ဗိုလ်ချုပ်မြ ဧ။် စည်းလုံးခြင်း မိန့်ခွန်း အပိုင်းအစ ===========================

““ရန်သူဟာ ကျွန်တော်တို့အချင်းချင်း အိုးမဲသုတ်ပြီး ပြန်တိုက်ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်းတိုက်ရင် ဘယ်သူခံရမလဲ၊ ကျွန်တော်တို့ ကရင်တွေပဲခံရတာပဲ”” ဒီကေဘီအိုက ကေအင်(န်)ယူနှင့် မဆိုင်တော့ကြောင်း ကြေညာထားပြီး နောက်တစ်နေ့တွင် ကေအင်(န်)ယူ အဖွဲ့တစ်ခုလုံးရှိ ဆက်သွယ်ရေး စက်များ သို့ ပေးပို့သော မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်- ၂၇၃၄ ခုနှစ် ပြာသိုလဆန်း(၁)ရက်၊ ၁၉၉၅ခုနှစ် ဇန်န၀ါရီလ(၁)၊ ကရင်နှစ်သစ်ကူးနေ့တွင် ကေအင်(န်)ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ နှစ်သစ်ကူးမိန့်ခွန်း။ ၁၉၄၉ ခုနှစ်၊ တော်လှန်ရေး စတင်ချိန်မှစပြီး တိုက်ပွဲဝင်ခဲ့တာဟာ (၄၆)နှစ် ကြာရှည်ခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အချိန်မှာ တညီတညွတ်တည်း ရှိခဲ့သလို လွတ်မြောက်ရေး ရတဲ့အထိ ဆက်ပြီး ကေအင်(န်)ယူ အစည်းအရုံးရဲ့ ခေါင်းဆောင်မှု အောက်မှာ စုစည်းညီညာစွာ ဆက်ပြီး တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအပေါင်းတို့- … ၁၉၉၄ ခုနှစ်ရဲ့ ၀မ်းနည်းစရာတစ်ခုမှာ ရန်သူ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ရဲဘော်အချို့ဟာ ခရစ်ယာန် ဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ဖိနှိပ် ချုပ်ချယ်ပါတယ်။ အခွင့်အရေး မပေးဘူးဆိုပြီး ကျွန်တော်တို့ကို အထင်အမြင် လွဲမှား ဆန့်ကျင်တာကို ၀မ်းနည်းစွာ တွေ့ရပါတယ်။ ဒီလုပ်ရပ်ဟာ ရန်သူ့ရဲ့ အစီအစဉ်ပါ။ ရန်သူ က ကျွန်တော်တို့ကို ပြိုကွဲသွားအောင် ထိုးခွဲတာ ဖြစ်ပါတယ်။ ကေအင်(န်)ယူရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဥပဒေမှာ တိတိကျကျ ဖော်ပြထားတာက ဘာသာတိုင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ရှိတယ်။ ဘာသာတိုင်းဟာ ဆူကြုံနိမ့်မြင့်မရှိ၊ တန်းတူရည်တူရှိပြီး ဘာသာတစ်ခုနှင့်တစ်ခု ပုတ်ခတ်ခြင်း မရှိစေရ။ ညီညီညွတ်ညွတ် ရှိစေရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ ရှေးလူကြီးရဲ့ သွန်သင် မှာကြားချက်အရ စည်းလုံးညီညာ အောင်ကြောင်း ဖြာပါတယ်။ ရန်သူအနေနဲ့ ခရစ်ယာန် ဘာသာဝင်တွေက ဗုဒ္ဓဘာသာဝင်တွေကို ဖိနှိပ်ချုပ်ချယ်တယ်လို့ ပြောတာဟာ လုံးဝ မမှန်ပါ။ အမှန်မှာ ခရစ်ယာန်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အချင်းချင်း ချစ်ကြည် ရင်းနှီးကြတယ်။ အချင်းချင်း ကူညီကြတယ်။ ဘုန်းကြီးကျောင်းများ တည်ဆောက်သည့် အခါ လိုအပ်တဲ့ သစ်နဲ့ အခြားလိုအပ်သော ပစ္စည်းများကို ပေးလှူခဲ့တယ်။ တတ်နိုင်သလောက် အချင်းချင်းအနေနဲ့ အကူအညီများ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ခေါင်းဆောင်များဟာ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားတဲ့ အတွက်ကြောင့် ရန်သူရဲ့ လှည့်စားမှုကို ခံရသော ရဲဘော်များအား တစ်ဦးတစ်ယောက်မျှ အရေးမယူ၊ အပြစ်မပေးပါ။ သူတို့ရဲ့ ပြစ်မှုအားလုံးကို ခွင့်လွှတ် သင်ပုန်းချေခဲ့ပါတယ်။ ရှေးလူကြီးများ ပြောသလို မိုးကောင်းကင်သည် တိမ်နှင့်မကင်းလွတ် သကဲ့သို့ မည်သူမျှ အပြစ်ကင်းသည် မရှိပါ။ ဒါကြောင့် ရန်သူလှည့်စားမှုကို ယုံစားခဲ့သူများအနေနှင့် အမှန်တရားဘက်သို့ ပြန်လာကြပြီး ကရင် ပြည်သူတွေရဲ့ အကျိုးရှိတဲ့အလုပ်မှာ စုပေါင်း လုပ်ကိုင်ကြပါ။ ၁၉၉၅ ခုနှစ်မှာ ကရင်ပြည်သူများအားလုံး စည်းလုံး ညီညွတ်ကြပြီး တစ်စိတ်တစ်ဝမ်းတည်းနဲ့ စုပေါင်း လုပ်ကိုင်ကြတာကို ကျွန်ုပ် လိုလားပါတယ်။ ကရင်ပြည်သူနဲ့ ရဲဘော်အားလုံးတို့- တိရစ္ဆာန်ဖြစ်တဲ့ ကြက်တွေကို အိုးမဲသုတ်ပြီး ခွပ်ခိုင်းရင် ခွပ်ကြတာ တွေ့ရမယ်။ ဒီလိုခွပ်ခိုင်းတဲ့ နေရာမှာ ခွပ်ခိုင်းသူက မခံရဘူး။ ခွပ်သူသာ ခံရမယ်။ အသေအချာ ပြန်စဉ်းစားကြပါ။ ရန်သူဟာ ကျွန်တော်တို့ အချင်းချင်း အိုးမဲသုတ်ပြီး ပြန်တိုက်ခိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ အချင်းချင်း တိုက်ရင် ဘယ်သူခံရမလဲ၊ ကျွန်တော်တို့ ကရင်တွေပဲ ခံရတာပဲ။ ကရင်အချင်းချင်း ရန်ဖြစ်ကြရင် ရန်သူက လက်ခုပ်တီးပြီး ပျော်မှာပေါ့။ လွန်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ ရန်သူတွေဟာ ကော်ကဆာစောဘဦးကြီးကို လုပ်ကြံဖို့ ကရင်ကို အသုံးချခဲ့ပါတယ်။ ရန်သူက သူတို့ကို လက်နက်ထုတ်ပေးပြီး ကေအင်(န်) ယူကို တိုက်ခဲ့တယ်။ သူတို့တစ်တွေဟာ ရန်သူတွေ အတွက် အသက်စွန့် တိုက်ပြီး သူတို့အတွက် အချည်းအနှီး ဖြစ်ခဲ့တယ်။ ဒါကြောင့် ကရင်ပြည်သူများအားလုံး စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ကရင်ပြည်သူတွေရဲ့ အကျိုးရှိမယ့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြပါ။ ၁၉၉၄ ခုနှစ် ကုန်တာနဲ့အတူ ဒီနှစ်သစ်မှာ ရန်သူရဲ့ သွေးဆောင် ဖြားယောင်းမှုမှ စွန့်ခွာကြပြီး စည်းလုံးညီညွတ်ရေးသို့ တက်လှမ်းကြပါ။ ကရင်နှစ်သစ်မင်္ဂလာမှာ ကရင်ပြည်သူ အပေါင်းအား ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် အောင်မြင်ခြင်းတို့အား အပြည့်အ၀ သက်ရောက်ပါစေ။
 မြန်မာ့သံတော်ဆင့်မှ
Read More »

နှစ်ဘက်အပြန်အလှန် ညှိနှိုင်းအလျွှော့ပေးစေ့စပ်တဲ့ဓလေ့မျိုး ထွန်းကားဖို့ လိုပါတယ် - ကျော်ဝင်း


(Myanmar Peace Chronicle နှင့်အင်တာဗျူး)

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ တောတွင်းလက်နက်ကိုင်အင်အားစုတွေနဲ့၊ တစ်ချိန်တည်း တစ်ပြိုင်တည်းလောက် တွေ့ဆုံဆွေးနွေးဖို့ကြိုးစားခဲ့ကြတာ သုံးကြိမ်ရှိတယ်။ ၁၉၆၃ တော်လှန်ရေးကောင်စီခေတ်ဦးက တစ်ခါ၊ အရင် အစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်နှစ်တွေက တစ်ခါ၊ အခုအစိုးရသစ်လက်ထက်နောက် တစ်ခါ၊ စုစု ပေါင်းသုံးကြိမ်ပေါ့။ ပထမအကြိမ်က မအောင်မြင်ခဲ့ဘူး။ အဲ့ဒီတုန်းက အိုင်ဒီယိုလိုဂျီ အကြောင်းခံတဲ့ လက်နက်ကိုင်တွေ(ဗကပနဲ့အလံနီ)နဲ့ ငြိမ်းချမ်းရေးမရခဲ့တာ၊ အပြန်အလှန်ယုံကြည်မှုမရှိလို့ပါ။ လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဆွေးနွေးပွဲမှာ ကြုံခဲ့တဲ့ အဓိကအဖုအထစ်က ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ဆိုတဲ့ကိစ္စ။ (အခု - အိုင်ဒီအိုလိုဂျီ လက်နက်ကိုင်မရှိတော့ဘူး။ လူမျိုးစုလက်နက်ကိုင်တွေဘက်ကလဲ ခွဲထွက်ရေးကို မတောင်းတော့ဘူး။) ဒုတိယအကြိမ်မှာတော့၊ အပစ်အခတ်ရပ်စဲရေးပဲ ရခဲ့တယ်။ နိုင်ငံရေးဆွေးနွေးပွဲထိ မရောက်ခဲ့ဘူး။ ဒါကြောင့်လဲ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေး မရခဲ့တာလို့ ထင်ပါတယ်။

