" ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီးကို ရုပ်ရှင်ဇာတ်ကားအဖြစ်အသက်သွင်းကြမည့်အကြောင်း "

Photo: " ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီးကို ရုပ်ရှင်ဇာတ်ကားအဖြစ်အသက်သွင်းကြမည့်အကြောင်း "

ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးမှာလိုအပ်တဲ့ စက်ပစ္စည်းတွေကို ငှားရမ်းဖို့အတွက် ACE Warehouse ကုမ္ပဏီကိုထူထောင်လိုက်တဲ့ ကျော်ကျော်ဗိုက သူတို့ကုမ္ပဏီမှရုပ်ရှင်ဇာတ်ကားလည်း ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ကြောင်းနဲ့ အခုအခါ စာရေးဆရာ လှသောင်းရေးတဲ့ မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး 
စာအုပ်ကိုဝယ်ယူရန် စကားဆိုထားပြီးဖြစ်ကြောင်း ပြောပါတယ်။ 

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ပုံဖော်အသက်သွင်း ဖန်တီးမယ့်ဇာတ်ကားအကြောင်းနဲ့ 
ဒီဝတ္ထုကို ဝယ်ယူဖြစ်သွားပုံကို ကျော်ကျော်ဗိုက" ဒီကိစ္စက မြန်မာ နိုင်ငံမှာတကယ့်ကို ဦးဦးဖျားဖျား ကြီးဖြစ်ခဲ့တဲ့ကိစ္စဖြစ်တော့ စိတ်ဝင် စားတယ်။ ဒီဟာကိုဖန်တီးမှုတစ်ခု 
အဖြစ်အသက်သွင်းမယ် ဆိုရင်လည်း ကမ္ဘာမှာ မြန်မာတွေ ဒီလိုမျိုး ရိုက် ကူးခဲ့ပါလားဆိုပြီးဖြစ်မယ်။အဲဒါ ကြောင့်ဝယ်ပြီးရိုက်ဖြစ်တာပါ" လို့ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီး ကို ရိုက်ကူးဖို့အတွက် တတ်သိနား လည်တဲ့ပညာရှင်တွေနဲ့ တိုင်ပင်ဆွေး နွေးဖြစ်တာကိုကျော်ကျော်ဗိုက "အခက်အခဲတွေကတော့ နေရာ တိုင်းမှာရှိမှာပါပဲ။
ဘာပဲဖန်တီး ဖန်တီး၊ဘာပဲလုပ်ကိုင် လုပ်ကိုင်ခက်ခဲ ထစ်ငေါ့တာကရှိကြစမြဲပါပဲ။ အနည်း နဲ့အများပဲ ကွာတာပါ။ အဲဒါတွေကို ရင်ဆိုင်ဖို့လည်းကြိုပြီးတော့ ပြင်ဆင် ထားပါတယ်။
နည်းပညာအခက် အခဲ၊ရိုက်ကူးမှုအခက်အခဲကိစ္စတွေ ကိုလည်းတတ်သိနားလည်တဲ့ လူတွေ နဲ့ ပြင်ဆင်နေကြပါတယ်။ ဒီကိစ္စက ပြီး ပြီးရောလုပ်လို့မရတဲ့ ကိစ္စဖြစ်တဲ့ လို့ဘက်စုံထောင့်စုံကနေ စီစဉ်ပြီး မှသေသေချာချာလုပ်မှဖြစ်မှာပါ။ဖန်တီးဖို့ရည်ရွယ်ပြီးတော့ ပဲဒီဝတ္ထု ကိုဝယ်ထားတာဆိုတော့ ဘယ်တော့ လောက်ရိုက်ဖြစ်မယ်ဆိုတာတော့ 
အတိအကျပြောလို့မရပါ ဘူး။

ဒီဇာတ်ကားနဲ့လိုက်ဖက်မယ့်သရုပ် ဆောင် တွေကိုလည်းညှိ နှိုင်းရွေးချယ်သွား မှာပါ။ကုန်ကျစရိတ်ကလည်း တွက်ချက်နေတုန်းပါပဲ"လို့ပြောပါ တယ်။" 

မြန်မာနိုင်ငံ၏ကမ္ဘာ့ပထမ ဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး" စာအုပ်တွင်ဖြစ်စဉ်၌ ကိုယ်တိုင်ပါ
ဝင်ခဲ့သူဦးစောကျော်အေးနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီးစာရေး ဆရာ လှသောင်း ကမြန်မာ့သမိုင်းတွင် ကြုံ တောင့် ကြုံခဲဖြစ်ရပ် တစ်ခုကိုလူငယ် တွေသိရှိစေဖို့ ပြန်လည်ဖော်ထုတ် 
ရေးသားထားပါတယ်။ ၁၉၅၄ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ် ပွားခဲ့တဲ့ကမ္ဘာ့ပထမဆုံးလေယာဉ် ပြန်ပေးဆွဲမှုဖြစ်တဲ့အကြောင်းကို စာရေးသူကပြန်လည်မှတ်တမ်းရေး ဖွဲ့ထားတာဖြစ်ပြီးစာရေးသူက" စာအုပ်အနေနဲ့ပရိသတ်သိသူနည်းပြီး ရုပ် ရှင်ကျတော့အများကြီးကြည့်လို့ရ
တာမို့လူသိပိုများတယ်။

ဒီဇာတ် လမ်းကကမ္ဘာမှာပထမဆုံးလေယာဉ် ပြန်ပေးဆွဲမှုဆိုတော့ အင်မတန်မှဆန်း ပြားတယ်။နိုင်ငံရေးနဲ့လည်းသွားပြီး ရောယှက်နေတယ်။ပြည်တွင်းစစ် ကြီးကတရားခံပေါ့။အဲဒီကနေမငြိမ်း ချမ်းသေးတာအခုထိပေါ့။ ငြိမ်းချမ်း ရေးကကျွန်တော်တို့တိုင်း ပြညအတွက်လည်းအ
ဘက် ဘက်ကအများကြီး ဖွံ့ဖြိုးအောင်လုပ်လို့ ရတာ ပေါ့။ ကြည့်လိုက်တာနဲ့ ငြိမ်းချမ်းရေးက လိုသေးပါလားလို့ သိသွားရင်လည်း ကျွန်တော်တို့ ပြော ချင်တာတစ်ခုက အောင်မြင်ပါလား ပေါ့" လို့ပြောပါ တယ်။  

  ခိုင်ဝေလွင်

Credit To Popular Journal
Read More »

ဈေးကွက်စီးပွားရေးနှင့် နိုင်ငံရေး

Photo: ဈေးကွက်စီးပွားရေးနှင့် နိုင်ငံရေး
....................................

ယနေ့ မြန်မာနိုင်ငံရေးစနစ်သည် ဒီမိုကရေစီစနစ်ကို အခြေခံပြီး စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ကို အခြေခံမည်ဟု ဖော်ပြထားသော်လည်း ယင်းစနစ်နှစ်ခု၏ ဆက်စပ်မှု အနှစ်သာရများကို သိရှိသူ နည်းနေသေးသည်ကို တွေ့ရသည်။

ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ရေရှည်တည်တံ့စေရန် ဆိုလျှင် ပုံသဏ္ဌာန်မှန်သော ဈေးကွက်စီးပွားရေးစနစ် ကိုလည်း အောင်မြင်စွာ ဖော်ဆောင်ပေးနိုင်ရန် လိုအပ်ပေလိမ့်မည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် ဖြစ်တည်လာမည့် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေး တည်ငြိမ်မှု တို့သည်လည်းကောင်း၊ နိုင်ငံရေးရင့်ကျက်မှုနှင့် စီးပွားရေး 
ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတို့သည် လည်းကောင်း၊ ယင်းစနစ်နှစ်ခုတို့ သဟဇာတ ရှိရှိ အပြန်အလှန် ဆက်စပ်မှုနှင့် သက်ဆိုင်နေသည်ကို တွေ့ရပေလိမ့်မည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုပုံသဏ္ဌာန်ကို ပြန်ပြောင်းကြည့်လျှင် တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အနောက်နိုင်ငံများ၏ စီးပွားရေးထက် များစွာ နောက်ကျကျန်နေခဲ့သည့် အကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်းအားစုများကို အပြည့်အဝ အသုံးမချနိုင်ခြင်းဟူသော အဓိကကျသော အခြေခံ အကြောင်းရင်းများ၏ အချက်တစ်ချက်ကို သိရှိခဲ့သော်လည်း ထိုသို့ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု တိုးတက်မှု နှေးကွေးနောက်ကျ ကျန်ခဲ့ခြင်းအပေါ် အခြေခံကာ တရုတ်ပြည်တွင်း လူမှုတော်လှန်ရေးများ ပေါ်ပေါက်လာနိုင်သည်ကို ရိပ်မိစိုးရိမ်၍ သော်လည်းကောင်း၊ တရုတ်ခေါင်းဆောင် တို့သည် နိုင်ငံရေးစနစ်ကို မပြောင်းလဲဘဲ စီးပွားရေးစနစ်ကို ဗဟိုဦးစီးချုပ်ကိုင် စီးပွားရေးစနစ်မှသည် ဈေးကွက် အခြေခံစီးပွားရေးစနစ်ဆီသို့ ကူးပြောင်းစေခဲ့သည်။

နိုင်ငံရေးစနစ်ကို မပြောင်းလဲစေဘဲ စီးပွားရေးစနစ်ကိုသာ ပြောင်းလဲစေခဲ့သော တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သော်လည်း ယင်း၏ ဈေးကွက်စီးပွားရေးစနစ် ရေရှည်တည်တံ့စေမည့် နိုင်ငံရေးစနစ်ကိုမူ အပြောင်းအလဲ မလုပ်ခဲ့ပေ။

ဆိုလိုသည်မှာ ဈေးကွက်စီးပွားရေးစနစ်တွင် ကောင်းကျိုးများနှင့် ဆိုးကျိုးများရှိပြီး နိုင်ငံရေးအရ အပြန်အလှန် ပြိုင်ဆိုင်မှုမရှိခြင်းနှင့် နိုင်ငံရေးအရ ထိုဘေးထွက် ဆိုးကျိုးများ၏ ဘေးအန္တရာယ်များကို ဖြေရှင်းနိုင်ရန် အားနည်းခြင်း၊ ဈေးကွက်စီးပွားရေး စနစ်ကို မိမိနိုင်ငံ၏ ပကတိလိုအပ်ချက် များနှင့် လိုက်လျောညီထွေ ရှိစေမည့် မျှော်မှန်းထားသည့် လူမှုစီးပွားရည်မှန်း ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အတူတကွ ထိုဘေးထွက် ဆိုးကျိုးများကို နည်းနိုင်သမျှနည်းစေခြင်း စသည်တို့ အတွက်မူ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများတွင် ပိုမိုအောင်မြင်သည်ကို တွေ့ရသည်။ (ဥပမာ-ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ တရုတ်(တိုင်ပေ) စသည့်နိုင်ငံ များတွင် အထူးသဖြင့် သိသာစွာတွေ့ မြင်နိုင်သည်။)

ထို့ကြောင့် ယနေ့တရုတ်နိုင်ငံသည် ယင်း၏နှစ်ပေါင်း ၃၀ ကျော်ခန့် က စတင်ကျင့်သုံးခဲ့သော ဈေးကွက်စီးပွားရေး စနစ်၏ အရှိန်အဟုန်ဖြင့် (တစ်နည်းအားဖြင့် ရပ်ဆိုင်း၍ မရတော့သော သို့မဟုတ် နှေးကွေးသွား၍ မဖြစ်တော့သော) အရှိန်ကို ဆက်ထိန်းထားရသော တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေတွင် အဓိကအားဖြင့် တွေ့ မြင်ရသော ပြဿနာများ မှာ (၁) လေထုညစ်ညမ်းမှု၊ (၂) ရေသယံဇာတ ရှားပါးမှု (သောက်ရေ၊ သုံးရေ၊ လယ်ယာသုံးရေ အစရှိသည်)၊ (၃) ဝင်ငွေကွာဟမှုနှင့် လူတန်းစား ကွာဟမှုကြီးမြင့်လာမှု၊ (၄) အလုပ်အကိုင် အခွင့်အလမ်းများ မညီမျှမှု၊ 
(၅) လောင်စာစွမ်းအင်လိုအပ်မှု ကြီးမြင့်လာမှု တို့ဖြစ်ပြီး သတင်းနည်းပညာ ဖွံ့ဖြိုးမှုနှင့်အတူ နိုင်ငံသားတို့၏ နိုင်ငံရေး နိုးကြားလာမှုနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများ ကြိုးကြားကြိုးကြား ဖြစ်လာမှုတို့ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် တရုတ်နိုင်ငံအနေနှင့် လွယ်လွယ်ကူကူ နှင့် ဈေးသက်သက်သာသာ ရရှိနိုင်သော စွမ်းအင်အရင်းအမြစ်များ၊ ကုန်ကြမ်းအရင်းအမြစ်များ၊ ရေအရင်းအမြစ်များ စသည်တို့ကို ကမ္ဘာ့နိုင်ငံအဝန်း (အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ) မှ နည်းမျိုးစုံဖြင့် ရယူနိုင်ရန် ကြိုးပမ်း လာနေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

ယခု အမေရိကနှင့် အနောက်ဥရောပ နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု များ ရုပ်သိမ်းခြင်းများ၏ အကျိုးသက်ရောက်မှု အပေါ် မြန်မာ့ထုတ်ကုန်ပို့ကုန် အမျိုးအစားများနှင့် အရေအတွက် အပြောင်းအလဲများအပေါ် တွင် မည်ရွေ့မည်မျှ သက်ရောက်မှု ပေးနိုင်စေရန် လိုအပ်သော စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စွမ်း ရှိခြင်းနှင့် သက်ဆိုင်လာပေ တော့မည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေး ဖြစ်စဉ်ကို ပြန်ကြည့်လျှင် ၁၉၈၈ ခုနှစ်မှစ၍ (ထိုစဉ်က တပ်မတော်အစိုးရ)က ဈေးကွက် စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရေး ဟူသော အချက်ကို စီးပွားရေး ဦးတည်ချက် လေးရပ်တွင် ထည့်သွင်းခဲ့သော်လည်း ဈေးကွက် စီးပွားရေး စနစ်ပီပြင်အောင် မဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယနေ့တိုင် ပြည်သူအများစုမှာ ဆင်းရဲတွင်း သံသရာမှ ရုန်းမထွက် နိုင်သေးသလို နိုင်ငံ၏ ဘဏ္ဍာရေး ပိုငွေပြမှုပြဿနာ၊ ပြည်ပနိုင်ငံများ၏ ကြွေးမြီပြဿနာ၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုပြဿနာ၊ ပြည်ပနိုင်ငံများအပေါ် မှီခိုနေရမှု ပြဿနာ စသော ပြဿနာများစွာနှင့် ရင်ဆိုင်နေရဆဲ ပင်ဖြစ်သည်။ နိုင်ငံရေး စနစ်အရ တပ်မတော်အစိုးရ လက်ထက် (ဗဟိုဦးစီးချုပ်ကိုင်သော နိုင်ငံရေး အခင်းအကျင်း) က ကျင့်သုံးခဲ့သော စီးပွားရေးစနစ် (ဈေးကွက်စီးပွားရေး စနစ်) မှာ မပီမပြင်ဖြစ်ခဲ့ခြင်းကို တွေ့မြင်နိုင်သည်။

