တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲနိုင်ပြီလား . . .


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်နှင့် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်း တို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ကြေညာနိုင်တော့မည်ဟု ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်း ၆၀ ကျော် တောက်လောင်ခဲ့သည့် ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရေး အမှန်တကယ် ဖြစ်နိုင်ပြီလောဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့် သူတို့က မေးခွန်းထုတ်ကြသည်။ လက်နက်ကိုင်တိုင်းရင်းသား ၁၀ ဖွဲ့ကို ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း ကေအိုင်အို၊ တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA) ကဲ့သို့သော လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများမှာ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးခြင်းနှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး တပ်မတော် (တောင်ပိုင်း) RCSS/SSA၊ မွန်ပြည်သစ် ပါတီတို့နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထား သော်လည်း တိုက်ပွဲများ ပြန်ဖြစ်လာခြင်း အပေါ် ယင်းကဲ့သို့ မေးခွန်း ထုတ်ကြခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်မှသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပ၍ ရနိုင်မည်ဖြစ်သောကြောင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ်အခတ် ရပ်စဲရေး သဘောတူညီနိုင်ရန် ဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်လာသည်ကို တွေ့ရသည်။ KIO/KIA အဖွဲ့နှင့် ဇူလိုင်လ အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါသော ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက စီစဉ်ခဲ့သော်လည်း လက်တွေ့တွင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ KIO/KIA ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Technical Team) ရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ ငြိမ်းချမ်းရေးရောင်နီဦးဟု ဆိုနိုင်သည့် အနေအထားတော့ မရှိသေးပေ။ ယင်းကဲ့သို့ တိုင်းရင်းသားအားလုံး ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ရန်မှာ ကေအိုင်အိုပေါ် မူတည်ပြီး ကေအိုင်အိုက အပစ်အခတ်ရပ်စဲရေး သဘောတူညီပါက တတိယအဆင့် ငြိမ်းချမ်းရေးလမ်းပြ မြေပုံကို တက်နိုင်မည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များက တူညီစွာပြောဆိုကြသည်။ ကေအိုင်အိုကလည်း ဖြေရှင်းနေကျ ပြောဆိုနေကျအတိုင်း ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရသည့် သင်ခန်းစာ ရထားသည့်အတွက် နိုင်ငံရေး ဆွေးနွေးပြီးမှသာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုကာ တင်းခံနေဆဲ ဖြစ်သည်။ အပစ်အခတ် ရပ်စဲထားသည့် ၁၇ နှစ်တာ ကာလအတွင်းတွင် အစိုးရ၏ လမ်းပြမြေပုံ ခုနစ်ဆင့်ကို လက်ခံခဲ့ပြီး ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ကေအိုင်အေကို နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းရန် ညွှန်ကြားရာမှ တင်းမာမှု ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တာပိန်ရေအားလျှပ်စစ် စက်ရုံနှင့် ပတ်သက်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက "မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်နေတာ တွေက သဘာဝရင်းမြစ်ထုတ်တဲ့ စီမံကိန်းနေရာတွေ ဖြစ်နေတယ်" ဟု ဆိုသည်။ အချို့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကလည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရာတွင် ပါဝင်သော အချက်များကို အစိုးရက လက်တွေ့ဖော်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ကေအိုင်အိုနှင့် အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးသည် တို့ကို ထောက်ပြ ပြောဆိုလာသည်။ "ပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်နေရတုန်းပဲ။ ရှေ့ဆက်လုပ်ရမှာတွေ ကျန်သေးတယ်၊ အစိုးရက သဘောတူညီချက် အားလုံး ဆောင်ရွက် မပေးနိုင်သေးဘူး" ဟု KNU အဖွဲ့၏ အတွင်းရေးမှူး(၁) ဖဒိုစောသီဘွဲ့က ပြော ကြားသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မွန်ပြည်သစ်ပါတီ ပေါင်းကူးတပ်စခန်း တစ်ခုကို တပ်မတော် ခမရ(၅၆၉ ) တပ်ရင်းက ဇူလိုင်လ ၁၈ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် မွန်ပြည်သစ် ပါတီဝင်တပ်သား နှစ်ဦး သေဆုံးခဲ့ခြင်းသည် ငြိမ်းချမ်းရေး မျှော်လင့်ချက်ရောင်ခြည်ကို မှေးမှိန်စေသကဲ့သို့ ဖြစ်လာရသည်။ သို့သော် တပ်မတော်က မွန်အမျိုးသား လွှတ်မြောက်ရေးတပ်စခန်းကို တိုက်ခဲ့ခြင်းမှာ ဟံသာဝတီ လွတ်မြောက်ရေးတပ်နှင့် မှားယွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်အရာရှိ အချို့က မွန်ပြည်သစ် ပါတီထံ ပြန်လည် ရှင်းပြထားကြောင်း မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်မြို့နယ် ဆက်ဆံရေးရုံ တာဝန်ခံ ဦးနိုင်စိုက်ချမ်းက ဆိုသည်။ ယင်းတိုက်ပွဲသည် မွန်ပြည်သစ်ပါတီ နှင့် တပ်မတော် တို့အကြား ၁၉၉၅ ခုနှစ် တပ်မတော်အစိုးရ ကမကထပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးတွင် လက်မှတ်ရေး ထားခဲ့ပြီး နောက်ပိုင်း ပထမဆုံး ပြန်လည်ဖြစ်ပွားသော တိုက်ပွဲဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေးကာလတွင် သံသယများကို ဖြစ်ထွန်းစေသည်။ ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော လက်နက်ကိုင် တိုင်းရင်းသား ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ညီလာခံတွင် အစိုးရက တင်ပြထားသော တစ်ပြည်လုံးအတိုင်း အတာ အပစ်အခတ်ရပ်စဲရေးကို တရားဝင် ဖိတ်ကြားလာပါက မူတစ်ခု သဘောတူ သတ်မှတ်သွားမည် ဖြစ်ကြောင်း ယင်းညီလာခံ တက်ရောက်သူအချို့က ဆိုသည်။ အဆိုပါ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ စစ်ရေး သဘောတူညီချက်များ နိုင်ငံရေး ဆွေးနွေးမည့် အာမခံချက်များ မပါရှိ ပါက တက်ရောက်သွားမည် မဟုတ်ကြောင်း UNFC က ထုတ်ပြန်ထားသည်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားရာတွင် ယခင်က လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု အဓိပ္ပာယ်ဆောင်ကာ အပစ်အခတ် ရပ်စဲခဲ့ကြသော်လည်း လက်ရှိအနေအထားတွင် လက်နက်နှင့် နိုင်ငံရေး အာမခံချက်၊ အကျိုးစီးပွားတို့ လဲလှယ်ညှိနှိုင်းရသည့် အပစ်အခတ်ရပ်စဲရေး ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က တူညီစွာ ပြောဆိုကြသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသည့် ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ (PNLO) မှ ဦးခွန်မြင့်ထွန်း ကလည်း "နိုင်ငံရေးအာမခံချက်ရှိဖို့ အရေးကြီးတယ်။ ဒါကြောင့် UNFC က ဆွဲထားတဲ့ တိုင်းရင်းသား လမ်းပြမြေပုံနဲ့ အစိုးရရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပြန်ညှိနှိုင်းမယ်” ဟု ဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနှင့် လိုအပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး မကြာမီ တစ်တိုင်းပြည်လုံး အတိုင်းအတာ အထိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ထပ်လောင်းပြောကြားသည်။ ABSDF ၏ ရဲဘော်တစ်ဦးကမူ "တိုင်းရင်းသားတွေနဲ့ နှစ်ဖက် တိုင်ပင်ပြီးတော့မှပဲ ကြေညာလို့ရတယ်။ မညှိနှိုင်းဘဲ ကြေညာရင်မယ်ဆိုရင် အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အားလုံးကို အပစ်အခတ်ရပ်ပြီ လို့ပဲ ကြေညာလို့ရမယ်" ဟု မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း ၁၇ ဖွဲ့သည် သူ့မူ ကိုယ့်မူ အမျိုးမျိုးဖြင့် ရပ်တည်နေကြ သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် မူသုံးမူက ခက်ခဲသော ပုစ္ဆာတစ်ပုဒ်နှယ် ဖြစ်နေသည်။ ကေအိုင်အိုက အပစ်အခတ်ရပ်စဲရေး မလုပ်ဘဲ နိုင်ငံရေးဆွေးနွေးမည် ဟူသော မူ၊ ကေအိုင်အို ပါဝင်သော UNFC က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးမှသာ နိုင်ငံရေးဆွေးနွေးမည် ဟူသောမူ နှင့် အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်သုံးဆင့် ချမှတ်ထားသောမူ တို့သည် ရှုပ်ထွေးနေဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက် သည် တူသယောင်ယောင်နှင့် ကွဲနေသည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ သုံးချပ်အောက်တွင် ခရီးမရောက် တဝဲလည်လည် ဖြစ်နေဆဲပင် ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က တိုင်းရင်းသားအဖွဲ့အစည်း အားလုံး အပါအဝင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲမည်ဟု ပြောဆိုလိုက်ခြင်းသည် အမှန်တကယ် လုပ်ဆောင်နိုင်မည်လော ဆိုသည်ကိုမူ ကာလအတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ (မင်းထက်စံ၊ အောင်ဘိုဘိုရှိန်) Credit To The Voice Weekly
Read More »

အစိုးရတစ်ရပ် ကျရှုံးရခြင်း၏ အခြေခံ သဘောတရားများကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း


