မြန်မာအတွက် ပထဝီနိုင်ငံရေးကစားပွဲ တစ်ရပ် ဖြစ်လာမယ့် တရုတ်-မြန်မာရေနံဓါတ်ငွေ့ ပိုက်လိုင်း



အခုလာမယ့် မေလမှာဆို အရေးကြီးတဲ့ကိစ္စတစ်ခုဟာ တရုတ်ပြည်ရဲ့ ပထဝီဝင်အနေအထားကို ထူးခြားမှုတစ်ခုခု
ဖြစ်စေပါတော့မယ်။ ကမ္ဘာ့ တိုက်ကြီးတစ်ခုစာပမာဏရှိတဲ့
တရုတ်ပြည်ဟာ ၎င်းရဲ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံ
အရှေ့ပိုင်း ကမ်းရိုးတန်းမြို့တွေမှာ အခြေစိုက် ဖေါ်ဆောင် လာခဲ့ရာမှ နိုင်ငံရဲ့ မြောက်ဘက်ကို အခြေချပါတော့မယ်။
အရှည်အားဖြင့် ကီလိုမီတာ ၈၀၀ ရှည်တဲ့ တရုတ်-မြန်မာ
ရေနံနဲ့ ဓါတ်ငွေ့ ပိုက် လိုင်းဟာ တရုတ်ပြည်ရဲ့ အနောက်
ဘက်ပိုင်း ယူနန်ပြည်နယ် မြို့ တော်ကူမင်းကို မြန်မာမှတဆင့် ဘင်္ဂလားပင်လယ်အော်အထိ သွယ် တန်းကာ တည်ရှိ လာတော့မယ်ဖြစ်ပါတယ်။ နောက်နှစ်ဆိုရင်တော့ ဓါတ်ငွေ့  ပိုက်လိုင်းအပြင် ရေနံပိုက်လိုင်းကလည်း အဲဒီလမ်းကြောင်း
အတိုင်း စတင်ဖွင့်လှစ်ပြီး ရေနံတွေ ပို့ လွှတ်ပါတော့မယ်။ ပိုက်လိုင်းတွေနဲ့အတူ ကားလမ်းနဲ့ ရထားလမ်းတွေကလည်း လိုက်လာပါတော့မယ်။

တရုတ်ဟာ ပထဝီအနေအထားအရ အမေရိကန်လို
တစ်ဖက်စီမှာ ပစိဖိတ်နဲ့ အတ္တလန်တိတ် သမုဒ္ဒရာတွေ
တည်ရှိနေပြီး ပင်လယ်ထွက် ပေါက် အတွက် ပူစရာမရှိတဲ့
အနေအထားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ တရုတ်ဟာ နောက်ထပ်အကောင်းဆုံးတစ်ခုလို့ ဆိုရမယ့် ပင်လယ်ထွက်ပေါက်တစ်ခုကို မြန်မာထံမှ ရရှိတော့မှာ
ဖြစ်ပါတယ်။ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်ပြီး မြန်မာ
အစိုးရရဲ့ အကြံပေးတစ်ဦးလည်း ဖြစ်သူ ဦးသန့်မြင့်ဦး
ကတော့ “တရုတ်မှာ ချို့တဲ့နေတာကတော့ သူ့ကိုယ်ပိုင် ကာလီဖိုးနီးယားပဲ ဖြစ်ပါတယ်။ အဲဒါက နောက်ထပ်
ပင်လယ် ကမ်းရိုးတန်း တစ်ခုဖြစ်ပြီး ဟိုးအတွင်းပိုင်းက
ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်တွေဆီကို ကုန်စည်ဆက်သွယ်
ပို့ဆောင်နိုင်ဖို့ ပါ” လို့ ပြောပါတယ်။

မြန်မာရဲ့ ပထဝီနိုင်ငံရေးအရ ထူးခြားစွာတည်ရှိမှုကို
၎င်း၏ Where China Meet India စာအုပ်တွင် ရေး
သားဖေါ်ပြခဲ့သော ဦးသန့် မြင့်ဦးက တရုတ်-မြန်မာ
ရေနံ၊ဓါတ်ငွေ့ ပိုက်လိုင်းဟာ ပေကျင်းရဲ့ “ပင်လယ်နှစ်ခု
ပေါ်လစီ” မှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။ ထို့
အတူပင် သြဇာကြီးမားတဲ့ ပညာရှင်၊ စာရေးဆရာ ရောဘတ်
ကတ်ပလန်က ကမ္ဘာကြီးရဲ့ တတိယအကြီးဆုံးရေပြင်ဖြစ်သော
အိန္ဒိယ သမုဒ္ဒရာ တွင် တည်ရှိရေးတရုတ် တို့ စွမ်းဆောင်မှသာ ယင်းအချက်က တရုတ်တို့ ကမ္ဘာ့အင်အားကြီး စစ်အင်အား
နိုင်ငံဖြစ်လာမည်လား၊ သို့မဟုတ် ပစိဖိတ်သမုဒ္ဒရာနဲ့သာ ထိတွေ့ နေရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ အဆင့်ဖြင့်သာ ရှိနေမလားဆိုတာကို ဆုံးဖြတ်လိမ့်မယ်လို့ ပြောထား ပါတယ်။ ကတ်ပလန်က ၎င်းရဲ့ခန့်မှန်းမှုကို နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီး
Foreign Affairs မှာ စိတ်ဝင်စားစရာ ဆောင်းပါးအမည်
နှစ်ဆယ့်တစ် ရာစုအတွက် ဗဟိုချက်နေရာ-အိန္ဒိယသမုဒ္ဒရာ
ထဲမှာ ကစားရမယ့်ပါဝါ "Center Stage for the 21st Century:
Power Plays in the Indian Ocean " ဖြင့်ရေးသားခဲ့ခြင်း
ဖြစ်ပါတယ်။


နှစ်ပေါင်းများစွာ ကြာအောင်ပဲ အနောက်တိုင်းဟာ မြန်မာကို လူ့အခွင့်အရေး၊ဒီမိုကရေစီ ရှုထောင့်များကသာ ကြည့်ခဲ့တာ ပါ။ဒီဇာတ်လမ်းထဲမှာ အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်
စနစ်ကနေ တိုင်းပြည်ကို ကယ်တင်ဖို့ ရုန်းကန်နေခဲ့တာ ပါဝင်
ခဲ့ပါတယ်။ ဒါကလည်း လူဦးရေ သန်း ခြောက်ဆယ် ပမာဏရှိတဲ့
မြန်မာပြည်အတွက် အထူးအရေးကြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။
ဒါပေမယ့် ဒီလိုကိစ္စကြီးက နောက်ထပ်အရေးပါတဲ့ အချက်တစ်
ချက်ဖြစ်တဲ့ အာရှရဲ့ မဟာဗျူဟာအမြောက်ဆုံး နိုင်ငံတွေထဲက
တစ်ခုကို အလုအယက် ဖြစ်နေကြတဲ့ပွဲကြီးကို အမြင်မှုန်ဝါးအောင် လုပ်ထားပါတော့တယ်။

တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ပေးထားတဲ့
ဒီပိုက်လိုင်းဟာ ဘယ်လို ဖြစ်ပေါ်လာခဲ့သလဲ ဆိုတာ
သတိရသင့်ပါတယ်။ ၁၉၉၀နှစ် များ အတွင်းမှာပဲ မြန်မာဟာ
ပြင်သစ်တိုတယ် ရေနံကုမ္ပဏီက တည်ဆောက်ပေးတဲ့ ပိုက်လိုင်း
ကတဆင့် ထိုင်းဆီကို ၎င်းရဲ့ကမ်းလွန်ဓါတ်ငွေ့ တွေကို စတင်
ပေးပို့ခဲ့ပါတယ်။ အဲဒီတုန်းက အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ 
တရုတ်တို့ဟာ နောက်ထပ် ပိုကြီးတဲ့ လုပ်ကွက်တစ်ခုကိုလည်း
ထပ်ရ ခဲ့ပါသေးတယ်။ ၂၀၀၆ မှာတော့ ပေကျင်းဟာ ကုလ လုံခြုံရေးကောင်စီမှာ မြန်မာရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု
တွေကို ရှုတ်ချကြောင်း ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံး
ပယ်ချခဲ့ပါတယ်။ ဒီနောက် အချိန်တိုလေးအတွင်းမှာပဲ ယူနန်ပိုက်လိုင်းစာချုပ်ကို တရုတ်တို့ ရရှိသွားပါတော့တယ်။
အခုလို အိန္ဒိယသမုဒ္ဒရာဆီ မြန်မာကို ဖြတ်လို့ လမ်းပေါက်သွား
တာဟာ အခုရာထူးကအနားယူတော့မယ် သမ္မတ ဟူကျင်တောင်
ပြောတဲ့ “တရုတ်ရဲ့  မာလက္ကာရေလက်ကြား ပြဿနာ” ကို
ဖြေရှင်းဖို့ စတင်နိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်။ တရုတ်ဟာ ၎င်းတင်သွင်းသမျှ ရေနံ စုစု ပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အခု
အချိန်ထိ အမေရိကန်ရေတပ်က ထိန်းချုပ်နိုင်စွမ်းရှိတဲ့ မလေး
ရှားနဲ့ ဆူမတြားကျွန်းတို့ကြားက ကျဉ်းမြောင်းတဲ့ အဲဒီ ရေလက်
ကြားလေးကို အသုံးပြုနေရတာပါ ။ဒါ့ကြောင့် သူ့အတွက်
အန္တရာယ်ရှိတဲ့ ဒီလမ်းကြောင်းလေးကို ရှောင်လွှဲချင်နေတာ
သဘာဝ ကျပါတယ်။ အခု မြန်မာကဖြတ်မယ့် ပိုက်လိုင်းသစ်
ကတော့ တရုတ်တို့ အရှေ့အလယ်ပိုင်းက သင်္ဘောနဲ့ သယ်လာတဲ့
ရေနံတွေကို ရခိုင်ကမ်း လွန်ကနေ မြန်မာကိုဖြတ်ပြီး ပို့မှာဖြစ်လို့ မာလက္ကာရေလက်ကြားကို မှီခိုရမှုမှာ သုံးပုံတစ်ပုံလောက်
လျော့ကျသွားမှာ ဖြစ်ပါတယ်။ မြန်မာကပို့ မယ့် ဓါတ်ငွေ့ပိုက်လိုင်းဟာ တစ်နှစ်ကို ကုဗမီတာ ၁၂ ဘီလီယံ ပို့နိုင်ပြီး ဒါဟာ တရုတ်ပြည်အနေနဲ့ တင်သွင်းနေသမျှ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းအထိ ရှိနေတာပါ။

မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကလည်း ဆက်ရှိနေ
ပါဦးမယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံသား သန်းချီပြီး
ပြောင်းရွှေ့ဝင်ရောက်လာခဲ့ ပြီး နိုင်ငံရဲ့ဒုတိယမြို့တော်
မန္တလေးဟာ ဆိုရင်လည်း တရုတ်မြို့လို့ လူတွေခံစားနေ
ကြရတယ်။ ဝ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ကြတဲ့
နယ်ဟာ တရုတ်နဲ့ ကပ်လျက်ရှိနေပြီး မြန်မာဘက်က သွားရင်
တော့ စစ်တပ်ကင်းစခန်းတွေကနေသာ ဖြတ်သွားနိုင်မှာ
ဖြစ်တယ်။ ဒါပေမဲ့ တရုတ် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံထဲ
နှစ်ပါင်းများစွာကြာအောင် ဝင်လာခဲ့တာမို့  အခုဆို သတ္တုတွင်း
တွေနဲ့ ဆည်မြောင်းတွေ တည်ဆောက် ရေး လုပ်ငန်းတွေမှာ
ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားနေပြီးပါပြီ။ ဒါ့ကြောင့် မြန်မာမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ သိပ်ကြီး နေတာကို
၂၀၁၀ တုန်းက အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦး
ဖြစ်တဲ့ ဂျင်မ်ဝက်ဘ်က တချိန်က ဗြိတိသျှ အိန္ဒိယပြည်ရဲ့
တစ်စိတ် တစ်ပိုင်းဖြစ်ခဲ့တဲ့ မြန်မာဟာ “တရုတ်ရဲ့ ပြည်နယ်တစ်ခု
ဖြစ်ဖို့ အန္တရာယ် ရှိလာနေပြီ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာမှာ တရုတ်လွှမ်းမိုးမှုကို ကြောက်တဲ့ အကြောက်တရားတွေဟာ ဗိုလ်ချုပ်ကြီးတွေနဲ့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရတို့ကို အပေးအယူလုပ် ညှိနှိုင်းမှုတွေ ရအောင် ပြုလုပ်ပေးလိုက်တာပါပဲ။ မြန်မာရဲ့ ၂၀၁၁ မှာ အစိုးရသစ်တက်လာပြီး အပြောင်းအလဲအတွက် လမ်း ဖွင့်ပေးလာတာတွေဟာ အာရှကို ဦးတည်ချဉ်းကပ်လာနေတဲ့
အမေရီကန်ရဲ့ အလှည့်အပြောင်းနဲ့ လာတိုက်ဆိုင်နေပါတယ်။
ဒီအချက်က ရုတ်တရက် အောင်မြင်မှု ရသွားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေထက် ပထဝီနိုင်ငံရေးအရ စဉ်းစားမှုတွေက ပိုပြီးအဆုံးအဖြတ်ကျနေတာကို ပြ သနေတာလည်း ဖြစ်
ကောင်းဖြစ်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေရဲ့ ပထမဆုံးသော အချက်ပြမှုကတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး လိုက်တာမဟုတ်ပါဘူး။ တန်ဖိုးငွေ ဒေါ်လာ ၃ ဒဿမ ၆
ဘီလီယံရှိတဲ့ တရုတ်တို့ ဆောက်လုပ်နေတဲ့ မြစ်ဆုံဆည်
ကြီးကို ရပ်ဆိုင်းခိုင်းလိုက် ခြင်းပါပဲ။

အဲဒီကစလို့  မြန်မာကို ယှဉ်ပြိုင်လွန်ဆွဲလုရတဲ့ ပွဲကြီးဟာ စတင်လာခဲ့ပါတော့တယ်။ အမေရိကန်နဲ့ ဥရောပတို့ဟာ လက်ရှိအချိန်ထိတော့ မြန်မာ မှာ ထောက်ပံ့ရေးအေဂျင်စီ
တွေ၊ အဖွဲ့ အစည်းပေါင်းစုံတွေကတဆဆင့်သာ ဝင်ရောက်
နေပါတယ်။ ဒီကာလအတွင်း ဆန်ရှင်တွေလုပ် ပြီး မြန်မာကို ပိတ်ဆို့ထားတဲ့အချိန်တွေ အတွင်းကတောင် တစ်ခါမှထွက်
မသွားဖူးတဲ့ ဂျပန်ဟာ ကြွေးမြီ ဒေါ်လာ ခြောက်ဘီလီယံခန့်ကို
လျှော်ပစ်ကာ မြန်မာနဲ့ ထိတွေ့ဆက်သွယ်မှုတွေ လျင်လျင်
မြန်မြန် ပြန်လုပ်လာနေပါတော့တယ်။ ဒါဟာ ပြည်တွင်းမှာ
ဂျပန်အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်တော့မယ်ဆိုတဲ့
သဘောကို ပြသနေတာပါ။ ဒါ့အပြင် ဒီတစ်ပတ် အတွင်းမှာပဲ ပါရီကလပ်ကနေ မြန်မာကို ကြွေးမြီတွေ လျှော်ပစ်ဖို့နဲ့
နောက်ထပ် ငွေစီးကြောင်းအသစ်တွေဝင်လာဖို့ လမ်း
ဖေါက်ပေးတာတွေ ဖြစ်လာခဲ့ပါပြီ။ အခုအချိန်မှာ ဘယ် အနောက်နိုင်ငံကမှရော၊ ဂျပန် ကပါ ရင်းနှီးမြုပ်နှံမှု ကြီးကြီး
မားမားတွေကို အသစ်စတင်လုပ်ဆောင်ဖို့ မရှိသေးပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံဖို့
ကိုတော့ စိတ်ဝင်စားမှုတွေ ရရှိနေပါတယ်။

သံတမန်ရေး အဝန်းအဝိုင်းမှာလည်း အမေရိကန်ဟာ
မြန်မာကို ၎င်းရဲ့ အရှေ့တောင်အာရှ ကော်ဘရာဂိုးလ်မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ် ထားပါတယ်။ ဒီလိုဖြစ်စဉ်
တွေထဲမှာ တရုတ်ကတော့ နောက်ကျကျန်နေပါတယ်။
နေပြည်တော်ဟာ ပြည်တွင်းမှာ အကြီးမားဆုံး ကြေးနီမိုင်း
ဖြစ်တဲ့ လက်ပတောင်းတောင် စီမံကိန်းတည်ဆောက်မှု
နောက်ကွယ်က မြေယာသိမ်းယူမှုတွေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို ကော်မရှင်ဖွဲ့ စုံစမ်းနေပြီး မကြာမီက
တရုတ်နယ်စပ်မှာ ကချင်တပ်တွေကို ဗုံးကြဲတိုက်ခိုက်ရင်း
တရုတ်နယ်စပ်ထဲ အမြောက်ဆံတွေ ကျရောက်စေကာ
စိတ် အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့  လက်ရှိဖြစ်ပေါ်မှု အခင်းအကျင်းများကို သုံးသပ်ရရင် နေပြည်တော်ဟာ တရုတ်ကို စွန့်လွှတ်ပစ်
လိုက်မှာတော့ မဟုတ်သေးပါ ဘူး။ အခြေအနေက အရှေ့
ကို လွှင့်ပစ်ပြီး အနောက်ကိုဖက်တွယ်လိုက်ဖို့ကလည်း
အများကြီး ဖြစ်နိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်လို
ခေါင်းဆောင်တစ်ဦးကတောင်မှ အခုအနေအထားကို မဟာဗျူဟာကျကျ ကောင်းကောင်းကြီး သိထားနေပါတယ်။
သူမက “တရုတ်ဟာ မြန် မာနဲ့ ကပ်လျက်မှာရှိနေပြီး အမေရိ
ကန်ကတော့ ခပ်လှမ်းလှမ်းမှာ ရှိနေတယ်ဆိုတာကို မေ့ပစ်
လို့ မရပါဘူး”လို့ ပြောထားတာပါ ။တကယ်လို့ သူမသာ သမ္မတဖြစ်လာခဲ့ရင်တော့ သူမဟာ အမေရိကန်နဲ့ တရုတ် ကြားက မြန်မာရဲ့အနေအထားကို ပထဝီနိုင်ငံရေးကစားပွဲ
တစ်ခုအဖြစ်ရော၊ ဒီမိုကရေစီရေး ကစားပွဲတစ်ခုအဖြစ်ပါ
ဘယ်လို ကစားသွားမလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုသွင်

Ref: David Pilling, Pipeline marks scramble for Myanmar. Fanicial Times,30 th Janaury.

