တိုင်းပြုပြည်ပြုမဏ္ဍိုင် သို့မဟုတ် ဆုံချက်



ရှစ်လေးလုံး အရေးတော်ပုံ ကျော်ခဲ့သည်မှာ ၂၅ နှစ်တိုင်တိုင်ပင် ရှိခဲ့ပြီဖြစ်သည်။ ခေတ်တွေ၊ စနစ်တွေလည်း ပြောင်းခဲ့ပြီ။ ရှစ်လေးလုံး အရေးတော်ပုံမှ မွေးဖွားပေးလိုက်သော ဒီမိုကရေစီ အသီးအပွင့်များကို ယနေ့ စတင်ခံစားနေရပြီ လည်းဖြစ်သည်။ ယင်း၏ အစပျိုးတွန်းအား များကြောင့် ယနေ့နေရာတစ်ခုကို ရောက်နေပြီဟုလည်း ဆိုနိုင်သည် ဖြစ်သည်။ကျေးဇူးတရားကို သိတတ်ပါက ယင်းအရေးတော်ပုံတွင် ပေးဆပ်ခဲ့ရသူ အသီးသီးကို နောင်မျိုးဆက်တို့ တန်ဖိုးထားရပေလိမ့်မည်။ တစ်ပြိုင်နက်တည်းမှာပင် တလေးတစား သင်ခန်းစာ ယူကြရမည်လည်း ဖြစ်သည်။

ဒီမိုကရေစီပန်းတိုင်ရောက်သည်၊ မရောက်သည်၊ နှေးသည်၊ မြန်သည်ကတော့ ငြင်းခုံစရာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် ဘာပဲပြောပြော ရှစ်လေးလုံး အရေးတော်ပုံကြောင့် အလုပ်မဖြစ်သည့် ဆိုရှယ်လစ်စနစ် ချုပ်ငြိမ်းသွားရသည်တော့ သေချာသည်။ ပါတီစုံဒီမိုကရေစီ စနစ်သို့ မဖြစ်မနေ မြားဦးလှည့်လိုက်ရ သည်မှာတော့ သေချာသည်။ ဝါဒတစ်ခု ချုပ်ငြိမ်းဖို့၊ စနစ်တစ်ခု နိဂုံးချုပ်ဖို့ လုပ်ရသည်ကား လွယ်တာမှ မဟုတ်။ပေးဆပ်မှုတွေ၊ ရင်းနှီးမှုတွေ အများကြီးလိုသည်။ သူတို့ မပေးဆပ်ခဲ့လျှင်၊ သူတို့ မရင်းနှီးခဲ့လျှင်၊ ဒီနေ့ဒီလိုအခြေအနေ ဟုတ်နိုင်ပါ့မလား။ ထို့ကြောင့် ကျေးဇူးတင်သည်။

တစ်ချိန်က ရှစ်လေးလုံးဆိုသည်ကို စကားဖြင့်ပင်ရဲရဲ မပြောရဲသည့် အနေအထား ဖြစ်သည်။ သို့သော် ယနေ့ ခမ်းခမ်းနားနားပင် ကျင်းပခွင့်ရခဲ့ပြီ ဖြစ်သည်။ စိတ်ထဲတွင် ကြည်နူးသည်။ ဖြစ်သင့်ဖြစ် ထိုက်သည်ဟုလည်း ရှုမြင်သည်။ အထူးသဖြင့် အတိတ်က အာဃာတတွေကို ပြန်လည် တူးဆွခြင်း သဘောမျိုးမဟုတ်ဘဲ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို ဦးတည်သည့် အပြုသဘော ချဉ်းကပ်ထားသည်ကို တွေ့ရ၍ ပို၍ပင် ဝမ်းသာမိသည်။ ယင်းအခြေခံဦးတည်ချက်ကို ချနိုင်သည့် ပုဂ္ဂိုလ်များကို ပို၍ပင် အမှတ်ပေးလိုက်မိသည်။

ယင်းသို့ဆိုရခြင်းမှာ အကြောင်းရှိပါသည်။ အမှန်အတိုင်း ပြောရလျှင် စာရေးသူအနေနှင့် အချို့အချို့သော အထိမ်းအမှတ်ဆိုင်ရာ အခမ်းအနား များ၊ ဟောပြောပွဲများ၊ မီဒီယာများကို လက်လှမ်းမီသမျှ သတိပြု ကြည့်ဖူးသည်။ ဤတွင် တွေ့ရလေ့ရှိသည်မှာ အချို့သော ပုဂ္ဂိုလ်တို့သည် အနာဂတ် မျိုးဆက်များကို အာဃာတအမွေများ ပေးနေသလားအောက်မေ့ရသည်။ အမုန်းတရားများ လက်ဆင့်ကမ်းနေသလား ထင်မှတ်ရသည်။ ထိုထက် ရှင်းရှင်းပြောရလျှင် ရန်တိုက်ပေးသကဲ့သို့ ဖြစ်နေသည်။ သို့သော် အဆိုပါ ပုဂ္ဂိုလ်တို့အနေနှင့်လည်း ယင်းအဓိပ္ပာယ်သို့ ရည်ရွယ်ခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ သို့သော် စေတနာ မမှားသည့်တိုင် ချဉ်းကပ်ပုံ မှားလျှင်လည်း အန္တရာယ်ရှိနိုင်သည်ဖြစ်သည်။

လူသည် အသိအမှတ်ပြု ခံချင်သော သတ္တဝါဖြစ်၍ အတိတ်မှ ဖြစ်စဉ်ဖြစ်ရပ်များတွင် မိမိ၏အခန်းကဏ္ဍကို အရောင်တင်ခြင်းအား လက်ခံပါသည်။ သို့သော် အရောင်တင်ပုံတင်နည်း လွဲလျှင် သို့မဟုတ် လိုသည်ထက် ပိုလာလျှင် အနာဂတ်မျိုးဆက်များအတွက် အာဃာတ အမွေများ ဖြစ်သွား နိုင်ပါသည်။ ယင်း ဒိုင်ယာလော့များနှင့် နားယဉ်လာခြင်းသည် အနာဂတ် မျိုးဆက်များ အတွက် ပြဿနာအရပ်ရပ်ကို ချဉ်းကပ်ရာတွင် ရှုထောင့် မှားသွားနိုင်ပါသည်။ အီမိုးရှင်းတွေက ဝေဝေဝါးဝါးနှင့် ခလောက်ဆန် လာနိုင်ပါသည်။

သို့သော် ယင်းပွဲဖြစ်မြောက်ရေး အခြေခံမူချသူတို့က သမိုင်းကို အာဃာတတို့ မွေးဖွားရာ အဖြစ် မသက်ရောက်အောင် ချဉ်းကပ်နိုင်သည်။ သမိုင်းကို သင်ခန်းစာယူရန်သာ သဘောရှုမြင်သည်။ ယင်း သင်ခန်းစာတို့ကို အသုံးချ၍ အနာဂတ် နိုင်ငံတည်ဆောက်ရေးအတွက် လက်တွေ့ကျကျ အသုံး တည့်အောင် ပုံဖော်ထားသည်။ ၁၉၈၈ အရေးတော်ပုံသည် အားလုံးနှင့် သက်ဆိုင်သည်ဖြစ်၍ အား လုံး ပူးပေါင်းကျင်းပသည့် သဘောရောက်အောင် ပုံဖော်သည်။ တစ်ဦး၊ တစ်ဖွဲ့တည်းမှ လုပ်ဆောင်သည့်အမြင် မဝင်အောင် သတိဖြင့် ချဉ်းကပ်ထားသည်။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်နိုင်အောင် ကြိုးပမ်းထားသည်။ အားလုံး ကလည်း ယင်းစီစဉ်မှုအပေါ် ဝမ်းပန်းတသာရှိကြသည်။ အပြုသဘော ဆွေးနွေးကြသည်။ အပြုသဘော အကြံပြုကြသည်။ အပြုသဘော ဝေဖန်ကြ သည်ကိုလည်း အားတက်ဖွယ် တွေ့ရမည်ဖြစ်သည်။ အာဃာတအခြေခံ စကားတို့ မပြောကြ။ သို့အတွက် ကျေးဇူးလည်းတင်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် စာရေးသူ ပင်လျှင် ရှစ်လေးလုံးငွေရတု အခမ်းအနားမှ တစ်စုံတစ်ရာ အားရှိသလို ခံစားလိုက်ရသည်။ တစ်စုံတစ်ခုကို စိတ်ချသလို ခံစားလိုက်ရသည်။
အချို့ဆိုလျှင် ယင်းအခမ်းအနားကို ညီလာခံသဘောဟုပင် ပြောကြသည်။ မှန်ပါသည်။ အဆိုပါ အခမ်းအနားသည် ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်း အကြောင်းအမျိုးမျိုးဖြင့် ကွဲကွာခဲ့ရသော နိုင်ငံရေးအင်အားစု အားလုံး ပြန်လည်တွေ့ဆုံရသည့် ပွဲလည်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများလည်း ပါသည်။ပြည်ပ ရောက်နိုင်ငံရေး အင်အားစု အသီးသီး လည်းပါသည်။ လူထု လူတန်းစားအသီးသီးမှ ပုဂ္ဂိုလ်များလည်းပါသည်။ ယနေ့အစိုးရ ကိုယ်စားပြု ပုဂ္ဂိုလ်များ လည်းပါသည်။ လွတ်တော် အင်အားစု များလည်း ပါသည်။ ပညာရှင်များလည်း ပါသည်။ နိုင်ငံရေး ဖြစ်စဉ်၏ အင်အားစု တော်တော်များများ ပါဝင်သည့် ရှားရှားပါးပါး တွေ့ဆုံမှုဟုပင် ပြောနိုင်သည်။

တကယ်တမ်းဆိုရလျှင် မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်အရ ယခုကဲ့သို့ တွေ့ဆုံမှုမျိုး အမှန်လိုသည်။ အားလုံးပါဝင်သည့် (all inclusive) တွေ့ဆုံမှုမျိုး တကယ်လိုသည်။ အလွတ်သဘောပင်ဖြစ်စေ ရှိသင့်ရှိထိုက်သည်။ ယင်းသို့ တွေ့ဆုံမှုများ မှတစ်ဆင့် နားလည်မှုများ တည်ဆောက်နိုင်သည်။ နားလည်မှုများ မှတစ်ဆင့် ယုံကြည်မှုများ ဖြစ်လာနိုင်သည်။ လက်ရှိ နိုင်ငံပြဿနာ အားလုံး၏ ရာခိုင်နှုန်းအတော်များများသည် ယုံကြည်မှုတွင် အခြေခံနေသည်လည်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးတို့ကို ခပ်စိပ်စိပ် ဝေဖန်ခဲ့သည့် ကာလရှိခဲ့သည်။ ဤတွင် အကြမ်းအားဖြင့် လွှတ်တော် ပြင်ပနိုင်ငံရေးကို ခပ်ဖိဖိ ဝေဖန်ချက်တွေက များခဲ့သလိုရှိသည်။ ပါတီမဖွဲ့ဘဲ လွှတ်တော်ထဲကိုရောက်အောင် ဘယ်လို သွားမလဲပေါ့။ လွှတ်တော်အမတ်မဖြစ်ဘဲ ပေါ်လစီရေးရာကို ဘယ်လို လုပ်နိုင်မလဲပေါ့။ စသဖြင့် စသဖြင့်။ အသံ စုံခဲ့သည်။ သို့သော် ယနေ့ကဲ့သို့ ရှစ်လေးလုံးငွေရတု အခမ်းအနားပဲဆိုဆို၊ အားလုံးပါဝင်သည့် အလွတ် တွေ့ဆုံမှုပဲ ပြောပြော၊ ညီလာခံသဘောဟုပင် မှတ်မှတ် ယခုကဲ့သို့ အခြေအနေမျိုးကို လွှတ်တော်ပြင်ပ အင်အားစုများကပင် ဦးစီးဦးဆောင် ဆောင်ရွက်သွားသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးကို ဦးဆောင်သူတို့ တွင် လက်တွေ့နိုင်ငံရေးနှင့် သဟဇာတဖြစ်မည့် စိတ်ရင်းအခံတို့ ရှိသည် ဖြစ်၍လည်း ပို၍အားရှိမိသည်။

လူ့စိတ်ကား ခက်သည်။ ပါတီတစ်ခုခုမှ တာဝန်ယူကာ (ယင်းသို့ အားလုံးပါဝင်နိုင်သည့် အတိုင်းအတာရောက်အောင်) ဆောင်ရွက်မည် ဆိုပါက အဓိပ္ပာယ် တစ်မျိုးတစ်မည် သက်ရောက်သွားလေမလား ထင်မိသည်။ ထို့အပြင် အားလုံးပါဝင်နိုင်ရေး (all inclusive) အား အကန့်အသတ်များ ဖြစ်သွားလေမလားဟု အောက်မေ့မိသည်။ ဒီလောက် စုစည်းနိုင်ပါ့မလားဟု တွေးမိသည်။ စာရေးသူအတွေးများ နည်းနည်း အစွန်းရောက်သွားလေ သလားမသိ။ အားလုံးပါဝင်နိုင်ရေး (all inclusive) မဖြစ်လျှင် တိုင်းပြုပြည်ပြု အနှစ်သာရကား တစ်မျိုးဖြစ်သွားပေမည်။ ချို့တဲ့သွားမည် ထင်ပါသည်။ သို့ဖြစ်ရာ အများစု လက်ခံယုံကြည်သော လွှတ်တော်ပြင်ပ နိုင်ငံရေး အင်အားစုပင်လျှင် (လက်ရှိအခြေအနေအရ) လိုအပ်ချက် ဖြစ်လေမလား အတွေးဝင်မိသည်။

အဘယ်ကြောင့်ဆိုသော် ပါတီအချင်းချင်းဆိုပါက အကျိုးစီးပွား ယှဉ်ပြိုင်ဘက် သဘော ဖြစ်သွားသည့်အတွက် အမျိုးသားအကျိုးစီးပွား ဆိုသည့်တိုင် ဘေးအမြင်အရ ရှုမြင်ပုံက တစ်မျိုးတစ်မည် အဓိပ္ပာယ် ဖြစ်သွားနိုင်သည်။ ယှဉ်ပြိုင်ဘက်ကို ပြိုင်ဘက်ရှုထောင့်မှ စဉ်းစားကြသည်မှာ သဘာဝတော့ ကျပါသည်။ ထို့ကြောင့် နိုင်ငံရေးအင်အားစုများနှင့် အကျိုးစီးပွား
ယှဉ်ပြိုင်ဘက် အဓိပ္ပာယ်မသက်ရောက်နိုင်သည့် အများစု လက်ခံယုံကြည်သော နိုင်ငံရေးသြဇာရှိ လွှတ်တော် ပြင်ပအင်အားစု၏ အခန်းကဏ္ဍသည် ကြီးကြီးမားမား လိုအပ်ချက်များ ဖြစ်လေမလား အတွေးဝင်မိခြင်းဖြစ်သည်။ မည်သည့် နိုင်ငံရေး အင်အားစုနှင့်မျှ ယှဉ်ပြိုင်ဘက်သဘော မဆောင်သည့် အမျိုးသား နိုင်ငံရေး ဦးဆောင်သူအဖြစ် အများယုံကြည်သော အင်အားစု တစ်ခု ရှိစေချင်သလို ဖြစ်မိသည်။

သို့ဖြစ်ရာ (၁) အမျိုးသားနိုင်ငံရေးကို ဦးဆောင်နိုင်သော၊ (၂) မည်သည့် နိုင်ငံရေးပါတီနှင့်မျှ အကျိုးစီးပွား ယှဉ်ပြိုင်ဘက်သဘော မသက်ရောက်သော၊ (၃) အများ၏ လက်ခံယုံကြည်မှု ရရှိထားသော အင်အားတစ်ရပ်ကို (နိုင်ငံရေးပါတီများ အားကောင်းမောင်းသန် လိုအပ်သည့်နည်းတူ) တိုင်းပြုပြည်ပြုမဏ္ဍိုင် အဖြစ် အားကောင်းမောင်းသန် ရှိစေချင်ပါသည်။ လတ်တလော အနေအထား အရပ်ရပ်အရ လိုအပ်သည်ဟုလည်း ယူဆမိပါသည်။ တစ်နည်း အားဖြင့် ယင်းမှာ Civil Society ဖြစ်သည့်တိုင် နိုင်ငံရေးသြဇာရှိသော အရပ်ဘက် လူ့အဖွဲ့အစည်းဟု ဆိုနိုင်မည်ထင်သည်။ နိုင်ငံတကာတွင် ယင်းပုံစံကို ဇောင်းပေးပြောလေ့ မရှိသော်လည်း မြန်မာနိုင်ငံ အတွက်မူ ကိုယ့် လိုအပ်ချက်နှင့်ကိုယ် ဟူ၍သာ ပြောရမည်ထင်သည်။

ထာဝရ ငြိမ်းချမ်းမှု တည်ဆောက်ရေး အတွက် မဟာဗျူဟာမှာ အားလုံးပါဝင်နိုင်သည့် (all inclusive) သဘောတရားဖြစ်ရာ ယင်းသို့ စုစည်းနိုင်ရန်အတွက် ဆုံချက်နေရာများလည်း လိုမည်ဖြစ်သည်။ ယင်း အတွက် လက်တွေ့ကျကျ ဆုံချက်နေရာ ဖြစ်နိုင်သည်ကား “အစိုးရ” ဟူသည် နှင့် အဆိုပါ “တိုင်းပြုပြည်ပြု မဏ္ဍိုင်” ဟူသည်တို့သာ ဖြစ်သည်။ “အစိုးရ” ကား လုပ်ပိုင်ခွင့်ကို အခြေခံ၍ အားလုံး ပါဝင်ရေး (all inclusive) ၏ဆုံချက် ဖြစ်နိုင်သလို “တိုင်းပြု ပြည်ပြုမဏ္ဍိုင်” ဆိုသည်ကားလည်း ယုံကြည်မှုကို အခြေခံ၍ အားလုံးပါဝင်ရေး (all inclusive) ၏ဆုံချက် ဖြစ်နိုင်မည် ဖြစ်သည်။ ယခု ငွေရတု တွင်လည်း ယုံကြည်မှုကို အခြေခံ၍ အားလုံးပါဝင်ရေး (all inclusive) ၏ ဆုံချက်အဖြစ် ရပ်တည်ပြခဲ့သည်ဟု ပြောနိုင်မည် ထင်ပါသည်။

သို့ဖြစ်ရာ တိုင်းပြုပြည်ပြုမဏ္ဍိုင်ကို ဗဟိုပြု၍ ယုံကြည်မှုတွေ စုစည်းနိုင်လေမလား၊ စည်းလုံးမှုတွေ တည်ဆောက်နိုင်လေမလား (သို့မဟုတ်) ၄င်းအခြင်းအရာမှာ အရှိအခြေအနေ များအရ နိုင်ငံ၏ လိုအပ်ချက်များ ဖြစ်လေမလားဟူ၍ ရှစ်လေးလုံး ငွေရတုအလွန်တွင် တွေးတောစရာတစ်ခု ရလာပါတော့သည်။

(ပေါ်လင်းဦး)

Credit To The Voice Weekly
Read More »

လွှတ်တော်တွင်း - လွှတ်တော်ပလား၊ အဟောင်းပြင်မလား - အသစ်ထွင်မလား


နိဒါန်း

လတ်တလော မြန်မာ့နိုင်ငံရေး တိမ်းညွတ်ရာသည် အခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ် ဖြစ်နေပြီး ဤကြားထဲတွင် ပြင်ဆင်ရေးနှင့် အသစ် ရေးဆွဲရေး လမ်းကြောင်း နှစ်ရပ် ရေးရေး ပေါ်လာနေသည်ကို တွေ့မြင်ရသည်။ လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း လက်ဝဲ-လက်ယာ နိုင်ငံရေး အယူအဆရေးရာ ကွဲပြား ခြားနားမှုတို့ ကင်းဝေးနေသော လက်ရှိ နိုင်ငံရေး သဘောတရား၏ ဦးတည်ရာသည်လည်း လစ်ဘရယ် ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေးသာ ဖြစ်နေကြောင်း တွေ့ရှိရသည်။ ငြိမ်းချမ်းရေး ထူထောင်မှုတွင်လည်း အားလုံး ပါဝင်မှု မြင့်မားလာသည်နှင့် အမျှ အရှိန်အဟုန် နှေးကွေးနေသော်ငြားလည်း တရွေ့ရွေ့နှင့် ရှေ့ သို့ နှင်နေပြီ ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ မျက်နှာစာ အားလုံးတို့၏ ဆုံချက်သည် အခြေခံဥပဒေ ဖြစ်လာနေပြီဖြစ်ရာ Feel Good နှင့် Make Good ပိုင်းခြား သုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်။

နိုင်ငံပေါင်း (၁၉) နိုင်ငံ အတွေ့အကြုံ

US Institute of Peace-USIP နှင့် UNDP တို့ ပူးပေါင်း၍ ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၉) နိုင်ငံ၏ အသွင် ကူးပြောင်းမှုများ ကို လေ့လာထားသော Framing the State in Times of Transition စာတမ်းပါ သုံးသပ် အကြံပြုချက်များကို လေ့လာ ကြည့်ရာတွင် အသွင် ကူးပြောင်းရေးနှင့် ပဋိပက္ခအလွန် နိုင်ငံ ထူထောင်ရေး ဖြစ်စဉ်များ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ အခန်းကဏ္ဍကို အထင်အရှား တွေ့ရှိရသည်။ ယင်းလေ့လာချက်တွင် ပဋိပက္ခဖြစ်ပွားဆဲ သို့မဟုတ် ပဋိပက္ခ လွန်မြောက်စ သို့မဟုတ် လွတ်လပ်ရေးရကာစ နိုင်ငံပေါင်း ကိုးနိုင်ငံ အာဖဂန် နစ္စတန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား၊ ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ အရှေ့တီမော၊ အီရီထရီးယား၊ အီရတ်၊ နမီးဘီးယား၊ နိုင်ကာရာဂွါ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံပေါင်း ငါးနိုင်ငံ အယ်ဘေးနီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ တောင်အာဖရိက၊ စပိန်နှင့် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း သို့မဟုတ် ပြုပြင်ပြောင်းလဲရေး နိုင်ငံ ငါးနိုင်ငံ ဘရာဇီး၊ ဖီဂျီ၊ ယူဂန္ဓာ၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေများ ပါဝင်ကြောင်း တွေ့ရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ (၁) လွှတ်တော်တွင်း ဆွေးနွေး ညှိနှိုင်းမှု ရှိ-မရှိ၊ (၂) မဲဆန္ဒ နယ်မြေအလိုက် သဘောထား ကောက်ယူမှု ရှိ-မရှိ၊ (၃) အားလုံး ပါဝင်သည့် ညီလာခံ ကျင်းပခြင်း ရှိ-မရှိ၊ (၄) သီးခြား ကော်မရှင်တစ်ရပ် ခန့်အပ် တာဝန်ပေးမှု ရှိ-မရှိ၊ (၅) စားပွဲဝိုင်း ဆွေးနွေးပွဲ ပါဝင်ခြင်း ရှိ-မရှိ၊ (၆) ပြည်သူလူထု ပါဝင်မှုအတွက် လမ်းဖွင့်ပေးသည့် လုပ်ငန်းစဉ် ပါဝင်ခြင်း ရှိ-မရှိ၊ (၇) ပြည်သူလူထု၏ အတည်ပြုချက်ကို ရယူသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခြင်း ရှိ-မရှိ၊ (၈) အသွင် ကူးပြောင်းရေး ကာလအတွက် ပြဋ္ဌာန်းချက်များ ပါဝင်ခြင်း ရှိ-မရှိ၊ (၉) Judicial Review လုပ်ငန်းစဉ် ပြဋ္ဌာန်းထားခြင်း ရှိ-မရှိ ဟူသောအချက် ကိုးချက်ဖြင့် တိုင်းတာ အကဲဖြတ်ထားသည်။

သူ့အရပ်နှင့် သူ့ဇာတ်

ထူးခြားသော တွေ့ရှိချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ရေး ဆွဲရေးအတွက် သီးခြား လွတ်လပ်သော ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ် မှုမှာ အာဖဂန်နစ္စတန်၊ အီရီထရီးယား၊ ဖီဂျီ၊ ယူဂန္ဓာနှင့် ဇင်ဘာဘွေ ငါးနိုင်ငံ တွင်သာ ဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရသည်။ အာဖဂန်နစ္စတန်တွင် အုပ်ချုပ်ရေးက စီမံသည့် ၃၅ ဦးပါ ကော်မရှင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အီရီထရီးယားတွင် သီးခြားလွတ်လပ်သော အဖွဲ့ဝင် ၅၀ ဦးပါ ကော်မရှင် ဖြစ် ကာ ဖီဂျီနိုင်ငံတွင်မူ သုံးဦးသာ ပါရှိသော ပြန်လည် လေ့လာ သုံးသပ်ရေး ကော်မရှင်အဖြစ် ဆောင်ရွက်စေခဲ့ခြင်း ဖြစ်သည်။ ယူဂန္ဓာတွင်မူ အစိုးရက ထိန်းချုပ်သော ကော်မရှင်သာဖြစ်ပြီး ဇင်ဘာဘွေတွင် အဖွဲ့ဝင် ၅၀၀ ဦးပါ အစိုးရ ထိန်းချုပ်သော ကော်မရှင် ဖြစ်သည်။