ထို့ကြောင့် ယနေ့မြန်မာနိုင်ငံသည် သဘာဝတွင်းထွက် သယံဇာတများ၊ ကုန်ကြမ်းများနှင့် လယ်ယာသားငါး ကဏ္ဍ ထွက်ကုန်များမှ လွဲ၍ စက်မှုထုတ် ကုန်ထုတ်လုပ် တင်ပို့နိုင်ခြင်းမရှိခဲ့ပေ။ 
တစ်နည်းအားဖြင့် ယခင်တပ်မတော်အစိုးရ လက်ထက်က မရှိခဲ့သော နိုင်ငံရေးစနစ် (ဒီမိုကရေစီစနစ်) နှင့် စီးပွားရေးစနစ် (ပီပြင်သော ဈေးကွက် စီးပွားရေးစနစ်)သည် ယနေ့ကာလ အရပ်သားအစိုးရ လက်ထက်မှစ၍ နောင်အနာဂတ် ကာလထိ တိုင်အောင် တရုတ်နိုင်ငံ၏ သင်ခန်းစာနှင့် မြန်မာ နိုင်ငံ၏ သင်ခန်းစာတို့ကို ပေါင်းခြုံကာ စဉ်းစားသွားရန် လိုအပ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်၏ မဟာဗျူဟာပန်းတိုင် ဖြစ်သော နိုင်ငံသားအားလုံး၏ ဘုံအကျိုးစီးပွားကို ဖြစ်တည်စေမည့် ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေး စနစ်ကို ပေါင်းခြုံစဉ်းစားသော မိမိ နိုင်ငံ ရေရှည်တည်တံ့စေရန်နှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်စေသော ပုံသဏ္ဌာန်ကို တည်ဆောက်သွားနိုင်ရန် လိုအပ်ပေလိမ့်မည်။

ဒေါက်တာအောင်ကိုကို
(စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

Credit To The Voice Weekly
Read More »

ငြိမ်းချမ်းရေးအတွက် ဆေး

ယခုရက်ပိုင်းအတွင်း အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားနေသော ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများနှင့် ပတ်သက်ပြီး မည်သူ့ကြောင့် မည်ဝါ့ကြောင့်ဟု အပြန်အလှန် စွပ်စွဲသံများ ထွက်ပေါ်လျက်ရှိသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်ပြီး ကေအိုင်အေ နှင့် တပ်မတော်အကြား မည်သူက အရင်တိုက်သည်၊ မည်သူက အရင်ကျူးကျော်သည် ဟု အပြန်အလှန် စွပ်စွဲမှုများရှိသည်။

မြောက်ပိုင်း ပါဂျောင်ဒေသ လူသတ်မှုနှင့်ပတ်သက်ပြီး ထိုဒေသတွင် ရှိခဲ့သည့် ကျောင်းသားလွတ်မြောက်ရေး တပ်မတော် ABSDF အဖွဲ့ဝင်အချင်းချင်း အကြား မည်သူ့တွင် တာဝန်ရှိသည်၊ မည်သူအမိန့်ပေးစေခိုင်းသည်၊ မည်သူ ကျူးလွန်သည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိကြသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် ထောင်သောင်းချီသော အပြစ်မဲ့ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး အစိုးရတွင် တာဝန်ရှိသည်၊ မိုးလေဝသနှင့် ဇလဗေဒတွင် တာဝန်ရှိသည်ဟူသော စွပ်စွဲသံများ ထွက်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာအပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ များသည် နိုင်ငံကို ကိုယ်ကျိုးစီးပွား ကာကွယ်ရန်အလို့ငှာ စနစ်တကျ ကြိုတင်ကြံစည် ကျူးလွန်သူများကြောင့်၊ လုံခြုံရေး တာဝန်ယူထားသူများက အကာအကွယ် မပေးနိုင်သောကြောင့်၊ မီဒီယာများက လှုံ့ဆော်သောကြောင့်ဟု အပြန်အလှန် စွပ်စွဲတိုက်ခိုက်မှုများ ရှိသည်။
မြန်မာ့သမိုင်းတွင်လည်း ဆိုရှယ်လစ်နှင့် ကွန်မြူနစ်၊ ရဲဘော်ဖြူနှင့် ရဲဘော်ဝါ၊ ပ.ထ.စ နှင့် ပ.မ.ည.တ စသည့် အဖွဲ့အချင်းချင်း၊ ပါတီအချင်းချင်း အပြန်အလှန် အပြစ်ဖို့တမ်း ကစားခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု တန်နဆီမြစ်ဖြတ်တံတားကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သင်္ဘောကြီးတစ်စင်း ဝင်တိုက်မိပြီး ပျက်စီးသွားသည်။ မေလ ၂၅ ရက်နေ့တွင် လေးလမ်းသွားတံတားကြီးကို ချက်ချင်းပြန်လည် အစားထိုး တည်ဆောက်ပေးခဲ့သည်။ တောင်ကိုရီးယားတွင် ဆိုးလ်မြို့တော်ရှိ တံတားတစ်စင်း ကျိုးကျသွားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးက သူ့တွင် တာဝန်ရှိသည်ဟုဆိုကာ ရာထူးမှ နုတ်ထွက်ပေးခဲ့သည်။ အချို့နိုင်ငံများဆိုလျှင် ဖြစ်ပေါ်သည့် ပြဿနာ အတိမ်အနက်ကို မူတည်ကာ တာဝန်ယူ၊ တာဝန်ခံသည့်အနေနှင့် ဝန်ကြီးချုပ်များ၊ သမ္မတများပင် နုတ်ထွက်ပေးခဲ့သည့် သာဓက ရှိခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်အချို့ဆိုလျှင် ထိုအတိုင်းပင်ဖြစ်သည်။

ဖော်ပြပါ တစ်စုံတစ်ရာ ပြဿနာဖြစ်ပါက ရာထူးမှ နုတ်ထွက်ပြီး မိမိတို့တွင် တာဝန်ရှိကြောင်း၊ မိမိတို့ပေါ့ဆမှုကြောင့် ဖြစ်ရကြောင်း ပြသကြသည့် နိုင်ငံအားလုံးမှာ ဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလူ့အဖွဲ့အစည်းသို့ ရောက်ရှိနေသော နိုင်ငံအများစုဖြစ်ကြသည်။ ထိုကဲ့သို့ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံစိတ်ကြောင့်ပင် ထိုနိုင်ငံတို့ ထိပ်တန်းရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးများ အကောင်အထည်ဖော် ဆောင်ရွက်နေသော မြန်မာနိုင်ငံတွင်လည်း အချင်းချင်းအပြန်အလှန် အပြစ်တင်၊ လွှဲချနေမည့်အစား တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်အပြည့်ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အဆင့်အတန်းကို နောက်တစ်ဆင့် မြှင့်တင်ရန် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း အထူး သတိပေးလိုပေသည်။

Credit To The Voice Weekly

Read More »

ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ်

When China Rules The World
(Martin Jacques ရေးသား၍ ဌေးနိုင်ဘာသာပြန်သည်။)
Photo: ဤကမ္ဘာကို တရုတ်တို့ ကြီးစိုးသည့်အခါဝယ်
...............................................
When China Rules The World
(Martin Jacques ရေးသား၍ ဌေးနိုင်ဘာသာပြန်သည်။)

အခန်း (၁)
လောကပါလအပြောင်းအလဲ

၁၉၄၅ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလအတွင်းမှာပင် အမေရိကန် စီးပွားရေးမှာ ဆိုဗီယက်ယူနီယံ၏ နှစ်ဆမျှ ကြီးမားခဲ့၏။ ဒုတိယကမ္ဘာစစ် အပြီးမှစ၍ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ နေတိုးစသဖြင့် နိုင်ငံတကာအဖွဲ့များစွာ၏ အဓိက မောင်းနှင်အားလည်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုလဲခဲ့ခြင်းက အမေရိက၏ မဟာအင်အားကြီး အခြေအနေကို ထပ်မံအားဖြည့်ပေးခဲ့သည်။ 

အမေရိက၏ အဓိကရန်ဘက်ကြီး ကျဆုံးသွားခဲ့ပြီးနောက် အရှေ့အုပ်စုမှ နိုင်ငံများအနေနှင့် ၄င်းတို့၏ ဈေးကွက်များကို ဖွင့်ပေးခဲ့ရပြီး အချို့မှာ အမေရိကထံမှ အထောက်အပံ့နှင့် အကူအညီကို လက်ဖြန့်တောင်းခဲ့ရသည်။ နိုင်ငံတစ်ခု၏ အင်အား ဤမျှကြီးမားသည်ကို သမိုင်း၌ တစ်ကြိမ်မျှ မကြုံစဖူး။ ဗြိတိသျှအင်ပါယာ၏ ရွှေရောင်နေ့ရက် များကပင် ဤမျှကြီးကျယ်ခဲ့သည် မဟုတ်။ ဒေါ်လာသည် ကမ္ဘာ့အရန်ငွေကြေး ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှု အားလုံးနီးပါးကို ဒေါ်လာဖြင့် ရောင်းဝယ်ကြသည်။ အစိုးရများက ဒေါ်လာကို ငွေမာအဖြစ် စုဆောင်းကြသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းများ အားလုံးလိုလို တွင် အမေရိကန်တို့ ကြီးစိုးခဲ့ကြသည်။ ကမ္ဘာအနှံ့အပြားတွင် အမေရိကန် စစ်တပ်များ ဖြန့်ကြက်ချထားနိုင်ခဲ့သည်။ ပြန်လည်အန်တုနိုင်ဖွယ်ရာ မရှိသော အနေအထားသို့ ရောက်ရှိခဲ့ပြီး ထောင်စုသစ်၏ အရုဏ်တက်တွင် အမေရိကကို “အင်အားလွန်နိုင်ငံ (Hyperpower) ”၊ “ထင်တိုင်းကြဲနိုင်သူ (Unipolarity) ” စသည့် အသုံးအနှုန်းများဖြင့် တင်စားလာကြ လေတော့သည်။ 

တန်ခိုးရှင်၏ ကြိမ်စကြာတံကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းမပေးမီ လက်ဝယ်ကိုင် ထားခဲ့ကြသူများမှာ ဥရောပနိုင်ငံများ ဖြစ်သည်။ အထူးသဖြင့် ဥရောပအင်အားကြီး နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အစောပိုင်းတွင် တန်ခိုးထွားခဲ့ကြသည့် စပိန်၊ ပေါ်တူဂီ နှင့် ဒတ်ခ်ျတို့ ဖြစ်ကြသည်။ ၁၈ ရာစုနှောင်းပိုင်း ဗြိတိန်၏ စက်မှုတော်လှန်ရေး အစမှသည် ၂၀ ရာစု အလယ်အထိ ကမ္ဘာ့သမိုင်းကို လှုပ်ခါခဲ့သူမှာ ဥရောပ ဖြစ်သည်။ ဥရောပတိုးတက်လာမှု၏ အင်ဂျင်မှာ စက်မှုတော်လှန်ရေးနှင့် ကိုလိုနီများ အောင်မြင်ခြင်းဖြစ်၏။ ဥရောပ၏ အနေအထား ကျဆင်းလာသည့် ပထမကမ္ဘာစစ်အပြီး ယတိပြတ်ဆိုရလျှင် ၁၉၄၅ ခုနှစ်၌ ပါဝါ အသစ်ဖြစ်လာသူ အမေရိကသည် ဥရောပယဉ်ကျေးမှု၏ ထွက်ကုန်တစ်ခု အနေနှင့်လည်းကောင်း၊ ကမ္ဘာဟောင်း (ဥရောပ) နှင့် ကမ္ဘာသစ် (အမေရိက) တို့ကို ကရုဏာနှင့် မုဒိတာတို့ ဖလှယ်ရာဒေသ အနေနှင့် လည်းကောင်း၊ ၄င်းနှင့် ဗြိတိန်အကြား အတိတ်မှ မလိုမုန်းထားမှုများကို မြှုပ်နှံကာ “အနောက်ကမ္ဘာ” ဟု တစ်ပေါင်းတစ်စည်းတည်း ခေါ်ဆိုနိုင်သည် အထိ ဥရောပကို တွဲခေါ်ခဲ့သည်။ 

ဤသို့ဖြင့် ရာစုနှစ် နှစ်ခုကျော်မျှ ကမ္ဘာကြီးကို  “အနောက်” (အစောပိုင်းရာစုတွင် ဥရောပ၊ နှောင်းပိုင်းရာစုတွင် အမေရိက) က ကြီးစိုးထားခဲ့ လေသည်။ 

အလားတူ သမိုင်းဝင် ပြောင်းလဲခြင်းကြီးတစ်ရပ်ကို စာရေးသူတို့ ယခုတစ်ဖန် မြင်တွေ့နေရပြန် ပါပြီ။ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စီးပွားရေးပမာဏ ကို ဖွံ့ဖြိုးဆဲတို့၏ စီးပွားရေးက လျင်မြန်စွာ အမီ လိုက်လာနေသည်။ ၁၉၇၃ ခုနှစ်က ကမ္ဘာတစ်ခုလုံး ထုတ်လုပ်မှုတန်ဖိုး (World GDP) ၏ ၆၀ ရာခိုင် နှုန်းကို ဖွံ့ဖြိုးပြီးနိုင်ငံများက ဖြည့်ဆည်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင်မူ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် တိုးတက်မှု လျင်မြန် လှသည်ဆိုပါစေ ဖွံ့ဖြိုးပြီးနိုင်ငံများကို စီးပွားရေးအရ၊ နည်းပညာအရ တစ်နိုင်ငံချင်း အမီလိုက်ရန်မှာ ကာလများစွာ ကြာမြင့်ပေဦးမည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲတို့၏ အစုအပေါင်းမှာ လူဦးရေအရ သော်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအရ သော်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတို့ထက် များစွာ သာလွန်လျက်ရှိရာ ယင်းအချက်ကပင်လျှင် ကမ္ဘာ့အင်အား ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲလာမှုကို ဖြစ်ပေါ်စေသည်။ 