မူရင်းဆောင်းပါးရှင် ဒေးဗစ်ပေးလင်းသည် Financial Times သတင်းစာ၏ အာရှအယ်ဒီတာဖြစ်ကာ ၎င်း၏ ပင်တိုင်ကဏ္ဍတွင် စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။
Read More »

လိမ်ပြောမပြော အလွယ်တကူ အကဲခတ်နည်း



လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါတယ်။ ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။

1. Eye contact
...

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်တဲ့ အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။

2. Forced smile

Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။ အရမ်း ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်ဆိုရင် Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အေင်ကို အမူအရာ ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါမှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။

3. Head & Eye direction

ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊ တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို ကြည့်ရှုပါတယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် အမှန်အတိုင်းပြောနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ တစ်ခုခု ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an upward directoin). ဒါကြောင့် ဒါက လိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသော အားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ ထုတ်ယူထားခြင်း ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် လိမ်ပြော မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြားသော Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။
--
Ref:ezinearticles.com
--
http://www.innewsmyanmar.com/2012/12/blog-post_9971.html
Read More »

ပြည်ထောင်စုနေ့အမီ သိက္ခာပြန်ဆယ်နိုင်ပါ့မလား





ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ

စစ်အစိုးရလက်ထက်မှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ထက် တပ်မတော်နေ့ကိုသာ လူငယ်များ ပိုသိကြတယ်။ လွတ်လပ်ရေးမှာ ပြည်သူတွေ မပျော်နိုင်ခဲ့တာ ကြာပြီ။ ပြည်ထောင်စုနေ့မှာလည်း တိုင်းရင်းသားလူမျိုးများ မပျော်နိုင်ခဲ့တာ ကြာပြီ။ ဒီနှစ်မှာလည်း ပြည်ထောင်စုနေ့ကို ဆင်ယင်ကျင်းပမှာပါ။ ဒါပေမဲ့ အစိုးရက ကချင်ကို ရက်ရက်စက်စက် ထိုးစစ်ဆင်ပြီး အပြစ်မဲ့ကချင်ပြည်သူများကို နှစ်နှစ်ကြာမျှ မုဒိမ်းကျင့်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တဲ့အတွက် အစိုးရကျင်းပတဲ့ ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ စိတ်ဝင်စားစရာပါ။


ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်ခြေရှိ

ကြေးနီစီမံကိန်းအကြမ်းဖက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးခဲ့လို့ အစိုးရက သက်သာရာရခဲ့ပါတယ်။ ကချင်အရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရတပ်နဲ့ကချင်တပ် မျက်နှာချင်းဆိုင်လို့ မကောင်းပါ။ အစိုးရနဲ့တိုင်းသားလူမျိုးများကြားမှာလည်း သံသယတွေ ကြီးထွားလာပြီဖြစ်တယ်။ အခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်။ ဒါပေမဲ့ တစ်ခုစဉ်းစားစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ သဘောထားတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပြောနေပေမဲ့ သူ့စကား ပျက်ပေါင်းများတော့လည်း သူ့စိတ်ရင်းကို ခန့်မှန်းလို့မရတော့ပါဘူး။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဘက်ကိုမှ မပါခဲ့လို့ စေ့စပ်ရေးလုပ်ရင် အသင့်တော်ဆုံး ဖြစ်တယ်။ တိုင်းရင်းသားများကို ချော့လို့မရတော့ဘူးလို့ အစိုးရက ထင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ ထုတ်သုံးလာမှာ ဖြစ်တယ်။


ကချင်နဲ့အစိုးရတပ်တို့ကရော ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံနိုင်လား

မေးစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို ကချင်နဲ့အစိုးရတပ်တို့ လက်ခံကြသလားဆိုတာပဲ။ ဖြစ်သမျှပြဿနာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တာ ကြာလှပြီပဲ။ အစိုးရအကူအညီတောင်းတဲ့အတွက် ကြေးနီကိစ္စမှာ ပါခဲ့ပေမဲ့ နိုင်ငံရေးသိက္ခာမကျဖို့ မနည်းထိန်းခဲ့ရပါတယ်။ ကချင်အရေးမှာလည်း ကချင်လူမျိုးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် မကျေနပ်မှုများ ဖြစ်ခဲ့ကြောင်း လူတိုင်းအသိဖြစ်တယ်။ ဒါပေမဲ့ ကချင်တွေက ဒုက္ခရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အသံကို ကြားချင်ပေမဲ့ မကြားခဲ့ရလို့ မကျေနပ်ကြခြင်းလို့ ယူဆမိပါတယ်။ ကချင်များကို ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မနောက်ကျသေးပါဘူး။ အဓိကပြဿနာက စစ်တပ်ပါ။ မြန်မာ့တပ်မတော်အနေနဲ့ အဖရင်းကို သစ္စာဖောက်ပြီး ဖထွေးနောက် လိုက်ခဲ့ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်များနဲ့ မိဘပြည်သူများကို ရန်သူသဖွယ် ဆက်ဆံလာတဲ့သမိုင်း ရှိပါတယ်။ လောလောဆယ်မှာ မြန်မာ့တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ မသေချာသေးပါ။


ပြည်ထောင်စုနေ့အမီ သိက္ခာကို ပြန်ဆယ်နိုင်ပါ့မလား

အစိုးရအနေနဲ့ ကချင်ကို မတရားတိုက်ခဲ့တဲ့အတွက် နိုင်ငံရေးအရ သိက္ခာကျခဲ့ရပါတယ်။ မြီးရှင်နိုင်ငံများက မြန်မာ့ကြွေမြီးကို လျော်ပစ်ခြင်းမှာ ထောင်မြင်ရာစွန့်သဘောသာ ဖြစ်လို့ အဆင်ပြေနေတယ်လို့ ယူဆလို့မရပါ။ လွှတ်တော်မှာ နိုင်ငံရေးစကားမပြောရဘူးပြောတဲ့ သူရရွှေမန်း၊ ဘယ်သူမှ မနာခဲ့တဲ့ အမိန့်တွေကို တသွင်သွင်ပေးနေတဲ့ သိန်းစိန်၊ ဘယ်သူကိုမှ မှုစရာမလိုဘဲ သေနတ်ကို တဒိုင်းဒိုင်းပစ်နေတဲ့ မင်းအောင်လှိုင်တို့ကို အမေရိကန်နဲ့တရုတ်တို့က စိတ်အပျက်ကြီးပျက်ခဲ့ပြီ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဘယ်တုန်းကမှ နာမည်ကောင်းမထွက်ခဲ့တဲ့ နော်ဝေကလွဲရင် အခြားဥရောပနိုင်ငံများလည်း မြန်မာအစိုးရရဲ့ အကြမ်းဖက်မှုများကို သတိထားမိလာကြပြီဖြစ်တယ်။ စီးပွားရေးကို ပြန်ပိတ်ဆို့တဲ့အထိ မဟုတ်ရင်တောင် မြန်မာအစိုးရမှာ ဖိအား အတော့်ကို များနေပါပြီ။

ဒီဖိအားကို လျှော့ချဖို့ အစိုးရက ပြည်ထောင်စုနေ့ကို အသုံးချလာမှာကတော့ အသေအချာပါပဲ။ နောက်ဆုတ်ရင်းနဲ့ ရှေ့ကို တိုးမိတဲ့ တပ်များကို ဆုတ်ပေးစရာမလိုဘဲ လိုင်ဇာကို ရာသက်ပန်ပိတ်ဆို့ထားလို့ရအောင်၊ လိုင်ဇာကို သိမ်းစရာမလိုဘဲ လက်ထဲရောက်အောင်၊ နိုင်ငံရေးအရ ဘာသဘောတူညီချက်ကိုမှ လုပ်စရာမလိုဘဲ အပစ်ကို ရပ်နိုင်အောင်၊ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်စေပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် အစိုးရအတွက် အလွန်အရေးကြီးနေပါတယ်။ ဒီလိုလုပ်နိုင်မှပဲ အစိုးရအတွက် ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာကို အဖတ်ဆည်လို့ရမှာပါ။ ဆီဂိမ်းအတွက်လည်း မျက်နှာပန်းလှမှာပါ။ တိုက်စရာရှိသေးရင် ဆီဂိမ်းပြီးမှ ရမည်းရှာပြီး တိုက်လိုက်ရုံပါပဲ။ အကြောင်းပြချက် ပေးစရာမယ်မယ်ရရ ဘာမှမရှိဘဲ ကချင်ကို တိုက်ခဲ့ပြီပဲ။ အခြားလူမျိုးများကို တိုက်ချင်သေးရင် ထတိုက်လိုက်ရုံပဲ။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ (၂)နှစ်ကြာတိုက်ခဲ့တဲ့ စစ်ပွဲကို (၁၂)ရက်ထဲနဲ့ အဖြေရှာလို့ရမှာမဟုတ်၊ လိုင်ဇာနားရောက်နေတဲ့ အစိုးရတပ် ဆုတ်ခွါသွားအောင် စည်းရုံးလို့ရမှာမဟုတ်၊ အပေးအယူလုပ်ရတဲ့ညှိုနှိုင်းရေးယဉ်ကျေးမှုကို မြန်မာ့တပ်မတော်က နားမလည်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတဲ့လို့ သူကိုယ်တိုင် ပါဝင်ဦးမှာမဟုတ်တဲ့အတွက် မလွယ်သေးဘူးလို့ သုံးသပ်ချင်ပါတယ်။

Credit:  Ven Ravika
Read More »

ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်အစိုးရခေါင်းဆောင်တွေအပြင် ပြည်သူ တွေရဲ့ အခန်းကဏ္ဍလည်း အရေးပါတယ်။

 မြန်မာပြည်ကြီးဟာ နိုင်ငံရေးအကွဲအပြဲ ဇာတ်လမ်းတွေကြောင့် ဖွံ့ဖြိုးမှုနှေးခဲ့ရတယ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်(ငြိမ်း)နှင့် တွေ့ဆုံခြင်း

