စာချွန်တော် (ဆရာတော်ဦးဇောတိက)

 Photo: စာချွန်တော် (ဆရာတော်ဦးဇောတိက)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁။ သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
၂။ ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်ရဲရဲကြီး ပြင်လိုက်ပါ။
၃။ အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။
၎။ အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာ (အဆိုးမြင်တတ်သူ) ဟာ အသိအမြင် မှားယွင်းမှုတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။
၅။ အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။
၆။ ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ်ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။

၇။ အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ ကြုံရပြီး အဆိုးကို ခံနိုင်ရည် ရှိပြီးတော့ ဒီအဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေကမှ ရတယ်။
၈။ သူတပါး အပြစ်ကို ထောက်ပြရုံနဲ့ ကိုယ့်အပြစ်က ပျောက်မသွားဘူး။
၉။ စေတနာဆိုးနဲ့ လုပ်တာတွေ အားလုံးဟာ ကိုယ့်စိတ်ထားကို အောက်တန်းကျသွားစေတယ်။
၁၀။ ဘ၀တစ်ခုလုံးဟာ လက်တွေ့ စမ်းသပ်မှု လုပ်နေတာပဲ။ အမှားတွေကို များများပြင်နိုင်တဲ့သူ ဖြစ်ဖို့လိုတယ်။
၁၁။ တစ်ချို့ လူတွေဟာ မှားနေမှန်း မသိဘူး။ တစ်ချို့တော့ မှားနေမှန်း သိပါလျက်နဲ့ မပြင်ချင်ဘူး။ အဲဒီလို လူတွေဟာ အသိဉာဏ် မကြီးထွားဘူး၊ မတိုးတက်ဘူး။
၁၂။ မမှားဘူးတဲ့သူ မရှိပါဘူး၊ အမှားကင်းဖို့ ဆိုတာလည်း သိပ်တော့မလွယ်ဘူး။
၁၃။ အမှားနည်းဖို့ပဲ ကြိုးစားရမှာ၊ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ မလုပ်မိဖို့ပဲ လိုပါတယ်။
၁၄။ သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာက ပိုဆိုးပါတယ်။
၁၅။ ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့် ကျေးဇူးရှင်လို့ သဘေားထားပါ။
၁၆။ အသေးအမွှား အဆိုးတွေကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့ အလုပ်၊ တန်ဖိုးရှိတဲ့ အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။
၁၇။ အကောင်းအဆိုး နှစ်မျိုးစလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်။
၁၈။ ကိုယ်က သူများကို အပြစ်တင်နေတာ ရှုံ့ချနေတာဟာ သူဘယ်လိုလူ ဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူ ဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။
၁၉။ တကယ်ကြီးတဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံးထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
၂၀။ သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာ ရှာကြည့်ပါ။ ရှိနေတတ်တာပဲ များပါတယ်။ သူတစ်ပါးမှာ ကောင်းတာ မြင်ရင်လည်း အဲဒီလို ကောင်းတာ ငါ့မှာကော မရှိဘူးလား။
၂၁။ ရှိရင် ကောင်းပါတယ်။ ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင် ကြိုးစားရမယ်။
၂၂။ တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ။
၂၃။ အလေးနက်ဆုံး အသိဉာဏ်ကို ဘ၀တွေ့အကြုံ ထဲကပဲ ရနိုင်တယ်၊ စာအုပ်ထဲက မရနိုင်ဘူး။ ဘ၀ဟာ အလေးနက်ဆုံး စာအုပ်ပဲ။
၂၄။ ကိုယ့်ကိုယ်ကို ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။
၂၅။ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်ရင် ငါ ဘာကို ကြောက်တာလဲ၊ ဘာကို မုန်းသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ပါ။ အဲဒီက စ, ပါ။
၂၆။ သူများအပြစ်ကို များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချတာပဲ။
၂၇။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့် ဘ၀ကို ရောက်နေရပြီ။

ဆရာတော် ဇောတိက (မဟာမြိုင်)

သံသရာခရီးသည် (ဓမ္မစာပေ စုစည်းမှု)ဆိုဒ်မှတဆင့်ကူးယူတင်ပြဓမ္မဒါနပြုပါသည် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)

Read More »

ဘိနပ်ချုပ်သမားဘ၀မှ သာသနာပြုဆရာဖြစ်လာသူ

Photo: ဘိနပ်ချုပ်သမားဘ၀မှ သာသနာပြုဆရာဖြစ်လာသူ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဝီလီယမ်ကယ်ရီ(William Carey) (၁၇၆၀ - ၁၈၃၄)

တဲအိမ်ကုပ်ကလေးအတွင်း ဖိနပ်ဟောင်းများကို ချုပ်နေသော လူကလေးဝီလီယမ်ကယ်ရီကိုသင်

တွေ့မြင်ခဲ့လျှင်နောင်အခါကျမ်းစာကို ကမ္ဘာ့ဘာသာစကားပေါင်းများစွာ၏ ၁/၃ သို့ဘာသာပြန်ပေးသော သာသနာပြုလုပ်ငန်း၏ ဖခင်ကြီးဖြစ်လာမည့်ဟု လုံးဝထင်မြင်ခဲ့မည်မဟုတ်ချေ။

ကလေးဘဝ

ကလေးဘ၀၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသောအလုပ်ကို သူအမြဲနှစ်သက် ခဲ့၏။ တစ်ချိန်ကငှက်သိုက်ကိုစူးစမ်းရန်သစ်ပင်ပေါ်တက်ရင်းခြေချော်လိမ့်

ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာဒဏ်ချက် များဖြင့်အိမ်ပြန်ခဲ့၏။ သူ၏မိခင်ကဒဏ်ရာများကိုဆေးထည့်၊ ပတ်တီးစည်ျးေပးပြီး ကုတင်ပေါ်တွင်လဲလျောင်းစေ ခဲ့သည်။ သို့သော် သူသည်အလွယ်တကူနှင့်အလျော့ပေးတတ်သူမဟုတ်ချေ။ မိခင်အလစ်တွင် အပြင်ထွက်သွား ရာသူမသတိရ၍ ကြည့်လိုက်သောအခါလက်ထဲ၌ငှက်သိုက်ကိုင်လျက်ပြန်လာသော သားကိုတွေ့လိုက်ရသည်။

ဝီလီယံသည်အားကစားနှင့်ခရီးသွားခြင်းကိုနှစ်သက်သည်။

သူအနှစ်သက်ဆုံးသူရဲကောင်းမှာ ကိုလံဗတ် ဖြစ်ပြီး ထိုသူ၏

အကြောင်းကိုမကြာခဏပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်းသူ့အားအခြားသောကလေးများက “ကိုလံဗတ်” ဟုချစ်စနိုးခေါ်ခဲ့ကြခြင်းဖြစ်ပေသည်။ သူသည်ပတ်ဝန်းကျင်သဘော

သဘာဝကိုနှစ်သက်မြတ်နိုးပြီး လယ်ကွင်းပြင်၌တွေ့ခဲ့သော

သစ်ပင်များ၊အင်းဆက်ပိုးများ၊ငှက်ကလေးများကို ရွေးချယ်စုဆောင်း

ပြီးလေ့လာ သည်။ ထိုအရာများထက် စာပေများကို

သူနှစ်သက်မြတ်နိုးဆုံးဖြစ်၏။ အထူးသဖြင့်ခရီးသွားမှတ်တမ်းနှင့် စွန့်စား ခန်းများအကြောင်းပါသောစာအုပ်များဖြစ်၏။ သူသည်ဘာသာစကားများကိုလေ့လာရန်လည်းစိတ်ဝင်စားခဲ့၏။

ကလေးဘ၀၌ပင် လက်တင်ဘာသာစကားကိုစတင်လေ့လာခဲ့၏။

ဘိနပ်ချုပ်သမားဘဝ

အသက်(၁၂) နှစ်အရွယ်တွင်ကျောင်းထွက်ရသည်။ အသက်(၁၄)နှစ်အရွယ်တွင် ဖခင်ဖြစ်သူကဘိနပ် ချုပ်သမားတစ်ဦးထံတွင်အပ်နှံကာဘိနပ်ချုပ်အတတ်ပညာကိုသင်ယူစေခဲ့သည်။ ထိုအချိန်ကသူသည် ဘာသာ ရေး၌စိတ်ဝင်စားမှုလုံးဝမရှိသေးချေ။ သူသည်အသင်းတော်တော်သံစုံသီချင်းအဖွဲ့၌ ပါဝင်သီဆိုခဲ့ပြီး ကောင်းမွန် သောခရစ်ယာန်အိမ်ထောင်၌ကြီးပြင်းခဲ့သော်လည်း တခါတရံအခြားသူငယ်ချင်းများနှင့်ပေါင်းသင်းကာ ဆဲရေး တိုင်းထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသောပုံများပြောခြင်းပြုခဲ့၏။ သို့သော်လည်းသူနှင့်အတူဘိနပ်ချုပ်သင် သူတစ်ဦးဖြစ်သော ၀ါး(Warr) ၏ပုံသက်သေကောင်းကြောင့်မကြာခဏသြတ္တပ္ပစိတ်မကြည်မလင်ဖြစ်ကာစတင် ၍ဆုတောင်းတတ်လာ၏။ တစ်နေ့အလုပ်ရှင်၏ငွေတစ်သျှီလင် (shilling) ကိုသုံးမိသောကြောင့်ဖမ်းဆီးပြီးလူပုံ အလယ်၌အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ်အားဖြင့်နှိမ့်ချစိတ်ဖြစ်စေခဲ့ပြီးစိတ်နှလုံး၌ ဘုရားသခင်အမှုဆောင် အလုပ် လုပ်ရန်ပိုမိုလွယ်ကူစေခဲ့သည်။ မိမိသည်အပြစ်သားဖြစ်ကြောင်းသိလာသည်။ သင်းအုပ်ဆရာက “လူတစ်ဦး သည်ဘုရားရှစ်ခိုးခြင်းဖြင့် ခရစ်ယာန်မဖြစ်နိုင်၊ ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့် သာခရစ်ယာန်ဖြစ်ကြောင်းရှင်းပြခဲ့၏။ ထိုဖြစ်ရပ်အားလုံးက သူ့အသက်တာကိုဆောက်တည်ရာမရ (နေမထိ၊ ထိုင်မသာ)ဖြစ်စေပြီးနောက်ဆုံးဒူးထောက်လျက် ခရစ်တော်ကိုလက်ခံကာ အသက်တာပြောင်းလဲသွားခဲ့၏။

သူသည်ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန်(MOULTON) ရပ်ကွက် အသင်းတော်တစ်ခု၌ သင်းအုပ် ဆရာအဖြစ်လုပ်ဆောင်ခဲ့သည်။ “ကျွန်ုပ်ရဲ့အလုပ်မှာ ခရစ်တော်ရဲ့နိုင်ငံတော်ကျယ်ပြန့်ရေးအတွက်ဖြစ်တယ်။ ဘိနပ်ချုပ်ခြင်း၊ ပြင်ခြင်းသည် စားဝတ်နေရေးအတွက်ဖြစ်ပါတယ်” ဟုသူပြောလေ့ရှိ၏။ သူနံဘေးတွင်စာအုပ် အမြဲထားကာဘိနပ်ချုပ်ရင်းနှင့် ဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင်ဘာသာစကားကိုလေ့လာခဲ့၏ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ခ်ျဘာသာစကားများကိုလည်းလေ့လာ၏။ ဟေဗြဲဘာသာစကားလေ့လာရန် (၉)မိုင်ခန့်လမ်းလျှောက်၍ ဆရာဖြစ်သူထံသွားရ၏။

အမှုတော်ဆောင်ဘဝ

ထိုအချိန်က ကယ်ရီသည်ကပ္ပတိန်ကုတ်(ခ) (CAPTAIN COOK) ရေးသားသောပင်လယ်ခရီးစာအုပ်ကို ဖတ်ပြီးတောင်ဘက်ပင်လယ်ကျွန်းများရှိထောင်ပေါင်းများစွာသောလူများထံသို့ဧ၀ံဂေလိတရားဟောရန်စိတ်ဖြစ်ပေါ်ခဲ့၏။ သူအလုပ်ရုံနံရံမှသံမှိုနှင့်ချိတ်ဆွဲထားသောအိမ်လုပ်ကမ္ဘာ့မြေပုံပေါ်၌သူဖတ်ရှုခဲ့ရသောတိုင်းပြည်များ၏ အကြောင်းနှင့် လူဦးရေကိုရေးမှတ်ထားခဲ့၏။ နံနက်တိုင်းသူ၏ခုံတန်းလျား(ခုံရှေ)နားတွင်ဒူးထောက်၍ ကမ္ကာ့မြေ ပုံကိုကြည့်ကာ ခရစ်တော်မရသေးသောတိုင်းနိုင်ငံများအတွက်ဆုတောင်းလေ့ရှိ၏။ ဤသို့ဖြင့်ဧ၀့ဂေလိတရားကို တစ်ခါမျှမကြားဖူးသေးသူများထံ သတင်းကောင်းရောက်ရန် စိတ်နှလုံးတွင်အမြဲတစေစိုးရိမ်ခဲ့ပေသည်။

သူသည်အခြားသောအမှုတော်ဆောင်များအားသာသနာပြုများ၏လိုအပ်ချက်များပြောခဲ့ပြီး ခရစ်တော် အကြောင်းတစ်ခါမျှမကြားဖူးသေးသူများအတွက် ဆုတောင်းရန် ဆုတောင်းအဖွဲ့ဖွဲ့စည်းခဲ့၏။ ထို့ပြင် “သာသနာ ပြုများ၏လိုအပ်ချက်များ” ကိုလည်းရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအဝေးတစ်ခု၌ အယူလွဲကာ ကိုး ကွယ်မှုမှားယွင်းနေသူများနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင့်ကြကြောင်း ဝေငှပြောဆိုခဲ့ပြီး၊ အမှုတော်ဆောင်များ ၌လည်းတာဝန်ရှိကြောင်းတိုက်တွန်းနှိုးဆော်ခဲ့၏။ ထိုအချိန်၌အသက်ကြီးသောအမှုတော်ဆောင်တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်ကလူတွေပြောင်းလဲစေချင်ရင် ငါတို့အကူအညီမပါပဲ သူ့ဖာသာ သူလုပ်လိမ့်မယ်” ဟုအော်ဟစ်ပြောဆိုခဲ့၏။ အခြားသောအမှုတော်ဆောင်မျာအားလုံးရှေ့၌ကယ်ရီသည် နှိမ့်ချ ခြင်းခံခဲ့ရ၏။ သို့သော်လည်းငယ်စဉ်အခါကရခဲ့သောအတွေ့အကြုံကြောင့်စိတ်ဓါတ်မကျဘဲရပ်တည်နိုင်ခဲ့သည်။

(၁၇၉၁) ခုနှစ်၌ကယ်ရီသည်သိက္ခာတော်ရဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏လူများ ကြား၌ထင်ရှားကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ် နှစ်ခြင်းအမှုတော်ဆောင်များနှစ်ပတ်လည်အစည်းအဝေး၌ သူ့အားတရားဟောခွင့်ပေးခဲ့၏။ထိုအချိန်က သူဟောပြောခဲ့သောတရား၏အဓိကအကြောင်းမှာ “ဘုရားသခင်” ထံမှကြီးမားသောအရာများ၊ မြှော်လင့်ပါ။ ဘုရားသခင်အတွက်ကြီးမားစွာလုပ်ဆောင်ရန် ကြိုးပမ်းပါ” ဖြစ်၏။

ဤအချက်သည် သူ၏အဓိကဆောင်ပုဒ်ဖြစ်ခဲ့၏။

ဤအစည်းအဝေး၏ရလဒ်မှာ “နှစ်ခြင်းသာသနာပြုအသင်းကြီး” စတင်တည်ထောင်ခဲ့ခြင်းပေတည်း။ သူတို့သည်ပထမဆုံးသာသနာပြုဆရာကို စေလွှတ်ရန်ဆန္ဒပြင်းထန်ခဲ့ကြပေသည်။

အိန္ဒိယပြည်၌ကယ်ရီအသက်တာ

ကယ်ရီအတွက်သာသနာပြုသွားရန်လမ်းပွင့်ခဲ့ပြီ။ သို့သော်သူဘယ်ကိုသွားသင့်သလဲ။ တောင်ပင်လယ် ကျွန်းများနှင့်အနောက်အာဖရိကတိုက်သို့သွားရန် သူစဉ်းစားခဲ့၏။ သို့သော်ကယ်ရိအားအိန္ဒိယသို့သွားရန်ဘုရား သခင်အကြံအစည်ရှိတော်မူခဲ့၏။ ထို့ကြောင့်အိန္ဒိယ၌နေခဲ့ဖူးသော ဒေါက်တာသောမတ်(စ်)ကိုသူ့ထံသို့စေလွှတ် တော်မူခဲ့၏။ ကယ်ရီသည် ဒေါက်တာသောမတ်(စ်)အားဖြင့်အိန္ဒိယသို့သာသနာပြုသွားရန်ဆုံးဖြတ်ခဲ့၏။ အသစ် ဖွဲ့စည်းထားသော သာသနာပြုအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူနှင့်အခြား ညီအစ်ကိုမောင်နှမအနည်းစုက ကယ်ရီ အတွက်ဆုတောင်းခြင်းအား၎င်း၊ ငွေကြေးအားဖြင့်၎င်းကူညီရန်ဂတိပြုခဲ့ကြ၏။ သာသနာပြုအနေဖြင့်အိန္ဒိယသို့ သွားရန်ဆုံးဖြတ်စဉ်ကကယ်ရီ၏အသက်မှာ (၃၃) နှစ်မျှသာရှိသေး၏။ အိန္ဒိယသွားရန်ပြင်ဆင်ခြင်းနှင့် အခြားအ ကြောင်းများကြောင့် အနည်းငယ်ကြန့်ကြာခဲ့ပြီးမှ(၁၇၉၃)ခု၊ ဇွန်(၁၃)၇က်နေ့တွင်ကယ်ရီနှင့် သူ၏မိသားစု၊ ဒေါက်တာသောမတ်(စ်)တို့အိန္ဒိယပြည်သို့ရေလမ်းခရီးဖြင့်သွားခဲ့ကြသည်။ ခရီးစဉ်၌အခက်အခဲအမျိုးမျိုးတွေ့ ကြုံခဲ့ပြီး၊ နိုဝင်ဘာလတွင်အိန္ဒိယပြည်ကာလကတ္တားမြို့သို့ဆိုက်ရောက်ခဲ့သည်။ကယ်ရီနှင့်အတူသူ၏ဇနီး၊ ကလေး(၄)ယောက်၊ခယ်မ/မရီးနှင့်အတူပါလာကြသော်လည်းအိန္ဒိယလူမျိုးများ၏၀ိညာဉ်အတွက်တစ်ယောက် တစ်လေမျှစိတ်မ၀င်စားကြချေ။ ကယ်ရီ၏မိတ်ဆွေများနှင့်ဆွေမျိုးများကငေါအနည်းငယ်နှင့်အခြားတိုင်းနိုင်ငံ တွင်သွားရောက်နေထိုင်ခြင်းကြောင့်သူအားရူးနေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့သော်ကယ်ရိသည်အလွန်စိတ်အား ထက်သန်ပြီးမြှော်လင့်ချက်လည်းရှိခဲ့၏။ အိန္ဒိယပြည်လာစဉ်ပင်လယ်ခရီး၌သင်္ဘောပေါ်တွင် ဘင်္ဂါလီဘာသာ စကားကိုစတင်လေ့လာခဲ့၏။ နောင်အခါဟိန္ဒူစတန်နီ၊ မာရတီ နှင့်ပါဋ္ဌိဘာသာစကားကိုသင်ယူသည်။ အိန္ဒိယ ပြည်သို့ရောက်ပြီးမကြာမှီပင် အိန္ဒိယလူမျိုးများကိုစတင်တရားဟောခဲ့ကာ၊ သမ္မာကျမ်းကို ဘင်္ဂါလီဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည်ဤအမှုတော်မြတ်ကြီးအတွက်သူ့အားဘာသာစကားများကိုနှစ်သက်မြတ်နိုးစိတ်ရှိ စေရန်ပြင်ဆင်တော်မူခဲ့သည်။

