Saturday, August 3, 2013

အကာအကွယ်မရှိဘဲ အကျိုးစီးပွားကို မြှင့်တင်နိုင်ပါ့မလား


(သုတမောင်)

ဇွန်လ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ စာမျက် ၈ နဲ့ ၉ မှာ တောင်သူလယ်သမား များ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေကြမ်းဆိုပြီး ပါလာတယ်။ စာမျက်နှာ ၉ ရဲ့ အောက်ဆုံးမှာ ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြသွားတဲ့ အဲ့ဒီဥပဒေမူကြမ်းကို ဥပဒေဆိုင်ရာ မူလရည်ရွယ် အင်အားစုဖြစ်တဲ့ နိုင်ငံတစ်ဝန်းက တောင်သူလယ်သမားတွေ ဘယ်လောက်ဖတ်မိသလဲ၊ ဖတ်မိကြမယ်ဆိုရင်တောင် ဘယ်လောက်နားလည် သုံးသပ်နိုင်ကြမလဲဆိုတာ အတိအကျ မသိနိုင်ပေမယ့် သေချာတာတစ်ခုကတော့ အဲဒီလယ်သမားတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်တွေ အဲဒီမူကြမ်းထဲမှာ ပါဝင်နေတဲ့ အချက်အပေါ် လူမှုအခြေပြု အသိုင်းအဝိုင်းတွေကြားမှာ ဇူလိုင်လ တစ်လအတွင်း တော်တော်လေး ဂယက်ရိုက်သွားခဲ့တယ် ဆိုတာပါပဲ။

တိုင်းပြည်လူဦးရေ သန်း၆၀ ထဲက ၇၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေ ပြည်သူတွေဖြစ် တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေထဲမှာ လယ်သမား အချိုးအစားကို အတိအကျ ဖော်ပြထားတဲ့ ကိန်းဂဏန်း တိုင်းပြည်မှာ မရှိသေးတာကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ တောင်သူလယ်သမား စုစုပေါင်း အရေအတွက်ကို အတိအကျ မဆိုနိုင်ဘူး ဖြစ်နေတယ်။ ဆန်စပါးဆိုတာ လက်ရှိအချိန်ထိ တိုင်းပြည်ရဲ့အဓိက စားနပ်ရိက္ခာတစ်ခု ဖြစ်နေတာကြောင့် ဒီရပ်ဝန်း (Sector) ကြီးတစ်ခုလုံးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမူကြမ်းအပေါ် ထင်မြင်သုံးသပ်တဲ့ ထင်မြင်အကြံပြုချက်တွေ၊ တုံ့ပြန်မှုတွေ အမျိုးမျိုး နယ်ပယ်အသီးသီးကနေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိကို ဒီဥပဒေကြမ်းအပေါ် အမြင်အမျိုးမျိုး၊ သုံးသပ်ချက် အမျိုးမျိုးနှင့် Debate လုပ်နေဆဲ ဖြစ်ပါတယ်။ စတင်ဆွေးနွေးခဲ့စဉ်က ဒီဥပဒေကြမ်းရဲ့အမည်က ‘တောင်သူလယ်သမား ကာကွယ်ရေးဥပဒေ (Farmer Protection Act)’ လို့ စတည်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ‘တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ (Farmer Welfare Enhancing Act)’ လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ နဂိုကမှ ဥပဒေကြမ်းပါ အချက်အလက် တွေအပေါ် အငြင်းပွားနေရတဲ့အထဲ ဥပဒေရဲ့ခေါင်းစဉ်ကိုပါ ထပ်ပြောင်းလိုက်တာကြောင့် နယ်ပယ် အသီးသီးက လူထုကြားက အငြင်းပွားမှုတွေဟာ ပိုလို့ကျယ်လောင်လာခဲ့ပါတယ်။ ဒီနေရာမှာ တိတိကျကျပြောရရင် ဒီဥပဒေကြမ်းအပေါ် လူထုရဲ့အမြင်ကို သုံးသပ်ရာမှာ အပိုင်းသုံးပိုင်းခွဲပြီး ရှုမြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမအပိုင်းက အဲဒီဥပဒေကြမ်းရဲ့အမည်နာမ ကိစ္စပါ။ ပြီးတော့ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆိုင်တဲ့အပိုင်းဖြစ်ပြီး နောက်တစ်ခုကတော့ ဒီဥပဒေကြမ်း ပေါ်ပေါက်ရေးနှင့် ပတ်သက်တဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပါသင့်ပါထိုက်တဲ့ အင်အားစုအသီးသီးတွေရဲ့ကိုယ်စားပြုမှုကိစ္စ ဖြစ်ပါတယ်။ ဒီရှုထောင့် သုံးချက်ကို ကျွန်တော်နားလည်သလောက် ရှင်းပြလိုပါတယ်။