မြန်မာ့တပ်မတော်၌ အမှတ်(၁) တပ်ပေါင်းစု ခြေလျင်တပ်ရင်း (ယခု အမှတ်(၁) ခြေလျင်တပ်ရင်း)တွင် တပ် သားအဆင့်မှစကာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန် ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ဝင်၊သာသ နာရေးဝန်ကြီး စသည့် တာဝန်များထမ်း ဆောင်ခဲ့သည့် အငြိမ်းစားဒုတိယ ဗိုလ် ချုပ်ကြီး မျိုးညွန့်အား တွေ့ဆုံ၍ မြန်မာ နိုင်ငံကြီးဖွံ့ဖြိုးမှုနှေးကွေးခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းများ၊ လတ်တ လောဖြစ်ပျက်ခဲ့သော လူမျိုးရေးကိစ္စများ အပေါ် အမြင်သုံးသပ်ချက်များအား မေး မြန်းခဲ့ပါသည်။
မေး- မြန်မာနိုင်ငံမှာခုဆို ဒီမိုကရေစီ လမ်းစဉ်ကို လျှောက်လှမ်းနေပြီပေါ့ဘဘ။ အဲဒီလို လျှောက်လှမ်းနိုင်ခဲ့တာဟာ ယခင်အစိုးရရဲ့ ဆောင်ရွက်ပေးခဲ့မှု တစ် ခုတည်းကြောင့်လား။ ဒါမှမဟုတ် ဒီမိုက ရေစီလိုလားတဲ့ လူထုရဲ့ ကဏ္ဍကရော ဘယ်လောက် အရေးပါ ပါသလဲ။
ဖြေ- ယခင် န၀တခေတ်တည်းက ဒီမိုက ရေစီနိုင်ငံကို သွားမယ်ဆိုတာရှိပြီးသား လေ။ အမျိုးသားညီလာခံမှာလည်း ဒီမို ကရေစီ နိုင်ငံသွားဖို့လုပ်ခဲ့တာပဲ။ ဒါပေမဲ့ အချိန်ယူပြီးသွားရတာရယ်၊ အရေးအခင်း ကြီးဖြစ်သွားတာရယ်တို့ကြောင့် ကြန့်ကြာ သွားတာပါ။ ခု ဒီမိုကရေစီလမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်တာဟာ ယခင်အစိုးရ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ပေးခဲ့မှု အပြင် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ရဲ့ အခန်းကဏ္ဍလည်းပါတယ်။ ပြည်သူ က မလိုလားရင်၊ မလိုချင်ရင် ဘာမှလုပ် လို့မရဘူးလေ။ လမ်းစဉ်ပါတီခေတ်တည်း က တပ်မတော်နဲ့ အုပ်ချုပ်လာတာဆို တော့ ပြည်သူက ဒီမိုကရေစီကို လိုချင် တယ်။ အမျိုးသားညီလာခံကြီးဟာ ပြည်သူတွေ ဒီမိုကရေစီလိုချင်ကြောင်းပြတဲ့ သက်သေ တစ်ခုပဲလေ။ ဒီတော့ ခုဒီမိုကရေစီစနစ် ပေါ် လျှောက်လှမ်းနိုင်တာ ယခင်အစိုးရ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ပေးမှု အပြင် ပြည်သူရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေရာက ပါဝင်နေတယ်။
မေး- ဘဘဟာ တိုင်းပြည်မှာတာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့တဲ့ ၀ါရင့် ပုဂ်္ဂိုလ်ကြီးတစ်ယောက်လည်း ဖြစ်တဲ့အ တွက် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ကြည့်ပြီး ကိုယ့်တိုင်း ပြည်ရဲ့ ဖွံ့ဖြိုးမှုနှေးကွေးနေတာကို အား မရတာမျိုးဖြစ်မိပါသလား။
ဖြေ- ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီးဆို တဲ့ အဆင့်ကို ရောက်အောင် ကြိုးစား ကြတာပဲလေ။ ဘာ သယံဇာတမှမရှိတဲ့ စင်ကာပူတောင် အာရှမှ ချမ်းသာပြီး လက်မထောင်နိုင်သေးတာပဲ။ မြန်မာ ပြည်ကြီး သယံဇာတ ဒီလောက်ကြွယ်ဝ ပြီး ဖွံ့ဖြိုးမှုနှောင့်နှေးနေတော့ ဘယ်စိတ် ချမ်းသာပါ့မလဲ။ သူများနိုင်ငံတွေ အထူး သဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုတွေ ကိုကြည့်ပြီး အားကျတယ်။ ကိုယ့်တိုင်း ပြည်ကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဆိုရှယ် လစ်စီးပွားရေးကို သွားဖို့ မျှော်မှန်းထားခဲ့ ပြီးသားလေ။ ဘဘတို့နိုင်ငံမှာက အခြား နိုင်ငံတွေထက် သယံဇာတတွေ ပိုကြွယ် ၀တယ်။ ဒါပေမဲ့ နည်းပညာအားနည်း တယ်။ ဒါကြောင့် ဒီကလူတွေ သူများ တိုင်းပြည်သွားပြီး အလုပ်လုပ်နေရတယ်။ လေ့လာဖို့ဆိုတာကလည်း အကြောင်း ကြောင်းတွေကြောင့် အချိန်မရခဲ့ဘူး။
မေး- ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးခဲ့ရတာတွေဟာဘယ်အပေါ်မှာ အခြေခံပါသလဲ။ ဘဘရဲ့ အမြင်ကို သိပါ ရစေ။
ဖြေ- ဘဘမြင်တာကတော့ ပြည်တွင်း သောင်းကျန်းမှုပဲ။ ပြည်တွင်းသောင်းကျန်း မှုစတဲ့အချိန်က မြန်မာနိုင်ငံမှာ ကန်္ဒီစာ ချုပ်အရ တပ်မတော်အင်အားက ကြည်း၊ ရေ၊ လေ အကုန်ပေါင်းမှ ၅၂၀၀ ပဲရှိ တယ်။ သောင်းကျန်းသူတွေကလည်း အရမ်းအင်အားများတယ်။ ကွန်မြူနစ်က လည်း တောခိုတယ်။ ရဲဘော်ဖြူလည်း တောခိုတယ်။ နောက်ဆုံးတပ်မတော်ရဲ့ တပ်ရင်း (၅)ရင်းရှိတဲ့ထဲက တပ်ရင်း(၁) နဲ့ (၃)ကပါ တောခိုသွားတယ်။ အဲဒီမှာ တိုင်းပြည်အတွက်ဘာမှ အင်အားမရှိတော့ ဘူး။ ကျန်ခဲ့တဲ့ တပ်မတော်သားနှစ်ထောင် ကျော်ကပဲ တိုင်းပြည်ကို ကာကွယ်နေခဲ့ ရတာ။ အဲသလိုအချိန်တွေကြာသွား တော့ တိုးတက်မှုက နှောင့်နှေးသွားခဲ့ရ တာပဲ။ နောက်တစ်ခုက နိုင်ငံရေးအကွဲ အပြဲ ဇာတ်လမ်းတွေ အဲဒါတွေကြောင့် လည်း တိုင်းပြည်ဖွံ့ဖြိုးမှုနှေးခဲ့ရတယ်။ ၁၉၀၅ ခုနှစ်မှ စဖွဲ့တဲ့ ၀ိုင်အမ်ဘီအေက လည်း နောက် ဂျီစီဘီအေဆိုပြီး ကွဲသွား တယ်။ နောက် ဂျီစီဘီအေလည်း အစိတ် အစိတ်အမွှာမွှာကွဲ။ အဲဒီလို နိုင်ငံရေး တောက်လျှောက်ကွဲလာတာ။ အကွဲအပြဲ သံသရာက မဆုံးနိုင်တော့ဘူး။ တိုင်းပြည် ဖွံ့ဖြိုးရေး ရှေးရှုလုပ်တော့မယ်ဆိုတာနဲ့ ရှေ့က သောင်းကျန်းမှုပါမယ်။ နောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံရေးအကွဲ အပြဲတွေပါမယ်။ ဖဆပလလည်း သန့် ရှင်း၊တည်မြဲ။ နောက် လမ်းစဉ်ပါတီခေတ် မှာ အကွဲအပြဲသံသရာကြီးဆုံးတယ်။ ဒါ ကြောင့် သောင်းကျန်းမှုတွေနဲ့ နိုင်ငံရေး အကွဲအပြဲတွေက တိုင်းပြည်ဖွံ့ဖြိုးမှုကို အဓိကနှေးကွေးစေတာပဲ။ ဘဘတော့ ဒီလိုပဲမြင်တယ်။
မေး- လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ် လစ်စီးပွားရေးနဲ့ တိုင်းပြည်ကို ဦးဆောင် သွားပေမဲ့လည်း တိုင်းပြည်က ဘာကြောင့် မတိုးတက်ခဲ့ပြန်တာလည်း သိပါရစေ ဘဘ။
ဖြေ- ခုနပြောသလို ဟိုးအရင်ကတည်း က အမြစ်တွယ်လာတဲ့ နိုင်ငံရေးအကွဲ အပြဲဇာတ်လမ်းတွေ၊ ပြည်တွင်းသောင်း ကျန်းမှုတွေ အဲဒါတွေကို ပြန်တည့်မတ်ရ တာတို့၊ တပ်မတော်အင်အားပြည့်တည်း ရတာတို့ စတာတွေကို လုပ်တယ်။ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှေးရှုမယ်။ တည် ဆောက်မယ်ဆိုရင် ဒီလိုအကွဲအပြဲတွေကို ပြန်တည့်မတ်ရမယ်လေ။ နောက် တိုင်း ပြည်ကာကွယ်ရေး အင်အားလည်း ဖြည့် ရမယ်။ ဒါတွေကို လုပ်တယ်ဆိုတာလည်း ခုချက်ချင်းလုပ်ယူလို့မရဘူး။ အချိန်ယူပြီး လုပ်ရတယ်။ အဲဒီမှာပဲ အချိန်တွေကြာပြီး တိုင်းပြည်ဖွံ့ဖြိုးမှု ထပ်နှေးခဲ့ရတာပဲ။
မေး- ဦးနေ၀င်းဟာ ၁၉၈၈မှာ အာဏာ လွှဲပေးပြီးနောက်ပိုင်း တပ်မတော်နေ့ ည စာစားပွဲကို ယူနီဖောင်းကြီးနဲ့တက်ရောက် ခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီလိုအဖြစ် ကြောင့် အဲဒီအချိန်က အုပ်ချုပ်ရေး အပေါ် ဦးနေ၀င်းကြိုးကိုင်ထားတဲ့ သဘောမျိုး ထင်စရာရှိသွားပါတယ်။ အဲဒါလေးကို သိ ပါရစေ။
ဖြေ- ဟုတ်တယ်။ ၈၈ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာလွှဲပြီးနောက်ပိုင်း တပ် မတော်နေ့ညစာစားပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်တောင် မရောက်သေးဘူး။ သူရောက်ချလာ တယ်။ သူ့မှာ အာဏာမှ မရှိတော့တာ။ အားလုံးက အံ့သြသွားပြီး မှင်သေသေ နေကြတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘာသ ဘောနဲ့မှတော့မဟုတ်ပါဘူး။ ၁၉၃၉ လောက်ထဲက တပ်မတော်ထဲနေလာ တော့ တပ်မတော်ကြီးအပေါ် သံယော ဇဉ်တွယ်ပြီးဖြစ်တာပါ။ သူ့အနေနဲ့ တပ် မတော်စတည်ထောင်တဲ့အထဲမှာလည်း ပါခဲ့တာကိုး။ အဲဒီနေ့ကလည်း သူ တင်းနစ်ရိုက်နေရင်း ကိုယ်ရေးအရာရှိကို ဒီနေ့တပ်မတော်နေ့လေ။ သွားရမယ်ဆို ပြီး ရောက်လာတာ။ လမ်းကျမှ စကား ပြောစက်နဲ့ သူလာမယ်လို့ ပြောတာ။ အားလုံးက အံ့သြသွားတယ်။ ဒါပေမဲ့
ရောက်လာတော့လည်း ကာကွယ်ရေး ဦးစီးချုပ်လာတဲ့အခါ သူကိုယ်တိုင်က မတ်တပ်ရပ်ပြီး ခရီးဦးကြိုပြုခဲ့ကြတာပါ ပဲ။ အလင်းဝင်လာတဲ့ ဗိုလ်ချုပ်စောကြာ ဒိုးတို့လည်းပါတာပဲ။
မေး- လတ်တလောဖြစ်ခဲ့တဲ့ ရခိုင်ပြည် က အရေးကိစ်္စတွေပေါ်မှာရော ဘဘအနေ နဲ့ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ- ဒါဟာ ဘာသာရေးကိစ်္စမဟုတ် ဘူး။ အာရှမှာ မွတ်ဆလင်အင်အားကြီး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ သမ်္မတက တောင် ဒါဟာ လူမျိုးစုနှစ်ခုရဲ့ ပြဿနာ လို့ပဲပြောတယ်။ အဲဒါ မှန်တယ်။ လူမျိုး စု နှစ်ခုကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သံသ ယမီးပွားကစတာပါ။ ဒါကို ဘာသာရေး ပြဿနာလို့ ယူဆလို့ မရဘူး။ ဘာသာ တရားတိုင်းက ကောင်းရာကို လမ်းညွှန် တာပဲလေ။ အစ္စလာမ်ကိုးကွယ်လို့ ကုလားလို့ ပြောလို့မရသလို၊ ခရစ်ယာန် ကိုးကွယ်လို့လည်း အင်္ဂလိပ်လူမျိုးပြော လို့မရဘူး။ တိုင်းရေးပြည်ရေးဖြစ်လာတုန်း ကလည်း ဒီမွတ်ဆလင်တွေ၊ ခရစ်ယာန် တွေ အကုန်ပါဝင်တိုက်ပွဲဝင်ခဲ့ကြတာပဲ လေ။ တိုင်းပြည်အရေးဖြစ်လာရင် ဘာ သာကို ခဏဖယ်ထားလိုက်။ မြန်မာဟာ မြန်မာပဲ။
မေး- လက်ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ်မှာရော ဘယ်လိုမြင်မိ သုံး သပ်မိပါသလဲ။
ဖြေ- ဦးသိန်းစိန် သမ္မတအဖြစ် တာဝန် စယူတုန်းပြောတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ကတည်းကိုက တိုင်းပြည်ကို ဘယ်လို လမ်းကြောင်းသွားမယ်ဆိုတာ ထင်ဟပ် နေတာပဲလေ။ ခုပြောတဲ့အတိုင်း သူလုပ် နေပြီပဲ။ သူ့ရဲ့ ရိုးသားမှု၊ တာဝန်ခံနိုင်မှု တွေကြောင့် တိုင်းပြည်ဟာ တိုးတက်မှာ ပါ။ အဲဒါကို လုံးဝ ယုံမှားမရှိဘူး။ အရင် က ဘယ်အစိုးရက အသုံးစရိတ်ဘတ်ဂျက် နဲ့ ပတ်သက်ပြီး ပြည်သူကို အသိပေး ထုတ်ပြန်တာမျိုးမှမရှိဘူး။ ခု သူထုတ်ပြန် တယ်။ လွှတ်တော်ကို သ၀ဏ်လွှာပေးပြီး ပြည်သူကို ချပြတယ်။ သူကိုယ်တိုင်က ကျန်းမာရေးကောင်းရှာတာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ခမျာ တိုင်းပြည်အတွက် စေ တနာနဲ့ လုပ်ရှာပါတယ်။ ဒါကြောင့် ဘဘ တို့ဆို သူ့အတွက် နေ့တိုင်းမေတ္တာပို့ တယ်။ ဆုတောင်းတိုင်းပြည့်တာမှ မဟုတ်ဘဲ။ မေတ္တာပဲပို့တယ်””ဟု ပြန်လည်ဖြေကြား ပေးသွားခဲ့ပါသည်။