နှစ်ဆယ့်တစ်ရာစု ဦးပိုင်းမှ စတင်၍ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဝယ်လိုအားကြောင့် ဆယ်စုနှစ်နှစ်ခုကျော် တောက်လျှောက် ကျဆင်းနေခဲ့သည့် အခြေခံ ကုန်ပစ္စည်း (ရေနံ၊ ကောက်ပဲသီးနှံ) ဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည် မှာ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ် ဆိုက်သည့်အချိန်ထိ ဖြစ်၏။ အရှေ့အာရှ နိုင်ငံများ စီးပွားရေးကောင်းလာသည် နှင့်အမျှ ၄င်းတို့လက်ဝယ်ရှိ အရန် ငွေကြေး (ဒေါ်လာ) ပမာဏမှာလည်း ကြီးထွားလာခဲ့သည်။ ယင်းတို့အနက်မှ စင်ကာပူ၊ တရုတ်စသည့် နိုင်ငံများအနေနှင့် ၄င်းတို့၏ အရန်ငွေကြေး အချို့အဝက်ကို Sovereign Wealth Funds ခေါ် အစိုးရပိုင် ဓနကုမ္ပဏီများ ဖွဲ့စည်းကာ ကမ္ဘာအနှံ့ အမြတ်အစွန်း ပိုမိုရနိုင်မည့် လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြပြန်သည်။ ရေနံထွက်ရာ အရှေ့အလယ်ပိုင်းမှ သူကြွယ်နိုင်ငံများ ကလည်း အလားတူ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများ တည်ထောင်ကာ ဥစ္စာတိုးသည်ထက် တိုးအောင် ရှာဖွေလာကြသည်။ အနောက်ကမ္ဘာမှ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ ငွေကြေး အကျပ်ဆိုက်သည့် ကာလတွင် အဆိုပါ ဓနကုမ္ပဏီများက ငွေလုံးငွေရင်းဖြင့် ဝင်ရောက်မြှုပ်နှံကြသည်ကို တွေ့လာရသည်။ 

ကမ္ဘာ့စီးပွားရေးပါဝါ ပခုံးပြောင်းသွားခြင်းကို သိသိသာသာ မြင်ရသည့်အချိန်မှာ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလအတွင်း နယူးယောက်မြို့ ဝေါလ်စထရိမှ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဘဏ်လုပ်ငန်းကြီးများ ပြိုလဲသည့် ကာလ၊ ယင်းဘဏ်များအနေနှင့် ဆိုခဲ့သော ဓနကုမ္ပဏီများထံမှ အထောက်အပံ့ကို ရှာဖွေလာရသော ကာလပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်သည် ငွေကြေးကြွယ်ဝသူ၊ ဘတ်ဂျက် ပိုငွေပြနေသူ အရှေ့အာရှနိုင်ငံများ နှင့် ငွေကြေးအခိုင်အမာမရှိ နှစ်ပေါင်းများစွာ ဘတ်ဂျက်လိုငွေ ပြလာသည့် အမေရိကန်ပြည်ထောင်စုတို့၏ ခြားနားချက်ကို သိသိသာသာ ပုံဖော်ပြလိုက် ခြင်းပင်ဖြစ်သည်။ 

ကမ္ဘာ့ထိပ်တန်း ငွေကြေးကုမ္ပဏီကြီး ဖြစ်သည့် ဂိုးလ်ဒ်မန်းဆက်စ် (Goldman Sachs) က ထုတ်ပြန်သည့် ခန့်မှန်းချက်များအရ ၂၀၅၀ ပြည့်နှစ် တွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံမှာ တရုတ်ဖြစ်လာပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယတို့မှာ ခပ်ဝေးဝေးမှ လိုက်ကာ ဒုတိယနှင့် တတိယ နေရာတို့တွင် ရှိကြမည်ဟု ဆိုသည်။ ထိပ်ဆုံး ဆယ်နိုင်ငံစာရင်းတွင် ဥရောပမှ ဗြိတိန်နှင့် ဂျာမနီတို့မှာ နောက်ဆုံးနားတွင်သာ ကပ်၍နေရာရမည် ဟု ဆိုသည်။ ထိပ်သီးစာရင်းအင်း ကုမ္ပဏီကြီးဖြစ်သော Pricewaterhouse Coopers ၏ ခန့်မှန်းချက်အရလည်း ၂၀၅၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ၏ စီးပွားရေးပမာဏမှာ ဂျပန်ကို ကျော်လွန်သွားမည်ဖြစ်ပြီး ရုရှား၊ မက္ကဆီကို နှင့် အင်ဒိုနီးရှားတို့၏ စီးပွားရေးပမာဏမှာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ ထက် ကြီးမားနေမည် ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ ခန့်မှန်းချက်များသာ လက်တွေ့ဖြစ်လာခဲ့ပါက နောင်အနှစ်လေးဆယ် ကမ္ဘာသည် ယနေ့နှင့် လွန်စွာ ခြားနားနေ ပေလိမ့်မည်။ 

၂၀၀၁ ခုနှစ်ကဆိုလျှင် အမေရိကန်တို့ ကျဆုံးခြင်းဆိုသည်ကို အိပ်မက်ပင် မက်ကြသည်မဟုတ်ပါ။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖြစ်ရပ်များ အပြီးတွင် အမေရိကန်ပြည်ထောင်စု အနေနှင့် တစ်ခုတည်းသော မဟာ အင်အားကြီးနိုင်ငံအဖြစ် မိမိကိုယ်မိမိ ရှုမြင်လာရုံသာမက ကမ္ဘာ့ရေးရာများ တွင် နေရာယူပုံကို ထောက်လျှင် အမေရိကသည် အခြားနိုင်ငံများထက် သာလွန်ကြီးကျယ်သည် ဟူသောအမြင်ကို ထင်ဟပ်စေခဲ့သည်။ ၁၉၉၇ ခုနှစ် တွင် ဒစ်ခ်ချေနီ၊ ဒေါ်နယ်ရမ်းစ်ဖဲလ်၊ ပေါလ်ဝုဖ်ဝဇ် အစရှိသူတို့ အပါအဝင် လက်သစ်ရှေးရိုးဝါဒီများ (Neo Conservatives) ဖြင့် တည်ထောင်ခဲ့သည့် “အမေရိကန် ရာစုသစ်” (New American Century) အမည်ရှိ သုခမိန်များအုပ်စု၏ အခြေခံကြေညာချက်၌-
“၂ဝ ရာစု နိဂုံးပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အမေရိကန် ပြည်ထောင်စုသည်လည်း ကမ္ဘာ့အကြီးကျယ်ဆုံး ပါဝါအဖြစ် ရပ်တည်လာပြီ ဖြစ်သည်။ စစ်အေးတိုက်ပွဲတွင် အနိုင်ရသည်အထိ အနောက်နိုင်ငံများကို ဦးဆောင်မှုပေးခဲ့သူ အမေရိကအနေနှင့် အခွင့်အလမ်းတစ်ရပ်နှင့် စိန်ခေါ် ချက်တစ်ရပ်ကို ရင်ဆိုင်ရန် ရှိလာသည်။ အမေရိကန်ပြည်ထောင်စု အနေနှင့် ယခင် ဆယ်စုနှစ်များ အတွင်း ရရှိခဲ့သော အောင်မြင်မှု ရလဒ်များအပေါ်တွင် ထပ်ဆင့် တည်ဆောက်သွားနိုင်ရန် အမြော်အမြင် ရှိပါသလား။ အမေရိကန် ပြည်ထောင်စုအနေနှင့် လာမည့် ရာစုသစ်တွင် အမေရိကန်စံ အခြေခံများနှင့် အကျိုးစီးပွားတို့ကို မျက်နှာသာရစေအောင် ပုံဖော်သွားရန် ဆုံးဖြတ်ပြီးပြီလား။”
စသဖြင့် နောင်တက်လာမည့် သမ္မတ ဘုရှ်အစိုးရ၏ ပေါ်လစီသစ်ကို လမ်းကြောင်းပေး တင်ပြထားခဲ့ဖူးသည်။ ၂၀၀၄ ခုနှစ်တွင်လည်း သြဇာ ညောင်းလှသည့် လက်သစ်ရှေးရိုးဝါဒီ ချားလ်စ်ကရူသမ်မားက ဤသို့ ရေးခဲ့ဖူးသည်။ 
“၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ဆိုဗီယက်ယူနီယံ ဇီဝိန်ချုပ် သွားခဲ့သည့်နည်းတူ အသစ်တစ်စုံတစ်ရာ သည်လည်း ပေါက်ဖွားလာခဲ့သည်။ စိန်ခေါ်မည့်သူ မရှိတော့သည့် ကမ္ဘာ့မြေပုံ၏ မည်သည့်ထောင့်စွန်း ကိုမဆို သက်ရောက်နိုင်သည့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ပေါ်ထွန်း လာပြီးနောက် ကမ္ဘာကြီးသည်လည်း တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ပြီး ယင်းအဖြစ်အပျက်မှာ ရောမအင်ပါယာ ပြိုလဲခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့သမိုင်း တွင် ပထမဆုံးဖြစ်သည်။”

ယင်းသို့ဖြင့် ၂၁ ရာစုသည် မျက်စိအောက်တွင် ပေါ်ထွန်းလာသည့် အကြွင်းမဲ့ အမေရိကန်ပါဝါကို ခေါင်းညိတ်နှုတ်ဆက်ရင်း အရုဏ်တက် ခဲ့ရလေသည်။ သမ္မတဘုရှ်၏ မူဝါဒအသစ်တွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား အဆမတန် သာလွန်ရေးကို အထူးစဉ်းစားပေးလာသည်။ မဟာမိတ်များ၏ အရေး သို့မဟုတ် နိုင်ငံတကာ သဘောတူညီချက်များ အတိုင်း ဆောင်ရွက်ရေးတို့ကို ဘေးချိတ်ပြီး အမေရိက၏ အကျိုးစီးပွားကိုသာ ငါ့လှေငါထိုး လုပ်လာခဲ့သည်။ စစ်အေးတိုက်ပွဲလွန် ကာလတွင် အမေရိကန်တို့၏ ကာကွယ်ရေးအသုံးစရိတ်မှာ ကျန်ကမ္ဘာ့နိုင်ငံများ အားလုံး၏ သုံးစွဲမှု စုစုပေါင်းနီးပါးမျှ ကြီးမားလေရာ လူ့သမိုင်း၌ မကြုံဖူးသော စစ်ရေးမညီမျှမှု ဖြစ်သည်။ သမ္မတဘုရှ် လက်ထက် နိုင်ငံခြားရေး ပေါ်လစီသစ်အရ အကြမ်း ဖက်မှု နှိမ်နင်းရေးစစ်ပွဲမှာ ခြွင်းချက်မဲ့ လိုအပ်ချက်ဖြစ်လာပြီး (မသူတော်)အစိုးရများ ဖြုတ်ချရေး (regime-change) မူဝါဒဖြင့် အီရတ်ကို ကျူးကျော် ဝင်ရောက်ခဲ့သည်။ 

လက်တွေ့တွင်မူ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ ရေးရာများကို အမေရိကန်တို့၏ လက်ဖြင့် ပုံဖော်နိုင်ခြင်းမျိုး ဖြစ်လာရမည့် အစား အီရတ်ကိစ္စတစ်ခုတည်းဖြင့် ဖင်ထိုင် ကျသကဲ့သို့ ဖြစ်သွားခဲ့ပြီးနောက် နိုင်ငံတကာတွင် အမေရိကကို ထောက်ခံမှုမှာ ၁၉၄၅ ခုနှစ်နောက်ပိုင်းမှ စတွက်လျှင် အနိမ့်ဆုံးအဆင့်သို့ ဆင်းသွားခဲ့သည်။ အဆမတန် သာလွန်သည့် စစ်အင်အားမှာ အီရတ်တွင် မဆိုစလောက်သာ သက်ရောက်နိုင်ခဲ့ပြီး အခြားတစ်ဖက်၌မူ တန်ဖိုးရှိလှသည့် အမေရိက၏ "အနုစားပါဝါ" မှာ (ဂျိုးဇက်ညိုင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆိုလျှင်- တိုင်းပြည်တစ်ခု၏ ပေါ်ပြူလာယဉ်ကျေးမှု၊ နှစ်လိုအားကျဖွယ်ရာ နိုင်ငံရေးအတွေးအခေါ် စသည် တို့ကြောင့် ရရှိလာသည့် သြဇာအရှိန်အဝါ) အလဟဿ ဆုံးရှုံးခဲ့ရသည်။ လက်သစ်ရှေးရိုးဝါဒီ တို့၏ နေရာယူမှုမှာ သမိုင်းကို ဝရုန်းသုန်းကား အဓိပ္ပာယ်ကောက်လွဲခြင်း အနေနှင့်သာ ကိုယ်စားပြု ခဲ့လေသည်။ 

စစ်ရေးနှင့် နိုင်ငံရေးအင်အားမှာ စီးပွားရေး တောင့်တင်းမှုပေါ်၌ တည်သည်။ ယနေ့အမေရိက၏ မဟာအင်အားကြီးနိုင်ငံဘဝ ဆိုသည်မှာ (အတိတ်ကာလ) ၁၈၇၀ မှ ၁၉၅၀ ပြည့်နှစ်များအတွင်း စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့ခြင်း၏ ရလဒ်များဖြစ်၏။ ဖြည့်ဆည်းခဲ့သော စီးပွားရေးပါရမီ ကြောင့် ၂ဝ ရာစု၏ ဒုတိယပိုင်းတစ်လျှောက်လုံး ကမ္ဘာ့အကြီးဆုံးနှင့် အင်တိုက်အားတိုက် အရှိဆုံး စီးပွားရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ 

(ဆက်လက်ဖော်ပြပါမည်)

အမျိုးသားနှင့် အမျိုးသမီးအကြား စိတ်ဝင်စားဖွယ်ရာ စိတ်အခြေအနေများ

အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှုရှိရုံသာမက စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေတာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိထားပါတယ်။

(၁) အမျိုးသားတွေက အမျိုးသမီးတွေထက်နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။ အမျိုးသမီး အများစုက အမျိုးသားအများစုထက်ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာတတ်ပါတယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ်ထားပြီးသား အရာတစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူစစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှုတစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိတတ်ကြပါတယ်။

(၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီတတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့အခါမှာ ပိုပြီး အဆိုးမြင်တတ်ကြပါတယ်။

(၆)အမျိုးသမီးအများစုကတချို့အလုပ်ကိစ္စတွေမှာတော်တယ်လို့ယုံကြည်ကြပေမယ့်အရာရာတိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန်တတ်ကြပါတယ်။

(၈) အမျိုးသမီးတွေက အမျိုးသားတွေထက်နှစ်ဆပိုပြီး စကားများကြပါတယ်။ တစ်နေ့မှာ အမျိုးသားတွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ရှိကြပါတယ်။