၁။ ဥပဒေကြမ်း၏ အမည်နာမည် သတ်မှတ်ချက်

ဒီဥပဒေကြမ်းကို စတင်အဆိုပြု ဆွေးနွေးကြတုန်းက အဓိကကျတဲ့ အချက်က မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့အတွက် နယ်ပယ်တစ်ခုကို စဉ်းစားရာမှာ လယ်ယာစိုက်ပျိုးရေး နယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး တောင်သူလယ်သမားများရဲ့အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့် (တစ်နည်းအားဖြင့် အကာအကွယ်ပေးနိုင်မယ့်) ဥပဒေဆိုင်ရာ ယန္တရား တစ်ခုတည်ဆောက်ဖို့ဆိုတဲ့ အခြေခံ အတွေးအခေါ်က စခဲ့တာဖြစ်လို့ အဲဒီရည်ရွယ်ချက်နဲ့ တည်ဆောက်မယ့် ဥပေဒမျိုးကို ‘တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေကြမ်း’ လို့ ခေါ်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆွေးနွေး ငြင်းခုံကြရင်းကနေ အဲ့ဒီမူကြမ်းရဲ့ အမည်လည်း တစ်မျိုးပြောင်းသွားပါတယ်။ အဲဒါကတော့ ‘တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ (Farmer Welfare Enhancing Act)’ ဆိုတဲ့ အငြင်းပွားနေဆဲ လက်ရှိမူကြမ်းပါပဲ။ ဆိုတော့ ဒီဥပဒေကြမ်းရဲ့ အမည်နာမအပေါ် အခြေခံကျတဲ့ အငြင်းပွားမှုက ‘ကာကွယ်ရေး’ နှင့် ‘မြှင့်တင်ရေး’ ဆိုတဲ့ ရှုထောင့်နှစ်ခု ဖြစ်လာပါတယ်။ မြှင့်တင်ရေးဆိုတဲ့ ဝေါဟာရကို ဘာကြောင့်သုံးနှုန်းတယ် ဆိုတာ အတိအကျ မသိနိုင်ပေမယ့် အဲဒီ ဝေါဟာရရဲ့ အဓိပ္ပာယ် (Literal meaning) အရ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးရေးဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေလို့ ဆိုရာမှာ ယေဘုယျ အမြင်သဘောနှင့် ကြည့်ရင် သူ့အနေအထားနဲ့သူ သင့်လျော်တဲ့ အမည်နာမလို့ မြင်စရာရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီအမည်သစ်အောက်မှာ ပါလာတဲ့ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် အချို့ရဲ့ အငြင်းပွားဖွယ် အချက်အလက် (အသုံးအနှုန်း) တွေကို အပေါ်ကဥပဒေရဲ့ ခေါင်းစီးအမည်နာမနှင့် တွဲကြည့်လိုက်တဲ့အခါ ဘယ်လယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ကြမှာလဲဆိုတဲ့ မေးခွန်းကြီး ပေါ်ပေါက်လာ ပါတော့တယ်။ ဒီလိုနဲ့ ဒီအမည်နာမသစ် အပေါ် ကွဲလွဲတဲ့ အမြင်တွေရှိတဲ့ အင်အားစုတွေ ရှိလာတယ်။ သူတို့ရဲ့အမြင်ကတော့ ရိုးရှင်းပါတယ်။ တောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကို တကယ်မြှင့်တင်လိုတယ် (သို့မဟုတ်) တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို တကယ်လိုလားတဲ့ စေတနာရှိတယ်ဆိုရင် အောက်ခြေမှာ အမှန်တကယ် အလုပ်လုပ်နေကြတဲ့ သမားရိုးကျသာမန် တောင်သူလယ်သမားတွေ (Small Scale-Farmer) ရဲ့လယ်သမားဆိုင်ရာ အခြေခံရပိုင်ခွင့်နှင့် အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်မယ့် ခိုင်မာတဲ့ ဥပဒေတံတိုင်းတွေကို တည်ဆောက်ပေးဖို့ (သို့မဟုတ်) ပြန်လည်မွမ်းမံပေးဖို့ ဆိုတာပါပဲ။ ဒါကြောင့် ဒီဥပဒေကြမ်း နာမည်အပေါ် အများက သိရှိနားလည်ထားတဲ့ လယ်သမားဦးကြီးတွေဆိုတဲ့ အောက်ခြေ တောင်သူလယ်သမားတွေရဲ့ ဆန္ဒက သူတို့ရဲ့အကျိုးစီးပွားကို အာမခံပေးနိုင်မယ့် အကာအကွယ်ပြုရေး ဆိုင်ရာ ဥပဒေပါ။ အဲဒီအကာ အကွယ်ပြုပေးနိုင်မယ့် ဥပဒေတွေမရှိဘဲ ဘယ်လယ်သမားရဲ့ အကျိုးစီးပွားကိုမှ မြှင့်တင်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ကြပါတယ်။ ဥပဒေမူကြမ်းထဲက တောင်သူလယ်သမားဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှုအရ ခရိုနီ တောင်သူလုပ်ငန်းရှင် ဆိုသူတွေရဲ့ အကျိုးစီးပွားကို အောက်ခြေက လယ်သမားတွေနဲ့ အပြိုင်မြှင့်တင်ပေးဖို့ ဘာကြောင့် လိုအပ်သလဲလို ဆိုတာကလည်း နောက်ထပ်စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေပါတယ်။ ဒါကတော့ လက်ရှိအငြင်းပွားနေဆဲ ဥပဒေကြမ်းရဲ့ အမည်နာမအပေါ် မတူညီတဲ့အမြင် ရှုထောင့်နှစ်မျိုးပဲ ဖြစ်ပါတယ်။

