ကမ္ဘာတွင်အကြီးကျယ်ဆုံးသော ရုရှား၏စစ်ရေးလေ့ကျင့်မှု


ဆိုဗီယက်ပြည်ထောင်စု ခေတ်မှသည် ယနေ့ရုရှား ဖက်ဒရေးရှင်းသမ်္မတ နိုင်ငံ ဖြစ်ပေါ်လာသည့် ကာလ အထိရုရှားနိုင်ငံ၏ ပြုလုပ်ခဲ့ သမျှသောစစ်ရေးလေ့ ကျင့်မှု များအနက်ကမ္ဘာတွင် အကြီး ကျယ်ဆုံးစစ်ရေးလေ့ကျင့် မှု(The Biggest Military Exercise) တစ်ရပ်ကို ဇူလိုင်လ ၁၇ရက်နေ့က ပစ္စဖိတ်သမုဒ္ဒရာ အတွင်းရှိ ဆာခါလင် ကျွန်းအနီး ပြုလုပ်ခဲ့သည်။အဆိုပါ စစ်ရေး လေ့ကျင့်မှုကိုနိုင်ငံတော် သမ္မတ ကြီး ဗလာဒီမာပူတင်ကိုယ်တိုင် တက်ရောက်အားပေးရှုစားခဲ့ သည်။
ကြီးကျယ်သောအနာဂတ် စစ်ဆင်ရေး တစ်ရပ်ကို မျှော်မှန်း လျက်ပြုလုပ်သည့် ဤစစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့အရာရှိ၊ စစ်သည်အင်အား ၁၆၀၀၀၀ တို့ သည် ပင်မ တိုက်ပွဲဝင်တင့်ကား များအပါအ၀င် အမြောက်နှင့် သံချပ်ကာ တင့်ကားယာဉ် အစီး ၅၀၀၀တို့နှင့်အတူ နိုင်ငံ၏ အရှေ့/အရှေ့မြောက်စစ်ဒေသ ဆိုက်ဘေးရီးယားသို့ချီတက်ခဲ့ကြ သည်။အလားတူအဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် တပ်မတော် (ကြည်း၊ရေ၊လေ)ပူးပေါင်းစစ်ဆင် မှုပြုလုပ်နိုင်ရန်အတွက် ရုရှားနိုင် ငံ ပစ္စဖိတ်ဒေသ ရေတပ် တော်အုပ် (Russia’s Pacific Fleet) မှတိုက်ရေယာဉ် အစီး၂၀ ထက် မနည်းတို့သည် တိုက်လေ ယာဉ် အစီး၁၃၀တို့နှင့်အတူ စစ်ရေးလေ့ကျင့်မှုပြုလုပ်မည့် ဒေ သသို့ အချိန်မီ ရောက်ရှိ သတင်း ပို့ ပြီးဖြစ်သည်။စစ်ရေးလေ့ကျင့် မှုပြုလုပ်မည့်ကာလမှာ အနည်း ဆုံး ရက်သတ္တတစ်ပတ်ကြာမည် ဟုသိရသည်။ယခုစစ်ရေးလေ့ ကျင့်မှုနှင့်ပတ်သတ်ပြီး ကာကွယ် ရေးဝန်ကြီး ဌာန၊ဒုတိယကာကွယ် ရေး ၀န်ကြီး၊ဗိုလ်ချုပ်ကြီး အာနာတိုလီ အန်တိုနော့ဗ်က ရု ရှားသမ္မတနိုင်ငံအတွင်းရှိ ပြည်ပ နိုင်ငံအသီးသီးမှ စစ်သံ(ကြည်း၊ ရေ၊လေ)များအား ကာကွယ်ရေး ၀န်ကြီးဌာန အစည်းအဝေးခန်မ သို့ ဖိတ်ခေါ်ပြီး စစ်ရေးလေ့ကျင့် မှုအခင်းအကျင်းဆိုင်ရာများကို အသိပေး ရှင်းလင်းတင်ပြ (Briefing) ပြုလုပ်ပေးခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဒုတိယကာကွယ်ရေး ၀န်ကြီးက ယခုစစ်ရေးလေ့ကျင့်မှုသည် ပြုလုပ်နေကျပုံမှန် စစ်ရေး လေ့ ကျင့်မှု တစ်ရပ်သာ ဖြစ်ကြောင်း၊ မည်သည့်ဒေသ၊မည်သည့်နိုင်ငံ တစ်ခုကိုမျှ၊ခြိမ်းခြောက်ခြင်း၊ အင် အားသုံးခြင်းပြုလုပ်ရန် ရည်ရွယ် ချက်မရှိပါကြောင်းတင်ပြသွား သည်။
သို့သော် အချို့သော စစ် ရေး အကဲခတ် (Some analysts) တို့ကမှု ယခုစစ်ရေးလေ့ကျင့်မှု သည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ကို စစ်အင်အားပြ(Show of Force)ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည် ဟုယုံကြည်နေကြ သည်။
ကာကွယ်ရေး ဒုဝန်ကြီးက ““ ယခုစစ်ရေးလေ့ကျင့်မှု ပြုလုပ် မည့် အချိန်၊နေရာ၊ဒေသတို့ကို စစ်ရေး လေ့ကျင့်မှုမပြုမီက ပင် အိမ်နီးချင်းတရုတ်နိုင်ငံအား စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက် ၍အသေးစိတ်အချက်အလက် များကို နှောင့်နှေးကြန့်ကြာမှုမရှိ ပဲ အသိပေးအကြောင်းကြားခဲ့ ပါ ကြောင်း၊တရုတ်နိုင်ငံအနေဖြင့် လည်း တစ်စုံတစ်ရာကန့်ကွက် ခြင်း မရှိ၊သဘောတူလက်ခံပါ ကြောင်း ဤစစ်ရေးလေ့ကျင့်မှု ကို မိမိတို့ ကမ်းရိုးတန်း ကီလိုမီ တာ ၄၃၀၀အတွင်းပြုလုပ်မည်”” ဟုပြောကြားသွားသည်။
ကျော်စိန်
Ref:Nation
Credit To Hot News Journal
Read More »

ဝေသာလီပြည်မှာ ဘီလူးတွေဝင်သောအခါ


ရေးသားသူ- ဘစီ

မှတ်မိသေးတယ်ဗျို့။ ကျုပ်တို့ ငယ်ငယ်တုန်းက ကိုယ်ကြိုက်တဲ့ ဟင်းကောင်းလေးများ မိဘကချက်ထားရင် တနင့်တပိုးစားပစ်တာကလား။

ဒါကို ကြည့်နေတဲ့ လူကြီးတွေက ပီတိနဲ့ပြုံးကြည့်ပြီး အခုလိုပြောတတ်တယ်။ “အောင်မလေးဟဲ့ကြည့်ပါဦး စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ”တဲ့။

မိဘအနေနဲ့ ကိုယ့်သား၊ ကိုယ့်သမီးက ထမင်း၊ ဟင်းကို ဗိုက်ဆာဆာနဲ့ အားပါးတရစားတာတွေ့လို့ ကျေနပ်စိတ်နဲ့ပြောတာမျိုးဗျ။ ဒါမျိုး လူငယ်ဘ၀ကို ဖြတ်သန်းခဲ့သူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ကြုံကြမှာပါဗျာ။ ကျုပ်တို့ကလည်း အဲဒီလို လူကြီးမိဘတွေကပြောရင် ဘ၀င်ကျ နေတာပဲလေ။

ဟော အခုတော့ ခေတ်တွေကပဲ ပြောင်းလို့လား၊ အနေအထားတွေကပဲ ဖောက်လှဲဖောက်ပြန်ဖြစ်လို့ လားတော့မသိပါဘူး။ ဝေသာလီပြည် ဘီလူးဝင်တယ်လို့ပြောတာကို မနှစ်သက်တဲ့သူတွေ ပေါ်လာပြီခင်ဗျ။

လွှတ်တော်ထဲမှာ အမတ်မင်းအချို့ဟာပြီးခဲ့တဲ့ စစ်အာဏာရှင် ခေတ်တစ်လျှောက်လုံး တပ်မတော် အပါအ၀င် လုပ်ငန်းရှင်တွေ၊ ပိုင်ရာ၊ ဆိုင်ရာတွေက လယ်သမားကျောမွဲတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူတာနဲ့ပတ်သက်ပြီး မနေ့တစ်နေ့ကတင်ပဲ အပြန်အလှန်
“တွယ်” ခဲ့ကြတယ် မဟုတ်လား။

အဲသလိုဖြစ်တဲ့ထဲမှာ ဘယ်ဟာက ဘယ်လိုထပြီး “ငြိ” တယ်တော့ မသိဘူးဗျ။ အမတ်မင်းတစ်ယောက်က ဘယ်လိုထပြောသလဲဆိုတော့ အဲသလို အရင်အစိုးရလက်ထက်မှာ မြေသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ ဆိုးရွားသလဲဆိုတော့ ဝေသာလီပြည် ဘီလူးဝင်သ လိုပဲတဲ့ဗျာ။ ကျွန်တော်ထင်ပါတယ်။ အဲဒီအမတ်မင်းလည်း ငယ်ငယ်တုန်းက ထမင်းကို တ၀တပြဲစားခဲ့ဖူးသူ ဖြစ်မှာပါ။

ကျုပ်တို့လူမျိုးက ဟာသကြွယ် တယ်ဗျ။ စကားလည်းကြွယ်တယ်။ စကားကြွယ်လွန်းတဲ့ လှတောသားဆိုတာတောင်မှ သတ်သတ်ရှိသေးမို့ လား။ စကားတွေ ပြောရင် ပုံတိုပတ်စတွေ၊ ဥပမာ၊ ဥပမေယျတွေ ညှပ်ညှပ်သုံးတာကလည်း ကျုပ်တို့လူမျိုးတွေရဲ့ စကားလုံးဝေါဟာရ ကြွယ်ဝ ပုံကိုပြတာပါပဲ။

အခုလည်း အမတ်မင်းက လွှတ်တော်ထဲမှာ မြေယာသိမ်းတာတွေဟာ ဘယ်လောက်တောင်မှ သောင်းကျန်းသလဲဆိုတော့ကာ ဝေ သာလီပြည် ဘီလူးဝင်သလိုပဲဆိုပြီး သုံးတာဟာ တမင်ရည်ရွယ်ချက်နဲ့ ပြောတာဟုတ်ချင်မှ ဟုတ်မှာပါ။ သူပြောလိုရင်း အဓိပ္ပာယ်ကို ပိုမိုထင် ရှားစေချင်လို့ အမှတ်တမဲ့သုံးနှုန်းလိုက်တဲ့ စကားလုံးလည်းဖြစ်နိုင်တာပဲ။

နို့ ဒါနဲ့ နေပါဦးဗျာ။ ဝေသာလီပြည် ဘီလူးဝင်တာ ဘယ်လိုတုံး။ ကျုပ်တော့ မှန်းဆမရဘူး။ သိချင်လို့ စာထဲဖတ်ကြည့်တော့လည်း ရှေး ရှေးတုန်းက ဝေသာလီမြို့တော်ကို ဘီလူးတွေဝင်ပြီး လူတွေကို သတ်ဖြတ်စားသောက်ကြတာ အရိုးအရင်းပဲ ကျန်တယ်ဆိုကိုး။

ဒီအပေါ်မှာ အခြေတည်ပြီးတော့ ကျုပ်မျက်လုံးထဲ မြင်ကြည့်မိတာ တစ်ခုတော့ရှိသဗျ။ ဒါကတော့ အဲဒီဘီလူးတွေဟာ အစာရေစာ ငတ်နေရမယ်ဗျ။ မဟုတ်ဘူးလား။ ငတ်နေလို့သာ ကလေးလူကြီး ဘာဘာညာညာမရွေးဘဲ တွေ့ကရာ ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါ အကုန်စားမယ်ဆိုပြီး ဖြစ်တာနေမှာပေါ့။

တော်ရုံတန်ရုံ ဗိုက်ဆာရုံ လောက်နဲ့တော့ လုပ်ဟန်မတူဘူးဗျ။ အဲတော့ ဝေသာလီကို ရောက်သွားတဲ့ ဘီလူးတွေဟာငတ်နေတဲ့အကောင် တွေပဲ ဖြစ်နိုင်တယ်။ လက်တွေ့ကျ၊ မကျ သေချာချင်ရင် ကျုပ်တို့ငယ်ငယ်တုန်းက မိဘတွေပြောတဲ့ နင်တို့များစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ဆိုရတဲ့ အခြေခံအကြောင်းရင်းကို စဉ်းစားကြည့်ဗျ။

တစ်နေကုန်ဆော့ပြီး ပြန်လာရာကနေ ညနေမှာ ဗိုက်ကလည်းဆာနေ၊ ကိုယ်ကြိုက်တတ်တဲ့ ဟင်းကောင်းကလေးကိုလည်း လူကြီးတွေက ချက်ပြုတ်ထားတာမျိုးနဲ့ ကြုံချိန်မှာ ကျုပ်တို့ တ၀တပြဲစားကြရဲ့ မဟုတ်လား။ ဒီအခါမှာ တချို့များ ထမင်းတစ်အိုးချက်လောက်တောင် ကုန်တဲ့အခါ ကုန်ရဲ့မဟုတ်လား။ ဒါကို မိဘတွေက ငါ့သားကလေး စားလိုက်တာ။ ငါ့သမီးကလေးစားလိုက်တာ ဝေသာလီပြည် ဘီလူးဝင်သလိုပဲလို့ ပြောတာပါ။

ကျုပ်တို့ကလည်း ဒီအခါမျိုးကျရင် ငါ့အဖေကတော့ဖြင့်၊ င့ါအမေကတော့ဖြင့်၊ ငါ့ဦးလေးတွေကတော့ဖြင့် ငါ့ကို ဘီလူးနဲ့နှိုင်းတာပဲဟဲ့။ ငါ့ကို မကောင်းဆိုးဝါးနဲ့ နှိုင်းတာပဲဟဲ့လို့ ငြိုငြင်ခြင်း၊ စိတ်ကွက်ခြင်း မရှိခဲ့ရိုးအမှန်ပါဗျာ။

ကိုယ့်ဟာကိုယ်တော့ ဗိုက်ဆာဆာနဲ့ ထမင်းစားလို့ ကျေနပ်နေမှ မင့်ဟာ။ ဘီလူးနဲ့နှိုင်းတာလည်း မခံနိုင်စရာ ဘာရှိတာမှတ်လို့။ ကိုယ်က လည်း အဲဒီလို စကားပုံနဲ့ နှိုင်းချင်စရာ ကောင်းလောက်အောင်ကို ၀ါးမြို (အဲ...) စားထားပြီးမှ မဟုတ်လားဗျ။

ကျုပ်တို့လည်း ဗိုက်ကလေးလက်နဲ့ပွတ်၊ နှုတ်ခမ်းလျှာနဲ့သပ်ပြီး ချောင်တစ်ချောင်မှာ အသာမှေးပြီး ၀က်မင်းစည်းစိမ်ခံစားပစ်လိုက်တာပဲ။ ဘီလူးသော၊ ၀က်သောဘာမှ ခံစားမနေအားပါဘူးဗျာ။

ဟော အခုကျတော့ လွှတ်တော်မှာ တပ်မတော်က မြေသိမ်း တာနဲ့ပတ်သက်ပြီး အမတ်မင်းတွေက ဝေသာလီပြည်ကို ဘီလူးဝင်သလိုပဲလို့ ပုံဆောင်သုံးနှုန်းလိုက်လို့တဲ့။ တပ်မတော်ကအရာရှိကြီးတစ်ဦးက စိတ်မကောင်းဖြစ်ရပါတယ်တဲ့။ သူတို့တပ်မတော်ကို ဘီလူးနဲ့တင်စား ပြောတာဟာ တကယ်တမ်းတွေးကြည့်ရင်ဝမ်းနည်းစရာ ကောင်းပါတယ်လို့သူကပဲ ဆိုသွားသဗျ။

ခက်ရချည်သေးတော့ အရပ်ကတို့ရေ။ အခုတစ်လော လွှတ်တော်ထဲမလည်း ဘာတွေဖြစ်နေတယ်တော့ မသိဘူးဗျ။ လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်လောတုန်းက လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သားအမတ်တွေကို သတိပေးလိုက်တယ်။ ဘာတဲ့ ပြောစရာရှိရင်လည်းပြော၊ ပြော စရာမရှိရင်လည်း မပြောနဲ့ဆိုလား။ ပြောမှာလိုလို၊ မပြောမှာလိုလို မလုပ်နဲ့ဆိုပြီး ကြိမ်းတယ်ဆိုလား ဘာလားသေချာမသိပါဘူးဗျာ။ သူများပြောတာ ကြားရတာပဲ။

ဟော နောက်ထပ်တစ်ခါ လွှတ်တော်ထဲမှာ အမေးအဖြေတွေ ရှိသမို့လား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများက မဲဆန္ဒရှင်များအ ကျိုးငှာ အစိုးရအဖွဲ့ဝင်လူကြီးများကို မေးစရာရှိတာ မေးကြတာမြင်ဖူးမှာ ပါ။ ဒီမှာလည်း အမတ်မင်းတွေ မေးတာနဲ့သက်ဆိုင်ရာ အစိုးရလူကြီးတွေ ပြန်ဖြေတာက လွဲချော်နေဆိုလား။

ဒါကို ဘ၀င်မကျတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးက အမေးနဲ့အဖြေတွေ ကိုက်ညီရမယ်လို့ဆိုသတဲ့။ နောင်ကို ဒီလိုမျိုးမဖြစ်စေရအောင် လုပ်ရ မယ်လို့ မိန့်သတဲ့။ ဒီအကြောင်း သ တင်းတွေထဲမှာဖတ်ရတော့ ကျုပ်လည်း စကားပုံတစ်ခု သွားသတိရ တယ်။

ဘာတဲ့။ “အမေးဘုရားလောင်း၊ အဖြေကျွဲကျောင်း” ဆိုလား။ ဒါပေသိ အခုလို အခြေအနေမျိုးမှာ တရားဝင်မပြောရဲဘူးဗျ။ ကိုယ်ကတော့ စကားပုံမို့ ရိုးရိုးသားသား သုံးလိုက်တာမှန်ပါရဲ့။ နို့ပေမယ့် သက်ဆိုင် ရာဖြေဆိုသူများက သူတို့ကို “ကျွဲ” နဲ့ နှိုင်းရပါ့မလားလို့ အတွေးပွားပြီး အ ရေးယူမယ့် စကားပြောလာရင် မခက်ပါလား။

ကျုပ်ဆိုလိုတာက ဒီ့နောက်ပိုင်းမှာ စကားပုံတွေ သုံးတာလည်း ဆင်ခြင်ရမယ်လို့ ပြောတာဗျ။ ကိုယ်ကနှုတ်ရေးကြွယ်လို့ ဆိုလိုက်ပေမယ့် အတွေးကြွယ်ကြွယ်နဲ့ တွေးတတ်သူ တွေကြားမှာ အဓိပ္ပာယ်ခြားနားချက်တွေ ရှိတယ်လို့ ဆိုချင်တာပါ ခင်ဗျာ။

စကားပုံတွေကို သုံးသာသုံးနေတာပါ။ အဓိပ္ပာယ်မည်မည်ရရ ကျုပ်က မသိတာများပါတယ်။ အခုပဲကြည့် ဝေသာလီပြည် ဘီလူးဝင် တယ်ဆိုတာ သူများသုံးလို့သာ ရောယောင်ပြီးသုံးနေတာ။ အဓိပ္ပာယ်ရည်ရွယ်ချက် တိတိကျကျ ရှင်းပြစမ်းပါဆိုရင် ကျုပ်ဖြင့် မရှင်းတတ် ရိုး အမှန်ပါရယ်။

ငယ်ငယ်က ကျုပ်တို့အစားကျူးလို့ မိဘတွေက ဝေသာလီပြည်ဘီလူးဝင်တယ်လို့ ပြောတယ်။ ကျုပ်က မှတ်ထားလိုက်တယ်။ သြော်.. ဝေသာလီပြည် ဘီလူးဝင်တာဟာဖြင့် ကျုပ်တို့ထမင်းကို အူယားဖားယားနဲ့ တနင့်တပိုးစားသလိုမျိုးပါလားလို့ပဲ မှတ်လိုက်တယ်။

ဘီလူးဆိုတာ ဘယ်လိုအကောင်မျိုးလဲ ကျုပ်မသိဘူး။ အစွယ်ကြီးတွေ နဲ့ ကြောက်စရာအသွင်ပုံဖော်ထားပေမယ့် ဒီလောကမှာ ဘီလူးကို မျက် မြင်ကိုယ်တွေ့ တွေ့ဖူးတဲ့လူရှိလို့ လား။ ဘီလူးဆိုတာ ကြောက်စရာကောင်းတယ်ဆိုတဲ့ အချက်တစ်ခုကို အခြေတည်ပြီး အနုပညာလက် ရာရှင်တွေက အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ကြောက်စရာအသွင်ကို ပုံ ဖော်လိုက်တာ ဖြစ်ချင်လည်း ဖြစ်နေမှာပေါ့။

ဝေသာလီပြည်ကို ဘီလူးဝင်တော့ ဝေသာလီသားတွေမှာ ငိုကြီးချက်မနဲ့ ပြေးကြလွှားကြ ဖြစ်ကုန်မှာပေါ့။ အ၀တ်အစားကလေး၊ အတွင်းပစ္စည်းကလေးတွေတောင် သယ်သွားနိုင်မှ သယ်သွားနိုင်မှာဗျ။ ဘီလူးဆိုတဲ့ အကောင်ကလည်း ဘယ်နှကောင်လောက် မြို့ထဲကို ၀င်လာသလဲမှ မသိနိုင်တာပဲဗျာ။

ပြီးတော့ အဲဒီခေတ်က ဒုက္ခသည်စခန်းတို့ ဘာတို့လည်း ရှိမထင်ပါဘူးဗျာ။ ပြီးတော့ ဘီလူးတွေကြောင့် သူတို့ဒုက္ခရောက်ရပါတယ်ဆိုပြီး ဘီလူးတွေကို လမ်းပေါ်ထွက် ဆန္ဒပြခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဘီလူးက သူ့ရှေ့မှာ ကိုးရိုးကားရား လာလုပ်လို့ကတော့ ၀ါးစားပစ်လိုက်မှာ။

အခုတော့ ဘီလူးနဲ့နှိုင်းတာ စိတ်ကောင်းဖြစ်သူတွေ ဖြစ်နေသတဲ့။ ကျုပ်တနင့်တပိုးစားခဲ့တုန်းက ကျုပ်ကိုယ်ကျုပ် ဘီလူးလို့ မထင်ပေါင်ဗျာ။ ဘီလူးဆိုတာ ဘာကောင်မှန်း ကျုပ်မှမသိတာပဲဗျ။ ကျုပ်ကို ဘီလူးနဲ့ နှိုင်းလို့ ကျုပ်ကထပြီး စိတ်ဆိုးရင် ကျုပ်ဟာ ဘီလူးဖြစ်ကြောင်း ၀န်ခံရာ ရောက်သွားမှာပေါ့။ ဘီလူး မဟုတ်ရင် ဘီလူးလို့ အပြောခံရတာ နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ဆိုးစရာ မရှိဘူးဗျ။