တိုင်းပြည် တစ်ပြည်ကို ပဲ့ကိုင်မောင်းနှင်းသူ (Driver) မှာ သက်ဆိုင်ရာ အစိုးရများပင် ဖြစ်သည်ကို ယေဘုယျအားဖြင့် လက်ခံထားကြမည်ဟု ယူဆပါသည်။ အဆိုပါ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အကြောင်းတရားနှင့် အကျိုးတရား ရလဒ်တို့သည် သက်ဆိုင်ရာ အစိုးရ၏ မူဝါဒ၊ အကောင်အထည်ဖော်မှု နှင့် အခြားသော အကြောင်းတရားတို့အပေါ် များစွာ အခြေခံလေသည်။ မည်သည့် အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်သည့် အစိုးရဖြစ်စေ အာဏာ လက်ဝယ် ဆုပ်ကိုင်နိုင်ခြင်းနှင့် ကျရှုံးရခြင်း စသည့် နိုင်ငံရေး အခြေခံဖြစ်စဉ် သဘောတရားများကို မလွဲမသွေ ကြုံတွေ့ ကိုင်တွယ် ဖြေရှင်းရမည်ပင်။ နိုင်ငံရေးဟူသည် ရေရှည်လုပ်ငန်းစဉ် (Politics is an ongoing process.) ဟူသော စကားတစ်ရပ် လည်း ရှိပေသည်။ ထိုစကားအရ နိုင်ငံရေးဟူသည် မျက်စိတစ်ဆုံးကြည့်ရှုရမည့် သဘောပင်ဖြစ်သည်။ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ၊ ရလဒ် ပေါင်းစုံ စသည်ဖြင့် အနုလုံ ပဋိလုံ သုံးသပ် ဆုံးဖြတ် ဝေဖန်ခြင်း သည်သာလျှင် မှန်ကန်မျှတ သင့်လျော်မည်ဟု ယူဆမိပေသည်။ ထို့ကြောင့်ပင် တိုင်းပြည် တစ်ပြည် တွင် သက်ဆိုင်ရာ အစိုးရများ၏ စွမ်းဆောင်နိုင်မှု မရှိခြင်း၊ ကျရှုံးရခြင်းတို့၏ အခြေခံ သဘောတရား များကို နိုင်ငံရေး ဘောဂဗေဒ ပညာရှင် William A.Niskanen က နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်မှ ယခုကဲ့သို့ သုံးသပ် တင်ပြထားပေသည်။ ယခု ဆောင်းပါးတွင် အစိုးရဟူသည် ဒီမိုကရေစီ အစိုးရကို ရည်ညွှန်းလိုခြင်း ဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ၏ သက်တမ်း နုငယ်သေးသော ဒီမိုကရေစီ အစိုးရ အနေဖြင့်လည်း အကျိုး တစ်စုံတစ်ရာ ရလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ပညာရှင် William A.Niskanen က အစိုးရ၏ စွမ်းဆောင်ရည် ကျဆင်းမှု အခြေခံ သဘောတရားသည် မျှတ လုံလောက်မှု မရှိသော သတင်း အချက်အလက် (Insufficient Information)၊ အစိုးရအတွင်း ပါဝင် ပတ်သက် ကိုယ်စားပြုသူများ (Principal-agent Problems)၊ ပြည့်စုံ လုံလောက်မှု မရှိသော မူဝါဒများ (Incomplete Policies and Rights)၊ တစ်ဦးတည်း ချုပ်ကိုင်လိုမှု (Monopoly)၊ ပြင်ပ ရိုက်ခတ်မှုများ (Externalities) စသည့် ဈေးကွက်၏ စွမ်းဆောင်ရည် ကျဆင်းရခြင်း အခြေခံ သဘောတရားများနှင့် အတူတူပင် ဖြစ်သည်ဟု ဝေဖန် ထောက်ပြထားပေသည်။ အနည်းငယ် ကွာဟချက်မှာ ဈေးကွက်၏ သဘော သဘာဝတွင် ယာယီ အခြေအနေ သက်ရောက်မှုများသာ ဖြစ်တတ်ပြီး၊ အစိုးရဘက် ဆိုင်ရာတွင်မူ အကျိုးဆက်မှာ ရေရှည် သက်ရောက်မှု သဘော ဖြစ်တတ်ခြင်းပင်။ နိုင်ငံရေး ပညာရှင် Wittman (၁၉၈၉) ကမူ ဒီမိုကရေစီ အစိုးရများ၏ ထင်ရှားသည့် သွင်ပြင် လက္ခဏာများ ဖြစ်သည့် ရွေးကောက်ပွဲများ (Elections)၊ နိုင်ငံရေး ပါတီများ (Political Parties)၊ အတိုက်အခံ အုပ်စုများ (Opposition Groups)၊ ဥပဒေပြုရေး (Legislatures) နှင့် မဲဆွယ်ခြင်း (Vote Trading) စသည်တို့သည်လည်း သက်ဆိုင်ရာ အစိုးရတို့၏ ကျဆုံးရခြင်း၊ အောင်မြင်ရခြင်းတို့အပေါ် များစွာ သက်ဆိုင်သည်ဟု ထောက်ပြ ဝေဖန်ခဲ့ပေသည်။ ယင်းကား နိုင်ငံရေး ရှုထောင့်မှ သီးသန့် ရှုမြင်ခြင်း ဖြစ်သည်။ သို့သော် ပညာရှင် Wittman ကပင် ဒီမိုကရေစီ အစိုးရကို ဈေးကွက် တစ်ခု အနေဖြင့် ရှုမြင်ကြည့်လျှင် ဒီမိုကရေစီ ဈေးကွက် ဟူသည် ကောင်းကျိုး ချမ်းသာကို ဦးတည်သည့် ရလဒ် (Wealth-maximizing outcomes) ကို မြင့်တက်စေသည့် သဘော သဘာဝ ရှိကြောင်းနှင့် ဒီမိုကရေစီ အစိုးရသည် ဈေးကွက်စီးပွားရေး စနစ်ကဲ့သို့ပင် ရလဒ်ကောင်းကို မြှင့်တင်ပေးနိုင်သည့် သဘော သဘာဝရှိကြောင်း ထောက်ပြ ဝေဖန်ထားပေသည်။ ပညာရှင် Wittman က ဒီမိုကရေစီ အစိုးရနှင့် ဈေးကွက် စီးပွားရေး စနစ်ကို အပြည့်အဝ ထောက်ခံ ထားသူ ဖြစ်ပေသည်။ အစိုးရ တစ်ရပ် ကျဆုံးခြင်း၊ အောင်မြင်ခြင်းကိုမူ နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်မှ နေပြီး သုံးသပ် တင်ပြထားပြီး ဒီမိုကရေစီ အစိုးရ တစ်ရပ်ကို ဈေးကွက် တစ်ခုအဖြစ် ရည်ညွှန်းပြီး နားလည် လွယ်ကူစေရန် သုံးသပ် ပြထားပေသည်။ ယင်းသုံးသပ်ချက်ကို ဖတ်ရှုခြင်း အားဖြင့် ဒီမိုကရေစီ အစိုးရသည် ဈေးကွက် စီးပွားရေး စနစ်ကဲ့သို့ပင် သွင်ပြင် လက္ခဏာ ရှိကြောင်း သိရှိနိုင်သည့်အပြင် ဈေးကွက် စီးပွားရေး စနစ်၏ အဓိက သွင်ပြင် လက္ခဏာဖြစ်သော ဈေးကွက်တွင် ယှဉ်ပြိုင်ရခြင်း (Market Competition) ကဲ့သို့ပင် ဒီမိုကရေစီ အစိုးရတို့ မည်သည်လည်း နိုင်ငံရေး ယှဉ်ပြိုင်မှု (Political Competition) ကို မလွဲမသွေ ကြုံတွေ့ရပေမည်။ အစိုးရတစ်ရပ် ကျရှုံးရခြင်းကို ဦးတည် ဖန်တီးနေသော အကြောင်းအရင်းများ (၁) အကန့်အသတ်ဖြင့်သာ ရှိသော သတင်း အချက်လက်များ (Limited Information) ဒီမိုကရေစီ နိုင်ငံရေးတွင် အရေးကြီးဆုံးသော အချက်မှာ ဆန္ဒမဲပေးသူ အများစုမှာ (Voters) မိမိတို့ ဆန္ဒမဲပေးမည့် နိုင်ငံရေး ကိုယ်စားလှယ် (ဝါ) နိုင်ငံရေး မူဝါဒတို့နှင့် ပတ်သက်သည့် သတင်း အချက်အလက်အပေါ် သိသာ ထင်ရှားသည့် စိတ်အား ထက်သန်မှု မရှိခြင်း၊ ထိုသတင်း အချက်အလက်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြတ်သားစွာ မသိရှိရခြင်း တို့သည်လည်း တစ်ချက် အပါအဝင် ဖြစ်သည်။ ထိုအချက်သည်ပင်လျှင် မဲပေးသူ၏ ဆုံးဖြတ်ချက်ကို အချိန်မရွေး ပြောင်းလဲ စေနိုင်ပြီး ရလဒ်မှာလည်း ကွာဟချက်များစွာ ဖြစ်စေနိုင်ပေသည်။ ဆိုလိုသည်မှာ နိုင်ငံရေးသမားများ အနေနှင့် မိမိတို့ လုပ်ဆောင်ကြမည့် နိုင်ငံရေး မူဝါဒများ (Political Policies)၊ ရှေ့ဆက် အကောင်အထည် ဖော်မည့် နိုင်ငံရေး လမ်းစဉ် (Political Processes)၊ ကတိကဝတ်များ (Promises) နှင့် ပတ်သက်ပြီး ဆန္ဒမဲ ပေးသူများ (Voters) အပေါ် ရိုးသား ရှင်းလင်း ပြတ်သားသည့် သတင်း အချက်အလက်များကို တိကျ ပြတ်သားစွာ သိစေရန် ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းထားခြင်းပင် ဖြစ်သည်။ ထိုသို့ တိကျ ရှင်းလင်း ပြတ်သားသည့် သတင်း အချက်အလက်ကို လုံလောက်စွာ မရရှိခြင်း၊ အကန့်အသတ်ဖြင့်သာ ရရှိခြင်းတို့၏ အကျိုးဆက်အနေနှင့် ရလဒ်မှာ မျှော်လင့်ထားသည်ထက် ကွာဟချက်များစွာ ဖြစ်နိုင်ကြောင်းကိုလည်း သတိချပ်သင့်ပေသည်။ ထို့ကြောင့်ပင် ဒီမိုကရေစီ နိုင်ငံရေးတွင် နိုင်ငံရေးသမားများ သတိပြုသင့်သည်မှာ ပြည်သူ့ဆက်ဆံရေး ပညာရပ် (Social Relation Studies) ပင် ဖြစ်ပေသည်။ မိမိတို့ ရှေ့ဆက်ရမည့် အစီအစဉ်များကို ပြည်သူနှင့် အနီးကပ် ဆက်ဆံမှု ရှိစေဖို့ လိုအပ်လှပေသည်။ သို့မှသာ မဲပေးသူ ပြည်သူများ အနေဖြင့် လုံလောက်သော သတင်း အချက်အလက်များကို ရရှိနိုင်မည် ဖြစ်ပြီး မိမိတို့ ဆန္ဒမဲပေးမည့် နိုင်ငံရေး ကိုယ်စားလှယ် အပေါ်တွင်လည်း အပြန်အလှန် ယုံကြည်မှု (Mutual Trusts) တည်ဆောက်နိုင် ပေလိမ့်မည်။ နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်မှ ပြန်လည် သုံးသပ်ကြည့်သော် နိုင်ငံရေး (Politics)ကို ဈေးကွက် (Market)၊ နိုင်ငံရေးသမားများ (Politicians) များသည် ရောင်းချသူ (Sellers)၊ ဆန္ဒမဲပေးသူ (Voters) များသည် ဝယ်ယူသူများ (Buyers) များအဖြစ် ရှုမြင် သုံးသပ်နိုင်ပြီး နိုင်ငံရေး နှင့် ပတ်သက်သည့် သတင်း အချက်အလက်များ (Political Information) သည် ကုန်စည်များ (Goods) အဖြစ် ရှုမြင် သုံးသပ်နိုင်ပေသည်။ ဈေးကွက် စီးပွားရေး စနစ်၏ သဘော သဘာဝအရ ဈေးကွက်တွင် ယှဉ်ပြိုင်သူများ ပေါများသကဲ့သို့ ကုန်စည်နှင့် ပတ်သက်သည့် သတင်း ပြန့်ပွားမှုနှုန်းမှာ လျင်မြန်လွန်းလှပေသည်။ ထို့အပြင် ဝယ်ယူသူ များကိုလည်း မှားယွင်းသော သတင်း အချက်အလက်တို့ဖြင့် ကြာရှည်စွာ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ဒီမိုကရေစီ နိုင်ငံရေးတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပေသည်။ နိုင်ငံရေးသမားများ အနေဖြင့် မဲပေးမည့် ပြည်သူများကို လွဲမှားသော နည်းလမ်းဖြင့် ဆန္ဒမဲပေးမည့် နှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားခြင်း ကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ပါသောကြောင့် မိမိတို့ ပေးထားသော နိုင်ငံရေး ကတိကဝတ်များ (Political Promises) နှင့် နိုင်ငံရေးဆိုင်ရာ အကောင်အထည်ဖော်မှု (Political Implementations) စသည်တို့ကိုသာ တိကျ ပြတ်သားစွာ လုပ်ဆောင်ခြင်းသည်သာလျှင် ဆန္ဒမဲ ပေးသူများ၏ ယုံကြည်မှုကို ရယူ တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံရေးတွင် နိုင်ငံရေးသမားများ အနေဖြင့် တိကျ ပြတ်သားသော နိုင်ငံရေး မူဝါဒ (Strong Political Principles) ရှိရန် လိုအပ်ပေသည်။ ဒီမိုကရေစီ နိုင်ငံရေးတွင် ဈေးကွက်စီးပွားရေး စနစ်ကဲ့သို့ပင် ယှဉ်ပြိုင်ရခြင်းများ (Competitions) ရှိသဖြင့် ပြိုင်ဘက် နိုင်ငံရေး အင်အားစုများ (Opposition Groups) များ၏ လုပ်ဆောင်ချက် (Political Works)၊ မူဝါဒ (Political Policies)၊ ပြိုင်ဘက် နိုင်ငံရေး အင်အားစုများ၏ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက် (Opposition Groups' Political Voice) ကိုလည်း မျက်ခြေမပြတ် သင့်ပေ။ (၂) အစိုးရတွင်း ပါဝင် ပတ်သက်သူများ (Principal-Agent Relations) ဒီမိုကရေစီ အစိုးရတွင် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ (Policy Decisions) ကို လွှတ်တော်တွင်း အာဏာရ ကိုယ်စားလှယ်များ (Representative Agents) ကသာ ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိသည်။ အကြောင်းမှာ အာဏာရ အစိုးရအဖွဲ့ကို ကိုယ်စားပြုထားသော ကိုယ်စားလှယ်များမှာ မဲဆန္ဒနယ် အသီးသီးမှ ရွေးချယ် တင်မြှောက်ထားခြင်း ခံရသူများ ဖြစ်ပြီး၊ ဆုံးဖြတ်ပိုင်ခွင့် (Authority) ကိုလည်း အသီးသီး ရရှိထားသူများ ဖြစ်သောကြောင့်ပင်။ သတိပြု စဉ်းစားစေလိုသည်မှာ မြန်မာနိုင်ငံကဲ့သို့သော သက်တမ်းနု ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ (A Young Democracy Country) အဖို့ သက်တမ်းရင့် ဒီမိုကရေစီ နိုင်ငံများ (Old Democracy Countries) ၏ စံချိန် စံနှုန်းများ (Democracy Standards) နှင့်အမီ အချိန်တိုအတွင်း ကိုက်ညီမှု ရှိအောင် လုပ်ဆောင်ဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သို့သော် သက်တမ်းရင့် ဒီမိုကရေစီ နိုင်ငံများ၏ အတွေ့အကြုံများကို သင်ခန်းစာယူပြီး ပြုပြင် ပြောင်းလဲလျှင် အကောင်းဆုံးသော အသီးအပွင့် (Democracy Benefits) ကို ရရှိ ဆုပ်ကိုင်နိုင် လိမ့်မည်ဟု မျှော်လင့်မိပေသည်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း တစ်ရပ်အနေဖြင့်မူ နိုင်ငံရေး ပါဝါကို ချုပ်ကိုင်ထားနိုင်ပြီ ဖြစ်သော ကြောင့် ထိုသို့သော အားသာချက်ကို ငါတစ်ကော အသုံးချခွင့် (One-Sided Authority) ကိုတော့ မပြုမူသင့်ပေ။ အကြောင်းမှာ ဒီမိုကရေစီ အစိုးရ စနစ်သည် ဈေးကွက် စီးပွားရေးစနစ် အသွင်သဘော ဆောင်သဖြင့် ယှဉ်ပြိုင်မှု အားကြီးပေရာ ပြိုင်ဘက်များ၏ အသံ (Competitors' Voice) ကိုလည်း လျစ်လျူရှုခြင်းငှာ မစွမ်းသာပေ။ ပြိုင်ဘက်သည် နိုင်ငံရေး ဂုဏ်သိက္ခာ ကြီးမားသူ (High Political Profile) ဖြစ်လျှင် အစိုးရ၏ ခြေလှမ်းတစ်ချက် အမှားသည် နိုင်ငံရေး အပြောင်းအလဲကို ကြီးမားစွာ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့်ပင် အနည်းစု ဖြစ်သော အတိုက်အခံ နိုင်ငံရေးသမားများ၏ အသံကိုလည်း မျက်ခြေမပြတ် လေ့လာရင်း လိုအပ်သလို ပြင်ဆင် အသုံးချ တတ်ဖို့ လိုပေသည်။ အစိုးရအဖွဲ့ အနေဖြင့် အတိုက်အခံ အုပ်စုအပေါ် ဖြစ်စေ၊ ဆန္ဒမဲပေးသူများ အပေါ် ဖြစ်စေ၊ နိုင်ငံရေး ပြဿနာများကို ဖြစ်စေ ကိုင်တွယ် ဖြေရှင်းရာတွင် စိတ်ခံစားချက် မပါသော နိုင်ငံရေး (Politics without emotion) မျိုးကိုသာ ကျင့်သုံး ဆောင်ရွက်သင့်ပေသည်။ သို့မှသာ နိုင်ငံရေး စံချိန် (Standards of Politics) ပြည့်မီ တောင့်တင်းသည့် အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်း ခံရပေလိမ့်မည်။ (၃) ချုပ်ကိုင်ထားလိုခြင်း (Monopoly) ယေဘုယျအားဖြင့် ဆိုရသော် အစိုးရဟူသည် သက်ဆိုင်ရာနိုင်ငံ တစ်နိုင်ငံ၏ လုပ်ငန်းစဉ် အချို့နှင့် ပတ်သက်ပြီး တစ်ဦးတည်း ချုပ်ကိုင်ခွင့် ရရှိသူပင် ဖြစ်သည်။ ဥပမာအားဖြင့် - ဆိုလိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း အချို့ကို ဖြစ်စေ အာဏာရ အစိုးရသည် တစ်ဦးတည်း ချုပ်ကိုင် လုပ်ပိုင်ခွင့် ရရှိသူ ဖြစ်သည်။ သို့သော် ဒီမိုကရေစီ အစိုးရစနစ် ပုံစံတွင်မူ တစ်ဦးတည်း ချုပ်ကိုင်နိုင်ဖို့ရာ ရေရှည်တွင် မည်သို့မျှ မဖြစ်နိုင်ပေ။ တိတိပပ ဆိုရလျှင် တရားစီရင်ရေးတွင် ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းများတွင် ဖြစ်စေ အစိုးရတစ်ရပ် အနေဖြင့် ချုပ်ကိုင်ဖို့ ကြိုးစားလာ မည်ဆိုလျှင် ထိုနိုင်ငံ၏ နိုင်ငံရေး သွင်ပြင် လက္ခဏာမှာ ကောင်းသော အလားအလာ မရှိချေ။ ဒီမိုကရေစီ အစိုးရစနစ်သည် ဈေးကွက် စီးပွားရေးစနစ် အသွင် ဆောင်သည်ဟု အကြိမ်ကြိမ် တင်ပြထားပြီး ဖြစ်ပေရာ ဈေးကွက် စီးပွားရေး စနစ်တွင် ဈေးကွက် တစ်ခုလုံးကို တစ်ဦးတည်း ချုပ်ကိုင်ဖို့ရာ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သကဲ့သို့ ဒီမိုကရေစီစနစ်တွင်လည်း တစ်ဦးတည်းချုပ်ကိုင် ထားလိုခြင်းမှာ အကန့်အသတ်ဖြင့်သာ တည်ရှိနေပေလိမ့်မည်။ (၄) ပြင်ပ ရိုက်ခတ်မှုများ (Externalities) အစိုးရတစ်ရပ် ကျရှုံးရခြင်း အခြေခံ အကြောင်းတရားများတွင် ပြင်ပ အကျိုး သက်ရောက်မှုများ (Externalities) ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုပေသည်။ အကြောင်းမှာ နိုင်ငံရေး ရှုခင်းဟူသည် အပြောကျယ် လှပေရာ ရှုထောင့် ပေါင်းစုံ၊ ရလဒ် ပေါင်းစုံမှ ဝိုင်းဝန်း အဖြေရှာ သုံးသပ်ဖို့ လိုသောကြောင့် ဖြစ်ပေသည်။ ပြင်ပ အကျိုးသက်ရောက်မှုများဟု ဆိုရာတွင် အစိုးရတစ်ရပ် အနေဖြင့် လုပ်ဆောင်ချက် (Activity) တစ်ရပ် ဆောင်ရွက်ရာတွင် အကျိုးအမြတ် (Benefits) နှင့် စရိတ်စက (Costs) ကို တွက်ချက် ကြည့်ရမည် ဖြစ်ပြီး ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ မရှိကိုလည်း ဆန်းစစ်ဖို့ လိုပေသည်။ ဥပမာအားဖြင့် ဆိုရသော် အစိုးရဘက်မှ လုပ်ဆောင်မည့် စီးပွားရေး စီမံချက် တစ်ခုသည် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိစေပြီး ထိုစီးပွားရေး စီမံချက်ကို တိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် ရရှိမည့် အကျိုးအမြတ် တန်ဖိုး (Marginal Values) မှာ ထိုစီမံချက် ကုန်ကျစရိတ် (Marginal Costs) ထက် ပိုမိုနေလျှင်မူ ထိုစီးပွားရေး စီမံချက်ကို အစိုးရဘက်မှ ဆက်လက် လုပ်ဆောင်ပါက ပြည်သူအတွက် အကျိုးအမြတ် တိုးပွား ရရှိစေမည် ဖြစ်သောကြောင့် ပြည်သူများကလည်း အစိုးရ၏ ဆောင်ရွက်ချက်များကို ကျေနပ် လက်ခံကြပေလိမ့် မည်။ သို့မဟုတ်ပါက ပြည်သူများ၏ အစိုးရအပေါ် တုံ့ပြန်မှုသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေ သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရစနစ် အကောင်အထည် ဖော်ခါစတွင် ဖြစ်ပျက်ခဲ့သော ဧရာဝတီ မြစ်ဆုံ စီမံချက်မျိုးသည်လည်း ဒီမိုကရေစီ အချိုးအကွေ့တွင် မမျှော်လင့်ဘဲ ကြုံတွေ့ ခဲ့ရသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများမှ တစ်ခုပင် ဖြစ်ပေသည်။ အစိုးရဘက်မှ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်း လွဲချော်ပါက အတိမ်းအစောင်း မခံသော နိုင်ငံရေး လမ်းကြောင်း အချိုးအကွေ့ မဖြစ်ပေါ်နိုင်ဟု မည်သူ တစ်ဦးတစ်ယောက်မျှ အာမခံနိုင်မည် မဟုတ်ပေ။ William A.Niskanen ကပင် အစိုးရတစ်ရပ် ကျရှုံးရခြင်း၏ အခြေခံ အကြောင်းတရားများကို လေ့လာ သုံးသပ်ရာတွင် စီးပွားရေး ပညာရပ် (Economic Studies) နှင့် မဲရွေးချယ်မှု စနစ် (Voting Studies) တို့ဘက်မှလည်း သုံးသပ် တင်ပြထားပေသည်။ စီးပွားရေး ပညာရပ် ရှုထောင့်မှ ကြည့်သော် ဒီမိုကရေစီ အစိုးရတို့ မည်သည် အစိုးရ အသုံးစရိတ် အဆမတန် ကြီးမားတတ်ကြောင်း သုံးသပ်ထား ပြီး၊ အစိုးရ၏ အသုံးစရိတ် မြင့်တက်မှု (An Increase in Government's Budget) သည် စီးပွားရေး တိုးတက်မှုနှုန်း (Economic Growth) ကို ကျဆင်းစေသည်ဟု ထောက်ပြထားပေသည်။ သို့သော် သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အမေရိကန် နိုင်ငံသည်ပင် အစိုးရ၏ အသုံးစရိတ် (Government's Expenditures) သည် နှစ်စဉ်လိုပင် မြင့်တက်လျက် ရှိကြောင်းနှင့် အစိုးရ၏ အသုံးစရိတ်မှ ရရှိသည့် အကျိုးအမြတ်တို့သည်လည်း အစိုးရ အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်များသာ ခံစား ရရှိမှုမျိုး မဖြစ်သင့်ကြောင်း တွေးဆ ထောက်ပြထားပေသည်။ ဆိုလိုသည်မှာ နိုင်ငံရေး စံချိန်ကို တိုင်းတာရာတွင် စီးပွားရေး ရှုထောင့် တစ်ခုတည်းမှ တိုင်းတာမှုမျိုး မဖြစ်သင့်ကြောင်းနှင့် ပြည်တွင်း ထုတ်ကုန် တန်ဖိုး (GDP- Gross Domestic Product) ၏ ရာခိုင်နှုန်း မည်မျှကို သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေအလိုက် အသုံးပြုသင့်ကြောင်းကို ဝေဖန် ထောက်ပြထားပေသည်။ ဒုတိယအချက် အနေဖြင့် ဒီမိုကရေစီ အစိုးရတိုင်းတွင် ထည့်သွင်း စဉ်းစားရသည့် အချက်မှာ မဲဆွယ် စရိတ် (Voting Costs) ပင်ဖြစ်သည်။ မဲဆွယ်စရိတ် မြင့်တက်မှု သည် အစိုးရ တစ်ရပ်အပေါ် ဂယက် ရိုက်ခတ်နိုင်ကြောင်း သုံးသပ်ပြထားပြန်ပေသည်။ သို့ဖြစ်ပါသော ကြောင့် ဒီမိုကရေစီ အစိုးရတိုင်းသည် မဲဆွယ်စရိတ်မှာ အကန့်အသတ်ဖြင့် ရှိသင့်ကြောင်း ထောက်ပြ ထားပေသည်။ သက်တမ်းရင့် ဒီမိုကရေစီ နိုင်ငံများတွင်ပင် နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးသမားများ၏ မဲဆွယ် စရိတ်ကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားပေရာ မြန်မာနိုင်ငံတွင်လည်း မဲဆွယ် စရိတ်ကို ကန့်သတ်ထားခြင်းမှာ လက်မခံနိုင်စရာ၊ အံ့သြ ကန့်ကွက်စရာတော့ မဟုတ်ပေ။ မဲဆွယ်စရိတ် အလွန်အကျွံ မြင့်တက်ခြင်းသည် အစိုးရ တစ်ရပ်၏ ကျရှုံးမှု လမ်းကြောင်းများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်းကိုလည်း ထောက်ပြ ဝေဖန်ထားပေသည်။ နိဂုံးချုပ် ဆိုရသော် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံတွင် အစိုးရ တစ်ရပ်သည် ကျရှုံးမည် စိုးသောကြောင့် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစား လုပ်ဆောင်ခြင်မှာ မှန်ကန် သင့်လျော်မှု မရှိပေ။ မှန်ကန် သင့်လျော်သည့် နိုင်ငံရေး လမ်းစဉ်များ၊ မူဝါဒများ၊ ကတိကဝတ်များအတိုင်း အကောင်အထည် ဖော်ဆောင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပြည်သူ့အကျိုး ရှေးရှုမှုများ စသည်တို့သည်သာလျှင် အစိုးရနှင့် ပြည်သူတို့အကြား ယုံကြည်မှု တံတားကို အပြန်အလှန် ပေါင်းကူး တည်ဆောက်နိုင်ပေလိမ့်မည်။ ကျရှုံးမည် စိုးသောကြောင့် အလိုက် လွဲလေ၊ ပြည်သူများ၏ ယုံကြည် ကိုးစားမှုအား လျော့ကျလေ ဖြစ်မည်ကိုလည်း သတိပြုသင့်ပေသည်။ ပြိုင်ဆိုင်မှု အားကြီးသော ဒီမိုကရေစီ နိုင်ငံရေး စနစ်တွင် ပြိုင်ဘက် နိုင်ငံရေး ပါတီသည်လည်း ရပ်တန့်နေမည် မဟုတ်ကြောင်း နှင့် နိုင်ငံရေး အတိမ်းအစောင်းကို လက်ရှောင်နေမည် မဟုတ်ကြောင်းကိုလည်း အစိုးရတစ်ရပ် အနေဖြင့် သတိပြုသင့်ပေသည်။ စစ်အစိုးရ စနစ်မှ ဒီမိုကရေစီ အရပ်ဘက် အစိုးရ စနစ်အသွင်သို့ ရုတ်ချည်းဆိုသလို ပြောင်းလဲလာသော မြန်မာ့ နိုင်ငံရေး လမ်းကြောင်းတွင် အခြား မျှော်လင့် မထားသော အတားအဆီးများနှင့် ဖြစ်ရပ်များ (Unexpected Disturbances and Events) များကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုပေသည်။ နိုင်ငံရေးဟူသည် ရေရှည် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပေရာ လတ်တလော အဖြစ်အပျက် တစ်ခုတည်းအပေါ် မူတည်ပြီး သုံးသပ်ချက်များနှင့် ဝေဖန်ချက်များ ချမှတ်ရုံမျှဖြင့် ရလဒ် မှန်ကန်မှု ရာနှုန်းပြည့် ရရှိနိုင်မည် မဟုတ်ပေ။ လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်) Ref: Reflections of a Political Economist by William A.Niskanen (2008)
Credit To The Voice Weekly
Read More »

ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉) GEORGE WASHINGTON (1732- 1799)


((မြန်မာပြည်မှာဒီလိုကောင်းတဲ့ခေါင်းဆောင်ပေါ်ခဲ့တယ်။ဘာလို့အဲလိုမဖြစ်လာတာလဲ။

ကျွန်တော်တို့ဗိုလ်ချုပ်အချိန်တိုတိုနဲ့ဘ၀အဆုံးသတ်သွားလို့ လို့ပြောကြမလားးးးးးးးးးးးး))))))))))))
ဗာဂျီးနီးယားဝိတ်ဖီးလ်မှာ ၁၇၃၂ကဂျော့ဝါရှင်တန်ကို မွေးဖွါးခဲ့ပါတယ်။ စိုက်ခင်းကြီးရှင် လူချမ်းသာတစ်ဦးရဲ့ သားဖြစ်လို့ အသက်

နှစ်ဆယ်မှာ ကြီးမားတဲ့နယ်ကိုအမွေရခဲ့ပါတယ်။ ၀ါရှင်တန်ဟာ ၁၇၅၃ က၁၇၅၈ထိ စစ်မှုထမ်းခဲ့ပြီးပြင်သစ်နဲ့အင်ဒီယမ် စစ်ပွဲတွေ

မှာပါဝင်တိုက်ခဲ့ဖူးတဲ့အတွက် စစ်ပွဲအတွေ့အကြုံလည်းရတဲ့အပြင် တိုက်ခိုက်ရေးမှအောင်မြင်သူအဖြစ်နဲ့ ဂုဏ်သတင်းထွက်လာ

ခဲ့ပါတယ်။ ဇာတိဗာဂျိနိယားကို ၁၇၅၈ကုန်ကာနီးပြန်လာခဲ့တဲ့အခါ စစ်ဗိုလ်အဖြစ်ကနှုတ်ထွက်ပြီးဖြစ်ပါတယ်။ နောက်မကြာမီ

ကြွယ်ဝချမ်းသာတဲ့ကလေးနှစ်ယောက်မိခင် ၊ မုဆိုးမမာသာဒဲန်ဒရစ်ကပ်စ်တိစ်နဲ့လက်ထပ်တယ်။(သားသမီးမထွန်းကားပါ။)
ဝါရှင်တန်ဟာတစ်ဆယ့်ငါးနှစ်လုံးလုံးမိမိပိုင်စိုက်ခင်းကြီးကို နိုင်နိုင်နင်းနင်းစီမံအုပ်ချုပ်ခဲ့ပါတယ်။ ဗာဂျီးနီးယားနယ်ကပထမ

ကွန်တီနင်တယ်ကွန်ဂရက် (The First Contirental Congress) ပထမအကြိမ်အမေရိကတိုက်တစ်ခုလုံးအစည်းအဝေးကြီးကို

၁၇၇၄ ကကျင်းပတဲ့အခါ အင်္ဂလိပ်လက်အောက်ခံပြည်နယ်တွေရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာသူ့ကိုလည်းအပါအ၀င်တစ်

ယောက်ဖြစ်တယ်ဆိုပြီး၊ ကိုယ်စားလှယ်တစ်အဖြစ်ရွေးကောက်စေလွှတ်ခဲ့ပါတယ်။ ဒါမေမယ့်“ငါတို့အမေရိကတိုက်သားတွေ

အင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးရယူမယ်” ဆိုပြီးစတင်ကြွေးကြော်သူတွေထဲမှာ သူမပါဘူး။ ဒါပေမယ့်ဇွန်၁၇၇၅ ဒုတိယ

ကွန်တီနင်တယ်ကွန်ဂရက်နောက်တစ်ကြိမ်ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့အခါသူ့ကိုကွန်တီနင်တယ်တပ်မတော်ကို

ဦးစီးဖို့ကန့်ကွက်သူမရှိ။ အများသဘောတူရွေးကောက်ခန့်ထားခဲ့ပါတယ်။ သူဟာစစ်ပွဲအတွေ့အကြုံလည်းများတယ်။ စီးပွါး

ဥစ္စာလည်းကြွယ်ဝတယ်။ (အရပ် ၆ပေ ၂လက်မရှိ) ခန့်ညားတဲ့ဥပတိရုပ်ရှိတာရယ် ကျန်းမာရေးကောင်းတာရယ်၊ စီမံအုပ်ချုပ်မှု

ဖက်မှာလည်းတော်တာရယ် ၊ အဲဒါအပြင်စာရိတ္တကောင်းတယ်။ ကိုယ့်ရည်မှန်းချက်မပျက်မကွက်အစွမ်းထက်ဆောင်ရွက်တတ်