Stakeholder များ ပါဝင်စေသော စားပွဲဝိုင်း ဆွေးနွေးပွဲ Round Table မှာ ဟန်ဂေရီနှင့် ပိုလန် နှစ်နိုင်ငံတွင်သာ ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။ Judicial Review လုပ်ငန်းစဉ်မှာ ကိုလံဘီယာနှင့် ဟန်ဂေရီ နှစ်နိုင်ငံတွင်သာ ပါဝင်ကြောင်းလည်း တွေ့ရှိရသည်။ ပြည်သူလူထု ပါဝင်မှုအတွက် လမ်းဖွင့်ပေးသည့် လုပ်ငန်းစဉ် Public Participation Process မှာ အာဖဂန် နစ္စတန်၊ အယ်ဘေးနီးယား၊ ဘရာဇီး၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ အီရီထရီးယား၊ ဖီဂျီ၊ နိုင်ကာရာဂွါ၊ တောင်အာဖရိက၊ ယူဂန္ဓာနှင့် ဇင်ဘာဘွေ တို့တွင် ပါဝင်ခဲ့သော်လည်း အယ်ဘေးနီးယား၊ ဘရာဇီး၊ ကိုလံဘီယာ၊ နိုင်ကာရာဂွါ၊ တောင်အာဖရိကနိုင်ငံ ငါးနိုင်ငံ တို့တွင်သာ ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်နိုင်ငံများတွင် အားနည်း ခဲ့ကြောင်း တွေ့ရှိရသည်။

အထက်ပါ နိုင်ငံများ၏ အခြေခံဥပဒေ ပြင်ဆင်ခြင်း။ ရေးဆွဲခြင်း ဖြစ်စဉ်များ ကို လေ့လာချက်များအရ အဓိက တာဝန်ယူရသူများအကြား ဒီမိုကရက်တစ် နည်းလမ်းကျကျ ကိုယ်စားပြုနိုင်မှု Democratic Represen-tativeness နှင့် အားလုံး ပါဝင်မှု inclusiveness in Society တို့အပေါ် မူတည်၍ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအကြား စစ်မှန်သော လူမှု ပဋိညာဉ် Social Contract ကို သက်ရောက်စေနိုင်ကြောင်း လေ့လာချက်က ဆိုသည်။ အလားတူ မည်သူ ပါဝင်သင့်သည်၊ မည်သူများ ကိုယ်စားပြုသင့်သည် စသည်တို့ကိုလည်း ပါဝါ ထိန်းချုပ်ထားသူများ၊ ပညာရှင်များ၊ တိုင်းရင်းသား များ၊ လူနည်းစုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ သာမက တက်ကြွ လှုပ်ရှားသူများ၊ အမျိုးသမီးများပါ ပါဝင်သင့်ကြောင်း လေ့လာချက်က ဆိုသည်။

အထူးသဖြင့် သဘောထား ကွဲပြားနေသော လူမျိုးစုများ အကြား၊ အမျိုးသား ညီညွတ်ရေး အားနည်း နေသော လူ့အဖွဲ့အစည်းအကြား အချိုးအစား ညီညွတ် မျှတစွာ ကိုယ်စားပြု ပါဝင်နိုင်ရန် အရေးကြီးပြီး ကျယ်ပြန့်စွာ ပါဝင်သော ကော်မရှင်သည် အဓိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နိုင်ကြောင်း လေ့လာ နှိုင်းယှဉ်ချက်က ဆိုသည်။ အချို့သော ဖြစ်စဉ်များတွင် ကိုယ်စားပြုမှု၊ အားလုံး ပါဝင်မှုတို့ကို ထုတ်ဖော် ပြောကြားခဲ့ကြသော်လည်း လက်တွေ့ ဖော်ဆောင်ရာတွင် ပြည့်စုံ လုံလောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲများ တရားမျှတစွာ ကျင်းပခြင်းသည် ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အရေး ပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သော်လည်း စစ်မှန်ပြီး အများ လက်ခံနိုင်သော နိုင်ငံရေးစနစ် ပေါ်ထွန်းရေးက အဓိက ကျကြောင်း လေ့လာချက်က ဆိုသည်။

အားလုံးပါဝင်မှု အဓိက

အချို့သော နိုင်ငံများတွင် အတိုက်အခံများကသပိတ်မှောက်ခြင်း၊ အာဏာ လက်ရှိ အဖွဲ့အစည်းများက အတိုက်အခံများကို ဖယ်ကြဉ်ထားခြင်း၊ အားလုံး ပါဝင်ခွင့် မရရှိစေရန် တံခါးပိတ်ထားခြင်း စသည်တို့ ကြောင့် အဓိကကျသော Stakeholder များ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်နှင့် ကင်းကွာ ခဲ့ရပြီး အကျိုးဆက်အားဖြင့် အားလုံး သဘောတူညီ လက်ခံနိုင်သော အခြေအနေနှင့် ကင်းဝေးခဲ့သည် ဟု ဆိုသည်။ အချို့သော ဖြစ်စဉ်များတွင် အားလုံး ပါဝင်မှု၊ အားလုံး ကိုယ်စားပြုမှု ပြည့်စုံအောင် ဆောင် ရွက်ခြင်းကြောင့် အချိန်ကာလ ရှည်ကြာပြီး အခက်အခဲများ တွေ့ကြုံခဲ့ ရကြောင်း တွေ့ရှိရသည်။

အထူးသဖြင့် ပြည်သူလူထု တိုက်ရိုက် ပါဝင်မှုကို လမ်းဖွင့်ပေးရာတွင် လည်း ဖြစ်စဉ် အချို့တွင် ပြည်သူ့ သဘောဆန္ဒကို တောင်းခံခြင်း မဟုတ် ဘဲ ပြည်သူကို ပညာပေး ရှင်းလင်း ဟောပြောခြင်း များသာ ဖြစ်နေကြောင်း၊ ထိုသို့လူထု ပါဝင်မှု အားနည်းခြင်းကြောင့် ပဋိပက္ခအလွန် နိုင်ငံများ၌ ပဋိပက္ခ များသို့ ပြန်လည် ရောက်ရှိသွားစေတတ်ကြောင်း လေ့လာချက်က ဆိုသည်။

အချိန်ကြာတာ ကောင်းသလား၊ အချိန်မြန်တာ ကောင်းသလား ဟူသော ဤမေးခွန်းကို ဖြေဆိုရာတွင် တန်ဖိုးရှိသော သင်ခန်းစာမှာ အချိန်ကိုက်ဖြစ်မှု Timing သည် အဓိက အရေးကြီးကြောင်း၊ ပြင်ပ အင်အားစုများက သတ်မှတ်ပေးသော အချိန်ဇယားကြောင့် အီရတ်၊ အရှေ့တီမော၊ ဇင်ဘာဘွေ သုံးနိုင်ငံတွင် ပြည်တွင်း လိုအပ်ချက်များ၊ အခြေအနေများနှင့် လိုက်လျောညီထွေ မဖြစ်ခဲ့ကြောင်း၊ အလားတူ အကျိုးစီးပွား ဦးစားပေးသော အာဂျင်ဒါများကြောင့် ဗင်နီဇွဲလားတွင် အချိန် နှစ်လခွဲသာ ကြာမြင့်ခဲ့ ရကြောင်း၊ ယင်းသို့ ကွဲပြား ခြားနားသော အကျိုးဆက်များအရ ပိုလန် အတွေ့အကြုံမှာ အသင့်လျော်ဆုံး နမူနာ ဖြစ်သည်ဟု ကောက်ချက်ချ ခဲ့သည်။ ကြာမြင့်စွာ အချိန်ယူပြီး တဖြည်းဖြည်းချင်း ညှိနှိုင်း ဆောင်ရွက်ကာ ဟန်ချက် ညီမျှစေသော အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် သည် အသွင်ကူးပြောင်းရေး ကာလနှင့် လိုက်လျော ညီထွေ ဖြစ်စေနိုင်ကြောင်း လေ့လာချက်က ဆိုသည်။

အသွင်ကူးပြောင်းရေး ကာလတွင် တွေ့ကြုံရသော အတွေ့အကြုံများကို အခြေခံ၍ နိုင်ငံရေးစနစ် မည်သို့ ဖြစ်သင့်သည်ကို ပြင်ဆင်နိုင်သည့်အပြင် အခြားသော အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ သာဓကများကိုလည်း ရယူနိုင်ခဲ့သည်။ အစိုးရဌာနများ အနေနှင့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးကို မည်သို့ ဖော်ဆောင်သင့်သည်ဟူသော သင်ခန်းစာများ ရရှိရုံသာမက မီဒီယာ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အနေနှင့်လည်း အသွင် ကူးပြောင်းနေသည့် ကာလတွင် ရင့်ကျက် ပြည့်ဝကာ အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲသည့် စင်သို့ တည်တည်ငြိမ်ငြိမ် တက်ရောက်နိုင်ခဲ့ သည်။ ဟန်ဂေရီနိုင်ငံ ဖြစ်စဉ်တွင် အချိန် သတ်မှတ်ချက်နှင့် ပြီးစီးရမည့် ရည်မှန်းချက်များ ကြိုတင် ချမှတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် တန်ပြန် ဆိုးကျိုး များ ဖြစ်ပေါ်စေခဲ့ရသည်။ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များ၏ အရှိန်အဟုန်၊ အရွေ့နှင့် အောင်မြင်မှုတို့မှာ တိတိကျကျ ကြိုတင် ခန့်မှန်းနိုင်၍ မရနိုင်သောကြောင့်ပင် ဖြစ်သည်။

တောင်အာဖရိက ဖြစ်စဉ်မှာ အသွင်ကူးပြောင်းရေး မူဘောင်ကို ဦးစွာ သဘောတူညီအောင် ကြိုးပမ်း ပြီးမှ Two-Stage Constitution-Making Process ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အီရတ်နိုင်ငံ ဖြစ်စဉ်တွင် အချိန်ကိုက် ဆောင်ရွက်နိုင်မှု အခက်အခဲများစွာ ကြုံတွေ့ရခြင်းမှာ အီရတ် ပြည်တွင်း အခြေအနေများကို ထင်ဟပ်နိုင်မှု မရှိခဲ့ခြင်းကြောင့် အပြင် ပြင်ပ ဖိအားပေးမှုသည်လည်း အဓိက အကြောင်း အချက် ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ နိုင်ငံအလိုက် လိုအပ်ချက်များ၊ စံနှုန်းများ၊ ပြည်သူများ၏ နိုင်ငံရေး ရေချိန်၊ အခွင့်အရေးနှင့် တာဝန် ခွဲဝေမှု စသည်တို့ ကွဲပြား ခြားနားချက်များသည်လည်း အချိန်ကြာ-မကြာကို သက်ရောက်စေနိုင်သည်။ ထို့ကြောင့် အခြေခံဥပဒေအား ပြုပြင် ပြောင်းလဲ ရာတွင် လုံလောက်သော အချိန်ပေး၍ ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း USIP နှင့် UNDP ပူးပေါင်းအဖွဲ့က ဆိုသည်။ လေးနက် ကျယ်ပြန့်ပြီး လွှမ်းခြုံ ပြည့်စုံ ကောင်းမွန်သော အခြေခံ ဥပဒေတစ်ခု ပေါ်ထွန်းရေးမှာ အရေးကြီးလှသဖြင့် အချိန် လုံလောက်ခြင်းသည်သာ တိုင်ပင် ညှိနှိုင်းမှု၊ အားလုံး ပါဝင်မှု၊ ညီညွတ် မျှတမှုတို့အတွက် အချိန်ယူသင့်သည်ဟု ဆိုသည်။

နိဂုံး

နိုင်ငံများ၏ အသွင်ကူးပြောင်းမှု ဟူသည် မျဉ်းတန်းသဘော ဆက်စပ်၍ မရနိုင်သော်လည်း အခြား နိုင်ငံများ၏ အတွေ့အကြုံ၊ သင်ခန်းစာများကို ထည့်သွင်း စဉ်းစားသော် ဆိုးကျိုး မဖြစ်နိုင်ဟု ယူဆနိုင်သည်။ မိမိအရပ် မိမိဇာတ်ဖြစ်သော မိမိနိုင်ငံ၏ သမိုင်း ဖြစ်စဉ်များမှာလည်း မြန်မာ့နိုင်ငံရေး ဓလေ့နှင့် အနီးစပ်ဆုံး ထင်ဟပ်နိုင်ပေလိမ့်မည်။ ယခုပင်လျှင် အားလုံး ပါဝင်ခွင့် မည်မျှရ-မရတွင် သဘောထား အမျိုးမျိုး ထွက်ပေါ်လာနေပြီး လွှတ်တော်တွင်း ပြင်ဆင်ရေး၊ လွှတ်တော်ပြင်ပ ပြင်ဆင်ရေး မူကွဲ များ မြင်တွေ့နေရပြီ ဖြစ်သည်။ အဟောင်းပြင်မယ့် အဖွဲ့နှင့် အသစ်ထွင် မယ့် အဖွဲ့များလည်း ကွဲပြားလာနေရာ မိမိတို့၏ လာရင်းကိစ္စမှာ ‘ပြင်ဆင်ရေး’ သာ ဖြစ်သည်ကို သတိပြုရန် လိုအပ်ပေမည်။ များစွာ အရေး ကြီးသည်မှာ သန်း (၆၀) အတွက် Feel Good ဖြစ်စေမည်လား၊ Make Good ဖြစ်စေမည်လား ကွဲပြားမှသာ လက်တွေ့ကျ အလုပ်ဖြစ်သော တစ်ခုလုံး သဘောကို အလေးဂရုပြုနိုင်ပါမည့်အကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

(မှူးဇော်)

Credit To The Voice Weekly
Read More »

နည်းပညာနှင့် ပညာရေး


၂၁ ရာစုပညာရေး

၂၁ ရာစု ပညာသင်ကြားရေးသည် ဆက်သွယ်ရေးနှင့် ကွန်ပျူတာနည်းပညာ အပေါ်တွင် များစွာ မှီခိုနေရမည် ဖြစ်သည်။ ကျောင်းသားဆိုသည်မှာ ဆရာအပေါ် မှီခိုနေရမည့်သူများ မဟုတ်၊ ကျောင်းသား သို့မဟုတ် သင်ယူသူတို့၏ တီထွင်ဖန်တီးခြင်း၊ သုတေသန ပြုလုပ်ခြင်းတို့သည် ၂၁ ရာစု၏ ပညာရေးစနစ်ဖြစ်သည်။

ဆရာဆိုသူများသည် အတန်းရှေ့သိုမဟုတ် စာသင်စင်မြင့်ပေါ်တွင် နေရာယူထားသူများဘဝမှ လမ်းညွှန်သူ၊ သုတေသီ၊ တင်ပြသူ၊ နည်းပညာအသုံးပြု တတ်သူ၊ ပညာဗဟုသုတရှိသူ၊ တာဝန်ယူနိုင်သူ၊ အခက်အခဲများကို ဖြေရှင်းတတ်သူ၊ ဘဝတစ်သက်တာ ပညာရှာနေသူများဘဝသို့ တဖြည်းဖြည်းရောက်လာခြင်း ကိုလည်း သတိပြုရမည်ဖြစ်သည်။

မိဘများသည် ကျောင်းမရောက်သော်လည်း ပညာရေးကို အစဉ်အကဲဖြတ်နိုင်သူ၊ သားသမီးပညာရေး ဆရာတွေနှင့် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်သူ၊ လမ်းဟောင်းလမ်းသစ် ပညာရေးစနစ် နှစ်ခုစလုံးကို ကျွမ်းဝင်ပြီး သားသမီးတို့ကို လမ်းကြောင်း တည့်မှန်စေရန် အထောက်အကူပြုနိုင်သူများ ဖြစ်လာသည်။ သူတို့သည် ကျောင်းသို့မရောက်၊ ဆရာများနှင့် မတွေ့ဘဲ ကျောင်းနှင့်ဆရာ၊ ပညာရေးနှင့်သားသမီး တို့ကို မျက်ခြေမပြတ်သူတွေ ဖြစ်လာသည်။

ဒေသဆိုင်ရာ လုပ်ငန်းများသည် ပညာရေးကို ပစ်ပယ်ထား၍ မရနိုင်ပေ။ လုပ်ငန်းခွင် လိုအပ်ချက်များ အရ မည်သို့သောပညာရှင်များ မွေးထုတ်ပေးရမည် ဆိုခြင်းမှာ အရေးပါလာသည်။ သို့ဖြစ်ရာ ကျောင်းသို့ လာရောက်ပူးပေါင်းပြီး လုပ်ငန်းအတွက် အဆင်အပြေဆုံးနှင့် အသင့်လျော်ဆုံး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးသည် လုပ်ငန်းရှင်များ၏ တာဝန်ဖြစ်လာသည်။
ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြုစုခြင်းသည် အစိုးရအလုပ်မဟုတ်။ ကျောင်းသား၊ ဆရာ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်လာသည်။ အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ကဲ့သို့သော အတန်းမျိုးတွင် မည်သည့်အကြောင်းအရာ များကို အထူးပြုလေ့လာသွား သင့်ကြောင့် ဆုံးဖြတ်ရန်မှာ နိုင်ငံ၏ လိုအပ်ချက်အပေါ် အခြေခံနိုင်ရမည်။

အနာဂတ်ကျောင်းကို တည်ဆောက်ခြင်း

အနာဂတ်တွင် ဖွင့်လှစ်မည့်ကျောင်းများသည် လွတ်လပ်ပွင့်လင်းမှုနှင့် ပြုပြင်ပြောင်းလဲရန် လွယ်ကူမှု တို့တွင် အခြေခံရမည်။ သတင်းအချက်အလက်နှင့် နည်းပညာသည် အဆင့်မြင့်နေမည်သာ ဖြစ်သည်။ အဆင့်မြင့်နည်းပညာကို အားကိုးခြင်းထက် တီထွင်ဖန်တီးကာ ပြဿနာကို ဖြေရှင်းတတ်သည့် အရည်အသွေး မြင့်သူများကို မွေးထုတ်ပေးနိုင်ရေးကို ဦးစားပေး ရမည်သာ ဖြစ်သည်။

ဆရာဆိုသည်မှာ တပည့်ထက် နည်းပညာတွင် ခြေတစ်လှမ်းသာနေမှသာ ပညာရေးလောကတွင် ရပ်တည်နိုင်ခွင့် ရှိသူများ ဖြစ်လာလိမ့်မည်။ နည်းပညာကို Professional ဆန်ဆန် သို့မဟုတ် ပညာရှင်ဆန်ဆန်နီးပါး တတ်မြောက်မထားလျှင် ကျောင်းသားကို ဆရာပြန်လုပ်နိုင်သူများ ဖြစ်လာမည် မဟုတ်ပေ။

သင်ယူသူ တပည့်များသည်လည်း နည်းပညာကို လေ့လာလိုသည့် ပညာရပ်များအတွက် အထောက်အကူ အဖြစ် အသုံးပြုနိုင် စွမ်းရှိပြီး မိမိတို့အရည်အသွေးများကို အစဉ်တောက်ပြောင်စေရန် ကြိုးပမ်းနေရမည်သာ ဖြစ်သည်။ တီထွင်မှုများကို အစဉ်ပြုလုပ်နေသည့်သူများ ဖြစ်ပြီး မိမိဝါသနာပါသည့် ပညာရပ်များကို လွတ်လပ်စွာ လေ့လာလိုက်စားခွင့် ရှိရမည်။ မည်သည့်ပညာရပ် များကို လေ့လာလိုက်စားလာသူ ကိုမဆို နိုင်ငံတော်က အသိအမှတ်ပြုပြီး နေရာပေးရန်လည်း လိုအပ်သည်။

ကျောင်းအာဏာပိုင်များသည် ကျောင်းတစ်ကျောင်း အတွက် လိုအပ်သည့် နည်းပညာ မှန်သမျှကို ဖြည့်ဆည်းပေး ထားနိုင်သူများ ဖြစ်ရမည်။ လေ့လာသင်ယူနေသော အဖွဲ့အစည်းကြီး တစ်ခုအဖြစ် အစဉ် ရပ်တည်ရှင်သန်နိုင်ရေးမှာ ခေတ်မီအောင် ဆောင်ရွက် ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်သည်။
ပညာရေးသည် မိမိဒေသ တစ်ခုတည်းအတွက် မဟုတ်။ မိမိနိုင်ငံ တစ်ခုတည်းအတွက်မဟုတ်။ ကမ္ဘာကြီး အတွက် ပညာသင်ကြားနေခြင်းဖြစ်သည်။ ဂလိုဘယ်လိုက်ဇေးရှင်း ပညာရေးသာ ဖြစ်သင့်ပြီး လိုကယ်လိုက်ဇေးရှင်း ပညာရေးထက် ကျယ်ပြန့်စွာ လေ့လာသင်ယူ နိုင်သူသည်သာ အနာဂတ်ပညာရေးနှင့် အံဝင်ခွင်ကျ သူများ ဖြစ်လာလိမ့်မည်။ သို့ဖြစ်ရာ နယ်စည်းမခြား ပညာရေးစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်။ မည်သည့် သင်ယူမှုမျိုးကိုမဆို အထောက်အကူ ပြုနိုင်သည့် ပညာရေးမျိုးလည်း ဖြစ်ရန်လိုသည်။ ဆရာသည် အထက်တွင် ဆိုခဲ့သလို လမ်းညွှန်သူနှင့် သုတေသနလုပ်ငန်းများ လုပ်နေသူဖြစ်သဖြင့် အမြဲ လေ့လာသင်ယူမှု မပြုသူသည် စနစ်နှင့် အံမဝင်သူများ ဖြစ်သွားနိုင်သည်။

အနာဂတ်အတွက် ပြင်ဆင်ခြင်း

၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အမေရိကန်သမ္မတ ဘီလ်ကလင်တန်နှင့် ဒုတိယသမ္မတ အယ်လ်ဂိုးတို့က နည်းပညာတတ်မြောက်မှုသည် ခေတ်သစ် လူ့ဘောင်ကို စိန်ခေါ်နေပြီဖြစ်ကြောင်း ပြောကြားသွားသည်။ အထူးသဖြင့် သူတို့က ဒစ်ဂျစ်တယ်စာတတ် မြောက်မှု (Digital Literature) ဟုညွှန်းဆိုပြီး ၂၁ ရာစုအတွက် ဦးတည်ချက်လေးရပ်ကို ထုတ်ဖော်သွားခဲ့သည်။

၁။ နိုင်ငံတွင်းရှိ ဆရာများကို သင်တန်းများပေး ရမည်။ ထိုသို့သင်တန်းပေးသည် ဆိုရာတွင် ကျောင်းသားများ သင်ယူမှုကို အထောက်အကူ ပြုစေနိုင်မည့် ကွန်ပျူတာကျွမ်းကျင်မှုကို သင်ကြားပေးနိုင်ရန်နှင့် သတင်းအချက်အလက် ပင်မလမ်းကြောင်း (Superhighway) ပေါ်ရောက်ရေး ပို့ဆောင်ပေးရန် ဖြစ်သည်။ ဆရာအတတ်သင် ဌာနများတွင် စာသင်ခန်း နည်းပညာကို ပို့ချပေးရန်ဖြစ်သည်။ ကျောင်းသားများ သင်ယူရေးတွင် အထောက်အကူဖြစ်စေနိုင်မည့် နည်းပညာများကို ဆရာများအား ဦးစွာတတ်မြောက်စေရန် သင်ကြားပေးရမည်။

၂။ နောက်ဆုံးပေါ် ကွန်ပျူတာများ စာသင်ခန်းအတွင်း ရောက်ရေး ဦးစားပေး ဆောင်ရွက်ရမည်။ စာသင်ခန်းတွင် စာအုပ်နှင့် ဘောပင်အစား၊ ကွန်ပျူတာ၊ တက်ဘလက်နှင့် Stylus ဟုခေါ်သည့် ကွန်ပျူတာသုံး ကညစ်တံများကို ထားပေးနိုင်ရမည်။ ဆရာသည် ထိရောက်သော လမ်းညွှန်လက်နက် (Effective Tools) ဖြစ်သည်ဟူသော ယူဆချက်နေရာတွင် ကွန်ပျူတာကို Effective Tools အဖြစ် အစားထိုးနိုင်ရမည်။ ပညာရေးတွင် ဆရာနှင့် ကျောင်းသားသည် နည်းပညာများဖြင့် ပြဿနာများကို ဖြေရှင်းရန် အမြဲအဆင်သင့် ဖြစ်နေရမည်။

