Wednesday, July 31, 2013

"မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်" (မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တွေ့ဆုံခြင်း)


လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့ပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် မီဒီယာ ဥပဒေကြမ်းတွင် စာနယ်ဇင်းကောင်စီ (ယာယီ)မှ ပြင်ဆင်ပေးရန် တင်ပြထားသည့် အချက်များ မပါဝင်သည့်နည်းတူ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ပယ်ချပြီး လွှတ်တော်သို့ မတင်ပေးနိုင်ကြောင်း အကြောင်းပြန်ထားသည်။ ပြန်ကြားရေး ၀န်ကြီးဌာန၏ ကတိဖောက်ဖျက်မှုကြောင့် ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဝေဖန်ချက်များလည်း ထွက်ပေါ်နေသဖြင့် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် ဥပဒေ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၅၀ ကျော် လုပ်ကိုင်ခဲ့သူ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးအား ဇူလိုင် ၃၁   ရက်က တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဘယ်သူက တာဝန်ပေးအပ် ခဲ့တာပါလဲ။ သမ္မတကြီးနဲ့ နီးစပ်မှုရှိလို့ ဒါမှမဟုတ် ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်မှုရှိလို့ ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်း ခံခဲ့ရတာလား။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဘယ်လိုဖြစ်လာသလဲ ဆိုတာကို ရှင်းပြပေးစေ လိုပါတယ်။
ဖြေ။ သတင်းစာ ဖတ်ကြည့်တော့မှ ပါလာတာ သိရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တရားရုံးချုပ်က အနားယူပြီးနေပြီ။ အသက်ကလည်း ၇၀ ကျော်နေပြီ။ အဲဒါနဲ့ ကျွန်တော်စဉ်းစားတယ်။ ဒီအသက်အရွယ်မှ လုပ်လို့ရှိရင်တော့ တာဝန်က အသစ်ပေါ့နော်။ ကြောက်တာတော့ မကြောက်ပါဘူး။ ဒါပေမဲ့ ဖြစ်ပါ့မလားပေါ့။ သားသမီးတွေကလည်း မလုပ်စေချင်ဘူး။ အေးအေးဆေးဆေး တရားဓမ္မနဲ့ နေရမယ့် အချိန်ဆိုတော့  ပထမ နေပြည်တော်ကိုတက်ပြီး သမ္မတကြီးကိုပဲ မေတ္တာရပ်ခံရမလား။ မလုပ်ပါရစေနဲ့လို့။ ဒါပေမဲ့ တစ်ဖက်က ကျွန်တော် ဒုတိယရှေ့နေချုပ်တို့၊ တရားရုံးချုပ် တရားသူကြီး ပင်စင်ပေးထားတာ ရှိပါတယ်။ နိုင်ငံရေး ပင်စင်ပေါ့။ အတွေ့အကြုံနဲ့ လုပ်စေချင်လို့ တာဝန်ပေးတာပဲဆိုပြီး လုပ်မယ်ဆိုတဲ့အခါ ဦးအောင်ကြည် ခေါ်တွေ့တုန်းကလည်း အန်ကယ်ကြီးလုပ်ပါ။ တတ်နိုင်သလောက် ကျွန်တော်တို့လည်း ၀ိုင်းကူပါ့မယ်ဆိုပြီး လုပ်ဖြစ်တာ။ ဘာမှ အဆက်အသွယ် မရှိဘူး။ ကျွန်တော့်ရဲ့ ဟိုတုန်းက အတွေ့အကြုံတွေကို နှစ်ခြိုက်ပြီးတော့ သမ္မတကြီးကပဲ တာဝန်ပေးတယ် ထင်တယ်။ သမ္မတကြီးက န၀တ တက်ခါစတုန်းက ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ အခန်းမှာ တာဝန်ခံ။ ဒုတိယ ဗိုလ်မှူးကြီးပဲ ရှိသေးတယ်။ ကျွန်တော်က ဒုတိယရှေ့နေချုပ် ဖြစ်နေပြီ။ အဲဒီမှာ အမြဲတမ်းသွားပြီး ဥပဒေကိစ္စတွေ ရှင်းပြရတယ်။ သမ္မတကြီးကို ဗိုလ်မှူးကြီး ဘ၀ကတည်းက ကျွန်တော်သိတယ်။ ကျွန်တော်ဥပဒေဆွဲတာလည်းသိတော့ လုပ်ပုံကိုင်ပုံတွေ ဒါတွေကို သူသိမြင်ပြီး ရွေးလိုက်တာ ဖြစ်မယ်။
မေး။ စာနယ်ဇင်း အမြုတေကောင်စီ ဖွဲ့တုန်းကလည်း ဥက္ကဋ္ဌ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန် ပြန်ကြားရေးဝန်ကြီးက ဦးကျော်ဆန်း ဖြစ်ပါတယ်။ ဦးကျော်ဆန်းနဲ့ ရင်းနှီးလို့ ဒီတာဝန်ကို လက်ခံရရှိ ခဲ့တာလား။
ဖြေ။ ကျွန်တော် ဒုတိယရှေ့နေချုပ်တုန်းက သတင်းထုတ်ပြန်ရေး အဖွဲ့မှာ တစ်ခါတစ်လေ သွားပြီးရှင်းရတယ်။ ပြည်ထဲရေးကဖွဲ့တဲ့ ကော်မတီတွေမှာ အများကြီး လုပ်ရတယ်။ သတင်းထုတ်ပြန်ရေးမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ထုတ်ပြန်ရင် ကျွန်တော့်ကိုခေါ်တယ်။ နောက်တစ်ခါ ငွေဖြူငွေမည်း ဥပဒေတွေ ထုတ်ပြန်ရင် အဲဒီသတင်းစာ ရှင်းလင်းပွဲတွေမှာ ကျွန်တော့်ကို ခေါ်တယ်။ အဲဒီဟာပဲ ရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နှစ်ဦးချင်း သူ့ရုံးခန်းထဲမှာ တွေ့တာမျိုး တစ်ခါမှ မရှိဘူး။ ဦးအောင်ကြည်နဲ့လည်း မတွေ့ဖူးဘူး။ သူ့ကို ရုပ်မြင်သံကြားမှာ မြင်ဖူးနေတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာတွေကြည့်ပြီး သူတော့ တော်တော်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုပြီး လေးစားခဲ့ပါတယ်။
ဒီအသက်အရွယ် ရောက်ရင်တော့ မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်။ သတင်းမီဒီယာ ဥပဒေ ဆိုတာလည်း ကျွန်တော်တို့ အဖွဲ့အစည်းအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာပါတဲ့ လူတွေရဲ့ အကျိုးလည်း မဟုတ်ဘူး။ ပြန်ကြားရေး အကျိုးလည်း မဟုတ်ဘူး။ အားလုံး ပြည်သူလူထုရဲ့ သတင်းလွတ်လပ်ခွင့်အတွက် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်စေချင်တယ်။ အဲဒါလေးကို ကျွန်တော်တို့က ရည်ရွယ်ပြီး လုပ်နေတာ။ သူတို့နှောင့်နှေးအောင် လုပ်မယ်ဆိုရင်တော့ သမိုင်းမှာ ဘယ်သူတရားခံ ဖြစ်မလဲ . . . . .
