Tuesday, July 30, 2013

သူဟာ စမူဆာတဲ့လား


(ဌေးအောင်ကို)

တစ်ချိန်က ထိပ်တန်း နိုင်ငံရေးသမားကြီးတစ်ဦးဟာ သုံးဖက်ချွန်လို့ ဝေဖန်ခံလိုက်ရပါတယ်။ သူကလည်း ပြန်ဖြေပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်ဟာ သုံးဖက်ချွန်ပါတယ်။ စစ်ရေးရယ်၊ စီးပွားရေးရယ်၊ နိုင်ငံရေးရယ်” တဲ့လေ။ သူ့ကိုဘာရည်ရွယ်ချက်နဲ့ ဝေဖန်တယ်ဆိုတာ သူမသိဘဲနေမှာတော့ မဟုတ်ပေမယ့် ရယ်စရာ အဖြေလွှာကလေး ထုတ်ပေးလိုက်တော့လည်း အဲရယ်ရတယ်ပေါ့လေ။

ဟိုဘက်နဲ့တွေ့တော့ အဘ အဘ၊ ဒီဘက်နဲ့တွေ့တော့ အစ်မ အစ်မ၊ အိမ်သူနဲ့တွေ့တော့ မိန်းမ မိန်းမနဲ့ ဆိုသူကလည်း သူ့ကိုယ်သူ အထင်ရောက်နေပါတယ်။ ငါ့လောက်တော်တာ ဘယ်ကမ္ဘာ ရှာရပါ့မလဲလို့။ လျှော့တော့ မတွက်ကြပါနဲ့။ လောကမှာ ဉာဏ်ဖြူဉာဏ်နက် ထက်မြက်ကြတဲ့ ပုဂ္ဂိုလ်တွေကိုပါ။ သူတို့ကို သုံးဖက်ချွန်လို့ ဝေဖန်မလို့လား။

အထက်ပါပုဂ္ဂိုလ် ကလည်း ပြန်ဖြေပါလိမ့်မယ် “ဟုတ်ပါတယ်။ ကျွန်တော်ဟာ သုံးဖက်ချွန်ပါတယ်။ အဘနဲ့လည်း အဆင်ပြေ၊ အစ်မနဲ့လည်း အဆင်ပြေ၊ မိန်းမနဲ့လည်း အဆင်ပြေတယ်”

အရင်ကတော့ နှစ်ဖက်ချွန်ဆိုရင် ဒီလူကဟိုဘက်တစ်မျိုး ဒီဘက်တစ်မျိုးလို့ ပြောတာ။ နောက်တော့ နှစ်ဖက်ချွန်လို့ တင်စားရရုံနဲ့တင် အားရပုံ မပေါ်တော့ နှစ်ဖက်ချွန်တောင် မကပါဘူးကွာ။ သုံးဖက်ချွန်ကွလို့ ဖြစ်လာ ပါတော့တယ်။ လူညီရင် ဤကို ကျွဲဖတ်လို့ ရပါတယ်။ သုံးဖက်ချွန် အလံတော်မှာ ရေးဆွဲထားတဲ့ တံဆိပ်အမှတ်အသားလေး ကတော့ စမူဆာပုံစံ လေးပါပဲ။ “ဒီလူဟာ စမူဆာပါကွာ” လို့ ကင်းပွန်းတပ်လိုက်တာပါ။

ကျွန်တော့် မိတ်ဆွေတစ်ယောက်က အကြံပြုပါတယ်။ စာရေးရင် အားလုံးနဲ့ အဆင်ပြေအောင်ရေးဖို့၊ တစ်ဖက်ကို အလေးသာရေးရင် အခြားတစ်ဖက်ကို တိုက်ခိုက်သလို ဖြစ်သွားနိုင်လို့ နှစ်ဖက်မျှတအောင် ရေးဖို့ မီဒီယာဆိုတာ ဘက်လိုက်မရေးဖို့ လိုပါတယ်တဲ့။ ဝေဖန် အကြံပေးတာကို ကျေးဇူးတင်ကြောင်း၊ သုံးဖက်ချွန် မဟုတ်တဲ့ ဘောင်အတွင်းကနေပြီး သုံးဖက်ချောမွေ့အောင် ရေးပါမယ့်အကြောင်း ဖြေကြားလိုက်ရပါတယ်။

