Friday, August 2, 2013

အများတကယ် နားလည်အောင်ရေးဖို့ လိုပြီ


(ဌေးအောင်ကို)

တစ်ခေတ်တစ်ခါက အချစ်ကဗျာ အချစ်စာကလွဲရင် အထူးသဖြင့် နိုင်ငံရေး ဆိုတာတွေ ပါလာရင် တွေးရ မေးရ ရေးရမှာ နိုင်ငံရေးဆိုတာ ကြောက်စရာ သတ္တဝါကြီးတစ်ကောင်အလား ရှောင်ကြ ရှားကြ ငါ့အကျိုးစီးပွား ထိပါးမှာစိုးကြနဲ့ ပြည်ထောင်စု ဆိုတာကြီးဟာ ပြည်နဲ့ထောင်နဲ့ စုထားသလို၊ အိမ်ထောင်စုဆိုတာ အိမ်နဲ့ထောင်နဲ့ စုထားသလို ခံစားမှုမျိုးတွေနဲ့အတူ မတွေးတာဘဲ ကောင်းတယ်။ မရေးတာဘဲ ကောင်းတယ်။ မမေးတာဘဲ ကောင်းတယ်ဆိုပြီး ဝေးဝေးရှောင်ကြတယ်။ ရှောင်လေ ဝေးဝေး နိုင်ငံရေး ခေတ်ကပေါ့။

ဒါပေမဲ့ အားလုံးတော့ လက်ရှောင်နေကြတာမဟုတ်။ တကယ်စာပေသစ္စာရှိသူ၊ နိုင်ငံချစ်သူ၊ စိတ်ဓာတ်ခိုင်မာသူ၊ တည်ကြည်သူ၊ သတ္တိရှိသူတွေကတော့ အဲဒီကြောက်စရာ နိုင်ငံရေး သတ္တဝါကြီး ဆိုတာကို ရင်ဆိုင်ယှဉ်ပြိုင်ရင်း၊ ကြံ့ကြံ့ခံရင်း စာပေတိုက်ပွဲတွေ ပါဝင်ဆင်နွှဲခဲ့ကြတယ်။

မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့်ရယ်လို့ မည်မည်ရရ ရှိခဲ့တာကလည်း ဖဆပလခေတ်ရယ်၊ အရေးအခင်းပြီးစ တစ်ခဏရယ်၊ မနေ့တစ်နေ့ ဒီကနေ့ရယ် ဒါလောက်ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ဒီကနေ့လွတ်လပ်ခွင့်အတွက် ဒီကနေ့အစိုးရကို ဒီနေရာကနေ ကျေးဇူးတင် ဝမ်းမြောက်ရပါတယ်။ ယနေ့မှစ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ဆိုတာမျိုး ဆုတောင်းရသလို ဒီကနေ့ကစလို့ပဲ အမိ မြန်မာပြည်ရဲ့ မီဒီယာ လွတ်လပ်ခွင့် အဓွန့်ရှည်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

နိုင်ငံရေး ကင်းရှင်းရမည်ဆိုတဲ့ ခေတ်ကြီး ကုန်ဆုံးသွားတာတောင် ဘာကြာသေးလဲ။ ဒါတောင်မှ အရိပ်တွေ ကပ်ပါနေသေးလို့ လောင်းရိပ်တော့ မစင်သေး။ ကျွန်တော်ဖြင့်တော့ နိုင်ငံရေး ကင်းရှင်းရမည် ဆိုတာကြီးကို နားကိုမလည်နိုင်ပါ။ ကျွန်တော် နားလည်မိတာကတော့ နိုင်ငံဆိုတာ ရပ်တွေရွာတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်လို့ ရပ်ရေးရွာရေး မကင်းရင် နိုင်ငံရေးမကင်း ရပ်ရေးရွာရေးဆိုတာ နိုင်ငံရေး အသေးစားဖြစ်ပြီး နိုင်ငံရေးဆိုတာဟာ ရပ်ရေးရွာရေး အကြီးစားပဲဖြစ်တယ် ဆိုတာပါပဲ။

