နိုင်ငံရေး မျိုးဆက်သစ်များ ပေါ်ထွက်ရေးနှင့် လက်ဆင့်ကမ်းတာဝန်


နိုင်ငံရေး ဖြစ်စဉ်ကြီးတစ်ခုတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးဖြတ်သန်းမှု နှစ် ၂၀ ကျော် ရှိခဲ့တဲ့ နိုင်ငံရေး ဆောင်ရွက်နေသူတစ်ဦးနဲ့ တလောက အင်တာဗျူးခွင့် ရခဲ့ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ သုံးသပ်ပြောကြားတဲ့ နေရာမှာ သူ့ရဲ့သုံးသပ်ချက် အချို့ကို မှတ်မှတ်ရရ ဖြစ်ခဲ့မိတယ်။ သူကလတ်တလော အခြေအနေမှာ မြန်မာနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ဖို့ နိုင်ငံရေးသမားတွေ အများကြီး လိုအပ်နေတယ်လို့ဆိုပြီး နိုင်ငံအရေးဟာ နိုင်ငံသားတွေ အားလုံးနဲ့ ဆိုင်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရေးသမား ဖြစ်ဖို့ရာ ဖြတ်သန်းမှုတွေကိုလည်း လိုအပ်တယ်လို့လည်း သူကပြောပြခဲ့ပါတယ်။
မလွယ်ခဲ့သည့် နိုင်ငံရေးသမားအဖြစ် ရပ်တည်မှု
ခေတ်အဆက်ဆက်က အုပ်စိုးသူ အာဏာရှင်တွေက နိုင်ငံရေးအလုပ်ဆိုတာ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေရတဲ့ အလုပ်လို့ ထင်မြင်လာအောင် ဖန်တီးခဲ့တာ တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရှင်တွေက အာဏာလက်လွတ်ရမှာ စိုးတဲ့အတွက် နိုင်ငံအရေး ဆောင်ရွက်သူတွေကို ပြင်းထန်စွာ နှိပ်ကွပ်မှုနဲ့အတူ နိုင်ငံရေးသမား မျိုးဆက်ပျက်အောင် အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြလို့ နိုင်ငံရေးသမားတွေရဲ့ ရှင်သန်ခွင့်နဲ့ မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်မှု ရှိစေခဲ့တာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးသမားဆိုရင်တိုင်း ပြည်အတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေသူတွေလို့ မမြင်အောင် ဖန်တီးလုပ်ဆောင်ထားပြီး လုပ်တဲ့သူတွေကိုလည်း ထောင်နှစ်ရှည်ချမှတ်ခြင်း၊ စီးပွားရေး၊ လူမှုရေးတွေမှာ ခေါင်းမထောင်နိုင်အောင် အဘက်ဘက်က ပိတ်ဆို့ခဲ့တဲ့ နည်းဗျူဟာတွေကို အာဏာရှင်တွေက ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ လူအများစုရဲ့ စိတ်ထဲမှာ နိုင်ငံရေးလုပ်လိုစိတ် မဖြစ်ပေါ်အောင်၊ လုပ်သူတွေနဲ့လည်း မဆက်ဆံရဲအောင် နည်းအမျိုးမျိုးကိုသုံးပြီး နှိပ်ကွပ်ခဲ့တာဟာ သူတို့ရဲ့ အာဏာကို လက်မလွတ်လိုတဲ့ စိတ်ထားတွေကြောင့်ပဲ ဖြစ်ပါတယ်။
မဆလကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချူပ်ကြီးဟောင်းဖြစ်သူ ဦးနေ၀င်းဟာ သူအာဏာ အစဉ်အဆက် ရယူခဲ့တဲ့ တစ်လျှောက်မှာ တစ်သွေးတစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်ခဲ့သလို သူနဲ့သဘောမညီတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကိုလည်း ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ပါတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကို နှိပ်ကွပ်ရာမှာ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ထောက်လှမ်းရေးတွေကို ကိုင်တွယ်စေခဲ့ပြီး သူအာဏာလက်လွတ်ဖို့ နီးကပ်လာချိန်မှာ လက်သပ်မွေးတပည့်ဖြစ်ပြီး ဗိုလ်ချူပ်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့တဲ့ ဦးခင်ညွှန့်ကို တပ်ရဲ့ထောက်လှမ်းရေးမှာ ရာထူးအမြင့်ဆုံးနေရာမှာ တာဝန်ပေးအပ်ခဲ့ပြီး ၈၈ အာဏာသိမ်း အစိုးရလက်ထက်အထိ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့ စီမံနိုင်ခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကို ခေတ်အဆက်ဆက် နှိပ်ကွပ်ခဲ့ရာမှာ ၈၈ အာဏာသိမ်း အစိုးရလက်ထက်မှာလည်း အစိုးရနဲ့ သဘောမညီတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့တာကြောင့် နိုင်ငံရေး လှုပ်ရှားသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘ၀၊ မိသားစုဘ၀တွေမှာ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့ပြီး အချိန်ကာလများစွာကို ထောင်ထဲမှာသာ ကုန်ဆုံးခဲ့ကြရပါတယ်။ နိုင်ငံရေးသမားအဖြစ် မရပ်တည်နိုင်အောင် အဘက်ဘက်ကနေ ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့ ကာယကံရှင်တွေ သာမက မိသားစုဝင်တွေ အပေါ်လည်း စီးပွားရေး၊ လှုမှုရေးအရ သက်ရောက်မှုတွေ ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ နိုင်ငံရေးသမားအဖြစ် ရပ်တည်ဖို့ဆိုတာ လွယ်ကူတဲ့ ရပ်တည်မှုတော့ မဟုတ်ခဲ့ပါဘူး။
မျိုးဆက်သစ် နိုင်ငံရေးသမား လိုအပ်ချက်
အဘက်ဘက်က နှိပ်ကွပ်မှုတွေကြောင့် နိုင်ငံရေးဆောင်ရွက်သူ အချို့ဟာ နိုင်ငံရေးလှုပ်ရှားမှု ၀န်းကျင်က ထွက်ခွာခဲ့ကြပြီး အချို့ဟာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကနေ ခေတ္တအနားယူခဲ့သူတွေ ရှိခဲ့သလို နိုင်ငံရေးကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူတွေလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံရေး ဆောင်ရွက်သူတွေကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့တာဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအပေါ် သက်ရောက်မှု ရှိခဲ့သော်လည်း နိုင်ငံရေးသမား မျိုးဆက်သစ်တွေကတော့ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်းမှာတော့ နိုင်ငံရေးမျိုးဆက်သစ်တွေ ထွက်ပေါ်လာမှုဟာ အမျိုးမျိုးသော နှိပ်ကွပ်မှုတွေရဲ့အောက်မှာ အနည်းငယ် အားနည်းခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံရေးရဲ့ အနှစ်သာရ၊ နိုင်ငံရေး ဆောင်ရွက်သူတွေရဲ့ တကယ်အမှန် သရုပ်မှန်၊ စိတ်ထားကစပြီး နိုင်ငံရေး ဆောင်ရွက်မှုဟာ နိုင်ငံသားအားလုံးနဲ့ ဘာကြောင့်သက်ဆိုင်တယ် ဆိုတာတွေကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ပညာပေးပြီး နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးဖို့ လိုပါတယ်။ နိုင်ငံရေးမျိုးဆက်တွေ ထွက်ပေါ်လာဖို့ လက်ရှိနိုင်ငံရေး ပါတီတွေမှာ တာဝန်အရှိဆုံးဖြစ်ပြီး ရေရှည်အတွက် . . . . .
၈၈ အာဏာသိမ်းအစိုးရနောက် အရပ်ဘက်အစိုးရသစ် တက်လာပြီး အစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ ဆောင်ရွက်ချက်အဖြစ် ယခင်မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေတဲ့ ထောင်တွေမှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့ပြီး ယနေ့အထိလည်း အကြိမ်ကြိမ် လွှတ်ပေးနေဆဲ ဖြစ်ပါတယ်။ အကျဉ်းစံ နိုင်ငံရေးသမားတွေ အများအပြား လွှတ်ပေးခဲ့ပေမယ့် နှစ်ကာလရှည်ကြာစွာ နိုင်ငံရေး မျိုးဆက်ပျက်အောင် ဖျက်ခဲ့တဲ့ အကျိုးဆက်ကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ မျိုးဆက်သစ် နိုင်ငံရေးသမား လိုအပ်ချက်တွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိနိုင်ငံရေး ၀န်းကျင်မှာ ရှိနေသူတွေဟာ အသက်အရွယ် ရနေသူတွေ အများစုဖြစ်နေပြီး ရေရှည်အတွက် လူငယ်တွေကို နိုင်ငံရေး လက်ဆင့်ကမ်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
နိုင်ငံသားများ၏ နိုင်ငံရေးရေချိန်မြင့်ရန်
လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံအရေး ဆောင်ရွက်သူတွေကို ဘယ်လိုမွေးထုတ်ကြမလဲ။ အရင်ဆုံး နှစ်ကာလများစွာ နိုင်ငံရေးကို မစားကောင်းတဲ့ အသီးသဖွယ် ထင်မှတ်အောင် ဖန်တီးထားတဲ့ လုပ်ရပ်တွေကို ချေဖျက်ဖို့ အရင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ရင် ထောင်ကျမယ်။ အဘက်ဘက်က တိုက်ခိုက်ခြင်း ပိတ်ဆို့ခြင်းတွေကို ကြုံရမယ်။ လူတွေက မဆက်ဆံရဲဘဲ ရှောင်ရှားကြမယ်ဆိုတဲ့ အရင်က အာဏာရှင် အစိုးရတွေရဲ့ ၀ါဖြန့်မှုတွေကို လူတွေရဲ့ အသိစိတ်မှာ ပျောက်ကွယ်သွားအောင်၊ လျော့နည်းသွားအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးရဲ့ အနှစ်သာရ၊ နိုင်ငံရေး ဆောင်ရွက်သူတွေရဲ့ တကယ်အမှန် သရုပ်မှန်၊ စိတ်ထားကစပြီး နိုင်ငံရေး ဆောင်ရွက်မှုဟာ နိုင်ငံသားအားလုံးနဲ့ ဘာကြောင့်သက်ဆိုင်တယ် ဆိုတာတွေကို အများပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ပညာပေးပြီး နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးဖို့ လိုပါတယ်။ နိုင်ငံရေးမျိုးဆက်တွေ ထွက်ပေါ်လာဖို့ လက်ရှိနိုင်ငံရေး ပါတီတွေမှာ တာဝန်အရှိဆုံးဖြစ်ပြီး ရေရှည်အတွက် အစီအမံတွေ အသေးစိတ်ချမှတ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးရာမှာ ၀ါရင့်နိုင်ငံရေး သမားတွေ အပါအ၀င် ခေတ်အဆက်ဆက်က နိုင်ငံရေး မျိုးဆက်တွေဟာ များပြားလှတဲ့ သူတို့ရဲ့ အတွေ့အကြုံထဲကနေ ထုတ်နုတ်ပြီး မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းရမှာ ဖြစ်ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့လည်း အခြေခံပညာ ကျောင်းသင်ခန်းစာတွေမှာ နိုင်ငံရေး ဖြစ်ရပ်မှန်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကို မှန်မှန်ကန်ကန်ဖော်ပြပြီး သမိုင်းသင်ခန်းစာတွေအဖြစ် နောင်လာနောင်သားတွေ အတုယူဖို့ သင်ခန်းစာယူဖို့အတွက် သင်ကြားနိုင်အောင် စီမံပေးရမှာ ဖြစ်ပါတယ်။
တချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့ အလုပ်သာဖြစ်တယ် ငါတို့နဲ့မဆိုင်ဘူးလို့ ယူဆတဲ့သူတွေလည်း ရှိနေပါသေးတယ်။ မဆလခတ်မှာရော ၈၈ အာဏာသိမ်း အစိုးရလက်ထက်မှာရော အုပ်ချူပ်သူတွေက တရားမျှတပြီး အောင်မြင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို မဆောင်ရွက်နိုင်ခဲ့မှုတွေနဲ့ နိုင်ငံရေးအရ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ယနေ့အထိ တိုင်းပြည်မှာဖြစ်ပွားနေတဲ့ အချင်းချင်း မညီညွတ်မှု၊ အကျင့်ပျက်လာဘ်စားမှု၊ စီးပွားရေး၊ ပညာရေး ချွတ်ခြုံကျမှု အကျိုးဆက်တွေကို ပြည်သူတွေကျောကော့အောင် ခံခဲ့ရတာတွေဟာ နိုင်ငံရေးက နိုင်ငံသားတွေအပေါ် သက်ရောက်မှု ရှိမရှိကို စဉ်းစားကြည့်ကြဖို့ ကောင်းပါတယ်။ နိုင်ငံရေးကို ညစ်ပတ်တဲ့အရာလို့ မြင်ကြတာဟာ လူတချို့ရဲ့ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာမှုတွေကြောင့်ဖြစ်ပြီး နိုင်ငံရေး ကိုယ်ကျိုးရှာမှုတွေကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ နိုင်ငံရေး အသိအမြင်တွေ တိုးပွားလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ အနေနဲ့လည်း နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်အရ အရပ်ဘက် အုပ်ချူပ်ရေးနဲ့ ဒီမိုကရေစီကို ပီပြင်စွာ လေ့လာနိုင်ဖို့ အဆင့်အလိုက် နိုင်ငံရေး ဘာသာရပ်ဆိုင်ရာတွေကို လေ့လာကြဖို့ လိုပါတယ်။ အသက်ငယ်တယ်ကြီးတယ် သဘောမထားဘဲ တိုင်းပြည်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ပရော်ဖက်ရှင်နယ် နိုင်ငံအရေး ဆောင်ရွက်နိုင်သူတွေ ဖြစ်လာအောင် နိုင်ငံရေးသိပ္ပံကဲ့သို့ ဘာသာရပ်တွေကို လေ့လာဆည်းပူးကြဖို့ လိုပါတယ်။
ကိုယ့်အကျိုးထက် အများအကျိုးကိုကြည့်
နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ရန် ဖြတ်သန်းဖို့ လိုအပ်တယ်လို့ ဆိုတဲ့နေရာမှာလည်း အရေးကြီးတဲ့ အချက်က သမိုင်းကို အမှန်သိဖို့လိုသလို တချို့ထင်နေသလို နိုင်ငံရေးသမားမှန်ရင် ထောင်အတွေ့အကြုံ ရှိရမယ်ဆိုတဲ့ အယူအဆဟာလည်း ယနေ့ခေတ် နိုင်ငံရေး အခြေအနေနဲ့ မကိုက်ညီတော့တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ယနေ့လို နိုင်ငံရေး အပြောင်းအလဲတွေ မြန်နေချိန်မှာ ထောင်ထဲမှာ အချိန်တွေကုန်ဆုံး ရမယ့်အစား လက်ရှိက ကမ္ဘာ့နိုင်ငံရေး မြန်မာ့နိုင်ငံရေး ဖြစ်ရပ်တွေအပေါ် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဘယ်ထောင့်တစ်နေရာက ပါဝင်နိုင်မလဲ ဆိုတာကို လေ့လာကြဖို့ လိုပါတယ်။ ကိုယ့်အကျိုးထက် အများအကျိုးကို ကြည့်တတ်တဲ့ နိုင်ငံရေး သမားကောင်းတွေရဲ့ အလေ့အကျင့်တွေကို အခြေခံအဆင့်ကစပြီး လူအများစုရဲ့ စိတ်ထဲမှာ ပြန်လည်လက်ခံလာအောင် လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံရေး သမားကောင်းတွေဟာ ပြည်သူတွေအတွက် အကျိုးရှိတဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေအတွက် ထောင်ကျမှာကို ကြောက်ရွံ့လေ့ မရှိပါဘူး။
လက်ဆင့်ကမ်းသူများ၏ တာဝန်
လူအများစုရဲ့စိတ်မှာ တာဝန်သိပြီး နိုင်ငံအရေး ဆောင်ရွက်တဲ့ နိုင်ငံရေးသမား စိတ်ထားတွေ ကိုယ်စီကိုယ်ငှ ထားရှိနိုင်ခြင်းဖြင့် လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာအချို့နဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ပြဿနာတွေကို တစ်ပွဲထိုး ဖြေရှင်းခြင်းတွေထက် လူတိုင်းမှာ နိုင်ငံအတွက် တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံအရေးအသိကို အခြေခံတဲ့ စိတ်ထားတွေ လူအများကြားမှာ ထွန်းကားလာဖို့ လိုပါတယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်မြင့်မှုကတစ်ဆင့် တစ်ချိန်မှာ တိုင်းပြည်အတွက် အားထားရတဲ့ နိုင်ငံရေးသမားကောင်းတွေ ပေါ်ထွက်လာဖို့ အခွင့်အလမ်းတွေ ရရှိလာကြမှာဖြစ်ပြီး နိုင်ငံသားတွေရဲ့ နိုင်ငံရေးအပေါ် သိနားလည်မှု အတိုင်းအတာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပါအ၀င် ရွေးကောက်ပွဲတွေမှာ တိုင်းပြည်အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အသိဥာဏ်တွေ တိုးတက်လာမှုနဲ့အတူ တိုင်းပြည်ရဲ့ နိုင်ငံရေး တာဝန်တွေကို လူငယ်လူရွယ်တွေ ပိုမိုထမ်းဆောင် လာကြမှာဖြစ်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ နိုင်ငံသားတွေရဲ့ နိုင်ငံရေး အမြင်ကျယ်မှုတွေ ဖြစ်ပေါ်လာဖို့ ဆိုတာဟာ လက်ဆင့်ကမ်းသူများရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ ဆိုခြင်းပါတယ်။
 Written by သစ်ထွဋ်
Credit To First-11
Read More »

ဗဟိုဘဏ် လက်သစ်



(ေဇယ်သူ)

ဗဟိုဘဏ် ဥပဒေ ပေါ်ထွက်လာသလို ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ စာရင်းကိုလည်း လွှတ်တော်သို့ တင်သွင်းလိုက်သည့်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲရေး နောက်တစ်ဆင့်တက်ခြင်း ဖြစ်သည်။

“ဗဟိုဘဏ်၏ အဓိက ရည်မှန်းချက်သည် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှု ရရှိရန်နှင့် ထိန်းသိမ်းရန်” (Price Stability) ဟု ဗဟိုဘဏ်ဥပဒေတွင် ထည့်သွင်း ရေးသားထားသဖြင့် ရှိသင့်ရှိထိုက်သော ဈေးနှုန်းများ (ကုန်ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း စသည့်) မဖြစ်ထွန်းသေးသည့်၊ ဈေးနှုန်းများ အတက်အကျကြမ်းသည့် ရာဇဝင်ရှိသော မြန်မာနိုင်ငံတွင် ကြီးလေးလှသော တာဝန်ကို ဗဟိုဘဏ်အား ပေးအပ်လိုက်ခြင်း ဖြစ်သည်။ ငွေကြေး တည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ထိရောက်သော ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ခိုင်မာတိုးတက်ရေး၊ ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးမှုများ ရှိစေရန် အစိုးရအဖွဲ့၏ အထွေထွေစီးပွားရေး မူဝါဒများကို အထောက်အကူပြုရေးသည် အဓိက ရည်မှန်းချက်ဖြစ်သည့် Price Stability ကို အထောက်အကူပြုမည့် ဗဟိုဘဏ်လက်သစ်၏ ရည်ရွယ်ချက်များ ဖြစ်သည်။

“ဗဟိုဘဏ်သည် လွတ်လပ်ရမည်” (Independent Central Bank) ဟူသော အယူအဆသည် ယခုနောက်ပိုင်းတွင် ခေတ်စားလာသော စီးပွားရေးမူဝါဒဆိုင်ရာ အယူအဆ ဖြစ်သည်။ ငွေကြေးမူဝါဒ Monetary Policy နှင့် ဘဏ္ဍာရေးမူဝါဒ Fiscal Policy တို့သည် နိုင်ငံ့စီးပွားရေးကို ကြိုးကိုင်နေသော မူဝါဒများ ဖြစ်သည်။ ငွေကြေးမူဝါဒသည် ဗဟိုဘဏ်နှင့်ဆိုင်ပြီး ဘဏ္ဍာရေးမူဝါဒကို ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူသည်။ ထို့ကြောင့် ငွေကြေးမူဝါဒကို ဗဟိုဘဏ်ကိုသာ တာဝန်ယူစေခြင်းသည် လွတ်လပ်သော ဗဟိုဘဏ် အယူအဆဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားတွင် သုံးစွဲကြသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးမူဝါဒ၏ ပိုင်ရှင် ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ လက်အောက်တွင် ဗဟိုဘဏ်ရှိခဲ့သဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဘဏ္ဍာရေးမူဝါဒရော ငွေကြေးမူဝါဒပါ ပူးတွဲကျင့်သုံးခြင်း ဖြစ်ခဲ့သည်။ ယခုဗဟိုဘဏ်သည် ဗဟိုဘဏ်ဥပဒေအရ လုပ်ငန်းတာဝန်အားဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်လာသဖြင့် ငွေကြေးမူဝါဒကို ဘဏ္ဍာရေးမူဝါဒနှင့် သီးခြားခွဲထုတ်လိုက်ခြင်း ဖြစ်သည်။

ဗဟိုဘဏ်သည် တိုင်းပြည် ငွေရေးကြေးရေးအတွက် အရေးကြီးလှသောကြောင့် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တကွ အဖွဲ့ဝင်များသည် နိုင်ငံရေးသမား မဟုတ်ဘဲ ပညာသည် (Professional) ဖြစ်ရန်လိုသည်။ တိုင်းပြည်တွင်း ထင်ရှားကျော်ကြားသည့်၊ သိက္ခာရှိသည့်၊ ထက်မြက်သည့် စီးပွားရေး ပညာရှင်များအား ထိုရာထူးကို ပေးအပ်လေ့ ရှိသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဈေးကွက်သဘော၊ လူ့အကျောကို သိသလို နိုင်ငံရေး ဘောဂဗေဒနှင့် နိုင်ငံတကာ အခြေအနေတို့ကို မျက်ခြည်မပြတ်သူ ဖြစ်ရမည်။ သူသည် ရေတိုလူကြိုက်များမှုကို မကြည့်ဘဲ ရေရှည်တိုင်းပြည်နှင့် ပြည်သူ့အကျိုးစီးပွား ကိုသာ ကြည့်ရမည်။ ရွေးကောက်ပွဲနီးလျှင် ပြည်သူ့အကြိုက် ပြဒါးတိုင်ကို ကြည့်ရမြဲ ဖြစ်သည့် နိုင်ငံရေးသမားတို့၏ ဖိအားကိုလည်း ကြံ့ကြံ့ခံနိုင်သည့် အရေထူသူဖြစ်ရန် လိုသည်။ ထိုသို့ ဗဟိုဘဏ်မှ အဓိက တာဝန်ရှိသူများသည် နိုင်ငံရေးမှ လွတ်ကင်းရခြင်း၊ နိုင်ငံရေးသမားများနှင့် ကိုယ်ပေါင်းစိတ်ခွာ နေနိုင်ခြင်းသည်လည်း ‘လွတ်လပ်သောဗဟိုဘဏ်’ ၏သဘောတရားပင် ဖြစ်သည်။

ဗဟိုဘဏ်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖြစ်သည်။ လွတ်လပ်သော ဗဟိုဘဏ်များ၏ ဥက္ကဋ္ဌများသည် တန်ခိုးသြဇာကြီးကြပြီး သူတို့၏ နှုတ်ထွက်စကားများသည် တစ်ခွန်းဆိုတစ်ခွန်း နိုင်ငံ့စီးပွားရေးကို ကိုင်လှုပ်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် (Federal Reserve Bank) ကို ၁၉၈၇ မှ ၂၀၀၆ အထိ နှစ်အတော်ကြာ ဦးဆောင်ခဲ့သည့် Alan Greenspan ဆိုလျှင် သူ၏ အရေးအသားတစ်ချက်၊ စကားတစ်ခွန်းသည် ကမ္ဘာ့ဈေးကွက်များကိုပင် ဂယောက်ဂယက် ဖြစ်စေနိုင်သည်။ သူ့ပါးစပ်မှ ထွက်သမျှကို အကျအနကောက်ကာ စီးပွားရေး ဆုံးဖြတ်ချက်များကို လုပ်ဆောင်ရသည်အထိ Greenspan သည် သြဇာကြီးခဲ့သည်။

ယခင်တပ်မတော် အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ဘဏ်ဥက္ကဋ္ဌဟောင်းကိုပင် ယခုဘဏ် ဥက္ကဋ္ဌ နေရာအတွက် အဆိုပြုထားသည်ကို တွေ့ရသည်။ ဒုဥက္ကဋ္ဌများ နာမည်ထဲတွင် ယခုလက်ရှိ အမျိုးသားစီမံကိန်း ဒုဝန်ကြီး ဦးဆက်အောင်နှင့် လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ တို့ကို မြင်လိုက်ရသည်။ ထိုသို့သော အဆင့်မြင့် တာဝန်ကြီးကြီး နေရာမျိုးအတွက် မြန်မာနိုင်ငံတွင်းတွင် ကမ္ဘာနှင့် ယှဉ်စဉ်းစားနိုင်သူ များများစားစား မရှိလှသည့်အတွက် အတွေ့အကြုံရှိပြီး ဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌ၊ ဒုဝန်ကြီး၊ မူဝါဒဆိုင်ရာ ထိပ်သီးစီးပွားရေး ပညာရှင်တို့ ပါဝင်သည့် ယခုဗဟိုဘဏ် ဒါရိုက်တာအဖွဲ့သည် မြန်မာ့အထွာဖြင့် တောင့်တင်းပါသည်။

ယခု တာဝန်ယူရမည့် ဗဟိုဘဏ် ဥက္ကဋ္ဌသည် စပ်ကူးမပ်ကူးကာလကို ဦးဆောင်ရမည့် ဥက္ကဋ္ဌ ဖြစ်သည်။ အားယူစ စီးပွားရေးကို ပဲ့ပြင်မည့် ဗဟိုဘဏ်၏ အခန်းကဏ္ဍသစ်ကို ဖော်ဆောင်ရန် ဥက္ကဋ္ဌသည် အခက်အခဲများစွာကို ကျော်ဖြတ်ရပေလိမ့်မည်။ နိုင်ငံရေး စီးပွားရေးတည်ငြိမ်၊ အသားကျပြီး ငွေကြေးစနစ်ရှိပြီး နိုင်ငံများရှိ လူအင်အား တောင့်တောင့်တင်းတင်း ဗဟိုဘဏ်များသည်ပင် သတိကြီးကြီး ထားနိုင်ကာမှ တန်ကာကျသည်ဆိုလျှင် ထိုအခြေအနေမျိုးများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဖွားမြင်စ ဗဟိုဘဏ်သစ်နှင့် အဖွဲ့ဝင်များ၏ ကြီးမားသည့် တာဝန်ကို မြင်နိုင်သည်။ ဆုံးဖြတ်ချက်များကို ဥက္ကဋ္ဌက အပြီးသတ်ချမှတ်ကာ အကောင်းအဆိုးကို တာဝန်ယူရသော်လည်း အဖွဲ့ဝင်များ၏ အကြဉာဏ်ဖြင့် စုပေါင်းစဉ်းစား၊ စုပေါင်းဆုံးဖြတ် (Collective Leadership) သဘောမျိုး သွားလိမ့်မည်ဟု ယူဆရသည်။