မီဒီယာဆိုတာ ဘက်လိုက် မရေးရဘူးဆိုတာကို ကျွန်တော်စဉ်းစားမိပါတယ်။ သူပြောတဲ့ ဘက်ဆိုတာ ပုဂ္ဂလဓိဋ္ဌာန်ဘက်ကို ဆိုလိုပြီး ဓမ္မဓိဋ္ဌာန်ဘက် ဆိုတာကိုတော့ မလိုက်ရဘူးလို့ ပြောမယ်မထင်ပါဘူး။ လူစွဲမထားဖို့နဲ့ တရားစွဲထားဖို့ကတော့ ကျွန်တော်တို့လိုမှာပါပဲ။ ဖဆပလခေတ်တုန်းက သတင်းဆောင်းပါးရှင် တစ်ဦးက သူ့ဆောင်းပါးကို ခေါင်းစဉ်ပေးထားပါတယ်။ ‘မမှန်ရင် လျှာထွက်ပြမယ်’ တဲ့။ အထူးသဖြင့် အစိုးရတစ်ရပ်က မမှန်တာ လုပ်နေလို့ကတော့ သူအချက်ပြပြီ။ ရေးပြီ။ ခေါင်းစဉ်ဘေးမှာ ချိန်ခွင်ပုံကလေး ဆွဲထားလိုက်သေး။ သူဟာ သမာဓိချိန်ခွင် ဆောင်းပါးရှင်ပါ။ မမှန်တဲ့ဘက်ကိုတော့ လျှာထွက်ပြလိုက်ပါ့မယ်ပေါ့။

နောက်တစ်ဦးကတော့ ပုဂ္ဂိုလ်ဝေဖန်ရေး ဆောင်းပါးရှင်ပါ။
‘ကျော်ငြိမ်း ငါ့ညီ မင်းငယ်ပါသေးတယ် ဟဲ ဟဲ ဟဲ’ တဲ့လေ။ အကြီးအကဲဖြစ်တဲ့ ဦးကျော်ငြိမ်းက သူ့ဆောင်းပါးဖတ်ပြီး ပြင်စရာရှိတာ ပြင်ပေတော့ ဆိုတဲ့သဘောပါပဲ။ ဒီဆောင်းပါးနှစ်ခုရဲ့ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနဲ့တင် အဲဒီခေတ်က စာပေလွတ်လပ်ခွင့် အဆင့်ကို သိမြင်နိုင်ပါလိမ့်မယ်။

ဒီလိုလွတ်လပ်ခွင့်တွေ နှစ်ပေါင်း ၅၀ ကြာ ဆိတ်သုဉ်းခဲ့ရပြီး ယခုအရပ်သား အစိုးရလက်ထက် တစ်ကျော့ပြန် လွတ်လပ်မှု ရလာတဲ့ အခါမှာတော့ ဒီလောက် တုတ်ထိုးအိုးပေါက်ဟန် ရေးသားမှုမျိုးကို ဆောင်းပါးရှင်များဟာ စာပေယဉ်ကျေးမှုသစ်နဲ့အတူ သိပ်မတွေ့ရတော့ဘဲ မီးဝါပြတဲ့ အရေး အသားမျိုးနဲ့ မနီမစိမ်းဘဲ ရေးသားလာကြတာကို တွေ့ရပါတယ်။ ထေရ်ကြီးဝါကြီးတချို့ ရေးသားနေကြဆဲ ကိုတော့ မဆိုလိုပါ။