၃။ စာသင်ခန်းတိုင်းသည် Superhighway လမ်းကြောင်းပေါ်သို့ ရောက်နေရမည်။ အင်တာနက် အသုံးပြုနိုင်ရမည်။ Network ချိတ်ဆက်ထားပြီး ကွန်ပျူတာသည် ပညာဘဏ်၊ စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနဌာနအဖြစ် လက်ခံထားစေရမည်။ အားလုံးကို လက်ညှိုးတစ်ချောင်းတည်း အောက်တွင် စီမံဖန်တီးနိုင်သည် ဆိုသော နည်းပညာဆိုင်ရာ အသိတရားကို ပြန့်ပွားအောင် ကြံဆောင်ရမည်။

၎။ ပညာရေးအတွက် ထိရောက်မှုရှိစေမည့် ဆော့ဖ်ဝဲများ၊ အွန်လိုင်းသင်ယူမှု စနစ်များ၊ အွန်လိုင်း ကတစ်ဆင့် ရယူနိုင်သည့် ပညာရင်းမြစ်များသည် ကျောင်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် သင်ရိုး ညွှန်းတမ်းများနှင့် ဆက်စပ်နေရမည်။ ဆော့ဖ်ဝဲများနှင့် အွန်လိုင်းပညာ သင်ယူနိုင်မှုများကို တိုးပွားသည်ထက် တိုးပွားအောင်လုပ်ပြီး သင်ယူနိုင်မှု အခွင့်အလမ်းများကို တိုးမြင့်နိုင်စေရန် ကြံဆောင်ပေးရမည်။

အထက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ပေါ်ရန်အတွက် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့အပြင် ပုဂ္ဂလိက အစိုးရ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၁ ရာစု ဆရာသစ်မွေးထုတ်ရေး အစီအစဉ်ကို ၁၉၉၆ ခုနှစ် မေလ ၂၉ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ ထိုစီမံချက်အရ ဆရာပေါင်းတစ်သိန်းကို လုပ်အားပေးခေါ်ကာ နိုင်ငံအနှံ့ကွန်ပျူတာနှင့် နည်းပညာသုံးစွဲနိုင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ ထိုလှုပ်ရှားမှုသည် အမေရိကန် ပညာရေးစနစ်ကို နည်းပညာဖြင့် ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း တပ်လှန့် နှိုးဆော်လိုက်ခြင်းဖြစ်ရုံမက သင်ကြားမှု၊ သင်ယူမှု လုပ်ငန်း ကိုလည်း များစွာ သက်ရောက်မှု ရှိစေခဲ့သည်။

နည်းပညာကြောင့် ပညာရေးတွင်သက်ရောက်မှုများ

ပညာရေးတွင် နည်းပညာကို အသုံးပြုခြင်းသည် အသုံးမပြုခြင်းထက် ပိုပြီးထိရောက်မှုရှိကြောင်းကို မငြင်းနိုင်ပေ။ အစဉ်အလာ ပညာရေးလမ်းကြောင်းထက် နည်းပညာဖြင့် လမ်းကြောင်းသစ် ထွင်ထားသည့် ပညာရေးတွင် သင်ရိုးညွှန်းတမ်းများ၊ ပြဋ္ဌာန်းချက် များကို အလွယ်တကူရနိုင်ခြင်း
သင်ကြားသူဆရာများသည် မိမိတို့ မည်သည့် အကြောင်းအရာကို သင်ကြားမည်ကို ကြိုတင်ပြောပြီး ကြိုတင်ပြင်ဆင်ခိုင်းနိုင်သည်။ ထိုအကြောင်းအရာကို မည်သည့်နေရာများတွင် အသေးစိတ် ကြည့်ရှုနိုင်ကြောင်း Link များပေးခြင်းဖြင့် ကျောင်းသားများ ကြိုတင်လေ့လာမှု ပြုခဲ့ပြီး သင်ကြားရာတွင် ထိရောက်မှု ရှိစေနိုင်သည်။ ဆရာတစ်ဦးတည်း သင်သည့် တစ်လမ်းသွား စနစ်မှ လမ်းကြောင်းစုံ ရွေးချယ်ခွင့်ကို ပေးထားခြင်း ဖြစ်သည်။

ကျောင်းသားများကို တွန်းအားပေးလှုံ့ဆော်ရာ ရောက်ခြင်း

ကွန်ပျူတာဆိုသည်မှာ တိကျစွာ တုံ့ပြန်ပေးနိုင်သည့်သဘော ရှိသည်။ ကွန်ပျူတာကို သုံးရခြင်းဆိုသည်မှာ အားကိုးအားထား ပြုထိုက်သော အရည်အချင်းများနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။ ယုံကြည်ကိုးထားမှု မရှိလျှင် ဆက်သုံးနေစရာ အကြောင်းလည်း မရှိပေ။ ကွန်ပျူတာ သုံးခြင်းကြောင့် အချိန်ကုန်သက်သာစေသည်၊ လိုချင်သည်ကို ချက်ချင်း တုံ့ပြန်နိုင်သည်၊ မြန်ဆန်တိကျသည့် ရလဒ်ကောင်းကို လိုချင်သောကြောင့် သုံးခြင်းဖြစ်သည်ဟု ဂျိမ်းစ်ကူလစ်က ဆိုသည်။

ကျယ်ပြန့်နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်နိုင်စွမ်းရှိခြင်း

အဝေးသင်ပညာရေးစနစ်၊ အွန်လိုင်းပညာရေး စနစ်တို့တွင် ကွန်ပျူတာ၏ပံ့ပိုးမှု မပါဘဲ အောင်မြင်နိုင်မည် မဟုတ်ပေ။ သင်ကြားသူနှင့် သင်ယူသူတို့သည် နယ်စည်းမခြား ဆက်သွယ်နိုင်ခြင်း၊ ကျောင်းသားများသည် မိမိတို့သင်ချင်သည့်ဘာသာ၊ သင်လိုသည့်ဆရာ၊ သင်ကြားချင်သည့်နေရာကို ရွေးချယ်ခွင့် ရှိလာသည်။ ပိုမိုကျယ်ပြန့်သည့် ပညာလူ့ဘောင်သစ် တစ်ခုကို ထူထောင်နိုင်သည်။

ကျောင်းသားများ၏ စာရေးသားမှုစွမ်းရည် တိုးတက်လာခြင်း

ခေတ်သစ်တွင် ဘောပင်နှင့်စာရွက်သုံးပြီး ရေးသားခြင်းကို မဆိုလိုပါ။ ကွန်ပျူတာ စာစီစာရိုက်စနစ်နှင့် စာရေးသားရန် နေရာပေါင်းများစွာ ပေါ်လာသဖြင့် ရင်တွင်းခံစားချက်များ ဖော်ထုတ်နိုင်သည်။ တွေ့မြင် ချက်များကို ရေးသားနိုင်သည်။ ထင်မြင်ချက်ပေးနိုင် သည်။ မှတ်ချက်ရေးနိုင်သည်။ ထို့ကြောင့် စာရေးသားမှုစွမ်းရည် တိုးတက်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဘာသာရပ်များကို လေ့လာရပိုပြီးလွယ်ကူစေခြင်း

ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲအများအပြားကို တီထွင်လာနိုင်ခြင်းကြောင့် ဘာသာရပ်တစ်ခုကို နက်နဲ ကျယ်ပြန့်စွာ လေ့လာနိုင်သည်။ ကျောင်းမတက်မီ ကတည်းက မူကြိုအဆင့်တွင် ကွန်ပျူတာဆော့ဖ်ဝဲ အကူအညီဖြင့် စာများ၊ ကဗျာများ၊ သီချင်းများ သင်ကြားနိုင်သည်။ ကွန်ပျူတာဖြင့် ပုံစံတူလုပ်ဆောင်မှုများ ပြုလုပ်နိုင်သည်။ လေယာဉ်အတုမောင်းခြင်း၊ ဆေးပညာ ရပ်ဆိုင်ရာ လူ့ခန္ဓာဗေဒကို လေ့လာနိုင်ခြင်း၊ ခွဲစိတ်မှုများ ကို အသေးစိတ်လေ့လာနိုင်ခြင်းအပြင် ဂရပ်ဖစ်ဆိုင်ရာ ပညာရပ်များကိုပါ ကြိုတင်သင်ယူနိုင်သည်။

အကဲဖြတ်နိုင်မှု မြန်ဆန်လာခြင်း

ကွန်ပျူတာဖြင့် စစ်ဆေးမှုများသည် တိကျရုံသာမက ရလဒ်ကို အမြန်ဆုံး ထုတ်ပေးနိုင်သည်။ သို့ဖြစ်ရာ လုပ်ငန်းစဉ်တစ်ခုပြီးလျှင် နောက်တစ်ခု မည်သည့်အကြောင်း အရာကို ဆက်သွားမည်၊ ဘာတွေဆက်သင်ရမည်၊ ဉာဏ်ရည်မည်မျှရှိသည်ကို ချက်ချင်းသိနိုင်ခြင်းကြောင့် အချိန်တိုအတွင်း ကျောင်းသား သင်ယူတတ်မြောက်မှုကို အကဲဖြတ်နိုင်ခြင်းက ပိုပြီးထိရောက်မှု ရှိစေနိုင်သည်။
ပညာရေးတွင် နည်းပညာကို သုံးခြင်းကြောင့် တိုးတက်လာမှုများကို ပြောရလျှင် ဆုံးနိုင်ဖွယ်မရှိပေ။ နည်းပညာကို ပညာရေးတွင် ထည့်သွင်းမည်ဆိုလျှင် အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းကို ကျောင်းတိုင်းရနိုင်စေရန် ထူထောင်ပေးရမည်။ ကျောင်းသားတိုင်း အခမဲ့ အင်တာနက်သုံးပိုင်ခွင့် ရှိရမည်။ ကျောင်းသင် ပြဋ္ဌာန်းချက်အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြောင်းပြီး အွန်လိုင်းပေါ် တင်ထားပေးရမည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်ပစ္စည်း များကို အခမဲ့သို့မဟုတ် ဈေးပေါပေါနှင့် ရစေရန် ကြံဆောင်ပေးနိုင်ရမည်။ မည်သူတွေက လုပ်ပေးမည်နည်း ဆိုသည့်အပေါ် မူတည်ပြီး သက်ရောက်မှု အနည်းအများ၊ အနှေးအမြန်တော့ ရှိနိုင်သည်။ မည်သို့ဆိုစေ ပြုပြင်ပြောင်းလဲမှု ကိုတော့ အမြစ်ကစပြီး လှန်ကာ ပြုလုပ်ရပေလိမ့်မည်။

(တင်ညွန့်)

Credit To The Voice Weekly
Read More »

မေတ္တာနှင့် စေတနာ



သံဒိကာတစ်ယောက် အဖြူရောင် ဂျူတီကုတ်နှင့် နားကြပ်ကို ချွတ်လိုက်ပြီး ဆေးသုတ်တံကို ကောက် ကိုင်လိုက်သည်။ ပန်းနုရောင် တီရှပ်နှင့် သူမ၏ သွင်ပြင်က တက်ကြွပြီး အားမာန်အပြည့် ဖြစ်နေသည်။ တောင်အာဖရိက ဒါဘန် မြို့ပြင်ရှိ တိုက်အိမ် တစ်လုံးကို သူမ ဆေးသုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ပွင့်လင်း ရိုးသားသော အပြုံးများဖြင့် အသက် ၃၇ နှစ်ခန့်သာ ရှိသေးသည့် ဒေါက်တာ သံဒိကာက-
“ဒီအဆောက်အအုံက ကျွန်မဘဝနဲ့ ရင်းပြီး ရယူထားခဲ့ရတာပါ။ ကျေးလက်က ကွာဇူးလူး နာတဲလ် ကင်ဆာ အဆောက်အအုံပေါ့။ ကျွန်မတို့ မျိုးနွယ်စုရဲ့ အသက်ကယ် ဌာနလို့လည်း ပြောရင်ရတယ်” ဟု သူမက ဆိုသည်။

မကြာမီ လူငယ် တစ်စု ရောက်လာကြသည်။ ဆံပင် ဖြူဖွေးနေသည့် အဘွားများ၊ အမျိုးသမီးကြီး များလည်း ရောက်လာကြသည်။ သူတို့က ဝိုင်းဝန်းပြီး ပြတင်းပေါက်တွေကို ပြင်ဆင် သုတ်သင်ပေးကြ သည်။ အခန်း နံရံများတွင် အင်္ဂတေများ ကွာကျနေသည်ကို ပြန်လည် ဖာထေးပေးပြီး ဆေးတွေ သုတ်ကြသည်။

ဤအဆောက်အအုံကို လူမျိုးစု ခေါင်းဆောင် တစ်ဦးက ကင်ဆာ ဆေးခန်းအဖြစ် အသုံးပြုရန် လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။ ထိုဒေသသည် အလွန်လှပသော ဒေသဖြစ်သည်။ လူမှုရေး ပြဿနာများ ဖြစ်သည့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် HIV/ AIDS ဖြစ်ပွားမှုနှုန်းအလွန် များပြားသည်။

“ဒီဆရာမက ဒီမှာပဲ မွေးပြီး ဒီကိုပဲ လာပြန် အလုပ် လုပ်နေတာ။ သူက ဆေးခန်းမှာ ထိုင်ပြီး လူနာကို စောင့်နေတတ်တဲ့ ဆရာဝန်မျိုး မဟုတ်ဘူး။ လူနာဆီကို လာပြီးကုတဲ့ ဆရာဝန်။ သူဟာ ကျွန်မရဲ့ သူရဲကောင်း၊ ကျွန်မရဲ့ စံထားလောက်တဲ့ သူပေါ့” ဟု ကျောင်းသူလေး တစ်ဦးက ပြောသည်။

သံဒိကာသည် နယ်လ်ဆင် မင်ဒဲလား ဆေးကျောင်းသို့ တက်ရောက်ခွင့် ရခဲ့ပြီး ကင်ဆာရောဂါ ကုထုံး ကို သင်ကြားခွင့် ရခဲ့သော ပထမဆုံး လူမည်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ ယနေ့ သံဒိကာသည် အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းပြီး ကင်ဆာရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုများ ကို ဆောင်ရွက်နေသည်။

၂၀၁၂ ခုနှစ်တွင် သံဒိကာသည် တောင်အာဖရိကတိုက် လုပ်ငန်းရှင် အမျိုးသမီးများ အသင်းက ပေးသည့် စွန့်ဦးတီထွင် လူမှုရေး ပညာရှင်ဆုကို ရရှိခဲ့သည်။ ထိုဆုကို ရရှိခဲ့ခြင်းမှာ ကင်ဆာရောဂါ တားဆီး တိုက်ဖျက်ရေးအတွက် ကျေးလက် တောရွာအနှံ့ ရွေ့လျား ဆေးခန်းများဖြင့် ပညာလည်းပေး၊ ဆေးလည်းကုသ လူမှုအကျိုး ဆောင်ရွက်ချက်များကြောင့် ဖြစ်သည်။

“ကျွန်မ ဒီခရီးကို ရောက်ဖို့ အဝေးကြီးက စခဲ့ရတာ။ ကလေး ဘဝကတည်းက ကျွန်မ ဆရာဝန်ဖြစ်ချင် ခဲ့တာ။ တီဘီ၊ သွေးတိုးနဲ့ ကင်ဆာလို ကုသနိုင်တဲ့ ရောဂါ ဖြစ်နေတဲ့သူတွေကို ဒီအတိုင်း ထိုင်ကြည့်နေ ခဲ့ရတာ။ အထူးသဖြင့်တော့ သားအိမ်ကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးတွေကိုပေါ့။ အဲဒီရောဂါနဲ့ အမျိုးသမီး အမြောက်အမြား သေခဲ့ကြရတာ” ဟု လက်မှ ဆေးများကို သုတ်လိုက်ရင်း သူမက ပြောသည်။

သူမ နေခဲ့သော ကျောင်းသည် သိပ္ပံနှင့် ဆိုင်သော ပစ္စည်းများ မရှိ။ သို့ဖြစ်ရာ သူမသည် စာအုပ်ဟောင်းများထဲက သိလိုသည့် အကြောင်းများကို လှန်လှောဖွေရှာ လေ့လာခဲ့ရသည်။ သူမ တက်နေသော ကျောင်းလေး မီးလောင်သွားသည့် အခါတွင် မိခင်ဖြစ်သူက သူ့ဦးလေးနှင့် အဒေါ်ရှိရာသို့ ပို့ပြီး ကျောင်းတက်စေသည်။ သူမသည် အဒေါ်နှင့် ဦးလေးက ကြည်ဖြူရန် ထမင်း ဟင်းများ ချက်ပေးရသည်။ အိမ်သန့်ရှင်းရေးများ လုပ်ပေးရသည်။ ကလေးလည်း ထိန်းပေးခဲ့ရသည်။

ဦးလေးဖြစ်သူက သင်းအုပ်ဆရာ ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက် ကြီးမားမှုကို သိပ်ပြီးတော့ သဘော မတွေ့သူ ဖြစ်သည်။ သူက ရှေးရိုးသမားပီပီ သူမကို အိမ်တွင်းပုန်းနေပြီး လင်ယောက်ျား ကိစ္စများကို သာ လုပ်ပေးစေချင်သည်။ ထို့ပြင် သူမကို ယောက်ျားလေးများနှင့် စကားပင် ပေးမပြောသူလည်း ဖြစ်သည်။

သူမ အသက် ၁၇ နှစ်တွင် ဦးလေးဖြစ်သူ တရားဟောနေသည့် တက္ကသိုလ်မှ ကျောင်းသား တစ်ဦးနှင့် တွေ့ဆုံ ချစ်ကြိုက်မိသည်။ ထိုအကြောင်းကို အဒေါ်ဖြစ်သူက သိသွားသည့်အခါ အခြေအနေက ပိုပြီး ဆိုးသွားသည်။ သူမကိုလည်း လင်ရှာပေးထားပြီး ဖြစ်ကြောင်း အဒေါ်က ဖွင့်ပြောလာသည်။
ထိုသူမှာ ချမ်းသာသည့် လူငယ် ဆရာဝန် တစ်ယောက် ဖြစ်သည်။ အဒေါ်နှင့် ဦးလေးကိုလည်း ထောက်ပံ့နေသူ ဖြစ်သည်။ သံဒိကာသည် ထိုဆရာဝန်ကို မနှစ်သက်သဖြင့် လက်ထပ်ရန် ငြင်းဆန် လိုက်သည်။
“ကျွန်မက ဆရာဝန် ဖြစ်ချင်တာ။ ဆရာဝန်ကတော် ဖြစ်ချင်တာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။

သူမ မိသားစုက ငြင်းဆန်နေသည့် ကြားမှပင် သတို့သားထံက မင်္ဂလာကြေးအဖြစ် နွား ၁၁ ကောင်ကို လက်ခံလိုက်သည်။ သို့ဖြင့် အသက် ၁၇ နှစ်သမီး အရွယ်တွင် သံဒိကာသည် အိမ်ထောင်ကျသွားခဲ့ ရသည်။ အသက် ၁၉ နှစ်တွင် သားတစ်ယောက် မွေးဖွားခဲ့သည်။ ဆဖျူးမ်ဟု အမည်ပေးထားသည်။ ထိုကလေးသည် ဦးနှောက်အကျိတ် ဝေဒနာကို ခံစားနေရသဖြင့် ငွေကုန်ကြေးကျခံပြီး ဆေးကုသပေး ခဲ့ရသည်။
“ကျွန်မ သူ့ကို သိပ်ချစ်တယ်။ သူနေမကောင်းလို့လည်း ကျွန်မ ဆရာဝန်ဖြစ်ချင်စိတ်က ပိုပြီး ကဲသွား ခဲ့ရတယ်” ဟု သူမက ဆိုသည်။

သံဒိကာသည် ခင်ပွန်းဖြစ်သူ ဆရာဝန်၏ လက်ထောက်အဖြစ် လုပ်ရင်း ကျောင်းထွက်လက်မှတ် ရရန် ပညာကို ကျိတ်ပြီး ကြိုးစားသင်ခဲ့ရသည်။ သူမက ကားမောင်း လိုင်စင်အတွက် အမောင်းသင်မည်ဟု အိမ်မှ ညာထွက်ခဲ့ပြီး စာမေးပွဲ သွားဖြေခဲ့ရသည်။ ဆေးကျောင်း တက်ခွင့်ရရန် အမှတ်ကောင်းကောင်း ဖြင့် အောင်မြင်ခဲ့သည်။
ထို့နောက် သားကိုခေါ်၊ အသုံးအဆောင်ပစ္စည်း အနည်းငယ်ယူပြီး ခင်ပွန်းဖြစ်သူ၏ ကားကို မောင်းကာ ကီလိုမီတာ ရာချီဝေးသည့် မြောက်ပိုင်း တက္ကသိုလ် (ယခု လင်မ်ပိုပို တက္ကသိုလ်) သို့ ထွက်ခွာလာ ခဲ့သည်။

ထိုတက္ကသိုလ်သို့ အရောက်တွင် ထင်ထားသည်ထက် အခက်အခဲပေါင်း များစွာကို ရင်ဆိုင်ခဲ့ရသည်။ ထောက်ပံ့ကြေး ရရန် အသည်းအသန် ကြိုးပမ်းရသည်။ လင်မယားချင်း ကွဲသည်။ မကျန်းမာသည့် သားတစ်ယောက်နှင့် ဘဝသစ်ကို စတင်ရတော့သည်။
“ဆေးရုံ အဆောင်ထဲမှာ အိပ်မပျော်တဲ့ ညတွေတောင် ရှိတယ်။ အရေးပေါ်ခန်းမှာ တင်ထားရတဲ့ သားကို ကြည့်ပြီး ကျွန်မ ငိုမိတယ်။ ကျွန်မ ဆုတောင်းပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေဟာ ကျွန်မကို ပိုပြီးတော့ ကြံ့ခိုင်စေပါတယ်” ဟု သူမက ပြောသည်။

သံဒိကာသည် ပညာသင် ထောက်ပံ့ကြေးအပြင် ပညာသင် ချေးငွေလည်း ရရှိခဲ့သည်။ ခင်ပွန်းဖြစ်သူ က သူမ ကွာရှင်းခွင့် တောင်းခြင်းကို လက်ခံလိုက်သည်။ သားကလည်း အခြေအနေ ပြန်ကောင်းလာ သည်။ ဒါဘန်သို့ ပြန်ပြီး ဆေးပညာကို လေ့လာခဲ့ရသည်။ မိခင်ဖြစ်သူနှင့် အတူ ပြန်နေပြီး မကျန်းမာသည့် မိခင်ကြီးသည် သူမ လက်ပေါ်တွင်ပင် အသက် ပျောက်သွားခဲ့ရသည်။

“ဆေးရုံက အရမ်းဝေးတယ်။ လူနာတင်ယာဉ်ကလည်း ဒီလောက်ဝေးတော့ ခေါ်လို့ရမှာ မဟုတ်ဘူး။ ဒါနဲ့ အမေ့ကို သူများတွေလို မသေအောင် စဉ်းစားရတယ်။ အမေ့မှာ ဆီးချို ရှိမှန်း သေမှ သိတယ်။ အမေဟာ မသေမီ ဘုရားကျောင်းနဲ့ပဲ အလုပ် ရှုပ်နေတာ” ဟု သူမက ပြောပြသည်။
“ကျွန်မ တတ်နိုင်တာက မေတ္တာနဲ့ စေတနာပဲ ဖြစ်ပါတယ်။ ကျွန်မကို ဆရာဝန် ဖြစ်လာစေခဲ့တဲ့ ဘုရား သခင်ကို ကျေးဇူးတင်ပါတယ်”

ဒါဘန်ရှိ မာရှီယာနီ အထိမ်းအမှတ် ဆေးရုံတွင် အလုပ်သင်အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ကတည်းက သံဒိကာသည် မိဘမဲ့ ကလေးများကို ပြုစု စောင့်ရှောက်ခဲ့သည်။ ဆေးရုံ ဝန်ထမ်းများ၊ ပါတီများထံမှ မကျန်းမာသည့် ကလေးများအတွက် အလှူ လိုက်ခံသည်။ ၂၀၀၇ ခုနှစ်တွင် NGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဆီနိုမူဆာနိုသန်ဒို (မေတ္တာနှင့် စေတနာ) အဖွဲ့ထံတွင် မှတ်ပုံတင်ခဲ့ သည်။ ထိုအဖွဲ့သည် ဝေးလံခေါင်ဖျား ဒေသများတွင် လူ့ဘောင် အဖွဲ့အစည်းများက လျစ်လျူရှုခြင်း ခံနေရသူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးသည်။ သားအိမ်၊ ရင်သား၊ ဆီးကျိတ်ကင်ဆာနှင့် HIV/ AIDS ပတ်သက်ပြီး ပညာပေး ကုသမှုများ လုပ်ပေးသည်။