(၉) အမျိုးသားအများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့်ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာအမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ်တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက်သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။
ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသားတွေထက်) နာကျင်ဝမ်းနည်းတဲ့အခါ လေးဆ ပိုပြီး ငိုကြွေးတတ်တာပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Credit to စိတ်ကူးပျော်ရာ
Read More »

နတ် စည်းကမ်း ထုတ်သင့်၊ မထုတ်သင့်

မစပ်စု
မြန်မာတချို့ နှစ်ပေါင်းများစွာ ကိုးကွယ် ယုံကြည်လာခဲ့တဲ့ နတ်ကိုးကွယ် ပူဇော်ပသမှုတွေဟာ ဒီနေ့ထိတိုင်အောင် ရှင်သန်နေတုန်းဆိုတာ တွေ့နေရပါတယ်။

ဒီလို ရှင်သန်နေလို့ပဲ နှစ်စဉ် ၀ါခေါင်လဆန်း ၁ ရက်နေ့ကနေ ၀ါခေါင်လပြည့်ကျော် ၁ ရက်နေ့အထိ နတ်တို့ ပျော်မြူးရာ တောင်ပြုန်းပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရပ်ကွက်ထဲမှာ အဓိဌာန်တွေ အောင်လို့၊ စီးပွားလာဘ်လာဘတွေ တိုးတက်လာလို့ ကိုယ့်အိမ်မှာကိုယ် နတ်ကန္နားပေးကြတဲ့ သူနဲ့၊ ဒါမှမဟုတ် နတ်ကတော် အိမ်သွားပြီး ထိုင်ကန္နား ပေးတဲ့သူနဲ့ သုံးရက် ကန္နား၊ တရက် ကန္နား စသဖြင့် ပွဲအကြီး အသေးသာ ကွာသွားတယ် ပူဇော်ပသပုံကတော့ မကွာလှပါဘူး။

မစပ်စုသည် ဧရာဝတီ သတင်းဌာန၏ အနုပညာရေးရာ သတင်းထောက်ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီလောကမှ မြန်မာ အနုပညာ ရှင်များ၏ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုများကို ရေးသားလျက် ရှိသည်။

ဒီလို နတ်ကန္နားပွဲကြီးတွေ ပေးပြီဆိုရင် မပါမဖြစ် ဆိုင်းဝိုင်းကြီးတွေနဲ့ အတူ ရွှေတိုက်စာရင်းဝင် နတ်ချင်းတွေ၊ မဟာဂီတ သီချင်းကြီးတွေ၊ အပျော်ချော့ နတ်ချင်းတွေနဲ့ နတ်တွေပျော်အောင် တင်ဆက် ဖျော်ဖြေကြတယ်လို့ ဆိုရလေမလားပဲ။ ဒီလိုနတ်သီချင်းတွေနဲ့ နတ်ဝင်သည်တွေ နတ်ကတော်တွေက ကခုန်ကြတာပါ။ ဒီဘက်ခေတ်ကို ရောက်လာပြန်တော့ ခေတ်ရေစီးကြောင်းနဲ့ အတူ လူတွေ၊ အရာဝတ္ထု ပစ္စည်းတွေသာမက နတ်တွေပါ ပြောင်းလဲလာတယ်လို့ ဆိုရလေမလားပါပဲ။

ဘာကြောင့်လဲဆိုတော့ တောင်ပြုန်းပွဲတွေက နတ်ကန္နားတွေနဲ့ ရပ်ကွက်ထဲက နတ်ကန္နားပွဲ တချို့မှာ ရှေးခေတ် နတ်ချင်းတွေ အစား အိုပါးဂမ်းနမ်းစတိုင်၊ အိုးလေးလှုပ်ပါဟေ့၊ ၀ါကာ ၀ါကာ စတဲ့ ခေတ်ပေါ် သီချင်းတွေ အသုံးပြုပြီး နတ်ကတော်တွေက နတ်တွေကို ချော့မြူလာကြပါပြီ။ သူတို့လုပ်ပုံနဲ့ နတ်တွေလည်း အိုပါး တောင်ပြုန်းစတိုင်တွေ၊ တောင်ဂေါ်လီတွေ ဖြစ်ကုန် ကြပါလေရော။

ဒီလိုတွေ ဖြစ်လာကြတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ကနေ နတ်ဆိုင်းအဖွဲ့သားတွေနဲ့ နတ်ကတော်တွေ လိုက်နာရမည့် စည်းကမ်းချက်တွေ ထုတ်ရဖို့ ကြံကြရတော့တာပေါ့။

နတ်လမ်းစဉ်၊ နတ်စည်းကမ်းနဲ့ အညီ သီဆို တီးမှုတ် ကပြခြင်းနဲ့ သမားစဉ်မပြတ် ဆောင်ရွက်ရမှာဖြစ်ပြီး ခေတ်ပေါ်တေးသီချင်း တူရိယာတွေ အသုံးပြု သီဆို ကပြခြင်းနဲ့ ရိုးရာ နတ်ပညာရပ်တွေကို ညှိုးနွမ်းစေမယ့် အဟောအပြော အပြုအမူတွေကို တားမြစ် ထားတဲ့ စည်းကမ်းချက်ကို ထုတ်ပြန်ပြီး အတည်ပြုဖို့ အတွက် ကြိုးစားနေတယ်လို့ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဒါကို ဆွေးနွေးနေပါတယ်။ အကြံပေးတာတွေကိုလည်း လက်ခံနေပါတယ်။ တောင်ပြုန်းမှာလည်း ခေတ်ပေါ် သီချင်းတွေနဲ့ ကကြတော့ ကြိုက်တဲ့သူကလည်း ကြိုက်တာပေါ့ဗျာ။ မကြိုက်တဲ့သူ ကျတော့လည်း သဘင်အစည်းအရုံးကို ပြောတာပေါ့။ ဒါတွေဟာလည်း စည်းကမ်းတွေ မရှိတော့ဘူးဆိုပြီး ကျနော်တို့လည်း ကြားကြား နေရတော့ အကြံဉာဏ် ပေးရင်းနဲ့ စည်းကမ်းချက်တွေ ဖြစ်လာတာပေါ့။ ဒါကလည်း မူကြမ်းဖြစ်မှာပါ။ ထုတ်ပြန်တယ်ဆိုတဲ့ နေရာမှာလည်း ဒီမိုကရေစီ ခေတ်ကြီးထဲမှာ အားလုံးကို တင်ပြရဦးမှာပေါ့” လို့ သူက ဆိုပါတယ်။

ဒါဟာလည်း ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် ဒီလို နတ်ချင်းတွေနဲ့သာ သီဆို ကပြဖို့ အမိန့် သွားထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်ကြောင်းနဲ့ နတ်ချင်းတွေနေရာမှာ မော်ဒန်ဂီတတွေ ဖုံးလွှမ်းမသွားဘဲ ရိုးရာနတ်ချင်းတွေသာ မပျောက် မပျက် ရှိသွားမှာပါလို့ “ပြုံး၍လည်း အကန်တော့ ခံတော်မူပါ၊ ရယ်၍လည်း အကန်တော့ ခံတော်မူပါ” ဆိုတဲ့ တောင်ပြုန်း ပွဲတော်ကြီးနဲ့ နတ်ကတော်တွေအကြောင်း ရေးသားခဲ့တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က သူ့ရဲ့ အမြင်ကိုပြောပါတယ်။

“နတ်ကိုးကွယ်တဲ့ သူတွေကလည်း အမျိုးမျိုး ရှိတာကိုး။ နတ်ဆိုင်း တီးတဲ့ သူတွေကလည်း သူတို့ ရိုးရာတွေကို ရပါတယ်။ ဒါပေမယ့် တချို့လူတွေ ကျတော့လည်း ဒီလို မြူးမြူးလေး တီးခိုင်းတဲ့အခါ ကျတော့ တီးကြတာပေါ့။ ကျမ မြင်သလောက်ကတော့ ဥပမာ – မင်းကြီးမင်းလေး အရှင်နှစ်ပါး ထွက်လာတဲ့ အချိန်မျိုးမှာ သူတို့ဘယ်တော့မှ မတီးဘူး။ တကယ့်ရိုးရာ နတ်ကြီး ကောက်တဲ့ အချိန်မျိုးမှာဆိုရင် ရိုးရာကို တီးကို တီးပါတယ်။ အစဉ်အလာ အရလည်း သူတို့ ကြောက်ကြတယ်။ နတ်ဆိုင်းတီးတဲ့ သူတွေကော၊ နတ်ကတော်တွေအားလုံးပါ ယုံကြည်တယ်လေ။ မရိုမသေ မလုပ်ရဲဘူး။ နတ်ပွဲတွေမှာ ရှိပါတယ်၊ အပြင်က လူတွေ ၀င်ပြီး နတ်ချော့
ကြတာပေါ့။ အဲဒီမှာ ၀င်ချော့တဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုး သမားစဉ်တွေ ဘာတွေကို သူတို့ မကတတ်တဲ့ အခါကျတော့ ခပ်သွက်သွက်လေးတွေ ကပြီးတော့ တီးကြတာပေါ့လေ” လို့လည်း ဆရာမက ရှင်းပြပါတယ်။

ခေတ်ရေစီးကြောင်းလို့ ဆိုပေမယ့် နတ်ချင်းကို သင်္ကြန်ဒိုးနဲ့ ရောပြီး နတ်ချင်းမှန်းမသိ၊ သင်္ကြန်ဒိုးမှန်းမသိ ဖြစ်နေတဲ့ ခေတ်မှာ ရိုးရာဟာ ရိုးရာဘဲ ဖြစ်သင့်တယ်လို့ ထင်မြင်မိကြောင်းနဲ့ ရိုးရာစည်းကမ်း ဖောက်ဖျက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူ သင့်ကြောင်းကိုတော့ ဆိုင်းဆရာ သီရိမောင်မောင်က ပြောပါတယ်။

“ပြင်းပြင်းထန် အရေးယူသင့် ပါတယ်။ ရိုးရာပဲ ဖြစ်ရမှာပေါ့နော်။ ဆန်းသစ်တယ် ဆိုတဲ့နေရာမှာ နောက်ပိုင်း ဆရာများ အသစ်ရေးတဲ့ သီချင်းကို ဆန်းသစ်ပြီး ပေါက်သွားတာ တွေလည်း အများကြီးရှိပါတယ်။ အဲဒီလို သီချင်း မျိုးလေးတွေကို လက်ခံပါတယ်။ မမနှဲကလည်း အိုးလေး လှုပ်ပါဦးနဲ့ ကတာတို့၊ အမေရေယာဉ်ကလည်း အိုးလေးလှုပ်ပါဦးနဲ့ ကတာတို့ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ” လို့ ၎င်းက ဆိုပါတယ်။

နတ်ကန္နားပွဲကြည့် ပရိသတ်တဦးကလည်း နတ်စည်းကမ်းတွေနဲ့အညီ သီဆိုကြတာကတော့ အကောင်းဆုံးပဲလို့ မစပ်စုကို ပြောပါတယ်။

“အဲဒီလိုဆိုရင် ကျမတို့လည်း ကြိုက်တယ်၊ နားထောင်လို့လည်း ကောင်းတယ်ပေါ့။ ရပ်ကွက်တွေထဲမှာ “အိုးလေးလှုပ်ပါဟေ့” ဆိုတာမျိုးနဲ့ ကကြတော့ ဘေးနားက လူတွေကလည်း တဟေးဟေးနဲ့ လက်ခုပ်တွေ တီးကြတာပေါ့နော်။ အဲဒီလိုမျိုး ကျတော့ နတ်ပွဲမှာ သရုပ်ပျက်တာပေါ့။ ခေတ်ပေါ် သီချင်းတွေ ထည့်တာတော့ နတ်စည်းကမ်းနဲ့ မကိုက်ညီပါဘူး” လို့ နတ်ပွဲတွေမှာ ခေတ်ပေါ် သီချင်းတွေနဲ့ တင်ဆက်မှုအပေါ် သူက ကန့်ကွက် လိုက်ပါတယ်။

ဒီဘက်ခေတ် နတ်ကန္နားပွဲတွေက တချို့ နတ်ကတော်တွေ အကြားမှာ အိုးလေးလှုပ်ကြ၊ ဂမ်းနမ်းစတိုင် ထုတ်ကြတဲ့ ပျော်စေ ပျက်စေ အနေနဲ့ ကပြကြတာလည်း ရှိသလို တကယ့်အကြီးအကဲ နတ်ကတော်တွေ အနေနဲ့ အဲဒီလို သီဆိုကပြခြင်း မရှိသလောက် နည်းပါးပါတယ်လို့ နှစ်ပေါင်း ၄၅ နှစ်တိုင်တိုင် နတ်ကတော်လုပ်ငန်းကို လုပ်ကိုင်လာခဲ့တဲ့ တောင်ပြုန်းမြောက်လက် သိုးဆောင်း မိဖုရားကြီး ဒေါ်အုန်းတင် ကန္နားစီး လုပ်ငန်းက ဒေါ်သန်းသန်းမော်က ပြောပါတယ်။

“ကျမတို့ကတော့ ဘရုတ်သုတ်ခ သီချင်းတွေ၊ ပျော်စေ ပျက်စေ Gay (ဂေး) တွေနဲ့ ကတာတွေတော့ မလုပ်ပါဘူး။ ကျမတို့ဆီမှာ သီဆိုတဲ့သူတွေ ဆိုင်းဆရာတွေ ဆိုတာကလည်း ဟိုးအရင် နှစ် ၄၀ လောက် ကတည်းက အခုအချိန်ထိ လက်တွဲလာခဲ့တဲ့ နတ်ပွဲနဲ့ ပတ်သက်တဲ့ အဆိုတော်ကြီးတွေနဲ့ နတ်စည်းကမ်းနဲ့ အညီ ဆိုကြတာပဲ။ တချို့ နတ်ကတော်တွေ ဆိုလည်း နတ်စည်းကမ်းနဲ့ အညီ သီဆိုကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့ အပြင်တွေမှာ ဂေးတွေက ဆိုကြ ကကြတယ်။ နောက် ရပ်ကွက်ထဲမှာ သူတို့တွေက နတ်ကို ပူဇော်တာလည်း တမျိုး၊ သူတို့ရဲ့ ထုံးစံအတိုင်း ခေတ်ပေါ် သီချင်းတွေနဲ့ ကနေတာတွေ ရှိတယ်။ တကယ့် တောင်ပြုန်းမင်းနဲ့ ပတ်သတ်တဲ့ သိုးဆောင်း မိဖုရားကြီးတွေ၊ တကယ့် အကြီးအကဲ နတ်ကတော်တွေကတော့ အဲဒီလိုမျိုး ကတာတွေ သိပ်မရှိဘူး” လို့ သူက ပြောပါတယ်။