ဘာပဲပြောပြော ဆဲပြောတဲ့ခေတ် ဆိုတာတော့ မဖြစ်ထွန်းသင့်ပါဘူး။ Facebook ထဲမှာ ဖြစ်ထွန်းနေတာကိုလည်း ဘယ်လိုလမ်းလွှဲရင် ကောင်းမလဲ။ အဆဲပါမှ လက်ရာထက်တယ် ထင်သူတွေ၊ ဘိုသံဝင်မှ လူအထင်ကြီးတယ် အောက်မေ့သူတွေ သူများနားမလည်အောင် ရေးတတ်ရင် ငါအောင်မြင်ပြီလို့ မှတ်ယူသူတွေ သူ့သဘောနဲ့သူ ရှိပစေတော့။

နောက်မိတ်ဆွေတစ်ယောက်က ပြောပြန်ပါတယ်။ ‘နိုင်ငံရေး လုပ်တယ်ဆိုတာ အစိုးရရဲ့ မကောင်းကြောင်း ပြောတာကို ခေါ်သလား’ တဲ့။ နိုင်ငံတော် အစိုးရတစ်ရပ်အနေနဲ့ အရာရာ တာဝန်ယူ ဆောင်ရွက်ပေးနေရမှု အပေါ်မှာ အမှားအမှန် စာနာနားလည်မှုနဲ့ ရှုမြင်ပြီးတော့ ပြောလိုက်တာပဲ ဖြစ်မှာပါ။ လွတ်လပ်ရေးမရမီက အစိုးရတာဝန်ရှိ အကြီးအကဲတစ်ဦးက
“ခင်ဗျားတို့ဟာ ကျွန်တော်တို့ မကောင်းကြောင်းဘဲ ဆီလိုအပေါက်ရှာပြီး ရေးနေတော့တာပဲ။ ကျွန်တော်တို့ တံတားဆောက် လမ်းဖောက်စီမံကိန်းတွေ၊ ကောင်းတာတွေလည်း ရေးစမ်းပါဦး” လို့ပြောတော့ သတင်းသမားက ပြန်ဖြေပါတယ်။ “စီမံကိန်း ဆိုတာတွေကတော့ ဘယ်အစိုးရပဲ တက်တက် လုပ်ရမှာပဲ၊ လုပ်နေမှာပဲ၊ အထူးအဆန်းမှ မဟုတ်တာ။ ခင်ဗျားတို့ကိုယ်တိုင် ကြားညှပ်စရာ မရှိအောင် ဖော်ပြပြီးမို့ ကျွန်တော်တို့တောင် ဖော်ပြစရာ လိုသေးလို့လား၊ ကျွန်တော်တို့အတွက်တော့ သတင်းထူးမှ မဟုတ်တာဗျာ။ ခွေးက လူကိုကိုက်တယ် ဆိုတာ သတင်းမဟုတ်ဘူးဗျ။ ကျွန်တော်တို့ မရေးနိုင်ဘူး။ အဲလူကခွေးကို ကိုက်တာဆိုရင်တော့ ဒီသတင်းထူးပြီ။ ကျွန်တော်တို့ မရေးမဖြစ် ရေးမှဖြစ်လိမ့်မယ်” တဲ့။

တစ်ခေတ်က အဖြစ်ကလေးတွေဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူနိုင်ကိုယ်နိုင် သူတင်ကိုယ်တင်ပါပဲ။ သူဆဲကိုယ်ဆဲလည်း ပါတယ်ပေါ့။ အဲဒါကို တစ်ဖက်စွန်းရောက်တယ် ဆိုရင်တော့ နောက်တစ်ဖက်စွန်း ခေတ်ကိုလည်း မျက်စိမှိတ်ထားလို့ မဖြစ်ပါဘူး။