ဒီကနေ့ နိုင်ငံရေးစိတ်ဓာတ် အပြည့်ရှိတယ် ဆိုသူတွေဟာ ရပ်ရေးရွာရေး စိတ်ဓာတ်အပြည့်ရှိရုံမက ကျော်လွန်နေသူတွေ၊ သာလွန်နေသူတွေမို့ မိမိတို့ရပ်ရွာမှာတင်မက နိုင်ငံတစ်ဝန်းလုံးကကို အုတ်အော်သောင်းတင်း ကြိုဆိုထောက်ခံနေကြတဲ့ မြင်ကွင်းတွေကို အားလုံးတွေ့မြင်နိုင်ပါတယ်။ ကိုယ့်နိုင်ငံအရေးထိ မစွမ်းဆောင်နိုင်ရင်လည်း စွမ်းဆောင်နိုင်သူကိုတော့ အားပေးသင့် ဂုဏ်ပြုသင့်ပါတယ်။ ဒါပြည်သူ့ တာဝန်ပဲလို့ မြင်ပါတယ်။

အရေးကြီးတာကတော့ လုပ်မစားတဲ့လူ၊ ပြည်သူကို အထင်မသေးတဲ့လူ၊ ပြည့်အကျိုး ကြည့်တတ်မြင်တတ်သူ၊ အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်နိုင်သူ ဖြစ်ဖို့ပါပဲ။

စာရေးဆရာ လောကမှာလည်း စာဖတ်သူကို အထင်သေးတတ်တဲ့ စာရေးသူတွေ ရှိပါတယ်။ အထူးသဖြင့် အာဏာရှင် ခေတ်စနစ်တွေမှာ အာဏာရှင်အလိုကျ ဘုန်းတော်တွေ ဖွဲ့ပြသလောက် မလိုသူကျတော့ ရစရာမရှိအောင် မှိုချိုးမျှစ်ချိုးရေး၊ ကလောင်နာမည် ကလေးကလားတွေ ပေးပြီး ပြည်သူကို မလေးစားသူတွေပါပဲ။ စာပေကင်ပေတိုင်လို့ လူသိများတဲ့ စာပေစိစစ်ရေးဟာ ဒီလိုစာပေမျိုးကိုတော့ အထူးအခွင့်အရေး ပေးထားပါတယ်။ စိစစ်ရေးမရှိတော့တဲ့ နောက်ပိုင်း အချိန်ကာလတွေမှာတော့ ဒီစာရေးဆရာ ဆိုသူတွေဟာ ကြက်ပျောက် ငှက်ပျောက် ဆိုသလို ဘယ်စာနယ်ဇင်းပေါ်မှာမှ မတွေ့ရတော့။

ဒီကနေ့ ခေတ်ပြိုင် ကလောင်ရှင်များကိုတော့ ကလောင်နုသည်ဖြစ်စေ၊ ရင့်သည်ဖြစ်စေ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စေတနာတွေကို စာနယ်ဇင်း စာမျက်နှာများပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ သတင်းကလောင် ရင့်မာကြီးတစ်ယောက် ဝေဖန်ပြတာကို ပြောရရင် စာရေးသူတချို့ဟာ အပေါ်က ဆင်ဆာမရှိတော့ပေမယ့်လည်း မရဲတရဲ ရေးသားကာ ကိုယ့်စာကိုယ် ဆင်ဆာဖြတ် နေဆဲပဲတဲ့။ ဒီလိုတွေလည်း ရှိနေမှာပါပဲ။ ယေဘုယျ သဘောအားဖြင့်တော့ အတိုင်းအတာတစ်ခုအထိ လွတ်လပ်ခွင့်ကို ဆုပ်ကိုင်ထားနိုင်ပြီလို့တော့ ဆိုနိုင်ပါတယ်။

တစ်ချိန်က စိစစ်ရေးကိုလည်း ဖြတ်သန်းနိုင်အောင် ကိုယ်ပေးချင်တဲ့ သတင်းစကား ပြည်သူလည်း ကြားနိုင်အောင် ကဗျာနဲ့တစ်ဖုံ၊ စာနဲ့တစ်မျိုး ပုန်းလျှိုးကွယ်လျှိုး အရေးအသားမျိုးနဲ့ စကားလုံးကို အနုပညာဖုံးသီကုံး ရေးသားခဲ့ကြပြီး ဆင်ဆာက မသိလိုက်တော့ လွတ်ထွက်လာ၊ နောက်တော့မှ ပြန်ပြီး အရေးယူခံရတာမျိုးလည်း ရှိပါတယ်။