ခန့်ခန့် (ဒဿနိက)
Read More »

ရော်ဘင်စု၊ ခရိုနီအရွေ့နှင့် ၂ဝ၁၅ အကြို ရွှေ့ ကွက်များ



သတင်းဆောင်းပါး — ဇန်နဝါရီ ၂၄၊ ၂ဝ၁၃

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ နေအိမ်အကျယ်ချုပ် ချထား ခဲ့သော မြန်မာစစ်အစိုးရကို အမှီအခိုပြုခြင်းအားဖြင့် ကြီးပွား ချမ်းသာလာကြသော ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသို့ ရန်ပုံငွေ လှူဒါန်း ထည့်ဝင် ကြကာ အလှူရှင်များ အဖြစ်သို့ ရောက်ရှိ လာကြခြင်းဖြင့် ယင်း တို့၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန် လာစေရန် ကြိုးပမ်းရာတွင် အောင်မြင်မှု တစ်ရပ်ကို စိုက်ထူနိုင် ခဲ့ကြပြီ ဖြစ်သည်။

ပညာရေး စီမံကိန်းများအတွက် စစ်တပ်အရိပ်မည်း လွှမ်းမိုးမှု မကင်းသော ရန်ပုံငွေ အလှူအတန်းများ ကို နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က လိုလားစွာ လက်ခံရယူမှုသည် သူ၏ နိုင်ငံတကာ ပုံရိပ် အပေါ် ဆိုးကျိုး သက်ရောက်မှုရှိ ကောင်းရှိနိုင်မည်ဖြစ်သော်လည်း သူ့ ကို ထောက်ခံသူများကမူ ထိုသို့ လက်ခံ လိုက်ခြင်း သည်ပင်လျှင် ဘဏ္ဍာရေး လိုအပ်ချက်ကို ဖြည့်ဆည်းရန် နိုင်ငံရေးအရ ပါးနပ်လိမ္မာစွာ ဆောင်ရွက် လိုက်ခြင်းအဖြစ် ချီးကျုး ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံကို ရာစုနှစ်ဝက်မျှ အုပ်စိုးခဲ့သည့် စစ်အာဏာပိုင်တို့နှင့် လက်တွဲကာ ကြီးပွားချမ်းသာ လာကြသော လုပ်ငန်းရှင်များအဖြစ် အမေရိကန် အစိုးရက အမည်မည်း စာရင်း သတ်မှတ်ထားသူတို့ ပိုင်ဆိုင်သော လုပ်ငန်း များက ရန်ပုံငွေ ဂီတပွဲ တစ်ရပ်တွင် ထည့်ဝင်လှူဒါန်းခဲ့ သော ငွေရပ် ကျပ် ၂၁၁.၅ သန်းခန့် ကို ဒေါ်အောင်ဆန်း စုကြည်၏ National League for Democracy (NLD) ပါတီက လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေ လှူဒါန်းထည့် ဝင်မှုများက မြန်မာနိုင်ငံအတွင်း လှုပ်ခတ်မှုလေး တစ်ရပ်မျှကိုပင် မဖြစ်ပေါ်စေ ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထု က မည်မျှအထိ ကြည်ညိုလေးစား ကြောင်း ပြသ လိုက်သည့် သင်္ကေတ တစ်ရပ်ဖြစ်သည့်အပြင် ၂ဝ၁၁ ခုနှစ်၊ မတ်လအတွင်း ပြုပြင်ပြောင်း လဲရေးအစိုးရ တက်လာပြီးနောက်ပိုင်း ရပ်တည်မှုအပြောင်းအရွှေ့တစ်ရပ် ပြုလုပ်ရန် ကြိုးစားလာသည့် ခရိုနီ လုပ်ငန်းရှင်များ ၏ အောင်မြင်မှု ကို ပြသလိုက်ခြင်း လည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ၏ လက်ရုံးနှင့် လက်နက်ရောင်းချသူအဖြစ် သတ်မှတ် ထားသည့် မြန်မာ လုပ်ငန်းရှင် ဘီလျံနာ ဦးတေဇပိုင်ဆိုင်သည့် AGD Bank က ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရန်ပုံငွေ ဂီတပွဲ တစ်ရပ်၌ အန်အယ်လ်ဒီ ပါတီသို့ မြန်မာကျပ်ငွေ သန်း ၄ဝ (ကန်ဒေါ်လာ ၄၇ဝဝဝ) လှူဒါန်း ပေးအပ် ခဲ့သည်။