ဗဟိုဘဏ်လက်သစ်ကို မွေးဖွားလိုက်ခြင်းကြောင့် ဝမ်းသာရသော်လည်း လူလားမြောက်ရန် အချိန်ယူရဦးမည် ဖြစ်သည့်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား မထားသေးရန် လိုသည်။ ဥပမာလွယ်လွယ်တစ်ရပ် ပြရလျှင် မြန်မာနိုင်ငံတွင်းတွင် လူဘယ်နှသန်း နေထိုင်သည်ကိုပင် မသိနိုင်သေးလောက်အောင် အချက်အလက်၊ စာရင်းဇယား၊ အထောက်အထား ချို့ငဲ့ချိန်တွင် ဗဟိုဘဏ်သည်လည်း ငွေရေးကြေးရေး ဆိုင်ရာတွင် အလားတူ အခက်အခဲများကို အများနည်းတူ ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာ ဆက်စပ်မှုသည် ယခင်ကထက်များစွာ တိုးတက်လာခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေး စီးဆင်းဝင်ထွက်မှု မြင့်လာခြင်း၊ နိုင်ငံတကာ အခြေအနေ အိမ်နီးချင်းနိုင်ငံတို့၏ အခြေအနေများ ပြောင်းလဲသွားခြင်း၊ ဗဟိုဘဏ်ကိုယ်တိုင်၏ အခန်းကဏ္ဍ ကိုယ်တိုင်ပင် ကြီးမားကျယ်ပြန့် လွတ်လပ်သွားခြင်းစသော ပြောင်းလဲမှုများ စွာရှိနေသောကြောင့် ယခင်ဗဟိုဘဏ် အတွေ့အကြုံများခဲ့သူများပင် ယခုဗဟိုဘဏ် လက်သစ်ကို ကိုင်တွယ်ရာတွင် ‘အလုပ်ခွင်တွင်း လုပ်ရင်းကိုင်ရင်း သင်ယူ’ (on-the-job training) ဖြစ်နေနိုင်သည်။

တိုင်းပြည်တစ်ပြည်လုံး၏ ငွေရေးကြေးရေးကို တာဝန်ယူရသူများ ဖြစ်သည့်အတိုင်း အကျိုးစီးပွားခြင်း ပဋိပက္ခဖြစ်ခြင်း Conflict of Interests (စည်းကြပ်ခံရသူနှင့် စည်းကြပ်သူ အကျိုးစီးပွားတူ ဖြစ်မနေစေရန်) မရှိစေရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်ထားသည်။

“ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများသည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို အချိန်ပြည့် ထမ်းဆောင်ရမည် ဖြစ်သည့်အပြင် အခကြေးငွေ ရရှိသော အခြားမည်သည့် လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်း မရှိစေရ” ဟု ဗဟိုဘဏ်ဥပဒေတွင် ပြဋ္ဌာန်းထားသဖြင့် အခြားအလုပ်များကို ပစ်ထားပြီး တာဝန်ထမ်း သူတို့အတွက် ပြင်ပငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် အနည်းဆုံးတန်းတူ ထိုက်ထိုက်တန်တန် လစာရိက္ခာ ချီးမြှင့်ရန် လိုသည်။ ‘အူမတောင့်မှ သီလစောင့်နိုင်သည်’ ဟူသော စကားမှာ လူတိုင်းအတွက် မမှန်သော်လည်း အူမတောင့်လျှင် သီလစောင့်ရန် ပိုလွယ်သည်မှာ အမှန်ပင် ဖြစ်သည်။

ဗဟိုဘဏ်ကို ပြုပြင်ပြောင်းလဲလိုက်ခြင်းသည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု အပိုင်းတွင် ချိန်ကိုက် လှမ်းလိုက်သော ခြေလှမ်းကြီးတစ်ရပ် ဖြစ်သည်။ သူတို့အောင်မြင်ခြင်း မအောင်မြင်ခြင်း အပေါ်တွင် ကျွန်တော်တို့ ပြည်သူများ၏ဘဝများ တည်မှီနေသည့်အတွက် ဗဟိုဘဏ်လက်သစ်ကို အခက်အခဲကြီးများ ကြားထဲမှ ထူထောင်မည့် ပုဂ္ဂိုလ်များ အောင်မြင်စေကြောင်း ဆုတောင်းလိုက်ပါသည်။

Credit To The Voice Weekly
Read More »

အကာအကွယ်မရှိဘဲ အကျိုးစီးပွားကို မြှင့်တင်နိုင်ပါ့မလား


(သုတမောင်)

ဇွန်လ ၃၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ စာမျက် ၈ နဲ့ ၉ မှာ တောင်သူလယ်သမား များ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေကြမ်းဆိုပြီး ပါလာတယ်။ စာမျက်နှာ ၉ ရဲ့ အောက်ဆုံးမှာ ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြသွားတဲ့ အဲ့ဒီဥပဒေမူကြမ်းကို ဥပဒေဆိုင်ရာ မူလရည်ရွယ် အင်အားစုဖြစ်တဲ့ နိုင်ငံတစ်ဝန်းက တောင်သူလယ်သမားတွေ ဘယ်လောက်ဖတ်မိသလဲ၊ ဖတ်မိကြမယ်ဆိုရင်တောင် ဘယ်လောက်နားလည် သုံးသပ်နိုင်ကြမလဲဆိုတာ အတိအကျ မသိနိုင်ပေမယ့် သေချာတာတစ်ခုကတော့ အဲဒီလယ်သမားတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့ အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်တွေ အဲဒီမူကြမ်းထဲမှာ ပါဝင်နေတဲ့ အချက်အပေါ် လူမှုအခြေပြု အသိုင်းအဝိုင်းတွေကြားမှာ ဇူလိုင်လ တစ်လအတွင်း တော်တော်လေး ဂယက်ရိုက်သွားခဲ့တယ် ဆိုတာပါပဲ။

တိုင်းပြည်လူဦးရေ သန်း၆၀ ထဲက ၇၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေ ပြည်သူတွေဖြစ် တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေထဲမှာ လယ်သမား အချိုးအစားကို အတိအကျ ဖော်ပြထားတဲ့ ကိန်းဂဏန်း တိုင်းပြည်မှာ မရှိသေးတာကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ တောင်သူလယ်သမား စုစုပေါင်း အရေအတွက်ကို အတိအကျ မဆိုနိုင်ဘူး ဖြစ်နေတယ်။ ဆန်စပါးဆိုတာ လက်ရှိအချိန်ထိ တိုင်းပြည်ရဲ့အဓိက စားနပ်ရိက္ခာတစ်ခု ဖြစ်နေတာကြောင့် ဒီရပ်ဝန်း (Sector) ကြီးတစ်ခုလုံးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ တောင်သူလယ်သမားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမူကြမ်းအပေါ် ထင်မြင်သုံးသပ်တဲ့ ထင်မြင်အကြံပြုချက်တွေ၊ တုံ့ပြန်မှုတွေ အမျိုးမျိုး နယ်ပယ်အသီးသီးကနေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိကို ဒီဥပဒေကြမ်းအပေါ် အမြင်အမျိုးမျိုး၊ သုံးသပ်ချက် အမျိုးမျိုးနှင့် Debate လုပ်နေဆဲ ဖြစ်ပါတယ်။ စတင်ဆွေးနွေးခဲ့စဉ်က ဒီဥပဒေကြမ်းရဲ့အမည်က ‘တောင်သူလယ်သမား ကာကွယ်ရေးဥပဒေ (Farmer Protection Act)’ လို့ စတည်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ‘တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ (Farmer Welfare Enhancing Act)’ လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ နဂိုကမှ ဥပဒေကြမ်းပါ အချက်အလက် တွေအပေါ် အငြင်းပွားနေရတဲ့အထဲ ဥပဒေရဲ့ခေါင်းစဉ်ကိုပါ ထပ်ပြောင်းလိုက်တာကြောင့် နယ်ပယ် အသီးသီးက လူထုကြားက အငြင်းပွားမှုတွေဟာ ပိုလို့ကျယ်လောင်လာခဲ့ပါတယ်။ ဒီနေရာမှာ တိတိကျကျပြောရရင် ဒီဥပဒေကြမ်းအပေါ် လူထုရဲ့အမြင်ကို သုံးသပ်ရာမှာ အပိုင်းသုံးပိုင်းခွဲပြီး ရှုမြင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပထမအပိုင်းက အဲဒီဥပဒေကြမ်းရဲ့အမည်နာမ ကိစ္စပါ။ ပြီးတော့ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ ဆိုင်တဲ့အပိုင်းဖြစ်ပြီး နောက်တစ်ခုကတော့ ဒီဥပဒေကြမ်း ပေါ်ပေါက်ရေးနှင့် ပတ်သက်တဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးနှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပါသင့်ပါထိုက်တဲ့ အင်အားစုအသီးသီးတွေရဲ့ကိုယ်စားပြုမှုကိစ္စ ဖြစ်ပါတယ်။ ဒီရှုထောင့် သုံးချက်ကို ကျွန်တော်နားလည်သလောက် ရှင်းပြလိုပါတယ်။

၁။ ဥပဒေကြမ်း၏ အမည်နာမည် သတ်မှတ်ချက်

ဒီဥပဒေကြမ်းကို စတင်အဆိုပြု ဆွေးနွေးကြတုန်းက အဓိကကျတဲ့ အချက်က မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုကို လျှော့ချဖို့အတွက် နယ်ပယ်တစ်ခုကို စဉ်းစားရာမှာ လယ်ယာစိုက်ပျိုးရေး နယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပြီး တောင်သူလယ်သမားများရဲ့အကျိုးစီးပွားကို အာမခံချက် ပေးနိုင်မယ့် (တစ်နည်းအားဖြင့် အကာအကွယ်ပေးနိုင်မယ့်) ဥပဒေဆိုင်ရာ ယန္တရား တစ်ခုတည်ဆောက်ဖို့ဆိုတဲ့ အခြေခံ အတွေးအခေါ်က စခဲ့တာဖြစ်လို့ အဲဒီရည်ရွယ်ချက်နဲ့ တည်ဆောက်မယ့် ဥပေဒမျိုးကို ‘တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးဥပဒေကြမ်း’ လို့ ခေါ်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆွေးနွေး ငြင်းခုံကြရင်းကနေ အဲ့ဒီမူကြမ်းရဲ့ အမည်လည်း တစ်မျိုးပြောင်းသွားပါတယ်။ အဲဒါကတော့ ‘တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ (Farmer Welfare Enhancing Act)’ ဆိုတဲ့ အငြင်းပွားနေဆဲ လက်ရှိမူကြမ်းပါပဲ။ ဆိုတော့ ဒီဥပဒေကြမ်းရဲ့ အမည်နာမအပေါ် အခြေခံကျတဲ့ အငြင်းပွားမှုက ‘ကာကွယ်ရေး’ နှင့် ‘မြှင့်တင်ရေး’ ဆိုတဲ့ ရှုထောင့်နှစ်ခု ဖြစ်လာပါတယ်။ မြှင့်တင်ရေးဆိုတဲ့ ဝေါဟာရကို ဘာကြောင့်သုံးနှုန်းတယ် ဆိုတာ အတိအကျ မသိနိုင်ပေမယ့် အဲဒီ ဝေါဟာရရဲ့ အဓိပ္ပာယ် (Literal meaning) အရ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးရေးဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေလို့ ဆိုရာမှာ ယေဘုယျ အမြင်သဘောနှင့် ကြည့်ရင် သူ့အနေအထားနဲ့သူ သင့်လျော်တဲ့ အမည်နာမလို့ မြင်စရာရှိပါတယ်။ ဒါပေမဲ့လည်း အဲဒီအမည်သစ်အောက်မှာ ပါလာတဲ့ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် အချို့ရဲ့ အငြင်းပွားဖွယ် အချက်အလက် (အသုံးအနှုန်း) တွေကို အပေါ်ကဥပဒေရဲ့ ခေါင်းစီးအမည်နာမနှင့် တွဲကြည့်လိုက်တဲ့အခါ ဘယ်လယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ကြမှာလဲဆိုတဲ့ မေးခွန်းကြီး ပေါ်ပေါက်လာ ပါတော့တယ်။ ဒီလိုနဲ့ ဒီအမည်နာမသစ် အပေါ် ကွဲလွဲတဲ့ အမြင်တွေရှိတဲ့ အင်အားစုတွေ ရှိလာတယ်။ သူတို့ရဲ့အမြင်ကတော့ ရိုးရှင်းပါတယ်။ တောင်သူလယ်သမားတွေရဲ့အကျိုးစီးပွားကို တကယ်မြှင့်တင်လိုတယ် (သို့မဟုတ်) တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို တကယ်လိုလားတဲ့ စေတနာရှိတယ်ဆိုရင် အောက်ခြေမှာ အမှန်တကယ် အလုပ်လုပ်နေကြတဲ့ သမားရိုးကျသာမန် တောင်သူလယ်သမားတွေ (Small Scale-Farmer) ရဲ့လယ်သမားဆိုင်ရာ အခြေခံရပိုင်ခွင့်နှင့် အကျိုးစီးပွားကို အကာအကွယ် ပေးနိုင်မယ့် ခိုင်မာတဲ့ ဥပဒေတံတိုင်းတွေကို တည်ဆောက်ပေးဖို့ (သို့မဟုတ်) ပြန်လည်မွမ်းမံပေးဖို့ ဆိုတာပါပဲ။ ဒါကြောင့် ဒီဥပဒေကြမ်း နာမည်အပေါ် အများက သိရှိနားလည်ထားတဲ့ လယ်သမားဦးကြီးတွေဆိုတဲ့ အောက်ခြေ တောင်သူလယ်သမားတွေရဲ့ ဆန္ဒက သူတို့ရဲ့အကျိုးစီးပွားကို အာမခံပေးနိုင်မယ့် အကာအကွယ်ပြုရေး ဆိုင်ရာ ဥပဒေပါ။ အဲဒီအကာ အကွယ်ပြုပေးနိုင်မယ့် ဥပဒေတွေမရှိဘဲ ဘယ်လယ်သမားရဲ့ အကျိုးစီးပွားကိုမှ မြှင့်တင်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ကြပါတယ်။ ဥပဒေမူကြမ်းထဲက တောင်သူလယ်သမားဆိုတဲ့ အဓိပ္ပာယ် သက်ရောက်မှုအရ ခရိုနီ တောင်သူလုပ်ငန်းရှင် ဆိုသူတွေရဲ့ အကျိုးစီးပွားကို အောက်ခြေက လယ်သမားတွေနဲ့ အပြိုင်မြှင့်တင်ပေးဖို့ ဘာကြောင့် လိုအပ်သလဲလို ဆိုတာကလည်း နောက်ထပ်စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေပါတယ်။ ဒါကတော့ လက်ရှိအငြင်းပွားနေဆဲ ဥပဒေကြမ်းရဲ့ အမည်နာမအပေါ် မတူညီတဲ့အမြင် ရှုထောင့်နှစ်မျိုးပဲ ဖြစ်ပါတယ်။

၂။ ဥပဒေကြမ်းပါ အငြင်းပွားဖွယ်ရာ ပြဋ္ဌာန်းချက်များ

ခြုံပြောရရင် ဒီဥပဒေကြမ်းမှာ အခန်းရှစ်ခန်း ပါဝင်ပြီး ပြဋ္ဌာန်းချက် ပုဒ်မပေါင်း ၂၈ ချက်ပါဝင်ပါတယ်။ အဲဒီထဲက ပြဋ္ဌာန်းချက်အချို့နှင့် အခန်းအချို့ဟာ ဒီနေ့ပေါ်ပေါက်နေတဲ့ ဥပဒေမူကြမ်းဆိုင်ရာ လူထု Debate ပွဲတွေရဲ့ အဓိက အကြောင်းတရားတွေပါပဲ။

Debate ဖြစ်နေတဲ့ ပြဋ္ဌာန်းချက်ပါ အချက်အချို့ကို သုံးသပ်ရရင်-
(၁) လယ်သမားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်-အခန်း ၁ (င) ဟာ လူထုအနေနဲ့အစဉ် အလာအရ နားလည်ခဲ့ကြတဲ့ တောင်သူလယ်သမားဆိုတဲ့ လူထုရဲ့အမြင် (Public image) အပေါ် အမြင်တစ်မျိုး ဖြစ်စေခဲ့ပါတယ်။ ဆိုလိုတာက အဲဒီဥပဒေပုဒ်ခွဲအရ တောင်သူလယ်သမားကိုသတ်မှတ်ရာမှာ အမှန်တကယ် လယ်ယာထွန်ယက် စိုက်ပျိုးကြတဲ့ အစဉ်အလာ လယ်သမား တောင်သူဦးကြီးတွေနှင့် လယ်ယာလုပ်ငန်းနှင့် ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို တောင်သူလယ်သမားဆိုပြီး လုံးကျစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အဲ့သလို လုံးကျစ်လိုက်အတွက် အလွန်ကွာဟတဲ့ အဆင့်အတန်းနှစ်ခုက လူတန်းစားနှစ်ရပ်ဟာ တောင်သူလယ်သမား ဆိုတဲ့ အမည်အောက်မှာ ဥပဒေရဲ့ အကျိုးသက်ရောက်မှုကို တန်းတူခံစားကြရမှာ ဖြစ်ပါတယ်။

သာမန်အခြေအနေမျိုးမှာ ဘယ်လိုတောင် သူလယ်သမားမျိုးမဆို အရေးကြုံလာရင် သူနှင့်သက်ဆိုင်တဲ့ ဥပဒေဘောင်ရဲ့ အကာအကွယ်ကိုရယူ ခံစားပိုင်ခွင့် ရှိသင့်ပေမယ့် မြန်မာနိုင်ငံရဲ့ လတ်တလော လယ်ယာမြေနှင့် လယ်သမားတွေရဲ့ အခြေအနေ အရပ်ရပ်အရ စီးပွားရေး အင်အားစုတွေနှင့် လက်လုပ်လက်စား တောင်သူဦးကြီးများရဲ့ အကျိုးစီးပွားကို တစ်ပြေးတည်း သတ်မှတ်လိုက်တဲ့ ကိစ္စဟာ အစဉ်အလာ တောင်သူကြီးများရဲ့ ရေရှည်အကျိုးကို ကာကွယ်ရာ မရောက်သည်သာမက မြှင့်တင်ရာလည်း မရောက်သလို ဖြစ်နေပါတယ်။ ဒီအဓိပ္ပာယ် သတ်မှတ်ချက်ဟာ ဘယ်သူက တောင်သူအစစ်ဖြစ်ပြီး ဘယ်သူက တောင်သူအတု ဖြစ်နေသလဲဆိုတဲ့ နောက်ထပ်မေးခွန်းတစ်ခု ပေါ်ပေါက်လာစေသလို၊ ဘယ်တောင်သူက ဥပဒေရဲ့ အကာအကွယ်ကို အမှန်တကယ် ခံစားထိုက်သလဲဆိုတဲ့ မေးခွန်းတစ်ရပ်လည်း ထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းမှာပါတဲ့ တောင်သူလယ်သမား အဓိပ္ပာယ် သတ်မှတ်ချက်ကို ပြန်လည် ပြင်ဆင်ပြီး ဘယ်လိုလယ်သမားမျိုးအတွက် ရည်ရွယ်တယ်ဆိုတဲ့ တိကျတဲ့ ပြဋ္ဌာန်းချက်မျိုးဖြစ်ဖို့ တောင်သူတွေဘက်က လိုလားကြတာ တွေ့ရပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားနှင့် ယှဉ်တွဲပြီး ကာကွယ်ပေးဖို့ (သို့မဟုတ်) မြှင့်တင်ပေးဖို့ဆိုတာ မသင့်လျော်ဘူး လို့လည်း ပညာရှင်အချို့က သုံးသပ်ကြပါတယ်။

တောင်သူလယ်သမားလို့ ဒီဥပဒေမှာ သုံးထားပေမယ့် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အဓိက ရည်ညွှန်းထားတာက လယ်စနစ်နှင့် စပါးစိုက်ပျိုးတဲ့ လယ်သမားတွေကို အထူးပြု ရည်ညွှန်းထားတာဖြစ်ပြီး တိုင်းရင်းသား တောင်တန်းဒေသတွေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း(အညာအရပ်) မှာရှိတဲ့ ထန်းစိုက် တောင်သူတွေရဲ့ တောင်သူဘဝတွေကို ရည်ညွှန်းထားခြင်း မရှိဘူးဆိုတာ ထင်ရှားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ တောင်သူလယ်သမား သတ်မှတ်ချက်နှင့် ၎င်းတို့အတွက် အကျိုးခံစားခွင့် သဘာဝကိုကြည့်ရင် တောင်တန်းဒေသတွေမှာရှိတဲ့ တောင်ယာ လုပ်တောင်သူ လူတန်းစားနှင့် ၎င်းတို့ရဲ့အလုပ်သဘာဝကို ဥပဒေအရ အသိအမှတ် မပြုသလို ဖြစ်နေတဲ့အတွက် ဥပဒေအရ လယ်သမားဆိုတဲ့ အသိုင်းအဝိုင်း အုပ်စုကြီးထဲမှာ အဲဒီအုပ်စုတစ်ခုလုံး ကျန်ရစ်နေတာ တွေ့ရပါလိမ့်တယ်။ ဒီအတွက်လည်း စဉ်းစားပေးသင့်တယ်လို့ ထင်ပါတယ်။ တောင်တန်းဒေသက တိုင်းရင်းသား နယ်မြေတွေမှာရှိတဲ့ ရိုးရာအစဉ်အလာ စိုက်ပျိုးရေးစနစ်နှင့် ၎င်းတို့ရဲ့ အခြေခံရပိုင်ခွင့်ကို အကာအကွယ်ပြုရေးဟာ လယ်လုပ်သူ လယ်ပိုင်ရေးဆိုတဲ့ လူမှုစီးပွားရေး ရည်ရွယ်ချက်ကို ပြည့်မီဖို့ ဥပဒေကြောင်းအရ အာမခံရုံသက်သက် မဟုတ်ပါဘူး။ အရှည်တွေးကြည့်ရင် တောင်တန်းနှင့် မြေပြန့်ဒေသတွေကြားက မတူညီတဲ့ လူမှုဝန်းကျင် ဓလေ့နှင့် တန်ဖိုးတွေကို တရားဝင် အသိအမှတ်ပြုရာက အပြန်အလှန် ယုံကြည်လေးစားမှုကို တည်ဆောက်ပြီးသား ဖြစ်နိုင်ပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ဒေသဆိုင်ရာ တန်ဖိုးတစ်ခုကို ဆန့်ကျင်ဘက် ဆိုးကျိုးမဖြစ်စေနိုင်ဘူးဆိုရင် ဥပဒေဘောင် တစ်ရပ်ရပ်မှာ ထည့်သွင်းပြီး တရားဝင် အသိအမှတ်ပြုလိုက်ခြင်းဟာ တိုင်းရင်းသား အခွင့်အရေး Indigenous Rights ကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အပံ့အပိုးတစ်ခုလို့ မြင်ပါတယ်။

နောက်တစ်ချက်ကတော့ တောင်သူလယ်သမား ဆိုတာကို တစ်စုံတစ်ရာဓိပ္ပာယ် သတ်မှတ်ချက် ပေးထားပြီး ဒီဥပဒေအရ အကျိုးခံစားခွင့် ရှိသူလို့ ယူဆနိုင်ပေမယ့် ဒီအထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေတွေ အသိမ်းပိုက်ခံထားရတဲ့ မြေယာမဲ့ အလုပ်လက်မဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးမလဲဆိုတဲ့ ဥပဒေဆိုင်ရာ အာမခံချက် (သို့မဟုတ်) ပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီဥပဒေဟာ အခြေအနေ အမျိုးမျိုးမှာ ရှိနေတဲ့ လယ်သမား အမျိုးအစား အသီးသီးရဲ့ အကျိုးစီးပွားကို အမှန်တကယ် အာမခံချက် ပေးနိုင်မယ့် ဥပဒေတစ်ရပ်အဖြစ် တောင်သူလယ်သမားတွေ ဘက်က လက်မခံကြတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီဥပဒေကြမ်းနှင့် စပ်လျဉ်းတဲ့ အစည်းအဝေးကြီးတစ်ခုမှာ လှည်းကူးက လယ်သမားတစ်ယောက်က ဒီလို ဆိုပါတယ်... “လယ်မရှိဘဲ (အသိမ်းခံရလို့) လယ်သမားအကျိုး မြှင့်တင်မယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် လယ်သမားဟာ လယ်ရှိပြီး လယ်ပိုင်ဖို့ပဲ လိုပါတယ်။ လယ်သိမ်းခံလိုက်ရတာ ၁၉၈၀ ပြည့်နှစ်ကတည်းက ဖြစ်သလို ခုဆို ရွာပါသိမ်းခံနေရလို့ ဒီလယ်သမားတွေအတွက် တကယ်လိုအပ်နေတာက (မရှိတဲ့လယ်ကို) ကာကွယ်တဲ့ ဥပဒေလည်း မဟုတ်သလို၊ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေလည်း မဟုတ်ပါဘူး။ စပါးပြန်စိုက်လို့ရမယ့် လယ်ကွက်တွေပဲ လိုအပ်ပါတယ်။”

