လင်ငယ်နေလိုက်ချင်စိမ်းပါဘိ (ရန်ကုန်ဘဆွေ)


သို့ရဲဘော် ကိုမြလှိုင် ခင်ဗျား၁၉၄၀ ပြည့်နှစ်လောက်တုန်းက နဂါးနီ ဂျာနယ်မှာ ရေးခဲ့ဖူးသော “သြော်- တစ်သီတင်းဖြင့် ကျွတ်ပြန်ပြီပေါ့” ဟူသည့် စာမျိုး ရေးစမ်းပါ ဆိုသဖြင့်သာ ရေးလိုက်ရသည်။
ကိုယ့်လိပ်ပြာ ကိုယ်မလုံဘဲ နည်းနည်း ရှက်သလိုလို ရှိနေသည်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လူနိုင်ချင်း တောင်းထားတာမို့ စွန့်စားပြီး ရေးပေးလိုက်ပါသည်။ ဟိုတုန်းကလို လူငယ် မဟုတ်လို့ ဟိုတုန်းကလောက် နွဲ့မလာဝံ့ခြင်းကိုတော့ ဓာတ်သိချင်းမို့ တောင်းပန်ရပါမည်။ ခွင့်လွှတ်ပေတော့။
ရဲဘော် အချင်းချင်း ဖြစ်သော ဘဆွေ

အိပ်ရာက နိုးလာရသည်။ ရင်ထဲမှာလည်း ကတုန်ကယင်ကြီး ဖြစ်နေရသည်။ အသက်ရှူကျပ်လျက် တစ်ကိုယ်လုံး ချွေးများ စို့နေသည်။ ညို့ညို့ကလေး ပြာနေသော မီးရောင်လဲ့လဲ့ကြောင့် စိတ်ထဲမှာ နည်းနည်း သက်သာသလို ရှိရသည်။ ဒီမီးရောင်ကြောင့်ပင် မျက်လုံးနှစ်လုံး ပွင့်လျှင်ပွင့်ချင်း လူလေးကို ကျော်ပြီး သူများ အပေါ်မှာ ပိုင်စိုးပိုင်နင်းနှင့် တင်ထားသော လက်ကြီးကို တွေ့ရသည်။ “ကတဲ အိုက်ရန်ကောတော်” ဟု စိတ်ထဲက အော်မြည်ရင်း သူ့လက်ကြီးကို ဆောင့်ပစ်လိုက် ချင်သည်။

ဒါပေမဲ့ လူလေးကို ခိုက်မိသွားမှာ စိုးသောကြောင့် သာသာပဲ ဖယ်ချလိုက်ရသည်။ ပြီးတော့ သူ့မျက်နှာကို မျက်စောင်းတစ်ချက် ပစ်ကြည့် လိုက်ရုံနှင့် စိတ်ကျေနပ်လိုက်ရသည်။ဒီမျက်စောင်းထဲမှာတော့ မလိုခြင်း၊ မုန်းတီးခြင်း၊ ငြူစူ ခြင်းဆိုတာတွေ အပြည့်ကြီး အပြည့်ကြီး ပါသွား ပါလေရဲ့ ကဲ။ ဒါပေမဲ့ သူကတော့ မောမောနှင့်မို့ နှစ်နှစ်ခြိုက်ခြိုက်ကြီး သာ အိပ်ပျော်နေသည်။ ဟောက်များ ဟောက်နေ လိုက်ပါသေး၏။ သူ့ကိုကြည့်ရင်း ကြည့်ရင်း ဒေါသတွေ ဖြစ်လာသည်။ အလိုလို ၀မ်းနည်းလာရသည်။ တအား တအားကြီးသာ အော်ပြီး ငိုပစ်လိုက်ချင်သည်။ မျက်နှာကြီးကို အလွှားလိုက် အလွှားလိုက် ကွာအောင် ကုတ်ကုတ်ပစ်လိုက်ချင်သည်။

ဒီလိုများ ကုတ်ပစ်လိုက်လျှင် “ဟဲ့ အရူးမလေး ဘာဖြစ်တာတုံး” လို့ ဆိုပြီး သူ့မျက်လုံးကြီးနဲ့ အကဲခတ်သလို ကြည့်နေလေမည်လား။ ဒီလိုကြည့်နေမှဖြင့် သူ့မျက်လုံးကြီးက ကြောက်စရာ ကောင်းလှသည်။ သို့မဟုတ်လျှင် လူးလဲ ထလာရာက မျက်နှာထားကြီးနှင့် ကြည့်ပြီးနောက် သူ့လက်ဝါးကြီးနှင့် ပိတ်ရိုက်ပစ်လိုက်မှာ စိုးရသည်။ သည်လိုဆိုရပြန်တော့လည်း ကျောထဲက စိမ့်လာရပြန်သည်။ အို ဘာပဲဖြစ်ဖြစ် ဒီလူကြီးကိုတော့ မုန်းရန်ကောဟု သူ့ကို ကျောခိုင်းပြီး တစ်ဖက်ကို ဆတ်ခနဲ လှည့်ပစ်လိုက် မိသည်။ သူကတော့ ဒါတွေကို ဘာမှဂရုမစိုက်။ မောမောနှင့်မို့  နှစ်နှစ်ခြိုက်ခြိုက်ကြီးသာ အိပ်ပျော်နေသည်။ ဟောက်များ ဟောက်နေလိုက်ပါသေး၏။

မျက်စိရှေ့ တစ်ထွာလောက် အကွာမှာတော့ မီးရောင်ကြောင့် ပြာနုနုကလေး လဲ့နေသော ဇာခြင်ထောင် ရှိနေသည်။ ဇာခြင်ထောင်တွင်ရှိ လှုပ်နေသော လှိုင်းကလေးတွေဟာ သူ များကို သက်သက်ပြောင်၍ ပြနေကြသည်။ လှိုင်းကလေးတွေ လှုပ်တိုင်းလှုပ်တိုင်း ဇာခြင်ထောင်ရှိ ဇာပေါက်ကလေးတွေ က ကျဲလိုက် ပိတ်လိုက် လုပ်ပြနေကြပြန်သည်။ ဒီဇာခြင် ထောင်ကြီးကို မုန်းစရာ ကောင်းလှသည်။

လျော့ရဲရဲ ဖြစ်နေသော ဇာခြင်ထောင် အစကို ကိုယ်လုံးနဲ့ တိုးဖိပစ်လိုက်သည်။ ကဲလေ လှုပ်ကြဦး။ ဒီလို ဖိထားပြန်တော့လည်း ဇာပေါက်ကလေးတွေက ပါးစပ်ကလေးတွေ ပြဲနေကြသည်။ လှုပ်လည်း မလှုပ်ဝံ့၊ ရုန်းလည်း မရုန်းဝံ့။ သူတို့ကို မြင်နေရသည်မှာ ရယ်စရာပင် ကောင်းလှ သေးသည်။ သူတို့ ပါးစပ်ကလေးတွေကလည်း အစီအရီ ပြဲနေကြသည်။ ဇာပေါက်ကလေးတွေ ပါးစပ်ပြဲနေပုံက လူလေး ပါးစပ် ကလေးနဲ့ပင် တူတူသေးတော့။ အမယ်လေး သူ့လက်ကြီးနဲ့များ လူလေးအပေါ် ဖိမိမှဖြင့် လူလေးတစ်ယောက် ဇာပေါက်ကလေးတွေလို ပါးစပ်ပြဲနေမှဖြင့်။

ချက်ချင်း လူးလဲ၍ ထလိုက်မိသည်။ နောက်သို့ ကမန်းကတန်း လှည့်ကြည့်လိုက်မိသည်။ ဇာခြင်ထောင်ရိပ်အောက်တွင် ၀င်းပပကလေး အိပ်မော ကျနေသော ဖိုးလမင်းကြီးကို မြင်လိုက်ရသည်။ လူလေး၏မျက်နှာသည် တိမ်လွှာ မှေးကလေး အောက်တွင် ရေးရေးကလေး ပေါ်နေသော ဖိုးလမင်းကြီးနှင့် တူလှသည်။ လူလေး လန့်သွားမည် စိုးသဖြင့် ရင်ဘတ်ချင်း အပ်ကာ သူနဲ့ ဝေးဝေးသို့ တဖြည်းဖြည်း ရွှေ့ယူရသည်။

“ယို့...ယို့...ယို့ မိုးလား လေလား၊ မိုးလား လေလား” မောင်လေး ငယ်ငယ်က ကလေးကို ရွှေ့ယူတိုင်း အမေ့ ပါးစပ်က ဤသို့ပင် ဆိုနေကျဖြစ်သည်။

ဒီလိုဆိုလျှင် ကလေးမလန့်ဘူးဟု ကြီးကြီးတို့ကလည်း ပြောဖူးသည်။ ထို့ကြောင့် အသက်ကိုအောင့်လျက် အစ်သံနှင့် ဒီလိုပဲ ခပ်တိုးတိုး ဆိုလိုက်မိသည်။ ဒီလိုဆိုရင်း လူလေးကို ပွေ့နေတုန်း လူလေးများ လန့်နိုး သွားလေမလားဟု တထိတ်ထိတ်နှင့် လူလေးမျက်နှာကို ကြည့် နေရတာက စွန့်စားမှုတစ်ရပ်နှင့်ပင် တူလှတော့သည်။ “အမယ်လေး ကံကောင်းလို့ လူလေး လန့်မသွားသေး ဘူးဟဲ့”

လူလေး၏ပါးကို ဖြည်းဖြည်းကလေး အသက် အောင့်ပြီးတော့ နမ်းလိုက်ရသေးသည်။ ပြီးမှ လူလေး ကိုယ်တစ်ပိုင်းကို စောင်ခြုံပေးရင်း သူ့ဆီ ကို မျက်စိရောက်သွားရပြန်သည်။ ဒီမှာတော့ သူ လူလေးကို ဖိမိမှာစိုးလို့ ရွှေ့ရ၊ ပြောင်းရနဲ့ သူကတော့ အစန့်သား အိပ်လို့။ သူ့ကိုမြင်တိုင်း ဒေါသ ဖြစ်လှပါဘိသည်။ ဒေါသဖြစ်တိုင်း သူ့မျက်နှာကို အတော်ကြာကြာ စိုက် ကြည့်နေမိပါသည်။ ဒါပေမဲ့ သူကတော့ ဒါတွေကို ဘာမှမသိ။ မောမောနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်ကြီးသာ အိပ်ပျော်နေသည်။ ဟောက်များ ဟောက်နေလိုက်ပါသေး၏။ သူ့ကိုကြည့်ရင်း ဒေါသ ဖြစ်လှသဖြင့် စိတ်ထဲကပင် အိုက် လာမိသည်။ အလိုလိုနေရင်း အသက်ရှူ ကျပ်လှသဖြင့် ခြင်ထောင် အပြင်ဘက်သို့ ထွက်လာခဲ့မိသည်။

ခြင်ထောင် အပြင်ဘက် ရောက်လာရပေမဲ့ မသက်သာသေး။ အိပ်ခန်းလေးက ကျဉ်းကျပ်လွန်းလှသည်။ ကျဉ်းကျပ်ရသည့် အထဲတွင် အိပ်ရာဘေးရှိ သူ့စားပွဲကြီး က နေရာချဲ့လွန်း အားကြီးလှသည်။ သူ့စားပွဲကြီးကို ကြည့်ရသည်မှာ အလွန်မျက်မုန်း ကျိုးစရာ ကောင်းလှသည်။ သူသည် သူ့သခင်က မျက်နှာသာပေးထားတိုင်း အိပ်ခန်း အလယ်တွင် ခြေထောက်ကြီးလေးချောင်းနှင့် ကားရားကြီး ကန့်လန့်လုပ်လျက် ရှိနေလေသည်။ ဒီလို ကားရားကြီး လုပ်နေသော စားပွဲကြီးထက် စားပွဲပေါ်ရှိ စာအုပ်ပုံကြီးက ပို၍ မျက်မုန်းကျိုးစရာ ကောင်းပြန်သည်။ ယခင် အပျိုဘ၀က ၀တ္ထုကလေး ဘာလေး အတော် အသင့် ဖတ်ရန် ၀ါသနာ ပါခဲ့သော်လည်း အခု သူ့စာအုပ်ကြီးကို မြင် မြင်နေရသဖြင့် စာအုပ်မှန်သမျှ အကုန် မျက်မုန်းကျိုး လှသည်။

ကြည့်ပါဦး။ သူများက ဒါလောက် မျက်မုန်း ကျိုးနေပါလျက်နဲ့ သူတို့က စားပွဲပေါ်ကနေ၍ မထီတရီ မတုန်မလှုပ် လုပ်နေကြပြန်သည်။ ဒါလောက်တောင် ရှိလှတာ ပြတင်းပေါက်ကို ဖွင့်ပြီး ဒီစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်သာ မှောင်ထဲသို့ လွှင့် ပစ်လိုက်ချင်သည်။ ဒီလို လွှင့်ပစ်ပြန်တော့လည်း သူ နိုးလာပြီး “ဟဲ့ အရူးမ၊ ဒါဘာလုပ်တာတုံး” လို့ ပြောပြောဆိုဆို သူ့ လက်ဝါးကြီးနဲ့ ဇက်ပိုးများ အုပ်လိုက်မှဖြင့်။ တွေးရင်း တွေးရင်း မျက်ရည်တွေ ၀ိုင်းလာရပြန်သည်။ ရင်ထဲ၌ လှိုက်၍ လှိုက်၍ တက်လာရပြန်သည်။ အိပ်ခန်းတံခါးကို ဖွင့်ပြီး ဧည့်ခန်းထဲသို့ ၀င်ကာ ကုလား ထိုင်ရှည်တစ်ခုပေါ်တွင် ထိုင်ရင်း အားရအောင် ငိုပစ်လိုက်ရ သည်။ သူကတော့ ဒါတွေကို ဘာမှမသိ။ မောမောနဲ့မို့ နှစ်နှစ် ခြိုက်ခြိုက်ကြီးသာ အိပ်ပျော်နေသည်။ ဟောက်များ ဟောက် နေလိုက်ပါသေး၏။

ငိုလို့အားရမှ မျက်ရည်ကို သုတ်ပြီး ငြိမ်၍ထိုင်နေလိုက် မိသည်။  အပြင်ဘက်တွင် ကြယ်ရောင်ကလေးများ လင်းနေခြင်းကို မှန်ပြတင်းက မြင်နေရသည်။ ဒီအလင်းရောင်ကတော့ ဒီကနဲ့ တန်လိမ့်မည် မဟုတ်။ ဒီက ဘ၀မှာ မှောင်နေသူ ဖြစ်သဖြင့် အမှောင်နှင့်သာ ထိုက်တန် ပါလေသည်။ ဒီလို တွေးလိုက်တော့ ၀မ်းနည်း၍ လာရပြန်ပါသည်။ ဖြစ်မိမှတော့ မထူးဘူးဟု စိတ်ကို တင်းထားလိုက်မိ သည်။ တင်းထားသည့် ကြားကပင် တစ်ခါတစ်ခါ မှာတော့ အောင့်၍မရအောင် ရှိုက်ရှိုက် နေရသည်။

“ငါ မရှိုက်ဘူး” ဟု စိတ်ကို အတင်း ချုပ်လိုက်သည်။ ငါ ဒီအကြောင်းတွေ မစဉ်းစား၊ ငါ ဒီဝမ်းနည်းစရာတွေ မစဉ်းစားဟု အတင်း ချုပ်တည်းလိုက်သည်။ ဒီလို ချုပ်တည်းကာမှ ငါ သူ့ကို ဘာလို့ ယူမိပါလိမ့် မလဲဟု တွေးတောမိရသည်။ သူနဲ့အခုလို အခုလို ဖြစ်လာခါမှ ဖြစ်ရသည်။ တကယ်တော့ သူ့ကို ဘယ် တုန်းကမှ မကြိုက်ခဲ့ဖူးပါ။ စတွေ့တွေ့ချင်း သူ့ကို မျက်မုန်း ကျိုးခဲ့ရသည်။ ဒီလူကြီးက ဘယ်နှယ့် လူကြီးပါလိမ့်မလဲဟု မြင်ပြင်းကတ်ခဲ့ရသည်။ လူကြီးကိုက မုန်းစရာကြီးဟု ဒေါသ ဖြစ်ခဲ့ရသည်။

ဒီလို ဒေါသဖြစ်ခဲ့ရ ခြင်းအကြောင်းကတော့ ကိုကိုမောင့် အပေါ်မှာ သူက အနိုင် ကျင့်ခဲ့လို့ ဖြစ်သည်။ ကိုကိုမောင့် အပေါ်မှာသာ မဟုတ်သေး၊ ဘယ်သူ့ အပေါ်မှာဖြစ်ဖြစ် သူက အနိုင်ကျင့်တတ်သည်။ သူများကိုလည်း ခုအထိ သူ အနိုင် ကျင့်နေတုန်းပဲ ဖြစ်သည်။ ဒါ့ကြောင့် သူ့ကို သိပ်မုန်းသည်။ ဒီလို မုန်းနေတဲ့ ကြားထဲက ကိုကိုမောင့်ကို စွန့်ပစ်ပြီး ဘာ့ကြောင့် သူနဲ့ လူကလေး တစ်ယောက် ရလာသည်အထိ ဖြစ်ပျက်လာ ရသည်ကို မကျေမချမ်း ရှိတိုင်း ကိုယ့်ကိုယ်ကို ကုတ် ရ၊ ဖဲ့ရ၊ ထုရ၊ ရိုက်ရသည်မှာ အမြဲတမ်း ဒဏ်ရာ ရနေရ တော့သည်။ ယခုလည်း သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော် နေသည်သာ ဖြစ်သည်။ ဟောက်များပင် ဟောက်နေလိုက် ပါသေး၏။ ဒီမှာတော့...။

သူ့အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက ရုံးလွှတ်ချိန် တွင် မိန်းကလေးတွေ ၀ိုင်းမှာ စကားဖြစ်လာရသည်။ မိန်းကလေးတွေ အကုန်လုံးက သူ့ကို မုန်းကြသည်။ သူ့အကြောင်းကိုပဲ ပြောနေကြသည်။ ဒီလူကြီးက လူကြမ်း၊ လူရမ်း လူရိုင်းစိုင်းကြီးတဲ့။ တစ်ခါက တစ်ရုံးလုံးရဲ့ အချစ်တော်ဖြစ်တဲ့ ရိုစီသန်းဌေးက အလုပ်ကိစ္စ တစ်ခုနှင့် သူ့ဆီကို သွားရသည်။ စာရင်းအင်း များကို သူ့အားပြရာတွင် သူက နောက်ကို ဆုတ်ဆုတ်သွားသည်။ နောက်ဆုံးတွင် သူက ပြောလိုက်သေးသည်။

“ခင်ဗျား အလုပ်ကိစ္စရှိရင် ခပ်ဝေးဝေးက ပြောပါ၊ ကျုပ် နားသိပ်မကပ်ပါနဲ့။ ခင်ဗျားကိုယ်က ပေါင်ဒါစော်တွေ နံလွန်းလို့၊ ကျုပ် တောင်းပန်ပါရစေ”တဲ့။

ဒုတိယ မယ်ဗမာ ဖြစ်တဲ့ ရိုစီသန်းဌေးက ခုအထိ သူ့ အပေါ်ကို မကျေ။ ဒီလို မကျေတာကိုပဲ သူများက စိုးရိမ်နေရပြန်သည်။ “အို- ဘာလို့ စိုးရိမ်ရမှာလဲ၊ ဒင်းကို မုန်းပါတယ်”လို့ တွေးပေမဲ့ နောက်ဆုံးတော့ ငိုချင်လာတာနဲ့ပဲ အဆုံးသတ်ရပြန်သည်။ သူများလည်း အစက ဒီလိုပဲ သူ့အပေါ် မကျေမချမ်းဖြစ် ခဲ့ရဖူးသည်။ ကြည့်လေ သူက ကိုကိုမောင်ကို ပြောနေသည်။ “ခင်ဗျား ဒီမိန်းကလေးကို ယူရင် ခင်ဗျားတို့ မြန်မြန် ကွဲမှာပဲ” တဲ့။ ပြီးတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ သူများ တစ်ကိုယ်လုံးကို ကျောရိုးထဲက စိမ့်လာအောင် ခြေဆုံးခေါင်းဆုံး ကြည့်နေပြန်သည်။ ဒီလို ကြည့်နေပြန်တော့လည်း ရင်ထဲက ဖိုနေရသည်။ သူများတစ်ကိုယ်လုံး တုန်လှုပ် လာရသည်။ ဟန်လုပ်ပြီး လက်နှိပ်စက် ရိုက်နေရပေမဲ့ စာလုံးတွေက မှားကုန်ရသည်။ ပြီးတော့ သူ့မျက်နှာကို ကြည့်ရင်း မျက်လုံးက လွှဲဖယ်မရအောင် ဖြစ်နေရပြန်သည်။ လူကြီးကိုက အတော် မုန်းစရာ ကောင်းလှသည်။ ဘယ်လို လူကြီးမျိုးပါလိမ့်ဟုလည်း တွေးနေရသည်။

ပြီးတော့ သူ့စကားကို နားစွင့်မိပြန်သည်။ “ဒီမိန်းကလေးက ကျန်းမာသ န်စွမ်းလွန်းအားကြီးတယ်ဗျ။ ခင်ဗျားက ရောဂါသည် ချည့်ချည့်နဲ့နဲ့ ကလေးပဲ၊ ခင်ဗျားနဲ့ ရလို့မှ သူ လင်ငယ် မနေဘူးဆိုရင် တစ်ထောင်မှာ တစ်ယောက် မရှိတဲ့ မိန်းမမျိုး ဖြစ်မှာပဲ”

ကြည့်ပါဦး ကြည့်ပါဦး၊ အဲဒါ သူပြောလိုက်တဲ့ စကားပေါ့။ သူများမှာ မျက်နှာတစ်ခုလုံး ထူပူပြီး ရှေ့က လက်နှိပ်စက်ကြီး မြောက်သွားသည်ဟု ထင်လိုက်ရသည်။ ဒါ့ကြောင့် သူ့စကားနဲ့ ညီအောင် အခုချက်ချင်း လင်ငယ် နေပစ်လိုက်ချင်တဲ့ စိတ်တွေ ပေါ်လာသည်။ ကိုကိုမောင်ရေ- လာပါတော့။ ဒါပေမဲ့ ကိုကိုမောင်ကလည်း မလာ၊ သူများရှေ့မှာ ညအမှောင်နဲ့ ငြိမ်နေတဲ့ ကုလား ထိုင်များ၊ စားပွဲများသာ ရှိနေရသည်။ မှန်ပြတင်းရဲ့အပြင်မှာတော့ အရောင်ကလေး မှိန်မှိန်နှင့် ကြယ်ပြောင်ကလေးတွေ ရှိနေကြသည်။ ဒီကြယ်ပြောင်ကလေး တွေဆီသွားပြီး ကိုကိုမောင်နှင့် တူတူပုန်းတမ်း ကစားပစ် လိုက်ချင်သည်။

ကြယ်ပြောင်ကလေးရဲ့ ချောင်တစ်ချောင်မှာ တိတ်တိတ် ကလေး ပုန်းနေတုန်း ကိုကိုမောင်က ဗြုန်းခနဲ ဖက်လိုက်သဖြင့် လန့်ပြီး အသံစူးကလေးနှင့် တအား ကုန်းအော်ပစ်လိုက်ချင် သည်။ ဒီလိုအော်ရင်း ကိုကိုမောင်ကို ပြန်ဖက်ထားလိုက်မိရာက မော့်ကြည့်လိုက်တော့ သူ့မျက်နှာကြီး ဖြစ်နေပြန်ပါသည်။ အို ဘာလို့ သူ့မျက်နှာကြီးက ပေါ်ပေါ်လာရပြန်ပါလိမ့်။ ဒီ မုန်းစရာကြီးကို။ မုန်းစရာမှ တကယ့်ကို မုန်းစရာကောင်းတဲ့ လူကြီး ဖြစ် သည်။ အဲ- ဟိုတုန်းက သူက ကိုကိုမောင့်ကို ပြောတယ်လေ။ “သူငယ်ချင်းပီပီ ပြောင်ပြောရရင် ဒီမိန်းကလေးက ခင်ဗျားကို သူ့အထက်က ရာထူးကြီးသူ တစ်ယောက်အနေနဲ့ရယ်၊ ပြီးတော့ ခင်ဗျား အမောက်နဲ့ အမြဲတမ်း ပေါင်ဒါဖို့ထားတဲ့ မျက်နှာရယ်၊ ပြီးတော့ ခင်ဗျားရဲ့ ပြောင်လက်တဲ့ အ၀တ်အစားတွေရယ် ဒါကို ကြိုက်နေတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ရကြပြီးရင် ဒါတွေ ရိုးသွားတော့ ခင်ဗျားကို ကျေနပ်တော့မှာ မဟုတ်ဘူး။ သူက မလိုချင်ဘူး ထားဦး။ သူ့သွေးသားက တကယ် လိုချင်တာက ကျုပ်တို့လို ဒူပေနာပေ ခံတဲ့ ယောက်ျားကြမ်းကြီးမျိုးဗျ”တဲ့။

ကြည့်စမ်း ကြည့်စမ်း၊ ဒါ လူဝါးဝတာ၊ သက်သက်မဲ့ သူများကို စော်ကားတာ။ ဇောင့်ခနဲ မျက်စောင်း ထိုးကြည့်လိုက်မိရာက မျက်နှာ တစ်ခုလုံး ထူပူလာရပြန်သည်။ ဖျိုးဖျိုးဖျဉ်းဖျဉ်းနှင့် နားရွက် တွေထူလျက် မျက်လုံးတွေ ပြာလာရပြန်သည်။ ရင်ထဲမှာလည်း ကတုန်ကယင်ကြီး ဖြစ်လာရပြန်သည်။ ကုလား ထိုင်ကြီးရော စားပွဲပါ အပေါ်သို့ မြောက်တက်သွားလျက် အထက်သို့လည်း မထိ၊ အောက်သို့လည်း မကျဘဲ ရှိနေသည် ဟု ထင်နေရပြန်သည်။

ဒါပေမဲ့ နားကတော့ ဆက်ပြီး ကြားနေရပြန်သည်။ “ဒါပေမဲ့ ကျုပ်ကတော့ ခင်ဗျား အမျိုးသမီးကို ခုအထိ တော့ စိန်ကလပ်ကလေးနဲ့ တင်ပေးတောင် မလိုချင်သေးဘူး” တဲ့။