ရွှေသံလွင် စီးပွားရေးလုပ်ငန်း အုပ်စုနှင့် Sky Net ရုပ်/သံဌာနတို့ ကို ပိုင်ဆိုင်သော မြန်မာလုပ်ငန်းရှင် ဦးကျော်ဝင်း၏ ဇနီးသည် ကလည်း လေလံပွဲတစ်ရပ် တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်နှင့် ထိုးထားသည့် အနွေးထည် ဆွယ်တာ ၂ ထည်အနက်မှ ၁ ထည်ကို မြန်မာကျပ်ငွေ ၄၁.၅ သန်း ပေးကာ လှူဒါန်း ဝယ်ယူခဲ့သည်။ Sky Net ရုပ်/သံ ကလည်း ကျပ်ငွေ သန်းပေါင်း ၁၃ဝ ကို သီးသန့်လှူဒါန်းသွားခဲ့ ပေသေးသည်။

ကောက်ခံရရှိသော ရန်ပုံငွေ အားလုံးသည် ပညာရေးလုပ်ငန်းများ စီမံဆောင်ရွက်ရန်သာဖြစ်ပြီး ပါတီ အရေး ကိစ္စနှင့် စပ်ဆိုင်ခြင်း မရှိကြောင်း၊ အန်အယ်လ်ဒီပါတီ၏ လူမှုရေးနှင့် ပညာရေးမူဝါဒများ ဆိုင်ရာ တာဝန်ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်စိန် က ပြောကြားခဲ့သည်။

အန်အယ်လ်ဒီ ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက အဆိုပါ လှူဒါန်းမှုများအတွက် အန်အယ်လ်ဒီ ပါတီက အထူးကျေး ဇူးတင်ရှိကြောင်း၊ ပါတီဝင် အားလုံးလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည်မှာ အသေအချာ ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးတေဇနှင့် စစ်တပ်ဆက်နွယ်မှုရှိသည့် အခြားသော စီးပွားရေး လုပ်ငန်းရှင်များသည် အနောက်နိုင်ငံ တို့၏ အမည်မည်း စာရင်းတွင် ယနေ့တိုင် ပါဝင်နေကြဆဲ ပင်ဖြစ်သည်။

ပြည်သူအများကမူ ယင်းတို့၏ စစ်အစိုးရအပေါ် အသံတိတ် ထောက်ခံမှု၊ ဖုံးဖိမရအောင် ထင်ရှားလှသော ဥစ္စာဓန ကြွယ်ဝမှုနှင့် မြန်မာ့စီးပွားရေး ကဏ္ဍ အများအပြားကို ဆက်လက် စိုးမိုးထားနိုင်ခြင်း စသည်တို့ အတွက် ယင်းတို့အပေါ် ယုံကြည်မှု ကင်းမဲ့ကာ အမုန်းပွားလျက် ရှိကြဆဲဖြစ်သည်။

နေအိမ် အကျယ်ချုပ်ဖြင့် ၁၇ နှစ်တိုင်တိုင် နေထိုင်ခဲ့ရပြီး ၂ဝ၁ဝ ခုနှစ်တွင်မှ လွတ်မြောက်လာခဲ့ရ သော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ အဆိုပါ ငွေရပ်များကို အချည်းနှီး ဖြစ်စေမည့်အစား ကောင်းသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းလိုက်ခြင်းက သာ၍ ကောင်းကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ပြောကြားကာ သူ၏ အလှူငွေ လက်ခံမှုကို ကာကွယ်ပြောကြားခဲ့သည်။

အမှားမည်မျှကို ကျူးလွန်ခဲ့ သည်ဖြစ်စေ၊ ပြင်ဆင်ရန် အခွင့်အရေး တစ်ရပ်ရရှိသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရိုနီဟု ခေါ်ဆိုခံရသူများ” အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောကြားလေ့ ရှိသူများနှင့် မိတ်ဖွဲ့ ဆောင်ရွက်ခြင်း သည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက် ပွန်းပဲ့စေနိုင်ခြင်း ရှိပုံမရပေ။ တိုင်းရင်းသား ဒုက္ခသည်များ အကြမ်းဖက်တိုက်ခိုက်ခံ နေရခြင်းနှင့်စပ်လျဉ်း၍ ရပ်တည် ပြောကြားမှု မရှိခဲ့သော ဒေါ်အောင် ဆန်းစုကြည် အပေါ် ဝေဖန်ပြောကြားမှုများ ရှိနေပြီး ဖြစ်သည့်တိုင် ခရိုနီတို့၏ အလှူငွေများကို လက်ခံခြင်းက သူ၏ဂုဏ်သိက္ခာကို ထိပါးရန် မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် နိုင်ငံရေးဆွေးနွေးရာ နေရာတစ်ရပ်အဖြစ် လူကြိုက်များ တွင်ကျယ်လျက်ရှိသော Facebook လူမှုကွန်ရက်ပေါ်တွင် သူ့ကို ထောက်ခံသူအချို့က “Robin Suu” ဟူ၍ပင် ချစ်စနိုးဖြင့် အမညပေး ရေးသား ဖော်ပြ လာခဲ့ကြသည်။ လူချမ်းသာများထံမှ ငွေကြေးများကို လုယူကာ ဆင်းရဲသူ ဆင်းရဲသား များအား ဝေငှ ပေးသော အင်္ဂလိပ် တောပုန်းကြီး Robin Hood နှင့် တင်စားကာ “ရော်ဘင်စု”ဟု ခေါ် ဝေါ်ကြခြင်း ဖြစ်သည်။

UK နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mark Farmaner က အဆိုပါ အလှူငွေများကို လက်ခံ ခြင်းသည် ကြီးကျယ်သော ပြဿနာ တစ်ရပ်ဟု မယူဆကြောင်း၊ ခရိုနီ များထံမှ အလှူငွေကို လက်ခံခြင်းအားဖြင့် မူဝါဒအပေါ် အကျိုးသက် ရောက်မှု တစ်စုံတစ်ရာရှိသည့် သက်သေ အထောက်အထား တစ်ခု တလေမျှကိုပင် တွေ့ရှိရခြင်းမရှိ သေးကြောင်း၊ အန်အယ်လ်ဒီ အနေဖြင့် မူဝါဒ အများအပြား ချမှတ်နိုင် ခြင်းလည်း မရှိသေးကြောင်း၊ ထောက်ပြ ပြောကြားခဲ့သည်။

ဆင်းရဲသား အများစု ပါဝင်သော အရေအတွက် သန်းနှင့်ချီ၍ ရှိသည့် ပါတီဝင်များထံမှ ရန်ပုံငွေ ကောက်ခံနိုင် ရေး ယန္တရားတစ်ရပ် ကင်းမဲ့လျက်ရှိသည့် အန်အယ်လ်ဒီ ပါတီ အတွက် အဆိုပါ လှူဒါန်းငွေများ မှာ အရေးပါလှ ပေသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Derek Tonkin က နိုင်ငံရေး နယ်ပယ်တွင် ရန်ပုံငွေရရှိရေး သည် ရှင်သန်ရေးအတွက် မရှိမဖြစ် လိုအပ်မှုပင်ဖြစ်သည်ဟုဆိုခဲ့သည်။ အဆိုပါ ရန်ပုံငွေသည် ပြည်တွင်းမှ သာ ရရှိခြင်းဖြစ်ရမည်ဖြစ်ရာ ခရိုနီ တို့၏ ရန်ပုံငွေများကို သင့်တော်သည့် စီမံကိန်း များတွင် ထည့်ဝင် စေခြင်းအပေါ် အပြစ်ပြောကြားရန် မရှိကြောင်းလည်း Derek Tonkin က ပြောကြား ခဲ့သည်။ မြန်မာပြည်သူများကလည်း အပြစ်ဖို့ပြောကြား လိမ့်မည် မဟုတ်ကြောင်းလည်း Derek က ပြောကြား ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသော အရပ်သားများထံမှ အလှူငွေ လက်ခံခြင်းအားဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ပါတီသည် တိုင်းပြည်စီးပွား ရေးပြန်လည် ထူထောင်ရာတွင် အဓိက ပလေယာများအဖြစ် ပါဝင်မည့်သူ များထံ လက်တစ်ဖက် တိုးချဲ့ ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်ဟု မြန်မာ နိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ် ဟောင်း Trevor Wilson ကလည်း ပြောကြားခဲ့သည်။

ခရိုနီများသည် နိုင်ငံ၏အနာဂတ်တွင် ကြောက်ခမန်းလိလိ များပြားလှသော စီးပွားရေး လောင်းကြေးထပ်မှု များကို ပိုင်ဆိုင်ထားကြ သည်ဖြစ်ရာ ယင်းတို့ကို တရားဥပဒေ စိုးမိုးမှုအောက်သို့ ဆောင်ကြဉ်းရန်မှာ အရေး အကြီးဆုံး ဖြစ်ကြောင်းလည်း Trevor က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရန်ပုံငွေ မတည်သူများသည် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက်ရန် စီစဉ်နေကြပြီး အဆိုပါရွေးကောက် ပွဲတွင် အန်အယ်လ်ဒီပါတီသည် ယခင်အစိုးရ ထူထောင် ခဲ့သည့် လူကြိုက် မများသော်လည်း ရန်ပုံငွေ တောင့်တင်းသည့် ပြိုင်ဘက်ပါတီနှင့် အဓိက ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Ref: Suu Kyi’s Party Accepts Crony Donation in Reformera Myanmar

The Myanmar Independent News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်



အောင်ဒင်၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃

အပိုင်း (၅) အတိုက်အခံ မရှိတဲ့ လွှတ်တော်

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ နောက်ထပ်ပြောစရာရှိတာက အတိုက်အခံ မရှိအောင် ဖန်တီးထားတာပါ၊ တကယ်က ပါတီစုံအထွေထွေရွေးကောက်ပွဲ လို့ဆိုတဲ့ အတိုင်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်းစုံက ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ကြပြီး လွှတ်တော်ထဲကိုလဲ နိုင်ငံရေးပါတီပေါင်းစုံကို ကိုယ်စားပြုပြီး ရောက်ရှိလာကြတာပါ၊