“လူမျိုးစု ခေါင်းဆောင်တွေကို အမျိုးသမီး တစ်ယောက်အနေနဲ့ ချဉ်းကပ်ရတာ သိပ်တော့ မလွယ်ဘူး။ အထူးသဖြင့် ကျွန်မက ဆရာဝန် ဖြစ်ပါတယ် ဆိုတာကို သိပ်လက်မခံကြဘူး။ အလိုလို သိမ်ငယ်စိတ် တွေ ဝင်လာခဲ့ရတယ်။ အိမ်ရှေ့ကို ရောက်တာတောင် ကျွန်မကို အိမ်ထဲ အဝင်ခံကြတာ မဟုတ်ဘူး။ အပြင်မှာ အကြာကြီး စောင့်ပြီး ဇွဲနဲ့ နေမှ လူနာကို ကြည့်ခွင့်ပေးတာ” ဟု သူမက ဆိုသည်။

သံဒိကာသည် ‘တောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်း’ တစ်ခုခု လုပ်ပြီး ဆေးခန်းလေး တစ်ခု ထူထောင်ရန် ပြင်ဆင်ရသည်။ ပရီတိုးရီးယားသို့လည်း ကိုယ့်စရိတ်နှင့် ကိုယ်သွားပြီး စစ်တပ်နှင့် ညှိနှိုင်းရသည်။ ထိုဒေသတွင်လည်း ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို ပြည်သူများအား ပြုလုပ်ပေးနိုင်ခဲ့သည်။
“ကျွန်မက ဆီးကျိတ်ကင်ဆာ အကြောင်း ပြောတော့ ယောက်ျားတွေကို ရှင်တို့ အာလူးတွေ ရှင်တို့ ပြန်ကြည့်ပြီး စစ်ဆေးမိကြရဲ့လားလို့ ပြောရတယ်” ဟု သံဒိကာက ပြုံးပြီး ပြောသည်။

ရောဂါ လက္ခဏာများကို ပြောပြလိုက်မှ လူတွေက တစ်ယောက်ပြီး တစ်ယောက် ရောဂါလာပြ ကြသည်။ မကြာမီ သူမထံသို့ ဆေးကျောင်းသားများနှင့် ဆရာဝန်များကလည်း အားဖြည့်လာကြသည်။ သူမစိတ်ထဲတွင် တစ်နေရာတည်း ရောဂါပေါင်းစုံ ကုသပေးနိုင်သည့် "One-stop wellness shops" ဌာနများကို ဖွင့်လှစ်ပေးချင်နေသည်။

“လုပ်ငန်း အောင်မြင်လာတော့ ဘာသာစကားနဲ့ ယဉ်ကျေးမှုက အခက်အခဲ ဖြစ်နေတာကို သဘော ပေါက်မိတယ်။ သူဘာဖြစ်လာတယ် ဆိုတာ ကိုယ်က နားမလည်တော့ ကုရလည်း ခက်တယ်။ ကျွန်မ စိတ်ကူးက ကျေးလက်တွေမှာ ကျန်းမာရေး ပညာပေးမှုတွေ အများကြီး လုပ်ပေးချင်တယ်။ ထိရောက်တဲ့ ကုသမှုတွေကိုလည်း ပေးချင်တယ်။ ကျွန်မ မိသားစုတွေက ကျွန်မကို နားမလည်ကြဘူး။ ကျွန်မ ယောက္ခမတွေကလည်း ကျွန်မကို သရော်ကြတယ်။ ကျွန်မ ဆရာကလည်း ကျွန်မကို စိတ်လျှော့ဖို့ ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းလို့မှ မရတာ။ ဒါပေမဲ့ ကျွန်မ ဘယ်တော့မှ ကျွန်မကိုယ် ကျွန်မ သံသယ မဖြစ်ဘူး” ဟု သံဒိကာက ဆိုသည်။

ယနေ့ သူမ ဆေးသုတ်နေသည့် အဆောက်အအုံလေးသည် သူမ စေတနာနှင့် မေတ္တာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
“ကျွန်မ သားလေးအတွက် ကျွန်မ ဂုဏ်ယူမိတာက... သား ကိုယ့်အနာဂတ်ကို ကိုယ်ရေးရမယ်။ မင်း အနာဂတ်ကို ဘယ်သူမှ မင်းကိုယ်စား လာရေးမပေးစေနဲ့။ အိပ်မက်တွေကိုလည်း ဆက်ပြီးတော့ အကောင်အထည်ဖော်နေ။ ဘယ်တော့မှ ရပ်မပစ်လိုက်နဲ့လို့ ပြောပြနိုင်တာကိုပါ” ဟု သံဒိကာက သားလေးကို ဖက်ပြီး ဂုဏ်ယူစွာ ပြောကြားခဲ့သည်။

အယ်ဒီတာတစ်ဦး
(With Love and Generosity, by Glynis Horning, Reader's Digest, August 2013)

Credit To The Voice Weekly
Read More »

အရုပ်တွေနဲ့ ရေးတဲ့စာ



ငယ်ငယ်ကတည်းက စာအုပ်၊ စာစောင်တွေ လှန်မိရင် ကာတွန်းတွေကို ပထမဆုံး ကြည့်မိတာမျိုးပါ။ စာမတတ်ခင်ကတည်းက ပုံကြည့်လာကြတာကိုး။ ကာတွန်းတွေက ကျွန်တော်တို့အပေါ် တော်တော် လွှမ်းမိုးခဲ့ပါတယ်။

အခုဆိုရင် ကာတွန်းတွေ လှိုင်လှိုင်ပေါများလာပါပြီ။ ကာတွန်းဆရာ အသစ်တွေနဲ့ စိတ်ကူး လတ်လတ်ဆတ်ဆတ်တွေ အလွယ်တကူပဲ နေရာရလာကြတာ တွေ့နိုင်ပါတယ်။ ကြားထဲက တစ်ခေတ်မှာတော့ ရိနွမ်းပျက်စီးနေတဲ့ ကာတွန်းမျိုးတွေပဲ လူမြင်သူမြင် ရှိခဲ့တာဆိုတော့ အခုအချိန်ဟာ ကာတွန်းလောက အတွက်တော့ အချိန်ကောင်းပါပဲ။ နေ့စဉ်သတင်းစာများလည်း ရှိလာပြီ ဖြစ်တဲ့အတွက် ကစားကွင်း ပိုကျယ်လာပါတယ်။

ပိုကျယ်လာတဲ့ ကစားကွင်းထဲမှာ ဘယ်လိုကစားကွက်တွေနဲ့၊ ဘယ်လို အမူအကျင့် စရိုက်လက္ခဏာတွေနဲ့ ဆက်ကစားသွားကြမှာလဲ ဆိုတာလည်း အရေးပါလာတယ်လို့ ထင်ပါတယ်။ ဥပဒေပ ကစားမယ့်သူတွေ ၊ စိတ်ဓာတ် နိမ့်ပါးသူတွေ၊ ဝမ်းစာမပြည့်သေးသူတွေ မျိုးစုံလည်း ပါဝင်လာနိုင်တယ် မဟုတ်ပါလား။

‘အဆိပ်အတောက်ရှိတဲ့စာ’ ဆိုတာမျိုးကို တစ်စုံတစ်ရာ အတိုင်းအတာအထိ ရင့်ကျက်ပြီးသူများက အလွယ်တကူပဲ သိနိုင်ကြပါတယ်။ အဆိပ်အတောက်ရှိတဲ့ ကာတွန်းမျိုးကတော့ ပုံလှလှလေးတွေ၊ ရယ်စရာ ပြုံးစရာလေးတွေနဲ့ ဆေးခါးကို သကြားလူးထားသလိုမျိုး ရှိတတ်ပါတယ်။ ဆေးခါး မဟုတ်ဘဲ တမြည့်မြည့် လှိုက်စားတတ်တဲ့ အဆိပ်မျိုးသာ ဖြစ်ခဲ့ရင် အားလုံးအတွက် အန္တရာယ်ရှိပါတယ်။

လွန်ခဲ့တဲ့ လအတန်ကြာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကြတဲ့အချိန်မှာ နာမည်ကြီး မီဒီယာကြီးရဲ့ဂျာနယ်မှာ ဖော်ပြထားတဲ့ ကာတွန်းတစ်ကွက်ဆိုရင် မှတ်မိနေပါတယ်။ ခေါင်းပေါင်းနဲ့ ဗမာကြီးရယ်၊ ဒုံးယိမ်းအင်္ကျီနဲ့ ကရင်ကြီးရယ် ပခုံးချင်းဖက်လို့၊ ကျောဘက်က နောက်လက်တစ်ဖက်စီမှာ ဓား၊ လက်နက်ကိုယ်စီနဲ့။ ဘယ်လို ရည်ရွယ်ချက်နဲ့များ ရေးသလဲလို့ အကြိမ်ကြိမ် စဉ်းစားမိပါတယ်။ ဖော်ပြတဲ့ မီဒီယာကရော ဘယ်လိုသဘောထား၊ ဘယ်လို ကျင့်ဝတ်ခံယူချက်နဲ့များ ဖော်ပြခဲ့သလဲလို့ အံ့သြမိပါတယ်။ မီဒီယာကြီးရဲ့ အာဘော်အတိုင်း ရေးရင် ဖော်ပြခံရမှာပဲလို့ ယူဆပြီး ရေးတဲ့သူမျိုးဆိုရင်တော့ ကာတွန်းဆရာကို ဘာမျှမပြောလိုတော့ပါ။ အရာရာကို အုပ်ထိန်း ကွပ်ကဲရမယ့် မီဒီယာကြီးရဲ့တာဝန်သာဖြစ်လာတာ မဟုတ်လားခင်ဗျာ။

မီဒီယာဆိုတာ ‘ငါ့ အယူ၊ ငါ့ လမ်းကြောင်း ၊ ငါ့ ဝါဒ .. အမှန်’ ဆိုတာ ပြောဖို့လား၊ တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းပေးဖို့လားဗျာ။ အကြီးကြီး မပြောလိုပါ။ အများအတွက် အကျိုးယုတ်စေမှာမျိုး ကိုတော့ လူသားတစ်ဦးရဲ့ မွေးရာပါ ကျင့်ဝတ်နဲ့တောင် ရှောင်ကြဉ်သင့်တယ်လို့ ထင်မိပါရဲ့။

ပြီးခဲ့တဲ့ခေတ်ရဲ့ နိုင်ငံပိုင်သတင်းစာ ဖွင့်ကြည့်လိုက်ရင် ဘုန်းတော်ဘွဲ့နဲ့ ဖော်လံဖား ကာတွန်းမျိုးတွေပဲ အမြဲတွေ့ရတော့ စိတ်မချမ်းသာပါဘူး။ ဒီနေ့ ခေတ်ရဲ့ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်များ ဖွင့်ကြည့်ပြန်တော့လည်း ကာတွန်း ၁၀ ခုမှာ ကိုးခုက အပြစ်ရှာ၊ အဆိုးမြင်၊ အကောင်း သုည ဆိုတာမျိုး မြင်ရပြန်တော့ ဝမ်းနည်းရပါတယ်။ ကျန်တဲ့တစ်ခုဟာ ဝါရင့် သက်ကြီး ကာတွန်း ဆရာကြီးတွေရဲ့ လက်ရာဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ လူမျိုးကပဲ ရက်ဒီကယ် (တစ်ဖက်စွန်း ရောက်) စိတ်တွေ သိပ်များနေတာများလား ခင်ဗျာ။ ‘ဒါ’ မဟုတ်ရင် ‘ဟိုဟာ’ ပါပဲ။ ‘ဟိုဒင်း’ ဆိုတာ မရှိစေရ။

တည့်မတ်ထိန်းကျောင်းဖို့၊ ထောက်ပြဝေဖန်ဖို့ ဆိုတာမှန်ပါတယ်။ အဲဒါဟာ အပြစ်ရှာဖို့ လို့တော့လည်း အဓိပ္ပာယ် တိုက်ရိုက် မသက်ရောက်ဘူးလို့ ထင်ပါတယ်။ သိပ်ပြည့်စုံလာတဲ့သူကို အပြစ်ရှာပြတာက တန်ဖိုးရှိပါတယ်။ မပြည့်စုံလွန်းမှန်း သိသာလှတဲ့သူကို အပြစ်သက်သက် ပြောနေတာကတော့ အကျိုး ဖြစ်ထွန်းစေပါ့မလားလို့ စဉ်းစားသင့်ပါတယ်။ ကြိုးစားပြီး အားယူလမ်းလျှောက်နေတဲ့ ကလေးငယ်ကို လက်ခုပ်တီးပေးတာမျိုး၊ ခြေလှမ်းမှန်အောင် ထိန်းပေးတာမျိုးဟာ ‘လဲချည်းနေတာပါပဲကွာ’ လို့ စိတ် ပျက် ရေရွတ်နေတာထက် ပိုအကျိုးမများနိုင်ပါလားဗျာ။

ပိုဆိုးတာကတော့ ကိုယ့်ကလေး လမ်းမလျှောက်နိုင်သေးတာကို ဘေးလူပါခေါ်ပြပြီး ‘ကြည့်ပါဦး၊ လမ်းလျှောက်တာများ ပုံမကျပန်းမကျ’ လို့ ဝိုင်းကဲ့ရဲ့ ပြစ်တင်တာမျိုးပါပဲ။

လူကြီးတွေ ဖတ်ပြီးလို့ တင်ထားတဲ့ ဂျာနယ်၊ သတင်းစာကို ကလေးတွေက ယူပြီးရင် ပထမဆုံး ပုံကြည့်တာပါပဲ။ ကာတွန်းပုံကို ကလေးတိုင်း ကြိုက်ကြတယ်ဗျာ။ စာဖတ်တတ်ခါစ၊ အတွေးဉာဏ် ကွန့်မြူးခါစ ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေရဲ့ ခေါင်းထဲမယ် ‘ဘာ ဘာ ဘာမှမကောင်းဘူး’ ဆိုတာမျိုး သွင်းပေးသလိုဖြစ်ရင် တော်ပါ့မလားဗျာ။ အရာရာတိုင်းကို အဆိုးမြင်တဲ့ ရှုထောင့်ကနေ ကြည့်တတ်အောင် သင်ပေးသလိုမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

ဘဝအမောတွေကို ရယ်စရာလုပ်ပြီး ပြေလျော့စေလိုက်တာမျိုးဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ ဆေးဝါးတစ်မျိုးပါပဲ။ ဆေးဆိုတာမျိုးဟာ တန်ဆေး၊ လွန်ဘေးဆိုတာမျိုး ရှိကြောင်းကိုလည်း မမေ့စေချင်တာပါ။

ရုရှားဟာသတွေဟာ သူတို့ရဲ့အကျည်းတန်ခဲ့တဲ့ ခေတ်တစ်ခေတ်ကို ရယ်စရာ အသွင်ပြောင်းထားတဲ့ ရိုးရာဆေးဝါးတစ်မျိုးပေါ့ဗျာ။ လူကြိုက်များကြပါရဲ့။ ဒါပေမဲ့ ဒီနေ့ခေတ် ရုရှားလူမျိုးတွေရဲ့စိတ်ထဲမယ် သူတို့ရဲ့ ကောင်းကောင်းမကျက်သေးတဲ့ အမာရွတ်တွေကို ပွတ်ပွတ်ကြည့်ရသလို၊ သူတို့ဖင်ပေါ်တုန်း အရိုက်ခံထားရတဲ့ ဓာတ်ပုံလို ခံစားကြရပါသတဲ့။

ငယ်ငယ်က စာမတတ်ရင် ဘာဖြစ်မလဲလို့ ဆရာမကမေးတော့ သူငယ်ချင်း တစ်ယောက်က စာမတတ်ရင် ပုံကြည့်ရမယ်လို့ ပြန်ဖြေတယ်။ စာမဖတ်တတ်သေးတဲ့ ကလေးတွေ၊ စာမဖတ်တတ်သေးတဲ့ လူကြီးတွေ၊ စာကို ဉာဏ်နဲ့ ယှဉ်ဖတ်ပြီး ဆင်ခြင်နိုင်စွမ်း မရှိသေးတဲ့သူတွေ အားလုံးက ပုံတော့ ကြည့်တတ်ကြပါတယ်။ သူတို့ခံစားတတ်တဲ့ နှလုံးသားနဲ့၊ သူတို့ စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်နဲ့ သူတို့တတ်သလို ခံစားကြမှာပါပဲ။

အရုပ်နဲ့ရေးတဲ့ စာတွေဟာ အားဆေးမဟုတ်ရင်တောင် အဆိပ်အတောက် ကင်းကင်းနဲ့ သကြားအုပ်ထားတဲ့ ‘ဆေး’ တွေပဲ အမြဲဖြစ်စေချင်မိတယ်။

(ယက္ခ) ရဲကြီး

Credit To The Voice Weekly
Read More »

အရုဏ်ဦးလွတ်လပ်ရေး (၁၀)


(နေသန်မောင်)

သပိတ်လက်နက်

သပိတ်မှောက် ကျောင်းသားများသည် တက္ကသိုလ်အတွင်းရှိ ကျောင်းဆောင် များမှ ကျောင်းသားများကို စုရုံးခေါ်ယူကာ ရရာဘတ်စ်ကားများဖြင့် သပိတ်စခန်းပြုလုပ်မည့် ရွှေတိဂုံ စေတီတော် ကုန်းပေါ်သို့ သွားရောက် ကြသည်။ ရွှေတိဂုံ စေတီတော် မော်လမြိုင်ဇရပ်၌ တက္ကသိုလ် သပိတ်စခန်း ကို ဖွင့်လှစ်သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ကိုအောင်ဆန်း ကို ကျောင်းမှ ထုတ်ပယ်လိုက်ခြင်းကြောင့် တက္ကသိုလ် အာဏာပိုင်များ၏ လုပ်ရပ်ကို ကျောင်းသားထုက ဒေါသအမျက် ခြောင်းခြောင်းထပြီး သပိတ်ကို အင်တိုက်အားတိုက် ဆင်နွှဲကြတော့သည်။

အခြေအနေမှာ ပိုဆိုးလာသည်။ တစ်နိုင်ငံလုံးက ကျောင်းသား သပိတ်ကို အာရုံစိုက်လာကြသည်။ ရန်ကုန်ရှိ အထက်တန်း ကျောင်းသားများလည်း သပိတ်၌ ပူးပေါင်း ပါဝင်လာသည်။ မြို့မိမြို့ဖများနှင့် ပြည်သူများသည် သပိတ်စခန်းသို့ ငွေများ လှူဒါန်းခြင်း၊ အစားအစာများ ထောက်ပံ့ခြင်း များ ပြုလုပ်၍ အရေးတော်ပုံကို ကူညီကြသည်။ တက္ကသိုလ်ကောင်စီ အရေးပေါ် အစည်းအဝေးကို မတ်လ ၂ ရက်နေ့တွင် ခေါ်ယူကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

တက္ကသိုလ် ကျောင်းသားသပိတ်သည် ဖေဖော်ဝါရီ ၂၅ ရက်မှ မေ ၁ ရက် အထိ ၇၆ ရက်တိုင်တိုင် ကြာမြင့်ခဲ့သည်။ သပိတ်မှောက်ကောင်စီ ဥက္ကဋ္ဌ အဖြစ် ကိုနု၊ ဒုတိယ ဥက္ကဋ္ဌ ကိုရာရှစ်နှင့် အတွင်းရေးမှူး ကိုအောင်ဆန်းတို့ ဦးဆောင်ကာ ဖွဲ့စည်းလိုက်သည်။ ကျောင်းသားသပိတ်ကြောင့် တက္ကသိုလ် လောက၌ ခပ်ကြောင်ကြောင်ဟု သတ်မှတ်ခံထားရသည့် ကိုအောင်ဆန်းမှာ များစွာ ကျော်ကြားလာသည်။ ကျောင်းသားထုသည် ကိုအောင်ဆန်းကို ကျောင်းသားခေါင်းဆောင်အဖြစ် အသိအမှတ် ပြုခဲ့ ကြသည်။ သတင်းစာများကလည်း ကိုနု၊ ကိုအောင်ဆန်းနှင့် သပိတ်ခေါင်းဆောင်များကို အနာဂတ် မြန်မာပြည် လွတ်မြောက်ရေး ဆောင်ရွက်သူများဟု အမွှမ်းတင် ရေးသားကြ သလို တော်လှန်သော ကျောင်းသားသူပုန်အဖြစ် ထောက်ခံရေးသား ကြသည်။

သပိတ်စခန်း၌ ကိုအောင်ဆန်းက မိန့်ခွန်းပြောသည်။ ကိုအောင်ဆန်း၏ စကားပြောဟန်မှာ ယခင်အတိုင်း တိုးတက်မှု မရှိသေး။ ထို့ကြောင့် ကိုအောင်ဆန်းနှင့် ရင်းနှီးသူ ကိုဌေးမြိုင် (စာရေးဆရာ ဒဂုန်တာရာ) က သူရေးသားသော အောင်ဆန်း (သို့) အရိုင်းဆောင်းပါး၌ ရုပ်ကလည်း မဖြောင့်၊ စကားပြောလည်း မပြေပြစ်။ သို့ဖြစ်၍ မကျေနပ်ဟု မှတ်တမ်းတင် ခဲ့သည်။

ထိုမျှ အပူတပြင်း အရေးကြီးသော ကာလအတွင်း ကျောင်းသားသပိတ်နှင့် ပတ်သက်ပြီး ကိုညိုမြကို ကိုအောင်ဆန်းက အေးအေးနေပါဟု စကား တစ်ခွန်းသာ ဆိုသည်။ ၎င်းတို့အချင်းချင်းကြား နက်နဲ ရှုပ်ထွေးလှသော စည်းဝါးရိုက်မှု၊ စက်ပုန်းခုတ်မှုများ မရှိခဲ့ဟု ကိုညိုမြက ဆိုသည်။

၁၉၂၀ တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးရန်၊ ကျောင်းထုတ်ခံ ရသည့် ကျောင်းသားများကို ပြန်လည် လက်ခံရန်၊ ကျောင်းအာဏာပိုင်များ၏ တစ်ချက်လွှတ် ကျောင်းထုတ်မိန့်ကို ဖျက်သိမ်းပေးရန်၊ ကျောင်းလခ များ လျှော့ချပေးရန်၊ တက္ကသိုလ်ကောင်စီ၌ ကျောင်းသား ကိုယ်စားလှယ် တစ်ဦးကို လက်ခံပေးရန် ကျောင်းသားသပိတ်က တောင်းဆိုထားသည်။ သပိတ်ကို တို့ဗမာ အစည်းအရုံးမှ သခင်များ၊ ဥပဒေပြု လွှတ်တော် မှ နိုင်ငံရေးသမားများပင် တက်တက်ကြွကြွ အားပေးကြသည်။ သပိတ်သည် ရက်မှလသို့ ကြာမြင့်လာသည်နှင့် ထောက်ခံမှုများ ပိုမိုရရှိလာကာ ရဟန်း သံဃာများနှင့် လယ်သမားများက အားပေးကြောင်း ပြသလာကြသည်။

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော နယူးဘားမား (New Burma) သတင်းစာ၌ ကိုအောင်ဆန်း၏အစ်ကို ကိုအောင်သန်းမှာ လက်ထောက် အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်နေရာ ကျောင်းသားသပိတ်အကြောင်း ဗြိတိသျှ အာဏာပိုင်များ ထိတ်လန့် တုန်လှုပ်ဖွယ်ဖြစ်အောင် ရေးသားဖော်ပြ သည်။ မြန်မာ့အလင်း သတင်းစာ၏ ည အယ်ဒီတာ ရွှေပိန်သောင်းက သပိတ်ကာလအတွင်း ကိုအောင်ဆန်းသည် သပိတ်ကောင်စီ ကြေညာချက် များကို သတင်းစာတိုက်များသို့ သွားရောက် ပေးပို့မှုကို ပြန်ပြောင်း ပြောဆို ရာတွင် ကျောင်းသားအရေးကို ပိုမို လှုံ့ဆော်ပေးရန် ကိုအောင်ဆန်းက ပြော ဆိုခဲ့သည်ဟု ၁၉၅၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်လည်ရေးသား ဖော်ပြခဲ့သည်။

ကျောင်းသားသပိတ် ပေါ်ပေါက်ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီး ဥပဒေပြုရန် ဖြစ်လာရာ ဥပဒေပြုကောင်စီ၌ အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်လာသည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆက်၊ ဒေါက်တာဘဟန်၊ ဦးဘလွင်၊ ဦးဘသိန်း၊ ဦးသိမ်းမောင်နှင့် ဆန်ဒါးဘဟာဒူးတို့ ခြောက်ဦးပါ အဖွဲ့ဖြင့် ဘုရင်ခံ ဆာဒေါ်မန်စမစ်ခ်ျက ဖွဲ့စည်းပေးလိုက်သည်။ မတ်လအတွင်း ဥပဒေပြုကောင်စီ၌ စကား စစ်ထိုး ငြင်းခုံမှုများ ပြုလုပ်ရာ နန်းရင်းဝန် ဒေါက်တာဘမော်က ပညာရေး ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ယူထားသူဖြစ်ပြီး သပိတ်မှောက် တောင်းဆိုချက် များကို လိုက်လျောပေးဖို့ ကြိုးစားခဲ့သည်။

ကျောင်းသား သပိတ်၏ သြဇာ တစ်နိုင်ငံလုံးအနှံ့ ကြီးထွား လာနေသောကြောင့် အစိုးရသည် ကျောင်းသားခေါင်းဆောင်များနှင့် အပေးအယူလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သပိတ်ကောင်စီ၏ အဓိက တောင်းဆိုချက် ဖြစ်သည့် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေး ရန် သဘောတူညီလိုက်ပြီး ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်ကို တက္ကသိုလ် စည်းမျဉ်းနဲ့အညီ တာဝန်မှ အငြိမ်းစား ပေးလိုက်ကာ မြန်မာစာ ပါမောက္ခ ဦးဖေမောင်တင်ကို ခန့်ထားလိုက်သည်။ ဦးဖေမောင်တင်သည် ဗြိတိသျှ ကိုလိုနီလက်အောက် ပထမဆုံး မြန်မာလူမျိုး တက္ကသိုလ်ပါမောက္ခချုပ် ဖြစ် လာသည်။

သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များ လိုက်လျောမှုများ ရှိသဖြင့် ကျောင်းထုတ်ခံရသော ကိုနုနှင့် ကိုအောင်ဆန်းတို့ ကျောင်းပြန် တက်ခွင့် ရရှိခဲ့သည်။ ထို့ကြောင့် ၁၉၃၆ ခုနှစ် မေလ ၁ ရက်နေ့တွင် သပိတ်ကို လှန်လိုက်သည်။ တက္ကသိုလ် အက်ဥပဒေအတွင်း တောင်းဆိုချက် များကို ထည့်သွင်းပေးမည်ဟု အစိုးရက ကတိခံသည်။ သမဂ္ဂဥက္ကဋ္ဌ ကိုနုသည် တစ်ပိုင်းတစ်စ ဖြစ်နေသော ဥပဒေပညာကို ဆက်လက် မသင်ယူတော့ဘဲ ကျောင်းမှထွက်ကာ ဦးဘချို ဦးစီးသော ဒီးဒုတ် ဂျာနယ်တိုက်၌ အလုပ်သင်အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။
ကိုအောင်ဆန်းသည် တက္ကသိုလ်သို့ ပြန်ရောက်လာပြီး အိုးဝေ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ကာ ကိုညိုမြကို တာဝန်လွှဲပေးသည်။ ကိုအောင်ဆန်းက သူလုပ်ရန်ရှိသော အလုပ် အချို့ကို လွှဲပြောင်းယူရန် ကိုညိုမြကို ပြောဆိုရာ ကိုညိုမြက ဂျာနယ် အယ်ဒီတာ တာဝန်ယူထားပြီးဖြစ်၍ အခြား အလုပ်များ လက်မခံနိုင်ဟု ပြန်ပြောရာ ကိုအောင်ဆန်းသည် ရှူးရှူးရှားရှားဖြစ်ပြီး ထသတ်ရန် ပြင်သည်။ သမဂ္ဂ အလုပ်အမှုဆောင်များက ဝင်၍ ဖျန်ဖြေသဖြင့် ပြီးသွားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ကိုညိုမြက ...

