ယမ်းငွေ့ဝေဆဲ မန်စီနယ် ------------ ရေးသားသူ- အောင်ခိုင်၊ မရန်


အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးအင်ခွန်နော်မှာ အောက်တိုဘာလနှောင်းပိုင်းက မုန်းဒိန်ပါကျေးရွာတွင် အစိုးရနှင့် ကေအိုင်အေတို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။

“လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းနဲ့ ရွာထဲမှာ ယာလုပ်နေရင်းက ထွက်ပြေးလာရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့”ဟု ဦးအင်ခွန်နော်က သူ့အတွေ့အကြုံကိုပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်ပြောကြားချက်များမှာ ကွဲပြားနေပါသည်။

အစိုးရဘက်က မန်စီမြို့နယ်တွင် စစ်ဆင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို တပ်မတော်ကရှင်းလင်းခြင်းဖြစ်ပြီး ကေအိုင်အေတပ်ဘက်က အထက်၏အမိန့်ကိုမလိုက်နာဘဲ စတင်ပစ်ခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်တိုဘာလ မြစ်ကြီးနားဆွေးနွေးပွဲအတွင်း နှစ်ဖက်သဘောတူညီခဲ့သည့် အရေးပါသော အများပြည်သူသုံးလမ်းများ ပြန်ဖွင့်နိုင်ရန် ကေအိုင်အေဘက်မှ တပ်သားများ နောက်ဆုတ်ပေးခဲ့သော်လည်း အစိုးရတပ်က သတ်မှတ်လမ်းကြောင်းအတိုင်း မ၀င်လာသည့်အတွက် မလွှဲမရှောင်သာ တိုက်ပွဲများပြန်လည်ဖြစ်ပွားရသည်ဟု ကေအိုင်အေဘက်မှ တုံ့ ပြန်ထားသည်။

ထို့အပြင် ယခုတိုက်ပွဲများဖြစ်ပွားရာ ဒေသများသည် ကေအိုင်အေတပ်များတည်ရှိရာ နယ်မြေများဖြစ်ပြီး အစိုးရတပ်များမ၀င်လာရန် ဆွေးနွေးပွဲတိုင်း၌ ပြောကြားထားခဲ့ကြောင်း ကေအိုင်အေဘက်ကလည်းဆိုပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်လာပြီး တိုက်ပွဲအရှိန်လျှော့ရန် သဘောတူထားကြပါလျက် မန်စီနယ်တစ်ဝိုက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းအပေါ် ပြည်သူများလည်း မျက်စိလည်လျက်ရှိသည်။ ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့လာရောက်ပြီး အစိုးရတာဝန်ရှိသူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သောကြောင့် ယုံကြည်မှုပိုခိုင်မာလာအောင် ကြိုးပမ်းနေပါလျက် မရပ်တန့်သောတိုက်ပွဲများက ပဟေဠိဖြစ်စေသည်။

ကချင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသတွင်း အဖွဲ့အစည်းများကမူ ယခုဖြစ်ပွားသောတိုက်ပွဲများကြောင့် အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပိုမိုရရှိပြီး၊ ကေအိုင်အေတပ်များကို နယ်စပ်ဘက်သို့ ဖိတိုက်သည့်ပုံစံဖြစ်နေကြောင်း သုံးသပ်ကြသည်။

ထို့အပြင် အစိုးရနှင့်ကေအိုင်အို မေလဆွေးနွေးပွဲက သဘောတူညီခဲ့သည့် စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများထပ်မံမဖြစ်ပွားရေးတို့ကို နှစ်ဖက်စလုံးမှ ချိုးဖောက်သည့် သဘောဖြစ်အောင် ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း ၎င်းတို့ကသုံးသပ်ကြသည်။

“ဆွေးနွေးပွဲတွေ ရှည်နိုင်သမျှရှည်အောင် ဆွဲဆန့်ပြီးလုပ်။ နယ်မြေစိုးမိုးရေးဝင်လုပ် နယ်စပ်ကိုတွန်းပို့၊ နောက်ဆုံးမလှုပ်သာတော့မှ လည်ပင်းညှစ်ပြီးအဖြေတောင်းမယ့် သဘောလို့မြင်တယ်”ဟု ကချင်အရေးစောင့်ကြည့်သူတစ်ဦးကဆိုသည်။

ဆွေးနွေးပွဲရလဒ်များအပေါ် ထိခိုက်မည်စိုးရိမ်သဖြင့် မြန်မာ့တပ်မတော်မှ ကေအိုင်အိုထိပ်ပိုင်းသို့ တရားဝင်အကြာင်းကြားပြီးမှ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့သော်လည်း အောက်ခြေကမလိုက်နာလိုသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့လက်လှမ်းမမီတဲ့ ဒေသတွေမှာ မှောင်ခိုလမ်းကြောင်းတွေတားမြစ်ဖို့ တပ်မတော်ကတာဝန်ရှိတယ်။ ဒီလိုလုပ်တာ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတွေအကျိုးကို အတော်နစ်နာစေတယ်လို့ သိရတယ်။ သူတို့ရဲ့အပေါ်က ညွှန်ကြားချက်ကိုကြားရပါတယ်။ အောင်ခြေကမလိုက်နာလို့ဖြစ်ရတာ”ဟု ဆိုပါသည်။

ယခုလတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ဒေသများသည် သဘာဝသယံဇာတများစွာရှိပြီး မဟာဗျူဟာကျသည့်နေရာများ ဖြစ်နေသည်ဟုလည်း ကချင်အရေးလေ့လာသူများကဆိုပါသည်။

ကေအိုင်အေ တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးကမူ“နယ်မြေစိုးမိုးရေးလုပ်ချင်လို့လို့မြင်တယ်။ စီးပွားရေးအရပိတ်ချင်ရင် နယ်စပ်ဂိတ်ဘက်ကို ပိတ်နိုင်တာပဲ”ဟု တိုက်ပွဲများဖြစ်ပွားနေရခြင်းအပေါ် သူ့အမြင်ကိုပြောပြသည်။

ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း မန်စီမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ် မန်ဝိန်းကြီးဒေသ လဂတ်ယန်စခန်း၊ ဗန်းမော်မြို့ဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် မန်စီမြို့နယ်တွင် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေသည်။ ကေအိုင်အေဘက်မှလည်း တပ်ရင်း ၁၊ ၁၂ နှင့်၂၇ တို့လှုပ်ရှားလျက်ရှိသည်။

နှစ်ဖက်တပ်များမှာ နီးကပ်လွန်းသည့်အပြင် စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။

“ကျွန်တော်တို့ကတော့ စစ်ပြေးဒုက္ခသည်တွေ အချိန်မရွေးထပ်လက်ခံနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဖန်ခါးကုန်းစစ်ရှောင်စခန်း တာဝန်ခံဒူဝါဇော်ဘောက်ကပြောသည်။

အစိုးရနှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုအတွင်း စစ်ရှိန်လျှော့ချရန်၊ ရှေ့တန်းပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Mointaring Committe)များ ဖွဲ့စည်းသွားကြရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။

သိန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် စာရွက်အပေါ်မှ နှစ်ဖက်သဘောတူညီချက်များကို အမှန်တကယ်လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း ကချင်စစ်ပွဲငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေသူများက အကြံပြုပြောဆိုပါသည်။

“နှစ်ဖက်သဘောတူတဲ့အချက်တွေကို အပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့က အရေးကြီးပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCU)မှ ဦးအင်ရှန်ဆန်အောင်ကပြောသည်။
Credit To 7Day News Journal

ဓာတ်ပုံ- မရန်
Read More »

“အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုတော့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့မူဘောင်မှာက ထာဝရငြိမ်းချမ်းရေးရဖို့ လက်နက်စွန့်ရမှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး” ------



ရှမ်းပြည်နယ်တောင်ပိုင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံခြင်း
------
မောင်တာ

ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်ထားသော ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော အင်အားကြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး၊ အပစ်အခတ်ရပ်စဲပြီးနောက် RCSS ထိန်းချုပ်ဒေသတွင်း ဒေသဖွံ့ဖြိုးရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် မူးယစ်ဆးဝါးတိုက်ဖျက်ရေး တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် (RCSS/ SSA)၏ သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မည်သို့ရှေ့ဆက်သွားရန် ရည်မှန်းနေသည် စသည်တို့ကို RCSS/SSA ဌာနချုပ်ရှိရာ ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းဒေသသို့သွားရောက်ကာ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်အား မေးမြန်းခဲ့သည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း RCSS ထိန်းချုပ်ဒေသတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့်ပေါ့။ ဘယ်ကဏ္ဍတွေမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုရှိလာပါလဲ။

