ရေကြည်ရာ မြက်နုရာ
လူသားတို့ရဲ့ လူနေမှုဘ၀အစဟာ အခြေတကျမရှိခဲ့ပါဘူး။ ရေကြည်ရာမြက်နုရာ
သွားလာရင်း နယ်မြေသစ်တွေ ရှာဖွေခဲ့ကြတာ ကြာခဲ့ပါပြီ။ မယဉ်ကျေးသေးတဲ့
ကမ္ဘာရဲ့ လူနေမှုဘ၀အစဖြစ်စဉ် ဖြစ်ပါတယ်။
ထို့အတူ လူတစ်စုချင်းစီဟာလည်း မိမိနယ်မြေဒေသထွက် စားစရာ၊ သောက်စရာတွေကို
စားရုံသာ စားတတ်ကြတဲ့ ကာလဖြစ်လေတော့ စားစရာ၊ သောက်စရာကုန်ရင်
နောက်ထပ်အသင့် စားလို့သောက်လို့ရတဲ့ နယ်မြေသစ်ကို ရှာဖွေကြပါတယ်။
ဒီလိုနဲ့ ရေကြည်ရာမြက်နုရာ ရှာဖွေသွားလာရင်း လူ့ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီနေရာမှာ ပြည်မြန်မာ
ခက်ခဲကြမ်းတမ်းစွာ လူ့သမိုင်းတွေ ဖြတ်သန်းလာရတဲ့ လူသားတွေအနက်
မြန်မာဆိုတဲ့ နယ်မြေပေါ်မှာ လူသားအချို့ အခြေချ နေထိုင်လာကြပါတယ်။ ဒီလိုနဲ့
မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ နေရာတစ်ခု သတ်သတ်မှတ်မှတ် ရရှိရပ်တည်လာတာဟာ
နှစ်ပေါင်း တာရှည်ခဲ့ပါပြီ။ လူတွေ (လူမျိုးရယ်လို့ ပေါ်ခင်ကတည်းက) ဟာ
တူရာစုနေထိုင်ကြရင်း မိသားစု အသိုက်အမြုံလေး ဖြစ်လာပါတယ်။
စတင်အခြေချခါစ လူတွေဟာ တစ်ဦးကိုတစ်ဦး မေတ္တာရှိလို့၊ သံယောဇဉ်တွယ်လို့ အတူတကွ ယှဉ်တွဲ နေထိုင်ဖြစ်သွားကြတာပါ။
ဒီလိုမေတ္တာတရားနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန်မှီခိုရင်း၊ အပြန်အလှန်
အကျိုးပြုရင်း၊ အပြန်အလှန် ရိုင်းပင်းကူညီရင်း ချစ်ချစ်ခင်ခင်
နေထိုင်လာရာမှ အိမ်တွေ၊ ရာတွေ တည်ဆောက်ကြရင်း နယ်မြေပိုင်ဆိုင်မှု
ပြုလုပ်လာကြပါတယ်။ အိမ်တွေကို ခြံစည်းရိုးကာရာမှ ချဲ့ထွင်ပြီး ရွာတွေကို
ရွာစည်းရိုး ကာလာကြပါတယ်။ တိုင်းပြည်ကို စုပေါင်း တည်ထောင်လာကြပါတယ်။
ဒီလိုနဲ့ မြန်မာပြည်ရယ်လို့ ဖြစ်မလာမီ အစောဆုံး အတိတ်ကာလ ၂ ရာစုလောက်က
ပျူလူမျိုးတွေဟာ ဧရာဝတီမြစ်ဝှမ်းကို စတင်ဝင်ရောက်လာပါတယ်။ ဒီနောက် ယခု
ပြည်မြို့နယ် မလှမ်းမကမ်းမှာ မြို့ငယ်၊ ရွာငယ်များ တည်ထောင်ကာ
နေထိုင်ကြပါတယ်။
ထို့အတူ အရှေ့ဖျားဒေသမှာလည်း မွန်မျိုးနွယ်တွေဟာ
ကမ်းရိုးတန်းတစ်လျောက်မှာ အခြေချလာပါတယ်။ တကယ်တော့ ပျူ၊ ကမ်းယံ၊ သက်တို့ဟာ
မြန်မာလူမျိုးတို့ရဲ့ ဘိုးဘေးတွေ ဖြစ်ပါတယ်။ သူတို့ဆီက ရရှိလာတဲ့ အမွေတွေဟာ
တစ်သက်စားမကုန် မဟုတ်ပါဘူး။ ကမ္ဘာတည်သရွေ့ စားမကုန်တဲ့ ရေ၊ မြေ၊ လေ
တွေဖြစ်ပါတယ်။
လက်ရှိ ၂၁ ရာစုမှာ တစ်ခန်း တစ်ကဏ္ဍ ပါဝင်နေထိုင်ခွင့်ရထားတဲ့
မြန်မာနိုင်ငံသား ကျွန်တော်တို့ မျိုးဆက်တွေဟာ နောင်နှစ်ပေါင်းများစွာမှာ
(၃၁ ရာစု) က လူတွေရဲ့ ဘိုးဘေးတွေအဖြစ် သတ်မှတ်ခံရမှာပါ။