“ကိုအောင်ဆန်းကား စိတ်တိုတတ်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂ ရဲဘော်များမှအပ သူ့အဖို့ မိတ်ဆွေများများ မရှိပေ” ဟု ဆိုသည်။ နောက်တစ်နေ့ ညနေ၌ ကိုအောင်ဆန်းသည် ကိုညိုမြထံ သွားရောက် တွေ့ဆုံပြီး သူ့အနေနှင့် စိတ်မကောင်း ဖြစ်နေ၍ ကျူးလွန် မိကြောင်း ဝန်ခံတောင်းပန်သည်။

၁၉၃၆-၃၇ စာသင်နှစ် သမဂ္ဂဥက္ကဋ္ဌမှာ ကိုရာရှစ် ဖြစ်လာပြီး ကိုအောင်ဆန်း မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုရာရှစ် ဥက္ကဋ္ဌ တာဝန် ယူနေစဉ် ကျောင်းသားအချို့က အယုံအကြည်မရှိ အဆို တင်သွင်းရာ တက္ကသိုလ်ဆေးရုံ၌ ဖျားနာ၍ ဆေးရုံတက်နေသော ကိုအောင်ဆန်းက သမဂ္ဂသို့ သွားရောက်ပြီး ကိုရာရှစ်၏ ကောင်းကွက်များကို ပြောဆိုသည်။ အတိုက်အခံ ကျောင်းသားများက ကိုရာရှစ်ကို လူမျိုးရေးအရ ဝေဖန် တိုက်ခိုက်ကြရာ ကိုအောင်ဆန်းက ဒေါသထွက်လာပြီး“ရဲရင် ထွက်ခဲ့” ဟု စိန်ခေါ်လေသည်။ ထိုအခါ ကိုရာရှစ်ကို ဆန့်ကျင်သော ကျောင်းသားများက သူတို့၏ အဆိုကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။ ထိုအချိန်၌ ကိုအောင်ဆန်း သည် ဒုတိယ ကျောင်းသား သပိတ်ကြောင့် တက္ကသိုလ်အတွင်း ထင်ရှားသော ခေါင်းဆောင် တစ်ဦး ဖြစ်လာနေသည်။ သပိတ်ကာလအတွင်း ရဲရဲတောက် တရားဟောပြီး စည်းရုံးခဲ့သော ကိုအောင်ဆန်း၏ အရည်အချင်း ကို ကျောင်းသား အများစုက အသိအမှတ် ပြုထားသော အချိန်ဖြစ်သည်။

ဒုတိယ ကျောင်းသားသပိတ်ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းသားများ အကြား စည်းလုံးညီညွတ်မှု တိုးတက်လာသောကြောင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကို တည်ထောင်လိုက်ပြီး ကိုအောင်ဆန်းကို (ဗကသ) ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ၁၉၃၅ ဗမာနိုင်ငံ အက်ဥပဒေသစ်ကို ပြဋ္ဌာန်းရာ ယင်းဥပဒေကြောင့် ၁၉၂၃ ခုနှစ်မှ စတင်ခဲ့သော ဗြိတိသျှတို့၏ ဒိုင်အာခီ အုပ်ချုပ်ရေးမှာ ပျက်ပြယ်သွားပြီး ၉၁ ဌာန အုပ်ချုပ်ရေးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ၉၁ ဌာန အုပ်ချုပ်ရေးတွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဒေါက်တာဘမော်သည် နန်းရင်းဝန် ဖြစ်လာသည်။ ဂဠုန်ဦးစောသည် ဥပဒေပြု လွှတ်တော်အမတ် အများစု ပါဝင်သော မျိုးချစ် ပါတီကို ထူထောင်လိုက်သည်။ ဦးစော၏ မျိုးချစ်ပါတီသည် ငွေတိုးချေးစားသူ များ၊ စီးပွားရေး လုပ်ငန်းရှင် အများစု၏ ထောက်ခံမှုကို ရရှိပြီး ဥပဒေပြု လွှတ်တော်တွင် တွင်ကျယ်သည်။ မျိုးချစ် ပါတီသည် အမြို့မြို့ အနယ်နယ် တိုင်း၌ ဂဠုန်တပ်များကို ဖွဲ့စည်းပြီး ဦးစော၏ နိုင်ငံရေး ကျော်စောမှုရရန် အဓိကဆောင်ရွက်သည်။

မျိုးချစ် ပါတီဝင် ဂဠုန် တပ်ဖွဲ့များသည် ဒေါက်တာဘမော် အစိုးရ ပြုတ်ကျ သည့် ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ နောက်ပိုင်း၌ တို့ဗမာ အစည်းအရုံးဝင် သခင်များနှင့် ထိပ်တိုက်တိုးမှုများ ပေါ်ပေါက်လာသည်။ တို့ဗမာ အစည်းအရုံး ဌာနချုပ်က ဦးစော၏ ဂဠုန်တပ်များနှင့် ဦးစောကို တွေ့သည့် နေရာ၌ သံပုံးတီး တောထုတ်ရန် အမိန့်ထုတ် ထားသည်။ သခင်ပါတီ၏ လုပ်ရပ်ကို တုံ့ပြန်သည့် အနေနှင့် ဦးစောက သံပုံးတီးသူများကို ဝါးရင်းတုတ်ဖြင့် ရိုက်မည်ဟု ကြိမ်းသည်။ ထို့နောက် သံပုံးတီးသူများနှင့် ဝါးရင်းတုတ် ရိုက်သူများအကြား ပဋိပက္ခမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ နောက်ပိုင်း ပြင်းထန်လာခဲ့သည်။

ဗမာပြည် အစိုးရသည် ၁၉၃၅ ခုနှစ် ဗမာပြည် အက်ဥပဒေအရ အိန္ဒိယနိုင်ငံမှ ခွဲထွက်ခဲ့ရာ ယင်းအိန္ဒိယ ဗဟိုအစိုးရက ချုပ်ကိုင်ထားသော ဌာနများကို ဗမာအစိုးရက လွှဲပြောင်းရယူခဲ့သော်လည်း ဗမာများအနေနှင့် ထိရောက်သော ဌာနများကို သဘောကျ စီမံခန့်ခွဲခွင့် မရှိခဲ့ပေ။ ဘုရင်ခံသည် နိုင်ငံခြားရေး၊ ငွေကြေးဆိုင်ရာ မူဝါဒနှင့် ငွေစက္ကူ ထုတ်ဝေရေး၊ ရှမ်းပြည်နှင့် တောင်တန်းဒေသ အုပ်ချုပ်ရေးများကို တိုက်ရိုက် ချုပ်ကိုင်ထားပြီး ကျန် ၉၁ ဌာနကိုသာ ဗမာတို့က စီမံရသဖြင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု အမည်တွင်သည်။

ကိုနုသည် ဆိုရှယ်လစ် ဝါဒအကြောင်း ရေးသားထားသော လူမွဲတို့၏ ထွက်ရပ်လမ်း စာအုပ်ကို ထုတ်ဝေရန်နှင့် စာပေထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ရန် ၁၉၃၇ ခုနှစ် ဧပြီလ၌ စကော့မားကတ်တွင် နဂါးနီ စာပေတိုက် ကို ထူထောင်လိုက်သည်။

နဂါးနီ စာပေတိုက်သည် ၁၉၃၆ သပိတ်မှောက် ကျောင်းသားများကြား ဆိုရှယ်လစ် အတွေးအခေါ်ဆိုင်ရာ လေ့လာမှုများ ပြင်းထန်နေချိန်တွင် လက်ဝဲ အတွေးအခေါ်ဆိုင်ရာ ထောက်ခံ အားပေးသော စာပေတိုက်ကြီး တစ်ခု ဖြစ်လာသည်။ နိုင်ငံရေးလောကအတွင်း ဆိုရှယ်လစ်နှင့် ကွန်မြူနစ် ဆိုင်ရာ အတွေးအခေါ်စာပေများ ပိုမိုဝင်ရောက်လာသည်။ ကိုအောင်ဆန်း သည်လည်း ဆိုရှယ်လစ် စာပေများကို လေ့လာနေသည်။

တို့ဗမာ အစည်းအရုံးသည် ကျောင်းသား၊ လူငယ်၊ လယ်သမား၊ အလုပ်သမားများကြား ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးမှုများ ပြုလုပ်ပြီး အင်အား တောင့်တင်းလာသည်။ သို့သော် လူငယ် မျိုးဆက် များကို ခေါင်းဆောင်မှုအပိုင်း၌ အစားမထိုးနိုင်ခြင်းကြောင့် ထင်သလောက် မတွင် ကျယ်ဘဲ ဖြစ်နေသည်။

ကိုရာရှစ် ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးသောအခါ ဒုတိယ ဥက္ကဋ္ဌ ကိုအောင်ဆန်း ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရမည် ဖြစ်သော်လည်း ကိုထွန်းအုံ၊ ကိုလှရွှေ၊ ကိုဗဟိန်း၊ ကိုသိန်းအောင် စသော အလုပ်အမှုဆောင်များက ကိုအောင်ဆန်း၏ လူမှုဆက်ဆံရေး ညံ့ဖျင်းနေခြင်း၊ ထောင့်မကျိုးခြင်း များကြောင့် တစ်နှစ် စောင့်ကြည်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ကိုအောင်ဆန်း သည် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ ဆုံးမချက်ကို ပြန်မပြောဘဲ လိုက်နာခဲ့သည်။

၁၉၃၇-၃၈ တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ဥက္ကဋ္ဌမှာ ကိုဘဂျမ်း ဖြစ်လာ သည်။ ကိုအောင်ဆန်းသည် ဘီအေ ဝိဇ္ဇာဘွဲ့ ရရှိပြီး ဥပဒေတန်းကို ဆက်လက် သင်ယူသည်။ ကျောင်းစာကို တစ်ဖက်က လုံးပန်းရင် အခြား တစ်ဖက်ကလည်း နိုင်ငံရေး စာပေများ လိုက်စားခြင်း၊ သခင်များနှင့် ပေါင်းသင်းခြင်းများ လုပ်သည်။ နွေရာသီ ကျောင်းပိတ်ရက် ၌ပင် နတ်မောက်သို့ မပြန်တော့ဘဲ ကျောင်း၌သာနေသည်။ ကျောင်း ပိတ်ရက်အတွင်း ကျောင်းဆောင်တွင် နေထိုင်ခွင့် မရှိသဖြင့် သမဂ္ဂ အဆောက်အအုံအတွင်း ကြုံသလိုနေသည်။ သမဂ္ဂ အဆောက်အအုံရှိ ခုံတန်းလျား တစ်ခုတွင် အိပ်၍ ပေပေတေတေနေသည်။

၁၉၃၈-၃၉ စာသင်နှစ်၌ ကိုအောင်ဆန်းသည် တကသ ဥက္ကဋ္ဌ ဖြစ်လာသလို ဗကသ ဥက္ကဋ္ဌ တာဝန်ကိုပါ တွဲဖက် ယူထားရသည်။ ထို့အပြင် တက္ကသိုလ် ကောင်စီရှိ ကျောင်းသား ကိုယ်စားလှယ် အဖြစ်ပါ ခန့်အပ်ခြင်း ခံရသည်။ ကိုအောင်ဆန်းမှာ ဒုတိယကျောင်းသားသပိတ်၏ တောင်းဆိုချက် အရ တက္ကသိုလ်ကောင်စီ၌ ကျောင်းသား ကိုယ်စားလှယ် ထည့်သွင်းခွင့်ရပြီး ပထမဆုံး ကိုယ်စားလှယ် ဖြစ်လာသူ ဖြစ်သည်။ တကသ ဥက္ကဋ္ဌဟောင်း ကိုဘဂျမ်းက ဥက္ကဋ္ဌသစ် ကိုအောင်ဆန်းကို ရာထူး လွှဲပေးသည့် ကျမ်းကျိန် အခမ်းအနားတွင် ကိုအောင်ဆန်းသည် ဥက္ကဋ္ဌအဖြစ် မိန့်ခွန်းပြောသည်။ အင်္ဂလိပ်လို မိန့်ခွန်းပြောသော ထိုအခမ်းအနားသို့ နန်းရင်းဝန် ဒေါက်တာ ဘမော်ကိုလည်း ဖိတ်ကြားထားသည်။ ဒေါက်တာဘမော်သည် စကားပြော ကောင်းသူဖြစ်ပြီး အင်္ဂလိပ် စကားကို အင်္ဂလိပ်များ မျက်ရည်ဝဲ နှလုံးခိုက်သွားသည်အထိ ပြောနိုင်စွမ်း ရှိသူဟု နာမည်ကျော်သူ ဖြစ်သည်။ ကိုအောင်ဆန်းသည် ဒေါက်တာဘမော်၏ အင်္ဂလိပ်စကားပြောပုံ လေယူလေသိမ်းကို အတုယူပြီး ပြောဆိုသူ အဖြစ် ကျောင်းသားလောက၌ ထင်ရှားသည်။

သမဂ္ဂ ဥက္ကဋ္ဌအဖြစ် မိန့်ခွန်းပြောသော အခမ်းအနားသို့ တက်ရောက်ခဲ့သူ စာရေးဆရာ ဒဂုန်တာရာက သူမြင်တွေ့ရသော မြင်ကွင်းကို ဤသို့ ပုံဖော်ခဲ့သည်။

“ကိုအောင်ဆန်းပြောသော ဥက္ကဋ္ဌ မိန့်ခွန်းတွင် လူသားဝါဒ (Humanism) အကြောင်းကို အဓိကထား၍ ပြောဆိုသွားသည်။ ဒေါက်တာဘမော်က ကိုအောင်ဆန်း မိန့်ခွန်းကို ရည်ညွှန်းကာ ကျွန်တော်တို့ရဲ့ လူသားဝါဒရှင် ဥက္ကဋ္ဌကြီး (Our humanism president) ဟု ကိုးကားပြောဆိုသွားသည်။ ထိုညက ဥက္ကဋ္ဌ၏ မိန့်ခွန်းကို ကြိုက်သွားကြသည်။ ပရိသတ်ကလည်း ၁၉၃၆ သပိတ်မှောက်ပြီး နိုးကြားနေသော ကျောင်းသား ပရိသတ်။ ထိုည သူ့ကို စွဲသွားကြပြီ”

(ဆက်လက်ဖော်ပြပါမည်။)

Credit To The Voice Weekly

Read More »

ပြောင်းလဲပြီးရင်း ပြောင်းလဲနေသော မြန်မာ့ပညာရေးလောက


ပညာရေးလောကထဲတွင် ကျင်လည် ကျက်စားနေတဲ့ ကျွန်မအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ သတင်းစကားတွေကိုတော့ မက်မက်မောမောကို ဖတ်ဖြစ်ပါတယ်။ ဖတ်လိုက်တိုင်းလည်း ရင်တွေမောရပါတယ်။ ပညာရေးကို စမ်းသပ်လိုက်တာဖြင့် ကျွန်မတို့ ကျောင်းသူသက်တမ်း တစ်လျှောက်၊ အခု ကျွန်မတို့ ဆရာမ သက်တမ်း တစ်လျှောက်လုံးပါပဲ။ အခုလည်း တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အပြင် တစ်ဆယ့်တစ်တန်း၊ တစ်ဆယ့်နှစ်တန်း ထားကြမယ် ဆိုတဲ့သတင်းတွေ ကြားရသလို သင်ကြားနည်းစနစ်နဲ့ပတ်သက်လို့လည်း CCA ဆိုတာ စလာလို့နဲ့ တူပါတယ်။ သူငယ်တန်းနဲ့ ပထမတန်းမှာ စာမေးပွဲ မစစ်တော့ဘူးလို့လည်း ကြားသိရပြန်ပါတယ်။ တတ်မြောက်မှု စစ်ဆေးခြင်းဆိုတာပဲ လုပ်မယ်လို့ ကြားသိရပါတယ်။ အဓိပ္ပာယ်ကတော့ အလွတ်ကျက်စရာ မလိုတာကို အလွတ်မကျက်မှတ်စေဘဲ သင်ကြားလိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လောက် တတ်သိသွားပြီလဲဆိုတာ စစ်ဆေးခြင်း ဖြစ်ဟန်တူပါတယ်။

တက္ကသိုလ်ဝင်တန်း မေးခွန်းကိုလည်း တစ်စုံတည်း ထုတ်တော့မယ် ဆိုတာလည်း သိရပြန်ပါတယ်။ ကျွန်မတို့ ဘယ်လိုဘယ်ပုံ သင်ကြားစနစ်တွေ၊ သင်ရိုးတွေ၊ စာမေးပွဲပုံစံတွေ ပြောင်းပြောင်း တကယ်တော့ ကျွန်မတို့ရဲ့ ပညာရေးဟာ စိတ်ကူးယဉ်ပညာရေး မဖြစ်သင့်တော့တာပါပဲ။ The Voice မှာ ပြုပြင်ပြောင်းလဲမည့် ခေတ်မီပညာရေးစနစ်နှင့် ကျူရှင်ကဏ္ဍ ဆောင်းပါးမှာ ဆောင်းပါးရှင်က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က မှတ်ဉာဏ်ကို ဦးစားပေး စစ်ဆေးတဲ့ ပညာရေးစနစ်လို့ဆိုပါတယ်။ အင်မတန်မှန်ပါတယ်။ ဘာကြောင့် အဲဒီလိုစနစ်မျိုး ဖြစ်သွားပါသလဲ။

အခုလက်ရှိ တက္ကသိုလ်တွေမှာ ပါမောက္ခကြီးတွေ ဖြစ်နေတဲ့သူတွေဟာ ကျွန်မလိုပဲ ငါးတန်းရောက်မှ အေ၊ ဘီ၊ စီ၊ ဒီ သင်ခဲ့ရတဲ့ မျိုးဆက်ပါ။ ကျွန်မတို့နဲ့ တစ်ခေတ်တည်း ဘွဲ့ရခဲ့တဲ့သူတွေဟာ မိမိတို့ သင်ယူအထူးပြုတဲ့ ဘာသာရပ်တွေ အားလုံးကို မြန်မာလိုချည်း သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ ဆရာဖြစ်တဲ့ အချိန်ကျတော့ နဝမတန်းကစလို့ အားလုံးအင်္ဂလိပ်လို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဘာသာရပ်ကိုသာ ကျွမ်းကျင်ပြီး အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေဟာ အင်မတန်ကို အခက်အခဲ တွေ့ရပါတယ်။ ဒါပေမဲ့ ဆရာတွေအားလုံးဟာ မဖြစ်ဖြစ်အောင် သင်ကြားပို့ချခဲ့ရပါတယ်။ ကလေးတွေကလည်း အဋ္ဌမတန်းထိ အားလုံးမြန်မာလို သင်ကြားရာကနေ ကိုးတန်းလည်း ရောက်သွားရော အင်္ဂလိပ်လို သင်ယူရတဲ့အတွက် သူတို့မှာ ဘာသာရပ်ကို နားလည်ရင်တောင် ကိုယ်နားလည်တာကို နားလည်သလို ပြန်လည်ရေးသားနိုင်တဲ့ အင်္ဂလိပ်စာစွမ်းရည် မရှိရှာပါဘူး။ ကလေးတွေရဲ့ အဖြေလွှာကို စစ်ဆေးတဲ့ ဆရာမကရော ကလေးက သူနားလည်တာကို သူ့ဟာသူ အင်္ဂလိပ်လို ပြန်ရေးထားတာကို မှန်၊ မမှန် တကယ့်ကို အရည်အချင်း အပြည့်နဲ့ ပြန်စစ်ဆေးပေးနိုင်သလား ဆိုတော့လည်း မစစ်ဆေးနိုင်ပါဘူး။

ဒီတော့ ကလေးတွေဟာ ဘာသာရပ်တွေကို နားလည်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် အလွတ်ကျက်မှတ် ဖြေဆိုရတဲ့ဘဝကို ရောက်သွားပါတယ်။ ဆရာ၊ ဆရာမကလည်း သူပေးထားတဲ့အတိုင်း ကျက်မှတ်ဖြေဆိုတဲ့သူကိုပဲ အမှတ်အပြည့် ပေးရဲတဲ့အတွက် အလွတ်ကျက်မှတ် ဖြေဆိုမှုကိုပဲ ကလေးတွေခမျာမှာ အားထားရတာမှ ၏၊ သည်၊ ၍ မလွဲ ကျက်မှတ်နိုင်အောင်ကို ကြိုးစားအားထုတ်လာတာကို တွေ့ရပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အင်္ဂလိပ်ဘာသာစကား အခက်အခဲ၊ ကျောင်းသူ ကျောင်းသားကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာ အခက်အခဲတွေကြောင့် အလွတ်ကျက်မှတ်ပေးတဲ့ ကျူရှင်တွေကို တက်ရပါတယ်။ ကျူရှင်တွေမှာ ဆရာ၊ ဆရာမတွေက စာကိုရှင်းပြပြီးရင် သံချပ်တိုင်သလို တိုင်ပေးပြီး စာကျက်ပေးရရှာပါတယ်။ တချို့ဆရာတွေများဆိုရင် ကလေးစာကျက်ရ လွယ်အောင် ဇီဝဗေဒ ဘာသာရပ်ထဲက စာတွေကို သီချင်းအလိုက် ကလေးတွေ ထည့်ပေးပြီး သင်ပေးတဲ့အခါ စာကိုကျက်တာမျိုးထက် မြန်မြန် ဆန်ဆန်ရသွားတာကို တွေ့ရလို့ ကလေးတွေ တော်တော်များများ အဲဒီကျူရှင်ကို တက်ကြတာ ကျွန်မတွေ့ဖူးပါတယ်။