တဲ့အစွမ်းရှိတယ်ဆိုတဲ့အဂါင်္ရပ်တွေကြောင့်ဒီရာထူးကို သူ့မှမရွေးရင်ဘယ်သူ့ကိုရွေးမှာလဲ။ သူ့ပဲအထိုက်အတန်ဆုံးပုဂ္ဂိုလ်မဖြစ်

ပေဘူးလားလို့ဆိုနိုင်ပါတယ်။ စစ်တိုက်ခဲစဉ်လစာမယူဘူး။ လုံးလ၀ီရိယစံပြအဖြစ်ကြိုးစားပြီ

တာဝန်ကိုထမ်းဆောင်သွားပါတယ်။
ဝါရှင်တန်ရဲ့အပြောင်အမြောက်ဆုံးဆောင်ရွက်ချက်တွေကိုဇွန်၁၇၇၅ ကွန်တီနင်တယ်တပ်မတော်ရဲ့ဗိုလ်ချုပ်ကြီးဖြစ်တဲ့ အချိန်ကစ

ပြီး သမ္မတဒုတိယသက်တမ်းကုန်ဆုံးတဲ့ မတ်၁၇၉၇ အတွင်းမှာအထင်အရှားတွေ့နိုင်ပါတယ်။ ဗာဂျီးနီးယားဗာနွန်တောင်နေအိမ်

မှာ ဒီဇင်ဘာ၁၇၉၉နေအိမ်မှာကွယ်လွန်ပါတယ်။“
အမေရိကန်ပြည်ထောင်စုတည်ထောင်တဲ့အခါ ၀ါရှင်တန်ဟာ အကြီးအမားဆုံးနေရာကပါဝင်ခဲ့ပုံကို ထင်ရှားစေတဲ့အချက်ကြီးသုံး

ချက်ရှိပါတယ်။
ပထမသူဟာအမေရိကန်လွတ်လပ်ရေးစစ်မှာအောင်မြင်တဲ့ စစ်ခေါင်းဆောင်ဖြစ်တယ်။ သူ့ကိုစစ်ဖက်မှာသိပ်တော်တဲ့လို့မပြော

နိုင်၊ ထိပ်တန်းနာမည်ပေါက်တဲ့မဟာအလက်ဇန္ဒားလို ၊ ဂျူးလီးယက်ဆီဇာလိုခေါင်းဆောင်ကြီးတွေနဲ့နီးစပ်ဖို့ဝေးပါတယ်။

သူအောင်မြင်တာကသူတော်တာထက် သူ့ကိုလာတိုက်တဲ့အင်္ဂလိပ်ဖက်က စစ်ဗိုလ်တွေအဆမတန်ညံ့လို့လို့ပြောနိုင်ပါတယ်။

အဒီအထဲအထဲမှာ အခြားအမေရိကန်စစ်ဗိုလ်တွေအကြီးအကျယ်ရှုံးတဲ့အခါ ၀ါရှင်တန်လည်းခံရတဲ့အလှည့်ရှိပါတယ်။ ဒါပေမယ့်

သူ့အစွမ်းနဲ့အခြေအနေကိုသူ့ဖက်ကသိပ်မနာအောင်ထိန်းနိုင်လို့ နောက်ဆုံးပိတ်အောင်မြင်ရပါတယ်။
ဒုတိယက၀ါရှင်တန်ကိုဖွဲ့စည်းပုံဥပဒေပြုဥက္ကဌတင်မြောက်တယ်။ အမေရိကန်ဖွဲ့စည်းပုံဥပဒေဆွဲတော့ဝါရှင်တန်ဟာ

စိတ်ကူးအကြံဥာဏ်ဆိုတာမျိုးတွေမှာ သူကေ၇ှ့ဆောင်မဟုတ်ပေမယ့်သူကထောက်ခံတယ်ဆိုရင်

သူ့ရဲ့ကြီးမားတဲ့ဂုဏ်ရှိန်ကြောင့် ပြည်နယ်အစိုးရတွေကအလွယ်တကူလက်ခံကြပါတယ်။

အဲဒီအခါကဖွဲ့စည်းပုံဥပဒေကိုကန့်ကွက်သူမနည်းပါ။ ၀ါရှင်တန်ရဲ့သြဇာအရှိန်သာမပါရင် အဲဒီဥပဒေသစ်ကိုအမှန်အကန်လက်ခံ

ကြမည်ဟုမပြောရဲပါ။
တတိယက၀ါရှင်တန်ဟာအမေရိကန်ပြည်ထောင်စုရဲ့မထမသမ္မတဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်လိုအရည်အချင်းကြီးပြီး စာရိတ္တ

ကောင်းသူမျိုးကို ပထမသမ္မတတင်မြောက်နိုင်ခြင်းကို ကံကောင်းတယ်လို့ဆိုနိုင်ပါတယ်။ တောင်အမေရိကနဲ့အာဖရိကပြည်နယ်

တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်ပွဲဦးထွက်မှာ အများပြည်သူအစိုးရနဲ့စပြီး မကြာခင်လက်နက်ကိုင်စီမံအုပ်ချုပ်တဲ့ အခြေအနေကို

ကူးပြောင်းသွားတာတွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာဝါရှင်တန်ကအင်မတန်အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီးမူလချ မှတ်

တဲ့ ပုံစံကိုမတိမ်းမယိမ်းအောင် ထိန်းမယ်။ ကိုယ်တိုင်ကလည်းတန်ခိုးအာဏာကြာရှည်ယူထားလိုစိတ်မရှိ။ သူကမင်း၊ အဏာရှင်

ဆိုသူမျိုးမဖြစ်လို၊။ အာဏာကိုအေးအေးသာသာလက်လွှတ်တဲ့ အစဉ်အလာလည်းသူကစပြီးဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလို

လည်းပြည်ထောင်စုမှာကနေ့အထိဖြစ်ပါတယ်။
ဂျော့ဝါရှင်တန်ဟာဟိုခေတ်အခါအခြားအမေရိကားခေါင်းဆောင်ကြီးတွေဖြစ်တဲ့ သောမတ်ဂျက်ဖာဆန်၊ ဂျိမ်းမဒီဆင်၊

အလက်ဇန္ဒာဟာမိလ်တန်၊ ဗင်ဂျမင်ဖရန်ကလင်တို့လို အတွေးအခေါ်ထိုးထွင်းဥာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်မဟုတ်ပါ။ ဒါပေမယ့်အခု

ပြောတဲ့လူစွမ်းကောင်းတွေထက်သူကပိုအရေးကြီးနေပါတယ်။ ၀ါရှင်တန်ဟာစစ်အတွင်းမှာရောစစ်ပြီးငြိမ်းတဲ့အခါမှာရော ၀န်ထမ်း

တွေကိုကောင်းကောင်းထိန်းသိမ်းကွတ်ကဲပြီး ရှေ့ဆောင်နိုင်တဲ့ဂုဏ်သတ္တိကြီးမားသူပါ။ သူလိုလူမပါရင် ဘယ်နိုင်ငံရေးလှုတ်ရှား

မှုမှအောင်မြင်မှာအဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုဖြစ်မြောက်လာမယ့်ဒီအရေးမှာ မဒီဆင်ကအရေးပါတယ်၊ ၀ါရှင်တန်က

တော့ဒီအရေးမှာမပါလို့ကိုမဖြစ်တဲ့အရေးပါသူဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်ကိုအမေရိကန်ပြည်ထောင်စုရဲ့အရေးပါပုံအပေါ် သမိုင်း

အမြင်နဲ့ကြည့်ပြီးအခု ကျော်စွာ၁၀၀ စာရင်းမှာနေရာပေးတာဖြစ်ပါတယ်.။ အဲဒီခေတ်ကအမေရိကသားတွေဟာဘက်မလိုက်ဘဲ

တန်ဘိုးအမှန်ကိုပြောနိုင်ကြမယ်မထင်ပါ။ နောက်၂၀ရာစုနှစ်လည်ရောက်လာတော့ အမေရိကန်ပြည်ထောင်စုဟာစစ်အင်အားမှာ

ရော နိုင်ငံရေးမှာရော ရောမအင်ပါယာ ပိုင်ဆိုင်တဲ့အင်အားနဲ့သြဇာထက် ပိုမိုကြီးမားပေမယ့်ရောမလောက် တန်ခိုးကြီးချိန်ကြာ

မြင့်မယ့်သဘောထားမတွေ့ရပါ။ တစ်ဖက်ကကြည့်ပြန်ရင်ပြည်ထောင်စုရဲ့အစွမ်းနဲ့ (စက်မှုလက်မှု) အသိပညာပိုင်းကတိုးတက်

ချက်တွေဟာ အခြားဓလေ့နဲ့အခြားခေတ်တွေမှာ တန်ဖိုးသိပ်ကြီးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာလေယဉ်ပျံတီထွင်ခြင်း၊

လကမ္ဘာကိုလူလွှတ်ခြင်းဆိုတာတွေလို ခေတ်အဆက်ဆက်ကစိတ်ကူယဉ်ခဲ့တာတွေကို ဖြစ်မြောက်အောင်လုပ်ဆောင်တာတွေ

အနုမြူညူကလိယလက်နက်တီထွင်နိုင် ချိန်မှာမသိချင်ပြုပြီး အရေးမပါဘူးပြောလို့ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဂျော့ဝါရှင်တန်ကအမေရိကန်နိုင်ငံရေးမှာထင်ရှားသူလို့ ရောမရဲ့သြဂတ်စတတ်ဆီဇာနဲ့ ခပ်လွယ်လွယ်ရှင်မယ်ဆိုရင် ဒီကျော်စွာ

၁၀၀စာရင်းမှာ သူတို့နှစ်ဦးဟာအနီးအစပါမှာဘဲပါဝင်လာကြမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ဝါရှင်တန်ဟာ မဟာအလက်ဇန္ဒား

နဲ့ နပိုလီယံတို့ထက် အဆင့်မြင့်တယ် ။ ဘာလို့လည်းဆိုတော့သူ့ဆောင်ရွက်ချက်ကပိုပြီးရေရှည်တည်တန့်ပါတယ်။
ဘာသာပြန်သူ သမိုင်းပါမောက်ခ ဒေါက်တာသန်းထွန်း(မန်းတက္ကသိုလ်)
Read More »

ဆန္ဒနှင့် အမျှော်အမြင်


ရေးသားသူ- ကျော်ဝင်း

ဗစ်ရှင်နဲ့ မစ်ရှင်
ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ လွန်ခဲ့သော ၂၅ နှစ် ရှစ်လေးလုံးအရေးတော်ပုံ ကာလနှင့်မတူတော့ပါ။ ထိုစဉ်ကတော့ အာဏာရ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီမှလွဲ၍၊ မည် သည့် နိုင်ငံရေးပါတီမှမရှိ။ ဆိုရှယ်လစ်လွှတ်တော်မှလွဲ၍၊ ဒီမိုကရက်တစ်ပါလီမန်လည်းမရှိ။ ဤမျှ ကျဉ်းကြပ်သော အနေအထားတွင် “တက်ကြွလှုပ်ရှားသူများ ”(activists)၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်သာ အမှောင် ကန့်လန့်ကာကြီးကို ဆွဲကိုင်လှုပ်ယမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် “လှုံ့ဆော်နိုင်ငံရေး”(agitate politics )ဖြင့် ဇတ်ပန္တွက်တည်ခဲ့ရ ခြင်းဖြစ်ပါသည်။

ယနေ့ ဖြစ်ထွန်းတိုးတက်မှုများမှာ အဆိုပါတက်ကြွလှုပ်ရှားသူများ၏ ကျေးဇူး၊ တစ်နည်းဆိုခဲ့ပါ လှုံ့ဆော်နိုင်ငံရေး၏ အကျိုး ဆက်ဟုဆိုနိုင်ပါလိမ့်မည်။ သို့နှင့်တိုင် လှုံ့ဆော်နိုင်ငံရေးသက်သက် ဖြင့် ရှစ်လေးလုံး၏ အန္တိမရည်မှန်းချက်(ခေတ်မီဖွံ့ဖြိုးသော ဒီမိုက ရေစီနိုင်ငံထူထောင်ရေး)ကို ဦး တည်သွားနိုင်မည်ကားမဟုတ်ပါ။ “မိမိဘာလိုချင်သည်၊ မိမိလိုလားသော ရည်မှန်းချက်အတွက် ဘယ်
လိုပေါ်လစီအဆင့်ဆင့်ခင်းရမည်” စသည်၊ စသည်တို့ကို ဘက်စုံထောင့်စုံတွက်ဆပုံဖော်ကြရမည့် “ရည်မှန်းချက်ရှိရှိ နိုင်ငံရေး” - deliberate politics ဖြင့်သွားမှ ဖြစ်ပါလိမ့်မည်။ နိုင်ငံရေးဆိုသည် မှာ နုရာမှ ရင့်ရာသို့ ဦးတည်ကြရမည် မဟုတ်ပါလော..။

ဆိုခဲ့ပြီးသော “ရည်မှန်းချက် ရှိရှိ နိုင်ငံရေး”တွင် မဟာဗျူဟာ ကျကျစဉ်းစားတတ်ဖို့က “အခရာ”ကျသည်။ မဟာဗျူဟာသဘော တွင် Vision ရှိသည်။ “အနာဂတ်စိတ်ကူးရည်မှန်းချက်”ဟု ဆိုနိုင်ပါလိမ့်မည်။ သို့တစေ Vision ဖြင့် အစပြုလို့မဖြစ်။ အရပ်ရပ်အခြေအနေကို နက်နက်ရှိုင်းရှိုင်းခြုံငုံသုံးသပ်ပြီး သကာလ၊ လက်တွေ့အလုပ်ဖြစ်နိုင်မည့် Mission ဖြင့် ပေါ်လစီခင်းတတ်ဖို့ အရေးကြီးသည်။ Mission (တစ်နည်း-အလုပ်ရည်မှန်းချက်) အဆင့်ဆင့်ဖြင့် Vision သို့ ဦးတည်ကြရမည်ဖြစ်ပါသည်။

အကဲဆတ်ပွိုင့်
လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အရေးကြီးသည်နှင့်အမျှ ခက်ခဲသိမ်မွေ့လှသော လုပ်ငန်းစဉ်ကြီးသုံးရပ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်နေကြရသော “သုံးပွင့်ဆိုင်အပြောင်း အလဲ”ဖြစ်သည်။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုနှင့် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖြစ်စဉ်။ ပြီးခဲ့သည့် ၂ နှစ်ခွဲတာ ကာလအတွင်း မြန်မာနိုင်ငံ၏ ပကတိအရှိကို စာရေးသူဉာဏ်မီသမျှ တို့ထိကြည့်ပါမည်။

၁။ ဆိုခဲ့ပါ သုံးပွင့်ဆိုင်အပြောင်း အလဲအနက်၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုမှာ သိသိသာသာ ချွန်ထွက်လျက်ရှိသည်။ အထူးသဖြင့် အစိုးရသစ်၏ “ဖြေလျှော့ရေး” (liberalization) လုပ်ငန်းစဉ်များမှာ ပြည်တွင်းပြည်ပစောင့် ကြည့်အကဲခတ်သူများပင် “မင် တက်”မိလောက်အောင် မြန်ဆန်လှသည်။

၂။ သို့တစေ။ “ဖြေလျှော့ရေး”နှင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးအားကောင်းဖို့လိုသည့် “ကျင့်ထုံးမူဘောင်များ”(institutions) မှာ အားနည်း ချည့်နဲ့ဆဲရှိသည်။

၃။ ဤအခြေအနေတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ လူအများစုကြီးအတွက် ထင်သာမြင်သာရှိသော အကျိုးရလဒ်များ ဆောင် ကြဉ်းမပေးနိုင်ဖြစ်နေသည်။

၎။ တရားဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ပြောရလျှင် မဏ္ဍိုင်သုံးရပ်လုံးမှာ စနစ်သစ်နှင့် အံဝင်ခွင်ကျဖြစ်ရန် မနည်းကြိုးစားရုန်းကန်နေကြရသည့်အနေအထားတွင်ရှိနေဆဲဖြစ်သည်။

၅။ စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာများမှာလည်း စနစ်သစ်ကို ကူညီဝိုင်းဝန်းကြသည်ထက် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အားယူခါစ၊ ရှေ့မဏ္ဍိုင်သုံးရပ်ကိုကိုင်နှဲ့သလို ဖြစ်နေသည်များ ရှိသလောက်ရှိသည်။

၆။ ပဉ္စမ မဏ္ဍိုင်-ပြည်သူလူထုအနေနှင့် အနှစ်နှစ်အလလ ကျိတ်မှိတ်မြိုသိပ်ထားခဲ့ရသော မျှော်လင့်ချက်များ လျှံကျ၊ အံကျလာ သည်မှာ သဘာဝကျသော အ ချင်းအရာဖြစ်ပါသည်။ သို့တိုင်အောင် အဆိုပါ “မျှော်လင့်ချက် များကို စီမံခန့်ခွဲနိုင်မှု” (management of expectation) မှာ မရှိသလောက်ပင် လစ်ဟာနေသည်။ ဤအတွက် လူထုတွင် တာဝန်ရှိသည်တော့မဟုတ်။ လူထုပညာရေးမှူးဟု ဆိုအပ်သော စာရေးဆရာများ၊ လူထုကိုယ်စားပြုနိုင်ငံရေးပါတီများ အလေးထား စဉ်းစားကြဖို့လိုပါလိမ့်မည်

၇။ လက်ရှိ စတင်နေပြီဖြစ်သော လစ်ဘရယ်နိုင်ငံရေးလမ်းကြောင်းကို ဘယ်လိုမှ ခံတွင်းမတွေ့နိုင်ဘဲ မိမိတို့ အားသန်ရာ၊ ရယ်ဒီကယ် လမ်းကြောင်းကို ပြန်ပေါ်ဖို့ ကြိုး စားနေသူများရှိသလောက်ရှိနေသေးသည်ကို မမေ့မလျော့ သတိ ပြုကြဖို့လိုပါလိမ့်မည်။ အစဉ်အလာ မြန်မာ့နိုင်ငံရေးဓလေ့မှာ ရယ်ဒီကယ် အစွဲသန်သည် ကိုသတိချပ်ရာသည်။ အချုပ်ဆိုရလျှင်ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးမှာ အလွန်အကဲဆတ်သော “ပွိုင့်”တစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုချင်ပါသည်။

လမ်းကြောင်းနှစ်ခု
ဤပွိုင့်အရောက်မှာပင် ဆိုခဲ့ပြီးသော သုံးပွင့်ဆိုင်အပြောင်းအလဲထဲမှ တတိယလုပ်ငန်းစဉ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးမှာ အရေးကြီးသော အဆင့်တစ်ခုသို့ ရောက်ရှိလာသည်။ မကြာမတင် အချိန်အတွင်းမှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်ဟု သိရသည်။ ချိန်ခါသင့်ဆိုသလိုပင် ပြည်ထောင်စုလွှတ်တော်ကလည်းအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီဖွဲ့စည်းကာ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ဆန်း
စစ်ကြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါသည်။

ဤနောက်ခံအခင်းအကျင်းမှာပင် တိုင်းရင်းသားလူမျိုးစုပါတီ များမှလည်း မိမိတို့၏ အနှစ်နှစ် အလလက မျှော်မှန်းချက်များကို ပြောဆိုကြ၊ ဆွေးနွေးကြ၊ ညှိနှိုင်းကြသည်များ ခပ်စိပ်စိပ်လုပ်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်မှစတင်ကာ ထိုင်းနိုင်ငံတွင် သုံးရက်ကြာ ကျင်းပခဲ့သော “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ” (UNFC)ညီလာခံကမူ အခြေခံ ဥပဒေသစ် ပြန်လည်ရေးဆွဲမည်ဟု ကြေညာထားသည်။ မနေ့က (၈-သြဂုတ်၊ ၂၀၁၃) ပြီးဆုံးသွားသော ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုအခမ်းအနားတွင်လည်း “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး”ဆိုသော အဆိုကို အတည်ပြုလိုက်သည်ဟု ကြားရသည်။ သက်ဆိုင် ရာအင်အားစုအသီးသီး၏ Vision များဟု နားလည်ရပါသည်။

ဤတွင် မတူခြားနားသော လမ်းကြောင်းနှစ်ရပ်ကို သတိပြုလိုက်မိပါသည်။ အလုပ်ရည်မှန်း ချက်သဘော၊ မစ်ရှင်သဘောဖြစ် ပါလိမ့်မည်။ ပထမလမ်းကြောင်း မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို “ပေးထားချက်”(given) အဖြစ်ယူပြီး မိမိတို့လိုလားချက်များ
ကို အကျေအလည်ညှိနှိုင်းဆွေးနွေးအဖြေရှာကြမည့် လမ်းစဉ်ဖြစ်သည်။ ဆိုခဲ့ပါ ရှစ်လေးလုံး ငွေရတုအခမ်းအနားတွင် ဒေါ်အောင်
ဆန်းစုကြည် တိုက်တွန်းပြောကြားခဲ့သော အကြမ်းမဖက်နည်းလမ်း၊ပြန်လည်ကုစားရမည့် စိတ်ဒဏ်ရာနည်းပါးမည့် လမ်းကြောင်း
ဟု သဘောရပါသည်။ ဒုတိယလမ်းကြောင်းကား ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်း၍ အခြေခံဥပဒေသစ်ရေး ဆွဲအတည်ပြုလို
သည့် လမ်းစဉ်ဖြစ်သည်။

လက်ရှိအရပ်ရပ်အခြေအနေအရ ဘေးထွက်ဆိုးကျိုးများ နိုင်သလို အဆင်မသင့်လျှင် ရယ် ဒီကယ်ထောင် ချောက်ထဲသို့ လိမ့် ကျသွားနိုင်သည့် အန္တရာယ်ရှိသည်ဟု မြင်သည်။

သမိုင်းသင်ခန်းစာ
သမိုင်းသည် တစ်ကျော့လည် တတ်သည်လား၊ စာရေးသူမသိပါ။ မြန်မာ့နိုင်ငံရေးတွင် တွေ့ရလေ့ရှိသည့် အမှားတော် တော်များများကား မှားပြီးသား အမှားတွေ ထပ်ကျော့သံသရာလည်နေသလား သံသယဖြစ်မိသည်။ ယခုလည်း စာရေးသူတို့ သက်
တမ်းအတွင်း ကြုံခဲ့ရသော သမိုင်းဖြစ်ရပ်တစ်ခုကို ပြန်လည် ဆင်ခြင်ကြဖို့ ဖော်ပြလိုသည်။