ဖြေ- အပစ်အခတ်ရပ်စဲထားတာ ၂ နှစ်တော့ရှိပြီပေါ့။ ဒါပေမဲ့ တိုးတက်မှုပိုင်းတော့ ဘာမှသိသိသာသာ ထင်ထင်မြင်မြင်ကြီးတော့ မရှိသေးပါဘူး။ တိုးတက်မှုပိုင်းမဖြစ်လာရတာ အပိုင်းသုံးပိုင်းရှိပါတယ်။ နံပါတ်တစ် နားလည်မှုတွေကွာခြားနေတယ်။ အပစ်ခတ်ရပ်စဲထားတဲ့ သဘောတူဆုံးဖြတ်ချက် ၃၂ ချက်ရှိတယ်။ အဲဒီ ၃၂ ချက်ထဲမှာ တပ်မတော်ဘက်က လိုက်နာတယ်ဆိုတာ နှစ်ချက်လောက်ပဲရှိတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲထားတဲ့ ၂ နှစ်လောက်အတွင်းမှာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ထပ်ဖြစ်ခဲ့တယ်။ စစ်ပွဲတွေဖြစ်ရတဲ့အကြောင်းက တပ်မတော်ဘက်က RCSS အဖွဲ့ဝင်တွေကို တောထဲဝင်ပြီး လိုက်ရှာပြီးတော့ ပစ်တဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲထားပေမယ့် နားလည်မှုသဘောထားတွေကတော့ ကွဲလွဲနေသေးတယ်။ ပထမအပစ်ရပ်ဖို့ ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အချိန်မှာ ဒီ RCSS ရဲ့ စစ်သားတွေရှိတဲ့နေရာမှာ တပ်တွေချမယ်၊ နောက်ပြီး တပ်မတော်ဘက်ကလည်း တောထဲဝင်ရင် သတင်းတွေပြန်ကြားပေးဖို့၊ သတင်းပေးဖို့ သဘောတူညီထားကြတယ်။ ပြီးတော့ RCSS ဘက်ကလည်း မြို့ထဲကိုသွားမယ်၊ လက်နက်ပါမယ်ဆိုရင် အကြောင်းကြားပေးဖို့ အဲဒါတွေ သဘောတူညီထားကြပါတယ်။ ခုတော့ သဘောတူထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။

မေး- သဘောတူညီချက်တွေထဲက အကောင်ထည်မဖော်နိုင်သေးတဲ့အချက်တွေ များနေတာက ဘယ်လိုအနှောင့်အယှက်ဖြစ်စေနိုင်လဲ။

ဖြေ- အကောင်အထည်မဖော်နိုင်တာတွေကို ပြန်ပြီးဆွေးနွေးဖို့လိုပါတယ်။ နားလည်မှုကွဲလွဲနေတာတွေ။ သဘောထားချင်းမတူတာတွေကို ပြန်ဆွေးနွေးဖို့လိုပါတယ်။ ပြန်ဆွေးနွေးဖို့က အရေးကြီးပါတယ်။ ပြန်ပြီးဆွေးနွေးတာက သေနတ်တွေပစ်ခတ်နေတာ၊ တိုက်ခိုက်နေတာထက် ပိုကောင်းပါတယ်။ အကယ်၍ ပြန်ပြီးမဆွေးနွေးကြဘဲ ဓားတွေသုံးပြီး ဖြေရှင်းမယ်ဆိုရင် မဖြစ်နိုင်ဘူး။ နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကလည်း ဖြစ်လာခဲ့ပြီးပြီ။ တပ်မတော်ကလည်း တိုင်းရင်းသားတွေကို အပြတ်၊ တစ်ခါတည်း မချေမှုန်းနိုင်ဘူး။ တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကိုမနိုင်ဘူး။ ပြည်တွင်းစစ်ရဲ့ဆိုးကျိုးက ပြည်သူလူထုပဲ ခံစားရတယ်။ ဒါကြောင့် ပြန်ဆွေးနွေးဖို့က အရေးကြီးတယ်။ ပိုပြီးတော့ကောင်းတဲ့လမ်းစဉ် ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးတာကတော့ ကောင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ ပြုံးပြီးတော့ ဆွေးနွေးကြပြီး ရယ်ရွှင်ပြီး တရင်းတနှီးဆွေးနွေးကြပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်ရမှာဖြစ်ပါတယ်။

မေး- ၂၀၁၄ ခုနှစ်ထဲမှာရော သဘောတူထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားတွေကို သတိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လုပ်ချင်တယ်၊ ရချင်တယ်ဆိုရင်တော့ ခေါင်းဆောင်တဲ့သူကစပြီးတော့ လုပ်ရင်တော့ရနိုင်ပါတယ်တဲ့။ ခေါင်းဆောင်ဆိုတာ အာဏာရှိတဲ့သူပေါ့။ သူတို့က ငြိမ်းချမ်းရေးကို တကယ်ရချင်တယ်၊ တကယ်လုပ်မယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ ပြီးသွားနိုင်ပါတယ်။ အဲဒီကိစ္စတွေမှာ အခက်အခဲဆိုတာ ဘာမှမရှိနိုင်ပါဘူး။ သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုချင်လို့ အကြောင်းပြချက် တစ်မျိုးပြီးတစ်မျိုးရှာပြီးတော့ ပြဿနာတွေ ရှာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ရနိုင်မှာမဟုတ်ဘူး။

မေး- RCSS အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုမူဝါဒနဲ့ သွားနေပါသလဲခင်ဗျ။

ဖြေ- RCSS အနေနဲ့က အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတော်သမ္မတနဲ့ ဆွေးနွေးထားတယ်။ သဘောတူညီချက်တွေလည်း ရရှိပြီးပြီ။ RCSS ဘက်ကတော့ နိုင်ငံရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံရေးဆွေးနွေးမှုအတွက်လည်း RCSS က မူဘောင်တွေရှိပြီးပါပြီ။ မူဝါဒလမ်းစဉ်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုမူဝါဒဟာ ဖက်ဒရယ်စနစ်ဖြစ်ဖို့လိုပါတယ်။ ဒုတိယအချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ အရေးကြီးပါတယ်။ နောက်ပြီး တတိယအချက်ကတော့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ RCSS ရဲ့ အရေးကြီးတဲ့မူဝါဒပါပဲ။

မေး- အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တဲ့ လိုင်ဇာဆွေးနွေးပွဲမှာ RCSS က လက်မှတ်မထိုးခဲ့ပါဘူး။ အထက်ကလူကြီးတွေနဲ့ မတိုင်ပင်ရသေးလို့ လက်မှတ်မထိုးတာလို့တော့ သိထားရပါတယ်။ အဲဒီပေါ်မှာ ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုများပြောချင်ပါသလဲ။

ဖြေ- ဆွေးနွေးမှုရဲ့ဆုံးဖြတ်ချက်ရလဒ်က ဘယ်လိုလဲဆိုတော့ ဒီဘက်က ရည်ရွယ်ပြီးသွားတာက အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ထွက်လာတာက နိုင်ငံရေးနဲ့ပတ်သက်တယ်။ အဲဒါကြောင့် လက်မှတ်မထိုးသေးတာ။ တကယ်နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုရင်တော့ လိုင်ဇာတစ်ခုတည်းနဲ့ မပြီးသေးဘူး။ ရှမ်းပြည်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့သဘောထားကိုလည်း တောင်းခံဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် လက်မှတ်မထိုးသေးတာပါ။

မေး- အခုဆို အစိုးရနဲ့တိုင်းရင်းသားတွေ နှစ်ဖက်လုံးက မူဘောင်တွေထုတ်ကြတယ်။ အစိုးရကထုတ်တဲ့မူဘောင်နဲ့ပတ်သက်ပြီးတော့ရော ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့သဘောထားကို WGEC ကနေ တင်ပြဆွေးနွေးထားတာရှိပါတယ်။ အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုတော့ သဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကပေးလာတဲ့ မူဘောင်ကိုတော့ RCSS အနေနဲ့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ မူဘောင်မှာက ထာဝရငြိမ်းချမ်းရေးရဖို့အတွက် လက်နက်စွန့်ရမှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး။ သဘောမကျဘူး။

မေး- RCSS လိုပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီအချက်ပေါ်မှာ အခြေခံပြီးတော့ ဒီမူဘောင်ကို သဘောမတူကြဘူး။ ဒီလိုမျိုးကွဲလွဲချက်တွေ ရှိနေမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးမှာ ဘယ်လိုမျိုးထိခိုက်မှုတွေရှိနိုင်မလဲ။

ဖြေ- အကယ်၍ အစိုးရဘက်ကနေ တပ်မတော်ဘက်က သူတို့ချထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို လက်ခံပြီးတော့ ပြန်လည်မပြင်ဆင်ဘူးဆိုရင်တော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပျက်စီးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ပွဲတွေ ထပ်ဖြစ်လာဦးမယ်ထင်ပါတယ်။

မေး- ဥက္ကဋ္ဌအနေနဲ့ အစိုးရကို ဘယ်လိုများအကြံပြုချင်ပါသလဲ။

ဖြေ- RCSS အနေနဲ့ MPC ဘက်ကိုလည်း အကြံဉာဏ်ပေးထားတယ်။ ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း အကြံဉာဏ်ပေးထားတယ်။ ဘယ်လိုအကြံဉာဏ်ပေးထားလဲဆိုတော့ ငြိမ်းချမ်းရေးလိုလားတယ်ဆို နှစ်ဖက်အလျှော့အတင်းတွေလုပ်မှ ဖြစ်နိုင်မယ်။ အလျှော့အတင်းတွေလုပ်ပြီး တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှဖြစ်နိုင်မယ်။ အကယ်၍ ဆက်ပြီးတင်းမာနေဦးမယ်ဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်လာခဲ့တာလည်း နှစ် ၆၀ ကြာလာခဲ့ပြီး ဘာမှထူးခြားတိုးတက်မှုဆိုတာ မရှိခဲ့ဘူး။ အခြေအနေတွေဟာ ဘယ်အချိန်ထိဆက်ပြီး ဆိုးနေဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ အကယ်၍ ဆက်ပြီးတင်းမာနေဦးမယ်ဆိုရင်တော့ တိုက်ပွဲတွေကထပ်ဖြစ်မယ်။