ဘာသာရပ်အလိုက် ဆရာတွေဟာ ကိုယ့်ဟာကိုယ် ကျူရှင်ခန်းတွေ ဖွင့်ရင်းက ဘာသာစုံကို တစ်နေရာတည်း တက်လို့ရအောင် ဘာသာစုံတွေ ဖွင့်လာကြတယ်။ နောက်ပိုင်းမှာ တက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အိမ်မှာ ခေါ်သင်လာကြတယ်။ အဲဒီကနေတစ်ဆင့် စာကူကျက်ပေးမယ့် Guide တွေ ပေါ်လာတယ်။ Guide ခေါ်တဲ့အခါမှာလည်း တကယ်ကို ထူးထူးချွန်ချွန်နဲ့ အောင်ခဲ့တဲ့သူတွေကို ခေါ်ကြတာပါပဲ။ တကယ်တော့ Guide ဆိုတာ စာကူကျက်ပေးတာပါပဲ။ ဒါပေမဲ့ Guide လုပ်သက် ရင့်လာတော့လည်း အတွေ့အကြုံအရ သူကိုယ်တိုင်လည်း ဆရာတစ်ဦးလို သင်နိုင်ပါပြီ။ ဒါကြောင့်လည်း ဆရာဝန်တွေ ဦးစီးဖွင့်လှစ်တဲ့ တက္ကသိုလ်ဝင်တန်း ဘော်ဒါတွေ၊ ကျူရှင်ကျောင်းတွေ ပေါ်ထွက်လာခဲ့တာပေါ့။ သူတို့တွေဟာ ပညာရေးဘွဲ့ရတွေ မဟုတ်ပါဘူး။

နိုင်ငံခြားမှာ ပညာရေးဘွဲ့မရရင် ပညာသင်ကြားခွင့်မရတာ မှန်ပါတယ်။ ဒီတော့ ကျွန်မတို့ စဉ်းစားရမှာက နိုင်ငံခြားမှာ ပညာရေးဘွဲ့အတွက် ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ဖွင့်လှစ်ထားတာလဲ။ ကျွန်မတို့ တိုင်းပြည်လို ဝန်ထမ်းပဲတက်ရောက်ခွင့်ရှိတယ် ဆိုတာမျိုး၊ တက္ကသိုလ်ဝင်တန်း အောင်ပြီးရင် လျှောက်ရတာမျိုးလား။ ဒါမှမဟုတ် ဝိဇ္ဇာ၊ သိပ္ပံ ဘွဲ့တစ်ခုရပြီးတာနဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ် မူတည်ပြီး တက်ရောက်ခွင့် ရှိတာမျိုးလား။ စသဖြင့် လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စနစ်တွေက မတူတော့ နိုင်ငံခြားမှာ လုပ်တိုင်းလည်း လိုက်လုပ်မရတာမျိုးလည်း ရှိပါတယ်။

နောက်ပြီး ခေတ်စနစ်က ချပေးလိုက်တဲ့ ပညာရေးစနစ်ဟာ နိုင်ငံတော်မှာ ဘယ်လိုဘယ်ပုံနဲ့ အသုံးချဖို့လဲဆိုတာ အလွန်အရေးကြီးတဲ့ အချက်ပါ။ ဗြိတိန်နိုင်ငံ ပညာရေးမှာ အခြေခံပညာအဆင့်မှာ GCE အဆင့်ကို N level, O level, A level ဆိုပြီး ၈ တန်းအဆင့်၊ ၁၀ တန်း အဆင့်၊ ၁၂ တန်း အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ N level အဆင့်ကို အောင်မြင်ပြီးတဲ့သူ တွေဟာ သူ့အဆင့်နဲ့လိုက်မီတဲ့ အသက်မွေးမှုကျောင်းကို တက်လို့ရပါတယ်။ အရင်တုန်းက ကျွန်မတို့ ဆီမှာရှိခဲ့တဲ့ စက်မှုလက်မှု အထက်တန်းကျောင်းလိုဟာမျိုး ဖြစ်မှာပါ။ ဒီလိုအဆင့်ဆင့် သွားကြတာပါ။ စင်ကာပူမှာလည်း N level အောင်ပြီးတဲ့လူဟာ ITE ကိုဆက်တက်လို့ရသလို O level ပြီးတဲ့လူကလည်း Poly tech ကိုတက်ကြပြီး၊ A level ပြီးတဲ့သူကတော့ တက္ကသိုလ်ကိုတန်းပြီး တက်ခွင့်ရပါတယ်။ ထူးခြားတာက သူ့အဆင့်နဲ့ သူဆည်းပူးတဲ့ ပညာရပ်အလိုက်၊ အဆင့်အလိုက် လုပ်ငန်းခွင် ဝင်ခွင့်ရအောင် ဖန်တီးထားတာပါပဲ။ လုပ်သားအစားထိုးမှုလို့ ခေါ်မယ်ထင်ပါတယ်။

ကျွန်မတို့ တိုင်းပြည်မှာ အဲဒီလိုအဆင့်ဆင့်တွေ လုပ်ချင်ရင် အလုပ်အကိုင် အခွင့်အလမ်းကလည်း အဆင့်ဆင့် ဖန်တီးပေးရမှာပါ။ နိုင်ငံခြားက စနစ်ကောင်းတွေကို အတုခိုးတဲ့အခါလည်း တိုက်ရိုက်ယူသုံးလို့ မရသေးတာတွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက တိုင်းပြည်ကို တိုးတက်စေချင်ကြပါတယ်။ မတိုးတက်သေး တဲ့အတွက် မချင့်မရဲဖြစ်တဲ့ အခါလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ ပညာရေးကို တိုးတက်စေချင်တယ်ဆိုရင် မတိုးတက်တာ ဘာကြောင့်လဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကလေးတွေ စာကို အလွတ်ကျက်မှတ်နေတာဟာ ဘာကြောင့် အလွတ်ကျက်မှတ် နေရသလဲ ဆိုတာကို အဖြေရှာရမှာ ဖြစ်ပါတယ်။ နေ့ရော၊ ညပါ ကျူရှင်တွေနဲ့ ပိနေရင် ဘာကြောင့် ဒီလိုပိကုန်တာလဲဆိုတာ အဖြေရှာရမှာပါ။ သူငယ်တန်းကလေးကို ကျူရှင်ထားတယ်ဆိုတာ ဘာကြောင့်လဲ။ မိဘက အိမ်စာလေး ကူလုပ်ပေးနိုင်လောက်အောင်ကို အချိန်မပေးချင်လို့လား၊ ဒါမှမဟုတ် အချိန်မပေးနိုင်တော့လို့လား။ ဒါမှမဟုတ် မတတ်ကျွမ်းလို့လား ...စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။

ဘယ်လိုစနစ်တွေကိုပဲ ချမှတ်ချမှတ်၊ ဘယ်လိုသင်ရိုးတွေကိုပဲ သင်သင်၊ အခု ပညာသင်ယူနေတဲ့ ကလေးတွေဟာ တစ်နေ့ကျရင် ကျွန်မတို့ တိုင်းပြည်မှာ လုပ်ငန်းခွင်ဝင်မယ့် ကလေးတွေဆိုတာကို ဦးတည်ရမယ်လို့ ကျွန်မ မြင်ပါတယ်။ တိုင်းပြည်တိုးတက်အောင် တည်ဆောက်ရေးဆိုတာ တိုးတက်ပြီ ဆိုတဲ့ ကန့်သတ်ချက်တစ်ခု ရှိပါသလား။ တိုးတက်ပြီဆိုတဲ့ နေရာရောက်ရင် ရပ်ပစ်လိုက်ရမှာလား။ မဟုတ်ပါဘူး။ တိုးတက်မှုဟာ ရေစီးကြောင်းလိုပဲ စီးပြီးရင်း စီးနေရမှာပါ။ အခုတော့ ကျောင်းသားလူငယ်တွေဟာ စီးလျက်စ ပုပ်အဲ့နေတဲ့ ရေစီးကြောင်းထဲ စပြီးပါလာနေပါပြီ။ အရင်ဆုံး ပုပ်အဲ့နေတဲ့ ရေစီးကြောင်းလေး သန့်အောင် လုပ်ရပါဦးမယ်။ ပြီးတော့ တစ်နေ့ကျရင် သူတို့လေးတွေဟာ ရေစီးကြောင်းထဲက ကျောက်ဆောင်ကျောက်တန်းတွေကို ရင်နဲ့ ဆီးခံပေးရမယ့် လူကြီးတွေ ဖြစ်လာရဦးမယ် မဟုတ်ပါလား။

ဘာရာဒွါဂျာ (မြန်မာပြည်)

Credit To The Voice Weekly
Read More »

မဏ္ဍိုင်ကြီးသုံးရပ် အရွေ့နှင့် မီဒီယာ လွတ်လပ်ခွင့်



နေပြည်တော်၌ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စာနယ်ဇင်းကောင်စီဝင်များ သြဂုတ်လ ၁၃ ရက်ကတွေ့ဆုံစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ ငါးနှစ်ရှိတဲ့အနက် လက်ရှိအစိုးရ သက်တမ်းဟာ ထက်ဝက်ကာလကို ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သက်တမ်းတစ်ဝက်မှာ အစိုးရ အနေနဲ့ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီး သုံးရပ်မှာ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်မှုတွေ ရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ ဒီမိုကရေစီ အလေ့အကျင့်နဲ့ ဝေးကွာခဲ့ရမှုရဲ့ အကျိုးဆက်ကြောင့် အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
စစ်ဘက်အုပ်ချုပ်ရေးမှာ တာဝန်ယူခဲ့သူ အစိုးရအဖွဲ့ဝင် အများစု ပြန်လည်ပါဝင်ခဲ့တဲ့ လက်ရှိအစိုးရ အဖွဲ့ဟာ တာဝန်စယူခါစမှာ မထင်မှတ်တဲ့ အပြောင်းအလဲ လုပ်ဆောင်ဖို့ ဆောင်ရွက်လာခဲ့တာကြောင့် နိုင်ငံရဲ့ အခြေအနေဟာ အကောင်းဘက်သို့ ပြောင်းလဲလာမယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီး သုံးရပ်မှာ ချွတ်ချော်အားနည်းမှုတွေနဲ့ ဒီမိုကရေစီ အသားမကျမှု ဖြစ်စဉ်တွေကို မြင်တွေ့လာရတဲ့ နောက်ပိုင်းမှာ အပြောင်းအလဲအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့ပါတယ်။ အထူးသဖြင့် အများပြည်သူ လူထုအတွက် အပြောင်းအလဲတွေကို ဘယ်လောက်ထိ ဆောင်ကြဉ်းပေးနိုင် ခဲ့သလဲဆိုတာ လေ့လာကြည့်ကြဖို့ ကောင်းပါတယ်။

အုပ်ချုပ်ရေး မဏ္ဍိုင်အပေါ် သမ္မတ သတိပေးချက်
အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ပတ်သက်ပြီး လေ့လာမယ် ဆိုရင်တော့ အထိရောက်ဆုံး ရည်ညွှန်းနိုင်တာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ၀န်ကြီးများကို နေပြည်တော်မှာ သီးသန့်ခေါ်ယူ တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ သတိပေး အမှာစကားတွေပဲ ဖြစ်ပါတယ်။ သမ္မတရဲ့ ပြောစကားတွေမှာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင် အချို့ရဲ့ ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိ လိုက်စားခြင်းတွေ ရှိနေခဲ့တာကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရတယ်လို့ ပါရှိခဲ့တာကြောင့် လက်ရှိအုပ်ချုပ်ရေးပိုင်းရဲ့ အားနည်းမှုတွေဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မဏ္ဍိုင်ကြီး သုံးရပ်အပေါ် ဝေဖန်အကြံပြုဖော်ပြဖို့ တာဝန်ယူရတဲ့ မီဒီယာအပေါ် ထိန်းချုပ်လိုတာဟာ အထက်က ဖော်ပြခဲ့သလို နိုင်ငံရဲ့ အဓိကမဏ္ဍိုင်တွေရဲ့ လိုအပ်ချက်တွေ ထောက်ပြဖို့ လိုအပ်နေချိန်မှာ အခက်အခဲတွေ တွေ့စေမှာ ဖြစ်ပါတယ် . . . . .
ဒါ့အပြင် ၀န်ကြီးဌာနတွေဟာ လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြားဝန်ကြီးဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှု မရှိဘဲ ဗဟိုမှ တိုက်ရိုက်အမိန့်ပေး ကွပ်ကဲတဲ့စနစ် ကျင့်သုံးနေပြီး လက်အောက်သို့ လုပ်ပိုင်ခွင့်အာဏာ ဖြန့်ခွဲမှုမရှိခြင်း စတဲ့အားနည်းချက်တွေ ရှိနေဆဲ ဖြစ်တာကြောင့် စိတ်ဓာတ် (Mindset) ပြင်ကြဖို့ လိုတယ်လို့ သမ္မတက ထပ်မံသတိပေးခဲ့ ရတာကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ရှိနေတဲ့ အပြောင်းအလဲတွေ မလုပ်ချင်ကြတဲ့ အခုအခံတွေကို သတိပြုမိပါတယ်။

ဝင်ရောက်စွက်ဖက်မှုများနှင့် တရားစီရင်ရေး မဏ္ဍိုင်
တရားစီရင်ရေး မဏ္ဍိုင်မှာတော့ ဂရုပြုမိတာက ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ပထမဆုံးအကြိမ် ထွက်ရှိလာတဲ့ စာမျက်နှာ ခုနစ်မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီကော်မတီကို ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တစ်နှစ်နီးပါး အကြာမှာ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ  တင်သွင်းခဲ့တာပါ။ အစီရင်ခံစာမှာတော့ လက်ရှိတရားရေး မဏ္ဍိုင်မှာ ယိမ်းယိုင်နေတဲ့ အခြေအနေများ ရှိနေပြီး တရားရုံး အချို့ဟာ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတွေ ပြုလုပ်ရာမှာ ဥပဒေနှင့်မညီတဲ့ အချက်များ တွေ့ရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အာဏာပိုင်များရဲ့ ဖိအားပေးမှုများ၊ ၀င်ရောက်စွက်ဖက်မှုများ၊ လွှမ်းမိုးမှုများ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါအပြင် တရားရုံးတွေမှာ အမှုလိုက်ပါ ဆောင်ရွက်ကြတဲ့ ဥပဒေ အရာရှိများ၊ ရှေ့နေများဟာ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန် လိုအပ်ခြင်း၊ တရားသူကြီးများ အနေဖြင့် ယိမ်းယိုင်နေတဲ့ တရားရေး မဏ္ဍိုင်ကို ပြန်လည်တည့်မတ်ရန် အဂတိတရားလေးပါး ကင်းစွာဖြင့်လုပ်ရန် လိုအပ်ခြင်း၊ ဥပဒေ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများရဲ့ ပျော့ကွက်၊ ဟာကွက်ကို အခွင့်ကောင်းယူပြီး လိုရာဆွဲ ဆုံးဖြတ်ခြင်း မပြုဖို့ ဖော်ပြထားပါတယ်။ အခြေအနေ၊ အချိန်အခါနှင့် မညီညွတ်တဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်စေတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံးပြုပြင် ပယ်ဖျက်သင့်ပြီး အသစ်ပြဋ္ဌာန်းသင့်က ပြဋ္ဌာန်းဖို့ လိုတယ်လို့ ထောက်ပြအကြံပြု ထားပါတယ်။ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း အောင်မြင်စေဖို့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း ကော်မတီက အကြံပြုထားခြဲ့ပီးကော် မတီရဲ့ အစီရင်ခံစာပါ အချက်အလက်တွေဟာ တရားရုံးတွေကို ကွင်းဆင်းသွားရောက် ကောက်ယူထားတဲ့ အချက်အလက်တွေလို့ ဆိုထားတာကြောင့် လက်ရှိတရားစီရင်ရေး မဏ္ဍိုင်ရဲ့ အနေအထားဟာလည်း အမြန်ဆုံး ပြုပြင်မှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါပဲ။

အစိုးရအဖွဲ့ တင်သွင်းသော ဥပဒေများ လွှမ်းမိုးထားသည့် ဥပဒေပြုရေး မဏ္ဍိုင်
ဥပဒေပြုရေးဘက်ကို ကြည့်မယ်ဆိုရင်တော့ မကြာမီက ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်လိုက်တဲ့ ပြဋ္ဌာန်းခဲ့ပြီးတဲ့ ဥပဒေတွေ စာရင်းကို လေ့လာကြည့်နိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော် သက်တမ်းတစ်ဝက်အတွင်း ပြဋ္ဌာန်းခဲ့ပြီးတဲ့ ဥပဒေတွေ စာရင်းမှာ အစိုးရက တင်သွင်းခဲ့တဲ့ ဥပဒေမှာ ၈၂ ရာခိုင်နှုန်းရှိပြီး လွှတ်တော်မှ ရေးဆွဲတင်သွင်းတဲ့ ဥပဒေဟာ ၁၈ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပါရှိပါတယ်။ အဲဒီစာရင်းတွေအရ ပြည်ထောင်စုလွှတ်တော် စတင်ခေါ်ယူတဲ့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ ကြာချိန်လပေါင်း ၃၀ အတွင်း ပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဥပဒေ ၅၈ ခုမှာ ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းတဲ့ ဥပဒေမှာ ၄၉ ခုရှိပြီး လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းတဲ့ ဥပဒေမှာ ကိုးခုသာ ရှိခဲ့တာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ကိုယ်တိုင်ဥပဒေပြုရေး အပိုင်းထက် ပြည်ထောင်စု အစိုးရက တင်လာတဲ့ ဥပဒေတွေကို စိစစ်အတည်ပြု ပေးနေတဲ့ အပိုင်းက ပိုများနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ်တိုင်ဥပဒေပြုရေးနဲ့ ပတ်သက်ပြီး လေ့လာဆောင်ရွက်မှုတွေ ပိုလုပ်ဆောင်ကြဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ပါဝင်ပတ်သက်သူတွေအားလုံး လက်ခံပြီးသားဆိုပြီး မလိမ့်တပတ်နဲ့ ဥပဒေကြမ်းတင်တဲ့ ၀န်ကြီးဌာနအချို့ရဲ့ လုပ်ရပ်ကို သိနိုင်မှာ ဖြစ်ပါတယ်။

မီဒီယာအပေါ် ထိန်းချုပ်လိုတာ ဘာကြောင့်လဲ
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေအပေါ် ဝေဖန်စောင့်ကြည့်ဖို့ တာဝန်ရှိတဲ့ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့ ဆိုကြတဲ့ စာနယ်ဇင်း မီဒီယာတွေကို ကြည့်လိုက်ပြန်တော့ လွတ်လပ်စွာ တင်ပြနိုင်ဖို့အရေး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အမျိုးမျိုးသော ကတိက၀တ်တွေ ချိုးဖောက်မှုတွေ ကြားထဲက မီဒီယာတွေ လက်တံခြေတံတွေကို ထိန်းချုပ်ဖို့ ဥပဒေအမျိုးမျိုးကို ပြဋ္ဌာန်းရန် ကြိုးစားမှုတွေကို အထင်အရှား တွေ့ရပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော်ကို တင်ပြခဲ့တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းမှာ စတုတ္ထ မဏ္ဍိုင်အပေါ်မှာလို နှောင်ကြိုးထားလိုတဲ့ အချက်အလက်တွေကို ထည့်သွင်းထားတယ်လို့ မီဒီယာ လောကသားတွေက အတိအလင်း ဝေဖန်နေကြပေမယ့် လက်ရှိအချိန်ထိတော့ အဲဒီဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့ပြီး အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီး သုံးရပ်အပေါ် ဝေဖန်အကြံပြုဖော်ပြဖို့ တာဝန်ယူရတဲ့ မီဒီယာအပေါ် ထိန်းချုပ်လိုတာဟာ အထက်က ဖော်ပြခဲ့သလို နိုင်ငံရဲ့ အဓိကမဏ္ဍိုင်တွေရဲ့ လိုအပ်ချက်တွေ ထောက်ပြဖို့ လိုအပ်နေချိန်မှာ အခက်အခဲတွေ တွေ့စေမှာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရ တစ်ခုဖြစ်တယ်လို့ ဆိုထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်တွေ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့ဆိုရင် အဓိက မဏ္ဍိုင်တွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်နဲ့တစ်ဖက် မြင်အောင်ကြည့်ကြပြီး ထိန်းကျောင်းကြရမှာ ဖြစ်ပါတယ်။ အဓိက မဏ္ဍိုင်တွေရဲ့ ယိမ်းယိုင်မှု၊ ခေတ်နောက်ပြန်ဆွဲမှု၊ ဒီမိုကရေစီ ကျင့်သားမရမှု၊ စွက်ဖက်လိုမှု စတာတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖော်ထုတ်ရေးသားကြမယ့် နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ကို လွတ်လပ်စွာ တင်ပြနိုင်ဖို့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်သုံးရပ်မှာ ပါဝင်သူတွေ အနေနဲ့လည်း မီဒီယာတွေရဲ့ ထောက်ပြမှုတွေကို နိုင်ငံအကျိုးကိုသာကြည့်ပြီး မှန်ကန်စွာ စဉ်းစားဆုံးဖြတ်ကြဖို့ လိုအပ်နေပါတယ်။
 Written by သစ်ထွဋ်
Credit To First-11
Read More »

တက္ကသိုလ်၏ တောင်ပံတစ်စုံ


တက္ကသိုလ် ဆိုတာကို အဆင့်မြင့်ပညာများ သင်ကြားပို့ချ၊ လေ့လာရာ နေရာဒေသအဖြစ် ယေဘုယျ အားဖြင့် ညွှန်းဆိုနိုင်ပါသည်။ လေ့လာစရာစုံသည့် ပညာ့ရပ်ဝန်း တက္ကသိုလ်ကို ပညာရှင်အသီးသီးက ဝိသေသ အမျိုးမျိုးပေးကာ ဂုဏ်တင်ကြပေသည်။ မိမိ၏ဆရာ နန္ဒာသိန်းဇံက စာရေးဆရာလည်းဖြစ်၊ အဟောအပြောကလည်း ကောင်းသူမို့ တက္ကသိုလ်နှင့် ပတ်သက်ပြီး သူပေးခဲ့တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် နှစ်ခုက ခုထိ နားထဲ စွဲနေတုန်း။ ပထမ တစ်ခုမှာ အင်္ဂလိပ် စကားလုံး University ဆိုတာသည် Uni ဆိုသော စကားလုံးနှင့် Verse ဆိုတဲ့ စကားလုံး နှစ်လုံး ပေါင်းခြင်း၏ ရလဒ်တဲ့။ Uni ဆိုတာ တစ်ခုဟု အဓိပ္ပာယ်ထွက်ပြီး verse လှည့်ပတ်ခြင်းဟု ဆိုပါသောကြောင့် University ဆိုသည်မှာ တစ်ခုတည်း ကို လှည့်ပတ် လေ့လာခြင်းဟု ဆိုလိုပါသည်။ Uni ဆိုသည့် ထိုတစ်ခုမှာ စိတ်ကြိုက် ရွေးချယ်ထား သော ဘာသာရပ် တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် Botany ဆိုသော ဘာသာရပ်သည် အပင်အကြောင်းကို ထောင့်စုံအောင် လှည့်ပတ် လေ့လာရပြီး Psychology ဆိုသည်မှာ လူ၏စိတ်ကို ရှုထောင့် အဖုံဖုံမှ လှည့်ပတ် လေ့လာရခြင်း ဖြစ်ပါသည်။ မိမိ၏ အထူးပြု ဘာသာရပ်အား ပထမနှစ်မှ နောက်ဆုံးနှစ် ဘွဲ့ကြိုပတ်လမ်း အသီးသီးဖြင့် လည်းကောင်း၊ ထို့ထက် ထူးချွန်ပါက ဘွဲ့လွန်နှင့် ပါရဂူ ပတ်လမ်းများမှ ထောင့်စေ့စွာ၊ နက်ရှိုင်းစွာ လေ့လာခြင်းမျိုးကို တက္ကသိုလ်တွင် ဆောင်ရွက်ကြောင်း သိခဲ့ရပါသည်။ ဘာသာရပ် တစ်ခုကို သက်ဝင်ယုံကြည် ချစ်မြတ်နိုးပြီး အရူးအမူး လေ့လာ လိုက်စားသူ များ ပျော်မွေ့ရာသည် တက္ကသိုလ်ပင် ဖြစ်တော့သည်။ တက္ကသိုလ်တွင် ပညာရှာရာ၌ ဘာသာရပ်၏ မျက်နှာမှ တစ်ပါး အခြားအရာတွေကို အလေး မထားသင့်ကြောင်း၊ အချုပ်အနှောင်များစွာဖြင့် နေရ သော တက္ကသိုလ်များသည် ပညာအရာတွင် ရှေ့တန်းသို့ မရောက်နိုင်ကြောင်း ဆရာက အားနဲ့မာန်နဲ့ ပြောခဲ့တဲ့ အချိန်မှာ ယခုလို ပွင့်လင်း လွတ်လပ်မှု မရှိတဲ့ လွန်ခဲ့သော ဆယ်ခုနှစ်ကျော် ကာလ။ ဒီစကားလေးအား မိမိတပည့်တွေအား လက်ဆင့်ကမ်းချိန်တွင် တပည့်တွေက University ကို ပြင်သစ် အသံထွက် အူနီဘစတီလို့ ထွက်ရသလို အူတူတူ ကလေးတွေ။