အခုချိန်မှာတော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်စရာ ပိုများလာတယ်။ အစိုးရဘက်က နိုင်ငံရေးဆွေးနွေးပွဲ အထိ ဦးတည်ချက်ရှိတယ်။ လိုအပ်ရင် - constitution ကိုပါပြင်မယ်လို့ ဆိုတယ်။ လူမျိုးစုလက်နက်ကိုင် တွေဘက်ကလဲ ခွဲထွက်ရေးကိစ္စကို မပြောတော့ဘူး။ ပြီးတော့ ခါးသီးတဲ့ ပြည်တွင်းစစ်အတွေ့အကြုံက နှစ်ဖက်စလုံးကို ငြိမ်းချမ်းရေးဘက် မျက်နှာမူလာစေတယ်လို့ ထင်တယ်။ နောက် နိုင်ငံတကာအခင်း အကျင်း။ ဒီနေ့ကမ္ဘာကြီးမှာ ‘လက်နက်ကိုင်တော်လှန်ရေး’ တွေအတွက်ဘယ်လိုမှ အခွင့်မသာတော့ပါဘူး။ ဒါကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကျွန်တော့အနေနဲ့တော့ အများကြီးမျှော်လင့်ထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ဆက်နွယ်နေတဲ့အကြောင်း သိပါရစေ။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံသွားနေတာက သုံးပွင့်ဆိုင်အပြောင်းအလဲပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပါ။ ဒီသုံးခုလုံးရဲ့ ရည်ရွယ်ချက်က ဖွံ့ဖြိုးတိုးတက်ရေးပဲ လေ။ ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခုဆက်နွယ်နေတယ်။ ဒီထဲမှာမှ အရေးအကြီးဆုံး ‘ဆုံချက်’ အကျဆုံးက၊ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ထင်ပါတယ်။ သမိုင်းကိုပြန်ကြည့်လိုက်ရင် ဒီအဆက်အစပ်ကို ‘ဆဝါး’ နိုင်စရာ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကို အကြောင်းခံပြီး ‘စစ်ဘောင်’ ကျယ်လာတာ၊ ‘စစ်ဘောင်’ ကျယ်လာတာနဲ့အမျှ ‘ဒီမိုကရက်တစ်ဘောင်’ ကျဉ်းလာတာ၊ နောက်ဆုံးလုံးဝ ကိုပျောက်သွားခဲ့ရတာ။ ပြည်တွင်းစစ် တန်းလန်းနဲ့တော့၊ ‘စစ်ဘောင်’ ကိုလျှော့ချဖို့ မလွယ်ပါဘူး။ ‘ဒီမိုကရက်တစ်ဘောင်’ ချဲ့ယူ ဖို့လဲ ခက်နေဦးမှာပါ။ ဒါက နိုင်ငံရေဒပြုပြင်ပြောင်းလဲမှုနဲ့ အဆက်အစပ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာလဲ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ်နေတာတွေရှိတယ်။ စစ်ဖြစ်နေတဲ့၊ မတည်ငြိမ်တဲ့ နိုင်ငံမျိုးမှာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လက်တွေ့မှာခက်တယ်။ နောက် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့စီးပွားရေးက သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် အဓိက အားပြုနေရဆဲပါ။ သယံဇာတအများစုက၊ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတော့ အပြည့်အဝထုတ်ယူသုံးစွဲဖို့ မလွယ်ပါဘူး။

တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးသာ အခြေအနေကောင်းလာရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက်ရော၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက်ပါ လမ်းပွင့်လာလိမ့်မယ်။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို မျှော်လင့်လို့ရပြီပေါ့။

တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေ ကွာခြားမှုရှိသလဲ။

ရေဘုယျတူညီချက်တွေ ရှိနိုင်ပေမဲ့၊ မတူတာတွေအများကြီးပါ။ ကျွန်တော်တို့ နိုင်ငံရဲ့ ‘ထူးခြားချက်’ တွေကို ညဏ်မီသမျှ တန်းစီပြောသွားပါမယ်။

၁။ ကျွန်တော်တို့ လူအဖွဲ့အစည်းရဲ့ ‘ နိုင်ငံရေးဓလေ့’ (political culture) ကိုပြန်ကြည့်ရင် ‘ယုံကြည်မှု’ သိပ်အားနည်းတာကို တွေ့ရမယ်။ ပညာရပ် ဆန်ဆန်ပြောရရင် ‘ very short radius of trust’ ပေါ့။

၂။ ကျွန်တော်တို့ရဲ့ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုကို ပြန်ကြည့်ရင် ‘ စစ်ဓလေ့’ ကဲနေတာကို တွေ့ရတယ်။ Democratic politics ထက် militant politics ကပိုရှေ့ရောက်နေတယ်။

၃။ ဒီနေ့အထိ ကျွန်တော်တို့ နိုင်ငံရေးကို ကြည့်ရင်လဲ ‘ဆန့်ကျင်လက်အချင်းချင်း၊ အပြန်အလှန်ဖယ်ထုတ်ဖို့ အားသန်တဲ့ ရယ်ဒီကယ် နိုင်ငံရေး’ (radical politics) ကသာ အပေါ်စီးရနေတယ်။ ‘ဆန့်ကျင်ဘက်တွေ၊ အကြေအလည်ညှိနှိုင်း အဖြေရှာ၊ အပြန်အလှန် အလျှော့ပေးစေ့စပ်တဲ့ ဒီမိုကရေစီနိုင်ငံရေး’ (Democratic politics) က အခုထိ အားနည်းနေဆဲပဲ။

၎။ နောက် ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်က လွတ်လပ်ရေးနဲ့ ဖွားဖက်တော် ကမ္ဘာပေါ်မှာ အရှည်ဆုံး။ နှစ်ပေါင်း ၆၀ ကျော်ပြီ။

၅။ ဗဟုနိုင်ငံရေး စနစ်တွေနဲ့ ဝေးခဲ့ရတာကလဲ ရာစုဝက်နီးပါး။ ‘ဗဟုနိုင်ငံရေး’ အတွေ့အကြုံ ဆိုလို့ ဆယ်စုနှစ် တစ်ခုလောက်ပဲရှိတယ်။

၆။ တခြားနိုင်ငံတွေမှာ၊ လက်နက်ကိုင်အဖွဲ့၊ လွန်ရောကျွံရော သုံးဖွဲ့လောက်ထက် မပိုဘူး။ ကျွန်တော်တို့မှာ တော့ လူမျိုးစုတိုင်းလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်။ တချို့လူမျိုးစုတွေမှာ ဆိုရင် တစ်ခု မကဘူး။

၇။ ဒီလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ၊ တစ်ခုနဲ့တစ်ခု သဘောသဘာဝ အရရော၊ လက်နက်ကိုင် တိုက်ပွဲသက်တမ်းပါ မတူဘူး။ (တစ်ချို့က  ၄၈ ကတည်းက လက်နက်ကိုင်တာ၊ တစ်ချို့က ၈၈ နောက်ပိုင်း မှ) ဒီတော့ ပြည်တွင်းစစ်ရဲ့ ဒဏ်သင့်မှုတွေအပေါ် နားလည်ပုံ အတိုင်းအတာချင်းမတူနိုင်ဘူး။ ပြီးတော့ မြန်မာနိုင်ငံရေးမှာ သြဇာကြီးခဲ့ဖူးတဲ့ ‘လက်ဝဲအိုင်ဒီအိုလိုဂျီ’ အပေါ်တိမ်းညွတ်ပုံချင်းလဲ မတူကြဘူး။

၈။ ကျွန်တော်တို့နိုင်ငံရေးမှာ group psychology သဘောတွေအများကြီးရှိတယ်။ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းအရ ကိုယ်ပိုင်ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ငြိမ်းချမ်းရေးတိမ်းညွတ်မှုတွေ ရှိကြပေမဲ့ အစုအဝေးသဘောဖြစ်လာရင် တစ်မျိုးတစ်မည် ဖြစ်တတ်တယ်။ (ဒါက အတော်အရေးကြီးမယ် ထင်တယ်)

၉။ ပြည်တွင်းစစ်က အနှစ်ခြောက်ဆယ်ကျော်ပြီဆိုတော့၊ ‘စစ်စီးပွားရေး’ နဲ့ ‘စစ်အင်စတီကျူးရှင်း’တွေက နှစ်ဘက်လုံးမှာ ‘ခိုင်’နေပြီ။ ‘ငြိမ်းချမ်းရေး စီးပွားရေး’ နဲ့ ‘ဒီမိုကရက်တစ် အင်စတီကျူးရှင်း’ တွေ တည်ဆောက်ဖို့ အများကြီး ကြိုးပမ်းရဦးမယ်။ အချိန်ပေးရလိမ့်မယ်။
ဒါတွေကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တခြားနိုင်ငံတွေထက် ပိုခက်နိုင်ပါတယ်။ ပိုအချိန်ယူ ရမယ်ထင်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့အတွက် ဘယ်အပိုင်းတွေကို  တိုးမြှင့်လုပ်ဆောင်သင့်သလဲ။

ပြောရရင် ပြည်တွင်းစစ်အစ၊ လွတ်လပ်ရေးခေတ်ဦးကတည်းက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ခရီးမရောက်ခဲ့ပါဘူး။ ဘာကြောင့်လဲ ပြန်ဆန်းစစ်ဖို့လိုမယ်။ ကျွန်တော်မြင်တာ ပြောရရင် အဲဒီတုန်းက တောတွင်းလက်နက်ကိုင်အင်အားစုတွေက ‘တွေ့ဆုံဆွေးနွေးရေးက ပထမ၊ ပြီးမှ လက်နက် စွန့်တန် စွန့်မယ်’ ဒီလိုရပ်တယ်၊ အစိုးရက ‘ လက်နက်အရင်စွန့်၊ တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့်ပေးမယ်’ ဒီလိုရပ်တယ်။ ဒါနဲ့ပဲ ပြည်တွင်း စစ်မရပ်နိုင်ဘဲ ဒီမိုကရေစီသာ လုံးပါးပါးသွားခဲ့ရတာ။ အခုလည်း ဒီသဘောပဲ။ အစိုးရက ‘တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်။ ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်’ လူမျိုးစု လက်နက်ကိုင်တွေကတော့ ‘နိုင်ငံရေး ဆွေးနွေးပွဲတွေ အရင်လုပ်မယ်။ အဖြေရမှ အပစ်အခတ်ရပ်စဲရေး လုပ်မယ်…’။ ဒါနဲ့ပဲ အရင်တုန်းကလို ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဖြစ်သွားမှာ ကျွန်တော် အစိုးရိမ်ဆုံးပဲ။ အဲလိုဆိုရင် အားယူခါစ ဒီမိုကရေစီ ယိုင်လဲသွားနိုင်တယ်။ သတိပြုကြဖို့ပါ။

ကြားထဲက ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာက “ယေဘုယျ နိုင်ငံရေးသဘောတူညီချက်တွေ ရအောင် အရင်လုပ်ကြပါ။ ဒါ ရရင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကြပါ။ ပြီးမှ ကျန်တာတွေကို တစုံတရာ ငြိမ်းချမ်းတဲ့ အခြေအနေမှာ ဆက်ဆွေးနွေးကြပါ” လို့ အကြံပြုချင်ပါတယ်။