အဲ.. ဘာပဲဖြစ်ဖြစ်ပါဗျာ။ နောင်အခါမှာ ဘီလူးဆိုတာ ဘယ်လိုကောင်မျိုး၊ ဘယ်လိုစရိုက်မျိုးရှိတယ်ဆိုတာ သိချင်လို့ ကျုပ်တို့ရဲ့ နောက်မျိုးဆက်တွေက မေးလာခဲ့ရင် ကျုပ်မယ် လက်ညှိုးထိုးပြစရာ နောက်ထပ် ဘီလူးရုပ်တစ်ရုပ်တိုးလာတယ်ပေါ့ဗျာ။ တော်ကြာ သူတို့ က “ဘီလူးဆိုတာ ယူနီဖောင်းကြီးနဲ့ ပါလားဗျ”လို့များ မှတ်ချက်ပေးလာ ခဲ့မယ်ဆိုရင်တော့....။

Credit To 7Day News Journal
(ဤ သရော်စာ စာစုမှာ စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါသည်။)
Read More »

လူပြိန်းကြိုက် မူဝါဒများ


(ေဇယ်သူ)

သူအများ၏ ဆန္ဒကို ဦးထိပ်ထားခြင်းကို သာဓု ခေါ်ထိုက်သော်လည်း လူပြိန်းကြိုက် မူဝါဒများ (Populist Policies) နောက်သို့ ကောက်ကောက်ပါအောင် လိုက်ခြင်းသည် ဒီမိုကရေစီခေတ်တွင် အန္တရာယ်များသော အလေ့အကျင့် ဖြစ်သည်။

ဒီမိုကရေစီခေတ်၊ ရွေးကောက်ပွဲခေတ်တွင် လူကြိုက်များရန် လိုသည်။ လူကြိုက်များမှ မဲရမည်၊ ထောက်ခံမည့်သူ ရှိမည်၊ အာဏာရမည် ဖြစ်သည့်အတွက် လူကြိုက်များရန် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်တတ်လာကြသည်။ ရေးဆွဲသော၊ ပြောဆိုသော မူဝါဒများသည် လူတို့ အကျိုးရှိ မရှိထက် လူကြိုက် မကြိုက်ဘက်သို့ ယိမ်းလာကြသည်။ အင်္ဂလိပ် အီဒီယမ်ဖြင့်ဆိုလျှင် ‘play to the gallery’ ပွဲကြည့်စင်ဘက်သို့ အာရုံစိုက်ကာ ပရိသတ် ကြိုက်အောင်သာ အဓိကထား လှုပ်ရှား ကစားခြင်း။ အထူးသဖြင့် ရွေးကောက်ပွဲ နီးကပ်လာလေလေ လူကြိုက်များမည့် မူဝါဒများဘက်သို့ သူ့ထက်ငါ အလုအယက် တိမ်းကြ ယိမ်းကြတတ်သည်။ ထို့ကြောင့် ‘နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲ ကို ကြည့်သည်။ တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်များကို ကြည့်သည်’ ဟူသော ပညာရှိစကား ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ အကျိုးဆောင်လိုခြင်းသည် ဒီမိုကရေစီခေတ်တွင် အရှိသင့်ဆုံး စိတ်ထား ဖြစ်သော်လည်း တလွဲသုံးလျှင် ဘေးဖြစ်ကာ ပြည်သူ ဘာကြိုက်တတ်သလဲ လေ့လာ စုံစမ်းကာ အကြိုက်လိုက် ပြောဟော အလုပ်လုပ်သည့် လူပြိန်းကြိုက်သမားများ (Populist) အဖြစ်သို့ ဆိုက်ရောက်တတ်သည်။ ထိုမူဝါဒများသာ အကောင်အထည်ဖော်ဖြစ်သွားလျှင် နိုင်ငံလည်း အထိနာသည်။ ယခု လောလောဆယ်တွင် ပျော်ကြ ရွှင်ကြမည် ဖြစ်သော်လည်း နောင် လေး ငါးနှစ်တွင် နောင်တရကြမည်။ အသိတရားရချိန်တွင် အချိန် နှောင်းနေလိမ့်မည်။

လူအများ သဲသဲလှုပ်ကြသော်လည်း သူတို့၏ စွမ်းရည်၊ အကျိုးစီးပွား တိုးတက်လာစေခြင်း မရှိသည့် မူဝဒများသည် လူပြိန်းကြိုက် မူဝါဒများ။လူအများကို အကျိုးရှိစေမည်ဟူသော အသွင်သဏ္ဌာန် (In the name of people) ရှိတတ်သော်လည်း အနှစ်သာရအားဖြင့် လူ အချို့၊ လူအုပ်စု အချို့ကိုသာ အကျိုးရှိစေတတ်သည့် မူဝါဒများ။

လူပြိန်းကြိုက် မူဝါဒ အချို့သည် နားထောင်ကောင်းသော်လည်း နောက်ကလိုက်နိုင်သည့် ငွေ၊ လူအင်အား မရှိသဖြင့် အကောင်အထည်မဖော်ဖြစ်သည့် Empty Promise ဗလာကတိများ အဖြစ် လည်း အဆုံးသတ် သွားတတ်သည်။ ကိုယ့်အိတ်ထဲက မပေးရဘဲ ပြည်သူ့ ဘဏ္ဍာထဲက နှိုက်ထုတ် ပေးရသောကြောင့် အလွယ်တကူ ပေးလိုက်မိလျှင် နိုင်ငံအတွက် အကျိုးရှိမည့် အခြား မူဝါဒများ အကောင်အထည်ဖော်ရန် အခွင့်အရေး ဆုံးရှုံးသွားမည်။ နိုင်ငံလည်း မလိုအပ်သော ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများ ပိသည်ထက် ပိလာနိုင်သည်။

လူပြိန်းကြိုက် မူဝါဒများသည် ရေရှည်ခံ ဖွံ့ဖြိုး တိုးတက်ရေးဘက်သို့ သွားနိုင်ခြင်း မရှိလှဘဲ တစ်ဒင်္ဂ သာယာရေးဘက်သို့ ဦးတည်တတ်သည်။ မူဝါဒ ဖြစ်မြောက်ရန် ပထမနှစ်တွင် ငွေကြေး ထောက်ပံ့နိုင် သော်လည်း နောက်နှစ် နောက်နှစ်များတွင် မထောက်ပံ့နိုင်တော့ဘဲ ကောက်ရိုးမီး ဖြစ်တတ်သည်။ ထိုနည်းဖြင့် သက်ဆိုင်ရာ နယ်ပယ်ကို ဖျက်ဆီးသလို၊ မူဝါဒက အကျိုးဆောင်လိုသည့် ကာယကံရှင် များကို အသေသတ်သလို ဖြစ်တတ်သည်။

လူပြိန်းကြိုက်မူဝါဒ (Populist Policy) ကြီးစိုးသွားလျှင် တိုင်းပြည်အတွက် အန္တရာယ်ရှိသည်။ လူညီလျှင် ဤကို ကျွဲဖတ်ကြတော့မည်။ တဒင်္ဂ ကျေနပ် ပျော်ရွှင် အားရကောင်း အားရကြမည် ဖြစ်သော်လည်း နောင်တွင်မူ ဒုက္ခကို ခါးစည်းခံကြရလိမ့်မည်။ လူပြိန်းကြိုက် နိုင်ငံရေးစနစ် အခြေတည်သွားလျှင် ဒီမိုကရေစီနိုင်ငံ အသွင် အပြည့်ရှိသော်လည်း နိုင်ငံသားတို့ အကျိုးနည်းနိုင် သည်။

လူပြိန်းကြိုက် မူဝါဒများကို လုံးဝ ပစ်ပယ်ရမည် မဆိုလိုပါ။ လူပြိန်းကြိုက် မူဝါဒများသည် တိုင်းပြည် အတွက် အမှန်တကယ် အကျိုးရှိစေမည့် မူဝါဒများ ဖြစ်လျှင် သားရွှေအိုး ထမ်းလာသည့်ကိန်း ဆိုက်နိုင်သည်။ ထို့ကြောင့် မူဝါဒ မချမှတ်မီ၊ အကောင်အထည် မဖော်မီ စဉ်းစား စေ့ငုကြဖို့ လိုသည်။ ရည်မှန်းထားသည့် လူတွေကို တကယ် အကျိုးရှိစေမှာလား။ တိုင်းပြည် အနေနှင့်ရော တတ်နိုင်မလား။ ရေတို အကျိုးရှိမှာလား၊ ရေရှည် ခံစားနိုင်ကြမလား။ မူဝါဒ အဆိုပြုသူကရော ဘေးကရပ်ကြည့်သူရော အကဲဖြတ်ရမည့်သူတွေရော အားလုံး အားလုံး ဝေဖန် ဆန်းစစ်ကြဖို့ လိုသည်။ evidence-based policy making သက်သေ သက္ကာယ အခြေခံထားသည့် သိပ္ပံနည်းကျ မူဝါဒ ဖော်ဆောင်ခြင်း။

ဒီမိုကရေစီသို့ အသွင် ကူးပြောင်းစ နိုင်ငံများတွင် လူပြိန်းကြိုက် မူဝါဒ ခေတ်ထလာလေ့ ရှိတတ်သည့် အတိုင်း မြန်မာနိုင်ငံသည်လည်း ခြွင်းချက် မဟုတ်ပါ။ လူ အမျိုးမျိုး၊ အုပ်စု အမျိုးမျိုးက စေတနာ အမျိုးမျိုးဖြင့် လူပြိန်းကြိုက် မူဝါဒများ ဖော်ဆောင်ရန် ကြိုးစားခြင်းကို ထင်ထင်မြင်မြင် တွေ့လာရပြီ ဖြစ်သည်။

လူပြိန်းကြိုက် မူဝါဒအတွက် ခေါင်းစဉ် မည်သို့ တပ်ရမည်နည်း ဝေးဝေး သွားကြည့်ရန် မလိုပါ။ မြန်မာနိုင်ငံတွင်း မဲများများ ပေးနိုင်သူများကို စဉ်းစားကြည့်လျှင် လူအုပ်စု လေးငါးခု ချက်ချင်း ချရေး နိုင်သည်။ ထိုလူ အုပ်စုများ၏ နာမည်တင် ရေးလိုက်လျှင် ထောက်ပြရန် ကြံသောသူ လက်တွန့် နှုတ်တွန့် သွားမည်။

လူတွေ အများကြီး ပါဝင်နေသည့် လူအုပ်စု အမည်ကို ခေါင်းစဉ် တင်လိုက်ကြရုံနှင့် ထိုမူဝါဒကို မဝေဖန်ရဲ မဆင်ခြင်ရဲ ဖြစ်နေကြလျှင် ပြည်သူ့ အကျိုးစီးပွားကို တကယ် ရှေးရှုသည် ဟုတ် မဟုတ် စဉ်းစားစရာ။ ခေါင်းဆောင်ဆိုသည်မှာ သူဦးဆောင်ရသူများထက် စဉ်းစား ဆင်ခြင်ဉာဏ် ရှိသည်ဟု ထင်ရသောကြောင့် ခေါင်းဆောင်အဖြစ် တင်ထားခြင်း ဖြစ်သည့်အတွက် ခေါင်းဆောင်နေရာ ရောက်နေသူများက ဦးဆောင် ဦးရွက်ပြုကာ အပြုသဘော၊ ပိုကောင်းသွားအောင် တည့်မတ် မွမ်းမံ ထောက်ပြဖို့ လိုသည်။

မူဝါဒ တစ်ခုကြောင့် လူအများ ပျော်ခြင်း၊ မပျော်ခြင်းသည် ထိုမူဝါဒ မှန်ကန်ကြောင်း အလုံးစုံ တိုင်းတာ နိုင်သည့် တစ်ခုတည်းသော ပေတံ မဟုတ်ပါ။ အချိုကြိုက်သော ကလေးငယ်ကို ရေခဲမုန့် ကျွေးလိုက် လျှင် ပျော်သွားမည် ဖြစ်သော်လည်း မကြာခဏ စားလျှင် နောင် ဆီးချို ဝေဒနာ ခံစားရနိုင်သည်။ ကလေးငယ်ကို အမှန်တကယ် ချစ်သော မိဘသည် ကလေးငယ် ပူဆာတိုင်း ရေခဲမုန့်ကို မကျွေးဘဲ ဟန့်တားမည် ဖြစ်သလို အာဟာရဖြစ်မည့် လတ်လတ်ဆတ်ဆတ် သစ်သီး၊ နွားနို့ကို စားချင်အောင် ကျွေးမည်။ ကလေးငယ်က မသိသောကြောင့် ငိုယို အော်ဟစ်မည်ဆိုလျှင် ချော့မော့ နှစ်သိမ့်မည်။ ကလေး ကြိုက်တတ်သည် ဆိုပြီး ရေခဲမုန့်ကို တစ်ရက် သုံးလေးကြိမ် လုံးဝ ကျွေးမည်မဟုတ်။

အထူးသဖြင့် နိုင်ငံ ပြန်လည် ထူထောင်စ ယခု အချိန် ကာလမျိုးသည် တော်တည့် မှန်ကန် ထိရောက် သော မူဝါဒမျိုးကို အလိုအပ်ဆုံးအချိန် ဖြစ်သည်။ မူဝါဒ မှန်လျှင် လမ်းကြောင်း ဖြောင့်မည် ဖြစ်သလောက် မူဝါဒ လွဲသွားလျှင်လည်း အညွန့်ချိုး ခံရသလို ဖြစ်ပြီး ဆယ်စုနှစ်နှင့် ချီကာ ဒုက္ခ တွေ့မည်။ အခြေခိုင်နေပြီ ဖြစ်သည့် အိမ်နီးချင်း နိုင်ငံ အချို့တွင်ပင် လူပြိန်းကြိုက် မူဝါဒ အချို့ကြောင့် အထိနာခဲ့ရသည်ကို သင်ခန်းစာ ယူနိုင်သည်။

လူပြိန်းကြိုက် မူဝါဒများ မဖော်ထုတ်ရဟု ဥပဒေထုတ် တားမြစ် မရနိုင်ပါ။ လူအများ အဆင်ပြေအောင် စေတနာကောင်းဖြင့် ကြံဆကြရင်း၊ တွေးတောရင်းလည်း လူပြိန်းကြိုက် မူဝါဒများ ဖြစ်လာနိုင်သည့် အတွက် ဝါးလုံးရှည်နှင့် သိမ်းရမ်းခြင်း မပြုဘဲ ဝိုင်းဝန်း စဉ်းစား ထောက်ရှုကြဖို့သာ လိုသည်။ မူဝါဒ တစ်ခုကြောင့် ဖြစ်လာနိုင်သည့် ကောင်းကျိုးများသာ စဉ်းစားလေ့ ရှိသည့်အတွက် ဆိုးကျိုးများကိုပါ ကြိုတင် စဉ်းစား ဖော်ထုတ်ထားဖို့ လိုသည်။ အကောင်းဆုံး မူဝါဒ ဆိုသည်မှာ ဆိုးကျိုး အနည်းဆုံး မူဝါဒ ဖြစ်သည့်အတွက် မူဝါဒဆိုး ဆိုလျှင် မည်မျှ တိုင်းပြည် အထိနာနိုင်သည်ကို တွက်ဆနိုင်သည်။

ယခု လတ်တစ်လော မြင်တွေ့ရသည့် လူပြိန်းကြိုက် မူဝါဒများကို ထောက်ပြ ပြုပြင်ပေးလိုသည့် သူရဲကောင်း ပညာရှင် အချို့၊ နိုင်ငံရေးသမား အချို့ကို မြင်ရသည့်အတွက် မြန်မာ့ အနာဂတ်အတွက် အားတက်မိသော်လည်း အရေအတွက်နည်း၊ အသံ တိုးနေဆဲဟု သဘောပေါက်မိပါသည်။

Credit To The Voice Weekly
Read More »

မျှော်လေလေ ဝေးလေလေလား



(ကြယ်စင်သာ)

ကျွန်မတို့က လက်လုပ် လက်စားတွေပါ။ လက်လုပ် လက်စားဆိုတော့ အစိုးရရုံး ဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ရသည့် ဆက်ဆံရေးမျိုး မရှိခဲ့ပါ။

‘လူခင်လျှင် မူပြင်သည်။ လူမခင်လျှင် မူမပြင်’ ဆိုသည့် စကားသံတွေ ကြားခဲ့ရသည်မှာလည်း ကြာခဲ့ပါပြီ။ လက်တွေ့၊ ကိုယ်တွေ့ မဟုတ်လေတော့ မယုံခဲ့မိတာ အမှန်ပါ။ အပျက်သဘောနှင့် မကောင်းမြင် ဝေဖန် အပုပ်ချခြင်းဟု ထင်မြင်ခဲ့မိပါသည်။ တကယ်တော့ ကျွန်မ ကိုယ်တွေ့ ကြုံလိုက် ချိန်တွင် ကြားနေရသော အသံများသည် အမှန်တကယ် ဟုတ်နေပါသည်။

ကျွန်မတို့ မြန်မာပြည်မှာ ယခင်နှစ်များအတိုင်း အကျင့်ဆိုး၊ စရိုက်ဆိုးတွေ အခုထိ ရှင်သန်နေဆဲပါ။ သမ္မတကြီးက သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရဟု ဘယ်လောက် အော်အော် အောက်ခြေ လက်အောက် ငယ်သားများကတော့ အော်သလောက် ပုံမဖော်။ ဆင်းရဲမှု ပပျောက်ရေး ပြည်တွင်း ပြည်ပမှ အကူအညီ ဘယ်လိုပဲယူယူ ကျွန်မတို့ ပြည်သူတွေ ဆင်းရဲနေလျက်ပါ။ လစာ ဘယ်လောက် တိုးတိုး ကျောင်းပြင်ပ ကျူရှင် ရှိနေဆဲပါ။ ၁၅၀၀ တန် ဖုန်းကတ် ဘယ်လိုပဲ ခွဲတမ်းချချ ပြည်သူတွေဆီ အပြည့်အဝ မရပါ။ ၁၀၀၀ တန် ချလန်ပြပြီး တစ်သိန်းကျော် ဒဏ်ငွေ ရိုက်နေလျက်ပါ။ လိမ်စား၊ ရိုက်စားနှင့် ခြောက်လှန့်နေနေဆဲပါ။

လာဘ်ပေး၊ လာဘ်ယူမှုလို့ ပြောရမလား။ ဒါမှမဟုတ် အကျင့်ပျက် ခြစားမှု လို့ ခေါ်ရမလား။ လာဘ်ပေး မှ ဆောင်ရွက်တတ်သည့် အကျင့်၊ လစဉ်ကြေးပေးမှ ငြိမ်းငြိမ်းချမ်းချမ်း လုပ်စားခွင့်ပေးသည့် အကျင့်၊ ကျူရှင်သင်မှ ဂရုစိုက်တတ်သည့် အကျင့် စသော စသော အကျင့်ဆိုးများ သည် ဝန်ထမ်းများအတွက် မရိုးအီနိုင်သော အစားအစာ တစ်ခု ဖြစ်နေလေ သည်။ ပြည်သူ့အကျိုး သယ်မပိုး၊ ငါအကျိုး သယ်ပိုး နေပါလျှင် ငါ မဟုတ်သော အခြားသူများ ဆင်းရဲသည်ထက် ဆင်းရဲနေပါမည်။ အများသူငါ ဆင်းရဲ သား ပြည်သူများသည် မိအေး နှစ်ခါနာ ဘဝနှင့် လုပ်စားနေရပါသည်။

ကြီးနိုင် ငယ်ညှဉ်း စိတ်ဓာတ်များ မပြုပြင်သရွေ့ ကျွန်မတို့ ဆင်းရဲသား လက်လုပ် လက်စားများ အထိနာလှပါသည်။ ဆင်းရဲသား ဆိုမှတော့ ထမင်းနပ်မှန်ရေး နေရာဒေသ အချိန်ကာလမရွေး အဆင်ပြေရာ လုပ်စားရ ပါသည်။ ဥပဒေနှင့် လွတ်သည်၊ မလွတ်သည် နားလည်မည် မဟုတ်။ အူမ တောင့်မှ သီလစောင့်မည်။ အူမ မတောင့်ဘဲ ဂုဏ်သိက္ခာ ရှိသည့် အလုပ် မည်သူမျှ လုပ်နိုင်မည် မဟုတ်။ အူမ တောင့်သည့် အရာရှိ၊ အရာငယ် ဝန်ထမ်းများတောင်မှ သီလ၊ အကျင့်သိက္ခာ မတွက် လုပ်စားနေ သည် ဆိုလျှင် ဆင်းရဲသားများအတွက် ပြောစရာ စကားလုံး မရှိပါချေ။

တရားဥပဒေ စိုးမိုးရေးနှင့်အတူ မျှတသော ဥပဒေ စိုးမိုးရေးသည် ဆင်းရဲသား ပြည်သူများအတွက် ဘာကြောင့် မခံစား၊ မစံစားရသည်ကို သာမန် ပြည်သူ တစ်ယောက် အနေနှင့် နားမလည်နိုင်တော့ပါ။ နိုင်ငံ့ ဝန်ထမ်း မဟုတ်လို့လား။ ထိုသို့သော နိုင်ငံ့ဝန်ထမ်းများမှသာ ‘ခွင်’ ရမည် ဆိုလျှင် နိုင်ငံ့ ဝန်ထမ်း မဟုတ်သည့် ကျွန်မတို့ ရှေ့ဆက် ဆင်းရဲ ခရီး ဆက်လျှောက်ရမည်။

ဆင်းရဲမှု ပပျောက်ရေး၊ ကျူရှင် ပပျောက်ရေး၊ အကျင့်ပျက် ခြစားမှု၊ ရိုက်စား ခွင်၊ လုပ်စားခွင်၊ လိမ်စား ခွင် စသော ‘ခွင်’ ပေါင်းများစွာမှ မရုန်းထွက်လာ သရွေ့ ပပျောက်ရေး လုပ်ငန်းစဉ်ကြီး မျှော်လေလေ ဝေးနေမည်။ ဤအတိုင်းသာ မပြုပြင်ပါလျှင် သမ္မတကြီး၏ Clean Government, Good Governance သည် မနီးမဝေးသော ကာလအတွင်းမှ နှစ်ချီ စောင့်ရမည် ကို စောင့်မျှော်ရင်း မျှော်လေလေ ဝေးလေလေလားဟု အောက်မေ့လျက်။

Credit To The Voice Weekly
Read More »

လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ



ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

စီးပွားရေးပညာတွင် အခြေခံအကျဆုံး ဝေါဟာရများထဲတွင် ပါဝင်သော လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ အကြောင်းကို လေ့လာ ကြည့်လျှင် ယင်းနှစ်ခု၏ အဓိပ္ပာယ်မှာ မတူကွဲပြားသည်ကို သိနိုင်ပါသည်။

ဥပမာ- ချမ်းသာသောမိသားစု၏ ကလေးငယ်တစ်ဦးက iPad သင်ပုန်း ကွန်ပျူတာလိုချင်၍ ငိုခြင်းနှင့် ဆင်းရဲသောမိသားစု၏ ကလေးငယ် တစ်ဦးက ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်၍ ငိုခြင်း၏ အဓိပ္ပာယ် မတူနိုင်ပါ။ ချမ်းသာသောမိသားစုတွင် ကွန်ပျူတာ တစ်လုံးထက်မက ပိုင်ဆိုင်နိုင် နေသော်လည်း ဆင်းရဲသော မိသားစုတွင်မူ ကျောက်သင်ပုန်းနှင့် ကျောက်တံပင် မပိုင်ဆိုင်၍ စာရေးစာဖတ် မပြုလုပ်နိုင်ခြင်းများလည်း ရှိနိုင်ပေလိမ့်မည်။

ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်၏ လိုအင်ဆန္ဒများနှင့် လိုအပ်ချက် များသည် မည်သို့သော အခြေခံ အကြောင်းတရားများပေါ်တွင် မူတည်ကာ ကွဲပြားခြားနားနိုင်သနည်း ဆိုသည့် အချက်သည် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ တစ်ချိန်တည်းတွင် လူတစ်ဦး အသက်ရှင်ရပ်တည်နေနိုင် ရေးအတွက် မရှိမဖြစ် လိုအပ်သော (အရေးပါသော) စားဝတ်နေရေးတွင် မည်သို့သော လိုအပ်ချက်များ ရှိသင့်ရှိထိုက်သည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ယနေ့ခေတ် ကုန်ထုတ်လုပ်မှု နည်းပညာ တိုးတက်မှု၊ IT နည်းပညာ တိုးတက်မှု တို့နှင့်အတူ သမိုင်းဦးဘုံမြေခေတ်က လူသားတို့နှင့် ယနေ့ခေတ် လူသားတို့၏ လိုအင်ဆန္ဒများ မတူညီလာသည်ကို တွေ့ရသည်။ သမိုင်းဦး ဘုံမြေခေတ်က လူသားတို့တွင် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များသည် များများစားစား ကွဲပြားမှု မရှိသေးသော်လည်း ယနေ့ခေတ် လူသားတို့ကို လေ့လာကြည့်လျှင် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များသည် ရောထွေးမှု ရှိလာသည်ကို သတိပြုမိသည်။

ဥပမာ- ယခင်က မိသားစုတစ်ခုတွင် Desktop ကွန်ပျူတာဟုခေါ်သော စားပွဲတင် ကွန်ပျူတာတစ်လုံး ရှိခြင်းကပင်လျှင် လိုအင်ဆန္ဒနှင့် လိုအပ်ချက် ဖြစ်ခဲ့သော်လည်း ထပ်မံ၍ပေါ်လာသော Notebook အရွယ် ကွန်ပျူတာ၊ Netbook ဟုခေါ် သော ကွန်ပျူတာမှသည် ယနေ့ခေတ် ရေပန်းစားလာသော Tablet ကွန်ပျူတာ အရွယ်စုံသည် လိုအပ်ချက်ဟုလည်း ပြောနိုင်သလို လိုအင်ဆန္ဒဟုလည်း ပြောနိုင်ပေလိမ့်မည်။

အကြောင်းမှာ လူသားတို့၏ နေ့စဉ် ဘဝဖြတ်သန်းမှု ပုံသဏ္ဌာန်သည် ပြောင်းလဲလာသော်လည်း လူသားတို့၏ အဓိကအကျဆုံး သို့မဟုတ် အခြေခံ အကျဆုံးဖြစ်သော အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် အရေးပါသော လိုအပ်ချက်များမှာမူ မပြောင်းလဲသေး သည်ကို တွေ့နိုင်သည်။

တစ်လောက ထိုင်းနိုင်ငံတွင် မူလတန်းကျောင်းသား ကျောင်းသူများ အား သင်ပုန်းကွန်ပျူတာ အခမဲ့ဝေငှပေးခြင်းကို တွေ့ မြင်ရပြီး ထိုင်းနိုင်ငံ၏ စီးပွားရေး အင်အားကို တွေ့မြင်ရပြီး ထိုင်းနိုင်ငံတွင် ဆင်းရဲသော မိသားစုများတွင် ပင်လျှင် အခြေခံလိုအပ်ချက်များကို ကျော်လွန်ကာ လိုအင်ဆန္ဒ များကိုပင် ဖြည့်ဆည်းပေးနေ နိုင်သော နိုင်ငံအဆင့် သို့မဟုတ် စီးပွားရေး အဆင့်သို့ ရောက်ရှိနေပြီဟု စာရေးသူပင် မြင်မိသည်။

အထက်တွင်ရေးခဲ့သလို ချမ်းသာသောမိသားစု၏ ကလေးငယ်က iPad သင်ပုန်းကွန်ပျူတာ လိုချင်၍ ငိုခြင်းနှင့် ဆင်းရဲသော မိသားစု၏ ကလေး ငယ်က ကျောက်သင်ပုန်းနှင့် ကျောက်တံလိုချင်၍ ငိုခြင်းတို့၏ အနက် အဓိပ္ပာယ်ကို စဉ်းစားကြည့်လျှင် ယင်းနိုင်ငံတွင် ချမ်းသာသော မိသားစုက မည်ရွေ့မည်မျှ ရှိ၍ ဆင်းရဲသောမိသားစုက မည်ရွေ့မည်မျှ ရှိနေနိုင်သနည်း (တစ်နည်းအားဖြင့် ဆင်းရဲမွဲတေမှု ပမာဏ) ဟူသောအချက်ကိုပါ စဉ်းစားရန်လိုသလို၊ ယင်းနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့ အပြန်အလှန် တည်ရှိမှု ပုံသဏ္ဌာန်တို့ကိုပါ ရုပ်လုံးဖော်ကြည့်ရန် လိုပေလိမ့်မည်။
တစ်နည်းအားဖြင့် အခြေခံလိုအပ်ချက်များကို တစ်စတစ်စ ပိုမို ကောင်းမွန်စေရန် (အရှိန်အဟုန်ဖြင့်) ဖြည့်ဆည်းပေးနိုင်ရန် အတွက် လိုအပ်သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို အစဉ်တစိုက် ပြုလုပ်ပေးရန် လိုအပ်လေ့လည်း ရှိတတ်ပါသည်။

လူသားတို့မည်သည် မွေးဖွားခြင်းမှသည် သေဆုံးခြင်းဟူသော အချိန်ကာလ တစ်ခုကို မဖြစ်မနေ ဖြတ်ကျော်ကြရာတွင် မိမိတို့မွေးဖွားကြီးပြင်း သေဆုံးရာ ဒေသနိုင်ငံ၏ အနေအထားပေါ် မူတည်ကာ မိမိတို့၏ အသက်ရှင်ချိန် ကာလအတွင်းရှိ လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ ကွဲပြား သွားသည် ဆိုသည်ကို တွေ့မြင်နိုင်သည်။

မွေးဖွားခြင်းမှ သေဆုံးခြင်းသို့ ပစ္စုပ္ပန်၏ လူတိုင်း လူတိုင်းကြုံတွေ့ရ သော အချိန်ကာလများသည် နောက်ထပ် (အနာဂတ်) မွေးဖွားခြင်းမှ သေဆုံးခြင်းသို့ ထပ်မံရောက်ရှိလာစေမည့် လူသားများ၏ အချိန်ကာလ များနှင့် ဆက်စပ်မှုရှိစေသည် ဆိုသည်ကိုလည်း တွေ့မြင်နိုင်သည်။

ထိုသို့ဆိုလျှင် အရာရာတိုင်းသည် ပြောင်းလဲခြင်းသဘော (တစ်နည်းအားဖြင့် Time Dimension သဘောအရ ပြောင်းလဲမှု) သည် မည်သည့် လူသားတို့ အပေါ်တွင်မဆို သက်ရောက်မှု ရှိစေခြင်းဖြစ်သည်။ ယနေ့ ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ နိုင်ငံသားတို့သည်လည်း အတိတ်ကာလ တစ်ချိန်က ယင်းတို့၏ ဘိုးဘွားအဆက်ဆက်များက စနစ်တကျ တည်ဆောက်ခဲ့သော နိုင်ငံရေး စနစ်များနှင့် စီးပွားရေး စနစ်များ၏ အကျိုးဆက်အဖြစ် ယင်းနိုင်ငံများ (နိုင်ငံသားများ) ၏ လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များ ကွဲပြားသွားခြင်းလည်း ဖြစ်နိုင်ပေသည်။

Credit To The Voice Weekly
Read More »

အဖွဲ့အစည်းတိုင်းအတွက် အရေးပါသည့် မဟာဗျူဟာကျစွာ စီမံခန့်ခွဲမှု (Strategic Management) ---



ဘိုစိန်

မဟာဗျူဟာကျစွာ စီမံခန့်ခွဲခြင်းမှာ ဖွဲ့စည်းဆောင်ရွက်ခြင်း (formulation) ၊ အကောင်အထည် ဖော်ခြင်း (implementation) နဲ့ အဖွဲ့အစည်းရဲ့ ဦးတည်ရည်ရွယ်ချက်များအား အောင်မြင်ပေါက်မြောက် စွာ ဆောင်ရွက်နိုင်စေတဲ့ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များကို အကဲဖြတ်သုံးသပ်ခြင်း (evaluation) တို့ ပါဝင်ပါတယ်။

Strategy Formulation မှာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အားသာချက်များ (strengths) နဲ့ အားနည်းချက်များ (weaknesses) ကို လေ့လာဆန်းစစ်ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အဖွဲ့အစည်း ရဲ့ ပြင်ပမှာ ရှိနေတဲ့ ဖြစ်ပေါ်နေတဲ့ အခွင့်အလမ်းတွေကို ရှာဖွေနိုင်ရ မှာဖြစ်သလို ခြိမ်းခြောက်မှု တွေကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ mission ကို တိတိကျကျဖော်ပြထားရပါမယ်။ အကောင်အထည်ဖော်မယ့် ရည်ရွယ်ချက်တွေ(objectives)ကို ချမှတ်ထားရပါမယ်။ အလှည့်အပြောင်း ဆောင်ရွက်နိုင်မယ့် မဟာဗျူဟာများ(alternative strategy)ကိုလည်း ချမှတ်ထားရမှာဖြစ်သလို အဆိုပါမဟာဗျူဟာများကို ဆန်းစစ်သုံးသပ်ထားရပါမယ်။ မဟာဗျူဟာများအနက် ဘယ်အချက်များကို ထိရောက်အောင်မြင် စွာ ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားရပါမယ်။

Strategy Formulation ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ အဓိကလုပ်ဆောင်ချက် ၃ရပ်ဖြစ်တဲ့ လေ့လာသုတေသနပြုခြင်း (research )၊ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း(analysis) နဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း (decision making)တို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Research လုပ်ရာမှာ ကိုယ့်အဖွဲ့အစည်းအတွင်းမှာရော အဖွဲ့အစည်းပြင်ပက အခြေအနေကိုပါ လေ့လာရမှာဖြစ်ပါတယ်။ Research မှာ management အပိုင်း၊ marketing အပိုင်း၊ finance အပိုင်း၊ production အပိုင်း နဲ့ research and development အပိုင်း စတဲ့ ဌာနများကဲ့သို့ အရေးပါတဲ့ ဌာနများမှာ အဓိက အားနည်းချက်၊ အားသာချက်တွေ ကို ဖော်ထုတ်နိုင်ရမှာဖြစ် ပါတယ်။

Analysis လုပ်ရာမှာတော့ ကိုယ့်အဖွဲ့အစည်းအတွင်းမှာ ဖြစ်နေတဲ့ အားနည်းချက်၊ အားသားချက်တွေ ကို ပြင်ပမှာဖြစ်နေတဲ့ ရှိနေတဲ့ အခွင့်အလမ်းတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကိုက်ညီအောင် ဆောင်ရွက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ မဟာဗျူဟာတွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။

မဟာဗျူဟာကျစီမံခန့်ခွဲခြင်းရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ Strategy Implementation မှာ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဦးတည်ချက်များ(goals) နဲ့ မူဝါဒများ (policies) ချမှတ်ကာ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ကာလတိုဆောင်ရွက်မယ့် ရည်မှန်းချက်၊ ဦးတည်ချက်တွေကို Goals လို့ ဖော်ပြနိုင်ပြီး အဲဒီ Goal များဟာ အဖွဲ့အစည်းရဲ့ ဌာနတိုင်းမှာ ရှိသင့်ပါတယ်။ ကုမ္ပဏီကြီးတွေမှာတော့ Corporate ရဲ့ ဦးတည်ရည်မှန်းချက်၊ Divisional ရဲ့ ဦးတည်ရည်မှန်းချက်နဲ့ Functional ရဲ့ ဦးတည်ရည်မှန်းချက်ဆိုပြီး သတ်မှတ်လေ့ရှိကြပါတယ်။ Goal တွေ သတ်မှတ်ပြီးရင်တော့ အဲဒီ Goal တွေကို အကောင်အထည်ဖော်နိုင်ဖို့ မူဝါဒတွေ (Policies)ကိုလည်း ချမှတ်ရပါမယ်။

Strategy Implementation မှာ ၀န်ထမ်းတွေကို လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ နဲ့အလုပ် လုပ်ကိုင်လိုစိတ်၊ ညီညီညွတ်ညွတ်နဲ့ အဖွဲ့အစည်း ရဲ့ပန်းတိုင်ပေါက်မြောက်အောင် ကြိုးပမ်းဆောင်ရွက်လိုစိတ်များ ရှိနေအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ချမှတ်ထားတဲ့ မဟာဗျူဟာတွေကို အောင်မြင်ပေါက်မြောက်အောင် ဆောင်ရွက်ဖို့အတွက် အရင်းအမြစ်တွေကို ခွဲဝေပေးခြင်း (allocating resources)များ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ အရင်းအမြစ်တွေမှာ လုပ်ငန်းအထောက်အကူပြု စက်ကိရိယာတွေ၊ ဘက်ဂျက်ခွဲဝေပေးမှုတွေ၊ ပညာရှင်ပိုင်းနဲ့ လုပ်သားများ ခွဲဝေပေးမှုတွေ စတာတွေ ပါဝင်ပါတယ်။

မဟာဗျူဟာကျ စီမံခန့်ခွဲခြင်းရဲ့ တတိယအပိုင်းဖြစ်တဲ့ Strategy Evaluation က အဖွဲ့အစည်းကချမှတ်ထားခဲ့တဲ့ formulation နဲ့ implementation များရဲ့ ဆောင်ရွက်ချက်တွေအားလုံးကို စောင့်ကြည့် အကဲဖြတ်လေ့လာနေခြင်းပဲဖြစ်ပါတယ်။ အဖွဲအစည်းအတွင်းနဲ့ အဖွဲ့အစည်းပြင်ပအခြေအနေများ ဟာ ပြောင်းလဲနေတာဖြစ်တဲ့အတွက် ဒီအပိုင်းဟာလည်း Strategic Management မှာ အရေးပါလျက် ရှိပါတယ်။ အောင်မြင်တဲ့အဖွဲ့အစည်းတွေဟာ ပြောင်းလဲမှုများအတိုင်း လိုက်လျောညီထွေ လိုက်ပါဆောင်ရွက်နိုင်ကြ ပါတယ်။

အဖွဲ့အစည်းအတွင်းနဲ့ ပြင်ပမှာ သိသိသာသာ အပြောင်း အလဲတွေဖြစ်ခဲ့ရင် အဲဒီအပြောင်းအလဲများနဲ့ လိုက်လျောညီထွေဆောင်ရွက်နိုင်ဖို့အတွက် အလှည့်အပြောင်း ပြုလုပ်နိုင်မယ့် မဟာဗျူဟာများ(alternative strategies) ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ဒီနေ့ အောင်မြင်မှုတွေဟာ မနက်ဖြန်အတွက် အာမခံနိုင်တဲ့အနေအထားမရှိပါဘူး။ ဒါကြောင့် Strategy Evaluation ပြုလုပ်ဖို့ လိုအပ်ပါတယ်။

Strategy Evaluation မှာ ချမှတ်ထားတဲ့ မဟာဗျူဟာများက လက်ရှိအခြေအနေနဲ့ကိုက်ညီမှုရှိ/ မရှိ။ ကိုယ့်အဖွဲ့ အစည်းတွင်းက အားသာချက်များဟာ ဆက်လက်ပြီး အားသာမှုရှိနေရဲ့လား။ အားနည်းချက်များက ဆက်လက် ပြီး အားနည်းနေဆဲ လား။ ပြင်ပအခွင့်အလမ်းများက ဆက်လက်ပြီး ရှိနေဆဲလား။ အလားတူ ပြင်ပက ခြိမ်းခြောက်မှုများက ဆက်လက်ပြီးရှိနေဆဲလား စတဲ့အချက်တွေကို စိစစ်သုံးသပ်ရမှာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ အဖွဲ့အစည်းက ချမှတ်ထားတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်များ အမှန်တကယ် ပေါက်မြောက် အောင်မြင်မှုရှိ/မရှိကို အကဲဖြတ်ရမှာဖြစ်ပါတယ်။

ကိုယ့်အဖွဲ့အစည်းအတွင်းနဲ့ ပြင်ပမှာ ပြောင်းလဲနေတဲ့အခြေအနေများ၊ အကောင်အထည်ဖော်နိုင်မှုများကို စဉ်ဆက်မပြတ်အကဲခတ်လေ့လာနေရ မှာဖြစ်ပါတယ်။ မဟာဗျူဟာကျ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဟာ စဉ်ဆက် မပြတ်ဆောင်ရွက်နေရမှာဖြစ်ပြီး ပြီးဆုံးသွားတယ်လို့ မရှိပါဘူး။

ကုမ္ပဏီကြီးတွေ အဖွဲ့အစည်းကြီးတွေ အောင်မြင်ဖို့အတွက် မဟာဗျူဟာကျ စီမံခန့်ခွဲမှု (strategy management) ဟာ အရေးပါလျက်ရှိသလို ကုမ္ပဏီငယ်များ လုပ်ငန်းငယ်များ အောင်မြင်စွာ ရပ်တည်နိုင်ဖို့အတွက်လည်း မဟာဗျူ ဟာကျစီမံခန့်ခွဲမှုဟာ လွန်စွာအရေးပါလျက်ရှိပါတယ်။
Source: Concepts of Strategic Management

Credit To Pinya Magazine.
Read More »

ပလက်ဖောင်းပေါ်က အညာအရင်းအမြစ်


ရေးသားသူ- မိုးညို

အသားညိုညို မျက်နှာပြည့်ပြည့်၊ အရပ်ခပ်ပြတ်ပြတ်နှင့် အမျိုးသားတစ်ဦး ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းမှ ခန်းဆီးကန့်လန့်
ကာတစ်ခုအတွင်းရှိ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ပြည့် နှက်နေသည့် ဗေဒင်ဟောခန်းတစ်ခုသို့ ခပ်သုတ်သုတ်ဝင်သွားသည်။ ၂၀၀၉ နွေရာသီ၏ လတစ်လတွင် ဖြစ်သည်။

အသက်(၂၇)နှစ်အရွယ်ရှိ သည့် ကိုဆန်းကျော်မှာ မုံရွာခရိုင် ဘုတလင်မြို့နယ် အင်းတဲရွာသားတစ်ဦး ဖြစ်သည်။ သူ ရန်ကုန်တွင် လက်ရှိဆိုင်းထမ်းဖြင့် ရောင်းချနေသော ရခိုင်မုန့်တီအသုပ်စုံဆိုင် ရောင်းမကောင်းသောကြောင့် အမည်ပြောင်းရန် ယခုကဲ့သို့ ရွှေတိဂုံဘုရားမှ ဗေဒင်ဟောခန်းတစ်ခုသို့ လာရောက် မေးမြန်းခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများက အညာရှိ ကျေးလက်ဒေသများသို့တိုင် ရိုက်ခတ်လာမှုကို ကိုဆန်းကျော်တို့ မိသားစုလည်း ခံစားလာခဲ့ရသောကြောင့် ကိုဆန်းကျော်တစ်ယောက် ရန်ကုန်သို့ အလုပ်ပြောင်းရွှေ့လုပ်ကိုင်ရန် ဖြစ်ပေါ်လာခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လူကြီးလူငယ်အများစုမှာ ရန်ကုန်မြို့၏ ပလက်ဖောင်းနေရာ လမ်းမကြီးနှင့် လမ်းသွယ်အချို့တွင် အထမ်းဖြင့်သော်လည်းကောင်း၊ တွန်းလှည်းဖြင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရာသီပေါ် စားသောက်ဖွယ်ရာမျိုးစုံတို့ကို ရောင်းချလျက်ရှိသည်။ ယင်းတို့ကား ရန်ကုန်မြို့၏ လမ်းဘေးစားသောက်ဆိုင် ယဉ်ကျေးမှုကို ဖော်ကျူးနေသည့် အညာနံ့ ခပ်သင်းသင်းရှိသော အညာပလက်ဖောင်းယဉ်ကျေးမှုများပင် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကျေးရွာအများစုတွင် မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ စိုက်ပျိုးမြေနည်းပါးလာခြင်း၊ လယ်ယာမြေသိမ်းခံရမှု ပြဿနာများကြောင့် အများစုမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီဖြစ်ကာ ရွာရှိ ကျန်းမာသန်စွမ်းသော လူကြီးလူငယ်မကျန် မြို့တော်ရန်ကုန်တွင် စုပေါင်းအခြေချ၍ နည်းလမ်းအမျိုးမျိုးဖြင့် ရပ်တည်ရန် ကြိုးပမ်းနေကြရသည်။

ပုံစံအမျိုးမျိုးဖြင့် မြို့တော်ရန်ကုန်တွင် အခြေချလုပ်ကိုင်နေကြသော်လည်း ရည်ရွယ်ချက်ချင်းမှာမူ အားလုံး၏ ရင်ထဲတွင် အတူတူချည်းပင် ဖြစ်သည်။ ကံနှင့် ၀ီရိယကို ယုံကြည်သည့် မြို့တော်ရန်ကုန်က အညာသူ၊ အညာသားများအပေါ် လျစ်လျူတော့ မရှုခဲ့ပါ။

ကံတရား၏ မျက်နှာသာပေးခြင်းကို သူတို့ ခံစားခဲ့ရပါသည်။ စီးပွားရေးနှင့် အခွင့်အလမ်း အများစုတည်ရှိနေသည့် မြို့တော်ရန်ကုန်မှာ စရိတ်နည်း အဆာပြေစားသုံးရန် လိုအပ်နေမှုကို ၎င်းတို့က တိုက်ရိုက်ဖြည့်ဆည်းပေးခဲ့ပြီ ဖြစ်သည်။

မြို့တော်ရန်ကုန်သို့ ရောက်ရှိပြီး အညာသားတစ်ဦးမှာ ကိုယ်ပိုင်အခြေချရန် သုံးနှစ်မှ လေးနှစ်အထိ ရှေ့မှရောက်နှင့်နေသော စီနီယာ အညာသားတစ်ဦးထံတွင် ပညာသင်ယူပြီးခါမှ အများစုမှာ ကိုယ်ပိုင်အထမ်း၊ တွန်းလှည်းများဖြင့် ဆက်လက်အခြေချ လုပ်ကိုင်နိုင်ကြောင်း လေးနှစ်ကျော် ပညာသင်ယူပြီး အထမ်းပေါင်း ငါးထမ်းဖြင့် လုပ်ငန်းအောင်မြင်နေပြီဖြစ်သော ကိုဆန်းကျော်က ပြန်လည်ပြောပြသည်။ လက်ရှိ သူ့တွင် ရွာမှ လုပ်သားကိုးဦးကိုပင် ရန်ကုန်တွင် ၎င်းငှားရမ်းနေထိုင်သော တိုက်ခန်းသို့ ခေါ်ယူ၍ လခပေး စရိတ်ငြိမ်းသင်ကြားပေးနေပြီ ဖြစ်သည်။