သတင်းစာ စွမ်းအားရှင်ခေတ်လို့ ပြောရမယ့် အာဏာရှင်ခေတ် နှစ်ငါးဆယ်ပါပဲ။ တစ်စောင်တည်းသော သတင်းစာပဲ ထားရှိစေပြီး တစ်ယောက်တည်း၊ တစ်ပါတီတည်း၊ တစ်ဖွဲ့တည်းကောင်းပြီး အတိုက်အခံ မှန်သမျှ ဗိုက်အကန်ခံရတဲ့ အရေးအသားမျိုးတွေ ပါပဲ။ သူ့ဘာသာသူ သတင်းစာ ဘယ်နှစောင်ပဲ ခွဲထုတ်နေနေ ဒီပုတ်ထဲက ဒီပဲတွေပဲမို့ တစ်စောင်တည်းပဲလို့သာ သုံးနှုန်းလိုက်တာပါ။

သူတို့မရှုစိမ့်တဲ့ အဖွဲ့အစည်းကို ချေဖျက်ချင်တော့ ‘ဇနပုဒ်က ယာခုတ်သမား ဦးမဲနဲ့ ဦးညိုတို့ နှစ်ယောက်ဟာ အဲဒီပါတီက နုတ်ထွက်သွားကြောင်း သတင်းရရှိ’ ဆိုတာမျိုးတွေ၊ ‘ကမ္ဘာကပေးတဲ့ ဒီဆုနဲ့လားလားမှ မအပ်စပ်တဲ့ ဘာမညာမ’ ဆိုတာတွေ၊ ပြည်သူ့ဂုဏ်ရည်ဆု ကိုလည်း ‘ပုဆိန်ရိုးတွေကို ပေးတဲ့ဆု’ ဆိုတော့ အဲဒီတုန်းတော့ တိုင်းပြည်က လေးစားကြည်ညိုတဲ့ ဆရာတော်ကြီးကလည်း နှစ်သိမ့်ဆုထဲမှာ ပါလေတော့၊ ဆရာတော်ကြီးပါ ပုဆိန်ရိုး ဖြစ်ရပါလေရော။ ငရဲတွေတော့ ကြီးကုန်တော့မှာပဲ။ အဲဒီခေတ်တွေ ကုန်ဆုံးသွားတာကတော့ မင်္ဂလာပါပဲ။ နောက်တစ်ခါ ပေါ်မလာနိုင်တော့ဘူးလို့ ထင်ပါတယ်။

ဒီလို စာရေးဆရာများဟာ စမူဆာတော့ မဟုတ်ပေမယ့် တစ်ဖက်သတ် ရေးသားသူများဖြစ်ပြီး ပြည်သူ့အမုန်းတော်ခံ၊ ဘုရင့်လက်သုံးတော် ဓားများသာ ဖြစ်ပါတယ်။ တက်တဲ့ဘုရင် ဘုရားထူးပြီး ဘုရင်လုပ်သမျှ မမှားဘူးလို့သာ ပြောကြရေးကြရပါတယ်။ ပုတ်သင်ညို စာရေးဆရာများလို့လည်း ခေါ်ကြပါတယ်။

ရာဇဝင်မှာ ဘုရင်တစ်ပါးက အမတ်ကြီးကို တိုင်းရေးပြည်ရေး တိုင်ပင်ဖို့ ဆင့်ခေါ်ပါတယ်။ အမတ်ကြီးက “အရှင်ဘုရား မင်းတို့ရဲ့ တိုင်ပင်ခြင်းတရား သုံးပါးရှိပါတယ်ဘုရား။ မင်းစေနဲ့ တိုင်ပင်ခြင်း၊ မင်းမှုထမ်းနဲ့ တိုင်ပင်ခြင်း၊ ပညာရှိနဲ့ တိုင်ပင်ခြင်းဖြစ်လို့ ကျွန်တော်မျိုးကို တိုင်ပင်မှာက ဘယ်လို တိုင်ပင်ခြင်းမျိုးပါလဲ ဘုရား” လို့ လျှောက်တင်သတဲ့။