ဈေးနှုန်းသတ်မှတ်ချက်နှင့် ဆက်စပ်ပြီး အခန်း ၂။ ပုဒ်မ ၁၃ (က) မှာ ဖော်ပြထားချက်အရ လယ်သမား များရဲ့ စိုက်ပျိုးထွက်ကုန်တွေရဲ့ဈေးနှုန်းကို ဗဟိုကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် တို့က သတ်မှတ်မှာ ဖြစ်တဲ့အတွက် အဲဒီဈေးနှုန်းဟာ ဈေးကွက်ရဲ့ အမှန်တရားတစ်ခုနှင့် လိုက်လျော ညီထွေဖြစ်ဖို့ အားနည်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုလုပ်တာဟာ ဈေးကွက်ကို သူ့သဘာဝအလျောက် လွှတ်ထားပေးပြီး လိုအပ်သလို ထိန်းညှိစေတဲ့ လွတ်လပ်တဲ့ ဈေးကွက်စနစ်မှာ အံချော်နေသလို ဖြစ်နေပါတယ်။ တကယ်လို့ စိုက်ပျိုးသီးနှံ ဈေးနှုန်းကို (အထူးသဖြင့်ဆန်စပါး) အနိမ့်ဆုံး အာမခံဈေးနှုန်းတစ်ခုနှင့် နိုင်ငံတကာပေါက်ဈေးထက် မနိမ့်တဲ့နှုန်းနဲ့ အစိုးရက ဝယ်ယူဖို့ သတ်မှတ်မယ်ဆိုရင် မြန်မာ့လယ်သမားတွေဘက်က သဘောကျကြမှာ ဖြစ်ပေမယ့် ဒီနည်းဟာ နိုင်ငံအတွက် ရေရှည်မှာ ဆုံးရှုံးမှုတွေ ရှိနိုင်တဲ့ စဉ်းစားမှုမျိုး ဖြစ်တယ်လို့ ပညာရှင်တချို့က ထောက်ပြပါတယ်။ အခြားတစ်ဖက်မှာလည်း အဲဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် အလုပ်မဖြစ်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ဆန်စပါးဝယ်ယူမှုပုံစံကို ပြန်အသက်သွင်းသလို ဖြစ်တာကြောင့် အောင်မြင်ဖို့ထက် အလုပ်မဖြစ်ဖို့က ပိုများမယ်ထင်ပါတယ်။ တကယ်လို့ ဒီနေ့ နိုင်ငံရဲ့ အခင်းအကျင်းမှာ အဲဒီစနစ်ဟာ အောင်မြင်နိုင်မယ်လို့ယူဆရင် လူထုကို သေသေချာချာ ရှင်းပြဖို့ လို ပါလိမ့်မယ်။

လယ်သမားများအတွက် ချေးငွေထုတ်ချေးဖို့ လိုအပ်တဲ့အကြောင်း ဒီဥပဒေမူကြမ်းမှာ ဖော်ပြထားတာ တွေ့ရတဲ့အတွက် လယ်သမားတွေရဲ့ အရင်းအနှီး လိုအပ်ချက်ရှိမှုကို အသိအမှတ်ပြုရာရောက်တဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက်ရှိကျင့်သုံးနေတဲ့ အမတော်ကြေး ထုတ်ချေးတဲ့စနစ် ထဲမှာကိုက မလိုအပ်တဲ့ ကြိုးနီစနစ်နှင့် အကျင့်ပျက် ခြစားမှုတွေကြောင့် တောင်သူလယ်သမားများ အတွက် ချေးငွေတွေဟာ ရသင့်ရထိုက်တဲ့အချိန်မှာ ရသင့်ရထိုက်သလောက် ထုတ်ချေးနိုင်မယ့် အခြေအနေမျိုး မတွေ့ရဘဲ ဖြစ်နေပါတယ်။ ဒါကိုသေချာကိုင်တွယ် ပြင်ဆင်သင့်တယ်လို့ ဥပဒေပညာရှင်တချို့က သုံးသပ်ကြပါတယ်။

နောက်တစ်ခုကတော့ ခုထွက်ထားတဲ့ ဒီဥပဒေမူကြမ်း ရေးဆွဲတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးနှင့် ဒီဥပဒေ ပေါ်ပေါက်ခြင်းမှာ တောင်သူလယ်သမားတွေ အပါအဝင် နယ်ပယ်စုံက ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ် တွေရဲ့ ကိုယ်စားပြုမှု ကိစ္စပါ။ စတင်ဆွေးနွေး ရေးဆွဲစဉ်ကနေ ထွက်လာပြီးတဲ့အချိန်ထိ နယ်ပယ်စုံက ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ ကိုယ်စားလှယ်တွေ မပါဝင်ခဲ့ဘဲ နီးစပ်ရာလူတွေနဲ့ ရေးဆွဲပြဋ္ဌာန်းခဲ့တာ ဖြစ်လို့ ဒီဥပဒေဟာ လူထုကိုကျယ်ပြန့်စွာ ကိုယ်စားပြုပြီး ပေါ်ပေါက်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ အားနည်းခဲ့လို့ ခုချိန်မှာ ဒီဥပဒေကြမ်းအပေါ် လူထုရဲ့ သုံးသပ်အကြံပြုချက်တွေရဖို့ Back Gear ထိုးပြီး လူထုသဘောထား ခံယူပွဲတွေ၊ အကြံပြု သုံးသပ်ချက်တွေကို သက်ဆိုင်ရာက အရေးတကြီး ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကောင်းတယ်လို့ ဆိုရမှာဖြစ်ပေမယ့် အရေးကြီးတာက အဲ့ဒီလိုရလာတဲ့အကြံပြုချက်တွေ လူထုအသံတွေကို ဘယ်လောက် အတိုင်းအတာထိ ထည့်သွင်းစဉ်းစားမလဲဆိုတဲ့ အချက်ပါ။ ဒါကတော့ လွှတ်တော်ကနေ အတည်ပြုပြီး နောက်ထပ် ထွက်လာနိုင်ခြေရှိတဲ့ နောက်ဆုံး ဥပေဒေပြဋ္ဌာန်းချက်တစ်ရပ် ထွက်ပေါ်လာတဲ့အခါ သိရမှာမို့ စောင့်ကြည့်ရုံသာ ရှိပါတယ်။

ခြုံငုံပြောရရင် လက်ရှိထွက်ပေါ်ထားတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းအပေါ် အင်အားစုအသီးသီးက အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးအကြံပြုလျက် ရှိနေသလို ဆက်ပြီးလည်း Debate လုပ်နေကြပါတယ်။ သြဂုတ်လထဲမှာ လွှတ်တော်ထဲ ရောက်သွားနိုင်တာ ကြောင့် ဒီကိစ္စဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်ပတ်သက်ပြီး လတ်တလောမှာ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်နေပါတယ်။ လယ်ယာလုပ်ကိုင်ခြင်းနဲ့ အသက်မွေးကြတဲ့ တောင်သူလယ်သမားတွေမှာ လယ်ယာမြေ မရှိတော့တဲ့အခါ (သို့မဟုတ်) တောင်သူလယ်သမား အကျိုးစီးပွားကို အကာအကွယ် ပြုပေးထားတဲ့ ယန္တရား (Mechanism) ကြီးတစ်ခုလုံး မရှိတဲ့အခါ တောင်သူလယ်သမားဆိုတဲ့ လူတန်းစားတစ်ရပ်လည်း ပျောက်ကွယ်သွား နိုင်ပါတယ်။ အဲ့ဒီလူတန်းစား ပျောက်ကွယ်သွားရင် ထမင်းကို အဓိကစားသုံးတဲ့ သန်း ၆၀ သော ရွှေမြန်မာတို့ရဲ့ ထမင်းဝိုင်း ယဉ်ကျေးမှုပုံစံတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတို့ရဲ့လူမှုဘဝမှာ ကြီးမားတဲ့ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ တိုင်းပြည်မှာ ကြိုးစားတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း အဲဒီလိုအခြေအနေမျိုး ရောက်ခဲ့ရင် အခင်းအကျင်းတစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက တိုင်းပြည်ရဲ့ ထမင်းအိုးကို သော့မခတ်ထားပါနဲ့ စားသင့်စားထိုက်တဲ့သူတွေ ထိုက်သင့်သလို စားသောက်နိုင်အောင် (သို့မဟုတ်) သူတို့ထမင်းဝိုင်းတွေ အနှောင့်အယှက် မခံရအောင် တိတိကျကျနဲ့ မူဘောင်လေးတွေကို သေသေချာချာလေး ပြင်ဆင်ပေးစေလိုပါတယ်။ လယ်ထွန်ခြင်း၊ စပါး စိုက်ပျိုးခြင်းနှင့် စပါးရောင်းဝယ်ခြင်း လောက်ကိုသာ နားလည်ထားကြတဲ့ တောင်သူဦးကြီးတွေနှင့် ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူတွေရဲ့အကျိုးစီးပွားကို အမှန်တကယ် မြှင့်တင်ပေးလို တယ်ဆိုလျှင် အဲဒီ တောင်သူလယ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်နှင့် အကျိုးစီးပွားတွေကို အကာအကွယ် ပြုနိုင်တဲ့ ဥပဒေမျိုးသာ ဖြစ်စေလိုပါတယ်။ ဥပဒေပြု အင်အားစုတွေအနေနဲ့ ဘယ်အရာတွေကို ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ ခုချိန်လောက်ဆို လုံလောက်တဲ့ မူဝါဒ သွင်းအားစုရရှိပြီး ဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေနှင့် တောင်သူလယ်သမားအရေး ကိစ္စဟာ နှစ်ပေါင်းများစွာ ဖြေရှင်းလို့ မပြီးနိုင်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စလို အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒါကိုဘယ်သူတွေက ဘယ်လို အဖြေရှာပြီး စစ်မှန်တဲ့ အခြေခံလယ်သမား လူတန်းစားတွေအတွက် အာမခံချက်အဖြစ် တည်ဆောက်ပေးနိုင်မလဲဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ အပါအဝင် အနာဂတ် ရွေးကောက်ပွဲတိုင်းကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားနိုင်မယ့် နိုင်ငံရေးဖက်တာ တစ်ခုလည်း ဖြစ်နေပါလိမ့်မယ်။

Credit To The Voice Weekly
Read More »

ပြင်ဆင်ရန် အခက်ခဲဆုံး အခြေခံဥပဒေ၊ ထိပ်တန်းဦးစားပေး ပြင်ဆင်ချက်နှင့် ဒီမိုကရေစီခိုင်မာရေး


(မှူးဇော်)

နိဒါန်း

၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီက ပြင်းထန်ခဲ့သော အငြင်းအခုံများတွင် Space မည်မျှကျယ်မည်နည်း ဖြစ်ကြောင်း ပြန်ပြောင်း သတိရနိုင်လျှင် လက်ရှိချဲ့ထွင် ရရှိနေသော လှုပ်ရှားခွင့် အကျယ်အပြန့်ကို ကြည့်မြင်နိုင်ပေလိမ့်မည်။ ထိုစဉ်က ဒီဘိတ်များ၏ ထိပ်စည်းပိုင်းတွင် အစဉ်တည်ရှိခဲ့သော ခေါင်းစဉ်မှာ အခြေခံဥပဒေဟူသော Rule of the Game ပင် ဖြစ်သည်။

အခြေခံဥပဒေသည် အခြေခံအကျဆုံးသော အင်စတီကျူးရှင်းဖြစ်ရာ ယူနီဗာဆယ်ပေတံများဖြင့် တိုင်းတာခြင်း၊ ဆန်းစစ်ခြင်း၊ ကန့်ကွက်ခြင်း စသည်အားဖြင့် ရပ်တည်ချက် အမျိုးမျိုး ရှိခဲ့ကြသော်လည်း လက်ရှိမြန်မာ့နိုင်ငံရေး တိမ်းညွတ်မှု၏ ဗဟိုချက်တွင် အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည်ဟူသော Common Position ကို ရောက်ရှိနေကြပြီ ဖြစ်သည်။ ဆိုရလျှင် အခြေခံဥပဒေဖြင့် ရယူခဲ့သော Political Space on Rule of the Game ပြင်ဆင်သည့်အဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ အကူးနှင့်အခိုင် (ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့်နှင့် ဒီမိုကရေစီ ခိုင်မာရေးအဆင့်) ကြားကာလဟုပင် ဆိုကောင်းဆိုနိုင်သည့် အနေအထား ဖြစ်နေသည်။

အသုံးချ အခြေခံဥပဒေ

အခြေခံဥပဒေ ပြင်ဆင်ခြင်းမပြုမီ အခြေခံဥပဒေက ခွင့်ပြုပေးထားသော အခွင့်အလမ်းများ ကုန်စင်လုနီးပါး အသုံးချနေကြပြီလားဟူသော အခြေအနေမှာ မဏ္ဍိုင်ကြီးသုံးရပ်သာမက ဒီမိုကရေစီ၏ ယန္တရားများဖြစ်သော အခြားသော အင်စတီကျူးရှင်းများ၏ ရှေ့သို့ခြေလှမ်းများ တိုး၍လျှောက်လှမ်းလာမှုအပေါ် အဓိကမူတည်နေသည်။ ဤနေရာတွင် ဖြစ်ပေါ်လာသော Space ကို အကျိုးရှိရှိ ချဲ့ထွင်နိုင်သည်မှာ ရယူသူများဘက်က ဆောင်ရွက်နိုင်စွမ်းက အဓိကကျကြောင်း လက်ရှိ စာနယ်ဇင်းလောက တိုးတက်မှုကို ဥပမာအဖြစ် ကြည့်မြင်နိုင်သည်။ စာနယ်ဇင်းများတွင် မူလရှိပြီး အင်စတီကျူးရှင်း (ဤနေရာတွင် သင်းပင်းအဖွဲ့အစည်းကို ညွှန်းပါသည်) များ အားကောင်းနေခြင်းကြောင့် ထွက်ပေါ်လာသော နေရာလပ်ကို အပြည့်အဝ အသုံးချ၍ ချဲ့ထွင်နိုင်လာခြင်း ဖြစ်သည်။ အခြေခံဥပဒေက ခွင့်ပြုအပ်နှင်းထားသော နိုင်ငံသားများ၏ အခွင့်အရေးများကို ဖြည့်ဆည်း မြှင့်တင်နိုင်ရေးအတွက် အစောဆုံး ပေါ်ထွက်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့် စသည်တို့က အထင်အရှား ပြသနေသည်။

နိုင်ငံရေးခေါင်းဆောင်များ အနေနှင့် အခြေခံဥပဒေပါ Rule of the Game တွင်ပါရှိသော ဂိမ်း စည်းမျဉ်းများကို နားလည် သဘောပေါက်မှသာ ဂိမ်းစည်းမျဉ်း ပြင်ဆင်သည့်အခါ မှန်မှန်ကန်ကန် သိမြင်ကာ သန်း ၆၀ အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ တစ်ဖန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ စကားလုံးများ၊ စကားရပ်များသာမက ဖွဲ့တည်ထားသော မူဘောင်ကိုလည်း ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်ပါမည်။ လွှတ်တော်သက်တမ်း ထက်ဝက်ကျိုးသည်နှင့်အမျှ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၏ နိုင်ငံရေး စိတ်စေတနာ ကောင်းများကို ပြဆိုနိုင်ခဲ့သလို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်း ကော်မရှင်၏ စွမ်းဆောင် နိုင်မှုသည်လည်း အထင်အရှား ထွက်ပေါ်လာခဲ့သည်။ အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးရဲထွန်း၊ ဦးကြည်မြင့်၊ ဒေါ်တင်နွယ်ဦး စသည်တို့သည်လည်း အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို အခြေခံ၍ နိုင်ငံသားများ၏ အကျိုးကို မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်သူများ အဖြစ်လည်း ပညာတတ်များ၏ အသိုင်းအဝိုင်းတွင် အလေးထား အသိအမှတ် ပြုလာခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံရေးသမားတို့ မည်သည် ပြည်သူလူထု၏ မှတ်ကျောက်ဖြင့် အတင်ခံနိုင်ရမည် ဖြစ်သလို ပြည်သူလူထု၏ မှတ်ကျောက်ဖြင့်သာ အတင်ခံကြရမည် ဖြစ်သည်။ လူထုထောက်ခံမှုကို လက်တွေ့စွမ်းဆောင်မှုဖြင့် တောင်းခံခြင်းသည် စစ်မှန်သော ကိုယ်စားပြုမှု မည်ပါလိမ့်မည်။

ဗြိတိန်ပုံတူလား၊ အမေရိကန်ပုံတူလား

လက်ရှိ အခြေခံဥပဒေအရ မဏ္ဍိုင်ကြီးသုံးရပ် သီးခြားစီ ပိုင်းခြားထားခြင်း၊ သမ္မတအား ဥပဒေပြုရေးနှင့် စည်းခြားထားခြင်း၊ ကက်ဘိနက်တစ်ခုလုံး လွှတ်တော်တွင်း မရှိခြင်းစသည်တို့မှာ အမေရိကန်စနစ်နှင့် ဆင်တူသော်လည်း အုပ်ချုပ်ရေး အနှစ်သာရနှင့် Check and Balance နှင့်တူသော Check and Balance များပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေမှုများကို ရှာဖွေကြည့်လျှင် ၁၉၄၇၊ ၁၉၇၄ စသည်တို့မှ သက်ဆင်းလာခဲ့သော ပါလီမန် အုပ်ချုပ်ရေးစနစ် သဘောတရားများကို လက်ရှိ အခြေခံဥပဒေ၌ပင် တွေ့ရှိနိုင်သည်။ Mixed Sysytem ဟုဆိုသော် ရကောင်းရနိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီနှင့် Check and Balance တန်ဖိုးများနှင့် ချိန်ထိုးကြည့်လျှင်သော် လည်းကောင်း၊ သန်း ၆၀ သော ပြည်သူများအကျိုး ဆောင်ကြဉ်းနိုင်မှုဖြင့် တိုက်ဆိုင်ကြည့်လျှင်သော် လည်းကောင်း စနစ်ကို မည်သူများက မည်သို့ကျင့်သုံးသည်က ပိုမိုအဓိက ကျနေကြောင်း တွေ့ရှိရ သည်။

ဗြိတိသျှတို့၏ ပါလီမန်စနစ်မှာ ဝန်ကြီးချုပ်နှင့် ကက်ဘိနက်သည် ပါလီမန်အမတ်များ ဖြစ်နေကြပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးသည် ခွဲခြားထားသည် ဆိုသော်ငြားလည်း အမှန်စင်စစ် အတူတူသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ အမေရိကန်ပုံစံ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကို သီးခြားစီ ခွဲထုတ်ထားခြင်း ဖြစ်သည်။ တရားသူကြီးချုပ်ကို အမေရိကန် ပြည်ထောင်စုတွင် သမ္မတက အမည်စာရင်း တင်သွင်းပြီး ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုပေးရသည်။ တရားသူကြီးချုပ်သည် သတ်မှတ် ပြဋ္ဌာန်းထားသော အချက်များကို ဖောက်ဖျက်ခဲ့လျှင် စွပ်စွဲပြစ်တင်ခြင်း နည်းလမ်းဖြင့် ဥပဒေပြုမဏ္ဍိုင်က ဖြုတ်ချနိုင်သည်။ ဗြိတိသျှစနစ်မှာမူ တရားသူကြီးချုပ်ကို ဝန်ကြီးချုပ်က အကြံပေးတင်ပြပြီး ဘုရင်က ခန့်အပ်ရသည်။ ယင်းတရားသူကြီးချုပ်ကို လွှတ်တော်နှစ်ရပ်ပေါင်းက ဖြုတ်ချနိုင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေနှင့် နှိုင်းယှဉ်ကြည့်လျှင် အမေရိကန်ပုံတူလား၊ ဗြိတိသျှပုံတူလား များများစားစား စဉ်းစားစရာ မလိုအပ်ပေ။ အချုပ်အခြာအာဏာ ခက်မကြီးသုံးဖြာကို မဏ္ဍိုင်သုံးရပ်အဖြစ် ပိုင်းခြားထားမှုတွင် မြန်မာနိုင်ငံသည် အမေရိကန် ပုံစံဘက်နှင့် လုံးလုံးလျားလျား တူညီနေသည်။ သမ္မတရွေးချယ် တင်မြှောက်မှုတွင် လွှတ်တော်ကို အခြေခံရသောကြောင့် ဗြိတိန်ပုံစံ ကွက်ကြားဝင်နေပြန်သည်။ တရားစီရင်ရေး၌ တရားသူကြီးချုပ် ရွေးချယ် ခန့်ထားရာတွင် အမေရိကန်ပုံစံနှင့် လုံးလုံးလျားလျား တူနေပြန်သည်။ ဥပဒေပြုရေးတွင် ဗြိတိသျှဝန်ကြီးချုပ်မှာ အမတ်တစ်ဦးသာဖြစ်ပြီး အမေရိကန်သမ္မတမှာ ဗီတိုအာဏာ၊ အိတ်ဆောင် ဗီတိုအာဏာများ ရှိနေခြင်းတို့ကို လက်ရှိအခြေခံဥပဒေနှင့် တိုက်ဆိုင်ကြည့်လျှင် Check and Balance လျှော့ချခြင်း ခံထားရသော သမ္မတအုပ်ချုပ်ရေးစနစ် ဖြစ်နေသည်။ ထို့အပြင် ၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေများမှ သက်ဆင်းလာခဲ့သော ပါလီမန်အုပ်ချုပ်ရေး သဘောတရားများကလည်း စိမ့်ဝင်နေပြန်သည်။

၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပဒေများအရ ဖွဲ့စည်းတည်ဆောက်ခဲ့သော ပါလီမန် အုပ်ချုပ်ရေးခေတ်တွင် နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေး အကြီးအကဲ မဟုတ်ဘဲ ဝန်ကြီးချုပ်သာလျှင် အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း တောင်ရှည်ပုဆိုး အလျင်အမြန် ဝတ်ဆင်တတ်ခြင်း၊ ဂေါက်ရိုက်တတ်ခြင်း၊ မြင်းစီးတတ်ခြင်းတို့သာ တတ်ကျွမ်းလာသည်၊ သမ္မတတို့ တတ်အပ်သော အဋ္ဌာရသသုံးရပ်ဟု ဆိုညွှန်းခဲ့ကြသော ရုပ်ပြအကြီးအကဲ သဘောမျိုး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းခေတ်ကာလ နိုင်ငံတော် သမ္မတသည် ပါလီမန်ကို ဖျက်သိမ်းပစ်နိုင်သော အခွင့်အာဏာ ရှိခဲ့သည်။ လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်မူ နိုင်ငံတော်သမ္မတသည် နိုင်ငံတော် အကြီးအကဲသာမက အုပ်ချုပ်ရေး အကြီးအကဲလည်း ဖြစ်ရာ အမေရိကန်ပုံစံ ထပ်တူထပ်မျှ ကျနေသော်လည်း အုပ်ချုပ်ရေး အခွင့်အာဏာ အပ်နှင်းထားမှုတွင် များစွာလိုအပ်နေကြောင်း တွေ့ရှိရသည်။ ပါလီမန်စနစ်လိုလို သမ္မတစနစ်လိုလို မကွဲမပြား ဖြစ်နေသည်များကိုလည်း ကွဲကွဲပြားပြား ဖြစ်ရန် လိုအပ်ပေမည်။

အမေရိကန်သမ္မတသည် ဗြိတိသျှ ဝန်ကြီးချုပ်၊ အိန္ဒိယ ဝန်ကြီးချုပ်တို့ကဲ့သို့ အုပ်ချုပ်ရေး အာဏာကို အပြည့်အဝ ကျင့်သုံးနေသလို အိန္ဒိယသမ္မတ၊ မြန်မာနိုင်ငံ၏ (၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေအရ) သမ္မတများကဲ့သို့ အဆောင်အယောင်၊ အခမ်းအနား ကိစ္စရပ်များကိုလည်း ဆောင်ရွက်နေရသည်ကို တွေ့မြင်နိုင်သည်။ အမေရိကန်သမ္မတသည် အမေရိကန်ဥပဒေပြု အဖွဲ့ဖြစ်သော ကွန်ဂရက် (ဗြိတိသျှအခေါ် ပါလီမန်) နှင့် သီးခြား ကင်းလွတ်နေသောကြောင့် အမေရိကန် အုပ်ချုပ်ရေးစနစ်ကို ကွန်ဂရက်နှင့် ဆက်စပ်မှု မရှိသော (ပါလီမန်ကို တာဝန်မခံသော) အုပ်ချုပ်ရေး Fixed Excutive ဟု ခေါ်တွင်လေ့ ရှိသည်။
နိုင်ငံပြုခေါင်းဆောင်

ယနေ့အချိန်အခါသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်ရာ သူ့အရပ်နှင့် သူ့ဇာတ်ဟူသော Local Narrative အဓိက ဖြစ်ပေလိမ့်မည်။ အသွင်ကူးပြောင်းရေးကာလ ဖြစ်၍လည်း အင်စတီကျူးရှင်းများ ခိုင်မာသည်ထက် ခိုင်မာစေရန် ဆောင်ရွက်လျက်ရှိရာ အခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်သည် အနာဂတ်၌ ရေရှည်တည်တံ့သော ဒီမိုကရေစီ ထွန်းကား ရှင်သန်ရေးအတွက် အချက်အချာ ဖြစ်လာနေသည်။ အာဏာကြီး သုံးရပ်ကို တစ်နေရာတည်း စုစည်းမထားခြင်း၏ မူလရည်ရွယ်ချက်မှာ အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားကို ပုံဖော်ခြင်း ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းရေးစက်ဝိုင်း တစ်ပတ်လည်ရန် အရေးကြီးသည်။ လက်ရှိ ကာလကိုသာ မကြည့်ဘဲ သားစဉ်မြေးဆက် ဆက်လက်တည်တံ့စေမည့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ တည်ဆောက်ရေးသည် လက်ရှိ နိုင်ငံပြု ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေသည်။

အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က သီးခြားစီသုံးပုံနှစ်ပုံသော ထောက်ခံမဲဖြင့် တင်သွင်းခြင်းဖြစ်ပြီး အဆိုပါ သုံးပုံနှစ်ပုံမှာလည်း မဲခွဲသည့်နေ့တွင် လွှတ်တော် အသီးသီး၌ တက်ရောက်လျက် ရှိသော လွှတ်တော်အမတ်များ၏ သုံးပုံနှစ်ပုံ မဟုတ်ဘဲ လွှတ်တော်တစ်ခုစီတွင်ရှိသော လွှတ်တော်အမတ် စုစုပေါင်း၏ သုံးပုံနှစ်ပုံ ဖြစ်သည်။ နောက်တစ်နည်းမှာ ပြည်နယ် စုစုပေါင်း(၅၀ ပြည်နယ်) ၏ လွှတ်တော်အမတ် အရေအတွက် အနည်းဆုံး သုံးပုံနှစ်ပုံ (ပြည်နယ်ပေါင်း ၃၄ ပြည်နယ်) က ပြင်ဆင်လိုကြောင်း တင်ပြရန် လိုအပ်သည်။ ထိုသို့ တင်ပြလာသည့်အခါ ကွန်ဂရက်သည် National Convention ခေါ်ယူကျင်းပပေးရမည် ဖြစ်သည်။ ၎င်းနောက် ပြည်နယ်စုစုပေါင်း၏ လေးပုံသုံးပုံက သဘောတူညီလျှင် ပြင်ဆင်ချက် အတည်ဖြစ်ပြီး လေးပုံသုံးပုံ၏ သဘောတူညီချက် မရရှိလျှင် ပြင်ဆင်ချက် အတည်မဖြစ်နိုင်ပေ။ အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် စတင်ပေါ်ပေါက်ခဲ့သော ၁၇၈၉ ခုနှစ်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အခြေခံ ပြင်ဆင်ချက်ပေါင်း ၂၇ ခုသာ ရှိခဲ့သည်ကို ကြည့်လျှင် အမေရိကန် အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ခဲဆုံးဟု သတ်မှတ်ထားချက် မှန်-မမှန်ကို သိရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ ပြင်ဆင်ချက် စုစုပေါင်း ၂၇ ခု ရှိသည့် အနက် ပထမဦးဆုံးသော ပြင်ဆင်ချက် ၁၀ ခုမှာ Bill of Rights ဟု ခေါ်တွင်သော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် တိုးမြှင့် ခွဲဝေပေးခြင်းများ ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။ ဤပြင်ဆင်ချက်များ၏ ညွှန်းဆိုချက်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်တံ့ရေးကို Bill of Rights ဖြင့် ပြန်လည် ထိန်းညှိထားခြင်း ဖြစ်နေသည်။ အမေရိကန် အခြေခံဥပဒေအား ပြင်ဆင်ရန် ၁၇၈၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် တင်သွင်းခဲ့သည့် ပထမဦးဆုံးသော ပြင်ဆင်ချက်မှာ Protects freedom of speech, freedom of religion, and freedom of the press, as well as the right to assemble and petition the government ဟူ၍ ဖြစ်နေသည်ကို ကြည့်လျှင် အခြေခံဥပဒေ ပြင်ဆင်ချက်၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို သိရှိနိုင်ပေလိမ့်မည်။ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ဆုံးဟု ဥပဒေပညာရှင်များ အားလုံးလက်ခံထားသော အမေရိကန် အခြေခံဥပဒေ၏ ထိပ်တန်းဦးစားပေး ပထမဆုံး ပြင်ဆင်ချက်သည် ဒီမိုကရေစီ တန်ဖိုးများကို ကိုယ်စားပြုလျက်ရှိရာ ယနေ့ အမေရိကန် ဒီမိုကရေစီ မည်သည့်အတွက်ကြောင့် ခိုင်မာအားကောင်းနေသည်ကို ဆက်စပ် စဉ်းစား ကြည့်နိုင်ပေလိမ့်မည်။

အချုပ်ဆိုရလျှင် နောင်လာမည့် မျိုးဆက်များ၏ လက်ထက်တွင် ဒီမိုကရေစီ အုတ်မြစ်များ ခိုင်မာသည်ထက် ခိုင်မာစေနိုင်မည့် အင်စတီကျူးရှင်းများ တည်ဆောက်ရေးသည် လက်ရှိနိုင်ငံ တည်ဆောက်ရေးပင်ဖြစ်ရာ အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားများတွင် မီဒီယာများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်၊ ပြည်သူများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်တို့ကိုလည်း လမ်းဖွင့်ပေးရန် လိုအပ်သည်။ မီဒီယာ၊ ပြည်သူ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများက ထိုသို့ အပြန်အလှန် ထိန်းကျောင်းနိုင်ခွင့် တိုးမြှင့် ရရှိစေရန်လည်း ခိုင်မာသော အင်စတီကျူးရှင်းများ တည်ဆောက်ပေးပြီး ခိုင်မာသော လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန် လိုအပ်သည်။ သို့မှသာ နုသစ်ပေါ်ထွက်စ မြန်မာ့ဒီမိုကရေစီသည် အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားကြီး တစ်ခုလုံး တစ်ပတ်လည်ပြီး မည်သည့်မဏ္ဍိုင်ကမှ အခွင့်ထူးခံ မဖြစ်စေဘဲ အညီအမျှ ခွဲဝေမှု ဖြစ်လာပါလိမ့်မည်။ Rule of the Game ပြင်ဆင်ရေးအတွက် သုံးသပ်ဆင်ခြင် ကြရာတွင် မည်သည့် ပြင်ဆင်ချက်က ထိပ်တန်းဦးစားပေး ဖြစ်သင့်သည်ဟူသော မဟာဗျူဟာသဘော ခြုံငုံစဉ်းစား သုံးသပ်ကြမှသာ ပြင်ဆင်ရန် ခက်ခဲလှသည်ဟူသော ညည်းတွားခြင်းများကို ကျော်လွှားနိုင်ပါမည့်အကြောင်း အလေးထား တင်ပြလိုက်ရပေသည်။

Credit To The Voice Weekly
Read More »

အများတကယ် နားလည်အောင်ရေးဖို့ လိုပြီ


(ဌေးအောင်ကို)

တစ်ခေတ်တစ်ခါက အချစ်ကဗျာ အချစ်စာကလွဲရင် အထူးသဖြင့် နိုင်ငံရေး ဆိုတာတွေ ပါလာရင် တွေးရ မေးရ ရေးရမှာ နိုင်ငံရေးဆိုတာ ကြောက်စရာ သတ္တဝါကြီးတစ်ကောင်အလား ရှောင်ကြ ရှားကြ ငါ့အကျိုးစီးပွား ထိပါးမှာစိုးကြနဲ့ ပြည်ထောင်စု ဆိုတာကြီးဟာ ပြည်နဲ့ထောင်နဲ့ စုထားသလို၊ အိမ်ထောင်စုဆိုတာ အိမ်နဲ့ထောင်နဲ့ စုထားသလို ခံစားမှုမျိုးတွေနဲ့အတူ မတွေးတာဘဲ ကောင်းတယ်။ မရေးတာဘဲ ကောင်းတယ်။ မမေးတာဘဲ ကောင်းတယ်ဆိုပြီး ဝေးဝေးရှောင်ကြတယ်။ ရှောင်လေ ဝေးဝေး နိုင်ငံရေး ခေတ်ကပေါ့။

ဒါပေမဲ့ အားလုံးတော့ လက်ရှောင်နေကြတာမဟုတ်။ တကယ်စာပေသစ္စာရှိသူ၊ နိုင်ငံချစ်သူ၊ စိတ်ဓာတ်ခိုင်မာသူ၊ တည်ကြည်သူ၊ သတ္တိရှိသူတွေကတော့ အဲဒီကြောက်စရာ နိုင်ငံရေး သတ္တဝါကြီး ဆိုတာကို ရင်ဆိုင်ယှဉ်ပြိုင်ရင်း၊ ကြံ့ကြံ့ခံရင်း စာပေတိုက်ပွဲတွေ ပါဝင်ဆင်နွှဲခဲ့ကြတယ်။

မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့်ရယ်လို့ မည်မည်ရရ ရှိခဲ့တာကလည်း ဖဆပလခေတ်ရယ်၊ အရေးအခင်းပြီးစ တစ်ခဏရယ်၊ မနေ့တစ်နေ့ ဒီကနေ့ရယ် ဒါလောက်ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ဒီကနေ့လွတ်လပ်ခွင့်အတွက် ဒီကနေ့အစိုးရကို ဒီနေရာကနေ ကျေးဇူးတင် ဝမ်းမြောက်ရပါတယ်။ ယနေ့မှစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ဆိုတာမျိုး ဆုတောင်းရသလို ဒီကနေ့ကစလို့ပဲ အမိ မြန်မာပြည်ရဲ့ မီဒီယာ လွတ်လပ်ခွင့် အဓွန့်ရှည်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

နိုင်ငံရေး ကင်းရှင်းရမည်ဆိုတဲ့ ခေတ်ကြီး ကုန်ဆုံးသွားတာတောင် ဘာကြာသေးလဲ။ ဒါတောင်မှ အရိပ်တွေ ကပ်ပါနေသေးလို့ လောင်းရိပ်တော့ မစင်သေး။ ကျွန်တော်ဖြင့်တော့ နိုင်ငံရေး ကင်းရှင်းရမည် ဆိုတာကြီးကို နားကိုမလည်နိုင်ပါ။ ကျွန်တော် နားလည်မိတာကတော့ နိုင်ငံဆိုတာ ရပ်တွေရွာတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်လို့ ရပ်ရေးရွာရေး မကင်းရင် နိုင်ငံရေးမကင်း ရပ်ရေးရွာရေးဆိုတာ နိုင်ငံရေး အသေးစားဖြစ်ပြီး နိုင်ငံရေးဆိုတာဟာ ရပ်ရေးရွာရေး အကြီးစားပဲဖြစ်တယ် ဆိုတာပါပဲ။

ဒီကနေ့ နိုင်ငံရေးစိတ်ဓာတ် အပြည့်ရှိတယ် ဆိုသူတွေဟာ ရပ်ရေးရွာရေး စိတ်ဓာတ်အပြည့်ရှိရုံမက ကျော်လွန်နေသူတွေ၊ သာလွန်နေသူတွေမို့ မိမိတို့ရပ်ရွာမှာတင်မက နိုင်ငံတစ်ဝန်းလုံးကကို အုတ်အော်သောင်းတင်း ကြိုဆိုထောက်ခံနေကြတဲ့ မြင်ကွင်းတွေကို အားလုံးတွေ့မြင်နိုင်ပါတယ်။ ကိုယ့်နိုင်ငံအရေးထိ မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်သူကိုတော့ အားပေးသင့် ဂုဏ်ပြုသင့်ပါတယ်။ ဒါပြည်သူ့ တာဝန်ပဲလို့ မြင်ပါတယ်။

အရေးကြီးတာကတော့ လုပ်မစားတဲ့လူ၊ ပြည်သူကို အထင်မသေးတဲ့လူ၊ ပြည့်အကျိုး ကြည့်တတ်မြင်တတ်သူ၊ အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်နိုင်သူ ဖြစ်ဖို့ပါပဲ။

စာရေးဆရာ လောကမှာလည်း စာဖတ်သူကို အထင်သေးတတ်တဲ့ စာရေးသူတွေ ရှိပါတယ်။ အထူးသဖြင့် အာဏာရှင် ခေတ်စနစ်တွေမှာ အာဏာရှင်အလိုကျ ဘုန်းတော်တွေ ဖွဲ့ပြသလောက် မလိုသူကျတော့ ရစရာမရှိအောင် မှိုချိုးမျှစ်ချိုးရေး၊ ကလောင်နာမည် ကလေးကလားတွေ ပေးပြီး ပြည်သူကို မလေးစားသူတွေပါပဲ။ စာပေကင်ပေတိုင်လို့ လူသိများတဲ့ စာပေစိစစ်ရေးဟာ ဒီလိုစာပေမျိုးကိုတော့ အထူးအခွင့်အရေး ပေးထားပါတယ်။ စိစစ်ရေးမရှိတော့တဲ့ နောက်ပိုင်း အချိန်ကာလတွေမှာတော့ ဒီစာရေးဆရာ ဆိုသူတွေဟာ ကြက်ပျောက် ငှက်ပျောက် ဆိုသလို ဘယ်စာနယ်ဇင်းပေါ်မှာမှ မတွေ့ရတော့။

ဒီကနေ့ ခေတ်ပြိုင် ကလောင်ရှင်များကိုတော့ ကလောင်နုသည်ဖြစ်စေ၊ ရင့်သည်ဖြစ်စေ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စေတနာတွေကို စာနယ်ဇင်း စာမျက်နှာများပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ သတင်းကလောင် ရင့်မာကြီးတစ်ယောက် ဝေဖန်ပြတာကို ပြောရရင် စာရေးသူတချို့ဟာ အပေါ်က ဆင်ဆာမရှိတော့ပေမယ့်လည်း မရဲတရဲ ရေးသားကာ ကိုယ့်စာကိုယ် ဆင်ဆာဖြတ် နေဆဲပဲတဲ့။ ဒီလိုတွေလည်း ရှိနေမှာပါပဲ။ ယေဘုယျ သဘောအားဖြင့်တော့ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ကို ဆုပ်ကိုင်ထားနိုင်ပြီလို့တော့ ဆိုနိုင်ပါတယ်။

တစ်ချိန်က စိစစ်ရေးကိုလည်း ဖြတ်သန်းနိုင်အောင် ကိုယ်ပေးချင်တဲ့ သတင်းစကား ပြည်သူလည်း ကြားနိုင်အောင် ကဗျာနဲ့တစ်ဖုံ၊ စာနဲ့တစ်မျိုး ပုန်းလျှိုးကွယ်လျှိုး အရေးအသားမျိုးနဲ့ စကားလုံးကို အနုပညာဖုံးသီကုံး ရေးသားခဲ့ကြပြီး ဆင်ဆာက မသိလိုက်တော့ လွတ်ထွက်လာ၊ နောက်တော့မှ ပြန်ပြီး အရေးယူခံရတာမျိုးလည်း ရှိပါတယ်။

ယခုတော့ ယခင်ရေးဟန်အတိုင်း မပြောင်းမလဲ ရေးသားနေသူများ ရှိသလိုပဲ သတင်းကလောင် ရေးဟန်မှာမှ တုတ်ထိုးအိုးပေါက်လို့ နာမည်ပေါက်လောက်အောင် တည့် (ဒဲ့) ကလောင်တွေအထိ စာနယ်ဇင်းတွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ ဖဆပလခေတ်ကဆို အစိုးရခေါင်းဆောင်တစ်ဦးကို ‘ကျော်ငြိမ်း ငါ့ညီမင်းငယ်ပါသေးတယ် ဟဲဟဲဟဲ’ ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်တပ်ပြီး ရေးသားခဲ့ကြ ဖူးသလိုပါပဲ။ နောက်ဆုံးတော့ ဘယ်ကလောင်ဘယ်ပုံစံနဲ့ ရေးကြသည်ဖြစ်စေ ကြိုးစားအားထုတ်မှုနဲ့ စေတနာမှန်ဖို့ပဲ ပြောချင်ပါတယ်။

နောက်စာရေးဆရာ တစ်မျိုးကတော့ ပြည်သူနားမလည်အောင် ရေးတတ်တဲ့ စာရေးဆရာလို့ အပြောခံရတဲ့၊ ဖတ်လို့ နားမလည်ရတဲ့ ကြားထဲမှာ ဘိုသံပါဝင် နှောလိုက်သေးလို့ အဆိုခံရတဲ့ မိတ်ဆွေ တစ်ယောက်ကဆိုရင် သူများနားမလည်အောင်ရေးနိုင်မှ ကိုယ့်ကိုယ်ကိုယ် စာရေး ဆရာလို့ အထင်ရောက်နေလား မသိပါဘူးဗျာဆိုတဲ့ စာရေးဆရာ ဖြစ်ပါတယ်။

စာလေးမျိုးရှိရာမှာ လွယ်ကူအနှစ်မပါစာနဲ့ ခက်ခဲအနှစ်မပါစာ နှစ်မျိုးကတော့ မပြောလိုတော့ပါ။ လွယ်ကူအနှစ်ပါစာ အမျိုးအစားကတော့ အားလုံးနားလည်လွယ်ပြီး အနှစ်ပါရင် ပါသလောက် ထိရောက်မှုရှိတဲ့ လက်နက်တစ်ခု ဆိုတာကတော့ ငြင်းသူမရှိနိုင်ဘူး ထင်ပါတယ်။ နိုင်ငံရေးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းအမျိုးအစားတွေကို နမူနာ ပြနိုင်သလို စာပေမှာ ဆရာတင်မိုးတို့၊ ဆရာမင်းသုဝဏ်တို့ ရေးသားတဲ့ ကဗျာတွေကို လေ့လာသိရှိနိုင်ပါတယ်။

ခက်ခဲအနှစ်ပါ စာပေတွေလည်း မရှိမဖြစ် ရှိနေရမှာပါပဲ။ တစ်ခေတ်က ကဗျာဆရာ ဒေါင်းနွယ်ဆွေရဲ့ ကဗျာထဲမှာ တိမ်စိမ်းဆိုတဲ့ အသုံးအနှုန်း ပါလာတော့ ဆရာမောင်စွမ်းရည်က တိမ်စိမ်းမရှိကြောင်း ဝေဖန်ပါတယ်။ ဆရာဒေါင်းက သက်တန့်ရောင် မမြင်ဖူးတဲ့ လူလားလို့ မေးခွန်းထုတ် ခံရဖူးပါတယ်။ သူ့တန်ဖိုးနဲ့သူ ရှိနေတဲ့ စာပေတွေကိုတော့ ဝေဖန်မှာလည်း မဟုတ်သလို စာပေပညာရှင်ကြီးလည်း မဟုတ်ပါ။

နိုင်ငံအရေးနဲ့ ယှဉ်တွေးတဲ့အခါမှာတော့ အနှစ်လည်းပါသလို အားလုံးတတ်နိုင်သမျှ နားလည်သိရှိနိုင်တဲ့ အရေးအသားမျိုး ကျွန်တော်ကတော့ပိုပြီး လက်ခံကြိုဆိုမိမှာပါပဲ။

တကယ်ဆိုရင် စာရေးဆရာဆိုတာ တိုင်းပြည်က မွေးထုတ်လို့ မရပါဘူး။ ဆရာမောင်သာရက ရေးလက်ထက်လှတဲ့ မိုးမိုး (အင်းလျား) နဲ့ ပုတီးကုန်း မောင်စိန်ဝင်းတို့ကို ဝန်ထမ်းဘဝက ထွက်ဖို့၊ ဝန်ထမ်း တာဝန်က ကိုယ်မရှိလည်း နိုင်ငံတော်က မွေးထုတ်ပေးနိုင်ကြောင်း၊ စာရေးဆရာ ဆိုတာကတော့ တိုင်းပြည်က မွေးထုတ်လို့ မရနိုင်ကြောင်း ၁၉၉၀ ဝန်းကျင်က ပြောစကားကို သူ့ရဲ့ သာရမဂ္ဂဇင်းမှာ ဖတ်ရဖူးပါတယ်။

ပြောလက်စမို့ ဆရာမောင်သာရ ထူးခြားပုံကို ပြောရဦးမယ်။ သူ သာရမဂ္ဂဇင်း ထုတ်တော့ သူ့ကလောင်အုပ်စုကို ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းကို သူ့မဂ္ဂဇင်းရဲ့ အရေးပါတဲ့ စာမျက်နှာကို နေရာပေး ဖော်ပြတယ်။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် အခါခါ ကြိုက်သလို ဝေဖန်ခံနိုင်ရည်သတ္တိ အပြည့်ရှိတဲ့သူပါ။

သူ့လိုမဂ္ဂဇင်းမျိုး ကျွန်တော်မတွေ့ဖူးခဲ့။ နောက်လည်း တွေ့ဖို့မလွယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကလောင်လက်ကိုလည်း သူချီးမွမ်းတတ်သလို။ သူယုံကြည်သလိုလည်း ပြန်လည် ချေပတတ်သူမို့ သူ့မဂ္ဂဇင်းဟာ ရှင်းရှင်းသွက်သွက်နဲ့ ကျွန်တော်တို့ရဲ့ စာပေစားကျက်မြေတစ်ခု ဖြစ်နေပါတော့တယ်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ရေးလက်သွက်တဲ့ ထက်တဲ့တော်တဲ့ သူတွေကို စာရေးဆရာခေါ်ခေါ်၊ စာရေးသူပြောပြော အားလုံးအတွက် လက်ကမ်းကြိုပါတယ်။

ကျွန်တော်တို့ရော စာရေးဆရာလို့ အခေါ်ခံကြမလား တကယ်တော့ အခေါ်ခံရဖို့က အရေးမကြီး စာရေးနေသူဘဝနဲ့ လောကရဲ့နှိုင်းရ ဓမ္မတရားတွေကို ကြိုးစားဖော်ထုတ် နေနိုင်ဖို့၊ လူနဲ့လူ့လောကကို အကျိုးပြုတဲ့နေရာမှာ မီဒီယာကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်အနေ ပါဝင်နိုင်စေဖို့၊ မှန်ကန်မြန်ဆန် တဲ့ အပြောင်းအလဲတွေ တိုးတက်ဖြစ်ပေါ်ဖို့ရာမှာ ချက်ဆိုနွားခွက်က မီးတောက်ရမယ့် အခြေအနေ အချိန်အခါမျိုးမှာ ကိုယ်ပေးတဲ့သတင်း ချက်ချင်းသိရှိသွားနိုင်ဖို့၊ ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကားကို အများတကယ် နားလည်ဖို့သာ အဓိကပဲ မဟုတ်ပါလား။

Credit To The Voice Weekly
Read More »