“စော်ကားတာ စော်ကားတာ၊ ဒါ သက်သက်ကို စော်ကားတာ”

ဒီလို စော်ကားတာနဲ့ တစ်ပြိုင်နက် ဘယ်လိုက ဘယ်လိုမှန်း မသိဘဲ ဖြန်း ဖြန်းနဲ့နေအောင် သုံးချက်တိတိ သူ့ပါးကို တအားကြီး ဆက်တိုက်ချပစ်လိုက်မိသည်။ နတ်ပူးတာတို့၊ အာဠာဝက ၀င်တာတို့ ဆိုသည်မှာ ဤလို အဖြစ်မျိုးနှင့် တူသည်။ ဘယ်လိုက ဘယ်လို သူ့အနားသို့ ရောက်သွားသည်ဟု မသိရ၊ ဘယ်လိုကဘယ်လို သူ့ပါးကို ရိုက်သည်ဟုလည်း မသိရ။ လက်ကလေးတွေ နာလာမှသာ သူ့ပါးကို ရိုက်ပစ် လိုက်ပြီးကြောင်း သိလာရသည်။ သို့ သိလာသည်နှင့်အမျှ မျက်ရည်ဖြိုင်ဖြိုင်ကျကာမျက် နှာကို လက်ဝါးနှင့်အုပ်၍ ကြူကြူပါအောင် ငိုလိုက်ရသည်။ တစ်ရုံးလုံးလည်း အံ့အားသင့်သွားကြရသည်။ အဲဒီတုန်းက ကိုကိုမောင့် အဖြစ်သည် မကျေချမ်းစရာ အကောင်းဆုံး ဖြစ်သည်။ “ဖြစ်မှ ဖြစ်ရလေ ကိုကိုမောင်ရယ်၊ ဟိုလူကြီးစိတ်နဲ့ ကိုကိုမောင့် ကိုယ်နဲ့ပဲ ဖြစ်လိုက်ပါတော့”ဟု ၀မ်းထဲက ကျိတ်၍ ဆုတောင်းလိုက်မိသည်။ သက်ပြောင်းကိုယ်ခွာ အတတ်များ တတ်မည်ဆိုလျှင် နေရာတွင်ပင် ချက်ချင်း ပြောင်းပေးလိုက် စမ်းချင်သည်။

တစ်ရုံးလုံး ဆူလျက် အနားသို့ လူကြီးတွေရော၊ အလုပ် ဖော်တွေပါ ၀ိုင်းလာကုန်ကြသည်။ မေးကြ၊ မြန်းကြသည်။ ကိုကိုမောင်က ဗျိုင်းအိုကြီး အစာနင်သလို လည်ပင်းကြီး ဆန့်ငင် ဆန့်ငင်နှင့် လုပ်နေသည်။ သူ့ကိုကြည့်ပြီး အားမလို အားမရ ဖြစ်ရပြန်သည်။ စိတ်ရှိ လက်ရှိကြီးသာ ပြေးပြေးထုလိုက်ချင်သည်။ ဒီလို ရယ်စရာ အိုးတိုး အတကြီးမျိုးတော့ ဟိုလူကြီးက ဘာလို့ မဖြစ်ရတာ လဲဟု အဘိဇ္ဈာပွားရပြန်သည်။ ဒီအချိန်မှာ အဲဒီလူကြီးက ဘာမှမဖြစ်သလို အေးအေး ဆေးဆေးပဲ ပြောပြလိုက်တယ်လေ။ “အလုပ်လုပ်တာ ညံ့လွန်းလို့ ကျွန်တော်က ပက်ပက်စက်စက် ပြောလိုက်မိတာနဲ့ မိန်းကလေးက ရှက်ပြီး ရိုက်လိုက်တာပါ။ ကိစ္စ မရှိပါဘူး။ ကျွန်တော် ပြောတာကလည်း နည်းနည်း လွန်သွားပါတယ်”တဲ့။

တော်တော်တတ်နိုင်တဲ့ လူကြီးဖြစ်သည်။ ဒါပေမဲ့ အမှန်အတိုင်း ဆိုရင် ဒီကအတွက် ရှက်စရာချည်း ဖြစ်နေမှာမို့ သူ့ကိုပဲ ကျေးဇူးတင်ရမလိုလို ဖြစ်နေသည်။ သူများကတော့ ဒါကိုပဲ စိတ်ထဲမှာ ခံပြင်း နေရသည်။ ပြီးတော့ ဒီလူကြီးက သူ့အတွက် ဘယ်တော့မှ ဂရုစိုက် တတ်တဲ့လူ မဟုတ်ကြောင်း လူတိုင်း သိကြသည်။ အခုလို ပြောလိုက်ခြင်းသည် သူ့အတွက် ထိခိုက်မည်စိုး သောကြောင့် မဟုတ်ဘဲ သူများ အရှက်ရမည် စိုးသောကြောင့် တမင် ကာကွယ်လိုက်ခြင်း ဖြစ်သည်ဟု သိလိုက်ရသည်။ ကဲလေ ကဲလေ ဘယ့်လောက်များ ဘယ့်လောက်များ။ အို- သူ့ကိုတော့ ဘယ်တော့မှ ကျေးဇူး မတင်နိုင်ပေါင်။ သူကလည်း သူများ ကျေးဇူးတင်တင်၊ မတင်တင် ဘယ်တော့မှ ဂရုစိုက်နေသည့် လူစားမျိုး မဟုတ်ပါ။ သိပ် သိပ်ပြီး မုန်းစရာ ကောင်းတဲ့ လူကြီးမျိုး ဖြစ်သည်။ ကြည့်လေ အခု သူများကတော့ သူ့အကြောင်းပဲ စဉ်းစား နေရသည်။ သူကတော့ မောမောနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကြီးသာ အိပ် ပျော်နေသည်။ ဟောက်များပင် ဟောက်နေလိုက်ပါသေး၏။

ဒီလူကြီး အကြောင်းကို တွေးမိရင် ငိုချင်လာသည်။ ဘယ်တော့မဆို အလွန် မထီတရီနိုင်သော လူမျိုးဖြစ်သည်။ မျက်စိထဲမှာ မြင်ယောင်လာပါသေးသည်။ လူရှင်းသွားသော အချိန်၌ ကိုကိုမောင်က သူ့ကို အားတောင့်အားနာနှင့် ၀မ်းနည်းစကားပြောမည် ပြုနေသည်။ သူက အဲဒီလူကြီးက ပြောလိုက်ပြန်ပါသည်။ “ကလေးတွေ ခွေးကလေးတွေလိုပေါ့ဗျာ၊ သွားစမိတော့လည်း ဟပ်လိုက်မိတာပေါ့။ ဒါတွေကို ဗွေယူနေလို့ ဘယ်ဖြစ်မလဲ။ အလွန်ဆုံး ပေါက်သွားတဲ့ လက်ကို ခါပြီး “ဟ ဒီ ကောင်ကိုက်တတ်သားပဲဟ”လို့ ရယ်နေရုံရှိတာပေါ့”

ကြည့်စမ်း ကြည့်စမ်း။ သူများကို သူတို့ ရယ်စရာ သူတို့ စစရာ ခွေးမလေး တစ်ကောင်လောက် သဘောထား ပြီး ပြောနေကြသည်။ ဒါပေမဲ့ ဒီကတော့ ဘာမှ မတတ်နိုင်ပါ။ နှုတ်ခမ်းကို ချွန်နေအောင်စူရင်း မျက်ရည်တွေဖုံးနေသော မျက်လုံးကြီးနှင့် သာ မျက်စောင်းပစ်ထိုးရုံမျှ ရှိရသည်။ သူ့ကို မျက်စောင်းထိုးရုံမျှတော့ မျက်စိကြီး ကျွတ်မှန် အောင် ထိုးလိုက်စမ်းပါစေ၊ ဘယ်တော့မှ ဖြုံမည့် လူကြီးမျိုး မဟုတ်ပါ။ ငါ့ကို မျက်စောင်းထိုးနေပါပကောဟဟု အသိအမှတ်ပြု သူမျှ မဟုတ်ပါ။ သူများကတော့ ဒီလိုအသိအမှတ် မပြုတာကိုပင် စိတ်ထဲက ခံပြင်းနေရပါသည်။ ၀မ်းထဲက ကလိကလိနှင့် ဖြစ်နေရ ပါသည်။ သူများမှ မဟုတ်သေးပါ။ တစ်ရုံးလုံးရှိ မိန်းမ တစ်သိုက်က သူ့ကို ဒီလိုပဲ ခံပြင်းနေကြပါသည်။ မိန်းမ အုပ်စုက ဆုံမိကြတိုင်း သူ့အကြောင်းကိုပဲ ပြောနေ ကြရပါသည်။ ဆုံမိကြမှသာ ပြောကြရသည် မဟုတ်။ ရုံးဆင်းလို့ ဘတ်စ်ကားပေါ်၌ ငြိမ်ပြီးပါသွားကြသောအခါ ဖြစ်စေ၊ အိမ်၌ အားအားရှိနေသော အချိန်မျိုး၌ ဖြစ်စေ၊ သူ့အကြောင်းကိုပဲ စဉ်းစားကြရပါသည်။ သူ့အကြောင်းသာပဲ ပေါ်ပေါက်လာရ ကြရပါသည်။

စဉ်းစား၌ အားရကြသော အခါမှ “အို- ဘာလို့ ဒီလူကြီး ကိုပဲ တွေးတွေးနေမိပါလိမ့်”ဟု ကိုယ့်ကိုယ်ကို ဒေါသဖြစ်ကြ ရပြန်သည်။ ပြီးတော့မှ ကိုကိုမောင်ကို သတိရ ရသည်။ သတိရပြန်တော့လည်း ကိုကိုမောင် တစ်ယောက်တည်း မဟုတ်။ ဒီလူကြီးပါ ပါပါလာရသေးသည်။ ကိုကိုမောင့်နှယ်နော် ဘာလို့များ ဒီလူကြီး မဖြစ်ရပါလိမ့်။ ဒီလူကြီးလို ဖြစ်ရင်လည်း မုန်းစရာကြီး နေမှာပေါ့ဟု တွေးမိပြန်သည်။ ကိုကိုမောင်သာ အဲဒီလို မုန်းစရာကြီးဖြစ်နေရင်ဖြင့် “သွား မခေါ်ဘူး။ တော်တော့်ကို မုန်းစရာကောင်းတယ်။ မုန်းပစ်လိုက်မှာ သိလား”ဟု ကိုကိုမောင့် နဖူးကို လက်ညှိုး ကလေးနဲ့ နောက်သို့ ယိုင်သွားအောင်ထိုးပြီး ပြောပစ်လိုက် ချင်သည်။

ဒီလိုဆိုရင် ကိုကိုမောင်ကတော့ မျက်နှာကလေး ငယ်ငယ်နဲ့ ပြောလိုက်မည် ဖြစ်သည်။ “မုန်းတော့ မမုန်းလိုက်ပါနဲ့ကွယ်။ ကိုယ့်အချစ်ကလေး က မကြိုက်ရင် နောက် မလုပ်တော့ပါဘူးလို့” ဒီလိုများ ပြောလိုက်ရင်တော့ ဒီကိစ္စဟာ တိုတိုနဲ့ အေးချမ်းသွားကြတော့မည်။ နောက်ထပ် ဘယ်လိုမှ ထူးမလာတော့ဘဲ ငြိမ်ဆိမ် တိတ်ဆိတ်ပြီး ခြောက်ကပ်ကပ်ကြီးဖြစ်ရပေတော့မည်။ ဖြစ်ခါမှ ဖြစ်လေ၊ ကိုကိုမောင်ကတော့ ဒီလိုပဲ ပြောလိမ့် မည် ဖြစ်သည်။ ဒီနေရာမှာ ဟောဒီ မုန်းစရာလူကြီးကတော့ ဒီလို လုပ် လိမ့်မည် မဟုတ်။ မျက်မှောင်ကြီး ကုတ်ပြီး သူ လုပ်လိုက် မည့်ပုံကို မြင်ယောင်လာရသည်။

“ဘာ မုန်းမယ်။ မုန်းနိုင်သားပဲ။ ဒါက မင်းအလုပ်။ ငါ့အလုပ်ကတော့ မင်းမုန်းနေလည်း ဟောဒီလို ချစ်လာအောင်” အဲဒီလို ပြောပြောဆိုဆိုနဲ့ သူ့ ရင်ခွင်ကျယ်ကြီးထဲများ ဇွတ်ဆွဲသွင်းလိုက်မှဖြင့်။ အမယ်လေး တွေးကြည့်ရသည်ကိုပင် ရင်ထဲ ဖိုလာရ သည်။ အလိုလို စိုးရိမ်စိတ်နှင့် ကိုယ်ကလေးများကို ကျုံ့လိုက် မိသည်။ သူ့ ရင်ဘတ်ကြီးကို ထုလိုက်ရန် လက်သီးဆုပ်က လေးများပင် ပြင်လိုက်မိသည်။ ပြီးတော့မှ အတွေးပါလား ရယ်လို့ ရှက်ပြုံးကလေးများတောင် ပြုံးလိုက်ရပြန်သည်။ “ကိုကိုမောင်ရယ် ဒီလိုများ ပြုတတ်လိုက်စမ်းပါတော့ ရှင်ကြီးရယ်” ဒီလူကြီးကတော့ သူများကို ဒီလိုနဲ့ပဲ အနိုင်ယူ ယူနေသည်။ အခုလည်း သူများကတော့ သူ့အကြောင်းကိုပဲ စဉ်းစား နေရသည်။ သူကတော့ သိုးနေအောင် အိပ်တော်မူနေသည်။ ဟောက်များပင် ဟောက်နေလိုက်ပါသေး၏။

ဒီဟောက်သံကြီးကို ကြားကြားနေရတိုင်း ဒေါသ ဖြစ်ရလွန်းသဖြင့် မောနေသည်။ ငါဘာလို့ သူ့ကို ယူမိပါလိမ့်မလဲဟု ကိုယ့်ကိုယ်ကို တွေး၍ စိတ်နာရသည်။ တကယ် ယုယတတ်သူ ကိုကိုမောင်ကတော့ အတင်းပစ် ခွာ၍ ထွက်ပြေးသွားလေပြီ။ အဲဒီတုန်းက ကိုကိုမောင်ရေ ခေါ်ပါလို့ တကယ် လှမ်း အော်မိသေးသည်။ ကိုကိုမောင်က လှည့်မကြည့်ဘဲ တိမ်လှိုင်း တိမ်လိပ်ကြီး တွေထဲ ၀င်ပြေးသွားသလို ပျောက်ကွယ်၍ သွားခဲ့သည်။ ကိုကိုမောင်နဲ့ စတွေ့ကတည်းက ဒီတစ်ချိန်ပဲ သူများ ပြောတာကို ဆန့်ကျင်ပြီး ထွက်ပြေး ပျောက်ကွယ်သွားဖူးသည်။ ဒီတုန်းက အပြင်မှာ မိုးတွေလေတွေထန်၍ လျှပ်စီးတွေ လက်လွန်းလှသည်။ ဒီလို လျှပ်စီးတွေ လက်ကတည်းက ကိုကိုမောင့် ရင်ခွင် ထဲမှာ ၀င်ပြီး မျက်နှာကလေး ၀ှက်နေချင်သော စိတ်တွေပေါ် နေရသည်။ ဒါပေမဲ့ ကိုကိုမောင် ကိုယ်တိုင် တခြာ ရုံးသားတွေနှင့် အတူ အထက်မျက်နှာကြက်ကို မော့ကြည့်ပြီး မျက်လုံး ၀ိုင်း နေတာကို တွေ့နေရသည်။

အဲဒီအချိန်မှာ သူကတော့ သူ့အလုပ်ခွင်က စာရွက်စာတမ်း တွေကို သိမ်းပြီး အေးအေးလူလူ စီးကရက် သောက်နေ၀ံ့သည်။ ပြီးတော့ ပြောလိုက်သေးသည်။ “ကိုယ့်လူတို့ စိတ်သာချ၊ ဘာမှ မပူကြနဲ့။ ဒီအဆောက် အအုံကြီးကတော့ ဒီတစ်ချီ ပြိုဖို့ စိတ်ချရတယ်။ အဲဒီတော့မှ ကျုပ်တို့ရုံးသားတွေ စုပြီး ဆိုင်ရာဌာနကို တရားစွဲကြရမယ်။ ကြောက်တဲ့ လူတွေလည်း အပြင်သာ ထွက်နေကြတော့”တဲ့။ ဒါသက်သက် သူများတွေကို စောင်းပြောတာဖြစ်သည်။ ဒါ့ကြောင့် စောစောကတည်းက ကိုကိုမောင့်ကို အပြင် လိုက်ပို့ခိုင်းဖို့ ဥစ္စာ သူ့မုန်းတာနှင့် အောင့်ပြီး နေပစ်လိုက်မိသည်။ ပြီးတော့ သူ့ကို မုန်းမုန်းနဲ့ မျက်စောင်းထိုးလိုက်မိသည်။

ဒီလို မျက်စောင်းထိုးလိုက်ရင်း “ငါ နဂါးမကလေးပဲ ဖြစ်ပါတော့”ဟုလည်း တွေးလိုက်မိသေးသည်။ သို့မှသာ သူ့ကို ဖွဲပြာနုနုကလေး ဖြစ်သွားသည်အထိ မျက်စောင်း အရှည်ကြီး ထိုးနိုင်မယ် မဟုတ်ပါလား။ အပြင်မှာ တဖြည်းဖြည်းမိုးတွေ လေတွေက ငြိမ်သွားသည်။ ရုံးသူရုံးသားတွေလည်း စိတ်တည် ငြိမ်မှု ရလာကြလျက် အလုပ်လုပ်ရန် အာရုံပြုလိုက်ကြသည်။ ဒီအချိန်မှာမှ ပြင်းထန်တဲ့ အသံကြီးတစ်ခုနှင့်အတူ လျှပ်စစ်မီးတွေ ငြိမ်းသွားပြီးလျှင် လူတွေစုပြုံပြီး အထွက် အ၀င်ဝ တံခါးပေါက်ကြီး ရှိရာသို့ ပြေးကုန်ကြသည်။ အထွက်အ၀င် တံခါးဝတွင် အခန်းတွေ ပိတ်၍ ကာထား ကြသဖြင့် ရုတ်တရက် ထွက်၍ မလွယ်ဘဲ လူတွေကျပ်ကာ ပိတ်ဆို့၍နေကြသည်။ ကိုကိုမောင်သည် လူတွေနောက်ကို အတင်းပြေး၍ လိုက်သွားသည်။ ကိုကိုမောင် ဒီကိုလည်း ခေါ်ပါဦးဟု သံကုန်လှမ်း၍ အော်လိုက်မိသည်။ ကိုကိုမောင်က လှမ်းမကြည့်ပေမဲ့ အတင်းပြေး၍ လိုက်မည့်ဆဲဆဲ လက်ကြမ်းကြီးတစ်ခုက ပိုင်စိုးပိုင်နင်း ဆွဲယူသွားကာ တိုင်ကြီး တစ်ခု၏ ခြေရင်းကို ဆောင့်တွန်း၍ ပို့လိုက်သည်။

ဒါလောက် ထိတ်လန့် ကြောက်ရွံ့နေရသည့်အထဲ ဒီလက ကြီးနှင့် အတွန်းခံလိုက်ရသည့် နေရာမှာ အိခနဲ ဖြစ်သွားရသော ကြောင့် ဒီလက်ရှင်ကို မျက်လုံးလှန်ကြည့်မိရသေးသည်။ သူမှန်းသိတာနှင့် တစ်ပြိုင်နက် ကိုကိုမောင် ရှိရာသို့ပြေး ရန် တိုင်နှင့်ကျောနှင့် ခွာလိုက်ရာ အခြားလူများကို တိုင်ခြေ ရင်း တွန်း တွန်းပို့နေရာမှ-သူများရင်ဘတ်ကို သူ့လက်ဝါး ကားကားကြီးနဲ့ အတင်း တွန်းပြီး တိုင်နှင့် ကျောနှင့်ကပ်နေအောင် အတင်းဖိထားသည်။ ဒီအချိန်မှာ သူက ဘာမှမဖြစ်ပေမဲ့ သူများတကာမှာ တော့ တစ်ကိုယ်လုံး ဖျိုးဖျိုးဖျဉ်းဖျဉ်းဖြစ်နေရသည်။ ရုန်း လည်းမရ၊ လှုပ်မှလည်း မလှုပ်နိုင်သောကြောင့် မျက်နှာတွေ ထူပူလာသဖြင့် သူ့ကို မကြည့်ဝံ့ဘဲ ရှေ့သို့ လှမ်းကြည့်မိပြန်ရာ ကိုကိုမောင်တို့ အပေါ်သို့ အဆောက်အအုံကြီး ပြိုကျ လာခဲ့သည်။မိုးတိမ်တွေလို အလိပ်လိပ် ထလာသည့် အင်္ဂတေမှုန့်တွေ ထဲတွင် ကိုကိုမောင် တစ်ယောက် ပျောက်ကွယ် သွားပါလေပြီ။ အထိတ်တလန့်နှင့် စူးစူးဝါးဝါး သံကုန် အော်မိလိုက်စဉ် သူက အတင်းပွေ့လှဲလိုက်ပါသည်။ ရုတ်တရက်မို့ ခြေကားရား လက်ကားရားနှင့် ပက်လက် ကလေး လဲကျသွားရသည့်အပေါ်မှာ သူ့ကိုယ်ကြီးက ဖိလျက် သား ပါလာပါသည်။ နောက်ထပ် “၀ုန်း”ဆိုသော အသံကြီးနှင့် အတူ ဖုံးဖုံးထိုင်းထိုင်း အသံတွေကို ကြားနေရစဉ် သူ့ကိုယ်ကြီးကတော့ သူများ တစ်ကိုယ်လုံးအပေါ်မှာ ဖိလိုက် ကြွလိုက်နှင့် ဖြစ်နေပါသည်။ တစ်ကိုယ်လုံး ထူထူပူပူနှင့် ကြောက်လည်းကြောက်၊ စိတ်ထဲကလည်း ကျဉ်းကျပ်နေရသည့် အထဲ မီးခိုးလုံးကြီးများ ထလာသလို အင်္ဂတေမှုန့်တွေ ထလာသဖြင့် အသက်ရှူကျပ် နေရ ချောင်းဆိုးရသည်။

ဒီအချိန်မှာ အပေါ်က ခပ်ကြွကြွ လူချင်းကွာနေသော သူ့ကိုယ်ကြီးက တဖြည်းဖြည်း ပိလာပြန်သည်။ ရင်ချင်းအပ် မိကြသည်။ ပေါင်ချင်းထပ်မိရသည်။ သူ့မျက်နှာကြီးက သူများ မျက်နှာပေါ်မှာ မခွာတော့ဘဲ ဖိထားပြန်သည်။ “အမယ်လေး အသက်ရှူကျပ်လိုက်တာ ဖယ်ပါ”

ချောင်းဆိုးရင်းက အော်လိုက်သော်လည်း အပေါ်က ဟာကြီးက တုတ်တုတ်မျှမလှုပ်။ “ဘယ့်နှယ် လုပ်နေတာတုံး။ ဖယ်ပါဆိုမှ၊ မွန်းလို့ သေရ ချေရဲ့”

ပြောပြောဆိုဆိုနှင့် အတင်းရုန်းကန် ထလိုက်ရသည်။ အပေါ်က ဟာကြီးကြောင့် တော်တော်နှင့် ထလို့မရ။ စိတ် ပေါက်ပေါက်နှင့် အတင်းတိုးပြီး ကုန်းထလိုက်သော အချိန် တွင် အပေါ်က ပိတ်ကာ ထားသလို ဖြစ်နေသော အင်္ဂတေပြား ကြီးနှင့် တိုက်မိပြီး ဖင်ထိုင်လျက် ပြန်ကျသွားရသည်။ ထလို့ မရမှန်းသိမှ အိတ်ထဲက လက်ကိုင်ပ၀ါကိုထုတ်၍ မီးခိုးကဲ့သို့ မှောင်နေသော အင်္ဂတေမှုန့်များကို ခါယမ်းလျက် ကုန်းပေါ်သို့ ရောက်လာသည့် ငါးတွေလို အသက်ရှူခြင်းကိုပင် ဂရုစိုက်နေ ရပြန်သည်။

အတန်ကလေးကြာမှ ဒီက ရောက်နေသော တိုင်ကြီး ပတ်ပတ်လည်တွင် အပေါ်ထပ်မှ အခင်းဖြစ်သော သမံတလင်း ပြားကြီးများ ၀ိုင်းကာ၍ ထောင်နေသည်ကို သိရသည်။    သံရက်မကြီး တစ်ခုကလည်း တိုင်ကြီးပေါ်ကို မေး တင်လျက် တဲတဲကလေး ထောင်နေသည်ကို တွေ့ရပြန်သည်။ ပြုတ်များကျလာလေမလားဟု တွေးရင်း အားကိုးရာကို ရှာလိုက်မိပြန်သည်။တိုင်ခြေရင်းတွင် ကပ်လျက် အထိတ်တလန့်ဖြစ်နေကြသူ အားလုံးတို့သည် သူများလိုပင် အသက်ရှူခြင်းကို ဂရုစိုက်နေရ သူများ ဖြစ်ကြောင်း တွေ့ရပြန်သည်။ ဒီတော့မှ သူ့ကို လှမ်း ကြည့်မိသည်။ သူ့ခါးပေါ်တွင် အတော်ကြီးသော အင်္ဂတေတုံး ကြီးတစ်တုံး ပိနေရှာသည်။ သူ့ချိုစောင်းက သွေးများ ရဲရဲကျနေရသည်။     ဒီဒဏ်ရာများသည် သူများကို ထိမည့် ဒဏ်ရာများ ဖြစ်သည်။ အခု သူက ဒီဒဏ်ရာတွေကို ကိုယ်စား ခံသွားသည်လေ။ အဲဒီတုန်းကပဲ သူ့ကို သနားလိုက်ဖူးသည်။