၁၉၆၀ ပြည့်နှစ် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ပါလီမန် အ စည်းအဝေးတွင်ဖြစ်သည်။ ထိုစဉ် က အာဏာရပါတီ(ပထစ)မှ တရားရေးဝန်ကြီး ဒေါက်တာ အေးမောင်က အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့ရာ ပါလီ
မန်က လက်ခံအတည်ပြုခဲ့သည်။ ဤတွင် နိုင်ငံရေး အင်အားစုတစ်ခုမှ ခေါင်းဆောင်တစ်ဦးက “၁၉၄၇ အခြေခံဥပဒေဟာ အိမ် အိုကြီးနှင့်တူကြောင်း၊ တစ်ချင်းကွက်၍ ပြင်လို့မလွယ်ကြောင်း၊ ဥပဒေတစ်ခုလုံး အသစ်ပြန်လည် ရေးဆွဲသင့်ကြောင်း”အဆိုပြုခဲ့သည်။ ဤသည်ပင် နောင်တွင် ကျော်ကြားလာမည့် ဖက်ဒရယ်မူ၏ မူလအစဟုဆိုနိုင်စရာ ရှိပါသည်။ ဤနေရာတွင် စာရေးသူ အနေနှင့် ဖက်ဒရယ်မူခေါ် ရှမ်းမူ ကို အမှားအမှန်ဝေဖန်ဆန်းစစ်ဖို့ သဘောထားမရှိပါ။ ထိုစဉ်က ရွေးချယ်ခဲ့သော လမ်းကြောင်း၏ လက်တွေ့အကျိုးဆက်ကို ပြန်လည်အမှတ်ရစေလိုသည့် ဆန္ဒသာရှိပါသည်။ ဆိုခဲ့ပါအဆိုပြုချက် နောက်ပိုင်းတစ်နှစ်သာသာ အကြာတွင် နုနယ်သော မြန်မာ့ ဒီမိုကရေစီ ပုဒ်မချသွားခဲ့ရသည်ကို သတိပြုဆင်ခြင်ကြဖို့ ဖြစ်ပါသည်။

စာရေးသူတို့ သက်တမ်းအတွင်း တစ်ခါဖူးမှ အိပ်မက်ပင် မမက်ခဲ့ဖူးသော လက်ရှိမြန်မာ့ဒီမိုကရေစီအပြောင်းအလဲဖြစ်စဉ်
ကြီးကို ကတိမ်းကပါးမဖြစ်ရအောင်ကြီးစွာသောအမျှော်အ မြင်၊မပြတ်သောသတိဖြင့် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေသတည်း။ ။


Credit To 7Day News Journal
Read More »

ကြွေလွင့်အိပ်မက်များအကြောင်း



၁၉၉၆ ၏ နိုဝင်ဘာလ ရန်ကုန်ဘူတာကြီး၏ တစ်ခုသော ညနေပိုင်းသည် အထုပ်အပိုး ကိုယ်စီဖြင့် တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသော ကျောင်းသားများနှင့် တအုံးအုံး ဖြစ်နေ၏။ မော်လမြိုင်မှ ရန်ကုန်တက္ကသိုလ်ပင်မ၊ စီးပွားရေး တက္ကသိုလ်၊ ထိုစဉ်က ရန်ကုန်နည်းပညာ တက္ကသိုလ်ဟု မခေါ်သေးသော စက်မှုတက္ကသိုလ် အစရှိသည့် တက္ကသိုလ်များသို့ လာရောက် ပညာသင်ယူကြသော ကျောင်းသားများ အားလုံးသည် ရန်ကုန်-မော်လမြိုင် ညရထားဖြင့် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အတွက် မိမိရပ်ရွာသို့ ပြန်ရန်အတွက် စုဝေးနေကြသည်။

ကျောင်းသားကြီးများ အထူးသဖြင့် စက်မှုတက္ကသိုလ်မှ ကျောင်းသားကြီးများသည် ခရီးစဉ်တစ်လျှောက် ချောချောမွေ့မွေ့ ဖြစ်ရေးအတွက် တာဝန်ရှိသူများ ဖြစ်ကြသည်။ လူစုံတက်စုံ လက်မှက်ရရှိရေးကလည်း သူတို့တာဝန်ပဲ ဖြစ်သည်။ အားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဖြစ်ကြ သည်။ ထိုသို့ တစုတဝေးပြန်သော ခရီးစဉ်များအတွက် မြန်မာ့မီးရထားထံတွင် ကျောင်းသားသီးသန့်တွဲ အဖြစ် တစ်တွဲလုံး တောင်းလေ့ ရှိကြသည်။

ခရီးမစတင်မီကတည်းက ညံနေသော ဂစ်တာသံသည် ရထားဥသြသံကို မဖြုံပေ။ ရထားထွက်လာသည်အထိ ဆူလို့ ညံလို့ ကောင်းတုန်း၊ စလို့နောက်လို့ ကောင်းတုန်း၊ ရန်ကုန်တွင် ရည်းစား ကျန်ရစ်သူများကလည်း ငိုင်တွေတွေဖြင့် အလွမ်းသယ်လို့ ကောင်းတုန်း။ ဂျုံးဂျုံးဂျက်ဂျက် ရထားပုခက်ပေါ်တွင် မျက်စိပိတ်ကာ အိပ်ဖို့ဖြင့် မစဉ်းစားပါလေနှင့်။

နိုးသောအခါ နှုတ်ခမ်းနီ၊ မျက်ခုံးမွေးဆွဲခဲတံတို့ဖြင့် ဆေးရေးခံထားရသော မိမိမျက်နှာကို မှန်ထဲတွင် ပြန်မှတ်မိရန် ခက်လှသည်။

ထိုတွဲလုံးပြည့် ကျောင်းသားများဖြင့် အိမ်အပြန်ရထားသည် သူတို့အတွက် နောက်ဆုံးရထားဟု မသိသေးသော အချိန်ဟုဆိုကြပါစို့။ ထိုနေ့သည် သူတို့ ပြန်လည် ငေးမောကာ ဆို့နင့်ကြရမည့်နေ့ တစ်နေ့ဟု ဆိုကြပါစို့။ ရှိရင်းစွဲ ခင်မင်မှုများစွာကို ပြတ်တောင်းစေခဲ့သည့် နေ့တစ်နေ့ဟု သူတို့မသိခဲ့ဟု ဆိုကြပါစို့။ ထိုနေ့တွင် သူတို့သည် အနာဂတ်အတွက် ရင်မလေး တတ်ခဲ့ကြသေး။ သူတို့ပညာရေး ရှေ့ခရီးသည် ပိန်းပိတ်အောင် မှောင်နေမည်ဟု မသိခဲ့ကြသေး။ ဂစ်တာသံသည် ပျိုမျစ်နုနယ်၏။ အတွေးတို့သည် လန်းဆန်း၏။ အနာဂတ်သည် အတွေးထဲတွင် တောက်ပခဲ့၏။

သို့သော် ထိုရထားသည် သူတို့၏နောက်ဆုံးရထား ဖြစ်ခဲ့သည်။ ထိုရထားတွင် အတန်းအငယ်ဆုံး အဖြစ် လိုက်ပါစီးနင်းခဲ့သော ကျွန်မအတွက်သည် ရထားမျိုး နောက်ထပ်စီးခွင့် တစ်ခါမှမကြုံတော့ပါ။ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေသာ ပြန်သည်မို့ အပြန်ရထားလက်မှတ် ဝယ်ပြီးသားဖြစ်၏။ သို့သော် ထိုအပြန်လက်မှတ်မှာ အသုံးမဝင်တော့ပါ။ အတန်းတူ သူငယ်ချင်း နှစ်ဦးအတူ ပြန်လာခဲ့ရာ ထိုသူငယ်ချင်းမ၏ အမေက သမီးကို စိတ်ချလက်ချ ပြန်မလွှတ် နိုင်တော့သလို သူ့သမီး၏အဖော် ကျွန်မကိုလည်း ပြန်မလွှတ်သင့်ကြောင်း အမေ့ကို ပြောပါတော့သည်။ သမီးတို့ကျောင်းကို ပြန်သွားရင်လည်း မထူးတော့ဘူးလေ။ အိမ်မှာပဲ တစ်ရက်၊ နှစ်ရက် နေလိုက်ဦး။ ဆူနေပြီလေ။ အခုအဆောင်က ကျောင်းသူတွေကို ဆရာ ဆရာမတွေက ပြန်လွှတ်နေတယ်ဟု ပြောသည်။

နောက်တစ်နေ့ နောက်တစ်နေ့၊ တစ်ရက်ပြီးတစ်ရက် ထပ်စောင့်သည်။ အခြေအနေသည် ကျောင်းသားများအတွက် ပို၍ကျပ်တည်းလာခဲ့ပြီ။ ကျောင်းသားများအတွက် ကျောင်းခန်းမများ၊ ကျောင်းဆောင်များတွင် နေစရာမရှိတော့။ ၁၉၉၆ ဒီဇင်ဘာတွင် ကျောင်းတံခါးများသည် လုံးလုံး လျားလျား ပိတ်ပစ်ခဲ့ပြီ။

မျှော်လင့်ချက်သည် သတ်ပစ်ရန် ခက်လှသည်။ ကျွန်မတွင် မျှော်လင့်ချက်များ အပြည့်ရှိခဲ့သည်။ အင်းလျားကို ပြန်ရောက်လိမ့်ဦးမည်။ တက္ကသိုလ် အနုပညာအသင်းထဲမှာ ဂီတသံများကို ပြန်ကြား ရဦးမည်။ အဓိပတိ လမ်းမရှည်ကြီး၌ လျှောက်ရသော အရသာသည် မူလတန်းအရွယ်က အော်ကြီးဟစ်ကျယ် လိုက်ဆိုခဲ့သော ကိုင်ဇာ၏ သီချင်းထဲကလို ချိုမြိန်လိမ့်ဦးမည်။ ခုံတန်းပြာသည် ကျွန်မတို့ပြန်အလာကို စောင့်နေခဲ့ဦးမည်။ ဂျပ်ဆင်သည် ဖြတ်သွားသော စာကလေးတွေလိုစကား များသည့် ကျွန်မတို့ တစ်သိုက်ကို ငုံ့ကြည့်နေဦးမည်။ RIT မှ မေတ္တာကြိုး သွယ်လိုကြောင်း ချိတ်တိတ်တိတ် သဘောဖြင့် ပြောလိုသော အစ်ကိုကြီးများ ဦးချစ်ဆိုင်မှ ဝယ်တိုက်သော အအေးကို မေတ္တာရှိလို့ မဟုတ်ပါဘဲ အီစီကလီ သောက်ပစ်လိုက်ဦးမည်။ တက္ကသိုလ် စာကြည့်တိုက်တွင် စာဖတ်ရခြင်းသည် စလုံးရေးစပဲ ရှိသေးသည်။ ကတ်တလောက်တွေ ပြည့်အောင် မွှေဖို့နေနေသာသာ မြည်းရတယ်ဆိုရုံပဲ ရှိသေးသည်။ ကျွန်မသည် ဤကျောင်းတော်ကြီးတွင် ပညာသင်ယူကာ ကထိက ဆရာမကြီးလည်း ပြန်ဖြစ်လာဦးမည်။ ၁၇ နှစ်အရွယ် ကလေးမတစ်ယောက်ရဲ့အိပ်မက်သည် မဖြစ်နိုင်သည်ကိုမတွေး။ ဖြစ်လာမည်ကိုသာ တွေးသည်။

သို့သော် နေ့ရက်တို့သာ တစ်စစ ကြွေကြခဲ့ရသည်။ ပြက္ခဒိန် စာရွက်ကလေးတွေသာ တစ်ခုပြီးတစ်ခု ပြောင်းသွားသည်။ နည်းနည်း ပိုကြာလာသော် မျှော်လင့်ချက်သည် ပျောက်စပြုပြီ။ သည်လိုနှင့် အဝေး ရောက်စာမေးပွဲတွေ ဖြေရမည်ဟူသော သတင်းကို ၁၉၉၈ ခုနှစ် နှစ်လယ်တွင် ရလာသောအခါ ကျောင်းတွေ ပြန်ဖွင့်တော့မှာပေါ့ဟု တိတ်တိတ်ကလေး ပျော်ခဲ့ရသည်။ ဗြောင်ကား မပျော်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ဖူးစငုံစ အပွင့်စုံစတွင် အဖူးအညွန့်များ ချိုးသလို မျှော်လင့်ချက်တို့ကို ကိုယ်တိုင် ရိုက်ချိုးခဲ့ရသော ဒဏ်ရာတို့သည် မယုံတတ်သည့်စိတ်ကို မွေးဖွားပေးခဲ့ပြီ ဖြစ်သည်။ သည်လိုနှင့် ကျောင်းသားတိုင်းကို စာမေးပွဲစည်းကမ်း ချိုးဖောက်ခွင့် (ခိုးချခွင့်) လှိုင်လှိုင်ကြီး ပေးခဲ့သော ၁၉၉၈ စာမေးပွဲကြီးကို ဆိုင်ရာဆိုင်ရာ တက္ကသိုလ်များတွင် မကျင်းပဘဲ ဇာတိမြို့များမှ အထက်တန်း ကျောင်းများတွင် ကျင်းပခဲ့ကြသည်။

မော်လမြိုင်မှ ကျောင်းသားများအားလုံး မော်လမြိုင်တွင်သာ ဖြေဆိုကြရမည်ဟူသော စည်းကမ်းများဖြင့် ဖြစ်သည်။ ထိုစာမေးပွဲများသည် မြန်မာပညာရေး သမိုင်းတွင် အရုပ်အဆိုးဆုံးသော စာမေးပွဲများ ဖြစ်သည်။ ၁၉၉၆ တွင် သင်ထားသောစာကို နောက်ထပ် ၂ နှစ် အကြာတွင် စစ်ဆေးသည်ဆိုသော စာမေးပွဲမှာ အဘယ်ကဲ့သို့သော စာမေးပွဲများ ဖြစ်သနည်း။

မည်သည့် နိုင်ငံခြားသားကိုမှ တို့ဆီမှာ ဒီလိုဖြစ်ခဲ့တယ်လို့ ရှင်းပြ၍ နားလည်နိုင်သည့် စာမေးပွဲမျိုး မဟုတ်ပေ။ ဘယ်လောက် ကြိုးစားဖြေဖြေ သည်အမှတ်ပဲ ဖြစ်သည်။ ပြန်စဉ်းစားလျှင် ရင်နာနာနှင့် တော်တော် ရယ်ရပါသည်။ သို့သော် ၂ နှစ်ကျော်ကျော် ကျောင်းစာနှင့် မထိမတွေ့သည်ထက်စာလျှင် စာမေးပွဲ စစ်ဆေးခြင်းက မျှော်လင့်ချက်ကို ဖြစ်စေသည်။ စာမေးပွဲသည် အတန်းတင်ပေးရန် မဟုတ်ပါလား။ ဘယ်လိုပဲစစ်စစ် နောက်ဆုံးတွင် ကျောင်းပြန်တက်ရတော့မည်။ ပျော်သည်။ ပျော်သည်။

တကယ်တော့ ထိုအပျော်သည် ခဏကလေးသာ ဖြစ်သည်။ ကျောင်းသည် တစ်နေ့စောင့်သော်လည်း ဘာသတင်းရယ်လို့ မကြား။ နေ့မှလသို့ ကူးသည်။ လမှသည် နှစ်သို့ ထပ်ကူးသည်။ အသက်တို့သည် တဖြည်းဖြည်း ကြီးလာပြီ။ နောက်ဆုံး ၂၀၀၀ ပြည့်နှစ် ဇူလိုင်လသို့ ရောက်ချိန်
(ဖြောင့်ဖြောင့်တန်းတန်းသာ ပညာသင်ယူခွင့် ရခဲ့လျှင် ဘွဲ့ယူရတော့မည့်အချိန်) တွင် ဒုတိယနှစ်သို့ ဆက်လက် ပညာသင်ကြားခွင့်ရသည်။ ကျောင်းမဖွင့်မီ မိမိသားသမီးက နိုင်ငံရေးနှင့် မပတ်သက်ပါဟု ကြိုတင်တာဝန်ခံရသော စာရွက်များကို မိဘများက လက်မှတ်ထိုးကြရသည်။

ဂျပ်ဆင် မရှိသော၊ အဓိပတိလမ်းနှင့် ခုံတန်းပြာများ မရှိသော၊ သစ်ပုတ်ပင် မပါသော အရပ်များသို့ အနှင်ခံကြရသည်။

လေးနှစ်နီးပါးမျှ အကြာတွင် ကျောင်းသားများထဲတွင် ထက်ဝက်ခန့်သာ ကျောင်းသို့ ပြန်ရောက်လာနိုင်တော့သည်။ သူတို့သည် ခေါင်းမာသူများလား၊ အခြားရွေးချယ်စရာ မရှိခဲ့သူ တွေလား။ အချို့က ဘဝကို ရုန်းကန်ဖို့အတွက် အလုပ်ကြမ်းဖြင့် ကျောင်းသား ပြင်ပလောကတွင် ရှင်နေကြပြီ။ သို့သော် ရှင်သန်သည်ဟု မဆိုသာ။ ရှင်ရုံ ရှင်ရခြင်းမျိုးပင်။အချို့ အိမ်ထောင်ကျကုန်ပြီ။ အချို့ ဘဝလမ်းကြောင်းတွေ ပြောင်းလျက် ပညာဆက်သင်ရန် စိတ်ကူး မရှိတော့။ အချို့မှာမူ အဝေးသို့ လွင့်ထွက်သွားကြသည်။

လွန်ခဲ့သောလေးနှစ်က ထောက်ပံ့နိုင်ခဲ့သော မိဘအချို့အတွက် ယခုအခါ သားသမီးများကို ကျောင်းပြန်ပို့ရန် မလွယ်တော့။ ကျောင်းပရိဝုဏ်သို့ ပြန်ရောက်လာသူများထဲတွင် ကျွန်မပါဝင်ခဲ့သည်။ အခြေအနေ ကောင်းလွန်းလို့ ပြန်ရောက်လာခဲ့တာတော့ မဟုတ်ပေ။ ယနေ့ ယခုရောက်ရှိနေသော နေရာတွင် ရပ်တည်နေနိုင်ဖို့ ကံပါခဲ့သဖြင့် ပြန်ရောက်လာသည်ဟုသာ ဆိုရ မည်။ သည်းထန်သော မိုးပွင့်မိုးပေါက်များအောက် ပွင့်ဖတ်တို့ တစ်စစီ လွင့်ထွက်သွားသော ပန်းပွင့်သေးသေးကလေး တစ်ခုလို ဘဝက ထိလွယ်ခိုက်လွယ် ပျက်စီးလွယ်သော ကာလများပင်။

သိန်းနှင့် သန်းနှင့်ချီသော ကျောင်းသားများစွာ၏ နစ်နာမှုအတွက် အချို့သော နိုင်ငံခြားပညာရှင်များက ကျွန်မတို့ မျိုးဆက်များကို Loss Generation ဟု ခေါ်ပါသည်။ တကယ်လည်း အဆုံးအရှုံး များပါသည်။ ယခုအချိန်ထိ၊ နောက်လာမည့် မျိုးဆက်များအထိ၊ ထိုပညာရေး ဖြတ်တောက်ခံရမှု ဂယက်သည် မပြီးဆုံးတတ်သေးပါ။ ချည့်နဲ့သွားသော ဘဝအဖုံဖုံအတွက် တာဝန်ရှိသူ မည်သူတစ်ဦးတစ်ယောက်ကမျှလည်း လူသိရှင်ကြားရော တိုးတိုးတိတ်တိတ်ရော မတောင်းပန်ခဲ့ကြပါ။ စစ်ကြောင့် မဟုတ်ဘဲ ဤမျှ ရှည်ရှည်ကြာကြာ ပညာရေးကို ဖြတ်တောက်ခြင်းသည် မည်သည့်နိုင်ငံတွင်မျှ ဖြစ်ပေါ်ခဲ့သည်ဟု မထင်ပေ။ ယခုအခါ ထိုဖြစ်ရပ်ကြောင့် နစ်နာခဲ့သော လူသန်းပေါင်းများစွာက ၎င်းတို့၏ ကိုယ်ရေး ရာဇဝင်တစ်ခုစီတွင် ထိုနှစ်များအကြောင်း သိသိသာသာပင် ရှင်းပြကြရသည်။ ထိုအရာကပင် လူမသိသူမသိ မှတ်တမ်းများဟု ဆိုရပေမည်။

ကျွန်မ၏ ပထမဘွဲ့အတွက် ရှစ်နှစ်ကြာ ပညာသင်ကြားခဲ့ရသည်။ ကျွန်မတို့ အစိုးရရဲ့ အဲဒီအချိန်က မူဝါဒတွေကြောင့်ပါဟု ပြောတိုင်း တစိမ်းတွေကတော့ မျက်လုံးကလေး ဝိုင်းသွားလေ့ရှိသည်။ ကျွန်မတို့ အတွက်တော့ ခါးသီးသော မိနစ် စက္ကန့်များပင်။ မျှော်လင့်ချက် မရှိတော့သော နေ့ရက်များ တစ်ရက်စီသည် ဖြတ်သန်းဖို့ ဘယ်လောက် ခက်ခဲကြောင်း ဖြတ်သန်းခဲ့သူတွေ သိကြပါသည်။ မင်္ဂလာတရား ကင်းမဲ့သော နေ့ရက်များပေ။ အိပ်မက်တို့ တကယ်ဖြစ်လာဖို့ ကြန့်ကြာခဲ့ကြလေသည်။ များစွာသော သူတို့အတွက် အိပ်မက်တို့ ကြွေလွင့် ပျက်စီးခဲ့ကြလေသည်။

(တက္ကသိုလ်ကျောင်းသူတစ်ဦး)

Credit To The Voice Weekly
Read More »

ကျွန်ုပ်တို့ ဘာကြောင့် လူရိုင်းဖြစ်ရသလဲ?