ရန်ကုန်တွင် ချောင်လည်စွာ နေနိုင်ရုံသာမက ပိုလျှံသည်များကို ရွာရှိ မိဘများထံ လစဉ်ငွေပို့ နိုင်သည်ဟု ကိုဆန်းကျော်က ဆိုသည်။ “ရွာမှာ လူစားစရာ မရှိလို့ အရင်လူစာပဲ ပို့ခဲ့ရတာ။ ခုနွားစာတောင် မရှိတော့လို့ နွားစာအတွက်ပါ ငွေပို ပို့နေရပြီ” ဟု အညာသံခပ်ဝဲ၀ဲဖြင့် လက်ရှိ အညာကျေးလက်ရွာအချို့တွင် လုပ်ကိုင်စားသောက်ရန် ခက်ခဲလာပုံကို သူက ပြောပြသည်။

ရန်ကုန်မြို့ ပလက်ဖောင်းများပေါ်တွင် ရည်ရွယ်ချက်တူ အညာသူ၊ အညာသားအချင်းချင်း ဈေးကွက်ယှဉ်ပြိုင်ရာတွင် အခက်အခဲများစွာ နေ့စဉ်ကြုံတွေ့နေရသည်။ အဓိကအားဖြင့် မြို့နယ်စည်ပင်၏ နေ့စဉ်အကြောင်းအမျိုးမျိုးရှာ ငွေရှာမှု၊ ဆိုင်ခန်းနေရာ ရရန်ခက်ခဲမှု၊ အချင်းချင်း အပြိုင်အဆိုင် ဖောက်သည်လုမှုစသည်တို့က ၎င်းတို့အတွက် အခက်အခဲများပင် ဖြစ်သည်။

စကားပြောလျှင် လေသံခပ်ပြတ်ပြတ်ဖြင့် ပြုံးလျှင် ကွမ်းချိုးများပေါ်အောင် ပြုံးတတ်သည့် ဘိုကလေးဈေးအနီးတွင် ဆိုင်းထမ်းဖြင့် ရောင်းချနေသည့် ကိုမျိုးအောင်က ရန်ကုန်မှ ၎င်းတို့ ကြုံတွေ့ရသော အခက်အခဲကို ယခုကဲ့သို့ ပြောပြသည်။

“ကိုယ်က တစ်နယ်သားလေ။ ဒီမှာ စီးပွားလာရှာတာ အားလုံးနဲ့ အဆင်ပြေအောင်တော့ နေရတာပေါ့”

ရွာတွင် တောင်ယာစိုက်ပျိုးခြင်း၊ ထန်းတက်ခြင်းများနှင့် ယခုလက်ရှိ လုပ်ကိုင်နေသည့် ဆိုင်းထမ်းဖြင့် ဈေးရောင်းချမှုနှင့် နှိုင်းယှဉ်ပါက လက်ရှိ အလုပ်မှာပိုပြီး ပင်ပန်းခက်ခဲသော်လည်း ၀င်ငွေမှာ ရွာမှ အလုပ်ထက်ပို ကောင်းသောကြောင့်လက်ရှိ အလုပ်ကိုသာ စွဲကိုင်ထားရန် အားသန်နေကြဆဲဖြစ်ကြောင်း လမ်းဘေးတွင် ဆိုင်းထမ်းဖြင့် ရောင်းချနေသူ အများစုက ဆိုသည်။

ဆိုင်းထမ်းတစ်ထမ်းလျှင် အရင်းအနှီး ကျပ်တစ်သိန်းမှ တစ်သိန်းခွဲ ၀န်းကျင်သာရှိပြီး ရန်ကုန်မြို့၏ ခနော်နီ ခနော်နဲ့ နိုင်လှသည့်
မည်သည့် ပလက်ဖောင်းမျိုးတွင်မဆို စည်ပင်ဈေးကောက်ပေးရုံဖြင့် ရောင်းချနိုင်သောကြောင့် နေရာပြဿနာမှာ စိုးရိမ်စရာ မရှိပေ။ တစ်နေ့လျှင် အနည်းဆုံး ဆိုင်းထမ်းတစ်ထမ်းလျှင် ငွေကျပ်နှစ်သောင်းမှ သုံးသောင်းအထိ မြတ်ပြီး ဆိုင်ထမ်းငါးထမ်း ပိုင်ဆိုင်သူ တစ်ဦးဆိုပါက တစ်နေ့လျှင် တစ်သိန်းမှ တစ်သိန်းခွဲအထိ မြတ်ကြောင်း ၎င်းတို့က ပြောသည်။

မုံရွာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာအများစုမှ တက်ရောက်လာသည့် ရွာသူရွာသားအများစုအတွက် ဒေသတွင်းစိန်ခေါ်မှုများ ပြည့်နှက်လာခြင်းနှင့် မြို့တော်ရန်ကုန်တွင် ရှေ့မှ ရောက်နှင့်ပြီးသော အမျိုးအဆွေများ အဆင့်သင့် ရှိနေမှုများကြောင့် လာရောက်လုပ်ကိုင်မည့် ပမာဏအများစုက ရှိနေသေးကြောင်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးမျိုးညွန့်နိုင်က ပြောသည်။

နွေမှာဆို ထနောင်း၊ ဆောင်းမှာဆို မန်ကျည်းဟူ၍ အညာ၏ ရာသီဥတုမျိုးစုံကို ခုံလှုံခွင့်ပေးခဲ့သည့် အပင်ရိပ်တွေကို စီးပွားရေးမြို့တော် ရန်ကုန်တွင် ဆိုင်းထမ်းများဖြင့် ရောင်းချနေသူ အညာသူ၊ အညာသား အများစုဝေးခဲ့ရပြီး အရောင်းအသွေးစုံလူသူတွေ ရှုပ်ယှက်ခတ်နေသည့် ယာဉ်ကြောတန်းကြီးတွေ၊ မိုးမြင့်တိုက်တာကြီးတွေက ၎င်းတို့အတွက် နေသားကျနေပြီလည်း ဖြစ်သည်။

“ရွာတော့ ပြန်ချင်တာပေါ့။ ရွာမှာ ဘာမှလုပ်စရာမှ မရှိတာ။ ဟိုပြန်လည်း ငတ်မှာပဲ”။ ထိုစကားသံမှာ အသက်(၁၉)နှစ်အရွယ်ရှိ အညာသားတစ်ဦး၏ ရင်ထဲကလာသော စကားလုံးအချို့ ဖြစ်သည်။ လက်ထဲတွင် စုမိဆောင်းမိဖြစ်ပါက ရန်ကုန်တွင် အရင်းအနှီးခပ်ကြီးကြီးဖြင့် ဆိုင်ခန်းအကျယ်ကြီးများ ငှားကာလက်ရှိဆိုင်ကို ချဲ့ထွင်ရန် စိတ်ကူးဆန္ဒများက မြန်မာနိုင်ငံအလယ်ပိုင်းမှ အညာသူ၊ အညာသားတိုင်း မက်နေကျ အိပ်မက်တစ်ခုလည်း ဖြစ်သည်။

“ကိုယ့်ဆိုင်က သေးနေရင် လူနည်းနည်းပဲ အလုပ်ရမှာလေ။ ဆိုင်အကြီးကြီး ဖွင့်ရင်တော့ ကိုယ့်ရွာက သူတွေ အလုပ်အများကြီး ရမှာပေါ့။ ဒါ့ကြောင့် ပိုက်ဆံစုထားတာ။ ပြည့်ရင် ဆိုင်ကို အကြီးကြီးဖွင့်ချင်တာ” ဟု မုံရွာ ဘုတလင်အနီး ပေပင်ကုန်းရွာသားက ၎င်း၏
လုပ်ငန်းချဲ့ထွင်လိုသည့် စိတ်ကူးကို ပြောပြသည်။

ကိုဆန်းကျော်တစ်ယောက် ရွှေတိဂုံဘုရားတောင်ဘက်မုခ်ဦး စောင်းတန်းအတွင်းရှိ ဗေဒင်ဟောခန်းတစ်ခုတွင် နာရီဝက်ကျော်မျှ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သူ၏ လက်ရှိ ဆိုင်နာမည် “အမေ့သား”ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။ ပြောင်းလဲပြီး တစ်နှစ်အကြာတွင် သူ၏ ဆိုင်းထမ်းမှာ ယခင်နှစ်ခုသာရှိခဲ့ရာမှ ယခု ငါးခုကို ပိုင်ဆိုင်သွားပြီဟု သူကဆိုသည်။

ဗေဒင်ကြောင့် သူအောင်မြင်နေပြီဟု ယုံကြည်ယူဆနေသော်လည်း အမှန်မှာ သူလပေါင်းများစွာ ကြိုးစားအားထုတ်ရောင်းချထားသည့် အမြတ်ငွေများမှ တစ်ဆင့် အခြားပလက်ဖောင်း ချဲ့ထွင်နိုင်သည်ကိုမူ သူသတိမပြုလိုက်မိပေ။

Credit To 7Day News Journal
Read More »

