လျက် မျှမျှတတ ချဉ်းကပ်ရေးသားနိုင်ရန် အစဉ်တစိုက် အားထုတ်လျက် ရှိသည်မှာ အထင်အရှား ဖြစ်သည်။ တစ်ဖက်တွင်လည်း မီဒီယာများ အနေဖြင့် သတင်းအရင်းအမြစ်များနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ရရှိနိုင်ရေး အပိုင်းတွင်လည်း အခက်အခဲများ ရှိနေဆဲဖြစ်သည်။ အစိုးရတွင်သာမက နိုင်ငံရေး ပါတီများတွင်လည်း သတင်းတစ်ခုကို အတည်ပြုမှု ရယူရန် ခက်ခဲနေဆဲ ဖြစ်သည်မှာ အလျင်အမြန် ပြုပြင်ရမည့် ကိစ္စဖြစ်သည်။
8.1.1
သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာဆောင်တွင် ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အင်တာနက် သတင်းစာမျက်နှာ များတွင် ဖော်ပြပါရှိသော သတင်းများအား ကြားတိုင်း မယုံကြရန်လည်း ဆော်သြခဲ့သည်။ ထို့အပြင် ဖေ့စ်ဘွတ်နှင့် ပတ်သက်၍လည်း တင်ချင်တိုင်းတင် ရေးချင်တိုင်းရေး ယုံချင်တိုင်းယုံနေသည့် ကိစ္စများကို မည်သို့ဖြေရှင်း သင့်ကြောင်းကို မီဒီယာများ အနေဖြင့် စဉ်းစားရမည်ဟု မှတ်ချက်ပြုခဲ့သည်။ အတားအဆီးမရှိ အလွတ်ရေးသားချက်များ ဖြစ်သည်ဟုလည်း ဖြည့်စွက် သုံးသပ်ခဲ့သည်။
ဖေ့စ်ဘွတ်ပေါ်မှ တစ်ဖက်စောင်းနင်း ရေးသားချက်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်လိုသောကြောင့် ဖြစ်ပြီး ပြဿနာ လုပ်လိုသော သဘောရှိသည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။ ထို့အပြင် ဖေ့စ်ဘွတ်ပေါ်မှ ရေးသားချက်များသည် မတည်မငြိမ်ဖြစ်အောင် လုပ်ခြင်းလည်း ဖြစ်နိုင်ပြီး အတားအဆီး မဲ့နေမှုအပေါ် ဝေဖန်ထောက်ပြ အဖြေရှာကြရန် ဆော်သြခဲ့သည်။ မီဒီယာအချင်းချင်း ထိန်းကျောင်း နိုင်ရန်လည်း စဉ်းစားသင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။
အင်တာနက် လူမှုကွန်ရက် ဖြစ်သော ဖေ့စ်ဘွတ်သည် မြန်မာနိုင်ငံတွင် သုံးစွဲသူ အမြင့်မားဆုံး ရှိနေသည့် စာမျက်နှာတစ်ခု ဖြစ်သည့်အပြင် အသုံးပြုသူ အများစုသည် သတင်းဦး၊ သတင်းထူးများနှင့် ထူးခြားသတင်းများကို ဖေ့စ်ဘွတ် စာမျက်နှာတွင် ရှာဖွေကြည့်ရှု ကြသည်။ အသုံးပြုသူ အများစု အနေဖြင့် ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားသော အကြောင်းအရာ အားလုံးကို ယုံကြည်လက်ခံ၍ မဖြစ်နိုင်သည့် အားလျော်စွာ နောက်တစ်ဆင့် အတည်ပြုချက် ရယူသင့်သည်ဟုသာ မှတ်ချက်ပြုနိုင်သည်။ ဖေ့စ်ဘွတ်၏ သဘောသဘာဝ ကိုယ်၌က ရေးချင်သည့် အကြောင်းအရာကို တက်ရေးနိုင်သော ဟစ်တိုင်နှင့်တူသည့် စာမျက်နှာကြီးဖြစ်ရာ ထိန်းကျောင်းဖို့ အလွန်ခက်ခဲသည်ဟု မှတ်ချက်ပြုနိုင်သည်။ အဆင့်မြင့် နည်းပညာများ အသုံးပြုလျက် ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် လှုံ့ဆော်နေသူများကို ဖော်ထုတ်နိုင်မည်ဆိုလျှင် တော်သေးသည်။ တစ်ဖက်တွင်လည်း ဖေ့စ်ဘွတ်စာမျက်နှာကို အကန့်အသတ်များ အတားအဆီးများ ပြုလုပ်လာမည်ကိုမူ စိုးရိမ်မိသည်။
အင်တာနက် လူမှုကွန်ရက်များတွင် လုပ်ကြံလီဆယ်သော မဟုတ်တမ်းတရား ရေးသားသော အချက်အလက်များ ဖော်ပြပါရှိခဲ့လျှင် ဖေ့စ်ဘွတ်ပေါ်တွင် အသေးစိတ် ရှင်းလင်းဖော်ပြချက်များကို အလျင်အမြန် ရေးသားချေပနိုင်လျှင် အဖွဲ့တစ်ဖွဲ့ စုစည်းထားပြီး အမြဲမပြတ် စောင့်ကြည့် တုံ့ပြန်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ အင်န်အယ်လ်ဒီပါတီ၏ သတင်းနှင့် ပြန်ကြားရေး ကော်မတီတွင် သီးခြားအဖွဲ့တစ်ခု ဖွဲ့စည်းတာဝန်ပေးကာ အင်တာနက် လူမှုကွန်ရက်များကို မပြတ်စောင့်ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အင်န်အယ်လ်ဒီ ပါတီနှင့်ပတ်သက်၍ စွပ်စွဲရေးသား မှုများကို တွေ့ရှိပါက အထောက်အထား အချက်အလက် အပြည့်အစုံနှင့် တန်ပြန်ဖြေရှင်းနိုင်ရန်၊ ချေပရေးသားနိုင်ရန် ပိုမိုလိုအပ်သည်ဟု ထင်မြင်မိသည်။
ပြည်သူလူထုအတွင်း အင်တာနက် သုံးသူများကို ကြားတိုင်းမယုံဖို့ ဆော်သြရုံ သက်သက်ဖြင့် ထူးထူးခြားခြား ဖြစ်လာနိုင်စရာ မရှိဟု ထင်မြင်မိသည်။ ကောလာဟလများ၊ အင်တာနက် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖြေရှင်း ချေပနိုင်ရေးက ပိုမိုလိုအပ်သည်ဟု ထင်မြင်မိပါသည်။ ထို့အပြင် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် ဖေ့စ်ဘွတ် စာမျက်နှာများကို စနစ်တကျ အသုံးပြုလျက် ပြည်သူလူထုအတွင်း ပါတီစည်းရုံးရေးနှင့် ပါတီတည်ဆောက်ရေး လုပ်ငန်းများကို ပြုလုပ်နိုင်သည့် အားသာချက်ကိုလည်း ထည့်သွင်းစဉ်းစား သင့်သည်ဟု ထင်မြင်မိသည်။
နိဂုံး
အချုပ်အားဖြင့် ဆိုသော် နားဝေတိမ်တောင် နိုင်ငံရေး ပတ်ဝန်းကျင်တွင် အင်တာနက် လူမှုကွန်ရက်ပါ သတင်းအများစုကို ပြန်ဆန်းစစ်လျှင် အခြေအမြစ် ခိုင်မာမှုအပိုင်း၊ သတင်းအရင်းအမြစ် အပိုင်းတို့တွင် အားနည်းနေသည်ကို တွေ့ရှိရသော်လည်း အချို့သတင်း ဖော်ပြချက်များသည် ဖြစ်နိုင်ခြေရှိသည့် ဖက်ကို ပိုမိုယိမ်းယိုင် နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ အနာဂတ် မြန်မာ့နိုင်ငံရေး ခရီးတွင် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းစဉ်၏ ပြတင်းပေါက်များ ဖြစ်လာမည့် ဖေ့စ်ဘွတ် စာမျက်နှာများကို အစိုးရ လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် စနစ်တကျ အကျိုးရှိရှိ အသုံးပြုနိုင်ရန် အားထုတ်သင့်သည်။ ဖေ့စ်ဘွတ်တွင် အားနည်းချက်များ၊ လိုအပ်ချက်များ ချို့ယွင်းချက်များ ရှိနေသည့်နည်းတူ အားသာချက်များ အခွင့်အလမ်းများနှင့် အလားအလာများ ရှိနေသည်ကိုလည်း မျက်ခြည်မပြတ် လေ့လာသုံးသပ် သင့်သည်ဟု ထင်မြင်မိသည်။ ဖေ့စ်ဘွတ်အပါအ၀င် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများကို ပိတ်ပင်တားဆီး သည်အထိ ကန့်သတ်သည်အထိ ဖြစ်လာနိုင်ဖွယ် မရှိဟု မျှော်လင့်သည့် အလျောက် နိုင်ငံရေး ခေါင်းဆောင်များ နိုင်ငံရေးပါတီများ အနေဖြင့် ဖေ့စ်ဘွတ်အပါအ၀င် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများနှင့် အကျွမ်းတ၀င် တရင်းတနှီး ဖြစ်အောင် လုပ်သင့်ပါကြောင်း ဖေ့စ်ဘွတ်နှင့် လူမှုကွန်ရက် စာမျက်နှာများကို မတို့မထိ မသိသည့် ဘ၀မှ အမြန်ဆုံး လွတ်မြောက်မည့်လမ်းကို ဖွေရှာသင့်ပါကြောင်း ပြည်သူလူထု အကျိုးမျှော် နှိုးဆော် လိုက်ရပါသည်။
Credit First-11
Read More »