သမိုင်းကို ဘယ်လိုလိမ်ခဲ့ ကြသလဲဆိုတာ
၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး

ဇေယျတု စာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသော "၁၃၅၀ ပြည့်နှစ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရ မန္တလေးနှင့် အခြားသမိုင်းပုံရိပ်များ" စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
ယမန်နေ့ညက အီတလီနိုင်ငံ မီလန်မြို့ရှိ မိတ်ဆွေတစ်ဦးထံက ဖုန်းဆက်သည်။ ၎င်းမိတ်ဆွေက ထိတ်လန့်တကြားဖြင့် ဗမာလူမျိုးတွေဘာကြောင့် လူရိုင်းကြီးတွေ ဖြစ်ကုန်ကြတာလဲဟု မေးသည်။ သူက ဗမာပြည်မှ ပြန်ရောက်လာသူများထံမှ ဓာတ်ပုံများ၊ ဗွီဒီယို အခွေများကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက ထဘီတိုတိုဝတ်ပြီး ဓားရှည်ကြီးကို တအားလွှဲလျက် လူတစ်ယောက်၏ ခေါင်းကိုဖြတ်နေပုံ၊ ကျောင်းသားနှင့်တူသည့် လူငယ်လေးတစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ဆံပင်မှ ဆုပ်ကိုင်၍ ၀မ်းသာအားရ ခုန်ပေါက်နေပုံ စသည့်ကြောက်ခမန်းလိလိ ပုံတွေကို မြင်ရသောအခါ အော့နှလုံးနာမိသည်။
သူများစွာကို ချစ်မြတ်နိုးလွန်း၍ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဗမာလူမျိုးများအတွက် အရှက်ရမိ ပါသည်ဟု ပြောလေသည်။
ကျွန်တော့်မိတ်ဆွေ အင်နီတာသည် မီလန်တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ ကျောင်းဆရာဘ၀ မရောက်ခင် တက်တက်ကြွကြွ ၂၀ ဦးပိုင်း အရွယ်က ကျွန်တော်နှင့် ဘ၀တူ သတင်းစာသမားတစ်ဦး ဖြစ်ခဲ့ပါသည်။ အသက် ၄၀ ကျော်လာသော အခါတွင်မှ ပြေးလွှားလှုပ်ရှားနေရသော သတင်းထောက်ဘ၀မှ အနားယူကာ ကျောင်းဆရာဘ၀သို့ ကူးပြောင်းသွားခဲ့ ပါသည်။ သူသည် မြန်မာနိုင်ငံသို့ သတင်းထောက်မလေးအဖြစ် သုံးကြိမ်၊ ပါမောက္ခတစ်ဦးအဖြစ် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ရောက်ခဲ့ဖူး၍ သီလရှင် နှစ်ကြိမ်ဝတ်ပြီး ရက်ရှည်တရား ထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။
လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း . . . . .
သူသည် မြန်မာလူမျိုးများနှင့်တကွ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို များစွာချစ်မြတ်နိုးပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကမ္မဋ္ဌာန်းတရား၌လည်း ပျော်မွေ့ပါသည်။ တစ်ကိုယ်ရေ    တစ်ကာယ သမားဖြစ်၍ ငွေစုပြီး အငြိမ်းစားယူသော အရွယ်၌ မြန်မာနိုင်ငံတွင် သီလရှင်ဘ၀ဖြင့် လာပြီးအရိုးထုတ်ရန် ရည်သန်ထားသူလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ စိတ်ရှည်သည်းခံနိုင်မှု၊ ကြင်နာသနားတတ်မှု၊ ရက်ရောမှုတို့ကိုလည်း တဖွဖွချီးကျူး ပြောဆိုလေ့ ရှိပါသည်။
ယခုတော့ ချီးကျူးဂုဏ်ယူလေ့ရှိသော မြန်မာလူမျိုးတို့အတွက် အကြီးအကျယ် အရှက်ရနေရ ပါသည်။ ဘာ့ကြောင့်များ ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမ၌ ယဉ်ပါးခဲ့ရသော မြန်မာလူမျိုးများ ရက်စက်ကြမ်းကြုတ်သော အပြုအမူတွေ ပြုမူကုန်ကြတာလဲဟု ထိတ်လန့်တကြား မေးခဲ့သည်။
ဟုတ်ပါသည်။ အင်နီတာသိသည့်အတိုင်း မြန်မာလူမျိုးများသည် အင်မတန် သနားတတ်သော လူမျိုးဖြစ်ပါသည်။ မိမိလူမျိုးကို လက်သည်းခွံခွာပြီး ပါးရိုက်သော ဂျပန်ဖက်ဆစ်များကိုပင် စစ်ပြေးများအဖြစ် ရောက်လာသောအခါ ရွာထဲမှ ၀ှက်ထား၍ ကျွေးမွေးစောင့်ရှောက်သော လူမျိုးဖြစ်ပါသည်။
သို့သော် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း စသည်တို့ကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရသော အခါမျိုး။
လက်နက်မဲ့ ရဟန်းသံဃာနှင့် ကျောင်းသားပြည်သူတွေကို ထောင်နှင့်ချီ၍သေအောင် စစ်မြေပြင်သုံး မောင်းပြန်လက်နက်တွေသုံး၍ စနစ်တကျ သွေးအေးအေးဖြင့် သတ်ဖြတ်သည်ကို မြင်တွေ့ခံစားရသော အခါမျိုး၌ မည်သည့်လူသားသည် ဒေါသပုန်မထဘဲ ရှိပါမည်နည်း။
ပြည်သူတို့ သောက်သုံးသည့်ရေထဲ အဆိပ်ထည့်၍သတ်သော လုပ်ရပ်မျိုး၊ ညညကားနှင့် ဖြတ်မောင်းသွားကာ ပြည်သူများကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ထွက်ပြေးသော မာဖီယားလူဆိုးတို့ လုပ်ရပ်မျိုး၊ အစိုးရကိုယ်တိုင်က သူခိုးကျင့်သူခိုးကြံဖြင့် ဂိုဒေါင်တွေလည်းဖောက်ပြီး ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီးသော လုပ်ရပ်မျိုး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများကို လွှတ်ပေးသော လုပ်ရပ်မျိုး၊ လူဆိုးသူခိုးတွေကို လူစိတ်ပျောက်စေသော စိတ်ကြွဆေးများ ထိုးပေးကာ ရဟန်းသံဃာနှင့် ကျောင်းသားတွေကို ခေါင်းဖြတ်သတ်စေသော လုပ်ရပ်မျိုးများကို ဤနှစ်ဆယ်ရာစု ခေတ်ကြီးအတွင်း၌ မည်သည့်အစိုးရမျိုးက လုပ်ရဲသည်ကို အင်နီတာ တွေ့ဖူးကြုံဖူး ကြားဖူးပါသလဲ။
မြန်မာလူမျိုးတို့သည် ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခါးစည်းသည်းခံ ခဲ့ကြသည်ကို အင်နီတာ အပါအ၀င် နိုင်ငံခြားသားတိုင်းပင် သြချယူခဲ့ရသည် မဟုတ်ပါလော။ ဒါလောက်တောင် ဖိနှိပ်ချုပ်ချယ်တဲ့၊ ဒါလောက်တောင် ယုတ်မာပက်စက်တဲ့၊ ဒါလောက်တောင် လူ့အခွင့်အရေးတွေကို နင်းခြေဖျက်ဆီးတဲ့ အစိုးရလက်အောက်မှာ မြန်မာလူမျိုးတွေ ဒါလောက်ကြာကြာ နေနိုင်ကြတာကို အံ့သြလို့တောင် မဆုံးနိုင်ဘူးလို့ အင်နီတာကိုယ်တိုင် ထပ်တလဲလဲ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ချစ်စွာသော အင်နီတာ။ ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းအောင် မိန်းမသားများပင် ခေါင်းဖြတ်ရသည့် အဖြစ်မျိုးရောက်အောင် ကျွန်ုပ်တို့အား ဘယ်သူက တွန်းပို့ခဲ့ပါသနည်း။ ကလေးဆေးရုံမှ ကလေးသူငယ်များ သောက်သုံးရေထဲသို့ အဆိပ်လာခတ်သောသူကို ဒေါသတကြီးဖြင့် တုံ့ပြန်သောလူထုကို မှားသည်ဟု အင်နီတာ ဆိုပါမည်လော။ လူသတ်ခြင်းဟာ မကောင်းပါ အင်နီတာ။ ခေါင်းဖြတ်ခြင်း အမှုဆိုတာကတော့ သာ၍ပင် မကောင်းပါ။ လူသားစားခေတ် လူရိုင်းများ၏ လုပ်ရပ်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာလူမျိုးများ လူရိုင်းဘ၀သို့ ရောက်သွားအောင် ဇွတ်အတင်းတွန်းပို့သော တရားခံသည် မည်သူလဲဆိုတာ အထူးတလည် ပြောကြားရန် လိုမည်မဟုတ်တော့ပါ။
သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း၊ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းဆိုသည်မှာ တောတွင်းတိရစ္ဆာန်တို့၏ ဥပဒေသ ဖြစ်ပါသည်။ မကောင်းပါ။
သို့သော် တစ်ခါတစ်ရံ တိရစ္ဆာန်တို့ နားလည်သော ဘာသာစကားမှာ ဤဘာသာစကား တစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင် ....။
(မိုးသောက်ဂျာနယ် အမှတ် (၁) ၁၉၈၈ စက်တင်ဘာလ ၁၃ ရက်မှ)
Read More »

"အမှန်တရားကို မဖော်ထုတ်ဘဲ ဖုံးအုပ်ထားရင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်" (ခရစ္စတိုဖာဂန်းနက်စ်နှင့် တွေ့ဆုံခြင်း)



 Written by နေထွန်းနိုင်၊ ဇွဲဝေယံ


၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလက ဘီဘီစီ သတင်းထောက်အဖြစ် သမိုင်းတွင်သော သတင်းပေးပို့ချက်များကို ပေးပို့ခဲ့သူ ခရစ္စတိုဖာဂန်းနက်သည် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား တက်ရောက်ရန် သြဂုတ် ၆ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ ခရစ္စတိုဖာ ဂန်းနက်နှင့် သြဂုတ် ၇ ရက်တွင် ခေတ္တတွေ့ဆုံ ခဲ့ပါသည်။ ထိုသို့တွေ့ဆုံချိန်အတွင်း မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။ နှစ်ပေါင်း ၂၅ နှစ်ကြာ ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရပြီးတဲ့နောက် မြန်မာနိုင်ငံကို ပထမဆုံး ပြန်ရောက်လာခဲ့ပါပြီ။ မြန်မာနိုင်ငံကို ခြေချပြီးတဲ့ အချိန်မှာ ဘယ်လိုစိတ်ခံစားချက် ဖြစ်ပေါ်ခဲ့ပါသလဲ။
ဖြေ။ အတိအကျတော့ မသိပါဘူး။ ဒါပေမယ့် သံသယဖြစ်မိတဲ့ အရာက မြန်မာနိုင်ငံမှာရှိတဲ့ ဆင်းရဲချမ်းသာ ကွာဟမှု သိသိသာသာကြီး ပိုမိုကွာဟလာတယ်လို့ ထင်မိပါတယ်။ ဒါဟာ မြို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားကို ကြည့်ပြီးပြောတာပါ။ အရမ်းကို ဆိုးဝါးတဲ့ နေရာတွေ ရှိနေပါတယ်။ နိုင်ငံရေးအရ အရင်ထက်ပိုပြီး လွတ်လပ်တဲ့သဘော ရှိပါတယ်။ ကျွန်တော်အခု မြန်မာနိုင်ငံကို ရောက်နေတယ်ဆိုတာ ပိုပြီးလွတ်လပ်တဲ့ ပြောင်းလဲမှုတွေကြောင့်ပါပဲ။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ လိုပါတယ်။ ဆက်လက်ပြောင်းလဲစရာတွေ အများကြီး ရှိနေပါသေးတယ်။ မီဒီယာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ ရှိနေပါသေးတယ်။ ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ဖို့ ဒါတွေကို ပြောင်းလဲရပါမယ်။
မေး။ မြန်မာနိုင်ငံကို ဘာကြောင့် ရောက်လာခဲ့တာပါလဲ။
ဖြေ။ ၈၈ မျိုးဆက် ကျောင်းသားတွေကနေ ရှစ်လေးလုံး ငွေရတုပွဲ တက်ရောက်ဖို့အတွက် ဖိတ်ကြားခံရတာကြောင့် မြန်မာနိုင်ငံကို ပြန်လာဖြစ်တာပါ။ ပြီးတော့ ဒီမှာရှစ်လေးလုံး လူထုအုံကြွမှုနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတင် ရုပ်ရှင်တစ်ခု ရိုက်ဖို့လည်း စီစဉ်နေပါတယ်။ ဘယ်ကနေပြီးတော့ ဒီရုပ်ရှင်ကို ထုတ်လွှင့်ဖြစ်မလဲတော့ မသိသေးပါဘူး။ ဒီရုပ်ရှင်ကို ကိုယ်ပိုင်မှတ်တမ်း တစ်ခုအနေနဲ့ လုပ်နေတာပါ။ ကျွန်တော်က ၈၈ မှာ ဖြတ်ခဲ့တာတွေကို အမှန်အတိုင်း ပြောပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှန်တရား ပေါ်ထွက်ဖို့ဆိုတာ အရေးကြီးပါတယ်။ ၈၈ ကျောင်းသားတွေ အတွက်လည်း တရားမျှတမှု ရှိနိုင်တာပေါ့။ အမှန်တရားကတစ်ဆင့် တရားမျှတမှုဆိုတာ ပေါ်ပေါက်နိုင်ပါတယ်။ အမှန်တရား ထွက်ပေါ်လာပြီ ဆိုတာနဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ မိသားစုတစ်စု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက် အနေနဲ့ ဒီအမှန်တရားနဲ့ ပတ်သတ်ပြီး ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။
မေး။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဘာကြောင့်ဖြစ်ပေါ် ခဲ့ရသလဲ ဆိုတာကို ခင်ဗျားရဲ့ အတွေ့အကြုံအရ ဘယ်လိုပြောပြနိုင်မလဲ။
ဖြေ။ ကျွန်တော်ကတော့ နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာ စစ်တပ်ကို အလွဲသုံးစားလုပ်ပြီး အုပ်ချုပ်ခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ အုပ်ချုပ်မှုလို့ပဲ ထင်ပါတယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဘီဘီစီ သတင်းထောက်အဖြစ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို လေ့လာနေတာပါ။ ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ငွေကြေးအချို့ကို ဖျက်သိမ်းခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဘဏ်လုပ်ငန်းတွေ လဲပြိုကုန်တယ်။ မိသားစုတွေ အနေနဲ့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတွေ အကုန်လုံး သုံးမရဘဲ ဖြစ်ကုန်တယ်။ ရုတ်တရက် ပိုက်ဆံမရှိတဲ့ ဘ၀တွေကို ရောက်ကုန်ကြတယ်။ ဒါတွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအပေါ်ကို မကျေနပ်မှုတွေ စတင်ဖြစ်ပေါ် လာစေပါတယ်။ အဲဒီ့နောက်ပိုင်းမှာ နေ၀င်းရဲ့ ဓာတ်ပုံကို မီးရှို့တာတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ မကျေမနပ် ပြောဆိုတာတွေ တွေ့လာရပါတယ်။ ဒါတွေကို အစိုးရက ကိုင်တွယ်တဲ့အနေနဲ့ ပါတီအကြီးတန်း အရာရှိ တစ်ယောက်ကို ဖမ်းတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ဒါကို လူတွေက မကျေနပ်ဘဲ ဆန္ဒဆက်ပြတော့ ပစ်သတ်တာတွေ ဖြစ်ကုန်တယ်။ တကယ်တော့ ၁၉၆၂ ခုနှစ်ကတည်းက ရှိခဲ့တဲ့ မကျေနပ်မှုတွေ ရှိခဲ့တာ ၈၇ မှာလုပ်တဲ့ ရက်စက်မှုတွေကြောင့် ယမ်းပုံမီးကျ ဖြစ်ခဲ့ရတာပါ။ ကျွန်တော် ရန်ကုန်ကို ရောက်လာတဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ ကျောင်းသားတွေက ၈ ရက် ၈ လ ၈၈ ၈ နာရီ ၈ မိနစ်မှာ ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောကြတယ်။ ကျွန်တော်ကလည်း အဲဒါတွေ ဘီဘီစီကနေ လွှင့်ပေးလိုက်တယ်။ အဲဒီ့မှာ ဘီဘီစီ နားထောင်တဲ့လူတွေ အကုန်လုံးက တော်လှန်ရေး ဖြစ်တော့မယ်ဆိုတာကို သိသွားကြတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ စက်တင်ဘာ ၁၈ ရက်မှာ ဒီတော်လှန်ရေးကို စစ်တပ်ကနေ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးတစ်ခုလုံး ရပ်တန့်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ခံ မဟုတ်တဲ့ ရက်စက်တဲ့ စစ်တပ်ကနေ အာဏာသိမ်းခဲ့လို့ပါပဲ။ အစိုးရကနေ ပြည်သူတွေကိုပြန်ပြီး စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။
မေး။ မြန်မာနိုင်ငံကို ပြန်မလာခင် ပဲ့တင်သံဂျာနယ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ခင်ဗျားပြောခဲ့တာ ရှိပါတယ်။ ၁၉၈၈ ခုနှစ်က အဖြစ်အပျက်တွေကို မြန်မာလူထုက သူ့နည်းသူ့ဟန်နဲ့ ကိုင်တွယ်ဖြေရှင်း လိမ့်မယ်လို့ ပြောခဲ့တာပါ။ ဒီစကားရပ်က ဘာကိုရည်ရွယ်ပြီး ပြောဆိုခဲ့တာပါလဲ။
ဖြေ။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တာတွေကို သေချာနားလည်ဖို့ဆိုတာ မြန်မာလူထုတွေအတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ စစ်အေးခေတ် ပြီးဆုံးကတည်းက အစိုးရတွေဟာ အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲလာကြပါတယ်။ ယခင် ယူဂိုစလားဗီးလားတို့၊ တောင်အာဖရိကတို့၊ တောင်အမေရိကတို့မှာ ဒီလိုမျိုးပြောင်းလဲတဲ့ ဥပမာတွေ ရှိပါတယ်။ ဒီနိုင်ငံတွေမှာ ဖြစ်ခဲ့တာတွေကို ပြန်ပြီးစုံစမ်းဖို့အတွက် စစ်ခုံရုံးတွေ ဖွဲ့ခဲ့ပါတယ်။ အမှန်ကို ဖော်ထုတ်ပြီးတဲ့ အချိန်မှာ ဖိနှိပ်သူတွေ အနေနဲ့ ဒါကိုဖြစ်ခဲ့ကြောင်း ၀န်ခံပေးရပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အမှန်ကို အရင်ဆုံး ဖော်ထုတ်ပေးရပါတယ်။ ပြီးတော့ဒါကို အသိအမှတ် ပြုပေးရတယ်။ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ အမှန်တရားကို လစ်လျူရှုထားပြီး နေလို့မရပါဘူး။ လူတွေအနေနဲ့ ဒီလိုပြစ်မှု ကျူးလွန်ခဲ့သူတွေကို ခွင့်လွှတ်ပေးတာက တစ်ပိုင်းပါ။ ဒါပေမယ့် အမှန်တရားကို မဖော်ထုတ်ဘဲ ဖုံးအုပ်ထားရင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ထိခိုက်နိုင်ပါတယ်။ ဒီပြစ်မှုတွေကို အရေးယူတာတွေဘာတွေ မလုပ်ဘဲ ထားလို့လဲ ရတယ်။ အမှန်ကိုတော့ မဖော်ထုတ်ဘဲ ထားလို့မရပါဘူး။ လူ့အဖွဲ့အစည်းကနေ ဖြစ်ရပ်မှန်နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲ ဆိုတာကတော့ အဲဒီ့လူ့အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်ပါတယ်။
မေး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် ပြဿနာများစွာ ရှိနေပါတယ်။ နိုင်ငံရေး ပြဿနာတွေ ရှိနေသေးလို တိုင်းရင်းသား ပြဿနာတွေလည်း ရှိနေပါတယ်။ ခင်ဗျားကရော ဘယ်လိုယူဆပါသလဲ။
ဖြေ။ အရင်ဆုံး ပြောချင်တာကတော့ နိုင်ငံရေး ပုံသဏ္ဍာန်တစ်ခုလုံး ပြောင်းလဲလာတာကို ယုံစားလို့ မရပါဘူး။ ဒီမိုကရေစီ နည်းကျတဲ့ တာဝန်ယူမှုရှိဖို့ လိုပါတယ်။ လက်ရှိ ဆင်းရဲမွဲတေမှုတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ တကယ်လိုအပ်တဲ့ သူတွေဆီကို ရောက်သလား။ စီးပွားရေး၊ လူမှုရေး တန်းတူညီတူရှိမှု ရှိရဲ့လား။ ဖျက်သိမ်းပေးရမယ့် ဥပဒေတွေလည်း ရှိနေတယ်။ ပြောင်းလဲစရာတွေအ များကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပြီလို့တော့ ထင်ပါတယ်။ လမ်းကြောင်းမှန်တယ် ဆိုပေမယ့် သွားနေရင်းကနေ ရပ်သွားပြီး လမ်းကြောင်းပြောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ လက်ရှိလမ်းကြောင်း မပြောင်းအောင် ဖိအားပေးမှုတွေ ထားရှိဖို့ လိုပါတယ်။ ပြီးတော့ ၁၉၈၈ ခုနှစ်က အနစ်နာခံမှုတွေရဲ့ ကောင်းကွက်တွေ၊ ရည်ရွယ်ချက်တွေကို မမေ့ရပါဘူး။
Credit To first-11
Read More »

အခြေခံဥပဒေ၊ Check And Balance နှင့် မျှခြေ


(မှူးဇော်)

နိဒါန်း

အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့ကြသူများသည် အာဏာကြီး သုံးရပ်အကြား မည်သူ့ မည်သူကမျှ အလေးသာမှု မရှိစေဘဲ အပြန်အလှန် ထိန်းကျောင်းမှု Check And Balance တစ်ပတ်လည်စေရန် စဉ်းစားတွေးခေါ် မူဝါဒချမှတ်ခဲ့သည်။