ဒီနေရာမှာ ‘ယေဘုယျ နိုင်ငံရေး သဘောတူညီချက်’ ဆိုတာကို ရှင်းပါ့မယ်။ အတိအကျ အခိုင်အမာ အနုစိတ်သဘော မဟုတ်ပါဘူး။ ယေဘုယျ သက်သက်ပါ။ နှစ်ဘက် သိပ်မဝေးတဲ့ ယေဘုယျ ဖက်ဒရယ် အနှစ်သာရပိုင်းကို ညှိကြဖို့ပါ။ တိတိကျကျ ပြောရရင် လက်ရှိ ၂၀၀၈ constitution ထဲက ဇယား ၁၊ ၂၊ ၃၊ ၅ ကို ပေးထားချက်လို့ ယူပြီး နှစ်ဘက် လက်ခံနိုင်မယ့် ကြားအဖြေ ရှာကြဖို့ပါ။ ရနိုင်စရာ ရှိပါတယ်။ လွှတ်တော် ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာ ထွက်လာရင် အဲဒါနဲ့လည်း ဆက်စပ်ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။ အားလုံး သဘောထား ကြီးကြရင် အကောင်းဆုံး မဟုတ်ရင်တောင်မှ ယာယီဖြစ်စေ လက်ခံနိုင်လောက်မယ့် အဖြေတစ်ခု ရနိုင်ပါတယ်။ ဒါကို မဖြစ်ဖြစ်အောင် အရယူပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်စေချင်ပါတယ်။ ဖြစ်နိုင်ရင် ၂၀၁၅ မတိုင်ခင် ဒါကို အကောင်အထည်ဖော်စေချင်တယ်။

အဲသလို ယေဘုယျနိုင်ငံရေးသဘောတူညီချက် ရတာနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဖြစ်ပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ဆက်လက်ဆွေးနွေးကြရမယ့် ပြဿနာတွေ၊ sensitive issues တွေ အများကြီး ရှိပါသေးတယ်။ လက်နက်ကိုင်တပ်တွေ လျှော့ချရေးတို့၊ ပြန်လည်နေရာချထားရေးတို့၊ ပြန်လည်ပေါင်းစည်းရေးတို့ (ပညာရပ်ဆန်ဆန် ပြောရရင် DDR - Disarmament, Demobilization and Reintegration ပေါ့)။ ဒီကိစ္စတွေက သိပ်သိမ်မွေ့တော့ ချက်ချင်းအဖြေရဖို့ မလွယ်ပါဘူး။ အချိန်အများကြီး ယူရပါလိမ့်မယ်။ ဆယ်စုတစ်ခုတောင် ကြာကောင်း ကြာသွားနိုင်ပါတယ်။ ဒါတွေအားလုံး အပြည့်အဝ ရမှ အပစ်အခတ် ရပ်မယ်ဆိုရင် ကျွန်တော်တို့ သက်တမ်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဘယ်လိုမှ ရစရာမရှိပါဘူး။ ယေဘုယျ နိုင်ငံရေး သဘောတူညီချက် ရပြီး အပစ်အခတ်ရပ်မှ တစုံတရာ ငြိမ်းချမ်းတဲ့ အခြေအနေအောက်မှာ ဒီအကဲဆတ်တဲ့ ပြဿနာတွေကို အေးအေးညောင်းညောင်း အဖြေရှာနိုင်ပါလိမ့်မယ်။

ဒီအတွက်တော့ ဘယ်လောက် အချိန်ပေးရ ပေးရပေါ့။ ဆယ်နှစ်ကြာလည်း ဘာဖြစ်လဲ။ အနှစ်ခြောက်ဆယ်ကျော် စစ်တိုက်ပြီးပြီပဲ။ ၁၀ နှစ်လောက် သည်းခံပြီး သေနတ်သံမထွက်စေဘဲ ဆွေးနွေးကြည့်ဖို့ ကောင်းပါတယ်။ ဒီလောက်မှ စိတ်မရှည်ရင် ကျွန်တော်တို့ ပြည်တွင်းစစ် အနှစ်တစ်ရာကြာလည်း အဖြေရှာရမှာ မဟုတ်ဘူး။

ဒီတော့ ယေဘုယျ သဘောတူညီချက်တွေ ရအောင် ဝါယမစိုက်ပြီး လုပ်ပေးကြပါ။ ပြီးရင် တပြည်လုံး သေနတ်သံတွေ ရပ်ပေးကြပါ။ ကျန်တာတွေကို အချိန်ယူ ညှိနှိုင်း အဖြေရှာကြပါ လို့ နှစ်ဘက်လုံးကို မေတ္တာရပ်ခံချင်ပါတယ်။

ဖက်ဒရယ်ဆိုတာကို တိုင်းရင်းသားတွေက တိုင်းရင်းသားတွေက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်နေကြတယ်။ (ဥပမာ - ရှစ်ပြည်နယ် ဖြစ်သင့်တယ် ဆိုတာမျိုး) ဆရာ့အနေနဲ့ရော ဖက်ဒရယ်ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ။

ဒီနေရာမှာ ကျွန်တော့်လို ပါမွှားတစ်ယောက်ထက် မိတ်ဆွေကြီး “အီဂေါ”ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုပဲ ကိုးကားပြောချင်ပါတယ်။ “အီဂေါ”ဆိုတာက Educational Initiatives ရဲ့ ဒါရိုက်တာ Igor Blazevic ကိုပြောတာပါ။ သူက ဖက်ဒရယ်နဲ့ ပတ်သက်ရင် ကျွမ်းကျင်သူလို့ ဆိုနိုင်လောက်တဲ့ ပညာရှင်လည်း ဖြစ်တယ်။ ဘော့စ်နီးယား ဇာတိဖြစ်တာမို့ ‘ဘောလ်ကန်နိုက်ဇေးရှင်း’ (အစိတ်စိတ်အမွှာမွှာ ကွဲပြိုမှု) ကိုလည်း ကိုယ်တိုင် ကြုံဖူးတယ်။ ဒါကြောင့် သူ့ဖွင့်ဆိုချက်ကိုပဲ ညွှန်းပါ့မယ်။

၁။ ဗဟိုအစိုးရနဲ့ ဒေသအစိုးရကြားမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေကျင့်သုံးမှု ရှိမယ်။ (power sharing, tax sharing, resource sharing)

၂။ ဒါကို constitution မှာလည်း တရားဝင် ဖော်ပြထားမယ်။

၃။ ဒီခွဲဝေကျင့်သုံးမှုကို ပြောင်းချင်ရင် constitution ပြင်ဆင်ခြင်းနဲ့သာ ပြောင်းလို့ရတယ်။ လွှတ်တော်လမ်းကြောင်းနဲ့သာ ပြောင်းရမယ်။

ဒီအနှစ်သာရ သုံးခု ပြည့်စုံရင် ဖက်ဒရယ်လို့ ယေဘုယျ ပြောနိုင်တယ်လို့ ဆိုပါတယ်။ ခင်ဗျားတို့ပြောတဲ့ ရှစ်ပြည်နယ်ဆိုတာက ဒီဖက်ဒရယ် အနှစ်သာရကို အကောင်အထည်ဖော်ရတဲ့ ဖွဲ့စည်းပုံ ကိစ္စပါ။ ပုံသဏ္ဌာန် ပြဿနာပေါ့။ ဒီလိုပုံသဏ္ဌာန်မှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်လိုမှ ထပ်တူမကျနိုင်ပါဘူး။ မူကွဲတွေ အများကြီး ရှိပါတယ်။

ဒီတော့ အထက်က ဖွင့်ဆိုချက်နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်ကြည့်ရင် လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမှုကို တရားဝင် ဖော်ပြထားတာ တွေ့ရတယ်။ (ဇယား ၁၊ ၂၊ ၃၊ ၅) သယံဇာတ ခွဲဝေမှုကိုတော့ သီးခြားဇယားနဲ့ ဖော်ပြမထားဘူး။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်လုံးဝမဟုတ်တဲ့ တပြည်ထောင် (unitary) ဆိုတဲ့ ဝေဖန်ချက်ဟာ တစ်ဖက်သတ် ကျလွန်းတယ်လို့ မြင်ပါတယ်။ တပြိုင်တည်းမှာပဲ ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်ပါပဲဆိုတာမျိုးကလည်း များလွန်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြောခဲ့တဲ့ ဇယား ၁၊ ၂၊ ၃၊ ၅ တို့ဟာ ဘက်တစ်ဘက်တည်းရဲ့ ရပ်ခံချက်ဖြစ်တော့ လူမျိုးစုတွေဘက်က (ပြောရရင်) ဒေသအစိုးရတွေဘက်က ပြောင်းချင်တာ၊ ပြင်ချင်တာ၊ ဖြည့်စွက်ချင်တာတွေ ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံကို “ပေးထားချက်”လို့ ယူဆပြီး အကြေအလည် ညှိနှိုင်းကြရင် အားလုံးသဘောညီတဲ့ ဖက်ဒရယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေဟာ အများညီ ဖက်ဒရယ်ကို ရောက်နိုင်တဲ့ ပလက်ဖောင်းတစ်ခုလို့ မြင်ပါတယ်။ အရေးကြီးတာက နှစ်ဘက် သဘောထားကြီးကြီးနဲ့ ညှိနှိုင်း ဆွေးနွေးကြဖို့ပါ။

အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်မှု ရှိပါလဲခင်ဗျ၊

ဒီနေ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရော၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ခေါင်းဆောင်တွေပါ အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို ခါးခါးသီးသီး ကြုံဖူးပြီးပြီမို့ သူတို့ရဲ့ ငြိမ်းချမ်းချင်တဲ့ ဆန္ဒကို ကျွန်တော် ယုံပါတယ်။ ဒါပေမယ့် နှစ်ပေါင်း ၆၀ ကျော် စစ်ပွဲကို နေ့ချင်း ညချင်း ရပ်ဖို့ဆိုတာ လက်တွေ့ မဖြစ်နိုင်ပါဘူး။ ကာလတစ်ခု အချိန်ယူ လုံးပမ်းဖို့ လိုပါလိမ့်မယ်။ ဒီအတွင်း ပြည်တွင်းစစ် အဆိုးကျော့သံသရာထဲ ပြန်လည်မသွားဖို့ အရေးကြီးတယ်။ ဒီအတွက် နှစ်ဖက် အပြန်အလှန် ညှိနှိုင်း၊ အလျှော့ပေး၊ စေ့စပ်တဲ့ ဓလေ့မျိုး ထွန်းကားဖို့ လိုပါတယ်။ ခက်တာက ဒီဓလေ့ဟာ အခုမှ သန္ဓေတည်စမို့ သမရိုးကျ ထိပ်တိုက်ရင်ဆိုင်ရေးဓလေ့ကို မကျော်နိုင်မှာတော့ စိုးရိမ်တယ်။

ဆရာ့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တခုခု ဖြည့်စွက်ပြောချင်တာများ ရှိပါသေးလား ခင်ဗျား။