အနာဂတ်မျိုးဆက်ကို ကယ်တင်ခြင်း ----------- ရေးသားသူ- ရဲမိုး


ဉာဏ်စမ်းပဟေဠိတစ်ခု မေးရန်ရှိပါသည်။ စစ်အစိုးရအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များမှာ ဆုတ်ယုတ်သွားသော မြန်မာ့လူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် မြင်ကွင်းတစ်ခုရှိသည်။ အစိုးရမီဒီယာများမှာလည်း ထိုမြင်ကွင်းက မကြာခဏပါလေ့ရှိခဲ့သည်။ ဘာမြင်ကွင်းလဲဟု သင်မှန်အောင် စဉ်းစားနိုင်ပါသလား။

ဝန်ထမ်းများ မြက်ပေါက်နေကြသည့်မြင်ကွင်း၊ မှားပါသည်။ ဗိုလ်ချုပ်ကြီးများ ဆွမ်းကပ်နေကြသည့်မြင်ကွင်း။ ဟင့်အင်း မှားပါသည်။ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း။ မှန်ပါသည်ခင်ဗျား။ ပြီးခဲ့သည့်ဆယ်စုနှစ်များမှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ပျက်ယွင်းပြိုလဲမှုကို ဖော်ပြသည့်မြင်ကွင်းသည် ကျောင်းခန်းများအတွင်းမှာ ကျောင်းဆရာမများက ဗိုလ်ချုပ်ကြီးများကို လက်အုပ်ချီနေကြရသည့်မြင်ကွင်း ဖြစ်ပါသည်။

လေသင်တုန်းအဖြတ်ခံရသည့် မြန်မာ့ပညာရေးစနစ်နှင့် ကြီးထွားလာနေသည့် တပ်မတော်တို့အကြောင်းကို လေ့လာသုံးသပ်ကြည့်ပါမည်။

အင်္ဂလိပ်ကိုလိုနီဘ၀က လွတ်လပ်ရေးရချိန်မှာ မြန်မာ့ပညာရေးအဆင့်အတန်းသည် အာရှမှာ ထိပ်တန်းတွင်ရှိသည်ဟု ပညာရေးသုတေသီတို့ သုံးသပ်ခဲ့ကြသည်။ ဒေသတွင်းနိုင်ငံများက ပညာရေးနှင့်ပတ်သက်လျှင် မြန်မာကိုစံထားခဲ့ကြသည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပညာရေးသည် မြင့်ရာမှနိမ့်ရာသို့ လိမ့်ဆင်းလာခဲ့တော့သည်။

ပြီးခဲ့သည့် စစ်ခေါင်းဆောင်များက ပညာရေးနှင့်ပတ်သက်၍ မဟာအမှားကြီးနှစ်ခုကို လုပ်ခဲ့သည်။ တစ်ခုကတော့ ပညာရေးကို အာဏာတည်မြဲရေးအတွက် နိုင်ငံရေးမှာအသုံးချသည့် နည်းလမ်းဖြစ်ပြီး နောက်တစ်နည်းကတော့ ရင်းနှီးမြှုပ်နှံမှုအားနည်းလွန်းခြင်း (Under-investment)ဖြစ်သည်။

ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆိုရှယ်လစ်ခေတ်တစ်လျှောက်လုံးမှာ ပညာရေးကို နိုင်ငံရေးအတွက် အတိအကျပြောရလျှင် မဆလပါတီတည်မြဲဖို့အတွက် အသုံးချခဲ့သည်။ မျိုးဆက်သစ်များကို မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်အတွေးအခေါ်ဘောင်ထဲက တစ်ဆင့်သာ တွေးခေါ်စေခဲ့သည်။

၁၉၈၈ နောက်ပိုင်း န၀တအစိုးရ တက်လာသည့်နောက်ပိုင်းမှာလည်း အကျင့်ဆိုးကို မဖျောက်တော့ပါ။ တပ်မတော်အခန်းကဏ္ဍနှင့် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ၏ပုံရိပ်ကို မြှင့်တင်ဖို့အတွက် မြန်မာ့ပညာရေးကို အသုံးချခဲ့ပြန်ပါသည်။ မြန်မာ့သမိုင်းကို စစ်နိုင်ဘုရင်များ၏သမိုင်းအဖြစ် ပုံသွင်းခဲ့ကြပါသည်။ မြန်မာ၊ အိန္ဒိယနှင့် ပါကစ္စတန်ရေးရာကျွမ်းကျင်သူ ဒေါက်တာမေရီလောက မြန်မာနိုင်ငံပညာရေးနှင့်ပတ်သက်သည့် စာတမ်းမှာအခုလိုရေးခဲ့သည်။

“အာဏာရှင်စနစ်အများစုမှာ စစ်အစိုးရတွေက ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်း အဓိကရည်ရွယ်ချက်တစ်ခုက “လွတ်လပ်စွာတွေးခေါ်မှု”ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ခြင်းဖြစ်သည်”

သူမက အခုလိုဆက်ရေးသည်။ “လူထုက ပညာမတတ်လေ အန္တရာယ်နည်းလေဟု စစ်ခေါင်းဆောင်များ တွေးကောင်းတွေးနိုင်သည်” နအဖအစိုးရလက်ထက်တွင် ကာကွယ်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲချိန်မှာ ပညာရေးအတွက်တော့ ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲခဲ့သည်ဟု စောင့်ကြည့်သူများက ခန့်မှန်းကြသည်။ ၂၀၀၈ ခုနှစ်မှာ ယူနီဆက်ဖ်က မြန်မာ့ပညာရေးကို အခုလိုကြေညာခဲ့ဖူးသည်။

မြန်မာကလေးငယ် ၁၀ ဦးမှာ သုံးဦးက အခြေခံပညာကို တက်ခွင့်မရဘဲ အခြေခံပညာမူလတန်းကို တက်ရောက်သူ ကလေးများ၏ ၅၀ ရာခိုင်နှုန်းကတော့ အလယ်တန်းကို ရောက်မလာကြပါဟုဆိုသည်။

နောက်ဆုံးအကြိမ် လစာမတိုးခင်အချိန်ထိ နအဖခေတ်မှာ မူလတန်းပြဆရာ၊ ဆရာမများ လစာလေးသောင်းကျော်သာ ရကြသည်။ ဒေါ်လာပေါက်ဈေးနှင့်တွက်လျှင် တစ်နေ့ဝင်ငွေ ကျပ်တစ်ထောင်ကျော်သာ ရှိသည့်အတွက် ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်ဖြစ်သည့် တစ်နေ့ဝင်ငွေ နှစ်ဒေါ်လာအောက်ရှိသည့် အလယ်အလတ် ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရောက်နေသည်။ ယူနီဆက်ဖ်၏မူဝါဒနှင့် အလေ့အထဌာနခွဲ (Division of Policy andPractice)က ကမ္ဘာတစ်လွှားရှိ ကျောင်းဆရာ၊ ဆရာမများနှင့်ပတ်သက်သည့် ၂၀၁၀ ခုနှစ် ထုတ်ပြန်ချက်တွင် လစာနည်းပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို အခံစားရဆုံး ကျောင်းဆရာများမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများက ဖြစ်သည်ဟုဆိုသည်။