နိုင်ငံရေးပါတီများမှာ မတူညီတဲ့ နိုင်ငံရေးဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေ ရှိကြပြီး သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များရဲ့ အကျိုးစီးပွါးဆောင်ရွက်ရာမှာလဲ သူတို့ သက်ဆိုင်ရာ ပါတီ ရဲ့ မူဝါဒ၊ ရပ်တည်ချက်များ၊ ကတိကဝတ်များ အတိုင်း ဆောင်ရွက်ကြမှာပါ၊ ထုံးစံအတိုင်း လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရွေးချယ်ခံရတဲ့ နိုင်ငံရေးပါတီ (Majority Party) က လွှတ်တော်ရဲ့ ဦးဆောင်မှုနေရာကို ရရှိမှာဖြစ်ပေမည့် လူနည်းစုပါတီ (Minority Party) (သို့မဟုတ်) လူနည်းစုပါတီများ ရဲ့ အခန်းကဏ္ဏကို ပစ်ပယ်လို့မရပါ။

နိုင်ငံတကာ လွှတ်တော်များမှာတော့ လူနည်းစုပါတီ (သို့) ပါတီများဟာ အတိုက်အခံအင်အားစု (Opposition Force) ဖြစ်လာပြီး လွှတ်တော်တွင်း လူများစုပါတီ ရဲ့ ဆောင်ရွက်မှုများကို စောင့်ကြည့်ဝေဘန်ပြီး သူတို့ သက်ဆိုင်ရာပါတီများရဲ့ ရပ်တည်ချက်များကိုလဲ အခွင့်ရသလို တင်ပြ ဖော်ထုတ်ကြပါတယ်၊ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော်အာဏာသုံးရပ် အကြား အပြန်အလှန် ထိန်းကျောင်းပြုပြင်ဖို့ (Check and Balance) လိုအပ်သလို ဥပဒေပြုအဖွဲ့အစည်းအတွင်းမှာလဲ လူများစုပါတီကို ထိန်းကျောင်းပြုပြင်ဖို့ လိုအပ်ပါတယ်၊တကယ်တော့ အတိုက်အခံအင်အားစုဆိုတာ လူများစုပါတီ က ထင်ရာစိုင်းပြီး အာဏာအလွဲသုံးတဲ့ အဆင့်မရောက်အောင် လွှတ်တော်တွင်း အနီးကပ် စောင့်ကြပ်ထိန်းကွတ်မည့် အင်အားစုဖြစ်တာမို့ အင်မတန်လိုအပ်တာပါ၊ အဲဒီ လိုအပ်ချက်က မြန်မာနိုင်ငံ လွှတ်တော်မှာတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်၊

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခု ဖြစ်တဲ့ ရီပါတ်ဘလီကန် ပါတီ (Republican Party) နှင့် ဒီမိုကရက်တစ်ပါတီ (Democratic Party) တို့က လွှမ်းမိုးထားပါတယ်၊ ဒီတော့ ရွေးကောက်ပွဲတခုအပြီး အမေရိကန် အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်ကို ကြည့်မယ် ဆိုရင် ရီပါတ်ဘလီကန် ပါတီအမတ်များ၊ ဒီမိုကရက်တစ်ပါတီ အမတ်များ နဲ့ တသီးပုဂ္ဂလအမတ်များ ဆိုပြီး တွေ့ရမှာပါ၊ အခု ၂၀၁၂ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော်မှာ ရီပါတ်ဘလီကန် ပါတီက ၂၃၅ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီက ၂၀၀ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ်မရှိပါ၊ အထက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ်ပါတီက ၅၃ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ရီပါတ်ဘလီကန် ပါတီက ၄၃ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ် ၂ ယောက်ရှိပြီး အဲဒီ နှစ်ယောက်စလုံးက ဒီမိုကရက်တစ်ပါတီ နဲ့လက်တွဲတာမို့ ဒီမိုကရက်တစ်ပါတီက စုစုပေါင်း ၅၅ နေရာ ရှိပါတယ်၊ ဘယ်လောက်ပဲ အမတ်အရေအတွက်ပိုသာသာ လူများစုပါတီ ဆိုပြီး ထင်ရာစိုင်းလို့မရပါ၊ လူနည်းစုပါတီကို အနိုင်ကျင့်လို့မရပါ၊ ဒီမိုကရေစီစနစ်ရဲ့ ကျင့်စဉ်များအတိုင်း လူများစုပါတီက မဲခွဲရင် အနိုင်ရတတ်ပေမည့် လူနည်းစုပါတီရဲ့ ဆန္ဒကိုလဲ အသိအမှတ်ပြု လေးစားရပါတယ်၊

တခါတရံ လူနည်းစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းတွေကို လူများစုပါတီထဲက အမတ်တွေကပါ ထောက်ခံမဲ ပေးကြလို့ အနိုင်ရတာရှိသလို လူများစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းဖြစ်ပေမည့် လူများစုပါတီအမတ်အချို့က လူနည်းစုပါတီအမတ်များနဲ့ အတူကန့်ကွက်မဲပေးကြလို့ အရေးနိမ့်ရတာလဲ ရှိပါတယ်၊ တခါတရံ ပါတီ ကြီးနှစ်ခုစလုံးက ထောက်ခံတဲ့ ကိစ္စဖြစ်လို့ နှစ်ဖက်ပါတီ ကိုယ်စားလှယ်များက ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပါတီ နှစ်ခုစလုံးက တခဲနက် ထောက်ခံအတည်ပြုကြတာလဲ ရှိပါတယ်၊ ထင်ရှားတဲ့ ဥပမာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထောက်ခံတဲ့ ဥပဒေတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် (Congressional Gold Medal) ချီးမြှင့်တဲ့ ဥပဒေ၊ စတာတွေပါပဲ၊

ကွန်ဂရက်လွှတ်တော် လူများစုခေါင်းဆောင်ဟာ လူနည်းစုခေါင်းဆောင်နဲ့ ညှိနှိုင်းပြီး ကွန်ဂရက် ရဲ့ တစ်နှစ်တာ အလုပ်လုပ်ချိန် သတ်မှတ်ရပါတယ်၊ ကော်မီတီ များမှာပါဝင်မည့် အဖွဲ့ဝင်အရေအတွက်ကို သတ်မှတ်ကြပါတယ်၊ လူများစုခေါင်းဆောင်က ကော်မီတီ ဥက္ကဋ္ဌ များကို တာဝန်ပေးခန့်အပ်ပြီး လူနည်းစု ခေါင်းဆောင်က လူနည်းစုပါတီကို ကိုယ်စားပြုမည့် ခေါင်းဆောင်ကို ရွေးချယ်ခန့်အပ်ပါတယ်၊ ကော်မီတီ တိုင်းမှာ လူများစုပါတီ က အရေအတွက်များပေမည့် လူနည်းစုပါတီ အမတ်များမှာလဲ ပြောရေးဆိုခွင့်ရှိပါတယ်၊ ကော်မီတီအစည်းအဝေးများ၊ ကြားနာပွဲများ၊ ဥပဒေကြမ်းများ မဲခွဲတာ၊ စုံစမ်းစစ်ဆေးမှုများကို ကော်မီတီ ဥက္ကဋ္ဌ က လူနည်းစုပါတီအမတ်များရဲ့ ခေါင်းဆောင် (Ranking Member) နဲ့ တိုင်ပင် အကောင်အထည်ဖော်ရပါတယ်၊

အတိုက်အခံများ (သို့မဟုတ်) လူနည်းစုပါတီ ကို အထူးအခွင့်အရေးပေးထားတာက အထက်လွှတ်တော်မှာပါ၊ အထက်လွှတ်တော် မှာ ဥပဒေကြမ်းတွေကို မဲခွဲရာမှာ အဆင့်နှစ်ဆင့် ရှိပါတယ်၊ ဥပဒေမူကြမ်းတွေကို မဲခွဲတဲ့ အဆင့်မရောက်ခင် နှစ်ဖက်ပါတီက လွှတ်တော်အမတ်များ သက်ဆိုင်ရာ ဥပဒေမူကြမ်းကို အပြန်အလှန်ငြင်းခုံဆွေးနွေးကြ၊ ဖြည့်ဆွက်ကြ၊ ပြင်ဆင်ကြပါတယ်၊ အဲဒီလို ဆွေးနွေးငြင်းခုံနိုင်ဖို့ လုံလောက်တဲ့အချိန်ကာလကို လူများစုပါတီခေါင်းဆောင်က လူနည်းစုပါတီခေါင်းဆောင် နဲ့ ညှိနှိုင်းသတ်မှတ်ရပါတယ်၊ အဲဒီမှာ အထက်လွှတ်တော်ရဲ့ လုပ်ငန်းစဉ် (Parliamentary Procedure) တခုဖြစ်တဲ့ Filibuster ဆိုတာက လူနည်းစုပါတီကို ဒီဥဒေမူ ကြမ်းကို မဲခွဲတဲ့အဆင့်မရောက်အောင် ဟန့်တားနိုင်တဲ့ အခွင့်အရေးပေးပါတယ်၊