ကြည့်ရင်း ကြည့်ရင်းပင် မျက်ရည်ဝိုင်းခဲ့ရသည်။ ဒီ့နောက် ဆေးရုံကိုသွားပြီး ကျေးဇူးတင်စကား ပြောမိတော့ သူက ဘောက်ပြောပါလေသည်။ “ဒါ မင်းကျေးဇူးတင်ဖို့ လုပ်တာ မဟုတ်ဘူး။ ငါ့ဟာငါ ယောက်ျား တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်တာပဲ။ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက် ရှိနေလည်း ဒါဒီလိုပဲ လုပ်ရမှာပဲ။ အဲတစ်ခုတော့ ရှိတယ်။ ငါ မင်းကို စကားတစ်ခု ပြောစရာ ရှိနေတယ်။ တကယ်လို့ မင်းနေရာမှာ တခြား မိန်းကလေးတစ်ယောက်သာဆိုရင် ဒီစကား ကိုပြောဖို့ လိုချင်မှ လိုမယ်။ အခု မင်းကို ပြောဖို့ လိုနေတယ်။

“အဲဒါ တခြားမဟုတ်ဘူး။ ငါ ဆေးရုံ ရောက်လာပြီး နောက်တစ်နေ့မှာ သတိရလာတော့ ငါ ဘာလို့ ဆေးရုံရောက် နေရပါလိမ့်ဆိုတဲ့ အကြောင်းကို မနည်း ပြန်တွေးယူရတယ်။ ဒီလိုတွေးယူလို့ ဘာ့ကြောင့် ဆေးရုံ ရောက်လာရတယ်ဆိုတဲ့ အကြောင်း ဖြည်းဖြည်း စိတ်ထဲမှာ ပေါ်လာတော့ ပထမ ငါ့ ရင်ထဲမှာ တွေးလာရတယ်။ ဒုတိယ ငါ မင်းကို ကြိုက်လာရတယ်။ အဲဒါကြောင့် ငါ ဆေးရုံက ဆင်းရင်တော့ မင်းကို ချစ်ရေးဆိုရမှာပဲ”တဲ့ရှင်။

ကြည့်စမ်း ကြည့်စမ်း ဘယ့်လောက် ရိုင်းစိုင်းတဲ့ လူကြီး လဲလို့။ လူမမာတဲ့တော် သူ ဒီစကားလုံး အရှည်ကြီးကို အသံ သဲ့သဲ့နဲ့ ရပ်ရပ်ပြီး ခပ်ဖြည်းဖြည်း ဆုံးဆောင် ပြောတယ်လေ။ သူများကတော့ ဘာများပြောမလဲလို့ နားတစွင့်စွင့်နှင့် ဂရုစိုက်ပြီး ဆုံးအောင် နားထောင်ခဲ့သည်။ ပြီးမှ ဘာလို့များ အစအဆုံး ဂရုတစိုက် နားထောင် နေမိပြန်ပါလိမ့်ဟု ကိုယ့်ကိုယ်ကို မကျေမချမ်း ဖြစ်ရပြန်သည်။ သူကတော့ သူ ပြောချင်တာတွေ ပြောပြီးရင် အေးအေးပဲ နေတတ်သည်မှာ လူ့ရွာတွင် သူတစ်ယောက်ပဲ ရှိသည်ဟု ထင်ရသည်။ သူများက ပူတတ် တွေးတတ်သူမို့ ဘာပဲဖြစ် ဖြစ် မိုးမဆုံး မြေမဆုံး ပူရပြန်သည်။ ခုလည်းကြည့်လေ။ သူ့မှာတော့ သိုးနေအောင် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်နေနိုင် သည်။ ဟောက်များ ဟောက်နေပါသေး၏။

အဲဒါမျိုးကြောင့် သူ့ကို စိတ်ဆိုးနေရသည်။ အဲဒီတုန်းကလည်း သူ့ကို တော်တော်ပဲ စိတ်ဆိုးခဲ့မိ သည်။ တစ်ကိုယ်လုံး ထူထူပူပူကြီးနှင့် ရှိုးတိုးရှန့်တန့် ရှိခဲ့ရ သည်မို့ သူ့ကို နှုတ်မဆက်ဘဲ ချာခနဲ လှည့်ပြန်ခဲ့သည်။ တံခါးအထွက်ဝ ရောက်မှ ဘာလို့မှန်းမသိ သူ့ကို ပြန် ကြည့်မိရသေးသည်။ သူကတော့ ဘာမှ မပြောလိုက်သလို အေးအေးဆေးဆေး ပဲ ရှိနေပြန်သည်။ ဒါကိုတွေ့ရတော့ ဒီလို လှည့်ကြည့်မိရပါမို့လားလို့ ကိုယ့်ကိုယ်ကိုတောင် စိတ်ဆိုးရသေးသည်။ သူ ဆေးရုံက ဆင်းပြီးတဲ့နောက် ဘယ်တော့များလာပြီး ချစ်ရေးဆိုပါ့မလဲဟု တထိတ်ထိတ်နဲ့ စောင့်မျှော်ရပြန်သည်။ ဒီလိုများ ချစ်ရေးလာဆိုရင် “ရှင့်ကို မုန်းတယ်။ သိပ်မုန်း တယ် မချစ်ဘူး”ဟု ပြောလိုက်ဖို့ရန် အမြဲ အားတင်းနေရသည်။

သူက ဘာမှမပြောပြန်တော့လည်း မေ့နေလေပြီလားဟု သူ့ရှေ့မှာ ဟန်လုပ်လုပ်ပြနေရသည်မှာ အမောပင် ဖြစ်သည်။ ရယ်စရာကောင်း ကောင်းလှသေး၏။ နောက်ဆုံး သူ ချစ်ရေး ဆိုပြန်တော့လည်း “ချစ်ချင်ပါဘူး” ဟု ပြောပေမဲ့ သူ့ အနား က မခွာနိုင်ခဲ့။ သူ့ရဲ့ ရှားရှားပါးပါး တွန့်တွန့်တိုတို ယုယမှု ကိုသာ အာသာတငမ်းငမ်း ဖြစ်ရပြန်သည်။ ယခု သူနှင့် အကြင်လင်မယား ဖြစ်ပြန်တော့လည်း လူလေးတစ်ယောက် ရလာသည်အထိ သူ၏ ယုယမှုကို မခံ ခဲ့ရ။ လူကောင်ကြီး တစ်ယောက်လုံးကို သူ့ စာအုပ်တွေ လောက်မှ အရောဝင်ဖော် မရလေ။

ထို့ကြောင့် လူလေးကို ချစ်ပေမဲ့ သူ့ကိုတော့ မုန်းလှ သည်။ သူနှင့် ဝေးရာသို့သာ ပြေးလိုက်ချင်သည်။ တွေးရင်း တွေးရင်း မှန်ပြတင်းကို ဖွင့်ကာ ကောင်းကင် ၀သို့ မျှော်ကြည့်မိသည်။ အခုနေ ကိုကိုမောင် တစ်ယောက်တော့ ဟို ခပ်ဝေေ၀ မြင်နေရတဲ့ နဂါးငွေ့တန်းကြီးမှာ တစ်ယောက်တည်း ခရီး သွားနေမလား။ ကိုကိုမောင်က ယုယတတ်သည်။ နားဝတွင် အာငွေ့ နွေးနွေးကလေးနှင့် ထိလာအောင် တွတ်တီးတွတ်တာနှင့် စကားပြောတတ်သည်။ သူကတော့ တစ်ခါမှ ဒီလို မပြောဖူးခဲ့။ ထို့ကြောင့် မှုန်ရီရီဝေနေတဲ့ နဂါးငွေ့တန်းကြီးကို ကြည့် ကာ ကိုကိုမောင်ကို တမ်းတရသည်။ မျက်ရည်တွေ ဖုံးလာ သဖြင့် နဂါးငွေ့တန်းကြီးကို ကြည့်လို့ မမြင်သောအခါ တံခါး ပေါင်ကို မှီပြီး ၀မ်းထဲက အဆွေးတွေ ကုန်အောင် ရှိုက်ရှိုက် ထုတ်ပစ်နေရသည်။ ဒီအချိန်မှာ ချောက်ခနဲမြည်ပြီး မီးပွင့် လာသည်။ အရှိန်သတ်၍မရတိုင်း ရှိုက်ရှိုက်နေမိသော သူများကို အတော်ကြာအောင် မျက်မှောင်ကုတ်ကြည့်နေပြန်သည်။ ထို့နောက်မှ သူ့မျက်နှာတွင် ပြုံးယောင်သန်းကာ အနားသို့ ရောက်လာသည်။

“ဟဲ့- အရူးမ အလကား တိတ်။ နင် ဘာဖြစ်နေတယ် ဆိုတာ ငါ သိပါတယ်။ ဒါနဲ့ အလကား အအေးမိပြီး နေမကောင်း ထိုင်မသာ ဖြစ်နေဦးမယ်။ အခုလို အေးတဲ့ရာသီ ဆိုတာ ခြင်ထောင်ထဲမှာ ထွေးထွေးနွေးနွေး နေမှပေါ့”

နားဝတွင် အာငွေ့နွေးနွေးကလေးနှင့် ထိလာအောင် အိပ်ရေးဝသံနှင့် ညင်ညင်သာသာ ပြောနေပါသည်။ ဒီလိုပြော ခါမှ ပို၍ ၀မ်းနည်းလာပြီး ပို၍ ငိုချင်လာရသည်။ ထို့ကြောင့် ပို၍လည်း ငိုပစ်လိုက်သည်။ ငို၍လည်း အရသာ ရှိလွန်း လှသည်။ “ကောင်မလေးတစ်ယောက် ရှက်လည်း မရှက်ဘူး။ ငိုနေတယ်။ တော်တော်ကြာ လူလေးက နိုးလာရင် မေမေက ရှက်လည်းရှက်ဘူးဟေ့ လို့ ငိုရယ်ငိုရယ်နဲ့ ယိုထိုးနေပါဦး မယ်။ တိတ်ကွာ”

သူ့လက်ကြီးက သူများမျက်ရည်ကို လာသုတ် ပေးနေသည်။ ဒါကြောင့် မုန်းမုန်းနဲ့ သူ့လက်ကြီးကို ပုတ်ပစ်လိုက်သည်။ သူက ခါးကိုဖက်ပြီး အသာ တွဲခေါ်သွားရင်း မီးခလုတ်ကို လှမ်း၍ ပိတ်လိုက်သည်။ ဧည့်ခန်းထဲတွင် မှောင်မြဲ မှောင်သွားပြန်သည်။ “မင်း ကိုယ့်ကို စိတ်ကောက်နေတယ် မဟုတ်လား ဟင်။ ယောက်ျားဆိုတာ ကိုယ့်မယားကိုယ် မချစ်ဘဲ နေပါ့မလား”

သူက ပြောပြောဆိုဆိုနှင့် နဖူးကို ငုံ့၍ မွှေးလိုက်ပါသည်။ “တော်ပါ သူများကတော့ သူ့ကို ဂရုစိုက်လိုက်ရတာ။ သူကတော့ ဘယ်တော့မှ သူများကို ဂရုမစိုက်ဘူး” ပါးစပ်ကသာ ဆောင့်ကြီးအောင့်ကြီး ပြောနေရသည်။ လက်ကတော့ သူ့လည်ပင်းကို တအားကြီး ဖက်ထားနေမိ သည်။ တကယ်ဆိုတော့ ကိုယ်သွားချင်နေတဲ့ ကြယ်ဗိမာန်ကို ဒီလူကြီးနဲ့ပဲ သွားရမှာပလေ။

ရန်ကုန်ဘဆွေ
 Credit to (ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

Read More »

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀)ချက်

(၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

(၂) စိတ်ဝင်စား တက်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

(၃) ကျန်းမာရေး မကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေး မကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ် ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက် စာဖတ် တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၄) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကို ဖုံးအုပ်ပြီး (ခေါင်းမြီး ခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်
အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင် စုစည်းမှုကိုတော့
လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့ အကျိုးဆက် ကိုရစေပါ တယ်။

(၅) အိပ်ချိန် မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရ စေပါတယ်။ အိပ်ချိန် မလုံလောက် တာမျိုး ရေရှည် ဖြစ်လာတဲ့ အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မား လာစေပါတယ်။

(၆) လေထု ညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ လေကို ရှုသွင်းခြင်း အားဖြင့် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၇) အချိုများ လွန်ကဲစွာ စားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတား ဖြစ်စေပြီး အာဟာရ ချို့တဲ့ စေတဲ့အပြင် ဦးနှောက် ဖွံ့ဖြိုးမှု ကိုပါ အနှောင့် အယှက် ဖြစ်စေပါတယ်။

(၈) ဆေးလိပ် သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ် သောက်တတ်သူတွေ ကျွန်တော့်စာကို လာဖတ် ကြပါတော့ မလားတောင် မသိဘူး) ဆေးလိပ် သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမား ရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစား ဆင်ခြင်နိုင်စွမ်း တွေကို ကျဆင်းစေတဲ့ ရောဂါ) ပါဖြစ်လာနိုင် ပါတယ်။

(၉) လွန်ကဲစွာ စားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက် ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြော တွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

(၁၀) မနက်စာ မစားခြင်း

မနက်စာ မစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့ သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့ အကျိုးဆက် အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့ အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

Credit - Original up-loader
Read More »

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်


၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။
၂ ။ ဂုဏ်သိက္ခာ
ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
၃။ စွမ်းရည်
သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည်ယိုင်းယိုင် သွားသော်လည်း
ပြိုမကျ ။
၎။ ထောက်ထားညှာတာမှု့
လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည်
( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )
၅။ စည်းကမ်းသေဝပ်မှု့
ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည်ပေးမှု့ရှိသည် ။
၆။ အနာခံမှု့
နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည်. ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း ။
၇။ ကြင်နာယုယမှု့
စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် )စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။
၈။ လေ့ကျင့်ထားမှု့
သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်းလိုက်နာကျင့်သုံး ကြသည် ။
၉။ မီဒီယာ
သတင်း မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည် ။
ပရမ်းပတာ သတင်းထောက်မရှိ ။
၁၀။ အသိစိတ်
စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။
(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။ )

ဗဟုသုတ ... ပညာပေး ... ခံစားမှု ... ရသ ... စသဖြင့် အထွေထွေဆောင်းပါးလေးတွေတင်သွားမှာဖြစ်ပါတယ် ....
Read More »

နောင်တမျက်ရည် (မြသန်းတင့်)


နောင်တမျက်ရည် (တရုတ်ပြည်၊ ၁၉၄၀- ၁၉၄၄)


အာဏာရလာသော ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်တို့သည် တရုတ်ပြည်သို့ ရောက်တိုင်း ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ်ပြည်တွင် ဂျပန်တို့ ကျူးလွန်သော ပြစ်မှုများအတွက် တောင်းပန်သွားခဲ့ကြသည်။ လွန်ခဲ့သည့်လက ဂျပန်ဝန်ကြီးချုပ် မာဆာဟီရို ဟိုဆိုကာဝါ ပီကင်းသို့ ရောက်သည့်အခါတွင်လည်း ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရုတ်ပြည်ကို ထပ်မံ တောင်းပန်သွားခဲ့ ပြန်သည်။

ထိုတောင်းပန် ဝန်ချသံများကို ကြားရသည့်အခါတွင် တရုတ် - ဂျပန်စစ်ပွဲကို ပြန်ပြောင်း သတိရစရာပင် ဖြစ်သည်။ ထိုစစ်ပွဲနှင့် ပတ်သက်၍ သမိုင်းဆရာများ၊ သတင်းဆရာဆရာများက စာအုပ်အမျိုးမျိုး ရေးခဲ့ကြလှပြီ။ ယင်းတို့အနက် ကွယ်လွန်သူ အမေရိကန် သတင်းစာဆရာကြီး အဂ္ဂါစနိုးရေးသည့် 'မီးလောင်မြေ' သည်လည်း ထင်ရှားသည့် မှတ်တမ်းတစောင် ဖြစ်သည်။ စနိုးသည် ထိုစဉ်က တရုတ် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ဂျပန်စစ်တပ်နှင့် တရုတ်စစ်တပ်တို့၏ သမိုင်းကို နှိုင်းယှဉ် ရေးသားခဲ့သည်။ 'မီးလောင်မြေ' တွင် သူ အတိုချုပ် ရေးခဲ့သည့် ဂျပန်စစ်တပ်၏ သမိုင်းမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသည်။ စနိုးသည် ထိုစာအုပ်ကို ၁၉၄၁ ခုနှစ်တွင် ရေးခဲ့သည်။

အဂ္ဂါစနိုးက ဤသို့ ရေးခဲ့သည်။

"တရုတ်-ဂျပန် စစ်ပွဲသည် သမိုင်းတွင် တခါမျှ စစ်မရှုံးဖူးသော လူမျိုးနှင့် ခေတ်သစ်သမိုင်းတွင် တခါမျှ စစ်မနိုင်ဖူးသော လူမျိုးတို့ ဖြစ်ကြသည့် စစ်ပွဲ ဖြစ်သည်။ ယင်းမှာ ဘုန်းတန်ခိုးရှင် ကူဘလိုင်ခန်၏ ရေတပ်ကြီး ဖြစ်သည်။ သို့ရာတွင် ကူဘလိုင်ခန်၏ ရေတပ်ကြီးသည် မုန်တိုင်းများကြောင့် လည်းကောင်း၊ ဂျပန်တို့၏ ဆုတောင်းကြောင့် လည်းကောင်း တပ်လန်၍ ဆုတ်ခဲ့ရသည်။ ထိုအချိန်မှ စ၍ မည်သည့် နိုင်ငံခြား စစ်တပ်မျှ ဂျပန်မြေကို ကျူးကျော်တိုက်ခိုက်ခြင်း မပြုကြတော့။ ဂျပန်စစ်တပ်သည် နိုင်ငံခြားနှင့် တိုက်သည့် စစ်ပွဲများတွင် တိုက်တိုင်း အောင်ခဲ့သည်ချည်း ဖြစ်သည်။ သူတို့ကို မည်သူမျှ နိုင်အောင်မတိုက်နိုင်ဟုလည်း ဂျပန်လူမျိုးများ စွဲမြဲစွာ ယုံကြည်ကြသည်။ တရုတ် စစ်တပ်ကမူ ဆယ့်ကိုးရာစုနှစ် ဘိန်းစစ်ပွဲ ပြီးသည်မှစ၍ ရှုံးပြီးရင်း ရှုံးနေသည့် စစ်တပ်ဖြစ်သည်။ အရှုံးပေး စိတ်ဓာတ်ကို တိုက်ဖျက်ရသည်မှာ အလွန်ခက်သည်။

ခေတ်သစ် ဂျပန် စစ်တပ်သည် အနှစ် ၇၀ တိုင်အောင် သက်တမ်းရင့်နေပြီ။ ၁၈၇၀ ခုနှစ် မတိုင်မီက ဆိုလျှင် ဂျပန်သည် အာရှတိုက်တွင် ဘာမျှ သြဇာမရှိ။ တရုတ်များကသာ နှစ်ပေါင်း ၂၅၀ လုံးလုံး အာရှတိုက်၏ သမိုင်းကို ဦးဆောင်လာခဲ့ကြသည်။ စစ်ပွဲ တပွဲချင်းတွင် သူတို့ ရှုံးကောင်းရှုံးမည် ဖြစ်သော်လည်း ရေရှည်တွင် သူတို့ နိုင်ရမည်ဟု တရုတ်တို့ ယုံကြည်ကြသည်။

၁၈၉၃ ခုနှစ်တွင်မူ ဂျပန်သည် တရုတ်ပြည်ကို ပထမဆုံး စစ်တိုက်ခဲ့ဖူးသည်။ ထိုမတိုင်မီ တနှစ်က ဂျပန်၏ စစ်စရိတ်သည် ဂျပန် ယန်းငွေ ၁၂ သန်းမျှသာ ရှိသည်။ ယခုမူ ထိုအရေအတွက်သည် ဂျပန်၏ တနေ့တွက် စစ်စရိတ် ဖြစ်နေသည်။ ဂျပန်သည် နိုင်ငံခြားမှာ ၀ယ်သည့် ရိုင်ဖယ်များ၊ အမြောက်များဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ နောင် ၁၀ နှစ်အကြာတွင် လက်နက်အငယ်စားများကို ထုတ်လုပ် လာနိုင်ခဲ့သည်။ သို့တိုင် ဂျပန် ရေကြောင်းဗိုလ်ချုပ် စပ်ရိုးက ရုရှား ဇာဘုရင်၏ တပ်များကို အနိုင်ရခဲ့ခြင်းမှာ နိုင်ငံခြားမှာ ၀ယ်သည့် လက်နက်များကြောင့်သာ ဖြစ်သည်။ ပထမကမ္ဘာစစ် ဖြစ်လာသည့်အခါတွင် ဂျပန်သည် စစ်ပွဲနှစ်ပွဲကို နိုင်ထားသဖြင့် လက်နက် ထုတ်လုပ်ရေးလုပ်ငန်း အတော်အတန် ဖြစ်ထွန်းနေပြီ။ တရုတ်ပြည်က ဆင်တောင်တွင် ဂျာမန်တို့ကို အနိုင်ရလိုက်သည့် အခါ၌ ဂျပန်သည် အချီကြီး ပွသွားခဲ့ပြန်သည်။

မေဂျီခေတ် မတိုင်မီနှင့် ပဒေသရာဇ်စနစ် မပျက်မီတုန်းက ဆိုလျှင် ဂျပန်တွင် ဆာမူရိုင်း သူရဲကောင်းများသာ လက်နက်ကိုင်ဆောင်ခွင့် ရှိခဲ့သည်။ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းလိုက်သည့်အခါတွင် စစ်တပ်သည် အမျိုးသား အဆောက်အအုံ တခုဖြစ်လာခဲ့ကာ ပြည်သူထဲမှ တပ်သားများကို စုဆောင်းဖွဲ့စည်း လာခဲ့သည်။ စစ်မှု မထမ်း မနေရ သတ်မှတ်လာခဲ့သည်။ အရွယ်ရောက်သူတိုင်း စစ်ပညာ သင်ရသည်။ စစ်တပ်သည် ပဒေသရာဇ် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းကာ ဆာမူရိုင်း အစဉ်အလာကို ဆက်ခံသူအဖြစ် ဂုဏ်ယူသည်။ သို့ရာတွင် စစ်ပစ္စည်းများကိုမူ နိုင်ငံခြားမှ ၀ယ်ယူတင်သွင်းရသည်။ ဂျာမန် စစ်အရာရှိများကို တိုကျိုသို့ ခေါ်ကာ စစ်သေနင်္ဂဗျူဟာ အတတ်ပညာများ၊ လက်နက်ကိုင်ဆောင်နည်းများကို သင်ကြားစေသည်။ ထိုအချိန်မှ စ၍ ပရပ်ရှင်း စစ်ဝါဒသည် ဂျပန် စစ်အရာရှိများနှင့် ဂျပန် စစ်ကျောင်းသုံး စာအုပ်များ၏ ကိုးကွယ်ရာ ဖြစ်လာခဲ့သည်။ နာဇီတို့၏ နောက်ဆုံးပေါ် စစ်အတတ်ပညာများကိုလည်း အတုယူသည်။

သို့ရာတွင် ရှေးခေတ် ပရပ်ရှား စစ်တပ်နှင့် လည်းကောင်း၊ ဟစ်တလာ၏ စစ်တပ်နှင့် လည်းကောင်း မတူသည့် အချက်တချက်တော့ ရှိသည်။ ယင်းမှာ ဂျပန်စစ်တပ်က သီးခြား အာဏာ ရှိနေခြင်းပင်ဖြစ်သည်။ ဂျပန် ကြည်းတပ်နှင့် ရေတပ်ကို ဂျီရှု နှင့် ဆတ်ဆူဆတ်ဆူမာ ဆာမူရိုင်း စစ်သူရဲကောင်းများ၏ အစဉ်အလာအရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဂျပန်စစ်တပ်သည် ဂျပန်ဧကရာဇ်၏ အမိန့်မှအပ အခြား မည်သည့် အမိန့်ကိုမျှ နာခံစရာမလို။ လက်တွေ့တွင် ဂျပန်ကြည်းတပ်နှင့် ရေတပ်သည် ကိုယ့်အာဏာနှင့်ကိုယ် သီးခြား ရပ်တည်နေကြသည်။ ဂျပန် ကြည်းတပ်နှင့် ရေတပ်သည် ၂၃ နှစ်အတွင်း စစ်ပွဲ သုံးပွဲကို ဆက်တိုက် နိုင်ခဲ့သည်။ သူတို့ ကျေးဇူးဖြင့် ခေတ်သစ်ဂျပန်သည် အရင်းအနှီး စုဆောင်းမိလာခဲ့သည်။ ကမ္ဘာ့နိုင်ငံကြီး တနိုင်ငံအဖြစ် ရင်ကော့လာနိုင်ခဲ့သည်။ နောင်တွင် ဆာမူရိုင်း စစ်သူရဲကောင်း၏ အာဏာသည် နိုင်ငံရေးပါတီများ ကိုယ်စားပြုသည့် လွှတ်တော်နှင့် ပဋိပက္ခ ဖြစ်လာခဲ့သည်။

၁၉၂၂ ခုတွင် ကိုးနိုင်ငံ စာချုပ် ချုပ်ဆိုပြီးသည့်အခါ၌ စစ်တပ်နှင့် လွှတ်တော်၏ ပဋိပက္ခသည် ပို၍ ပြင်းထန်လာခဲ့သည်။ ပြည်သူ၏ ကန့်ကွက်မှုကြောင့် စစ်စရိတ်ကို လျှော့ချ ပစ်ခဲ့ရသည်။ စစ်တပ်ကို လူလျှော့ ပစ်ခဲ့သည်။ စစ်တပ်ကို တပ်သား ၂၅၀,၀၀၀ အထိ လျှော့ချခဲ့သည်။

ဂျပန် ပြည်သူများက ပြုပြင်ရေး လုပ်ငန်းများ လုပ်ရန် တောင်းဆိုလာသည်နှင့် အတူ၊ စစ်ဝါဒဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ စစ်တပ်သည် အထွတ်အထိပ်ဖြစ်သည် ဆိုသော ဆာမူရိုင်းသူရဲကောင်းဝါဒကို ဆန့်ကျင်ကာ စစ်တပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် အာဏာပိုင် အဖွဲ့အစည်းအောက်တွင် ရှိရမည်ဟု လူထုက တောင်းဆိုလာသည်။ ၁၉၃၀ ပြည့်နှစ်တွင် လန်ဒန်နှင့် ရေကြောင်းစာချုပ် ချုပ်ဆိုခဲ့ရာတွင် အရပ်သား သံတမန်တဦးက အစိုးရကိုယ်စား လက်မှတ်ထိုးခဲ့သည်။ ဆာမူရိုင်း ထုံးစံအရဆိုလျှင် ဂျပန်ဧကရာဇ်ကို ကိုယ်စားပြုနိုင်သူမှာ စစ်တပ်သာ ဖြစ်သည်။ ဤတွင် ဂျပန် ကြည်းတပ်နှင့် ရေတပ် အာဏာပိုင်တို့ အကြီးအကျယ် မကျေမနပ် ဖြစ်ကုန်ကြသည်။ သို့ရာတွင် ဂျပန်ပြည်တွင် ဒီမိုကရေစီ ထွန်းကားလာမည့် အလားအလာများသည် ကောင်းမြဲကောင်းနေသည်။