မေး- စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေအပြင် ဘာတွေများထပ်ပြီး လိုအပ်သေးတယ်လို့ ထင်ပါသလဲ။

ဖြေ- ထာဝရငြိမ်းချမ်းရေးဆိုတာ ပထမအချက်အနေနဲ့ နိုင်ငံတော်သမ္မတချထားတဲ့ မူဘောင်လမ်းစဉ်အတိုင်း ဆက်လုပ်ရင်လည်း ဖြစ်နိုင်တယ်။ သမ္မတက ဘယ်လိုလဲဆိုတော့ ပထမတစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြတယ်။ နိုင်ငံရေးမူဘောင်တွေ ရေးဆွဲကြမယ်။ နောက်တစ်ခါ နိုင်ငံရေးဆွေးနွေးပွဲကိုပြုလုပ်မယ်ပေါ့။ အဲဒီလိုဆိုရင် ထာဝရငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာပါ။

မေး- ဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီး RCSS ရဲ့ သဘောထားက ပြင်ဆင်မှာလား။ အသစ်ပြန်ရေးချင်တာလားခင်ဗျ။

ဖြေ- ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ RCSS ရဲ့ဘက်က ဘယ်လိုလဲဆိုတော့ ဆွေးနွေးမှုတော့ အရေးကြီးတယ်။ ဒီဘက်ကနေ အသစ်ရေးဆွဲမယ်ဆိုလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ အားလုံးပါဝင်ဆွေးနွေးပြီး ပြင်ဆင်ဖို့လိုပါတယ်။ အရေးကြီးတာက စစ်မှန်တဲ့ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်အရဆိုရင် အာဏာတွေက ပြည်သူတွေကို ခွဲဝေပေးရမယ်။ အခုအခြေအနေက ဒီမိုကရေစီအုပ်ချုပ်မှုစနစ် မဖြစ်သေးဘူး။ တပ်မတော်က အာဏာတွေကို ချုပ်ကိုင်ထားဆဲပဲ။

မေး- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာရှိလား။

ဖြေ- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS ဘက်က ပြင်ဆင်မှုတွေရှိပါတယ်။ နောက်ပြီး ကမ္ဘာမှာလည်း ဖက်ဒရယ်မူဆိုတာ ကြီးထွားလာနေပါပြီ။ အမေရိကန်ရဲ့ဥပဒေတွေကို ဥပမာယူပြီးတော့ လုပ်နေတာတွေရှိပါတယ်။

မေး- လွှတ်တော်မှာတော့ ဖက်ဒရယ်နဲ့ပတ်သတ်လို့ ဂျာမနီရဲ့ဖက်ဒရယ်သဘောမျိုး ပြောဆိုနေသံကြားရပါတယ်။ အဲဒီတော့ RCSS အနေနဲ့ ဘယ်လိုပြင်ဆင်ထားတာလဲခင်ဗျ။

ဖြေ- သိပ်တော့မကွဲပြားပါဘူး။ နည်းနည်းပဲကွာခြားတာပါ။ ဂျာမနီက ဥပမာပဲယူယူ၊ အမေရိကန်က ဥပမာပဲယူယူ အများကြီးကွာခြားမှုသိပ်မရှိပါဘူး။

မေး- တိုင်းရင်းသားအများစုပြောနေကြတဲ့ ဖက်ဒရယ်တပ်မတော်ကိစ္စပေါ့။ ဖက်ဒရယ်တပ်မတော်ဆိုတာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်လား။

ဖြေ- အဲဒီကိစ္စ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ တိုင်းရင်းသားတွေဘက်က ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ၊ ပြီးတော့ တပ်မတော်ဘက်က တပ်ဦးစီးချုပ်တွေအချင်းချင်း အကြိမ်ကြိမ်ဆွေးနွေးဖို့ လိုသေးတယ်။ အခုတော့ တပ်မတော်ကို တိုင်းရင်းသားတွေက ယုံကြည်မှုတအားကြီး နည်းနေသေးတယ်။ အခု ယုံကြည်မှုတွေ တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပါသေးတယ်။ ဖက်ဒရယ်မူဆိုတာ အချင်းချင်းပေါင်းစည်းနေထိုင်ကြတာပါ။ ပေါင်းစည်းမှုမဖြစ်နိုင်သေးဘူးဆိုရင်တော့ Federal Military (ဖက်ဒရယ်တပ်မတော်)ဆိုတာ မဖြစ်နိုင်သေးဘူး။ အခုတပ်မတော်ရဲ့ ရပ်တည်မှုအပေါ် အခြေခံပြီးပြောမယ်ဆိုရင်တော့ ပြည်ထောင်စုတပ်မတော်ဆိုတာ ဖြစ်လာဖို့ကိစ္စမလွယ်ကူဘူး။ မဖြစ်နိုင်ဘူး။ အကယ်၍ ဖက်ဒရယ်တပ်မတော်ဖြစ်မလာရင် ပြီးတော့တစ်ဖက်ကလည်း အချင်းချင်းအလျှော့အတင်းတွေလုပ်ပြီး ဆွေးနွေးကြ၊ အ၀င်အထွက်တွေလုပ်ပြီးတော့ အဆင်မပြေကြဘူးဆိုတော့ စစ်ပွဲတွေ ဆက်ဖြစ်နေဖို့ပဲရှိတယ်။

မေး- RCSS ကရော ပြည်ထောင်စုတပ်မတော်နဲ့ပတ်သက်လို့ ပြင်ဆင်ထားတာ
ရှိပါသလား။

ဖြေ- ဖက်ဒရယ်စနစ် ဖွဲ့စည်းပုံအရ ဒီပြည်ထောင်စုတပ်မတော်ရဲ့မူဘောင်ပေါ်မှာ RCSS ဘက်ရဲ့ သဘောထားကိုပဲ ယူလို့မရဘူး။ တပ်မတော်ရဲ့သဘောထားကိုပဲ ယူလို့မရဘူး။ အားလုံးဝိုင်းပြီးတော့ တပ်မတော်ဘက်၊ တိုင်းရင်းသားတွေဘက် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ၀ိုင်းဝန်းလုပ်ဆောင်မှရမယ်။ ထိုင်ပြီးဆွေးနွေးဖို့ လိုအပ်ပါတယ်။ RCSS ရဲ့ သဘောထားကိုပဲ ပြောမယ်ဆိုရင်လည်း တပ်မတော်က လက်ခံမှာမဟုတ်ဘူး။ တပ်မတော်ကချထားတဲ့ သဘောထားကိုလည်း RCSS က လက်ခံနိုင်မှာမဟုတ်ဘူး။ ညှိယူဖို့လိုပါတယ်။ စည်းလုံးမှုပေါ့။ နှစ်ဦးနှစ်ဖက်က အတူတူလက်တွဲလျှောက်ဖို့လိုပါတယ်။ တစ်ဖက်သက်လျှောက်လို့မရပါဘူး။ နှစ်ဖက်အတူတူလာကြမှရမှာ။ အကယ်၍ တစ်ဖက်က တအားကြီးတင်းမာပြီးတော့ လုပ်နေရင်လည်းမရဘူး။ အကယ်၍ နှစ်ဦးနှစ်ဖက်က တအားကြီးတင်းမာနေရင်တော့ အပစ်အခတ်တွေက ထပ်ပြီးတော့ဖြစ်လာဦးမှာပဲ။

မေး- ဟိုတစ်လောက ရှမ်းပြည်ပေါင်းစည်းညီညွတ်ရေးကော်မတီ ဖွဲ့တယ်ဆိုပြီး ကြားသိရပါတယ်။ SSPP/SSA ပေါ့လေ။ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဆိုရင် SNLD ကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ထားတယ်။ အဲဒီတော့ RCSS အနေနဲ့ရော နောက်ပိုင်းမှာ ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်သွားဖို့ရှိလဲခင်ဗျ။

ဖြေ- ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ရဲ့ UNSSC (ရှမ်းပြည်ညီညွတ်ရေးကော်မတီ)က ရှမ်းပြည်ရဲ့ကိုယ်စားပြုပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ ရည်ရွယ်ပါတယ်။

မေး- ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး UNODC ရဲ့ စစ်တမ်းတွေအရ အစိုးရနဲ့အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒေသတွေမှာ ဘိန်းနဲ့မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုက ပိုများလာတယ်လို့ ပြောထားတယ်။ ရှမ်းပြည်နယ်မှာဆိုလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းရှိတယ်ဆိုတော့ ဘယ်လိုကြောင့် များလာလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