အိန္ဒိယပြည်၌ရောက်ပြီးတစ်နှစ်အတွင်းမိသားစုအားလုံးတစ်ယောက်ပြီးတစ်ယောက်ဖျားနာခဲ့ကြသည်။ အသက်(၅)နှစ်အရွယ်ဖြစ်သူ ပီတာသည်ဖျားနာရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သင်္ချိုင်းတွင်းတူးရန်အဘယ် သူမျှဆန္ဒမရှိသောကြောင့်ဖျားနာနေသည့်ကြားမှ ကယ်ရီကိုယ်တိုင်တူးခဲ့သည်။နောက်မှအစေခံနှစ်ဦးရောက်လာ ပြီးကူညီသောကြောင့်ကယ်ရီခမြာကျေးဇူးတင်ကာငိုလုနီးပါးဖြစ်ခဲ့၏။

ကယ်ရီသည်စားဝတ်နေရေးအတွက်မဲနယ်စက်ရုံမန်နေဂျာအလုပ်လုပ်ခဲ့၏။ သမ္မာကျမ်းစာပုံနှိပ်ရန်စက် တစ်လုံးရှိခဲ့၏။ နောင်တွင်မဲနယ်လုပ်ငန်းမအောင်မြင်သဖြင့်ထိုအလုပ်ကိုလက်လွှတ်ခဲ့ပြီးပုံနှိပ်စက်မှာလည်းမီး လောင်ပျက်စီးဆုံးရှုံးခဲ့၏။သို့သော်လည်းဤအရာများကသူ့အားစိတ်ဓါတ်ကျစေရန်မတတ်စွမ်းနိုင်ခဲ့ချေ။သူ့ကိုယ် သူမေးသောမေးခွန်းမှာ “အိန္ဒိယပြည်ကို ငါဘယ်လိုကူညီရမလဲ” ဖြစ်၏။

ကယ်ရီအား ဘုရားသခင်အသုံးပြုပုံ

ခုနှစ်နှစ်မျှပင်ပန်းစွာလုပ်ဆောင်ခဲ့ရပြီးနောက်၊ ပထမဦးဆုံးယုံကြည်လာသော လက်သမားတစ်ဦးဖြစ် သူခရစ်ရှနူးပါ(လ်)အားဗတ္တိဇံမင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်းခရစ်ယာန်ဖြစ်လာခြင်းကြောင့်များစွာဒုက္ခဆင်း ရဲခံရသော်လည်းသစ္စာရှိရှိအသက်ရှင်ပြီးလူများစွာကိုခရစ်တော်ထံသို့ပိုရဆောင်ခဲ့သည်။

၁၇၈၉ ခုနှစ်တွင်ကယ်ရီနှင့်အတူပါဝင်ရန်အင်္ဂလန်ပြည်မှလူ(၄)ဦးရောက်လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌သာသနာပြုဗဟိုတည်ထောင်ခဲ့ပြီးအိန္ဒိယပြည်အရပ်ရပ်သို့သွားကာခရစ်တော်အကြောင်း ဟောကာစာသင်ကျောင်းများလည်းဆောင်လုပ်ပေးကြ၏။ သူတို့၌ကျမ်းစာ၊ နှုတ်ကပတ်တော်ဆိုင်ရာစာအုပ် လေးများပုံနှိပ်ရန် ပုံနှိပ်စက်ကြီးတစ်ခုလည်းရှိခဲ့၏။

၁၈၀၀ ပြည့်နှစ်၌ကယ်ရီသည် ဆေရမ်ပိုကောလိပ်ကိုတည်ထောင်ခဲ့သည်။ မိဘမဲ့ဂေဟာတစ်ခုနှင့်အနာ

ကြီးရောဂါသည်(နူနာ)ဆေးရုံတစ်ဆောင်လည်းတည်ထောင်ခဲ့၏။ အိန္ဒိပြည်၌(၂၂)နှစ်နီးပါးနေခဲ့ပြီး(၁၈၁၅) ခုနှစ် ၌ကယ်ရီအားဖြင့်ယုံကြည်သူ(၇၆၅)ဦးရှိခဲ့၏။သူမသေဆုံးခင်၊အိန္ဒိယ၌အသင်းတော်(၂၆)ပါးတည်ထောင်ခဲ့သည်။

ကယ်ရီအားကာလကတ္တားရှိအစိုးရကောလိပ်ကျောင်း၌ဘင်္ဂါလီပါမောက္ခအဖြစ်ခန့်အပ်ခဲ့၏။နောင်အခါသူသည်ထိုကောလိပ်ကျောင်း၌မာရတိနှင့်ပါဋ္ဌိဘာသာစကားတို့ကိုပါသင်သင်ကြားပေးခဲ့သည်။ ပါမောက္ခအနေဖြင့် နှစ်ပေါင်း(၃၀)တာဝန်ထမ်းဆောင်ခဲ့ပြီးရရှိသောလစာအများစုကိုဘုရားသခင်၏အမှုတော်မြတ်ကြီးအတွက်ပါဝင်ခဲ့ပြီးမိမိအတွက်အနည်းငယ်မျှသာအသုံးပြုခဲ့သည်။

(၁၈၀၀) ပြည့်နှစ်တွင်ဓမ္မသစ်ကျမ်းကိုဘင်္ဂါလီဘာသာသို့ပြန်ဆိုပြီးခဲ့၏။ မသေဆုံးမီ သမ္မာကျမ်းတစ်အုပ်လုံးကို ဘာသာစကား(၂၀)နီးပါးမျှပြန်ဆိုခဲ့ပြီး အရှေ့တိုင်းဘာသာစကားဖြင့်ဓမ္မသစ်ကျမ်းကိုဘာသားစကား(၄၀) ကျော်ဘာသာ

ပြန်ဆိုခဲ့သည်။ ထို့ကြောင်သူ့အားကမ္ကာတစ်ခုံးလုံး၏ ၁/၃ အတွက်သမ္မာကျမ်းကိုဘာသာပြန်ပေးခဲ့သူဟု ပြောစမှတ်ပြုခဲ့ကြ ပေသည်။

ကယ်ရီအားဖြင့်အစိုးရကပြန်လည်ပြုပြင်သော ဥပဒေတစ်၇ပ်မှာသေဆုံးသူခင်ပွန်းသည်အလောင်းကိုမီးရှို့စဉ်ထင်း ပုံထဲသို့အသက်ရှင်နေသောဇနီးကိုပါထည့်မီးရှို့ခြင်းကိုတားမြစ်သောဥပဒေဖြစ်သည်။ဂင်္ဂါမြစ်ထဲသို့ကလေးသူငယ်များပူဇော် ဆက်သခြင်းကိုရပ်ဆိုင်းရန်လည်းသူ၌တာဝန်ရှိခဲ့ပေသည်။

ဤမျှလောက်မြောက်မြားစွာစွမ်းဆောင်ခဲ့သော်လည်းသူသည်တာဝန်ကျေရုံသာပြုသောအစေခံတစ်ဦးကဲ့သို့မိမိကိုယ်ကိုအမြဲမှတ်ယူပြီးအနည်းငယ်မျှသာအသုံးဝင်သောသူဖြစ်သည်ဟုပြောခဲ့သည်။သူ၏နောက်ဆုံးနေ့ရက်များအတွင်းသူ့ထံရောက်ခဲ့သောမိတ်ဆွေတစ်ယောက်အား “ငါသေတဲ့အခါ ဒေါက်တာကယ်ရီအကြောင်းဘာမျှမပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ကယ်တင်ရှင်အကြောင်းကိုသာပြောကြပါ” ဟုမှာခဲ့ပေသည်။

ဘင်္ဂါလီဘာသာဖြင့်သဘာသာပြန်ထားသောဘင်္ဂါလီဓမ္မသစ်ကျမ်းကို(၈)ကြိမ်မြောက်တည်းဖြတ်ပြီး၊ အသက်(၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ၊ လုပ်စရာမရှိတော့ဘူး၊ ဘုရားသခင်အလိုတော်ကိုစောင့်ရန်သာရှိတော့တယ်”ဟုတပြာသည်။ (၂) နှစ်ကြာပြီးနောက်(၁၈၃၄)ခု၊ ဇွန်လတွင်သူကွယ်လွန်ခဲ့ပြီးခန္မာကို သူချစ်မြတ်နိုးသောအိန္ဒိယပြည်၌ပင်မြှုပ်နှံခဲ့ပေသည်။ သူသည်သူ၏မိခင်တိုင်းပြည်သို့တစ်ခါမျှမပြန်ပဲ အိန္ဒိယပြည်၌(၄၁)နှစ်အမှုတော်မြတ်ကိုဆောင်ရွက်ခဲ့ရာ အသီးအပွင့်များ သည်ယနေ့တိုင်ကျန်ရစ်လျက်ရှိပြီးသူ့အား “ခေတ်သစ်သာသနာပြုလုပ်ငန်းများ၏ ဖခင်ကြီး”ဟုခေါ်ဆိုထိုက်ပေသည်။

ဆရာဦးအုန်းမြင့် ဘာသာပြန်ဆိုသည့် လက်ဝါးကပ်တိုင်တော်၏အစေခံများ စာအုပ်မှပြန်လည်ဖော်ပြပါသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Credit To [https://www.facebook.com/newsofmyanmar]
Read More »

အတွေးများ - လက်ထပ်ခြင်း

လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြသလဲ ?

“ ချစ်လို့ ”လို့ ဖြေမယ့် သူတွေလည်း ရှိမှာပါ။

“ တစ်ယောက်တည်း မနေချင်လို့ ” လို့ ဖြေတဲ့သူလည်း ရှိမှာပဲ။

“အသက်ကြီးတဲ့အခါ အထီးကျန်မှာ စိုးလို့ ”ဆိုတာလည်း ကြားရနိုင်တယ်။

တစ်ယောက်တစ်မျိုး မရိုးအောင်ဖြေကြမှာပေမယ့် ဘယ်လိုပဲ ဖြေကြ ဖြေကြ၊ သေချာတာတစ်ခုကတော့.....

ဘယ်သူမှ “ စိတ်ဆင်းရဲမယ်ထင်လို့ ” အိမ်ထောင်ပြုတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမယ်ထင်လို့ အိမ်ထောင်ပြုတဲ့သူချည်းပါပဲ။

တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေ အိမ်ထောင်ပြုကြတာဟာ “အားကိုးရာ”ရှာကြတဲ့သဘော အများကြီးဆောင်တယ်။ “အိမ်ထောင်ဦးစီး” “အိမ်ဦးနတ်”စတဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာတာဟာ သည်အချက်ကို အထင်အရှား ပြဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အိမ်ဦးနတ်ကြီးက ဘာအလုပ်မှ မလုပ်၊ ဘာတာဝန်မှ မယူတာမို့လို့ အရာရာမှာ ကိုယ်ကချည်း ဦးဆောင်နေရတဲ့ အမျိုးသမီး စွမ်းဆောင်ရှင်တွေလည်း သူ့ခေတ်နဲ့သူ ရှိခဲ့တာချည်းပါပဲ။

ကျွန်တော်တို့ အိမ်ထောင်ပြုတဲ့ခေတ်၊ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်အထိတောင်... အဲဒီ့ အားကိုးရာရှာတဲ့ အစဉ်အလာကြီးက တယ်မပျောက်ချင်သေးပါဘူး။ ဒါဖြင့် အခုရော လုံးလုံး အကင်းသေပြီလားလို့ မေးရင် ခေါင်းရမ်းပြရမယ့် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရှေးကထက် စာရင်တော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်တွေဆီ ပိုရောက်လာနေကြပြီ ၊

အမျိုးသမီးတွေရဲ့ ထက်မြက်တဲ့ အစွမ်းအစကို အများကြီး ပိုမြင်နေကြရပါပြီ။ ဒါပေမယ့် မိရိုးဖလာအစွဲဆိုတာ တော်တော်နဲ့ ပျောက်ခဲလေတော့ အဲသလို မမတွေ အိမ်ထောင်ပြုရင်လည်း.....

အပြည့်အဝ အားကိုးတာ မဟုတ်ပေမယ့် အနည်းနဲ့အများတော့ မှီချင်၊ ခိုချင်၊ နွဲ့ချင်တဲ့သဘောထားလေးတွေက ဆက်လက် ခိုင်မြဲနေဆဲပါပဲ။

ထားပါတော့…

ယောက်ျားတွေကကျတော့ရော ဘာကြောင့် အိမ်ထောင်ပြုတာလဲဆိုတာကို ဆန်းစစ်ပြန်ရင်... အဟဲ… ကျွန်တော်တို့လည်း မိန်းမတွေကို အားကိုးလို့ပါပဲ ခင်ဗျ။ စီးပွားရေးအရ အားကိုးတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် အပျင်းထူတဲ့ ကျွန်တော်တို့ ယောက်ျားသားများကို နေမှု ထိုင်မှု အစုစုမှာ... လုပ်ပေး၊ ကိုင်ပေး၊ ချက်ပေး၊ ပြုတ်ပေး၊ လျှော်ပေး၊ ဖွပ်ပေးချည်သေးရဲ့ဆိုတာရယ်၊ ဟိုဟာလေးရယ်အတွက် အဓိကထားလို့ အိမ်ထောင်ပြုကြတာပါပဲခင်ဗျား။

အဲဒီ့အချက်တွေကြောင့်မဟုတ်ပါဘူး လို့ ဖြောင့်ကွယ်ကွယ်ပြီး ကျယ်ကျယ်ကြီးကြီးတွေ လျှောက်ပြောရရင်တော့လား၊ ဟား… မျိုးဆက် ချန်ခဲ့ချင်လို့၊ လူ့တာဝန်ကျေချင်လို့၊ ဘာလို့ ညာလို့တွေ ပြောလို့ရပါတယ်။ ပြောလည်း ပြောတတ်ကြပါတယ်။ ဒါပေမယ့် တကယ့် အတွင်းပိုင်းမှာတော့ ဝန်မခံရင်သာ ရှိရမယ်၊ အိမ်ထောင်မပြုခင်က အမေတွေ၊ အစ်မတွေ ကိုယ့်ကို ယုယခဲ့သလို ပြုစုယုယ ပေးမယ့် သူကို ရှာတာနဲ့ လူတို့ဘာဝ ထိုကိစ္စအတွက် တစ်ဦးတည်း မူပိုင် လက်ကားဒိုင်ကြီး ဖွင့်လိုက်တာပါပဲ။

အိမ်ထောင်ပြုသင့်သလား ?

အဲသလိုများ မေးလာမယ်ဆိုရင်တော့ ယောက်ျားဆိုရင် အိမ်ထောင်ပြုဖို့ တိုက်တွန်းမိမှာ ဖြစ်သလို မိန်းမဆိုရင် အိမ်ထောင်မပြုဖို့ အားပေးမိမှာပါပဲ။

ဘာလို့လဲဆိုတော့ အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့အခါမှာ... အမြတ်ထွက်တဲ့သူက ယောက်ျားတွေသာဖြစ်ပြီး အရှုံးပေါ်သူက မိန်းမသားတွေ ဖြစ်နေတတ်လို့ပါပဲ။ လျှော့လျှောပေါ့ပေါ့ ပြောရင် သည်အချက်ဟာ အိမ်ထောင် တစ်ရာမှာ ၆၀-၇၀လောက်အတွက် သွေးထွက်အောင် မှန်နေပါလိမ့်မယ်။ သာသာထိုးထိုး အလေးခိုးပြီး ပြောရရင်တော့ တစ်ရာမှာ ၉၀-၉၅လောက်တောင်လို့ ပြောရမယ်။

မိန်းမတွေ အိမ်ထောင်ပြုလိုက်တဲ့အခါ အပျိုဘဝကို ဆုံးရှုံးပါတယ်။ ယောက်ျားတွေကရော လူပျိုဘဝကို မဆုံးလို့လားလို့ မေးစရာ ရှိပေမယ့် အိမ်ထောင်ရှင်တန်မဲ့နဲ့ လူပျိုလေးလို ကိုးကျွင်းကိုးကျွင်း လုပ်နေသူတွေ၊ အပေါင်းအသင်းတွေနဲ့ နေချင်သလို နေနေသူတွေ၊ လူပျိုယောင်ဆောင်ပြီး ကိုယ့်အိမ်ထောင်ဖက်မှတစ်ပါး အခြားမိန်းမသားတွေကို ထိကပါးရိကပါး လုပ်နေသူတွေ..... ကျားတို့ နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

မိန်းမသားတွေ အိမ်ထောင်ကျတဲ့အခါမှာတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေခွင့်ရလာတဲ့အခါမျိုးမှာ မိဘအိမ်မှာ နေရစဉ်ကထက် ပိုမိုလွတ်လပ်လာ၊ အပျိုဘဝတုန်းကထက် ကျယ်ပြောတဲ့ လူ့လောကနဲ့ ပိုမိုထိတွေ့ခွင့်ရလာနိုင်တာမှန်ပေမယ့် တကယ်တမ်းမှာ အိမ်ထောင့်ဝန်တွေ ဖိစီးလာတဲ့အခါ၊ သားသမီးတာဝန် ယူလာရတဲ့အခါတွေမှာ အရာရာမှာ ကိုယ်ဟာ အလိုလိုနေရင်း ဒုတိယ နေရာ၊ တတိယ နေရာကို ရောက်သွားပါတော့တယ်။ လင်က ပထမ၊ သားက ဒုတိယ၊ သမီးက တတိယများဖြစ်နေရင် ကိုယ်က စတုတ္ထဘဝကို ရောက်သွားတယ်။

သည်တော့ကာ အိမ်ထောင်မပြုခင်ကလည်း ယောက်ျားတွေဟာ ပထမ၊ အိမ်ထောင်ကျတော့လည်း ယောက်ျားတွေဟာ ပထမ နေရာမှာပဲ အစဉ်အလာအရ ဆက်လက် ခိုင်မြဲနေတာမို့