သို့ရာတွင် ထိုအလားအလာများသည် ဘာမျှ မကြာလိုက်ပါ။ ၁၉၃၁ ခုနှစ်တွင် ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ စီပွါးရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့် လည်းကောင်း၊ ကြည်းတပ်နှင့် ရေတပ်တို့၏ မကျေနပ်ချက်ကြောင့် လည်းကောင်း ထိုနှစ်တွင် 'မုကဒင် အရေးအခင်း' ဆိုသည့် ကိစ္စတခု ပေါ်လာခဲ့သည်။ အဖြစ်အပျက်မှာ ဤသို့ ဖြစ်သည်။ ဂျပန်စစ်တပ်မှ အယူသီးလူငယ် အရာရှိများက ဗိုလ်ချုပ်ကြီး အချို့၏ ထောက်ခံမှုဖြင့် မန်ချူးရီးယားကို ၀င်တိုက်ကြသည်။ ဂျပန်ပြည်တွင် စစ်တပ် အုပ်စိုးမှု ပြန်လည်ထူထောင်ရန်နှင့် တရုတ်အမျိုးသားရေးဝါဒကို ဟန့်တားရန်ဖြစ်သည်။ မန်ချူးရီးယားတွင် သွေးတစက်မျှ မကျဘဲ အနိုင်ရလိုက် သဖြင့် စစ်တပ်၏ ဂုဏ်သိက္ခာသည် တက်သွားသည်။ လစ်ဘရယ်များ၏ အယူအဆကို အသာစီး ရသွားသည်။ စစ်တပ်သည် ဧကရာဇ်ဘုရင် ခေါင်းဆောင်သည့် အထွတ်အထိပ် အဖွဲ့အစည်းဖြစ်သည်ဟု စစ်တပ်ထဲတွင် ယူဆလာခဲ့ကြသည်။ သို့ရာတွင် တကယ်၌ စစ်တပ်ထဲတွင် အစုကလေးတွေ၊ ဂိုဏ်းကလေးတွေ ပြည့်နေသည်။ အစုတိုင်း၊ ဂိုဏ်းတိုင်းတွင် ကိုယ်ပိုင် နိုင်ငံရေး ရည်မှန်းချက်များ၊ ကိုယ်ပိုင် စီးပွါးရေးရည်မှန်းချက်များ၊ ကိုယ်ပိုင် စစ်ရေး ရည်မှန်းချက်များ ရှိနေကြသည်။ ယင်းတို့သည် ပြင်ဘက်ရှိ လူမှုရေး အစုများ၊ ဘဏ္ဍာရင်းရှင် အစုများနှင့်လည်း အသီးအသီး အဆက်အသွယ် ရှိနေကြသည်။ တခါတရံတွင် ထိုအစုချင်း ပြိုင်ဆိုင်မှုများသည် ပုန်ကန်မှုအထိ ပေါက်ကွဲ လာတတ်ကြသည်။ ဥပမာအားဖြင့် ၁၉၃၆ ခု ဖေဖော်ဝါရီလ တပ်တွင်းပုန်ကန်မှုကို ကြည့်လျှင် သိနိုင်သည်။ ကြည်းတပ် ဗိုလ်သင်တန်းဆင်း လူငယ်အရာရှိ သုံးဦးက ၀န်ကြီးအဖွဲ့ဝင် သုံးဦးကို သတ်ကာ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းစေခဲ့သည့် ကိစ္စဖြစ်သည်။ အများအားဖြင့်မူ တစုနှင့်တစု အပေးအယူလုပ်ခြင်း၊ ဝေစုခွဲခြင်း၊ ရာထူး အပြောင်းအလဲ လုပ်ခြင်းဖြင့် သူတို့ ပြဿနာများကို ကျိတ်၍ ဖြေရှင်းတတ်ကြသည်။ စစ်ဝန်ကြီးသည် လက်ရှိ အမှုထမ်းနေသော ဗိုလ်ချုပ်တဦး ဖြစ်ရသဖြင့် ခြေပုန်းခုတ်မှုများသည် အထက်ပိုင်းမှ လာလေ့ရှိကာ စစ်တပ်တခုလုံးသို့ ကူးစက်သွားတတ်သည်။ စစ်ပွဲ တခါမျှ မရှုံးဖူးသည့်လူမျိုး ဖြစ်သည့်အတွက် စစ်နှင့် စီပွါးရေးတိုးတက်မှုသည် ဂျပန်လူမျိုးများ၏ အမြင်တွင် ညီမျှခြင်း ချရသော ကိန်းများ ဖြစ်နေသည်။

ဥပမာအားဖြင့် မန်ချူးရီးယားမှာ ဆိုလျှင် စစ်တပ်သည် စီးပွါးရေးလုပ်ငန်း အားလုံးကို ကြိုးကိုင်ထားသည်။ စက်မှုလုပ်ငန်းများစွာနှင့် နိုင်ငံတော် စီးပွါးရေးလုပ်ငန်းများစွာကို ဦးဆောင်နေသည်။ ထို လုပ်ငန်များတွင် တာဝန်ကျသည့် စစ်ဗိုလ်ကြီးများသည် နေ့ချင်း ညချင်း သူဌေးတွေ ဖြစ်လာသည်။ စစ်တပ် စီးပွါးရေး လုပ်ငန်းများကို အုပ်ချုပ်ရသည့် ထောက်လှမ်းရေးဌာနနှင့် အထူးဌာနခွဲတွင် အမှုထမ်းသူတဦးအဖို့ နောင်တွင် စီးပွါးရေးအတွက် ဘာမျှ ပူစရာ မလိုတော့။ ဂျပန် စစ်ဗိုလ်ချုပ်တဦး၏ လစာသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂၀၀၀ ပင် မရှိသော်လည်း ထောက်လှမ်းရေးဌာနနှင့် အထူးဌာနခွဲတွင် အမှုထမ်းပြီး ပင်စင်ယူသူများသည် အနည်းဆုံး ဂဏန်းငါးလုံးလောက် ချမ်းသာကြသူတွေချည်း ဖြစ်သည်။

နာမည်ကျော် ကွမ်တောင် တပ်မတော် ဗိုလ်ချုပ်များ ဖြစ်သည့် မူမီဇူ၊ ကိုအီဆို၊ အိုကာမူရာ စသူတို့ကို မန်ချူးရီးယား တိုက်ပွဲစဉ်အတွင်းတုန်းက ကျွန်တော်ပထမဆုံး တွေ့ခဲ့ဖူးသည်။ ထိုစဉ်က သူတို့ အားလုံးသည် ဆင်းရဲကြသည်။ ရိုးသားကြသည်။ အမျိုးသားရေးကို ဦးစားပေးကြသည်။ ယခု ထိုဗိုလ်ချုပ်အားလုံးသည် စီးပွါးရေး လုပ်ငန်းကြီးများကို ပိုင်ဆိုင်ကာ သူဌေးကြီးတွေ ဖြစ်နေကြသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က တာဝန် သိသိဖြင့် ဖနောင့်ရိုက် အလေးပြုတတ်သည့် ဂျပန်လူငယ် စစ်ဗိုလ်များသည် ဘဏ္ဍာရေး ကျွမ်းကျင်သူ၊ စီးပွါးရေး ကျွမ်းကျင်သူ၊ သတ္တုတူးဖော်ရေး ကျွမ်းကျင်သူ၊ နိုင်ငံရေး ကျွမ်းကျင်သူ၊ တရုတ်ပြည်ရေးရာ ကျွမ်းကျင်သူတွေ နေ့ချင်း ညချင်း ဖြစ်ကုန်ကြသည်။ ယခင်က သူတို့ထံ အကြံဥာဏ်တောင်းမည့်သူဆို၍ မည်သူမျှ မရှိ။ ယခုမူ ဘဏ်တိုက်များ၊ စက်မှုလုပ်ငန်းကြီးများ၊ စီးပွါးရေးလုပ်ငန်းကြီးများက သူတို့ကို ဒါရိုက်တာကြီးတွေ ခန့်ထားကြ သည်။ ဒါရိုက်တာ အဖွဲ့တွင် သူတို့နာမည် မပါသည့်ကုမ္ပဏီသည် ရှားလိမ့်မည် ထင်သည်။

မန်ချူးရီးယားကို သိမ်းပြီးနောက်တွင် စစ်တပ်အောက်ခြေ မကျေနပ်သောအပိုင်းမှ စစ်တပ်ထဲတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တောင်းဆိုလာခဲ့သည်။ ဤတွင် စစ်တပ် အာဏာပိုင်တို့က ထိုမကျေနပ်ချက်ကို ထွက်ပေါက်ဖွင့်ပေးလိုက်သည်။ ယင်းမှာ ကွန်မင်တန် ဆန့်ကျင်ရေး စာချုပ်ဖြစ်သည်။ (ကွန်မြူနစ် အင်တာနေရှင် နယ်ကို ဆန့်ကျင်ရန်အတွက် ဂျပန်၊ ဂျာမဏီနှင့် အီတလီတို့ ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။) "စစ်တပ်ထဲတွင် အန္တရာယ်ကြီးသည့် အတွေးအခေါ် ရှိနေပြီ။ ထိုအတွေးအခေါ်များကို တိုက်ဖျက်ရမည်" ဟု လေသံ လွှင့်ပေး လိုက်သည်။ စီးပွါးရေး၊ နိုင်ငံရေး၊ အနုပညာ၊ သိပ္ပံပညာ၊ အဘိဓမ္မာ၊ အိမ်ထောင်ရေး စသည့် ကိစ္စများအထိ မည်သို့ မည်ပုံ ကြည့်မြင်ရမည် စသဖြင့် စစ်တပ်က စာရွက်စတမ်းတွေ ထုတ်၍ နိုင်ငံနှင့်အ၀န်း ဖြန့်ချိလာခဲ့သည်။ ဤသို့ဖြင့် ဖက်ဆစ်ဝါဒဘက်သို့ ယိမ်းလာခဲ့သည်။

စစ်သားတိုင်း ဖတ်ရသည့် တပ်တွင်းစာပေများက အကျင့်ပျက် နိုင်ငံရေးသမားများ၊ အရင်းရှင်စနစ်၊ ပါလီမန်စနစ်၊ နယ်ချဲ့စနစ်၊ တရုတ်အမျိုးသားရေးဝါဒကို တိုက်ခိုက်လာသည်။ ဂျူးဆန့်ကျင်ရေး ၀ါဒဖြန့်လာသည်။ စစ်တပ်ဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတော်ဝါဒ၊ နိုင်ငံတော် ဆိုရှယ်လစ်ဝါဒ ဟူသော အမည်များဖြင့် စစ်အာဏာရှင် စနစ်ကို ထူထောင်လာသည်။ တလလျှင် ယန်းဒင်္ဂါး သုံးပြားသာရသော တပ်သားသစ်များ သို့မဟုတ် နိုင်ငံရေးကို ဘာမျှမသိဘဲ မခံချင်စိတ်ရှိသော လယ်သမား လူတန်းစားက လာသည့် စစ်သားများက သဘောကျသည်။ အာရှတိုက် သာတူညီမျှ ကောင်းစားရေးအတွက်ဖြစ်သည်ဟု ယုံကြည်သွားကြသည်။

ဂျပန်တို့သည် နန်ကင်းတွင် လူများကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့ကြသည်။ နန်ကင်းလူသတ်ပွဲဟု ကမ္ဘာကျော်ခဲ့သည်။ နန်ကင်းရှိ နိုင်ငံတကာကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဂျာမနီအမျိုးသား မစ္စတာ ဂျွန်ရာဘီက ကျွန်တော့်ကို ပြောပြသည့်အတိုင်း ဆိုလျှင် ဂျပန်တို့သည် နန်ကင်းတွင် လူ ၄၂,၀၀၀ ကို သတ်ပစ် ခဲ့သည်။ ရှန်ဟဲနှင့် နန်ကင်းကြားက မြို့များတွင် အရပ်သားပေါင်း ၃၀၀,၀၀၀ ခန့်ကို သတ်ခဲ့ကြသည်။ အသက် ၁၀ နှစ် နှင့် ၇၀ ကြား အမျိုးသမီးများကို အဓမ္မကျင့်ခဲ့ကြသည်။ နန်ကင်းတွင် ဂျပန်စစ်သား ၅၀,၀၀၀ တို့က တလလုံးလုံး လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့ကြသည်။

တညနေ ရှန်တောင်တွင် ဂျပန် သတင်းစာဆရာ တယောက်နှင့် ကျွန်တော်တွေ့သည်။ သူ့ လုံခြုံရေးအတွက် သူ့အမည်ကို ကျွန်တော် ထုတ်ဖော်ခြင်း မပြုလို။

ကျွန်တော်က ဂျပန်တို့၏ ရက်စက်မှု သတင်းများအကြောင်းကို မေးသည့်အခါတွင် သူက "ဟုတ်တယ်၊ အမှန်တွေချည်းပဲ၊ တကယ်တော့ ဒိထက်တောင် ပိုဆိုးသေးတယ်" ဟု သူက ၀န်ခံသည်။ သူ့မျက်လုံးတွင် မျက်ရည်တွေ ၀ဲနေသည်။ များစွာ စိတ်ထိခိုက်နေပုံ ရသည်။ ဤအချိန်အထိ အသက်ရှင်နေခြင်းမှာ သူ့ပါးစပ်ကို လုံအောင် ပိတ်ထားနိုင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။"

အဂ္ဂါစနိုး တွေ့ခဲ့ရသည့် ဂျပန်သတင်းစာဆရာသည် မျက်ရည်ဝဲသလို ဂျပန်ဝန်ကြီးချုပ် အဆက်ဆက်သည်လည်း မျက်ရည်ဝဲနေကြမည်လော မပြောတတ်ပါ။

မြသန်းတင့်
ရည်ညွှန်း။ Scorched Earth by Edgar Snow
Credit to [နွယ်နီမဂ္ဂဇင်း၊ ၁၉၉၄ မေ]
Read More »

အကြံဥာဏ်ဖြင့် ကြီးပွားရေး စာအုပ်မှကောက်နုတ်ချက် (ရွှေဥဒေါင်း)

အသက်အာမခံ ကုမ္ပဏီတစ်ခု၌ အလုပ်လုပ်သော ကိုယ်စားလှယ်တစ်ယောက်သည် စက်ပိုင်တစ်ဦးဖြစ်သော ဦးလေးတစ်ယောက်ထံသို့ အလည်အပတ် သွားရောက်စဉ် ဦးလေး၏ အလုပ်ခန်းအတွင်းတွင် အတူတကွ ထိုင်လျက် ရှိကြ၏။ ထိုစဉ် အလ်ုသမားတစ်ယောက်၏ သမီးကလေးတစ်ယောက်သည် အတွင်းသို့ ဖြည်းညင်းစွာ ဝင်လာ၍ စားပွဲအနီးတွင် တိတ်ဆိတ်စွာ ရပ်လျက်ရှိရာ ဦးလေးသည် သူငယ်မကို မြင်သည်နှင့် “ဟေ့ ဘာလာရှုပ်တာလဲ” ဟု ငေါက်ငမ်း၍ မေးလိုက်၏။ ထိုအခါ မိန်းကလေးသည် စက်ပိုင်၏ မျက်နှာကို စေ့စေ့ကြည့်လျက် “အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့”  ဟုပြော၏။

စက်ပိုင်။ ။ “ဟေ့ လာမရှုပ်နဲ့။ ပြန်သွား။”

သူငယ်မ။ ။ “ဟုတ်ကဲ့ရှင့်” ဟု ပြောသော်လည်း နေရာမှ မရွေ့ဘဲ ရပ်လျက်ပင် နေလေ၏

စက်ပိုင်သည် သူငယ်မကို ဂရုမစိုက်တော့ဘဲ မိမိအလုပ်ကို ဆက်လက် လုပ်ကိုင်လျက်ရှိရာ အတန်ကြာသောအခါမှ ဦးခေါင်းကို ထောင်ကြည့်လိုက်သောအခါတွင် ထိုနေရာ၌ပင် ရပ်လျက် ရှိနေသေးသော မိန်းကလေးကို မြင်လေ၏။

စက်ပိုင်။ ။ (မျက်လုံးပြူးလျက်) “ဟဲ့ .. ကောင်မလေး သွားဆိုတာ မသွားသေးဘူးလား။”

သူငယ်မ။ ။ “အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့”

စက်ပိုင်။ ။ “ဘယ်က ပိုက်ဆံ ငါးမူး ပေးရမှာလဲ။ မပေးဘူး။ သွား … ငါရိုက်လွှတ်ရမလား။”

သူငယ်မ။ ။ “ဟုတ်ကဲ့ရှင့်”

သူငယ်မသည် နေရာမှ မရွေ့ချေ။ ကိုယ်စားလှယ်လည်း ထိုင်လျက် အကဲခတ်နေလေ၏။ အတန်ကြာပြန်သော်..

စက်ပိုင်။ ။ “ဟေ့ ဘယ်နှယ်ကောင်မလေးလဲ။ သွားဆိုတာ မသွားသေးဘူးလား။ ငါပြောတာ မကြားဘူးလား။”

သူငယ်မ။ ။ “ကြားတယ်ရှင့်။”

စက်ပိုင်။ ။ “ကြားရင် ဘာကြောင့် မသွားသေးသလဲ။”

သူငယ်မ။ ။ “ပိုက်ဆံ ငါးမူး မရသေးလို့ရှင့်။”

စက်ပိုင်။ ။ “သယ် … တယ်ခက်တဲ့ ကောင်မလေးပါလား။ ငါ ရိုက်လွှတ်လိုက်ရမလား” ဟုပြောလျက် ထ မည်ပြုသော်လည်း သူငယ်မသည် မလှုပ်ရှားဘဲ ရပ်မြဲရပ်လျက်ရှိနေ၏။

စက်ပိုင်။ ။ “ကောင်မလေး မသွားသေးဘူးလား။”

သူငယ်မ။ ။ ပိုက်ဆံ ငါးမူး မရသေးဘူးရှင့်။

စက်ပိုင်။ ။ “ဒီလောက်ပေတဲ့ ကောင်မလေး။ နင် - သေပေတော့” ဟု ပြောလျက် ထိုင်ရမှ ထပြီးလျှင် လမ်းလျှောက်တုတ်ကောက်ကို ကောက်ယူ၍ သူငယ်မ အနီးသို့ ချဉ်းငပ်လေရာ ကိုယ်စားလှယ်လည်း ငေးလျက် ကြည့်နေ၏။ တူဖြစ်သော ကိုယ်စားလှယ်သည် ဦးလေး စက်ပိုင်၏ ခက်ထန်ကြမ်းကြုတ်သော စိတ်ဓာတ်ကို သိပြီးဖြစ်သည်နှင့် ဘုရား ဘုရား တသလျက် ချက်ချေတော့မည်ဟု ငေးကြည့်နေမိရာ သူငယ်မသည် မျက်စိပြူးမျက်ဆံပြူးနှင့် တုတ်ကို ကိုင်ကိုကိုင်လျက် မိမိထံလာသော စက်ပိုင်ကြီးကို ကြောက်လန့်ဟန်မရှိသည့်ပြင် ရှေ့သို့ပင် ခြေတစ်လှမ်းတိုးလျက် ဦးခေါင်းကို မော့ကြည့်၍ “အမေက ပိုက်ဆံ ငါးမူး ပေးလိုက်ပါတဲ့” ဟု အသံကုန်ဟစ်ကာ အော်ပြောလိုက်လေ၏။

ထိုအခါ စက်ပိုင်ကြီးသည် ရင်ဘတ်ကို လက်သီးနှင့် ထိုးခြင်း ခံလိုက်ရသည့်အလား မြှောက်ထားသော တုတ်ကို ပြန်ချလျက် ရုတ်တရက် ရပ်တန့်ကာ ကြည့်နေလေရာ တူဖြစ်သူ ကိုယ်စားလှယ်သည်လည်း အလွန်အံ့သြစွာနှင့် ကြောင်တောင်ငေးလျက် ကြည့်နေလေ၏။

စက်ပိုင်ကြိးသည် ရိုက်မည်ဟု ရွယ်ထားသော တုတ်ကောက်ကို ချရင်း ခက်ထန်သော မျက်နှာထားသည် တဖြည်းဖြည်း ပျောက်သွား၍ အိတ်ထဲသို့ လက်နှိုက်ပြီးလျှင် ငါးမူးစေ့တစ်စေ့ကို နှိုက်ယူ၍ သူငယ်မအား ပေးလိုက်လေ၏။ သူငယ်မသည် ငါးမူးစေ့ကို လှမ်းယူ၍ စက်ပိုင်ကြီးကို စေ့စေ့ကြည့်လျက်ပင် နောက်ပြန်ဆုတ်သွား၍ တံခါးဝသို့ ရောက်သောအခါမှ လှည့်ကာ ထွက်သွားလေတော့၏။

သူငယ်မ ထွက်သွားပြီးသည့်နောက် စက်ပိုင်ကြီးသည် ပြတင်းပေါက်သို့ သွား၍ အပြင်သို့ ငေးကြည့်ကာ ၁၀ မိနစ်ခန့်တိုင်တိုင် စကားမပြောဘဲ ရပ်လျက် စဉ်းစားစိတ်ကူးနေလေရာ တူဖြစ်သူ ကိုယ်စားလှယ်လည်း ဦးလေး၏ အမူအရာကို အကဲခတ်လျက် ရှိလေ၏။ စက်ပိုင်ကြီးမှာ ခက်ထန်သော အမူအရာ ရှိသူတစ်ယောက်ဖြစ်၍ အလုပ်သမားများသည် အနီးသို့ ချဉ်းကပ်ရန်မဝံ့ကြပါဘဲလျက် အလုပ်သမားတစ်ယောက်၏ သမီး ၁၀နှစ်ရွယ် မိန်းကလေး တစ်ယောက်က မိမိအား စိတ်ကို စိတ်ချင်း နှိမ်နင်းသွားနိုင်ခြင်းကို အံ့သြတွေးတောနေသည်ဟု တူဖြစ်သူက အကဲခတ်မိလေ၏။ တူဖြစ်သူ အသက်အာမခံ ကိုယ်စားလှယ်ကလည်း ဦးလေးနည်းတူ အံ့သြမိပေ၏။

ကူလီတစ်ယောက်၏ သမီးဖြစ်သူ မိန်းကလေးတစ်ယောက်က ခက်ထန်တင်းမာသော စိတ်သဘောရှိသည့် စက်ပိုင်ကြီးတစ်ယောက်လုံးကို အောင်မြင်နိုင်နင်းလိုက်ခြင်းမှာ ဘယ်လိုသော အကြောင့်ကြောင့်ပေနည်း… တင်းမာသော လူကြီးသည် သူငယ်မလေး၏ ရှေ့မှောက်တွင် အဘယ်ကြောင့် ပျော့ပျောင်းသွား၍ သူငယ်မ၏ အလိုသို့ လိုက်ရလေသနည်း။ ထိုသူငယ်မလေး၌ မည်သို့သော တန်ခိုး သတ္တိထူး ရှိလေသနည်း။ အစရှိသော မေးခွန်း ပုစ္ဆာတို့သည်ကား တူဝရီးနှစ်ယောက်စလုံးတို့သည် မိမိကိုယ်ကို မိမိတို့ မေးမြန်းမိကြသော ပုစ္ဆာများ ဖြစ်ကြလေသည်။

နောက်ဆုံး၌ တူဖြစ်သူ အသက်အာမခံကိုယ်စားလှယ်သည် ၎င်းပုစ္ဆာများကို အဖြေတွေ့ရှိခဲ့၏။ အဖြေတွေ့ရှိသော နေ့မှစ၍ ထိုသူသည် အသက်အာမခံ ပေါ်လစီများကို အတွင်ကျယ်ဆုံး ရောင်းချနိုင်သော ကိုယ်စားလှယ်တစ်ဦး အဖြစ်သို့ ရောက်သွားလေရာ ၎င်း၏ လစဉ်ကြေး ကော်မရှင်သည် ဝန်ထောက် ၁၀ ယောက်တို့၏ လခထက် များချေသေး၏။

(ထိုပုစ္ဆာ၏ အဖြေကို သင်ကိုယ်တိုင် တွေးတောရှာဖွေပါလေ။)

ရွှေဥဒေါင်း၏ အကြံဥာဏ်ဖြင့် ကြီးပွားရေး စာအုပ်မှကောက်နုတ်ချက်
Read More »

ဖတ်စရာ ရှားသလား (လူထုစိန်ဝင်း)


'ဖတ်စရာ စာအုပ်တွေ လမ်းညွှန်ပေးပါ'

လူငယ်လေးတွေ၊ အထူးသဖြင့် ခေတ်ပေါ် ဂျာနယ်လစ်လူငယ်လေးတွေ ရောက်လာတိုင်း ပြောလေ့ ရှိတဲ့စကား ဖြစ်ပါတယ်။ လူငယ်တွေ စာဖတ်ဝါသနာ ပါကြတယ်။ စာလေးပေလေး ရေးချင်ကြတယ်။ ခေတ်ပေါ် ဂျာနယ်လစ်လူငယ်တွေက စလောင်းက မြင်တွေ့နေရတဲ့ စီအင်အင်တို့၊ အေဘီစီတို့၊ အင်ဘီစီတို့၊ ဘီဘီစီတို့လို သတင်းမီဒီယာကြီးတွေက သတင်းထောက်တွေ၊ သတင်းထောက်မလေးတွေကို အားကျပြီး သူတို့လို ဖြစ်အောင် ကြိုးစားချင်ကြတယ်။ ဒါကြောင့် စာတွေ ဖတ်ချင်ကြတယ်။ ကြိုးစားချင်စိတ်ရှိတာ၊ စာဖတ်ချင်စိတ်ရှိတာ အင်မတန်ကောင်းပါတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာ၊ အားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ဂျာနယ်တွေ ၁၅ဝ လောက်၊ မဂ္ဂဇင်းတွေ ၁၅ဝ လောက် ထွက်ရှိနေတဲ့ကြားက ဘာဖတ်ရမှန်းမသိ ဖြစ်နေတယ် ဆိုတာကတော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ပြီးတော့ ဒီခေတ်မှာ နိုင်ငံခြားက တိုင်းမ်၊ နယူးစ်ဝိ၊ ဘစ်ဇနက်ဝိ စတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ရီးဒါးဒိုင်ဂျက်လို လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စထရိတ်တိုင်း၊ ဘန်ကောက်ပို့စ်၊ နေရှင်းတို့လို နေ့စဉ်ထုတ် သတင်းစာတွေ ပုံမှန်ဝယ်လို့ ရနေတဲ့ အခြေအနေမျိုးမှာ ဘာဖတ်ရမှန်းမသိ ဖြစ်နေတယ် ဆိုတာမျိုးက သာပြီး မဟုတ်သေးဘူးလို့ ထင်ပါတယ်။