“ပြီးခဲ့သည့် ၂ နှစ်အတွင်းမှာ မြန်မာနှင့်ကွန်ဂိုနိုင်ငံများမှ ကျောင်းဆရာများ၏လစာသည် (ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့်) ၄၀ ရာခိုင်နှုန်း အလိုအလျောက်လျော့နည်းသွားခဲ့သည်”ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ပညာရေးကို မထောက်ပံ့ခြင်းနှင့် မျိုးဆက်သစ်တို့အပေါ် ထားရှိသည့် နိုင်ငံ့ခေါင်းဆောင်များ၏ စေတနာသည် တိုက်ရိုက်အချိုးကျသည်ဟု သုံးသပ်ရတော့မည်။ နောက်ဆက်တွဲရလဒ်များကတော့ ဆရာ၊ ဆရာမများအကြားက ကျင့်ဝတ်ဖောက်ဖျက်မှုများ၊ ကမ္ဘာပေါ်မှာ ဘယ်သူကမှ အသိအမှတ်မပြုသည့် “ဘွဲ့”များနှင့် လမ်းလျှောက်ရင်းလမ်းပျောက်သွားသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ပညာရေးအရ ကမ္ဘာ့အဆင့်အတန်း အောက်ဆုံးကို ထိုးကျနေချိန်မှာ ကာကွယ်ရေးကတော့ ထိပ်မှာရှိနေပြီဟု ကြံဖန်ဂုဏ်ယူရမလိုဖြစ်နေသည်။ တပ်သားဦးရေ လေးသိန်းနှင့်ငါးသိန်းကြားရှိနိုင်သည့် မြန်မာ့တပ်မတော်သည် ကမ္ဘာ့စစ်တပ်များအကြားတွင် စစ်သည်အင်အားအများဆုံး အဆင့် ၉ (သို့မဟုတ်) ၁၀ ၀န်းကျင်တွင်ရှိနေသည်ဟု စစ်ဘက်ရေးရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။ စစ်သည်အင်အားအရကြည့်လျှင် တရုတ်၊ အမေရိကန်၊ ရုရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီတို့လို ခေါပဏီတပ်ကြီးများနောက်မှာ မြန်မာရှိနေသည့်သဘောဖြစ်သည်။ လူဦးရေ သန်း ၆၀ သာရှိသည့် နိုင်ငံမှာ စစ်သည်အင်အား လေးသိန်းကျော်ရှိနေသည့် မြန်မာနိုင်ငံနှင့် လူဦးရေ သန်း ၂၀၀ ကျော်မှာ စစ်သည်ငါးသိန်းမပြည့်သည့် အင်ဒိုနီးရှားတို့ကို နှိုင်းယှဉ်ကြည့်နိုင်သည်။ CIA World Fact Book ၏ ခန့်မှန်းချက်အရ နိုင်ငံတစ်နိုင်ငံချင်းစီ၏ GDP နှင့် ကာကွယ်ရေးအသုံးစရိတ်၏ ရာခိုင်နှုန်းနှိုင်းယှဉ်ချက်တွင်လည်း မြန်မာနိုင်ငံသည် နံပါတ် ၁၇ ဖြင့် ကမ္ဘာ့ထိပ်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရပါသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးဟု ဆိုကြဦးမည်လားမသိပါ။

ကာကွယ်ရေးအသုံးစရိတ် မြင့်မားတိုင်း တပ်မတော်သားတို့၏ဘ၀ မြင့်မားသည်မဟုတ်ပါ။ မြေပြင်ဝေဟင်ပစ်ဒုံးပျံ၊ မြေအောက်ဥမင်လိုဏ်ခေါင်းနှင့် အဆင့်မြင့်တိုက်လေယာဉ်များ ၀ယ်ယူမှုသည် တပ်မတော်သားတို့၏ ဟန်းကောချိုင့်နှင့်မသက်ဆိုင်လှပါ။ အောက်ခြေတွင် အနစ်နာခံ၊ ဆင်းရဲပင်ပန်းခံနေရသည့် တပ်သားများ၏ဘ၀များကိုလည်း မြှင့်တင်ဖို့လိုပါသည်။

ပြည်တွင်းစစ် ရပ်စဲရေးသည် နိုင်ငံ၏အနာဂတ်ကို ပြန်လည်စတင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်သည်။ ကမ္ဘာပတ်၍ လက်နက်ဝယ်ယူနေချိန်မှာ ပညာရေးကိုမြှင့်တင်ဖို့ ကမ္ဘာပတ်၍ အကူအညီတောင်းနေခြင်းသည် ပတ်ဝန်းကျင်အမြင်တွင် သင့်တော်မည်မထင်ပါ။

ပညာရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လူသားအရင်းအနှီး (Human Capital)ကို မြှုပ်နှံခြင်းဖြစ်သည်။ ပညာရေးကိုအားပေးခြင်းသည် အရွယ်မတိုင်မီသေဆုံးသည့် ပြည်သူများကို ကယ်တင်နိုင်သည်။ ဒုစရိုက်မှုဖြစ်ပွားနှုန်းကို လျှော့ချနိုင်သည်။ အကြမ်းဖက်မှုကို ရေရှည်ပပျောက်စေနိုင်သည်။ ပြန်လည်မရရှိနိုင်သည့် သဘာဝအရင်းအမြစ်များကို ရောင်းချရန်မလိုဘဲ ဂုဏ်သိက္ခာရှိသည့် စီးပွားရေးစနစ်ကို ထူထောင်စေနိုင်သည်။ ပညာရေးသည် အရာအားလုံးအစဖြစ်သည်။ ဒီကနေ့ပဲစကြပါစို့။ ။

Credit 7Day News Journal
Read More »

(စက်တင်ဘာလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) လူနှင့် မူကိစ္စ



မြန်မာလူမှုပတ်ဝန်းကျင်တွင် မည်သို့သော အမှုကိစ္စ ဆောင်ရွက်သည်ဖြစ်စေ ကြုံရတတ်သည်မှာ အကြံပြုခြင်း၊ ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းတို့ ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်စေ၊ အများပြည်သူနှင့်ဆိုင်သော ကိစ္စဖြစ်စေ၊ အများအကျိုး ရှေးရှုသော ကိစ္စဖြစ်စေ အထက်ဆိုခဲ့ပါ တုံ့ပြန်မှု လေးမျိုးဖြင့် ကြုံရလေ့ရှိသည်။

ယခင်စနစ်ဆိုးနှင့် များစွာကွဲပြားကာ မိမိတို့ ဆန္ဒရှိသည်များကို လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိခွင့်ရှိလာသော ယနေ့ကာလတွင်မူ အဆိုပါ တုံ့ပြန်မှုလေးမျိုး ပါဝင်သော အကြောင်းအရာစုံကို ပြည်သူလူထု ကျယ်ပြန့်စွာ ထိတွေ့ခွင့် ရလာခဲ့သည်။