ဖြေ- ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာကတော့ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့တိုးတက်မှုတွေ၊ ဖွံ့ဖြိုးမှုတွေ ဘာမှမလုပ်ပေးဘူး။ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့ တိုးတက်မှုတွေကို ဘာမှလုပ်မပေးဘူးဆိုရင်တော့ ပြည်သူလူထုက အရာရာတိုင်းကို စိုက်ပျိုးလာတာပါပဲ။ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်အနေနဲ့က ဒီမူးယစ်ဆေးဝါးတွေကို နှိမ်နင်းတယ်ဆိုပြီး ပြည်သူလူထုရဲ့ ဘိန်းစိုက်ခင်းတွေကို လိုက်ဖျက်ဆီးတယ်ဆိုတာ နည်းလမ်းမမှန်ပါဘူး။ ဥပမာအနေနဲ့ပေါ့၊ လူထုအနေနဲ့က ကိုယ်စားခါနီးထမင်းပန်းကန်ကို အဝေးကို လွှင့်ပစ်ခံလိုက်ရသလို ဖြစ်နေတယ်။ ကိုယ်စားနေတဲ့ထမင်းကို ကောက်ညှင်းနဲ့ လာလဲပေးရင်ကမှ စားနေရသေးတယ်။ အခု ပြည်သူလူထု ဘိန်းစိုက်နေရတဲ့ကိစ္စကလည်း အဲဒီလိုပါပဲ။ RCSS အနေနဲ့က ဘိန်းခင်းတွေကို တိုက်ဖျက်ဖို့ မှန်ကန်တဲ့လမ်းစဉ်မူဝါဒတွေ ရှိပါတယ်။ နိုင်ငံတော်သမ္မတနဲ့ လက်တွဲပြီးတော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က RCSS နဲ့ ပူးပေါင်းဖို့ လက်မခံဘူး။ ဘာကြောင့် ပူးပေါင်းဖို့လက်မခံတာလဲဆိုတာ သဘောမပေါက်ဘူး။ အပစ်အခတ်ရပ်စဲထားပေမယ့် သဘောထားတွေက မတိုက်ဆိုင်ကြဘူး။

မေး- စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ကိစ္စကရော ဘယ်အခြေအနေရှိပြီလဲခင်ဗျ။ ပြီးခဲ့တဲ့ဇွန်လက ဥက္ကဋ္ဌကြီးရဲ့ ရန်ကုန်ခရီးစဉ်မှာတော့ ၁၉၉၆ ခုနှစ်က တပ်မတော်ရဲ့ ဖြတ်(၄)ဖြတ်မူကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ရေး ပူးပေါင်းကြိုးပမ်းမယ်ဆိုပြီး ဦးခွန်ထွန်းဦးနဲ့ ပူးတွဲကြေညာချက်ထုတ်တာ တွေ့ရပါတယ်။ အခု သူတို့ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်နေရာချထားရေး ဘာတွေစတင်လုပ်ပေးနေပြီလဲခင်ဗျ။

ဖြေ- ပြည်သူတွေကတော့ နေရပ်ပြန်ချင်တဲ့ဆန္ဒကတော့ အမြဲရှိနေတာပေါ့။ ဒါပေမဲ့ သူတို့က နယ်မြေတည်ငြိမ်မှု၊ လုံခြုံမှုပေါ်မှာ အပူအပင်တွေရှိနေသေးတယ်။ အဲဒါကြောင့် မပြန်ရဲကြသေးတာ။ ထိုင်းဘက်မှာလည်း မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေ အများကြီးရှိနေသေးတယ်။ အကယ်၍ စစ်ပွဲတွေထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ ပြည်သူတွေ လုံခြုံမှုမရှိသေးဘူး။ တိုက်ပွဲတွေထပ်ဖြစ်နေဦးမယ်၊ စစ်ကူတွေ တောင်းနေဦးမယ်ဆိုရင်တော့ ပြည်သူလူထုက ပြန်ရဲကြမှာမဟုတ်ဘူး။

မေး- ၂၀၁၂ ခုနှစ်က RCSS ဖွဲ့စည်းထားတဲ့ ရှမ်းတောင်တန်းချယ်ရီကုမ္ပဏီကရော စီးပွားရေးလုပ်ငန်းတွေ စလုပ်နေပြီလားခင်ဗျ။

ဖြေ- လုပ်ငန်းတွေ လျှောက်ထားတာတွေကတော့ အများကြီးပဲ။ အကောင်ထည်ဖော်တာ ဘာမှမဖော်နိုင်သေးဘူး။ သတ္တုတွင်းလုပ်ငန်းတွေလုပ်ဖို့ လျှောက်လွှာတွေ တင်ထားတယ်။ အစိုးရဘက်က ခွင့်ပြုချက်ကျလာပေမယ့် တပ်မတော်ဘက်က နယ်မြေထဲဝင်ဖို့ ခွင့်မပေးဘူး။ အဲဒါတွေကြောင့် ကြန့်ကြာနေတယ်။ သမ္မတဘက်ကတော့ နေပြည်တော်ကနေလည်း ခွင့်ပြုပေးတယ်။ ရှမ်းပြည်နယ်အစိုးရဘက်ကလည်း ခွင့်ပြုစာရတယ်။ စစ်တပ်ဘက်ကမရတော့ ၀င်လို့မရဘူး။ သတ္တုပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ လုပ်မယ်ဆိုရင် လက်နက်ချမှ လုပ်ခွင့်ပေးမယ်ဆိုပြီး မိုင်းတုံရဲ့ဗျူဟာမှူးအောက်ကနေ သတင်းရတာပေါ့။ တာချီလိတ်ဘက်မှာလည်း စိုက်ပျိုးရေးလုပ်ဖို့ ဧက ၂၅၀၀၀ တောင်းထားတယ်။ အစိုးရနဲ့ ရှမ်းပြည်အစိုးရရဲ့ ခွင့်ပြုစာရတယ်။ ဒီဘက်ကတော့ ခွင့်ပြုချက်မရဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ဘာမှလုပ်ခွင့်မရသေးဘူး။ အဲဒီတော့ ပြဿနာက တပ်မတော်ဘက်ကနေ လာလာပြီးတော့ ခံနေတယ်။ တပ်မတော်က ကြားလာခံနေပြီး မပြီးနိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် တပ်မတော်က အပစ်အခတ်မရပ်စဲချင်ဘူးလားလို့တောင် တွေးမိတယ်။ အပစ်ရပ်တာ သမ္မတဦးသိန်းစိန်ကရပ်ချင်ပြီး တပ်မတော်ဘက်က မရပ်ချင်ဘူးလားလို့တောင် ထင်မိတယ်။

မေး- တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ယုံကြည်မှုလျော့နည်းနေတာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင်ရနိုင်မယ်လို့ အကြံပေးချင်လဲခင်ဗျ။

ဖြေ- ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ ထပ်ကာထပ်ကာ ဆွေးနွေးဖို့လိုပါတယ်။ အ၀င်အထွက်တွေလုပ်ဖို့ ဆက်ဆံကြဖို့ လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်မယ်ဆိုတဲ့ စကားပုံလိုပေါ့။ အယုံအကြည်နဲ့လာမှာပေါ့။ အယုံအကြည်မရှိရင် ညီညွတ်မှုဘယ်ရမလဲ။ ညီညွတ်မှုမရှိရင် ပေါင်းစည်းမှုဘယ်ရမလဲ။

မေး- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါစေချင်သလား။ ပါဝင်လာရင်ရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ကိစ္စမှာ အရပ်ဘက်က အဖွဲ့အစည်းခေါင်းဆောင်တွေ ပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့လည်း မရပါဘူး။ သူက မြန်မာနိုင်ငံကို ဒီမိုကရေစီသယ်ဆောင်လာတဲ့ ခေါင်းဆောင်ကောင်းဖြစ်ပါတယ်။

မေး- ပြည်တွင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးတွေက နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေနဲ့ နယ်စပ်တွေမှာ နေထိုင်နေကြရပါတယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံက အထူးသဖြင့် လူဦးရေများပြားတဲ့ တရုတ်နိုင်ငံလို နိုင်ငံခြားသားတွေက ပြည်တွင်းကို ၀င်လာကြတယ်။ အဲဒီတော့ ရှမ်းပြည်နယ်မှာ နိုင်ငံခြားသားစိမ့်ဝင်မှုက စိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီလားခင်ဗျ။

ဖြေ- RCSS ထိန်းချုပ်ဒေသမှာတော့ နိုင်ငံခြားသားဝင်ရောက်မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ၀င်လာပြီးတော့ မြန်မာနိုင်ငံသားကတ်တွေ ကိုင်ဆောင်ထားတယ်။ ပြီးတော့ ပြည်နယ်ထဲက မြေတွေဝယ်ပြီး ကိုယ်ပိုင်မြေအဖြစ် ပြောင်းလဲလုပ်ကိုင်ကြတယ်။ အဲဒါတွေကို စစ်ဆေးဖို့ကတော့ နိုင်ငံတော်ဘက်က တာဝန်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာဆိုရင် ကျိုင်းတုံဘက်တွေ၊ မူဆယ်၊ နမ့်ခမ်းဘက်တွေမှာဆိုရင် တရုတ်နိုင်ငံသားတွေဝင်လာပြီး မြေတွေဝယ်ထားတာတွေ အများကြီးရှိတယ်။