အာဏာကြီးသုံးရပ်အကြား ဆက်ဆံရေး၏ အနှစ်ချုပ်မှာ ‘မျှခြေ’ သာလျှင် ဖြစ်ကြောင်း၊ ပြည်ထောင်စု ထူထောင်ခဲ့သူ ဘိုးဘေးများသည် ကွန်ဂရက်-သမ္မတ-တရားရုံးချုပ် တို့အကြား၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ခု အကြား၊ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ အကြား၊ အရွယ်အစား အမျိုးမျိုး ရှိနေကြသော ပြည်နယ်များ အချင်းချင်းအကြား၊ အစိုးရ အခွင့်အာဏာနှင့် ပြည်သူ့အခွင့်အရေး တို့အကြား မည်သည်ကမှ တစ်ဖက်စောင်းနင်း အသာစီး မရရှိစေရေးအတွက် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းသည့် Check And Balance များဖြင့် ချိတ်ဆက်ထားပြီး ‘မျှခြေ’ တစ်ရပ် ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း ကွန်ဂရက်အမတ် လီဟယ်မင်တန်က ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းမျှခြေ ပျက်ပြားသွားပြီ ဆိုလျှင် အခြေခံဥပဒေပါ မူဘောင်ကျိုး ပျက်သွားပြီ ဖြစ်ပြီး မျှခြေ မပျက်ပြားရေးအတွက် အစဉ်အဆက် နိုင်ငံပြု ခေါင်းဆောင်များက မျှခြေပေါ် မျှခြေထပ်ဆင့်၍ ခိုင်မာတည်ငြိမ်သော မျှခြေအထောက်အကူပြု အင်စတီကျူးရှင်းများ ထူထောင်လာခဲ့ကြသည်။ ယင်းတို့မှာ မီဒီယာ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပြည်သူများ ကိုယ်တိုင်ပင် ဖြစ်သည်။

တတ်နိုင်သမျှ အညီအမျှ

အမေရိကန် အခြေခံဥပဒေတွင် ဖွဲ့စည်းတည်ဆောက်ထားသော စနစ်အရ ကွန်ဂရက်၊ သမ္မတနှင့် တရားရုံးချုပ် ဟူသည်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာကြီးသုံးရပ်ကို သီးခြားစီ ခွဲဝေရယူသည့် Separated Institutions Sharing Powers များပင် ဖြစ်သည်။ အမေရိကန် တရားရုံးချုပ် Supreme Court သည် တရားစီရင်ရေး အပြင် Judicial Review ကိုပါ ရယူထမ်းဆောင်ရသည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးချုပ်အား Judicial Review ကိုပါ ရယူထမ်းဆောင်ရန် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အခြေခံဥပဒေ ရေးဆွဲခဲ့သူများက တရားရုံးချုပ်သည် ကွန်ဂရက်မှ ပြဋ္ဌာန်းသော ဥပဒေများ အခြေခံဥပဒေနှင့် မညီညွတ်ဟူ၍ ထုတ်ပြန် ကြေညာနိုင်ကြောင်း ရှင်းလင်းချက်များ ထားရှိခဲ့သည်။ တရားရုံးချုပ်သည် ဥပဒေပြုသူများ၏ အခွင့်အာဏာကို Check and Balance ပြုလုပ်ပြီး ကွန်ဂရက်၏ ပါဝါကို ပြန်လည် ကန့်သတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အစောဆုံး ဥပမာအားဖြင့် ၁၈၅၁ ခုနှစ်တွင် တရားရုံးချုပ်သည် ၁၈၂၀ ပြည့်နှစ်၌ ကွန်ဂရက်က ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ်ကို အခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ တရားရုံးချုပ် တရားသူကြီးများ သတ်မှတ်ချက်များကို ချိုးဖောက်ပါက ကွန်ဂရက်မှ စွပ်စွဲပြစ်တင်ခြင်း နည်းလမ်းဖြင့် ဖြုတ်ချနိုင်ရာ အပြန်အလှန် ထိန်းကျောင်းသည့် ယန္တရားမှာ အဆက်အစပ် ရှိနေသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွာခြားသည်မှာ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို Judicial Review လုပ်ရမည့် တာဝန်ကို သီးခြားလွတ်လပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိကျရှင်းလင်းစွာ ပေးအပ်ထားခြင်း ဖြစ်သည်။ သမ္မတအိုဘားမားသည် လည်းကောင်း၊ ၎င်းရှေ့က အိမ်ဖြူတော်တွင် ရှစ်နှစ်ထမ်းဆောင်ခဲ့သော ဂျော့ဒဗလျူဘွရှ်သည် လည်းကောင်း သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အချိန်တွင် ပြောကြားခဲ့ကြသည့် ရာထူးလက်ခံ မိန့်ခွန်းများ၌ ဥပဒေများပြုရာတွင်၊ မူဝါဒများ ချမှတ်ရာတွင် ဒီမိုကရက်နှင့် ရီပတ်ဘလီကန် ပါတီကြီး နှစ်ခုလုံး၏ သဘောတူညီမှု ရယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသူများသာ ဖြစ်သည်။ သို့သော်လည်း ဘွရှ်လက်ထက်တွင် Signing Statement များ၌ ပြင်းထန်သော သမ္မတ အခွင့်အာဏာကို မြှင့်တင်ခဲ့ကြောင်း တွေ့ရှိရပြီး အိုဘားမား လက်ထက်တွင်လည်း Signing Statement အများအပြား ထုတ်ပြန်ခဲ့ရသည့် အခြေအနေများကို တွေ့မြင်နိုင်သည်။

အမှန်စင်စစ် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ဖော်ဆောင်ကြသော နိုင်ငံများတွင် အခြေခံဥပဒေများဖြင့် နိုင်ငံကိုဖွဲ့စည်း တည်ဆောက်ကြရာ၌ မဏ္ဍိုင်ကြီးတစ်ခုခုက အသာစီး မရရှိစေရန်အတွက် တတ်နိုင်သမျှ အညီအမျှ အာဏာခွဲဝေ ပေးထားကြပြီး ထိုအညီအမျှ ခွဲဝေပေးထားသော အာဏာများကို လိုရာဆွဲ၍ လုပ်ချင်ရာ မလုပ်နိုင်ကြစေရန် အပြန်အလှန် ထိန်းကျောင်းရေး ဟူသော မျှခြေတစ်ရပ် ဖန်တီးပေးထားကြခြင်း ဖြစ်သည်။ ဥပဒေပြုရေးကို တရားရုံးချုပ်၏ Judicial Review၊ သမ္မတ၏ ဗီတိုအာဏာတို့ဖြင့် ပြန်လည် ထိန်းကျောင်းမှုပြုပြီး ဥပဒေပြု လွှတ်တော်အမတ်များကို ၎င်းတို့ကို တင်မြှောက်လိုက်သော မဲဆန္ဒရှင် ပြည်သူများ၏ Recall Process ဖြင့် ပြန်လည် ထိန်းကျောင်းမှုပြုသည်။ သမ္မတ၊ ဝန်ကြီးများနှင့် တရားသူကြီး များကိုလည်း ကွန်ဂရက်က ပြန်လည် ထိန်းကျောင်းမှုပြုကာ ပြည်နယ်လွှတ်တော်များ၏ သီးခြားလွတ်လပ်စွာ တည်ရှိသော ရပ်တည်မှုကိုလည်း အာမခံ ပေးထားကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် အာဏာခွဲဝေမှုအတွက် အသက်သွေးကြောဖြစ်သော ‘အပြန်အလှန် ထိန်းကျောင်းမှု၏ မျှခြေ’ များ ပြည့်ပြည့်စုံစုံ ပါရှိစေရန် ရေးဆွဲသူတို့က ထည့်သွင်းစဉ်းစား ရေးဆွဲပြဋ္ဌာန်းထားခဲ့ကြပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုသည်သာ

အမေရိကန် အခြေခံဥပဒေတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့ ကိစ္စရပ် အတော်များများတွင် ပူးပေါင်းဆောင်ရွက်စေရန် ဖန်တီးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ သမ္မတသည် ကွန်ဂရက်၏ သဘောတူညီချက်ဖြင့် စစ်ကြေညာရမည် ဖြစ်သော်လည်း သမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သည်။ သမ္မတသည် နိုင်ငံတကာ သဘောတူစာချုပ်များကို ဆီးနိတ်နှင့် ညှိနှိုင်းတိုင်ပင်ပြီး လက်မှတ် ရေးထိုးနိုင်သည်။ ကွန်ဂရက်သည် အစိုးရဌာနများ၊ တရားရုံးများ (ရုံးဌာနများ) ထူထောင်ရန် အတည်ပြုပေးနိုင်သော်လည်း သမ္မတသည် တရားရုံးချုပ် အပါအဝင် ရုံးဌာနများ၏ အကြီးအကဲများ၊ ဝန်ထမ်းအကြီးအကဲများ (လူများ) ကို ခန့်အပ် တာဝန်ပေးအပ်ရသည်။ ကွန်ဂရက်သည် ဘတ်ဂျက်ကို အတည်ပြုခွင့် ပြုပေးနိုင်သော်လည်း သမ္မတ က ဘတ်ဂျက်ရေးဆွဲရမည်၊ ဘတ်ဂျက် သုံးစွဲရမည် ဖြစ်သည်၊ ကွန်ဂရက်က ငွေကိုကိုင်ပြီး မသုံးရပေ။ အမေရိကန် အခြေခံဥပဒေ ရေးဆွဲခဲ့သူတို့၏ အဆိုအရ ခွဲဝေရရှိထားသော အာဏာကို ကျင့်သုံးကြရာ၌ အတူတကွ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြစေရန် ရည်ရွယ်ခဲ့ကြောင်း တွေ့ရှိရသည်။ အပြန်အလှန် ထိန်းကျောင်းရေးထက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအလေးပေး ဆောင်ရွက်ခဲ့ကြလျှင် ထိရောက် မှန်ကန်ပြီး တရားမျှတသော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဟု ဆိုသည်။

ယနေ့ မြန်မာနိုင်ငံသည် အနာဂတ် နိုင်ငံ့သမိုင်းအတွက် အရေးကြီးလှသော သမိုင်းဝင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။ ဒီမိုကရေစီ နုနယ်သလို အပြန်အလှန် ထိန်းကျောင်းရေး အတွေ့အကြုံများလည်း နုနယ်လှသော်လည်း ယခုကာလ ကျင့်သုံးဆောင်ရွက်မှုများ ကောင်းမွန်လျှင် ကောင်းမွန်သည့်အလျောက် အနာဂတ် မျိုးဆက်များအတွက် အမွေခံကောင်းများ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ဆိုရလျှင် မြန်မာ့ဒီမိုကရေစီ၏ အနာဂတ်တွင် ထွက်ပေါ်လာမည့် သမိုင်းကို ယနေ့ Stakeholder များ၊ နိုင်ငံပြု ခေါင်းဆောင်များက ရေးသားနေကြခြင်းပင် ဖြစ်သည်။ ယနေ့ မဏ္ဍိုင်ကြီး သုံးရပ်စလုံးသာမက မီဒီယာနှင့် အရပ်ဘက် အဖွဲ့အစည်းများသည်လည်း သန်း ၆၀ အတွက် ကြိုးပမ်း ဆောင်ရွက်နေကြခြင်း ဖြစ်ရာ Common Ground တူညီနေသည့်နောက် မည်သည့်အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်တတ်သော ယဉ်ကျေးမှုကို မထူထောင်နိုင်ပါသနည်း။ ပါလီမန် ဒီမိုကရေစီ အကွဲအပြဲများက ထင်ထင်ရှားရှား ပြဆိုခဲ့သော ‘နိုင်ငံရေးနှင့်တူသော နိုင်ငံရေး’ အားနည်းသည့် ဓလေ့ကို သင်ခန်းစာယူရန် လိုအပ်ပေမည်။

အပြန်အလှန် ထိန်းကျောင်းမှုဟု ဆိုရာတွင် မိမိက အခြားသူများအား ထိန်းကျောင်းခြင်းကို ပြုကြရာ၌ မိမိကိုအခြားသူများက ပြန်လည် ထိန်းကျောင်းခြင်းကို ကြည်ကြည်ဖြူဖြူ လက်ခံတတ်ကြရန်၊ မှန်မှန်ကန်ကန် လမ်းဖွင့်ပေးရန် အရေးကြီးသည်။ ဆိုလိုသည်မှာ ‘ထိန်းရန်’ စိတ်အား ထက်သန်သလို ‘အထိန်းခံနိုင်ရန်’ လည်း စိတ်လိုလက်ရရှိရန် လိုအပ်မည်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤနေရာတွင် အပြန်အလှန် ထိန်းကျောင်းမှု ယန္တရား တစ်ပတ်လည်ရေးအတွက် ‘မျှခြေ’ တစ်ခု ဖန်တီးမှုသည် များစွာ အရေးကြီးလှသလို မျှခြေပျက်လျှင် အပြန်အလှန် ထိန်းကျောင်းခြင်း လုပ်ငန်းစဉ် အလိုအလျောက် ပျက်ပြားစေမည်ကိုလည်း သတိချပ်ကြရန် လိုအပ်လှပေသည်။ တစ်ကွက်တည်း၊ တစ်မျက်နှာတည်းကို မကြည့်ဘဲ တစ်ခုလုံးသဘော၊ မဟာဗျူဟာသဘော ခြုံငုံသုံးသပ် ကြည့်မြင်နိုင်မှသာ သန်း ၆၀ ဟူသော ဘက်တစ်ဖက်တည်းတွင် စုစည်းကြမည် ဖြစ်သည်။

သို့ဖြစ်ရာ တတ်နိုင်သမျှ အညီအမျှ ခွဲဝေပေးထားသော မဏ္ဍိုင်ကြီး သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှု၏ မျှခြေတစ်ခု တည်ငြိမ်မှန်ကန် မျှတစေရေးအတွက် အပြန်အလှန် ထိန်းကျောင်းမှုထက် သန်း ၆၀ ကို မျက်နှာမူသော အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ထွန်းကားကြပါမည့်အကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

Credit To The Voice Weekly
Read More »

အရုဏ်ဦးလွတ်လပ်ရေး (၈)


(နေသန်မောင်)

အစမ်းစာမေးပွဲကို တိုက်ကြ

၁၉၃၄ ခုနှစ် စာသင်နှစ်များ ပြန်လည်စတင်ချိန်တွင် သထုံကျောင်းဆောင်မှ ကျူတာကိုအုန်း၏ မိတ်ဆက်ပေးမှုဖြင့် ကိုအောင်ဆန်းသည် ကိုနုနှင့် စတင်သိကျွမ်းခဲ့သည်။ ကိုနုသည် ထိုအချိန်၌ မမြရီနှင့် အိမ်ထောင်ကျပြီးနောက် ပန်းတနော် အမျိုးသား အထက်တန်းကျောင်း၏ ကျောင်းအုပ်တာဝန်မှ နုတ်ထွက်ကာ ဥပဒေဘွဲ့ယူရန် ရန်ကုန်တက္ကသိုလ်သို့ ပြန်လည် ရောက်ရှိလာချိန် ဖြစ်သည်။

ကျူတာကိုအုန်းက သူ့မှာ မိတ်ဆွေသုံးဦး ရှိသဖြင့် မိတ်ဖွဲ့ပေးလို ကြောင်းပြောဆိုရာ ကိုနုက ထိုသုံးဦးဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။ မြန်မာ့သမိုင်းတွင် အရေးပါ အရာရောက်လာမည့် အဆိုပါ လူငယ်လေးဦး၏ ပထမဆုံးအကြိမ် ဆုံတွေ့မှုကို ကိုနု (နောင် သခင်နု၊ ဝန်ကြီးချုပ်ဦးနု) က အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

“အဲဒီသုံးဦးနဲ့ တွေ့တဲ့အခါ ကိုနုဟာ စကားကောင်းကောင်း မပြောသေးဘူး။ အကဲခတ်နေတယ်။ ကိုကျော်ငြိမ်းဟာ စကားတော်တော်ပြောတယ်။ သူပြောတဲ့အထဲမှာ အရွှန်းတွေလည်း အတော်ပါတယ်။ ကိုသိန်းဖေလည်း စကားတော်တော် ပြောတာပဲ။ ဒါပေမဲ့ ကိုကျော်ငြိမ်းလို အရွှန်းတွေမပါဘူး။ ကိုအောင်ဆန်းကတော့ ဘာမှမပြောဘူး။ ငုတ်တုတ်ကြီး ထိုင်နေတယ်” ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းနှင့် ကိုထွန်းအုံတို့သည် ၁၉၃၃-၃၄ ပညာသင်နှစ်၌ မန္တလေးကောလိပ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့လာကြသူများ ဖြစ်ပြီး ရန်ကုန်၌ ကိုရာရှစ်၊ ကိုသီဟန်၊ ကိုလှဖေတို့နှင့် ပေါင်းသင်းမိကြသည်။ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်းနှင့် ကိုထွန်းအုံတို့ မန္တလေးကောလိပ်၌ ရှိစဉ် မန္တလေးကောလိပ်ကို စီးပွားရေး အခြေအနေအရ ပိတ်ပစ်ရန် အစိုးရ၏ တင်ပြချက်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ယင်းကိစ္စကို ကောလိပ် ကျောင်းသားများသာ ကန့်ကွက်သည် မဟုတ်ဘဲ မန္တလေးရှိ မြို့လုံးကျွတ် မြို့မိမြို့ဖ အစည်းအဝေးများ ကျင်းပပြီး ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းကျောင်းသားများ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာချိန်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) ၌ ကျောင်းအုပ်ကြီး စလော့စ်နှင့် အလွန်းသင့်သူများ လွှမ်းမိုးလာချိန်လည်း ဖြစ်နေသည်။ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွင် နိုင်ငံရေး စိတ်ထက်သန်သော ကျောင်းသားများက အလိုတော်ရိ ကျောင်းသားများနှင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြသည်။ ကိုအောင်ဆန်း၊ ကိုသီဟန်၊ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့လေးဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ကိုကျော်ငြိမ်းနှင့် ကိုသိန်းဖေတို့ နှစ်ဦးသာ အရွေးခံရသည်။ ကိုအောင်ဆန်းကား အရွေးမခံရ။ သို့သော်သူကား စိတ်မပျက်။

ကိုကျော်ငြိမ်းသည် သူနှင့်ကျန်လေးဦးတို့ကို မဲပေးရန် အကူအညီ တောင်းခံသောအခါ ကိုထွန်းအုံက ကိုအောင်ဆန်းမှလွဲ၍ ကျန်လူများကို မဲပေးမည်ဟု တုံ့ပြန်ပြောဆိုသည်။ ကိုအောင်ဆန်းသည် လူမှုဆက်ဆံရေး၊ ပေါင်းသင်းဆက်ဆံရေး မကောင်းသည့်အပြင် သူတစ်ပါးအပေါ် လေးစားသမှုမရှိဟု သူယုံကြည်သောကြောင့်ဟု ကိုထွန်းအုံက ဆိုသည်။

ကိုအုန်း အပါအဝင် ကိုနုတို့ ငါးဦးသည် ‘ဃ’ အသင်းဟူ၍ လျှို့ဝှက်အသင်းတစ်ခု ဖွဲ့လိုက်ကြပြီး ညအချိန် မှောင်မည်းမည်း၌ ကျောင်းအုပ်ကြီး စလော့စ်ရုံးခန်းနှင့် မလှမ်းမကမ်းရှိ ရူပဗေဒ မြက်ခင်းပြင်တွင် အစည်းအဝေး လုပ်လေ့ရှိသည်။ သူတို့သည် မြန်မာပြည် လွတ်လပ်ရေးရရန် အနုနည်း သုံးမည်လော၊ သွေးထွက်သံယို အကြမ်းနည်း သုံးမည်လောဆိုသည့် ကိစ္စရပ်များ ပြောဆိုရန် ပုံမှန်လိုလို တွေ့ဆုံကြပြီး စကားအချေအတင် ပြောလေ့ရှိကြသည်။

ကိုအောင်ဆန်းသည် နိုင်ငံရေး၌ စူးစူးစိုက်စိုက် စိတ်ပါဝင်လာပြီး နိုင်ငံရေးစာပေများကို ထိုအုပ်စုက စတင်လေ့လာကြသည်။ ထိုနှစ် ၁၉၃၄ စာသင်နှစ်၏ ပထမနှစ်ဝက်ဖြစ်သော အောက်တိုဘာ ကျောင်းမပိတ်ခင် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုကျော်ထွန်း တစ်ယောက် ပြင်ပ၌ အလုပ်ရ၍ ကျောင်းမှထွက်သွားသည်။ လစ်လပ်သွားသော ရာထူးနေရာ၌ ကိုနု ဝင်ရောက် အရွေးခံရာ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ကျောင်းသားသမဂ္ဂ၌ ကိုနု ရာထူးယူလိုက်ခြင်းသည် ပုန်ကန်လိုသော ကျောင်းသားတစ်စုအတွက် တက္ကသိုလ်လောကတွင် တွင်ကျယ်လာစေရန် လမ်းကြောင်းတစ်ခု အခြေပြုသွားခြင်းလည်း ဖြစ်ခဲ့သည်။

ဒီဇင်ဘာ ကျောင်းပိတ်ရက် နီးလာသည့်အခါ ကျောင်းအုပ်ကြီး ဒီ၊ ဂျေ၊ စလော့စ်၏ လက်မှတ်ဖြင့် နို့တစ် တစ်စောင် ထွက်လာသည်။ နို့တစ်စာအတွင်း ၁၉၃၆ ခုနှစ်မှစတင်ပြီး အစမ်းစာမေးပွဲများ၌ ကျရှုံးသူများသည် မတ်လ စာမေးပွဲကြီးသို့ ဝင်ရောက် ဖြေဆိုခွင့်မရှိဘဲ အစမ်းစာမေးပွဲများ၌ အောင်မြင်သူများသာ ဖြေဆိုခွင့်ရှိမည်ဟု ဖော်ပြထားသည်။