၂။ ဥပဒေကြမ်းပါ အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်များ

ခြုံပြောရရင် ဒီဥပဒေကြမ်းမှာ အခန်းရှစ်ခန်း ပါဝင်ပြီး ပြဋ္ဌာန်းချက် ပုဒ်မပေါင်း ၂၈ ချက်ပါဝင်ပါတယ်။ အဲဒီထဲက ပြဋ္ဌာန်းချက်အချို့နှင့် အခန်းအချို့ဟာ ဒီနေ့ပေါ်ပေါက်နေတဲ့ ဥပဒေမူကြမ်းဆိုင်ရာ လူထု Debate ပွဲတွေရဲ့ အဓိက အကြောင်းတရားတွေပါပဲ။

Debate ဖြစ်နေတဲ့ ပြဋ္ဌာန်းချက်ပါ အချက်အချို့ကို သုံးသပ်ရရင်-
(၁) လယ်သမားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်-အခန်း ၁ (င) ဟာ လူထုအနေနဲ့အစဉ် အလာအရ နားလည်ခဲ့ကြတဲ့ တောင်သူလယ်သမားဆိုတဲ့ လူထုရဲ့အမြင် (Public image) အပေါ် အမြင်တစ်မျိုး ဖြစ်စေခဲ့ပါတယ်။ ဆိုလိုတာက အဲဒီဥပဒေပုဒ်ခွဲအရ တောင်သူလယ်သမားကိုသတ်မှတ်ရာမှာ အမှန်တကယ် လယ်ယာထွန်ယက် စိုက်ပျိုးကြတဲ့ အစဉ်အလာ လယ်သမား တောင်သူဦးကြီးတွေနှင့် လယ်ယာလုပ်ငန်းနှင့် ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို တောင်သူလယ်သမားဆိုပြီး လုံးကျစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲ့သလို လုံးကျစ်လိုက်အတွက် အလွန်ကွာဟတဲ့ အဆင့်အတန်းနှစ်ခုက လူတန်းစားနှစ်ရပ်ဟာ တောင်သူလယ်သမား ဆိုတဲ့ အမည်အောက်မှာ ဥပဒေရဲ့ အကျိုးသက်ရောက်မှုကို တန်းတူခံစားကြရမှာ ဖြစ်ပါတယ်။