ဘုရင်က “အမတ်ကြီး ဆိုချင်တာက ဘာပါလဲ” လို့ မေးတော့ အမတ်ကြီးက ဆက်လက်ပြီး “မင်းစေနဲ့ တိုင်ပင်ခြင်းမျိုးကတော့ အရှင်မင်းကြီး ခိုင်းတဲ့အတိုင်းပဲ သူကလုပ်မှာပါပဲ။ မင်းမှုထမ်းနဲ့ တိုင်ပင်ခြင်းမျိုးကတော့ အရှင်မင်းကြီး လုပ်သမျှ အကောင်းပဲပြောမှာ ရေးမှာပါပဲ။ အဲ ပညာရှိနဲ့ တိုင်ပင်ခြင်းမျိုးကတော့ဖြင့် အရှင်မင်းကြီး လုပ်တိုင်းပြောတိုင်း မင်းလိုလိုက် မင်းကြိုက်ဆောင်မှာ မဟုတ်ဘဲ လုပ်သင့် မလုပ်သင့် ပြောသင့် မပြောသင့် နှိုင်းနှိုင်းချိန်ချိန် သုခမိန်အမြင်နဲ့ပဲ တင်ပြလျှောက်ထားမှာမို့ ပညာရှိနဲ့ တိုင်ပင်ခြင်းမျိုးဆိုရင်ဖြင့် ကျွန်တော်မျိုး တိုင်းရေးပြည်ရာ တိုင်ပင်လျှောက်ထားရန် အသင့်ပါပဲဘုရား” လို့ လျှောက်ထားလိုက်ပါသတဲ့။

အာဏာရှင်ခေတ်က မီဒီယာတွေဟာ မင်းမှုထမ်း မီဒီယာတွေပဲ ဖြစ်လေတော့ အရှင်မင်းကြီး လုပ်သမျှ အကောင်းပဲ ပြောကြ ရေးကြရတာပါ။ စနစ်ရဲ့သားကောင်များပါပဲ။ နောက်အပြောင်းအလဲ ကာလကို ဖြတ်သန်းလာတဲ့အခါမှာ ဘက်နှစ်ဖက်ထင်ရှား ရှိလာခဲ့တဲ့အလျောက် ဘယ်ဘက်က အစွမ်းထက်မလဲ၊ အောင်ပွဲခံသွားနိုင်မလဲ ဆိုတာ မသိတတ်နိုင်လို့သော် လည်းကောင်း၊ တစ်ဖက်က မကြာခင် အောင်ပွဲခံသွားနိုင်တယ်လို့ ယုံကြည်ရသော်လည်း လောလောဆယ်မှာ လက်ရှိသာလျှင် အရှိတရား ဖြစ်နေသေး လို့သော်လည်းကောင်း ဟိုလိုလို ဒီလိုလို ဟိုဘက်လိုလို ဒီဘက်လိုလို စမူဆာ အခေါ်ခံလူမျိုးလဲ ပေါ်ထွန်းလာနိုင်ပါတယ်။

ဒီနေရာမှာ ငြိမ်းချမ်းရေးဝါဒ စွဲကိုင်သူများအပေါ်မှာ အမြင်မမှားဖို့ အရေးကြီးလှပါတယ်။ ငြိမ်းချမ်းစေချင်သူ များရဲ့စေတနာဟာ နှစ်ဖက်စလုံး အပေါ်မှာ တူညီစွာထားရှိနိုင်ကြပြီး တိုင်းပြည်ကို သာယာဝပြော စေလိုတဲ့စိတ်နဲ့ ဆောင်ရွက်လုပ်ကိုင်နေကြတာပါ။ နှစ်ဖက်လှစေချင်တာဟာ စမူဆာ မဟုတ်တဲ့ မေတ္တာရှင်များသာ ဖြစ်တယ်ဆိုတာ နားလည်ရမှာပါပဲ။