ရှေးယခင် ကတည်းက နတ်ကန္နားပွဲ ကျင်းပခြင်းအစဉ်အလာ ရှိခဲ့ပေမယ့် ဒီဘက်ခေတ်တွေမှာလို နတ်ကတော် အများအပြား မရှိခဲ့ဘူးလို့ သိရပါတယ်။ ရှိတဲ့ နတ်ကတော် များဟာလည်း အသက်ကြီးကြီး အမျိုးသမီးကြီးတွေပါ။ တဖြည်းဖြည်း ဒီဘက်ခေတ်ကို ရောက်လာလေတော့ ၉၀ ရာခိုင်နှုန်းနီးပါး နတ်ကတော် အလုပ်ကို ဂေးတွေကပဲ လုပ်ကိုင် လာကြတယ်လို့ သိရပါတယ်။

“ကျမတို့နိုင်ငံမှာ ဂေးနဲ့ ပတ်သက်ပြီး တရားဝင် မဟုတ်ဘူးလေ။ ဒီတော့ ဂေး ဆိုတာ သူတို့ရဲ့ စိတ်သဘောအရ မိန်းမ သဘာဝအတိုင်း နေချင်တယ်၊ ပြင်ဆင်ချင်တယ်၊ ၀တ်စားချင်တယ်၊ ကချင်တယ်။ အဲဒီအချိန်မှာ သူတို့အတွက် နတ်ပွဲမှာ သွားလုပ်လို့ ရတယ်လို့ ကျမ ထင်တယ်။ အဲဒီမှာ မိတ်ကပ်လိမ်းလို့ရတယ်၊ ကလို့ရတယ်။ အဲဒီကနေမှ သူတို့က ဒီနတ်လိုင်းထဲကို ၀င်သွားတယ်လို့ ထင်တယ်။ သူတို့ဟာ နတ်ကတော် မိန်းမကြီးတွေနဲ့ ကွာနေတာက လူတွေ အမြင်က ပြောင်းလာတာပေါ့။ ကျမတို့ ငယ်ငယ်က မြန်မာမကြီးတွေက မိတ်ကပ်တောင် မလိမ်းဘူး။ သနပ်ခါးရေကျဲလေးနဲ့ ဇွန်ပန်းကုံးလေးဆွဲလို့၊ ဒီလိုဆိုတော့ အသွင်အပြင်ချင်း ကွာသွားပြီလေ။ ဂေး တွေက ကျတော့ ခေတ်ရေစီးကြောင်း အရပဲလေ။ ပြင်တာ ဆင်တာတွေက သိပ်လှတာပေါ့။ မတူအောင် လုပ်နိုင်တယ်။ အဲဒီကနေပြီးတော့ နေရာရသွားတယ်လို့ ထင်တယ်” လို့ စာရေးဆရာမ နုနုရည် (အင်းဝ) က သူ့အမြင်ကို ပြောပါတယ်။

အရင်က ရိုးရာအရ နတ်တွေကို အရိုအသေတခု အဖြစ် ကိုးကွယ်ခဲ့ကြပေမယ့်လည်း ၁၉၈၈ နောက်ပိုင်းမှာ ပြည်သူတွေရဲ့ စီးပွားရေး တဖြည်းဖြည်း ကျဆင်းလာတာနဲ့ အမျှ နတ်တွေကို ကိုယ့်ရဲ့ အားကိုးရာတခုအဖြစ် ပိုမို ယုံကြည် ကိုးကွယ် လာကြတယ်လို့ သိရပါတယ်။ ဒီလို ရပ်ကွက်တွေထဲမှာ အဓိဌာန်အောင်ရင် အောင်သလို စီးပွားရေး ကောင်းရင်ကောင်းသလို ယုံကြည်မှုနဲ့ တွင်တွင်ကျယ်ကျယ် ပေးလာကြတဲ့ ဆိုင်းဝိုင်းကြီးတွေနဲ့ နတ်ကန္ဒားပွဲ တွေဟာ တရက်ကို ကျပ် သိန်း ဆယ်နဲ့ချီ ဖြစ်လာခဲ့တဲ့ ဒီကနေ့ ခေတ်မှာတော့ တဖြည်းဖြည်း နည်းပါးလာတယ်လို့ နတ်ကတော် အသိုင်းအ၀ိုင်းက ကြားသိရပါတယ်။

Credit To ဧရာဝတီ
Read More »

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

Photo: မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ

--------------------------------------------
ဆေးသုတေသနစစ်တမ်းများအရ လူ ၁၀ ဦးလျှင်တစ်ဦး အသည်းရောင်အသားဝါ ဘီပိုး 
ကူးစက်ခံနေရသောကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

------------------------
ရေးသားသူ- ၀တ်ရည်အောင်

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် တစ်ဦး အသည်းရောင်အသားဝါဘီပိုးကူး စက်ခံနေရကြောင်း တွေ့ရှိခဲ့ကြသဖြင့် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ခြောက်သန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံရှိ လူထုအား သေဆုံးစေသည့်ရောဂါများအနက် အသည်းခြောက်ရောဂါသည် နံပါတ်ရှစ်နေရာတွင် ရှိနေကြောင်း GBD  2010 တွင်  ဖော်ပြထားပြီး အခြားနိုင်ငံများနှင့်မတူ မြန်မာနိုင်ငံသည် အသည်းရောင်ဘီပိုးကြောင့် အသည်းခြောက်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံလည်းဖြစ်သည်။

ပြည်တွင်းရှိ အသည်းအထူးကုဆရာဝန်များထံသို့ ရောက်ရှိလာသည့် လူနာအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် အသည်းရောင်အသားဝါဘီပိုးကြောင့် နောက်ဆက်တွဲ ရရှိလာသည့် ရောဂါများဖြင့် ရောက်ရှိလာသည့် လူနာများဖြစ်နေကြောင်း အသည်းအထူးကုသမားတော်ကြီးများက ပြောသည်။

ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်)ကူးစက်ခံရမှုကို အထူးတလည်ကြောက်ရွံ့နေသည့်အချိန်တွင် အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ပုံတူညီသည့် အသည်းရောင် အသားဝါဘီပိုးသည် အိတ်ခ်ျအိုင်ဗီထက် အဆငါးဆယ်ပိုမိုကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။

ရောဂါပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်များထဲတွင် ပမာဏများစွာပါဝင်နေပြီး အနည်းငယ်ထိရှမိရုံဖြင့် ရောဂါပိုးကူးစက်နိုင်သည်။ ရောဂါပိုးသည် ပမာဏနည်းနည်းဖြင့် တံတွေး၊ နို့ရည်၊ ချွေးစသည်တို့တွင်လည်း ပါဝင်နေပြီး အခြားဗိုင်းရပ်စ်ပိုးများနှင့်မတူ ခန္ဓာကိုယ်ပြင်ပတွင်လည်း တစ်လခန့် အသက်ရှင်နိုင်သည်။

အသည်းရောင်အသားဝါဘီကြောင့် ဆေးရုံ၊ ဆေးခန်းရောက်လာသည့် လူနာများတွင် ကလေးငယ်မှစတင်ပြီး သက်ကြီးရွယ်အိုအထိ အရွယ်စုံပါဝင်ကာ ထိုရောဂါသည် ပျောက်ကင်းအောင် ကုသရန် မလွယ်ကူသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။

ရောဂါပိုးသည် သွေးအတွင်း၌ ပျံ့နှံ့နေပြီး အခြားသူတစ်ဦးထံသို့ သွေး၊ ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်နှင့်ရောဂါရှိသော မိခင်မှ ကလေးသို့ မီးဖွားချိန်များတွင် ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် သွေးမကြာခဏသွင်းသူများ၊ ကျောက်ကပ်ဆေးနေရသူများ၊ မူးယစ်ဆေးဝါးအကြောထဲသွင်းသူများ၊ လိင်အပျော်အပါးများသူများ၊ ခန္ဓာကိုယ်တွင် အပေါက်ဖောက်သူများ ဆေးမင်ကြောင်ထိုးသူများတွင် ရောဂါကူးစက်နိုင်ခြေများပြားသည်။

“ဒီနိုင်ငံထဲမှာ ကူးတာကတော့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာများတယ်” ဟု အသည်းအထူးကုသမားတော် ဒေါက်တာသံစစ်က ပြောသည်။

ရောဂါပိုးကူးစက်ခံထားရသူများမှာ ဆေးဝါးကုသမှုများဖြင့် ပုံမှန်ရှင်သန်နိုင်သော်လည်း အခြားသော နိုင်ငံများမှ နိုင်ငံတွင်းလာရောက် အလုပ်လုပ်မည့်သူများ၊ ပညာသင်မည့်သူများအား အသည်းရောင်အသားဝါပိုးမရှိမှသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသည်။

“အခုဆိုရင် နိုင်ငံတကာမှာ အခွင့်အရေးတွေရှိလာပေမယ့် ဘီပိုးရှိလို့ အလုပ်မရကြတာတွေ၊ ပိုးရှိနေလို့ ကျောင်းသွားမတတ်နိုင်တာတွေလည်း အများကြီးရှိလာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

“အိမ်ထောင်ပြုသည့် အသက်အရွယ်တွေကို အိမ်ထောက်ဖက်ကို ပြောသင့်သလားဆိုပြီး တိုင်ပင်ကြတာတွေလည်းရှိတယ်။ အချို့ဆိုလည်း အိမ်ထောင်ပြုပြီးမှသိသွားလို့ ပြဿနာတွေ တက်ကြတာတွေလည်းရှိတယ်” ဟု ဒေါက်တာသံစစ်က နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာကိုပြောသည်။

ဘီပိုးသည် မသန့်ရှင်းသော သောက်ရေ၊ မသန့်ရှင်းသည့် အစားအသောက်တို့မှ ကူးစက်တတ်သည့် ရောဂါမဟုတ်သော်လည်း ဘီပိုးရှိသူများတွင် မသန့်ရှင်းသည့် အစားအသောက်ကြောင့် အသည်းရောင်အသားဝါ A, E ကဲ့သို့သော ပိုးများထပ်ဝင်လျှင် ရောဂါများရရှိပြီး ရောဂါအခံရှိသည့်သူများတွင် ရောဂါပိုးဆိုးသွားနိုင်ကြောင်းလည်း သတိပြုသင့်သည်။

ဘီပိုးကူးစက်ခံရပြီးနောက် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ နုံးခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အဆစ်နာခြင်း လက္ခဏာများပြသလေ့ရှိသော်လည်း ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနှင့် ကလေးသူငယ်များတွင် ထိုကဲ့သို့ ရောဂါလက္ခဏာ မပြသဘဲ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာများအဖြစ် ပြောင်းလဲသွားကြသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် အသည်းရောင်အသားဝါဘီပိုး၏ နောက်ဆက်တွဲအသည်းရောဂါများဖြင့် သေဆုံးနေကြပြီး မြန်မာနိုင်ငံတွင်လည်း သေဆုံးမှု စာရင်းအတိအကျမရှိသော်လည်း World life expectancy ၏ တွက်ချက်မှုအရ မြန်မာသည် ကမ္ဘာပေါ်တွင် အသည်းရောဂါဖြင့် သေဆုံးနှုန်း နံပါတ် ၂၀ နေရာတွင် ရှိနေသည်။

အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအနက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံးကာကွယ်နိုင်မှုပင် ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀ ၀န်းကျင်ဖြင့် သုံးကြိမ်ထိုး၍ကာကွယ်နိုင်သည်။

ဘီပိုးကူးစက်မှုလျှော့ချနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းအချို့မှ ရည်မှန်းထားသည့် လူအနည်းငယ်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၀ ပြည့်နှစ်ကျော်မှ စတင်၍ ကလေးငယ်များ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသည်းရောင်အသားဝါဘီပိုးကာကွယ် ဆေးကိုပါ ထည့်သွင်းထိုးနှံမှုများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက ဆေးဝါးထုတ်လုပ်သည့်စက်ရုံမှ ညွှန်ကြားရေးမှူး အငြိမ်းစားများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်အသင်းမှ ဆရာဝန်များစသည်ဖြင့် ဖွဲ့စည်းထားသည့် အသည်းဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း၍ တရားဝင်
မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်မှုများအတွက် ပထမဆုံးသော ဖောင်ဒေးရှင်းတစ်ခုလည်း  ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ပြီးပါက ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့ (World Hepatitis Alliance) ကဲ့သို့ အဖွဲ့များနှင့်ဆက်စပ်ပြီး ပြည်တွင်းတွင် ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ၁၀ ရာခိုင်နှုန်းဆိုတာကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စာရင်းတွေ။ အခု ဘယ်လောက်အထိ ကူးစက်နေလဲဆိုတဲ့ စာရင်းမရှိဘူး။ ဖြစ်ပွားနှုန်းကိုသိမှ တားဆီးနိုင်မယ်။ ရည်မှန်းချက်တစ်ခုထားပြီး လျှော့ချနိုင်မယ်။ ပြီးတော့ တစ်ဦးချင်းကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း ပညာပေးတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ဖို့လုပ်မှာပါ” ဟု ထို အဖွဲ့တွင်ပါဝင်သည့် အသည်းအထူးကုဆရာဝန်တစ်ဦးက ပြောသည်။

ရောဂါဖြစ်ပွားလာလျှင် ပျောက်ကင်းအောင် ကုသနိုင်ရန်ခဲယဉ်းပြီး နှစ်ရှည်လများ ဆေးသောက်ကာ အမြဲမပြတ်ဆေးထိရောက်မှုရှိ၊ မရှိနှင့် ပိုးကောင်ရေစစ်ဆေးရခြင်းလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုလည်း များပြားသည်။

“ဆေးတွေ၊ အသည်းအားဆေးတွေနဲ့ တစ်လတစ်လကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ကုန်တယ်”ဟု ဒေါ်မီမီက ပြောသည်။

ကူးစက်နိုင်သည့် ရောဂါဖြစ်သည့်အတွက် ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုလည်း ခံစားကြရပြီး တကယ်တမ်းဘီပိုးသည် ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးရှိသူများမှာ သွေးစသွေးနစွန်းနိုင်သည့် ပစ္စည်းများအား သီးသန့်အသုံးပြုခြင်းများ၊ ရောဂါရှိသူနှင့် အိမ်ထောင်ပြုရန် စီစဉ်ထားသူများမှာလည်း  အချိန်ယူပြီး ကာကွယ်ဆေးသုံးကြိမ်ထိုးပြီး သီးသန့်အသုံးအဆောင်လေးများဖြင့် အခြားသူများသို့ ရောဂါပိုးမကူးစက်စေရန် ကာကွယ်နိုင်ကြသည်။

အပြည့်အ၀ကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူအများကို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အသည်းရောင် အသားဝါဘီပိုးကူးစက်မှုလျှော့ချရာတွင် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