မေး- လက်ရှိရှမ်းပြည်နယ်ဟာ နိုင်ငံရေးအရဆိုရင်လည်း လက်နက်ကိုင်တွေအများကြီးနဲ့ ရှုပ်ထွေးနေတယ်။ စီးပွားရေးမှာလည်း ဒေသခံတွေက စားဝတ်နေရေးမပြေလည်လို့ ဘိန်းစိုက်ပျိုးနေရတာတွေ ရှိတယ်။ ပညာရေးမှာဆိုလည်း မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်နေတယ်။ နိုင်ငံခြားသားစိမ့်ဝင်မှုလို လူမှုရေးပြဿနာတွေကလည်း ရှိနေတယ်။ အဲဒီလိုအခြေအနေမှာ ရှမ်းပြည်နယ်အတွက် ဘယ်ကဏ္ဍကို အရင်ဦးစားပေးဖြေရှင်းဖို့လိုမယ်လို့ ထင်သလဲခင်ဗျ။

ဖြေ- အဓိကကျတဲ့အချက်က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းမှုမရှိဘူးဆိုရင်တော့ ဘာမှလုပ်လို့မရဘူး။ ရှမ်းပြည်နယ်တိုးတက်မှု ကျဆင်းနေရတာလည်း တပ်မတော်ရဲ့အုပ်ချုပ်မှုအောက် အကြာကြီးနေရတာနဲ့ ပြည်တွင်းစစ်ကြောင့်ပါ။ ပြည်တွင်းစစ်တွေကြောင့် ရှမ်းပြည်နယ်မှာ တိုးတက်မှုက ဘာမှမရှိခဲ့ဘူး။ တိုက်ပွဲတွေဖြစ်၊ ပစ်ကြခတ်ကြဆိုတော့ ပြေးကြရှောင်ကြပဲရှိနေတော့ တိုးတက်မှုဆိုတာ ဘယ်မှာရှာလို့ရပါ့မလဲ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Credit To 7Day News Journal 
Read More »