ယခုတော့ ယခင်ရေးဟန်အတိုင်း မပြောင်းမလဲ ရေးသားနေသူများ ရှိသလိုပဲ သတင်းကလောင် ရေးဟန်မှာမှ တုတ်ထိုးအိုးပေါက်လို့ နာမည်ပေါက်လောက်အောင် တည့် (ဒဲ့) ကလောင်တွေအထိ စာနယ်ဇင်းတွေပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ ဖဆပလခေတ်ကဆို အစိုးရခေါင်းဆောင်တစ်ဦးကို ‘ကျော်ငြိမ်း ငါ့ညီမင်းငယ်ပါသေးတယ် ဟဲဟဲဟဲ’ ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်တပ်ပြီး ရေးသားခဲ့ကြ ဖူးသလိုပါပဲ။ နောက်ဆုံးတော့ ဘယ်ကလောင်ဘယ်ပုံစံနဲ့ ရေးကြသည်ဖြစ်စေ ကြိုးစားအားထုတ်မှုနဲ့ စေတနာမှန်ဖို့ပဲ ပြောချင်ပါတယ်။

နောက်စာရေးဆရာ တစ်မျိုးကတော့ ပြည်သူနားမလည်အောင် ရေးတတ်တဲ့ စာရေးဆရာလို့ အပြောခံရတဲ့၊ ဖတ်လို့ နားမလည်ရတဲ့ ကြားထဲမှာ ဘိုသံပါဝင် နှောလိုက်သေးလို့ အဆိုခံရတဲ့ မိတ်ဆွေ တစ်ယောက်ကဆိုရင် သူများနားမလည်အောင်ရေးနိုင်မှ ကိုယ့်ကိုယ်ကိုယ် စာရေး ဆရာလို့ အထင်ရောက်နေလား မသိပါဘူးဗျာဆိုတဲ့ စာရေးဆရာ ဖြစ်ပါတယ်။

စာလေးမျိုးရှိရာမှာ လွယ်ကူအနှစ်မပါစာနဲ့ ခက်ခဲအနှစ်မပါစာ နှစ်မျိုးကတော့ မပြောလိုတော့ပါ။ လွယ်ကူအနှစ်ပါစာ အမျိုးအစားကတော့ အားလုံးနားလည်လွယ်ပြီး အနှစ်ပါရင် ပါသလောက် ထိရောက်မှုရှိတဲ့ လက်နက်တစ်ခု ဆိုတာကတော့ ငြင်းသူမရှိနိုင်ဘူး ထင်ပါတယ်။ နိုင်ငံရေးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မိန့်ခွန်းအမျိုးအစားတွေကို နမူနာ ပြနိုင်သလို စာပေမှာ ဆရာတင်မိုးတို့၊ ဆရာမင်းသုဝဏ်တို့ ရေးသားတဲ့ ကဗျာတွေကို လေ့လာသိရှိနိုင်ပါတယ်။

ခက်ခဲအနှစ်ပါ စာပေတွေလည်း မရှိမဖြစ် ရှိနေရမှာပါပဲ။ တစ်ခေတ်က ကဗျာဆရာ ဒေါင်းနွယ်ဆွေရဲ့ ကဗျာထဲမှာ တိမ်စိမ်းဆိုတဲ့ အသုံးအနှုန်း ပါလာတော့ ဆရာမောင်စွမ်းရည်က တိမ်စိမ်းမရှိကြောင်း ဝေဖန်ပါတယ်။ ဆရာဒေါင်းက သက်တန့်ရောင် မမြင်ဖူးတဲ့ လူလားလို့ မေးခွန်းထုတ် ခံရဖူးပါတယ်။ သူ့တန်ဖိုးနဲ့သူ ရှိနေတဲ့ စာပေတွေကိုတော့ ဝေဖန်မှာလည်း မဟုတ်သလို စာပေပညာရှင်ကြီးလည်း မဟုတ်ပါ။