ယောက်ျားတွေ အိမ်ထောင်ပြုတာဟာ တစ်စက်ကမှ မရှုံးပါဘူး။ မိန်းမသားတွေအတွက်ကျတော့ မိဘ လက်ထဲမှာတုန်းက အဖေ့ကို ပထမနေရာမှာ ပေးခဲ့ရလို့၊ အစ်ကို့ကို ဒုတိယနေရာမှာ ထားခဲ့ရလို့၊ ကိုယ်က တတိယနေရာမှာ ရှိခဲ့တယ်ဆိုဦး၊ အိမ်ထောင်ကျတော့မှ စတုတ္ထနေရာ ရောက်သွားရပြီဆိုရင် အဖျဉ်းဆုံး တစ်ဆင့်တော့ ကျသွားတာပါပဲ၊ ရှုံးသွားတာပါပဲ။ တကယ်လို့များ ကိုယ်က သမီးဦးမို့လို့ ဖူးဖူးမှုတ်ခံဆိုရင် ဒုတိယနေရာက စတုတ္ထနေရာကို ဆင်းရတာမျိုးဖြစ်ပြီ၊ အရှုံးက ကြီးသွားပြီ။

ဒါလည်း လင်က ကိုယ့်အပေါ် သစ္စာရှိနေဦးမှ။

သူက သစ္စာမရှိဘဲနဲ့ ဖောက်လွဲဖောက်ပြန် လုပ်၊ နောက်ထပ် တစ်အိုးတစ်အိမ်များ ထူမယ်ဆိုရင် ကိုယ့်အဆင့်က ပထမဇနီးလို့ နာမည်သာခံတယ်၊ တကယ် နေရာရတော့ ဟိုးအောက်ခြေအထိ ရောက်ချင် ရောက်သွားနိုင်သေးတယ်။ အဲလိုမျိုးဆိုရင် မမြတ်တဲ့အပြင် ခွက်ခွက်လန်အောင် အရှုံးက ပေါ်ပြီ။

တခြားဟာတွေ ခဏထားဦး။ ကိုယ်ကလည်း အလုပ်လုပ်၊ သူကလည်း အလုပ်လုပ်၊ ဒိုးတူဘောင်ဖက် တက်ညီလက်ညီ ရှိနေတဲ့ အိမ်ထောင်ရှင်တွေမှာတောင် အရေးရယ်၊ အကြောင်းရယ်၊

သားတွေ၊ သမီးတွေ နေမကောင်း ထိုင်မသာ ဖြစ်လို့များ ခွင့်ယူရ၊ အလုပ် ဖျက်ရစတမ်းဆိုရင် မယားကသာ ခွင့်ယူရ၊ အလုပ်ဖျက်ရတာ။ လင်သားတွေကတော့ အလုပ်ဖျက်ဖို့ နေနေသာသာ၊ အိပ်ရေးလေး အပျက်ခံဖို့တောင် အနိုင်နိုင်ရယ်။

ကိုင်း… အဲတော့ အိမ်ထောင်ပြုတာ ဘယ်သူမြတ်ပြီး ဘယ်သူရှုံးသလဲ၊ ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပေရော့…

ပြောမယ်ဆိုရင် နံပါတ်စဉ်ထိုးပြီးတောင် အများကြီး ပြောလို့ရပါတယ်။ လိုတိုရှင်း ပြောရရင်တော့ အိမ်ထောင်ပြုလိုက်ကြတဲ့အခါ ဘယ်ဖက်က တွက်တွက်၊ အမြတ်ထွက်တာက ကျွန်တော်တို့ ကိုရွှေယောက်ျားသားတွေ၊ ခွက်ခွက်လန်တာက မမတို့ စိန်စိန်မိန်းမသားတွေသာဖြစ်ကြောင်းပါ ခင်ဗျား။

အမျိုးသမီးများ အိမ်ထောင်ပြုမယ်ကြံရင်…

သည်လောက်ပြောနေတဲ့ကြားက အမျိုးသမီးများအနေနဲ့ အိမ်ထောင်ပြုမယ်များ ကြံရင် အောက်ပါ အမှန်တရားများကို လက်ကိုင်ထားကြစေချင်ပါတယ်။

(၁) အိမ်ထောင်ပြုလိုက်လို့ တစ်ကိုယ်ရေ နေရတဲ့ဘဝထက် ထူးပြီး စိတ်ချမ်းသာလာရမှာ မဟုတ်ဘူး။

သည်အချက်ဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးပါ သိပ္ပံနည်းကျ သုတေသနအရ ထင်ရှားနေပါတယ်။

(၂) ယောကျာ်းတွေဟာ မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တတ်၊ ရပြီးရင် ဖျာလိုခင်းပြီး တက်နင်းတတ်တယ်။

သည်အချက်ကို မယုံရင် ကိုယ့်အမေ၊ ကိုယ့်အဒေါ်အပါအဝင် အိမ်ထောင်သက် ကြာရှည်နေတဲ့ အိမ်ထောင်ရှင်များဆီက သက်သေခံထွက်ချက်တွေ တောင်းကြည့်နိုင်ကြပါတယ်။

(၃) ယောကျာ်းတွေရဲ့ အိမ်ထောင်ရေးသစ္စာကို ဘယ်၊ ဘယ်သောအခါမှ မယုံစားထိုက်ဘူး။

ခန္ဓာဗေဒသဘော၊ စိတ်ပညာအရ လူသတ္တဝါတွေမှာ ဖြစ်ပေါ်မြဲ တပ်မက်စိတ်နဲ့ ရမ္မက်ဇော သဘောတွေမှာ ကျားနဲ့ မတို့ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ခြားနားလှတာမို့ အမျိုးသမီးများအနေနဲ့ ဘယ်လိုမှ နားလည်လို့ မရနိုင်လောက်တဲ့ ပွေလီမှုအစုံဟာ ကျွန်တော်တို့ ယောက်ျားတွေကို ထုံမွှမ်းထားပါတယ်။ ခြွင်းချက်အနေနဲ့ ရဟန်းတော်များ၊ လိင်တူချင်း စုံမက်သူများသာ ရှိပါတယ်ခင်ဗျား။ ဘယ်သူကဖြင့် ဘယ်လို တည်ကြည်တာလို့ ပတ်ဝန်းကျင်က မြင်မြင်ရာကို အထင်တော် မကြီးလိုက်ကြပါနဲ့ဦး။ တည့်တည့်ပြောပါရစေ။ နားရွက်နဲ့မနာ၊ ခြေထောက်နဲ့သာ နာတော်မူကြပါ။

ဟုတ်ကဲ့…

အခကြေးငွေ ပေးရတဲ့ အပျော်အဖော်ဆီသွားတယ်ဆိုတာ အမြန်ဆုံး ၁၅မိနစ်၊ အကြာဆုံးမှ နှစ်နာရီပါ။ တချို့ကျပြန်တော့လည်း ညီအစ်ကိုရင်းချင်းတောင် လူလုံး မကွဲလောက်တဲ့ အကာလ ညအခါများမှာ တစ်ခါတလေ ကြတာပါ။ အဲဒါကိုပဲ၊ အိမ်ပြန်ရောက်တဲ့အခါ “အမေကြီးရေ… အဖေကြီးတော့ အပျော်အဖော်ဆီက ပြန်လာတယ်ဟေ့”လို့ ဘယ်သူမှ ထုတ်မပြောပါဘူးခင်ဗျား။

သူ အဲသလို သွားလာနေတာကို ဘယ်သူကမှလည်း တော်တော်တန်တန် သိလိုက်မှာ မဟုတ်၊ ရိပ်မိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူကဖြင့် ဘယ်လို တည်တံ့တာဆိုတဲ့စကားမျိုးနဲ့ ဟုတ်နိုးနိုး မအောက်မေ့ကြပါနဲ့။ စာတစ်အုပ် ကောင်းမကောင်းကို စာအုပ်အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ သိုးဆောင်းဆိုရိုးကို မမေ့ကြစေချင်ဘူး။

(၄) အိမ်ထောင်ပြုလိုက်တာနဲ့ မိန်းမသားတွေဟာ ဝန်ထုပ်ဝန်ပိုးစုံကို လွယ်ရပါတော့မယ်။

လင့်တာဝန်၊ သားသမီးတာဝန်တွေ ထမ်းရတော့မှာကို ဆိုလိုတာပါ။ ယောက်ျားတွေလည်း ထမ်းရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဝင်ငွေကောင်းကောင်း ရှာပေးနိုင်ပြီဆိုရင် ကျန်တာတွေ ပေယျာလကန် ထားလို့ရပါတယ်။ အမျိုးသမီးမှာတော့ ကိုယ်ဝန်စတင်ဆောင်ကတည်းက ကာယိကဒုက္ခ စတင် ခံစားရပြီ။ သည်ကမှ ဆက်တိုက်ထမ်းရမယ့်ဝန်ဟာ အမယ်မင်း… အစုံ ခင်ဗျ၊ အစုံ၊ အစုံ။

(၅) ယောက်ျားသားများရဲ့ ဝင်စားမှုဟာ အိမ်ထဲမှာ အလွန်ရှိခဲတယ်။

ဘောလုံးပွဲ၊ ဂေါက်ကွင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကျားဝိုင်း၊ ဘိလိယက်ဝိုင်း စတဲ့ နေရာတွေမှာ ဘယ်သူတွေ နေရာအယူဆုံးလဲ ဆိုတဲ့ အချက်နဲ့တင် သည်အချက်ကလည်း ဒက်ထိဖြစ်နေပါပြီ။ အားအား ရှိ၊ အိမ်က မိန်းမနား ကပ်နေတဲ့ ယောကျာ်းဆိုတာ မပဋာ ရှာမတွေ့ခဲ့တဲ့ မုံညင်းဆီလောက်နီးနီး ရှားလှပါတယ်။ အဲ…ခြွင်းချက်တော့ ရှိသပေါ့။ အိုလာတဲ့အခါ၊ နာလာတဲ့အခါ၊ မစွမ်းတော့တဲ့အခါကျရင်တော့ အိမ်က ကြက်နာမကြီးနားမှာ တဖဝါး မခွာ ရှိတတ်တယ်။ မအို မနာသေးဘဲ စွမ်းနေသမျှတော့လား၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့အတိုင်းပဲ၊

ယမယ်မျိုးစုံ ရှာပြီး အိမ်ကခွာဖို့ စဉ်းစားနေတတ်ကြတာ တစ်ရာမှာ ၉၅ယောက် အထက်ပါပဲ။ ဒါ အလေးခိုးပြီး ပြောတာ။ လျှော့ပြောရင်တော့ ၆၀%ရဲ့အထက်မှာ ရှိနေတာတော့ အသေအချာပါပဲ။

ဘယ်လိုအမျိုးသမီးတွေ အိမ်ထောင်ပြုသင့်သလဲ ?

ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသမီးများဟာ အိမ်ထောင်ပြုသင့်တဲ့ အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။ မိမိဘဝရပ်တည်မှုအတွက်၊ နေသာဖို့အတွက် အိမ်ထောင်ပြုတာပဲပေါ့။

ဒုတိယအမျိုးအစားကတော့ လူရည် အင်မတန်လည်တဲ့၊ ပါးနပ်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုသင့်ပါတယ်။ တစ်နည်းအားဖြင့် ယောက်ျားကျမ်း ကျေညက်သူတွေ အိမ်ထောင်ပြုတာကို ဩဘာပေးထိုက်ပါတယ်။ ယောက်ျားတွေရဲ့ ကောင်းကွက်တွေကို သိသလို ညံ့ကွက်တွေကိုလည်း ကောင်းကောင်းကြီး သိနေပြီး ကောင်းကွက်တွေကို အသုံးချ၊ ညံ့ကွက်တွေနဲ့ အညှာကိုင်တတ်မယ်ဆိုရင် အောက်သွားမပါတဲ့ နွားပြာကြီးများ မွေးနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲသလို အရည်အချင်းမျိုးရှိဖို့ကလည်း တော်တော်တန်တန် ပါရမီမျိုးနဲ့ မလွယ်ပါဘူး။

သူရို့ မအေတွေ ကိုယ်တိုင်က ကိုယ့်လင်သားကို အပိုင်ကိုင်ထားပြမှရင်လည်းဖြစ်မယ်၊ သူတို့ကိုယ်တိုင်က ယောကျာ်းတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်စွာ နေတတ်ပြီး လှစ်လှစ် လှစ်လှစ်နေအောင် ပါးနပ်မှရင်လည်း ဖြစ်ပါမယ်။

သည်နှစ်မျိုးကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ ဆိုရင်တော့ အနည်းဆုံး ဆယ်ကြိမ်ဆယ်ခါ ပြန်စဉ်းစားစေချင်ပါတယ်။ အိမ်ထောင်မပြုသင့်ဆုံး အမျိုးသမီးတွေ

ကိုယ်စွမ်းကိုယ်စ အပြည့်ရှိတဲ့ အမျိုးသမီးတွေ လုံးလုံး အိမ်ထောင်မပြုသင့်ပါဘူး။ ကိုယ့်ဝမ်းကိုယ် ကောင်းကောင်း ကျောင်းနိုင်နေတဲ့အပြင် ပိုပိုလျှံလျှံ သုံးသုံးစွဲစွဲနေနိုင်တဲ့ အမျိုးသမီးများ

အိမ်ထောင်ပြုတာကို ကျွန်တော်ကတော့ အားကို မပေးချင်ဘူး။ အဲသလို အမျိုးသမီးတွေ အိမ်ထောင်ပြုတာဟာ ဒုက္ခရှာတာလို့ချည်း မြင်နေလို့ပါပဲ။ မယုံမရှိပါနဲ့၊

ကျွန်တော့်ရဲ့ အတန်အသင့် ရင့်မာလာတဲ့ လူမှုရေးအတိုင်ပင်ခံ သက်တမ်း တစ်လျှောက်မှာရော၊ ဘဝတစ်လျှောက်မှာပါ အိုးဒယ်နစ်၊ နစ်နေရှာကြတဲ့ စွမ်းဆောင်ရှင် အမျိုးသမီးတွေ မကြာခဏ တွေ့တွေ့နေရပါတယ်။

ဒုတိယကတော့ ဘဝမှာ ဘယ်တုန်းကမှ စိတ်ချမ်းချမ်းသာသာ မနေဖူးသူတွေပါ။ ရှိတာ၊ မရှိတာနဲ့မဆိုင်ပါဘူး။ ကိုယ့်ဟာလေးနဲ့ကိုယ် စိတ်လက် ချမ်းသာအောင် နေကျင့်ရှိခြင်း/မရှိခြင်းနဲ့ပဲဆိုင်ပါတယ်။ တကယ်လို့များ စာဖတ်သူဟာ အခုအချိန်အထိ ဖြတ်သန်းခဲ့သမျှ ဘဝတစ်လျှောက်မှာ စိတ်ချမ်းချမ်းသာသာ သိပ်မနေဖူးခဲ့ရင်

အိမ်ထောင်ပြုလိုက်မှ စိတ်ချမ်းသာလာမယ်ဆိုတဲ့အတွေးဟာ တက်တက်စင်အောင် လွဲတော့မယ့် စိတ်ကူးဆိုတာ မြင်စေချင်ပါတယ်။

အချစ်ရဲ့ အခန်းကဏ္ဍ

ကျွန်တော် ပြောသွားတဲ့အထဲမှာ အချစ်ရဲ့အခန်းကဏ္ဍကို တစ်လုံးမှ ထည့်ဆွေးနွေးမသွားပါဘူး။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်က ဖိုမချစ်ကို သိပ်နှစ်နှစ်ကာကာ မယုံကြည်လှလို့ပါပဲ။

မမြဲတဲ့ အနိစ္စသဘောတရားထဲမှာ အဲဒီ့ ရွှေအချစ်လည်း အတိအကျ ပါပါတယ်။ ဘာဝနာနဲ့ ပွားများ ယူရတဲ့ မေတ္တာကို မဆိုလိုဘူးနော်။ လောကီလူ့ဘောင်က အဖိုနဲ့အမကြားမှာ ပေါ်ပေါက် ပျောက်ကွယ်တတ်မြဲ အချစ်ဆိုတဲ့ “အစွဲ”ကို ပြောတာပါ။

တကယ်လို့များ၊ စာဖတ်သူ မမဟာ တစ်စုံတစ်ယောက်ကို သိပ်ချစ်နေတယ်၊ တစ်သက်လုံး ဆက်ချစ်ချင်နေချင်တယ်၊ နောက်ဆုံး ထွက်သက်လေးအထိ ချစ်သွားချင်တယ်ဆိုပါရင်လေ…

ကျွန်တော် ပေးချင်တဲ့အကြံကတော့ အဲဒီ့လူကို ယူကို မယူဘဲနဲ့ ခပ်လှမ်းလှမ်းကပဲ အသာလေး၊ တိတ်တိတ်လေး ချစ်နေလိုက်စမ်းပါ။ အဲဒါက သူ့ကို သေတစ်ပန် သက်တစ်ဆုံး ချစ်နိုင်ပါတယ်။

အဲ… ချစ်သူကို လက်ထပ်လိုက်မိလို့ကတော့ အင်း… နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်၊ ချစ်သူဘဝကနေ မုန်းသူ၊ ရွံရှာသူ၊ စက်ဆုပ်သူအဖြစ် ပြောင်းသွားနိုင်တဲ့ကိန်းက ၅၀%ဝန်းကျင်မှာ ရှိကြောင်းပါ။ ဒါ အလေးခိုးထားတဲ့ ကိန်းဂဏန်း မဟုတ်ပါဘူး။ အပိုင်ပြောနိုင်တဲ့ ပမာဏပါ။

ဒါပေမယ့်လည်း အဲဒီ့အချစ်ဆိုတဲ့ (ဘာမှန်းမသိလှတဲ့) ခံစားမှုနဲ့ပဲ စုံလုံး ကန်းကန်း ကုန်ပြန်တဲ့အခါမှာတော့ အမေလည်း မနေရ၊ အဖေလည်း မနေရ၊ မောင်နှမသားချင်းတွေလည်း မနေရ၊ ဘေးလူတွေလည်း မနေရနဲ့ အရပ်ကူပါ လူဝိုင်းပါတွေဖြစ်ရတဲ့ သာဓကတွေလည်း မနည်းဘူး။ ပြီးရင် ကိုယ့်ဖက်က စုံလုံးကန်းခဲ့မိတာကို ပြန်မမြင်တော့ဘဲ သင်းကိုက ဘယ်ကဲ့သို့ ဘယ်ချမ်းသာတွေဖြစ်ကုန်တာလည်း အဲဒီ့မမတွေပဲ။

သို့သော်လည်းပေါ့လေ…

ဘယ်သူတွေ ဘယ်လောက်ပြောပြော၊ ကျွန်တော်မကလို့ သိကြားမင်းကြီးကိုယ်တိုင်ပဲ ဆင်းလာပြီး တားဦးတားဦး၊ ကာမဘုံသား ဆုံလည်နွားဆိုတဲ့ စာရင်းထဲမှာ ပါနေကြတဲ့ သူသူကိုယ်ကိုယ်ဟာ အရွယ်လေး ရောက်လာ၊ ကျော်လာ၊ လွန်လာတဲ့အခါ အိမ်ထောင်မှ မရှိရင် မူမမှန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် မြင်မိကြရင်းကနေ မရအရ အိမ်ရာထူထောင် ဖြစ်နေကြဦးမှာပါပဲ။