၂၀၁၅ အလွန် အကျပ်အတည်းများ Written by ပိုက်တင်

တကယ်တော့ ၂၀၁၅ အလွန်မှာ ကြုံတွေ့နိုင်တဲ့ သန်း ၆၀ ရဲ့ အကျပ်အတည်းဟာ အဲဒီအချိန်ကျမှ ရုတ်တရက် ပေါ်လာနိုင်တဲ့ ပြဿနာများ မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် မြန်မာနိုင်ငံရေး သမိုင်းမှာ လုံးဝ အခြေခံပါတယ်။ပါလီမန်ခေတ် မြန်မာ့နိုင်ငံရေး ပြဿနာများနဲ့ အထူးသဖြင့် နှစ် ၅၀ အမှောင်ခေတ်ရဲ့ ဆိုးကျိုးများကြောင့် ဒီမိုကရေစီသို့ အကူးအပြောင်းမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲများသာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဲဒီ အကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းဖို့နဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဆက်လက် တည်တံ့နိုင်ဖို့ အတွက် လွန်စွာ အရေးပါနေတာ တွေ့ရပါတယ်။
လစ်ဘရယ်လိုက်ဇေးရှင်း ကာလလို့ ပြောနိုင်တဲ့ အခုရွေးကောက်ခံ အစိုးရသစ် ပထမငါးနှစ် သက်တမ်းဟာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ များစွာ ကြုံတွေ့နေရသော်ငြား ၂၀၁၅ အလွန် ဒုတိယမြောက် အစိုးရသစ်ကို နိုင်ငံသစ် တည်ဆောက်ရေး လက်ဆင့်ကမ်း ပေးနိုင်ဖို့က တော်တော်ကြီး သေချာနေပြီလို့ ဆိုနိုင်ပါတယ်။ လက်ရှိအစိုးရက လမ်းကြောင်း ပြောင်းသွားနိုင်လောက်တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ခဲ့ပါတယ်။ ကျန်သေးတဲ့ ၂ နှစ်ကာလမှာ နောက်ထပ် အခက်အခဲတွေ ပေါ်လာဖို့ ရှိနေသေးပေမယ့် ရွေးကောက်ပွဲ နီးလာတာ နဲ့အမျှ အားလုံးရဲ့ အာရုံစိုက်မှုနဲ့ မျှော်လင့်ချက်များဟာ ၂၀၁၅ ဆီကိုပဲ ရောက်သွားတော့မှာ ဖြစ်တာကြောင့် အခုကြုံတွေ့ပြီး ရသလောက် ခက်ခက်ခဲခဲ ဖြေရှင်းဖို့ လိုမယ် မဟုတ်တော့ပါဘူး။
ဒီတော့ အပြောင်းအလဲကို စတင်ခဲ့တဲ့ ပထမဆုံးသော အစိုးရ သက်တမ်းဟာ ချောချောမွေ့မွေ့နဲ့ အဆုံးသတ် နိုင်တော့မယ်လို့ ယေဘုယျ ကောက်ချက်ကို ဆွဲနိုင်ပါတယ်။
ဒါပေမဲ့ ဒုတိယမြောက် တာဝန်ယူရမယ့် အစိုးရနဲ့ လွှတ်တော်များ အတွက်ကတော့ အခုပထမ ငါးနှစ်ကာလထက် ပိုမိုကြမ်းတမ်း ခက်ခဲမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကို ကြိုတင်တားဆီးဖို့ မဖြစ်နိုင်သလောက် ရှိသလို ကြိုတင် တွက်ဆပြီး အဖြေရှာထား လို့လည်း မရနိုင်တာကြောင့် နိုင်ငံတော်နဲ့ လူထုအတွက် ၂၀၁၅ အလွန်ကာလဟာ များစွာ အရေးကြီးပါကြောင်း အထူးတလည် ဖော်ပြလိုရင်း ဖြစ်ပါတယ်။
ဒုတိယမြောက် အစိုးရ သက်တမ်းမှာ စိန်ခေါ်မှုတွေ ပိုကြီးမားဖို့နဲ့ ပြဿနာတွေလည်း ပိုဖြေရှင်းရ ခက်ခဲဖို့အတွက် အဓိက အကြောင်းရင်းကြီး နှစ်ခု ရှိပါတယ်။
(၁) NLD နဲ့ တိုင်းရင်းသားပါတီများ (အပြတ်အသတ်) landslide အနိုင်ရရှိနိုင်ခြင်း
(၂) ၂၀၁၅ အပေါ် လူထုမျှော်လင့်ချက်များ အလွန်ကြီးမားခြင်းတို့ ဖြစ်ပါတယ်။
လူထုဟာ လက်ရှိ အချိန်အထိ အပြောင်းအလဲရဲ့အသီးအပွင့်ကို ထိထိရောက်ရောက် ခံစားနိုင်ခြင်း မရှိသေးပါဘူး။ လွတ်လပ်ခွင့် တချို့နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ရရှိခဲ့ပေမယ့် အထူးသဖြင့် အခြေခံ လူတန်းစားတွေ အတွက် အသက်ရှူ ချောင်လောက်တဲ့ အနေအထားကို မရောက်သေးပါဘူး။ နောက်တစ်ခုက မူပြောင်း လူမပြောင်း အခြေအနေကို မျှော်လင့်ချက် ရှိလာတာက တစ်ကြောင်း၊ လက်ရှိသမ္မတရဲ့ ရိုးသား ကြိုးစားမှုကို လက်ခံအသိအမှတ် ပြုတာက တစ်ကြောင်းကြောင့်သာ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတာ ဖြစ်ပြီး ၂၀၁၅ မှာ အတိုက်အခံ တို့ကို ပုံအောဖို့လည်း ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မူပြောင်းတဲ့အပြင် လူပါပြောင်းဖို့ ရည်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံ ပါတီကြီးနဲ့ တိုင်းရင်းသား ပါတီများဟာ သေချာပေါက် အနိုင်ရကြမှာ ဖြစ်ပြီး လူထုကလည်း အဲဒီ အတိုက်အခံတို့အပေါ် မျှော်လင့်ချက် အလွန်အကျွံ ထားနေကြတာကြောင့် ၂၀၁၅ အလွန်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို ကြီးကြီး မားမား ရင်ဆိုင် ကြုံတွေ့ကြရဖို့က သေချာသလောက် ရှိနေပါတယ်။
(လုံးဝ အပြတ်အသတ် အနိုင်မယူသင့်ဘူးလို့ အခြေအနေ တစ်ရပ်မှာ ဆရာအောင်ထွဋ် ပြောခဲ့ဖူးတာကို ဒီနေရာမှာ အမှတ်ရမိပါတယ်။)
၂၀၁၅ အလွန်မှာ ဘယ်ပါတီကပဲ အစိုးရ ဖွဲ့သည်ဖြစ်စေ၊ အဲဒီအစိုးရဟာ လူထုရဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်ဖို့ အခြေအနေတွေက အခုချိန်ထိ မရရှိသေးပါဘူး။ NLD ဟာ သေချာပေါက် လွှတ်တော်များကို အတိုင်းအတာ ကြီးကြီးမားမား လွှမ်းနိုင်မှာ ဖြစ်ပြီး အစိုးရ ဖွဲ့ခွင့်လည်း ရဖို့ ရှိနေပါတယ်။ ဒေါ်စုသာ လွှတ်တော် အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရ အကြီးအကဲ ဖြစ်လာခဲ့ရင် သေချာပေါက် အကျပ်အတည်းများကို ကြီးကြီးမားမား ရင်ဆိုင်ရမှာပါ။
(လွှတ်တော် အကြီးအကဲ ဖြစ်နိုင်ခြေက များနေပါတယ်။ အခြားသော အတိုက်အခံ နိုင်ငံရေးသမား တစ်ယောက်ကလည်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ၅၉ (စ) ကြောင့်ပါ။)
(၁) လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူမှုဘဝ မြင့်မားလိုမှု မျှော်လင့်ချက်များ
(၂) တိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှရေး အပါအဝင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မျှော်လင့်ချက်များဟာ ဒေါ်စု ခေါင်းပေါ်ကျမယ့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာပါလိမ့်မယ်။
အတိုက်အခံ ခေါင်းဆောင်ဆီကနေ လိုလားချက်တွေ လိုအပ်ချက်တွေကို သေချာပေါက်ရမယ်လို့ လိုတာထက် ပိုပြီး မျှော်လင့်နေကြပါတယ်။ ဒေါ်စုအနေနဲ့က အဲဒီမျှော်လင့်ချက်တွေကို ငြင်းဆိုဖို့ ခက်ခဲမှာ ဖြစ်သလို အပြည့်အဝ ရရှိအောင် ဖြည့်ဆည်း ပေးနိုင်ဖို့ကလည်း လွယ်ကူလှမယ် မဟုတ်ပါဘူး။
တိုင်းပြည်ကို ဦးဆောင်ဦးရွက် ပြုပြီး ဒီမိုကရေစီ ပီပြင်အောင်နဲ့ စီးပွားရေးအရ လူတန်းစေ့အောင် ဒုတိယမြောက် သက်တမ်း ငါးနှစ်အတွင်း ဖြည့်ဆည်းပေးဖို့၊ အကောင်အထည် ဖော်ပေးဖို့ဆိုရင် ဒေါ်စု တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့ အလုပ်ဟာ Team Work ဖြစ်တယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ဒေါ်စုမှာ Team ကောင်းကောင်းတစ်ခု လိုအပ်နေပါတယ်။ လောလောဆယ် မှာလည်း ၂ နှစ်အတွင်း ဖြည့်ဆည်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ တွေ့ရပါတယ်။ နိုင်ငံတော်ကို ထိပ်ဆုံးကနေ အောက်ခြေအထိ တာဝန်ယူခွင့် ရတဲ့အခါ ဒေါ်စုလည်း ခက်ခဲနိုင်တာ ဖြစ်သလို လူထုလည်း ကျပ်တည်းနိုင်ပါတယ်။
အခု စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ လက်ရှိ အစိုးရရဲ့ Team က မကောင်းလို့ တိုင်းပြည် ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ ၂၀၁၅ အလွန်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေက လုံးဝခြားနားမှာ ဖြစ်ပါတယ်။ လူထုရဲ့ မျှော်လင့်ချက်များ မတူညီခြင်းကြောင့် ဖြစ်ပါတယ်။ ဒီမိုကရေစီကိုလည်း ဒေါ်စုက စံနှုန်းပြည့်သာ စဉ်းစားတာ ဖြစ်လေတော့ ၂၀၁၅ အလွန်မှာ အထူးသဖြင့် တိုင်းရင်းသားတို့က ဒေါ်စုဆီကနေ စံနှုန်းပြည့် ဒီမိုကရေစီကို သေချာပေါက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ အသိပညာရေချိန် ပြဿနာ၊ နှစ်ပေါင်း ၆၀ က ပျက်စီး ယိုယွင်းလာတဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ ဖွံ့ဖြိုး တိုးတက်ရေးကို ချက်ချင်း တွန်းတင်လို့ မရနိုင်တဲ့ အခြေအနေ စတာတွေက ၂၀၁၅ အလွန်မှာ တာဝန်ယူမယ့် အစိုးရနဲ့ လွှတ်တော်တို့ကို ဘေးကျပ်နံကျပ် ဖြစ်စေမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာ တပ်မတော်နဲ့ အတိုက်အခံတို့ ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ ကိစ္စကလည်း ခရီးမရောက် နိုင်သေးလေတော့ တပ်မတော်နဲ့ လုံးလုံးပတ်သက်မှု မရှိတဲ့ ပါတီကဖွဲ့မယ့် အစိုးရသစ်နဲ့ တပ်အကြား ဆက်ဆံရေးဟာ တော်တော် သတိထားရမယ့် အနေအထားကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ နောက်အစိုးရသစ် အနေနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အခုလက်ရှိ အစိုးရထက်ပိုပြီး ခဲရာခဲဆစ် ရင်ဆိုင် ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။
ပါလီမန်စနစ် မဟုတ်လေတော့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ဆိုတာ ဥပဒေအရ မဖြစ်နိုင်ပါဘူး။ သမ္မတ ဖြစ်သူက ကက်ဘိနက် ဖွဲ့ရမှာပါ။ ကက်ဘိနက်ကို တခြားပါတီများက ပုဂ္ဂိုလ်များ ခန့်အပ်ဖွဲ့စည်းလို့ ရပါတယ်။ ဒါပေမဲ့ ဒါ ညွန့်ပေါင်းအစိုးရ မဟုတ်ပါ။ ပါလီမန်စနစ် မဟုတ်တာကြောင့် ဖြစ်ပါတယ်။ သမ္မတနဲ့ ဒုသမ္မတ တွေဟာလည်း မတူညီတဲ့ ပါတီများနဲ့ တပ်မတော်က အမည်စာရင်းတင်တဲ့ ပုဂ္ဂိုလ်တို့ ဖြစ်လာဖို့ ရှိပြီး ဒါလည်းညွန့်ပေါင်း မဟုတ်ဘဲ အခြေခံဥပဒေ အရသာ ဖြစ်ပါတယ်။
၂၀၁၅ အလွန်မှာ အတိုက်အခံတို့က (၅၉ (စ) ကို မပြင်ဆင်နိုင်ဘဲ) အနိုင်ရတဲ့အခါ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတကို အနိုင်ရ အတိုက်အခံပါတီက တင်သွင်း အဆိုပြုလုပ်ဖို့များ ပြောခဲ့ရင်..."
၂၀၁၅ အလွန် အကျပ်အတည်းများ လျော့ပါးသင့်သလောက် လျော့ပါးဖို့ အတွက် လောလောဆယ် လုပ်သင့်တဲ့ အချက်တွေ ရှိပါတယ်။ ပြောရရင် ၂၀၁၅ မတိုင်ခင်မှာ များများစားစား မျှော်လင့်လို့ မရနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ထက်တောင်မှ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ အတိုက်အခံတို့ အနေနဲ့ ဒီအချက်တွေကို စိတ်ဝင်စားဖို့ သိပ်များများ မမျှော်လင့်ပေမယ့် ဖော်ပြသင့်လို့ ဖော်ပြလိုက်ပါတယ်။
(၁) ဒေါ်စုအနေနဲ့ အနည်းဆုံး အသင့်အနေနဲ့ လွှတ်တော်များကို လွှမ်းမိုးနိုင်တော့မယ့် အများဆုံး အစိုးရ ဖွဲ့နိုင်တော့မယ့် ပါတီရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ နှစ်တာ ကာလမှာ ပြည်တွင်းက နိုင်ငံရေး ကိစ္စများနဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို နိုင်ငံတကာမှာ သွားရောက် လုပ်ကိုင်နေတဲ့ ကိစ္စများထက် အများကြီး ပိုပြီးအလေးအနက် ထားသင့် အာရုံစိုက်သင့်တဲ့ အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ၂၀၁၅ အလွန်မှာ သေချာပေါက် အနိုင်ရမယ့် ပါတီဟာ အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး အနေအထားရနေဖို့ လုပ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက်ထား သင့်ပါတယ်။
(၂) အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စများဟာလည်း ၂၀၁၅ အလွန်ကာလအတွက် အထူးအရေးပါ တဲ့အတွက် စစ်မှန်တဲ့ သဘောဆန္ဒနဲ့ နိုင်ငံရေး နယ်ပယ်မှာ ကျင်လည်နေကြသူ အားလုံးက အခုထက် အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းမယ် ဆိုရင် ၂၀၁၅ အလွန်မှာ နိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းက ချော်ထွက်မသွားဖို့ အများကြီး အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။
(၃) အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကိစ္စကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုကို ကျင်းပနိုင်ဖို့ အားလုံးက ကြိုးပမ်းသင့်ပါတယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပါဝင်ရမှာ ဖြစ်ပေမယ့် အဓိက ဖြစ်သင့်တာက ၂၀၁၅ အလွန် နိုင်ငံတော် တည်ငြိမ်ရေး ဖြစ်ပါတယ်။ အစိုးရ ဖွဲ့စည်းရေးကို လက်ရှိ အာဏာရပါတီ၊ အတိုက်အခံ ပါတီကြီး၊ တိုင်းရင်းသားပါတီများ အပါအဝင် ပါတီအားလုံးက ညှိနှိုင်း ဆွေးနွေး သင့်ပါတယ်။ အထူးသဖြင့် အာဏာရပါတီကြီးနဲ့ အတိုက်အခံ ပါတီတို့ အစိုးရ ဖွဲ့စည်းရေး ယေဘုယျ သဘောတူညီမှု (Consensus) တစ်စုံတစ်ရာ ရယူထားနိုင်ရင် အခုဒီဆောင်းပါးမှာ အဓိက ပြောချင်တဲ့ ၂၀၁၅ အလွန် အကျပ်အတည်းများ ဆိုတာ ရှိလာတော့မှာ မဟုတ်တာ သေချာပါတယ်။
(ဒါပေမဲ့ အနိုင်ရဖို့ သေချာသလောက် ရှိနေတဲ့ အတိုက်အခံ ပါတီကြီး အနေနဲ့လည်း ဒီလို Consensus မျိုးကို စိတ်ဝင်စားလာနိုင်ဖို့ အခွင့်အလမ်း ဟာလည်း အလွန်တရာ နည်းပါးလှတာကြောင့် ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို ခြိမ်းခြောက်မယ့် စိန်ခေါ်မှုတွေကို ရှောင်လွှဲနိုင်ဖို့ရာလည်း မျှော်လင့်ချက် နည်းပါးလှပါတယ်။
(၄) ၂၀၁၅ အလွန် လွှတ်တော်များမှာ အနိုင်ရ အတိုက်အခံ အမတ်များနဲ့ တပ်မတော်သား လွှတ်တော် အမတ်များ အကောင်းဆုံး လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်ဖို့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ အခုကတည်းက ကြိုတင် ပြင်ဆင်သင့်ပါပြီ။ တပ်မတော်သား ကိုယ်စားလှယ်များကို ၂၀၁၅ ဒုတိယလွှတ်တော် သက်တမ်း ကာလအတွင်းမှာ လွှတ်တော်ထဲက ဖယ်ရှားရေး ကိစ္စကို လောလောဆယ် မစဉ်းစားသေးဘဲ အလုပ်အတူတူ လုပ်ဖို့ ကြိုတင် ပြင်ဆင်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးများ နိုင်ပါလိမ့်မယ်။
၂၀၁၅ အလွန်မှာ အတိုက်အခံတို့က (၅၉ (စ) ကို မပြင်ဆင်နိုင်ဘဲ) အနိုင်ရတဲ့အခါ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတကို အနိုင်ရ အတိုက်အခံပါတီက တင်သွင်း အဆိုပြုလုပ်ဖို့များ ပြောခဲ့ရင် အားလုံးက ဝိုင်းပြီး လှောင်ပြောင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်ဟာ လမ်းကြောင်းပေါ်မှာပဲ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဖို့ ဆိုရင် ဒီအချက်ဟာ ရွေးချယ်စရာတွေထဲက စဉ်းစားသင့်တဲ့ တစ်ချက် ဖြစ်တယ်လို့ ယူဆပါတယ်။ ဦးနှောက် အလုပ်ပေးဖို့ အလွန်ကောင်းတဲ့ ရွေးချယ်စရာမို့ ဘယ်သူမှ ရွေးမယ့်နည်းလမ်း မဟုတ်ပေမယ့် ဖော်ပြ လိုက်ပါတယ်။ အတိုက်အခံတို့ ဘက်မှာ လက်ရှိ အနေအထားအရ ဒေါ်စုကလွဲရင် သမ္မတလောင်း အဖြစ် အမည်စာရင်းတင်ဖို့ ထင်းခနဲ လင်းခနဲ မြင်သာတဲ့ ပုဂ္ဂိုလ် တစ်ယောက်တလေမျှ မမြင်မိသေးကြောင်း ဖော်ပြလိုပါတယ်။ ဒါဟာ အတိုက်အခံတွေ ဒေါ်စုကလွဲရင် ဘယ်သူမှ အရည်အသွေး မမီဘူးလို့ ပြောလိုခြင်း မဟုတ်ဘဲ အရည်အသွေးအပြင် သြဇာလွှမ်းမိုးနိုင်မှု လူထု၊ ချစ်ခင်လေးစားမှု အစရှိသော အသွင်ကူးပြောင်းရေး ကာလအတွက် အခြားအရေးပါတဲ့ အချက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်တယ်လို့ ယူဆသောကြောင့်သာ ဖြစ်ပါတယ်။
(လက်ရှိ အာဏာရ ပါတီဘက်မှာလည်း ဦးသိန်းစိန်က လွဲရင် လူထု တလေးတစား လက်ခံလောက်တဲ့ ပုဂ္ဂိုလ် မရှိသလောက် ရှားပါတယ်။ သူရဦးရွှေမန်းလည်း ပါတီကျောထောက် နောက်ခံနဲ့ ဆိုရင် ပါတီကိုယ်၌က နိုင်ဖို့ အခွင့်အလမ်း နည်းနေတာကြောင့် မျှော်လင့်ချက် နည်းလွန်းပါတယ်။)
ဒါပေမဲ့ ဆောင်းပါး အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တပ်မတော်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ၂၀၁၅ အလွန်ကာလအတွက် အရေးပါနေတာ တွေ့ရပါတယ်။ ဒီနေရာမှာလည်း ၂၅ ရာခိုင်နှုန်းကို အလျင်အမြန် ဖယ်ရှားရေးကို လုပ်မယ်ဆိုရင် အလေးအနက် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိ ဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ အခြေခံဥပဒေသည် လည်းကောင်း၊ အခြေခံဥပဒေအရ တပ်မတော်ရဲ့ ကဏ္ဍသည် လည်းကောင်း ဒီမိုကရေစီ ချောချောမောမော ပေါ်ထွန်းရေးအတွက် တစ်စိတ်တစ်ပိုင်း အရေးပါနေတဲ့အပြင် အခြေခံဥပဒေနဲ့ တပ်မတော်ကပဲ သန်း ၆၀ သော လူထု ရင်ဆိုင်ကြရမယ့် အခက်အခဲများကို ကျော်လွှားနိုင်ဖို့၊ အတိုက်အခံတို့ကပါ အားပြုသင့်တဲ့ အနေအထား ဖြစ်လာနိုင်ရုံမကဘဲ ဒီမိုကရေစီ ခိုင်မာစွာ ပေါ်ထွန်း တည်တံ့နိုင်ရေးအတွက် တစ်နည်းတစ်လမ်း အာမခံချက် ဖြစ်နေပါကြောင်း (လက်မခံနိုင်သူ အများအပြားရှိမှန်း သိလျက်နဲ့ပဲ) အားလုံးကို လေးစားစွာ တင်ပြလိုက်ရပါတယ်။
Credit To The Voice Weekly 
Read More »