နိုင်ငံအရေးနဲ့ ယှဉ်တွေးတဲ့အခါမှာတော့ အနှစ်လည်းပါသလို အားလုံးတတ်နိုင်သမျှ နားလည်သိရှိနိုင်တဲ့ အရေးအသားမျိုး ကျွန်တော်ကတော့ပိုပြီး လက်ခံကြိုဆိုမိမှာပါပဲ။

တကယ်ဆိုရင် စာရေးဆရာဆိုတာ တိုင်းပြည်က မွေးထုတ်လို့ မရပါဘူး။ ဆရာမောင်သာရက ရေးလက်ထက်လှတဲ့ မိုးမိုး (အင်းလျား) နဲ့ ပုတီးကုန်း မောင်စိန်ဝင်းတို့ကို ဝန်ထမ်းဘဝက ထွက်ဖို့၊ ဝန်ထမ်း တာဝန်က ကိုယ်မရှိလည်း နိုင်ငံတော်က မွေးထုတ်ပေးနိုင်ကြောင်း၊ စာရေးဆရာ ဆိုတာကတော့ တိုင်းပြည်က မွေးထုတ်လို့ မရနိုင်ကြောင်း ၁၉၉၀ ဝန်းကျင်က ပြောစကားကို သူ့ရဲ့ သာရမဂ္ဂဇင်းမှာ ဖတ်ရဖူးပါတယ်။

ပြောလက်စမို့ ဆရာမောင်သာရ ထူးခြားပုံကို ပြောရဦးမယ်။ သူ သာရမဂ္ဂဇင်း ထုတ်တော့ သူ့ကလောင်အုပ်စုကို ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းကို သူ့မဂ္ဂဇင်းရဲ့ အရေးပါတဲ့ စာမျက်နှာကို နေရာပေး ဖော်ပြတယ်။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် အခါခါ ကြိုက်သလို ဝေဖန်ခံနိုင်ရည်သတ္တိ အပြည့်ရှိတဲ့သူပါ။

သူ့လိုမဂ္ဂဇင်းမျိုး ကျွန်တော်မတွေ့ဖူးခဲ့။ နောက်လည်း တွေ့ဖို့မလွယ်။ ဆရာမောင်စိန်ဝင်းရဲ့ ကလောင်လက်ကိုလည်း သူချီးမွမ်းတတ်သလို။ သူယုံကြည်သလိုလည်း ပြန်လည် ချေပတတ်သူမို့ သူ့မဂ္ဂဇင်းဟာ ရှင်းရှင်းသွက်သွက်နဲ့ ကျွန်တော်တို့ရဲ့ စာပေစားကျက်မြေတစ်ခု ဖြစ်နေပါတော့တယ်။ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ရေးလက်သွက်တဲ့ ထက်တဲ့တော်တဲ့ သူတွေကို စာရေးဆရာခေါ်ခေါ်၊ စာရေးသူပြောပြော အားလုံးအတွက် လက်ကမ်းကြိုပါတယ်။

ကျွန်တော်တို့ရော စာရေးဆရာလို့ အခေါ်ခံကြမလား တကယ်တော့ အခေါ်ခံရဖို့က အရေးမကြီး စာရေးနေသူဘဝနဲ့ လောကရဲ့နှိုင်းရ ဓမ္မတရားတွေကို ကြိုးစားဖော်ထုတ် နေနိုင်ဖို့၊ လူနဲ့လူ့လောကကို အကျိုးပြုတဲ့နေရာမှာ မီဒီယာကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်အနေ ပါဝင်နိုင်စေဖို့၊ မှန်ကန်မြန်ဆန် တဲ့ အပြောင်းအလဲတွေ တိုးတက်ဖြစ်ပေါ်ဖို့ရာမှာ ချက်ဆိုနွားခွက်က မီးတောက်ရမယ့် အခြေအနေ အချိန်အခါမျိုးမှာ ကိုယ်ပေးတဲ့သတင်း ချက်ချင်းသိရှိသွားနိုင်ဖို့၊ ကိုယ်ရေးတဲ့စာ၊ ကိုယ်ပြောတဲ့စကားကို အများတကယ် နားလည်ဖို့သာ အဓိကပဲ မဟုတ်ပါလား။

Credit To The Voice Weekly

Related Articles:

Post a Comment