သာမန်အခြေအနေမျိုးမှာ ဘယ်လိုတောင် သူလယ်သမားမျိုးမဆို အရေးကြုံလာရင် သူနှင့်သက်ဆိုင်တဲ့ ဥပဒေဘောင်ရဲ့ အကာအကွယ်ကိုရယူ ခံစားပိုင်ခွင့် ရှိသင့်ပေမယ့် မြန်မာနိုင်ငံရဲ့ လတ်တလော လယ်ယာမြေနှင့် လယ်သမားတွေရဲ့ အခြေအနေ အရပ်ရပ်အရ စီးပွားရေး အင်အားစုတွေနှင့် လက်လုပ်လက်စား တောင်သူဦးကြီးများရဲ့ အကျိုးစီးပွားကို တစ်ပြေးတည်း သတ်မှတ်လိုက်တဲ့ ကိစ္စဟာ အစဉ်အလာ တောင်သူကြီးများရဲ့ ရေရှည်အကျိုးကို ကာကွယ်ရာ မရောက်သည်သာမက မြှင့်တင်ရာလည်း မရောက်သလို ဖြစ်နေပါတယ်။ ဒီအဓိပ္ပာယ် သတ်မှတ်ချက်ဟာ ဘယ်သူက တောင်သူအစစ်ဖြစ်ပြီး ဘယ်သူက တောင်သူအတု ဖြစ်နေသလဲဆိုတဲ့ နောက်ထပ်မေးခွန်းတစ်ခု ပေါ်ပေါက်လာစေသလို၊ ဘယ်တောင်သူက ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ် ခံစားထိုက်သလဲဆိုတဲ့ မေးခွန်းတစ်ရပ်လည်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းမှာပါတဲ့ တောင်သူလယ်သမား အဓိပ္ပာယ် သတ်မှတ်ချက်ကို ပြန်လည် ပြင်ဆင်ပြီး ဘယ်လိုလယ်သမားမျိုးအတွက် ရည်ရွယ်တယ်ဆိုတဲ့ တိကျတဲ့ ပြဋ္ဌာန်းချက်မျိုးဖြစ်ဖို့ တောင်သူတွေဘက်က လိုလားကြတာ တွေ့ရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားနှင့် ယှဉ်တွဲပြီး ကာကွယ်ပေးဖို့ (သို့မဟုတ်) မြှင့်တင်ပေးဖို့ဆိုတာ မသင့်လျော်ဘူး လို့လည်း ပညာရှင်အချို့က သုံးသပ်ကြပါတယ်။

တောင်သူလယ်သမားလို့ ဒီဥပဒေမှာ သုံးထားပေမယ့် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အဓိက ရည်ညွှန်းထားတာက လယ်စနစ်နှင့် စပါးစိုက်ပျိုးတဲ့ လယ်သမားတွေကို အထူးပြု ရည်ညွှန်းထားတာဖြစ်ပြီး တိုင်းရင်းသား တောင်တန်းဒေသတွေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း(အညာအရပ်) မှာရှိတဲ့ ထန်းစိုက် တောင်သူတွေရဲ့ တောင်သူဘဝတွေကို ရည်ညွှန်းထားခြင်း မရှိဘူးဆိုတာ ထင်ရှားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ တောင်သူလယ်သမား သတ်မှတ်ချက်နှင့် ၎င်းတို့အတွက် အကျိုးခံစားခွင့် သဘာဝကိုကြည့်ရင် တောင်တန်းဒေသတွေမှာရှိတဲ့ တောင်ယာ လုပ်တောင်သူ လူတန်းစားနှင့် ၎င်းတို့ရဲ့အလုပ်သဘာဝကို ဥပဒေအရ အသိအမှတ် မပြုသလို ဖြစ်နေတဲ့အတွက် ဥပဒေအရ လယ်သမားဆိုတဲ့ အသိုင်းအဝိုင်း အုပ်စုကြီးထဲမှာ အဲဒီအုပ်စုတစ်ခုလုံး ကျန်ရစ်နေတာ တွေ့ရပါလိမ့်တယ်။ ဒီအတွက်လည်း စဉ်းစားပေးသင့်တယ်လို့ ထင်ပါတယ်။ တောင်တန်းဒေသက တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ ရိုးရာအစဉ်အလာ စိုက်ပျိုးရေးစနစ်နှင့် ၎င်းတို့ရဲ့ အခြေခံရပိုင်ခွင့်ကို အကာအကွယ်ပြုရေးဟာ လယ်လုပ်သူ လယ်ပိုင်ရေးဆိုတဲ့ လူမှုစီးပွားရေး ရည်ရွယ်ချက်ကို ပြည့်မီဖို့ ဥပဒေကြောင်းအရ အာမခံရုံသက်သက် မဟုတ်ပါဘူး။ အရှည်တွေးကြည့်ရင် တောင်တန်းနှင့် မြေပြန့်ဒေသတွေကြားက မတူညီတဲ့ လူမှုဝန်းကျင် ဓလေ့နှင့် တန်ဖိုးတွေကို တရားဝင် အသိအမှတ်ပြုရာက အပြန်အလှန် ယုံကြည်လေးစားမှုကို တည်ဆောက်ပြီးသား ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ဒေသဆိုင်ရာ တန်ဖိုးတစ်ခုကို ဆန့်ကျင်ဘက် ဆိုးကျိုးမဖြစ်စေနိုင်ဘူးဆိုရင် ဥပဒေဘောင် တစ်ရပ်ရပ်မှာ ထည့်သွင်းပြီး တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဟာ တိုင်းရင်းသား အခွင့်အရေး Indigenous Rights ကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အပံ့အပိုးတစ်ခုလို့ မြင်ပါတယ်။