နံရံတိုင်းတွင် နားများ ထားသင့်၊ မထားသင့် Written by အောင်ဘိုဘိုရှိန်

တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ပြီးခဲ့သည့် နှစ်ပတ်ခန့်က ပြုလုပ်သော စာအုပ် မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့သင့်ကြောင်း ပြောဆိုလိုက်သည်။
သူတပ်မတော် ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူစဉ်က ‘နံရံတိုင်းတွင် နားများ ရှိနေသည်’ ဟု ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့ လုပ်ငန်းစဉ်များကို ရည်ရွယ်၍ ပြောကြားခဲ့ဖူးသည်။
ယင်းသို့ ပြောဆိုချက်မှာ အတိုက်အခံ နိုင်ငံရေးသမားတို့၏ လုပ်ငန်းများကို အမြဲမပြတ် ထောက်လှမ်းနေကြောင်း သတိပေးချက်လည်း ဖြစ်ခဲ့သည်။

ပြန်ဖွဲ့မည့် ထောက်လှမ်းရေး အဖွဲ့သည် အစိုးရ အဆက်ဆက်၏ လုပ်ရိုးလုပ်စဉ် ဖြစ်သော အတိုက်အခံ နိုင်ငံရေးသမားများ၏ လုပ်ငန်းစဉ်တို့ကို စဉ်ဆက်မပြတ် ထောက်လှမ်းနေပြီး အစိုးရ လက်ကိုင်တုတ်အဖြစ် ရောက်သွားမည်ကို အတိုက်အခံ နိုင်ငံရေးသမားများနှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ စိုးရိမ်ကြသည်။

အချို့ကမူ ပြန်ဖွဲ့သင့်ကြောင်း ထောက်ခံကြသည်။
“နိုင်ငံတစ်နိုင်ငံရယ်လို့ ရှိရင် ထောက်လှမ်းရေး ဆိုတာလည်း ရှိရမယ်။ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ပေးဖို့နဲ့ တခြားနိုင်ငံတွေက အဖျက်ရန်ကို ကာကွယ် ပေးဖို့အတွက် ရှိရမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက်ပြုသည်။