အခု ကျွန်တော် ရေးလိုက်တဲ့ အမျိုးသမီးများ အိမ်ထောင် မပြုရေးဆိုတဲ့ အဆြိုပဆွေးနွေးချက်ဟာ... မဖြစ်မနေ အိမ်ထောင်ပြုကို ပြုတော့မယ်လို့ ဆုံးဖြတ်ထားသူများအတွက် မရည်ရွယ်ပါဘူး။

အိမ်ထောင်ပြုရ ကောင်းနိုး၊ မပြုရ ကောင်းနိုးဖြစ်နေသူတွေ၊ ကိုယ်ကိုယ်တိုင်က အိမ်ထောင် မပြုချင်လှပေမယ့် လူပြော သူပြောနဲ့ အိမ်ထောင်ပြုလိုက်ရင်များ ကောင်းမလားလို့ တွေးနေသူတွေအတွက် တစ်ဖက်တစ်လမ်းက စဉ်းစားစရာရအောင် အကြံပြု ဆွေးနွေးလိုက်တာသာ ဖြစ်ပါတယ်။

Credit To အတ္တကျော်
Read More »

ကံကိုချည်းပုံချတတ်သော အမှား

ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။

လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါသည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။

ကံကိုချည်းပုံချတတ်သော အမှားတစ်ခု

ဗုဒ္ဓဘာသာမှန်လျှင် နံပါတ်(၁)အချက်က ကံနှင့်ကံ၏အကျိုးကို ယုံကြည်ရပါမည်။ သို့သော် ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာ လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ ဆိုသကဲ့သို့ အတိတ်ကံကိုချည်းပုံချကာ ဘ၀ကို အရှုံးပေးတာမျိုးသည် အလွန်မှားယွင်းသော မဟာအမှားကြီးဖြစ်ပါသည်။

လူကမစွမ်းနိုင်သည့်အခါ၊ လူကအသုံးမကျသည့်အခါ ကံဉာဏ်ဝီရိယကို နှစ်ဆတိုးပြီး ကြိုးစားရမည့် အစား ဒို့ကတော့ ကံမကောင်းဘူး ဒို့လုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူးဆိုကာ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးသွားတတ်ကြသည်။ ကံတရားကိုပုံချရုံတင်မက အတိတ်က ကုသိုလ်ကံလေးများ ကိုယ့်ဘက်ကို မျက်နှာသာပေးလိုပေးငြား ၂လုံးထီ သုံးလုံးထီများကို အားကိုးကာ အလွယ်လမ်းကို လိုက်ကြလေသည်။ တစ်နေ့ပေါက်နိုး နှစ်နေ့ပေါက်နိုးနှင့်ပင် ငွေမျောငွေနှင့်လိုက်ရင်း ဆင်းရဲသည်ထက် ဆင်းရဲလာကြလေသည်။

မဃဒေ၀ဆရာတော်ကြီးက

"အယူတစ်စောင်း၊ ကံတစ်ကြောင်းမျှ၊ မကောင်းလဲကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ကံမွဲဉာဏ်နုံ့ ၊ မလုံ့မလ၊ နတ်မမဘူး"

ဟု စပ်ဆိုတော်မူခဲ့သည်။ ဆိုလိုသည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကံကိုချည်းပုံမချလိုက်ပါနှင့်၊ ကံကမွဲ ဉာဏ်ကမွဲ၊ လုံ့လကမွဲလျှင် မည်သို့မျှ မကြီးပွားနိုင် ဟုဆိုလိုပါသည်။

နိမ့်နေသော ကံကို မြင့်အောင်၊ ဆိုးနေသောကံကို ကောင်းအောင် ကံကိုကြိုးစား ပြုပြင်ဘို့ လိုပါသည်။ ကံဆိုသည်မှာ အလုပ်။ အလုပ်ကောင်းလျှင် ကံကောင်းပါမည်။ သို့သော် အခု ရေတွင်းတူး အခုရေကြည်သောက်ချင်လို့ မရနိုင်ပါ။ အတိတ်ကပြုခဲ့သော အကုသိုလ်ကြောင့် ကံဆိုးမိုးမှောင်ကျနေသော်လည်း လက်ရှိဘ၀မှာ ကံမြင့်ကြောင်း၊ ကံကောင်းကြောင်း ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်သည့်အတွက် အကုသိုလ်ကံ၏ ဆိုးကျိုးများ လျှော့ပါးသွားနိုင်သည်ကို နားလည်သင့်လှပေသည်။

အတိတ်ဝေးစွာ ရှေးအခါက လူငယ်လေးတစ်ယောက် ဒိသာပါမောက္ခဆရာကြီး၏ တက္ကသိုလ်တွင် ပညာသင်ကြားနေချိန် ဆရာကြီးက သူ့တပည့်၏ ဇာတာစန်းလဂ် အညံ့တွေကြောင့် ခုနစ်ရက်အတွင်းသေမည့်ကိန်းအတိအကျတွေ့ရှိလာသည်။ ထိုအခါ ဆရာကြီးက ပရိယာယ်မာယာသုံးကာ တပည့်ကို မိဘများထံ အလွမ်းပြေ အလည်ပြန်ခိုင်းလိုက်လေသည်..။ တပည့်ကတော့ သူသေမှာကို မသိရှာ။

ခရီးဝေးလွန်းလှသော အိမ်ပြန်လမ်းတွင် ပျက်နေသော လမ်းများကို ပြင်သွားသည်။ ကြိုးနေသော တံတားများကို အသစ်ပြုပြင်သွားသည်။ ရှုပ်နေသော လမ်းများကို ရှင်းလင်းသွားသည်။ သေဘေးကြုံနေသော တိရစ္ဆာန်လေးများကို အသက်ကယ် သွားသည်။ နိမ့်ကျနေသော ညောင်ကိုင်းများကို မြင့်အောင် ထောက်သွားသည်။ သည်လိုနှင့်ပင် အိမ်ကို ရောက်သွားပါသည်။ အိမ်မှာ မိဘများနှင့် ပျော်ပျော်ရွှင်ရွှင် အတူတကွနေထိုင်။ မိဘကိုလုပ်ကျွေးပြုစုကာ ကျောင်းသို့ ပြန်လာခဲ့လေသည်။

ခုနစ်ရက်ကျော်မှ မသေဘဲပြန်လာသော တပည့်ကိုကြည့်ကာ ဆရာကြီး အံ့သြသွား လေသည်။ တပည့်က သူ အိမ်အပြန်လမ်းမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ် ခဲ့သည်များကို ပြောပြသည်။ တပည့်က အသက်ရှည်ကြောင်း ကောင်းမှုများကို ပြုသည့်အတွက် အသက်ရှည်သွားခဲ့သည်ကို ဆရာကြီးနားလည်သွား ပါသည်။

ထို့အတူပင် ကျွန်ုပ်တို့လည်းပဲ ကံဆိုးမိုးမှောင်ကျသည့်အခါ၊ ဖြစ်ချင်သည့်ဆန္ဒ အလျှောက်ကြိုးစားသော်လည်း မရသည့်အခါ ငါနဲ့မထိုက်လို့သာ၊ ငါ့ကံကိုက ကြီးပွားချမ်းသာဖို့ မပါလာဘူးနဲ့တူပါတယ်..လို့ ကံကိုပုံချကာ ဘ၀ကို အရှုံးပေးကြ မည်လား..။ ကံပြုသမျှ နုကြမည်လား။ လောကဓံလှိုင်းတံပိုးအောက်မှာ ပြားပြားမှောက် လည်စင်းခံကြမည်လား စဉ်းစားကြပါ။

ကံပြုသမျှနုကြမည်ဆိုလျှင် "လူမတန် ကံကိုချ အပျင်းမွေးသူ ဆင်းရဲလှ" ဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် တကယ့်ကို လူဖျင်းလူညံ့များဖြစ်သွားပါလိမ့်မည်..။ "ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ".. ဆိုသ ကဲ့သို့ လောကဓံလှိုင်းကြမ်းလေ ကြမ်းရေစီးကြမ်း ကြမ်းချင်သလောက်ကြမ်းပါစေ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးစားသင့်လှပေသည်။

ဆရာအတ္တကျော်ပြောသော ပုံပမာလေးကို ပြောပါရစေ။ လယ်သမားတစ်ယောက် လယ်ထွန်ချိန် ခေတ္တနားသောအခါ နွားများကို လွှတ်ကြောင်းထားလိုက်သည်။ နွားအိုကြီးတစ်ကောင် မမြင်မစမ်းနှင့် ရေတွင်းပျက်ထဲကျလေသည်။ တွင်းကလဲနက် နွားကလဲ အိုနေပြီ ပြန်ဆွဲတင်ဖို့ရန်လဲမလွယ်၍ (စိတ်မကောင်းစွာ) နွားကြီးကို တွင်းပျက်ထဲမှာပဲ မြေမြှုတ်ထားခဲ့ဖို့စိတ်ကူးသည်။ စိတ်ကူးအတိုင်းသူက မြေတွေကြုံးလာပြီး တွင်းထဲသို့လောင်းထည့်သည်။ အောက်ကနွားကြီးက သူ့အပေါ်ကနေလောင်းထည့်သော မြေမှုံ့များကိုခါထုတ်ပါသည်။ ခြေထောက်အောက် ရောက်လာသည့်အခါ နင်းတက်လိုက်ပါသည်။ ဤသို့ပင် ခါထုတ်နင်းတက်ရင်း
နွားကြီးအပေါ်ရောက်လာခဲ့ပါသည်။

ကျွန်ုပ်တို့လည်း ခါထုတ်နင်းတက်နည်းကို ယူကာ ဖြစ်လာသမျှ ကံအဆိုးများကို အသုံးချကာ ကိုယ့်ကိုယ်ကို မြင့်သည်ထက်မြင့်အောင်၊ ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြရပါမည်။ ကံကောင်းအောင် မပြုပြင်ဘဲ ကံကိုချည်းပုံချပြီး ကံယိုးမယ်ဖွဲ့တတ်သော အယူအဆသည် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ဖျက်နိုင်ခဲသော အစွန်းအထင်းကြီး အယူအဆမှားကြီးဖြစ်ပါကြောင်း ဆင်ခြင်
စဉ်းစားနိုင်စေရန် တင်ပြလိုက်ပါသည်။
.................................................................................................
အရှင်ဇ၀န (ကုန်းဇောင်း)

Reference and Credit to
World of Wisdom
Read More »

မြန်မာ့နိုင်ငံရေးသင်္ချာ ဘယ်လိုအဖြေရှာကြမည်နည်း

နိုင်ငံရေးတွင် မိမိရည်မှန်းချက် ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြရာ၌ ယေဘုယျအားဖြင့် နည်းနှစ်နည်းကို အသုံးပြုလေ့ရှိကြသည်။ ခပ်လွယ်လွယ်ဆိုရလျှင် “အကြမ်းနည်း” နှင့် “အနုနည်း” ...။ ပို၍ တိတိကျကျ ဆိုရလျှင် “အကြမ်းဖက်တော်လှန်ရေးနည်း” (လက်ရုံးရည်နိုင်ငံရေး) နှင့် “အကြမ်းမဖက် ဒီမိုကရေစီနည်းကျဆောင်ရွက်ခြင်း (နှလုံးရည်နိုင်ငံရေး) တို့ ဖြစ်ပါသည်။

လက်ရုံးရည်နိုင်ငံရေးမှာ မိမိနှင့် ဆန့်ကျင်ဘက်အင်အားစုကို အပြီးတိုင် ဖယ်ရှားဖို့ ရည်ရွယ်သည် ဖြစ်လေရာ ပကတိအရှိ၏ ပေးထားချက်ကို ထည့်သွင်း စဉ်းစားလေ့မရှိချေ။ မိမိစိတ်ကြိုက် အဖြေရရေးအတွက် မိမိအားသန်ရာ တွက်နည်းကိုသာ အားပြုလေ့ရှိရာ ရှင်းသည်၊ ပြတ်သည်၊ မိုက်သည်။ သို့တစေ အများညီ အဖြေရဖို့မလွယ်။ ရသည်ဟု ထင်လျှင်လည်း အဖြေသည်ပင် ပုစ္ဆာသစ် ဖြစ်နေတတ်ရာ ပြဿနာ ဝင်္ကပါတောမှ ရုန်းမထွက်နိုင် ဖြစ်ရတတ်သည်။ ဆိုရလျှင် ပဋိပက္ခအဆိုးကျော့ သံသရာ တာရှည်တတ်သည်။

နှလုံးရည်နိုင်ငံရေးကား ဤမျှမရှင်း၊ ဤမျှမပြတ်။ သို့အတွက် မိုက်လို့မဖြစ်၊ လိမ္မာဖို့လိုသည်။ ကျွမ်းကျင်လိမ္မာမှုက အရေးကြီးသည်။ ရည်ရွယ်ချက်က အင်အားစုအားလုံး လက်ခံနိုင်လောက်မည့် “ကြားအဖြေ” ကို ရှာရသည်ဖြစ်ရာ “ပေးထားချက်” ကို မလွှဲမရှောင်သာ ထည့်သွင်းစဉ်းစားကြရသည်။ ပေးထားချက် ဘောင်အတွင်း အဖြေရှာနိုင်ဖို့ ကြိုးစားရသည်။ အကယ်၍ ပေးထားချက်က နည်းလွန်းလျှင် သို့မဟုတ် မပြည့်စုံလျှင် “ဆောက်လုပ်ချက်” ဖြင့် ဘောင်ချဲ့ယူရသည်။ တွက်နည်းတစ်ခုတည်းကို အသေကိုင်လို့လည်းမဖြစ်။ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲကျင့်သုံးလို့ ရနိုင်လောက်မည့် “ဆောက်လုပ်ချက်” တွေ ဖန်တီး နိုင်ဖို့လိုသည်။ ဖန်တီးတတ်ဖို့ အရေးကြီးသည်။

ဤနည်းနာနှစ်ရပ်ကို နှိုင်းယှဉ် ဆဝါးနိုင်ဖို့ဆိုလျှင် အဝေးကြီးကြည့်စရာ မလိုပါ။ ခေတ်သစ်မြန်မာ့နိုင်ငံရေး ကိုပဲကြည့် ...။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သော ဖဆပလ အဖွဲ့ ကြီးအနေနှင့် စစ်ပြီးခေတ် ပေးထားချက်ကို ဖြစ်နိုင်ခြေရှိသော ဆောက်လုပ်ချက်များဖြင့် ဖြည့်ဆည်းပြီးသကာလ တစ်မျိုးသားလုံး လိုလားသည့် အဖြေ (လွတ်လပ်ရေး) ကို အေးအေးညောင်းညောင်း အရယူနိုင်ခဲ့သည်။ တစ်ဖက်အင်အားစု ဗြိတိသျှတို့နှင့်လည်း မိတ်ဝတ်မပျက် လမ်းခွဲနိုင်ခဲ့သည်။ နှလုံးရည်နိုင်ငံရေးက ခင်းပြခဲ့သော မင်္ဂလာလမ်း ...။

သို့နှင့်တိုင် လွတ်လပ်ရေးခေတ်ဦး တွင်ကား သြဇာကြီးသော နိုင်ငံရေးပါတီကြီး တစ်ခုက အကဲဆတ်လှသော ပကတိအရှိ၏ ပေးထားချက်ကို အလျှင်းဂရုမစိုက်ဘဲ ၄င်းတို့လိုလားသော အဖြေကို ၄င်းတို့စိတ်ကြိုက် တွက်နည်းဖြင့် ပြတ်ပြတ်သားသား (သို့သော် မိုက်မိုက်မဲမဲ) ဇွတ်တွက်ထုတ်ခဲ့ကြသည်။ အကျိုးဆက်ကား ညီအစ်ကိုချင်း စစ်ခင်းကြရသည့် ပြည်တွင်းစစ်။ တိုင်းပြည်ကို ဆင်းရဲတာရှည်စေသည့် ပြည်တွင်းစစ်။ နုနယ်သော ဒီမိုကရေစီကို အမြစ်က နုတ်ယူသွားသည့် ပြည်တွင်းစစ် ...။ လက်ရုံးရည်နိုင်ငံရေးက လှစ်ပြခဲ့သော အမင်္ဂလာလမ်း ...။

ဟော ... အခုလည်း လာပြန်ချေပြီ ...။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ...။ အမှန်စင်စစ် ဤဥပဒေမှာ မြန်မာ့ဒီမိုကရေစီ တာထွက်ခရီး၏ ပေးထားချက်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အချို့က ပေးထားချက်ဘောင်ထဲမှ အဖြေရှာသည်။ တော်တော်များများက ပေးထားချက်ကို ပယ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်ကား ပေးထားချက်ကို မဆိုစလောက်ချဲ့ပေးလိုက်ရာ တော်တော်များများ ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်လာသည်။ ယနေ့ ၂၀၁၃ ရောက်တော့ ပေးထားချက်ကို ပြင်လိုက ပြင်နိုင်ဖို့ လွှတ်တော်ကိုယ်တိုင်က မီးစိမ်းပြလိုက်ချေပြီ။

ဘယ်လိုပြင်ကြမည်နည်း။ ဘာတွေပြင်ကြမည်နည်း။ အကုန်ပြင်မည်လော ...။ အပြတ်ပြင်မည်လော ...။ ပေးထားချက် မလိုတော့ပြီလော ...။ သို့တည်းမဟုတ် ဆောက်လုပ်ချက်များဖြင့် ပေးထားချက်ကို ချဲ့ယူမည်လော ...။ မြန်မာ့ နိုင်ငံရေးသင်္ချာ အဖြေရှာရပါတော့မည်။ မြန်မာ့နိုင်ငံရေး ပလေယာများ၏ အမြော်အမြင်နှင့် အတွက်အချက်ပေါ် မူတည်ပြီး မြန်မာ့ဒီမိုကရေစီ အနာဂတ် ဖြစ်တည်လာ ပေလိမ့်မည်။ သတိပြု ဆင်ခြင်ကြပါကုန် ...။ 

Credit To The Voice Weekly
Read More »

မိုးဦးလေပြည်လား၊ မိုးသက်မုန်တိုင်းလား ကန်-မြန်မာ-တရုတ် နှောင်ကြိုးများ

(မျိုးဆက်)

အမေရိကန်သမ္မတနှင့် မြန်မာသမ္မတတို့ တွေ့ဆုံခဲ့ကြပါသည်။ မြန်မာမီဒီယာ အချို့ကတော့ ပါဝါအင်အား ထိန်းညှိခြင်းအတွက် အပြုသဘောရေးသည်။ စီးပွားရေး ပွင့်လင်းလာမှုများအတွက် ကြိုဆိုသည်။ မကောင်းဟု မပြောသင့်။ တိုက်ခတ်နေသည့် လေညင်းကား ပန်းရနံ့များ သင်းနေသလို အားလုံးက မျှော်လင့်နေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။