နောက်တစ်ချက်ကတော့ တောင်သူလယ်သမား ဆိုတာကို တစ်စုံတစ်ရာဓိပ္ပာယ် သတ်မှတ်ချက် ပေးထားပြီး ဒီဥပဒေအရ အကျိုးခံစားခွင့် ရှိသူလို့ ယူဆနိုင်ပေမယ့် ဒီအထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေတွေ အသိမ်းပိုက်ခံထားရတဲ့ မြေယာမဲ့ အလုပ်လက်မဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးမလဲဆိုတဲ့ ဥပဒေဆိုင်ရာ အာမခံချက် (သို့မဟုတ်) ပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ အခြေအနေ အမျိုးမျိုးမှာ ရှိနေတဲ့ လယ်သမား အမျိုးအစား အသီးသီးရဲ့ အကျိုးစီးပွားကို အမှန်တကယ် အာမခံချက် ပေးနိုင်မယ့် ဥပဒေတစ်ရပ်အဖြစ် တောင်သူလယ်သမားတွေ ဘက်က လက်မခံကြတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီဥပဒေကြမ်းနှင့် စပ်လျဉ်းတဲ့ အစည်းအဝေးကြီးတစ်ခုမှာ လှည်းကူးက လယ်သမားတစ်ယောက်က ဒီလို ဆိုပါတယ်... “လယ်မရှိဘဲ (အသိမ်းခံရလို့) လယ်သမားအကျိုး မြှင့်တင်မယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် လယ်သမားဟာ လယ်ရှိပြီး လယ်ပိုင်ဖို့ပဲ လိုပါတယ်။ လယ်သိမ်းခံလိုက်ရတာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဖြစ်သလို ခုဆို ရွာပါသိမ်းခံနေရလို့ ဒီလယ်သမားတွေအတွက် တကယ်လိုအပ်နေတာက (မရှိတဲ့လယ်ကို) ကာကွယ်တဲ့ ဥပဒေလည်း မဟုတ်သလို၊ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေလည်း မဟုတ်ပါဘူး။ စပါးပြန်စိုက်လို့ရမယ့် လယ်ကွက်တွေပဲ လိုအပ်ပါတယ်။”