ရှိတယ်။ လွှတ်တော်ရဲ့အခန်းကဏ္ဍပါ။ ရှေ့ပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ‘ယေဘုယျသဘောတူညီချက်’ရဖို့ အဆင့်မှာကိုပဲ။ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်နေတယ်။ ဒီတော့ ဥပဒေပြုရေးအာဏာ ကိုင်ထားတဲ့ လွှတ်တော်မပါဘဲ ဒီကိစ္စ မဖြစ်ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်တွေနဲ့ လွှတ်တော် ၁၀၉ ဦးကော်မတီရဲ့ တင်ပြချက်တွေကို ဆက်စပ်ညှိနှိုင်းကြဖို့ အရေးကြီးပါတယ်။

ဒီလိုပြောရတာလဲ အကြောင်းရှိလို့ပါ။ နိုင်ငံရေး အင်အားစု တစ်ခု (ပွင့်ပွင့်လင်းလင်းပြောရရင်၊ တခါက ကျွန်တော် ပတ်သက်ခဲ့ဖူးတဲ့ ပါတီ)ရဲ့ ကြေညာချက်ကို online မှာ ဖတ်ရလို့ပါ။ အဲဒီပါတီက “အခြေခံဥပဒေကို လွှတ်တော်ပြင်ပ လမ်းကြောင်းနဲ့ ဖျက်ရေး”ဆိုတာ တင်နေတယ်။ ဒီနေ့ ဒီမိုကရေစီအပြောင်းအလဲ တစ်ခုလုံးကို ကတိမ်းကပါး ဖြစ်စေနိုင်လောက်အောင် အန္တရာယ်ကြီးလှတဲ့ လက်ဝဲသွေဖီရေးလို့ ကျွန်တော် မြင်ပါတယ်။ အဲဒီသွေဖီရေး အပေါ်စီးရသွားရင် ပြည်တွင်းစစ် သံသရာထဲက ရုန်းမထွက်နိုင်ရုံတင် မကဘူး။ ဒီမိုကရေစီ အလားအလာတွေပါ ပျောက်သွားနိုင်တယ်။ ငြိမ်းချမ်းရေး အင်အားစုတွေ ကြပ်ကြပ်သတိထားစေချင်ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က စွဲလမ်းဖူးတဲ့ ကဗျာတစ်ပုဒ် ရှိတယ်။ ‘ဗားတော့ ဗရက်’ ရဲ့ ကဗျာပါ။ “အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး” ဆိုတဲ့ကဗျာပါ။ ဒီကဗျာစာသားကို ခိုင်ထူးကလည်း သီချင်းလုပ်ဆိုဖူးတယ်။ ကဗျာအနေနဲ့ သီချင်းအနေနဲ့ကတော့ ဖတ်ရတာ၊ ဆိုရတာ တယ်အရသာရှိတာပဲ။ လက်တွေ့မှာတော့ အလုပ်မဖြစ်ရုံသာမက အန္တရာယ်ကြီးတယ်။ နိုင်ငံရေးဆိုတာ၊ ကဗျာရွတ်တာမဟုတ်ဘူး။ လသာသာ သီချင်းအော်ဆိုရတာ မဟုတ်ဘူး။ အန္တရာယ်ကို ကြိုမြင်ရမယ်။ အမျှော်အမြင်ရှိဖို့ လိုတယ်။
ဆရာကျော်ဝင်စာမျက်နှာမှ
Read More »

ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း --------- ရေးသားသူ- အောင်သူရ


“ကျွန်တော်က သမ္မတကြီးကို တင်ပြတာပေါ့ဗျာ။ တိုက်တွန်းတာမဟုတ်ပါဘူး။ သမ္မတကြီး လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီစကားကိုမပြောသင့်ပါဘူး”
----------

ဦးသိန်းစိန်အစိုးရ တာဝန်ယူလာခဲ့သည်မှာ သုံးနှစ်နီးပါးရှိလာခဲ့ပါပြီ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုများမှာလည်း ခပ်စိပ်စိပ်ကြားလာရသည်။ အထူးသဖြင့် သမ္မတ၏ရည်မှန်းချက်များ အောင်မြင်ရန် အဓိကအကောင်အထည်ဖော်ပေးနေသော သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့အပေါ် ဝေဖန်မှုများ၊ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မကြာခဏဆိုသလို မီဒီယာများတွင် တွေ့လာရသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးရရှိရန် ဦးဆောင်လုပ်ကိုင်နေသော ဦးအောင်မင်းကိုတွေ့ဆုံ၍ ၎င်းနှင့်အစိုးရအဖွဲ့အပေါ် ဝေဖန်နေမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၄ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး- ဒီရက်ပိုင်းထဲမှာ ပြည်ပကနေ မြန်မာနိုင်ငံကို ပထမဆုံးပြန်လာတဲ့ ဦးပီတာလင်းပင်ကို ၀န်ကြီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းက ငွေတွေ၊ အိမ်တွေ၊ ကားတွေပေးမယ်လို့ ကမ်းလှမ်းတယ်လို့ ပြောဆိုတဲ့အပေါ်မှာ ၀န်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- ကျွန်တော် အဲဒီကိစ္စမပြောခင်မှာ ကျွန်တော်လုပ်တဲ့ကိစ္စလေး ပြောချင်ပါတယ်။ အစိုးရသစ်တက်လာတော့ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်မှာ သမ္မတကြီးက အခြေပြမိန့်ခွန်းပြောပါတယ်။ အဲဒီ အခြေပြမိန့်ခွန်းထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပက ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး ဆောင်ရွက်ကြဖို့ သမ္မတကြီးကဖိတ်ခေါ်ခဲ့တယ်။ အဲဒီ ဖိတ်ခေါ်တဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဦးဆုံးစ၀င်လာတာတော့ ဦးပီတာလင်းပင် ဖြစ်ပါတယ်။ ဦးပီတာလင်းပင်ဟာ ဦးစိန်ဝင်း (NCGUB)ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ သူပြန်ဝင်လာတဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ တွေ့ဖို့လိုအပ်ပါတယ်။ ကျွန်တော် သူ့ကိုတွေ့ခဲ့တယ်။ တွေ့တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဘယ်လိုအပိုင်းတွေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဘယ်အပိုင်းတွေ ဘယ်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ သူက အခွင့်အရေးတွေတောင်းတာ ရှိတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာရှိတယ်။ အခုခေတ်ပြောင်းသွားပြီ။ အားလုံးက တန်းတူညီမျှပဲ။ ဘယ်သူမှ အခွင့်ရေးပိုယူလို့မရဘူး။ အများတန်းတူပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာမှပေးလို့မရပါဘူးလို့ ပြောခဲ့တယ်။ သူတို့ပြောသလိုပဲ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဒီအတိုင်းပဲပြောခဲ့တယ်။

မေး- ၀န်ကြီးပြောသွားတဲ့အထဲမှာ သူက ၀န်ကြီးဆီမှာ အခွင့်အရေးတောင်းတာရှိတယ်ဆိုတော့ ဘာအခွင့်အရေးတွေတောင်းခဲ့လဲ။

ဖြေ- သူကတော့ဗျာ ဒီနိုင်ငံကထွက်သွားတယ်ဆိုရင် ဥပမာ သူ့ပင်စင်လစာကို ပြန်ခံစားခွင့်၊ ဒါလေးကို ပြောတာရှိတယ်။ နောက် မေမြို့မှာ သူထွက်သွားတဲ့အခါကျတော့ အိမ်ဂရန်မြေကွက် ပျောက်သွားတယ်။ ဒါလေးကို သူဂရန်မြေကွက် ပြန်လျှောက်တယ်။ ဒါတွေက သာမန်လူလုပ်လို့ရတဲ့ကိစ္စတွေပဲ။ သူ့ရဲ့ရပိုင်ခွင့်ဖြစ်တယ်။ ကျွန်တော်တို့ကလည်း ဘာပဲဖြစ်ဖြစ် ပြည်ပက ပြန်လာတဲ့လူတစ်ယောက်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောပေးတာတို့ လုပ်ပေးတာတို့ ဒါလောက်ပဲရှိတယ်။ ဒါလေးတော့ လုပ်ပေးခဲ့ပါတယ်။

မေး- ၀န်ကြီးက MPC (မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ အခုနောက်ပိုင်း MPC နဲ့ပတ်သက်ပြီး ဝေဖန်သံတွေ တော်တော်လေးကြားလာရတယ်။ ၀န်ထမ်းလစာအပါအ၀င် အကူအညီအထောက်အပံ့တွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူးပေါ့။ ဒါကြောင့် ၀န်ကြီးတို့အနေနဲ့ MPC ကို ဒီထက်ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လိုများလုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ- ကျွန်တော်တို့ MPC ကို အခုလောလောဆယ် ၀ိုင်းကူလုပ်ပေးနေတာ အီးယူ (ဥရောပသမဂ္ဂ)တို့၊ ဂျပန်တို့က ၀ိုင်းလုပ်ပေးနေတာရှိတယ်။ ကျွန်တော်တို့က အစကတည်းက MPC မှာ ကျွန်တော်တို့ရဲ့မူဝါဒအရ ပိုက်ဆံ ကျွန်တော်တို့မကိုင်ပါဘူးလို့ ပြောထားပြီးသားရှိတယ်။ အလှူရှင်တွေက ယူလာတဲ့ပိုက်ဆံကို တကယ်လိုအပ်တဲ့နေရာ၊ တကယ်လိုအပ်တဲ့ တိုင်းရင်းသားတွေဆီရောက်အောင် ကူညီလုပ်ဆောင်ပေးမယ်ဆိုတာကိုပဲ အစဉ်တစိုက်ပြောခဲ့ပါတယ်။ အခုလည်း MPC က အဖွဲ့တွေကို လစာပေးတယ်ဆိုတာ အီးယူကနေ တိုက်ရိုက်ပေးတာဖြစ်ပါတယ်။ နိုင်ငံတကာအလေ့အကျင့်အရ ဘယ်လောက်ပေးတယ်ဆိုတာ ပြောခွင့်လည်းမရှိပါဘူး။ မေးခွင့်လည်းမရှိပါဘူး။ MPC မှာ ဆွေးနွေးတဲ့အခါမှာ သူတို့ ကူညီပေးမယ်၊ ပညာရှင်တွေပေးမယ်ဆိုပြီးတော့ နိုင်ငံခြားပညာရှင်တွေပေါ့။ နိုင်ငံခြားသားပညာရှင်တွေ အတင်းတွန်းထည့်တယ်။ တွန်းထည့်တဲ့အခါကျတော့ ကျွန်တော်က နိုင်ငံခြားပညာရှင်တွေ လက်မခံဘူး။ ကျွန်တော့်ဆီက တိုင်းရင်းသားပညာရှင်တွေပဲပေးပါဆိုပြီးတော့ တောင်းခဲ့တာ။ ဒီလူတွေအားလုံးကလည်း သူတို့ငှားပြီး ထည့်ပေးတာဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ နာမည်ပဲပေးပိုင်ခွင့်ရှိပါတယ်။ ဘယ်လောက်ပေးပါလို့လဲ ပြောခွင့်မရှိဘူး။ ကျွန်တော့်လက်ထဲကို ပိုက်ဆံရောက်လာပြီး ကျွန်တော့်လက်ထဲက သွားတယ်ဆိုရင် ကျွန်တော်ရှင်းပြလို့ရပါတယ်။