ထိုသို့ထိတွေ့ခွင့်ရသဖြင့် အသံကျယ်ကျယ် ပြောနိုင်သူများ၊ လိုချင်သည့် သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို ကြည့်စေချင်၊ မြင်စေချင်သည့် ရှုထောင့်တစ်ခုမှ ဘောင်ခတ် မီးမောင်းထိုးနိုင်သူများ တစ်နည်းအားဖြင့် တစ်ဖက်စောင်းနင်း မှတ်ချက်စကားများဖြင့် ရေးသား၊ ထုတ်လွှင့်၊ ဖြန့်ချိနိုင်သော ဝါဒဖြန့်၊ လှုံ့ဆော်ရေးသက်သက် မီဒီယာများက ပြည်သူလူထုအပေါ် လွှမ်းမိုးရန် ကြိုးစားလာလေ့ ရှိတတ်သည်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုအောက်တွင် ဒဏ်ရာများစွာ ဖြင့်နေလာခဲ့သည့် ပြည်သူလူထု အနေနှင့်လည်း ဘုံရန်သူသဖွယ် ဖြစ်နေခဲ့သော အစိုးရ ဆိုသည်ကို ယနေ့ ခေတ်ပြောင်းနေသော ကာလတွင် အုပ်ချုပ်စီမံခန့်ခွဲရေး အာဏာတစ်ခုသာရှိသည့် အင်စတီကျူးရှင်း တစ်ခုအဖြစ် မမြင်နိုင်သေးပေ။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ အစိုးရ ဘက်တော်သားဟူသော တံဆိပ်ကပ်၍ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ် တစ်ဦးဦးကို နိုင်ငံရေးအရ လုပ်ကြံတတ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ရွေးကောက်ပွဲသည် ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေးအတွက် အခြေခံကျသော နိုင်ငံရေးဖြစ်စဉ် Political Process တစ်ရပ် ဖြစ်ပေါ်လာမည့် ရေခံမြေခံတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အင်အားစုများအနေနှင့် လွှတ်တော်တွင် အင်အားကြီးပါတီတစ်ခုက ထင်ရာစိုင်းခွင့် မရရှိစေရန် ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးအလို့ငှာ အနိမ့်ဆုံးအဆင့် အတိုက်အခံပါတီ အနေနှင့် ဝင်ရောက် ထိန်းညှိပေးနိုင်ရေး အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် စေတနာကောင်းဖြင့် The Voice Weekly က ဆော်သြတိုက်တွန်းခဲ့သည်။ ထိုတိုက်တွန်းမှုကြောင့် ထိုစဉ်က လူထု၏ ဘုံရန်သူသဖွယ် ဖြစ်နေသော အစိုးရနှင့် ဘက်တစ်ဖက်တည်းရှိသူ၊ ရွေးကောက်ပွဲ ထောက်ခံသူအဖြစ် တံဆိပ်ကပ်ကာ ဆန့်ကျင်ရှုတ်ချ ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အချို့ဆိုလျှင် ပုဂ္ဂိုလ်ရေး ကိစ္စများကိုပါ ထိပါးတိုက်ခိုက်ခဲ့သည်အထိ အငြိုးတကြီး ရန်ငါစည်း ခွဲခြားခဲ့သည်။ The Voice Weekly အနေနှင့် ထို တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ကာ မိမိတို့ ယုံကြည်ချက် ရှိသည့်အတိုင်း စေတနာအပြည့်ဖြင့် မမှိတ်မသုန် ရပ်တည်ရေးသားခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ ထိုစေတနာအတိုင်း တစ်ချိန်ချိန်တွင် ပြန်လည် အကျိုးပေးမည်။ တစ်နည်းအားဖြင့် စေတနာမှန်လျှင် ကံဖြစ်မည်ဟု ယုံကြည်ထားသည့်အတွက် ယနေ့တိုင် ထိုလမ်းကြောင်းအတိုင်း ရပ်တည်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် အတွေးအခေါ်၊ အယူအဆ၊ မူဝါဒတစ်ခု၊ စီမံကိန်း၊ စီမံချက် တစ်ရပ်ကို သဘောမတူခြင်း၊ ကန့်ကွက်ခြင်းမှာ သဘောထား ကွဲလွဲမှုများကို လက်ခံ နားလည်ပေးသည့် Agree to Disagree သဘောအရ ပြောစရာမရှိပေ။ ကွဲလွဲမှုများရှိလျှင် စေ့စပ်ညှိနှိုင်း ဖြေရှင်းခြင်းဖြင့် ဘုံသဘောတူညီချက်တစ်ခု ရရှိရန် အဖြေရှာကြရသည်မှာလည်း သီအိုရီသဘော ဖြစ်သည်။ ထို့အတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခု၏ စရိုက်လက္ခဏာလည်း ဖြစ်သည်။ သို့သော် သဘော မတူညီမှု ကြုံလာရပါက အနုတ်လက္ခဏာ သဘောသက်သက် အပြစ်တင်၊ အဆိုးပြောခြင်းမှာမူ ဒီမိုကရေစီ အခြေခံသဘောတရားများနှင့် ဆန့်ကျင်နေပေသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ ဂုဏ်အင်္ဂါနှင့်လည်း သွေဖည်နေပေသည်။

ဘောလုံးစကားနှင့် ပြောရပါက ကစားကွင်းတွင် ဘောလုံးမကန်ဘဲ လူကိုသာကန်ခြင်းသည် အားကစားစိတ်ဓာတ် မပြည့်ဝခြင်း တစ်နည်းအားဖြင့် ယဉ်ကျေးမှု အဆင့်နိမ့်ကျခြင်းကို ဖော်ညွှန်းသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများတွင်သော် လည်းကောင်း၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင်သော် လည်းကောင်း သဘောထား ကွဲလွဲမှုများ ကြုံရဦးမည် ဖြစ်သည်။ ထိုသို့ကြုံတွေ့ရာတွင် လူနှင့်မူ ကွဲပြားစွာ ရှုမြင်ကာ ဘောလုံးသက်သက်ကန်သော ကစားပွဲများဖြင့်သာ ပို၍ယဉ်ကျေးသော၊ ပို၍ဖွံ့ဖြိုးသော၊ ပို၍ အဆင့်မြင့်သော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်နိုင်ပေမည်။

ဤနေရာတွင် ရွှေင်္ဟသာဆရာတော်ကြီး မိန့်ဆိုခဲ့သည့် ‘အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မငဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့’ ဟူသော ဆုံးမစာကို ဖော်ပြလိုပေသည်။

မည်သို့ပင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ လုပ်ကြံမှုများ ရှိနေစေကာမူ ရွှေင်္ဟသာ ဆရာတော်ကြီး ဆုံးမသည့်အတိုင်း အမြဲစိတ်ကောင်း နှလုံးကောင်းထားကာ အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးကို စတုတ္ထမဏ္ဍိုင် ပီပီသသ ပရော်ဖက်ရှင်နယ်ကျကျ ရိုးသားဖြောင့်မတ်စွာ ရပ်တည်သွားမည် ဖြစ်ကြောင်း သစ္စာပြုနိုင်သည်။ ထိုသစ္စာ မှန်ကန်ပါက The Voice သည် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ဖြောင့်ဖြူးသာယာစွာ ဆက်လက်သယ်ပိုး ထမ်းဆောင်နိုင်ပါစေသတည်း။ The Voice နှင့် လူပုဂ္ဂိုလ်အပေါ် အဆိုးမြင်၊ အပြစ်ပြော၊ တိုက်ခိုက်၊ လုပ်ကြံသူများသည်လည်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။ 

Credit The Voice Weekly
Read More »

ဒါ နိုင်ငံရေးလား ကောက်ကျစ်တာလား ---------------------------------------



ကျွန်တော့ရဲ့ သီးသန့်..အမြင်ပါလို့ ကြိုပြောပါရစေ...
တွေးကြည့်..ဆက်စပ်ကြည့်မိလို့ ချရေးလိုက်တာပါ.၊

ကျွန်တော်တို့တွေအားလုံးဟာ ဇာတ်ဆရာနဲ့ကင်းကြပြီလား?
..ဆိုတဲ့မေးခွန်းကို..ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဖြေရရင်..
ကျွန်တော်တို့ မကင်းသေးပါဘူး..၊ဇာတ်ဆရာကြီးက..ရှိနေပါတယ်.၊

ဒေါ်စုကို နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခဲ့တယ်.၊
တိုင်းပြည်ရဲ့ဖခင်..တပ်မတော်ရဲ့ဖခင်..
ဗိုလ်ချုပ်အောင်ဆန်းကိုလဲ ဒေါ်စုရဲ့ဖခင်ဖြစ်နေတာတစ်ခု
တည်းနဲ့တင်..၊ ချောင်ထိုးပစ်ခဲ့တဲ့အထိ လုပ်ရဲခဲ့တယ်..၊

ဒေါ်စုကိုလည်း....လိုတဲ့အချိန်မှာ ချော့သလိုလုပ်ပြီး..မလိုတဲ့အချိန်မှာ
လုပ်ကြံတဲ့အထိ လုပ်ခဲ့တယ်..၊
တိုက်ရိုက်လုပ်ကြံရင် တိုင်းပြည်ပေါက်ကွဲသွားနိုင်မှန်းသိလို့
ခရီးသွားဟန်လွဲ လူထု ကို လူထုနဲ့ တိုက်တဲ့နည်းနဲ့ လုပ်ကြံတယ်.
ဒါပေမဲ့ ဒေါ်စုက စိတ်ထားကောင်းလို့..အရမ်းကံကောင်းခဲ့သလို..
သူ့ကိုချစ်တဲ့သူတွေကလဲ အရမ်းကာကွယ်ပေးနိုင်ခဲ့တယ်..၊

ဘယ်လိုပဲပြောပြော နိုင်ငံတကာက ဖိအားတွေများလာတဲ့အချိန်မှာ
နိုင်ငံတကာမှာ အာဏာရှင်တွေခွေးကျကျလာတဲ့အချိန်မှာ..
အပြောင်းအလည်းတစ်ခုကို မဖြစ်ဖြစ်အောင်ဖန်တီးဖို့လိုလာတဲ့အတွက်
ဇာတ်ဆရာကြီးဟာ..သူ့ကိုကာကွယ်ပေးမဲ့ နာဂစ်ဥပဒေကို ရေးသားပြုစု
ခဲ့ရုံတင်မကပါဘူး...၊ ကြိုတင်စီမံထားခဲပုံရပါတယ်.၊
Plan ရှည်ကြီးတစ်ခုကို ဟူးရားစစ်စိမ်းတွေ..
ဟူးရား အနီတွေနဲ့ပါ တိုင်ပင်ရေးဆွဲခဲ့မဲ့ပုံရှိပါတယ်...
ဟူးရာအနီဆိုတာက တရုတ်ပေါ့ဗျား...၊

နောက်ပိုင်းမှာ..အစိုးရသစ်တွေ လွတ်တော်တွေဖွဲ့.ပြီး..၊
ဒါရိုက်တာကြီးက ရွှေးချယ်ထားတဲ့ ဇာတ်ကောင်စရိုက်ကို
ပီပြင်စွာသရုပ်ဆောင်ကြရာမှာ...သမ္မတနဲ့..ဥက္ကဌ..မင်းသားနှစ်လက်လုံးက
ပီပြင်ခဲ့ကြလို့.... ဒါရိုက်တာကြီးတောင်..သူရွှေးလိုက်တဲ့သူတွေကို
သူ့လူမှဟုတ်ပါ့မလား..လို့ သံသယ၀င်ခဲ့တာတွေရှိနိုင်တယ်..၊

အဲဒီမှာ ကြားဖြတ်ရွှေးကောက်ပွဲကြီးလုပ်ခဲ့တယ်..
ကြားဖြတ်မဲဆွယ်ပွဲကာလမတိုင်ခင်..ဒေါ်စုရဲ့မဲဆွယ်တဲ့ဒေသတွေမှာ..
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထောက်ခံအားပေးတာကို
ကြည့်ပြီးတဲ့နောက်ပိုင်းမှာ... ဒါရိုက်တာကြီးနဲ့အပေါင်းပါများဟာ..၊
တော်တော်တုန်လှုပ်သွားခဲ့ပုံရပါတယ်..