နို့တစ်စာ ထွက်လာသည်နှင့် ယင်းလုပ်ရပ်သည် ကျောင်းသားများကို ဖိနှိပ်ချင်၍ လုပ်ခြင်းဖြစ်သည်ဟု ယူဆကာ ကျောင်းသားများ အုံကြွလာပြီး ယင်းနို့တစ်စာကိစ္စ ဆွေးနွေးပေးရန် အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုကြတော့သည်။ သမဂ္ဂအစည်းအဝေး၌ ယင်းလက်ချက်သည် နယ်ချဲ့များက ရည်ရွယ်ချက်ရှိရှိဖြင့် ကျောင်းသားများကို ဖိနှိပ်ခြင်း ဖြစ်ကြောင်း၊ အစမ်းစာမေးပွဲများကို တိုက်ရန် သပိတ်မှောက်မည် ဖြစ်ကြောင်း အသံများ ဆူဆူညံညံ ဖြစ်လာကြသည်။ ကျောင်းသားအချို့က သပိတ်မမှောက်ခင် ကျောင်းအုပ်ကြီးစလော့စ်နှင့် သွားရောက် ဆွေးနွေးသင့်ကြောင်း၊ ဆွေးနွေး၍ မရမှသာ သပိတ်မှောက်သင့်ကြောင်း တင်ပြ၍ ထိုအတိုင်း ဆုံးဖြတ်လိုက်ကြသည်။ ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးရန် တကသ ဥက္ကဋ္ဌ ကိုဖိုးအေးနှင့် အလုပ်အမှုဆောင် နှစ်ဦးကို တာဝန်ပေးလိုက်သည်။ အခြေအနေကို ဒီဇင်ဘာ ကျောင်းမပိတ်ခင် ကျောင်းသားထုထံ အစီရင်ခံရမည်ဟု သတ်မှတ်လိုက်သည်။

ကျောင်းအုပ်ကြီး စလော့စ်သည် ‘ဆာ’ မထူးသော ကျောင်းသား ကိုအောင်မြင့်နှင့် ကိုစိုးမြင့်တို့ကို ကျောင်းမှ ထုတ်ပစ်လိုက်၍ ကျောင်းသားများအကြား မကျေမနပ် ဖြစ်နေချိန်လည်း ဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးရန် ခေါင်းရှောင်နေသည့် ဥက္ကဋ္ဌနှင့် အမှုဆောင် နှစ်ဦးတို့ကြောင့် ဒုဥက္ကဋ္ဌ ကိုနုသည် ကိုကျော်ငြိမ်းကို ကျောင်းအုပ်ကြီး စလော့စ်နှင့် သွားတွေ့ဖို့ တိုက်တွန်းသည်။ ကိုကျော်ငြိမ်းသည် ပဲခူးကလပ်ရှိ ကျောင်းအုပ်ကြီး စလော့စ်နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ကျောင်းသို့ ပြန်လာပြီး အခြေအနေကို ရှင်းပြသည်။

ကျောင်းအုပ်ကြီးက ကိုကျော်ငြိမ်းကို ‘ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုကပဲဖြစ်ဖြစ် ငါ့ကိုလာပြီး ခြိမ်းခြောက်တာ ငါမကြောက်ဘူး။ အစမ်းစာမေးပွဲ တွေဟာ ငါကြေညာထားတဲ့အတိုင်း လုပ်ရမယ်’ ဟု စားပွဲခုံကို လက်သီးဖြင့်ထုပြီး ပြောဆိုကြောင်း ပြန်လည် ဖောက်သည်ချသည်။ ကိုနုသည် ‘ဃ’ အဖွဲ့ဝင် ငါးဦးအပြင် အခြားရင်းနှီးသူကျောင်းသား ငါးဦးကိုပါ ဖိတ်ခေါ်ပြီး ကျောင်းအုပ်ကြီးစလော့စ်၏ အစမ်းစာမေးပွဲကို တိုက်ရန် သူဦးဆောင်မည်ဟု ပြောဆိုသည်။ ထို့နောက် စီစဉ်ထား သည့်အတိုင်း ကိုနုနှင့် ကျောင်းသားတစ်စုသည် မြန်မာ့အလင်းနှင့် မောရိယ သတင်းစာတိုက်များသို့ သွားရောက်ကြပြီး ‘တက္ကသိုလ်ကျောင်းအုပ်ကြီး စလော့စ်သည် အစမ်းစာမေးပွဲများ ကျင်းပနိုင်ရေးအတွက် မည်သည့် နိုင်ငံရေးသမားကိုမျှ မကြောက်၊ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကိုမျှ မကြောက်’ ဟု ခြိမ်းခြောက် ပြောဆိုသည်ဟု သတင်းပေးကြသည်။

နောက်တစ်နေ့ သတင်းစာများ၌ ထိုအကြောင်းအရာသည် စာလုံးမည်းကြီးဖြင့် ပါလာသောအခါ ကျောင်းအုပ်ကြီးစလော့စ်က သူ့အနေဖြင့် ထိုသို့မပြောကြောင်း။ သူပြောသည်မှာ ကျောင်းသားခေါင်းဆောင်များနှင့် တက္ကသိုလ်သမဂ္ဂ ကိုသာ ရည်ရွယ်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်သည်။ သို့သော် မည်သည့်သတင်းစာတိုက်များကမှ ကျောင်းအုပ်ကြီး၏ ဖြေရှင်းချက်ကို ဖော်ပြခြင်း မပြုခဲ့ပေ။

ကိုနုနှင့် ကိုသိန်းဖေတို့ နှစ်ဦးသည် ဘုတလင်၊ မုံရွာ၊ ၀ါးခယ်မနှင့် ပန်းတနော်မြို့တို့တွင် အစည်းအဝေးများ ပြုလုပ်ပြီး ‘ကျောင်းအုပ်ကြီး စလော့စ် အမြန်ထွက်သွားလော့’ ဟူသော ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်းနှင့် ကိုအုန်းတို့က ရန်ကုန်မှနေ၍ သတင်းများ ပြန်ရေးကာ မြို့လုံးကျွတ် အစည်းအဝေးကြီးများမှ လူထုကြီးက အတော်ပင် ဒေါသထွက် တုန်လှုပ်နေသည် ဟူသောဟန်ဖြင့် သတင်းများ ရေးသားကာ မြန်မာ့အလင်းနှင့် မောရိယ သတင်းစာတိုက်များသို့ ပေးပို့ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ရာဟုထောင့်၌ ကိုနုနှင့် အပေါင်းအပါများသည် အစည်းအဝေးတစ်ခု ထပ်မံကျင်းပရာ တို့ဗမာအစည်းအရုံးဝင် သခင်များအပြင် တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဝင် ဝတ်လုံဦးစိုးညွန့်နှင့် ဦးတင်တို့လည်း တက်ရောက်ခဲ့ကြသည်။ ကျောင်းသားများ စည်းရုံးခေါ်ယူထားသော လူများဖြစ်နေသောကြောင့် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ရှင်းလင်း တင်ပြချက်များကို ထိုအစည်းအဝေးက လက်မခံခဲ့ပေ။

နောက်တစ်နေ့၌ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့သည် အရေးပေါ် အစည်းအဝေး ကျင်းပပြီး အစမ်းစာမေးပွဲကို ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ကျောင်းအုပ်ကြီးစလော့စ်သည် ကိုနုနှင့် ကိုကျော်ငြိမ်းကို ကျောင်းမှ ထုတ်ပစ်လိုသည်အထိ ဒေါသထွက်ခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

Credit To The Voice Weekly
Read More »

ခေတ်သစ် ကျေးကျွန်စနစ်



ဟောင်ကောင်

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖြစ်သည်။ ထိုင်း အမျိုးသမီး နှစ်ဦးက သူတို့ကို ပြည့်တန်ဆာ ခန်းတွင် ပိတ်လှောင်ထားခြင်း ခံရပြီး တစ်ရက်လျှင် ၁၉ နာရီခန့် လိင်ကျွန်များအဖြစ် ခိုင်းစေခြင်း ခံနေရကာ ငွေကြေးလည်း တစ်ပြားမျှ မပေးကြောင်း ဟောင်ကောင် ရဲများကို လာရောက် တိုင်ကြား ကြပြီး မိမိတို့ကို ကယ်တင်ပေးရန် တောင်းပန်ခဲ့ကြသည်။

အမျိုးသမီး အခွင့်အရေးများကို ဦးဆောင် လှုပ်ရှားပေးနေသည့် Pavena ဖောင်ဒေးရှင်းက သူတို့ နှစ်ယောက်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခု လုပ်ပေးသည်။ ထို့နောက် ထိုင်းနိုင်ငံ လူကုန်ကူးမှု တပ်ဖွဲ့နှင့် ပူးပေါင်းပြီး သူတို့ နှစ်ယောက်ကို ထိုင်းနိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့သည်။

အမျိုးသမီး နှစ်ယောက် အမည်များကို အေနှင့် ဘီ အမည် ပေးထားလိုက်သည်။ သူတို့က သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၌ အလုပ် ရှာဖွေရေး အေဂျင်စီမှ လူတစ်ယောက်က ဟောင်ကောင်တွင် အနှိပ်ခန်း တစ်ခုအတွင်း အလုပ် သွင်းပေးမည်။ လစာလည်း ကောင်းသည်ဟု လာချဉ်းကပ်ကြောင်း၊ သူတို့ကို တစ်လလျှင် ဘတ် ၈၀,၀၀၀ မှ ၉၀,၀၀၀ အထိ ရမည်ဟု ဆိုကြောင်း ပြောပြကြသည်။

သူတို့ နှစ်ယောက် ဇူလိုင်လ ၄ ရက်နေ့တွင် Carthay Pacific လေကြောင်းလိုင်းဖြင့် ဟောင်ကောင်သို့ ရောက်ခဲ့ကြသည်။ ဟောင်ကောင်မှ လူတစ်ယောက်က သူတို့ကို လေဆိပ်တွင် လာကြိုပြီး ကောင်းလွန်းနယ်ရှိ အခန်း တစ်ခန်းသို့ ခေါ်သွားသည်။ ထိုအခန်းသို့ အရောက်တွင် သူတို့ကို တံခါး ပိတ်ပြီး သော့ခတ်ထားလိုက်သည်။

ထိုအခန်းသည် ပြည့်တန်ဆာအိမ်မှ အခန်း တစ်ခန်းဖြစ်ပြီး မကြာမီ ပိုင်ရှင်က သူတို့ကို အတင်းအဓမ္မ လိင်ကျွန်များအဖြစ် စေခိုင်းတော့သည်။ နေ့စဉ် နံနက် ၇ နာရီမှ ညဥ့် ၂ နာရီတိုင် သူတို့ အလုပ် လုပ်ကြရသည်။ တစ်ရက်လျှင် သူတို့ကို ထမင်း အနည်းငယ် နှစ်နပ်သာ ကျွေးသည်။

တစ်ရက် သူတို့ လေဆိပ်တွင် တွေ့ခဲ့သော လူကို ပြန်တွေ့သဖြင့် လွတ်မြောက်ရေးအတွက် ကူညီရန် တောင်းပန်ရာ မကူညီသည့်အပြင် ထွက်ပြေးလျှင် အသတ်ခံရမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံရှိ မိသားစုများပါ အသတ်ခံရမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်း ခံလိုက်ရသည်။

ပိုင်ရှင်ကလည်း သူတို့တွင် ဟောင်ကောင်သို့ လာသည့်အတွက် လေယာဉ် လက်မှတ်ခများ ပေးရန် ရှိကြောင်း၊ ထိုလက်မှတ်ခ ကြွေးကျေရန် ဖောက်သည် ၂၀၀ နှင့် အိပ်ပေးရမည် ဖြစ်ကြောင်း၊ လူ ၂၀၀ ပြည့်မှ တစ်ယောက်နှင့် အိပ်တိုင်း ဟောင်ကောင် ဒေါ်လာ ၆၀ (ဘတ် ၂၄၀) ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူတို့ ပြည့်တန်ဆာ အိမ်တွင် ၃ ရက်ခန့် နေပြီးနောက် လူပေါင်း ၄၀ ခန့်နှင့် အိပ်လိုက်ရသည်။ သူတို့နှင့် အိပ်ရသည့်သူ အများစုမှာ နီပေါနှင့် ပါကစ္စတန် နိုင်ငံသားများ ဖြစ်သည်။ သူတို့အပြောအရ ထိုပြည့်တန်ဆာ အိမ်တွင် ထိုင်း အမျိုးသမီး တစ်ဦးနှင့် ရုရှား၊ တရုတ် အမျိုးသမီးများလည်း ရှိကြောင်း သိရသည်။

တစ်နေ့ နံနက် ၅ နာရီခန့်တွင် သူတို့ နှစ်ယောက် ပြည့်တန်ဆာ အိမ်မှ ထွက်ပြေးလာကြသည်။ တက္ကစီကို တားပြီး သူတို့ကို ဟောင်ကောင် လေဆိပ်သို့ ပို့ပေးရန် ပြောခဲ့ကြသည်။ လေဆိပ်သို့ ရောက်သောအခါ သူတို့ Pavena ဖောင်ဒေးရှင်းနှင့် အဆက်အသွယ် ရခဲ့သည်။ ထိုအဖွဲ့က သူတို့ကို ထိုင်းနိုင်ငံသို့ ပြန်ပို့ပေးခဲ့ကြသည်။

ဒူဘိုင်း

သူမ အမည်က ရှီးဂျာအဇစ် ဖြစ်သည်။ အသက် ၃၄ နှစ် ရှိပြီး အိန္ဒိယနိုင်ငံမှ အိမ်ထောင်ကွဲကာ ဒူဘိုင်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူမကို ဒူဘိုင်းတွင် ထမင်းချက် အလုပ်ရမည်ဆိုကာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးဂိုဏ်း ခေါင်းဆောင် အမျိုးသမီး တစ်ဦးဖြစ်သည့် ဆောင်ဒါဘီဝီက သူ့ကို ဒူဘိုင်းသို့ ခေါ်လာသည်။ ဘီဝီက သူမကို ပြည့်တန်ဆာအိမ် ပို့လိုက်သည်။ ထမင်းချက် အလုပ်ရမည် ဆိုသော်လည်း အိမ်ထဲတွင် လှောင်ပိတ်ထားခြင်း ခံရသည်။ အိမ်ထိန်း ယောက်ျား တစ်ဦးက သူမအခန်းထဲ ဝင်လာပြီး သူ့အမိန့်ကို မနာခံလျှင် သေလောက်အောင် ရိုက်သည်။

“သူတို့က တကယ့်ကို တိရစ္ဆာန်တွေလိုပဲ။ ကြင်နာ သနားတဲ့ စိတ်လည်း မရှိဘူး။ သူတို့ ခိုင်းတာကို လုပ်ရင် လုပ်၊ မလုပ်ရင် ရိုက်တာ ခံရတယ်။ ကျွန်မ တော်တော်လေး ခံခဲ့ရတယ်” ဟု ရှီးဂျာက ပြောသည်။

ကံကောင်းသည်ဟု ဆိုရမည်။ ရှီးဂျာ ထွက်ပြေး လွတ်မြောက်သွားသည်။ ယူအေအီးသို့ ရောက်သွား ပြီး ထိုနိုင်ငံတွင် အဖမ်းခံလိုက်ရသည်။ ဆယ်ရက်ခန့် ထောင်ထဲတွင် နေလိုက်ရပြီး အိန္ဒိယသံရုံး အရာရှိနှင့် လူမှုရေး လုပ်ငန်းအဖွဲ့ တစ်ဖွဲ့၏ ကူညီမှုဖြင့် ထောင်က ပြန်လွတ်လာသည်။ သူ့ကို ခေါ်လာသည့် ဆောင်ဒါလည်း ရဲများ အဖမ်းခံလိုက်ရသည်။
“ကျွန်မလို ကံမကောင်းနိုင်တဲ့သူတွေ အများကြီး ရှိတယ်။ အဲဒီ ပြည့်တန်ဆာအိမ်မှာ လွတ်လမ်းကို မျှော်နေတဲ့သူတွေ အများကြီး ရှိသေးတယ်” ဟု ရှီးဂျာက ဆိုသည်။

ပြည့်တန်ဆာအိမ်တွင် ရှိနေစဉ်က သူမကို လူပေါင်းများစွာနှင့် လွှတ်ပေးခြင်း ခံရသည်။ တစ်ရက်တွင် သူ့ထံ ရောက်လာသောသူကို စကားပြောကြည့်သည်။ သူမ ပြောသည့် ဘာသာစကားကို နားလည် သဖြင့် ပျော်သွားသည်။ သူ့ကို အကျိုးသင့် အကြောင်းသင့် ပြောပြပြီး လွတ်မြောက်ရေးအတွက် အကူအညီပေးရန် တောင်းပန်ရသည်။

“ကျွန်မ သူ့ခြေထောက်ကို ဖက်ပြီးတော့ကို တောင်းပန်တာ” ဟု ရှီးဂျာက ပြောပြသည်။ ထိုသူက သူမ အကြောင်းကို အိန္ဒိယရှိ ခဲအိုထံသို့ လှမ်းပြောပေးသည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည်။ သူ့ကို ဆောင်ဒါက တစ်ရက်တွင် အပြင်သို့ ခေါ်ထုတ်သွားပြီး တစ်နေရာ အရောက်တွင် ဖုန်းပြောနေသည်။ သူမကို နောက်တစ်နေရာ ရောင်းစားရန် ဈေးပြောနေခြင်း ဖြစ်သည်။ သူတို့ အပြန်အလှန် ပြောနေချိန် တွင် ရှီးဂျာက လစ်ထွက်ခဲ့ပြီး အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

ရှီးဂျာ ကောင်းမှုကြောင့် မိန်းကလေး ခုနစ်ဦးကို ထပ်မံ ကယ်တင်နိုင်ခဲ့သည်။ သို့သော် ဆောင်ဒါ ရောင်းစားထားသည့် မိန်းကလေးပေါင်း ၃၀၀ ခန့်၏ ကံကြမ္မာကိုတော့ မကယ်တင်နိုင်ခဲ့ပေ။

ရုရှား

မော်စကို ပြည့်တန်ဆာအိမ် တစ်အိမ်တွင် ဗီယက်နမ် မိန်းကလေး ရှစ်ဦးကို ဖမ်းမိလိုက်သည်။ ၁၅ ဦး ရောက်လာသည့် အနက် ရှစ်ဦးကိုသာ တွေ့ခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့က ပြောကြားသည်။ ရုရှား အာဏာပိုင်များက ဆက်လက် စစ်ဆေးရာတွင် အမျိုးသမီး ၁၅ ဦးစလုံးကို အဓမ္မ လိင်ကျွန် အဖြစ် ခိုင်းစေခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဗီယက်နမ်သူလေးများကို ရုရှားနိုင်ငံအတွင်း ခေါ်လာပြီး လူကုန်ကူးမှု နောက်ကွယ်တွင် ရုရှားရှိ ဗီယက်နမ် သံရုံးက ပတ်သက်နေကြောင်း အမေရိကန် အခြေစိုက် CAMSA အဖွဲ့ကို ထူထောင်ခဲ့သူ ငုယင်ဒင်သန်းက ဆိုသည်။ ထိုအဖွဲ့သည် အာရှ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လှုပ်ရှားနေ သည့် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ဒင်သန်းက-
“မော်စကိုမှာရှိတဲ့ ဗီယက်နမ် သံရုံးက အရာရှိတွေကိုယ်တိုင် အဲဒီအလုပ်ကို လုပ်နေကြတာ” ဟု စွပ်စွဲ ပြောဆိုခဲ့သည်။
“တကယ့်ကို စီးပွားဖြစ် လုပ်ငန်းကြီး တစ်ခုအနေနဲ့ လုပ်နေကြတာ” ဟု သန်းက ဆိုသည်။

ဗီယက်နမ်က ရောက်လာသည့် မိန်းကလေးများထဲမှ သွေအမ်းဆိုသူသည် ရုရှား ပြည့်တန်ဆာအိမ် တစ်အိမ်မှ အခြား ဗီယက်နမ် အမျိုးသမီး ငါးဦးကို ခေါ်ဆောင်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ယခု သူတို့ ငါးဦးစလုံး ဗီယက်နမ်သို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။ သူတို့ ပြောပြချက်အရ ရှစ်ဦးခန့် ကျန်နေသေးသည်။ ယင်းတို့ထဲမှ တစ်ဦးသည် လွန်ခဲ့သော လေးနှစ်ခန့်ကတည်းက ပြည့်တန်ဆာအိမ် ရောက်နေခြင်း ဖြစ်သည်ဟု သွေအမ်းက ဆိုသည်။

သတင်းပေးချက်အရ ရုရှား ရဲတပ်ဖွဲ့သည် ပြည့်တန်ဆာအိမ် တစ်အိမ်ကို ဝင်စီးခဲ့သည်။ သို့သော် သတင်း ကြိုတင် ရရှိသဖြင့် အားလုံး ရှောင်ထွက်သွားခဲ့ကြသည်။ သူတို့ တစ်အိမ်လုံး လူတစ်ယောက် မျှ မတွေ့ခဲ့ရဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ သူတို့ ဝင်ရောက် မစီးနင်းမီ နှစ်နာရီလောက်ကတည်း ကြိုတင် ရှောင်ထွက်သွားကြခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က အခြားနေရာ တစ်နေရာကိုလည်း လွှဲမှားစွာ ဝင်ရောက် စီးနင်းခဲ့သည်။ ဒင်သန်းကတော့ “နေရာ အတိအကျကို သံရုံးက လူတွေ သိပါတယ်ဗျာ။ သူတို့ကို ရဲတွေ မေးလိုက်ရင် ရတာပဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်ငံက အမျိုးသမီးလေးတွေကို ကိုယ့်အိမ်ကိုယ် ပြန်ရောက်စေချင် ပါတယ်” ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်

အသက် ၂၂ နှစ် အရွယ်ရှိ ဇိုယာသည် ဘင်္ဂလားဒေ့ရှ်ရှိ ကျေးရွာ တစ်ရွာက ဖြစ်သည်။ ဇိုယာကို သူငယ်ချင်း တစ်ယောက်က မွန်ဘိုင်းသို့ ခေါ်လာခြင်း ဖြစ်သည်။ သူ့ကို မွန်ဘိုင်းသို့ အလည်သွားမည် ဟု ပြောပြီး ခေါ်ခဲ့ခြင်း ဖြစ်သည်။ မွန်ဘိုင်းရှိ အိမ် တစ်အိမ်သို့ အရောက်တွင် သူငယ်ချင်း ဖြစ်သူက သူမကို ထားခဲ့ပြီး ပျောက်သွားသည်။ ထိုအိမ်သည် ပြည့်တန်ဆာအိမ် တစ်အိမ် ဖြစ်သည်။