အချို့လွှတ်တော် ကိုယ်စားလှယ်များကမူ သတင်းတပ်ဖွဲ့ (Special Branch)၊ စီအိုင်ဒီ (Criminal Investigation Depart ment)၊ စစ်ဘက်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အထူးတပ်ဖွဲ့ (စရဖ)၊ အကြမ်းဖက်မှု နှိပ်နင်းရေး တပ်ဖွဲ့နှင့် ထောက်လှမ်းရေး သတင်းပေးများကို ဖွဲ့ထားပြီး ဖြစ်သည့် အတွက် နောက်ထပ် ပြန်ဖွဲ့ရန် မသင့်ကြောင်း ကန့်ကွက်ကြသည်။
“အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကို ရန်သူတွေကို ဖမ်းဆီးဖော်ထုတ် အတွက်ပဲ အလုပ်လုပ်နေကြတယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်းဒီလိုပဲ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကိုတောင် အသေးစိတ် ထောက်လှမ်းနေတာတွေ ရှိနေတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်းရင်ဆိုင်နေရသည့် ထောက်လှမ်းရေး တပ်ဖွဲ့များနှင့် ပတ်သက်၍ ပြောပြသည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အပြီးတွင် တပ်မတော်က အာဏာသိမ်းပြီးနောက် တပ်မတော် ထောက်လှမ်းအဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ကျော်ဆွေနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ ဦးဆောင်ကာ ပြန်လည် ဖွဲ့စည်းပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အခြားအတိုက်အခံ ပါတီများ၏ လုပ်ငန်းစဉ် မှန်သမျှကို မပြတ် ထောက်လှမ်းခဲ့ပြီး အတိုက်အခံ အများစုကို ပုဒ်မရှာ ဖမ်းဆီး ထောင်ချခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

ထိုနှစ်ပိုင်းအတွင်း တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့က အကျယ်ချုပ်ချ၊ ဖမ်းဆီးခဲ့သည့် NLD ပါတီ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ထောင်ချီ ရှိသည်ဟု နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့များက ဆိုသော်လည်း စာရင်းမည်မျှ ရှိသည်ကို ယနေ့တိုင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင်မှ အမျိုးသား ထောက်လှမ်းရေး၊ စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့၊ အထူးသတင်း တပ်ဖွဲ့တို့ အဖွဲ့က နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ညွန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည့် အမျိုးသား ထောက်လှမ်း တပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်မှူးချုပ် လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ် သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ် ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော် တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။

ဗိုလ်မှူးချုပ် သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင် အပါအဝင် တပ်မတော် ထောက်လှမ်းရေး အရာရှိကြီး ၃၈ ဦးကို အကျင့်ပျက် ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ကို ဖျက်သိမ်းပြီးနောက် စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (စရဖ) နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထူးသတင်းတပ်ဖွဲ့ (Special Branch)၊ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့ကို ထောက်လှမ်းရေးအတွက် အသုံးရန် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း အထူးသတင်းတပ်ဖွဲ့(Special Branch) တာဝန် ထမ်းဆောင်နေသူ တစ်ဦးကဆိုသည်။

ယင်းအဖွဲ့များ ရှိနေခြင်းကြောင့် ထောက်လှမ်းရေးတပ်ဖွဲ့ နောက်တစ်ဖွဲ့ကို ထပ်မံ မဖွဲ့သင့်ကြောင်း နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ရှိနေသောကြောင့် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသူ ဦးမြအေးက ဆိုသည်။
“အမျိုးသား လုံခြုံရေးအတွက် အဖွဲ့အစည်း တစ်ခုကတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ အခုလည်း တပ်မတော်နဲ့၊ ရဲတပ်ဖွဲ့ ရှိနေတာပဲ။ တပ်မတော် ထောက်လှမ်းရေး ဆိုတဲ့အဖွဲ့က ဒီနိုင်ငံမှာ ကောင်းကျိုး သိပ်ပေးတာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ၎င်း၏ အမြင်ကို ပြောပြသည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်အဆက် ထောက်လှမ်းရေး တပ်ဖွဲ့များ ဖွဲ့စည်း ခဲ့သော်လည်း လာဘ်စားမှုများ၊ နိုင်ငံရေးတွင် ဝင်ရောက် နှောင့်ယှက်မှု များကြောင့် ပြန်လည် ဖျက်သိမ်းခဲ့ရကြောင်း၊ ထိုအခြေအနေတွင် ပြည်သူများ အပေါ်သာ ဝန်ပိလာပြီး ထောက်လှမ်းရေး ကြောက်ရသော အခြေ အနေဖြင့် နေထိုင်ခဲ့ရကြောင်း ၎င်းကဆိုသည်။
“လွတ်လပ်စွာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီ ပြောင်လဲရေးကို ထိခိုက်လာနိုင် တယ်” အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ မှတ်ချက် ပြုသည်။

မြန်မာနိုင်ငံတွင် စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေး အဖွဲ့အစည်းများ မဖြစ်မနေ ထားရှိရမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများကို ဒီမိုကရေစီ ဖခင်နိုင်ငံကြီးများဖြစ်သော ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု တို့တွင်လည်း ထားရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထောက်လှမ်းရေး တပ်ဖွဲ့များကို အခြေခံဥပဒေတွင် ဖော်ပြထားသော နိုင်ငံသားများ မူလအခွင့်အရေး များကို မထိခိုက်စေဘဲ နိုင်ငံတော် လုံခြုံရေးကို လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ယင်းသို့ ထောက်လှမ်းရေး အဖွဲ့များက နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ လုပ်ဆောင်မည်ဟု ဆိုသော်လည်း လောလောဆယ်တွင် လွှတ်တော် ကိုယ်စားလှယ်များကိုပင် အသေးစိတ် မျက်ခြည်မပြတ် ထောက်လှမ်း နေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
“တကယ် သူတို့အနေနဲ့ Reform (ပြုပြင်ပြောင်းလဲရေး) လုပ်နေတာ မှန်တယ်ဆိုရင် သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေက တရားဝင် ကြေညာရမယ်။ ပြည်သူတွေ အကြောက်အရွံ့ မရှိဘဲသွားလာ လှုပ်ရှားနိုင်အောင်လို့” ဟု ၎င်းက မှတ်ချက်ပြုသည်။

အမျိုးသား လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတွေ ထပ်ဖွဲ့သင့် မဖွဲ့သင့်ဆိုသော အချက်ကို လက်နက်ကိုင် အဖွဲ့အစည်းများ၊ အတိုက်အခံ အဖွဲ့အစည်းများ တောင်းဆိုနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုနှင့် ချိတ်ဆက် စဉ်းစားရန် လိုအပ်မည် ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံများ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများသည် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ အောက်တွင်သာ ရှိကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ် ဆောင်းပါများ ရေးသားနေသူ နေသန်မောင်က သုံးသပ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မှ စစ်မှန်တဲ့ အရပ်ဘက် အစိုးရတစ်ခုအဖြစ် ရပ်တည်လာနိုင်မှာ။ အဲ့ဒါမှလည်း အရပ်ဘက် အစိုးရ အဖွဲ့ရဲ့ အရပ်ဘက်အစိုးရ အရာရှိတွေ လက်အောက်မှာရှိတဲ့ ထောက်လှမ်းရေး တစ်ရပ် ဖြစ်လာနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်မှာ အားနည်းလျက် ရှိကြောင်း ပဋိပက္ခများ ဗုံးကွဲမှုများကို စုံစမ်း ထောက်လှမ်းနိုင်မှု မရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ထောက်လှမ်းရေးတွေက လုံခြုံရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်သေးဘူး။ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုတွေလည်း မတွေ့ရဘူး” ၎င်း၏ အမြင်ကိုရှင်းပြသည်။
မည်သို့ပင် ဖြစ်စေကာ အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ ပြန်ဖွဲ့သင့် မဖွဲ့သင့်ကို လွှတ်တော် ကိုယ်စားလှယ်များ အကြားတွင်ပင် သဘောထား မတူညီမှုများ ရှိနေသေးသည်။

သို့သော် နိုဝင်ဘာလအတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က နိုင်ငံတော် လုံခြုံရေးနှင့် အကြမ်းဖက်မှု အန္တရာယ်မှ ကာကွယ်ရန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ပြန်ဖွဲ့သင့်ကြောင်း အဆိုတင်သွင်း တင်ခဲ့ပြီး ယင်းအဆိုကို တိုင်းဒေသကြီး အစိုးရမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြား ခဲ့သည်။

ထိုကြောင့် ထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့မည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ယခင် အစိုးရကဲ့သို့ အတိုက်အခံများ၏ လှုပ်ရှားမှုကို ‘နံရံတိုင်းတွင် နားများ ရှိနေသကဲ့သို့’ စုံစမ်းထောက် လှမ်းနေမည်ကို လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံ ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား အတိတ်၏ အရိပ်မည်း ရှိနေသေးသည်။

“မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ Image (ပုံရိပ်) က တော်တော်ကြီးကို ပျက်နေပါတယ်။ ထောက်လှမ်းရေး ဆိုတာနဲ့ အစိုးရ ဆန့်ကျင်သူ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လွတ်လပ်စွာ လှုပ်ရှားသူတွေကို ဖမ်းဆီး နှိမ်နှင်းတဲ့ သူတွေလို့လည်း ပြည်သူအများစုက မြင်ကြတယ်” ဟု နေသန်မောင်က ဆိုသည်။
Credit To The Voice Weekly
Read More »