ဒီ့ထက်တုန်လှုပ်မိတဲ့အပိုင်းတွေကတော့..
ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါင်းပါတီရဲ့ အောင်မြင်မှုကိုပါ..
ကျန်တဲ့နေရာတွေဆိုလက်ခံနိုင်ပေမဲ့...
နေပြည်တော်မြို့နယ်လေးမြို့နယ် အနိုင်ရရှိသွားခဲ့ခြင်းဟာ..
သူတို့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ မြို့တော်ကြီးကို..
လွှမ်းမိုးနိုင်ခဲ့ခြင်းဖြစ်သလို..
သူတို့ရဲ့ လူယုံလို့ထင်ရတဲ့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့
ဝန်ထမ်းအသိုင်းအ၀ိုင်းဟာ သူတို့ဘက်မှာမရှိဘူးဆိုပြီး..
နားရွက်တံတွေးဆွတ်ခံရသလိုမျိုး
ခံရခက်နေကြမယ်ဆိုတာ ငြင်းမရပါဘူး...၊

အညှိုးတွေ..အာဃာတတွေ..ကောက်ကျစ်တာတွေက
အဲဒီမှာတင်...ဆထက်တဖိုးတိုးလာခဲ့တာပါ.၊

ဒေါ်စု လွှတ်တော်ထဲဝင်တဲ့အချိန်ကစပြီး..
လွှတ်တော်နဲ့ အစိုးရကြားအားပြိုင်မှုတွေအရှိန်ကောင်းလာကြသလို
တကယ်ပြုပြင်ပြောင်းလည်းမယ်လို့လုပ်ပြခဲ့ကြတာတွေလဲများလာပါတယ်.၊
ဒေါ်စုရဲ့ပါတီ နဲ့ ရခိုင်ပါတီအပါအ၀င်..ပါတီအချို့ကကတင်တဲ့အဆိုအချို့ဟာလဲ
ဇာတ်ဆရာဒါရိုက်တာကြီးကို ထိခိုက်နိုင်တာတွေ ပါလာတဲ့အနေအထားတွေရှိရင်..
ကန့်ကွက်ခံရတာများပါတယ်...
ညောင်မြစ်တူးတာတွေကို လုပ်ခွင့်မပြုခဲ့တာအမှန်ပါ..၊

ဒေါ်စုတဖွဖွပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊
တရားစီရင်ရေးမဏ္ဍိုင်ခိုင်မာရေး ၊အခြေခံဥပဒေပြင်ဆင်ရေး
ဆိုတဲ့အချက်တွေဟာ...တကယ်ခိုင်မာလာရင်..
ဒါရိုက်တာကြီးနဲ့ သွားလေသူများကို...
တည်...ပြီး...ရိုက်သလိုဖြစ်သွားနိုင်ပါတယ်..၊

အဲဒီတော့ ဒါရိုက်တာကြီးစဉ်းစားရပါပြီ..၊
ပြည်သူတွေမသိကြသေးတဲ့ စီးပွားရေး ၊ နိုင်ငံရေး နဲ့
လက်သိပ်ထိုးကိစ္စရပ်တွေ အရှုပ်တွေအများကြီးပါ..၊
၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ခဲ့လို့...ဒီဇယားတွေကိုသိသွားလို့..
Rule of law အတိုင်းသာ ဖြေရှင်းမယ်ဆိုရင်..
ဘယ်လိုလုပ်ရမှာလဲ..ဆိုတာ.သူတို့.တွေးလို့မရခဲ့ပါ..၊

တိုင်းပြည်ကလဲ ရစရာတစ်ခုမှ မရှိလေတော့..
ဘယ်သူလက်ညှိုးထိုးထိုး သူတို့အပြစ်ဖြစ်ဖို့က..
များနေပြီလေ...၊

၂၀၁၀ -၂၀၁၅ အထိသာ..ဒါရိုက်တာကြီးအတွက်..
ဂျမ်းတုံးခံတဲ့သူတွေ ..ရှေ့ပြန်တွန်းမဲ့သူတွေက သေချာပေမဲ့.
၂၀၁၅ မှာ ဒေါ်စုတက်လာလို့ကတော့..
ဒေါ်စုက မြေမလှန်ရင်တောင်...ပွင့်လင်းမြင်သာမှုတွေက
သူတို့ကို မြေအလိုလို လှန်လိုက်သလို ဖြစ်ပြီး..
ဒုက္ခများသွားမှာကိုတော့...သူတို့ဘယ်လိုလားမှာလဲဗျာ..၊

ပြီးရင်..ဇတ်ဆရာကြီးတို့က သူတို့အချင်းချင်းတောင်..
ပြန်မယုံရတာ..ဒေါ်စုလိုတစိမ်းဆိုရင်..ယုံဖို့ဝေးသေးပေါ့၊

ဇတ်လမ်းကအဲဒီမှာစတာပါ...

ပထမ လက်ပတောင်းကိစ္စမှာ တာဝန်ပေးပြီး..
ဒေါ်စုနဲ့စစ်တပ်နဲ့ကို တည်ပေးပါတယ်..၊
ဒေါ်စုက ပါးနပ်စွာနဲ့ဖြေရှင်းနိုင်ခဲ့လို့..
စစ်တပ်အသက်ရှူချောင်ခဲ့တယ်..
ဒေါ်စုသာစစ်တပ်မျက်နှာမကြည့်ပဲ... မြေလှန်လိုက်ရင်..
စစ်တပ်နာမည်ခံပြီး စားထားတာတွေ အကုန်ထွက်လို့..၊
ကမ္ဘာမှာ စစ်တပ်အရှက်ရစရာအနေအထားအထိရှိနိုင်ပါတယ်..
ဒါကို ခုထိနားမလည်တဲ့သူတွေ အများကြီးပါ..၊

နောက်တစ်ခုကတော့.....
သူဘာသာသူဖြစ်လာတဲ့ ရိုဟင်ဂျာသမိုင်းလိမ်ဘင်္ဂံလီအရေးကနေ
တောက်နေတဲ့မီးကို ဘာသာရေး မွတ်စလင် ဗုဒ္ဓဘာသာရေးဘက်ကို
တောက်လောင်အောင်လုပ်ဖို့ဆိုတာ..ငှက်ပျောသီးအခွံခွာစားရတာ
ထက်တောင်လွယ်ပါသေးတယ်..၊

ဘင်္ဂံလီအရေးအခင်း ရခိုင်မှာဖြစ်တာကနေစပြီးမှ..
ဘာသာရေးအရေးအခင်းတွေ ကို မြို့ကြီးတွေမှာ..
ဖြစ်ပွားလာတဲ့အထိ ကြီးထွားသွားစေခဲ့ပါတယ်...၊

ရွေဝါရောင်တုန်းက ဒီမိုကရေစီအင်အားစုတွေနဲ့တွဲပြီး လှုပ်ရှားခဲ့တဲ့
တည်ငြိမ်အေးချမ်းခဲ့တဲ့...သိန်းချီတဲ့ သံဃာထုကြီး..၊
ဒေါ်စုမန္တလေးကိုမဲလာဆွယ်တုန်းက သိန်းကျော်တဲ့လူအုပ်တွေထဲမှာ
ပါနေတဲ့..၊ထောက်ခံအားပေးနေတဲ့ သံဃာထုတွေ..ကို.လည်း..၊
ဇာတ်ဆရာကြီးဟာ..လျှော့မတွက်ခဲ့ပါဘူး...၊

သားသုံးသားထဲက..ဘုရားသား နဲ့ ကျောင်းသား ကို စစ်သားက..
ဘာသာရေးအရေခြုံထားတဲ့ နိုင်ငံရေးအကွက်တွေသုံးပြီး
တစ်ဘက်စီဖြစ်သွားအောင်.....ခွဲချပစ်ပါတယ်...၊