မေး- အခုရက်ပိုင်းမှာ ဦးမင်းဇင်ကို လစာဒေါ်လာသိန်းချီပေးပြီး ခေါ်တယ်လို့ ကောလာဟလတွေ ထွက်လာတယ်။

ဖြေ- ဦးမင်းဇင်ရဲ့စာတွေကို ကျွန်တော် တော်တော်သဘောကျပါတယ်။ သဘောကျတဲ့အခါကျတော့ သူ့စာတွေကို ကျွန်တော် အလွတ်ကျက်မှတ်ပါတယ်။ ဒေါ်လာငါးသိန်းပေးပြီးခေါ်ရင်တောင်မှ သူမလာပါဘူးလို့ပြောတာဟာ ဥပမာပေးပြီး တင်စားပြီးပြောတဲ့စကားဖြစ်ပါတယ်။ UMFCCI မှာလုပ်တဲ့ အစည်းအဝေးမှာ သူပြောခဲ့တာပါ။ ဥပမာအနေနဲ့ပြောခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ပညာရှင်တွေကို အရမ်းလေးစားတယ်။ အရမ်းတန်ဖိုးထားတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နေတယ်။ အသွင်ကူးပြောင်းရေးကာလဖြစ်တယ်။ အသွင်ကူးပြောင်းရေးကာလမှာ ပညာရှင်တွေရဲ့ အားအများကြီးလိုပါတယ်။ မြန်မာနိုင်ငံကို ပြန်လာကြပါ၊ ၀ိုင်းလုပ်ပေးကြပါဆိုတဲ့ စကားကိုတော့ ပြောဖူးတယ်။ ဒီထက်ပိုပြီး ဘာမှမပြောဘူး။

မေး- နိုင်ငံခြားရောက်နေတဲ့မြန်မာတွေ ပြန်လာပါလို့ခေါ်ပေမယ့် ဒီမှာ ဘာအခက်အခဲဖြစ်နေလဲဆိုတော့ မှတ်ပုံတင်လုပ်တဲ့အခါမှာ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အစိုးရအနေနဲ့ ၂၀၁၅ မတိုင်ခင် ဒီလူတွေကို ငြိမ်အောင်ထိန်းထားတဲ့သဘောလား။

ဖြေ- ကျွန်တော်သိသလောက်တော့ နိုင်ငံတော်အကြီးအကဲကနေ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးပါလို့ မှတ်ချက်ပြုထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီဆိုတော့ ဘယ်သူလာလာ လက်ခံတယ်။ ပြီးရင် မှတ်ပုံတင်ရုံးကနေ မှတ်ပုံတင်ထုတ်ပေးရတာပေါ့။ မှတ်ပုံတင်ပြန်လျှောက်တဲ့အခါမှာ Green Card ကိုင်ထားတဲ့လူကျတော့ နှစ်ခုကိုင်ထားရင် မတရားဘူးပေါ့။ Green Card ကို ဟိုနိုင်ငံမှာ ပြန်အပ်ခဲ့ရမယ်။ အပ်တဲ့သက်သေခံအထောက်အထား ယူခဲ့ရမယ်။ ယူပြီးမှ ဒီမှာထုတ်မယ်ဆိုရင် လုပ်ပေးရတာ လွယ်လွယ်လေးပဲ။ အဲဒီလိုစာရင်းတွေ ဘာတွေရှင်းတဲ့အပိုင်းမှာ အခက်အခဲရှိနိုင်တယ်။ နောက်တစ်ခု မှတ်ပုံတင်လုပ်ဆိုရင် သန်းခေါင်စာရင်းတောင်းတယ်။ သန်းခေါင်စာရင်းမပြနိုင်ဘူး။ သန်းခေါင်စာရင်းတစ်ခုလုပ်ပါ။ ပြီးရင် မှတ်ပုံတင်လုပ်ပါ။ ဒီအဆင့်တွေကြောင့် ကြာတာဖြစ်တယ်။ လူကြီးက ခွင့်ပြုထားပြီးသားဖြစ်တဲ့အတွက် မူဝါဒကျပြီးသားဖြစ်တဲ့အတွက် အခက်အခဲမရှိပါဘူး။

မေး- နိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ၂၀၁၅ မှာ သမ္မတကြီးကနားချင်တယ်။ ဒါပေမဲ့ MPC အနေနဲ့ ဆက်လုပ်ဖို့တိုက်တွန်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဖြေ- ဒီအပိုင်းမှာ ကျွန်တော်က ဘာကိုအဓိကထားစဉ်းစားသလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်ဖို့ အဓိကထားစဉ်းစားတယ်။ နိုင်ငံရေးတည်ငြိမ်ပြီးခါမှ ၂၀၁၅ ခုနှစ်ကို ကူးပြောင်းတဲ့အခါမှာ ညင်သာစွာကူးပြောင်းနိုင်တဲ့အတွက် ၂၀၁၅ နောက်ပိုင်းမှာ တိုင်းပြည်ကြီးက တည်ငြိမ်အေးချမ်းမယ်။ ဒီလို အဆင့်လိုက် အဆင့်လိုက် စဉ်းစားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုဟာ ပုဂ္ဂိုလ်ရေးသံယောဇဉ်သိပ်ထားတယ်။ ဒီပုဂ္ဂိုလ်ပေါ်မူတည်ပြီးတော့ကာမှ ဒီလို နိုင်ငံရေးကို တွက်ဆကြတာဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်မရှိရင် နိုင်ငံရေးတည်ငြိမ်မှာမဟုတ်ဘူး။ ဒီပုဂ္ဂိုလ်ရှိမှ နိုင်ငံရေးတည်ငြိမ်မယ်ဆိုတဲ့ကိစ္စမျိုး အများကြီးမူတည်တယ်။ အဲဒါကြောင့် ကျွန်တော်က သမ္မတကြီးကို တင်ပြတာပေါ့ဗျာ။ တိုက်တွန်းတာမဟုတ်ပါဘူး။ သမ္မတကြီးလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဒီစကားကိုမပြောသင့်ပါဘူး။ ပြည်သူလူထုက သမ္မတကြီးကို မျှော်လင့်တယ်၊ အားကိုးတယ်၊ ယုံကြည်တယ်။ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို မပျက်စီးရအောင် ဒီစကားတော့မပြောပါနဲ့လို့ တင်ပြတာရှိပါတယ်။ သမ္မတကြီး ၂၀၁၅ မှာ ဆက်လုပ်၊ မလုပ်ဆိုတဲ့ စကားမျိုးပေါ့။

မေး- အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်လို့ ပြောပေမယ့် တကယ်အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပိုင်းမှာ ဘာမှမပြောဘူးလို့ ဝေဖန်တာတွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အခုနောက်ပိုင်း ဒါကိုခပ်စိပ်စိပ်ပြောလာတာ ကြားရတယ်။ ဒီပေါ်မှာရော ၀န်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ- ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ဒီကိစ္စကိုမပြောဘူး၊ ဒီကိစ္စကို အာရုံမစိုက်ဘူးလို့ပြောတယ်။ တကယ်တော့ သူက လွဲမှားနေတာပါ။ အဲဒီကိစ္စတွေမှာ ကျွန်တော်တို့ဆီက ၀န်ကြီးဦးအောင်ကြည် ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်သုံးသပ်တာကို လုပ်နေပါတယ်။ ဒီအဖွဲ့ကလည်း လွှတ်တော်နဲ့လည်း သွားတိုင်ပင်ပါတယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့လည်း တိုင်ပင်ပါတယ်။ တိုင်ပင်ပြီး ဆက်လုပ်ဖို့ရှိပါတယ်။

မေး- ဒီရက်ပိုင်းထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာထုတ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ သမ္မတရယ်၊ လွှတ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံချင်ပါတယ်။ အဲဒီကိစ္စရော ဖြစ်နိုင်ခြေရှိပါသလား။

ဖြေ- ကျွန်တော်ကတော့ သမ္မတရဲ့တပည့်၊ သမ္မတကိုလုပ်ပေးနေတဲ့လူဖြစ်တယ်။ သမ္မတအတွက်တော့ ကျွန်တော်ပြောမယ်။ သမ္မတကတော့ တွေ့မှာပဲ။ သို့သော် လွှတ်တော်အပိုင်းတော့ ကျွန်တော် မသိဘူး။ သမ္မတကတော့ လက်ခံမယ်လို့ ယူဆတယ်။

မေး- ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးပါရစေ။ တိုင်းရင်းသားတွေဘက်က တောင်းဆိုထားတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာရော ဖြစ်နိုင်ခြေရှိပါသလား။

ဖြေ- ဖက်ဒရယ်တပ်မတော်ဆိုတာ အဓိပ္ပာယ်မဖွင့်ရသေးဘူး။ အဓိပ္ပာယ်မဖွင့်ရသေးဘဲနဲ့ ပြောတဲ့အခါကျတော့ တပ်မတော်ပိုင်းကလည်း လုံခြုံရေးကို အဓိကထားတဲ့အတွက် ဒါကိုစိုးရိမ်တယ်။ ဟိုတစ်နေ့က ချင်းမိုင်မှာ ဦးဇော်အေးမောင် အင်တာဗျူးမှာပြောသွားတဲ့ စကားလေးကို ကြားလိုက်ရတော့ တော်တော်ဝမ်းသာသွားတယ်။ သူတို့ပြောတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ အရင်တုန်းက ဗမာ့တပ်မတော်မှာရှိတဲ့ တိုင်းရင်းသားတပ်ရင်းတွေရှိတယ်။ ကချင် (၁)၊ ကချင် (၂)၊ ကချင် (၃)၊ ချင်း (၁)၊ ချင်း (၂)၊ ကယား (၁) ဒီလိုတပ်ရင်းတွေကို ပြောတာပါဆိုတော့ အရင်တုန်းကလည်းရှိခဲ့ပြီသား။ ဒါဘာမှလည်း ခက်တာမဟုတ်ပါဘူး။ ဒါဖက်ဒရယ်တပ်မတော်ပဲလေ။ တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်မဖွင့်ဘဲနဲ့ ကြောက်နေကြတာ။

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ကားပါမစ်တွေပေးခဲ့တာရှိတယ်။ ဘာရည်ရွယ်ချက်နဲ့ ပေးခဲ့တာလဲ။