ဒီခေတ်လူငယ်တွေက သတင်းစာပညာကျမ်းတို့၊ သတင်းရေးနည်းပညာတို့လို စာအုပ်မျိုးတွေ၊ How to be a Journalist ဆိုတာလို စာနယ်ဇင်းသမားဖြစ်နည်း လမ်းညွှန်စာအုပ်မျိုးတွေ ဖတ်မှ စာနယ်ဇင်းသမား ဖြစ်နိုင်တယ်လို့ အထင်ရောက်နေကြဟန် ရှိပါတယ်။ ပြီးတော့ Fast Food တို့၊ Ready made ဝတ်စုံတို့နဲ့ပဲ ကြီးပြင်းခဲ့ကြလေတော့ ဘာမဆို ရယ်ဒီမိတ်တွေကိုပဲ အားကိုးနေကြတဲ့ အကျင့်ဆိုးကြီးက အရိုးစွဲနေကြဟန် ရှိပါတယ်။ ကျောင်းနေကြတော့လည်း ကျူရှင်က ထုတ်ပေးတဲ့ မှတ်စုလောက်ကိုသာ ကျက်မှတ်နေကြတဲ့ ခေတ်ကြီးကိုး။

အဲဒီလို ရယ်ဒီမိတ်လူငယ်တွေကို သတင်းစာသမားပီပီ 'လိုတိုရှင်း' ပဲ ပြောလိုက်ပါမယ်။ How To စာအုပ်မျိုးတွေ ဖတ်နေလို့ကတော့ ဘာပညာမှ တတ်မြောက်မှာ မဟုတ်ဘူး။ အချိန်ကုန်ရုံ သက်သက်သာ ရှိလိမ့်မယ်။ ပိုးသာကုန် မောင်ပုံစောင်းမတတ်ကိန်းပဲ ကြုံရလိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။

ပညာတရပ်ဆိုတာ မှတ်စုဖတ်ရုံနဲ့ မတတ်မြောက်ပါဘူး။ မော်တော်ကား မောင်းနည်း၊ ရေကူးနည်း ဖတ်ရုံနဲ့ ကားမောင်းတတ် ရေကူးတတ် မဖြစ်ပါဘူး။ ကိုယ်တိုင် လက်တွေ့ အလေ့အကျင့်လုပ်မှ တတ်မြောက် ပါတယ်။ အလေ့အကျင့် များများလုပ်လေ ကျွမ်းကျင်လေ ဖြစ်ပါတယ်။ ဒီလိုပြောလို့ စာအုပ်တွေ ဖတ်ဖို့မလိုဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်းလည်း ပြောချင်ပါတယ်။ How To စာအုပ်မျိုးတွေ နောက်ကို လိုက်မနေဖို့ ပြောချင်တာပါ။ စာဖတ်တာကတော့ များများဖတ်လေ ကောင်းလေပါပဲ။ ဝတ္ထုရေးနည်း၊ ကဗျာရေးနည်း ဖတ်နေမယ့်အစား ဝတ္ထုစာအုပ်၊ ကဗျာစာအုပ်တွေကို ဖတ်၊ နည်းနာယူ၊ လေ့လာသုံးသပ်ပြီး ကိုယ်တိုင် ဝတ္ထုရေးကျင့်ဖို့၊ ကဗျာရေးကျင့်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဖတ်စရာတွေ အင်မတန် ပေါပါတယ်။ ဘယ်မဂ္ဂဇင်း ကောက်လှန်လှန် ဝတ္ထုတွေ၊ ကဗျာတွေ တွေ့နိုင်ပါတယ်။ ဘာသာရေး မဂ္ဂဇင်းမျိုးမှာတောင် ဝတ္ထုနဲ့ ကဗျာ ပါလေ့ရှိမြဲ ဖြစ်ပါတယ်။ ဂျာနယ်လစ် ဖြစ်ချင်သူများအတွက်လည်း ဂျာနယ်မျိုးစုံ ၁ဝဝ ကျော် ၁၅ဝ နီးပါး ရှိပါတယ်။ စိတ်ကြိုက် လေ့လာနိုင်ပါတယ်။ စာအုပ်တွေက အရေအတွက်သာ များပြီး အရည်အချင်း မရှိကြဘူး၊ ဒါတွေဖတ်လို့ အကျိုးမရှိဘူးလို့ မပြောပါနဲ့။ လောကမှာ အကျိုးမရှိတဲ့စာဆိုတာ မရှိပါဘူး။ မကောင်းတဲ့ စာအုပ်ဆီကလည်း ဘာတွေ မကောင်းတာလဲ၊ ဘာ့ကြောင့်မကောင်းတာလဲ ဆိုတဲ့ ပညာရနိုင် သင်ခန်းစာယူနိုင် တာပါပဲ။ အရေးကြီးတာက ဘယ်လိုစာအုပ် ဖတ်တယ်ဆိုတာ မဟုတ်ပါဘူး။ စာအုပ်ကို ဘယ်လိုဖတ်တယ် ဆိုတဲ့ စာဖတ်နည်းသာ ဖြစ်ပါတယ်။

စာဖတ်တဲ့အခါမှာ 'ပြီးကပစ်' မဖတ်သင့်ပါဘူး။ မကောင်းတဲ့ စာအုပ်ပဲ ဖြစ်စေဦးတော့ ဖတ်ပြီး ဝေဖန်ဆန်းစစ် ကြည့်ရပါမယ်။ စောစောက ပြောခဲ့သလို ဘယ်လို မကောင်းတာလဲ။ ဘာကြောင့်မကောင်းတာ လဲလို့ သုံးသပ်ရပါတယ်။ ကောင်းတဲ့ စာအုပ်ဖတ်ရင်လည်း ဘယ်လိုကောင်းတာလဲ။ ဘာကြောင့် ကောင်းတာလဲ ဆိုတာ ဝေဖန်ဆန်းစစ် ရပါမယ်။ အဲဒီလို သုံးသပ်ပြီး သင်ခန်းစာ ထုတ်ယူတတ်မှ၊ အတုယူတတ်မှ အကျိုးရှိစေပါတယ်။

အထူးသဖြင့် ဂျာနယ်လစ် ဖြစ်ချင်သူများက စာမှန်သမျှ အကုန်ဖတ်သင့်ပါတယ်။ ဂမ္ဘီရလည်း ဖတ်သင့်တယ်။ အားကစားလည်း ဖတ်သင့်တယ်။ ဖက်ရှင်လည်း ဖတ်သင့်တယ်။ လျှို့ဝှက်သည်းဖိုလည်း ဖတ်သင့်တယ်။ နိုင်ငံရေးလည်း ဖတ်သင့်တယ်။ နိုင်ငံတကာရေးလည်း ဖတ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စာနယ်ဇင်းဆိုတာ Something of Everything ကို ရေးသားရတာ ဖြစ်လို့ပါ။ မဖတ်သင့်တဲ့ စာအုပ်လို့ မရှိပါဘူး။ ဘယ်လိုစာအုပ်မျိုး ဖတ်တယ်ဆိုတာထက် စာကို ဘယ်လို ဖတ်တယ်ဆိုတာက ပိုပြီး အဓိကကျပါတယ်။

လူထုစိန်ဝင်း
Credit to (ပင်ဝါးရုံစာပေမှ ထုတ်ဝေတဲ့ လူထုစိန်ဝင်း ရဲ့ 'ဖတ်စရာ' စာအုပ်၊ ပထမအကြိမ်၊ ၂ဝဝ၇ မှ)
Read More »

စာသင်ခန်းများအတွင်း လေ့ကျင့် ပျိုးထောင်ပေးရမည့် စဉ်းစားတွေးခေါ်မှုစွမ်းရည်များ (မောက္ခ ပညာရေးမဂ္ဂဇင်း)


ကြောင်းကျိုးဆီလျော်စွာ တွေးတောခြင်း (Logical Thinking)
  • ယေဘုယျ တွေးတောတတ်ခြင်း
  • ဇယားချ တွေးတောခြင်း
  • ဆက်စပ် တွေးတောခြင်း
  • ထုတ်ယူစဉ်းစားခြင်း
ဝေဖန်ပိုင်းခြားဆန်းစစ်တွေးတောခြင်း (Critical Thinking)
  • အမျိုးအစားခွဲတတ်ခြင်း
  • အစီအစဉ်တကျ ပြုလုပ်တတ်ခြင်း
  • မျိုးတူအုပ်စုခွဲတတ်ခြင်း
  • စူးစမ်းလေ့လာ အကဲဖြတ်တတ်ခြင်း
  • နှိုင်းယှဉ်တတ်ခြင်း
  • မတူသည့်အချက်များကို ရှုမြင်တတ်ခြင်း
တီထွင်ဖန်တီးတွေးတောခြင်း (Creative Thinking)
  • စူးစူးနစ်နစ်တွေးတောခြင်း
  • ရဲရဲတင်းတင်းတွေးတောခြင်း
  • လွတ်လွတ်လပ်လပ်တွေးတောခြင်း
  • ဖြာထွက်တွေးတောခြင်း
  • ဆက်စပ်တည်ဆောက်တွေးတောခြင်း
  • အဓိပ္ပါယ်အသစ်ဖွင့်ဆိုတွေးတောခြင်
  • အသစ်ဖန်တီးတွေးတောခြင်း
  • စိတ်ကူးပုံဖော်တွေးတောခြင်း
အကောင်းမြင်တွေးတောခြင်း(Positive Thinking)
  • မိမိနှင့် အများအကျိုးကို လိုလားသော စိတ်ထားဖြင့် တွေးတောခြင်း
  • ပျော်ရွှင်ရယ်မောဖွယ်ရာ ဟာသတွေးတောခြင်း
  • သတင်းကောင်းကို မျှဝေလိုခြင်း စိတ်ထားဖြင့် တွေးတောခြင်း
  • မုဒိတာ၊ ဝမ်းမြောက်ဝမ်းသာ စိတ်ထားဖြင့် တွေးတောခြင်း
  • မျှော်လင့်ချက်၊ ယုံကြည်ချက်တို့ဖြင့်တွေးတောခြင်း
Credit to (မောက္ခ ပညာရေးမဂ္ဂဇင်း၊ အမှတ် ၆၊ မေလ ၂၀၁၁)
Read More »

ဖြစ်အောင် လုပ်စမ်းပါ (ဖေမြင့်)


၁၉၅၇ ခုနှစ်က ကယ်လီဖိုးနီးယားတွင် ဆယ်နှစ်ရွယ် ကောင်လေးတစ်ယောက် ရည်မှန်းချက် ပန်းတိုင်တစ်ခု ချသည်။

အဲသည်အချိန်က အမေရိကန်ကြေးစား ဘောလုံး(ရပ်ဂဘီ) လောကတွင် ဂျင် (မ)ဘရောင်းသည် အကျော်ကြားဆုံး နောက်တန်းအလယ်လူ ဖြစ်သည်။ ပိန်တာရိုးကောင်လေးက သူ့အော်တိုလက်မှတ်လိုချင်သည်။ သည်ရည်မှန်းချက် အောင်မြင်ရေးအတွက် ကောင်လေးမှာ ကျော်လွှားရမည့် အခက်အခဲတချို့ ရှိနေသည်။

သူသည် လူမည်း ဆင်းရဲသားရပ်ကွက်တွင် ကြီးပြင်ရသူဖြစ်သည်။ သူ့ခမြာ ဘယ်တုန်းကမှ ၀၀လင်လင်မစားရ။ အာဟာရ ချို့တဲ့မှုကြောင့် အရိုးပျော့ရောဂါ ရနေသည်။ အရိုးပေါ် အရေတင်သည့် သူ့ခြေတောက်ခွင်လေးကို သံမဏိထိန်းနံများဖြင့် ကျားကန်ပေးထားရသည်။ လောလောဆယ်လည်း ပိုက်ဆံ မရှိသဖြင့် ဘောပွဲကြည့်ရန် လက်မှတ်မ၀ယ်နိုင်။ ထို့ကြောင့် ဂျင်(မ) ဘရောင်း ကစားပြီး၍ ပြန်တက်လာသည့်အချိန် တွေ့ဆုံရန် အ၀တ်လဲခန်းနားက စိတ်ရှည်လက်ရှည်စောင့်မျှော်နေရသည်။

ဂျင်(မ)ဘရောင်းနှင်တွေ့တော့ အော်တိုရေးပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းခံသည်။ ဘရောင်း လက်မှတ်ထိုးနေ့အချိန် ကောင်လေးက ပြောပြသည်။

"မစ္စတာဘရောင်း........ခင်ဗျားပုံကို ကျွန်တော့်အခန်းနံရံမှာ ချိတ်ထားတယ်ဗျ၊ စံချိန်တွေအားလုံး ခင်ဗျားချိုးထားတာ ကျွန်တော်သိတယ် ၊ ခင်ဗျားက ကျွန်တော်ကြည်ညိုလေးစားဆုံး ပုဂ္ဂိုလ်ဗျ "

ဘရောင်းပြုံး၍ နားထောင်ပြီး သွားရန်ပြင်သည်။ သို့သော် ကောင်လေးက မပြီးသေး၊ " ကျွန်တော် တစ်နေ့ကျရင် မစ္စတာ ဘရောင်းတင်ထားတဲ့ စံချိန်တွေအားလုံးကို ချိုးမယ်ဗျ" သူက ရဲရဲဝံ့ဝံ့ ကြေညာသည်။

ဘရောင်း ဖြုံသွားသည်။ " သားနာမည် ဘယ်လိုခေါ်လဲကွ " သူ က မေးလိုက်မိသည်။

" အိုရင်သယ် ဂျိမ်း(စ) ပါ ၊ သူငယ်ချင်းတွေကတော့ အိုဂျေလို့ အတိုကောက်ခေါ်ကြပါတယ်" ကောင်လေးက ပြန်ဖြေသည်။

နောက်ပိုင်းတွင်မူ အိုဂျေ ဆင်မဆင်ဆိုသော ထိုအရိုးပျော့နှင့် ကောင်လေးသည် ထူးချွန်ထင်ရှားသော ဘောလုံးသမားတစ်ဦး တကယ်ဖြစ်လာခဲ့သည်။ထိခိုက်ဒဏ်ရာကြောင့် ဘောလုံးလောကမှ စောစီးစွာ နုတ်ထွက်ခဲ့ရသည့်အချိန်၌ ဂျင်(မ)ဘရောင်း တင်ခဲ့သည့်စံချိန် များအနက် သုံးခုမှအပ ကျန်အားလုံး ကို သူချိုးနိုင်ခဲ့သည်။

လူတစ်ယောက်ကို ထက်သန်တက်ကြွအောင် နှိုးဆွပေးသည့်နေရာ၌ ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်းလောက် အင်အား ပြင်းသောအရာ မရှိပါ။ ထို့ကြောင့်

ပန်းတိုင် ခိုင်ခိုင်ချပါ ။ ပြီးလျှင် အဲသည်အတိုင်း တကယ်ဖြစ်အောင် စွမ်းဆောင်ပါ။

မူရင်း- DAn Clark ၏ Make It Come True.

ဖေမြင့်
Credit: နှလုံးသား အာဟာရမှ
Read More »

မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း (သော်တာဆွေ)

သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့သူသည် သစ္စာမဲ့သူဖြစ်၏။ သစ္စာကို  သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝင့်စွာ ပြုလုပ်ခြင်းသာ မဟုတ်သေး။ မကောင်းမှုကို စောင့်ထိန်းခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊ အောင့်အည်း သည်းခံနိုင်ခြင်းတို့ သည်လည်း သတ္တိမည်၏။

မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့် တစ်ခု အမှီသဟဲပြုနေ၏။ ပင်ကို မူလက မည်မျှပင် ရဲရင့်သူ ဖြစ်နေစေကာမူ မမှန်ကန်သော အမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ သိလိုက်သည်နှင့်တပြိုင်နက် ထိုသူ၏ ရဲရင့်ခြင်းတို့သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူ အဖြစ်သို့ ရောက်ရှိသွားတော့၏။

ဝတ္ထုတစ်ခုနှင့် သာဓက ပြပါမည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ့်ငါးနှစ်ကျော်က ဖြစ်ပါသည်။ ကာယကံရှင်များမှာမူ လူ့ဘောင်၌ မရှိကြတော့ပြီ။
ဦးအောင်ဒွန်း…။

ကျွန်တော်တို့ ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း။ အင်မတန်မှ ရဲရင့်သတ္တိရှိသည်ဟု ကျော်ကြားသည်။ သူခိုး ဓားပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်း လက်မှတ်နှင့် ဆုတော်ငွေများ ရခဲ့ဖူးသည်။ နှစ်လုံးပူး သေနတ်ကိုင်ရသည်။ ဆယ်ခိုင်သူကြီး ခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းများမှတစ်ဆင့် သူ့ဆီရောက်ရသည်။ ကြီးသော အမှုဆိုလျှင် ရုံး၊ ဂါတ် ပို့၍ ငယ်သော အမှုဆိုလျှင် သူပင် စီရင်ချက်ချလိုက်သည်။ လူကောင် ကြီးမားခန့်ညား၍ ဥပဓိရုပ်လည်း ကောင်းလှသည်။ အင်အားဗလလည်း ပြည့်စုံလှသည်။ နွားထီးတစ်ကောင်ကို လက်ပြင်ရိုး၊ လက်သီးနှင့် ထိုး၍ လှဲနိုင်သည်ဟု ပြောကြသည်။

သူ့အိမ်နှင့် ကျွန်တော့်တို့ အိမ်မှာ မျက်စောင်းထိုး ဓားလွယ်ခုတ် အိမ်နီးချင်း ဖြစ်ပါသည်။ ကျွန်တော် အမှတ်သညာ ထားတတ်သော အရွယ်မှာ သူ့အသက်သည် ငါးဆယ်မျှဟု ခန့်မှန်းမိပါသည်း ဆွေမျိုးမတော်သော်လည်း သူ့ကို ကျွန်တော်က “ဘိုး”ဟု ခေါ်ပါသည်။

“ဘိုး”သည် ငယ်စဉ်က ကျွန်တော်ကို ချီပိုးလာခဲ့သူ ဖြစ်သည်။ ဘိုးသည် အသားဖြူရာဝယ် သူ့တစ်ကိုယ်လုံးမှာ ဆေးနီ ဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ယူဆခဲ့ပါသည်။ ကျွန်တော့် အဖေကိုယ်မှာလည်း ဆေးရုပ်များ ရှိပါသည်။ သို့သော် သူ့လောက်မများ၊ ထို့ပြင် အနက်ရုပ်သာရှိ၍ အနီရုပ်မရှိ၊ ဘိုး၏ကျောပြင်ကိုကား ကျွန်တော်က အရုပ်ကားဟု ခေါ်ပါသည်။

“ဘိုးရယ် ၀မ်းလျား မှောက်စမ်းပါဦး၊ ကျွန်တော် အရုပ်တွေ ကြည့်ချင်လို့ပါ”

“အို… အခု ထိုင်ကြည့်ရင်လည်း မြင်နေရသားပဲ မြေးရဲ့”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မှောက်ကြည့်ရမှ ပိုကောင်းတယ်”

ဘိုး၏ ကျယ်ပြန့်သော ကျောပြင်ဝယ် နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဇော်ဂျီရုပ်၊ ကြောင်ရုပ်၊ ကျားရုပ်၊ ခြေင်္သေ့ရုပ် စသည်တို့မှာ ဆေးနီဆေးနက် တို့ဖြင့် ယခုမျက်စိနှင့် ကြည့်သော် လွန်စွာမှ လက်ရာ မြောက်လှပါပေသည်။

“ဘိုးရယ်… ဒီအရုပ်တွေ ဘယ်သူ ထိုးပေးသွားတာလဲဟင်“

“ဘိုးဟာဘိုး ထိုးတာပေါ့ကွ”

“အောင်မယ် မဖြစ်နိုင်တာကြီးကို၊ ဘိုးဝါတယ်၊ ကဲ… ဘိုးကျောကုန်း ဘိုးမြင်ရလို့လား”

“မှန်ထဲ နောက်ပြန်ကြည့်ထိုးတာပေါ့ကွ”

“အောင်မယ်… အောင်မယ်… ဘိုးအိမ်မှာ ဘိုး ကျောကုန်းလောက်ကြီးတဲ့ မှန်တစ်ချပ်မှ မရှိဘဲနဲ့”

ဘိုးသည် ရယ်မောကာ…။

“အလကား ပြောတာကွာ၊ ဆရာဦး ထိုးပေးတာပေါ့ကွ၊ ဆရာဦးကို မင်းသိတယ် မဟုတ်လား”

ဆရာဦးသည် ဘိုးအိမ်ခေါင်းရင်းက ထိုးကွင်းထိုးဆရာ ဖြစ်ပါ၏။ ထို့ပြင် ရုပ်သေးရုပ်တွေ ထုသော ပန်းပုဆရာလည်း ဖြစ်ပါ၏။

“ဘိုး ဒီရုပ်တွေထိုးတော့ မနာဘူးလားဟင်”

“နာတာပေါ့ မြေးရဲ့၊ ဒါပေမယ့် ယောက်ျားဆိုတာ ဆေးထိုးခံနိုင်တဲ့ သတ္တိ ရှိရမယ့်ကွဲ့၊ ငါ့မြေးလည်း ကြီးရင် ထိုးကွင်း ထိုးရမယ်ကွဲ့”
သို့သော် ကျွန်တော်တို့ အရွယ်ရောက်သော ကာလ၌ ထိုးကွင်းထိုးသော ခေတ်ကုန်၍ ကံကောင်းသည်ဟု ဆိုရမည်။ သို့ရာတွင် အချို့သော လူကြီးများက မကြိုက်ကြ။ ကျွန်တော် ဆယ့်လေးနှစ်သားလောက်၌ ဆရာဦးက ကျွန်တော့်ပေါင်မှာ ကျားရုပ် ထိုးပေးသည်။ ထိုးရမည်မှာ အနီစင်း၊ အနက်စင်းနှင့် တကယ့်ကျားရောင် ထွက်ရမည်။ အသက်လည်း ပါရမည်။ သို့သော် ဤဖေကိုယ် သတ္တိခဲက အဖေ ချုပ်ကိုင်ထားသည့် လက်ထဲမှ ကုန်းအော်၍ ရုန်းထွက်သဖြင့် ပထမဆုံး အကြောင်းမျှ သွားရသေးရာ ကျားရုပ်မဖြစ်၊ ကြွက်ရုပ်ကလေး လိုလို ရေးရေးမျှ ထင်တော့၏။ သည်တော့ ဆရာဦးက ကျွန်တော့် အဖေအား ဘာပြောသည် ထင်သနည်း။

“မောင်ဆယ်ရေ… ခုခေတ် ကလေးတွေတော့ သတ္တိ သုဉ်းကုန်ပါပြီကွာ၊ ငါ့သားတွေလည်း အတူတူပဲကွ၊ မင်းတို့လို ငါတို့လို ဆယ်နှစ်၊ ဆယ့်တစ်နှစ်သားလောက်က ထိုးကွင်းထိုး ခံလာခဲ့လို့ရှိရင် ဒီကျားရုပ်လောက် ဘယ်ဖြုံလိမ့်မလဲကွာ၊ ခံနိုင်ရည်ရှိမှာပဲ၊ ခုတော့ မင်းသားက မိဖုရား ကင်းကိုက်တဲ့အတိုင်းပဲ၊ သွား… သွား..”