သို့ရာတွင် တွေးမိသည်လေးများ ကလည်း ရှိနေပြန်သည်။ မကောင်းမြင်သည် ဆိုကြပါစို့။ မြန်မာ-ကန် ဆက်ဆံရေးတွင် Hard Power Relationship နှစ်ခုကို သိသိသာသာ တွေ့ရပါသည်။ စစ်ရေးနှင့် စီးပွားရေး တို့ဖြစ်ပါသည်။ အမေရိကန်က ပစိဖိတ်မဟာဗျူဟာ အတွက် မြန်မာကို ချဉ်းကပ်သည်မှာ သိသာပါသည်။ သန်း ၆၀ သောဈေးကွက်သည် အမေရိကန်အတွက် တစ်စုံတစ်ရာ အကျိုးရလဒ် ဖြစ်ထွန်းစေနိုင်သော်လည်း တကယ်တမ်း ရည်ရွယ်ချက်က သန်းနှစ်ထောင်သော လူအုပ်ကြီး (တရုတ်နှင့် အိန္ဒိယ) ပို၍ဖြစ်နိုင်ပါသည်။

စစ်ရေးအတွက် ကန်-မြန်မာ ဆက်ဆံရေး စလာမည့်အချိန်တွင် ဝတပ်မတော်ဘက်သို့ အားချင်း လက်နက်တပ်ဆင်မှုများ ပြုလုပ်လာသည်မှာ နဂိုကတည်းက သိသာပြီးသောအရာ ဖြစ်ရာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ ဘေဂျင်း၏ မပြောင်းလဲသော တရုတ်ပဒေသရာဇ်ဆန်ဆန် အနိုင်ကျင့် လွှမ်းမိုးဗိုလ်ကျလိုသည့် ပေါ်လစီကိုသာလျှင် သိသိသာသာ တွေ့မြင်ရပါသည်။ ဝတပ်မတော်ကို လက်နက်တပ်ဆင်ပေးမှုသည် ဗကပဗဟိုတွင်း အာဏာသိမ်းမှုနှင့် တရုတ်၏ ဗကပအပေါ်ထားသည့် ပေါ်လစီအရွေ့၊ ဗကပတို့ ဗဟို အစိုးရကို အာခံနိုင်ခဲ့ပုံများကို ပြန်ပြောင်း သတိရစေပါသည်။ ဤသို့ သတိရစေရာမှ ပြင်သစ်-မြန်မာ ဆက်ဆံရေးမှ စတင်ကာ ပါဝါချိန်ခွင်လျှာ ညှိရန် ကြိုးစားခြင်းအားဖြင့် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲကြီး ဖြစ်ပွားစေခဲ့ပြီး မင်းတုန်းမင်း ကြိုးစားတည်ဆောက်ခဲ့သည့် ဒစ်ပလိုမေစီခံတပ် ကျဆုံးသွား ခဲ့ရပြီး သူ့ကျွန်ဖြစ်ခဲ့ရသည်ကို ပြန်ပြောင်း သတိရနေမိပါသည်။ အကျဉ်းဆိုရလျှင် ပါဝါအားပြိုင်မှု အရွေ့တွင် အကွက်ရွှေ့ မလှ၍ ပြဿနာတက်ခဲ့ရသည် ဆိုပါစို့။

နောက် ဥပမာတစ်ခုက ကိုရီးယားဖြစ်သည်။ ကိုရီးယားနိုင်ငံကို ဂျပန် မသိမ်းမီ၊ Imperial Japan ကို ကိုရီးယားတို့ မသိမ်းနိုင်မီ ကိုရီးယားနောက်ဆုံး ဘုရင် ဂိုဂျောင်းသည် ရုရှား၊ တရုတ်နှင့် အနောက်ပါဝါများကို ဖိတ်ခေါ်ကာ Power Balancing လုပ်ခဲ့ပါသည်။ ရုရှား၊ ဂျပန်စစ်အပြီး ဂျပန်စစ်နိုင်သော အခါ၊ တရုတ်-ဂျပန်စစ် အပြီး ဂျပန်စစ်နိုင်သော အခါတွင် အမေရိကန်က ဝင်မစွက်တော့ပါ။ သူက ဖိလစ်ပိုင်ကို ယူမည်။ ကိုရီးယားကို ဂျပန်ယူဟူ၍ နားလည်မှု ယူခဲ့ကြပါသည်။ Taft-Katsura Agreement ဟု ခေါ်ပါသည်။ ထိုသဘောတူညီချက်မှာ Secretary of War of U.S ဖြစ်သူ Taft ၏ ကိုယ်ပိုင်အမြင်များသာဖြစ်ကြောင်း အမေရိကန်က ယနေ့တိုင် ငြင်းဆိုဆဲ ဖြစ်ပါသည်။ ထိုနားလည်မှုစာချွန် အသက်ဝင်လာရခြင်းမှာ ဂျပန်တို့က ရုရှားအား စစ်နိုင်အပြီးတွင် ဖြစ်ပါသည်။ ဤသို့အားဖြင့် ကိုရီးယားနိုင်ငံသည် ဂျပန်ဘုရင့်နိုင်ငံတော်၏ လက်အောက်ခံ အဖြစ်သို့ ကျရောက်သွားခဲ့ပါသည်။ ကိုရီးယားနိုင်ငံတွင် မြောက်ကိုရီးယားသည် ဂျပန်၊ ရုရှား၊ တရုတ်တို့ကြားတွင် ရှိပြီး မြန်မာကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသော အနေအထား ရှိနေခဲ့ ပါသည်။ ဤသည်မှာလည်း သတိမူချင်စရာပင် ဖြစ်ပါသည်။

နောက်တစ်ချက်မှာ စီးပွားရေးချည့်နဲ့မှု Weak Economy ရှိသော တိုင်းပြည်များသည် ဈေးကွက်ကို ဇက်ကြိုးမသတ်ဘဲ ဖွင့်လိုက်လျှင် တိုင်းပြည်တွင်းရှိ ကိုယ်ခံအားနည်းသော လုပ်ငန်းများ ပြိုလဲသွားတတ်ခြင်း ဖြစ်ပါသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် FDI များသည် လူများအကျိုးရှိဖို့ထက် အာဏာပိုင် များနှင့်သာ လက်ဝါးချင်း ရိုက်သွားပြီး မြေသိမ်းယာသိမ်း ကိစ္စရပ်များ၊ ခြစားမှုများ ပိုမိုကြီးထွားလာတတ်သည့် အန္တရာယ်ရှိနေခြင်း ဖြစ်ပါသည်။ ထို့ပြင် အင်အားကြီး ကော်ပိုရိတ်များ ဝင်လာပါက ထိုကော်ပိုရိတ်များ၏ စီးပွားရေးဆိုင်ရာ လွှမ်းမိုးမှုကို အစိုးရက ခံရသဖြင့် အစိုးရ၏အာဏာစက်နှင့် နိုင်ငံတော်၏ အခန်းကဏ္ဍ လျော့ကျလာ တတ်ပါသည်။ ထို့ပြင် ဒေသခံပြည်သူများနှင့် သဟဇာတမဖြစ်ပါက လူထု၏ဖိအား ပိုမိုများပြားလာတတ်ခြင်း ဖြစ်ပါသည်။ ဤသည်တို့အတွက် ဈေးကွက် မဖွင့်မီ ကိုယ့်တိုင်းပြည်ရှိ လုပ်ငန်းများ၊ လုပ်ငန်းရှင်များကို ကာပြီးသား ဖြစ်သင့်ပါသည်။ ထို့အပြင် ပြည်တွင်းသို့ လာမည့် လုပ်ငန်းမှန်သမျှသည် တိုင်းပြည်ရှိလူများကို ပညာတတ် သွားအောင်၊ အလုပ်ရသွားအောင် လုပ်ပေးမည့်လုပ်ငန်းများ ဖြစ်ဖို့ လိုပါသည်။ ထိုသို့ဖြစ်ရန် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အခွန်ဥပဒေ၊ အလုပ်သမားဥပဒေ၊ အလုပ်သမားခံစားခွင့် ဥပဒေ စသည်တို့ ပြဋ္ဌာန်းသတ်မှတ်ပြီး ဖြစ်ရပါမည်။

ထို့ပြင် တရုတ်၏ တုံ့ပြန်နိုင်မှုကို ထည့်စဉ်းစားရပါသေးသည်။ ပိုက်လိုင်းကြီး ဖြတ်သွားမည့် မြန်မာနိုင်ငံကို တရုတ်သည် သူ၏ပိုက်လိုင်းအပေါ် အန်ကယ်ဆမ်ကို တက်ထိုင်ခိုင်းရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ဝတပ်အား ပြင်ဆင်ပေးသည့်အပြင် စီးပွားရေးအရ တုံ့ပြန်မှုများ ပြုလုပ်လာနိုင်သည် ကိုလည်း ယခင်ရေးသား ဖော်ပြခဲ့ဖူးပြီး ဖြစ်ပါသည်။ ဘေဂျင်း၏ တုံ့ပြန်မှုမှာ မြန်မာ-ကန် စစ်ရေး-စီးပွားရေး ဆက်ဆံမှုကဲ့သို့ပင် စီးပွားရေး-စစ်ရေး တုံ့ပြန်မှုဟူ၍ အသွင်နှစ်မျိုးဖြင့် ထွက်ပေါ်လာနိုင်ပါသည်။ ဤအချက်ကို သတိပြုမိရန် လိုပါမည်။

မုတ်သုံမိုးကား လာပေတော့မည်။ အပူလျော့မည်ထင်၍ ဝမ်းသာ ကြပါသည်။ မိမိသည်လည်း ဝမ်းသာပါသည်။ မုတ်သုံမိုးနှင့်အတူ မုန်တိုင်းကြီး များ ရံခါကျရောက်လာတတ်သည်ကို မမေ့လျော့ရစေခြင်း အလို့ငှာ မိမိ ယခင်သုံးသပ်ဖူးသည် များကို အနည်းငယ် ချဲ့ ၍ မြန်မာ-ကန်၊ မြန်မာ-တရုတ် ဆက်ဆံရေးအတွက် ဖော်ပြလိုက်ရ ပါသတည်း။

Credit To The Voice Weekly
Read More »

အဝေးသင်တက္ကသိုလ်ပညာရေး သုံးသပ်ချက်

(ဒေါက်တာကျော်သူရ)

အဆင့်မြင့်ပညာရေးနယ်တွင် အဝေးသင်ပညာရေးစနစ်ကို ထည့်သွင်း အကောင်အထည်ဖော်ရာ၌ ဝေဖန်ဆန်းစစ်စရာများ ရှိပါသည်။ ရည်ရွယ်ချက်ကောင်း များဖြင့် ထူထောင်ထားသော်လည်း မျှော်မှန်းသလောက် ခရီးရောက်သလား ဆိုတာကို သုံးသပ်ရန် လိုပါသည်။ အလုပ်လုပ်ရင်း ပညာရှာနိုင်သော အခွင့်အလမ်း ဖွင့်ထားပေးသော်လည်း တက္ကသိုလ်ပညာရေး လောကတွင် မလိုလားအပ်သော အကျိတ်အခဲလေး များကိုလည်း ပေါ်ပေါက်စေသည်။ ပေါ်လွင်အောင် ဆိုရသော် Assignment ခေါ် စာစဉ်လွှာပေးပို့ခြင်းမှ အစ၊ အနီးကပ် သင်ကြားခြင်းအလယ်၊ စာအဖြေ လွှာတွေ စစ်ဆေးခြင်းအဆုံး အပွန်းအရှကလေးများ ရှိနေပါသည်။ ထို့ထက် လူပြောအများဆုံး ပြဿနာတစ်ရပ်မှာ အဝေးသင်တက္ကသိုလ်မှ ရရှိသော ဘွဲ့များ၏ အရည်အသွေး အာမခံချက်ပင်ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းအတွက် အကြောင်းများစွာ ရှိသော်လည်း အတွင်းစည်းမှ မြင်ရသမျှကို တင်ပြချင်ပါသည်။ ပွင့်လင်းလွတ်လပ်မှု ရှိလာချိန်တွင် မိမိအထင်၊ မိမိအမြင်ကိုချပြဖို့ ဝန်းကျင်ကောင်းတွေ ရှိလာ၍ဖြစ်သည်။

အဝေးသင်တက္ကသိုလ်သည် သူ့ချည်းသီးသန့် ရပ်တည်ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နိုင်ငံတစ်ဝန်း ဖြန့်ခွဲထားသော တက္ကသိုလ်များ၏ ရုပ်ပိုင်း ဆိုင်ရာ အထောက်အပံ့နှင့် သင်ကြား၊ စီမံရေးရာဝန်ထမ်း အင်အားစုများအား အသုံးပြုကာ မောင်းနှင် အသက်သွင်းရခြင်းဖြစ်သည်။ အဝေးသင်ပညာရေး ဖြင့် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးသော်လည်း လက်တွေ့ တန်းဆင်းရသော သိပ္ပံဘာသာတွဲကို လေ့လာသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ဝိဇ္ဇာတွဲယူသူ၏ အစွန်းထွက် ပမာဏသာ ရှိသည်။ ထို့ကြောင့် အဝေးသင် ဝိဇ္ဇာတက္ကသိုလ် ပညာရေးဟုပင် ခေါ်ရမလို ဖြစ်နေသည်။ ထို့ကြောင့် ဝိဇ္ဇာရွှေခေတ်ဟု အဝေးသင်တက္ကသိုလ် သင်ကြားမှု ပုံစံအား အမည်တပ်သူက တပ်ကြသည်။ သိပ္ပံဘာသာတွဲ ဆရာ၊ ဆရာမများ သည် အခြေခံပညာရေးတွင် ဆင်းကာ ကျူရှင်ပြချိန်တွင် ဝိဇ္ဇာ ဘာသာတွဲမှ တက္ကသိုလ် ဆရာ၊ ဆရာမများသည် အဝေးသင်ပညာရေးတွင် အကြီးအကျယ် ကျူရှင်ပြနိုင်သောကြောင့် ဝိဇ္ဇာရွှေခေတ်ဟု ဆိုခြင်းဖြစ်သည်။ ဝိဇ္ဇာဘာသာတွဲ ဆရာ၊ ဆရာမများထဲမှ ထူးထူးရှယ်ဟု သတ်မှတ်ရမည့် Elite ဆရာအတန်းစားမှာ မြန်မာစာနှင့် အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ ဖြစ်ပြီး အခြေခံပညာနှင့် အဆင့်မြင့်ပညာတွင်ပါ ခွချက်လုပ်နိုင်သူများ ဖြစ်သောကြောင့်ပင်။

အဝေးသင်ကျောင်းသား၊ ကျောင်းသူများအား နေ့တက်ကျောင်းသား၊ ကျောင်းသူများထက် ပို၍ရင့်ကျက်ကာ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် စာကို လေ့လာနိုင်မည်ဟု ယူဆသော်လည်း လက်တွေ့တွင် ထိုယူဆချက်သည် ခိုင်မာအားကောင်းခြင်း မရှိပါ။ အစိုးရအလုပ် သို့မဟုတ် အပြင်အလုပ် လုပ်ရင်းပင် မိမိတို့ယူထားသော ဘာသာရပ်များကို Self-Study လုပ်ရင်း ဘွဲ့ရပညာတတ်များ ဖြစ်သွားဖို့ဆိုတာသည် စံသတ်မှတ်ချက် ဖြစ်သော်လည်း အများစုသော အဝေးသင်ကျောင်းသား၊ ကျောင်းသူများ သည် သင်ခန်းစာများကို ကြိုတင်လေ့လာခြင်း မရှိဘဲ အနီးကပ်သင်ခါနီးမှ ကျူရှင်အားကိုးဖြင့် တစ်ပွဲတိုး အောင်ရန် လုံးပန်းကြတာ များပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် တက္ကသိုလ် အသိုင်းအဝိုင်းတွင် ကျူရှင်ဈေးကွက် ကြီးသည် ဟီးထကာ နေတော့သည်။ အဆိုပါကျူရှင်၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဆရာ၊ ဆရာမများအကြား အကြီးအကျယ် စိတ်ဝမ်းကွဲခြင်း၊ ညီညွတ်မှုမရှိခြင်းနှင့် ထက်အောက် အပြန်အလှန်လေးစားမှု လျော့နည်းခြင်း များပင်ဖြစ်သည်။ ကျူရှင်ရသူနှင့် မရသူအကြား ဝင်ငွေကွာဟချက် ကြီးမားလာသည့်အတွက် ရသူက မော်ကြွားသလောက် သိပ်မရသူက မနာလိုစိတ်ပွားကာ အဆင့်မြင့်ပညာရေး ဝန်ထမ်းများဟုပင် ခေါ်ဆိုထိုက် ပါသလားဟု ဆဝါးဆင်ခြင်စရာ စိတ်အခြေခံများ တွေ့နေရပေသည်။

သက်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များက မျှမျှတတ ထိန်းကျောင်း ပေးပါက ကျူရှင်ကိစ္စအတွက် အက်ကြောင်းသံများ ဌာနအတွင်း၌ သိပ်မထွက်သော်လည်း ဌာနမှူးကိုယ်တိုင်က ကျူရှင်ဈေးကွက်ကို စီးပွားဖြစ် လုပ်ကိုင်ပါက အကွဲအပြဲ အတိုင်အတောကိစ္စများသည် ဖုံးမနိုင်ဖိမရ ဖြစ်တတ်ပါသည်။ ကျူရှင်ကို စီးပွားဖြစ်လုပ်ငန်းသဖွယ် လုပ်ကြသည့်အတွက် ရာထူးပိုကြီးသူက မိမိရာထူးအား ရောင်းစားပြီး ဈေးကွက်ဝေစုကို စိုးမိုးသကဲ့သို့ ရာထူးငယ်သူ များကလည်း အုပ်စုဖွဲ့ (Grouping) လှုပ်ရှားကြရာ တကယ့်စီးပွားရေး အုပ်စုကွဲများကဲ့သို့ ပြိုင်ဆိုင်မှုသည် ပြင်းထန် လှပေသည်။ ကျူရှင်ဈေးကွက်တွင် ဆရာ၊ ဆရာမများအတွက် ဘာသာရပ် ကျွမ်းကျင်မှုထက် လူမှုဆက်ဆံရေးသည် ပို၍ပင် အဓိက ကျလာသည်။ စီးပွားဖက် ဆရာ၊ ဆရာမများနှင့် ပလဲနံပ သင့်ဖို့အတွက် တပည့်အပေးအယူ များလည်း ရှိလာသည်။ Founder ခေါ် ကျောင်းသား၊ ကျောင်းသူများ စုစည်းပေးသူသည် ကျူရှင်စီးပွားရေး အုပ်စုတွင် သြဇာကြီးမားသူများ ဖြစ်လာသည်။ တစ်ပွဲတိုး သင်ကြားမှုဖြစ်သည့်အတွက် ကျူရှင် Notes များ သည် ပြဋ္ဌာန်းစာများမှ အမြီးနုတ်၊ ခေါင်းနုတ်ဖြင့် ပီဘိ Power - Points များ ဖြစ်ကုန်တော့သည်။ အတိုဆုံးဖြတ်တောက် သင်ပေးနိုင်သော ဆရာ၊ ဆရာမသည် ကျောင်းသား၊ ကျောင်းသူများအတွက် အာဂဆရာများ ဖြစ်လာ သည်။ ရယ်စရာနှင့် ပေါ်ပင် အကြောင်းအရာများ ပြောတတ်ဖို့သည် ကျူရှင် ဆရာ၊ ဆရာမဖြစ်ဖို့ မရှိမဖြစ် အရည်အချင်းများ ဖြစ်လာသည်။ အချို့ကျူရှင်ဆရာများသည် ကျူရှင်မပြပါက ဟာသမင်းသားပင် လုပ်၍ရပါသည်။ ရာထူး အခံရှိသူများက လုပ်ပိုင်ခွင့်ဖြင့် ဆွယ်ကာ သင်တဲ့အပုဒ် ပါမလာလည်း ချသာရေးဟု ညွှန်ကြားသလို၊ မနေ့တစ်နေ့ကမှ ဆရာဖြစ်လာသူတွေ ကလည်း ဈေးကွက်ဝေစုကို တတ်နိုင်သမျှ များများ ရချင်ကြသည်။ တစ်ပြည်လုံး အတိုင်းအတာဖြင့် အောင်မှတ်များကို စလုတ်တိုက်ညှိချိန်တွင် ကျောင်းသား၊ ကျောင်းသူ များသည် ခေတ်ပျက်ဘွဲ့ရများ အဖြစ် အသုတ်လိုက် ဘွဲ့ရကုန်တော့သည်။ ထိုဘွဲ့ရများ လုပ်ငန်းခွင်ဝင်တော့ အဝေးသင်ဘွဲ့ကို မခန့်ချင်သလိုလို ဖြစ်လာခြင်းသည် အရည်အသွေး အာမခံချက်ကြောင့်ဖြစ်သည်။