မေး။ အခုချိန်မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ကတိဖျက်မှု အပါအ၀င် ပုံနှိပ်မီဒီယာ ဥပဒေကြမ်း ကိစ္စရပ်ကို အကြောင်းပြုပြီး အစိုးရနဲ့ ဂျာနယ်လစ်တွေ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါပြီ။ လက်ရှိအခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ ၂၄ ရက်နေ့က နေပြည်တော်ကို သွားကြတယ်။ အတွင်းရေးမှူး အပါအ၀င် ရှစ်ယောက်သွားကြတယ်။ သူတို့ ပြည်သူ့လွှတ်တော်မှာ တင်လိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေဟာ သူတို့နဲ့ ဆွေးနွေးတုန်းက ဖျက်ပါမယ်။ မထည့်တော့ပါဘူးဆိုတဲ့ အချက်တွေ အကုန်ပြန်ပါတယ်။ ကျွန်တော်တို့က ဒါကိုဦးတည်ပြီး တွေ့ခွင့်တောင်းလိုက်တော့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ခေါ်လိုက်တာပါ။ စာနဲ့ပေနဲ့ ဖိတ်လိုက်တယ်။ ဘယ်နေ့အရောက်လာပါ။ သွားလိုက်တယ်။ အဲဒီမှာ တစ်နာရီခွဲလောက် တင်ပြခွင့်ရတယ်။ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို ကန့်ကွက်ရသလဲ။ နောက်တစ်ချက် စာနယ်ဇင်းသမားတွေကို ဟိုတုန်းကလို "မှတ်ပုံတင်အရာရှိ" က နှိပ်ကွပ်တဲ့ ပြဋ္ဌာန်းချက်တွေ ပြန်ပါတယ်။ အဲဒါကို ကျွန်တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့နဲ့ ပြန်ကြားရေးက ညွှန်ချုပ်တွေနဲ့ ဆွေးနွေးတဲ့ ဖျက်ပါမယ်ဆိုတဲ့ အချက်တွေ ပြန်ပါလာတယ်။ ဒါတော့ မကောင်းပါဘူးလို့ ကျွန်တော်တို့ တင်ပြတယ်။ နောက်ဆုံး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက လက်ခံတယ်။ သေသေချာချာ သဘောပေါက်ပြီး သူတို့ဘက်က အပြန်အလှန် ဆွေးနွေးတယ်။ အဲဒီလို သွားတဲ့အခါ သူရဦးအေးမြင့်တို့ စာပေ၊ ယဉ်ကျေးမှုနဲ့ အားကစား ကော်မတီက ပြည်သူ့လွှတ်တော်က အဲဒါပြီးရင် တွေ့ချင်ပါတယ်ဆိုလို့ ကျွန်တော်တို့ သွားလိုက်တယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ သူရဦးအေးမြင့်ရယ်၊ ပြန်ကြားရေး ဒုဝန်ကြီးနှစ်ပါးနဲ့ လွှတ်တော်ကော်မတီတွေရဲ့ အဖွဲ့ဝင်တွေရယ်၊ အကြံပေး အဖွဲ့တွေနဲ့ တွေ့တဲ့အခါ သူရဦးအေးမြင့်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကို ဘာမှမပြောတော့ဘူး။ ကျွန်တော်တို့ သတင်းမီဒီယာ ဥပဒေကို ဘယ်လိုသဘောထားသလဲဆိုတာ သူရှင်းပြပါတယ်။ အဲဒီမှာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကနေပြီးတော့ ကျွန်တော်တို့ တင်လိုက်တဲ့ ဥပဒေမှာ ၅၁ ချက်ကို လက်ခံပြီး ၁၇ ချက်ကို လက်မခံဘူးဆိုတာ ရှင်းပြတယ်။ ရှင်းပြပြီးတော့ PSM (အများပြည်သူ ၀န်ဆောင်မှု ဥပဒေမူကြမ်း) ကို Power Point နဲ့ပြဖို့ ပြင်ဆင်ထားပြီးသား၊ သူတို့က စားပွဲထိပ်မှာ ထိုင်တယ်။ ကျွန်တော်တို့က သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်တယ်။ ပြီးတော့ Power Point တွေထိုးပြီး ကျန်တဲ့ ကော်မတီဝင်တွေကို ရှင်းပြတယ်။ ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ အလှည့်ရောက်တော့ အဲဒီ ၁၇ ချက်ဟာ ကျွန်တော်တို့ ရေးဆွဲတဲ့ အချိန်မှာ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ပေးဖို့ ခံယူထားတဲ့ အချက်တွေ ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြဋ္ဌာန်းတဲ့ ဥပဒေတွေထဲမှာ ပါတဲ့ ဥပမာ ကောင်စီဝင် တစ်ယောက်ကို လုပ်ငန်းတာဝန် ဆောင်ရွက်တဲ့အခါမှာ သဘောရိုးနဲ့ ဆောင်ရွက်ရင် သူ့ကို တရားမကြောင်း ဥပဒေအရ မစွဲရဘူးလို့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတယ်။ ဟိုးတစ်နေ့ကထွက်တဲ့ ကော်မရှင် ဥပဒေထဲမှာလည်း ဒီအချက် ပါတယ်။ နောက်တစ်ခုက ဒီလိုလုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ ဖြေရှင်းရမယ့် ညှိနှိုင်းရေး ကော်မတီ ကျွန်တော်တို့မှာ ရှိတယ်။ အငြင်းပွားလို့၊ တိုင်လို့ရှိရင် ခေါ်ရတာပေါ့။ ခေါ်နိုင်အောင် လုပ်ငန်းဆောင်ရွက်တဲ့အခါ ကောင်စီဝင်တွေဟာ ပြည်သူ့ဝန်ထမ်း ဖြစ်တယ်ဆိုတာ ရာဇသတ်ပုဒ်မ ၂၁ အရ လုပ်ရမယ်ဆိုတာ ရှိပါတယ်။ အဲဒါတွေက ဒီမှာပြဋ္ဌာန်းထားပြီး ဘာကြောင့် ကျွန်တော်တို့ကျမှ ကန့်ကွက်သလဲ။ ပြီးခဲ့တဲ့ အလုပ်သမား ဥပဒေ၊ လူမှုဖူလုံရေး ဥပဒေမှာ ဒါတွေအကုန်ပါတယ်။ အဲဒါ ဘာကြောင့်ကန့်ကွက်သလဲ။ တမင် ကျွန်တော်တို့ကို နှေးကွေးအောင် လုပ်တယ်လို့ ယူဆပါတယ်။ အဓိက အချက်က သတင်းမီဒီယာနဲ့ ပတ်သက်ရင် ကျွန်တော်တို့ကောင်စီဟာ တစ်ခုတည်းသော ကောင်စီဖြစ်ရမယ်။ လိုင်စင်ပေးတာ မဆိုင်ဘူး။ သတင်းမီဒီယာနှစ်ခု အငြင်းပွားရင် သတင်းမီဒီယာ ကောင်စီက တစ်ခုတည်း ရှိရမယ်လို့။ တစ်ခုတည်း ဆိုတာကို သူတို့က လက်မခံဘူး။ ဘာကြောင့် လက်မခံလဲဆိုတော့ PSM မှာ ကောင်စီတစ်ခုထောင်ဖို့၊ အဲဒါကြောင့် သူတို့က လက်မခံဘူး။ ဇွတ်ငြင်းတယ်။ နောက်ဆုံးကျတော့ ၁၇ ချက်ကို မပြင်ရင် သူတို့မပေးနိုင်ဘူးဆိုတာ ဖြစ်လာတာပေါ့။ သူရဦးအေးမြင့်ကလည်း သူတို့လက်မခံရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး ဒါဖြင့်ကျွန်တော်တို့ စဉ်းစားမယ်။ သူရဦးအေးမြင့်တို့ ကော်မတီကပဲ တင်မလား။ ကျွန်တော်တို့ တခြားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကပဲ တင်မလားဆိုတာ ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်ကပဲ တင်လို့ရတယ်။ ကျွန်တော်တို့က တင်လို့မရဘူး။ အဲဒါကိုပဲ မကြာခင် နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး အကြံဥာဏ်ယူမယ်။ ကျွန်တော်တို့ကတော့ ၀န်ကြီးပြောတဲ့ ကတိအရဆိုရင် ပုံနှိပ်ထုတ်ဝေရေး ဥပဒေနဲ့ သတင်းမီဒီယာ ဥပဒေကို တစ်ပြိုင်နက်တည်း တင်ပေးမယ်။ နှစ်ခုပေါင်းတင်ရင်လည်း လွှတ်တော်က ပေါင်းသွားမယ်။ ခွဲချင်လည်း ခွဲမယ်ဆိုပြီး။ အဲဒီဟာ ကတိကို သူတို့ကဖျက်တယ်။ နောက်ဆုံး နိုင်ငံရေး အဖွဲ့အစည်း တစ်ခုက (လွှတ်တော်ကို) တင်ပေးရင်လည်း တင်ပေး။ မတင်ပေးဘူးဆိုရင်လည်း သမ္မတကြီးဆီ၊ သမ္မတကြီးကတစ်ဆင့် တင်ပေးဖို့အထိ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။