ဇိုယာက အိမ်ရှင်ကို ပြန်မည်ဟု ပြောသည့်အခါတွင် ဖမ်းချုပ်ပြီး အခန်း တစ်ခန်းထဲ ထည့်ကာ ခုတင်တွင် ကြိုးတုပ်ထားလိုက်သည်။ ဖောက်သည်တွေ လာ၍ ကောင်းကောင်း လက်မခံလျှင် ရိုက်နှက် အပြစ်ပေးခြင်း ခံရသည်။ ဤသို့ဖြင့် ဇိုယာလည်း လိင်ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။

ဇိုယာ ဆယ်လခန့် ပျောက်နေသဖြင့် အစ်ကို ဖြစ်သူသည် ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ရှေ့နေအသင်း (BNWLA) နှင့် ဆက်သွယ်ပြီး ညီမဖြစ်သူကို ကူညီ ရှာဖွေပေးပါရန် တောင်းပန်ခဲ့သည်။ တစ်ရက် ရဲစခန်းသို့ ဖုန်းဝင်လာသည်။ ဇိုယာထံမှ ဖြစ်သည်။ ဘာမျှ မပြောရသေးမီ ဖုန်းပြတ်သွားသည်။ ပြည့်တန်ဆာခေါင်းက မိသွားပြီး ဖုန်းဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆက်အသွယ် ပြန်ပြတ် သွားခဲ့ရပြန်သည်။

တစ်နေ့ ဇိုယာသည် ဖောက်သည် တစ်ယောက် အကူအညီဖြင့် လွတ်မြောက်လာသည်။ သူ့ကို ခိုလ်ကတ္တားမြို့သို့ သွားမည့် ရထားပေါ် တင်ပေးရန် တောင်းပန်ခဲ့သည်။ ဇိုယာကို BNWLA အဖွဲ့က ဘူတာရုံတွင် တွေ့ခဲ့ကြသည်။
ဇိုယာက သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို တစ်လုံးမကျန် ပြန်ပြောပြသည်။ သူမ ဖော်ထုတ်ခဲ့သဖြင့် ပြည့်တန်ဆာ အိမ်ကိုလည်း တာဝန်ရှိသူများက စီးနင်းပြီး အမျိုးသမီးလေးများကို ကယ်တင်နိုင်ခဲ့သည်။

လူကုန်နှင့် လိင်ကုန်ကူးခြင်း

ကုန်ကူးခြင်း ပုံစံ အမျိုးမျိုးတွင် လူသားကို လိင်ကျေးကျွန်အဖြစ် ခိုင်းစေရန် ကုန်ကူးခြင်း၊ အတင်း အဓမ္မ လုပ်အားကို ခိုင်းစားရန် ကုန်ကူးခြင်း ဟူ၍ နှစ်မျိုး ရှိသည်။ အခြား ပိုဆိုးသည့် ကုန်ကူးမှုမှာ လူ့ကိုယ်ခန္ဓာထဲရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရယူလိုသဖြင့် ကုန်ကူးခြင်းနှင့် တစ်သျှူးများ ရယူလိုသောကြောင့် ကုန်ကူးခြင်း ဟူ၍လည်း ရှိသေးသည်။

လူကုန်ကူးမှုသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခု ဖြစ်သဖြင့် နိုင်ငံတိုင်း လိုလိုတွင် ပိုပြီး ကြီးထွားလာသည့် ကုန်သွယ်မှု လုပ်ငန်းကြီး တစ်ခု ဖြစ်လာသည်။ နှစ်စဉ် နိုင်ငံတကာ လူကုန်ကူးမှု ကြောင့် ရရှိနေသော အကျိုးအမြတ်များမှာ ဒေါ်လာ ၃၂ ဘီလီယံခန့် ရှိကြောင်း ILO အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတကာ တရားမဝင် ကုန်သွယ်မှု စုစုပေါင်း ဝင်ငွေ ဒေါ်လာ ဘီလီယံ ၆၅၀ ခန့် ရှိသည်ဆိုသော အစီရင်ခံချက်နှင့် နှိုင်းယှဉ် ကြည့်ရန် ဖြစ်သည်။

နိုင်ငံတိုင်း လိင်ကုန်ကူးမှုကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ အထူးသဖြင့် အမျိုးသမီးများကို နိုင်ငံအတွင်း၌ လည်းကောင်း နိုင်ငံ ပြင်ပသို့ လည်းကောင်း အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ လိမ်လည် လှည့်ဖြား ခေါ်ဆောင်သွားခြင်းဖြင့် ပြစ်မှု ကျူးလွန်နေကြခြင်း ဖြစ်သည်။

လိင်ကျွန်အဖြစ် လုပ်ဆောင်ရန် ခေါ်ဆောင်သွားခြင်း ခံရသည့် အမျိုးသမီးများသည် မိဘများ ကြွေးတင်ခြင်း၊ ဆင်းရဲခြင်း၊ ပညာဗဟုသုတ နည်းခြင်းများကြောင့် ယင်းဘဝသို့ ကျရောက်ခဲ့ရသည်က များသည်။ လူကုန် အကူးခံရသည့် အမျိုးသမီး အများစုကို လေ့လာ ဆန်းစစ်ရာတွင် လက်ရှိ လုပ်ကိုင် နေသော အလုပ်ထက် အများကြီး ပိုကောင်းသည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်သည်ဟု လည်းကောင်း၊ ဝင်ငွေ ပိုကောင်းနိုင်သည် ဟူ၍ လည်းကောင်း မက်လုံးပေးကာ ခေါ်ဆောင်ခြင်း ခံခဲ့ရသူများ ဖြစ်ကြသည်။ သူတို့ ကိုင်ဆောင်ထားသည့် သက်သေခံ ကတ်ပြားများ၊ မှတ်ပုံတင်များကို လူကုန်ကူးသူတို့က သိမ်းယူ ဖျောက်ဖျက်လိုက်ခြင်းကြောင့်လည်း ထားရာနေ၊ စေရာ သွားရသည့် ဘဝသို့ ရောက်သွားခဲ့ရသူ များစွာ ရှိသည်။ သူတို့အားလုံး အတွေ့အကြုံများက အတူတူပင် ဖြစ်နိုင် သည်။ ပိတ်လှောင်ခြင်း ခံရမည်။ ရိုက်နှက် နှိပ်စက် ညှဉ်းပမ်းခြင်း ခံရမည်။ နိုင်ငံခြားသို့ ရောက်လာ သည့် မိန်းကလေးများ ဘဝကလည်း ခရီး စရိတ်နှင့် အခြား စရိတ်များ အကြောင်းပြကာ မသေမရှင် ကျွေးပြီး ခိုင်းစားခံခဲ့ကြရသည်။

ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု FBI ဗဟို စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မိန်းကလေးငယ်ပေါင်း များစွာကို အတင်းအကျပ် လိင်ကျွန်အဖြစ် ခိုင်းစေခဲ့သူပေါင်း ၁၅၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန် မြို့ကြီးပေါင်း ၇၆ မြို့အတွင်း ပိုက်စိပ်တိုက် စစ်ဆင်ခဲ့ပြီး အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်း မိန်းကလေးငယ်ပေါင်း ၁၀၅ ဦးကို ကယ်တင်နိုင် ခဲ့ကြောင်း The Seattle Times သတင်းတွင် ဖော်ပြထားသည်။

၂၀၀၃ ခုနှစ် ကတည်းက FBI သည် ကလေးပေါင်း ၂၇၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်။ လိင်ကုန်ကူး နေသူပေါင်း ၁၃၅၀ ဖမ်းဆီး ရမိခဲ့ပြီး ၁၀ ဦးကို တစ်သက်တစ်ကျွန်း ဒဏ်ချကာ အပြစ်ပေးခဲ့သည်။ ထိုသူများနှင့် အတူ လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့သည့် ငွေပေါင်းမှာ ဒေါ်လာ ၃ ဒသမ ၁ သန်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ကလေးပေါင်း ၄ သိန်းခွဲခန့် အိမ်က ထွက်ပြေးနေကြသည်။ သူတို့အထဲက သုံးပုံ တစ်ပုံခန့်မှာ အိမ်က ထွက်ပြေးပြီး ၄၈ နာရီအတွင်း လိင်ကျွန်ဘဝသို့ ရောက်သွားခဲ့ရသည်။

လိင်ကုန်ကူးမှုများသည် ရောင်းသူနှင့် ဝယ်သူ နှစ်ဦး နှစ်ဖက် ပေါများနေခြင်းကြောင့် ဖြစ်သည်။ ရောင်းသူ မရှိလျှင် ဝယ်သူ ပျောက်သွားနိုင်မည် ထင်ပြီး နှိမ်နင်းနေကြသော်လည်း ပျောက်ကွယ် သွားသည့် လုပ်ငန်းတစ်ခု ဖြစ်မလာသည့်အပြင် တိုးပွားလာသည့် စီးပွားရေး လုပ်ငန်းကြီး တစ်ခု ဖြစ်လာသည်။

လူကုန်ကူးခြင်းနှင့် လိင်ကုန်ကူးခြင်း ခံရမှုများကို လေ့လာ ဆန်းစစ်ကြည့်လျှင် ဆင်းရဲခြင်းသည် အဓိက တရားခံ ဖြစ်နေသည်။ အလွန်အမင်း ဆင်းရဲခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့သည့် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးအတွက် လူကုန်ကူးခံရရန် အသင့် အနေအထားများ ဖြစ်နေတတ် သည်။ အခြား အကြောင်းရပ် တစ်ခုမှာ လုပ်ငန်းခွင်တွင် မည်မျှ ကျွမ်းကျင်မှု ရှိသူများဖြစ်စေ၊ ပညာ မည်မျှ တတ်သည်ဖြစ်စေ၊ လက်ရှိဘဝ ဝင်ငွေများဖြင့် ရပ်တည်ရန် ခက်ခဲလာလျှင် တတိယ နိုင်ငံများ သို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်လိုသူ များလာလိမ့်မည်။ ယင်းအချက်သည်ပင် လူကုန်ကူးခံရရန် နှင့် လိင်ကျွန်ဘဝ ရောက်ရန် အများဆုံး တွန်းအားပေးနေသည့် အချက် ဖြစ်သည်။

ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် ယဉ်ကျေးမှုအရ မိဘ သို့မဟုတ် မိသားစု အတွက် စွန့်လွှတ် အနစ်နာခံခြင်းဆိုသည့် စိတ်ဓာတ်များနှင့် အယူအဆများကလည်း လူကုန်ကူးမှု တွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ ဖြစ်သည်။ လူကုန်ကူးမှုများနှင့် လိင်ကျွန်ဘဝ ရောက်စေရန် အဓိက တရားခံများသည် ပွဲစားများ ဖြစ်သည်။ မိမိတို့ လူ့ဘောင်အတွင်း ထိုလုပ်ငန်းကို လုပ်ဆောင်နေသူများ နေရာအနှံ့ ရှိနိုင်သည်။ လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ်များပင် အကျိုးအမြတ် များသည့် လုပ်ငန်းတစ်ခု ဖြစ်သောကြောင့် လုပ်ဆောင်မှုများ ရှိနေကြောင်း တွေ့ရသည်။

ချမှတ်ထားသည့် ဥပဒေများကို နားလည်သော်လည်း စီးပွားဖြစ် လုပ်ကိုင် စားသောက်နေသူများကို မနှိမ်နင်းနိုင်သမျှ လူ ကုန်သည်၊ လိင် ကုန်သည်များ ပပျောက်နိုင်မည် မဟုတ်ပေ။ ကျေးကျွန်စနစ်ကို ခေတ်သစ် ပုံစံဖြင့် ပြန်လည် အသက်သွင်းနေသည့် လူ ကုန်ကူးခြင်းနှင့် လိင် ကုန်ကူးမှုများကို ပြည်တွင်း၌လည်း ပြင်းထန်စွာ တိုက်ဖျက် အရေးယူ၊ ပြည်ပနှင့်လည်း ပူးပေါင်း ဆောင်ရွက်၊ အဆိုးရွားဆုံးသော ရာဇဝတ် ပြစ်မှု တစ်ခုအနေဖြင့် မတိုက်ဖျက်သမျှ ပပျောက်နိုင်မည်လည်း မဟုတ်ပေ။

အယ်ဒီတာတစ်ဦး
(အချက်အလက်များကို အင်တာနက် သတင်းများ၊ FBI နှင့် ILO အဖွဲ့ အစီရင်ခံစာများမှ ရယူ ပါသည်။)

Credit To The Voice Weekly
Read More »

ကမ်းမယ့်လက်တွေ များပါစေ


ကျွန်တော်တို့ဟာ သာမန် သူလိုကိုယ်လို တိုင်းသူပြည်သားတွေပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လက်တွေဟာ မင်းအစိုးရနဲ့ ကယ်မဆောင်ယူမယ့်သူတွေက ချပေးချီးမြှင့်မယ့် အခွင့်အရေး အကောင်းအဆိုးတွေကိုသာ ခံယူဖို့ ဖြန့်ထားလို့ရတဲ့ လက်တွေ သတ်သတ်တော့ မဟုတ်ပါဘူး။ တစ်စုံတစ်ရာ အားရှိတဲ့၊ တစ်စုံတစ်ဦးကို ဆွဲထူနိုင်တဲ့၊ မတင်နိုင်တဲ့၊ ခေတ်တစ်ခေတ်ကို ထုဆစ်တည်ဆောက်နိုင်တဲ့ လက်တွေလည်း ဖြစ်တယ်ဆိုတာ မမေ့လျော့သင့်ပါဘူး။

‘လဲနေသူထူပေးပါ၊ အားငယ်သူအားပေးပါ’၊ ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ဘယ်နှခါများ၊ ဘယ်နှယောက်ကိုများ ထူပေးခဲ့ပြီးကြပြီလဲ ခင်ဗျာ။ ဘယ်တော့မှ မလဲတဲ့သူ မရှိနိုင်ပါ။ ဘယ်တော့မှ မမှားတဲ့သူ မရှိနိုင်ပါ။ ကျွန်တော်တို့ လဲကျတဲ့အခါမှာ တွဲထူမယ့် လက်တစ်ဖက်ရဲ့တန်ဖိုးကို ပိုနားလည်လာမှာပါ။ ကျွန်တော်တို့ အမှားကျူးလွန်မိတဲ့အခါ ခွင့်လွှတ်ပေးတတ်မယ့် စိတ်ထားတစ်ခုရဲ့ တန်ဖိုးကို ပိုသိရှိခံစားလာနိုင်မှာပါ။

လဲနေသူတစ်ယောက်ကို ဥပေက္ခာပြု ပစ်ပယ်ခဲ့ခြင်းက ခံစားရသူအတွက် စိတ်ဒဏ်ရာ လွယ်လွယ်လေး ဖြစ်ပေါ်စေနိုင်သလို၊ အနည်းဆုံး နောင်အခါများမှာ သူကိုယ်တိုင်ကလည်း လက်မကမ်း တတ်တော့တဲ့သူတစ်ဦး ဖြစ်သွားစေနိုင်ပါတယ်။

ကမ်းတတ်တဲ့လက် မရှိတော့တဲ့ လူ့အသိုင်းအဝိုင်းကြီးဟာ အမှောင်ခေတ်ကို အလိုလို ဦးတည်သွားစေနိုင်တာပေါ့။ ‘ကိုယ်ထူကိုယ်ထ’ တွေများလာတဲ့ လူ့အသိုင်းအဝိုင်းမှာ တွဲထူမယ့် လက်တွေနဲ့အတူ ပါလာတဲ့ ကြည်နူးချမ်းမြေ့မှု ဆိတ်သုဉ်းသွားမှာ အသေအချာပါပဲ။

အမှားကို ပြင်လာသူတစ်ယောက်အတွက်၊ အသွားမတော်လို့ လဲကျခဲ့ရသူ တစ်ယောက်အတွက် အမှားပြင်ခွင့်ဆိုတဲ့ ပြန်လည် ရပ်တည်ခွင့်ဆိုတဲ့ ကမ်းလက်တစ်ဖက်ကို ကျွန်တော်တို့ လိုလိုလားလား မပေးသင့်ဘူးလားဗျာ။ အမှားပြင်ခွင့်ဆိုတာ အနည်းဆုံး တစ်ခါတော့ ရှိကိုရှိသင့်တယ် မဟုတ်ပါလား။ ကျွန်တော်တို့အားလုံး မေ့နေတတ်တာက အမှားကို မပြင်ချင်တဲ့သူ မရှိသလောက် ဖြစ်တယ်ဆိုတာပါပဲ။

HIV ပိုး ကူးစက်ခံထားရတဲ့ လူငယ်လေးတစ်ဦးအတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စိတ်လိုက်မာန်ပါ အမှားတစ်ခုအတွက် ပေးဆပ်ပြီးလို့ ထောင်ထဲက ပြန်ထွက်လာတဲ့ လူမိုက်ပေါက်စလေးတစ်ဦး အတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။ စကားတစ်ခွန်း၊ အဆုံးအဖြတ်တစ်ခု လွဲချော်သွားခဲ့လို့ မျက်နှာမွဲ အရှက်ရခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးအတွက် ဖေးမနှစ်သိမ့်မယ့် ကမ်းလက်တစ်စုံ ရှိသင့်ပါတယ်။

မှားခဲ့တဲ့ လုပ်ရပ်တစ်ခုအတွက် ခွင့်လွှတ်နားလည် ပေးနိုင်မယ့် နှလုံးသားတစ်ခုဟာ နီးနီးနားနားမှာ ရှိနေသင့်ပါတယ်။ လူ့ဘောင်၊ လူ့လောကအတွက် ကြီးကြီးကျယ်ကျယ် စကားလုံးတွေမပါတဲ့ မထင်မရှား အကျိုးပြု လက်တစ်စုံရဲ့ပိုင်ရှင်ဟာ သင်ကိုယ်တိုင် ဖြစ်နိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ လျစ်လျူရှုပြီး ခါပြလို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာ၊ ကမ်းလာမယ့်လက်ကို ပုတ်ထုတ်လို့လည်းရတဲ့ လက်ဖြစ်တယ်ဆိုတာကိုပါ သတိပြုမိစေချင်ပါတယ်။ ပြင်ခွင့်မရနိုင်တော့လို့ အမှားတွေနဲ့ပဲ ပျော်အောင်နေတတ်ဖို့ ကြိုးစားလိုက်ရတဲ့သူတွေဟာ အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အလဟဿ ဖြစ်သွားရပြီး အခန့်မသင့်တဲ့ အခါများမှာ အသိုင်းအဝိုင်း တစ်ခုလုံးကို ထိခိုက်လာတတ်ပါသေးတယ်။

စိတ်ဒဏ်ရာ အနာတရဖြစ်ခဲ့တဲ့ AIDS ဝေဒနာရှင်က ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပေးခဲ့လို့ ပြန့်ပွားကူးစက် ခံလိုက်ရတဲ့ သားကောင်တွေ အများအပြားပဲ ရှိနေတာ ပုံပြင်မဟုတ်ပါ။ စိတ်ဒဏ်ချက်အပြည့်နဲ့ ကျန်ရစ်ခဲ့တဲ့ လူမိုက်တစ်ဦးဟာ ပိုအဆင့်မြင့်တဲ့ လူယုတ်မာ လူမိုက်အဖြစ် ပြောင်းလဲသွားပြီးတဲ့နောက် ပိုခက်ခဲကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေကို စိတ်ပါလက်ပါ ကျူးလွန်လာခဲ့တာတွေဟာလည်း ပုံပြင်မဟုတ်ပါ။
စိတ်အမာရွတ် ကျန်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဟာ အခွင့်သင့်တဲ့ တစ်ချိန်မှာ နိုင်ငံနဲ့လူမျိုး အလုံးစုံကို ထိုးကျွေးပေးတာ၊ ရောင်းစားပစ်တာမျိုး မလုပ်နိုင်ဘူးလို့ အာမခံနိုင်သူရှိရဲ့လား။

ကျွန်တော်တို့ လက်တွေမှာ ကျွန်တော်တို့ရဲ့ လူ့ဘောင်ကို အဲဒီလို အဖြူကနေ အမည်း၊ အမည်းကနေအဖြူ ပြောင်းလဲ ပုံဖော်ပေးနိုင်လောက်တဲ့ စွမ်းအားရှိနေတာကို မမေ့လျော့သင့်ပါ။

သိပ်ခက်ခဲတဲ့ အလုပ်မဟုတ်ပါ။ သိပ်ခက်ခဲတဲ့ စိတ်ထားမဟုတ်ပါ။ လောကလူ့ဘောင်ထဲမှာ တစ်နေ့ ကိုယ်တိုင်ကြုံနိုင်တဲ့ လောကဓံ အနိမ့်အမြင့်တွေပါ။ ကိုယ်က ထူပေးနိုင်သူတစ်ဦး ဖြစ်နေတာကို စဉ်းစားကြည့်ရုံနဲ့တင် ပျော်စရာမကောင်းပါလားခင်ဗျာ။

ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ပိုမိုပျော့ပျောင်းလာအောင်ဆိုတဲ့ အတွေးနဲ့အတူ လက်ကိုအိတ်ထဲ ထည့်ထားဖြစ်ခဲ့ရင် အပြင်ထုတ်လိုက်ပါဗျာ။ ကျွန်တော်တို့အားလုံးရဲ့ လက်တစ်စုံစီဟာ လဲနေသူ တစ်ဦးစီတိုင်းကို ထူပေးနိုင်တာ သတိရကြပါ။ ပိုကောင်းတဲ့တစ်နေ့မှာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေအတူတူ စုလိုက်နိုင်တဲ့အခါ လဲနေတဲ့ တိုင်းနိုင်ငံကြီး တစ်ခုလုံးကိုတောင် ဆွဲထူလို့ရတယ် ဆိုတာကိုလည်း တစ်ပါတည်း သတိရနေကြစေချင်ပါတယ်။ ။

(ယက္ခ) ရဲကြီး

Credit To The Voice Weekly
Read More »