“ကုသနိုင်တဲ့ဆေးက ရောဂါပျောက်ဖို့မလွယ်ဘူး။ ပိုးကောင်ရေ မများလာအောင်သာ ထိန်းသိမ်းနိုင်မယ်။ တစ်သက်လုံးဆေးသောက် နေရမယ်။ တစ်လကို လေး၊ငါးသောင်းလောက်ကျတော့ အများစုက မကုသနိုင်ဘူး” ဟု ဒေါက်တာသံစစ်က ပြောသည်။

လက်ရှိလုပ်နိုင်သည့် ပညာပေးလုပ်ငန်းများတွင် ရေဒီယို၊ ကျန်းမာရေးစာစောင်များ၊ ရုပ်သံမီဒီယာများတွင် အသည်းရောင်အသားဝါနှင့် ပတ်သက်၍ ဆောင်းပါးအမျိုးမျိုး ရေးသားကာ အများပြည်သူဖတ်ရှုပြီး သတိပြုမိစေရန်သာ ဆောင်ရွက်နေ၍ ထိရောက်မှုလည်းရှိနေကြောင်း သိရသည်။

ထို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ အသည်းရောင်အသားဝါဘီပိုး ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် လုံလောက်သည့် ဆေးဝါးထုတ်လုပ်ပြီး ရောဂါကူးစက်နိုင်သည့် အခွင့်အရေးရှိသူများ ကာကွယ်ဆေးထိုးခြင်းကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခြင်းဖြင့်သာ ရောဂါကူးစက်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားကြသည်။

“ထိရောက်တဲ့ ကာကွယ်မှုလည်းမရှိဘူး။ ဖြစ်လာရင်လည်း တစ်သက်လုံး မကုသနိုင်ဘူးဆိုရင်တော့ ပိုးတွေ ဆက်ကူးဖို့ပဲရှိတော့တာပေါ့။ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ဒါတွေကြည့်ပြီး ကူးစက်ဖို့ ပိုများလာနိုင်တယ်ဆိုတာကတော့ သေချာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

Credit To 7Day News Journal 
Read More »

"မသန်စွမ်းသူရဲ့ အရေးကိုထည့်မတွေးပေးနိုင် သူဟာမသန်စွမ်းသူ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော "

Photo: "မသန်စွမ်းသူရဲ့ အရေးကိုထည့်မတွေးပေးနိုင် သူဟာမသန်စွမ်းသူ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော "

" မသန်စွမ်းသူတွေရဲ့မိသားစုဝင်တိုင်းက အားပေးကူညီမှုရ ရှိမှာပါ။လူ့အဖွဲ့အစည်းကလည်း မိသားစု စိတ်ဓာတ်၊ မိသားစုဝင် တွေလို ဆက်ဆံဖို့လိုတယ်။ မသန် စွမ်းသူရဲ့ အရေးကိစ္စကိုမှထည့် မတွေးပေးနိုင်သူဟာ မသန်စွမ်း သူဖြစ်နေတယ်လို့  ဆိုချင်ပါ တယ်။ အားလုံးမှာ တာဝန်ရှိပါတယ်"ဟု ယမန်နှစ် ၂ဝ၁၂ခုနှစ်၊ မေလ ၈ရက်နေ့တွင် ပြုလုပ် ကျင်းပခဲ့သော ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)၏ စတုတ္ထ အကြိမ်နှစ်ပတ်လည်အထိမ်း အမှတ်နှင့် မသန်စွမ်းသူများ အတွက်ဂုဏ်ပြုပွဲအခမ်း အနား တွင် ဒေါ်အောင်ဆန်းစုကြည် 
က ပြောဆိုခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် က ဖြေရှင်းရမည့် အရေးကိစ္စ သည်မည် မျှကြီးသည်၊ငယ်သည် က အရေးကိစ္စမဟုတ်ဘဲ အား နည်းသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း အပေါ်မည်မျှကူညီ ထောက်ပံ့ လုပ်ကိုင်ပေးနိုင်သည့် စွမ်းရည် ဖြင့် တန်ဖိုးထားဆုံးဖြတ်ရမည် ဖြစ်ကြောင်း ပြောသည်။
 
မြန်မာနိုင်ငံလူဦးရေ၏ ၂.၃၂ ရာခိုင်နှုန်း (၁.၃ သန်း)က မွေးရာပါမသန်စွမ်းသူများ၊ စစ်ပွဲနှင့်သဘာဝဘေးအန္တရာယ်ကြောင့် ကိုယ်အင်္ဂါချို့ယွင်းသွား သူများပါရှိသည်။ ထိုင်းနိုင်ငံ အနောက်ပိုင်း မြဝတီမြို့မယ် တော်ဆေးခန်းတွင် မြန်မာနိုင်ငံသားများ မြေမြှုပ်မိုင်းကြောင့်  ကိုယ်ခန္ဓာချို့ယွင်းပြီး ကုသမှု ခံယူရသူနှစ်စဉ် ပျမ်းမျှနှစ် ရာခန့်ရှိကြောင်းဒေါက်တာစင် သီတာမောင်က ပြောဖူးသည်။ "မသန်စွမ်းသူလို့ပြောရရင် အခု လက်ရှိ မြေမြှုပ်မိုင်းကြောင့် မသန်စွမ်းဖြစ်သွားကြသူ တွေရှိ ပါတယ်။ ဒါဟာလည်း မသန် စွမ်းတဲ့အချက်ကို ဖော်ပြနေပါ တယ်။ မြေမြှုပ်မိုင်းထောင်သူ တွေကပဲ မသန်စွမ်းသူတွေလား။မြေမြှုပ်မိုင်း ထောင်ဖို့ဖြစ်စေတဲ့အကြောင်း အရင်းတွေကပဲ မသန်စွမ်းတဲ့အချက်လား။ 

ဒါ ကို မတားနိုင်တဲ့ သူတွေဖြစ်တဲ့ ကျွန်မတို့ကပဲ မသန်စွမ်းသူတွေ လား။ အခုအချင်းချင်း ငြိမ်းချမ်းရေး မယူနိုင်တဲ့ သူ တွေဟာ မသန်စွမ်းသူတွေလို့ ပြောရမလားပဲ။  ခန္ဓာကိုယ် 
သန်စွမ်းဖို့အရေးကြီးသလို စိတ် ဓာတ်အားဖြင့် သန်စွမ်းဖို့လည်း အရေးကြီးပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ပြုပြောကြားခဲ့သည်။
 
၁၉၈၁ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများ နှစ်အဖြစ်သတ်မှတ်ခဲ့ပြီး အပြည် ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို နှစ်စဉ် ဒီဇင်ဘာလ ၇ ရက်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ၁၉၉၂ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ လူတန်းစားမရွေးပါဝင်နိုင်သောခေတ်မီ တိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းအဖြစ် ဖော် ဆောင်သွားနိုင်ရန်အတွက် မသန် စွမ်းသူများအား လူ့အဖွဲ့အစည်း က မိသားစုဝင်များကဲ့သို့ မိသား စု စိတ်ဓာတ်ဖြင့် ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း လည်းဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း နှိုးဆော်ခဲ့သည်။

အလင်းဆက်(IR)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်တော့လာမလဲ

ဒီမိုကရေစီ အသွင်ပြောင်းစ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အလို့ငှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု သည်လည်း အရေးကြီးသော အခန်းကဏ္ဍ အနေနှင့် ပါဝင်သည်။ ထို့ကြောင့် မကြာသေးခင် ကာလက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ရပ်ကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတ က လက်မှတ်ရေးထိုး ထုတ်ပြန်ပြဋ္ဌာန်း ခဲ့သည်။

ယခင်အစိုးရလက်ထက်က နိုင်ငံရေး၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူ ခဲ့ကြသည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂဝင် နိုင်ငံများက လက်ရှိအစိုးရ လက်ထက်တွင်မူ တရားဝင်ပုံမှန် ပြန်လည်ဆက်ဆံလာကာ အကူအညီပေးရေး၊ ရင်းနှီးမြှုပ်နှံ ကုန်သွယ်ရေးကိစ္စများ ပြန်လည်စတင်ရန် တာစူလာကြသည်။ ထို့အတူ ယခင်က လူသားချင်း စာနာထောက်ထားမှု အနည်းငယ်ခန့်သာ ပေးခဲ့ပြီး မည်သည့် ရင်းနှီးမြှုပ်နှံမှုမျှ တရားဝင်မရှိခဲ့သည့် ဂျပန်နိုင်ငံ သည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက် ရှိသည်။ ယခင်အစိုးရ လက်ထက်ကပင် ပုံမှန်ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုရှိနေခဲ့သော ဒေသတွင်းရှိ စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံတို့ အပြင် ဖွံ့ဖြိုးဆဲ ကွန်မြူနစ် ဗီယက်နမ်သည်ပင်လျှင် မြန်မာနိုင်ငံ နှင့် ယခင်ထက်ပိုပြီး နီးကပ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြသည်။

လက်ရှိအစိုးရသစ်၏ ၂ နှစ်တာကာလ အတွင်းမှာပင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် သမ္မတဦးသိန်းစိန်၏ ပြည်ပခရီးစဉ်တိုင်း၊ ပြည်တွင်းသို့ လာရောက်သည့် နိုင်ငံတကာ အစိုးရအကြီးအကဲ ခရီးစဉ်တိုင်းတွင် လှိုက်လှဲစွာ ဖိတ်ခေါ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် နှင့်အတူ ဂျပန် ထိပ်သီး စီးပွားရေး ကုမ္ပဏီကြီးများ၏ အမှုဆောင်အရာရှိချုပ် ၄၀ ကျော်နှင့် အကြီးတန်းအရာရှိကြီး ၁၀၀ကျော် ပါလာခဲ့သည်ကိုကြည့်လျှင် မြန်မာနိုင်ငံ အပေါ်တွင် ဂျပန်တို့ မည်မျှ မျှော်လင့်ချက်ထားနေသည်ကို သိနိုင်သည်။ ထို့အတူ မကြာသေးခင်ကပင် အမေရိကန်ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ထို့အပြင် ယခင်လအတွင်းက တောင်ကိုရီးယား လုပ်ငန်းရှင်များ၊ စင်ကာပူ လုပ်ငန်းရှင်များလည်း အဖွဲ့လိုက် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးဖြစ်သည်။

သို့သော် ယနေ့အချိန်အထိ မည်သည့်နိုင်ငံခြား ကုမ္ပဏီမျှ တရားဝင် ရင်းနှီးမြှုပ်နှံသည့် သတင်း ထွက်ပေါ်မလာသေးပေ။ သံတမန် သတင်းရပ်ကွက်၏ အဆိုအရ မြန်မာနိုင်ငံတွင် နိုင်ခြားရင်းနှီးမြှုပ်နှံမှုများ မြန်ဆန်စွာ ဝင်ရောက်နိုင်မည့် ရေခံ၊ မြေခံများ အဆင်သင့် မဖြစ်သေးသောကြောင့် ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေး နေခြင်းဖြစ်သည်ဟု ဆိုကြသည်။ အထူးသဖြင့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်မြန်နှုန်း၊ ကုန်စည်တင်ပို့၊ တင်သွင်းရာတွင် ဖြတ်သန်းရသည့် အဆင့်များ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ တစ်နည်းအားဖြင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ဗီဇာစနစ်၊ နှစ်ရှည်ငှားရမ်းရမည့် အိမ်၊ ခြံ၊ မြေ အများစု ခရိုနီများ လက်တွင် ရှိနေခြင်း၊ ဟိုတယ်ခများ ယူသည့်ဈေးနှင့် ပေးသည့်ဝန်ဆောင်ခ မထိုက်တန်ခြင်း၊ လုံလောက်သည့် ကျွမ်းကျင်အဆင့် လူသားအရင်းအမြစ် စသည့် ရေခံ၊ မြေခံများတွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ၄င်းတို့ သက်ဆိုင်ရာ နိုင်ငံအလိုက် လာရောက်ကြသည့် ရင်းနှီးမြှုပ်နှံလိုသူများက မှတ်ချက်ပြုကြသည်။

နိုင်ငံ၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ရင်းစေတနာ အမှန်တကယ်ရှိနေသူ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအနေနှင့် မိမိတို့ဘက်မှ ဆိုခဲ့ပါ ရေခံ၊ မြေခံများ မည်သို့ ဖြည့်ဆည်းနိုင်သည်၊ မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်၊ အခွန်ပုံမှန် ထမ်းဆောင်နေကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်များ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရှင်သန်ရပ်တည်ရေး ကဲ့သို့ ကိစ္စများပါဝင်သော နယ်ပယ်အလိုက် မဟာစီမံကိန်း(ဝါ) Comprehensive Master Plans ထောင့်စုံ လွှမ်းခြုံစဉ်းစားထားသည့် ပင်မစီမံကိန်းကြီးများ အသင့်ရေးဆွဲထားရမည် ဖြစ်ကြောင်း အထူးဖော်ပြလိုသည်။

Credit To The Voice Weekly
Read More »

ဒီရာသီကို ဘယ်လိုကူးမလဲ

 Photo: ဒီရာသီကို ဘယ်လိုကူးမလဲ
..............................
(လဲ့ရည်မြင့်)

မြန်မာနိုင်ငံ၏ ရာသီဥတုအမျိုး အစား သုံးမျိုးရှိရာတွင် လက်ရှိ ပျက်စီးသွားသော သဘာဝတရားများကြောင့် နွေရာသီဆို ပူလွန်းခြင်း၊ မိုးရာသီဆို မိုးသည်းထန်ခြင်းနှင့် ဆောင်းရာသီ ကာလတွင် အအေးပေါ့လာခြင်းတို့ ရင်ဆိုင်နေရ သည်။ ယင်းသို့ ပြောင်းလဲလာသော မူလ အနေအထား မဟုတ်သည့် ရာသီဥတုများ ကြားတွင်မှ ယခုကာလသည် ပူပြင်းခြောက် သွေ့သော နွေရာသီနှင့် စွတ်စိုသည့် မိုးရာသီ ကာလသို့ အကူးအပြောင်း မုတ်သုံဝင်ရောက်သည့် ကာလဖြစ်သည့် ယခုရက်များ အတွင်းလည်း နေပူတစ်လှည့် မိုးရွာတစ်ခါဖြင့် ဖြတ်သန်းနေရသည်။   မိုးစတင်ရွာသွန်း နေပါပြီ။ သို့သော် နွေရာသီကာလကို ဖြတ်သန်းရန်လည်း ကျန်ရှိနေသေးသည်။