မေး။ အခုဖြစ်နေတဲ့ ကိစ္စမှာ အပိုင်းနှစ်ပိုင်း ရှိနေပါတယ်။ ပထမပိုင်းက ပြန်ကြားရေး ၀န်ကြီဌာနက ရေးဆွဲခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဂျာနယ်လစ် အားလုံးက ကန့်ကွက်ထားတယ်။ စာနယ်ဇင်း ကောင်စီကလည်း ပြင်ဆင်ပေးပါဆိုတဲ့ အချက်တွေကို ပြောခဲ့ပါတယ်။ ပြင်မပေးခဲ့ပါဘူး။ ဒုတိယပိုင်းက စာနယ်ဇင်းကောင်စီ (ယာယီ)က ဥပဒေ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေ၊ အခြားတတ်သိ ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တဲ့ သတင်းမီဒီယာ ဥပဒေကို လွှတ်တော်ကို တင်ပေးပါလို့ ပြန်ကြားရေး ၀န်ကြီးဌာနကို ပြောပါတယ်။ အချက် ၁၇ ချက်ကို မပြင်တဲ့အတွက် တင်မပေးဘူး။ တင်ခဲ့ရင်လည်း အဆင့်ဆင့် ကန့်ကွက်မယ်လို့ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ သဘောထားကို ဘယ်လိုသုံးသပ် ပါသလဲ။
ဖြေ။ ဒါကတော့ တမင်နှောင့်နှေးအောင် လုပ်တာလား။ သူတို့ စိတ်ရင်းတော့ မသိဘူးပေါ့လေ။ ပြိုင်တူတင်ပေးမယ်၊ မတင်ဘူးဆိုတာ သူတို့ကတိ ဖောက်ဖျက်တာပဲလား။ သူတို့သတင်းစာတွေထဲ၊ ဆောင်းပါးတွေထဲမှာ ပါပါတယ်။ ကျွန်တော်တို့ကတော့ သဘောရိုးပဲ။ ဒီမှာပါတဲ့ ကော်မတီဝင် ၁၀ ဦးဆိုလည်း ၁၀ ဦး။ အကုန်ပင်စင်စားကြီးတွေပါ။ စီးပွားရေးသမား ပါတယ်။ အနုပညာ စာပေပါတယ်။ ဂျာနယ်လစ် အဖွဲ့အစည်းတွေ ပါတယ်။ အကုန်ပါပါတယ်။ ဒီလူတွေဟာ ဒီအသက်အရွယ် ရောက်ရင်တော့ မှန်တဲ့ဘက်ကပဲ လိုက်ချင်တယ်။ သတင်းမီဒီယာ ဥပဒေ ဆိုတာလည်း ကျွန်တော်တို့ အဖွဲ့အစည်းအတွက် မဟုတ်ဘူး။ ကျွန်တော်တို့ ဒီမှာပါတဲ့ လူတွေရဲ့ အကျိုးလည်း မဟုတ်ဘူး။ ပြန်ကြားရေး အကျိုးလည်း မဟုတ်ဘူး။ အားလုံး ပြည်သူလူထုရဲ့ သတင်းလွတ်လပ်ခွင့်အတွက် နှစ်ပေါင်းများစွာ အကျိုးပြုနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်စေချင်တယ်။ အဲဒါလေးကို ကျွန်တော်တို့က ရည်ရွယ်ပြီး လုပ်နေတာ။ သူတို့နှောင့်နှေးအောင် လုပ်မယ်ဆိုရင်တော့ သမိုင်းမှာ ဘယ်သူတရားခံ ဖြစ်မလဲ။ အဲဒါကိုတော့ အများပြည်သူက ဆုံးဖြတ်မှာပဲ။

ဆက်လက်ဖော်ပြပါမည်။
ကိုယ်ရေးအကျဉ်း
ဦးခင်မောင်အေးသည် ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး မိထ္ထီလာဇာတိ ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် B.Sc(BL) ဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၅၅ ခုနှစ်တွင် နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ၀န်ထမ်းအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ကချင်ပြည်နယ် တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် တရားရုံးချုပ်၌ ညွှန်ကြားရေးမှူးချုပ်၊  ၁၉၈၈ ခုနှစ်တွင် တရားရုံးချုပ် တရားသူကြီး၊ ၁၉၈၉ ခုနှစ်တွင် ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဒုတိယ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဥပဒေ မြောက်မြားစွာကို ရေးဆွဲခဲ့သူ ဖြစ်ပါသည်။ ၂၀၀၂  ခုနှစ်တွင် တရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ်  တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
 Written by နေထွန်းနိုင်၊ ကျော်ဇင်ဝင်း
Credit To First-11

Related Articles:

Post a Comment