အရှင်ဝီရသူလို တစ်ဘက်စွန်းရောက်ပြီး သွားလေသူတွေဘာလုပ်လုက်..
အပြစ်မဆိုရဲတဲ့ တစ်ဘက်သတ်ဆန်တဲ့ သူကို....ဒေါ်စုကိုအထောက်ခံဆုံးနေရာဖြစ်ခဲ့တဲ့
မန္တလေးမှာ focal ထားပြီး..ထိန်းထားစေလိုက်ပါတယ်...၊

တစ်ချိန်တည်းတည်း တစ်ပြိုင်တည်းမှာ အာဏာရှင်လောကကို
စားမြုံ့ပြန်နေသူတွေဟာ. ဘာသာရေးအစွန်းရောက်လေဟန်
မျိုးချစ်လေဟန် ဇာတ်ရုတ်တွေနဲ့ ဇာတ်တိုက်ထားသလို
ဝါဒတွေဖြန့်ခဲ့ကြပါတယ်..၊သူတို့ရဲ့အားနည်းချက်ကတော့..အများသိတဲ့အတိုင်း..
တစ်ချိန်က သံဃာတော်တွေကို အကောင်းမပြောခဲ့ကြ့ပီး..
ခုမှ ပြောင်းလည်းလာတာရယ်.၊နောက်တစ်ခုက..သွားလေသူတွေရဲ့..၊
ကုလားကိစ္စမင်းကြီးတာထွက်တာတွေကို
မဖေါ်ထုတ်ရဲတာတွေပါ..၊

ဒါတင်မက..ဇာတ်ဆရာကြီးဟာ...သူအာဏာရှင်အဖြစ် အုပ်ချုပ်စဉ်က..
တစ်ကမ္ဘာလုံးက..သူ့ကို ၀ိုင်းကျဉ်ခံရတဲ့..ခေါင်းစဉ်တစ်ခုဖြစ်တဲ့..
"လူ့အခွင့်အရေး"..ဆိုတဲ့စကားကို စိတ်နာနေဟန်တူပါတယ်..၊

ဘာမှမဆိုင်တဲ့ အောက်တန်းကျမှုတစ်ခုကတော့..
" ဒေါ်စုပြောတဲ့...လူ့အခွင့်အရေးကြောင့် ၂၀၁၅ ကျရင်
ဘင်္ဂံလီနိုင်ငံ ဖြစ်မယ်" ဆိုတဲ့ အပေါစားဝါဒဖြန့်နည်းတွေနဲ့..
လူ့အခွင့်ရေးဆိုတဲ့အသုံးအနှုန်းကို ပြည်သူတွေမုန်းသွားအောင်..
လူ့အခွင့်အရေးစကားပြောတဲ့ ဒေါ်စုကိုပြည်သူတွေမုန်းသွားအောင်..
ဝါဒဖြန့်ချီခဲ့ပါတယ်..၊

ဒါပေမဲ့ လူအများစုသတိမထားမိတာက..လူ့အခွင့်အရေးနိုင်ငံကြီးတွေရဲ့..
ဖိအားတွေ ပါဝင်ခဲ့မှုကြောင့်လည်း တိုင်းပြည်ဟာ
ဒီမိုကရေစီလမ်းစဉ်ပေါ်ရောက်ခဲ့သလို..
ဇာတ်ဆရာကြီး အာဏာစွန့်ရတာဖြစ်ပါတယ်..၊
နောက်ပြီးတော့ ဒေါ်စုကိုထောက်ခံတဲ့ လူ့အခွင့်အရေးဒီမိုကရေစီ
နိုင်ငံကြီးတွေဟာ..၊အစ္စလာမစ်အစွန်းရောက်နိုင်ငံတွေကို..
အကြောင်းအမျိုးမျိုးပြပြီး ချေမှုန်းနေတယ်ဆိုတာရယ်..၊
ဇာတ်ဆရာကြီးတို့ရဲ့ ဆွေမျိုးတရုတ်နိုင်ငံကတော့..ဒါမျိုးတွေမရှိဘူးဆိုတာကိုပါ.၊

အဲဒီအပြင်..ဇာတ်ဆရာကြီးဟာ..သူနဲ့စီးပွားရေးနိုင်ငံရေးနယ်တွေ
ဘယ်လောက်ကျွံထားခဲ့မှန်းမသိတဲ့ တရုတ်နဲ့ မလုပ်မဖြစ်လုပ်ပေးရမဲ့
စီမံကိန်းကြီးတွေအများကြီးရှိနိုင်မှာပါ..၊
အဲဒါတွေကို ဆက်လုပ်ကို လုပ်ရမှာဖြစ်တဲ့အတွက်..၊
၂၀၁၅ -၂၀၂၀ ကာလအထိ ဆက်နေရမှာဖြစ်ပါတယ်..
အဲဒါတွေကို ဒေါ်စုတက်လာရင်...ဆက်လုပ်ဖို့..
သေချာမယ်မထင်ပါဘူး...

မဟာဗျူဟာအရရှုံးနိမ့်သွားခဲ့တဲ့ တရုတ်ကိုပေးဆပ်တဲ့
စီမံကိန်းလိုမျိုးကို...ဒေါ်စုသာသမ္မတဖြစ်ရင်...
ဆက်မလုပ်နိုင်ဘူးလို့..ထင်တာရယ်...အမေရိကန်နဲ့အနောက်အုပ်စုဘက်ကို
အလေးသာသွားမယ်လို့ထင်တာရယ်ကြောင့်.. တရုတ်ရော..
ဇာတ်ဆရာကြီးကပါ.. ၂၀၁၅ နောက်ပိုင်မှာလည်း ဒေါ်စုကို
မရှိစေချင်တာအသေအချာပါ..၊

အဲဒီမှာမှ ဧရာဝတီမြစ်ကိုတောင် ထိုးကြွေးဖို့အထိ မိုက်မဲခဲ့တဲ့
ဇာတ်ဆရာကြီးဟာ....၊ရခိုင်ပြည်နယ်ရဲ့ ကျောက်ဖြူဒေသမှာ
တရုတ်က ဆိပ်ကမ်းဆောက်ပြီး...တရုတ်ရဲ့..ရဲ့ အိန္ဒိယသမုဒ္ဒရာကို
ထွက်တဲ့ ရတောင့်ရခဲထွက်ပေါက်စီမံကိန်းကို..၊
ကိစ္စမပြတ်မချင်း စိတ်ချနိုင်မှာမဟုတ်တာသေချာပါတယ်..
အဲဒီစီမံကိန်းကလည်း....၂၀၁၅ မတိုင်ခင် ဘယ်လိုမှမပြီးဘူးလေ.၊

အဲဒါကြောင့်...ဇာတ်ဆရာကြီးရဲ့အကောင်းဆုံးအကြံကတော့.
ဒီစီမံကိန်းကို စိတ်ရှိလက်ရှိရှေ့ဆက်နိုင်ဖို့...
၂၀၁၅ မှာဒေါ်စုမနိုင်မှဖြစ်မှာပါ....ပြီးတော့..
ရခိုင်ဒေသမှာ...ဒေါ်စုကို မထောက်ခံမှ ဖြစ်မှာပါ...၊
ရခိုင်ဒေသကို ဒေါ်စုခြေဦးလှည့်တာနဲ့...
စီမံကိန်းဒေသတွေကို သွားလိုက်တာနဲ့တင်..
အနေအထားတွေပြောင်းသွားနိုင်တာကို
တရုတ်ရော ဇာတ်ဆရာကြီးပါ...ကြိုတင်တွေးဆမိပုံရပါတယ်.၊

အဲဒီတော့...ထုံးစံအတိုင်း..
ဘင်္ဂံလီကိစ္စ ဘာမဟုတ်တဲ့ ..
အလေးအနက်ထားစရာမဟုတ်တာတစ်ခုကို
ပုံကြီးချဲ့ပြီး...ဒေါ်စုကို ရန်တိုက်ပေးပါတယ်...၊
တကယ်ဆို ဘင်္ဂံလီကိစ္စ မင်းကြီးတာကထွက်တာတွေကို
မျက်စိလျှမ်းပြီး..မသိချင်ယောင်ဆောင်ပေးနေကြသူတွေ
ခုထိ...ရိုက်သတ်လို့မကုန်ပါဘူး...၊

ပြီးတော့...ဒေါ်စု ၂၀၁၅ မှာအနိုင်ရရင်တောင်..
ရခိုင်ဘက်ကို လုံးဝ...မရနိုင်ပါဘူး..
ရခိုင်ပြည်နယ်ကို...
ရခိုင်တိုင်းရင်းသားပါတီတွေ နိုင်တာပဲဖြစ်စေချင်ပါတယ်..၊
ဖွတ်ပါတီသာအနိုင်ရလို့ကတော့...တရုတ်စီမံကိန်းကြီးတွေကို..၊
ပြည်နယ်အစိုးရတွေအစီအစဉ်နဲ့ဆက်လုပ်သွားနိုင်ပါတယ်..၊
အခုတတည်းက ပြည်နယ်တိုင်းအစိုးရတွေကို
full power့ ပေးမဲ့ဇာတ်လမ်းတွေစနေကြပြီလေ..၊

အဲဒီတော့ ကျွန်တော်တွေးတာဒီလောက်ပါပဲ..