Filibuster ဆိုတာက လူများစုပါတီဘက်က တင်ပြထားတဲ့ဥပဒေမူကြမ်းကို ဆက်လက်ဆွေးနွေးစရာမလိုတော့တဲ့ အကြောင်း (To end the debate) မဲခွဲဆုံးဖြတ်ဖို့ လူနည်းစုခေါင်းဆောင်က အဆိုပြုတာပါ၊ အတိုက်အခံရဲ့ စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ လူများစုပါတီက အမတ် ၁၀၀ ရှိတဲ့အထက်လွှတ်တော်မှာ “ဆွေးနွေးမှုများအဆုံးသတ်ရေးအဆိုကို ကန့်ကွက်ပြီး ဆက်လက်ဆွေးနွေးပြီး မဲခွဲဖို့သဘောတူတဲ့” အနည်းဆုံးထောက်ခံမဲ ၆၀ လိုအပ်ပါတယ်၊ ဒီအဆင့်ကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ မဲ ၆၀ မပြည့်မချင်း လူများစုပါတီအမတ်များဟာ သူတို့ အတည်ပြုချင်တဲ့ ဥပဒေမူကြမ်းကို လူများစုမဲနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုနိုင်တဲ့ အဆင့်ကို မရောက်တော့ပါဘူး၊ Filibuster ဟာ အမေရိကန်ပါတီ ကြီး နှစ်ခုစလုံးက အတိုက်အခံနေရာရောက်တဲ့အချိန်မှာ တလှည့်စီအသုံးချကြတဲ့ လွှတ်တော်ရေးရာ လက်နက်တစ်ခုဖြစ်ပါတယ်၊ ဒီတော့ အခု ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်မှာ ၅၅ မဲ ရှိပေမည့် ရီပါတ်ဘလီကန်ပါတီဘက်က အနည်းဆုံး ၅ မဲမှမရရင် မဲ ၆၀ မပြည့်လို့ Filibuster ကို မကျော်လွှားနိုင်ပဲသူတို့ တင်ချင်တဲ့ ဥပဒေ ကို မဲခွဲလို့မရနိုင်ပါ၊ ဒီအဆင့်ကို ဖြတ်သန်းနိုင်မှ မဲခွဲတဲ့အဆင့်ကို ရောက်ပြီး အဲဒီမှာတော့ Simple Majority လို့ခေါ်တဲ့ ၅၁ မဲ ရရင် ဥပဒေကို အတည်ပြုနိုင်ပါတယ်၊ Filibuster က လူများစုပါတီက လူနည်းစုပါတီအပေါ် တရားလွန်အနိုင်ကျင့်လို့မရအောင် ဖန်တီးထားတာပါ၊ အထက်လွှတ်တော်မှာပဲ ရှိပါတယ်၊ အောက်လွှတ်တော်မှာ မရှိပါ၊

မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာတော့ အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝမတွေ့ရပါ၊ လွှတ်တော်ရဲ့ အာဏာအရပ်ရပ်ဟာ ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိပြီး အတိုက်အခံခေါင်းဆောင် (သို့) လူနည်းစုပါတီခေါင်းဆောင်နေရာကို လုံးဝ ဖန်တီးမထားပါ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအရ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြံ့ခိုင်ရေးပါတီက ၅၅% ရထားပြီး အခြားပါတီများအားလုံးပေါင်းရင် ၂၀% လောက်ရထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များက ၂၅% နေရာယူထားပါတယ်၊ ကြံ့ခိုင်ရေးပါတီ က Super Majority လို့ခေါ်တဲ့ အပြတ်အသတ်အားကောင်းနေတာမို့ ကော်မီတီ ဥက္ကဋ္ဌ အားလုံးနီးပါးနဲ့ ကော်မီတီဝင်အများစုက ကြံ့ခိုင်ရေးပါတီ ကပဲဖြစ်တာ အံ့ဩစရာ မဟုတ်ပေမည့် လွှတ်တော်နှစ်ရပ်လုံးမှာရော၊ ကော်မီတီ များအားလုံးမှာပါ လူများစုပါတီ က ထင်ရာမစိုင်းအောင်၊ အာဏာအလွဲသုံးစားမလုပ်အောင် ထိန်းညှိပေးရမည့် အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝ မရှိပဲ လွှတ်တော်တွင်းပါတီများအားလုံးဟာ အာဏာရပါတီ နဲ့ သူ့ရဲ့ မဟာမိတ်များဖြစ်နေတာ ဝမ်းနည်းစွာ တွေ့ရှိရပါတယ်၊
တကယ်တော့လဲ အတိုက်အခံရဲ့ အခန်းကဏ္ဏဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌန်းထားမှ၊ လူများစုပါတီက အသိအမှတ်ပြုမှ မဟုတ်ပါ၊ လွှတ်တော်ထဲမှာ အတော်အတန်အားကောင်းမှ မဟုတ်ပါ၊ လူနည်းစုရွေးချယ်ခံရတဲ့ပါတီတွေ စုပေါင်းပြီး အတိုက်အခံနေရာကို ကျေကျေနပ်နပ်ယူပြီး လူများစုပါတီကို စောင့်ကြည့်ဝေဘန်ရင်ဖြင့် လွှတ်တော်ဟာ ကျန်းမာသန်စွမ်းတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်လာမှာပါ၊

ဒီနေရာမှာ စင်္ကာပူ နိုင်ငံက အတိုက်အခံအမတ်များကို ဥပမာပြချင်ပါတယ်၊ စင်္ကာပူ နိုင်ငံမှာ ဥပဒေပြုလွှတ်တော် တစ်ရပ်ပဲ ရှိပါတယ်၊ အဲဒီလွှတ်တော်မှာ အရွေးချယ်ခံ အမတ် ၈၇ ယောက်နဲ့ ခန့်အပ်တဲ့အမတ် ၁၂ယောက် စုစုပေါင်း ၉၉ ယောက်ရှိပြီး ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party) ကပဲ နှစ်ပေါင်းများစွာ လွှတ်တော်ရဲ့ ၉၀% ကို ထိန်းချုပ်ထားတာပါ၊ ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ က ၈၁ ယောက်ရွေးချယ်ခံရပြီး အလုပ်သမားပါတီ (Workers’ Party) က ၈ နေရာနဲ့ စကာင်္ပူပြည်သူ့ပါတီ (Singapore Peoples’ Party) က တစ်နေရာ ရွေးချယ်ခံရပါတယ်၊ အလုပ်သမားပါတီ နဲ့စကာင်္ပူပြည်သူ့ပါတီပေါင်းပြီး အမတ်နေရာ ၉ နေရာ (လွှတ်တော်တစ်ခုလုံးရဲ့ ၉% မျှ) နဲ့ အတိုက်အခံအလုပ်ကို ကျေကျေနပ်နပ် တာဝန်ကျေကျေဆောင်ရွက်ကြပါတယ်၊ သူတို့ရဲ့ ပါးစပ်တွေကိုပိတ်ဖို့ အာဏာရပါတီက ကမ်းလှမ်းတဲ့ ရာထူးများ၊ အခွင့်အရေးများကို လက်မခံကြပါ၊ လွှတ်တော်ထဲမှာ အင်အားဘယ်လောက်နည်းနည်း စင်္ကာပူ အတိုက်အခံအမတ်တွေဟာ သူတို့ကိုယ်စားပြုတဲ့ပါတီ၊ သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များ ကိုယ်စား အာဏာရပါတီ နဲ့ အာဏာရအစိုးရရဲ့ မှားယွင်းမှု၊ လွဲချော်မှု၊ မတရားမှုတွေကို ဝေဘန်ကန့်ကွက်နေကြတာ အင်မတန်လေးစားစရာ ကောင်းလှပါတယ်၊

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံမှာလဲ ကွန်ဂရက်လွှတ်တော်မှာ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏအပြင် နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏကို ထည့်သွင်းပြဋ္ဌန်းထားတာ မတွေ့ရပါ၊ အတွေ့အကြုံတွေကို အခြေပြုပြီး ကွန်ဂရက်လွှတ်တော်က ဥပဒေများ ထပ်မံပြဋ္ဌန်းပြီး လွှတ်တော်ကို အမှန်တကယ် လူထုကို ကိုယ်စားပြုအောင်၊ လူနည်းစုရဲ့ အခွင့်အရေးကို လေးစားရာရောက်အောင်၊ လူများစုပါတီက အာဏာအလွဲသုံးစားမလုပ်နိုင်အောင် ပြုပြင်ဖန်တီးကြတာပါ၊ မြန်မာနိုင်ငံလွှတ်တော်မှာလဲ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်သင့်တာတွေကို ဥပဒေပြဋ္ဌန်းပြင်ဆင်နိုင်ကြမယ် ဆိုရင် သိပ်ကောင်းမှာပါ၊

ရှေ့လာမည့် ရွေးကောက်ပွဲတွေမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုပဲ သန့်ရှင်းမျှတမယ် ဆိုရင် နိုင်ငံရေးပါတီ တစ်ခုတည်းက အပြတ်အသတ်အနိုင်ရတာမျိုး (Landslide Victory) မဖြစ်နိုင်တော့ပါ၊ ဒီမိုကရေစီ စံနစ် ကြံ့ခိုင်သန်စွမ်းလာတာနဲ့အမျှ အားကောင်းတဲ့ နိုင်ငံရေးပါတီတွေ ပိုမိုများပြားလာပြီး ပြည်သူလူထုကလဲ အတွေ့အကြုံရင့်ကြက်မှုနဲ့အတူ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ကြမှာပါ၊

အဲဒီအခါမှာ နိုင်ငံရေးပါတီ အများအပြားဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ အတော်အသင့်အားကောင်းတဲ့ အရေအတွက်နဲ့ ကိုယ်စားပြုပါဝင်နိုင်ကြမှာပါ၊ ဒီနေ့ လူများစုပါတီဟာ နောက်တချိန်မှာ လူနည်းစုပါတီ ဖြစ်သွားနိုင်ပါတယ်၊ ရွေးကောက်ပွဲများကို ဖြတ်သန်းရင်း လူများစုပါတီ ဖြစ်လိုက်၊ လူနည်းစုပါတီ ဖြစ်လိုက်နဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူပြီး ပြည်သူ နဲ့ နိုင်ငံကို အကျိုးပြုကြရမှာပါ၊

အခုကစလို့ လွှတ်တော်မှာ အင်မတန်အရေးကြီးတဲ့ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏ၊ လူနည်းစုပါတီများရဲ့ အခွင့်အရေးကို သတ်မှတ် ပြဋ္ဌန်းနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေပြုယန္တရားကြီးဟာ ပိုပြီးကျန်းမာလာမှာပါ၊

လေးစားစွာ ၊အောင်ဒင်
Read More »