ဈေးနှုန်းသတ်မှတ်ချက်နှင့် ဆက်စပ်ပြီး အခန်း ၂။ ပုဒ်မ ၁၃ (က) မှာ ဖော်ပြထားချက်အရ လယ်သမား များရဲ့ စိုက်ပျိုးထွက်ကုန်တွေရဲ့ဈေးနှုန်းကို ဗဟိုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် တို့က သတ်မှတ်မှာ ဖြစ်တဲ့အတွက် အဲဒီဈေးနှုန်းဟာ ဈေးကွက်ရဲ့ အမှန်တရားတစ်ခုနှင့် လိုက်လျော ညီထွေဖြစ်ဖို့ အားနည်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုလုပ်တာဟာ ဈေးကွက်ကို သူ့သဘာဝအလျောက် လွှတ်ထားပေးပြီး လိုအပ်သလို ထိန်းညှိစေတဲ့ လွတ်လပ်တဲ့ ဈေးကွက်စနစ်မှာ အံချော်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ စိုက်ပျိုးသီးနှံ ဈေးနှုန်းကို (အထူးသဖြင့်ဆန်စပါး) အနိမ့်ဆုံး အာမခံဈေးနှုန်းတစ်ခုနှင့် နိုင်ငံတကာပေါက်ဈေးထက် မနိမ့်တဲ့နှုန်းနဲ့ အစိုးရက ဝယ်ယူဖို့ သတ်မှတ်မယ်ဆိုရင် မြန်မာ့လယ်သမားတွေဘက်က သဘောကျကြမှာ ဖြစ်ပေမယ့် ဒီနည်းဟာ နိုင်ငံအတွက် ရေရှည်မှာ ဆုံးရှုံးမှုတွေ ရှိနိုင်တဲ့ စဉ်းစားမှုမျိုး ဖြစ်တယ်လို့ ပညာရှင်တချို့က ထောက်ပြပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် အလုပ်မဖြစ်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ဆန်စပါးဝယ်ယူမှုပုံစံကို ပြန်အသက်သွင်းသလို ဖြစ်တာကြောင့် အောင်မြင်ဖို့ထက် အလုပ်မဖြစ်ဖို့က ပိုများမယ်ထင်ပါတယ်။ တကယ်လို့ ဒီနေ့ နိုင်ငံရဲ့ အခင်းအကျင်းမှာ အဲဒီစနစ်ဟာ အောင်မြင်နိုင်မယ်လို့ယူဆရင် လူထုကို သေသေချာချာ ရှင်းပြဖို့ လို ပါလိမ့်မယ်။

လယ်သမားများအတွက် ချေးငွေထုတ်ချေးဖို့ လိုအပ်တဲ့အကြောင်း ဒီဥပဒေမူကြမ်းမှာ ဖော်ပြထားတာ တွေ့ရတဲ့အတွက် လယ်သမားတွေရဲ့ အရင်းအနှီး လိုအပ်ချက်ရှိမှုကို အသိအမှတ်ပြုရာရောက်တဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ အမတော်ကြေး ထုတ်ချေးတဲ့စနစ် ထဲမှာကိုက မလိုအပ်တဲ့ ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုတွေကြောင့် တောင်သူလယ်သမားများ အတွက် ချေးငွေတွေဟာ ရသင့်ရထိုက်တဲ့အချိန်မှာ ရသင့်ရထိုက်သလောက် ထုတ်ချေးနိုင်မယ့် အခြေအနေမျိုး မတွေ့ရဘဲ ဖြစ်နေပါတယ်။ ဒါကိုသေချာကိုင်တွယ် ပြင်ဆင်သင့်တယ်လို့ ဥပဒေပညာရှင်တချို့က သုံးသပ်ကြပါတယ်။

နောက်တစ်ခုကတော့ ခုထွက်ထားတဲ့ ဒီဥပဒေမူကြမ်း ရေးဆွဲတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးနှင့် ဒီဥပဒေ ပေါ်ပေါက်ခြင်းမှာ တောင်သူလယ်သမားတွေ အပါအဝင် နယ်ပယ်စုံက ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ် တွေရဲ့ ကိုယ်စားပြုမှု ကိစ္စပါ။ စတင်ဆွေးနွေး ရေးဆွဲစဉ်ကနေ ထွက်လာပြီးတဲ့အချိန်ထိ နယ်ပယ်စုံက ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စားလှယ်တွေ မပါဝင်ခဲ့ဘဲ နီးစပ်ရာလူတွေနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့တာ ဖြစ်လို့ ဒီဥပဒေဟာ လူထုကိုကျယ်ပြန့်စွာ ကိုယ်စားပြုပြီး ပေါ်ပေါက်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အားနည်းခဲ့လို့ ခုချိန်မှာ ဒီဥပဒေကြမ်းအပေါ် လူထုရဲ့ သုံးသပ်အကြံပြုချက်တွေရဖို့ Back Gear ထိုးပြီး လူထုသဘောထား ခံယူပွဲတွေ၊ အကြံပြု သုံးသပ်ချက်တွေကို သက်ဆိုင်ရာက အရေးတကြီး ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကောင်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် အရေးကြီးတာက အဲ့ဒီလိုရလာတဲ့အကြံပြုချက်တွေ လူထုအသံတွေကို ဘယ်လောက် အတိုင်းအတာထိ ထည့်သွင်းစဉ်းစားမလဲဆိုတဲ့ အချက်ပါ။ ဒါကတော့ လွှတ်တော်ကနေ အတည်ပြုပြီး နောက်ထပ် ထွက်လာနိုင်ခြေရှိတဲ့ နောက်ဆုံး ဥပေဒေပြဋ္ဌာန်းချက်တစ်ရပ် ထွက်ပေါ်လာတဲ့အခါ သိရမှာမို့ စောင့်ကြည့်ရုံသာ ရှိပါတယ်။