ကျူရှင်သည် ဆရာ၊ ဆရာမများအတွက် အပိုဆောင်း ဝင်ငွေရကာ လူနေမှုဘဝ ပိုမိုအဆင်ချောစေဖို့ဟု မူလက သဘောသွားသော်လည်း နောက်ပိုင်းတွင် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာသည်။ အချို့ဆရာများနှင့် Founder များသည် အဝေးသင်ဝန်ထမ်းများနှင့် ပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ၏ လိပ်စာများအရောက် ကြော်ငြာကမ်းခြင်း၊ After Sale Service ဟု ခေါ်ရမလားမသိ ...။ အမှတ်များကြည့်ပေးခြင်း၊ အောင်မှတ်ရအောင် ဖြည့်ပေးခြင်းအပြင် အောင်စာရင်း ကိုပင် အသိပေး အကြောင်းကြားခြင်းကြောင့် ဝန်ဆောင်မှုစီးပွားရေး အဆင့်သို့ပင် တက်လှမ်း နိုင်တော့သည်။ ထိုသို့ ဝန်ဆောင်မှုကောင်းသော ကျူရှင်များသည် အောင်ပွဲခံကာ ရေပန်း စားတော့သည်။ မြိုးမြိုးမြက်မြက် ရဖူးသော ကျူရှင်ဆရာ၊ ဆရာမများသည် ဤလုပ်ငန်း အဆင်ချော၊ သက်တမ်းရှည်ဖို့အတွက် ဌာနအတွင်း အထက်ဖား၊ အောက်ဖိ Policy ကို အသက်သွင်းကြသည်။ ကျူရှင်ဖြင့် တိုက်ဆောက်၊ ကားစီးပင် လုပ်နိုင်သော ဆရာ၊ ဆရာများရှိလာသောကြောင့် အောင်မြင်သူ နှင့် မအောင်မြင်သူအကြား ကွာဟချက်သည် ကြီးမားလာပါသည်။ ဌာနမှူး လည်းဖြစ်၊ ကျူရှင်နှင့်လည်း မကင်း၊ မေဂျာကလည်း ကြီးဆိုပါက တစ်နှစ်၊ တစ်နှစ် စာရင်းချုပ်လိုက်ပါက မျက်လုံးပြူးစရာ ကိန်းဂဏန်းများ ရှိတတ်၍ သာမန်စီးပွားရေး လုပ်ငန်းရှင်လောက်ကတော့ ရယ်တာပေါ့ဟုပင် ဆိုရမည်။ ကျူရှင်ဟူသော မိုးခါးရေကို သောက်ရင်း စံကိုက်သင်ကြားရေး၊ သုတေသနပြုရေး ဆိုတာတွေနဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအချို့ အလှမ်းဝေးလာသည်။ တက္ကသိုလ်ဆရာ၊ ဆရာမတစ်ဦး၏ အောင်မြင်မှု အတိုင်းအတာကို ရေးသောကျမ်း၊ ထုတ်ဝေသော စာအုပ်ဖြင့်မတိုင်းဘဲ ကျူရှင်ဘယ်ရွေ့ဘယ်မျှ ပြနိုင်သလဲ ဆိုတာနှင့် တိုင်းတာလာကြသည်။ ကျူရှင်ဆရာ၊ ဆရာမအချို့သည် တပည့်များ မိမိတို့ကို မည်ရွေ့မည်မျှ သိတတ်ကြောင်း၊ မည်သို့သော ပစ္စည်း များဖြင့် လာရောက်ဂါရဝပြုကြောင်းကို ဂုဏ်ဖော်ကာ ပြောကြားရင်း ကြည်နူးရွှင်ပျ ကျူရှင်ဆရာဘဝကို အခါအခွင့်ရပါက ကြွားကြသည်။ ပိုးပုဆိုးက ဘယ်နှထည်၊ ရိုးရိုးပုဆိုးကို ဆိုင်မှာပင် ပြန်သွင်းရကြောင်း၊ တော်ရုံ ပုစွန်ခြောက်လောက်တော့ အိမ်ကခွေးကို အပျင်းပြေစားဖို့ ကျွေးသတဲ့၊ ဒီနားကပ်က ဘယ်လောက်တန်တာ၊ iPhone တို့၊ iPad တို့ကို ကလေးသုံးယောက်လုံးကို ဝယ်ပေးထားပြီးပြီ ဆိုတဲ့ အမြင့်လုံးတွေ ကြားရတိုင်း ကျူရှင်တွင် မအောင်မြင်တဲ့မိမိ မုဒိတာမပွားနိုင်တော့ပေ။ ဆရာ၊ ဆရာမငယ်များ ကလည်း ကျူရှင်တွေ အောင်မြင်သူ ဆရာကြီး၊ ဆရာမကြီး များကို ပိုမိုနည်းနာခံ ရိုကျိုးကြပေသည်။ ဆရာတပည့် ဆက်ဆံရေးသည် အသိပညာဖလှယ်ခြင်း မဟုတ်တော့ဘဲ ဝန်ဆောင်မှုတစ်ခုကို အရောင်း အဝယ်ပြုသည့် ပုံစံမျိုး တွေ့ရခြင်းသည် အဝေးသင်တက္ကသိုလ် ပညာရေး၏ လက်ရှိအခြေအနေပင်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများဘက်ကလည်း ငါတို့ငွေကြေးပေးပြီး ဝန်ဆောင်မှု ဝယ်တာပဲဆိုပြီး မလေးမခန့်ရှိလာသည်။ သိက္ခာကို ရိက္ခာအတွက် ရောင်းစားမှုတွင် ဆရာတပည့်ဆိုတာ လမ်းတွေ့ရင်ပင် နှုတ်ဆက်ချင်မှ ဆက်တာမို့ အဝေးသင်ကျူရှင် ဆရာများသည် တစ်ခါသုံး ဆရာများအဖြစ်သို့ ရောက်သွားပေသည်။ ဒီကြားထဲ ဒေသစွဲ၊ လူမျိုးစွဲက လည်း အခိုင်အမာ အမြစ်တွယ်နေသည့် ဒေသခံဆရာနှင့် ရန်ကုန်၊ မန္တလေး ဆရာ၊ ဆရာမများအကြား ကျူရှင်တိုက်ပွဲသည် တွေ့မရှောင်နှင့် ကြာကြာဝါး တို့ ဗိုလ်လုကြသလိုပင်။ အဝေးသင်ဌာနခွဲ များရှိ ဝန်ထမ်းများ၏ မောက်မာမှု၊ ခွင်ဖန်မှုတွေကလည်း မှတ်သားလောက်ပါသည်။ အချို့ဝန်ထမ်းများ Assignment ကူးတင်ပေးသော ဝန်ဆောင်ခသည် သာမန်ကျူရှင်ဆရာ တစ်ဦးထက်ပင် ပိုတာမျိုးလည်း သိုးသိုးသဲ့သဲ့ ကြားမိပါသည်။ ကိုယ်တိုင် ကြုံရတာကတော့ Assignment များ ဌာနအလိုက် သွားထုတ်ချိန်တွင် ဝန်ထမ်းစာရေး၊ စာရေးမတွေက ခုံပေါ်မှာထိုင်၊ အရာထမ်း ဆရာ၊ ဆရာမ တွေက ကြမ်းပြင်ပေါ်တွင် Assignment ရေတွက်လက်ခံရသည့် အနေအထားအချို့ ရှိပါသည်။ Assignment အထုပ်တွေကို တစ်ခါတစ်ရံ သယ်မရတော့ ငယ်စဉ်အခါ ပညာကောင်းစွာ မရှာလို့ ဒီလိုအလေးအပင်မ ရတာပါလားဟု နောင်တရမိသည်။

အဝေးသင်ကျောင်းသား၊ ကျောင်းသူများကို အနီးကပ်သင်ခြင်း၊ ဝေစုအနည်းငယ်ကို ကျူရှင်သင်ရင်း၊ စာစစ်ခြင်းများ လက်တွေ့ ဆောင်ရွက် ရာတွင် အမည်ခံဘုရားစူး တပည့်များ၏ သင်ကြားပေးသော အကြောင်း အရာများကို လက်ခံနားလည်နိုင်စွမ်း၊ သတ်မှတ်ပြင်ဆင်ပေးသော အပုဒ် ကိုပင် ကျက်နိုင်စွမ်း၊ အလေးထားဖြေဆိုမှု အပိုင်းများတွင် စိုးရိမ်ရေမှတ်ကို တွေ့နေရတော့ မိမိတို့၏ နောင်ရေးကို စိုးရိမ်မိပါသည်။ သူတို့က အတက်၊ ကိုယ်တွေက အကျတွင် တက်လူတွေ အရည်မှည့်ရင်ဖြင့် ငိုရချေသေး ဖြစ်တော့မည်။ နေ့တက်ကျောင်းသားတွေ Semester နှစ်ခု၊ ရှစ်လစာ သင်ရသော စာများကို Self-Study မရှိဘဲ အနီးကပ် ၁၀ ရက်ဖြင့် ပြတ်အောင်ဖြတ်ရသော ကျောင်းသား၊ ကျောင်းသူတို့၏ အခြေအနေတွင် ဘွဲ့ရပညာတတ် တစ်ဦး၏ ရင့်ကျက်တည်ငြိမ်မှုကို ရှာဖွေရသည့် ပုစ္ဆာသည် အတော်ခက်ခဲပါသည်။ နိုင်ငံတကာလို Online ပညာရေးမျိုး အဝေးသင် တက္ကသိုလ်တွင် အကောင်အထည် မဖော်နိုင်ပါက အဝေးသင်တက္ကသိုလ် တက်ခွင့် ကျောင်းသားအရေအတွက်ကို စိစစ်လက်ခံဖို့ လိုမည်ထင်ပါသည်။ နံရံတွင် ချိတ်ဖို့ ဘွဲ့ဓာတ်ပုံတစ်ပုံ အတွက် ပညာရှာသောခေတ်သည် ကုန်သင့်ပြီဟု ထင်ပါသည်။ ဘွဲ့လက်မှတ်တစ်ခု အတွင်း၌ အမှန်တကယ် သိမြင်သဘောပေါက်မှု ဂုဏ်ရည်ကိန်းအောင်းနေဖို့ လိုပါသည်။ နိုင်ငံတကာလိုပင် အကြောင်းအရာ တစ်ခုကို ခြုံငုံသိမြင်မှသာ ဘွဲ့ယူသင့်ပြီး လုပ်စားကိုင်စားအတွက် အောင်လက်မှတ်တစ်ခုခု ကိုင်ကာ စီးပွားရှာနိုင်မည့် စီးပွားရေး အခင်းအကျင်း လိုပါသည်။ ငွေကြေးနှင့် အချိန်ပေးနိုင်မှသာ ဘွဲ့ယူပါဟု တိုက်တွန်းရတော့မည် ဖြစ်သည်။ မိမိသည်လည်း အဝေးသင် တက္ကသိုလ်ထွက်ဖြစ်ရာ အဝေးသင်တက္ကသိုလ် ပညာရေးကို အပြုသဘော သုံးသပ်ချက် မပြုနိုင်သေး၍ စိတ်မကောင်းပါ။ သို့ရာတွင် အချို့ပြဿနာ များသည် အစိမ်းချုပ် ချုပ်ရမည့် အနေအထားအချို့ ရှိပါသည်။ မြန်မြန်ကောင်းဖို့ ဖြစ်သည်။

ယနေ့ကာလတွင် နိုင်ငံတကာနှင့် သူစိမ်းပြင်ပြင်ရှိသော အစွန်းရောက် အမျိုးသားရေးရှေ့တန်းတင် နိုင်ငံအချို့မှလွဲ၍ ပညာရေးသာ ပထမ၊ ပညာရေးသာ ဒုတိယ၊ ပညာရေးသာ တတိယဟု တစာစာအော်နေချိန်တွင် အဝေးသင်တက္ကသိုလ် ပညာရေး၏ လက်ရှိအခင်းအကျင်းသည် ပညာရနံ့ ကင်းနေသည် ဟု သုံးသပ်ချင်ပါသည်။ နိုင်ငံတကာရှိ အဝေးသင်ပညာရေး စနစ်မျိုးရအောင် ဖိဖိစီးစီး မဆောင်ရွက်နိုင် သေးသရွေ့ အဝေးသင် တက္ကသိုလ်ထွက် ဘွဲ့ရများ၏ အရည်အသွေး အာမခံချက်သည် မယုံမရဲ ရှိနေမည်သာ။

Credit To The Voice Weekly
Read More »

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော

မေလ 24 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း

မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် သပ်လျိုသွေးခွဲကာအပေါ်စီးမှချုပ်ကိုင် အုပ်ချုပ် ခဲ့သလိုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း အဆိုပါနည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံး ဆဲ ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

ယခုလ ၁၀ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန် ဆန်းမြို့၌ တွေ့ဆုံခဲ့စဉ် UWSA က ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုလိုက် သည့် အ ပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇောအား သီးခြားတွေ့ဆုံမေးမြန်း ရာတွင် သူကထိုသို့ပြောဆိုခြင်း ဖြစ်သည်။

“ဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသား လူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီး ကနေ ချုပ်ကိုင် ထားတယ် အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲဆက်လုပ်နေတယ်တစ်ပြည်လုံးအတိုင်း အတာနဲ့ လူမျိုးကြီးတွေနဲ့ လူမျိုးငယ်တွေကြားထဲ မှာ သွေးထိုးသပ်လျိုထားတယ် သျှမ်း၊ ကချင်ဘယ်နေရာ မှာပဲကြည့်ကြည့် လူမျိုးစုတွေငယ်တွေ ကြားထဲမှာ ပြဿနာတွေဖြစ်အောင်လုပ်ထားတယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားမယ်ဆို လို့ရှိရင် အစိုး ရရဲ့ အခြေခံကျတဲ့ ဒီ Mind set ကို ဖြုတ်ရမယ်” - ဟု ဆိုသည်။

UWSA ၀ တပ်ဖွဲ့က ပြည်နယ်အဆင့်တိုးတောင်းသည့် ကိစ္စမှာလည်း အစိုးရတွင်သာ အဓိကတာဝန်ရှိပြီး ပြဿနာ အားလုံးကို နိုင်ငံရေး အရ တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းသူက ဆက်ပြောသည်။

“အဲဒါနဲ့တစ်ဆက်တည်းပဲ “၀သပ”က လက်နက်အင်အားတွေဖြည့်ဆည်းတယ် ပြန်ကြည့်ရင် ပဏာမ အပစ်အခတ် ရပ်ဆဲ ရေးအဆင့် ခိုင်မာတဲ့အဆင့်မဟုတ်သေးဘူး ဒီကနေ့ MPC ရယ် ၊ လွှတ်တော်ရယ် ၊ စစ်တပ်ရယ် ၊ အစိုးရရယ် ဒီအဖွဲ့ အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒမရှိဘူး လှည့်လိုက်ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ်ဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်းစစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ” ဟု ဆိုသည်။

အကျိုးဆက်အားဖြင့် အစိုးရ၏ လုပ်ရပ်အပေါ် ယုံကြည်မှု မရှိသဖြင့် ကိုယ့်ဒေသကိုယ် ကာကွယ်ရန်အတွက် ၀ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များက လက်နက်အင်အားများကို ဖြည့်တင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပတ်သက်၍ သူက ဆက်ပြောရာတွင် “ ၀သပ အာဏာစသိမ်းတုန်း က အင်အား ၂ သောင်းကျော်ပဲရှိတယ် ဒီကနေ့ ၃ သောင်းကျော်သွားပြီ ဘာကြောင့်လဲ ၁၉၉၅ ခုနှစ်လောက်က အစိုးရရဲ့ မူအောက်ကနေ ဗိုလ်ခင်ညွန့်က ၀ တပ်ဖွဲ့ကို လွယ်လန်းကိုတိုက်ခိုင်းတယ်၊ ၀ကလည်း သူ့အကျိုးစီးပွား အတွက် တိုက်တယ် အစိုးရကလည်း ခွန်ဆာကို သူတို့တိုက်လို့မရလို့ တိုက်ခိုင်းတယ်၊ မကြားဖူးတဲ့ ဇါတ်လမ်းတွေ ကြား ရတယ် နှစ်ပေါင်း ၂၀ လောက် အစိုးရ စစ်တပ်ကို တိုက်ခဲ့တဲ့ ၀တပ်ဖွဲ့ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ ၊ မိထ္ထီလာနဲ့ တောင်ကြီး စစ်ဆေးရုံတွေကို ပို့ပြီးကုသ ပေးခဲ့တယ် လက်နက် ကျည်ဆံအားလုံး ထောက်ပံ့ပေးခဲ့တယ် ခွန်ဆာ လက်နက်ချပြီး နောက် ပိုင်း မလွှဲသာမရှောင်သာပဲ ဒီဒေသတွေကို ၀သပကို ပေးလိုက်ရတယ် ဗိုလ်ခင်ညွန့် ထပ်ပြီး ဘာလုပ်သလဲဆိုရင် တရုတ်နဲ့ ပေါင်းပြီး ၀ လူမျိုး ၈ သောင်းကျော်ကို တောင်ပိုင်းကို ပို့လိုက်တယ်” ဟု ဆိုသည်။