ဒေါနတောင်တက် ခရီး


ကော့ကရိတ် တောင်တက်လမ်းအစမှာ ချောချောမွေ့မွေ့ ဖြစ်သည်။ ရန်ကုန်-မြဝတီ ကားများ အတွက် အခက်အခဲမရှိလှ။ တောင်လယ်လမ်းမှာ လောလောလတ်လတ် မိုးရွာထားသည်က တစ်ကြောင်း၊ ကျောက်စရစ်ခဲပုံများ ပုံလျက် ဖောက်လုပ်ဆဲ ဖြစ်သည်က တစ်ကြောင်း အကြောင်းနှစ်ကြောင်း ပေါင်းဆုံ၍ ရွှံ့ဗွက် ထူလျက်ရှိသည်။ ကားတစ်စီးနှင့် တစ်စီးမှာ လိပ်သွား သွားနေရသည်။ စိတ်ရှိလက်ရှိ မောင်း၍မရ။ တောင်ပတ်လမ်းဘေးရှိ ချောက်ကမ်းပါးများကို ကားပေါ်က ကြည့်လိုက်သည်နှင့် ကားဘီးကို ခေါင်းပြူပြီး ငုံ့ငုံ့ကြည့်မိသည်။ အခန့်မသင့်၍ ဘီးတစ်ချက် ချော်ရုံမျှဖြင့် ကားကိုတစ်စစီ ဖြစ်သွားစေနိုင်လောက်သော ချောက်ကမ်းပါး ဖြစ်သည်။
လမ်းမှာတစ်လမ်းသွားဖြစ်ပြီး တောင်တက် တောင်ဆင်းကို တစ်ရက်စီ သတ်မှတ်ထားသည်။ ကျွန်တော်တို့ကားနှင့် အတော်လေး ခပ်ဝေးဝေးရှိ ကားတစ်စီးမှာ တောင်အတက်အဆင်း လုပ်နေသော ဆိုင်ကယ်တစ်စီးနှင့် တိုက်မိပြီး ချောက်ထဲ ထိုးကျသွားရာ ယင်းကားကို အပေါ်ပြန်တင်ရန် လမ်းပိတ်ထား၍ တစ်နာရီကျော်ကျော်ခန့် စောင့်ယူရသည်။ ကားထွက်ပြီး သိပ်မကြာလိုက်၊ ရှေ့ကားတစ်စီး တောင်နံရံကို ဝင်ပွတ်မိသဖြင့် နာရီဝက်ခန့် စောင့်လိုက်ရပြန်သည်။ ယင်းလမ်းမှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ မန္တလေးနှင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများရှိ ဈေးကွက်များသို့ အထွေထွေ ကုန်စည်များ စီးဆင်းရာလမ်းလည်း ဖြစ်သည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင် ကျေးရွာတွင် အခြေစိုက်သော ဒီကေဘီအေ ဌာနချုပ်ကို သတင်းသွားယူမည့် ကျွန်တော်တို့အတွက် ဤလမ်းမှာ စွန့်စားခန်း၏ နိဒါန်းဟု စိတ်နှလုံးပိုက်ပြီး အတော်ကြာ မေ့မေ့လျော့လျော့ ဖြစ်နေခဲ့သော ဘုရား၊ တရားကို မသိမသာ ခပ်တိုးတိုး ရွတ်ဆိုမိသည်။
သတင်းထောက်အဖွဲ့ ကားနှင့်အတူ လိုက်ပါလာသော သံဃာများမှာ ကော့ကရိတ်မြို့သို့ ရောက်ရန် စိတ်လောလျက်ရှိသည်။ ကားရပ်စောင့်နေရသော အချိန်ကြောင့် နေမွန်းတည့်ပြီး နေ့ဆွမ်းနှင့်လွဲကိန်း ဆိုက်နေသည်။ ကားပေါ်တွင်ပါလာသော ၈၈ မျိုးဆက် ကျောင်းသားတစ်ဦးက ဆရာတော်တို့ကို လှမ်း နောက်သည်။
“အရှင်ဘုရား၊ ဘာမှမပူနဲ့။ ရေသန့်ဘူးတွေပါတယ်။ ရေဆွမ်းဘုဉ်းလို့ရတယ်”
ကော့ကရိတ် တောင်တက်လမ်း တစ်လျှောက်တွင် ရေခဲပုံးလေးများကို လက်တွင်ချိတ်ပြီး အအေးဘူး လိုက်ရောင်းနေသော ကလေးငယ်တချို့ကို တွေ့ရ သည်။ သူတို့ရေခဲပုံးလေးများထဲတွင် အအေးဘူးများနှင့်အတူ ဂျက်ပြားပုလင်းတချို့လည်း တွေ့ရသည်။ ဂျက်ပြားပုလင်း ဆိုသည်မှာ ဂရင်းရွိုင်ရယ် အမျိုးအစား အရက်ပုလင်းငယ်ကို ဆိုလိုပါသည်။
ခရီးသည်တင်ကားများဘေးတွင် အအေးဘူးများ လိုက်ရောင်းသည်ကို အညာဒေသတွင် မြင်ဖူးတွေ့ဖူး ပါသည်။ သို့သော် အရက်ပုလင်းကို လက်ပွေ့ရေခဲပုံးဖြင့် ထည့်ရောင်းသည်ကိုမူ ယခုအကြိမ် ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။
သတင်းထောက်အဖွဲ့ စီးနင်းလိုက်ပါလာသည့်ကား ကော့ကရိတ်မြို့သို့ ဆိုက်လျှင် ဆိုက်ချင်း ဒီကေ ဘီအေတပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုးမြင့်တို့ လာကြိုသည်။ အကြိုလာသော ဗိုလ်မှူးစိုးမြင့်တို့နှင့်အတူ မြဝတီမြို့ထဲ ရောက်ရန် နာရီဝက်ခန့် မောင်းလိုက်ရသည်။ ပြီးနောက် ထမင်းဆိုင်တစ်ဆိုင်ဝင်၍ ထမင်းစားကြသည်။
ဒီကေဘီအေ ဌာနချုပ်တွင် ပြည်တွင်းဖုန်းလိုင်း မမိသည့်အပြင် အင်တာနက်ပါ သုံးမရဟု ကြိုသိထား သဖြင့် နေ့စဉ်ထုတ် သတင်းစာများအတွက် သတင်းအချိန်မီ ပို့နိုင်ရန် မြဝတီမြို့ထဲမှာပင် ကြိုတင်ပြင်ဆင်သမှု ပြုရသည်။ Dtacd အမျိုးအစား ထိုင်းဆင်းမ်ကတ်နှင့် ငွေဖြည့်ကတ် ဝယ်ရသည်။ သို့မှသာ၊ သတင်းစာအတွက် သတင်းအမီ ပို့နိုင်ပေမည်။
အားလုံးထမင်းစားပြီးနောက်၊ ဒီကေဘီအေ ဆက်ဆံရေးရုံးသို့ ခေတ္တဝင်နားသည်။ ကျွန်တော်တို့အဖွဲ့ ဌာနချုပ်သို့ ခရီးဆက်နိုင်ရန် ဒီကေဘီအေ စစ်ဗျူဟာမှူး ဗိုလ်မှူးစောစန်းအောင်က တောင်တက်ကား သုံးစီးခန့် စီစဉ်ပေးသည်။
တောင်တက်ကားများမှာ အမိုးဖွင့်၊ ဘီးမြင့်ကားများ ဖြစ်သည်။ ဒေါနတောင်တက်လမ်းမှာ မိုး ဖြောက်ဖြောက်ကြောင့် ရွှံ့ထလျက် ချောတွတ်တွတ် ဖြစ်နေသည်။ တောင်အတက်၊ တောင်အကွေ့တွင် ကားနောက်မှ စီးလိုက်လာသည့် ကျွန်တော်တို့အဖွဲ့မှာ ဆန်ကောထဲ ဆီးဖြူသီး ထည့်လှိမ့်သကဲ့သို့ ဘယ်ယိမ်း ညာနွဲ့။
ရှေ့ဆုံးကားကို စီးလာသည့် ကျွန်တော်တို့သည် နောက်ကားကို ကြည့်လိုက်သောအခါ မျက်လုံးပင် ပြူးသွားမိသည်။ ကားသည် အဖြောင့်မသွား၊ ရွှံ့ထဲတွှင် ဘေးတိုက်သွားနေသည်။ ဘေးတိုက်ရွှေ့လိုက် နောက်ပြန်ရှေ့တိုး လုပ်လိုက်ဖြင့် မောင်းနေသောကားကို ကြည့်ပြီး သက်ပြင်းချမိသည်။
ကားခေတ္တ ရပ်နားသောအခါ ကျွန်တော်တို့ကားကို မောင်းပေးသည့် ဒီကေဘီအေ ဗိုလ်မှူးကို တောင်တက်လမ်းကို ဘာကြောင့် မပြင်တာလဲဟု မေးစမ်းမိသည်။ စစ်ဗျူဟာအရ အစိုးရတပ် အလွယ်တကူ ချီတက် မလာနိုင်စေရန် လမ်းမပြင်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးက ဖြေသည်။
ကျွန်တော်တို့အတွက်သာ လမ်းကကြမ်းနေသော်လည်း တပ်သားများ အတွက်မူ နေသား ကျနေသည်။ ကားနောက်ပိုင်းတွင် ကျွန်တော်တို့နှင့် အတူစီးလိုက်လာသည့် တပ်သားဆိုလျှင် ပုခက်ထဲ လွှဲသိပ်နေသလို၊ ကားအချိုးအကွေ့နှင့် လိုက်လျော ညီထွေစွာ လမ်းတစ်လျှောက် ယိမ်းယိမ်းနွဲ့နွဲ့ အိပ်ငိုက် လိုက်ပါလာသည်။
ဆုံဆည်းမြိုင်ရွာ ရောက်သောအခါ ညနေစောင်းပြီ။ ကျွန်တော်တို့ အဖွဲ့ကို သုံးဖွဲ့ခန့်ခွဲပြီး ကရင်အိမ်များတွင် နေရာချပေးသည်။ သတင်းသမားများက တစ်အိမ်၊ ရေဝါရောင် သံဃာများက တစ်အိမ်၊ ကျန်နိုင်ငံရေးသမားများက တစ်အိမ်သုံးအိမ်ခွဲ နေရာချပေးသည်။
ညထမင်းကို ဒီကေဘီအေက ကျွေးသည်။ ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီး အထိမ်းအမှတ် စိုက်ထူထားသည့် ကျောက်တိုင်ဘေးရှိ ဇရပ်ကလေးတွင် သွားစားရသည်။
ထမင်းခဲကို တစ်စေ့ချင်း ခွဲ၍မရ။ မာကျစ်သော ထမင်းခဲဖြစ်သည်။ တပ်သားများကို ကျွေးသည့်ဆန်ကို ယူချက်ထားသည်ဟု ထမင်းချက် ကရင်အဒေါ်ကြီးက ပြောပြသည်။ ဟင်းမှာ ဝက်သားအားလူးချက်။ ဟင်းချို မှာ ဝက်သားအာလူး ပါးပါးလှီးထားသော ရေလုံပြုတ်။ ထမင်းတစ်ဝိုင်းလုံးကို ခြုံပြောရလျှင် ဝက်သားနှင့် အာလူးမင်းမူသော ထမင်းဝိုင်း ဖြစ်သည်။
ဆုံဆည်းမြိုင် ရွာကလေးတွင် ငါးရက်ခန့်မျှ နေခဲ့ရာ ဟင်းမပြောင်းချေ။ ဝက်သား အာလူးဟင်းနှင့်ပင် နှစ်ပါးသွားခဲ့ရသည်။ ဝက်သားဟင်း စားရလွန်းသဖြင့် နဂိုအသံ ထွက်လာမလား၊ ဝက်သံထွက်လာမလား သိရအောင် တစ်ချက်လောက် အော်ကြည့်စမ်းပါဟု ကျွန်တော်တို့အချင်းချင်း နောက်ပြောင်မိသည်။
ပြောသာပြောသော်လည်း ကျွန်တော်တို့ကို ကျွေးသောဟင်းကို အထူးအရေးပေး ချက်ထားခြင်း ဖြစ် သည်။ ကျွန်တော်တို့နှင့် ရင်းနှီးသော တပ်သားကလေးများကို ဘာနှင့်စားလဲဟု မေးလိုက်တိုင်း ထမင်းနှင့် ငါးပိရည်ဆိုသော အဖြေကမပြောင်း။
ဒီကေဘီအေ ဦးစီးပြုလုပ်သည့် ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် ဆွေးနွေးပွဲ ကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ကျင်းပမည် ဖြစ်ရာ ဇွန်လ ၁၄ ရက်နေ့ နံနက်တွင် အားနေသဖြင့် ကျွန်တော်တို့ သတင်းအဖွဲ့သည် ဒီကေဘီအေတပ်မှ ကားဖြင့် ထိုင်းနယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းကို သွားသည်။ သောင်ရင်းမြစ်ကို ထိုးဝါး အားပြုသော လှေငယ်ကလေးဖြင့် ဖြတ်ကူးပြီး ထိုင်းနိုင်ငံတွင်းရှိ မော်လီချိုင်းရွာ ဈေးကလေးသို့ သွားလည်ကြသည်။ လှေစီးခ ဘတ်ငွေ နှစ်ရာပေးရသည်။
မော်လီချိုင်းဈေးမှာ လူမစည်လှ။ ခြောက်ကပ်ကပ် နိုင်လှသည်။ ဒေသခံများ အဆိုအရ၊ တနင်္လာနေ့ မှသာ တစ်ပတ်တစ်ခါ ဈေးရှိသဖြင့် လူစည်ကားသည်ဟု ဆိုသည်။ ဆုံဆည်းမြိုင်ရွာမှ ဈေးသည်တို့မှာ ယင်းဈေးလေးသို့ တစ်ပတ်စာလာရောက် ဝယ်ခြမ်းတတ် ကြသည်ဟုဆိုသည်။
ဆုံဆည်းမြိုင်သို့ ပြန်ရောက်သောအခါ ညနေစောင်းလေပြီ။ မင်္ဂလာချောင်းတွင် ရေဆင်းချိုးပြီးနောက် ဒီကေဘီအေ တပ်ရင်း အခမဲ့ ဆေးပေးခန်းသို့ သွားလည်သည်။ ယင်းတပ်ရင်း ဆေးပေးခန်းကလေးကို ဗိုလ်မှူးကြီး စောအာနိုးက တာဝန်ယူ အုပ်ချုပ်သည်ဟု သိရသည်။
စောအာနိုးမှာ နာမည်ရင်းမဟုက်။ ဗလတောင့်တောင့်၊ ဂိုက်ဖြောင့်ဖြောင့် ရှိသောကြောင့် စောအာနိုး အမည်ဖြင့် နာမည်ပြောင် တွင်သွားခြင်း ဖြစ်သည်။
ဆေးပေးခန်းတွင် သစ်သားခုတင် ငါးလုံးခန့် တွေ့ရသည်။ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ လဲလျောင်းနေသည်ကို မြင်ခဲ့ရသည်။ တပ်ရင်း ဆေးပေးခန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု ဗိုလ်မှူးစောအာနိုးက ဆိုသည်။ ဆုံဆည်းမြိုင်ရွာအတွက်မူ ခုတင်ငါးဆယ်ဆံ့ ဆေးပေးခန်းတစ်ခု ဆောက်နေသည်ဟု သိရသည်။ အခြားကရင်ရွာ လေးရွာတွင်လည်း ဒီကေဘီအေ အခမဲ့ဆေးပေးခန်းများ ဆောက်သွားရန် ရှိသည်ဟု ဗိုလ်မှူးစောအာနိုးက ဆိုသည်။
စားပွဲပေါ်တွင် တင်ထားသော ဆေးများအနက် ငှက်ဖျားဆေးဘူးမှာ အခြားဆေးဘူးများထက် ပိုကြီး ပြီး ပို၍များများ ထည့်ထားသည်ကို သတိထားမိသည်။ ယင်းဒေသတွင် ငှက်ဖျားလူနာ အများဆုံးဖြစ်သည်ဟု ဗိုလ်မှူးစောအာနိုးက အတည်ပြု ပြောကြားသည်။
လူနာပြုစုရန်အတွက်မူ ကရင်တိုင်းရင်းသူလေးများကို လပိုင်းသင်တန်းများပေးပြီး ဆေးပညာ သင်ပေးသည်ဟု ဆိုသည်။ သူနာပြု ကရင်တိုင်းရင်းသူလေး နှစ်ယောက်ကိုလည်း ယင်းဆေးပေးခန်းတွင် တွေ့ခဲ့ရသည်။
ထမင်းဆိုင်မှ မင်္ဂလာတံတားဘက်သို့ လမ်းလျှောက် ပြန်လာစဉ် မှောင်ရိပ်ကျသော ကင်းတဲထဲမှ တပ်သားနှစ်ဦးကို မည်းတဲတဲ မြင်ရသည်။ ဗိုလ်ကြီးတို့၊ ထမင်းစားပြီးပလားဟု ကျွန်တော်တို့က လှမ်းနှုတ်ဆက်လိုက်သည်။
ကရင်သဝဲဝဲဖြင့် မစားရသေးဘူးဟု ပြန်ဖြေသည်။ အသံမှာ လူကြီးသံမဟုတ်၊ ကလေးသံဖြစ်သည်။ သို့နှင့် အာလာပသလာပပြောရင်း၊ မိတ်ဖွဲ့ရင်းနှီးလိုသော ရည်ရွယ်ချက်ဖြင့် ဗိုလ်ကြီးတို့နဲ့ စကား ပြောချင်လို့ပါဟု လောကွတ်လုပ်ပြီး ကင်းတဲနားသို့ ကပ်သွားသည်။
အနီးရောက်မှ ဖုန်းတွင်ပါလာသောမီးကို အသာဖွင့်ကြည့်မိသည်။ တပ်သားများမှာ ကျွန်တော့် ထက်ပင် အသက်ငယ်သည်။ ကလေးတပ်သားများ ဖြစ်သည်။ တပ်သားတစ်ဦး၏ နာမည်မှာ မောင်မြင့် (နာမည်ရင်း အုန်းမြင့် ဖြစ်သော်လည်း မောင်မြင့်ဟုသာ အခေါ်ကြိုက်သည်ဟု ဆိုသည်) ဖြစ်ပြီး နောက်တပ်သားနာမည်မှာ အဲချမ်း ဖြစ်သည်။
မောင်မြင့်သည် အဲချမ်းထက် အသက်ပိုကြီးဟန်ရှိသည်။ ဆံပင်တိုတို၊ အသားညိုညိုနှင့် အရပ်ပုပု၊ ဗလတောင့်တောင့် ဖြစ်သည်။ အဲချမ်းမှာ အသားဖြူသည်၊ မျက်ပေါက်ကျဉ်းသည်၊ လူပုံသွယ်လျသည်။ နှစ်ယောက်စလုံးမှာ ဆယ့်ကိုးနှစ်အောက်သာ ရှိသေးသည်ဟု ဆိုသည်။ စစ်စိမ်းရောင် အင်္ကျီကျားကို နှစ်ယောက် ဆင်တူဝတ်ဆင်ထားပြီး သေနတ်တစ်လက်စီ ကိုင် ဆောင်ထားသည်။
ဒီကေဘီအေ တပ်ထဲသို့ ဝင်သည်မှာ လွန်ခဲ့သည့် နှစ်နှစ်သုံးနှစ်ခန့်လောက်က ဟုဆိုသည်။ မောင်မြင့်သည် ကျောင်းတက်စဉ်က ဆရာမနှင့် ရန်ဖြစ်ပြီး ကျောင်းလစ်တတ်သည်ဟု ဆိုသည်။ ငယ်စဉ်ကပင် လက်နက်ကိုင်ပြီး စစ်သားဖြစ်လိုသော ဆန္ဒရှိခဲ့သောကြောင့် ဒီကေဘီအေ တပ်ထဲဝင်ခဲ့ကြောင်း မောင်မြင့်က ရင်ဖွင့်သည်။ ပထမဆုံး လက်နက်ပေးကိုင်သောနေ့ကဆိုလျှင် အင်မတန် စိတ်လှုပ်ရှားခဲ့ရသည်ဟု မောင်မြင့်ကဆိုသည်။
အဲချမ်းမှာမူ မောင်မြင့်နှင့်မတူ။ အိမ်တွင်လယ်ယာနှင့် ပတ်သက်သော အလုပ်ကြမ်းများ လုပ်ရသဖြင့် အလုပ်မလုပ်ဘဲ အေးအေးလူလူစားပြီး သာသာယာယာ ကင်းထိုင်စောင့်ရသော တပ်သားဘဝကို ခြေစုံပစ်ဝင်ခဲ့သည်ဟု အဲချမ်းက သူတပ်ထဲဝင်ရသည့် အကြောင်းအရင်းကို ပြောပြသည်။
အမှန်တကယ်ဆိုလျှင် အဲချမ်းနှင့် မောင်မြင့်တို့ အရွယ်မှာ ကျောင်းစိမ်းဝတ်စုံဝတ်ပြီး စာအံနေရမည့် အရွယ်ကလေးတွေ ဖြစ်သည်။ သို့သော်လည်း ယင်းဒေသတွင် စာသင်ကျောင်းနှင့် ဆရာမရယ်လို့ ဟုတ်ဟုတ်ညားညားမရှိ။ ကိုယ်ထူကိုယ်ထ အလယ်တန်း ကျောင်းကလေးသာ ရှိသည်ဟုဆိုသည်။ စာတတ်သူများ အဖို့လည်း အလုပ်အကိုင် မရှိပေ။ အချိန်တန်လျှင် လယ်စိုက်၊ ပြောင်းစိုက် လုပ်ချင်လုပ် သို့မဟုက် လက်နက်ကိုင် တပ်သားဘဝ ခံယူရုံမျှသာ ရှိသည်။အခြားတစ်ပါး မျှော်လင့်ချက် မရှိပေ။
အတန်ငယ် မြော်မြင်တတ်သော ကရင်အမျိုးသမီးကြီးတစ်ဦးကမူ သူ့သားသမီးများကို ထိုင်းနိုင်ငံ ဘက်တွင် ဒုက္ခသည် အမည်ခံဖြင့် ပညာသင်ကြားစေသည်ဟု ဆိုသည်။ ထိုင်းအစိုးရသည် အထက်တန်းအဆင့်အထိ ထောက်ပံ့မှုများ ရှိသဖြင့် စရိတ်အနည်းငယ်မျှဖြင့် ပညာသင်နိုင်သည်ဟု ၎င်းကပြောပြသည်။ ထိုင်းနိုင်ငံတွင် ဆယ့်နှစ်တန်းအထိ ပညာသင်ပြီးပါက ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်နိုင်ပြီး ကလေးများ၏ အနာဂတ်ရေး ဖြောင့်ဖြူးနိုင်သည်ဟု ကရင်အမျိုးသမီးကြီးက သားသမီးများအတွက် သူ့မျှော်လင့်ချက်ကို ရင်ဖွင့်သည်။
ဒီကေဘီအေ တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေးကို ငြိမ်းချမ်း ရေးဆွေးနွေးပွဲ အခမ်းအနားတွင် စတင်တွေ့မြင်ဖူးသည်။ သူ့ပုံစံမှာ အကြည့်စူးရှသည်။ စကားနည်းသည်။ အေးအေးသာသာ စကားဆိုတတ်သည်။ ဗိုလ်နှုတ်ခမ်းမွှေးဟု အမြင်တွင်လှသဖြင့် နှုတ်ခမ်းကို ကြည့်သော်လည်း နှုတ်ခမ်းမွှေး တစ်မျှင်မျှမရှိပေ။ ရိတ်ထားဟန်တူသည်။
အခမ်းအနားအဖွင့်တွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ်က “လက်ရှိအခြေအနေက အသက်ရှုခွင့်ပဲ ပေးထားတာ။ အသက်ရှင်သန်ခွင့် မရှိသေးဘူး” ဟု သွယ်ဝိုက် မှတ်ချက်ပြုသည်။
ယင်းဆွေးနွေးပွဲသို့ အဖွဲ့အစည်း ၃၉ ဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦး တက်ရောက် ဆွေးနွေးကြသည်။ မြေပြန့်ဒေသမှ ရွှေဝါရောင် သံဃာတော်များ၊ စာရေးဆရာများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ ပါဝင်ဆွေးနွေးပြီး တိုင်းရင်းသားဒေသဘက်မှ ထိုင်းနိုင်ငံ အခြေစိုက် ကရင်အဖွဲ့အစည်းများ၊ ဒေသခံ ရပ်မိရပ်ဖများ၊ ဒီကေဘီအေ ဗိုလ်မှူးများနှင့် အခြားသော တိုင်းရင်း သား အဖွဲ့အစည်းအချို့တို့ တက်ရောက် ဆွေးနွေးကြသည်။
ရှမ်းတပ်ပေါင်းစုဌာန ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ယူနိုင်ရန် လုပ်ဆောင်သင့်သော အချက်များကို ယင်းဆွေးနွေးပွဲတွင် အကြံပြုသည်။
ယင်းပါတီကို အနိုင်ယူနိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု အားလုံးနှင့် NLD ပါတီ အပါအဝင် ဒီမိုကရေစီ အင်အားစုအားလုံး ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
“တိုင်းရင်းသား မဲဆန္ဒနယ်မှာ NLD ပါတီ အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိလုပ်သင့်တယ်။ ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီ အင်အားစုချင်း ပြိုင်နေရင် NLD က မဲ ၃၀ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီက မဲ ၃၀ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးက ၄၀ ရာခိုင်နှုန်းဆိုရင် ကြံ့ခိုင်ရေးပါတီက ဒိုင်စားသွားလိမ့်မယ်။ NLD ပါတီ ဝင်မပြိုင်ရင် တိုင်းရင်းသားပါတီက ၆၀၊ ကြံ့ခိုင်ရေးက ၄၀ ရာခိုင်နှုန်းရရင် ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရမယ်” ဟု ဦးစိုင်းထွန်းအေးက ဆွေးနွေးသည်။
သုံးရက်ကြာ ပြုလုပ်သော ဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေး အတွက် အမျိုးသားညီလာခံ ခေါ်ယူမည် ဆိုသောအချက် အပါအဝင် အခြားသော အချက်ခုနှစ်ချက်ခန့်ကို အဖွဲ့အစည်း ၃၉ ဖွဲ့လုံးက သဘောတူ ထုတ်ပြန်ခဲ့ကြသည်။
ယင်းဖွဲ့စည်းပုံသစ် ရေးဆွဲရေး ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား ခေါ်ယူသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံသစ်တစ်ခု ရေးဆွဲကာ လူထုဆန္ဒမဲ ခံယူပြီး လက်ရှိလွှတ်တော်တွင် မဲမခွဲဘဲ အတည်ပြုစေမည် ဖြစ်ကြောင်း NLD (လွတ်မြောက်နယ်မြေ) ပါတီက ဦးထွန်းအောင်ကျော်က ဆိုသည်။
ကျွန်တော်တို့ သတင်းသမားများကို ဗိုလ်ချုပ် စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးက ၎င်း၏နေအိမ်သို့ ဖိတ်ကြားသည်။ ဗိုလ်နှုတ်ခမ်းမွှေးသည် ၎င်း၏နေအိမ်တွင် သာမန်အရပ်သားကဲ့သို့ အင်္ကျီစွပ်ကျယ် အဖြူနှင့် ပုဆိုးကို ဝတ်ဆင်ထားသည်။ အိမ်ကလေးမှာ ရေနံဆီဝအောင် သုတ်ထားသော ပျဉ်ထောင်အိမ်ကလေး ဖြစ်သည်။ အိမ်ရှေ့တွင် သစ်ခွပန်းများ စိုက်ထားသည်။
ဗိုလ်နှုတ်ခမ်းမွှေးသည် စကားနည်းသူပီပီ မီဒီယာများကို ခေတ္တမျှ ဧည့်ခံပြီးနောက် သတင်း သမားများ၏ မေးမြန်းသမျှကို ဖြေကြားပေးရန် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးကို ထားရစ်ခဲ့သည်။
စောမိုရှေးမှာ ကတုံးဆံပင်ပေါက်နှင့်ဖြစ်ပြီး သတင်းသမား ၁၅ ယောက်ခန့် မေးသမျှကို စိတ်ရှည်စွာ တစ်ဦးတည်း ဒိုင်ခံဖြေပေးရှာသည်။
မူးယစ်ဆေးဝါး အမြစ်ပြတ် ချေမှုန်းရေးကို လုပ်ဆောင်နေသည့် ဒီကေဘီအေ တပ်အနေနှင့် ဒီကေဘီအေ တပ်သားများကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း ပြုလုပ်ပါက မည်သို့ အရေးယူပေးသနည်းဟု ကျွန်တော်ကမေးသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်သော ဒီကေဘီအေ တပ်သားများကို ပြစ်မှုအလိုက် အပြစ်ပေး အရေးယူရန် ထုတ်ပြန်ထားသည်များ ရှိကြောင်း ၎င်းကဖြေကြားသည်။
ယင်းမေးခွန်းကို စစ်ဗျူဟာမှူး ဗိုလ်မှူး စောစန်းအောင်ကို မေးမြန်းစဉ်ကမူ မူးယစ်ဆေးဝါး ရောင်းဝယ်သော တပ်သားကို လက်ပူးလက်ကြပ်မိပါက သေနတ်ဖြင့်ပစ်သတ် အရေးယူသွားမည်ဟု ဆိုသည်။
ယခင်နှစ်က ဗိုလ်နှုတ်ခမ်းမွှေးကို မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရက ဖမ်းဝရမ်း ထုတ်ခဲ့ဖူးသဖြင့် ဒီကေဘီအေတပ် အပေါ်တွင် သံသယ မဖြစ်စေလိုဟန်တူသည်။ ထိုင်းအစိုးရဘက်မှ ထောက်လှမ်းရေးက ၎င်းတို့ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်နှုတ်ခမ်းမွှေးထံ လာရောက် တောင်းပန်ခဲ့သည်ဟု ဗိုလ်ချုပ်စောမိုရှေးက ထည့်သွင်းပြောကြားသည်။
ဒီကေဘီအေ တပ်အနေနှင့် ယာခင်းတွင် ပြောင်းစိုက်ပျိုးပြီး ငွေကြေး ရှာဖွေနေကြောင်း ၎င်းက ရှင်းပြ သည်။ အစိုးရလုပ်ပိုင်ခွင့် ပြုထားသော ခနောက်စိမ်း လုပ်ငန်းကိုမူ ယခုတိုင် လုပ်ကိုင်ရခြင်း မရှိသေးဟု ဆိုသည်။
ဒီကေဘီအေ ဌာနချုပ်တွင် လေးရက်ခန့် နေပြီးနောက် ရန်ကုန်သို့ ပြန်လာခဲ့သည်။ အပြန်လမ်းတွင် စိုးရိမ်ကြောင့်ကြခြင်း သိပ်မရှိလှ။ အလာတစ်ခေါက် စီးခဲ့ပြီးဖြစ်သဖြင့် မကြောက်တော့သည်လည်း ပါသည်။ အခွင့်ကြုံလျှင် ဒေါနတောင်တန်းသို့ နောက်တစ်ခေါက် ရောက်လိုပါသေးသည်။
 Written by  ဉာဏ်မျိုးအောင်
Credit To The Voice Weekly
Read More »