ဆရာ့၏ နောက်ထပ် ဖွင့်ဆိုချက်က အရှေ့တိုင်း ဆန်၏။ တက္ကသိုလ်ဆိုတာ အိန္ဒိယ၏ တက္ကသီလာ ဆိုသော အရပ်ဒေသအမည်မှ ဆင်းသက်လာကြောင်း ပြောကြသလို၊ အနောက်တိုင်း တွဲလုံးလေးကို ပြောရရင် တက္ကနှင့် သီလ နှစ်လုံးပေါင်းခြင်းရဲ့ ရလဒ်အဖြစ်လည်း ဖွင့်ဆိုခဲ့သည်။ ဆရာက အတွေးအခေါ်သမား ပီပီ တက္ကသိုလ် ပညာရေးဆိုတာ အတွေးအခေါ် ဘာသာရပ်နှင့် ကင်းလို့မရ ပါဘူးလို့ ဆိုတော့ လူကြိုက်နည်းတဲ့ ဘာသာရပ်ကို ရွေးခဲ့မိပါလားဟု နောင်တရမိတဲ့ မိမိအဖြစ်ကို လိပ်ပြာ မလုံချင်။ လိုရာ ဆွဲပြောရရင်ကွာ ... တက္ကဆိုတာ ငါတို့ Philosophy မှာ Metaphysics လို့ ခေါ်တဲ့ တက္ကိကဗေဒ ဘာသာ၊ တွေးတော ကြံဆရခြင်းကို ဆိုလိုပြီး သီလကတော့ တို့ Philosophy မှာ Morality လို့ သင်ပေးနေတဲ့ ကိုယ်ကျင့်တရားပဲပေါ့ကွာဟု လေသံအေးအေးဖြင့် နားဝင်အောင် ပြောတတ်ပြန်တဲ့ ဆရာ့အသံသည် ရန်ကုန်တက္ကသိုလ်၏ ယခုအခါ Center of Excellence ရုံးခန်း ဖြစ်သွားသော ဝိဇ္ဇာခန်းမ အနီးက A-17 အခန်းငယ်ကလေးထဲတွင် စိမ့်ဝင်ကာ ကျန်နေသေးသလား ...။ ဆရာ့စကားအရ ဆိုသော် တက္ကသိုလ် ဆိုသည်မှာ ဘာသာရပ် တစ်ခုကို အခြေပြုပြီး တွေးတော ကြံစည်တတ်အောင်နှင့် ကိုယ်ကျင့်တရားအရ ထူးခြား ပေါ်လွင်မှု ရှိအောင် လေ့ကျင့်ရမည့် နေရာ တစ်ခု ဖြစ်သည်။ တွေးတော ကြံဆမှုအပိုင်း ဟူသည် ဘာသာရပ် တစ်ခု၏ အယူအဆများ၊ တရားကိုယ် သဘောတရားများနှင့် စိတ်ကူးထည်များကို သိမြင် သဘောပေါက်အောင် ကူညီပေး သော အပိုင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် တက္ကသိုလ်များတွင် (Conceptual Understanding) အယူအဆ သဘောတရားရေးရာ သိမြင် နားလည်မှုကို အလေးထားခြင်းဖြစ်သည်။ ဘာသာရပ် တစ်ခု ၏ သိမ်မွေ့သော နက်နဲ ခက်ခဲမှုကို သိနားလည်ရန်အတွက် အခြေခံ အယူအဆ၊ သဘောတရားများ ကို သိမြင် သဘောပေါက်ပြီး ဉာဏ်ကွန့်မြူးဖို့ လိုပါသည်။ ထိုကဲ့သို့ ဉာဏ်ကစားရန်အတွက် တွေးတော ကြံဆတတ်မှု စွမ်းရည်သည် အသိပညာ၏ မရှိမဖြစ် အစိတ်အပိုင်းအဖြစ် ရှိနေပါသည်။ ထိုအသိပညာအား အခြေခံ၍ အမှန်တကယ် တတ်ကျွမ်းပြီး လက်တွေ့ အသုံးချနိုင်သော စွမ်းရည်မျိုး အား ရဖို့ဆိုပါက သီလသည် အရေးကြီးလာပါသည်။ သီလ ဆိုသည်မှာ လက်တွေ့လုပ်ဆောင် ပြရသော ဆောင်စရာ၊ ရှောင်စရာများအား ကိုယ်စားပြုပါသည်။ သီလဆိုသော အသုံးသည် ကိုယ်ကျင့်တရားအရ ထူးခြား ပေါ်လွင်မှု ရှိသည်။ မိမိ၏ အသိစိတ်ဖြင့် လုပ်သင့်တာကို လုပ်ခြင်း၊ မလုပ်သင့်တာကို ရှောင်ခြင်းဟု ဆိုသော် ရသဖြင့် သီလ ကောင်းခြင်းသည် ကိုယ်ကျင့်တရား ကောင်းခြင်းနှင့် ထပ်တူ ပြုနိုင်ပါသည်။ အမှု ကိစ္စများသည် တွေးတော ကြံဆနေရုံနှင့် မပြီး အမှန်တကယ် လုပ်သင့်တာကို လုပ်ပြီး မလုပ်သင့်တာကို ရှောင်နိုင်မှသာ ရလဒ်ကောင်းများအား မျှော်မှန်းနိုင်မည် ဖြစ်သည်။ ရင့်ကျက်သော နိုင်ငံကြီးသား ဖြစ်ဖို့အတွက် ထိန်းသိမ်းရမည့် စံကိုက် အမူအကျင့်များ ရှိပါသည်။ ထိုအမူအကျင့်များကို တက္ကသိုလ်တွင် ပညာရှာစဉ် တွေးရင်း ကြံရင်း၊ ကျွဲကူးရေပါ လေ့ကျင့်သွားပါက လူငယ်များအနေဖြင့် ဘွဲ့ရချိန်တွင် တွေးတတ် ကြံတတ်ပြီး ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံသားများ ဖြစ်လာမည်ဟု မျှော်လင့်နိုင်ပါသည်။ ဘွဲ့ရ ပညာတတ်များအတွင်း လူကြီးလူကောင်းဆန်သော အမူအကျင့်များ ၎င်းတို့၏ အမူအကျင့် စရိုက်ဝသီ တွင် စွဲမြဲနေဖို့ လိုပါသည်။ တက္ကသိုလ်မှ တရားသဖြင့် ထုတ်ပြန်ထားသော ကျင့်ဝတ်များ၊ သတ်မှတ်ချက်များအား လိုက်နာခြင်းဖြင့် ဆောင်သီလအား မြဲနိုင်သလို၊ မိမိ အကျိုးနှင့် သူတပါး အကျိုးကို ဟန့်တား နှောင့်ယှက်၊ ဖျက်ဆီးနိုင်သော အမူအကျင့်ဆိုးများအား ရှောင်ဖယ်ခြင်းဖြင့် ရှောင်သီလကိုလည်း မြဲစေနိုင်သည်။

တက္ကသိုလ် အချို့သည် အခြား တက္ကသိုလ်များနှင့် ယှဉ်ပါက ပညာအရာတွင် မြင့်မားကာ ထိပ်တန်းတွင် ရှိကြသည်။ အဆိုပါ တက္ကသိုလ်မျိုးမှ ပညာရေ သောက်စို့ခွင့်ရသော လူငယ်များသည် ဘယ်တက္ကသိုလ် ထွက်၊ ညာတက္ကသိုလ် ထွက်ဟု မိမိတို့ ဘွဲ့ယူခဲ့သော တက္ကသိုလ်ကို ဂုဏ်ဖော်ကာ အလုပ် ဈေးကွက်သို့ ဝင်ပြီး အစွမ်းပြကြသည်။ သူတို့ အစွမ်းပြနိုင်အောင်လည်း ထိပ်တန်း တက္ကသိုလ် များသည် ၎င်းတို့၏ ကျောင်းသား၊ ကျောင်းသူများအား တွေးတော ကြံဆနိုင်စွမ်းနှင့် ကိုယ်ကျင့်တရား နှင့်အညီ ကျင့်ဝတ် လိုက်နာမှု အပိုင်းအား အသေအချာ လေ့ကျင့်ပေးပြီး ဖြစ်သည်။ အဆင့်မီ တက္ကသိုလ်များ၏ အမြင့် ပျံနိုင်မှုတွင် ခိုင်မာ အားကောင်းသော တောင်ပံတစ်စုံ ရှိမည်ဟု တွေးဆမိပါ သည်။ ထိုတောင်ပံ၏ အပင့်အမဖြင့် တက္ကသိုလ် တစ်ခုနှင့် တစ်ခု အဆင့်အတန်း ကွာခြားသွားပုံ ရပါသည်။ လူစွမ်းအား အရင်းအမြစ်ဖြင့် မောင်းနှင်ရသော ထို တောင်ပံတစ်စုံကို တွေးတောကြံဆခြင်း နှင့် ကျင့်ဝတ်သီလ မြဲခြင်းဟု အမည် တပ်လိုပါသည်။ အဆိုပါ တောင်ပံတစ်စုံ မရှိဘဲ တက္ကသိုလ် တစ်ခုသည် အဆင့်တစ် နေရာသို့ ရောက်မည် မဟုတ်ပေ။ တွေးအားကောင်းပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံသော ဆရာ၊ ဆရာမများက သူတို့နှင့် အလားတူ လူငယ် မျိုးဆက်သစ်အား ဖန်တီး ပြုစု၊ ပျိုးထောင်နိုင်ခြင်း မရှိသရွေ့တော့ အဆင့်မီ တက္ကသိုလ်ဟု ခေါ်နိုင်မည် မဟုတ်ပေ။ နိုင်ငံတကာ အဆင့်မီဖို့ အတွက် စံနှုန်း သတ်မှတ်ချက်များသည် အရည်အသွေး အာမခံချက် ပုံစံဖြင့် ရှိပြီး ဖြစ်သည်။ ထိုအဆင့်၊ ထိုအမြင့်သို့ ရောက်အောင် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် တက်ရောက် သင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများတွင် တာဝန်ရှိပါသည်။ ကိုယ့်တာဝန်၊ ကိုယ့်အပိုင်းကို ကောင်းစွာ သိမြင်ပြီး ဟန်ချက်ညီညီ အားထုတ် ကြိုးပမ်းပါက အင်အားကောင်းသော တောင်ပံ တစ်စုံဖြင့် စံကိုက် အမြင့်မှ ဂုဏ်သိက္ခာရှိရှိ ပျံနိုင်ပေမည်။ ဒီဘက်ခေတ်သည် ပြေးနေရမည့် ခေတ်မဟုတ်တော့ ပျံနေရမည့်ခေတ် ဖြစ်လာသည်။ ငှက်တွေလို ပျံဝဲကာ ရှာဖွေမှု၊ တွေ့ရှိမှု အသစ် တွေ့ရဖို့ အမြဲပင် ကြံဆနေဖို့ လိုလာပြီ။

ယနေ့ခေတ် တက္ကသိုလ်များသည် စိတ်ကူးကောင်း၊ အတွေးကောင်း၊ အသုံးချ ရလဒ်ကောင်းနောက်သို့ တကောက်ကောက် လိုက်နေကြသည်။ ထိုအချက်အား ထိရောက်သော သင်ကြားရေးနှင့် အဆင့်မီ သုတေသနများကို အားပေးခြင်း ဖြစ်စဉ်တွင် အထင်အရှား တွေ့ရသည်။ အဆိုပါ စိတ်ကူးကောင်း၊ အတွေးကောင်း၊ အသုံးချ ရလဒ်ကောင်းတွေ ဆိုတာလည်း ကောင်းစွာ တွေးတော ကြံဆထားခြင်း၏ နောက်ကျောဖက် စာမျက်နှာ ဆိုတာကို ထိပ်တန်း တက္ကသိုလ် အများအပြားက သဘောပေါက်ကြ သည်။ တွေးတော ကြံဆမှု အလေ့အထသည် တီထွင် ဖန်တီးနိုင်စွမ်း၏ အကြို ခြေဆင်းတီးလုံး ဖြစ်ကြောင်းကို အဆိုပါ တက္ကသိုလ်များက သတိပြုမိတာလည်း ကြာပြီ။ စိတ်ကူးကောင်းများ၊ တီထွင် ဖန်တီးမှု အသစ်များသည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်သောကြောင့် ထိပ်တန်း တက္ကသိုလ်များမှ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း လူ့အဖွဲ့အစည်းအား ထောက်ပံ့နိုင်ရန် ကြိုးစားကြသည်။ တက္ကသိုလ်များသည် လူ့အဖွဲ့အစည်းအတွက် (Think Tanks) သုခမိန် အဖွဲ့အစည်းများ ဖြစ်ကြသဖြင့် လူ့အဖွဲ့အစည်း သက်သောင့်သက်သာ လှုပ်ရှားနိုင်မည့်၊ အလုပ်ဖြစ်မည့် စိတ်ကူးကောင်းများအား အစဉ်အမြဲ တွေးတော ကြံဆနေပါသည်။ ပညာရှင်များ၏ စိတ်ကူးကောင်းများ၊ ရလဒ်ကောင်းများ ရှာပုံတော်တွင် အဆင့်မြင့် ပညာရေး၏ အသက်ဝိညာဉ် လွတ်လပ်မှုကိုလည်း အဆင့်မြင့် တက္ကသိုလ်များက ထောက်ပံ့ပေးကြသည်။ တက္ကသိုလ်မှ ပညာရှင် ဆရာ၊ ဆရာမများ လွတ်လွတ်လပ်လပ် တွေးတော ကြံဆနိုင်ဖို့ တန်းမြင့် တက္ကသိုလ်များမှ အခြေအနေကောင်းများ အမြဲပင် ကြံဆ ဖန်တီးပေးသလို ကျောင်းသား၊ ကျောင်းသူများကိုလည်း အစွဲအလန်း ကင်းကင်းဖြင့် လွတ်လပ်စွာ တွေးတော ကြံဆ တတ်အောင် ပြုစု ပျိုးထောင်ပေးသည်။ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘာသာရပ်နှင့် ပတ်သက်ပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်အောင်၊ ရေးသားနိုင်အောင် Research Grant ပုံစံ အမျိုးမျိုး၊ ကျောင်းလခ လွတ်ငြိမ်းခွင့် ပုံစံ အမျိုးမျိုးအပြင် ထောက်ပံ့မှု ပုံစံ အသွယ်သွယ်ဖြင့် အတွေးကြွယ်ဝတဲ့ ဦးနှောက် ပိုင်ရှင်များကို အမြင့်ပျံ တက္ကသိုလ်များက ပိုးမွေးသလို မွေးကြသည်။ လွတ်လပ်စွာ တွေးတော ကြံဆခြင်းမှ မြစ်ဖျားခံသော စိတ်ကူးကောင်း၊ အတွေးကောင်းများအား ပိုမို၍ စူးရှ ထက်မြက်စေရန် လွတ်လပ်ပြီး ထိန်းကျောင်းမှုကောင်းသော ဆွေးနွေးပွဲများ၊ လက်တွေ့ခန်း ရလဒ်များသို့ ဦးတည်သော အဆင့်မီ သုတေသနများအဖြစ် နိုင်ငံတကာ တက္ကသိုလ်များမှ အပြိုင်အဆိုင် ပုံဖော်နေကြသည်။ တွေးအား၊ ရေးအား ကောင်းသော ပညာရှင် ပါမောက္ခများကို အပြိုင်အဆိုင် တက္ကသိုလ်များမှ အခွင့်အရေး များစွာဖြင့် မက်လုံးပေး ခေါ်ကြသည်။ ဘာသာရပ် တစ်ခု တွင် မှော်အောင်ကာ ထိုဘာသာရပ်နှင့် ပတ်သက်ပြီး စိတ်ကူးကောင်းများ၊ အယူအဆသစ်များ၊ တွေ့ရှိချက် အသစ်များ အဆက်မပြတ် တွေးတော ကြံဆနိုင်သူ ပညာရှင်များမှာ ဂုဏ်သိက္ခာပိုင်းနှင့် လူနေမှု ဘဝအပိုင်းပါ အဆင့် မြင့်မားကြသည်။ ပညာရှင် ဆရာ၊ ဆရာမများ ဉာဏ်ကွန့်မြူးရန်အတွက် ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုများကို တက္ကသိုလ်များမှ အစွမ်းရှိသရွေ့ ဆောင်ရွက်ပေးကြောင်းလည်း ကြားသိရသည်။ သင်ကြားမှု အတန်းချိန်က လွဲ၍ လွတ်လပ်စွာ တွေးတော ကြံဆနိုင်ရန် တက္ကသိုလ် ဆရာ၊ ဆရာမတို့၏ အလုပ် ပုံစံကို ရုံးလုပ်ငန်း ပုံစံမဟုတ်ဘဲ Mission တစ်ခုချင်းအား အကောင်အထည်ဖော်သည့် ပုံစံမျိုး ရအောင် ပြုလုပ်ပေးထားသည်။ လွတ်လပ်မှုနှင့်အတူ တာဝန်ခံ တတ်သည့် စိတ်ကိုပါ တန်ဖိုးထားသည့် ပညာရှင် ဆရာ၊ ဆရာမများသည် ရုံးချိန် ပုံစံသေဖြင့် အလုပ် မလုပ်ဘဲ ရလဒ် တစ်ခုကို ဦးတည် ရှာဖွေသည့် ပုံစံဖြင့် ၎င်းတို့၏ ဘဝကို မြှုပ်နှံကာ လုပ်ဆောင်ကြ သည်။

ထိပ်တန်း တက္ကသိုလ်များသည် အဖိုးတန် ဦးနှောက်များကို အားလပ်ရက်ရှည်ခွင့် ခံစားခြင်းအား မယူမနေရ ပေးကာ ဦးနှောက်များကို အလွန်အကျွံ အသုံးပြုမှုအား ကာကွယ်ကြသည်။ ဆရာ၊ ဆရာမများ အနေဖြင့် ဦးနှောက်ကို အနားပေးခြင်း၊ ခရီးသွားခြင်းတို့မှ ရသော အတွေ့အကြုံကောင်း များအား အလုပ် ပြန်ဝင်ချိန်တွင် နောက်ထပ် တွေးတော ကြံဆဖို့အတွက် ကုန်ကြမ်းသဖွယ် သုံးကြသည်။ တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်သည် ဉာဏအလုပ် ဖြစ်ပြီး ဉာဏ် ကွန့်မြူးနေဖို့သည် အဓိကဖြစ်ကြောင်း မရိပ်စားမိသော အဆင့်နိမ့် တက္ကသိုလ်များတွင်မူ ဆရာ၊ ဆရာမအလုပ်၏ ဖွားဘက်တော် (Vacation) အားလပ်ရက်ရှည် ခွင့်ဆိုတာကို ပေးဖို့ အတော်လေး တွန့်ဆုတ်နေတတ် ကြောင်း ဆရာ တစ်ဦးက ညည်းတွားဖူးသည်။ ရုံးချိန်ကို ပုံမှန်တက်၊ အလုပ် မရှိလည်း အလုပ်စားပွဲ တွင် ထိုင်၊ ခိုင်းတာကို စောင့်လုပ်ဆိုသော လှေကြီးထိုး ရိုးရိုး စီမံမှုတွင် တက္ကသိုလ်ဆိုသည်မှာ စီမံ ခန့်ခွဲမှု ကောင်းသော ရုံးကြီး တစ်ရုံးထက် ပိုစရာ အကြောင်းမရှိ။ သင်ကြားရေး ဝန်ထမ်းများအတွက် လွတ်လပ်စွာ တွေးတော ကြံဆဖို့ လိုသလို၊ ပညာရှာနေသူ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းသားများ အတွက်လည်း ကောင်းစွာ တွေးတော ကြံစည်နိုင်မည့် အခြေအနေကောင်းများအား တက္ကသိုလ်များမှ တတ်အားသရွေ့ ဖြည့်ဆည်းပေးရန် လိုပါသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ဖို့ Privacy ခေါ် တစ်ကိုယ်ရည် လွတ်လပ် လုံခြုံသော အခန်းအကန့် တို့ ရှိရမည် ဖြစ်သည်။ ထို့ကြောင့် နေထိုင် စားသောက်ရာ အဆောင်သည် အဆောင်နှင့် တူရပါမည်။ လူပြွတ်သိပ် ကျပ်ညပ်ပြီး လေဝင် လေထွက်၊ အလင်းအမှောင် မကောင်းသော၊ အမိုးအကာ မလုံသော အဆောင်မျိုးမှ ထူးချွန် ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူတွေ ပေါ်ထွက်လာဦးတော့ ရှားရှားပါးပါး တစ်ယောက်၊ နှစ်ယောက်ပေါ့။ ဒီထက် ပိုနိုင်မည် မထင်။ နေရာဒေသသည် အတွေးအခေါ်နှင့် စိတ်ကူးကောင်းများ ကွန့်မြူးဖို့အတွက် ရှိထောက်ကူချက် ဖြစ်ပါသည်။ စိတ်ကူး စိတ်သန်းကောင်းတွေ ရဖို့ စာသင်ခန်းသည် စာသင်ခန်း ပုံစံ၊ ဓာတ်ခွဲခန်းသည် ဓာတ်ခွဲခန်း ပုံစံ၊ စာကြည့်တိုက်၊ စားသောက်တန်းနှင့် နားနေဆောင်များလည်း သူ့ပုံစံနဲ့သူ စံကိုက် ဖြစ်ဖို့ လိုပါသည်။ စိတ်ကူးကောင်းများအား ကြံဆကာ ထုတ်နိုင်ဖို့အတွက် တက္ကသိုလ် ဝန်းကျင်တွင် အသံ ညစ်ညမ်းမှု ကင်းစင်ရမည် ဖြစ်သည်။ ကောင်းမွန်သော စိတ်ကူး စိတ်သန်းများကို ဖော်ထုတ် ကြံဆနိုင်သူသည် ဆရာ၊ ဆရာမများ သာမက ကျောင်းသား၊ ကျောင်းသူများလည်း ဖြစ်နိုင်သည့်အတွက် ၎င်းတို့မှ သက်ဆိုင်ရာ အထူးပြု ဘာသာရပ်ကို ဗဟိုပြုပြီး လူ့အဖွဲ့အစည်းအတွက် အသုံးဝင်သော စိတ်ကူး စိတ်သန်းနှင့် အတွေ့အကြုံများ ရစေဖို့ ပြုစု ပျိုးထောင်ရမည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ၏ လွတ်လပ်စွာ တွေးတော ကြံဆခြင်း၏ အသီးအပွင့် ဖြစ်သော တီထွင် ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးကောင်း၊ ရလဒ်ကောင်းများအား Term Paper များ၊ Assignment Report များ၊ Project များနှင့် Research များတွင် ခြေရာခံနိုင်ပါသည်။