ယနေ့ခေတ် အခြေအနေဟာ မျှော်လင့်နိုင်စရာတွေ ဖြစ်ထွန်းပေါ် ပေါက်လာနေပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို ဖော်ဆောင်နေတဲ့ ကာလလည်းဖြစ်လို့ ပြိုင်တူတွန်းရွှေ့နိုင်ကြဖို့ လိုအပ်နေတဲ့ကာလလည်း ဖြစ်ပါတယ်။ လူတွေအားလုံးနဲ့ ပျူငှာတဲ့ဆက်ဆံရေး ထားရှိတာကို စမူဆာလို့ရောပြီး ကင်ပွန်းမတပ်မိစေဘဲ သူ့စိတ်စေတနာကို အဓိက အကဲခတ်ရမှာပါပဲ။

ပြည်သူတွေဟာ နိုင်ငံရေး ပွင့်လင်းလာမှုနဲ့အတူ အသိအမြင်များလည်း ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာတဲ့ အလျောက် စမူဆာ ဆိုသည်များကို ဝေဖန်ပိုင်းခြား သတိထား ရှောင်ရှားသွားနိုင်ကြ လိမ့်မယ်လို့ ယူဆပါတယ်။

တစ်ဖက်က ‘သမ္မတကြီးကို ယုံပါတယ်’ ‘သားရယ် သမ္မတကြီးကိုတော့ ယုံလိုက်ပါ’ လို့ပြောလိုက်ပါတယ်။ နောက်တစ်ဖက်က ‘တူတာ တွဲလုပ်မယ်’ ‘သူမရဲ့ ဂုဏ်ပြုဆုတံဆိပ်တွေ ရရှိမှုအပေါ်မှာ ကျွန်တော်ဝမ်းသာပါတယ်’ လို့ ပြောသံကြားရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဒီလိုအသံမျိုးကြားရဖို့ နှစ်ငါးဆယ်စောင့်ခဲ့ရသလို ကြားရတော့လည်း ပြည်သူတွေဟာ စိတ်ချမ်းသာ ဝမ်းသာမှုတွေနဲ့အတူ အသံရှင်တွေကို ကြိုဆိုလိုက်ကြပါတယ်။ ရင်ထဲက အသံတွေလို့လည်း ယုံကြည်ကြပါတယ်။

ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ဒီလိုအသံတွေကို ထာဝရ ရှင်သန်စေလိုတဲ့ ဆန္ဒတွေ ဒီလိုအလုပ်တွေကို ထာဝရ တွဲဖက်ဆောင်ရွက်သွားစေလိုတဲ့ သဘောထားတွေ ရှိနေကြတာပါ။ ပြည်သူဆိုတာ သမ္မတကြီးမိန့်ခွန်းပါ စကားအတိုင်း မိဘပြည်သူတွေ ဖြစ်တာမို့ ပြည်သူတွေ ဆန္ဒအတိုင်း ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ပါတယ်။ လွှတ်တော်အသံ ဆိုတာလည်း ပြည်သူ့အသံကို ထင်ဟပ်ရမှာမို့ ချောမွေ့တဲ့ ဘက်သုံးဖက်အဖြစ် ပေါင်းစပ် လှုပ်ရှားနိုင်တာနဲ့အမျှ စမူဆာဆိုတဲ့ ဝေါဟာရကို အတိတ်မှာ ထားခဲ့နိုင်ပြီး သူငါအဆင်ချောတဲ့ လောကကြီးကို ဟန်ချက်ညီညီ တည်ဆောက်နိုင်တဲ့ အမိမြန်မာပြည်သားများ ဖြစ်နိုင်ကြစေရန် စိတ်ရည်သန်လျက်။

Credit To The Voice Weekly

Related Articles:

Post a Comment