ဆရာဦးက ကျွန်တော့်ကို နှင်လွှတ်ပါသည်။ ကျွန်တော်သည် ပေါင်ကလေးထော့နဲ့ ထော့နဲ့ မျက်ရည်ကလေး စို့စို့နှင့်။
ဘယ်… မျက်ရည်မစို့ဘဲ ခံနိုင်မလဲဗျ။ လေးခွရှိတဲ့ ကြေးစုတ်ကြီးနှင့် တစ်ချက်ထိုးလိုက်ရင်း သွေးတစ်ပေါက် ထွက်လာရင်း။
ဤအခါ၌ ကျွန်တော်သည် ထိုးကွင်းမျှမက ဆေးရုပ်တွေ တစ်ကိုယ်လုံးတွင်ရှိသော အဖေတို့၊ ဘိုးတို့ သတ္တိကို ချီးကျူးမိပါသည်။ ဘိုးက ပို၍ များပါသည်။ ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံး ရိတ်ထားသူဖြစ်လေရာ ငယ်ထိပ်မှစ၍ ခြေဖမိုးအထိ ကျောကုန်း၊ လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်ပါ မကျန် ဆေးတွေအပြည့် ရှိ၏။

ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျွန်တော် မပြောတတ်ပါချေ။ သို့သော် ခံနိုင်ရည်ရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှား၏။ ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး။ စာပေပညာကိုလည်း တတ်ကျွမ်းသူ ဖြစ်၏။ ဘိုးသည် ဘိသိက်ဆရာ ဖြစ်၏။

ဘိုးသည် နေ့စဉ်နံနက်တိုင်း ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်ချိန်တွင် ထ၍ ဘုရားရှိခိုးပြီး စာရွတ်၏။ သူစာရွတ်သည်ကို ဘေး သုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမျှ နားမလည်နိုင်ပေ။ သူ့အသံ “ဟနံနံ… ဟနံနံ… ဟူ၍သာ ကြားနေရသည်။

“အဖေ… ဘိုးက ဟနံနံ… ဟနံနံနဲ့ ဘာလုပ်နေတာလဲ အဖေရ”

ကျွန်တော်ငယ်စဉ်က အဖေအား အိပ်ရာထဲတွင် မေးခဲ့၏။

“စာဝါးတာ ခေါ်တယ် သားရဲ့”

“ဘာလို့ စားဝါးတာလဲ အဖေရ”

သူရထားတဲ့ စာတွေကို မမေ့မပျောက်အောင် နှုတ်က မြန်မြန်ရွတ်နေတာပေါ့ကွာ”

“ကျွန်တော်လည်း ဘိုးလို စာဝါးချင်တယ် အဖေ”

“ဒါဖြင့် စာများများတတ်အောင် သင်ပေါ့ကွ၊ ထမင်းစားချင်တော့ ထမင်းရှိမှ စားဖြစ်သလို စာဝါးချင်တော့ ကိုယ်တတ်ထားတဲ့ စာရှိမှ ပေါ့ကွ”
ကျွန်တော်သည် ဘိုးကို အစစအရာအရာ ချီးကျူး အားကျသူ ဖြစ်ခဲ့၏။ ကျွန်တော်သည် ဘိုးကို အတုယူကာ ကကြီး၊ ခကွေးက စ၍ စာဝါးခဲ့ ပါ၏။ နို့ပြီး ဘိုးက (အဆက်ဆက် အစဉ်သာယာတဲ့ သရက်တစ်ပင်ရွာက အထူးအကျိုးပြုတဲ့ ဦးဖိုးနု)ဟု ရှင်ပြုဖိတ်စာတွင် ရေးလျှင် ကျွန်တော်ကလည်း (မချို့အစဉ်သာတဲ့ ကြို့ပင်ရွာက အထူးအကျိုးသယ်တဲ့ ဦးဖိုးဆယ်)ဟု ကျွန်တော့်အဖေနှင့် ရွာနာမည်ကို နဘေထပ် ဆိုလိုက်သောအခါ ဘိုးက လွန်စွာ သဘောကျလှ၏။

“မောင်ဆယ်… မင်းသားကြီးရင် ငါ့ခြေရာနင်းလိမ့်မယ်”ဟု ဂုဏ်ယူပြောဆို၏။ သို့သော် ဘိုးခြေရာကို နင်းဖို့ ဘိုးကို မှီဖို့က ခဲယှဉ်းလှပါ၏။
ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင် သူ။ မင်္ဂလာဆောင်၌ ဘိသိက်သွန်းရာတွင် သူ။ ရှင်ပြု ရဟန်းခံတို့၌ သြဘာစာများ ရေးသားဖတ် ကြားရာတွင် သူ။ ရပ်သူ ရွာသားတို့ အပျင်းလည်းပြေ၊ ပညာရ ဗဟုသုတလည်း ရအောင် ဇာတ်နိပါတ်တို့ကို သံနေသံထားနှင့် ဟောပြော ရာတွင်လည်း သူ။

သူ… သူ… သူ… ထိုသူသည် အသက်ငါးဆယ်ကျော်၌ ကံချော်၍ အကြံတော်တလွဲကို လိုက်မှားမိချေသည်။
မချောဖြူ…။

သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်။ ချောသည်။ လှသည်။ ချောသည် လှသည်နှင့်အမျှ ကမြင်းကြောထ၍ လင်ငယ်နေတတ်သူ။
သူ၏ ပထမဆုံးယောက်ျားသည် သူ မျောက်မထားတာ ပက်ပင်းမိ၍ သူ့အားလယ်ကွင်းထဲ ခေါ်သွားကာ ဓားနှင့်ခုတ်သတ်ပြီး သူ့ကိုယ်သူ တော့ မီးရထားအနင်းခံ၍ ပွဲချင်းပြီး စီရင်ပစ်လိုက်သည်။ သို့သော် မကောင်းမှုပြုရန် အကုသိုလ်ကံ ကျန်နေသေးသော မအ၀ှာက မသေ။ လည်ပင်းဓားဒဏ်ရာတွေနှင့် မေ့မြောနေရာမှ သတိပြန် ရလာခဲ့သည်။

ဘိုးနှင့် အခင်းဖြစ်ပွားရန်အချိန်မှာ ထိုမိန်းမသည် အသက်သုံးဆယ်ခန့် လည်ပင်းမှာ ဓားဒဏ်ရာ နှစ်ချက်ရှိသည်။ အသားရောင် ဖြူဖြူဝင်း ၀င်းနှင့် ပြည့်ပြည့်တင်းတင်း။ ထိုအချိန်၌ ဒုတိယလော၊ တတိယလော မပြောတတ်သည့် လင်ယောက်ျားမှာ ဘိန်းစားဖိုးဆိုင်။
ကျွန်တော် သတိထားမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှာ ခံတောင်းရွက်၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စသော ကုန်စုံရောင်းသည်။ ထိုကုန်စုံဝယ်ရင်းမှ စတင်သည်။

ကျွန်တော်သည် အမှတ်သညာ ထားတတ်သော အရွယ်မှ၍ ဘိုးအိမ်မှာ အနေအစား များသည်။ အကြောင်းမှာ ဘိုးအိမ်သည် ဘယ်တော့မှ ဟင်းကောင်း မပြတ်ချေ။ မပြတ်ခြင်းမှာ ကျေးရွာဓလေ့ထုံးစံ ရှိ၏။ ရွာတွင် ကျွဲ၊ နွား သေ၍လည်းကောင်း၊ သတ်၍လည်းကောင်း၊ အမဲသားပေါ်လျှင် သူကြီးအိမ်ကို တစ်တွဲ ပို့ရသည်။ ၀မ်းတွင်းသား အစုံလည်း ပါရသည်။ ဘိုးအုပ်ချုပ်သော ရွာက ဆယ်ရွာဆိုတော့ ဘိုးအိမ် မှာ အမဲဟင်းလျာ ပြတ်သည် မရှိချေ။

ဘိုးကိုယ်တိုင်ကတော့ အမဲသား မစားချေ။ ကျွန်တော့် အဖေလည်း မစားချေ။ ကျွဲ၊ နွားဖြင့် အသက်မွေးရသော ကျေးရွာတို့တွင် အမဲသား မစားခြင်းသည် လူကြီးလူကောင်းတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပေသည်။ ဘိုးတို့ ဂေါ်ပုံတစ်ရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။

ဝါတွင်း မိုးရာသီဆိုတော့ ကျွန်တော်တို့ လယ်တောဒေသမှာ ငါးပေါသည်။ သည်တော့ မချောဖြူက ကုန်စုံရောင်းခြင်းကို ရပ်ဆိုင်း၍ မုန့် ဟင်းခါး ရောင်းသည်။ ထိုအခါ ဘိုးက ကျွန်တော့်ကို ခုတုံးလုပ်၍ မနက်တိုင်း မချောဖြူမုန့်ဟင်းခါးလာတိုင်း။

“ဟေ့… မင်း သည်နေ့ မုန့်ဟင်းခါး စားဦးမလား”

မေးသည်။ ကျွန်တော်ကတော့ ဆယ်နှစ်သား အရွယ်လောက် ဘယ်သိလိမ့်ဦးမှာတုန်း။ အမြဲတမ်း ခေါင်းညိတ်သည်ပေါ့။ ဘိုး၏ အိမ်သားများကတော့ နှာခေါင်းရှုံ့ကြပြီး ရိပ်မိနေကြပြီ။ ထိုအခါ ဘိုးမှာ ဇနီး အမယ်ကြီးနှင့် သမီးနှင့်သားမက် ရှိသည်။
ကျွန်တော့်ကို မုန့်ဟင်းခါးကျွေးတော့ ၀ါတွင်းမှာ သတ်သတ်လွတ်သမား ဘိုးက မုန့်ကို ဘယ်လိုစားပါသနည်းဟူမူ ဟင်းရည် မဆမ်းစေဘဲ သူ့အိမ်က နို့ဆီနှင့် ဆမ်း၍ စားပါသည်ခင်ဗျာ။

သြော်… အာဂဘိုး။ လူကြီးလူကောင်း ဂေါ်ပုံ မဆိုးဘူးနော့်။ ဦးကြီးတို့ နည်းယူကြ။

ထို့ပြင် ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသေးသည်။ ဘိုးသည် ထမင်းစားပြီး ပလုတ်ကျင်းသော အခါ၌လည်းကောင်း၊ တစ်ခုခု စားသောက်ပြီး ပလုတ်ကျင်းသောအခါ၌ လည်းကောင်း ဘယ်တော့မှ ထွေးမပစ်ချေ။ ပလုတ်ရေကို မျိုချလိုက်သည်သာ ဖြစ်၏။ ကျွန်တော်က…

“ဘိုးလုပ်ပုံဟာ သူများနဲ့ မတူဘူး၊ မရွံဘူးလား…”ဟု မေးသောအခါ…

“ဟ… ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါလခွီးတဲ့ လည်ပင်း လှီးပစ်ဖို့သာ ရှိတော့တာပေါ့ကွ”ဟု ပြန်ဖြေပါသည်။

ဟုတ်တုတ်တုတ်။
ယင်းသို့လျှင် မချောဖြူသည် ကုန်စုံရောင်းရင်းဖြင့် လည်းကောင်း၊ မုန့်ဟင်းခါး ရောင်းရင်းဖြင့် လည်းကောင်း၊ ဘိုးအိမ် နေ့တိုင်လိုလို ၀င်ထွက်နေရာမှ လေးငါးလလောက် ကြာသော် မချောဖြူယောက်ျား ဘိန်းစား ကိုဖိုးဆိုင်မှာ အိမ်ထဲ ဘိန်းငါးကျပ်သားခန့်နှင့် လက်ပူး လက်ကြပ် ဘိုးက ဖမ်းမိလေ၍ ခမျာ ထောင်ကျသွားရှာလေသည်။

ဒါ ဘိုးက သူ့နောက်လိုက် မတရား သက်သေများနှင့် သက်သက် အမှုဆင်တာ ဖြစ်ကြောင်းကို တစ်ရွာလုံးက သိကြ၍ တဖျစ်တောက် တောက်နေကြ၏။ ကိုဖိုးဆိုင်သည် ဘိန်းစားဆိုသော်လည်း မခိုးတတ်၊ မ၀ှက်တတ်။ လူကောင်းတစ်ယောက် ဖြစ်၏။ သူ့ဟာသူ ထန်းတက်၍ စား၏။ ပုံးမြှုံးထောင်၍ စား၏။

ထိုအရပ်ထဲက လူကြီးများသည် ဘိုးကို ၀ိုင်းကြဉ်စ ပြုလာ၏။ သည်နောက် မကြာမီတွင် ဘိုးသည် သူ့အိမ်သူ အိမ်သားများနှင့် ရန်ဖြစ်ကြလေ၍ အမယ်ကြီးသည် သမီးနှင့် သားမက်ကို ခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။
ဘိုးကိုကား မည်သူမျှ တရားချ၍ မရတော့ပေ။ ယခင်တုန်းက ရပ်ရွာ၊ အိမ်ထောင်ရေး ကိစ္စတို့မှာ သူကသာ ဖျန်ဖြေစီမံခန့်ခွဲ ပေးခဲ့သည်။ သူ့ဇာတ်တွင်ကား သူသာ ဇာတ်ဆရာ၊ အခြားဇာတ်ဆရာကို လက်မခံတော့ပြီ။

နောက်ဆုံး တစ်နေ့၌ကား မချောဖြူသည် ဘိုး၏ အိမ်ပေါ်သို့ ရောက်လာလေသတည်း။ သို့သော် ဤဖြစ်ရပ်တွင် ဘိုး၏ရလဒ်ကား ကျဆုံး ခြင်းပင်တည်း။ မချောဖြူ ဘိုးအိမ်ရောက်ပြီး ဒုတိယမြောက်နေ့ နံနက်တွင် အသက်ခြောက်ဆယ်မျှ ရှိမည်ဖြစ်သော အမယ်အိုကြီး တစ်ယောက် ဆောင်ဓားရှည်ကြီး ဆစ်လက်ကိုင်ကာ ဘိုး၏ အိမ်ဝင်းထဲ ရောက်နေလျက် ဓားတလက်လက်နှင့် ဆဲရေးကြိမ်းမောင်း နေပေတော့သည်။

“ဟဲ့ အောင်ဒွန်း၊ နင် ဗလကောင်းလှတယ်၊ သတ္တိကောင်းလှတယ်ဆို၊ ကြိုက်တဲ့ လက်နက်ကိုင်ပြီး တံခါးဖွင့် ဆင်းခဲ့စမ်း”

“ချလွမ် ……… ”

အိမ်ရှေ့နံရံအကာကို သူ့ဓားနှင့် ပစ်လိုက်သည်။ ထို့နောက် ပြန်ကောက်ကာ…

“ဟဲ့ အောင်ဒွန်း၊ နင် သတ္တိ နည်းလှချည်လား၊ ငါလို အမယ်ကြီးနဲ့မှ ရင်မဆိုင် ၀ံ့တော့ဘူးလား၊ လူချင်းကြောက်ရင် နင့်မှာ နှစ်လုံးပူး သေနတ် ရှိတယ်မဟုတ်လား၊ သည်မှာ ပစ်လိုက်စမ်းဟေ့… ”

ရင်ကိုကော့ပြပြီး သူ့ဓားနှင့် တစ်ဖန် ပစ်လိုက်ပြန်လေသည်။ အိမ်ပေါ်ကတော့ ဘာသံမှ မကြားရ။ ဆိတ်ငြိမ်လှသည်။ လူတစ်ယောက်မျှ မရှိဟု ထင်ရသည်။ သို့သော် ဘိုးနှင့် မချောဖြူ ရှိတာ အမှန်။ ညကပင် မီးအိမ်ထွန်းတာ မြင်ရသေးသည်။ ယခု မနက်အစောကြီးမှ စောစောစီးစီး သည်အမယ်ကြီးက ကျွန်တော် အိပ်ယာက မနိုးမီပင် လာရောက် ဆူပူနေခြင်းဖြစ်သည်။

ဘိုးအိမ်သည် တစ်ထပ်အိမ်မြင့်၊ အောက်ဆင့် မရှိ။ မြေကြီးပေါ် စားပွဲကုလားထိုင် ထားသည်။ အိမ်အကာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေကို ကြက်ခြေခတ် ရိုက်ကပ်ထားသည်။ ထိုနံနက်၌ အပေါ်ထပ်ရော အောက်ထပ်ပါ တံခါးတွေအားလုံး ပိတ်ထားသည်။
ကျွန်တော်သည် အိပ်ရာမှထကာ ပြတင်းပေါက်မှ အံ့သြစွာနှင့် လှမ်းကြည့်၍နေသည်။ အမယ်ကြီးသည် ပိန်သော်လည်း စိတ်က ဆောင်နေ၍ တော်တော်ပဲ မာကျောပုံပေါ်သည်။ သူသည် အော်ဟစ်ဆဲရေးရင်း အောက်နံရံကို ဓားနှင့်ခုတ်လိုက်၊ အိမ်အပေါ်ထပ်ကို လှမ်း ပစ်လိုက်၊ မောလျှင် ထိုင်ပြီး နားလိုက် နောက်ပြီး တစ်စခန်း ထလိုက်နှင့် အရွယ်နှင့် မလိုက်အောင်ပင်။ ဒေါသနှင့် ဇွဲသတ္တိက ကြီးလှပါ သည်။

“ဟေ့… အောင်ဒွန်း၊ မယားခိုးရဲ့၊ လူ့တိရစ္ဆာန်ရဲ့ နင် ငါ့သားမက်အိတ်ထဲ အတင်း ဘိန်းထည့်ပြီး နင့် နောက်တော်ပါ သက်သေလိမ်တွေနဲ့ အမှုဆင်ပြီး ထောင်ချတယ်ဆိုတာ လူတိုင်းက သိကြတယ်ဟဲ့”

“ချလွမ်….”
ဓားနှင့် တစ်ချက် ပစ်လိုက်ပြန်သည်။

“နင်ဟာ ဆယ်ခိုင်သူကြီး၊ ဘုရားကိုးဆူ ဆရာကြီး၊ ဘိသိက်ဆရာကြီး၊ ရတု သြဘာဆရာကြီး၊ ကွက်စိပ်ဆရာကြီးဆိုတဲ့ ဂုဏ်တွေမှ မထောက်ဘူး။ ငအောင်ဒွန်းရယ်၊ ဟို မျောက်မထားမရော ဆင်းခဲ့၊ နင့်ပါ ငါ နုတ်နုတ်စဉ်းပစ်မဟဲ့၊ နင့်အတွက် ငါ တစ်ခါက နှစ်ခါရှက်၊ နှစ်ခါက သုံးခါရှက်၊ တစ်သက်လုံး ရှက်နေရမှာလားဟဲ့… ၊ နင်တို့ကို သတ်ပြီး ငါပါ သေပစ်လိုက်မဟဲ့…”

“အဖေရယ်…၊ ဘိုးက သည်အမယ်ကြီး ပိန်ပိန်လေးများ ဘာလို့ ကြောက်နေရသလဲ၊ အောက်ဆင်းပြီး ဖမ်းလိုက်ရောပေါ့၊ ဘိုးက အား အများကြီး ကြီးတာပဲ မဟုတ်လား၊ နို့ပြီး ဘိုးက သူကြီး…”

“ဟဲ့… ဘာကြီးဖြစ်နေနေ၊ ကိုယ်အမှားလုပ်မိတဲ့အခါ မှန်သူကို ရင်မဆိုင်ဝံ့တော့ဘူး၊ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ….”

“ကျွန်တော် နားမလည်ပါဘူး အဖေရာ…”

“အေး ငါ့သား၊ ကြီးတော့ နားလည်ပါလိမ့်မယ်”

ထိုအချိန်၌ ကျွန်တော်သည် ဘိုးကိုသာ သနားနေတော့သည်။ ဘိုးဖက်က ဘယ်သူမျှ ကူညီမည့်သူလည်း မရှိပါလား၊ သည်အမယ်ကြီး ကို လာတားခြင်း၊ ဆွဲငင်ခြင်းလည်း မည်သူမျှ မပြုကြ။ အကယ်၍ အခြား အိမ်၌သာ ဤသို့ ဖြစ်နေပါမူ ဘိုးကိုယ်တိုင် သွားရောက် စီစဉ် ဖျန်ဖြေချေမည်။

စင်စစ်တော့ သူကြီးဦးအောင်ဒွန်း၏ မတရားပြုမှုကို တစ်ရွာလုံးက မုန်းတီးရွံရှာနေခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် အမယ်ကြီးဖက်ကပင် အကူညီ ပေးကြဦးမည်။ သို့သော် ကူညီစရာ မလို၊ အမယ်ကြီးက အံ့ဖွယ်ကောင်းလောက်အောင်ပင် ဇွဲသတ္တိကြီးလှပါဘိ။ ဤနေ့ ပထမ နေ့က နံနက် ဝေလီဝေလင်းမှသည် ဆယ်နာရီခန့်အထိ ဆဲရေးကြိမ်းမောင်းပြီး ထမင်းဆာသောကြောင့် ပြန်သွားသည်။ နောက်နေ့ နံနက် ဝေလီဝေလင်း၌ ယမန်နေ့ကအတိုင်း ပြန်ရောက်လာပြီး ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်။
အမယ်ကြီးသည် ဤသို့ချည်း မနက်တိုင်းလာလုပ်၏။

ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့် မချောဖြူတို့သည် ပစ္စည်းပစ္စယများကို လှည်းတစ်စီးနှင့် တင်၍ ထွက်ခွာ သွားကြတော့သည်။
ဤအခင်းဖြစ်နေချိန် ဘိုးအိမ်သို့ မသွားရန် ကျွန်တော့်အား တားမြစ်ထား၍ ယင်းညနေ လှည်းပေါ် ပစ္စည်းတွေ တင်နေတုန်းမှာ ဘိုးကို ကျွန်တော်နောက်ဆုံး မြင်လိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ သူ့အား မည်သူကမျှလည်း လာ၍ နှုတ်မဆက်ကြချေ။
ရွာတွင် သူကြီးမရှိတော့ကြောင်း ကြားသိရသောအခါ၌ ဆယ်အိမ်ခေါင်းတွေ ခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်းပြီး ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ နောက်ထပ် သူကြီးအသစ် ရွေးကောက်ပွဲ လုပ်လိုက်လေသည်။

ဦးအောင်ဒွန်းကား ဂုဏ်သိက္ခာ အဖတ်ဆယ် မရလောက်အောင် ကျဆင်းလေ၍ ရွာသို့ပြန်ပြီး မချဉ်းကပ်ရဲတော့ပေ။ သူ့အိမ်ကို သူ့အမယ်ကြီးနှင့် သမီးသားမက်တို့ ပြန်၍ နေကြသည်။

ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်ရော လူရော ပင်ပန်းဆင်းရဲလှစွာဖြင့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။

သော်တာဆွေ (၁၉၁၉ – ၁၉၉၅)
Credit ခွန်အားရှိသောစာ
Read More »

စကားကြီးဆယ်ခွန်း

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန်
စကားပြောနည်း ၁၀-မျိုးရှိတာကိုကြားဖူးကြမှာပါ ။
မြန်မာလူမျိုး တို့က စကားကြီး ၁၀-မျိုးဟုခေါ်ဝေါ်ခဲ့ကြပါသည်။

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား 'ဤဆယ်ပါး'
ကဗျာလေးနှင့် မှတ်မိနိုင်ကြပါစေ သူတို့ရဲ့အနက်ကိုတော့ အောက်တွင်ဖော်ပြထားပါတယ်

၁။ ရေကူးညာတင်ပြောဆိုခြင်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် "ရေကူးညာတင် ပြောခြင်း "လို့
ခေါ်ဆိုကြပါတယ်

၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း
စပါးရိတ်သောအခါ ကောက်ပင်ကို လက်တဖက်ဖြင့် ဆုတ်သိမ်းကာ တံဇဉ်ဖြင့် အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းက ဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် "ကောက်ပင်ရိတ်လှီး ပြောခြင်း"လို့ခေါ်ဆိုပါတယ်

၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ, ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် "ရေစီးဖောင်ဆန် ပြောခြင်း"ဖြစ်သည်

၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် "အိုးတန်ဆန်ခပ်"ပြောဆိုခြင်းဖြစ်သည်

၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် "ဆီပွတ်ကျည်ပွေ့"ပြောဆိုခြင်းဖြစ်သည်

၆။ ဆင်ဝှေ့ရန်ရှောင်
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် "ဆင်ဝှေ့ရန်ရှောင်"ပြောနည်းပင်ဖြစ်သည်

၇။ တောင်သူယာခုတ်
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာစကားငယ်ပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် "တောင်သူယာခုတ်"ပြောခြင်းဖြစ်သည်


၈။ ကြက်ဆုတ်ခွပ်ပစ်ပြောခြင်း
ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွှေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် "ကြက်ဆုတ်ခွပ်ပစ်"ပြောခြင်းဖြစ်သည်

၉။ ရေစစ်ပမာပြောခြင်း
ရေစစ်ကို ရေတွင် နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် "ရေစစ်ပမာ စကားပြောခြင်း" ခြင်းဖြစ်သည်

၁၀။ ခက်တင်မောင်းနင်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် "ခက်တင်မောင်းနင်း" ပြောခြင်းဖြစ်သည်၊


(စကားအလင်္ကာစာအုပ်မှ စကားကြီး ၁၀ခွန်းပြောခဲ့တာလေးကိုပြန်လည့်မျှဝေခြင်းဖြစ်ပါသည် )
Read More »

ဇနီးမောင်နှံ(၄)မျိုး

 Photo: ဇနီးမောင်နှံ(၄)မျိုး
===========
(၁)လင်သူသေကောင် + မယားသူသေကောင်

လင်မယား နှစ်ဦးစလုံးသည် ငါးပါးသီလမရှိ၊ နှမြောတွန့်တို၏၊ 
ပေးကမ်းစွန့်ကြဲခြင်းမရှိ၊ မပေးမကမ်း မလှူဒါန်းရုံမျှမက 
အလှူခံရဟန်းတို့ကို အပြစ်ပြောကြသည်။ ဆဲရေးငေါက်ငမ်း ပြုကြသူများဖြစ်သည်။

(၂) လင်သူသေကောင် + မယားနတ်သမီး။

လင်မယားနှစ်ဦးတွင် လင်က သီလမရှိ၊ မယားက သီလရှိ၏၊ 
လင်ကနှမြောတွန့်တို၏၊ မယားက နှမြောမရှိ၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းလေ့ရှိ၏။ 
လင်က အလှူခံရဟန်းသံဃာစသည်များကို မမြင်လို၊ မပေးလို၊ 
အပြစ်ကိုပြောဆိုကာ ဆဲရေး ငေါက်ငမ်းမှုကိုပင် ပြုချေ၏။
မယားကမူ အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းလေ့ရှိ၏။

(၃) လင်နတ်သား + မယားသူသေကောင်

လင်က သီလရှိ၏။ လှူချင်တန်းချင်၏။။ 
ရဟန်းသံဃာများကို ရိုသေလေးစား၏။ 
မယားက သီလမရှိ၊ စွန့်ကြဲပေးကမ်းလိုစိတ်မရှိ၊ 
တွန့်တိုနှမြော၏ ရိုသေလေးစားခြင်းမရှိ။

(၄) လင်နတ်သား + မယားနတ်သမီး

လင်မယားနှစ်ဦးစလုံးတို့သည် ငါးပါးသီလ ကို
 ခါးဝတ်ချည်ထားသကဲ့သို့ မြဲကြ၏ ပေးကမ်းရက်ရော၏။ 
အလှူခံပုဂ္ဂိုလ်တို့အား ရိုသေလေးစား၏၊ ပေးကမ်းလှူဒါန်း၏။
အကောင်းဆုံး စုံတွဲဖြစ်သည်။ ရှင်အတူသေမကွာ၊ 
မခွဲမခွာ၊ အမြဲသာပေါင်းဖော်ယှဉ်တွဲရမည့် ဇနီးမောင်နှံဖြစ်သည်။


ဤအိမ်ထောင်ရှင် ဇနီးမောင်နှံလေးမျိုး တရားကို မြတ်စွာဘုရား၊ 
မဓုရာမြို့ နှင့် ဝေရဉ္ဗာမြို့အကြား ဒေသစာရီ
 ကြွတော်မူရင်း ဟောကြားခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရား ကြွချီတော်မူစဉ် 
ခရီးအကြားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် 
အပန်းဖြေနားနေတော်မူစဉ် ဇနီးမောင်နှံများက လာရောက်ဖူးမြော်ကြသည်။
 မြတ်စွာဘုရားက ပဋိသန္တာရ စကားမြွက်ကြားတော်မူပြီးနောက်
 ဇနီးမောင်နှံ လေးမျိုးတရားကို ဟောကြားပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းတို့သည်သာ အတူတကွ နတ်ပြည်သို့ ရောက်နိုင်ကြ၏၊ 
လင်ဆိုး မယားဆိုးတို့သည်ကား နတ်ပြည်သို့မတက်နိုင်ဘဲ 
ငရဲအိုးသို့သာ ဇောက်ထိုးကျတတ်၏၊ 
ယင်းအကြောင်းအရာများကို တင်စား၍ 
နတ်သား၊ နတ်သမီး ၊သူသေကောင် ဟု ဥပမာဖြင့် ဟောကြားတော်မူခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းများဖြစ်ကြပြီး လင်နတ်သား၊ 
မယားနတ်သမီးစုံတွဲဖြစ်ကြစေရန် 
ရည်သန်တော်မူ၍ ဟောကြားခြင်းဖြစ်ပါသည်။

 (စတုက္ကနိပါတ်၊ အဂုင်္တ္ထိုရ်၊ သံဝါသသုတ်)

အလွယ်တရားမှတ်သားရန် ဆောင်ပုဒ်ကတော့...