အဂတိလား လာဘ်ပေးလာဘ်ယူလား


လွန်ခဲ့သောရက်ပိုင်းက သတင်းလေး  တစ်ခုကြောင့် သမ္မတကြီးဦးသိန်းစိန်ကို ကျွန်တောလှိုက်လှိုက်လှဲလှဲကျေးဇူးတင် မိပါတယ်။ အကြောင်းကတော့ လွှတ်တော် အဆင့်ဆင့်ကအတည်ပြုပြီး တင်ပြလာ တဲ့ “လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းကို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေ” အဖြစ်ပြင်ဆင်ရေးဆွဲဖို့သမ္မတ ကြီးကမှတ်ချက်ပြုခဲ့ကြောင်း သမ္မတကြီး ရဲ့ မှတ်ချက်အတိုင်းဆောင်ရွက်ရန် သဘောတူမတူပြည်ထောင်စုလွှတ်တော် မှာ မဲခွဲဆုံးဖြတ်ကြရာမှာ သမ္မတကြီးရဲ့ မှတ်ချက်အတိုင်းဆောင်ရွက်ဖို့သဘောတူ  တဲ့ လွှတ်တော်အမတ်တွေက (၂၉၁) မဲ၊ သဘောမတူတဲ့အမတ်တွေက (၂၀၁) မဲ ပေးလို့၊ သမ္မတကြီးရဲ့ မှတ်ချက်အတိုင်း ပြင်ဆင်လိုတဲ့ ဘက်ကအနိုင်ရသွားကြောင်း    အင်တာနက်သတင်းမှတ်စုတစ်ခုမှာတွေ့ လိုက်ရလို့ပဲဖြစ်ပါတယ်။
ကံကောင်းလို့ပေါဗျာ။ ပြဋ္ဌာန်းခါနီး နောက်ဆုံးအဆင့်နားရောက်နေပါပြီ။ သမ္မတကြီးကသာအမြော်အမြင်ကြီးစွာ ပြင်ဆင်ဖို့မှတ်ချက်မပြုခဲ့ရင်တော့ လာဘ် ပေးလာဘ်ယူမှုပပျောက်ရေးဥပဒေဟာ ဥပဒေသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းလာ လုဆဲဆဲပါ။ ဒီဥပဒေကြီးကို ကျွန်တော် ဘာကြောင့်ဘ၀င်မကျလဲဆိုရင် ဒီဥပဒေ သစ်ဟာ ၁၉၄၈ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ အဓိပ်္ပာယ်ကျယ်ဝန်းလှတဲ့ အဂတိလိုက် စားမှုတားမြစ်ရေးအက်ဥပဒေကိုကျော် လွန်ပယ်ဖျက်ပြီး အဂတိလိုက်စားမှုအမျိုး  အမည်များစွာထဲက အမျိုးအမည်ခွဲတစ်ခု သာဖြစ်တဲ့ လာဘ်ပေးလာဘ်ယူမှုတစ်မျိုး ကိုသာအရေးယူမည့်သဘောသက်ရောက်  နေလို့ပါ။ နောက်ထုတ်တဲ့ဥပဒေသစ်ဆို တာရှေးကဥပဒေဟောင်းထက်ပိုမိုကျယ် ၀န်းပြည့်စုံတိကျသင့်ပါတယ်။ မြန်မာ တိုင်းနားလည်တဲ့ မြန်မာစကားအဓိပ်္ပာယ်  အရကိုက (ဘယ်လိုဆင်ခြေပဲပေးပေး) အဂတိလိုက်စားမှုဆိုတာဟာအဓိပ္ပာယ် ကျယ်ဝန်းတယ်။ လာဘ်လာဘ၊ ငွေကြေး အပေးအယူပေါ်လွင်ထင်ရှားခြင်းမရှိသော် လည်း ပုဂ္ဂလိကနစ်နာအောင်၊ တိုင်းပြည် နဲ့ လူမျိုးအကြီးအကျယ်နစ်နာဆုံးရှုံး အောင်ဂတိတရား (၄) ပါးလိုက်စား ဆောင်ရွက်ကြတဲ့ အမှုတွေအများကြီးရှိ တယ်ဆိုတာမြန်မာလူမျိုးတိုင်းသိပါတယ်။ဒီအဂတိတရားလိုက်စားကျူးလွန်တဲ့ အမှုတွေကြောင့် ဌာနဆိုင်ရာ၊ တိုင်းပြည် နဲ့ လူမျိုးအကြီးအကျယ်နစ်နာဆုံးရှုံးသော် လည်း လာဘ်ပေးလာဘ်ယူမှုမပေါ်လွင် ရင်အရေးမယူတော့ဘူးလား။ ဒါဆိုရင် မူလရှိပြီးသားအဂတိလိုက်စားမှုတားမြစ် ရေးဥပဒေကို ပယ်ဖျက်ပြီး လာဘ်ပေး လာဘ်ယူမှုပပျောက်ရေးဥပဒေသစ်ထုတ်  ပြန်ခြင်အတွက် ပြည်သူလူထုမှာဘာအကျိုး  ပိုထူးလာမှာလဲ လို့မေးစရာရှိပါတယ်။
အဂတိတရား (၄) ပါးရှိပါတယ်။ လာဘ်ပေးလာဘ်ယူလုပ်မှ အဂတိလိုက် စားတာမဟုတ်ပါဘူး။ ဆန္ဒ (မလျော်ကန်  သောဆန္ဒ) ကြောင့်ဖြစ်စေ၊ ဒေါသ (မုန်း တီးအညှိုးထားမှု၊ ကြောက်ရွံ့မှု) ကြောင့် ဖြစ်စေ၊ ဘယာ (ဘေးအန္တရာယ်ကို ကြောက်ရွံ့မှု) ကြောင့်ဖြစ်စေ၊ မောဟ (တွေဝေမိုက်မဲမှု၊ ပေါ့လျော့မှု၊ အမှန်မသိ မှု) ကြောင့်ဖြစ်စေ၊ တာဝန်ရှိသူဟာလုပ် သင့်တာကိုမလုပ်လျှင် မလုပ်သင့်တာကို လုပ်လျှင် ဒါဟာအဂတိလိုက်စားတာပါပဲ။  ဥပမာအားဖြင့် သိန်းထောင်နှင့် ချီပြီး အမြတ်အစွန်းရမည့်စီမံကိန်းလုပ်ငန်းတစ် ခုကို ကျွမ်းကျင်ပြီးလုပ်ရည်ကိုင်ရည်ပြည့် စုံတဲ့ ခိုင်မာတဲ့ကုမ္ပဏီတွေကို အပြိုင်ဈေး ခေါ်ပြီး ယှဉ်ပြိုင်မခိုင်းဘဲ၊ ကိုယ့်ဆွေမျိုး ကိုယ်လုပ်ပိုင်ခွင့်ချထားပေးခြင်းမျိုးပေါ့။ လာဘ်ပေးလာဘ်ယူရှိချင်မှရှိမယ်။ မလျော်ကန်သောဆန္ဒဂတိနဲ့ လုပ်တာဖြစ်  လို့ အဲဒီလုပ်ငန်းမှာ နိုင်ငံတော်နဲ့ ပြည်သူ   လူထုဖြစ်စေ၊ ပုဂ္ဂလိကဖြစ်စေ၊ ထိခိုက် နစ်နာမှုရှိရင် ဒီဆုံးဖ်ြချက်ပေးသူ (Decision maker) ကို အရေးယူနိုင်တဲ့ ဥပဒေ   မရှိသင့်ဘူးလားခင်ဗျာ။ လာဘ်ပေးလာဘ် ယူလုပ်မှ ပေါ်ပေါက်အရေးယူရတောမှာ လားလို့မေးရမှာပါ။ အလားတူ အလားတူ လာဘ်ပေးလာဘ်ယူမပေါ်လွင်တဲ့ အဂတိ   လိုက်စားမှုတွေကြောင့် တိုင်းပြည်နစ်နာ နေတာတွေ၊ ယခုထိအစိုးရနဲ့ ပြည်သူ ကြားရှင်းမရ၊ ရှေ့တိုးမရနောက်ဆုတ်မရ  အကြပ်အတည်းတွေအများကြီးဖြစ်နေတာ  အားလုံးလည်းအသိပါ။ ဖြစ်ပြီးတာတွေ ကို မပြောလိုပေမဲ့ဥပဒေသစ်တစ်ရပ်ထုတ်  ပြန်မယ်ဆိုရင်၊ ဒါတွေကို တားမြစ်နိုင်မဲ့ ဥပဒေမျိုးဖောက်ဖျက်ရင်အရေးယူဖို့ဘောင်  ၀င်တဲ့ဥပဒေမျိုးဖြစ်သင့်တယ်လို့ထင်ပါ တယ်။
လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူတို့တင်ပြအကြံ တောင်းတဲ့ ကာလကကျွန်တော်အကြံပြု   ဖူးပါတယ်။ Hot News ဂျာနယ်မှာ ဒီကိစ္စတွေသုံးသပ်အကြံပြုရေးသား ခဲ့ပါတယ်။ သို့သော် လွှတ်တော် အဆင့်ဆင့်က Media တွေမှာပါတဲ့ ပြည်သူ့အသံကိုထည့်စဉ်းစားလား။ မစဉ်း စားလားမသိပါ။ လွှတ်တော်အဆင့်ဆင့်  မှာ “လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေ” အမည်နဲ့ပဲအတည်ပြုကြတာတွေ့  တော့ “ကျားကျားမီးယပ်ပုံစံအတိုင်းပဲဆို ပြီး ဆက်မရေးတော့ပါဘူး။
နောက်ဆုံးသမ္မတကြီးထံတင်ပြတော့ မှ သမ္မတကြီးက အမြော်အမြင်ကြီးစွာ ပြင်ဆင်ပေးလိုက်သလို၊ သမ္မတကြီးကို ထောက်ခံပေးကြတဲ့ ပြည်ထောင်စု လွှတ်တော်အမတ်တွေကလည်းဆုံးဖြတ်  ချက်မှန်လှတဲ့အတွက် ချီးကျူးဂုဏ်ပြု လိုက်ပါတယ်။ တကယ်တော့ ဥပဒေသစ်  တွေ ထုတ်တိုင်းကောင်းတာမဟုတ်ပါဘူး။  တရားဥပဒေစိုးမိုးရေးကို မလုပ်နိုင်သေး ဘဲနဲ့ ရှိရင်းစွဲဥပဒေပေါ်မှာ အပြစ်ဒဏ်  ထောင်ဒဏ်တွေတိုးမြင့်သက်မှတ်တိုင်းလဲ ဥပဒေစိုးမိုးရေးအားကောင်းမလာပါဘူး။ ဥပဒေသစ်ထုတ်မယ်ဆိုရင် ဒီဥပဒေဖောက်  ဖျက်သူတိုင်းကို တစ်ယောက်မှ မလွတ် စေဘဲ ညီညီမျှမျှဥပဒေနဲ့ အညီအရေး ယူနိုင်မှ ဒီလိုအရေးယူနိုင်အောင်လက် တွေ့ကျတဲ့ Action Plan လုပ်ငန်းစီမံချက်   လုပ်ထုံးလုပ်နည်း၊ လိုက်နာရမဲ့ဝန်ထမ်းကျင့်  ၀တ် Code of Conduct၊ ဒီကျင့်ဝတ် ဖောက်ဖျက်ရင်ဥပဒေအရအရေးယူနိုင် အောင်တွဲဖက်ပေးတဲ့ အမိန့်ကြော်ငြာစာ နည်းဥပဒေစတာတွေ ပြည့်ပြည့်စုံစုံပါမှ ဥပဒေကောင်းတစ်ရပ်ဖြစ်မှာပါ။
လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး  ဥပဒေကြမ်းမှာ အခြားကြီးစွာသောအား နည်းချက်တစ်ရပ်ကိုလည်းတွေ့ရပါတယ်။  ဒီဥပဒေတစ်ရပ်လုံးကိုတာဝန်ယူလုပ်ဆောင်  ရမည့်။ ဗဟိုအာဏာပိုင်အဖွဲ့အစည်းအဖြစ် “ကော်မရှင်” ကို ဖွဲ့စည်းထားရှိခြင်းပါပဲ။ မြန်မာနိုင်ငံအနေနဲ့ ၂.၁၂.၂၀၀၅ နေ့ ကပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ The UnitedNations Convemtion Against Corruption မှာ အဖွဲ့ဝင်နိုင်ငံတွေကို “ပြည်တွင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေတွေရေးဆွဲရင်တတ်နိုင်သမျှ ဗဟိုချုပ်ကိုင်မှုကို ရှောင်ရှားရမည်” လို့ အကြံပြုထားပါတယ်။ ယခုဥပဒေမှာ  “ကော်မရှင်” သည် ဗဟိုအာဏာပိုင်ဖြစ် ပါတယ်။ ဒီဥပဒေနှင့် ပတ်သက်၍ဆောင် ရွက်သမျှဟာ ကော်မရှင်ရဲ့ဆုံးဖြတ်ချက် နဲ့ ဆောင်ရွက်ရမည်လို့ပြဋ္ဌာန်းပါရှိပါ တယ်။
ဒီလိုသီးသန့်ကော်မရှင်လက်ထဲသို့ ၀ကွက်အပ်ထားပြီး ဥပဒေတစ်ခုလုံးကို ကော်မရှင်လက်ထဲသို့ဝကွက်အပ်ခြင်းမျိုး သည် မလုပ်မဖြစ်လိုအပ်လျှင်တောင်၊ သီးသန့်ဌာနဆိုင်ရာတစ်ခု၊ လုပ်ငန်း၊ ပညာရပ်တစ်ခုနှင့် သာသက်ဆိုင်တဲ့ (ပြည်သူတစ်ရပ်လုံးနဲ့ မသက်ဆိုင်တဲ့) ကိစ်္စရပ်မျိုးမှာ ပဲရှိသင့်ပါတယ်။ ဥပမာ ရွေးကောက်ပွဲကော်မရှင် (ရွေးကော်ပွဲ ကျင်းပရေး၊ လုပ်ငန်းသက်သက်နဲ့ပဲဆိုင် ပါတယ်။) ယခုလာဘ်ပေးလာဘယ်ယူမှု အဂတိလိုက်စားမှုဆိုတာက ပြည်သူအား လုံးနဲ့ ဆိုင်တယ်။ ပြည်သူတစ်ဦးချင်းသည်  တရားလို့နစ်နာသူဖြစ်နိုင်သလို၊ တရားခံ လည်းဖြစ်နိုင်တယ်။ တစ်နိုင်ငံလုံးနေရာ အနှံ့အလွှာအသီးသီးအဆင့်းအတန်အသီး သီးမှာဖြစ်ပွားနေတဲ့ ပြစ်မှုမျိုးပါ။
ဒီလိုကျယ်ပြန့်လှတဲ့ပြစ်မှုဆိုင်ရာဥပဒေ အမျိုးအစားဥပဒေတစ်ရပ်ကိုအဖွဲ့ဝင်(၁၅) ဦးသာပါတဲ့ ကော်မရှင်ကချုပ်ကိုင်အကောင်  အထည်ဖော်ရမယ်ဆိုလျှင်၊ ဆုံးဖြတ်ပေးရ မည်ဆိုလျှင် “မဗေဒါရေခပ်သလို” အချိန် ကြန့်ကြာ အရာမရောက်ဖြစ်ပြီးကျူးလွန် သူတိုင်းကို အရေးယူရန်မဖြစ်နိုင်သည့် အပြင်မျှတမှုရှိရန်အောင်ခဲပြီး၊Rule of Law စိုးမိုးရေးအတွက်အဟန့်အတားဖြစ် နိုင်ကြောင်း သုံးသပ်မိပါသည်။
Credit To Hot News Journal 

ဇောင်မင်းဝင်း (ဥပဒေ)
Read More »

နာယကသစ်နှင့် လပေါင်း ၃၀


  ရေးသားသူ- အိဖြူလွင်

နေပြည်တော်လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား မကြာမီကာလအတွင်း အားပြိုင်မှုများပိုမိုအားကောင်းလာနိုင်သကဲ့သို့ ဥပဒေပြု ရေးအပါအ၀င် နိုင်ငံအတွက် အရေးတကြီးဆုံးဖြတ်ရမည့်ကိစ္စ များနှောင့်နှေးလာနိုင်သည်။

သြဂုတ်လ ၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၏နာယက တာဝန်ကို တပ်မတော်အစိုးရလက်ထက်က နံပါတ်သုံးခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခုပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဖြစ်သည့် သူရဦးရွှေမန်းက လက်ရှိပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ထံမှ အလှည့်ကျတာဝန်လွှဲပြောင်းယူ တော့မည်ဖြစ်သည်။

လွှတ်တော်သက်တမ်းတစ်ခု စတင်သည့်နေ့မှ လပေါင်း ၃၀ ပြည့်မြောက်သည့်နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယ နာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်ဖြစ်ပြီး ကျန်သက်တမ်း ကာလအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟူ၍ အခြေခံဥပဒေကပြဋ္ဌာန်းထားချက်အရ သူရဦးရွှေမန်းကတာဝန်လွှဲ ပြောင်းယူခြင်းဖြစ်သည်။

နယကအသစ် သူရဦးရွှေမန်းကိုမူ လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အကြိတ်အနယ်ဆွေးနွေး ခွင့်ရရှိလာအောင် လမ်းဖွင့်ပေး
မည်ယူဆသဖြင့် လွှတ်တော်တွင်းပို၍မြိုင်ဆိုင်လာမည်ဟု ထင်မြင်ကြောင်းလည်း လွှတ်တော်ကိုယ် စားလှယ်များက သုံးသပ်ကြသည်။

ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်အစိုးရတို့အကြား အကြိတ်အနယ်ဖြစ်မှုများသည် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်တွင် ပိုမိုများပြားသဖြင့် သူရဦးရွှေမန်းသာ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူရပါက အစိုးရနှင့် လွှတ်တော်ကြားတင်းမာမှုပိုလာနိုင်မည်ဟု လွှတ်တော်ကိုယ်စား လှယ်များနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြခြင်းဖြစ်သည်။

ဥပမာအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ကို ဆက်သွယ်ရေးဥပဒေထွက်လာပြီးမှ သာခွင့်ပြုရန် ဆက်သွယ်ရေးတင် ဒါအောင်မြင်သည့်ကုမ္ပဏီများကို ကြေညာရန် တစ်ရက်အလိုမှ ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီး အစိုးရအဖွဲ့သို့ သ၀ဏ် လွှာပို့ခဲ့သဖြင့် ဆက်သွယ်ရေးလောကတွင် လှုပ်ခတ်သွားခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် အစိုးရက လွှတ်တော်သို့ လာ ရောက်ရှင်းလင်းရခြင်းများရှိခဲ့သည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် ယခင်တပ်မတော် အစိုးရကချမှတ်ပေးထားသည့် အစီအစဉ်အတိုင်းသာ နေရာများရှိနေခြင်းက တပ်မတော်အစိုးရ လက်ထက်တွင် နံပါတ် ၃ခေါင်း ဆောင်ဖြစ်ခဲ့သော သူရဦးရွှေမန်းနှင့် နံပါတ် ၄ ခေါင်းဆောင်ဖြစ် သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ကြားတွင် လက်ရှိအနေအ ထားပေါ် အာဏာပြိုင်ဆိုင်မှုများရှိနေခြင်းဟု နိုင်ငံရေးစောင့်ကြည့် သူများကဆိုသည်။

“သူရဦးရွှေမန်းဥက္ကဋ္ဌဖြစ်လာရင် အစိုးရအဖွဲ့ကို လွှတ်တော်ကနေ ဦးဆောင်သွားမလားဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေအရတော့ သမ္မတသည် အမြင့်ဆုံးပဲ။ လွှတ်တော်ကသ၀ဏ်လွှာပို့တာပဲရမယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံကို ဦးဆောင်နေတာ သမ္မတပဲ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကပြောသည်။

ထို့နောက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကပင်လွှတ်တော် နှင့်အစိုးရအဖွဲ့ကြား ပြဿနာတက်နိုင်သည့် ပုံစံဖြစ်နေသည်ဟုလည်း ဦးလှဆွေကဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုများနှင့် နွေးနွေး ထွေးထွေးဆက်ဆံသည်ကို နိုင်ငံသားတစ်ယောက်အနေဖြင့် ၀မ်း သာသော်လည်း အုပ်ချုပ်ရေးအစိုး ရအဖွဲ့နှင့်လည်း အပြုသဘော ဆောင်သော စောင့်ကြည့်ထိန်းညှိ ခြင်းသာဖြစ်စေချင်သည်ဟု မြန် မာ့နိုင်ငံရေးကို လေ့လာသူတစ်ဦး ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စွာမြင့်က ပြောကြားသည်။

ဒီမိုကရေစီစနစ်အရ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့သည် အပြန်အလှန်ထိန်းကျောင်းရမည်ဖြစ်သော်လည်း အချို့ကိစ္စများတွင် ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့မှတင်ပြသည့် အကြောင်းအရာအတော်များများကို ကန့်ကွက်ခဲ့ခြင်းမျိုးတွေ့နေရသဖြင့် လွှတ်တော်နှင့်အစိုးရကြား တင်းမာနေလျှင် နိုင်ငံတိုးတက်မှုနှောင့်နှေးနိုင်သည်ဟု စိတ်ပူမိကြောင်း ဦးကျော်စွာမြင့်က ၄င်း၏ယူဆချက်ကို ပြောကြားခဲ့သည်။

သူရဦးရွှေမန်းအနေဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိန်းကျောင်းရမည်ဖြစ်သော်လည်း အပြုသဘောမဆောင်သည့် ပြစ်တင်ဝေဖန်မှုမျိုး ဖြစ်လာပါက နိုင်ငံ၏ဥပဒေပြုရေး ကိစ္စများ၊ အရေးတကြီးဆုံးဖြတ်ရမည့်ကိစ္စများ နှောင့်နှေးနိုင်သည်ဟု လွှတ်တော်ပြင်ပရှိ စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်နေကြသည်။

“ဒီနေ့လုပ်နေတာတွေက အစိုးရနဲ့လွှတ်တော်ပဋိပက္ခ အသွင် ဆောင်တာတော့မဟုတ်ဘူး။သဘောထားချင်းတော့ တူချင်မှတူမယ်။ ဒါသဘာဝပဲ။ အစိုးရနဲ့လွှတ်တော်နဲ့ သဘောထား တစ်ထပ်တည်းတော့မဖြစ်နိုင်ဘူး”ဟု အကြိတ်အနယ်ဖြစ်မှုများပေါ် သူရဦးရွှေမန်းက မီဒီယာများကိုပြောကြားခဲ့သည်။

လွှတ်တော်က အစိုးရကို ထိန်းညှိရသည်ဆိုသည်မှာ မှန်သော်လည်း ဥပဒေပြုသည့်သူများ၏ သုံးသပ်ဆုံးဖြတ်ချက်များသည် မှန်သည်ဟုပဲမပြောနိုင်၍ ငါဥပဒေပြုသူပဲဆို၍ ဆုံးဖြတ်ပါက လွှတ်တော်ဘက်က မာလာနိုင်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

“သူရဦးရွှေမန်းနာယကဖြစ်လာရင် အပြောင်းအလဲက ဘာတွေဖြစ်လာမလဲဆိုတာကို မသိနိုင်ဘူး။ အခုဦးရွှေမန်းလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်မယ့်ကော်မတီရှိတယ်။ ဒါက ဥပဒေပြင်ဆင်ရေးကို ဘယ်လောက်ထိလုပ်နိုင်မလဲဆို တာတော့ကြည့်ရမယ်။ ကျန်တာကတော့ ဒီကျန်တဲ့ ၂ နှစ်ခွဲမှာ အေး ချမ်းတဲ့၊ ပြည့်ဝတဲ့အပြောင်းအလဲ တွေကိုပဲ လိုလားပါတယ်” ဟုလည်း မြန်မာနိုင်ငံ၏ စီးပွားလုပ်ငန်းအုပ်စုကြီးများတွင် တစ်ခု အပါအ၀င်ဖြစ်သည့် ဧဒင်အုပ်စု ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်းပြောကြားသည်။

သူရဦးရွှေမန်းက နာယက တာဝန်အလှည့်ကျယူခြင်းက သဘောထားကွဲလွဲမှုအချို့ရှိသည်ဟု ယူဆနေကြသည့် နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့၏ အားပြိုင်မှုကြားတွင် ဥပဒေပြုဖြစ်စဉ်များနှင့် နိုင်ငံ အတွက်အရေးကြီးသောလွှတ်တော်၏ အတည်ပြုချက်လိုအပ်သည့် လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာမည်ကို လွှတ်တော်ပြင်ပအသိုက်အ၀န်းများက စိုးရိမ်နေကြခြင်းဖြစ်သည်။

Credit To 7Day News Journal
Read More »

ဆီးဖြူဖန်ခါးလို ငုံထားမတတ်ပေမယ့် မယုံစားအပ်ပါပြီ


ရေးသားသူ- မောင်သာချို

(တစ်)
နည်းပညာရပ်တို့ တစ်ဟုန်းတိုး ပွင့်အန်ပေါက်ကွဲထွက်လာခြင်းနှင့်အတူ တစ်ချိန်က ဆိတ်ကွယ်ရာဟု ထင်ထားခဲ့သော အရာတို့ကို မှောက်လှန်သွန်ချဖွင့်ဟပြသနိုင်လာသဖြင့် တစ်ကိုယ်ရေစာဘ၀များကအစ မလုံမခြုံဖြစ်လာသော ကမ္ဘာကြီးတွင် မကြားရဲစရာ၊ မမြင်ဝံ့စရာ အသံများ ၊ အရုပ်များကို ကျွန်တော်တို့ နိုင်ငံ၌ ကြားခဲ့ကြရ၊ မြင်ခဲ့ကြရပြီဖြစ်ကြောင်း လူတိုင်းနီးပါးအသိပင်ဖြစ်ပါသည်။

ဓာတ်ပုံခေတ်တုန်းကလည်း ဓာတ်ပုံခေတ်အလျောက်လင်ခန်း မယားခန်းဓာတ်ပုံတို့ ထွက်ထွက်လာတတ်ကြပါသည်။ တိတ်ခွေ ခေတ်ကိုရောက်တော့ တိတ်ခွေတွေထဲကနေ ကိုယ့်နားကိုတောင် ကိုယ်မယုံကြည်ရဲလောက်စရာ အသံဗလံများစွာက နားရှိသဖြင့် ကြားခဲ့ရပြန်ပါသည်။ တယ်လီဖုန်းတွေခေတ်ကောင်းတော့ တယ်လီဖုန်းထဲက အပြန်အလှန်ပြောကြသည့် အယုတ္တ အနတ္တအသံများကို တိပ်ခွေဖြင့် ပြန်ကူးထားသော ဒိုင်ယာလော့ဂ် (Dialogue)များကို ကြောက်ခမန်းလိလိနားသောတဆင်ကြရပြန်ပါသည်။ CD တွေ၊ VCD တွေ၊ DVD တွေ၊ EVD တွေရှေ့တန်းကို ရောက်လာစဉ်တွင် ကားခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လိင်အသားပေးဇာတ်လမ်းများ၌ပင် မရိုက်ရဲ၊ မရိုက်ဝံ့ကြသည့် ဇာတ်ဝင်ခန်းများကို အရုပ်အသံကြည်လင်ပြတ်သားစွာဖြင့် ရှုစားလာကြရပါတော့သည်။

Celebrity ခေါ် ထင်ပေါ်ကျော်ကြားသူများအတွက်ကဖြင့် ဆိုးသလား၊ ကောင်းသလားကျွန် တော်မပြောတတ်ပါ။ ဟဲ့အဲဒါ ဘယ်သူ့အသံဟဲ့၊ ဟောဗျာ ကြည့်စမ်းပါဦး၊ အဲဒါဘယ်သူပေါ့၊ အေး ဟယ်... ပက်စက်လိုက်တာစသည် စသည်ဖြင့် အံ့အံ့သြသြ
ကောက်ချက်ချသံများ၏ နောက်ကွယ်၌ စုတ်ပြတ်သွားသူတွေလည်းရှိ၊ ပို၍ပင်ဇာတာစန်းလဂ်တက်ကာဈေးကွက်အကြိုက်ဖြစ်
သွားသူတွေလည်းရှိသည်မှာကား အများအသိပင်ဖြစ်ပါသည်။ ခိုးကြောင်ခိုးဝှက်သမားတို့၏ လက်ချက်ဖြင့် (သို့မဟုတ်) ကိုယ်ကိုယ်
တိုင်က သိရှိခွင့်ပြုထားချက်များဖြင့် ထွက်လာကြသည်ဆိုလျှင်ကား သိပ်ပြဿနာ မရှိလှပါ။ သို့မဟုတ်ဘဲ ကိုယ်က ယုံမှတ်သဖြင့် ပုံအပ်မိသူကိုယ်တိုင်က နှစ်ကိုယ်သိကို အလိုရှိရာ သုံးကြပေတော့ဟု ဖြန့်ချိလိုက်ခဲ့လေသောအခါတွင်ကား . . .။ ဟယ်၊ ဟောဗျာ၊ မထင်ရဘူးနော် စသည်၊ စသည်၊ စသည်။

(နှစ်)
အခုကြေကွဲဖို့ကောင်းလာသည်က Celebrity ခေါ် ထင်ပေါ်ကျော်ကြားသူတို့၏ လောကမှသာ မကတော့ဘဲနှင့် ရပ်ထဲရွာထဲက သူလိုကိုယ်လိုလူတွေ၏ လင်ခန်းမယားခန်းများတွေပါ ရပ်ကွက်ထဲသို့ပျံနှံ့လာခြင်းဖြစ်ပါသည်။ ပန်းခြံများ၊ ရေကန်များကဲ့သို့အများ ပြည်သူခိုနားရာနေရာများ၌ ဖြစ်ချင်ရာ ဖြစ်နေသည့် စုံတွဲများကို အလွန်ဆွဲအားကောင်းသည့် တယ်လီ (Tele) ဖြင့် လှမ်းရိုက်ထားသည့် အခွေများသာမကတော့ဘဲ နောက်ပိုင်းတွင် တည်းခိုခန်းများ၊ ကာရာအိုကေခန်းများ၊ စာသင်ခန်းများထဲက ဇာတ်ဝင်ခန်းများကိုပါ ခိုးရိုက်၍ ဖြန့်ဝေသည့် အခွေများ လူထုထဲသို့ရောက်ရှိ၍လာပါသည်။

သမီးကလေးတွေ၊ ညီမကလေးတွေ၊ နှမကလေးတွေအတွက် အဖေတို့၊ အမေတို့၊ အစ်ကိုတို့၊ မောင်တို့ ဘယ်လိုမျက်နှာထားကြရပါ့။

(သုံး)
ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ဟုဆိုလျှင် မြန်မာနိုင်ငံက ပရိသတ်တော်တော်များများတို့ သဘောကျသည့် အနုပညာရှင်ဖြစ်ကြောင်း လူတိုင်းသိပါသည်။

"On the 6(Sixth)" ဟူသည့် သီချင်းခွေ၊ "This is me . . . . then" ဟူသည့် သီချင်းခွေတွေက နာမည်ကျော်အခွေတွေပဲ ဖြစ်ပါသည်။Shall we dance? ကကြမလားဟူသည့် ဇာတ်ကား Maid in Mahhattan မက်ဟန်တန်မြို့က ဟိုတယ်အလုပ်သမလေးဟူသည့်ဇာတ်ကား၊ Anaconda ဟူသည့် မြွေဇာတ်ကားများကို မြန်မာပရိသတ်တော်တော့ကို နှစ်ခြိုက်ပါသည်။ ထို့အပြင်ဂျနီဖာလိုပက် (Jennifer Lopez) က Wedding Planner ခေါ် မင်္ဂလာပွဲများ စီစဉ်ရာတွင်လည်း နာမည်ကျော်ပါသည်။

သူ့ပထမအိမ်ထောင်က အဆိုတော်ခရစ်ဂျဒ်။ ၂၀၀၃ ခုနှစ်၌ ကွဲပါသည်။ မာ့ဒ်အန်ထော်နီနှင့်က ၂၀၀၄ တွင်လက်ထပ်ပြီး ထပ်၍ ကွဲပြန်ပါသည်။ ထို့နောက် ထပ်မံ၍ လက်ဆက်သည်က အိုဂျာနီနိုအာ။

၁၉၉၇ ကတည်းက မိုင်ယာမီ (Miami) ကမ်းခြေတွင် စတင်သိကျွမ်းခဲ့ဖူးသူဖြစ်ပြီး တတိယမြောက်လက်ထပ်သူလည်း ဖြစ်ပါသည်။ ထိုအိမ်ထောင်ရေးကလည်း ၁၁ လသာ ပေါင်းသင်းလိုက်ရပြီး ပြိုကွဲပါသည်။ သည်အထိကျွန်တော်မအံ့သြပါ။