လွတ်လပ်စွာ တွေးတော ကြံဆခြင်း၏ အခြား တစ်ဖက်တွင် တာဝန်ခံနိုင်မှုကို ကိုယ်စားပြုသည့် အကျင့်သီလ ကောင်းခြင်း အမည်ပေါက် တောင်ပံတစ်ခု ရှိပါသည်။ တက္ကသိုလ် ပညာရှင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အကြားတွင် တရားဝင် ပြဋ္ဌာန်းထားသော စည်းမျဉ်းများ အပြင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ကိုယ်ကျင့်တရားအရ လိုက်နာရမည့် ကျင့်ဝတ်သီလ များစွာ ရှိပါသည်။ အထူးသဖြင့် ဆရာ၊ ဆရာမများသည် ကိုယ်ကျင့်တရားအရ ထူးခြား ကောင်းမွန်ပြီးသားဟု လူ့အဖွဲ့အစည်းက ကြိုတင် သတ်မှတ်ထားပါသည်။ ပမာဆိုရသော် အပြင် စီးပွားရေးသမား တစ်ဦး မိန်းမရှုပ်ခြင်းကို ကိုဖိုးစွံအဖြစ် မြင်နိုင်သော်လည်း ဆရာ တစ်ဦးအား လူ့အဖွဲ့အစည်းက ထိုသို့မမြင် ခြင်းမျိုးပင်။ ထို့ကြောင့် လိုအပ်ပါက ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်ကျင့်သီလအား ပိုမိုကောင်း မွန်အောင် ပြုလုပ်ရန်နှင့် ဤအလုပ် ဆက်မလုပ်ရန်သာ ရှိသည်။ သင်ကြား ပို့ချခြင်းနှင့် သုတေသန လုပ်ငန်းများအား ဦးစီး လုပ်ဆောင်ဖို့အတွက် သက်ဆိုင်ရာ ဘာသာရပ်ကို အမှန်တကယ် သက်ဝင် ယုံကြည်ပြီး ဘာသာရပ်ကို အမှန်တကယ် ကျွမ်းကျင်အောင် လုပ်ထားဖို့သည် ဆောင်ရန် သီလ ဖြစ်သည်။ ထို့အတူ အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ခြင်း၊ ရာထူးအဆင့်နှင့် ယှဉ်သော တာဝန်များ ကို ထမ်းဆောင်နိုင်မှသာ ကိုယ်ကျင့်သီလဖြင့် ပြည့်စုံမည်။ မည်သည့် တက္ကသိုလ်တွင်မဆို အချိန်ကို လေးစားခြင်း၊ အပိုအလိုမရှိ ပြောတတ်၊ ရေးတတ်ခြင်းနှင့် မိမိအကျိုး သူတစ်ပါး အကျိုးကို မျှမျှတတ ဆောင်ရွက်တတ်ခြင်းသည် ပညာရှင်များ၏ အကျင့်သီလ ဖြစ်ပါသည်။ ဘာသာရပ်၏ အစွမ်းသတ္တိအား မသင့်မလျော် သုံးပြီး လူ့အဖွဲ့အစည်းအား အန္တရာယ် မပေးမိစေဖို့သည် ပညာရှင်များအတွက် ရှောင်သီလပင် ဖြစ်ပါသည်။ တက္ကသိုလ်တွင် အရွယ်ရောက်ပြီးသူများသာ ဘာသာရပ် အခြေပြု သင်ကြား လေ့လာခြင်းများ ပြုလုပ်ကြသဖြင့် ဆရာ၊ ဆရာမများအပြင် ကျောင်းသား၊ ကျောင်းသူများပါ အသိစိတ်ဓာတ်ဖြင့် လိုက်နာရမည့် Code of Conducts သီလစည်းမျဉ်းများ ရှိပါသည်။ ပညာကိုသာ ကိုးကွယ်သော တက္ကသိုလ် အသိုင်းအဝိုင်းတွင် ဆရာ၊ ဆရာမများ သာမက ကျောင်းသား၊ ကျောင်းသူ များလည်း ကိုယ်ကျင့်တရားအရ ထူးခြား ကောင်းမွန်နေဖို့ လိုပါသည်။ ကိုယ်ကျင့်တရား ကောင်းသူ သာလျှင် တာဝန်ခံလိုသည့် အသိတရားရှိသူ ဖြစ်ကြောင်း ဖြစ်တည်မှု အဓိက ဝါဒီများက ထောက်ပြ ထားရာ ဆောင်သီလ၊ ရှောင်သီလများအား မြဲခြင်းသည် တာဝန်ခံနိုင်မှု အဆင့်အတန်း ဆွဲအား ပေါ်လွင်စေပါသည်။ မိမိ၏ လုပ်ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းအားဖြင့် ရလာသော ရလဒ် အသီးသီးကို တာဝန်ခံနိုင်မှ သာလျှင် ဖြစ်တည်မှုအရ အဓိပ္ပာယ် ရှိပေမည်။ အတန်းမှန်ခြင်း၊ သတ်မှတ်ထားသော သင်ခန်းစာများကို အမှန်တကယ် သဘောပေါက်အောင် အားထုတ်ခြင်း၊ အသင်းအဖွဲ့နှင့် အားကစား လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ဆက်ဆံရေး ပြေပြစ် ရည်မွန်ခြင်း စသည် တို့သည် ဆောင်သီလမြဲသော ကျောင်းသား၊ ကျောင်းသူများ၏ ပုံရိပ်များပင်။ အချိန်၊ ငွေကြေးနှင့် စွမ်းအင်ကို တလွဲ သုံးခြင်း၊ ကိုယ်ကျင့်သိက္ခာမဲ့ ပြုမူ ပြောဆိုခြင်း၊ အုပ်စုဖွဲ့၍ သောင်းကျန်းခြင်း၊ ဘွဲ့ကြိုတန်းများတွင် (Cheat) စာမေးပွဲတွင် ခိုးချခြင်း၊ ဘွဲ့လွန်တန်းများတွင် (Plagiarism) စာ ခိုး သုံးခြင်း ... စသည့် ကိုယ်ကျင့်သိက္ခာနှင့် မဆီလျော်သော အမူအကျင့် ဆိုးများကို ရှောင်မြဲမှသာ တားဆီးနိုင်မည်။ အကျင့်သီလ ကောင်းအောင် လေ့ကျင့်ပြီးမှသာ ဘွဲ့ရ၍ အလုပ်ခွင် ဝင်ရသောအခါ (Professional Ethics) လုပ်ငန်းခွင် ကိုယ်ကျင့်တရားနှင့်အညီ နေထိုင်၊ လုပ်ကိုင် စားသောက်နိုင် သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား နိုင်ငံတကာ တက္ကသိုလ်များနှင့် တန်းမီအောင် ပြုပြင် ပြောင်းလဲဖို့ တာဝန်ရှိသူများ စိတ်အား ထက်သန်နေချိန်တွင် ဒရောသောပါး နောက်က ပြေးလိုက်ခြင်းထက် ပျံသန်းနိုင်အောင် ကြိုးစားခြင်းက ပို၍ အဓိပ္ပာယ် ရှိနိုင်သည်။ သူများ လုပ်တာတွေ အကုန် နောက်က လိုက်လုပ်ခြင်းထက် သူများ မလုပ်သေးတဲ့ဟာ တစ်ခုလောက် စလုပ်ကြည့်ပြီး အောင်မြင်သွားရင် ပြေးရာ မရောက် ပျံရာ ရောက်နိုင်သည်။ ပွင့်လင်း လွတ်လပ်မှုနှင့် တာဝန်ခံတတ်သည့် စရိုက်ကိုသာ အားပေးကြည့်ပါ။ မြန်မာပြည်ရှိ တက္ကသိုလ်များမှ တွေးတော ကြံဆတတ်သူတွေ၊ သီလကောင်းသူ တွေကို မွေးထုတ်ပေးနိုင်ပါသည်။ တွေးတတ် ကြံတတ်ပြီး ကိုယ်ကျင့်သီလကောင်းသော ဆရာ၊ ဆရာမများ၊ ရုံး ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တိုးပွားလာပါက မြန်မာပြည်တက္ကသိုလ် များလည်း နိုင်ငံတကာက သတ်မှတ်ထားသော စံကိုက် အမြင့်မှ ပျံသန်းနိုင်မည် ဖြစ်သောကြောင့် တောင်ပံတစ်စုံ အမြန်ဆုံး တပ်ပေးကြပါ ခင်ဗျား။

(ဒေါက်တာကျော်သူရ)

Credit To The Voice Weekly
Read More »

မချမ်းသာချင်ဘူးလား



မချမ်းသာချင်ဘူးလား။ ထိုစကားကို ဘဝတစ်လျှောက် အကြိမ်ဖန်များစွာ ကြားခဲ့ဖူး၏။ ထိုစကားကို အခြားသူ တစ်ဦး တစ်ယောက်အား ပြောဖူးပါသလား။ စဉ်းစားကြသည့်အခါ မပြောဖူးခဲ့တာတော့ သေချာပေသည်။ ဘာကြောင့်လဲဆိုတာ့ ချမ်းသာခြင်းကို မိမိကိုယ်တိုင် သေချာစွာ နားမလည်သော ကြောင့် ဖြစ်သည်။ မချမ်းသာချင်ဘူးလား ဆိုသည့် စကား၏ အဓိပ္ပာယ်ကို အခြားနည်းဖြင့် ကြည့်သည့် အခါ မချမ်းသာချင်ဘူးလား ဆိုတာ ဆင်းရဲချင်လို့လား ဟူသည့် အဓိပ္ပာယ်လည်း ရသည်။ သို့သော်လည်း တကယ် ဆိုလိုရင်းက သူဌေး မဖြစ်ချင်ဘူးလား၊ ပိုက်ဆံတွေ မရှိချင်ဘူးလား၊ စည်းစိမ် ဥစ္စာ၊ အခြွေအရံ၊ တိုက်၊ ကား၊ ရွှေငွေ ရတနာတွေ မရှိချင်ဘူးလား ဟူသည့် ဆိုလိုရင်း ဖြစ်ပါသည်။

စင်ကာပူမှာ အလုပ် လုပ်စဉ်က တစ်ညနေမှာ ဂျူနီယာ ဆူပါ ဗိုက်ဇာလေး တစ်ယောက်က မိမိကို အိမ် တစ်အိမ်သို့ ခေါ်သွားဖူး၏။ ထိုအိမ်မှာ ကြိုးကြာ မောင်နှံ (Double Crane) ကုမ္ပဏီမှာ လုပ်နေပြီး သူတို့မေးသည့် Diamond အဆင့် ရောက်သွားသော လူငယ်တစ်ယောက် အိမ်ပဲ ဖြစ်သည်။ အယ်ကျူးနီ ဘူတာနားမှာရှိသော သူ့တိုက်ခန်းဟာ အထပ် ဘယ်နှထပ်မြောက်မှာရှိမှန်း မမှတ်မိတော့ ပေမယ့် သူ့အခန်းထဲမှာရှိသည့် သူတို့ ဇနီးမောင်နှံ ပုံတူ ပန်းချီကားလေးကိုတော့ သဘောကျမိ၏။ မိမိ ဂျူနီယာကလည်း ထိုဆေး ဖြန့်ချိရေးလုပ်ငန်းမှာ ဝင်လုပ်ဖို့ ခေါ်သွားခြင်း ဖြစ်သည်။ သူ့ကို အားနာ ၍သာ လိုက်သွားရပေမယ့် ထိုလုပ်ငန်းကို အစောကြီးကတည်းက ဆန္ဒမရှိပါဟု ပြောပြီးသား ဖြစ်ပါသည်။

“ဆရာရယ်၊ သူ့လို Diamond အဆင့်ရောက်ရင် ကိုရီးယားတို့၊ အီတလီတို့ အစရှိတဲ့ နိုင်ငံတွေက Double Crane အဖွဲ့ဝင်တွေ တွေ့ဆုံပွဲတွေကို စရိတ်ငြိမ်း သွားရမှာ။ လစဉ် ဘာမှ မလုပ်ပေမယ့် ဒေါ်လာ လေးသောင်းလောက် ရနေမှာ။ ဒီလုပ်ငန်းက တကယ်လုပ်ရင် တကယ် ဖြစ်တယ်လို့ သက်သေပြနေတာပါ။ စင်ကာပူမှာ အလုပ် လုပ်ရင်း ခရီးသွားဟန်လွှဲ ဝင်လုပ်တာတောင် Vice Manager တွေဖြစ်တာ အများကြီး။ ဆရာ့ကို လုပ်စေချင်လို့”

သူ့ကို သဘောပေါက်ပေမယ့် သူက မိမိအပေါ် သဘော မပေါက်ခဲ့။

“ငါ ငွေလိုချင်ရင် အစောကြီးကတည်းက ရတယ်ကွာ။ စင်ကာပူ အလုပ် လာလုပ်ဖို့တောင် မလိုဘူး။ မိုင်းရှူးတောင်ကြီးပေါ်မှာ ကျောက်တွေ ထွက်တုန်းက ခိုးတွင်းသမားတွေ များလွန်းလို့ တောင်ပေါ် တက်တဲ့ နေရာမှာ ငါ့လက်မှတ် ထိုးထားတဲ့ စာပါမှ လမ်းက ကင်းတွေက တက်ခွင့်ပေးတာ။ လူတွေကို သိန်းနဲ့ချီပဲ။ ငါ လူတစ်ယောက်ကို တစ်ထောင်စီပဲ ယူဦး၊ အခုအခါ ငါ အေးအေးဆေးဆေး နေလို့ရပြီ။ ဒါပေမဲ့ ငါ့ကို ယုံကြည်လို့ အထက်က ပေးထားတဲ့ တာဝန်နဲ့ အသက်ကို ဖက်နဲ့ ထုပ်လာရတဲ့ လူတွေ ဆီက ငွေကို အလွဲသုံးစား လုပ်ဖို့၊ ယူဖို့ ဆိုတာ ငါလိပ်ပြာ မသန့်ဘူး။ အခုလည်း ငါ ဘာမှမသိတဲ့ ဆေးတွေကို ငါ့ကို ယုံကြည်တဲ့ လူတွေဆီ ဈေးကြီးကြီးနဲ့ လိုက်ရောင်းပြီး ငါ သူဌေးဖြစ်ရမယ် ဆိုရင်တော့ ငါမချမ်းသာတာပဲ ကောင်းမယ်နဲ့ တူတယ်။ ငါသေရင် လိပ်ပြာသန့်သန့်ပဲ သေချင်တယ်” ဆိုသည့် စကားကို ရုပ်ရှင်ဆန်ပေမယ့် ပြောဖြစ်ခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် ဂျူနီယာက အတော် ဇွဲကောင်းတော့လည်း သူ့ကို အားနာပြီး ထိုအိမ်ကိုပါသွားခဲ့ပါသည်။ ဟိုရောက်တော့ ချမ်းသာချင်သူတွေ များလိုက်တာ။ လူကြီးကော လူငယ်ကော သူ့အိမ်မှာ ရောက်နေ ကြ၏။ ထိုလူငယ်လေး Diamond ဖြစ်နေသည်ကို မုဒိတာပွားမိပေမယ့် ဒါဟာ မိမိနှင့် ပတ်သက်မည့် အလုပ် မဟုတ်။ ဒီမှာတင်ပဲ ထိုလူငယ်က စာရွက် အလွတ်တစ်ခု ချပေးပြီး လာမယ့် ဆယ်နှစ်မှာ ဘာဖြစ်ချင်တယ် ဆိုတဲ့ အချက် တစ်ရာ ချရေးပါဟု ဆိုပါသည်။

ဒါကတော့ အတော်ပဲ ရယ်စရာ ကောင်းသွား၏။ ဒါမျိုးတွေဟာ မိမိ ငယ်ငယ်က ဖတ်ဖူးသော ဒေးကာနတ်ဂျီတို့၊ ဆရာကြီး ပီမိုးနင်းတို့၊ အောင်ဝင်း (စိတ်ပညာ)တို့ စာအုပ်တွေမှာ ပါပြီးသား။ “ရပါတယ်ကွာ၊ ဦး ဘာမှ မဖြစ်ချင်ပါဘူး။ ကိုယ် မယုံကြည်တာနဲ့ ဖြစ်ရမယ်ဆို ပိုလို့တောင် မဖြစ်ချင်ပါဘူး” ဟု ပြောမည် လုပ်ပြီးမှ မပြောဖြစ်တော့ပါ။ ပြီးတော့ သူလုပ်နေသည့် လုပ်ငန်းကြီးကို သူအောင်မြင်နေရုံနှင့် ကိုယ်က ယုံကြည်ပေးရမည်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ ကိုယ်မယုံကြည်သော ကြောင့် သူယုံကြည်နေသော လုပ်ငန်းကိုလည်း စော်ကားရန် မရှိပါ။ သူတို့ရဲ့ အဓိက ပန်းတိုင်က ငွေ၊ ကိုယ့်ရဲ့ အလိုလားဆုံး ဆန္ဒက လူတွေရဲ့ ကျန်းမာရေး။ ကိုယ်လိုချင်တာက လူတွေရဲ့ တကယ့် ကျန်းမာရေးကို ကူညီချင်သည်ဆိုလျှင် ရိုးရိုးရှင်းရှင်းနှင့် များများဖြန့်၊ နည်းနည်း အမြတ်ယူ။ သူတို့ ကျင့်သုံးနေတာက ရှုပ်ရှုပ်ထွေးထွေး ဖြန့်၊ များများ အမြတ်ယူ။ ထားပါတော့ ဒါက စင်ကာပူက အကြောင်းလေး တစ်ခုပါ။ ဒါမျိုးတွေ လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကပဲ ရှိုင်းဟုတ်က မိတ်ဆွေတွေ လာစည်းရုံးပေမယ့် မိမိ မလုပ်ခဲ့ဘူး မဟုတ်လား။ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ် ပါပဲ။ ဒီဆေးစားလို့ သေတော့မယ့် ကြောင်လေး။ ပြန်ရှင်လာလား။ မဟုတ်ဘူး။ သက်သောင့်သက်သာ နဲ့ သေသွားတယ် ဆိုတာကတော့ ကြောင်စကားပြော သင်တန်းတက်ပြီး သေတော့မယ့် ကြောင်ကို မေးမှ ရမည် ဖြစ်၏။

ထားပါ။ မိမိ ပြောချင်တာ မချမ်းသာချင်ဘူးလား ဆိုသည့်ကိစ္စ။ ချမ်းသာချင်တာပေါ့။ လူတိုင်း ချမ်းသာ ချင်တာ။ မချမ်းသာချင်သူ ဘယ်ရှိမှာလဲ။ ပုထုဇဉ်တွေ ပုထုဇဉ်လို ချမ်းသာချင်ပြီး သူတော်စင်တွေ တောင် သူတော်စင်တွေလို ချမ်းသာချင်တာ။ ဒါပေမဲ့ ချမ်းသာပုံ ချမ်းသာနည်း ရွေးချယ်ရာမှာတော့ လိုအပ်မည် ဖြစ်ပါသည်။ ခေတ်အဆက်ဆက်မှာ အချို့လူတွေရဲ့ ချမ်းသာအောင် လုပ်ပုံဟာ မရိုးသား ခဲ့ပေမယ့် ဒီခေတ်မှာတော့ ပိုဆိုးလာသည်ဟု ထင်ပါသည်။ ရုပ်ဝတ္ထု ပစ္စည်းတွေ ပေါများသလောက် လူတွေ၏ အတ္တကလည်း ကြီးလာလိုက်တာ။ ချမ်းသာမည်ဆိုလျှင် နာမည်ကော၊ ဂုဏ်သိက္ခာကော၊ အရှက်ကော ဘာမျှ မရှိတော့ဘဲ ချမ်းသာခြင်း လမ်းကိုပဲ ရွေးချယ်နေသည့် လူတွေကို အံ့သြဖွယ်ရာ တွေ့လာရသည်။

စင်ကာပူမှာ သူတို့လူမျိုး မဟုတ်သည့်တိုင် အလုပ်ကြမ်းသမား တစ်ယောက်၏ အခြေခံ လစာဟာ စင်ကာပူ ဒေါ်လာ ၄၅၀ ရှိသည်။ ဒါတောင် နေဖို့ အိမ်ပေးထားခဲ့သည်။ အိုဗာတိုင် ပါလို့ကတော့ ၇၀၀ နှင့် ၁၀၀၀ နီးပါး။ စားသောက်စရိတ်ကလည်း ဒေါ်လာ တစ်ရာဆိုလျှင် လူတစ်ယောက် ဗိုက်ရိုက်ပြီး စားနိုင်သေး။ ဒီမှာတော့ စရိတ်တွေဟာ စင်ကာပူထက်တောင် ကြီးနေပြီး လုပ်ခတွေက စင်ကာပူထက် များစွာ နိမ့်ကျလွန်းပါသည်။ လူတစ်ယောက် လစာ ခြောက်သောင်း တစ်သိန်းဆိုတာ စင်ကာပူ ဒေါ်လာ ၁၀၀ နှင့် ၁၅၀ လောက်သာ ရှိ၏။ စက်ချုပ် လုပ်ငန်း၊ သံရည်ကျို လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း ဆိုပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာလုပ်နေကြပေမယ့် ကြားပွဲစားနှင့် အစိုးရကြား ကိုယ့်နိုင်ငံက လုပ်အား အရင်းအမြစ်တွေသာ ဝက်ဆီထုတ်သလို ထုတ်ခံနေကြရတာ ဖြစ်သည်။

ဒါကလည်း ကိုယ့်လူမျိုးကို ကိုယ်ကာကွယ် စောင့်ရှောက်မှု မရှိလို့ ဖြစ်ရတာ။ ပြီးတော့ မြန်မာတွေဟာ ကိုယ့်အမျိုးသားချင်းဆို အသားကုန် နှိပ်ကွပ်ပြီး တိုင်းတစ်ပါးသားဆို အသေကြောက်တဲ့ ရောဂါက အရိုးစွဲသလို ဖြစ်နေခဲ့ပါပြီ။ သူများဆိုလျှင် ‘ရက်စ်ဆား၊ အိုကေဆား၊ နိုးပရော်ဗလင်ဆား’ နှင့် ကိုယ့်ကိုယ်ကိုယ် ဆားငန်သီး ဖြစ်မှန်းမသိ ဖြစ်ပြီး ကိုယ့်လူမျိုးအပေါ်တော့ ကာကွယ်လိုစိတ် မရှိတော့ပါ။

မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ချမ်းသာချင်လို့ပဲ လယ်တွေ သိမ်းကြသည်။ ယာတွေ သိမ်းကြသည်။ ကုမ္ပဏီတွေ ခေါ်သွင်းလာပြီး ကိုယ့်လူမျိုးတွေကို သူတောင်းစားသာသာ လစာတွေနှင့် အလုပ် လုပ်ခိုင်းသည်။ နိုင်ငံတကာကို ထွက်ပြီး စီးပွားရေးမျက်စိ ပွင့်လာသည့် ခေတ်သူဌေးတွေ၏ အမျိုးသား စိတ်ဓာတ်နှင့် စီးပွားရေး အမြင်ကျယ်မှုက ကိုယ့်လူမျိုးအပေါ် ကုပ်သွေးစုပ်ဖို့ပဲ ဖြစ်ပါသည်။ ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်အနီတွေ ထောင်ပြီး ဘယ်သူ့ ပိုင်မြေ၊ ဘယ်ဝါ့ ပိုင်မြေဆိုတာ သည်ခေတ်၏ ဖြတ်လမ်း စီးပွားရေးစနစ်သစ် ဖြစ်၏။ လယ်တွေ သိမ်းလျှင်လည်း စက်မှုလယ်ယာ ဖြစ်အောင် လုပ်ဖို့၊ ပြည်သူတွေအတွက် ဆန်ဈေးကျအောင် လုပ်ဖို့တော့ လို၏။ ထွက်လာသည့်ဆန် ပြည်ပကို ရောင်းဖို့၊ ဒါမှမဟုတ် မြေကွက်တွေ ပြန်ရောင်းစားဖို့ လယ်တွေ၊ ယာတွေ သိမ်းသည် ဆိုလျှင်တော့ ဒါဟာ အတော့်ကို အောက်တန်းကျသည့် လုပ်ရပ် ဖြစ်၏။ ကိုယ့်နိုင်ငံမှာ ဘိလပ်မြေ စက်ရုံတွေ ဆောက်ပြီးကတည်းက ဘိလပ်မြေဈေးတွေ ကြီးလာခဲ့သည်။ အင်းတွေ လေလံဆွဲသည်၊ ငါးတွေ ပြည်ပကို ထွက်သည်။ မီတာခတွေ အဆမတန် တက်ပြီး မီးစက်တွေ မောင်းနေရသေးသည်။

ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့်ရပြီ ဆိုလျှင်ပဲ အဆမတန် အမြတ်ထုတ်ဖို့သာ စဉ်းစားကြတော့ သည်။ အကျိုးအမြတ်အတွက်သာ ကြည့်ပြီး အစိုးရကို အခွန်ဆောင်ဖို့တော့ လက်တစ်လုံးခြား။ ရာသီဥတု ပူနွေးလာပေမယ့် သစ်ပင်တွေက ခုတ်လို့ ကောင်းဆဲ။ သစ်တစ်ပင် မစိုက်ပေမယ့် သစ်ပင်တွေကိုတော့ ဖျက်ဆီးပစ်ကြ၏။ ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တု၊ အင်းကြင်းကျောက် (Fossil Wood) ငွေရလျှင် အကုန်ရောင်းသည်။ ကျွဲ နွား မှောင်ခို၊ ငါးရှဥ့် ဈေးကောင်းရသည့် တရုတ်ပြည်။ ဘာလုပ်ငန်းရှင်ကြီးများ အသင်း၊ ညာ လုပ်ငန်းရှင်ကြီးများအသင်း ဆိုတာသာ ရှိ၏။ နိုင်ငံသားများ သက်သာ ချောင်ချိရေး အသင်းဆိုတာ မရှိပါ။ ဆရာဝန်တဲ့၊ ပါရဂူတဲ့၊ အထူးကုဆေးခန်း တဲ့။ လူတွေ အသက်ထက် ငွေအတွက်ကိုပဲ ကြည့်သော ဆရာဝန်၊ ပါရဂူ၊ အထူးကုဆေးခန်းတွေသာ များလာခဲ့သည်။ ဒီငွေတွေဟာ သူတို့ရဲ့ အသက်ကို တစ်သက်လုံး အာမခံချက် ပေးနိုင်လိမ့်မည်ဟု ထင်ထားပုံ ရပါသည်။ အဆောက်အအုံတွေ၊ ကိရိယာတွေသာ သစ်လာပြီး လူတွေရဲ့ စိတ်တွေ ကတော့ ညစ်ထေး ဟောင်းနွမ်းသွားလိုက်တာ။

မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ကိုယ်တစ်ယောက်တည်း လကမ္ဘာ တက်နေပြီး ကိုယ့် အမျိုးသားတွေ မြောင်းထဲ ရောက်နေသည့် ချမ်းသာခြင်းမျိုးတော့ မဖြစ်ဖို့ လို၏။

(နေသစ်နီ)

Credit To The Voice Weekly 
Read More »