ဝ များ၏ အသက်သွေးချွေးများဖြင့် ရယူထားသော အဆိုပါ ၀ တောင်ပိုင်းဒေသမှ ၀ တပ်ဖွဲ့အား အစိုးရဘက်မှ ဖိအားပေး ပြောင်းရွှေ့ ခိုင်းမည်ဆိုပါက ၀ အနေဖြင့် ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၄င်း၏ အမြင်ကို ဆက်ပြော သွားသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်လာသည့် တိုင်အောင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုအား အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပေ။
Jade Land
Read More »

ဒုက္ခဒေါမနဿအကြောင်း

ကိုယ်ဆင်းရဲမူကို “ဒုက္ခ”၊ စိတ်ဆင်းရဲမူကို “ဒေါမနဿ” ဟုခေါ်၏။
အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျဉ်း
ajမာင်းမူ၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမူ၊ အရိုက်အနှက်ခံရမူ၊
တစ်စုံတစ်ခုနှင့် ထိခိုက်မူ စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်း
နွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခုလောက၌လည်း ကိုယ်
ခန္ဓာ နာကျင်လျှင် “အလိုလေး-ဒုက္ခ ဒုက္ခ”ဟု ညည်းညူကြလေ
သည်။ ထိုသို့ ခန္ဓာကိုယ် ဆိုင်းရဲသော်လည်း ပါရမီဖြည့်တော်မူရာ
၌ မဟော်သဓာ၊ ဝေဿန္တရာဘ၀ စသည်တို့ဝယ် ကိုယ်ခန္ဓာ မ
သက်သာဘဲ ဆင်းရဲဒုက္ခ ရောက်တော်မူခဲ့၏။ သို့သော် သတ္တ၀ါ
တို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမူ
ဒေါမနဿကား မဖြစ်ခဲ့ပါ။

စိတ်ဆင်းရဲမူ၊ စိတ်မချမ်းသာမူ၊ စိတ်ညစ်မူ၊ စိတ်ပျက်မူ စသည်ဖြင့်
စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ”ဟု ခေါ်ရလေသည်။
ဤဒေါမနဿ ဝေဒနာသည် စိတ်မှာ စွဲကပ်လာသော ရောဂါတစ်မျိုး
ပင် ဖြစ်၏။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်း
လို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာ
မူကိုပင် “စိတ်နာ”ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာ
တိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါ
ကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္ဓာ ချမ်းမြပါလျက် ဓမ္မစကြာတရား
တော်လာ “ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ”
ဖြစ်နေကြရသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤ
ဒေါမနဿ၏ ဆင်းရဲပုံသည် ခန္ဓာကိုယ် ဆင်းရဲပုံထက် လွန်ကဲပြင်းပြ
၏။ ရွှေဘုံပေါ်မှာ စံနေရသော်လည်း ဒေါမနဿဒဏ်ကို မခံနိုင်ကြ၍
ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်
ဆင်းရဲဒဏ်ကို ခံနိုင်ကြလေသည်။

စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော်
များစွာ ရှိပါ၏။ သို့သော် သူ့အကြောင်းနှင့်သူ ထိုက်တန်အောင် ပြုပြင် တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ်ရှိရုံမျှဖြင့် မလွယ်ကူချေ။
အချုပ်မှာ အရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအ၀၀ကို ကြိုတင်ပြီး စီစဉ်
ထားရမည်။ မိမိအစီအစဉ်နှင့် တည့်အောင်လည်း မပျင်းမရိ လုံ့လရှိရ
မည်။ ထိုကဲ့သို့ ဉာဏ်ရော ၀ီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပြန်သော် (ရည်ရွယ်ချက်မမြောက်ခဲ့သော်) စိတ်အားမငယ်စေနှင့်။ နောက်တစ်မျိုး တိုး၍ ကြိုးစားလေဦး။ ကြိုးစား
လျှင် ဘုရားပင်ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လူပ်
ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့
ကြုံဖို့ရန် ထုံးစံတစ်မျိုးတည်း။

(လောက = ဓမ္မတာ (ထုံးစံ)။) ထိုလောကဓံသည်
၁။ လာဘ = ပစည်းဥစ္စာရခြင်း
၂။ အလာဘ = ပစ္စည်းဥစ္စာမရခြင်း
၃။ ယသ = အခြွေအရံများခြင်း
၎။ အယသ = အခြွေအရံမရှိခြင်း
၅။ နိန္ဒာ = အကဲ့ရဲ့ခံရခြင်း
၆။ ပသံသာ = ချီးမွမ်းခံရခြင်း
၇။ သုခ = ကိုယ်-စိတ်ချမ်းသာခြင်း
၈။ ဒုက္ခ = ကိုယ်-စိတ်ဆင်းရဲခြင်း

ဤသို့အားဖြင့် ရှစ်ပါးရှိသည်။

ဤလောကဓံများ၌ မကောင်း ၄-ပါး၊ ကောင်း ၄-ပါး ပါ၏။ ကောင်းသော လောကဓံနှင့် တွေ့ကြုံရသောအခါ ၀မ်းသာ
ရွှင်ပျတကြွကြွဖြစ်နေခြင်း၊ မကောင်းသောလောကဓံနှင့် တွေ့ကြုံ
သောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့်
တုန်လူပ်ခြင်းတည်း။ ၀မ်းသာလွယ်သူသည် ၀မ်းနည်းလွယ်၏။
ဝမ်းသာအားကြီးသူသည် ၀မ်းနည်းအားကြီး၏။ ၀မ်းနည်းမူမှာ
ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲစိတ်ချမ်း
သာခြင်းကို အလိုရှိလျှင် လောကဓံ ရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရား
ကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာကြီး စိတ်မပြောင်း
ဖို့ အထူးသတိထား သင့်ကြပေသည်။ ချဲ့ဦးအံ့။

လာဘ-အလာဘ
မိမိနှင့် ထိုက်တန်သော လာဘ်ကို တရားသဖြင့် ရအောင် ကြိုးစား
ရမည်။ ရသည့်အခါလည်း သူတစ်ပါး မြင်ပြင်းကတ်အောင် ၀မ်းသာ
ရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမူကာ ရှာဖွေ၍ မရသည့်
အပြင် “ဘူးထဲကရေပါ၍” အရင်းပင် ရူံးတတ်သေးသည်။ ထိုကဲ့သို့
ဆုံးရူံးမူကြောင့်လည်း ၀မ်းနည်းပူဆွေး၍ မနေနှင့်။ ထိုသို့ ဆုံးရူံးသူ
တွေ မရေမတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်
လွှတ်၍ တစ်မျိုးလုံး သခင်ဘ၀မှ ကျွန်ဘ၀သို့ဆင်းကာ မောင်
မောင်လို့ ခေါ်တုန်းက “ဗျာ”လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့
ခေါ်ကာမှ “ဘုရား” ထူးရသူတွေ အများပင် ရှိရှာကြပေသည်။
သို့ဖြစ်၍ ရမူ မရမူ လောကဓံနှစ်ခုကြောင့် မတုန်လူပ်ဖို့ရာ ခိုင်မာ
သော စိတ်ကိုသာ အမြဲထားသင့်ကြပေသည်။

ယသ-အယသ
ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံ
ရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ ကဲ့သို့
ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူ
အညီပေးသူများ ပေတည်း။ ထိုကဲ့သို့ အခြံအရံ ပေါများအောင်
မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့်
“ခြွေမှရံသည်”ဟုပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း
အစေခံလိုသဘောထား၍ အားမနာပါးမနာ များစွာ မစေခိုင်းသင့်။
မိမိကိုမှီခို၍ ကြီးပွားစေလိုသောစိတ်သာ ရှိသင့်ပေသည်။ အခိုင်း
အစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေ
အရံလို သဘောထားလျက် မိမိကိုအမှီပြု၍ တစ်နေ့ထက်တစ်
နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သ
ဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး
မပူပန်လေနှင့်။ အခြွေအရံပေါများသည့်အတွက်လည်း မာန်
မာန မတက်စေသင့်။

ကျော်စောမူ၊ ဂုဏ်သတင်းပျံ့နှံ့မူများလည်း ယခုဘ၀သာမက
ဘ၀တိုင်း အရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံ
လျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ
သတိပြုသင့်ပေသည်။ “ဂုဏ၀န္တေ ပဿန္တိ ဇနာ = ဂုဏ်ရှိသူမှ
လူထင်ကြသောအခါ” ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်
ကြားမူဂုဏ်ကို ရအောင် ဉာဏ်ဝီရိယဖြင့် ထူထောင်ရမည်။ ရ
ခဲ့ပြန်သော် ထိုဂုဏ်အတွက် မကြွားမမော်လေနှင့်။ ရသင့်ပါ
လျက် မရပြန်လျှင်လည်း စိတ်အား မငယ်လေနှင့်။

နိန္ဒာ-ပသံသာ
မလိုမုန်းထား ဣဿာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်
ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလ
ဝယ် အချီးမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ
သေချာပြီးဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ
သတိထားရမည်။ သို့ရာတွင် သိကြားမင်း ဖန်ဆင်းအပ်သော
နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆိုခံရသေး
သောကြောင့် “မုန်းအပြစ်၊ ချစ်အကျိုး၊ မြတ်နိုးသဒ္ဓါ” နိုင်သော
ယခုကာလ၀ယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်သူတွေ
လည်း အများပင် ရှိပေမည်။

သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော
ထိုသူများသည် အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗုလ တို့အလား
သို့မဟုတ် မဟော်သဓာ၊ ဝေဿန္တရာ တို့တမျှ သို့မဟုတ်
အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒတို့
လို “ခြောက်ပြစ်ကင်း၍ စင်းလုံးချော” ဟုဆိုနိုင်ပါမည်လော၊
ရွာတစ်ရွာ၌ တောင်ဘက်အိမ်က မိန်းမကြီးတစ်ယောက်
စကားထစ်ကြောင်း ပြောလာသော သားငယ်က “အ---အ---
အဖေ၊ ဟို---ဟို---ဟို ဘက်အိမ်က၊ မိန်း---မိန်း---မိန်းမကြီး
ဟာ၊ စ---စ--- စကားထစ် --- ထစ်---ထစ်---ထစ်လိုက်တာ”
ဟုပြောသလို ထိုသူကိုယ်တိုင်မှာလည်း အကဲ့ရဲ့ခံရပြီးဖြစ်၍ “သူခိုးသေဖော်ညှိများ” ဖြစ်တတ်ကြသည်။

သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်များကို အစွမ်းကုန် ဖုံးကွယ်ထားသော “ကြောင်သူတော်များ” ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။
“ခိုးတတ်လျှင် ရိုးတတ်”သောကြောင့်တည်း။ တချို့အချက်များ
ကား “ကိုယ့်ထက်သာ၍ မနာလို” ကဲ့ရဲ့သော်လည်း ထိုအကဲ့ရဲ့
မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့်
နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်ရှိသရေရှိ ယောက်ျား
ကလေး ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်
စစ်မှာ မိမိတို့ဆီ မလာသောကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤ
သို့လျှင် အကဲ့ရဲ့ခံရမူသည် မကင်းနိုင်သော လောကဓံ ဖြစ်သည့်
အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်
ရှိသည်ပင် ထားဦးတော့။ ကြောက်သင့် ရှက်သင့်သလောက်ထက်
မိမိစိတ်ကို မိမိခြောက်နေခြင်းက ပိုကောင်းပါလိမ့်မည်။

တစ္ဆေကြောက်တတ်သူသည် ညဉ့်မှောင်မိုက်ထဲတွင် ထန်းပင်ငုတ်
တိုကိုမြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝမခြောက်သော်လည်း သူ့
စိတ်ထဲက “တစ္ဆေပဲ တစ္ဆေပဲ”ဟု အသေအလဲစွဲလမ်း၍ တစ္ဆေ
ကမ္မဋ္ဌာန်း စီးဖြန်းသောကြောင့် ကမ္မဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်
သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။
ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့် အလွန်
ကြောက်စရာဟု ထင်လာတတ်ပေသည်။ ထို့ကြောင့် သံယုတ်
ပါဠိတော်၌ “တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီး
ပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကို
လည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆစိတ်ရှိသူ”ဟု မိန့်တော်
မူသည်။ ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာ
ရေစာ မ၀သကဲ့သို့ ထိုကြောက်တတ်သူမှာလည်း မည်သည့်အကျိုး
ကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့
ရကား ထိုကဲ့သို့ ရှက်မှန်းကြောက်မှန်း သိလျှင် ကဲ့ရဲ့သူတို့အတွက်
“မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ” ဖြစ်ပေလတ္တံ့။

တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုး
အားတက်စရာ ဖြစ်၏။ အဘယ်ကြောင့်နည်း။ ခွေးလှေးကြမ်းပိုး
အုတ်ကြားမြက်ပေါက် အစားမျိုးကို အရေးလုပ်၍ မပြောလိုကြ၊
အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ ထို့ကြောင့်
သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရ
ဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံလေ
မုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရမူကို ဂရုစိုက်၍
ဝမ်းမနည်းထိုက်လှသည့်အပြင် တချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်
တန်း ရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ၀မ်းသာဖွယ်
ကောင်းပေသည်။

ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မူများကို အရေးစိုက်ကာ အရာရာ
မတုန်လူပ်အောင် “ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်” မြဲမြံ
သော စိတ်ထား၊ ခိုင်မာသော သမာဓိ တရားရှိအောင် ကြိုးစား
၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း “ငါ၏စိတ်များ
ဘယ်အခြေ ရောက်အောင် ခိုင်မာနေပါလိမ့်မည်နည်း”ဟု စဉ်း
စဉ်းစားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာခံကြည့်
ပါလေ။
ကဲ့ရဲ့ရာ၌ မတုန်လူပ်သကဲ့သို့ ချီးမွမ်းသည့်အခါ၌လည်း သိ
သိသာသာကြီး မပြုံးမိစေဘဲ “အလုပ်ကောင်း၍ အကျိုးရ
သည်မှာ ဓမ္မတာပဲ”ဟု နှလုံးသွင်းလျက် သန့်ရှင်းသော
စိတ်ထားဖြင့် “အခြားသူများလည်း ငါ့ကဲ့သို့ ဂုဏ်ရှိကာ
အချီးမွမ်းခံရပါစေ”ဟု အမျှဝေသဘောဖြင့် စိတ်မနော
ကောင်းသင့်ကြပေသည်။ (သုခ ဒုက္ခတို့သဘောကား
ထင်ရှားပြီ။)

အချုပ်ကား - လောကဓံ ၈-ပါးတွင် အကောင်း ၄-ပါးကို
“ဣဋ္ဌာရုံ(အလိုရှိအပ်သောအာရုံ)” ဟုခေါ်သည်။ မကောင်း
၎-ပါးကို “အနိဋ္ဌာရုံ(အလိုမရှိအပ်သောအာရုံ)” ဟုခေါ်သည်။
ရှေးရှေးဘ၀များစွာ သံသရာက ကံကောင်းကံဆိုး (ကုသိုလ်
အကုသိုလ်) ၂-မျိုးကို ပြုလာခဲ့သော ငါတို့မှာ ထိုဣဋ္ဌာရုံ
အနိဋ္ဌာရုံ အမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့
သို့ တွေ့ကြုံရာ၌ ထိုဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်
တိုင်းကို မိမိ၏ လုံ့လစွမ်း ဉာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသ
မျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန်ဆိပ်ကမ်း
သို့ မျှော်မှန်းကူးခပ်ရမည်။

ဥပမာ - ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရလိမ့်မည်
ဟု မမျှော်လင့်နိုင်။ မကြာမကြာပင် သာမန်လှိုင်းလေး၊ ပြင်း
ထန်သောလှိုင်းလေး၊ သဘောင်္ာကိုပင် အန္တရာယ်ဖြစ်စေနိုင်
သော လိုင်းလေးများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့
ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လ
စွမ်း၊ ဉာဏ်စွမ်းတို့ဖြင့် ထိုလိုင်းလေးများကို ခုခံ၍ မိမိလိုရာ
ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။

ကတတ္တာ နာနာကမ္မာနံ၊
ဣဋ္ဌာနိဋ္ဌေပိ အာဂတေ။
ယောနိသော တိတ္ထံ သန္ဓာယ၊
တရေယျ နာဝိကော ယထာ။

နာနာကမ္မာနံ = ကံကောင်းကံဆိုး အမျိုးမျိုးတို့ကို။ ကတတ္တာ
= ဘ၀များစွာ သံသရာ မကွာထက်ကြပ် ပြုအပ်ခဲ့လေသော
ကြောင့်။ ဣဋ္ဌာနိဋ္ဌေ = အကောင်းအဆိုး အာရုံ ၂-မျိုးသည်။
အာဂတေပ = အကြောင်းအားလျော်စွာ ပေါ်လာခဲ့ပါသော်
လည်း။ နာဝိကော ယထာ = ပင်လယ်ကိုကူး မာလိန်မှူးကဲ့
သို့။ ယောနိသော = သင့်တင့်လျော်ကန် တော်မှန်ထုံးအရ
အသုံးကျမည့် လုံ့လပညာ အလိမ္မာဖြင့်။ တိတ္ထံ = ဒုက္ခမီးစက်
ဆူဆူပွက်သည့် ဤဘက်ကမ်းမှ စခန်းထဖို့ နန်းမခေမံ နေရ
ဗဏ်နန်း ဟိုဘက်ကမ်းကို။ သန္ဓာယ = စိတ်စဉ်ဖြောင့်တန်း
ကောင်းစွာမှန်း၍။ တရေယျ = လောကဓံလိုင်း လေမုန်တိုင်း
ကြောင့် မဆိုင်းမလူပ် ဉာဏ်အားထုတ်လျက် သုတ်သုတ်
လျင်စွာ ကူးခပ်ရာသတည်း။

ဤသို့လျှင် လောကဓံ ၈-ပါးကြောင့် စိတ်လူပ်ရှားခြင်း မရှိ၊
အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့လည်းရှိ။ မိမိစီမံသည့်
အတိုင်း အကျိုးရှိအောင် ၀ီရိယလည်းရှိသူတို့မှာ ကိုယ်ဆင်း
ရဲမူ ဒုက္ခ၊ စိတ်ဆင်းရဲမူ ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်း
သာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ
လူဖြစ်ရကျိုးနပ်သူ ဖြစ်ပါလိမ့်သတည်း။

“လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လူပ်အောင်၊ ထိန်းချုပ်ပါ့ကွယ်”

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Credit To (မေတ္တာရိပ်မှ)
Read More »