သို့သော် အိုဂျာနီနိုအာက လျော်ကြေးတောင်းသည်ဟု ဆိုသောအခါ ကျွန်တော်အံ့သြသွားပါသည်။ အမေရိကန်ဒေါ်လာ ငါးသိန်းဆိုပါလား။ များလိုက်တဲ့ ပိုက်ဆံတွေ။ မပေးခဲ့လျှင် . . .။ ဟုတ်ပါသည်၊ မပေးခဲ့လျှင် . . .။ ကြောက်စရာကောင်းသည့် မပေးခဲ့လျှင် . . .။ ယုတ်ကန်းစုတ်ပြတ်သည့် မပေးခဲ့လျှင် . . .။ အောက်တန်းကျသည့် မပေးခဲ့လျှင် . . .။ ယောက်ျားမဆန်သည့် မပေးခဲ့လျှင် . . .။ ဂျာနီဖာလိုပက်ဇ်နဲ့ အတူ ၁၁ လ ပေါင်းသင်းခဲ့စဉ်က လင်ခန်းမယားခန်းကိစ္စအ၀၀ကို တစ်တစ်ခွခွရေးပြီး စာအုပ်ထုတ်ဝေမည်ဆိုပါလား။ ယောက်ျားတစ်ယောက်ဆီမှာ သည်လောက် ညစ်စုတ်ပုပ်အက်နေတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေနိုင်သတဲ့လား။ အံ့သြပါရဲ့။

(လေး)
YMB သခင်တင်က သူ၏ အုံ့ပုန်းချစ်သီချင်းတစ်နေရာတွင် “ဆီးဖြူ ဖန်ခါးဆို ငုံ၍များတောင်ထားလိုက်ချင်ပါတယ်” ဟူ၍ ယောက်ျားတစ်ယောက်၏ မေတ္တာစိတ်ကို ဖွဲ့ခဲ့ဖူးပါသည်။

အခု၊ ဟိုအခွေ၊ သည်အခွေခေတ်ကြီးထဲမှာ အကြွင်းမဲ့ ယုံကြည်ဖို့ရာခက်ခဲလှပါပြီ။ ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ကို နိုအာက ငွေညှစ်သလို ငွေညှစ်လာကြရင် ဘယ်လိုရင်ဆိုင်ကြရပါ့။

ကျွန်တော်တို့၏ သမီးများ၊ ကျွန်တော်တို့၏ ညီမကလေးများ ဆင်ခြင်တုံတရားကြီးကြီးမားမားထားကာ ဆီးဖြူဖန်ခါးဆို ငုံ၍များ ပင်ထားချင်သည်ဆိုသူများကို အကြွင်းမဲ့မယုံကြည်အပ်သည့် နေ့ရက်များသို့ ရောက်ရှိလာပြီဆိုသည်ကို သဘောပေါက်ရမည့် ကမ္ဘာကြီးပါကလား။ ။

Credit To 7Day News Journal
Read More »

တော်လှန်ရေးမှ တည်ဆောက်ရေးသို့



(ပေါ်လင်းဦး)

အစိုးရသစ်နှင့်အတူ ယနေ့ နိုင်ငံရေးရေစီးကြောင်းဆိုင်ရာတွင် ထူးခြားမှုများ ရှိလာသည်မှာ သိသာလှသည်။ အထူးသဖြင့် လူထုအကြားရှိ ယနေ့ ဒီဘိတ်များက သိသာလှ၏။ လူထု အတွင်းတွင်ပင် အကြောင်းအရာတစ်ခု အပေါ်၌ အမြင်ကွဲပြားမှုများ ခပ်စိပ်စိပ် တွေ့လာရသည်။

မျိုးစောင့်ဥပဒေကြမ်း ကိစ္စတွင် အဆိုပါ ဒီဘိတ် ကိစ္စကို ကြီးကြီးကျယ်ကျယ် တွေ့ရသည်။ “ထောက်ခံသည်၊ မထောက်ခံသည်” မှာ လူထုထဲမှာပင် အသံစုံလှသည်။ လူထုထဲတွင်ပင် သဘောထား အမျိုးမျိုးဖြစ်နေသည်။ လက်ပံတောင်းတောင် ကိစ္စတွင်လည်း အလားတူပင် ဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာ ထွက်လာသည်နှင့် ထောက်ခံသူနှင့် မထောက်ခံသူတို့ ကွဲလေတော့သည်။ “၉၆၉ ကိစ္စ”တွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာများ အထဲတွင်ပင် လက်ခံသူနှင့် လက်မခံသူ ဟူ၍ ကွဲပြန် သည်။ အာဇာနည်နေ့ ရောက်ပြန်တော့ ဥသြ ဆွဲသင့်၊ မဆွဲသင့် ငြင်းခုံ ကြပြန်သည်။ အချို့က ဆွဲစေချင်သည်။ အချို့က ခေတ်ကာလသဘောအရ မဆွဲခြင်းကို လက်ခံသလိုရှိသည်။ ဥသြဆွဲမှ အာဇာနည်တွေကို ဂုဏ်ပြု သည်မဟုတ်။ အခြားသော နည်းလမ်းပေါင်းများစွာ ဖြင့်လည်း ဂုဏ်ပြုနိုင်သည်ဟု တစ်ဖက်ကဆိုကြသည်။ မေလှမြိုင်သီချင်းနှင့် ဥသြဆွဲသံတို့ မပါလျှင် အာဇာနည်နေ့ အတွက် ခံစားမှုရသမမြောက်။ မပြည့်စုံဟု အခြား တစ်ဖက်က ဆိုပြန်သည်။ ဆိုရလျှင် ယနေ့ခေတ်တွင် Public Debate တွေ များလာသည်မှာတော့ အမှန်ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ကား ခေါင်းစဉ်တစ်ခု ရောက်လာလျှင် လူထုမှာ နှစ်ခြမ်းကွဲကြရသလိုပင် ရှိတော့၏။ နောက်ထပ် ဘယ်ခေါင်းစဉ်များ ရောက်လာဦးမလဲ မသိ။ ဘယ်လောက်များ ကွဲကြဦးမလဲ မသိ။ ဘာတွေများ ငြင်းခုံရဦးမလဲ မသိ။ ဤသည်မှာ တိုက်ဆိုင်မှု သက်သက်လော (သို့မဟုတ်) နိုင်ငံရေး ရေစီးကြောင်း အသစ်တစ်ခုလော။ ဟုတ်ရော ဟုတ်သေးရဲ့လား။ အဘယ်ကြောင့်နည်း။ စိတ်ဝင်စားစရာ ဖြစ်သည်။

ယခင်ခေတ် များအရ လူထုတွင် ယနေ့ကဲ့သို့ ဒီဘိတ်ကြီးကြီးမားမား တို့မရှိ၊ ပြောခွင့်ပဲ မရခဲ့သောကြောင့်များလား မသိ။ ယခင်ခေတ်များတွင် အရေးကြီး Issue များရှိပါကလည်း လူထု၏သဘောများမှာ အကွဲကွဲအပြားပြား ဟူ၍ မသိသာလှ။ သဘောထား ကွဲခဲ့လျှင်လည်း အုပ်ချုပ်သူ လူတန်းစားနှင့်သာ ကွဲ၏။ သို့သော် ယခုကား ထိုသို့မဟုတ်တော့။ ယနေ့ ဒီဘိတ်တို့တွင် လူထုအတွင်း အချင်းချင်း ငြင်းကြ ခုံကြသလောက် အစိုးရကား ပရိသတ် သဘောပင်ဖြစ်နေ၏။

ဤသည်ကား ယနေ့ နိုင်ငံရေး ရေစီးကြောင်းများ၏ အတိတ်နှင့် မတူသော ထူးခြားမှုဟုပင် ပြောရမလိုရှိသည်။ အစိုးရကား ပါစရာလည်းမလို။ ပါလည်း မပါတော့။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကား လူထုကိုယ်တိုင် ဆုံးဖြတ်ရမည့်၊ ရွေးချယ်ရမည့်ခေတ်ဖြစ်သောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် လတ်တလော ဒီဘိတ်အရပ်ရပ် တို့သည် ပြောင်းလဲ လာသော နိုင်ငံရေး၏ ဝိသေသတစ်ရပ်သာ ဖြစ်၏။ လက်ရှိ နိုင်ငံရေး ရေစီးကြောင်း၏ သဘောသဘာဝပင် ဖြစ်၏။ ဤသည်မှာ ဒီမိုကရေစီသဘော သဘာဝပင် ဖြစ်၍ ပြဿနာတစ်ရပ်ဟု မဆိုသာလှ သော်လည်း ဒီမိုကရက် တစ်နည်းလမ်း တို့ဖြင့် ဖြေရှင်းနိုင်ရန်၊ အဖြေထုတ်နိုင်ရန်တော့ လိုသည်။
ဆိုရလျှင် ယနေ့ နိုင်ငံရေးရေစီးကြောင်းမှာ အသစ်ဖြစ်သည်ဟု ဆိုနိုင် သည်။ ဤနေရာတွင် ယနေ့ခေတ် သတိထားမိလာသော “တော်လှန်ရေးနှင့် တည်ဆောက်ရေး” ဟူသော စကားရပ်များကို ကိုးကားချင်သည်။ ထိုစကားရပ် များအရ ဆိုရလျှင် ယနေ့နိုင်ငံရေး ရေစီးကြောင်းမှာ “တည်ဆောက်ရေး” အဆင့်ဟုသာ ဆိုရမည်ဖြစ်သည်။ “တော်လှန်ရေး” အဆင့်မှာ ကျော်ခဲ့ပြီဖြစ် သည်။ နိုင်ငံရေး ရေစီးကြောင်းကား လုံးလုံးပြောင်းသွားခဲ့ပြီ ဖြစ်သည်။သို့ဖြစ်ရာ ယနေ့ မြင်တွေ့နေရသော ပြဿနာအရပ်ရပ်မှာ တည်ဆောက်ရေး အဆင့်တွင် ဖြစ်နိုင်ခြေရှိသော အခြေအနေအရပ်ရပ် တို့သာ ဖြစ်သည်။

အခြေခံလူထုဘက်မှ ကြည့်လျှင် မြန်မာလူထုသည် သမိုင်းနှင့်ချီ၍ “တော်လှန်ရေး” အသွင်အောက်တွင်သာ နေခဲ့ဖူးသလို ရှိသည်။ “တည်ဆောက်ရေး” အသွင်အောက်တွင် မနေခဲ့ဖူးသလောက် ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်တိုင် နိုင်ငံ့ရေးရာများတွင် ပါဝင်ခွင့်ရသည် ဆိုသည်မှာ ကာလအားဖြင့် ဘာမျှမကြာသေး။ ၂ နှစ်လိုလို၊ ၂ နှစ်ခွဲလိုလိုသာ ရှိသေးသည်။ သုံးနှစ်တောင် မပြည့်တတ်သေး။ ယနေ့ခေတ်တွင် မှသာ လူထုသည် “နိုင်ငံတည်ဆောက်ရေး” တွင် တာဝန်ရှိသည့် အနေအထားမျိုးဟု ပြောနိုင်သည်။ ဒီလိုအခြေအနေ ရောက်အောင်ပင် နှစ်ပေါင်းများစွာ တော်လှန်ရေး အဆင့်ကို ဖြတ်သန်းခဲ့ ရသည် ဖြစ်သည်။ သို့ဖြစ်၍ လူထု၏ နိုင်ငံရေးအတွေ့အကြုံ တော်တော် များများသည်ပင် တော်လှန်ရေးအခြေပြု ရှုမြင်ပုံတို့ ဖြစ်သည်။ သို့ဖြစ်ရာ တည်ဆောက်ရေးနှင့် ဆီလျော်သော ရှုမြင်ပုံ၊ တွေးတောပုံ၊ သုံးသပ်ပုံ၊ ခံယူပုံ တို့ အားနည်းရခြင်းမှာ မဆန်းဟု ဆိုနိုင်သည်။ အားလုံးကို မဆိုသာ သော်လည်း အချို့အချို့ တစ်ချက်တစ်ချက် ကျောစိမ့်စရာကောင်းအောင် ပြောနေကြဆဲ၊ တွေးနေကြဆဲ ၊ လုပ်နေကြဆဲဖြစ်သည်။ “သမဂ္ဂ” ဟု ခေါင်းစဉ်တပ် လိုက်သည်နှင့် ပြောတဲ့သူရော၊ ကြားတဲ့သူပါ အစိုးရဆန့်ကျင်ရေး ကိုသာ အဓိက ပြေးမြင်ကြသည်မှာ မသိစိတ်တွင် တော်လှန်ရေးအခြေပြု အတွေ့အကြုံ တို့၏ လွှမ်းမိုးမှုကို ပြသခြင်းဖြစ်သည်။

ယင်းပုံစံနှစ်မျိုးအား ပြဆိုရာတွင် ပုံမှန်အားဖြင့် တော်လှန်ရေးအဆင့်သည် ကနဦးအဆင့်ဖြစ်သည်။ တော်လှန်ရေးအဆင့် ပြီးဆုံးသည်နှင့် တည်ဆောက် ရေးအဆင့်သည် ကပ်လျက် လိုက်လာသည်။ ယင်းအသွင်သဏ္ဌာန် နှစ်မျိုး စလုံးမှာ မတူသောဝိသေသများ သီးခြားစီ ရှိကြသည်လည်း ဖြစ်သည်။ သို့ဖြစ်၍ တည်ဆောက်ရေးအဆင့်တွင် တော်လှန်ရေးအဆင့်မှ သီအိုရီများ အတိုင်း ထပ်တူပြုမူ၍ မရနိုင်ချေ။ နိုင်ငံရေးသမား ဟုဆိုသည့်တိုင် တော်လှန်ရေးသမားကောင်း တစ်ယောက်သည် တည်ဆောက်ရေးသမားကောင်း တစ်ဦး ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။

တော်လှန်ရေးအဆင့်တွင် သာမန်အားဖြင့် ဘုံရန်သူ ရှိကြသည်။ ယင်းကိုအကြောင်းပြု၍ စည်းရုံးရေးမှာ တကူးတကပင် လုပ်စရာမလို။ စုစည်းမှု လွယ်ကူသည်။ ဘာသာကွဲပြားမှု ၊ လူမျိုးကွဲပြားမှု၊ ဝါဒကွဲပြားမှုက အရေးမကြီးလှ။ ဘုံရန်သူကို တိုက်နိုင်ဖို့သာလိုသည်။ ဘယ်သူနှင့်မဆို ပေါင်းနိုင်သည်။ ပေါင်းလည်း ပေါင်းကြသည်။ ဘုံရန်သူဆိုသော ခေါင်းစဉ် အောက်တွင် အားလုံးသည် ပေါင်းစည်းသွားတတ်သည်။ သို့သော် ယင်း ပေါင်းစည်းမှုသည် ဘုံရန်သူကို ဖယ်ရှားရန်ဆိုသော အကြောင်းပြချက်ဖြင့် ယာယီသဘော စုစည်းမိခြင်းသာ ဖြစ်သည်။ ယင်းဘုံရန်သူ မရှိတော့သည့် နောက်ပိုင်း ယင်းစုစည်းမှုလည်း ပျက်ယွင်းတတ်သည့် သဘာဝရှိသည်။ တော်လှန်ရေး ပြီးသည့်နောက်ပိုင်း တည်ဆောက်ရေးသို့ ကူးပြောင်းသည့် အခါတွင် ရရှိထားသော စုစည်းမှုတို့မှာ တစ်စစီ ပြိုကွဲသွားတတ်သည့် သဘာဝရှိသည်။ ထိုအချိန်တွင် အမြော်အမြင် ကြီးပြီး သြဇာလည်းကြီးသော ခေါင်းဆောင်မှုမှာ ကမ္ဘာကြီးက နေတစ်စင်းကို လိုသလိုမျိုးအထိ လိုသည်။

မြန်မာ့လွတ်လပ်ရေး အတွက် လူမျိုးစုအသီးသီး စုပေါင်းကာ နယ်ချဲ့ကို တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် ဘုံရန်သူ မရှိတော့သည့် (လွတ်လပ်ရေးရပြီး) နောက်ပိုင်း သူတစ်လူငါတစ်မင်းဖြင့် အချင်းချင်း ဆော်ခဲ့ကြသော ပြည်တွင်းစစ်ကို ကြုံခဲ့ရသည်ဖြစ်သည်။ အကွဲအပြဲပေါင်းစုံကို မြင်တွေ့ရမည် ဖြစ်သည်။ ဤသည်မှာ တော်လှန်ရေးအလွန် တည်ဆောက်ရေး အစတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အကွဲအပြဲ ဇာတ်လမ်းတို့အတွက် ဥပမာဖြစ်သည်။ ထိုခေတ်ကာလအရ တော်လှန်ရေးအပြီး တည်ဆောက်ရေးအဝင်တွင် အမြော်အမြင်ကြီးပြီး သြဇာလည်းကြီးသော ခေါင်းဆောင်မျိုး မရှိတော့သည်မှာ မြန်မာ့နိုင်ငံ၏ ကံကြမ္မာပင်ဖြစ်သည်။ တစ်ဆက်တည်း ဆိုရလျှင် ထိုစဉ်က နိုင်ငံရေးသမား တော်တော်များများသည် လွတ်လပ်ရေးနောက်ပိုင်း နိုင်ငံတည်ဆောက် ရေးအတွက် အသင့်မဖြစ်ကြသည်မှာ နိုင်ငံအတွက် သာမန်ကံဆိုးမှု မဟုတ်ပေ။ တိုက်ရဲ၊ ခိုက်ရဲ၊ သေရဲ၊ ပြုရဲ၊ ထောင်ကျခံရဲခြင်း သည် တော်လှန်ရေးအဆင့် အတွက် ပဓာနအရည်အချင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ တည်ဆောက်ရေး အဆင့်အတွက် ပဓာနအရည်အချင်း မဟုတ်တော့ပေ။ ထိုမျှဖြင့် မလုံလောက် တော့ပေ။ ၄င်းအပြင် ယင်းတို့သည် အခန့်မသင့်လျှင် တည်ဆောက်ရေးအဆင့် တွင် အနှောင့်အယှက်ပင် ပြုနိုင်သေးသည်။

သို့ဖြစ်ရာ ယနေ့ကဲ့သို့ တည်ဆောက်ရေးခေတ်တွင် လိုက်နာရမည့် သီအိုရီနှင့် ဖြည့်ဆည်းရမည့် ဝမ်းစာတို့ ပို၍လိုအပ်လာသည်မှာ သေချာသည်။ ယင်းသီအိုရီနှင့် ဝမ်းစာကို ငြင်းဆန်သော တော်လှန်ရေးသမား တို့သည် ရယ်ဒီကယ် အစွန်းတွင် လက်သီးလက်မောင်း တန်းရင်း ကျန်ခဲ့ရမည်သာ ဖြစ်သည်။ ထိုထက်အရေးကြီးသည်မှာ လူထုအနေဖြင့် ထိုသူကို အိမ်ဦးခန်းတွင် နေရာမပေးမိရန် ဖြစ်သည်။ တော်လှန်ရေးအတွင်း ၄င်းတို့၏ ဆောင်ကြဉ်း ချက်များကို အသိအမှတ် ပြုသော်လည်း တည်ဆောက်ရေးတွင်ကား မဆီလျော် နိုင်သော အခြင်းအရာတို့ကြောင့် အားနာနာဖြင့်ပင် ချန်ထားခဲ့ရမည်ဖြစ် သည်။ အစိုးရဆန့်ကျင်ရေး အတွေးအခေါ်တို့သည် တော်လှန်ရေးကာလတွင် ပဓာန ကျနိုင်သော်လည်း တည်ဆောက်ရေးတွင် ထိုမျှဖြင့် မလုံလောက်တော့။ အပြစ်ပြောရုံ အပြင် အဖြေပါ ပြောနိုင်ဖို့လိုလာသည်။ အရာရာတွင် အပြုသဘော ဆောင်ခြင်းသည် ယနေ့ နိုင်ငံရေးပြဿနာဆိုင်ရာ အဖြေအရပ်ရပ်တို့၏ အခြေခံလိုအပ်ချက် ဖြစ်သည်။

တည်ဆောက်ရေး အဆင့်တွင် အမှန်လိုသည်မှာ နိုင်ငံတည်ဆောက်ရေးပညာ သာဖြစ်သည်။ နိုင်ငံရေးသိပံ္ပလည်း ပါသည်။ လူထုဆက်ဆံရေးပညာ လည်းပါသည်။ သမိုင်းလည်းပါသည်။ ပထဝီလည်းပါသည်။ နိုင်ငံရေး ဘောဂဗေဒလည်းပါသည်။ နိုင်ငံတကာ ဆက်ဆံရေးပညာလည်း ပါသည်။ ဥပဒေပညာလည်း ပါသည်။ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာပညာလည်း ပါသည်။ မိုက်ကရိုအီကိုနောမစ်လည်း ပါသည်။ ၄င်းတို့အပြင် နောက်ထပ်လိုသည်မှာ လစ်ဘရယ်စိတ်ရင်းအခံ ဖြစ်သည်။ ဆိုရလျှင် လက်ရုံးရည်ထက် နှလုံးရည်က ပိုလိုလာသည်။ ယင်းအချင်းအရာတို့သည် တည်ဆောက်ရေးနှင့် ဆီလျော်သော ဖြည့်ဆည်းအပ်သည်တို့ ဖြစ်သည်။

ဆိုလိုသည်မှာ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အတူ စိန်ခေါ်မှု အသစ်အဆန်းများ ရှိလာမည်မှာ သံသယဖြစ်စရာမလိုသော ကိစ္စဖြစ်သည်။ ယင်းပြဿနာများကို ဖြေရှင်းရာတွင် အံဝင်ခွင်ကျဖြစ်သော တုံ့ပြန်မှုပြုနိုင်ရန် သက်ဆိုင်ရာနယ်ပယ်မှ ပုဂ္ဂိုလ်အသီးသီးတွင်လည်း တည်ဆောက်ရေးနှင့် လျော်ညီသော အခြင်းအရာတို့ တစ်စုံတစ်ရာ ဖွံ့ဖြိုးထားရန်လိုသလို အရွေ့ဆိုင်ရာ မဟာဗျူဟာမြောက် အကြောင်းတရား တို့နှင့်လည်း မျက်ခြေမပြတ်ရန် လိုပေလိမ့်မည် ထင်ပါသည်။

Credit To The Voice Weekly
Read More »