ဖြေ- ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးတစ်ဖွဲ့ချင်းနဲ့ ဆောင်ရွက်ပြီးတဲ့အခါမှာ အဖွဲ့တချို့အနေနဲ့ ဥပဒေနဲ့အညီ နေထိုင်လိုတယ်ဆိုပြီး အပစ်အခတ်ရပ်စဲပြီး ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေသုံးနေတဲ့ ကားတွေကို ဥပဒေနဲ့အညီ လိုင်စင်ဆောင်ရွက်ပေးဖို့ သူတို့တွေဘက်က တင်ပြလာတာရှိတယ်။ တင်ပြလာတော့ သက်ဆိုင်ရာအကြီးအကဲတွေဆီ တင်ပြပြီးတော့ သူတို့လက်ဝယ်မှာရှိတဲ့ ကားတွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ဆောင်ရွက်ပေးတာ။ စီးပွားကူးသန်းက ပါမစ်နဲ့ပေးသွင်းတာ မဟုတ်ဘူး။ သူတို့လက်ဝယ်မှာရှိတဲ့ ကားကိုပေးတာ။ ခေါင်းဆောင်ပိုင်းတွေစီးတဲ့ ကားအချို့ကိုတော့ အခွန်ကင်းလွတ်ခွင့်ပေးခဲ့တယ်။ ယုံကြည်မှုတည်ဆောက်ဖို့အတွက်နဲ့ သူတို့လည်း အလုပ်လုပ်နိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ပေးတာဖြစ်တယ်။ တခြား ဘာရည်ရွယ်ချက်မှမရှိဘူး။

မေး- ကျွန်တော်ကတော့ မေးလို့ပြီးပါပြီ။ ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။

ဖြေ- ကျွန်တော် ရိုးရိုးသားသားပြောမယ်ဆိုရင် တစ်ခါမှမရသေးတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရအောင် ကျွန်တော်ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော့်ရဲ့ စိတ်ရင်းသဘောရင်းနဲ့ ဘာအကျိုးအမြတ်မှမကြည့်ဘဲနဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံဉာဏ်တွေမပါဘဲနဲ့ ကျွန်တော် ဆောင်ရွက်နေတာဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော့်ကို တိုက်ခိုက်လာရင် ကျွန်တော့်အနေနဲ့ ရှေ့သွားဖို့အတွက် အားတွေလျော့လာတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော့်ကို ဒီအလုပ်မှာ ဆက်လုပ်စေချင်တယ်ဆိုရင် ကျွန်တော့်ကို မတိုက်ခိုက်စေချင်ဘူ။ ကျွန်တော် မှားတာလုပ်ရင်ပြောပါ။ ဒီလို နိုင်ငံရေးတိုက်ခိုက်တာကျတော့ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတည်ဆောက်ပြီး လုပ်ရတဲ့ကိစ္စပါ။ တချို့ကိစ္စတွေမှာ တိုင်းရင်းသားတွေက သို့လောသို့လော ဖြစ်တတ်တယ်။ အဲဒီဟာတွေက ထာဝရငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ အနှောင့်အယှက်တွေ ဖြစ်လာတတ်တယ်။ 


ေေေ ကျေးဇူးတင်ပါတယ်။
Credit To 7Day News Journal
Read More »

သမိုင်းကို အမှားပြင်ဆင်ခြင်း -------------ရေးသားသူ- ရဲမိုး





မိတ်ဆွေသုံးဦး၏ နံနက်စာထမင်းဝိုင်းကို နိုင်ငံရေးနှင့် ဆောင်းနေခြည်နုနုတို့က ပါးပါးလေးလွှမ်းခြုံထားသည်။ လက်ဖက်သားနှပ်၊ ငါးခြောက်ဖုတ်နှင့် ပဲပြုတ်ထမင်းကြော်တို့၏ အရသာကပင် ဆွေးနွေးမှုကိုရပ်တန့်ဖို့ ဆွဲဆောင်နိုင်စွမ်းမရှိလှ။ ထမင်းစားပွဲပေါ်မှာ လက်ရှိနိုင်ငံရေးအချေအတင်များဖြင့် ခုန်ကြွနေသည့် သတင်းစာများက ဟိုမှာဒီမှာ.. မိတ်ဆွေ အမှတ်တစ်က လက်ပစ်ဗုံးတစ်လုံးကို စားပွဲပေါ်ပစ်တင်လိုက်သည်။

“ဘယ်တော့မှ တပ်မတော်က ဒီမိုကရေစီကို ပြည့်ပြည့်၀၀ပေးမှာလဲ။ အဲဒီအချိန်ကို ခန့်မှန်းနိုင်သလား”

လက်ပစ်ဗုံးက စားပွဲပေါ်မှာမပေါက်သေး လိမ့်နေဆဲ။ ကျွန်တော်လည်း ပါးစပ်ထဲထည့်လိုက်သည့် ထမင်းလုတ်ကို မ၀ါးဖြစ်သေး၊ တွေနေဆဲ။ ငါးစက္ကန့်လောက်ငြိမ်သက်သွားအပြီးမှာ မိတ်ဆွေအမှတ်နှစ်က ဆတ်ခနဲဖြေသည်။

“တစ်စုံတစ်ခုကို ပေးတယ်ဆိုတာ ကိုယ့်မှာရှိမှပေးလို့ရတာ။ တပ်မတော်မှာ တို့ကိုပေးစရာ ဒီမိုကရေစီရှိလို့လား”

စားပွဲပေါ်က လက်ပစ်ဗုံးထပေါက်သွားသည်။ ပါးစပ်ထဲက ထမင်းလုတ်ကို ကျွန်တော်မ၀ါးဘဲ ယောင်ပြီးမျိုချလိုက်မိသည်။

ဘာကြောင့်တစ်စုံတစ်ရာသည် အကြီးအကျယ်မှားယွင်းသွားခဲ့ပါသနည်း။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က တပ်မတော်ခေါင်းဆောင်အချို့၏ “ဟုတ်ယောင်ထင်မှု”တစ်ခုက လူ့အဖွဲ့အစည်းတစ်ခုကို ဘယ်လိုအသူရာချောက်ထဲကို ဆွဲခေါ်သွားခဲ့သလဲဆိုတာကို ဖလက်ရှ်ဘက်ပြန်ကြည့်ကြရမည်။

လွတ်လပ်ရေးနုနုနှင့် ပြည်တွင်းစစ်မီးများ၊ အရပ်သားနိုင်ငံရေးပါတီများ၏ အကွဲအပြဲနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးမငြိမ်သက်မှုများက ကမ္ဘာတစ်လွှား တတိယကမ္ဘာနိုင်ငံများမှာ စိတ်ရောဂါတစ်ခုကို မွေးဖွားပေးလိုက်သည်။

“အရပ်သားနိုင်ငံရေးသမားများသည် တိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိ၊ စည်းကမ်းစနစ်ပြည့်ဝသည့် စစ်သားများကသာ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်နိုင်သည်”ဆိုသည့် “နိုင်ငံရေး ဟုတ်ယောင်ထင်မှု”ဖြစ်ပါသည်။ ၁၉၆၀ ပြည့်နှစ်များသည် မြန်မာနိုင်ငံအပါအ၀င် တတိယကမ္ဘာ့နိုင်ငံများ၏ စစ်အာဏာသိမ်းသည့်ရက်စွဲများ။ နောင်အခါ ကမ္ဘာ့ပြည်သူအများအပြား ရာစုနှစ်ဝက်ခန့် အလူးအလဲခံစားကြရတော့မည့် အလွမ်းဇာတ်ရှည်ကြီးအစ..။

တကယ်တော့ ကိုလိုနီဘ၀က ရုန်းထွက်ခါစ မရင့်ကျက်သေးသည့် နိုင်ငံများမှာ ပြည်တွင်းစစ်နှင့် မငြိမ်သက်မှုများက သဘာဝအတိုင်းလိုက်ပါလာမည်သာ။ အရပ်သားနိုင်ငံရေးသမားများ၏ မရင့်ကျက်မှုနှင့် ဗိုလ်ချုပ်ကြီးများ၏ လွဲမှားသည့်မျှော်လင့်ချက်များကြားမှာ နိုင်ငံတော်တော်များများ ချောက်ထဲကို ထိုးကျခဲ့ကြသည်။ တိုင်းပြည်ကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အင်စတီကျူးရှင်းများကို ခိုင်မာစွာတည်ထောင်ခွင့်မရမီမှာဘဲ စစ်အုပ်ချုပ်ရေးအောက်သို့ လူ့အဖွဲ့အစည်းမှာ ပြိုလဲကျသွားကြသည်။

“ဟုတ်ယောင်ထင်မှု”ကြီးက ဖြာထွက်လာသည့် ဟုတ်ယောင်ထင်မှု အတွေးအခေါ်များ၏ နောက်ဆက်တွဲပေါ်ပေါက်လာသည်။ “စစ်သားများက တိုင်းပြည်ကို အချစ်ဆုံးဖြစ်သည်။ အနစ်နာအခံဆုံးဖြစ်သည်။ တိုင်းပြည်အတွက် ဘယ်အရာက အမှန်ဖြစ်သည်ကို စစ်သားကသာသိသည်” ဆိုသည့် ခံယူမှုများက အခိုင်အမာ မွေးဖွားရင့်သန်လာသည်။ ရေဒီယို၊ သတင်းစာများမှာ စစ်သားများကို ပြည်သူများက ကျေးဇူးတင်ကြဖို့ ဆော်သြသံများက ဆယ်စုနှစ်များစွာ လွှမ်းမိုးထားသွားသည်။

ရေးနော့ဒ်အီဂရီတူနှင့် လယ်ရီယေဂင်တို့၏ “ဗမာပြည်က စစ်သားများနှင့် သံတမန်ရေးရာ” (Soldiers and Diplomacy in Burma) စာအုပ်မှာ တပ်မတော်က အုပ်စီးချုပ်ကိုင်သွားခဲ့သည့် မြန်မာ့လူ့အဖွဲ့အစည်းကို ခွဲခြမ်းစိတ်ဖြာသွားခဲ့သည်။ ရေးနော့ဒ်နှင့် လယ်ရီတို့က အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ ပညာရှင်အမို့စ်ပါလက်တာကို ကိုးကားပြီး အာဏာသိမ်းသည့် စစ်တပ်များက လူ့အဖွဲ့အစည်းကဏ္ဍအားလုံးကို ဘယ်လိုထိန်းချုပ်ဝါးမျိုသွားသည်ကို ဖွင့်ဆိုသည်။ အမို့စ်ပါလက်တာက စစ်အစိုးရများကို နှစ်မျိုးခွဲခြားသည်။ တစ်မျိုးက ဖျန်ဖြေသူ(Arbitrator)နှင့် နောက်တစ်မျိုးက အလုံးစုံအုပ်စိုးသူ (Ruler) ဖြစ်သည်။ ဖျန်ဖြေသူစစ်အစိုးရ (Arbitrator)က အခြေအနေတစ်ခုမှာ ၀င်ထိန်းသိမ်းသည်။ တိုင်းပြည်တည်ငြိမ်လျှင် ပြန်ဆုတ်သည်။ အရပ်သားအစိုးရကို နောက်ကွယ်က ဖိအားပေးသည်။