ကလောင်အမည်၊ စာပေတန်ဖိုးနှင့် မရိုးသားမှုများ


““တို့ကျောင်း””
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။  ။
ဒီကဗျာကို သူငယ်တန်းနဲ့ မူကြိုမှာ တက်နေကြတဲ့ကလေးတွေ ရွတ်ဆိုလာ ကြတာ နှစ်၃၀ကျော်ပါပြီ။ ဒါပေမဲ့ကဗျာ စာဆိုရှင်က ဘယ်သူလဲလို့မေးရင် မသိတဲ့ သူများပါတယ်။ဘာကြောင့်လဲဆိုတော့ စာဆိုရှင်ရဲ့အမည်ကို စာအုပ်မှာဖော်ပြမ ထားလို့ပါ။ ကဗျာစာဆိုရှင်ရဲ့အမည်က ဦးတင်ဝင်းဖြစ်ပြီး၊ကလောင်အမည်က  ပျဉ်းမနားမောင်နီသင်း ဖြစ်ပါတယ်။ စာပေဗိမာန်ဆု၊အမျိုးသာစာပေဆု(ကလေး ကဗျာ)နှင့်အမျိုးသားစာပေဆု(ကဗျာ)စတဲ့ စာပေဆုများရှင်ဖြစ်ပါတယ်။သင်ကြားသူ သင်ယူသူ အားလုံးမုဒိတာပွားနိုင်ဖို့ ရည် ရွယ်ပြီးဖော်ပြလိုက်ပါတယ်။အယ်ဒီတာ အဖွှဲျ့ကေူငအပ ပညာရေးဂျာနယ်၊အတွဲ-၁။အမှတ်-၁တွင်ဖော်ပြပါရှိသော အယ်ဒီ တာအဖွဲ့၏ တင်ပြချက်တစ်ခုဖြစ်ပါ သည်။ဤစာစုကို ဖတ်ကြည့်ခြင်းအားဖြင့် အယ်ဒီတာအဖွဲ့၏စေတနာစကားဖြစ်သလို မုဒိတာစကားလည်းဖြစ်ပါသည်။ယင်းမုဒိ တာစကား၌ ကဗျာ၏ချစ်စရာကောင်း သောအနှစ်သာရကိုလည်းကောင်း ထို အနှစ်သာရကို ဖန်တီးခဲ့သောစာဆိုရှင် ကဗျာဆရာ၏ အနုပညာတန်ဖိုးကိုလည်း ကောင်း ထိုအနုပညာတန်ဖိုးနှင့် ညီမျှ သောကလောင်နာမည်၏ ဂုဏ်သိက်္ခာ တန်ဖိုးကိုလည်းကောင်း စာသင်သူ သင် ကြားသူများသာမက စာဖတ်သူအားလုံး ကိုပါ မုဒိတာပွားစေလိုသောစေတနာ ဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း သိသာ လှပါသည်။ယခုလုပ်ရပ်သည် ဆရာပျဉ်း မနားမောင်နီသင်း၏ကဗျာဂုဏ်ရည်နှင့် အတူ ထိုကဗျာ၏ဖန်တီးရှင် ဆရာပျဉ်း မနားမောင်နီသင်း၏ ဂုဏ်ကိုပါဖော် ထုတ်လိုက်ခြင်းဖြစ်သည်။တစ်နည်းအား ဖြင့် လူသိထင်ရှားကဗျာကို လူသိထင် ရှားကလောင်အမည်ဖြင့် တွဲပေးလိုက် ခြင်းဖြစ်ပါသည်။
ဤသို့လုပ်လိုက်ခြင်းအားဖြင့် နောင် တစ်ချိန်တွင် ဒီကဗျာလေးကောင်းလိုက် တာ ဘယ်သူရေးတာပါလိမ့်ဆိုသည့် ““အမည်မသိစာဆို””ဒုက္ခလည်း ကင်းဝေး သွားမည်ဖြစ်ပါမည်။အလားတူပင်   ကျောင်းသုံးပြဋ္ဌာန်းထားသည့် မူလတန်း ဖတ်စာစာအုပ်များတွင် ကလောင်အမည် မပါသော ကဗျာကောင်းကောင်းလေး တွေ ကျန်ရှိနေပါသေးသည်။ သူငယ် တန်းကျောင်းသုံးဖတ်စာထဲတွင် ပါဝင် သော ““မမ၀၀၊ ထထက၊အကပထမ””ဆို သော ကဗျာသည် ဆရာတင်မိုးရေးခဲ့တာ ဖြစ်ကြောင်း ဆရာကွယ်လွန်ပြီးမှ သိခွင့် ရပါသည်။ သို့ဖြင့် ပိုင်ရှင်မဲ့ဖြစ်နေသော စာပေလက်ရာကောင်းများ၊ ကဗျာလက် ရာကောင်းများကို တန်ဖိုးထား၍ ပိုင်ရှင် ဖော်ထုတ်နေချိန်တွင်တစ်နည်း က လောင်အမည်များကို ဖော်ထုတ်နေချိန် တွင်ကဗျာဆရာ၏စာမူကိုသုံးပြီး က လောင်နာမည်ကိုဖော်ပြရန်စေတနာတွန့် တိုနေကြသူများလည်း ရှိနေသည်ကိုတွေ့ ရပါသည်။
တစ်ခုသော နေ့လယ်တွင်ဖြစ်ပါ သည်။ ကျွန်တော်သည်လှည်းတန်းမှတ် တိုင်မှ ၁၂၄အထူးဟီးနိုးကားစီး၍ မြို့ထဲ ထွက်ခဲ့ပါသည်။
ဤတွင်ထူးခြားသော ဖြစ်ရပ်တစ်ခု နှင့် ကြုံလိုက်ရပါသည်။ ကျွန်တော်မတ် တပ်ရပ်နေရာနှင့် မလှမ်းမကမ်းဖြစ်သော ကားအတက်အဆင်းအပေါက်ဝဘေးက မှန်ချပ်ပေါ်တွင် ကဗျာဆန်သောစာသား အချို့ကို ပလတ်စတစ်လောင်းလျက် ကပ် ထားသည်ကိုတွေ့ရ၍ ဖြစ်ပါသည်။ ထိုစာ သားများမှာ မန်ကျည်းစေ့အရွယ်လောက် ဖြစ်၍ ခပ်ဝေးဝေးကလှမ်းဖတ်ကြည့်ရာ ဖတ်ဖူးသလိုလိုဟုထင်မိသည်။သို့ဖြင့် ထို စာသားတွေကပ်ထားသည့်နေရာသို့ ရောက်အောင်ရွှေ့သွား၍ အစအဆုံး ဖတ်ကြည့်လိုက်တော့ မျက်လုံးပြူးသွား ပါသည်။
““နေ့စဉ်ဘတ်စ်ကားစီးတဲ့အခါအထဲ
ဝင်စီးပါ။
အပေါက်ဝမှာ အတွယ်မက်
အတက်အဆင်းခက်။
သက်ကြီးရွယ်အို သံဃာဆိုနေရာ
ပေးဖို့လို၊
ကိုယ်ဝန်ဆောင်နှင့်မိခင်များ
ဦးစားပေးစိတ်ထား။
ခွန်အားချည့်နဲ့ မစွမ်းသူ
ဖေးမ သည်းခံကူ၊
လူချင်းတူတူ မေတ္တာပွား
မြတ်မွန်ခရီးသွား ။   ။””
ရန်ကုန်ခရီးသွားဂျာနယ် အတွဲ၂၊ အမှတ် ၂။၂၀၀၉ဖေဖော်ဝါရီလထုတ်ဂျာ နယ်ထဲက ကျွန်တော့်ကဗျာဖြစ်သည်။  ကဗျာခေါင်းစဉ်က ““မွန်မြတ်ခရီးသွား””ဖြစ် သည်။ ယခုကားမှန်ချပ်ပေါ်တွင် ကပ် ထားရာ၌ စာကိုယ်ပဲပါသည်။ ခေါင်းစဉ် မပါ။ကလောင်နာမည်မပါ။ စိတ်မ ကောင်းတော့ ဖြစ်သွားပါသည်။သို့သော် ဖြေလိုက်နိုင်ပါသည်။ဤစာကိုကပ်ထား သူမှာစာသမားမဖြစ်နိုင်။ကဗျာဆရာ၊စာ ရေးဆရာကို သို့မဟုတ်ကဗျာဆရာ၊စာ ရေးဆရာ၏ ကလောင်နာမည်ကို တန်ဖိုး ထားရမှန်း မသိသော်လည်း ထိုစာထို ကဗျာလေးမှာ သူ့ကားပေါ်၌ခရီးသည် များအတွက် အသုံးဝင်ပုံကိုတော့ သိနိုင် သူဖြစ်သည်။သူ့ကားစီးခရီးသည်တွေ အတွက် အသုံးတည့်လို့အသုံးချလိုက် တာဖြစ်မည်။ နေ့စဉ် ပိုက်ဆံဘယ် လောက်ရှာရမလဲဆိုသည့်ကားသမားအဆင့် ဆိုတာ ဒီလောက်ပဲရှိမှာပေါ့ဟု ဖြေလိုက် ပါသည်။
တစ်နေ့တွင် အမျိုးဘာသာ သာ သနာအတွက်လုပ်ဆောင်နေသော အဖွဲ့ အစည်းကြီးတစ်ခုမှ အဖွဲ့ဝင်ဖြစ်ဟန်တူ သော ရဟန်းနှစ်ပါးနှင့် သီလရှင်နှစ်ပါး မိမိထံရောက်လာသည်။ဘယ်ကလိပ်စာ ရ၍ လိုက်လာသည်ကိုမသိ။အကြောင်း ကသူတို့သင်မည့် ဘာသာရေးကျောင်းမှာ ကျောင်းသားတွေကိုသင်ဖို့ သင်ရိုးညွှန်း တန်းနှင့် အညီကဗျာရေးပေးရန် တောင်း ခံကြခြင်းဖြစ်၏။သို့ဖြင့် သူတို့ပေးခဲ့သော သင်ရိုးကိုဖတ်၍ သင့်လျော်ရာကဗျာ၁၀ ပုဒ်ခန့်ရေးပေးလိုက်သည်။ သူတို့က ကြိုက်ရာသုံးပုဒ်ရွေး၏။ ဒါလည်းကိစ္စမရှိ။ သည်ကြားထဲ ကဗျာတစ်ပုဒ်မှာ စာတစ် ကြောင်းကိုပြင်ပါရစေဆိုပြီး ပြင်၏။ဒါ လည်း ကိစ္စမရှိ။ပြီးတော့ ကဗျာသုံးပုဒ်စာ အတွက်ပါဟုဆိုကာ မိမိအလုပ်စားပွဲပေါ် စာအိတ်နှင့်စာမူခထားသွား၏။ဖွင့်ကြည့် တော့ ကဗျာသုံးပုဒ်အတွက် ငွေကျပ်တစ် သောင်းတိတိ။ဘယ်လိုကြီးလဲဟု တွေး လိုက်မိ၏။ဒီလို စာမူခပေးတာမျိုးတစ်ခါ မျှမတွေ့ဘူးပါ။ဒါလည်းပဲ ရေငုံနှုတ်ပိတ် နေလို့ရသေး၏။နောက်ဆုံးအချက်ကား ရေငုံနေလို့မရတော့။ နှုတ်ပိတ်နေလို့မရ တော့။အကြောင်းကား မိမိကဗျာကိုစာ သင်ဖို့ ဆုံးဖြတ်ထားပြီးမှ ကလောင်နာ မည်မဖော်ပြနိုင်ပါတဲ့။ဘယ်လောက်ဆိုး သလဲ။
ဘာကြောင့်လဲ။ ဘာလုပ်တာလဲ။ ဘယ်လိုအဓိပ္ပာယ်လဲ။ဒီလိုလုပ်သော  အဖွဲ့အစည်းမျိုးတစ်ခါမျှ မတွေ့ဖူးပါ။ ကဗျာဆရာဆီကို အခေါက်ခေါက်လာ။ ကဗျာအခါခါတောင်းပြီးဒီလိုသေသေချာ ချာ စော်ကားသောအဖွဲ့အစည်းမျိုး မတွေ့ဖူးပါ။ လှုမှုရေးအဖွဲ့အစည်းဆိုလျှင် တောင် ခံသာပါ၏။ခုတော့ဘာသာစာ ပေပညာတတ်သည်ဆိုသော ဘာသာ သာသနာအကျိုးဆောင်ရွက်မည်ဆိုသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းက စော် ကားလိုက်တာကြောင့် မိမိတော်တော် လေးခံပြင်းပါသည်။စိတ်လည်းပျက်မိ သည်။ရွံလည်းရွံမိသည်။
မိမိက ဂျာနယ်မှာဆာင်းပါးရေးပြီး ကန့်ကွက်လိုက်တော့မိမိမိတ်ဆွေ ကဗျာ ဆရာတစ်ဦးထံမှ မိမိကြားသိအောင်တုံ့ ပြန်လိုက်ပုံက ယင်းတို့လုပ်ကိုင်နေသော အဖွဲ့အစည်း၏ဂုဏ်ကျက်သရေနှင့် ဆန့် ကျင်လှစွာသည်။ ငယ်ရွယ်သော ပုဂိ္ဂုလ် လေးတုံ့ပြန်ပုံက မိမိအား““ဆရာကြီးက ငွေတော်တော်မက်တာပဲ””တဲ့။ခေါင်း ဆောင်ပိုင်းပုဂိ္ဂုလ်တစ်ဦး တုံ့ပြန်လိုက်ပုံ က(အာဏာရအဖွဲ့အစည်းက ပုဂိ္ဂုလ် ကြီးလေသံမျိုးနှင့်)မိမိကဗျာကိစ္စနှင့် ပတ် သက်၍အကြောင်းပြန်ပေးဖို့ စကားပါး ထားသည်ကို ““အကြောင်းပြန်ဖို့အဆင့် မဟုတ်ဘူး””ဟု မိမိဝတ်ရုံကိုမှအားမနာဘဲ ရင့်သီးငေါ်တူးစွာ ပြောထွက်ပုံမှာ သာ မန်မယဉ်ကျေးသော လူဝတ်ကြောင်နှင့် တစ်တန်းစားထဲ ဖြစ်နေပါသည်။
တကယ်တော့ စာမူခနည်းသည် များသည်ကို အဓိကမဆိုလိုပါ။ ပေးပုံပေး နည်း တိတိကျမဟုတ်တာကို ပြောလို ခြင်းသာဖြစ်ပါသည်။တကယ်တော့လည်း စာမူခအကြောင်းမသိခြင်းနှင့် သိလျက် ပေးဖို့ တွန့်တိုနေခြင်းမှာ ကဗျာစာပေနှင့် မနီးစပ်ခြင်း၊ မယဉ်ကျေးခြင်းတို့ကြောင့်ပဲ ဖြစ်ပါသည်။စာပေတန်ဖိုးကို မသိတတ် တာလည်းဖြစ်နိုင်ပါသည်။ ယနေ့ကဗျာ တစ်ပုဒ်လျှင်  အနည်းဆုံး ကျပ်သုံး ထောင်ပေးသည်။မဂ္ဂဇင်းအများစုက တော့ ကျပ်ငါးထောင်လည်းပေးပါသည်။ ကျပ်ရှစ်ထောင်လည်း ပေးပါသည်။ ကျပ် နှစ်သောင်းလည်းပေးပါသည်။ဒီကနေ့  မြ၀တီရုပ်သံက ကလေးကဗျာတစ်ပုဒ်ကို သရုပ်ဆောင်တွေနှင့် ကဗျာသရုပ်ဖော် လွှင့်ထုတ် ကဗျာစာမူခကျပ်နှစ်သောင်း နှင့်CD တစ်ချပ်ရပါသည်။
ဘယ်စာရေးဆရာ၊ ကဗျာဆရာမ ဆို မိမိဥာဏ်အား၊ ၀ိရိယအားစိုက်ထုတ် ထားရသော ကဗျာတစ်ပုဒ်အတွက်  ထိုက်သင့်သောဥာဏ်ပူဇော်ခကို မက် မောစမြဲဖြစ်ပါသည်။ အဲဒီတော့ကိုယ့် စာကဗျာအတွက် ထိုက်သင့်သော စာမူ ခအကြောင်းပြောတဲ့ စာရေးဆရာက မ ရိုးသားတာလား။ လောဘကြီးတာလား။ စာရေးဆရာ၊ ကဗျာဆရာ၏ စာမူကိုသုံး ဖို့တော့လိုပါလိမ့်မည်။ ဒီကြားထဲ ပြော လိုက်ပါသေးသည်။ဘယ်ကဗျာဆရာဆို လျှင် ပိုက်ဆံစကားတစ်ခွန်းမှ မပြောဘူး တဲ့။ ဒါကတော့ ရှင်းပါသည်။ ပွဲကြည့် ပရိသတ်က မျောက်ဖိုးစိန်ကတာကို  ကြည့်ချင်တာလား။ရွှေမန်းတင်မောင်ကို ကြည့်ချင်တာလား။ရွှေမန်းတင်မောင်ကို ကြည့်ချင်လျှင်တော့မျောက်ဖိုးစိန်လို  လမ်းဘေးမှာမရနိုင်ပါ။ ရွှေမန်းတင်မောင် ၏အနုပညာနှင့် ထိုက်တန်သော ရုံဝင်ခ ပေးရမှာဖြစ်ပါသည်။
လောကဓမ္မတာအရ အကောင်းရှိ သလို အဆိုးလည်းရှိပါသည်။ အလှရှိသ လို အကျည်းတန်ရှိပါသည်။ မြင့်မြတ်သူ ရှိသလို ယုတ်မာသူရှိပါတယ်။တန်ဖိုးသိ တတ်သူရှိသလို တန်ဖိုးမသိတတ်သူ ရှိပါ သည်။ ဒါကြောင့်မို့လည်း စာရေးဆရာ၊ ကဗျာဆရာ၏ စာပေကိုတန်ဖိုးထား တတ်သလို ထိုစာပေဖန်တီးသည့် က လောင်ရှင်၏ ကလောင်နာမည်ကို တန် ဖိုးထားရကောင်းမှန်းမိသူတွေ ရှိနေခြင်း ဖြစ်သည်။ ထို့အတူပင် စာရေးဆရာ၊ ကဗျာဆရာ၏စာပေကို အသုံးချဖို့ လောက်သာသိပြီးထိုစာရေးဆရာ၊ကဗျာ ဆရာ၏ ကလောင်နာမည်ကို တန်ဖိုး ထားရကောင်းမှန်း မသိသူတွေ လည်းရှိ နေခြင်းပင်ဖြစ်ပါသည်။
ဤသည်မှာ မြင့်မြင့်နေထိုင်ခြင်းနှင့် မသက်ဆိုင်ပါ။မြင့်မြင့်စားသောက်ခြင်းနှင့် မသက်ဆိုင်ပါ။ မြင့်မြင့် ၀တ်ဆင်ခြင်းနှင့် မသက်ဆိုင်ပါ။ မြင့်မြင့် လုပ်ကိုင်နေခြင်း နှင့်လည်းမသက်ဆိုင်ပါ။ အဓိကတော့  စိတ်နှလုံးသားမြင့်မြင့်မထားနိုင်သမျှ ဘာ လုပ်လုပ်အဆင့်အတန်းနိမ့်နေမှာ သေ ချာပါသည်။
အလုပ်ကြီးကြီးလုပ်လျှင် စိတ်ထား ကြီးကြီးထားဖို့လိုပါသည်။ ရည်ရွယ်ချက် မြင့်မြင့်ထားလျှင် နှလုံးသားလည်းမြင့်မြင့် ထားတတ်ဖို့ လိုပါသည်။ ထိုမြင့်မြင့်စိတ်၊ မြင့်မြင့်နှလုံးသားနှင့် ထာဝရယှဉ်တွဲကျင့် သုံးအပ်သည်မှာ အဖြူစင်ဆုံး ရိုးသားဖို့ ဖြစ်ပါသည်။
သဘာဝက ဖန်တီးပေးထားသော  ရိုးသားသည့်လောက၀န်းကျင်ကို အလှ ဆင်လိုလျှင် မိမွေးတိုင်း ဖမွေးတိုင်းမဟုတ် သော မရိုးသားစိတ်တွေကို အရင်ဖယ်ရှား နိုင်မှ ဖြစ်ပါမည်။ဒီလိုမှ မဟုတ်လျှင် တော့…။
Credit To Hot News Journal

မြေလတ်မောင်မြင့်သူ
Read More »

နေပြည်တော်မှ အားပြိုင်မှုများ




မြန်မာနိုင်ငံ၏ အစပျိုးစ ယိုင်ယဲ့ယဲ့ ဒီမိုကရေစီစနစ်မှာ အထူးအဆန်းများ ကြုံနေရသည်။ လွှတ်တော်အတွင်းက ရည်မှန်းချက်ကြီးကြီးနှင့် အာဏာအပေးအယူလုပ်နေသူများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားအရေးလှုပ်ရှားသူများ၊ စစ်အရာရှိများအပါအ၀င် ယာယီခေတ္တမဟာမိတ်ဖွဲ့ထားသူများက အခြားတစ်ဖက်က အာဏာလက်ဝယ်ကိုင်ထားသူ အစိုးရကို စိန်ခေါ်ပြိုင်ဆိုင်လာမှုက အရှိန်ကောင်းလာသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမ္မတ၊ အာဏာလက်ဝယ်ရှိသူများနှင့် လွှတ်တော်အမတ်များကြားက ပြဿနာများသည် စစ်တပ်ကို ဇောင်းပေးထားသည့် အခြေခံဥပဒေနှင့် မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော အာဏာချုပ်ကိုင်မှုကို ပြသနေပြီး ကြီးမားသော ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာရန် အစပျိုးနေသည်ဟု အခြေခံဥပဒေကျွမ်းကျင်သူများကဆိုသည်။

ယခုကဲ့သို့ ပြဿနာမီးပွားများသည် နေပြည်တော်လွှတ်တော်ကြီးထဲတွင် ၂၀၁၁ ခုနှစ် အစောပိုင်းကတည်းက အရှိန်ပျိုးလာခြင်းဖြစ်သည်။ လွှတ်တော်စတင်စဉ်က ခန့်မှန်းထားခဲ့သည့် ရုပ်သေးရုပ်လွှတ်တော်ဆိုသည့် စကားနှင့် သွေဖည်ကာဝန်ကြီးများနှင့် အစိုးရအုပ်ချုပ်သူများ အကြား ဥပဒေကြမ်းများကို ပြင်ဆင်ရေးဆွဲရေးအတွက် အချိန်ကြာမြင့်သည့် ငြင်းခုံမှုများ၊ နှစ်ဖက်စလုံး၏ အကြိုက်ကိုရယူရန် အစိုးရအဖွဲ့အချို့၏ ပြောစမှတ်ပြုရသည့် အဆန်းတကြယ်လုပ်ဆောင်ချက်များက တိုးပွားလာနေပြီး အချို့က ထိုအခြေအနေကို စိုးရိမ်ကြောင်း ပြောဆိုလာကြပါပြီ။

အဆုံးစွန်ပြောရလျှင် တချို့အကြီးအကဲများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုအပါအ၀င် အစိုးရ၏ လုပ်ဆောင်ချက်များကို သတိပေးလာကြသည့်အဖြစ်က သမ္မတဦးသိန်းစိန်နှင့် သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများက အသုံးမကျရာရောက်သလို သူတို့ကို သိက္ခာချသည့်အနေအထားလည်းဖြစ်လာပါသည်။ တချို့ အကြီးအကဲများက သမ္မတနှင့် လွှတ်တော်အကြားက ပဋိပက္ခကို လျှော့ချဖို့ကြိုးစားနေသည့် ပုံစံဖမ်းထားပြီး ထိုကဲ့သို့ ဖြစ်ရပ်များသည် ဒီမိုကရေစီစနစ်၏ အသီးအပွင့်များဟု ဆိုပါသည်။

“ဒါပုံမှန်ပါပဲ။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေကြတာပါ။ ရွေးကောက်ခံအမတ်တွေက အစိုးရကို မေးခွန်းထုတ်မယ်၊ ဝေဖန်မယ်။ ဒါဒီမိုကရေစီစနစ်ရဲ့ လုပ်ဆောင်ချက်ပဲ။ အခုနေပြည်တော်မှာ တွေ့နေရတာလည်း အဲဒါပဲလေ” ဟု အထက်လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

ပြဿနာမှာ မြန်မာ့လွှတ်တော်ဆိုသည်က လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည်ဟု အနောက်နိုင်ငံမှ လေ့လာသူများ မခေါ်ဆိုနိုင်သည့် လွှတ်တော်မျိုးဖြစ်ပါသည်။ လွှတ်တော်အမတ် ၆၆၄ နေရာ၏ လေးပုံတစ်ပုံကို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားပြီး လိုသလိုနေရာအပြောင်းအလဲရှိသည့် စစ်သားအမတ်များက ပိုင်ဆိုင်ထားသည်။

လွှတ်တော်နှစ်ရပ်စလုံးကို ၂၀၁၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရခဲ့သည်ဆိုသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားသည်။ အနောက်နိုင်ငံများကမူ ထိုပါတီသည် ကြိုတင်မဲများဖြင့် မဲလိမ်အနိုင်ရခဲ့သည်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၄၄ နေရာတွင် ၄၃ နေရာအနိုင်ရခဲ့သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထိုအထဲတွင် လက်တစ်ဆုပ်သာသာနေရာယူထားသည်။ ၎င်းတို့အပြင် ဒေသအရေးကို အမျိုးသားရေးအဖြစ် ပုံစံပြောင်းနေသည့် အမျိုးမျိုးသော တိုင်းရင်းသားပါတီများရှိသည်။

လွှတ်တော်ထဲရှိ ထိုကဲ့သို့ ကွဲပြားခြားနားနေသည့် အုပ်စုများကြား မျှော်မှန်းမရနိုင်သည့် ပြဿနာမီးပွားများက ပြီးခဲ့သည့် ဇွန်လတွင် စိုးရိမ်ရေမှတ်အထိပင် ရောက်လာခဲ့သည်။ လွှတ်တော်ပြန်စသည့် ပထမအချိန်မှာပင် အာဏာပြင်းသည့် ပြည်သူ့လွှတ်တော်က မြန်မာအစိုးရ လုပ်ဆောင်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း နိုင်ငံခြားကုမ္ပဏီများကို ဆက်သွယ်ရေးလိုင်စင် ထုတ်ပေးခြင်းကို စတင်ထိုးနှက် တိုက်ခိုက်ခဲ့သည်။

ထိုအဖြစ်များက မြန်မာလွှတ်တော်တွင် တင်းမာမှုကြီးထွားလာခြင်း၏ နောက်ဆုံးလက္ခဏာဖြစ်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားက အကြံပေးများအားလုံးက အစိုးရ၏ အာဏာစီရင်မှုအပေါ်တွင် လွှတ်တော်က ၀င်ရောက်စွက်ဖက်နေခြင်းအတွက် လွှတ်တော်ကို သတိပေးရသည့်အဖြစ် ရောက်ရှိလာစေသည်။

ထိုအရှိန်အဟုန်သည် တရားရုံးချုပ် တရားသူကြီးများနှင့် သမ္မတကိုပင် စွဲချက်တင်နိုင်သည့် အခြေခံဥပဒေတရားရုံး၏ အာဏာအပေါ်မှာ လွှတ်တော်က အနိုင်ရလိုက်သည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက အားကောင်းလာခြင်းဖြစ်သည်။

ထို့အပြင် အာဏာရအစိုးရကို အားစမ်းသည့်အနေဖြင့် အစိုးရ၏ တရားရုံးများသို့ ရွေးချယ်ခန့်အပ်မှုအပေါ်မှာလည်း လွှတ်တော်က ဖိအားပေးထားသည်။ ယခုအခါ တရားစီရင်ရေးမှာ အားနည်းလာပြီး လွှတ်တော်အမတ်များသည် အစိုးရ၏ အာဏာစီရင်ရေးတွင် လိုသည်ထက်ပိုမိုကစားနေကြသည်ဟု အကဲခတ်များက ဝေဖန်သတိပေးကြသည်။

ဝေဖန်သံသောသောညံခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြင့် အစပြုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာလွှဲပြောင်းပေးခဲ့သည့် ဦးသိန်းစိန် သမ္မတဖြစ်လာသော ၂၀၁၁ ခုနှစ် အစောပိုင်းကစပြီး မြန်မာ့လွှတ်တော်သည် တဖြည်းဖြည်းအားကောင်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ လွှတ်တော်တွင်း ၀င်ရောက်လာသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် ထိုအရှိန်က ပို၍မြင့်တက်လာသည်။

စစ်သားအမတ်များနှင့် ကြံ့ခိုင်ရေးပါတီသည် ယခင်အစိုးရ၏ ကျောထောက်နောက်ခံဖြစ်ကာ လွှတ်တော်ကို လွှမ်းမိုးထားဆဲဖြစ်သည်။ သူတို့က လူကြိုက်များသည့် အချက်များကို ထောက်ခံပြီး တစ်ချိန်က သူတို့နှင့် ခိုင်မာစွာ လက်တွဲခဲ့သည့် လက်ရှိအစိုးရကိုပင် တစ်ခါတစ်ရံ ပြန်လည်ဝေဖန်တိုက်စစ်ဆင်တတ်ကြသည်။

အနောက်နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရန် အရေးကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဲ့သို့ ကိစ္စများတွင် မျှတလွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွန်ရေးဥပဒေများ ဖြစ်မလာစေရန် အာဏာကို သုံးပြီး ၀င်ရောက်စွက်ဖက်သည်ကို တွေ့မြင်ရသည်။ မကြာသေးခင်က အစိုးရ၏ နိုင်ငံခြား ကုမ္ပဏီနှစ်ခု ဆက်သွယ်ရေးလိုင်စင် ချပေးမှုကို လွှတ်တော်က အချိန်ဆွဲရန်ကြိုးစားမှုက လွတ်လပ်စွာ လုပ်ကိုင်ခွင့်အပေါ်တွင် ကန့်သတ်ချက်များ၊ ပြဿနာများရှိနေသည်ဆိုသည်ကို ပြသနေသည်။