ခြုံငုံပြောရရင် လက်ရှိထွက်ပေါ်ထားတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းအပေါ် အင်အားစုအသီးသီးက အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးအကြံပြုလျက် ရှိနေသလို ဆက်ပြီးလည်း Debate လုပ်နေကြပါတယ်။ သြဂုတ်လထဲမှာ လွှတ်တော်ထဲ ရောက်သွားနိုင်တာ ကြောင့် ဒီကိစ္စဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်ပတ်သက်ပြီး လတ်တလောမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်နေပါတယ်။ လယ်ယာလုပ်ကိုင်ခြင်းနဲ့ အသက်မွေးကြတဲ့ တောင်သူလယ်သမားတွေမှာ လယ်ယာမြေ မရှိတော့တဲ့အခါ (သို့မဟုတ်) တောင်သူလယ်သမား အကျိုးစီးပွားကို အကာအကွယ် ပြုပေးထားတဲ့ ယန္တရား (Mechanism) ကြီးတစ်ခုလုံး မရှိတဲ့အခါ တောင်သူလယ်သမားဆိုတဲ့ လူတန်းစားတစ်ရပ်လည်း ပျောက်ကွယ်သွား နိုင်ပါတယ်။ အဲ့ဒီလူတန်းစား ပျောက်ကွယ်သွားရင် ထမင်းကို အဓိကစားသုံးတဲ့ သန်း ၆၀ သော ရွှေမြန်မာတို့ရဲ့ ထမင်းဝိုင်း ယဉ်ကျေးမှုပုံစံတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတို့ရဲ့လူမှုဘဝမှာ ကြီးမားတဲ့ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ တိုင်းပြည်မှာ ကြိုးစားတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း အဲဒီလိုအခြေအနေမျိုး ရောက်ခဲ့ရင် အခင်းအကျင်းတစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက တိုင်းပြည်ရဲ့ ထမင်းအိုးကို သော့မခတ်ထားပါနဲ့ စားသင့်စားထိုက်တဲ့သူတွေ ထိုက်သင့်သလို စားသောက်နိုင်အောင် (သို့မဟုတ်) သူတို့ထမင်းဝိုင်းတွေ အနှောင့်အယှက် မခံရအောင် တိတိကျကျနဲ့ မူဘောင်လေးတွေကို သေသေချာချာလေး ပြင်ဆင်ပေးစေလိုပါတယ်။ လယ်ထွန်ခြင်း၊ စပါး စိုက်ပျိုးခြင်းနှင့် စပါးရောင်းဝယ်ခြင်း လောက်ကိုသာ နားလည်ထားကြတဲ့ တောင်သူဦးကြီးတွေနှင့် ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ် မြှင့်တင်ပေးလို တယ်ဆိုလျှင် အဲဒီ တောင်သူလယ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်နှင့် အကျိုးစီးပွားတွေကို အကာအကွယ် ပြုနိုင်တဲ့ ဥပဒေမျိုးသာ ဖြစ်စေလိုပါတယ်။ ဥပဒေပြု အင်အားစုတွေအနေနဲ့ ဘယ်အရာတွေကို ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ ခုချိန်လောက်ဆို လုံလောက်တဲ့ မူဝါဒ သွင်းအားစုရရှိပြီး ဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေနှင့် တောင်သူလယ်သမားအရေး ကိစ္စဟာ နှစ်ပေါင်းများစွာ ဖြေရှင်းလို့ မပြီးနိုင်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စလို အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒါကိုဘယ်သူတွေက ဘယ်လို အဖြေရှာပြီး စစ်မှန်တဲ့ အခြေခံလယ်သမား လူတန်းစားတွေအတွက် အာမခံချက်အဖြစ် တည်ဆောက်ပေးနိုင်မလဲဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ အပါအဝင် အနာဂတ် ရွေးကောက်ပွဲတိုင်းကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားနိုင်မယ့် နိုင်ငံရေးဖက်တာ တစ်ခုလည်း ဖြစ်နေပါလိမ့်မယ်။

Credit To The Voice Weekly

Related Articles:

Post a Comment