အားလုံးကို ဝေမျှပါတယ်ဗျာ..

------------------------------------------

" ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူမည့်
ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်
ဆန့်ကျင်ကြောင်း "
( ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး။
၆-၂-၂၀၁၃ လွှတ်တော်တွင်ဖြေရှင်းချက်)
Read More »

အီလစ်စစ်တမ်း ဗဟုအနာဂတ်နှင့် ၂၀၁၅ ပဟေဠိ -------------------- ရေးသားသူ- ကျော်ဝင်း


စကားပလ္လင်
စာရေးသူ သက်ဝင်ယုံကြည်ခဲ့ဖူးသော လက်ဝဲအိုင်ဒီအိုလိုဂျီက“သမိုင်းကိုလူထုကဖန်တီးသည်”ဟုခံယူပါသည်။ သို့တစေ အဆိုပါလက်ဝဲ အိုင်ဒီအိုလိုဂျီကို လမ်းညွှန်သဘောတရားအဖြစ်ခံယူသည်ဆိုသော နိုင်ငံကြီးများတွင်မူ သက်ဆိုင်ရာလူထုမှာ သမိုင်းကိုဖန်တီးဖို့နေနေသာသာ ဘာတွေဖြစ်လို့ဖြစ်မှန်းပင်သိခွင့်မရ။ ပေါလစ်ဗျူရိုတစ်စု (ထို့ထက်ဆိုရလျှင်) Strongman တစ်ယောက်လောက်ကသာ သူတို့စိတ်ကြိုက်
သမိုင်းကို သူတို့လိုသလို ပုံဖော်သွားကြသည်ကိုသာတွေ့ရသည်။

ရေရှည်တွင် သမိုင်းခေတ်များ၏ အကောင်းအဆိုးကို လူထုယုံကြည်မှုဖြင့် သတ်မှတ်အကဲဖြတ်သွားရမည်ဖြစ်သည့်တိုင် အရေးကြီးသော သမိုင်းအလှည့်အပြောင်းများကိုကား လူထုမဟုတ်၊ လူတစ်စုကသာဖန်တီးပုံဖော်သွားလေသလား စဉ်းစားဖို့ရှိလာသည်။ ဆိုကြပါစို့
elite သမိုင်း။ ဤနေရာတွင်လည်း elite ဆိုသောစကားလုံး ဘာသာပြန်နှင့်ပတ်သက်၍ ပြဿနာရှိသည်။ မြန်မာလက်ဝဲသမားများက ဤဝေါဟာရကို “လူ့မလိုင်”၊ “ရေပေါ်ဆီ” စသဖြင့် မလိုလားသောအဓိပ္ပာယ်ဖြင့် ဘာသာပြန်ကြသည်။ အခါခပ်သိမ်းမှန်လိမ့်မည်မထင်ပါ။ အဘိဓာန်ဖွင့်ဆိုချက်အရ elite ဆိုသည်မှာ လူမှုအုပ်စုတစ်ခုအတွင်း သူများထက်ခေါင်းတစ်လုံးပိုမြင့်သူဟု ယေဘုယျအနက်ထွက်သည်။
ဓနအင်အားသာလျှင် business elite ၊ လုပ်ပိုင်ခွင့်အာဏာသာလျှင် powerelite၊ နိုင်ငံရေးသြဇာပိုသာလျှင် political eliteစသဖြင့် သုံးနှုန်း
ကြသည်။

တစ်ဆက်တည်းဆိုရလျှင် ဤဝေါဟာရမှာ ပြင်သစ်မှမွေးစားယူရသည်ဖြစ်၍ တော်တော်များများ နှုတ်ကျိုးနေသလို “အီ လိုက်”ဟူ၍ကား အသံမထွက်။

“အီလိ(ထ)”ဟုအသံထွက်ရမည်ဟု “ဒင်နီယါယ်ဂျုန်းအသံထွက် အဘိဓာန်”ကညွှန်းသည်။ စာရေးသူကတော့ မြန်မာ့နားနှင့်စွဲ လောက်မည်ထင်သော “အီလစ်” ဟူ၍သာ အသံဖလှယ်လိုက်ပါသည်။ ဘာသာဗေဒ၀ံသာနုများ နားကလောလည်း မတတ်နိုင်။ ကျစ်လျစ်တိကျသော မြန်မာဝေါ ဟာရမရှာတတ်၍ “အီလစ်”လိုက် ရပါကြောင်း...။ ဤကား ယခု စာစုအတွက် စကားပလဒင်...။

အီလစ်စစ်တမ်း
ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးတွင် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်”တို့သာ အဆုံးအဖြတ်နေရာတွင် ရှိနေသေးသည်ဟု ယူဆရပါသည်။ စီးပွားရေး၊ ဖွံ့ဖြိုးမှုအဆင့်နိမ့်ပါးဆဲရှိလေရာ “ဘိဇနက်အီလစ်”များမှာ အရေးမပါလှသေး။ နိုင်ငံရေးပါတီများမှာလည်း အင်စတီကျူးရှင်း သဘောထက် လူပုဂ္ဂိုလ်ပုံရိပ်ကပိုကြီးနေရာ “အီလစ်”သဘောပြောဖို့ခက်မည်ထင်သည်။ သို့ အတွက် “ပါဝါအီလစ်”နှင့် “နိုင်ငံရေးအီလစ်” နှစ်မျိုးကိုသာ အဓိကစစ်တမ်းထုတ်ကြည့်လိုသည်။

“ပါဝါအီလစ်”ဆိုရာတွင် အစုသုံးစု ထပ်မံခွဲနိုင်ပါလိမ့်မည်။ အုပ်ချုပ်ရေးအာဏာ (အစိုးရ) ဥပဒေပြုရေးအာဏာ (လွှတ်တော်)နှင့် လက်နက်ကိုင်တပ်ဖွဲ့များ(တပ်မတော်)တို့ကို ကိုယ်စား ပြုကြသည့် အီလစ်များဖြစ်သည်။ ယခင်အစိုးရကာလအထိတော့ အဆိုပါအီလစ်သုံးစုလုံးမှာ တစ်ခုတည်းသောအဖွဲ့အစည်းဆိုင်ရာ သစ္စာခံမှုဖြင့် စည်းနှောင်ထားနိုင်ခဲ့သည်ဖြစ်၍ တစ်စုတစ်စည်း တည်းသဘောဆောင်သည်။ ယခု ဤအနေအထားယိုယွင်းလာသည်။ အထူးသဖြင့် အစိုးရအီလစ်နှင့် လွှတ်တော်အီလစ်ကြား ပွတ်တိုက်
မှုများရှိလာသည်။ ဤသို့သောပွတ်တိုက်မှုများမှာ အပြောင်းအလဲကာလ၏ သဘာဝကျသောအခြင်းအရာများဟုဆိုရသည့်တိုင် အချိန်မီဘရိတ်မအုပ်နိုင်လျှင်မူ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။

အီလစ် တစ်ခုခုသော်လည်းကောင်း၊ နှစ် ခုစလုံးသော်လည်းကောင်း အီလစ်အနေအထားမှ စုတေသွားနိုင်စရာပင်ရှိသည်။ တပ်မတော်သည်ကား အခိုင်အမာဆုံးအီလစ်ဟုဆိုရပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး၏ အဆုံးအဖြတ်အခန်းတွင်ရှိနေဆဲဖြစ်သည်။ ယနေ့တပ်မတော်တွင် ယခင်မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့်ရှိခဲ့ဖူးသော တုပ်နှောင်မမျိုးမည်သည့်နိုင်ငံရေးပါတီနှင့်မှ ရှိဟန်မတူတော့။ ဤအချက်ကမူ လွတ်လပ်သော ပရော်ဖက်ရှင်နယ်အင်စတီကျူးရှင်းဖြစ်လာရေးအတွက် ကောင်းသော အလားအလာဟုဆိုချင်သည်။