စစ်သားအမတ်များ အပါအ၀င် ရှေးရိုးစွဲသမားများဟု ခေါ်ဆိုသတ်မှတ်ရမည့် သူများက အံ့အားသင့်စရာကောင်းလောက်အောင် နိုင်ငံရေးနှင့် လူမှုရေးကိစ္စများမှာ ပိုမိုလွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်လာကြခြင်းကို တွေ့ရပါသည်။ ဥပမာအားဖြင့် အလုပ်သမားဥပဒေနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စများအတွက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အချက်အချာ လွှတ်တော်မှာ ပုံစံများပြောင်းလဲ နေပြီဆိုသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာကြီးလှသော လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းတို့နှစ်ဦး သမ္မတအဖြစ် ဆောင်ရွက်လိုကြောင်း ကြေညာလိုက်သည့်အချိန်တွင် သိသိသာသာ ထင်ရှားလာပါသည်။ ထိုကြေညာမှုသည် ပြီးခဲ့သည့် ဇွန်လ လွှတ်တော်ပြန်လည်စတင်သည့်အချိန်မှာ သိသိသာသာကြီး ဂယက်ရိုက်ခတ်ခဲ့သည်။ ထိုအချိန်တွင် အစိုးရအတွင်း ပြဿနာသုံးရပ်ကြောင့် အကျပ်ရိုက်နေချိန်လည်းဖြစ်သည်။

ဘယ်သူမျှ မျှော်လင့်မထားခဲ့သည့် ပထမဆုံးပြဿနာက ဦးရွှေမန်းက အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တိုက်ခိုက်ဝေဖန်လိုက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးမရနိုင်သဖြင့် လွှတ်တော်က ပိုမိုပါဝင်အားစိုက်ရန် ၎င်းက တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိကတာဝန်ယူနေသော ၀န်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရာတွင် အာဏာကို အလွန်အကျွံသုံးနေကြောင်း ပြောကြားသကဲ့သို့ ရှိသည်။ ထိုအချက်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သမ္မတဦးသိန်းစိန်အစိုးရကို ပထမဆုံးအကြိမ် လူသိရှင်ကြားဝေဖန်လိုက်ခြင်းပင်ဖြစ်၏။

နောက်ထပ်တိုက်ခိုက်မှုကမူ သမ္မတဦးသိန်းစိန်ကို တိုက်ရိုက်ရည်ရွယ်ဟန်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် စစ်တပ်က ချုပ်ကိုင်ထားသည့်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ပါဝင်နိုင်ရန်အတွက် ကာလုံအစည်းအဝေးခေါ်ရန် ဦးရွှေမန်းက တောင်းဆိုခဲ့ပါသည်။ ထိုကောင်စီတွင် သမ္မတနှင့် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်ပြီး အရေးကြီးသော လုံခြုံရေးကိစ္စများအတွက်ကလွဲပြီး တွေ့ဆုံစည်းဝေးမှုနည်းပါးလှသည်။

တတိယမြောက် တိုက်ခိုက် မှုကမူ ဆက်သွယ်ရေးလိုင်စင်များ ထုတ်ပေးခြင်းကို အချိန်ဆွဲခိုင်း ခြင်းဖြစ်သည်။ အစိုးရက လိုင်စင်ရသူကို မကြေညာမီလေးတွင်အမျိုးသားလွှတ်တော်က မဲခွဲပြီး အဆိုကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီနှစ်ခုကို အစိုးရက သတ်မှတ်ထားသည့်အချိန်မှာပင် ဆက်သွယ်ရေးဝန်ကြီးက ကြေညာလိုက်သည်။

ထိုဖြစ်စဉ်သုံးရပ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် တိုက်ခိုက်ထိုးနှက်မှုများက သိသာလွန်းအားကြီးနေပြီး မနှစ်ခြိုက်သူများဆီက ဝေဖန်သံများညံလာသည်။ အစိုးရအတွင်း လူများနှင့် ပြည်သူ့လွှတ်တော်အမတ်များက ဦးရွှေမန်း၏ သမ္မတဦးသိန်းစိန်အပေါ် ထိုးနှက်ချက်များသည် ကိုယ်ရေးကိုယ်တာဆန်ပြီး တရားနည်းလမ်းမကျဟု ထင်မြင်ကြသည်။ ဦးရွှေမန်း၏ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပရန် တောင်းဆိုမှုကို အလွန်အကျွံလုပ်လွန်းသည်။ နိုင်ငံရေးတွေပါနေပြီဟု အချို့ကကောက်ချက်ချခဲ့သည်။

ထို့ထက်ပိုပြီး သိသာထင်ရှားလာသည်က နေပြည်တော်က လွှတ်တော်သည် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ကူညီနေသည်လား (သို့မဟုတ်) လိုက်လံတားဆီးနေသည်လား မေးခွန်းထုတ်စရာဖြစ်လာသည်။ အချို့ လွှတ်တော်အမတ်တွေက ထိုအမြင်များကို ငြင်းဆိုပါသည်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ် ဦးလှမြင့်ဦးက “အဲဒီထင်မြင်ချက်တွေက မမှန်ပါဘူးဗျာ။ လွှတ်တော်က စတင်ကတည်းက အခုထိဥပဒေ ၅၃ ခုလောက်ကို အတည်ပြုပေးခဲ့တယ်။ သမ္မတသဘောမတူတဲ့ ဥပဒေတွေ
အပေါ်မှာ အပေးအယူ လုပ်နိုင်တယ်ဆိုတာလည်း ပြသခဲ့တယ်။ မျှမျှတတနဲ့ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ” ဟုဆိုသည်။

သို့သော်လည်း ဥပဒေရေးရာ ကျွမ်းကျင်သူအချို့က အာဏာရှိသူများအကြား ထိပ်တိုက်ရင်ဆိုင်တိုးမှုများသည် ယခင်စနစ်ဟောင်းနှင့် လက်ရှိစနစ်သစ်ကို ပူးပေါင်းထားသည့် မြန်မာနိုင်ငံ၏ အများနှင့်မတူသော စနစ်ကြောင့် ဖြစ်သည်ဟုဆိုသည်။

“တကယ့် အစစ်တွေ ဖြစ်လာဖို့လည်း သိပ်မဝေးလောက်တော့ပါဘူး” အခြေခံဥပဒေဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူ မာကပ်စ်ဘရန်းက လွှတ်တော်နှင့် သမ္မတအစိုးရအကြား ကြီးထွားလာသည့် ပြိုင်ဆိုင်မှုများကို ရည်ညွှန်းရင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာအခြေခံဥပဒေက သမ္မတနှင့် အစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်အာဏာပေးထားသည့် တစ်ချိန်တည်းမှာပင် လွှတ်တော်ကို ထိန်းချုပ်နိုင်သည့်အာဏာပေးထားသည့်အတွက် ရှောင်လွှဲလို့မရသည့် ပဋိပက္ခများဖြစ်လာရသည်ဟု သူက ဆိုသည်။

နောက်ထပ်ဂယက်အရိုက်ခတ်ဆုံး ဖြစ်ရပ်တစ်ခုက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ဘ၀ကနေ လက်တွေ့ကျသော နိုင်ငံရေးသမားတစ်ဦးဖြစ်လာခြင်းပင်။ ဒေါ်စုနှင့်ဦးရွှေမန်းတို့ ဆက်ဆံရေးတိုးတက် ကောင်းမွန်လာခြင်းက မတူညီသော မဟာမိတ်နှစ်ဦးအကြား အာဏာခွဲဝေ အပေးအယူလုပ်နေခြင်းလားဟု ပြောစရာများရှိလာပြန်သည်။

သူတို့နှစ်ဦးက မကြာခဏ ဆွေးနွေးတိုင်ပင်ကြသည့်အပြင် အချို့ကိစ္စရပ်များတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းကို ထောက်ခံမှုများ ပိုလုပ်လာပါသည်။

“ကျွန်တော်တို့ထဲက တချို့ကတော့ ဒါကိုမကြိုက်ဘူးပေါ့လေ။ ဒါပေမဲ့ ဒေါ်စုက တိုင်းပြည်အတွက် လုပ်ဆောင်ဖို့သာ ဆုံးဖြတ်တတ်သူပါ။ သူ့ကို မထောက်ခံရင်လည်း ပါတီက ထွက်ဖို့ပဲရှိတယ်။ ဦးရွှေမန်းက စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီကို ကိုင်တွယ်နိုင်တယ်။ အခြေခံဥပဒေကိုပြင်ဖို့ ဒီလိုထောက်ခံမှုတွေ လိုအပ်ပါတယ်” ဟု သူတို့နှစ်ဦးအပေါ် သဘောထားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တစ်ဦးက ရှင်းပြသည်။ မြန်မာနိုင်ငံရေး အကဲခတ်အများစု၏ သုံးသပ်ချက်အရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြားတွင် လျှို့ဝှက်သဘောတူညီချက်တစ်ခုရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သည်။ ယခုဥပဒေအရ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သူတစ်ဦးအနေဖြင့် မြန်မာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲဝင်ခွင့်မရှိသည့်အတွက်ဖြစ်သည်။

လွှတ်တော်ထဲက အမတ် ၇၅ ရာခိုင်နှုန်းအပြင် အနည်းဆုံးစစ်သားအမတ်တစ်ဦးဆီက ထောက်ခံမှုလိုအပ်သဖြင့် ထိုဥပဒေအချက်ကို ပြင်ဆင်ရန်မဖြစ်နိုင်ဟု လေ့လာသူအချို့က ဆိုသည်။ မျှော်မှန်းထားသလို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့ပါလျှင် သမ္မတကို ၎င်းက ရွေးချယ်ကောင်း ရွေးချယ်နိုင်မည်။ ၎င်းနှင့် ဦးရွှေမန်းတို့၏ နှစ်ဦးအင်အားကို အသုံးချပြီး အခြေခံဥပဒေမှ လိုအပ်သည့် အချက်များပြင်ဆင်နိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးရွှေမန်းနှင့် သဘောတူညီချက်အရ ပူးပေါင်းခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

“အဆုံးစွန်ပြောရရင် သူက ခေါင်းဆောင်မှုကို ဒေါ်စုကို လွှဲပေးလို့ရတယ်။ မြန်မာစနစ်က အဲလိုမျိုးလုပ်လို့ရတယ်လေ” ဟု နိုင်ငံရေးသမားများနှင့် ရင်းနှီးသူ မြန်မာဘလော့ဂါတစ်ဦးက ပြောပါသည်။ ထိုအချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီအတွင်း လူများက သဘောတူထားကြသည်ဟု သူကဆိုပါသည်။

“ဒါပေမဲ့ အဓိကထောက်ပြတဲ့ အချက်ကတော့ ဒေါ်စုနဲ့ ဦးရွှေမန်းက ဒါကိုထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မလား ဆိုတာပဲ” ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ထိုကဲ့သို့ သဘောတူညီချက်မျိုးရှိသည်ဆိုတာ မဖြစ်နိုင်ဘူး” ဟု ငြင်းပါသည်။

“အခုအချိန်မှာ ပေါင်းစည်းတယ်လို့ ပြောဖို့ အရမ်းစောလွန်းပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြံ့ဖွတ်ကို မဟာမိတ်အဖြစ် လက်ခံပါ့မလားဆိုတဲ့ မေးခွန်းမေးဖို့တောင် စောပါသေးတယ်”

အချို့ကလည်း မြန်မာက ပြင်သစ်နိုင်ငံမှာကဲ့သို့ သမ္မတနှင့် ၀န်ကြီးချုပ် နှစ်ဦးစလုံးထားရှိမည့် စနစ်မျိုးကို ဦးတည်နေသည်ဟု ဆိုပါသည်။ ထိုစနစ်က နိုင်ငံရေးသမားများကို နှစ်ဦးနှစ်ဖက်ကျေနပ်မှု ရှိစေမည့် သဘောရှိပါသည်။

ထိုအချိန်တွင် ယခင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ယူလာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နိုင်ငံရေးအင်အားကောင်းလာသည်ဟု ဆိုပါသည်။

“သူ့ကြည့်ရတာ ပိုယုံကြည်မှုရှိလာပြီး ပိုပြီးနိုင်ငံရေးသမားဆန်လာတယ်” ဟု အာရှသံတမန်တစ်ဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးများကြောင့် လူကြိုက်များလာသော သမ္မတဦးသိန်းစိန်ကရော ဒုတိယအကြိမ်သက်တမ်းအတွက် ပြန်လည်အရွေးခံဦးမည်လား။ ထိုအရာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အချို့က မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်မှ ယခုကဲ့သို့ ကူးပြောင်းလာခြင်းသည် အကွက်ချစီစဉ်ထားခြင်း တစ်ခုဖြစ်သည်ဟုဆိုချိန်တွင် နိုင်ငံရေးလှုပ်ရှားသူအချို့က ထိုအရာသည် ပြည်သူ့သဘောထားသာ ဖြစ်သည်ဟု ပြောဆိုခြင်းမှာ အနည်းငယ်ထူးဆန်းနေပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကောင်စစ်ဝန်ဟောင်း ပရက်ဆီလာကလပ်က “အစိုးရအဖွဲ့ကို ထိန်းချုပ်ဖို့ဆိုတာ လွှတ်တော်ရဲ့ တာဝန်ပါပဲ။ လွှတ်တော်နဲ့ အစိုးရကြားက လက်တလောအပေးအယူတွေက ဒီမိုကရေစီအစပြုနေတာကို ပြသနေတာပါ။ ဒါမှမဟုတ်ရင်တော့ တချို့ ပြောသလို နိုင်ငံရေးပြဿနာတွေ ဖြစ်လာမယ့် လက္ခဏာပဲ” ဟု ဆိုသည်။

မြန်မာအစိုးရ၏ အာဏာဖွဲ့စည်းပုံတွင် တစ်ချိန်က စစ်ဗိုလ်ချုပ်များကြီးစိုးခဲ့ပြီး ယခုအခါတွင် သိသိသာသာ လွှတ်တော်နှင့် အစိုးရအဖွဲ့ကပါဝင်မှု ပိုများလာသည်ကို တွေ့နိုင်သည်။ သို့သော်လည်း စစ်တပ်က အရေးပါသော ကဏ္ဍတွင်ရှိနေဆဲဖြစ်သည်။ ဥပမာဆိုရလျှင် မေလတုန်းက အမေရိကန်ပြည်ထောင်စုက သမ္မတအိုဘားမားကို လာတွေ့သည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ကိုယ်စားလှယ်အဖွဲ့မှာပင် ဗိုလ်ချုပ်ဝေလွင်နှင့် ဗိုလ်ချုပ်ကိုကိုကဲ့သို့ ဗိုလ်ချုပ်ကြီးများ ပါဝင်သည်။

သို့သော်လည်း သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမေရိကခရီးစဉ်တွင် ခေါ်လာမည့် တောင်းဆိုချက်ကို စောသေးသည်ဟု အကြောင်းပြကာ အိမ်ဖြူတော်က ပယ်ချခဲ့သည်။

ဝါရှင်တန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ဦးသိန်းစိန်က တပ်မတော်သည် အစိုးရအဖွဲ့တွင် အရေးပါသောကဏ္ဍ၌ အမြဲတမ်းရှိနေသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်ကို မိသားစုသဖွယ်ချစ်ခင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ထို့သို့ ပြောကြားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်သည့် ရည်ရွယ်ချက်ဖြင့် ပြောကြားခြင်းဖြစ်သည်ဟု အချို့က ဝေဖန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း စိန်ခေါ်မှုများ တစ်ပုံတစ်ပင်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော လွှတ်တော်အမတ်နေရာများက စစ်တပ်က ပိုင်ဆိုင်ထားသည်ဖြစ်သည့်အတွက် စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ရန်အတွက်ပင် စစ်တပ်အမတ်များက ထောက်ခံမှု လိုသေးသည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်ဗိုလ်ချုပ်များကလည်း လက်ရှိ အာဏာရ အစိုးရဆီက ဖိအားပေးမှုများ ခံနေရသည်။ စစ်တပ်ကို စစ်တန်းလျားဆီ ပြန်သွားစေချင်သူများက စစ်တပ်လက်ဝါးကြီး အုပ်ထိန်းချုပ်ထားသော မော်တော်ကား၊ ဘီယာနှင့် ယမကာ၊ ဆောက်လုပ်ရေးလုပ်ငန်းများမှ ရုန်းထွက်မည့် စီးပွားရေးစနစ်ကို တွန်းအားပေးနေကြသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီးပွားရေးလုပ်ငန်းများမှာလည်း စစ်တပ်က နောက်ခံပေးထားသော ကုမ္ပဏီများကို ယခင်စစ်အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည့်အတွက် စစ်တပ်ကပင် လက်ဝါးကြီးအုပ်ထားသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်က စစ်တပ်ပိုင်ကုမ္ပဏီများကို အခွန်ပေးဆောင်ရန်နှင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် တန်းတူလုပ်ရမည်ဟု သတ်မှတ်လိုက်သောအခါ ယခင်က အခွင့်ထူးခံဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများအတွက် အသက်ရှူကျပ်လာစရာဖြစ်လာသည်ဟု ၀ါရှင်တန်တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ မာရီကလယ်ဟန်က ပြောကြားသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း မြန်မာစစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် ဘီယာနှင့် စီးကရက်လုပ်ငန်းများတွင် ဟန်နီကန်၊ ကားလ်ဘတ် ဘီယာများ၊ ဂျပန်ဆေးလိပ်ကုမ္ပဏီနှင့် လန်ဒန်စီးကရက်ထုတ်လုပ်သည့် ဘီအေတီကုမ္ပဏီများ ၀င်ရောက်လာခြင်းသည် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို အတိအလင်းစိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးသမားများနှင့် တရုတ်ကုမ္ပဏီများက ဒေါ်လာ ၁၄ ဘီလီယံမြှုပ်နှံထားသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖျက်သိမ်းခံရသည်။ ထို့အပြင် အစိုးရက စစ်တပ်အသုံးစရိတ်ကိုလည်း နိုင်ငံတော် အသုံးစရိတ်၏ ၂၂ ရာ ခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လိုက်သည်။

ထို့အတူ အရပ်သားအစိုးရ အသွင်ပြောင်းရေးကလည်း အစိုးရအဖွဲ့တွင်းမှာ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်တပ်အရာရှိကြီးများမှာ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်းမှ ဖယ်ရှားခံလာရသည်။ ပြီးခဲ့သည့် တစ်နှစ်တည်းမှာပင် စစ်တပ်အရာရှိ ၇၀၀ ကျော်က အစိုးရရုံးဌာနအတွင်းမှ ရဲဌာနသို့ ပြောင်းရွှေ့ခံရသည်။

ခြုံငုံသုံးသပ်ရလျှင် စစ်တပ်အုပ်ချုပ်မှုဖြင့် မြန်မာနိုင်ငံသည် ယခင်ကလို ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပါ။ သို့သော်လည်း စစ်တပ်သည် မြန်မာနိုင်ငံတွင် အာဏာရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းစသော အဓိကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် စစ်တပ်မပါဘဲ မလုပ်ဆောင်နိုင်ဟု နိုင်ငံရေးပညာရှင် အချို့က ဆိုသည်။

သို့ရာတွင် စစ်တပ်အနေဖြင့် ထိုအတိုင်းဆက်မသွားရန် ဆုံးဖြတ်နိုင်သည့် အနေအထားရှိသလားဟု မေးစရာရှိလာပါသည်။

အဆိုးမြင်သူများကမူ စစ်တပ်ဗိုလ်ချုပ်များသည် စစ်စရိတ်ဖြတ်တောက်ခြင်းနှင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စများကို သဘောမကျဘဲ တိုင်းပြည်မှာ ဆူပူလှုပ်ရှားမှုများဖြစ်လာအောင် မွတ်ဆလင်ဆန့်ကျင်ရေး ဘာသာရေးလှုပ်ရှားမှုများကို နောက်ကနေ ငွေကြေးပံ့ပိုးနေပြီး တိုင်းပြည်ကို နောက်ပြန်လှည့်အောင်လုပ်နေသည်ဟု ဆိုကြသည်။

အကောင်းမြင်သူများမူ ဦးသိန်းစိန်ဦးဆောင် ပြုပြင်ပြောင်းလဲရေးသမားများသည် နောက်ပြန်လှည့်မည်မဟုတ်ဘဲ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အပြည့်အ၀အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။

စီးပွားရေးအမြင်အရမူ မြန်မာသည် အိမ်နီးနားချင်း ကမ္ဘောဒီးယားနိုင်ငံကလိုပင် ခရီးသွားများ အဆမတန်များလာပြီး ပျက်စီးကာ လောဘကြီးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အမျိုးသားများ လွှမ်းမိုးသော အစိုးရအဖွဲ့နှင့်သာ အဆုံးသတ်ရရန် ရှိပါသည။်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ အားကိုးနေပြီး ၎င်းပြီးလျှင် ဆက်ခံအုပ်ချုပ်နိုင်မည့်သူ မရှိပါ။ ထို့အပြင် မြန်မာ၏ နည်းလမ်းမကျသော အခြေခံဥပဒေကြောင့် လွှတ်တော်နှင့် အစိုးရအကြားတွင် ပြိုင်ဆိုင်မှုများ တိုးပွားလာနေသည်ကလည်း ပြဿနာတစ်ခုဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေကို ပြန်လည်ပြုပြင်မှသာလျှင် မြန်မာသည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ရနိုင်မည်ဟု နိုင်ငံရေးပညာရှင်အချို့က ဆိုသည်။

ထို့ကြောင့် အာဏာအရှိန်ကြီးမားသည့် စစ်တပ်က တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး နိုင်ငံရေးမှ စစ်တပ်၏အာဏာကို ဖယ်ရှားရန် ဆောင်ရွက်သင့်ပြီဟု ဆိုသည်။

သို့သော်လည်း အနည်းဆုံးတော့ အထီးကျန်ကာလများမှ ယခုအချိန်ထိ လျှောက်လှမ်းလာခဲ့သည့် မြန်မာနိုင်ငံကို စောင့်ကြည့်နေကြဦးမည်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအာဏာလို ၎င်း၏ ဦးတည်ချက်ကို မှန်းဆကာ မပြောနိုင်သေးသော်လည်း မြန်မာနိုင်ငံက ပြောင်းလဲလှုပ်ရှားလာနေပြီဆိုသည်ကမူ မေးခွန်းထုတ်စရာ မလိုအောင် သိသာထင်ရှားနေသည် မဟုတ်ပါလား ။ ။

Poreign Policy မဂ္ဂဇင်းပါ GWENROBINSON ၏ The Contenders ကို ထားထားမြင့်ဘာသာပြန်ဆိုသည်။
Credit To 7Day News Journal
Read More »

“စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းတတ်တဲ့ အလေ့အကျင့်ရှိဖို့ လိုတယ်”


ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
---------------------------
မေးမြန်းသူ- ပြည်သိမ်း

မျိုးစောင့်ဥပဒေအပါအ၀င် ဘာသာရေးနှင့် ပတ်သက်သည့် ထိလွယ်ရှလွယ်အငြင်းအခုံများက ၂၀၁၃ ခုနှစ်အတွင်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ ထိုအချိန်တွင် နိုင်ငံတကာမီဒီယာများ၏ သုံးသပ်ရေးသားချက်များကလည်း ကမ္ဘာအနှံ့က နိုင်ငံသားပေါင်းစုံ၏ မြန်မာလူမျိုးများအပေါ်မြင်သည့် အမြင်ကို ပြောင်းလဲလာစေသည်။ နိုင်ငံရေး အကူးအပြောင်းကာလတွင် ထိုကဲ့သို့သော ဘာသာရေး အခြေခံသည့် ပဋိပက္ခများနှင့် လှုပ်ရှားမှုထွက်ပေါ်လာခြင်းအပေါ် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၏ အသံမှာ အစိုးရနည်းတူပျောက်ကွယ်နေသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လာနေသည်။

ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် မြန်မာလူထုအကြားပုံရိပ်ကြီးမားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအနက် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးနှင့် 7 Day News က သီးသန့်တွေ့ဆုံကာ ၎င်း၏ထင်မြင်ယူဆချက်များကို မေးမြန်းဖော်ပြလိုက်ပါသည်။

မေး-မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘာသာရေးလှုပ်ရှားမှုတွေက အခုတိုင်းပြည်ကသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ထင်ပါသလား။

ဖြေ-ကျွန်တော့်အနေနဲ့ အမျိုးဘာသာချစ်မြတ်နိုးလို့ လုပ်နေသူ အားလုံးကို ပံ့ပိုးသွားမယ်။ လေးလည်းလေးစားပါတယ်။ တစ်ခုပဲ စိုးရိမ်တယ်။ ဆောင်ရွက်မှုတွေက အချင်းချင်းကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေမဖြစ်အောင် နိုင်ငံရေးသက်ရောက်မှု၊ နိုင်ငံရေးအမြင်၊ ဥပဒေအမြင်တွေ ကျယ်ကျယ်ပြန့်ပြန့်ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။

မေး-အခုလိုအချိန်မှာ ဘာသာရေးလှုပ်ရှားမှုတွေပေါ်လာတာ ဘယ်လို သက်ရောက်မှုတွေ ရှိစေမယ်လို့ ဦးကိုကိုကြီးထင်ပါလဲ။

ဖြေ-ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့မျိုးဆက်ရဲ့ ပခုံးပေါ်ကို ရောက်လာတဲ့ တာဝန်တွေပေါ့။ ကျွန်တော်တို့ ၈၇၊ ၈၈ ကတည်းက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါခဲ့ကြတယ်။ တတ်စွမ်းသလောက် တတ်နိုင်သလောက် လုပ်ခဲ့ကြတယ်။ အခုအပြောင်းအလဲကာလမှာ ဦးတည်ချက်မပျောက်အောင် လုပ်ကိုင်ကြဖို့ အလေးအနက်ထားပြောချင်တာပါ။ ကျွန်တော် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ အမျိုးဘာသာချစ်တဲ့စိတ်က ကျန်တဲ့လူတွေထက် မလျော့ပါဘူး။ အဲဒါကို ကာကွယ်စောင့်ရှောက်တဲ့ နည်းလမ်းတွေပေါ့။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ လိုတယ်။ တစ်ခုတည်းမဟုတ်ဘဲ အခြားသူတွေရဲ့ အမြင်တွေကို အလေးအနက်ထားဆွေးနွေးကြဖို့။ အမျိုးသမီးအဖွဲ့တွေ၊ သံဃာအဖွဲ့အစည်းတွေနဲ့တွေ့စဉ်မှာလည်း ဒါပဲဦးတည်ပြောခဲ့ပါတယ်။

မေး-ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ အားကောင်းလာတာ၊ ဥပမာခုလို မျိုးစောင့်ဥပဒေကြမ်းပေါ်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ-ကျွန်တော်ကတော့ ဆွေးနွေးမှုတွေဖြစ်လာတာ ကြိုဆိုပါတယ်။ ဆွေးနွေးတဲ့အခါမှာ စိတ်ရှည်သည်းခံပြီး မတူညီတဲ့ သဘောတရားတွေ နားထောင်နိုင်ဖို့ ထည့်သွင်းဆွေးနွေးနိုင်ဖို့လိုတယ်။ အခု ဒါတွေ ဖြစ်လာတာလည်း ရဟန်း ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေထဲမှာ ဗုဒ္ဓဘာသာရဲ့ ဆုတ်ယုတ်မှုတွေ ရှိလာပြီဆိုတဲ့ စိုးရိမ်စရာတွေ ပေါ်လာတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး အလေးအနက်ထားဖို့ လိုတယ်။ စိုးရိမ်မှုတွေကို ဖြေရှင်းတဲ့ နေရာမှာ ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲဆိုတာ နည်းလမ်းမျိုးစုံရှိတာပေါ့။ အခုဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်တွေက ဥပဒေပုံစံနဲ့ လုပ်ဖို့ ဆွေးနွေးနေတာ ရှိတယ်။ အရင်လိုယဉ်ကျေးလိမ္မာ သင်တန်းတွေနဲ့ ကိုယ်ရဲ့ဘာသာကို ငယ်စဉ်ကတည်းက လေးစားယုံကြည်မှုရှိအောင် ကြိုးစားတာလည်းနည်းလမ်းတစ်ခုပဲ။ မြန်မာအမျိုးသမီးကြားထဲမှာလည်း ကိုယ်အမျိုးဘာသာနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတာ၊ ဟောပြောပွဲတွေ လုပ်ကြတာစသဖြင့် ဒါတွေဟာ လုပ်ပုံကိုင်ပုံတွေပဲ။ တစ်ခုပဲ ရှိတယ်။ အခြားဘာသာဝင်ဘက်က သူတို့ရဲ့အမြင်သဘောထား မထိခိုက်အောင် ၀ိုင်းပြီး စဉ်စားပေးဖို့လိုတယ်။ အခုအခြေအနေ မကြည့်ဘဲ ရေရှည် ကျွန်တော်တို့ နိုင်ငံကို နောင် ၅ နှစ်၊ ၁၀ နှစ် ဘယ်လိုဖြစ်စေချင်လဲ။ ဖြစ်စေချင်တဲ့ ဘာသာရေးအရ ကျန်တဲ့ ဘာသာဝင်တွေလည်း ဆက်ရှိနေမယ်။ အဲဒီဘာသာဝင်တွေကြားထဲမှာ အခုလုပ်တဲ့ လုပ်ရပ်ကြောင့် စိတ်ဝမ်းကွဲမှုတွေ ဖြစ်သွားမယ်ဆိုရင် အကျိုးဆက်က နောင်လာမယ့် ၅ နှစ်၊ ၁၀ နှစ်မှာ ရောက်လာမယ်။ တစ်ဖက်က ကိုယ့်အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ဖို့ဆိုတာ ကျွန်တော်လည်း လက်ခံတယ်။ စောင့်ရှောက်မယ့် နည်းလမ်းတွေကို ၀ိုင်းဆွေးနွေးကြမယ်။ အခုကဥပဒေပြုတာနဲ့ ပတ်သက်ရင် နိုင်ငံရဲ့ တည်ဆဲဥပဒေစိုးမိုးရေး အခြေအနေကို ကြည့်ဖို့လိုတယ်။ ဥပဒေတွေသာပြုနေပြီး အသက်မ၀င်ဘူး၊ ထိရောက်အောင် မလုပ်နိုင်ဘူးဆိုရင် အငြင်းပွားမှုသာဖြစ်လာပြီး ဥပဒေက အသက်ဝင်လာမှာ မဟုတ်ဘူး။ တစ်ခုခုမလုပ်မီ ၀ိုင်းဝန်းစဉ်းစားဖို့လိုတယ်။
သတင်းစာတွေ ဖတ်ရတယ်။ မောင်တောမှာ မှတ်ပုံမတင်ထားတဲ့ ကလေး ၆၀၀၀၀ ကျော်ရှိတယ်။ နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင်ဝေဖန်နေတဲ့ ဒီနေရာမှာ ဘာသာခြားတွေ ကလေးမွေးခွင့်မရ၊ လက်ထပ်ခွင့်မရနဲ့ ထိန်းချုပ်ညွှန်ကြားချက်ထုတ်၊ အမိန့်တွေထုတ်ထားတယ်။ လက်တွေ့မှာတော့ ဘာမှမလုပ်နိုင်ဘူးဆိုတာ ထင်ရှားဆုံးနမူနာ တစ်ခုပဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှုနဲ့ ဆိုင်တယ်။ ကိုယ့်ဘာသာဝင်တွေကြားမှာ ယုံကြည်မှုတွေ လေးလေးနက်နက်လက်ခံအောင်လုပ်နိုင်ဖို့ အရေးကြီးတယ်။
အကြမ်းဖက်မှုမဖြစ်အောင် ဗုဒ္ဓဘာသာက အကြမ်းဖက်လုပ်ရပ် တွေလုပ်တာလို့ နိုင်ငံတကာက ပြောတာ လုံးဝလက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာက အကြမ်းဖက်မှု မလိုလားတဲ့ ဘာသာ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဘာသာဖြစ်တယ်။ အမျိုးသာသာရဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ပုံရိပ်ကို မြှင့်တင်ဖို့ ဘာသာ၊ သာသနာချစ်စိတ်အတွက် အရေးတကြီးလုပ်ရမယ့် ကိစ္စဖြစ်တယ်။

မေး-လူအချို့ကလည်း မျိုးစောင့် ဥပဒေက လူ့အခွင့်အရေးနဲ့ မညီဘူး။ ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူး။ အခြေခံဥပဒေနဲ့တောင် မညီဘူး။
တိုင်းရင်းသားပေါင်းစုံရှိတဲ့ နိုင်ငံမှာ ဒီဥပဒေကြောင့် စစ်မှန်တဲ့ ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ဖို့ ပြဿနာရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုထင်မြင်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ-ဒါတွေက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး လူ့အခွင့်အရေး ရှုထောင့်က တင်ပြတာတွေ့ရှိလာမယ်။ တိုင်းရင်းသားတွေဘက်ကလည်း သူတို့အမြင်တွေ တင်ပြလာတာရှိမယ်။ ဒီကိစ္စအပေါ် စိတ်ဝင်စားသူအားလုံး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးလိုက်ရင် ဒီအပေါ်မှာ အားလုံးလက်ခံတဲ့ အဖြေတစ်ခုကတော့ ထွက်လာမယ်။

မေး-မျိုးစောင့်ဥပဒေပြဋ္ဌာန်းလိုက်ရင် တိုင်းရင်းသားလူမျိုးစုတွေကြား ဘာသာရေးနဲ့ဆိုင်တဲ့ ခွဲခြားမှုတွေများ ထပ်မံကြုံတွေ့လာနိုင်မှု
များရှိနိုင်မလား။

ဖြေ-လူမျိုးတစ်မျိုးက သူ့လူမျိုးကိုချစ်တာ သူ့ဘာသာကို ချစ်တာသဘာဝပဲ။ ဒါက လူသားတစ်ယောက်အနေနဲ့ အခြေခံစိတ်ပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ ကိုယ်ဟာဘာသာဝင်တစ်ယောက်၊ လူမျိုးတစ်မျိုးဖြစ်သလို၊ ဒီနိုင်ငံရဲ့ နိုင်ငံသား တစ်ယောက်လည်းဖြစ်တယ်။ နိုင်ငံသားက ယေဘုယျကျတယ်။ နိုင်ငံသားဆိုတဲ့ အခြေခံမူပေါ်မှာ စဉ်စားမှ လူမျိုးကွဲဘာသာကွဲတွေကို နိုင်ငံမှာ ဘယ်လိုနေနိုင်မလဲဆိုတာစဉ်းစားရမယ်။ နိုင်ငံရေးအရ ပြောရရင်တော့ အခြေခံအကျဆုံးက နိုင်ငံသားပဲ။ နိုင်ငံသားတိုင်း တန်းတူညီမျှဖြစ်ရမယ်ဆိုတာကို အာရုံစိုက်စေချင်တယ်။ မြန်မာနိုင်ငံသားဆို ပြီး နိုင်ငံချစ်စိတ်မွေးရင် ပြဿနာတွေကို မိသားစုပြဿနာလို ဖြေရှင်းနိုင်လိမ့်မယ်။

မေး-နိုင်ငံရဲ့ ခုလို အကူးအပြောင်း ကာလများကို ဦးကိုကိုကြီးအနေနဲ့ နိုင်ငံအတွက်စိတ်အပူပန်ဆုံးက ဘာလဲ။

ဖြေ-စိုးရိမ်တာတစ်ခုက ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခြေအနေတွေက များစွာ အားနည်းခဲ့တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားနည်းရင် စစ်ဘက်အဖွဲ့အစည်းတွေက အားကောင်းလာမယ်။ သူ့မှာက အမိန့်နဲ့ ဖွဲ့စည်းပုံက အခိုင်အမာရှိပြီးသားပဲ။ နောက်အရပ်ဘက် အဖွဲ့အစည်းအားနည်းတာ၊ တစ်ချိန်တည်း လုံခြုံရေးအဖွဲ့အစည်းတွေလည်း အားနည်းတာပဲ။ လုံခြုံရေးအဖွဲ့အစည်း အားနည်းမှုက ဒီမိုကရေစီမှာဆိုရင် စစ်အုပ်ချုပ်ရေးအကူအညီ တောင်းရတဲ့ အဆင့်မျိုးတွေဖြစ်လာတယ်။ ကျွန်တော် ထင်ပါတယ်။ စစ်တပ်က အရပ်ဘက် အုပ်ချုပ်ရေးမှာ ၀င်လုပ်နေရပြီး ရေရှည်မှာသူတို့ သိက္ခာကျဆင်းမှုမျိုးကို မလိုလားဘူး။ ကျွန်တော်တို့ နိုင်ငံဟာ လက်ရှိ အခင်းအကျင်းထဲမှာ စစ်တပ်ကို သူ့နေရာသူပြန်ရောက်အောင်လုပ်ဖို့ဆိုရင် အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ အားကောင်းအောင် ကြိုးစားရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက မထိန်းနိုင်လို့ စစ်တပ်က ၀င်ပါလာတာ ကျွန်တော်တို့အတွက် ကောင်းတဲ့ အလားအလာမဟုတ်တော့ဘူး။

မေး-၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် အန္တရာယ် အကြီးဆုံးပြဿနာက ဘာလို့ ဦးကိုကိုကြီး ထင်ပါသလဲ။

ဖြေ-အဓိက အကျဆုံးကတော့ ငြိမ်းချမ်းရေးကိစ္စပဲ။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ပဋိပက္ခများ သာမကဘဲ ပြည်တွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တရားဥပဒေစိုးမိုးဖို့၊ နိုင်ငံသားရဲ့ အခန်းကဏ္ဍမြှင့်တင်ဖို့၊ အဓိက ကျတယ်။ ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူး။ နိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးက များစွာအရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးလို့ပြောရင် အရင်ကအမိန့်ပေးထိန်းချုပ်လို့၊ ကြောက်လို့ မလုပ်ရဲတာ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက မတူကွဲပြားတဲ့ အမြင်သဘောထားတွေကြားထဲမှာ လွတ်လပ်ပွင့်လင်းပြီး ပြောကြ၊ ဆိုကြရင်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ရဖို့လိုတယ်။

မေး-လက်ရှိအစိုးရက မျိုးစောင့်ဥပဒေကိစ္စကို Public Debate အနေနဲ့ မြင်တယ်ဆိုပြီး ဒီတိုင်းထားထားတယ်။ ဒီကိစ္စက နိုင်ငံသားတွေအတွင်း နှစ်ခြမ်းကွဲစရာ ဖြစ်လာတယ်လို့ ပြောကြတာတွေရှိတော့ အစိုးရအနေနဲ့ ဒီလို ဘာသာရေးအစွန်းရောက်မှု ပြဿနာတွေအပေါ်မှာ ဘယ်လို တာဝန်မျိုးရှိတယ်လို့ ဦးကိုကိုကြီး ပြောချင်ပါသလဲ။

ဖြေ-ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းမှာ လုံခြုံရေးအဖွဲ့အစည်းတွေပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေပါတယ်။ အဲဒီအဖွဲ့ကြားမှာ ဆွေးနွေးညှိနှိုင်းမှုကို တည်ဆောက်နိုင်ပြီဆိုရင် အစိုးရအခန်းကဏ္ဍက မလိုဘူး။ အကြမ်းဖက်မှုဖြစ်လာရင် လုံခြုံ ရေးတပ်ဖွဲ့တွေ ၀င်ရောက်ဟန့်တားဖြေရှင်းတာတွေလုပ်ရမယ်။ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရအကာအကွယ်ပေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်။ အဓိကတော့ အဲဒီအဆင့်ကို မရောက်အောင် အရပ်ဘက်အဖွဲ့အစည်းတွေက အားကောင်းဖို့လိုတယ်။ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းတဲ့ အလေ့အကျင့်ရှိ ဖို့ လိုတယ်။ ဒီလိုဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍကလျော့သွားတယ်။

မေး-သာသာရေးကိစ္စတွေပြီးတော့ ဦးကိုကိုကြီးတို့ အဖွဲ့အကြောင်း မေးချင်ပါတယ်။ ၈၈ က အခု အဖွဲ့အစည်းတစ်ခုအနေနဲ့ မှတ်ပုံတင်
လိုက်တယ်။ အဲဒီတော့ ၂၀၁၅ အတွက် ၈၈ အဖွဲ့ရဲ့လမ်းကြောင်းက ဘယ်လိုလဲလို့ ပြည်သူတွေကမေးရင် ဦးကိုကိုကြီးက ဘယ်လို ဖြေချင်ပါသလဲ။

ဖြေ-အခုဟာက (NGO) လူမှုရေး အဖွဲ့အစည်းအနေနဲ့ မှတ်ပုံတင်ဖို့ လုပ်နေတယ်။ ရှစ်လေးလုံးငွေရတုအခမ်းအနားပြီးရင် ဆက်လုပ်သွားမယ်။ ၈၈ အဖွဲ့ထဲမှာ လွှတ်တော် နိုင်ငံရေးကို ဇောက်ချပြီး လုပ်ကိုင်ချင်သူတွေ ပေါ်လာဖို့ရှိသလို၊
အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းအောင် ဆက်လုပ်မယ့်သူတွေလည်း ဆက်ရှိနေမယ်။

မေး-လက်ရှိ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်။ ဥပမာ မီဒီယာဥပဒေ၊ ဆက်သွယ်ရေး၊ တင်ဒါကိစ္စတွေမှာပေါ့။ လွှတ်တော် အမတ်တွေကို အားကိုးလို့ မဖြစ်ဘူးလို့ပြောကြတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းကို သုံးသပ်ပေးပါ။

ဖြေ-လွှတ်တော်နိုင်ငံရေးက ပီပီပြင်ပြင်ပေါ်မလာသေးဘူး။ လက်ရှိ လွှတ်တော်ပုံသဏ္ဍန်ကိုက အငြင်းပွားစရာဖြစ်နေတယ်။ ၂၀၀၈
ဖွဲ့စည်းပုံ၊ ၂၀၁၀ ရွေးကောက်ပွဲတွေနဲ့ စတည်ထားတာ။ တကယ်သာ လူထုကို ကိုယ်စားပြုတဲ့ စစ်စစ်မှန်မှန် လွှတ်တော်နိုင်ငံရေးပေါ်လာရင် ပြဿနာဖြေရှင်းမှု ဆုံချက်က လွှတ်တော်မှာ ဖြစ်ရမယ်။ လွှတ်တော်မှာ ဥပဒေပြုပြဋ္ဌာန်းမယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဥပဒေကို တိတိကျကျ ကျင့်သုံးနိုင်တဲ့ အစိုးရဖြစ်ဖို့ဆိုရင် ပြဿနာတွေ လမ်းပေါ်မှာဖြေရှင်းတာ လျော့သွားမယ်။ ဒီမိုကရေစီမှာ လမ်းပေါ်မှာ ဆန္ဒဖော်ထုတ်တာတွေရှိနေတယ်။ ဒါက ပြဿနာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ သိအောင် ဖော်ထုတ်တာပဲဖြစ်တယ်။ ဒီပြဿနာတွေကို တကယ်ဖြေရှင်းတာက လွှတ်တော်တွေ၊ တရားရုံးတွေဖြစ်ရမယ်။ ဒီလိုစနစ်အားကောင်းရင် လူမှုရေးပြဿနာ၊ စီးပွားရေး၊ ပြဿနာဖြေရှင်းတာ လွှတ်တော်ဖြစ်သွားမယ်။

မေး-ဟိုတစ်လောက ရေပန်းစားနေတဲ့ သမ္မတကိစ္စ ဦးကိုကိုကြီးကြားပြီးသားပါ။ ဦးကိုကိုကြီးရော ပြည်သူက ဆန္ဒရှိတယ်ဆိုရင် သမ္မတလုပ်ဖို့ဆန္ဒရှိပါသလား။

ဖြေ-ကျွန်တော်ရယ်စရာ ပြောမယ်။ ကျွန်တော်အနေအထိုင်မတတ်လို့ နိုင်ငံရေးလုပ်တာ။(ရယ်လျက်) ကျွန်တော်ကြုံခဲ့ရတာနဲ့ ဖြတ်သန်း ခဲ့ရတာနဲ့ ပတ်သက်ပြီး ဘာလုပ်ပေးနိုင်မလဲဆိုတာပဲ။ အခုလည်း ပြဿနာဖြစ်တဲ့ ကိစ္စတွေကို လက်မရှောင်ဘူး။ ကျွန်တော်က နိုင်ငံရေးကို စီးပွားရေး၊ ဝေါဟာရအရ ပြောရရင် (Service) ၀န်ဆောင်မှုပေးချင်တာပါ။ နိုင်ငံရေးဆိုတာ ၀န်ဆောင်မှုလုပ်ငန်း။ နိုင်ငံတွေသားရဲ့ ၀န်ကိုဘယ်လောက်ထိထမ်းဆောင်နိုင်မလဲဆိုတာကို ဦးစားပေးတယ်။ ကျွန်တော်နိုင်ငံရေး ဒီထက်ပိုပြီး လွှတ်တော်နိုင်ငံရေးလုပ်ရင်လည်း ဘယ်လောက်ဝန်ဆောင်မှု ပေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ သက်ဆိုင်ရာ နိုင်ငံသား မဲဆန္ဒရှင်တွေက ဆုံးဖြတ်သွားမယ် ထင်တယ်။

မေး-နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေက ဘာသာရေးကိစ္စမှာ ငြိမ်သက်နေတာကို အားမလိုအားမရ ဝေဖန်နေတာတွေရှိ တယ်။ ဦးကိုကိုကြီးကို ဒီမျိုးစောင့်ဥပဒေလှုပ်ရှားမှုကို ထောက်ခံတဲ့ ဘက်ကလားလို့မေးရင် ဘယ်လိုဖြေမလဲ။

ဖြေ-အခုလိုအင်တာဗျူးနေတာကိုက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကျွန်တော်ထွက်ပြောနေတာလေ။ အခြားနိုင်ငံရေးခေါင်းဆောင်တွေ တာဝန်ရှိသူတွေအနေနဲ့ တိုင်းပြည်မှာ ဖြစ်လာတဲ့ အကျပ်အတည်းတွေ၊ အများနဲ့ ညှိနှိုင်းဆွေးနွေးပြီး ကိုယ့်သဘောထားကျယ်ကျယ်ပြန့်ပြန့် သိအောင်လုပ်သင့်တယ်။ ထိရောက်တဲ့ဖြေရှင်းမှုတွေမှာလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သင့်တယ်။ ကိုယ့်အမြင်၊ ကိုယ့်ရပ်တည်ချက်ကို ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြပြောသင့်တယ်။ ။

Credit To 7Day News Jouranl
Read More »