ယခုနှစ်နွေရာသီတွင် ထူးခြားသော သတိပြုဖွယ်ရာအဖြစ် ကျေးလက်ရော မြို့ပြပါမကျန် ခရမ်းလွန်ရောင်ခြည် အကြောင်း ယေဘုယျသိရှိပြီး ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာဆောင်ရွက်ကြကာ အချင်းချင်း တစ်ဆင့်သတိပေးကာ နှိုးဆော် တိုက်တွန်းမှုကြောင့် ကြိုတင်ကာကွယ်မှု များလည်း ပိုမိုပြုလုပ်လာကြသည်ကို တွေ့ရ သည်။ သို့သော် မေလဆန်းပိုင်းအထိ အပူ ရှိန်မြင့်တက်လျက် ရှိရာမှ အပူပိုင်း မုန်တိုင်း မဟာစင်ကြောင့် ယခုလ ဒုတိယပတ်မှ စတင်ကာ ဒေသအလိုက် မိုးရွာသွန်းမှုများ ဖြစ်ခဲ့သည်။ အပူချိန်ပြင်းနေသည့် အချိန် ရွာသောမိုးကြောင့် အပူဒဏ် သက်သာသွားသည်မှာတော့ အမှန်ပင်။

ကျန်းမာရေးအခင်းအကျင်း

မည်သို့ပင်ဖြစ်စေ နွေရာသီသည် အသက်ရွယ်ငယ်လွန်းသူ၊ အသက်ကြီး လွန်းသူ၊ ကျန်းမာရေး ချို့တဲ့သူနှင့် အရက် သောက်သုံးသူများအတွက် အန္တရာယ် ပေါင်းများစွာကို လက်ကမ်းကြိုလင့် သကဲ့သို့ ဖြစ်ရာ အပူဒဏ်မြင့်မားမှုကြောင့် အရေပြား၊ မျက်စိနှင့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်း အချို့ကို ထိခိုက်ပျက်စီးစေနိုင်ပြီး အမှုမဲ့ အမှတ်မဲ့နေထိုင်လျှင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း တိုးပွားလာမည် ဖြစ်သည်။

အပူအအေး ရုတ်တရက် ပြောင်းလဲမှုကြောင့် ကျန်းမာရေးအတွက်လည်း ကြိုတင် ပြင်ဆင်ကာကွယ်မှုများ ပိုလာသည်။ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်သော တုပ်ကွေး ရောဂါများ၊ အမှည့်လွန် အသီးများကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အပူရှိန်ကြောင့် မျက်စိနာခြင်းတို့ ခံစားရနိုင် သည့်အတွက် ဆောင်ရန်၊ ရှောင်ရန်များ သတိပြုရန်လိုလာသည်။
အထူးသဖြင့် နွေရာသီတွင် ချွေးထွက်လွန်ခြင်းကြောင့် မောပန်းနွမ်းနယ်မှုဒဏ် ပိုခံစားရသဖြင့် ရေဓာတ်ပြန်လည် ဖြည့်ဆည်းပေးရန် လိုအပ်သည်။ ရေများများ သောက်သုံးခြင်း၊ ဓာတ်ဆားရည် သောက်သုံးခြင်းတို့ဖြင့် လိုအပ်နေသော စွမ်းရည်ကို ဖြည့်ပေး နိုင်သည်။ ထို့ပြင် စားသောက်မှုပိုင်းတွင် လည်း ဗီတာမင် စီ၊ အေ ၊ ကေ အစရှိသဖြင့် အစုံအလင်လိုအပ်သည်။

မည်သည့်ရာသီဥတုတွင် ဖြစ်စေ ကျန်းမာရေးအတွက်  အစားအသောက်ပိုင်း၊ အဝတ်အစားပိုင်းနှင့် နေထိုင်မှုပိုင်းအရ ဆင်ခြင်နေထိုင်စရာ များစွာရှိရာ နွေရာသီတွင် ကလေးသူငယ်များ နေပူထဲ အကာအကွယ် မယူဘဲ ထွက်ခြင်း၊ အပူရှိန်မြင့်ချိန် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ရမည့်အပြင် ရောဂါအခံရှိသော သက်ကြီးရွယ်အိုများကို ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ မိုးရာသီတွင်မူ ရေနှင့် အစားအစာပိုင်း ဆိုင်ရာတို့ကို များစွာ သတိပြုသင့်ပြီး လမ်းဘေး အစားအစာများ၊ အမှည့်လွန် အသီးများနှင့် မသန့်ရှင်းသော ရေတို့သည် ဝမ်းပျက်ဝမ်းလျှောရောဂါများ ကို အလွယ်တကူ ဖြစ်စေနိုင်သည့်အတွက် သတိနှင့်ယှဉ် စားသောက်ပေးရမည်။

အထူးသတိပြုစရာ

ပူအိုက်စွတ်စိုချိန်နှင့် မိုးကာလတို့၏ ကျန်းမာရေးဆိုင်ရာ အထူးသတိပြုစရာ အမှတ်သညာမှာ တုပ်ကွေးပင်။ ယခုကဲ့သို့ ပူအိုက်စွတ်စိုသော ရာသီဥတုတွင် ကလေး သူငယ်များ၌လည်း ခြင်မှတစ်ဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းသည် အဓိက အန္တရာယ်ကြီးဖြစ်ပြီး  ကျန်းမာရေးဝန်ကြီးဌာန အနေနှင့်ရော မိသားစုများအနေဖြင့်ပါ ကြိုတင်ကာကွယ်မှုများ စတင်လုပ်ဆောင်သင့်သည့် ကာလပင် ဖြစ်သည်။ နွေနှင့် မိုးအကူး ကြားကာလ၏ ကြောက်စရာအန္တရာယ်သည် ကူးစက်လွယ်သော တုပ်ကွေးရောဂါပင်။
"တုပ်ကွေးကို ကာကွယ်ဖို့ အများနဲ့ ဆိုင်တဲ့နေရာတွေကို ထိကိုင်ပြီးတာနဲ့ 
လက်ကို သေချာဆေးတတ်တဲ့ အကျင့်ရှိရင် တုပ်ကွေးရာသီမှာတောင် တုပ်ကွေးဖြစ်နိုင်စွမ်းက ၈၅ ရာခိုင်နှုန်းထိ နည်းပါးသွားတယ်" ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အပူပိုင်းဒေသနှင့် နီးသော သမပိုင်းဒေသ ဖြစ်သည့်အတွက် နွေနှင့် မိုးအကူးကာလသည် ပူအိုက်စိုစွတ်မှု အမြင့်ဆုံးဖြစ်ပြီး လေထုနှင့် ပတ်ဝန်းကျင် ပူနွေးစွတ်စိုမှုများကြောင့် ဗက်တီးရီးယား နှင့် ဗိုင်းရပ်စ်များ ပိုပေါက်ဖွားနိုင်သဖြင့် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများကို အထူးသတိပြုကြရန် လိုအပ်သည်။ လေထုအတွင်း ဗိုင်းရပ်စ်ပိုးများ ရှူရှိုက်မိခြင်းနှင့် အများနှင့်သက်ဆိုင်သော နေရာများမှ ပစ္စည်းများကို ကိုင်မိရာမှ တစ်ဆင့် တုပ်ကွေးရောပါပိုး ကူးစက်ခံရမှု ပိုများသည်။

"အဓိက ကာကွယ်ဖို့က အအေးမမိဖို့ပဲ။ အအေးမိရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ခေတ္တရပ်ဆိုင်းသွားပြီးတော့ အနားမှာရှိတဲ့ ရောဂါပိုးတစ်ခုခု ဝင်နိုင်တယ်၊ အိပ်ရေး ပျက်ရင်လည်း ကိုယ်ခံအား ကျတတ်တယ်" ဟု ဒေါက်တာ သီဟသစ်က ပြောကြားသည်။

မိုးရာသီအကူးအပြောင်းတွင် လမ်းဘေးအသုပ်စုံနှင့် အစားအစာများ ကိုင်တွယ်သောလက် မသန့်ရှင်းမှုအပြင် အမျှင်ဓာတ် ပိုများသော ပိန္နဲသီးကဲ့သို့ ရာသီပေါ်အသီးများ၊ အမှည့်လွန်သီးများကို စားသုံးခြင်းကလည်း ဝမ်းပျက်ဝမ်းလျှော ရောဂါကို အဖြစ် များစေသည်။ ယင်းကြောင့် အများနှင့် သက်ဆိုင်သောနေရာများသို့ သွားရောက်ပြီးတိုင်း လက်ကိုဆေးကြော သင့်ရာ ရေအဆင်သင့်မရှိပါက ရေမလိုဘဲ အသုံးပြုနိုင်သော  လက်သန့်ဆေးရည် များလည်း ဆောင်ထားသင့်ကြောင်း တိုက်တွန်း လိုသည်။

ရာသီအကူးမှာ ဝတ်ဆင်စရာ

ရာသီဥတုကိုလိုက်၍ သင့်လျော်ရာရာ ဝတ်ဆင်ကြရရာတွင် နွေရာသီမကျ မိုးရာသီမကျ ကြားကာလ ဖြစ်နေသော်လည်း နွေရာသီတွင်ပိုမိုအသုံးဝင်သည့် ချည်သား ပွပွရောင်းရောင်း အရောင်နု အဝတ်အထည်များသာ ဝတ်ဆင်သင့်သေး သည်။ ချည်သားကဲ့သို့ အဝတ်အထည်မှသာ မိုးရာသီတွင် နွေးထွေးပြီး ရေစိုလျှင်ခြောက် လွယ်နိုင်သကဲ့သို့ နွေရာသီတွင်လည်း အပူဒဏ်မှ ကာကွယ်နိုင်မည်။ သို့ရာတွင် မိုးတွင်းရောက်ရှိပြီဆိုက လုပ်ငန်းခွင်တွင် အဝတ်အထည်အနည်းဆုံး တစ်စုံခန့် အပို ထားရှိရန်လိုအပ်ပါသည်။ှ 

သတိပြုသင့်သည်က ခရမ်းလွန် ရောင်ခြည်သည် မိုးတွင်းတွင်လည်း ရှိနေခြင်းပင်။ ခရမ်းလွန်ရောင်ခြည်ကို နွေရာသီ တွင်သာ ကာကွယ်ရမည်မဟုတ်၊ မိုးရာသီ တွင်လည်း ဆက်လက်ကာကွယ်သွားရမည် ဖြစ်ရာ နေရောင်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရဦးမည်ပင်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခရမ်းလွန်ရောင်ခြည် ရည်ညွှန်းကိန်း ၃ ထက် ကျော်ပါက နေရောင်ကာကွယ်မှု စတင်လုပ်ဆောင်သင့်ကြောင်း နှိုးဆော်ထားသည်။ ပြီးခဲ့သည့် ဧပြီလက  မြန်မာ နိုင်ငံ၏ အနိမ့်ဆုံး ခရမ်းလွန်ရောင်ခြည် ရည်ညွှန်းကိန်းသည် ၈ အထိရှိပြီး အပြင်းဆုံးအဆင့်တွင် ရှိကာ ရန်ကုန်မြို့ တွင်လည်း ရည်ညွှန်းကိန်း ပမာဏ ၁၂ အထိ ရှိသည့်အတွက် လူကို အန္တရာယ်ဖြစ်စေသော အဆင့်တိုင် ရောက်ရှိခဲ့သည်။ ခရမ်းလွန် ရောင်ခြည်ကို နေ့တစ်နေ့ ၏ အပူဆုံးအချိန် တွင် တိုင်းတာခြင်းဖြစ်ပြီး နေရာဒေသ၊ အချိန်ကာလပေါ်လိုက်၍ ရည်ညွှန်းကိန်း ပမာဏချင်း ကွဲပြားခြားနားနိုင်သည်။

ခရမ်းလွန်ရောင်ခြည်သည် ရေ၊ သဲ ကဲ့သို့ အခြားရောင်ပြန်ဟပ်နိုင်သော မျက်နှာပြင်ပေါ်တိုင်းတွင် ရောင်ပြန်ဟပ်ခြင်းကြောင့် ရောင်ခြည်သင့်သူများသည် ယူဗီဒဏ်ကို နှစ်ဆတိုး ခံစားရစေသည်။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကာလ ကြာရှည်လာလျှင် အရေပြားကင်ဆာ၊ မျက်စိတိမ်စွဲခြင်း တို့အထိ ဖြစ်ပေါ်လာနိုင်ပြီး ရေတိုထိတွေ့မှုများပါက လူတစ်ဦးချင်းစီ၏ ကိုယ်ခံအားအလိုက် အရေပြားလောင်ခြင်း နှင့် မျက်စိရောဂါ အမျိုးမျိုးခံစားရနိုင်သည်။ သို့ဖြစ်ရာ ရာသီဥတု အကူးအပြောင်းတွင် လိုက်လျောညီထွေရှိသည့် အဝတ်အထည်များ ဝတ်ဆင်ရသကဲ့သို့ ရာသီဥတုဒဏ်ကို အကာအကွယ် ပြုနိုင်သည့် အသုံးအဆောင် များလည်း ဂရုပြုသုံးစွဲရမည်ပင်။

ယခုကဲ့သို့ ရာသီဥတုမျိုးတွင် သတိနှင့် သွားလာစားသောက် နေထိုင်ကြရန် အထူး လိုအပ်သည်။ ရာသီဥတု ဖောက်ပြန်မှုများ လည်း တစ်နေ့ထက်တစ်နေ့ ပိုလာပြီး သက်ရှိလူသားတို့တွင် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင် နေကြရသည်။ ရာသီဥတုပြောင်းလဲမှုကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက တီထွင် ဖန်တီးပြုပြင်နေသည့် အချိန် လူသားများ ဘက်ကလည်း သတိပြုနေထိုင်ရန်၊  လိုက်နာ သင့်သည်တို့ကို လိုက်နာရန် အချိန်အခါ ကျရောက်နေပြီး ကျန်းမာရေးဆိုင်ရာ အန္တရာယ်များအတွက် သဘာဝဘေးအန္တရာယ် တို့ကို နားစွင့် နေထိုင်ရသကဲ့သို့ပင် ဆေးပညာရှင်၊ ဆရာဝန်တို့၏ သတိပေးနှိုးဆော်ချက် များကိုလည်း အစဉ်အမြဲ နားထောင်ရ ပေမည်။ သို့မှသာ ရာသီဥတုကို မှီခိုနေရသော မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၆၀ ၏ ကျန်းမာရေးလည်း ပျက်စီးဆုံးရှုံးမှု လျော့နည်းသွားနိုင် မည်ဖြစ်သည်။

အရှေ့တောင်အာရှ လိင်ကျွန်များဘဝ

(အယ်ဒီတာတစ်ဦး)

ထိုင်းနိုင်ငံ ပက်ပုံးလမ်းတွင် ဖြစ်သည်။ ပေါ့ပ်ဂီတသံတွေက လွင့်ပျံ့ ထွက်လာသည်။

သူမအမည်က မိုင်းလီ။ အသက် ၂၄ နှစ်သာ ရှိသေးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းရိုင်မြို့က အပျော်မယ်လေးတစ်ယောက် ဖြစ်သည်။ နက်မှောင်သည့် ဆံပင်ရှည်ရှည် နှင့် နှစ်လိုဖွယ် မျက်နှာထားရှိသည်။ သူမ ဘဝနှင့် သူမအလှက မထင်ရက်စရာ ဖြစ်သည်။ ထိုင်းတက္ကသိုလ် တစ်ခုတွင်တိရစ္ဆာန် ဆေးကု ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့သည်။ ၁၉၉၇ ခုနှစ် အာရှစီးပွား ပျက်ကပ်တွင် မိသားစုဘဝပျက်ပြီး သူမလည်း ဤဘဝသို့ ရောက်ခဲ့ရသည်ဟု ဆိုသည်။