အလုံးစုံအုပ်ချုပ်သူ စစ်အစိုးရ (Ruler)ကတော့ စစ်တန်းလျားကိုပြန်ဖို့ စိတ်မကူးတော့ပါ။ စစ်အုပ်ချုပ်ရေးကို အမည်နာမအမျိုးမျိုးပြောင်းပြီး ထာဝရအဓွန့်ရှည်ဖို့ နည်းလမ်းအမျိုးမျိုးသုံးပြီး ဆွဲဆန့်တော့သည်။ စစ်တပ်အရာရှိ ကြီးငယ်ဟူသမျှကို အရပ်ဘက်ဝန်ကြီးဌာနများသို့ စေလွှတ်ပြီး အုပ်ချုပ်စေသည်။ “စစ်သားသည် အရပ်သားထက် ပိုစမတ်ကျသည်။ အရပ်သားအထက်ကရှိသည်”ဆိုသည့် ခွဲခြားမှုကို သွတ်သွင်းသည်။ သည်လိုနှင့် ယူနီဖောင်းဝတ်များက လူ့အဖွဲ့အစည်းမှာ အားလုံးထက် ခေါင်း ၁၀ လုံး ပိုမြင့်သည့် အီလစ်အလွှာကြီး ပေါ်ပေါက်လာတော့သည်။

“တိုင်းပြည်ကို ငါတို့ထိန်းသိမ်းမှရမည်”ဆိုသည့် ခံယူချက်ကိုလည်း အရသာရှိရှိကြီးခံယူခဲ့ကြသည်။

ကံဆိုးသည်က ကျွန်တော်တို့လူ့အဖွဲ့အစည်းရရှိခဲ့သည့် စစ်အစိုးရအမျိုးအစားက ဒုတိယအမျိုးအစားဖြစ်သည့် အလုံးစုံအုပ်ချုပ်သူများ။ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ န၀တ၊ နအဖ ဘယ်လိုအမည်တွေပြောင်းပြောင်း လူ့အဖွဲ့အစည်း၏ထိပ်ဆုံးမှာ အာဏာကို ချုပ်ကိုင်ထားကြသူများက ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်ကြီးဟောင်းများသာ။

နှစ်ပေါင်း ၅၁ နှစ်အတွင်းမှာ ဗိုလ်ချုပ်ကြီးဟောင်းမဟုတ်သည့် အရပ်သားတစ်ဦး၏ အုပ်ချုပ်မှုဆို၍ ၁၉ သြဂုတ် ၁၉၈၈ မှ ၁၈ စက်တင်ဘာ ၁၉၈၈ အထိ ရက်ပေါင်း ၃၁ ရက်ကြာသည့် ဒေါက်တာမောင်မောင်၏ အုပ်ချုပ်မှုသာဖြစ်သည်။ တကယ်တော့ သူလည်း အုပ်ချုပ်ခွင့်ရသည်မဟုတ်ပါ။ စနက်တံမဖြုတ်နိုင်သည့် ပေါက်ခါနီးချိန်ကိုက်ဗုံးကို သူ့လက်ထဲပစ်ထည့်သွားခြင်းသာ ဖြစ်သည်။

နာမည်အမျိုးမျိုးပြောင်းပြီး စစ်သားအုပ်ချုပ်ရေးကို ဆွဲဆန့်လာသည့်ရလဒ်က တစ်ခေတ်ပြောင်းတိုင်း တိုး၍နာကျင်လာသည့် ပြည်သူ့ရင်တွင်းက ခံစားမှုဖြစ်သည်။ စစ်အုပ်ချုပ်ရေးကို ဆွဲဆန့်လာလေ ပြည်သူ့သံယောဇဉ်ကြိုးက တပ်မတော်အပေါ် ပြတ်တောက်လာလေပင်။ သည်လိုနှင့် တော်လှန်ရေးတွင်းက ပြည်သူတို့ လေးစားမြတ်နိုးသည့်တပ်မတော်ကို ပြည်သူတို့ကိုယ်တိုင် လက်မခံနိုင်ဖြစ်လာခဲ့သည်။

လူ့အဖွဲ့အစည်း၏ ဘယ်နေရာကိုသွားသွား အရပ်သားအရာရှိများ၊ ပညာရှင်များအပေါ်မှာ တက်ထိုင်ပြီး အုပ်ချုပ်နေကြသည့် ယူနီဖောင်းဝတ်၊ ချွတ်များက လက်ညှိုးထိုးမလွဲတော့။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏အစိုးရ တက်လာသည့်အခါမှာတော့ မျှော်လင့်ချက်များ ပြန်ရှင်သန်လာသည်။ ငြိမ်းချမ်းရေးကို တစ်ကျော့ပြန်မျှော်လင့်လာကြသည်။

တကယ်တော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုသည်မှာ အားလုံးကိုယ့်နေရာကိုယ်ပြန်ရေးဟုမြင်သည်။ ကိုယ့်နေရာကိုယ်ပြန်နိုင်ဖို့အတွက် ခင်းကျင်းပေးမည့် အခြေခံဥပဒေဖြစ်ဖို့လိုသည်။ တစ်ဦးနှင့်တစ်ဦး ပြန်လည်မေတ္တာမျှနိုင်ဖို့ လိုအပ်သလို တပ်မတော်ကို ပြည်သူတွေ တစ်ကျော့ပြန်ချစ်နိုင်ဖို့လိုသည်။

၅၁ နှစ်ကြာအပြီးမှာ “တပ်မတော်သားကသာ တိုင်းပြည်ကို ကယ်တင်နိုင်တယ်”ဆိုသည့် အယူအဆသည် “ဟုတ်ယောင်ထင်မှု” သာဖြစ်ကြောင်း ကျွန်တော်တို့ အားလုံးသဘောပေါက်သင့်ပါပြီ။

နံနက်စာထမင်းဝိုင်းကမထမီမှာ မိတ်ဆွေနှစ်ဦးကို ကျွန်တော် ပြန်ပြောခဲ့သည်။ “ဟုတ်တယ်။ တပ်မတော်ဆီက ဒီမိုကရေစီကို တောင်းရမှာမဟုတ်ပါဘူး။ သူတို့မှာမရှိတဲ့အတွက် ကျွန်တော်တို့က သူတို့ကို ဒီမိုကရေစီပေးရမှာပါ”။ ။
Credit to 7Day News Journal
Read More »