အခြေခံဥပဒေ ဘာတွေပြင်မလဲ ဘယ်လိုပြင်မလဲ |ကျော်ဝင်း|



အခြေခံဥပဒေ
ဘာတွေပြင်မလဲ
ဘယ်လိုပြင်မလဲ
|ကျော်ဝင်း|
ချဉ်းကပ်ပုံနှစ်မျိုး

          အခြေခံဥပဒေ ကိစ္စတွင်သာမဟုတ်၊ နိုင်ငံရေးပြဿနာများနှင့်ပတ်သက်လျင်၊ ချဉ်းကပ်ပုံနှစ်မျိုးရှိသည် ဟု ရေဘူယျဆိုနိုင်ပါလိမ့်မည်။ ‘နှုန်းစံအခြေပြုချဉ်းကပ်နည်း’(Normative approach) နှင့် ‘လက်တွေ့အခြေပြု ချဉ်းကပ်နည်း’ (Pragmatic approach) တို့ဖြစ်သည်။
          နှုန်းစံအခြေပြုချဉ်းကပ်နည်းက၊ မိမိတန်ဖိုးထားရာစံနှုန်းများကိုအသေကိုင်သည်။ အဆိုပါစံနှုန်းနှင့် ကိုက်ညီလျင်၊ ထောက်ခံမည်၊ ကြိုဆိုမည်။ မကိုက်ညီလျင်ဆန့်ကျင်မည်၊ ကန့်ကွက်မည်။ လက်တွေ့ဖြစ်နိုင်ခြေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိချေ။လက်တွေ့အခြေပြုချဉ်းကပ်နည်းကမူ၊ မိမိတန်ဖိုးထားရာ စံနှုန်းများကို အသေမကိုင်၊ လုံးဝပြစ်ပယ်သည်တော့မဟုတ်။‘အနာဂတ်အမြင်’ (vision) အဖြစ် သဘောယူပြီး၊ လက်ရှိပကတိအရှိကို အခြေတည် စဉ်းစားသည်။ အလုပ်ထောင့်မှကြည့်၍ ဖြစ်နိုင်ခြေကိုရှာသည်။ မတူချေ။
          နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်လျင် ထောင့်အစေ့ဆုံး၊ စံကိုက်အကျဆုံးအဖြစ်၊ သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့ဖူးသည်မှာ၊ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြား၊ ဂျာမဏီ၏ ဝိုင်မာသမ္မတနိုင်ငံ အခြေခံဥပဒေဖြစ်ပါသည်။သို့နှင့်တိုင် ဤအခြေခံ ဥပဒေအောက်မှာပင် ‘ရွေးကောက် တင်မြှောက်ခံရသော အာဏာရှင်’(elected dictator) တစ်ယောက်ပေါ်ထွက်လာခဲ့သည်။ ဟစ်တလာ ဖြစ်ပါသည်။ ‘နှုန်း’ တွေ၊ ‘စံ’တွေအရ မည်မျှပင် ကောင်းမွန်ပါစေ.. ၊ လက်တွေ့ကျင့်သုံးပုံဟန်မကျလျင် ဖြစ်ချင်သလိုဖြစ်သွားနိုင်သည့်သာဓက … ။
          အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေမှာ၊ စတင်ခါစကအားနည်းချက်တွေ အတော်ရှိသည်။ တောင်ပိုင်းပြည်နယ်များ၏ အခြေခံဥပဒေမှာဆိုလျင်၊ ရက်စက်ကြမ်းကြုတ်သော‘ကျွန်စနစ်’ ကိုပင် ခွင့်ပြုထားသည်။ သို့တစေ ကျွမ်းကျွမ်းကျင်ကျင် ကျင့်သုံးပြီး၊ ပါးပါးနပ်နပ်ပြင်ဆင်နိုင်သောအခါ၊အကောင်းဆုံး အခြေခံဥပဒေတစ်ခုအဖြစ် အများက သိမှတ်လက်ခံနေရချေပြီ။ အခြေခံဥပဒေ တစ်ခုအနေနှင့်‘စံကျ’၊ ‘စံကိုက်’ မဟုတ်သည့်တိုင်၊ လက်တွေ့အလုပ်လုပ်ရင်း အမြှော်မြင်ရှိရှိ ပြုပြင်နိုင်လျင်၊အကောင်းဘက်သို့ ဦးတည်နိုင်သည့် သာဓက ။
၂၀၀၈ အခြေခံဥပဒေနှင့် တုန့်ပြန်မှုများ
          မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ၊ဒီမိုကရက်တစ်နှုန်းစံများအရ ကြည့်လျင်၊ ပြောစရာနှင့် ဆိုစရာချည်းဖြစ်ပါသည်။ ဤအဖြစ်ကို၂၀၁၀ ရွေးကောက်ပွဲဝင်၊ ဒီမိုကရက်တစ်ပါတီများ မသိ၍မဟုတ်။ ကောင်းကောင်းသိကြသည်သာဖြစ်သည်။သို့တစေ၊ သူတို့က၊ နှုန်းစံများဖြင့်မကြည့်။ အလုပ်ထောင့်မှကြည့်ပြီး ‘နိုင်ငံရေးအဖွင့်ကျားကွက်’(political opening) တစ်ခု သို့ ဦးတည်သွားနိုင်စရာရှိ သည်ဟု တွက်ဆသည်။ သို့အတွက် ရွေးကောက်ပွဲလမ်းကြောင်းကိုရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
          သို့နှင့်တိုင် ‘နိုင်ငံရေးဓလေ့’(political culture) မှာပင်၊ နှုန်းစံအစွဲကြီးသော၊ မြန်မာနိုင်ငံတွင် ဤအယူအဆနှင့် ဤအတွက်အချက်ကိုလူကြိုက်မများခဲ့ပါ။ ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) အပါအဝင်၊ နိုင်ငံရေးအင်အားစုတော်တော်များများက၊ ‘ရွေးကောက်ပွဲသပိတ်မှောက်ရေး’ ဖြင့် တုန့်ပြန် ခဲ့ကြသည်။ NLD က၊၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၍၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်၍၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကိုလက်မခံနိုင်၍ (အချက်သုံးချက်ကြောင့်) ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
          သို့တစေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ၊NLD ပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲသပိတ်မှောက်ရသည့် အကြောင်း ၃ ချက်အနက်၊၂ ချက်ရပြီဖြစ်၍၊ မရသေးသောကျန်တစ်ချက် (အခြေခံဥပဒေပြင်ဆင်ရေး) ကို လွှတ်တော်တွင်းမှဆောင်ရွက်နိုင်ရန်၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အမှန်စင်စစ်၊ရခဲ့ပြီဆိုသော ၂ ချက်ထဲမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ပြင်ပေးခဲ့သည်မှာကားအမှန်ပင်ဖြစ်သည်။ (အမှန်တော့၊ ပြင်မပေးလည်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်စေ့ခဲ့ပြီဖြစ်၍တားဆီးလို့ရတော့သည်မဟုတ်ပါ။)
          နောက်တစ်ချက်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုလိုက်ပြီ - ဆိုသည်ကိုမူ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့်ကိုကို(စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးဖြင့်သာဓက တင်သည်။ အဆိုပါ အင်တာဗျူးတွင်၊ ဦးခင်အောင်မြင့်က“၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလို့ပဲ၊ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင်ကြေငြာပေးခဲ့တာပေါ့ဗျာ”…စသဖြင့် ဖြေသွားခဲ့သည်။ (ဤမျှနှင့် - အမှန်တကယ်အသိအမှတ်ပြုရာ ရောက်ပါ၏လော… ၊ စဉ်းစားစရာ…။ ) ထားတော့။
          မည်သို့ပင်ရှိစေ၊ NLD ရွေးကောက်ပွဲလမ်းကြောင်းပေါ်ရောက်လာသည်မှာ၊မြန်မာ့ဒီမိုကရေစီရေး အတွက်၊ အလွန်အားကောင်းသော ဖြည့်ဆည်းမှုဖြစ်လာသည်မှာ အမှန်ပင်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ‘လက်တွေ့အခြေပြု ချဉ်းကပ်မှု’ ဘက်ရောက်လာသည်ဟု ဆိုချင်သည်။သူ့ဆောင်းပါးတစ်ပုဒ်မှ အသုံးအနှုံးအတိုင်းဆိုရလျင် ‘တော်လှန်ရေးလမ်းကြောင်း’ မှ ‘တည်ဆောက်ရေးလမ်းကြောင်း’ဘက်ရွေ့လာသည်ဟု သဘောရပါသည်။ လွှတ်တော်ထဲရောက်ပြီးနောက်ပိုင်းတွင်လည်း၊ ရွေးကောက်ပွဲမဲဆွယ်ကာလက ‘ကြွေးကျော်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေး’ ဆိုသည်ထက်၊ လက်တွေ့ဖြစ်နိုင်သည်များကိုဦးစားပေးဆောင်ရွက်လာသည်ကို တွေ့ရသည်။
၂၀၁၅ နိုင်ငံရေးအကျပ်အတည်း
          လက်တွေ့တွင်၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို စတင်အဆိုပြုတင်ပြလိုက်သည်မှာ၊အာဏာရပါတီဟု ဆိုနိုင်သော USDP ပါတီမှ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့တိုင်အောင်၊ဘာတွေပြင်မည်၊ ဘယ်လိုပြင်မည်ဆိုသည်ကိုကား သဲသဲကွဲကွဲမသိရသေးပါ။ ကော်မတီဖွဲ့ပြီး၊ လေ့လာသုံးသပ်ဆဲအဆင့်ဖြစ်ပါသည်။ မည်သူက အဆိုပြုတင်ပြသည်ဖြစ်စေ၊ အခြေခံဥပဒေကို အသေမကိုင်ဘဲ ပြင်သင့် ပြင်ထိုက်သည်များကိုပြင်ရမည်ဆိုသော၊ စဉ်းစားချက်ကိုမူ၊ ကြိုဆိုကြရပါလိမ့်မည်။ ပြောရလျင်၊ မည်သည့် အခြေခံဥပဒေမှ၊ရာနှုန်းပြည့် ပြီးပြည့်စုံသည်မရှိပါ။ လက်တွေ့ အလုပ်လုပ်ရင်း အဟန့်အတား အခက်အခဲများရှိလျင်၊ ပြင်ကြရမည်သာ ဖြစ်ပါသည်။
          စာရေးသူမှတ်မိသလောက်၊ နိုင်ငံတကာပညာရှင်များထဲမှ၊အခြေခံဥပဒေ ပြင်ဆင်ရေးကို ပထမဆုံး အဆိုပြုခဲ့သူမှာ၊ စတင်းဖို့ (ဒ) တက္ကသိုလ်မှ၊ ‘လာရီဒိုင်းမွန်း’ ဟုထင်သည်။ သူက၊ ၂၀၁၅ တွင် ကြုံတွေ့ ဖွယ်ရာရှိသည့် နိုင်ငံရေးအကျပ်အတည်းကိုထောက်ပြပြီး အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စဉ်းစားကြဖို့၊ သူ့ဆောင်းပါးတစ်ပုဒ်တွင် အကြံပြုခဲ့သည်။(၂၀၁၂ ခုနှစ် အောက်တိုဘာလထုတ်၊ Journal of Democracy ပါ ‘The Need for a PoliticalPact’ ဆောင်းပါး။ စာရေးသူဘာသာပြန်ပြီး)
သူ၏အလိုအရဆိုလျှင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရ၊၂၀၁၅ ရွေးကောက်ပွဲသာ၊ လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့လျင် NLD အပြတ်အသတ်အနိုင်ရဖို့ များလိမ့်မည်ဟုဆိုသည်။အကယ်၍ ဤအတိုင်း ဖြစ်ခဲ့လျင် ၁၉၉၀ ရွေးကောက်ပွဲ ကံကြမ္မာမျိုးမတိုးနိုင်ပါသလော - မေးခွန်းထုတ်သည်။၂၀၀၈ အခြေခံဥပဒေအရ၊ တပ်မတော်မှ အများစုနေရာ ယူထားသော၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက၊အရေးပေါ်အခြေအနေကြေငြာနိုင်သည့် အချက်ကိုလည်း ထောက်ပြသည်။ ဤအချက်များအရ၊ ဖြစ်ကောင်းဖြစ်လာနိုင်သည့်နိုင်ငံရေးအကျပ်အတည်း ကို ကျော်လွှားနိုင်ရန် အစိုးရအဖွဲ့မှ ‘သဘောထားပျော့ပြောင်းသူများ’(soft liners) နှင့် အတိုက်အခံဘက်မှ ‘အစွန်းမရောက်သူများ’ (moderates) အခြေခံဥပဒေကိုပြန်လည်ညှိနှိုင်းဆွေးနွေးကြဖို့ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။
          အဆိုပါဆောင်းပါးမှာပင်၊ ဆိုခဲ့ပါ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကိုရှောင်ရှားနိုင်ရေးအတွက် နည်းလမ်းတစ်သွယ်အဖြစ် ‘အချိုးကျကိုယ်စားပြုစနစ်’ (PR - စနစ်)ကျင့်သုံးဖို့ အဆိုပြုခဲ့သည်လည်းရှိသည်။ သို့နှင့်တိုင် NLD က PR စနစ်ကို လက်မခံနိုင်ဟုသတင်းများထွက်နေလေရာ၊ အကယ်၍ ဤသတင်းသာ မှန်ခဲ့လျင် PR စနစ်သည်ပင်လျင်၊ နောက်ထပ်အကျပ်အတည်းတစ်ခုဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ၊ ဒီမိုကရေစီအပြောင်းအလဲအတွက် နိုင်ငံရေးပဋိညဉ်တစ်ရပ် ပေါ်ထွက်လာစေရန်၊ နှစ်ဘက်သဘောထားပျော့ပြောင်းသူများကြား၊ ညှိနှိုင်းဆွေးနွေးအဖြေရှာကြပါ - ဆိုသော လာရီဒိုင်းမွန်း၏ အကြံပြုချက်မှာကား၊ လက်တွေ့ဖြစ်နိုင်ချေရှိလေမည်လားစဉ်းစားမိသည်။
အနည်းဆုံးညိလမ်းကြောင်း
          ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် (သူမ၏ အသုံးအနှုန်းအရ)တည်ဆောက်ရေးလမ်းကြောင်းသို့ သိသိသာသာ ရွေ့လာခြင်း၊ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၊ (အမြင်အရ) ဆက်ဆံရေး အထူးကောင်းမွန်နေခြင်း၊ထို့ထက် လက်ပံတောင်းကော်မရှင်အစီရင်ခံစာထွက်ခါစလောက်က၊ လျှံထွက်လာသော၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်ဝေဖန်ချက်တစ်ခုတွင်ပါသည့် “ဒေါ်စုက၊ သူသမ္မတဖြစ်ဖို့ စစ်ဗိုလ်တွေကို လိုက်လျောလွန်းနေတယ်”ဆိုသော စွပ်စွဲချက် …။ ဤအချက်များကို ဆက်စပ်စဉ်းစားကြည့်လိုက်သောအခါ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရ၊ လွှတ်တော်တာဝန်ရှိသူများကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိနေမည်လား -  တွေးစရာရှိသည်။ ပြောရလျင် ‘နားလည်မှု’ တစ်ခုခုပင်၊ရှိကောင်းရှိလေမည်လား (ကံသေ ကံမ မဟုတ်သည့်တိုင်) စဉ်းစားစရာရှိလာသည်။
          ဤနားလည်ချက်မှာ၊ ဘယ်အရာဖြစ်လိမ့်မည်ဆိုသည်ကို၊တိတိပပ မပြောနိုင်သည့်တိုင်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် ပတ်သက်ကောင်းပတ်သက်နိုင်ပါသည်။ဤသို့ ယူဆနိုင်လောက်သည့် သတင်းအချက်အလက်အချို့လည်း ရှိသလောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က၊ သမ္မတဖြစ်ဖို့ရည်မှန်းချက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလာခြင်း။ သမ္မတကလည်းပြည်သူလူထုလိုလားလျင်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်- ဆိုသည့် သဘောပြောဖူးခြင်း။မကြာသေးခင်ကပင်၊ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက်အခြေခံဥပဒေပါ၊ သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို ပြောင်းလဲပြင်ဆင်ဖို့ သဘောပြောဆိုလာခြင်း…စသည် များဖြစ်ပါသည်။
          အကယ်၍ ဤမှန်းဆချက်သာ မှန်ခဲ့လျင်၊ ၂၀၁၅ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား နိုင်စရာရှိ၍၊ ကြိုဆိုအပ်သည်ဟု သဘောရပါသည်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနှင့်နိုင်ငံရေးအာဏာ ရယူလိုသည်မှာ၊ လွန်စွာမှပင် သဘာဝကျသည်ဟု ယူဆသည်။ “တော်လှန်ရေး၏အဓိကပြဿနာမှာ၊အာဏာ” ဆိုသော ‘လီနင်’ ၏ စကားရှိသည်မဟုတ်ပါလော … ။ (ဤကိစ္စနှင့် ပတ်သက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်နေကြသူများမှာ လက်ဝဲနွယ်များဖြစ်၍၊ လီနင်ကို ကိုးကားရခြင်းဖြစ်ပါသည်။ ဤကား - စကားချပ်)
          ထို့ထက်၊ စာရေးသူအာရုံညွတ်သော အယူအဆ တစ်ရပ်ရှိသည်။Minilateralism ၊ ‘အနည်းဆုံးညှိလမ်းကြောင်း’ဆိုပါစို့။ အားလုံးပါဝင်ညှိနှိုင်းဆွေးနွေးကြသည့် Multilateralism မှာ သီအိုရီအရ ကောင်းပါ၏။လက်တွေ့အဖြေပေါ်ဖို့ သိပ်မလွယ်။ အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်မည့် လူပုဂ္ဂိုလ်အနည်းငယ်မျှ၊ညှိနှိုင်း ဆွေးနွေးအဖြေရှာကြသည့် Minilateralism ကသာ အလုပ်ဖြစ်လိမ့်မည် ဟုထင်သည်။ ဦးသိန်းစိန်၊ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် … ၊ သူတို့အချင်းချင်းနားလည်မှုဖြင့် အကျပ်အတည်းကိုကျော်နိုင်လျင်မကောင်းပါသလော … ။ ကောင်းသည်ဟုယုံသည်။
တိုင်းရင်းသား လူမျိုးစုများအရေး
          ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ၊ နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုများသာမက၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တစ်နည်း ပြည်တွင်းစစ်ရပ်စဲရေးပါအကျုံးဝင်သည့် သုံးပွင့်ဆိုင် အခင်းအကျင်းဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးလမ်းပြမြေပုံတစ်ခုလည်းချမှတ်ဖော်ထုတ်ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းပြမြေပုံ တတိယအဆင့်တွင်၊ လူမျိုးစု လက်နက်ကိုင်အင်အားစုများသာမက၊ဆက်စပ်ပတ်သက်သူ အားလုံးစုစည်းပြီး၊ ရေရှည်တည်တန့်ခိုင်မြဲမည့် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ရယူနိုင်သည်အထိ ကြိုးပမ်းမည်ဟုဆိုသည်။ ဤအဆင့်တွင် လိုအပ်ပါက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအထိပါဆွေးနွေးညှိနှိုင်းကြမည်ဟု လမ်းဖွင့်ထားပြီးဖြစ်ပါသည်။
          ယခုဆိုလျင်၊ ဒုတိယ အဆင့်စတင်နေပြီဖြစ်၍ ၂၀၁၅မတိုင်မီတတိယအဆင့်သို့ ရောက်ကောင်း ရောက်သွားနိုင်သည်။ အဆိုပါတတိယအဆင့်ဆွေးနွေးကြတော့မည်ဆိုလျင်၊စကားလုံး တစ္ဆေကြောင့် သော်လည်းကောင်း၊ အစိုးရိမ်လွန်မှုကြောင့်သော်လည်းကောင်း၊ ပြောခွင့်၊ဆိုခွင့်၊ ဆွေးနွေးခွင့်မရခဲ့သော ၊ ဖက်ဒရယ်စနစ်အကြောင်းကိုလည်း ပြောကြဆိုကြ ဆွေးနွေးကြရတော့မည်ဖြစ်သည်။၂၀၀၈ အခြေခံဥပဒေမှာ၊ ဖက်ဒရယ်သဘောများ အတော်အတန်ပါသော်လည်း အစိုးရ၏ပေးထားချက်သာဖြစ်လေရာ၊လူမျိုးစုများဘက်မှ၊ ဖြည့်စွက်၊ ပြင်ဆင်လိုသည်များ၊ သဘာဝကျစွာရှိလာနိုင်ပါသည်။
          လွှတ်တော်ကပြင်ဆင်မည့် အခြေခံဥပဒေတွင်၊ တိုင်းရင်းသားလူမျိုးစုများအရေးနှင့်ဆက်စပ်နေသောအချက်များ (ဥပမာ - ဇယား ၁၊ ၂၊ ၃ နှင့် ၅) ပါမပါ မသိရသေးပါ။ အကယ်၍ ဤအချက်များကို ပြင်ဆင်မည်ဆိုလျင်ငြိမ်းချမ်းရေးလမ်းပြမြေပုံအဆင့် ၃ နှင့် ဆက်စပ်ဆောင်ရွက်ဖို့လိုမည်ထင်ပါသည်။ ဤသို့မဆက်စပ်ဘဲ၊သီးခြားဆောင်ရွက်မည်ဆိုပါက၊ လွှတ်တော်မှ အတည်ပြုပြဌန်းလိုက်သော ပြင်ဆင်ချက် ဖြစ်လျင်သော်မှ၊အများလက်ခံနိုင်မည့်အဖြေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အကြောင်းမူ၊ ယနေ့တည်ဆဲ လွှတ်တော်တွင်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှ မှတ်ပုံတင်ကြသော နိုင်ငံရေးပါတီများ မပါကြသေးသလို၊လူမျိုးစုလက်နက်ကိုင်အဖွဲ့များလည်း မပါသေးသောကြောင့် ဖြစ်ပါသည်။ ဤကိစ္စမှာ၊ ပြည်ထောင်စုကြီးတည်တန့်ခိုင်မြဲရေးနှင့် တိုက်ရိုက်ဆက်စပ်နေရာ၊ လူမျိုးစုအားလုံးစုံစုံညီညီပါဝင်သည့်all inclusive ညီလာခံမျိုးဖြစ်ဖို့လိုပါလိမ့်မည်။
၂၅% ကိစ္စ
          နောက်ဆုံးအနေနှင့်၊ လူပြောများသည့် တပ်မတော်ကိုယ်စားလှယ်၂၅ % နှင့်ပတ်သက်သော၊ စာရေးသူအမြင်ကို တင်ပြပါမည်။ ပြောရလျင် ဤကိစ္စမှာ၊ မြန်မာ့ဒီမိုကရေစီရေး၏အသိမ်မွေ့ဆုံး၊ အခက်ခဲဆုံးအပိုင်းဟု ဆိုနိုင်လောက်သော ‘စစ်ဘက်-အရပ်ဘက်’ ဆက်ဆံရေးပြဿနာဖြစ်လေရာ၊စိတ်လိုက်မာန်ပါ၊ အစောတလျှင် မဆုံးဖြတ်သင့်ဟုသဘောရပါသည်။
          တပ်မတော်အနေနှင့်၊ ၎င်း၏အဖွဲ့အစည်းဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်၊အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုအခန်းမှ ပါဝင်ရေးဆိုသည်ကို ရပ်ခံထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ၊ အဆိုပါရပ်ခံချက်ကို တရားဝင်ပြဌာန်းထားသည့် သဘော ဖြစ်ပါသည်။ ဒီမိုကရက်တစ်စံနှုန်းများအရဆိုလျင်၊အရပ်ဘက်ကစစ်ဘက်အပေါ် လွှမ်းမိုးနိုင်မှသာ၊ စစ်မှန်သော ဒီမိုကရေစီဟု ဆိုရပါလိမ့်မည်။ သို့နှင့်တိုင်၊ရာစုဝက်မျှ ကြာမြင့်ခဲ့သော၊ စစ်ဘက်အုပ်စိုးမှုမှ ထိုးထွက်ခါစ နိုင်ငံတစ်ခုအနေနှင့်၊ဒီမိုကရက်တစ်စံနှုန်းများနှင့် အညီ ချက်ခြင်းပြောင်းလဲပစ်ဖို့ဆိုသည်မှာ၊ ဖြစ်နိုင်ခြေအလွန်နည်းပါသည်။
          ထို့ထက်ဆိုခဲ့ပါရပ်ခံချက်အတွက်၊ တပ်မတော်၏အကြောင်းပြချက်မှာ၊ ကြိုက် မကြိုက် အသာထား၊ ငြင်းဖို့ခက်သည့်အနေအထားတွင်လည်းရှိနေသည်။လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ အင်အားအကြီးဆုံး ဗကပ မရှိတော့သည့်တိုင် တော်လှန်ပုန်ကန်နေကြသောလက်နက်ကိုင်အင်အားစုစုပေါင်းမှာ၊ ယခုအထိ တစ်သိန်းအထက်ရှိနေဆဲဟု သိရသည်။ လူဦးရေနှင့်အချိုးချကြည့်လျင် သူပုန်အများဆုံးတိုင်းပြည်ဖြစ်နေသည်။ ထိုမျှမက၊ အစိုးရသစ်သက်တမ်း၂ နှစ်သာသာကာလအတွင်း၊ ထိပ်တက်လာသော လုံခြုံရေးပြဿနာများကလည်း ရှိနေပြန်သည်။ ပြောရလျင်- ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှသာ၊ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးပုံမှန်ဖြစ်ဖို့ လမ်းပွင့်နိုင်ပါလိမ့်မည်။
          အမှန်စင်စစ်၊ တပ်မတော်ကို ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းအဖြစ်၊ပြောင်းလဲပုံဖော်နိုင်ရေးမှာ၊ ဒီမိုကရေစီအတွက် အရေးကြီးသည့်တိုင်၊ ရေရှည်ဆောင်ရွက်ရမည့်သဘောရှိသည်။ အချိန်မတိုင်မီ အလောတကြီးဆောင်ရွက်လိုက်လျင်၊ လက်ရှိပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက်၊အကြီးမားဆုံး စိန်ခေါ်ချက်ပင်ဖြစ်လာနိုင် စရာရှိသည်။ လက်ရှိစစ်ဘက်၊ အရပ်ဘက် အင်အားချိန်ခွင်လျှာအရ၊တပ်မတော်၏ သဘောတူကြည်ဖြူမှုမရလျင်၊ ၂၅% ကိစ္စမှာ၊ လက်တွေ့ဖြစ်နိုင်လိမ့်မည်မဟုတ်ပါချေ။အန္တရာယ်ကြီးသော နိုင်ငံရေးမီးရှုးမီးပန်းသာ ဖြစ်ဖို့များပါလိမ့်မည်။
          ယခုစာစုကို ‘ဒီမိုကရက်တိုင်ဇေးရှင်း’ ပညာရပ်၏ခေါင်းကိုင်ဖခင် တစ်ဦးဟု ဆိုနိုင်လောက်သော ပါမောက္ခ ဂီယာနိုဒီယာ၏ သတိပေးစကားဖြင့် နိဂုံးချုပ်အပ်ပါသည်။ယခုလို … ၊
“ဒီမိုကရေစီအပြောင်းအလဲမှာ၊လက်တွေ့မဖြစ်နိုင်သေးတာက မစမိပါစေနဲ့။ အကျိုးရလဒ်ထွက်ဖို့ အခွင့်အလမ်း အကောင်းဆုံးနယ်ပယ်မှာအာရုံစိုက်ပါ။ ဒါက စပါ… ။”
ကျော်ဝင်း
 ဆရာကျော်ဝင်FB မှကူးယူချင်ခဲပါသည်။
Read More »

စိန်ခေါ်ချက်များမှ - အခွင့်အလမ်း သပွတ်အူကြားမှ - မင်္ဂလာလမ်း ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနှင့် ဆက်စပ်အတွေးများ


(ကျော်ဝင်း)

ခြေဆင်း

“စိန်ခေါ်ချက်များနှင့်အတူ အခွင့်အလမ်းတွေ ကပ်ပါလာတတ်သည်” ဆိုသော ဆိုရိုးကို လက်ပံတောင်း အစီရင်ခံစာနှင့် ရခိုင်အစီရင်ခံစာ တို့ကို ဖတ်ရတော့မှ ပိုနားလည် သဘောပေါက်လာရသလို ရှိသည်။ ပြောရရင် လက်ပံတောင်းကိစ္စရော ရခိုင်အရေး သည်ပါ နုနယ်သော ဒီမိုကရေစီ အတွက် မသေးလှသော စိန်ခေါ်ချက်များ ဖြစ်ပါသည်။ ပြည်တွင်းသာမက ပြည်ပနှင့်ပါ ဆက်စပ်နေသည်ဖြစ်၍ အပြန့်ကျယ်လှသလို သမိုင်းဇာစ်မြစ် များနှင့်ပါ ပတ်သက်နေသည်ဖြစ်၍ နက်ရှိုင်းလှသည်။ ထို့ထက် အစွဲအလမ်းများ၊ အကျိုးစီးပွားများ၊ ရည်မှန်းချက်များလည်း လိမ်ယှက်လျက် ရှိနေရာ သပွက်အူတမျှ ရှုပ်ထွေးလှသည်။

ဤမျှကျယ်ပြန့်၊ နက်ရှိုင်း၊ ရှုပ်ထွေးလှသော “အမယ်ဘုတ်ချည်ငင်” ကြီးများကို ပေးသမျှ အခြေအနေတွင် အမျှတဆုံး ချဉ်းကပ်၍ အကောင်းဆုံး အကြံပြုခဲ့ကြသည့် ကော်မရှင်နှစ်ရပ်လုံးကို မချီးကျူးဘဲ မနေနိုင်ပါ။ ယခု အချိန်ထိ စာရေးသူတို့ နိုင်ငံတွင် အားနည်းပါးလျဆဲ “ဒီမိုကရက်တစ်
စဉ်းစားနည်း” များအတွက် အစပြုချက် ဖြစ်လေမည်လား တွေးမိသည်။ နောင် အနာဂတ် “ဒီမိုကရက်တစ်ယဉ်ကျေးမှု” အတွက် အခွင့်အလမ်းကောင်း ဖြစ်လေမည်လား၊ မျှော်လင့်မိသည်။
မင်္ဂလာပါ၊ လက်ပံတောင်းကော်မရှင်၊
ထပ်ဆင့်မင်္ဂလာပါ ရခိုင်ကော်မရှင်။

သဘာဝမတူ ချဉ်းကပ်ပုံမတူ

အမှန်စင်စစ် လက်ပံတောင်းကိစ္စနှင့် ရခိုင်အရေးမှာ သဘောသဘာဝချင်း တူကြသည် မဟုတ်ပါ။ သို့နှင့်အမျှ ချဉ်းကပ်ပုံချင်းလည်း မတူနိုင်ပေ။ တူလို့ မဖြစ်ပါချေ။