မိုင်းလီကဲ့သို့ ထိုင်းနိုင်ငံရှိ အမျိုးသမီး ပေါင်းများစွာ ဘဝတွေပျက်ခဲ့ရသည်။ စီးပွားပျက်မှု ပေါင်းများစွာတွင် အရှေ့တောင် အာရှ၏ လူကုန်ကူးမှု ဝဲဂယက်အတွင်း သက်ဆင်းခဲ့ကြရသည်။ အမျိုးသမီးပေါင်း များစွာကို လိင်ကုန်ကူးရန် အတွက်သာမက ခိုင်းစေရန်နှင့် ကိုယ်တွင်းအင်္ဂါ အစိတ် အပိုင်းများ ဖြတ်တောက်ယူရန် အတွက်ပါ ကုန်ကူးကြတော့သည်။ ထိုအထဲတွင် ကလေးလိင်ကျွန်အဖြစ် ခိုင်းစေရန် အပြစ်မဲ့သော ငယ်ရွယ်သည့် မိန်းကလေးငယ် ပေါင်းများစွာလည်း ပါဝင်သည်။

မိုင်းလီက -
"အခြေအနေက တကယ့်ကိုဆိုးပါ တယ်။ ကျွန်မအထင် သနားကြင်နာတတ် တဲ့ ယောက်ျားတွေ ဒီလောကကြီးမှာ မရှိတော့ဘူးလို့တောင် ထင်မိတယ်။ ယောက်ျားဆိုတာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် သနားကြင်နာလိမ့်မယ်လို့ ထင်ထားတာ။ ဒါတွေနဲ့ အမြတ်ထုတ်လိမ့်မယ်လို့ ထင်ကို မထားတာ။ ယောက်ျားအများစုက မင်းသား ရုပ်ခေါင်းစွပ်ထားတဲ့ ဘီလူးတွေ ဖြစ်နေ တယ်" ဟု ပြောလိုက်သည်။

သူမထောက်ပြလိုက်သည့် အနေအထားကလည်း လက်ခံချင်စရာဖြစ်သည်။ မကြာသေးမီက ထိုင်းရဲအရာရှိ တစ်ဦးသည် လမ်ပီနီတွင် ၁၂ နှစ်သမီးလေးကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုရဲအရာရှိထောင်ဒဏ်အနှစ် ၂၀ ကျသွား သည်။ ထိုသို့ရက်စက်မှုပေါင်း များစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ပြီးမှ ထိုင်းလွှတ်တော်က နိုင်ငံတကာ ဥပဒေများအတိုင်း ကလေးသူငယ် အဓမ္မကျင့်မှုနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းရန် ထောက်ခံကြ တော့သည်။

မိုင်းလီက ထမင်းစားရင်း "လူတွေက ကလေးတွေကို ရောင်းတယ်၊ ဝယ်တယ် ဆိုပြီး လုပ်နေကြတယ်" ဟု ပြောလိုက်သည်။

သူမသည် ကိုယ့်ခန္ဓာကိုယ် ရောင်းစားနေရသော်လည်း ငွေကြေးများများစားစား မရ။ ရသမျှငွေကိုလည်း သူမမိသားစုအတွက် ချင်ရိုင်းသို့ ပြန်ပို့ရန် စုဆောင်းထားရသည်။
"ကျွန်မမှာ ညီမလေးသုံးယောက် ရှိတယ်။ ကျွန်မမှငွေမပို့ရင် စားစရာမရှိဘူး။ ကျွန်မ အေအိုင်ဒီအက်စ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ဒါပေမဲ့ လိင်ကုန်ကူးတယ်ဆိုတာ ဟိုးရှေးရှေးကတည်းက လုပ်လာကြတာပဲ။ သမိုင်းစကတည်းက ရှိတယ်လို့တောင် ပြောကြတယ်။ ဒီလောက်အခြေခိုင်ပြီး မချိုးဖျက် နိုင်ခဲ့တဲ့ လုပ်ငန်းကြီးတစ်ခုလေ" ဟု သူမက ဆိုသည်။

မိုင်းလီတစ်ယောက် အဘယ်ကြောင့် မနှစ်မြို့သည့်လောကကြီးထဲတွင် ကျင်လည် နေရသနည်း။

"ကျွန်မခန္ဓာကိုယ်က ပိုက်ဆံဖြစ်နေ တယ်လေ။ ယောက်ျားတွေအသားအရေ၊ အရောင်အသွေး၊ အမူအရာတွေကို သိပ်ရွေးတယ်။ အဝေ့အဝိုက် အကွေ့အကောက် တွေများရင် ပိုကြိုက်တယ်။ သူတို့ကြိုက်ရင် ပြီးပြီ။ ကျွန်မမှာ ရွေးချယ်ခွင့်မှမရှိတာ။မျက်ရည်ပဲ ရှိတာလေ" ဟု ပြောသည်။

ထိုင်းနှင့် အရှေ့တောင်အာရှက အမျိုးသမီးများသည် လိင်ကုန်ကူးသည့် ဈေးကွက်တွင် လူကြိုက်များသည်။ ပက်ပုံးလမ်းပေါ်က တိရစ္ဆာန်ရုံနှင့် ဘန်ကောက် မီးနီလမ်းရှိ ဆိုင်ကောင်းဘွိုင်တို့တွင် သူတို့နှင့်ပြည့်နေသည်။ မြောက်ပိုင်းမှ အသားဖြူဖြူ ထိုင်းပျိုဖြူများသည် မွန်ဂိုနှင့် တိဘက် မျိုးနွယ်များ ဖြစ်ကြသဖြင့် မွတ်ဆလင်နှင့် မလေးတောင်ပိုင်း သူတွေထက် အကြိုက်ပို များသည်။ အင်ဒိုမလေးများနှင့် ဘင်္ဂလားဒေ့ရှ်မှ အမျိုးသမီးများကိုမူ ထိုင်းနိုင်ငံသို့ လိင်ကျွန်အဖြစ် လာရောက်ခြင်းအား ပိတ်ပင်ထားသည်။

အိန္ဒိယနိုင်ငံတွင် ဟိမဝန္တာဘက်မှ လာသော ဖြူဖြူချောချောစွဲမက်စရာ ကောင်းသည့် မိန်းကလေးများကို ကာလကတ္တားသို့ ခေါ်လာကြပြီး သူတို့အမူအရာ၊ အရည်အသွေးအလိုက် အော်ဒါရှိသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်ပို့သည့် လုပ်ငန်း ခေတ်စားသည်။ မလေးရှားကဲ့သို့ အစ္စလာမ်မစ် နိုင်ငံများတွင် လိင်ကုန်ကူးမှုကို တားမြစ်ထားသော်လည်း ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် များသော ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လိင်ကုန်ကူးမှုမှာ တစ်နေ့တခြားတိုးပွား လျက်ရှိနေသည်။

ဆွီဒင်နိုင်ငံတွင် ပြည့်တန်ဆာလုပ်ခြင်း ကို တရားဥပဒေအရ တားမြစ် ပိတ်ပင်ထားသည်။ ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း က အတိတ်ဇာတ်ကြောင်းတွေ အများကြီး ရှိသည်။ ၂၀၀၂ ခုနှစ် စစ်တပ်ကအာဏာ သိမ်းပြီးနောက် နိုင်ငံခြားတပ်သားပေါင်း ၁၁၀၀ ဦးကို နိုင်ငံအတွင်းသို့ ခေါ်လာခဲ့သည်။ ထိုအထဲတွင် အမေရိကန်စစ်သား များလည်း ပါသည်။ ထိုင်းပြည်ထဲရေးဝန်ကြီး ကလည်း ထိုင်းနိုင်ငံအတွင်း ထိုစစ်သားများပျော်ပျော်ပါးပါး လိင်ကစားနိုင်ရန် ဥပဒေများ ထုတ်ပြန်ပြီး အကာအကွယ်ပေးထားသည်။ ဘားဆိုင်များကို နံနက် ၂ နာရီအချိန်တွင် ပိတ်ရမည် ကိုထပ်ပြီး အချိန်တိုးချဲ့ပေး လိုက်သည်။ ပြည့်တန်ဆာနှင့် ဇိမ်ခန်းခတွေဈေးတက် ကုန်သည်။

မိုင်းလီက ဆွေးမြည့်စွာဖြင့် "ကျွန်မကိုစိတ်မကောင်းမဖြစ်ပါနဲ့။ ကလေးတွေကိုပဲ စိတ်ပူပါရှင်။ သူတို့အတွက်က ပိုပြီးအန္တရာယ် များပါတယ်"ဟု ပြောလိုက်သည်။
ကလေးသူငယ်များကို မုဒိမ်းကျင့်မှု များသည် တောင်အာဖရိကတွင် မြင့်မားလာပြီး အရှေ့တောင်အာရှသို့ပါ တောမီးပမာ ကူးစက်လာသည်။ ကမ္ဘောဒီးယားနိုင်ငံ ကလေးလိင်ကျွန် လုပ်ငန်းသည် ကမ္ဘာ သိထင်ရှားခဲ့သည်။ ကွန်မြူနစ် ဗီယက်နမ် နိုင်ငံတွင်လည်း ကလေးသူငယ် အဓမ္မကျင့် ခံရမှုပေါင်း ၃၅၀၀ ခန့်တက်လာသည်။ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် သာမန်အမှုများ ထက် မုဒိမ်းမှုများ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်မြင့်မားလာသည် ဆိုခြင်းက အာရှ၏ စိုးရိမ်စရာ အနေအထားဖြစ်သည်။

အရှေ့တောင်အာရှကို ဖြတ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်ပေါင်း သုံးသိန်းခန့် လိင်ကုန်ကူးခြင်း ခံနေရသည်။ အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်နယ်စပ် တို့တွင် အလုပ်လုပ်နေကြရပြီး၊ ဘန်ကောက် လမ်းမများ ပေါ်သို့ ရောက်လာသူများပင် ရှိသည်။ အရှေ့တောင်အာရှတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရမည်လား ဟူသည့် အထင်နှင့် တရုတ်ပြည်မှထွက်လာ သည့် သူများပင်ရှိသည်။ သူတို့တွင် ပိုက်ဆံလည်း တစ်ပြားမှပါမလာ။ မိသားစုပျောက် ဆုံးနေသူတွေလည်း ထိုအထဲတွင်ပါသည်။ သူတို့ကိုယ်သူတို့ ရောင်းစားခဲ့သူများလည်း ပါသည်။ လာအိုနှင့် မြန်မာတောများကို ငှက်ဖျားဒဏ်တွေ ကြံ့ကြံ့ခံရင်း ဖြတ်လာကြ ရသည်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ ဗင်ကားများဖြင့် ခိုးလိုက်ပြီး သူတို့ရောက်လာကြသည်။ ၄င်းတို့အား ချုပ်ကိုင်သူများ ကလိမ်ကကျစ် များ၏ အပေးအယူ အမျိုးမျိုးတွင် ဒေါ်လာ ၂၀၀၀မှ ၄၀၀၀ ခန့် အထိ ဈေးပေါက်သော်လည်း သူတို့တန်ဖိုး အမှန်ကို မသိရသူတွေများသည်။ သူတို့ကို ခေါ်လာသူတွေကိုပင် ကယ်တင်ရှင်ကြီးတွေ အထင်ဖြင့် ထားရာနေ၊ စေရာသွား၊ ခိုင်းတာ လုပ်နေကြရသူများ ရှိသည်။ အချို့ မိန်းကလေးများ ဆိုလျှင် ၄င်းတို့အား ချုပ်ကိုင်သူများနှင့် ပွဲစားများကြားတွင် ခုနစ်ကြိမ်မှ ဆယ်ကြိမ်ခန့်အထိ လွှဲအပြောင်းခံခဲ့ကြရသည်။

မိန်းကလေးများ၏ ဘဝမှာ သနားစရာ ကောင်းလှသည်။ အချို့မှာ ပြန်ပေးဆွဲခံ လာရခြင်းဖြစ်ပြီး၊ အချို့မှာ မိဘများကိုယ်တိုင်က ရောင်းစားလိုက်ခြင်းဖြစ်သည်။ အများစု မှာ မိဘမဲ့ဘဝများ၏ သားကောင်များ ဖြစ်ရသည်။ အနည်းငယ် ကံကောင်းသူလောက်သာ စက်ရုံအလုပ်ရုံ များတွင် အလုပ်သမားဘဝ ရောက်ကြရသည်။ မိန်းကလေး အများစုမှာ ချောချောလှလှလေးတွေ ဖြစ်သည်။ ရုပ်ရည်ချောမောလှပခြင်းက လိင်ကျွန်ဘဝ ရောက်ရန် အကြောင်းဖန်လာသလို ဖြစ်ခဲ့ရသည်။ အချို့ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများသည် တိုကျိုနှင့် ကိပ်တောင်း မြို့များအထိ ခေါ်သွားခြင်းခံရသည်။

မိုင်းလီလို မိန်းကလေးမျိုးတွေ ထိုင်းနိုင်ငံတွင်များစွာရှိသည်။ သူတို့ဘဝတွေက အဆုံးအစမဲ့သော အလင်းပျောက်နေသည့် လိုဏ်ခေါင်းအတွင်း လျှောက်လှမ်းနေ ကြသလို ဖြစ်နေသည်။
"အိပ်မက်တော့ရှိတယ်။ ကျွန်မဖြစ်ချင်တာက ထိုင်းတစ်နိုင်ငံလုံးမှာ ရှိတဲ့ဆင်တွေကို ကယ်တင်ချင်တယ်။ တိရစ္ဆာန်တွေ အားလုံးကို ကယ်ချင်တယ်။ ဒါပေမဲ့ ခုတော့ ကျွန်မကိုယ်တိုင် တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံနေရတယ်။ တကယ်လို့ ဆုတောင်း တိုင်းပြည့်မယ်ဆိုရင် ကျွန်မကိုလည်း လွတ်မြောက်ဖို့ ဆုတောင်းပေးပါလို့ ပြောချင်ပါတယ်"ဟု ဆိုလိုက်သည်။

မိုင်းလီက ရီဝေသောမျက်လုံးများဖြင့် အဝေးသို့ငေးကာ ဆွေးနေရှာသည်။ သူလည်း ဆုတောင်းနေမည်မှာ သေချာသည်။

Credit To The Voice Weekly
Read More »