-ကာမဘုံသား၊ လူအများ ၊ လင်မယား လေးမျိုးလာ။
-လင်ဆိုး မယားဆိုး နှစ်ယောက်ဆိုး၊ ဇောက်ထိုးငရဲရွာ။
-လင်ကောင်း မယားကောင်း နှစ်ဦးကောင်း တူပေါင်း ထက်နတ်ရွာ။
-လင်ဆိုး မယားကောင်း၊ လင်ကောင်းမယားဆိုး ဤနှစ်မျိုး တန်ဖိုးမရှိပါ။
-အတူတကွ၊ နေလိုကြ တူမျှကြဖို့ပါ။
- ရှင်အတူ သေမကွာ၊ နေထိုင်ကာ၊ ချမ်းသာကြတော့မှာ။
-ဒါနသီလ၊ ဂါရ၀၊ ရှိက သူကောင်းပါ။
-ဒါနသီလ၊ ဂါရ၀ ကင်းပ လူဆိုးသာ။
-သံဝါသသုတ်၊ ဟောပြထုတ်၊ အချုပ်မှတ်ကြပါ။

စိတ်သဘောထား အလို ဆန္ဒတူညီသော 
လူနှစ်ယောက်ဆို တာရှိခဲ၊ ရခဲလှပါတယ်။ 
ဟောကြားတော်မူခဲ့သော ဒေသနာတော်အရ
 စိတ်သဘောထားချင်းကိုက်ညီသော လင်မယားကလည်း ရှားပါးပစ္စည်းဖြစ်နေပါမည်။

သို့သော် ဘ၀ဆက်တိုင်း ဆက်တိုင်း ရှင်အတူသေမကွာ 
နေ လိုကြ ရင်ဖြင့် သဒ္ဓါ၊ သီလ၊ စာဂ (ဒါန) ပညာ ဟူသော 
အကြောင်းလေးဖြာ ဓမ္မ ဒေသနာ ကိုသေချာစွာ 
လိုက်နာကျင့်ကြံ အတူတကွ အားထုတ်ကြပါမှ 
ရှင်တူသေမကွာနေကြရမှာ ဖြစ်ကြောင်း
 မှတ်သားထားသမျှ ကို မျှဝေလိုက်ရပါတယ်။
(၁)လင်သူသေကောင် + မယားသူသေကောင်

လင်မယား နှစ်ဦးစလုံးသည် ငါးပါးသီလမရှိ၊ နှမြောတွန့်တို၏၊
ပေးကမ်းစွန့်ကြဲခြင်းမရှိ၊ မပေးမကမ်း မလှူဒါန်းရုံမျှမက
အလှူခံရဟန်းတို့ကို အပြစ်ပြောကြသည်။ ဆဲရေးငေါက်ငမ်း ပြုကြသူများဖြစ်သည်။

(၂) လင်သူသေကောင် + မယားနတ်သမီး။

လင်မယားနှစ်ဦးတွင် လင်က သီလမရှိ၊ မယားက သီလရှိ၏၊
လင်ကနှမြောတွန့်တို၏၊ မယားက နှမြောမရှိ၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းလေ့ရှိ၏။
လင်က အလှူခံရဟန်းသံဃာစသည်များကို မမြင်လို၊ မပေးလို၊
အပြစ်ကိုပြောဆိုကာ ဆဲရေး ငေါက်ငမ်းမှုကိုပင် ပြုချေ၏။
မယားကမူ အလှူခံပုဂ္ဂိုလ်တို့အား လှူဒါန်းလေ့ရှိ၏။

(၃) လင်နတ်သား + မယားသူသေကောင်

လင်က သီလရှိ၏။ လှူချင်တန်းချင်၏။။
ရဟန်းသံဃာများကို ရိုသေလေးစား၏။
မယားက သီလမရှိ၊ စွန့်ကြဲပေးကမ်းလိုစိတ်မရှိ၊
တွန့်တိုနှမြော၏ ရိုသေလေးစားခြင်းမရှိ။

(၄) လင်နတ်သား + မယားနတ်သမီး

လင်မယားနှစ်ဦးစလုံးတို့သည် ငါးပါးသီလ ကို
ခါးဝတ်ချည်ထားသကဲ့သို့ မြဲကြ၏ ပေးကမ်းရက်ရော၏။
အလှူခံပုဂ္ဂိုလ်တို့အား ရိုသေလေးစား၏၊ ပေးကမ်းလှူဒါန်း၏။
အကောင်းဆုံး စုံတွဲဖြစ်သည်။ ရှင်အတူသေမကွာ၊
မခွဲမခွာ၊ အမြဲသာပေါင်းဖော်ယှဉ်တွဲရမည့် ဇနီးမောင်နှံဖြစ်သည်။


ဤအိမ်ထောင်ရှင် ဇနီးမောင်နှံလေးမျိုး တရားကို မြတ်စွာဘုရား၊
မဓုရာမြို့ နှင့် ဝေရဉ္ဗာမြို့အကြား ဒေသစာရီ
ကြွတော်မူရင်း ဟောကြားခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရား ကြွချီတော်မူစဉ်
ခရီးအကြားရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင်
အပန်းဖြေနားနေတော်မူစဉ် ဇနီးမောင်နှံများက လာရောက်ဖူးမြော်ကြသည်။
မြတ်စွာဘုရားက ပဋိသန္တာရ စကားမြွက်ကြားတော်မူပြီးနောက်
ဇနီးမောင်နှံ လေးမျိုးတရားကို ဟောကြားပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းတို့သည်သာ အတူတကွ နတ်ပြည်သို့ ရောက်နိုင်ကြ၏၊
လင်ဆိုး မယားဆိုးတို့သည်ကား နတ်ပြည်သို့မတက်နိုင်ဘဲ
ငရဲအိုးသို့သာ ဇောက်ထိုးကျတတ်၏၊
ယင်းအကြောင်းအရာများကို တင်စား၍
နတ်သား၊ နတ်သမီး ၊သူသေကောင် ဟု ဥပမာဖြင့် ဟောကြားတော်မူခြင်းဖြစ်ပါသည်။

လင်ကောင်း မယားကောင်းများဖြစ်ကြပြီး လင်နတ်သား၊
မယားနတ်သမီးစုံတွဲဖြစ်ကြစေရန်
ရည်သန်တော်မူ၍ ဟောကြားခြင်းဖြစ်ပါသည်။

(စတုက္ကနိပါတ်၊ အဂုင်္တ္ထိုရ်၊ သံဝါသသုတ်)

အလွယ်တရားမှတ်သားရန် ဆောင်ပုဒ်ကတော့...

-ကာမဘုံသား၊ လူအများ ၊ လင်မယား လေးမျိုးလာ။
-လင်ဆိုး မယားဆိုး နှစ်ယောက်ဆိုး၊ ဇောက်ထိုးငရဲရွာ။
-လင်ကောင်း မယားကောင်း နှစ်ဦးကောင်း တူပေါင်း ထက်နတ်ရွာ။
-လင်ဆိုး မယားကောင်း၊ လင်ကောင်းမယားဆိုး ဤနှစ်မျိုး တန်ဖိုးမရှိပါ။
-အတူတကွ၊ နေလိုကြ တူမျှကြဖို့ပါ။
- ရှင်အတူ သေမကွာ၊ နေထိုင်ကာ၊ ချမ်းသာကြတော့မှာ။
-ဒါနသီလ၊ ဂါရ၀၊ ရှိက သူကောင်းပါ။
-ဒါနသီလ၊ ဂါရ၀ ကင်းပ လူဆိုးသာ။
-သံဝါသသုတ်၊ ဟောပြထုတ်၊ အချုပ်မှတ်ကြပါ။

စိတ်သဘောထား အလို ဆန္ဒတူညီသော
လူနှစ်ယောက်ဆို တာရှိခဲ၊ ရခဲလှပါတယ်။
ဟောကြားတော်မူခဲ့သော ဒေသနာတော်အရ
စိတ်သဘောထားချင်းကိုက်ညီသော လင်မယားကလည်း ရှားပါးပစ္စည်းဖြစ်နေပါမည်။

သို့သော် ဘ၀ဆက်တိုင်း ဆက်တိုင်း ရှင်အတူသေမကွာ
နေ လိုကြ ရင်ဖြင့် သဒ္ဓါ၊ သီလ၊ စာဂ (ဒါန) ပညာ ဟူသော
အကြောင်းလေးဖြာ ဓမ္မ ဒေသနာ ကိုသေချာစွာ
လိုက်နာကျင့်ကြံ အတူတကွ အားထုတ်ကြပါမှ
ရှင်တူသေမကွာနေကြရမှာ ဖြစ်ကြောင်း
မှတ်သားထားသမျှ ကို မျှဝေလိုက်ရပါတယ်။


Credit to  အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ
Read More »

ကင်ဆာရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ဘာတွေလဲ

ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်(Cells)ခေါ် အခြေခံဓာတ်ခန်းကလေးများ မူလသဘာဝမှ
ဖောက်ပြန်ပျက်စီး၍ ပွားချင်သလို ပွားများလာရာမှ ဖြစ်ပေါ်လာသော ရောဂါဖြစ်သည်။
မျက်မှောက်ကာလ အန္တရာယ်
ကြီးမားဆုံးသော လူသတ်လက်နက်မှာ ကင်ဆာရောဂါပင် ဖြစ်ပါသည်။
ကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းကို ခိုင်လုံသော ယူဆချက်များမှာ- ဓာတုဆေးဝါးများနှင့် အချိန်
ကာလကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊ ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာမြင့်စွာ လက်ပွန်းတတီး ရှိခဲ့ခြင်း၊
အပူချိန်နှင့် ကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊ ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာရှည်စွာ လုပ်ကိုင်ခဲ့ရခြင်း၊
နေရောင် အလွန်အကျွံမိခြင်း၊ ဓာတ်မှန် ကြိမ်ဖန်များစွာ အရိုက်ခံရခြင်း၊ ရောင်ခြည်ထွက်အနုမြူ ရေဒီယို
အက်တမ်ဓာတ်များနှင့် ထိတွေ့ခြင်း၊ ဆေးရွက်ကြီးများ သုံးစွဲခြင်း စသည် စသည်တို့ကြောင့် ဖြစ်ပွားရသည်ဟု
ယူဆကြပါသည်။
ကင်ဆာရောဂါ ဖြစ်ပွားလာလျှင် ခွဲစိတ်ကုသခြင်းဖြင့် လည်းကောင်း၊ အိတ်စရေး ဓာတ်ရောင်ခြည်
ထိုး၍သော် လည်းကောင်း၊ ရေဒီယိုဓာတ် သွင်း၍လည်းကောင်း ကုသကြသည်။ ဤ၌ ကင်ဆာရောဂါ ဖြစ်တော့
မည့် ရှေ့ပြေးလက္ခဏာများ ရှိနေပါသည်။ ထိုလက္ခဏာများကို တင်ပြရလျှင်....
၁။ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း အနီးပတ်ဝန်းကျင်တို့၌ အနာပေါက်လာခြင်း၊ ၎င်းအနာသည် မည်သည့်ဆေးနှင့်မျှ
မပျောက်ဘဲ ရှိနေခြင်း။
၂။ ရင်ဘတ်၊ ရင်သားနှင့် အခြားနေရာများ၌ နာကျင်ခြင်းလုံးဝမရှိဘဲ ခပ်မာမာအသားပြင်တစ်ခု ပေါ်လာခြင်း။
၃။ ဒွါရကိုးပေါက်၏ တစ်နေရာမှ သွေးစသွေးနများ ထွက်လာခြင်း။
၎။ မှဲ့၊ ကြွက်နို့ အနာများရှိလျှင် ၎င်းတို့သည် အရွယ်အကြီးအသေး ပြောင်းလဲလာခြင်း၊ သို့မဟုတ် အရောင်
ပြောင်းလာခြင်း။
၅။ အစာမျို၍မရ ဖြစ်နေခြင်း။
၆။ အစာမကြေမှု တာရှည်ဖြစ်နေခြင်း။
၇။ ချောင်းမကြာခဏ ဆိုးခြင်း။
၈။ အသံများ ပြောင်းလဲလာခြင်း၊ ပြောင်းလဲမှု တာရှည်လာခြင်း။
၉။ ဝမ်းသွားချိန် ပြောင်းလဲလာခြင်း။
စသည်တို့ ဖြစ်ပေရာ သံသယ ဝင်လာပါက ကျွမ်းကျင်သော သမားတော်တို့နှင့် တွေ့ဆုံ၍ ဝေဒနာမရင့်မီ ကုသ
သင့်ပါသည်။
(ဤ၌ ကင်ဆာဖြစ်၍ အသေအပျောက် အများဆုံးမှာ သားမြတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊
လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။)

Credit to >>>>>
ဆရာ နန္ဒမိုးကြယ်ရေးသားပြုစုသောသိမှတ်ဖွယ်ရာ

မြန်မာ့လျှို့ ဝှက်ချက်(၁၀၀) စာအုပ်မှာကောက်နှုတ်တင်ပြသည် ။
Read More »

ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking)


စဉ်းစား တွေးခေါ်မှုတွင် ရှင်းလင်း သိမြင်အောင် တွေးခေါ်ခြင်း (Clear thinking)၊ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) နှင့် ရည်ရွယ်ချက် ပြည့်ဝအောင် တွေးခေါ်ခြင်း (Purposeful thinking) တို့သည် တစ်ဦး တစ်ယောက်၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု တန်ဖိုးများ ဖြစ်ကြသည်။ လူသားတို့၏ နေ့စဉ်ဘ၀တွင် သတင်းအချက်အလက်များ လွှမ်းမိုးလျှက်ရှိပြီး ယင်းတို့တွင် မှားယွင်းသည့် သတင်းအချက်အလက်များ ရှိနိုင်သကဲ့သို့ မှန်ကန်သော သတင်း အချက်အလက်များလည်း ရှိနိုင်မည် ဖြစ်သည်။ သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အီးမေလ်၊ တယ်လီဖုန်း၊ အင်တာနက်၊ ဂြိုဟ်တုသတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်တို့မှ ကွဲပြားခြားနားသော သတင်းအချက်အလက်များ နေ့စဉ် ၀င်ရောက်လျှက်ရှိသည်။ “စားကြည့် … အရသာ သိပ်ရှိတယ်”၊ “သုံးကြည့်လိုက်ပါ … တစ်ပတ်အတွင်း (၁၀) ပေါင် ကျသွားမယ်”၊ “ရင်းနှီးကြည့်လိုက်ပါ … ခင်ဗျားရဲ့ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ် အထိ ချမ်းသာသွားမယ်” အစရှိတဲ့ နေစဉ် ကြားနေရတာတွေ အားလုံးကို ယုံရတော့မှာလား။ မြင်သမျှ၊ ကြားသမျှ အားလုံးကို မယုံကြည်ရဘူးလို့ အားလုံး နားလည်ထားကြသော်လည်း များပြားလွန်သော အချက်အလက်တို့ကြောင့် စိတ်ဝင်စားမှု မရှိတော့လျှင် သို့တည်းမဟုတ် အဆိုးမြင်ဝါဒီ ဖြစ်သွားခဲ့လျှင်ကား ကံဆိုးခြင်းသာ ဖြစ်ပေတော့မည်။ မည်သို့မည်ပုံ စဉ်းစားရမည်နှင့် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ခွဲခြားနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။

အမှန်တရားနှင့် အသိပညာသို့ ချဉ်းကပ်ခြင်း (Approach to Truth and Knowledge)

လူတစ်ဦး၏ ကျွမ်းကျင်မှု (Skill)၊ အယူအဆ (Attitude) နှင့် ချဉ်းကပ်ပုံ (Approach) တို့သည် သတင်း အချက်အလက်များကို တန်ဖိုးဖြတ်စေပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်မည် ဖြစ်ပါသည်။ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်ရန် အတွက် စဉ်းစား တွေးခေါ်ရာတွင် ချဉ်းကပ်မှု ပုံသဏ္ဌာန် အမျိုးမျိုး ရှိသည်။


ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်းတွင် ချဉ်းကပ်ပုံ အမျိုးမျိုး (Different approaches to thinking to solve a problem)

ခွဲခြမ်း စိတ်ဖြာ စဉ်းစား တွေးခေါ်ခြင်း (Analytical thinking) သည် ပြဿနာ တစ်ရပ်၏ ပါဝင် ဖွဲ့စည်းထားသော အစိတ်အပိုင်းများကို တစ်စစီ ခွဲခြား စဉ်းစားခြင်း ဖြစ်သည်။ မည်သည့် အပိုင်းက ပြဿနာ ဖြစ်စေသည်ကို ခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမည် ဖြစ်သည်။ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) တွင် အသစ် တီထွင်ထားသော နည်းလမ်းများဖြင့် ပြဿနာကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ကျိုးကြောင်းပြ စဉ်းစား တွေးခေါ်ခြင်း (Logical thinking) တွင် အစီအစဉ်တကျ ယေဘုယျမှ အတိအကျ အဖြေရအောင် ကျိုးကြောင်း ဆင်ခြင်ခြင်းဖြင့် ရှင်းရှင်း လင်းလင်း သိရှိရန် စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း (Critical Thinking) တွင် မိမိ မည်သည့် အရာကို ပြီးမြောက်အောင် ကြိုးစားနေသည်။ အောင်မြင်ပြီးနောက် မည်သည့် အကြောင်းအရာကို သိရှိလာမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း (Reflective Thinking) တွင် ပြဿနာ၏ အလုံးစုံ အဓိပ္ပာယ်က ဘာလဲဆိုတာ စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစား ဖြေရှင်းရာတွင်မူ ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းနှင့် လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်းကို အခြေခံပါသည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking) ကို စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှု၏ ဗဟိုချက်မ အဖြစ် ထားရှိပါသည်။ ဤစဉ်းစားတွေးခေါ်မှုသည် စနစ်တကျ၊ ရည်ရွယ်ချက် ရှိရှိ တာဝန်သိသိဖြင့် သီဝရီများ၊ အချက်အလက်များနှင့် အယူအဆများကို စိစစ်ရန် ကျွန်ုပ်တို့အား စိန်ခေါ်လျှက်ရှိသည်။ ဤစဉ်းစားတွေးခေါ်သည် အခြားသော စဉ်းစားတွေးခေါ်မှုများ၊ နည်းလမ်းများနှင့် ချဉ်းကပ်မှု ပုံစံများကို မျှဝေ ရယူသည်။ အရေးကြီးသော ကျွမ်းကျင်မှုနှင့် အယူအဆများကို ပေါင်းစပ် ဖြည့်ဆည်း ပေးသည်။ ထို့ပြင် စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်ကို ချမှတ်ရာတွင် စနစ်တကျ စီမံချက် ရေးဆွဲရန်လည်း စိန်ခေါ်လျှက် ရှိသည်။

ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းသည် အငြင်းပွားနေသော အကြောင်းအရာများ၏ အဖြေထုတ်ခြင်းနှင့် ကြောင်းကျိုး ဖော်ပြချက် အမျိုးအမျိုးကို တန်ဖိုးဖြတ်ခြင်းတို့ အတွက် မဟာဗျူဟာကို ချမှတ်နိုင်ခြင်းနှင့် တိမ်မြုပ်နေသော အတွေးအခေါ်နှင့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့တွင် အကူအညီ များစွာ ပေးနိုင်မည် ဖြစ်သည်။ ဆန်းသစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဆိုင်ရာ အမျိုးသားကောင်စီ (National Council for Critical Thinking) မှ ရစ်ချက်ပေါ (Richard Paul) က ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းကို အဆင့် (၁၀) ဆင့် ခွဲခြား ပြထားသည်။

၁။  သင်၏ စဉ်းစားတွေးခေါ်ခြင်း ရည်ရွယ်ချက်က ဘာလဲ။
(What is the purpose of your thinking?)
၂။ သင် ဖြေနိုင်ရန် ကြိုးစားနေတဲ့ မေးခွန်း အတိအကျက ဘာလဲ။
(What precise question are you trying to answer?)
၃။ သင် စဉ်းစားတွေးခေါ်နေတာက ဘယ်ရှုထောင့် အတွင်းကလဲ။
(Within what point of view are you thinking?)
၎။ သင် အသုံးပြုနေတဲ့ အချက်အလက်က ဘာလဲ။
(What information are you using?)
၅။ အဲဒီ အချက်အလက်ကို သင်ဘယ်လို အဓိပ္ပာယ်ဖော်ပါသလဲ။
(How are you interpreting that information?)
၆။ သင့်ရဲ့ စဉ်းစားတွေးခေါ်မှုက ဘယ် အယူအဆ (သို့မဟုတ်) အတွေးအခေါ်ကို ဗဟိုပြုထားတာလဲ။
(What concepts or idea are central to your thinking?)
၇။ ဘယ်လို အဖြေဆီသို့ သင် ဦးတည်ထားပါသလဲ။
(What conclusions are you aiming toward?)
၈။ သင် က ဘာကို အာမခံချက် ပေးမှာလဲ။ ဘယ်လို မှန်းဆချက် ပေးမှာလဲ။
(What are you taking for granted? What assumption are you making?)
၉။ သင် ဒီအဖြေကို လက်ခံခဲ့လျှင် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်လာမှာလဲ။
(If you accept the conclusion, what are the implication?)
၁၀။        အကယ်၍ သင့် အတွေးအခေါ်ကို အကောင်အထည်ဖော်ခဲ့ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာလဲ။
(What would the consequences be, if you put your thoughts into action?)

သတိပြုရမည်မှာ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။ သင်ကိုယ်တိုင် အလေးအနက်ထား စဉ်းစားခဲ့ပြီး သင်ကိုယ်တိုင် အမှန်ကန် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းဖြင့် ပြဿနာတစ်ခုကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ မိမိ လုပ်ဆောင်နေစဉ်မှာပင် တိုးတက်မှုကို ထောက်လှမ်း သိရှိနိုင်ခြင်းနှင့် မိမိ ချမှတ်ထားသော နည်းဗျူဟာကို တန်ဖိုးဖြတ်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။

ဆန်းစစ်ဝေဖန် စဉ်းစားတွေးခေါ်နိုင်ရန် လိုအပ်သော အရည်အသွေးများ

ပါမောက္ခ ကာရင် ဂျေ ၀ါရင် (Professor Karen J. Warren) က အောက်ဖော်ပြပါ အရည်အသွးများ လိုအပ်သည်ဟု အကြံပေးပါသည်။
၁။ သံသယဖြင့် ရှုမြင်ခြင်းနှင့် ဘက်လိုက်မှု ကင်းခြင်း (Skepticism and Independence)
ကြားရတိုင်း ဖတ်ရတိုင်း မယုံပါနှင့်။ ကျွမ်းကျင်သူများပင် တစ်ခါတစ်ရံ မှားယွင်း တတ်သည်။
၂။ သဘောထားကြီးခြင်းနှင့် ပြောင်းလွယ် ပြင်လွယ်တတ်ခြင်း (Open-mindedness and flexibility)
ကွဲပြား ခြားနားသော အမြင်များကို ထည့်သွင်း စဉ်းစားခြင်းနှင့် အခြားသော ရှင်းပြခြင်းများကို လက်သင့်ခံခြင်း စသော အရည်အသွေးများ ရှိရမည်။ သင့် အမြင်နှင့် ကွဲပြား ခြားနားသော အမြင်များကို ငြင်းချက်ထုတ်ရန် ကြိုးစားခြင်းဖြင့် သင့် အမြင်တွင် ရှိနေသော အားနည်းချက်များနှင့် ကန့်သတ်ချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
၃။ တိကျခြင်းနှင့် စနစ်တကျဖြစ်ခြင်း (Accuracy and orderliness)
အကြောင်းအရာကို တိကျ နိုင်သမျှ တိကျအောင် ကြိုးပမ်းရမည်။ ပြဿနာ တစ်ခုလုံးကို တစ်စိတ်ချင်း၊ တစ်ပိုင်းချင်း စနစ်တကျ ဖြေရှင်းပါ။ သင် အသုံးပြုသော စံနှုန်းများကို စည်းကမ်း ချမှတ်ပါ။
၎။ မဆုတ်မနစ် ကြိုးပမ်းမှုနှင့် လျော်ကန် သင့်မြတ်မှု (Persistence and relevance)
အဓိက အချက်ကို ထိမိပါစေ။ လမ်းကြောင်း မလွဲပါစေနှင့်။ လမ်းကြောင်း လွဲနိုင်သော ပုဂ္ဂိုလ်ရေး ကိစ္စများကို ခွင့် မပေးပါနှင့်။ အချက်အလက်များက စိတ်ဝင်စားဖွယ်ရာ ကောင်းမည် သို့မဟုတ် မှန်ကန်မည် သို့သော် လျော်ကန် သင့်မြတ်မှု ရှိပါစေ။
၅။ ဆက်စပ် သိမြင်ခြင်းနှင့် စာနာကြည့်ခြင်း (Contextual sensitivity and Empathy)
အချက်အလက်များကို တန်ဖိုးဖြတ်ရာတွင် အခြေအနေ အားလုံး၊ လျော်ကန် သင့်မြတ်သော ဆက်စပ် သိမြင်ခြင်း၊ ခံစားသိခြင်း၊ ပညာ အရည်အသွေးနှင့် အခြားသူများ၏ အတွေ့အကြုံများကိုလည်း ထည့်သွင်း စဉ်းစားပါ။ အခြား တစ်စုံတစ်ယောက်၏ နေရာတွင် မိမိကိုယ်ကို ထား၍ မည်သို့ ခံစားရလိမ့်မည်ကို ခံစားကြည့်ပါ။
၆။ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် သတ္တိ (Decisiveness and courage)
အဖြေ ထုတ်ပါ။ သက်သေ ခိုင်လုံလျှင် တိတိကျကျ ရပ်တည်ပါ။ တစ်ခါတစ်ရံတွင် သင်သည် ပိုမို တိကျသော သတင်း အချက်အလက်နှင့် ပိုမို၍ ကြောင်းကျိုး ဆီလျော်သော အချက်အလက်များ ရယူလိုသော်လည်း အခြေအနေပေးသော နေရာသည်သာ လုပ်ဆောင်ရန် အတွက် အခြေခံ ဖြစ်နေလေ့ရှိသည်။ သတ္တိရှိပါ။
၇။ မိမိကိုယ်ကို နှိမ့်ချခြင်း (Humility)
သင် မှားနိုင်သည်ကို သတိပြုပါ။ အနာဂါတ်မှာ ပြန်လည် စဉ်းစားဖို့ တောင်းဆိုလာ နိုင်သည်။ အဆုံးစွန် မှတ်ချက်ချဖို့ သတိထားပါ။ တစ်နေ့နေ့မှာ သင် ကိုယ်တိုင် စိတ်ပြောင်းလဲရန် လိုလာမည်။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။