လက်ပံတောင်းကိစ္စမှာ အပြိုင်ဖြစ်နေသော အကျိုးစီးပွားများ၏ ပဋိပက္ခသဘော ဖြစ်သည်။ တစ်ဖက်တွင် စီးပွားရေးကုမ္ပဏီ နှစ်ခု (ဝမ်ပေါင်နှင့် ဦးပိုင်) ရှိ၍ ကျန်တစ်ဖက်တွင် ဒေသခံလူထုရှိသည်။ တစ်ပြိုင်နက်တည်း မှာပင် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတို့ကို ချိန်ညှိဖို့ကလည်း ရှိနေသည်။ နောက်ထပ်ထည့်သွင်း စဉ်းစားစရာ တစ်ခုမှာ နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တစ်ခုနှင့် ဆက်ဆံရေး။ ဤတွင် ကော်မရှင်က ခေတ်သစ်ဂိမ်းသီအိုရီဖြင့် ပြဿနာကို အဖြေထုတ်ပေးလိုက်သည်။ “ရှဥ့်လည်းလျှောက်သာ၊ ပျားလည်း စွဲသာ”။

ရခိုင်ကိစ္စကား လက်ပံတောင်းနှင့် မတူ။ ပို၍ အပြန့်ကျယ်သလို ပို၍ နက်ရှိုင်းသည်။ ပို၍ရှုပ်ထွေးသည့် သဘောလည်းရှိသည်။ လက်ပံတောင်းမှာလို အကျိုးစီးပွားချင်း ပဋိပက္ခသက်သက်မျှ မဟုတ်။ ပြောရလျှင် ရခိုင်ပြည် နယ်တွင် ဖြစ်ပျက်သွားသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်များမှာ ပဋိပက္ခ အသွင် ဆောင်ခဲ့ရသော အသိုင်းအဝိုင်း နှစ်ခုလုံးအတွက် ဘာတစ်ခုမှ အကျိုးမရှိ။ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရရုံမျှမက ပူလောင်သော ဒေါသအာဃာတ တွေသာ ကျန်ရစ်ခဲ့သည်။ မည်သည့်အသိုင်းအဝိုင်း၏ အကျိုးစီးပွား မှမပါ။ အကျိုးပျက်ရာသာ ဖြစ်သည်။ ပွဲလန့် ဖျာခင်းလိုသူ အကြံသမားများ၏ အကျိုးစီးပွားမျှသာ ဖြစ်သည်။

ထို့ထက် ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ပတ်သက်နေသည်။ မွန်မြတ်သော ဘာသာတရားကြီး နှစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထိပ်တိုက် တွေ့စေခဲ့သော နိုင်ငံရေး ပရိယာယ်တွေလည်း ရှိနေပြန်သည်။ ပြီးတော့ ၂၁ ရာစု ခေတ်ရေစီးကို သမိုင်းဦး “သီယိုကရေစီ” (Theocracy) ဖြင့် ခုခံဆန့်ကျင်ဖို့ ကြိုးပမ်းနေသော စစ်အေးလွန် နိုင်ငံတကာ နောက်ခံအခင်းအကျဉ်း။ ဤသို့သော သပွတ်အူ ဇာတ်ရှုပ်ကြီးကို ကော်မရှင်က ချဉ်းကပ်မှု နှစ်မျိုးဖြင့် ကိုင်တွယ်လိုက်သည်ဟု နားလည်ရပါသည်။ “လူ့အခွင့်အရေး ချဉ်းကပ်မှု” (Human Rights Approach) နှင့် “အမျိုးသား အမှတ်အသား သရုပ်ဆိုင်ရာ ချဉ်းကပ်မှု” (National Identity Approach)

လူမျိုး၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ ဘယ်လိုပင်မတူ ခြားနားသည်ဖြစ်စေ၊ လူသည် လူပင်ဖြစ်ရာ “လူ့အခွင့်အရေး” ကို ပစ်ပယ်လို့ မရ။ တစ်ပြိုင်နက်တည်း မှာပင် “အမျိုးသားနိုင်ငံများ” အဖြစ် စုစည်းနေထိုင် ကြသော ပကတိအရှိ ကိုလည်း ဥပေက္ခာပြုလို့ မဖြစ်ပြန်ရာ။ “အမျိုးသား အမှတ်အသားသရုပ်” ကိုလည်း သိမှတ်လက်ခံ ကြရမည်သာဖြစ်ပါသည်။ ကော်မရှင်၏ ချဉ်းကပ်ပုံတွင် ဤသဘောနှစ်မျိုးလုံးနှင့် မလွတ်၍ ကျေနပ်မိသည်။

သမိုင်းဇာစ်မြစ်နှင့် ပထဝီနိုင်ငံရေး

ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်အရေးမှာ သမိုင်းဇာစ်မြစ်များနှင့် ဆိုင်သလို ပထဝီနိုင်ငံရေး နှင့်လည်း ဆက်စပ်နေသည်။ သမိုင်းဇာစ်မြစ် ဆိုရာတွင် ဟိုးရှေး အတီတေ၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်မှု များနှင့် ဆိုင်သလို ကိုလိုနီစနစ်၏ ဆိုးမွေများမှာလည်း အရေးကြီးသည့် အခန်းမှ ပါဝင်နေသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်၊ လွတ်လပ်ရေး ခေတ်ဦး စစ်ပွဲများ၊ အိုင်ဒီအိုလိုဂျီ အရှုပ်အထွေးများ၊ ပြည်တွင်းစစ်များ ...။ ပြီး လူဦးရေ တိုးပွားမှု အမြင့်ဆုံး နိုင်ငံတစ်ခုနှင့် ထိစပ်နေရာမှ အကြောင်းခံ ထွက်ပေါ်လာသော ပထဝီနိုင်ငံရေး ပြဿနာအချို့ ...။ ဤဖြစ်စဉ် ဖြစ်ရပ်များကို ကော်မရှင် အစီရင်ခံစာက တူးဆွ ဖော်ထုတ်ထားသည်ကို တွေ့ရသည်။

စာရေးသူအနေနှင့်မူ အမေရိကန်ပြည်ထောင်စု အပါအဝင် ယနေ့ ကမ္ဘာ့ထိပ်သီး နိုင်ငံများပင် စိုးရိမ်မကင်းဖြစ်နေကြရသော ပထဝီနိုင်ငံရေး ပြဿနာတစ်ခုနှင့် ဆက်စပ်စဉ်းစား နေမိသည်။ Border Land ကိစ္စဖြစ်ပါ သည်။ Border Land မှာ အိမ်နီးချင်းနိုင်ငံ နှစ်ခုကြားရှိသည့် နယ်မြေဖြစ်သည့်တိုင် သာမန် “နယ်စပ်ဒေသ” နှင့်မတူပါ။ သို့အတွက် “ထိစပ်နယ်မြေ” သို့မဟုတ် “နှစ်ဖက်ခွနယ်မြေ” စသဖြင့် ဘာသာပြန်လျှင် သင့်မည်လား စဉ်းစားမိသည်။

ခေတ်ပြိုင်အနာဂတ္တိ ဆရာတစ်ဦးဖြစ်သူ ဂျော့ဖရိုင်းမင်းက အဆိုပါ ထိစပ်နယ်မြေ များ၏ သဘောသဘာဝများကို ယခုလို ဖွင့်ဆိုဖူးသည်။ ထိစပ် နယ်မြေများမှာ
၁၊ ပိုင်ဆိုင်မှု အကြိမ်ကြိမ်အပြောင်းအလဲ ရှိသည့် ဒေသများ ဖြစ်သည်။
၂၊ သို့နှင့်အမျှ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ မျိုးစုံ ရောယှက်နေတတ်သလို “အမျိုးသားရေးသစ္စာခံမှု” (National Loyality) အမျိုးမျိုးရှိသော လူများလည်း ရှိနေတတ်သည်။
၃၊ နိုင်ငံတစ်နိုင်ငံမှ အခြား နိုင်ငံတစ်ခုခုသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်မှု (Commentional Immigration) နှင့် ထိစပ်နယ်မြေ အတွင်း လူရွှေ့ပြောင်း နေထိုင်မှုမှာ သဘောသဘာဝချင်း မတူ။ သာမန်ရွှေ့ပြောင်း နေထိုင်သူများမှာ အမိမြေကို အပြီးတိုင် ကျောခိုင်းပြီး နယ်မြေသစ်တွင် ဒေသခံများနှင့် သဟဇာတဖြစ်အောင် နေလေ့ရှိသည်။ ထိစပ်နယ်မြေ အတွင်း ရောက်ရှိလာကြသူ များမှာ အမိမြေနှင့် အပြီးအပြတ် ဖြစ်သွားသည်မဟုတ်။ အမိမြေနှင့် မူလအသိုင်း အဝိုင်းကို ဒေသသစ်တွင် ဆွဲဆန့်လိုက်သည့် သဘောပင် ရှိသည်။
၎၊ သို့နှင့်အမျှ ဒေသတွင်း တင်းမာမှုများ ပေါ်ထွက်လာနိုင်သလို အဆင်မသင့်လျှင် “ပထဝီနိုင်ငံရေး အန္တရာယ်လမ်းကြောင်း” များပင် ဖြစ်သွားနိုင်သည်။

သမိုင်းကို ပြန်ကြည့်လိုက်သောအခါ ဖရိုင်းမင်း၏ ဖွင့်ဆိုချက်မှာ မှန်လောက်စရာ ရှိမည်ထင်သည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားရှိ “အဲလ်ဆက်နှင့် လော်ရိန်း” ထိစပ်နယ်မြေ အငြင်းပွားမှုမှ ဒုတိယကမ္ဘာစစ်ကြီး အထိ ဦးတည်သွားခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ် အပြီးတွင်လည်း အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ “ကက်ရှမီးယား” ထိစပ် နယ်မြေ ပြဿနာကြောင့် နှစ်နိုင်ငံ စစ်ဖြစ်ခဲ့ရသည်။ မနေ့တစ်နေ့ကမှ စစ်တလင်းဖြစ်ခဲ့ရသော “ကိုဆိုဗို” ဒေသဆိုလျှင်လည်း ဆားဗီးယားနှင့် အယ်လ်ဘေးနီးယား ကြားရှိ ထိစပ်နယ်မြေပင် ဖြစ်သည်။ ပြောရလျှင် ယနေ့ထက်တိုင် မီးခိုးအူနေ ဆဲဖြစ်သော ယူကေနှင့် အိုင်ယာလန်ကြားမှ “မြောက်ပိုင်း အိုင်ယာလန်”၊ ယူအက်စ်နှင့် မက္ကစီနယ်စပ် တစ်လျှောက်တို့မှာ အချိန်မရွေး ပေါက်ကွဲနိုင်သော ထိပ်စပ်နယ်မြေ များပင် ဖြစ်သည်။

စာရေးသူက ဘူးသီးတောင် မောင်တောဒေသမှာ ဖရိုင်းမင်း ဖွင့်ဆိုပြသော ဆိုခဲ့ပါ ထိစပ်နယ်မြေ သဘောသဘာဝတွေ အပြည့်ရှိလိမ့်မည် ထင်သည်။ သို့အတွက် ယနေ့ အမေရိကန်ပြည်ထောင်စု အနေနှင့် "ဟစ်စ်ပန်နစ်စိန်ခေါ်ချက်” ကို ဘယ်လိုပေါ်လစီ ခင်း၍ တုံ့ပြန်နေသည်ကို စိတ်ဝင်စားသည်။ စာရေးသူကြားရ ဖတ်ရသလောက် နယ်စပ်လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကိုင်သည်။ (ဤအချက်ကိုတော့ ကော်မရှင်ကလည်း အကြံပြုထားသည်။) နောက်တစ်ဖက်မှ ကူးလာသူများကို ထိပ်စပ်နယ်မြေမှာ စုမထား၊ နိုင်ငံအနှံ့ ခွဲဖြန့်ပစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းနှင့် အလုပ် ဖြစ် မဖြစ် စဉ်းစားဖို့ လိုပါလိမ့်မည်။ ထိစပ်နယ်မြေ ပြဿနာကိုလည်း ထဲထဲဝင်ဝင် သုတေသန လုပ်စေချင်သည်။

လူသား၊ နိုင်ငံသား၊ တိုင်းရင်းသား

“စကားနောက် တရားပါ” ဆိုသလိုပင် စကားလုံးများ၏ နောက်ကွယ်တွင် သဘောထားများ၊ ရည်မှန်းချက်များ ရှိတတ်ကြပါသည်။ ယခု ရခိုင်အရေး တွင်လည်း စကားလုံး ပြဿနာက အတော်လေး ရှေ့ရောက်နေသည်။ အကဲဆတ်သည်။ သူ့အကြောင်းနှင့် သူဖြစ်ပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာ အချို့နှင့် နိုင်ငံအချို့က ပဋိပက္ခအသွင် ဆောင်နေသော အသိုင်းအဝိုင်း တစ်ခုကို “ရိုဟင်ဂျာ” ဟု စွဲစွဲမြဲမြဲသုံးသည်။ ဤအတိုင်း သုံးစွဲရမည်ဟု ဖိအားပေးကြ သည်များပင် ရှိသည်။ အမည်နာမ နောက်ကွယ်မှ ငုတ်နေသော အကြံအစည်များကို တွက်ဆမိသူ များက လက်မခံနိုင်ကြပါ။ မြန်မာအစိုးရ ကိုယ်တိုင်ကလည်း လက်မခံပါ။ ဤသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ပင် ဖြစ်သည်။

မြန်မာအစိုးရရော၊ ကော်မရှင်ကပါ “ဘင်္ဂါလီ” ဟူ၍သာ သုံးပါသည်။ စာရေးသူ တက်ဖူးသော နေပြည်တော်တွင် ကျင်းပသည့် ရခိုင်အရေး အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက အဆိုပါ “ဘင်္ဂါလီဆိုတော့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်နေလို့ပါ” ဟု သူက အကြောင်းပြသည်။ ပတ်သက်ဆက်စပ်မှု ရှိ မရှိ အများသိဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ဆန္ဒဖြစ်နေ၍ သံခင်းတမန်ခင်း အရ လေးစားသင့်သည် ထင်ပါသည်။ ဤအကြောင်းကြောင့်လားမသိ။ သမ္မတကြီး ဦးသိန်းစိန်ကမူ (ယခုအချိန်ထိ) သူ၏နောက်ဆုံး မိန့်ခွန်းတွင် “ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ” ဟု သုံးနှုန်းပြောဆိုသွားသည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် စာရေးသူဘဝင် မကျလှပါ။ မြန်မာပြည် တစ်နံတစ်လျား ရှိနေကြသော အစ္စလာမ်ဘာသာဝင်များ စိတ်အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် ဖြစ်သည်။ စာရေးသူ အလိုကျပြောရလျှင် “ရခိုင်ပြည်နယ်ရောက် နိုင်ငံမဲ့များ” ဟူ၍သာ ဆိုချင်သည်။
နိုင်ငံမဲ့ဖြစ်စေ၊ နိုင်ငံသားဖြစ်စေ လူသားတစ်ယောက်သာ ဖြစ်ရာ၊ လူ့အခွင့်အရေး ရှုထောင့်မှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရမည်သာ ဖြစ်ပါသည်။ ကော်မရှင်အစီရင်ခံစာ ကလည်း ဤအတိုင်းပင် အကြံပြုထားသည်။ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ကလည်း ဤအတိုင်း ဆောင်ရွက်မည်ဟု အတိအလင်း ထုတ်ဖော်ပြောဆိုပြီး ဖြစ်သည်။ နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီကြဖို့လည်း တာဝန်ရှိပါသည်။ အဆိုပါနိုင်ငံမဲ့ များထဲမှ နိုင်ငံသား ဖြစ်သင့်ဖြစ်ထိုက်သူ များကိုလည်း ဥပဒေနှင့်အညီ စိစစ်၍ နိုင်ငံသားအဖြစ် အသိအမှတ် ပြုရပါလိမ့်မည်။ နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရ ပါလိမ့်မည်။ ဤအချက်ကိုလည်း ကော်မရှင်က အကြံပြုပြီး ဖြစ်သည်။ ဤနေရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်ကြသည်များလည်း ရှိသည်။
ဒီမိုကရေစီစနစ်တွင် မကြိုက်ခွင့်၊ ဝေဖန်ခွင့်ရှိပါသည်။ သဘောထား ကွဲလွဲခွင့် ရှိပါသည်။ သို့တစေ ဒီမိုကရက်တစ် လုပ်ထုံးလုပ်နည်းများဖြင့် ကွဲလွဲကြဖို့ လိုပါလိမ့်မည်။ ၁၉၈၂ ဥပဒေမှာ တည်ဆဲတရားဝင် ဥပဒေဖြစ်ရာ၊ ကိုယ်မကြိုက်တိုင်း ပြင်ချင်သလို ပြင်လို့မရပါ။ ဒီမိုကရက်တစ် လွှတ်တော်သို့တင်ပြီး လွှတ်တော်မှ တစ်ဆင့်သာ ပြင်လိုရသည်ကို အများသိပြီးဖြစ်ပါသည်။

နိုင်ငံသားအခွင့်အရေးကို ကျော်၍ “ရိုဟင်ဂျာမှာ တိုင်းရင်းသား လူမျိုးစုတစ်ခု ဖြစ်သည်။ လူမျိုးစု အခွင့်အရေး ပေးပါ” ဆိုလျှင်ကား မီးခိုး မဆုံး၊ မိုးမဆုံး ငြင်းကြဖို့သာ ရှိတော့သည်။ ဤကိစ္စနှင့်ပတ်သက်လျှင် ရခိုင် အပါအဝင် မြန်မာ တိုင်းရင်းသားများ၊ မြန်မာပညာရှင်များ ဘက်မှလည်း ပြောစရာတွေ အပြည့် ရှိပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာအားကိုးဖြင့် တစ်ဖက်သတ် ကျားကန် ပြောလို့မဖြစ်။ လက်ရှိ မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသော လူမျိုးစုစာရင်းတွင် ရိုဟင်ဂျာ မပါချေ။ ဤအချက်ကို ငြင်းခုံနိုင်ပါသည်။ ငြင်းခွင့်ရှိပါသည်။ သို့တစေ အမိန့်ပေးခွင့်တော့ မရှိ။ ဇွတ်အမိန့်ပေးလျှင် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု၏ ပိုင်ခွင့်ကို ချိုးဖောက်ရာရောက်၍ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ညီ မညီ စဉ်းစားကြဖို့ရှိသည်။

စာရေးသူအမြင်ကို ပြောရလျှင် အမုန်းမီးပွားများဖြင့် ပူလောင် တင်းမာနေကြသော အသိုင်းအဝိုင်း နှစ်ခုကြား ပြန်လည်ရင်ကြားစေ့နိုင်ဖို့ မနည်း ကြိုးပမ်းနေကြရသော ယခုလို အချိန်မျိုးတွင် “ရိုဟင်ဂျာ” ပြဿနာ ရှေ့တင်လာသည်ကိုက စဉ်းစားစရာ ဖြစ်နေသည်။ ပြေလည်ရေးလော ...၊ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်ရေးလော ...။

စစ်အေးလွန် ဆက်စပ်အခြေအနေ

စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသောအခါ ကမ္ဘာကြီးမှာ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးသို့ ဦးတည် သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့တိုင်အောင် မျှော်လင့်သလိုကား မဖြစ် “အစွန်းရောက် အကြမ်းဖက်ဝါဒ” ဆိုတာ နောက်ထပ်အန္တရာယ် အရိပ်မည်းကြီးနှင့် ရင်ဆိုင် လိုက်ရပြန်သည်။ ပို၍ ဆိုးသည်မှာ အဆိုပါ အရိပ်မည်းကြီးအနေနှင့် မြင့်မြတ်သော ဘာသာတရားကြီး တစ်ခုကို ရည်ရွယ်ချက်ရှိရှိ အသုံးချလာခြင်းပင် ဖြစ်သည်။ သို့အတွက် နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများနှင့် သဘောထား ပျော့ပျောင်းသော အစ္စလာမ်မစ်နိုင်ငံများ လက်တွဲ၍ အကြမ်းဖက်ဝါဒ အန္တရာယ်ကို ကာကွယ်ကြရပြန်သည်။ ယခုအခါဆိုခဲ့ပါ နိုင်ငံတကာ အကြမ်းဖက်မှုမှာ စစ်အေးပြီးခါစ ကလောက် အားကောင်းမောင်းသန် မရှိတော့သော်လည်း အဓိကဖွံ့ဖြိုးပြီး နိုင်ငံကြီးများကို ဦးတည် မတိုက်နိုင်တော့ သော်လည်း လုံးဝ ကျဆုံးသွားပြီဟူ၍ကား မဆိုနိုင်ပါချေ။ ပစ်မှတ်ပြောင်းသွားခြင်း မျှသာ ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အစိုးရနှင့် လူထုကြား ယုံကြည်မှု ပျောက်နေသော နိုင်ငံများကို အဓိကချိန်ရွယ်ချက်ထားကာ စွက်ဖက်လာ ကြသည်။

ပြောရလျှင် စာရေးသူ အထူးစိုးရိမ်မကင်း ဖြစ်မိသည်မှာ ဆိုခဲ့ပြီးသော နိုင်ငံတကာ အကြမ်းဖက်ဝါဒ အန္တရာယ်ပင်ဖြစ်သည်။ ရခိုင်အရေး စတင်ကတည်းက ဤအန္တရာယ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ယခုအချိန်အထိ တိကျသောအဆက်အစပ် အထောက်အထားများ မတွေ့ ရသေးသည့်တိုင် “မပြေးသော် ကန်ရာရှိ၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည့် အစအန အချို့ကိုကား မြင်သလောက် မြင်နေရချေပြီ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားသည့် သတင်း။ တစ်ဆက်တည်း “မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်မည်” ဆိုသော ပြည်ပအဖွဲ့ အစည်းများ၏ ဂျီဟတ် လှုံ့ဆော်မှုများ...။ သမ္မတကြီး၏ ပြီးခဲ့သည့် မိန့်ခွန်းတွင်လည်း စိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုကို သတိပြုမိသည်။ "...ယခင်ကာလ များက ရခိုင်ပြည်နယ်တွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်း အချို့ရဲ့ လုပ်နည်းကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေး နက်ရှိုင်းခဲ့တာ ဟာလည်း ငြင်းဆို၍ မရသည့် အမှန်တရား ဖြစ်ပါတယ်...” စသဖြင့်။

ဤတွင် “လုံခြုံရေး” ခေါင်းစဉ်အောက်မှ ပါဝါအမာများမှာ မလွဲမရှောင်သာ ရှေ့ရောက်ဖို့ လိုအပ် လာပါတော့သည်။ ပါဝါအမာများ၏ ဒဏ်သင့်မှုကို နှစ်ပေါင်းမြောက်မြားစွာ ခံခဲ့ရသူများ အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ရှိကြ သလို အစိုးရသစ် ကိုယ်တိုင်ကလည်း မိမိ၏ ပုံရိပ်ကို အတိတ်နှင့် အဆက်ပြတ် စေရေး အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်လာသည်များ ရှိသည်။ သို့နှင့် အမျှ “လုံခြုံရေး” ဘက်မှ အားနည်းလစ်ဟာမှု များလည်း ရှိသလောက် ရှိခဲ့ရသည်။ မဖြစ်သင့်ဟု ထင်ပါသည်။ အစိုးရဖြစ်မှတော့ ပါဝါအမာများကို အကြွင်းမဲ့ ရှောင်လို့ ဖြစ်မည်မဟုတ်။ တစ်ခုတော့ရှိသည်။ “လုံခြုံရေးကို ထိပ်တင်ရင်း လွတ်လပ်မှုအချို့ကို စတေးခဲ့ရသည့်” အမေရိက၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွေ့အကြုံများမှ သင်ခန်းစာယူဖို့တော့ လိုပါလိမ့်မည်။ ပါဝါအမာနှင့် ပါဝါအပျော့တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံးဖို့ ဖြစ်သည်။

ဘာသာပေါင်းစုံ ဒိုင်ယာလော့ခ်

ကော်မရှင်အနေနှင့် ပေးသမျှ အခြေအနေတွင် အကောင်းဆုံး အကြံ ပြုခဲ့သည်မှာ မှန်သော်လည်း ပြဿနာ အပြီးအပြတ် ဖြေရှင်းရေးအတွက်မူ အချိန်ယူရဦးမည် ထင်ပါသည်။ ဤကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလို ရေရှည် လုံးပမ်းအားထုတ်ရမည့် လုပ်ငန်းစဉ်တွေ မနည်းမနော ရှိပါ လိမ့်ဦးမည်။ ဤကိစ္စများနှင့် ပတ်သက်လျှင်လည်း ကော်မရှင်က ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် အကြံပြုထားသည်များ ရှိပါသည်။

ကော်မရှင် အကြံပြုချက်များအနက် စာရေးသူ အာရုံအငြိဆုံး တစ်ခုမှာ “အစိုးရအနေဖြင့် လူမှုရေးနှင့် ဘာသာရေးအဖွဲ့များနှင့် ပူးပေါင်းကာ Interfaith Dialogue များ ကျင်းပပေးပြီး နိုင်ငံသားများကြား မတူညီသော ကိုးကွယ်မှု ဘာသာရေး အကြောင်းများကို နားလည်မှုရှိအောင် ပြုလုပ်သွားသင့်ပါသည်” ဆိုသော အစီအစဉ်ဖြစ်သည်။ ပြီးခဲ့သော တမန်တော်မိုဟာမက် မွေးနေ့က မွတ်ဆလင်မိတ်ဆွေများ ဖိတ်ကြား၍ Interfaith Dialogue သဘောဆောင်သော အခမ်းအနားတစ်ခုကို စာရေးသူတက်ခဲ့ ဖူးသည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၏ မေတ္တာနှင့်ယှဉ်သော တရားဓမ္မများကို ကြားနာခွင့်ရခဲ့ရာ ကျက်သရေ မင်္ဂလာရှိလှသည်။ ကြည်နူးချမ်းမြ ဖြစ်ရသည်။

အမှန်စင်စစ် ဘာသာတရား အားလုံး၏ တူညီသော ရည်မှန်းချက်မှာ လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ရေး ဖြစ်ပါလိမ့်မည်။ ဘာသာတရား များသည် ပြဿနာမဟုတ်၊ ပြဿနာ ဖြေရှင်းရေးသာ ဖြစ်သည်။ ဘာသာတရား များ၏ မေတ္တာဓာတ်ဖြင့် ပြဿနာ အထွေထွေကို ငြိမ်းချမ်းစွာ ကျော်လွှား လွတ်မြောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
ဆရာကျော်ဝင်FB မှကူးယူချင်ခဲပါသည်။
Read More »