စီမံအုပ်ချုပ်မှုလွဲမှားခြင်း၊ နှင့် ပြည်ပရန်အန္တရာယ်များ

စစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ များလာပြီး ပြည်တွင်းမှာလည်း စစ်အစိုးရကို ပြည်သူလူထုတရပ်လုံးက လုံးဝမလိုလားတာရယ် နောက်ပြီး စစ်အာဏာရှင်တွေဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားနိုင်ရေးအတွက် အထူးသဖြင့် အနောက်နိုင်ငံများကို ၀င်ရောက်နိုင်ရေးအတွက် ဒီမိုကရေစီ ဖော်ဆောင်ဖို့ ကတိတွေ အမျိုးမျိုးပေး ပြီး အရပ်သား အစိုးရအသွင် ပြောင်းခဲ့တာဘဲဖြစ်ပါတယ်။ အစိုးရကို ပြည်သူတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊မြန်မာအစိုးရ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုကို လိုလားနေကြတာဖြစ်ပြီး အီဂျစ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံမျိုးလို ဟန်ပြဒီမိုကရေစီ ကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကို အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံများရဲ့ လုံခြုံရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် ရှေးရှုကာ အခြေအနေအရ ထောက်ခံအားပေးတဲ့ ပုံစံလိုမျိုး လိုလားနေကြတယ်လို့ သုံးသပ်ရပါတယ်။စစ်အစိုးရဟာ အမေရိကန်နိုင်ငံကသာ ထောက်ခံအားပေး ထောက်ပံ့လာမယ်ဆိုရင် အချိန်မရွေး တရုတ်နိုင်ငံကို ပစ်ပယ်ဖို့ ဝန်မလေးတတ်တဲ့အထိ နိုင်ငံတကာဆက်ဆံရေးကို အရှင်ထားတာ တွေ့ရပါတယ်။မြန်မာနိုင်ငံဟာ အနောက်နိုင်ငံများနှင့် နီးစပ်လာတာနဲ့အမျှ တရုတ်အစိုးရအဖို့ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေပါတယ်။ မြန်မာအစိုးရ အနေနဲ့ အမေရိကန်နဲ့ ပြေလည်မယ် ဆိုရင်တော့ တရုတ်ပြည်ရဲ့ဆက်ဆံရေး ကတော့ပြဿနာပေါ်လာနိုင်ပါတယ်။ တောင်ကိုးရီးယား စစ်ဘက်ပညာရှင်များနှင့် မြောက်ကိုးရီးယား စစ်ဘက်ပညာရှင်များအား တပြိုင်နက်တည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့မသိအောင် ကပစ စက်ရုံများတွင် နေရာချထားခဲ့တာ ကြည့်ခြင်းဖြင့် ရန်သူနှစ်နိုင်ငံတို့က မိမိနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးလာမှုကို အလွှဲသုံးစားလုပ်ကာ ဆက်ဆံသွားတာ ကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မူဝါဒဟာ တိုက်ရိုက် ထိတွေ့ဆက်ဆံရေးအဖြစ် ပြောင်းလဲလာမှုအပေါ် စစ်အာဏာရှင်တွေက ကြိတ်ပြီးဝမ်းသာနေပါတယ်။ စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာဆက်ဆံရေးကို ပြန်လည် သုံးသပ်ရရင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူ အားပေးပြီးတော့ စီးပွားရေး အခွင့်အလမ်းတွေပေးရင်း အင်အားကြီးနိုင်ငံတွေရဲ့ ဗီတို အာဏာတွေကို ရယူခဲ့ပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတွေကလည်း နျူကလီးယားကိစ္စနဲ့ စပ်လျဉ်းလို့ မြန်မာနိုင်ငံအား တိုက်ရိုက် အားပေးနေတာကို နိုင်ငံတကာက ထောက်ကွက်ဖြစ်မှာစိုးလို့ ဆင်ဝှေ့ရန်ရှောင် လုပ်ခဲ့တာမျိုး တွေ တွေ့ခဲ့ရပါတယ်။မြောက်ကိုးရီးယားနိုင်ငံကိုလည်း ပြန်လည် ဆက်သွယ်ပြီးတော့ အနုမြူဓာတ်ပေါင်းဖို နည်းပညာ ရရှိရေးအတွက် စည်းရုံး ဆောင်ရွက်ဖို့ မဟာဗျူဟာချမှတ်ခဲ့ပါတယ်။မြောက်ကိုးရီးယား အနေနဲ့ကလည်း စားနပ်ရိက္ခာ ပြတ်တောက်နေချိန်မှာ မြန်မာနိုင်ငံက လက်နက်၊ ခဲယမ်း ရယူလိုမှုနဲ့ ငွေကြေးအစား သူတို့လိုလားနေတဲ့ ရိက္ခာနဲ့ လဲလှယ် နိုင်ဖို့အတွက် သံတမန်ရေးကို ပြန်လည်ဆက်သွယ် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ ပါကစ္စတန်နိုင်ငံက နျူကလီယား နည်းပညာကို ရယူထားဖို့ ကြိုးစားနေသလို ရုရှားနိုင်ငံနဲ့လည်း စွမ်းအင်ကဏ္ဍ ခေါင်းစဉ်နဲ့ နျူကလီယား ဓာတ်ပေါင်းဖိုတည်ဆောက်ဖို့ကြိုးစာခဲ့ကြပြန်ပါတယ်။စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး ကတိတွေ အထပ်ထပ်ပေးပြီး ပျက်ကွက်ခဲ့တာတွေ၊ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေကို မကြာခဏ ပြင်ခဲ့တာတွေ၊ သူတို့ရဲ့ ရပ်တည်ရေးနှင့် လုံခြုံရေးကို အဓိကထားပြီး စည်းရုံးဖော်ဆောင်တာတွေ၊ စစ်အင်အားကြီးမားအောင် တိုးချဲ့ ဖြည့်တင်းနေတာတွေ၊ အနုမြူ လက်နက်ပိုင်ဆိုင်ကြတဲ့ မြောက်ကိုးရီးယားနိုင်ငံနှင့် အင်အားကြီးမားတဲ့ အီရန်နိုင်ငံလိုမျိုးကို အားကျနေတာတွေ၊ စစ်အာဏာရှင်တွေရဲ့ အတွင်းစိတ်ကို ခန့်မှန်းလို့မရဘဲ ပွင့်လင်းမှု မရှိတာတွေ၊ ပြည်သူတွေအား မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ်ဝါဒ ကျင့်သုံးလိုတာတွေကြောင့် တိုင်းပြည်တိုးတက်ရေးကို မငဲ့ကွက်တဲ့ တကိုယ်ကောင်းဝါဒသာ ဖြစ်ပါတယ်။နိုင်ငံတော်အတွက်မဟုတ်ဘဲ သူတို့အာဏာတည်မြဲရေးအတွက်သာလုပ်ဆောင်ခဲ့ကြတာကိုလည်းတွေ့မြင်ကြရမှာပါ။မည်သည့်နိုင်ငံကမှ မိမိအတွက်အကျိုးမရှိရင် ကူညီကြမှာမဟုတ်ပါဘူး။
တရုတ်နိုင်ငံကိုတော့ ကယ်တင်ရှင်၊ ကျေးဇူးရှင်ကြီးသဖွယ် သဘောထားကာ လေးစားကြောက်ရွံ့တဲ့ ဆက်ဆံရေးအသွင်မျိုး ထားရှိထားပြီး UWSA “၀” တွေကို ကိုင်တွယ်လို့မရ ဖြစ်နေချိန်မှာ တရုတ်နိုင်ငံအပေါ် ဘ၀င်မကျ ဖြစ်နေပါတယ်။ အမှန်တကယ်တော့ စစ်အာဏာရှင်တွေဟာ တရုတ်နိုင်ငံကို ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလို့ လေသံပစ်နေသော်လည်း မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ ပါတ်သက်လို့ UWSA ကို ဘယ်လို ကိုယ်တွယ်ရမလဲဆိုတာသူတို့ကိုယ်တိုင် မဖြေရှင်းနှိုင်ဖြစ်နေပါတယ်။ အမေရိကန်အစိုးရက တစုံတရာ ဖြေရှင်းပေးမယ်လို့ မျှော်လင့်နေပုံရပါတယ်။ တရုပ်အစိုးရကလည်း တရုတ်နိုင်ငံရဲ့ အနောက်ဘက်တံခါး ပိုမိုလုံခြုံစိတ်ချရစေဖို့ UWSA ကိုပါ ကြားခံနယ်မြေ ထပ်မံထားနိုင်မှ ပိုမိုလုံခြုံမယ်လို့ ယူဆဟန်တူပါတယ်။ ဒါ့အပြင် တရုတ်အစိုးရက ‘ဝ’ UWSA အဖွဲ့ကိုလည်း ခိုင်မာတောင့်တင်းအောင် ပံ့ပိုးထားလျှက် ရှိပါတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို ထိုးဖေါက် ဝင်ရောက်လာမှာ တရုတ်တို့ မလိုလားဟန် သဘောမကျတဲ့ အရိပ်လက္ခဏာတွေ ပြသနေပါတယ်။ တရုတ်အနေနဲ့ကလည်း နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရနဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံရတာမဟုတ်ပဲ လူမျိုးစုတစ်ခု(သို့)လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ကို ကြားခံထားပြီး ဆက်ဆံတာကို ပိုကြိုက်နေတဲ့သဘောရှိပါတယ်။ လောလောဆယ်မှာတော့ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။ ‘၀’ဒေသအတွင်းမှာ တရုတ်စကားဟာ ဒေသသုံးစကားဖြစ်ပြီး တရုတ်စာက ရုံးသုံးစာလို ဖြစ်ပါတယ်။ တရုတ်ငွေကြေးကိုသာ သုံးစွဲပြီး တရုတ်နိုင်ငံနဲ့ သီးခြား နိုင်ငံခြားဆက်ဆံရေး ရှိပါတယ်။ UWSA “ဝ” များ တရုတ်နိုင်ငံ၊ လွှတ်တော်ထဲ တက်ရောက်နေတယ် သတင်းကြားရလို့ ဦးအောင်မင်းအား အပြေးအလွှား သွားရောက်ချော့မော့ခိုင်းကာ မြန်မာနိုင်ငံ လွှတ်တော်များသို့ တက်ရောက်လေ့လာဖိတ်ကြားခိုင်းတဲ့ အထိဖြစ်ရပ်များဖြစ်ခဲ့ဘူးပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေကလည်း သတိထားဆက်ဆံနေရတဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ နယ်နိမိတ် ခြံစည်းရိုးများ ခတ်ခြင်းနှင့် တပ်မတပ်များလည်း အလုံးအရင်းနဲ့ နေရာချပေးထားတာကို ကြည့်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လူမျိုးဝါးမျိုမှုပြသနာ၊အိမ်နီးချင်းထိုင်းနိုင်ငံမှလည်းတရားမ၀င်စီးပွားရှာမှုကြောင့်မူးယစ်ဆေးဝါးများဖြန်ချီပြီး ဆလုံအမျိုးသားများကိုမူးယစ်ဆေးဝါး သုံးစွဲခံရသောကြောင့် ဆလုံအမျိုးသား ရှားပါးလာပြီး အမျိုးသမီးနှင့် ကလေးငယ်များ သာအလုပ်ကိုလုပ်ကိုင်နေကြရပါတယ်ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ ကျန်မာရေး၊ ပညာရေးချို့တဲ့သည့်အပြင် မှတ်ပုံတင်ပင်မရှိသည့်အတွက်လူမျိုးပါပျောက်မည့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။ဆလုံခေါ်မော်ကင်းတို့၏မြေသည် ၁၉၆၆ မှစပြီးတည်ရှိခဲ့တဲ့ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လန်ပိကျွန်းဖြစ်ပါတယ်။ လန်ပိကျွန်းဟာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းဒေသ မြိတ်မြို့မှ သော်၎င်း ကောသောင်းမှသော်၎င်း ရေလမ်းဖြင့် သွားရောက်ရသောအဖိုးမဖြတ်နိုင်သည့်မြန်မာတို့၏ဒေသဖြစ်ခြင်းလန်ပိကျွန်းသည်အမြဲစိမ်းသစ်တော၊ဒီရေတော၊သဲသောင်သစ်တော၊ရေသယံဇာတများပေကြွယ်ဝပြီး တောင်တန်းများဖြင့်စုဖွဲထားပြီးဆလုံလူမျိုးတို့နေထိုင်ကျက်စားရာဒေသဖြစ်ပါတယ်။ အသိပညာရှာဖွေမှုအခွင့်အရေးအားနည်းသော စိတ်ရင်းဖြူသော ဆလုံတိုင်း ရင်းသားများရှိရာသို့ စီးပွားရေးသမားများရောက်ရှိလာပြီး ကဘန်းခေါ် ရှေးဆလုံအိမ်လှေကြီးများကိုဝယ်ယူကာ ဆလုံလူမျိုးများကို ကင်းမွန်မျှားရန် အငှားပြန်ချကြပါတယ်။ မူးယစ်ဆေးဝါးများဖြန်ချီပြီး ဆလုံအမျိုးသားများကိုမူးယစ်ဆေးဝါး သုံးစွဲခံရသောကြောင့် ဆလုံအမျိုးသား ရှားပါးလာပြီး အမျိုးသမီးနှင့် ကလေးငယ်များ သာ ထိုအလုပ်ကိုလုပ်ကိုင်နေကြရပြီး လုပ်ငန်းရှင်များထံသို့ ထက်ဝက်ဈေးဖြင့် မဖြစ် မနေရောင်းချနေရခြင်းအပြင်လန်ပိကျွန်းသို့အိမ်နီးချင်းထိုင်းနိုင်ငံမှလည်းတရားမ၀င်စီးပွားရှာမှုကြောင့်တစ်နှစ်ထက်တစ်နှစ်သိသာစွာယိုယွင်းလာပါတယ်။တရားမ၀င်သစ်ခိုးထုတ်ခြင်း၊ရေသယံဇာတများဖမ်းစီးခြင်း၊မိုင်းခွဲငါးဖမ်းခြင်းများကြောင့်သန္တာကျောက်တန်းများပင်ပျက်စီးနေပါပြီ။အခုလိုဘာကြောင့်တစ်ဖက်နိုင်ငံကလူတွေလာပြီးလုပ်နေကြရပါသလဲ၊တရားဥပဒေစိုးမိုးမှုထုတ်ပြန်ထားတဲ့ဥပဒေတွေမစိုးမိုးလို့ပါ။စစ်အစိုးရဟာ ထိုင်းနိုင်ငံကို ရင်ဆိုင်နိုင်ဖို့ နောက်ကျော လုံခြုံရေးအတွက် အိန္ဒိယနိုင်ငံကိုလည်း စီးပွားရေး မက်လုံးတွေ ပေးကာဆက်ဆံခဲ့ရပြန်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးအရ အထူးသဖြင့် ထိုင်းနိုင်ငံကိုလည်း သတိထား ဆက်ဆံနေရပါတယ်။ တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ သဘာဝသစ်တောများမှ သစ်များကို တရုတ်တို့နဲ့ ၄င်းတို့ရဲ့ လက်ပါးစေ နယ်မြေခံများက တရားမ၀င် ခုတ်လှဲပြီး တရုတ်ပြည်ဘက်ကို ခိုးထုတ်နေကြတာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပါပြီ။ ၁၉၉၃ ခုနှစ်လောက်ကစလို့ တရုတ်တွေဟာ မြန်မာပြည်နယ်စပ် ကချင်ပြည်နယ်မှာရှိတဲ့ ကျွန်းသစ်တွေကို အကြီးအကျယ် စတင်ခိုးယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ မြန်မာ့သစ်တောထဲမှာ သစ်ခိုးယူမှုဟာ အဆမတန် များပြားလာလိုက်တာ ပွဲတော်ကြီးတစ်မျှပါပဲ။ သစ်မာသာမက ကျွန်းသစ်ကိုပါ ရောယောင် ခုတ်လှဲထုတ်ယူလာပြီး ဒေသခံ/ တိုင်းရင်းသားများသာမက တရုတ်လူမျိုး အစစ်တွေပါ မြန်မာပြည်ထဲ ၀င်လာကာ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထင်သလို ခိုးယူပါတော့တယ်။ ကျွန်း/တမလန်းနှင့် ပိတောက်အပါအ၀င် အဖိုးတန်သစ်များ ကုန်သွားလို့ တရုတ်တွေက ကညင်/ကြေးလန်/စကားဝါ စတဲ့ သစ်မျိုးများကိုပါ ခိုးယူနေကြကြောင်း သိရှိရပါတယ်။ သစ်အပါအ၀င် ကျောက်စိမ်း/ရွှေ စတဲ့ သဘာဝ အရင်းအမြစ်တွေ ပေါများလှတဲ့ ဒေသဖြစ်ပေမဲ့ ဒေသခံ လူထု အများစုကတော့ မည်သည့် အကျိုးကျေးဇူးမျှ မခံစားရပဲ ဆင်းရဲတွင်းနက်လျှက် ရှိနေပါတယ်။ ဒါဘယ်သူတွေရဲ့  တာဝန်မဲ့မှုပါလဲ?ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်တွေ ၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။ ရေဗူးပေါက်တာမလိုချင် ရေပါတာဘဲလိုချင် ဆိုတဲ့ စကားလုံးကို လက်ကိုင်ထားပြီး အရပ်သားတွေအပေါ် လုပ်ချင်တာလုပ် အရေးယူမှု တစ်စုံတရာ မရှိတော့ပါ။လူ့အခွင့်အရေး အမြောက်အများကို ချိုးဖေါက်နေမှုနဲ့ မြန်မာအစိုးရ အဆက်ဆက် ပြစ်မှုကျူးလွန်နေမှုတွေ ကြောင့် ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားအားလုံး ဘယ်ဘဝကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။ ကျနော်တို့ မြန်မာပြည်က လက်ရှိတိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လက်ရှိ အဖြစ်အပျက်တွေနဲ့ ချိန်ထိုး စဉ်းစားလိုက်တော့ သူ့ဘက်ကိုယ့်ဘက် ရင်နာစရာတွေချည်းပါပဲ။ ဒီအမှားတွေကို ပြန်ကြည့်ရင်တော့ နှစ်ဖက်လုံးမှာ ရှိနေတာပဲလေ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မဆိုသာဘူး။ ဒီလိုအဖြစ်တွေ မဖြစ်အောင်ကိုသာ နှစ်ဖက်ခေါင်းဆောင်တွေက နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာကြရမှာဖြစ်ပါတယ်။ စူပါပါဝါနိုင်ငံကြီးတွေ ဝန်းရံနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာစစ်တပ်အင်အားမတောင့်တင်းရင်ဘယ်လိုဖြစ်သွားနိုင်တယ်ဆိုတာ ကိုလဲကျွန်တော်တို့သိသင့်ပါတယ်။ ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဝေးဝေးနေရပါမယ်။ တကယ်တော့ဦးသိန်းစိန်ဟာ လည်း လက်တွေ့သမားမဟုတ်ဘဲ စာတွေ့သက်သက်သာ ရုံးလုပ်ငန်းဆန်ဆန် လုပ်နေသူဖြစ်ရာ နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ နိုင်ငံတိုးတက်ရေးနဲ့ ဒီမိုကရေစီရရှိရေးအား ကြိုးပမ်းဖို့နေနေသာသာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံရေးတွေမှာတောင် ကြိုးပမ်းမှု အလှမ်းဝေး နေသေးတဲ့ ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာ အရေးတကြီး လုပ်ဆောင်ရမှာက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးကိုဖန်တီးနိုင်စွမ်းက အရေးပါပါတယ်။
Credit To ဇ်ာဝမ်းမောင်
Read More »