သားသုံးသားနှင့် မူလဘူတ Written by မိုးညွန့်လုလင်

သားသုံးသား ဆိုသည်မှာ ဘုရားသား (သံဃာ)၊ စစ်သား (တပ်မတော်သား) နှင့် ကျောင်းသားတို့ကို ဆိုလိုသည်။ လက်ရှောင်ထားကြရသဖြင့် ‘မထိမတို့ရသူများ’ (Untouchables) သဖွယ် ဖြစ်သည့် ထိုသားသုံးသား တို့သည် နိုင်ငံရေးတွင် ခေတ်ကာလ တွန်းအားကြောင့် အကြိမ်ကြိမ် ပါဝင် ပတ်သက်ခဲ့ကြသည်။ သူတို့၏ အဓိက နေရာသည် နိုင်ငံရေး မဟုတ်သဖြင့် မူလအခန်းကဏ္ဍ ကိုသာ အလေးပေး ထမ်းဆောင်နိုင်အောင် အခြေအနေများ ဖန်တီးပေးသင့်သည်။
လူများစု ဗုဒ္ဓဘာသာဝင် ဖြစ်သည့် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် သံဃာတော်များသည် လူအများ အကိုးကွယ်ခံ၊ အပူဇော်ခံ၊ သံသရာမှ လွတ်မြောက်ကြောင်း အားကိုးပြုခံများ ဖြစ်ကြသည်။ သံဃာတို့၏ သြဇာမည်မျှ ကြီးသနည်းကို အထူးတလည် ရှင်းပြရန် မလိုပါ။ မြန်မာဘုရင်များ ခေတ်က သံဃာတော်များ၏ တန်ခိုးသြဇာ ကြီးမားခဲ့ပြီး နောင် အင်္ဂလိပ် ကိုလိုနီခေတ်တွင် သံဃာတော်များ၏ သြဇာ မြန်မာမင်းများ ခေတ်ကလောက် မရှိတော့ သော်လည်း သြဇာ ကြီးနေသေးသည်။
တပ်မတော်၏ သမိုင်းသည် မြန်မာ့ခေတ်ပေါ် သမိုင်းလည်း ဖြစ်အောင် နယ်ချဲ့ ဆန့်ကျင်ရေးတွင် တပ်မတော်သည် ခွဲမရအောင် ပါဝင်ခဲ့သည်။ မြန်မာ့ တပ်မတော်၏ အမြုတေ ဖြစ်သော ရဲဘော်သုံးကျိပ်ကို နိုင်ငံရေးသမားများဖြင့် စတင် ဖွဲ့စည်းခဲ့သောကြောင့် ယင်းတို့သည် နိုင်ငံရေးသမား အဖြစ် အခြေတည်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါမှ စစ်သားများ အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးသမား ပထမ၊ စစ်သား ဒုတိယ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။
လပိုင်းသာ ဖုတ်ပူမီးတိုက် သင်တန်းပေးခဲ့ သောကြောင့် စစ်သား ဖြစ်ရန် ရက်တိုသင်တန်းသာ တက်ခဲ့ရသည်ဟု ဆိုနိုင်ပြီး စစ်သားစစ်စစ် Professional Soldier ဖြစ်ရန် အတော်လေး အားယူခဲ့ရပုံ ပေါ်သည်။ လွတ်လပ်ရေး ရပြီးစ တပ်မတော်တွင်းတွင် ကွန်မြူနစ်ဝါဒ လေ့လာလိုက်စားမှု မြင့်မားပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ထိုးဖောက် စည်းရုံးချိန်တွင် တပ်မတော်မှ တပ်ရင်းအချို့ တောခိုပြီး တော်လှန် ပုန်ကန်ခဲ့ခြင်းမှာ Professional Soldier ဖြစ်ရန် အခြေခံက အားနည်းခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
နောက်ပိုင်းတွင် တပ်မတော်သားများကို စစ်သားစစ်စစ်များ ဖြစ်ရန် လေ့ကျင့်ပေးခဲ့ သော်လည်း ၁၉၆၂ တွင် တပ်မတော်က နိုင်ငံတော် အာဏာကို ရယူခဲ့သောကြောင့် နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင် ပတ်သက်လာသည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တည်ထောင်သော အခါတွင်လည်း တပ်မတော်သားများ ပါတီဝင်စေခြင်း များကြောင့် နိုင်ငံရေးနှင့် မဖြစ်မနေ ရောယှက်လာပြန်သည်။ စစ်သားစစ်စစ်များ အဖြစ် လေ့ကျင့်ပေး ခံခဲ့ရသည့် တပ်မတော် သားများသည်လည်း နိုင်ငံရေးနှင့် တိုက်ရိုက် ပါဝင် ပတ်သက်လာပြန်သည်။
၁၉၈၈ နောက်ပိုင်းတွင် တပ်မတော်က အာဏာသိမ်းပြီး တပ်မတော်အစိုးရ ဖြစ်ချိန်တွင် ယူနီဖောင်းဖြင့် နိုင်ငံ အုပ်ချုပ်သည့်ကာလ နောက်ထပ် နှစ်၂၀ ကျော်ခဲ့ပြန်သည်။
ကျောင်းသားသည် မြန်မာ့သမိုင်းကြောင်း အရ နိုင်ငံရေးနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ကျောင်းသား ဆိုသည်မှာ ငယ်ရွယ်သည်၊ စူးစမ်း လိုသည်၊ ကြောက်စိတ် နည်းသည်၊ လုပ်ရဲကိုင်ရဲသည်။ လူကြီးများ ကဲ့သို့ ငဲ့ကွက်ရန် သံယောဇဉ် သိပ်မရှိ။ ပထမ ကျောင်းသားသပိတ်၊ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသားသပိတ် တို့သည် နယ်ချဲ့ လက်အောက်မှ ရုန်းကန်ထကြွရာတွင် အဓိကကျခဲ့သော လှုပ်ရှားမှုများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် နိုင်ငံရေးသမားများသည် ကျောင်းသား ဘဝတွင် နိုင်ငံရေး လုပ်ရင်းဖြင့် နိုင်ငံအဆင့် နိုင်ငံရေး စင်မြင့်သို့ ရောက်လာသူများ ဖြစ်သည်။ ဦးအောင်ဆန်း၊ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေ (သိန်းဖေမြင့်) တို့သည် ကျောင်းသား နိုင်ငံရေးဘဝမှ တက်လာသော ထိပ်တန်း နိုင်ငံရေးသမားများ ဖြစ်ပြီး ယခုထက်တိုင် လူသိများ ထင်ရှားနေဆဲ။
သမိုင်းစာအုပ် များတွင်လည်း ကျောင်းသားများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကို အထူးတလည် ဂုဏ်ပြုထားသောကြောင့် အထက်တန်း ကျောင်းလောက် ရောက်ခဲ့သည့် မြန်မာ ဆိုလျှင်ပင် ကျောင်းသားနှင့် နိုင်ငံရေးကို တွဲမြင်လေ့ ရှိသည်။ ကျောင်းသားများသည် မြန်မာတို့၏ နှလုံးအိမ်တွင် သူရဲကောင်းများ ဖြစ်သည်။
သားသုံးသားလုံးသည် မြန်မာ့နိုင်ငံရေး အစဉ်အလာအရ နိုင်ငံရေးနှင့် တွဲဆက်နေသည်။ သို့သော် ထိုသူတို့၏ အဓိက တာဝန်သည် နိုင်ငံရေး မဟုတ်။ သံဃာအတွက် ပရိယတ် ပဋိပတ် နိဗ္ဗာန်ရောက်ကြောင်း အားထုတ်ရေး၊ ဖြန့်ဖြူးရေးသည် ပထမ။ ကျောင်းသားသည် ပညာ တတ်အောင်သင်ရေး ပထမ။ စစ်သားသည် နိုင်ငံကို ကာကွယ်ရေး ပထမ။ ထိုသားသုံးသားတို့သည် သူတို့၏ ပင်မတာဝန် မဟုတ်သော တာဝန်ကို ကိုလိုနီခေတ် လိုအပ်ချက်များအရ စတင် ထမ်းဆောင်ခဲ့ရသည်။ သံဃာတော်များ ဖြစ်သော ဦးဥတ္တမ၊ ဦးဝိစာရ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်၊ ကိုဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ်နှင့် ဗိုလ်မှူးဗထူး စသော တပ်မတော်သား တို့သည် မြန်မာတို့ ရင်ထဲ အသည်းထဲတွင် မည်သည့်အခါမျှ မမေ့နိုင် မပျောက်နိုင်သည့် အာဇာနည်များ ဖြစ်သည်။
မြန်မာ့နိုင်ငံရေးနှင့် သမိုင်းကြောင်းတစ်လျှောက် တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့သော ထိုသားသုံးသားလုံးသည် နိုင်ငံရေးမှ အလွယ်တကူ ကင်းကွာသွားရန်မူ မရှိပါ။ ကျောင်းသားအရေးမှ စတင်ခဲ့သော ၁၉၈၈ အရေးနှင့် သံဃာတော်များကြောင့် ထင်ရှားခဲ့သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တို့သည် လူသိများ ဥပမာများသာ ဖြစ်ပြီး နောင်တွင်လည်း သားသုံးသား တို့သည် နိုင်ငံရေးတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်ပြီး လည်းကောင်း ပါဝင်နေမည်သာ ဖြစ်သည်။ သို့သော် ထိုသားသုံးသားလုံးသည် မိမိ၏ ပင်မ တာဝန်ကိုသာ ဦးလည်မသုန် ထမ်းဆောင်နိုင်အောင် မြန်မာ့ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးကို ပြုပြင်ပေးရန် လိုသည်။
ကျောင်းသားများ နိုင်ငံရေး လုပ်မည်ကို ကြောက်သောအခါ သူတို့ စည်းကမ်းဖောက်ခြင်း၊ ဥပဒေအထက်တွင် နေခြင်းများကို မျက်ကွယ် ပြုလာရသည်။ ခိုးချသော ကျောင်းသားကို အရေးမယူရဲသည့် ကာလများ၊ လူများများ အောင်အောင် အမှတ်ပေးစည်းမျဉ်း လျှော့ပေးရသည့် ကာလများ သည်လည်း ပူပူနွေးနွေးသာ ရှိသေးသည်။ ဘတ်စ်ကား တွယ်စီးလျှင် ဖမ်းသည့်ဆီးသည့် ယာဉ်ထိန်းရဲသည် ကျောင်းသား တွယ်စီးလျှင်မူ အရေး မယူရဲ။ ကျောင်းသား မောင်းသည့်ကား လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း ဖောက်လျှင် မသိချင်ယောင် ဆောင်နေရသည်။ ကျောင်းသားများသည် မိဘ ဆွေမျိုးသားချင်းများ၏ ရင်နှစ်သည်းချာများ ဖြစ်သောကြောင့် ကျောင်းသား တစ်ယောက်ပါလျှင် ‘တစ်ယောက်ကစ တစ်ရာ’ ဆိုသလို ဆက်စပ်သူများပါ တစ်နွယ်ငင် တစ်စင်ပါ ပါဝင် ပတ်သက်လာကြတော့သည်။
သံဃာတော်များကို ထိလျှင် ဒကာ၊ ဒကာမများ ပါဝင် ပတ်သက်လာကြသည်။ ရွာတို့တွင် ရွာဦးကျောင်း ဆရာတော် ပြီးလျှင် ကျန်သူအားလုံး ပြီးသည်။ သံဃာတော် အင်အားသည် သန်းဝက် ရှိသည်။ တပ်မတော် သည်လည်း သန်းဝက် ရှိသည်။ အားလုံးသည် ယောက်ျားသားချည်း။ တပ်မတော် နှင့် သံဃာတော်တို့၏ အားကြောင့် ခေတ်အဆက်ဆက် အစိုးရ အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုတို့သည် ထိုသူတို့ကို မိမိဘက်ပါအောင် စည်းရုံးတတ်ကြသည်၊ အသုံးချတတ်ကြသည်။ သံဃာတော်များ မဲမပေးရ သော်လည်း သံဃာတော်များ ထောက်ခံချက်ဖြင့် ဒကာ၊ ဒကာမများ၏ မဲရအောင် ကြိုးစားကြသည်။ အာဏာရ အစိုးရ ဆိုလျှင် သာသနာ့ဒါယကာ ဖြစ်အောင် အမျိုးမျိုး ကြိုးစားကြရသည်။ ပါလီမန် ဒီမိုကရေစီခေတ်က သာသနာ့ဒါယကာ အသွင်ဖြင့် သံဃာတော်များ အားဖြင့် မဲနိုင်ရန် ကြိုးစားသည့်ဘက် ရှိသလို တပ်မတော် အားဖြင့် အနိုင်ရရန် ကြိုးပမ်းသည့် ဘက်လည်း ရှိသည်။
မြန်မာ့နိုင်ငံရေး စင်မြင့်တွင် လက်ရှိ ထင်ရှားကြသူ အများအပြားသည် ကျောင်းသားများ သို့မဟုတ် စစ်သားများ ဖြစ်သည်။ NLD ဥက္ကဋ္ဌ ဦးတင်ဦးသည် စစ်သားဟောင်း ဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားများ တစ်ဖြစ်လဲ ၈၈ အဖွဲ့သည် အစိုးရ မဟုတ်သော နိုင်ငံရေးသမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် ဒုတိယဟု ဆိုရလောက်အောင် ထင်ရှားသည်။
ကျောင်းသား၏ အဓိက တာဝန်သည် နိုင်ငံရေး မဟုတ်၊ ပညာသင်ရန် ဖြစ်သည်။ စစ်သား၏ အဓိက တာဝန်သည် နိုင်ငံကာကွယ်ရန် ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် တိုက်ရိုက် ဝင်ပါရန် မဟုတ်။ သံဃာ၏ တာဝန်သည် သာသနာတော်ရေး၊ နိဗ္ဗာန်ရောက်ကြောင်း တရားများ ဟောပြောပို့ချ ကျင့်ကြံရန် ဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ရန် မဟုတ်။ နိုင်ငံရေးတွင် လှုပ်ရှားလိုလျှင် ကျောင်းသားဘဝမှ ပြောင်း၊ ယူနီဖောင်းလဲ၊ သင်္ကန်းချွတ်ပြီး ပါနိုင်သည်။ ယင်းတို့သည် မူရင်းတာဝန်မှ သွေဖည် ပါဝင်နေခြင်းကြောင့် နဂို တာဝန်များကို ယုတ်လျော့ လစ်ဟင်းလျှင် မြန်မာ့ လူ့အဖွဲ့အစည်း နစ်နာမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ ကိုလိုနီခေတ်မှ စပြီး ခေတ်အဆက်ဆက်တွင် ထိုသားသုံးသားတို့ နိုင်ငံရေးတွင် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည် များကို အသိအမှတ်ပြုပါသည်။ သမိုင်းမှတ်တမ်း များတွင်လည်း ရေးထိုး မှတ်တမ်းတင်ပြီး ဖြစ်သည်။ သို့သော် ထိုသားသုံးသားတို့၏ မူလဘူတ တာဝန်ကို ထမ်းဆောင်နိုင်မှသာ တည်ငြိမ် ဖွံ့ဖြိုးနေသည့် အခြားနိုင်ငံများ ကဲ့သို့ မြန်မာနိုင်ငံ ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်မည် ဖြစ်သည်။
Credit to The Voice Weekly
Read More »