ပါဝါအီလစ်မဟုတ်သော နောက်ထပ်အရေးကြီးသည့်တစ်ခုမှာ နိုင်ငံရေးအီလစ်ပင်ဖြစ်သည်။လူပုဂ္ဂိုလ်အရ ဒီမိုကရေစီသင်္ကေတလိုဖြစ်နေ၍ ဒီမိုကရေစီအီ လစ်ဟူ၍လည်း ဆိုနိုင်သည်။ နိုင်ငံတကာထောက်ခံမှုရော၊ ပြည်တွင်းလူထု၏ယုံကြည်မှုကိုပါ ရယူထားနိုင်သည့်အားသာချက် ရှိသည်။ သို့တစေ၊ နိုင်ငံရေး အီလစ်မှ ပါဝါအီလစ်ဖြစ်စေရေးအတွက်မူ အခြေခံဥပဒေဆိုင်ရာ အတားအဆီးတစ်ခုရှိနေဆဲဖြစ်သည်။
၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအီလစ်နှင့် ပါဝါအီလစ်များကြား ဆက်ဆံရေးလမ်းပွင့်လာသည်မှာကား ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အတွက် အလားအလာကောင်းဟုဆိုနိုင်ပါလိမ့်မည်။ သို့တိုင်အောင် အရေးအကြီးဆုံးတပ်မတော်အီလစ်နှင့်မူ ထင်သာမြင်သာရှိသော ဆက်ဆံရေးမျိုး မတွေ့ရသေးပါချေ။ သတိကြီးကြီးထားရမည့်အချက်မှာ မြန်မာ့နိုင်ငံရေးဓလေ့တွင် ယခုထက်တိုင် စွဲခိုင်နေဆဲ ရယ်ဒီကယ်အင် အားစုများနှင့် စည်းခြားထားနိုင်ဖို့ဖြစ်သည်။ ဤသို့မဟုတ်ပါက လက်ရှိလစ်ဘရယ်ရေစီးကြောင်းသည်ပင် ရယ်ဒီကယ်ဝဲဂယက်ထဲ နစ်မြုပ်သွားနိုင်သည်။ ဤအတိုင်း ဖြစ်လာခဲ့လျှင် နိုင်ငံရေးအီလစ် အတွက်ရော တိုင်းပြည်ကံကြမ္မာ ပါ ကတိမ်းကပါးဖြစ်ကောင်းဖြစ် သွားနိုင်စရာရှိသည်။

ဗဟုအနာဂတ်
အစဉ်အလာလွှမ်းမိုးတွင် ကျယ်ခဲ့သော သမားရိုးကျစဉ်းစား နည်းအရမူ မိမိလိုလားနှစ်သက် ရာစံနှုန်းတစ်ခုခုဖြင့် တစ်ခုတည်းသော အနာဂတ်ကိုပုံဖော်ကြည့် လေ့ရှိသည်။ အဆိုပါတစ်ခုတည်း သောအနာဂတ်ကိုပင် ပစ်မှတ် ထား၍ “မုချအောင်ရမည်”ဟု မာန်သွင်းခဲ့ကြသည်။ “မုချများ၏ ကျဆုံးချိန်”ဟု ဆိုရလောက်အောင် မရေရာမသေချာမှုများ တင်းကျမ်းပြည့်နေသည့် ၂၁ ရာစုတွင် ဤနည်းဖြင့် ဘယ်လိုမှအလုပ်မဖြစ်
နိုင်တော့ပါ။

အနာဂတ္တိဆရာ အယ်(လ) ဗင်းတော်ဖလာကမူ အနာဂတ်ကို “ဧကသဘော”မကြည့်။ “ဗဟု သဘော”ဖြင့်ချဉ်းကပ်သည်။ “ဗဟုအနာဂတ်” ဟုဆိုပါသည်။ သူ့အလိုအရ “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်” (possible future) “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်” (probable future) နှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့် အနာဂတ်” (preferable future) ဟူ၍ သုံးမျိုးသုံးစားခွဲပြီး သရုပ်ခွဲစိစစ်ရမည်ဟုဆိုသည်။

မဟာဗျူဟာချမှတ်ရေးဆွဲ သူတစ်ယောက်အနေနှင့် “ဖြစ်သင့်ဖြစ်ထိုက်သည့်အနာဂတ်” ကို အဓိက“မစ်ရှင်”ထားရမည်ဖြစ်သည့်တိုင် “ဖြစ်နိုင်ခြေအများဆုံး အနာဂတ်”ကို လုံးဝပစ်ပယ်လို့ မရ။ ဤသည်ကို ပကတိအရှိ အဖြစ်ယူ၍ “မစ်ရှင်ခွဲ” (sub-mission) များအဆင့်ဆင့်ချမှတ် ရမည်ဟုပြောသည်။ အကယ်၍ များ “ဖြစ်ကောင်းဖြစ်လာနိုင်သည့် အနာဂတ်”မှာ အဆိုးဆုံးရှုမြင်ကွင်းဖြစ်နေလျှင် ဤသည်ကိုသတိကြီး စွာဖြင့် ရှောင်ကွင်းနိုင်ရမည်ဟု ညွှန်းပါသည်။

၂၀၁၅ ပဟေဠိ
ဆိုခဲ့ပါဗဟုအနာဂတ်အမြင်ဖြင့် (စာရေးသူဉာဏ်မီသလောက်) ၂၀၁၅ ပဟေဠိကိုအဖြေညှိကြည့်ပါမည်။ ဆိုခဲ့ပြီးသော မြန်မာ့ပါဝါအီလစ်များနှင့် နိုင်ငံရေးအီလစ်တို့ကြား ဆက်ဆံရေးများဆွေး နွေးညှိနှိုင်းမှုများနှင့် မျှတသော အပေးအယူလုပ်နိုင်စွမ်းတို့ အပေါ်မူတည်ပြီး ၂၀၁၅ ရှုမြင်ကွင်း
ကို မှန်းဆကြည့်ပါမည်။ ယခုလို...။

၁။ သမ္မတကြီး၏ ယခုချိန်ထိနောက်ဆုံးမိန့်ခွန်းတွင် ညွှန်းဆိုထားသည့် “သဘောထား၊ မတူညီသူများ အတူလက်တွဲဆောင်ရွက်နိုင်မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်”ထွန်းကားရာ ရှုမြင်ကွင်း။ ဤယဉ်ကျေးမှုမျိုးသာ အမှန်တကယ်ထွန်းကားနိုင်လျှင် မြန်မာ့ဒီမိုကရေစီရေးမှာ စိတ်ချရ သည့်အဆင့်တစ်ခုသို့ အသေ အချာရောက်ရှိသွားပါလိမ့်မည်။ တော်ဖလာညွှန်းသော “ဖြစ်သင့် ဖြစ်ထိုက်သည့်အနာဂတ်”ဖြစ်ပါသည်။

၂။ ဆိုခဲ့ပါ နိုင်ငံရေးယဉ်ကျေးမှုသစ်မျိုး အစပျိုးလာပြီဖြစ်သည့်တိုင် လုံလောက်စွာမထွန်းကားသေးသော ရှုမြင်ကွင်း...။ ဤအတိုင်းဆိုလျှင် မြန်မာ့ဒီမိုကရေစီရေးမှာ ယခုလက်ရှိအတိုင်းပင် ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေပါ လိမ့်ဦးမည်။ လတ်တလော အခင်းအကျင်းများအရ တော်ဖလာညွှန်းသော “ဖြစ်နိုင်ခြေအများဆုံးအနာဂတ်”ဖြစ်လိမ့်မည်ထင်သည်။

၃။ သန္ဓေတည်စနိုင်ငံရေး ယဉ်ကျေးမှုသစ်မှာ အစဉ်အလာရယ်ဒီကယ်ရေစီးထဲ မျောပါပျက် ပြယ်သွားလောက်သည့် ရှုမြင်ကွင်း။ ဤအတိုင်းဆိုလျှင် မြန်မာ့ ဒီမိုကရေစီရေးမှာ နောက်ပြန် လှိုင်းထိနိုင်သည့် အန္တရာယ်ရှိသည်။ တော်ဖလာညွှန်းသော “ဖြစ်ကောင်းဖြစ် လာနိုင်သည့် အနာဂတ်”ဖြစ်သလို အဆိုးဝါးဆုံး ရှုမြင်ကွင်းလည်းဖြစ်သည်။

မြန်မာ့အီလစ်များအနေနှင့် ရှုမြင်ကွင်း (၁)ကို ဦးတည်ကြိုးပမ်းကြစေလိုသည်။ အကြောင်းကြောင်းကြောင့် ဤရှုမြင်ကွင်းကို မရောက်နိုင်သေးလျှင်သော်မှ ရှုမြင်ကွင်း (၃)နှင့် မကြုံရအောင်ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ စာရေးသူ
တစ်ဦးချင်းအနေနှင့်ဆိုလျှင်မူ ရှုမြင်ကွင်း(၂)လောက်နှင့်ပင် သေပျော်ပါပြီ။ ရှုမြင်ကွင်း (၁)ကိုမူ သားသမီးများအတွက် ချန်ထားခဲ့ပါတော့မည်။
Read More »