ဆန်းစစ်ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းတွင် ကျိုးကြောင်း ဆီလျော်မှု၊ အစီအစဉ် ကျနမှုနှင့် စနစ်တကျ ရှိမှုများ ပါဝင်သည့် အပြင် စာနာခြင်း၊ ခံစားသိခြင်း၊ သတ္တိရှိခြင်းနှင့် နှိမ့်ချခြင်း စသည့် လက္ခဏာများလည်း ဆောင်နေပါသည်။ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာတွင် သာမန် ကျိုးကြောင်း ဆီလျော်မှု (Simple logic) ထက် ပိုသော အချင်းအရာများ ရှိပါသည်။ လွယ်ကူသည်တော့ မဟုတ်ပါ။ အကြိမ်ကြိမ် လေ့ကျင့်ရပါမည်။ ပညာရှိ ဂုဏ်သိက္ခာ(Intellectual integrity)၊ ဣနြေ္ဒ သမ္ပတိ္တ (Modesty)၊ မျှတမှု (Fairness)၊ အကြင်နာ မေတ္တာ (Compassion) နှင့် ခံနိုင်ရည် ဇွဲသတ္တိ (Fortitude) အစရှိသော ဂုဏ်ရည်တို့သည် ချက်ချင်း မရရှိနိုင်ပါ။ သင်၏ စဉ်းစားတွေးခေါ်မှုကို အရည်အချင်းများ ပုံမှန် တည်ရှိနေစေရန် အစဉ်တစိုက် မွေးမြူရမည် ဖြစ်ပါသည်။

ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း လုပ်ဆောင်ပုံ (Applying Critical Thinking)

တီဗွီကြေငြာမှာ “ဒီမုန့်ကို စားကြည့်ပါ သိပ်အရသာရှိ သိပ်ကောင်း၏” လို့ မြင်လိုက် တွေ့လိုက်ပြီ ဆိုပါစို့။ သင် ယုံမှား သံသယ ဖြစ်ပေါ်လာလျှင် မေးခွန်းများ ထုတ်ကြည့်ပါ။ ကောင်းတယ် ဆိုတာဘာလဲ၊ ဘယ်သူ့ အတွက် ကောင်းတာလဲ၊ ဘာ ကောင်းတာလဲ၊  အရသာရှိတယ် ဆိုတာက ချို တာလား၊ ငန် တာလား၊  ဒီကြေညာက သင့်ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အပြင် သင့် စိတ်ကို နှိုးဆွပေးတဲ့ အခြားအကြောင်း ရှိသလား၊  ဤကဲ့သို့ မေးခွန်းတွေ ထုတ်လိုက်ရင် သင် သတိ မထားမိသော်လည်း ဆန်းစစ် ဝေဖန်လိုက်ခြင်း ဖြစ်ပါသည်။ ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်မှု လုပ်ဆောင်ရာတွင် ဖော်ပြပါ အကြောင်းအရာတို့သည် တစ်ဆင့်ပြီး တစ်ဆင့်လုပ်ရန် လိုပါသည်။

၁။ အကြောင်းပြချက်များနှင့် အဖြေများကို ဆွေးနွေးငြင်းခုံခြင်းဖြင့် အဓိပ္ပာယ်ဖော် ရမည်။ တန်ဖိုးဖြတ် ရမည်။
၂။ မသေချာ မရေရာမှုများ (Uncertainties)၊ မသဲမကွဲများ (Vagueness)၊ မပြတ်မသား မရေမရာ ဖြစ်ခြင်းများ (Equivocation) နှင့် ၀ိရောဓိ ဖြစ်ခြင်းများ (Contradiction) ကို အသိအမှတ် ပြုရမည်။ ရှင်းလင်းရမည်။
၃။ အမှန်တရား (facts) နှင့် တန်ဖိုး (value) ကို ခွဲခြားပါ။
၎။ မှန်းဆချက်များ (assumption) ချမှတ်ပါ။ အမှတ်ရပါ။
၅။ သတင်း အချက်အလက်များ ရရှိရာ နေရာ၏ ယုံကြည် စိတ်ချရမှု ရှိမရှိ ခွဲခြားပါ။
၆။ အယူအဆ အပေါ် အခြေတည်သော ဘောင်ခတ်မှု (Conceptual framework) ကို နားလည်ပါ။ အသိအမှတ် ပြုပါ။ (လူတစ်ဦး၊ အုပ်စု တစ်စု သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ အခြေခံ ယုံကြည် ကိုးကွယ်မှု၊ အယူအဆနှင့် တန်ဖိုးထားမှုတို့သည် သူ သို့မဟုတ် သူတို့၏ အမြင်ကို စိုးမိုး ခြယ်လှယ်သည်ကို သိမြင်ရန် ဖြစ်သည်။ ထိုအမြင်များကြောင့် မိမိနှင့် အယူအဆ ကွဲပြား ခြားနားနေလျှင် မည်သို့မည်ပ ဖြေရှင်းရမည်ကို စဉ်းစားရမည် ဖြစ်သည်။

ပတ်ဝန်းကျင် သိပ္ပံပညာရပ် (Environmental science) ကို လေ့လာရာတွင် ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်မှု၏ အရေးပါပုံကို ပိုမိုနားလည် နိုင်ပါသည်။ ဤ ပညာရပ်သည် အဆက်မပြတ် ပြောင်းလဲနေသော တစ်နည်းအားဖြင့် အသား မကျသေးသော ပညာရပ်ဖြစ်ခြင်းကြောင့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများတွင် ပါရှိသည့် အယူအဆ၊ သီဝရီနှင့် အချက်အလက် အားလုံးသည် မှန်ကန်ပြီးပြည့်စုံပြီဟု ပြောဆိုရန် မဖြစ်နိုင်ပါ။ အယူအဆများသည် ပတ်ဝန်းကျင် တစ်ခုလုံး၏ ပြည့်စုံသော ရုပ်ပုံလွှာတစ်ခု အဖြစ် ကိုယ်စား မပြုနိုင်ပါ။ အချက်အလက်များ မည်မျှပင် ပြည့်စုံကျယ်ပြန့်စေကာမူ အားလုံးကို သိရှိရန် ခြုံငုံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းပြချက် (Premises) များသည် မည်မျှပင် ခိုင်လုံစေကာမူ ၎င်းတို့မှ ဆွဲထုတ်လိုက်သော အဖြေ (Conclusion) မှန်ကန်ပြီဟု မဆိုနိုင်ပါ။

ညိုမောင်
Ref: Environmental Science by Cunningham (A Global Concern)
Read More »

စည်းကမ်း (ပညာရေးဝန်ကြီးဌာန)

ကာတွန်းတစ်ခုဖတ်ဖူးပါသည်။ ကောင်လေးက လေးတံကိုကိုင်လျက်။ သူကမိခင်၏ရင်ဝသို့ မြားနှင့်ပစ် ခဲ့သည်။ မြားသည် မိခင်ရင်ဝကို ထုတ်ချင်းဖေါက်သွားသည်။ သို့စဉ်လျက် မိခင်ကကြင်နာစွာဖြင့် သူ့သားဆိုးကို ပြောဖြစ်အောင်ပြောသည်။ "အမေစိတ်မဆိုးပါဖူးသားရယ်၊ အရမ်းအရမ်းနာသွားတာ တစ်ခုပါပဲ"

ကလေးငယ်၏ မိုက်မဲမှုနှင့် မိခင်မေတ္တာကိုပုံဆောင်ပြသော ကာတွန်းလေးတစ်ခုဖြစ်သည်။ ရှေးခေတ် လူကြီးသူမတွေက မိဘဆိုဆုံးမချက်အားလုံးမှန်သည်။ မိဘစကားကို သားသမီးတွေက ဘာမဆို မြေဝယ်မကျ နားထောင်ရမည်ဟု ဆိုသည်။
မိဘသည်အာဏာပိုင်။ မိဘစကားသည် တရား ဥပဒေ။ မိဘစီရင်ချက်ချရာ သားသမီးကငုံ့ခံရသည်။ ဤသံမဏိစည်းမျဉ်းကို ယနေ့ခေတ်မိဘအချို့က လက်ခံ ကျင့်သုံးဆဲ။ ဤသည်မှာ လုံးဝဥဿုံ မှားပါသည်။ လူငယ်တို့၏ လွတ်လပ်ခွင့်နှင့် ပျော်ရွှင်မှုကို လူကြီးတွေက ကန့်သတ်ချုပ်ချယ်ရာရောက်သည်။ ထိုအခါ လူငယ်ကလည်းငုံ့မခံ။ တော်လှန်ပုန်ကန် ၏။ သူ့ထံမှ လုယူသွားသော ပျော်ရွှင်မှုကိုပြန်လည်ရယူသည်။ "ကလေးငယ်၏ အလိုဆန္ဒကို ချိုးဖောက်သူ" အဖြစ် လူကြီးတွေကို မည်သူမျှ တရားမစွဲကြ။ ယနေ့ခေတ်ကျောင်းရှိ ပညာရေးသမား တွေကလည်း စည်းကမ်းပိုင်းကို သင်ပေးဖို့ အချိန်မရှိကြ။

စည်းကမ်းလိုအပ်မှု
ကလေးများအဖို့စည်းကမ်းတွေလိုသည်။ သူတို့လွတ်လပ်ခွင့်ကို ဘောင်သတ်မှတ်ပေးမှ သူတို့ဘဝတွေ ပိုလုံခြုံမည်။ သတ်မှတ်ထားသောစည်းမျဉ်းမှ ကျော်နင်း၍ မဖြစ်ကြောင်း သူတို့နားလည်အောင် ပြောထားရမည်။ အချို့အချက်အလက်တွေ ခွင့်ပြုနိုင်သကဲ့သို့ အချို့အချက်ကို လုံးဝခွင့်မပြုနိုင် ကြောင်း၊ အချို့အချက်တွေကိုလုပ်နိုင်၊ အချို့ကိုတော့ မလုပ်နိုင်ကြောင်း၊ အချို့ကားမှားပြီး အချို့ကား မှန်ကြောင်း သဘောပေါက်အောင် ပြောထားရမည်။

ကလေးသည် သုံးနှစ်သားအရွယ်တွင် သူ့ဖာသာသူ ကိုယ့်အားကိုယ်ကိုးသည့် အလုပ်တွေကို လုပ်လာ မည်။ သူလိုချင်တာကို စကားပြောပြီး တောင်းဖို့ သင်ယူတတ်မြောက်လာမည်။ သူ၏ အလိုဆန္ဒတွေက လည်း များလာမည်။ ထို့ကြောင့် မိဘနှင့်သူ၏ ပဋိပက္ခတွေလည်းပွားလာ၏ အသက် (၂) နှစ်မှ (၅) နှစ် အရွယ်ကလေးသည် မိဘစကားကို နားမထောင်သည်မှာ သဘာဝကျ၏။ သူ၏ယုံကြည်စိတ်နှင့် သိန္နိဋ္ဌာန်တို့ တိုးပွားလာ၍ဖြစ်၏။ စည်းစနစ်အတိအကျ ကြိုက်သောမိဘများအဖို့ စိတ်မသက်မသာ ဖြစ်စရာ ဖြစ်ချင်ဖြစ်မည်။ မိဘများအနေနှင့် မိမိတို့သြဇာလည်း မထိခိုက်အောင်၊ ကလေးစိတ်အနာ တရလည်း မဖြစ်အောင် ဂရုတစိုက်ထိန်းသိမ်း ပြုပြင်ပေးသင့်သည်။

စည်းကမ်းအခြေခံ
စည်းကမ်းအခြေခံဆိုတာဘာလဲ။ ကလေးကမိဘစကားနားထောင်တာ၊ နားမထောင်တာ ဘာဖြစ်လို့ လဲ။ ကလေးက မိမိပြောသလို မနာခံတာဘာကြောင့်လဲ။ ကြောက်လို့လား။ တခြားအကြောင်းရှိသေး သလား။ စည်းကမ်းဆိုတာ အပြစ်ပေးမှုနဲ့ ချုပ်ကိုင်ထားလို့ရသလား။

အပြစ်ပေးမှာကြောက်၍ စည်းကမ်းမဖောက်ဖူးဆိုတာ တကယ်တော့ မဟုတ်ပါ။ မိဘကိုချစ်လို့ စည်းကမ်း မဖောက်ဖူးဆိုတာ ဖြစ်အောင်လုပ်ပါ။ စည်းကမ်း၏ အဓိကအားမှာ မိဘနှင့်ကလေး ဆက်ဆံရေးပေါ်တွင် မူတည်ပါသည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိဖို့သာ အရေးကြီး၏။ မိဘမေတ္တာ ကို ခံယူတတ်မှုရှိရန် လို၏။ မိဘကိုချစ်၍ မိဘမကြိုက်တာကို ရှောင်သောအဖြစ်မျိုးမှာ ပို၍သဘာဝကျ ၏။

လူကြီးတွေ၊ အရွယ်ရောက်သူတွေဆောင်ရန်၊ ရှောင့်ရန်စည်းမျဉ်းမျိုးတွေနှင့် ကလေးကိုသွားကိုင်၍ မရပါ။

မိဘ၏ အဆင့်
ကလေးတို့သည် မိဘများကို စံနမူနာယူတတ်သည်ကို သတိပြုပါ။ မိဘတွေလုပ်ပုံကိုင်ပုံကို သူတို့ သေသေချာချာ စောင့်ကြည့်တတ်၏။ ထို့နောက် မသိစိတ်က တုပတတ်၏။

မိဘ၏အဆင့်အတန်းနှင့်တန်ဖိုးကို ကလေးက လက်ခံတတ်၏။ ဒါတွေက မှန်တယ်ဟု လက်ခံကာ သူကစံနမူနာယူသည်။ ကြာလျှင်တော့ ဒါတွေကို သူစွန့်ပယ်ချင် စွန့်ပယ်မည်။ ကလေးပေါက်စဘဝ တွင်တော့သူက ဘာတစ်ခုမှ ငြင်းချက်မထုတ်ဘဲ မိဘပုံစံကို အတင်းလိုက်တုမည်သာ ဖြစ်၏။ မိဘက မိမိတို့ကလေးကို မိမိကိုဘာဖြစ်စေချင်သလဲ။ မိမိဖြစ်စေချင်တာကို မိဘများကစ၍ လုပ်ပြရမည်။ ဤအချက်မှာ အရေးကြီး၏။ ကိုယ်ပြောတာလုပ်၊ ကိုယ်လုပ်တာမလုပ်နဲ့ဟူသော မိဘမျိုးကိုသားသမီး တို့ကအထင်မကြီးတတ်ပါ။ ပြောသလိုလုပ်ပြတတ်သူများကိုသာ ကလေးတွေက သဘောကျ၏။

ကလေးတစ်ယောက်က ဧည့်သည်တွေရှေ့မှာ ဆဲရေးတိုင်းထွာလိုက်၏။ ဒါကိုမိခင်ကရှက်သွားပြီး "ဒီကလေး ဒါမျိုးတွေ ဘယ်ကတတ်လာပါလိမ့်" ဟုဆူသည်။ ကလေးက "အဖေ့ဆီကတတ်တာ" ဟု ပြန်ပက်သည်။ မိခင်လုပ်သူက "အဖေကအဖေပဲ" ဒေါသနှင့်ပြန်ပြောသည်။ ကလေးက "ကျမကလဲ ကျမပဲ" ဟု ပြန်ဆိုတော့ အားလုံးအရှက်ကွဲသွားဖူးသည်။ မှန်ပါသည်။ ကလေးမဆဲစေလိုလျှင် မိဘတွေကလည်း မဆဲနှင့်။ ကလေးယဉ်ကျေးစေချင်လျှင် မိဘတွေက အရင်ယဉ်ကျေးပြကြ။
ရိုက်မည်နှက်မည်ခြိမ်းခြောက်၍ကား လိမ္မာရေးခြားသည့်ကလေး ဖြစ်လာမည်မဟုတ်။ ရိုက်မှာ ကြောက်၍သာ ရှေ့တွင်ကုပ်နေမည်။ ကွယ်ရာတွင် ယခင်အချိုးအတိုင်းသာ ပြန်ချိုးမည်။ မလုပ်သင့် တာတွေကိုနားလည်အောင်ရှင်းပြမှသာ ကလေးစိတ်ထဲစွဲနေမည်။

ရိုက်နှက် အပြစ်ပေးခြင်း
စည်းကမ်းဆိုတာ အပြစ်ပေးမှဟု ထင်နေကြ၏။ စိတ်ပညာရှင်များ၏ အလိုအရ "ရိုက်နှက်အပြစ်ပေးမှု မလိုအပ်" ဟုဆိုသည်။
ခွေးတို့၊ မြင်းတို့လို ကလေးငယ်သည်လည်း အရိုက်ခံရလျှင် ခဏသာ။ နောက်ပြီးလုပ်ချင်တာ ဆက်လုပ်တတ်ကြ၏။ ကြာလာလျှင် အရိုက်ခံရဖန်များသော ကလေးသည် ခပ်ထုံထုံ ခပ်ထိုင်းထိုင်း လေး ဖြစ်လာတတ်သည်။ မပျော်ရွှင်သော လူကြီးတစ်ယောက် ဖြစ်လာတတ်၏။ လူတွေကို မကျေနပ်။ လောကကြီးကို ရွံမုန်းသောသူ ဖြစ်လာမည်။ အရာရာကို ဆန့်ကျင်သော မကောင်းမြင်ဝါဒီတွေ ဖြစ်လာ မည်။

ကလေးကိုချောက်တာထက် ချီးကျူးတာ ပိုထိရောက်၏။ ကလေးတွေကို ကျောသပ်ရင်သပ်လုပ်ပေးဖို့ လိုသည်။ ချီးကျူးတာနှင့် မေတ္တာတရားက ရိုက်မောင်းပုတ်မောင်းလုပ်တာထက် ပိုအကျိုးရှိ၏။ ချီးကျူး လို့ ချစ်ခင်လို့၊ ဒုက္ခရောက်တာ မရှိနိုင်ပါ။

ဒုတ်အားကိုး၊ ကြိမ်လုံးအားကိုး၊ ချိမ်းခြောက်တာအားကိုးသော မိဘများအဖို့ မိမိတို့သည် ကလေး တွေနှင့်ဝေးသည်ထက် ဝေးလာပြီဟုသာ မှတ်ယူကြရမည်။ ဒါမျိုးတွေအားကိုးလို့တော့ဖြင့် လူလိမ္မာ လေးတွေ ဖြစ်မလာနိုင်ပါ။

စည်းကမ်းအချက်အလက်များ
အပြစ်မပေးမဖြစ်၍ အပြစ်ပေးရာတွင် "တရားမျှတမှု" ရှိရန် အရေးကြီး၏။ ဒီကလေးက "စုန်းပြူး" လေးပဲဆိုကာ အမြဲအပြစ်မမြင်သင့်။ ဒါဆိုလျှင် တခြားကလေးတွေက သူ့အပေါ်သာ အပြစ်ပုံချကြ မည်။ အမြဲအပြစ်တင်ခံနေရသော ကလေးကလည်း ငါတော့ဘယ်တော့မှ အကောင်းပြောခံရမှာ မဟုတ်ပါဘူးဆိုကာ ပိုဆိုးလာတတ်သည်။ ဘာဖြစ်တာလဲဆိုတာ အချိန်ယူ စုံစမ်းပြီးမှ အပြစ်ပေးတန် ပေးရမည်။  ဒေါသစိတ်မွှန်ကာ ကလေးတွေကို မစူးမစမ်း မဆင်မခြင် အပြစ်မတင်ရ။

"ပြစ်မှုနှင့် ပြစ်ဒဏ်မှန်ကန်ရန်" လည်းအရေးကြီး၏။ ကလေးကိုလည်း သူလုပ်ခဲ့သောအပြစ်ကိုသူသိရန် စိတ်ရှည် လက်ရှည်ရှင်းပြရမည်။ သူတို့ကို အကျိုးနှင့်အကြောင်းနှင့်ရှင်းပြတာကို ကလေးတွေက ကြိုက်သည်။ အပြစ်ပေးလျှင်လည်း ချက်ခြင်းအပြစ်ပေးတာက ကောင်းသည်။ ကြာမှအပြစ်ပေးလျှင် ကလေးက သူဘာကျူးလွန်ခဲ့သည်ကိုပင် သိတော့မည်မဟုတ်။ "နင့်အဖေညဘက် အိမ်ပြန်လာမှတိုင်ဦးမယ်၊ အဲဒီ တော့မှနင်သေပေတော့" ဆိုကာ အဖေအိမ်ပြန်လာသည်အထိ မစောင့်ပါနှင့်။ ကလေးအဖို့ အဖေ မလာမချင်း တစ်နေကုန်ကြောက်ရွံ့စိုးရိမ်နေရမည်မှာ မတရားပါ။ အမေပြောတာတစ်ခုထဲနှင့် အဖေက ဘုမသိဘမသိ ကလေးကိုထရိုက်တာမျိုးကလည်း သဘာဝမကျပါ။ အမေနှင့်အဖေအုပ်စုဖွဲ့ပြီးငါ့ကို သက်သက်နှိပ်စက်နေတာပဲဟု ကလေးက ခံစားမိလျှင် မကောင်းပါ။

မိမိ၏ဆုံးဖြတ်ချက်ကိုလည်း မိဘများက မပြင်ပါနှင့်။ အပြစ်ပေးရမည်ဟု ပြောထားပြီးသော ကလေးကို အပြစ်သာပေးပါ။ နောက်မှ စိတ်ပြောင်းသွားပြီး အပြစ်မပေးဘဲ နေလိုက်လျှင် ကလေးကကြာလျှင် မကြောက်ချင်တော့။ စစ်ပွဲမှာတစ်ခါနိုင်ဖူးသော ကလေးသည်နောက်လည်းနိုင်ချင်လာမည်။ နောက် တစ်ခါအပြစ်ပေးလျှင်သူ့မှာ အပြစ်ရှိကြောင်းသိပါလျက် ကလေးက မတရားအပြစ်ပေးခံရသည်ဟု ထင်သွားတတ်ပါသည်။

အပြစ်ဒဏ်ကကြီးလွန်းလျှင်လည်းကောင်း၊ အပြစ်မရှိသူကိုမှားပြီး အပြစ်ပေးမိလျှင်လည်းကောင်း၊ မိဘများက ကလေးကို ပြန်တောင်းပန်ရမည်။ ဒါကိုလည်း မရှက်ပါနှင့်။

ဘာကိုလုပ်လျှင် အပြစ်ပေးမယ်။ ဘယ်လောက်အထိအပြစ်ပေးမယ်။ ဆိုတာတွေကိုလည်း ကလေး တွေကိုရှင်းပြထားစေလိုပါသည်။ အသေးအဖွဲတစ်ခုလုပ်မိ၍ တနင်္လာနေ့တွင် အကြီးအကျယ် အရိုက်ခံ ရပြီး၊ ကြီးကြီးကျယ်ကျယ် အပြစ်လုပ်ခဲ့သော်လည်း အင်္ဂါနေ့တွင် မိဘကခွင့်လွှတ်တာမျိုး မဖြစ်စေလို ပါ။ မိဘကစိတ်ကောင်းဝင်နေလျှင် ဘာလုပ်လုပ်တပြုံးပြုံးနှင့် ခွင့်လွှတ်နေတတ်ပြီး၊ စိတ်မကောင်းချိန် တွင် အသေးအဖွဲကအစ ကျွဲရိုက်နွားရိုက်တာမျိုးသည် မမှန်ကန်လှပါ။

အဖေကစည်းကမ်းကြီးပြီး အမေကလျှော့ရဲလျှင်လည်း မကောင်းလှပါ။ မိခင်က ဖုံးဖုံးဖိဖိလုပ်ပြီး ကလေးဘက်မှကာပေး၊ ညာပေးတာလည်း မရှိသင့်ပါ။ အဖေကဆူစရာရှိ၍ဆူနေတာမျိုးကို အမေက ဝင်မစွက်သင့်။ ကလေးဘက်မှ ရှေ့နေမလိုက်သင့်။ အဖေနှင့်အမေသည် ကလေးကွယ်ရာတွင် ညှိနှိုင်း ဆွေးနွေးပြီး တစ်ဦးနှင့်တစ်ဦး ဝင်မစွက်ကြရေးကို တိုင်ပင်သင့်သည်။ မိခင်လုပ်သူ၏ ကလေးကို အလိုလိုက်မှုတွေ ပိုနေတာကို ဖခင်က ကလေးကွယ်ရာတွင်ပြောရမည်။ ဖခင်၏ ထိန်းချုပ်မှုကြပ်တည်း ကြောင်းကိုလည်း မိခင်လုပ်သူက ကလေးကွယ်ရာတွင် ညှိသင့်သည်။

အချုပ်ဆိုရလျှင် ကလေးသည် စည်းကမ်းလို၏။ စည်းကမ်းပုံစံသည် သိပ်အရေးမကြီး။ စည်းကမ်းပေးပုံ အမူအရာသည် ပို၍အရေးကြီး၏။ အရေးကြီးတကာ့အရေးကြီးဆုံးမှာ စည်းကမ်းထုတ်သူ မိဘနှင့် စည်းကမ်းလိုက်နာမည့် ကလေးတို့၏ ဆက်ဆံရေးသာ ဖြစ်သည်။

ကလေး၏ပထမငါးနှစ်
ပညာရေးဝန်ကြီးဌာနမှ ပြုစုသည်

Credit: http://www.maukkha.org
Read More »