သူတို့က ကျွန်တော်တို့ကို မှတ်ချက်ပေးကြပါလိမ့်မယ်။ ဝေဖန်ကြပါ လိမ့်မယ်။
ချီးကျူးကြပါလိမ့်မယ်။ ရှုတ်ချကြပါလိမ့်မယ်။ အဲ့ဒီ ဝေဖန်သံအမျိုးမျိုးရဲ့
မှတ်ကျောက်က ယနေ့လက်ရှိ ကျွန်တော်တို့ရဲ့ လုပ်ရပ်ပါ။
မိမိတစ်သက်သာ (နှစ် ၆၀/ ၈၀) အတွက်သာ ကောင်းစားရုံ၊ ခံစားရရုံ၊ ရှိသမျှ
သယံဇာတတွေကို အ ကုန်ထုတ်သုံးပစ်လိုက်လို့ မရပါဘူး။ အမွေတွေ
ချန်ထားခဲ့ရပါမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ မျက်နှာမငယ်ဖို့၊
အသိပညာကြွယ်ဖို့၊ ကျန်သင့်တာတွေ ကျန်အောင် ချန်သင့်တာတွေ
ချန်ထားရစ်ခဲ့ရပါမယ်။
ဒါမှ စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ ကျယ်ဝန်းတဲ့ မြန်မာပြည်
နယ်နိမိတ်ကြီးဟာ တစ်လက်မ မလျော့ဘဲ ကမ္ဘာမြေပေါ်မှာ ထည်ထည်ဝါ၀ါ
ရပ်တည်နေနိုင်မှာပါ။
ယဉ်ကျေးလာသောကမ္ဘာ
သည်လိုနဲ့ ကမ္ဘာပေါ်မှာ လူသားတွေဟာ မိမိသဘောကျတဲ့ နယ်မြေသစ်မှာ အခြေချ
နေထိုင်လာကြပါတယ်။ ကိုယ်နေတဲ့နေရာလေးကို ပိုတိုးတက်အောင်၊ ပိုစည်ပင်အောင်
ကြိုးစားရာက အနီးအနားက လူတွေကို မိတ်ဆွေဖွဲ့၊ ပူးပေါင်းနေထိုင်လာကြပါတယ်။
တူရာစုတွေ ပေါင်းဖက်ကြရင်း မြို့ပြကျေးရွာတွေ ပေါ်ပေါက် လာပါတယ်။
ယဉ်ကျေးတယ်ဆိုတာဟာ အသိဉာဏ်မြင့်မားလာခြင်း၊ ပညာတတ်မြောက်လာခြင်း၊
အမှန်နဲ့ အမှားကွဲကွဲပြားသိမြင်မှု လွယ်ကူခြင်း၊ မတရားမှုကို
ရှောင်ရှားခြင်း၊ တရားမှုကို ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းစွာ
နေထိုင်လုပ်ကိုင်လိုခြင်း၊ ကိုယ့်နိုင်ငံကို စောင့်ရှောက်ခြင်း၊
ကိုယ့်ပြည်သူကို အလေးအမြတ်ပြုခြင်း စတာတွေ ပြည့်ဝတာကို ဆိုလိုပါတယ်။
ရှေးဘိုးဘွားဘီဘင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်
မိမိအခြေချနေထိုင်လာတဲ့ နယ်မြေကို ဆင့်ကဲဆင့်ကဲ လူသားတွေက ပြုပြင်ကြပါတယ်။
ခိုင်မြဲအောင် စီမံကြပါတယ်။ လှပအောင် ကြိုးပမ်းကြပါတယ်။ တိုးတက်အောင်
ကြံဆောင်ကြပါတယ်။
မြန်မာနိုင်ငံဆိုတဲ့ နယ်မြေကို ယဉ်ကျေးတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေက
ကမ္ဘာမျက်နှာပြင်ပေါ်မှာ နေရာတစ်ခု တရားဝင် သတ်မှတ်လိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက သူ့နယ်နိမိတ်နဲ့သူ၊ ရုရှား၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊
အိန္ဒိယတို့ကလည်း အလားတူ သူ့နယ်နိမိတ်နဲ့သူ သတ်သတ်မှတ်မှတ် နေထိုင်ကြပါတယ်။
တစ်ဦးကိုတစ်ဦး ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။ လေးလေးစားစား
အသိအမှတ်ပြုကြပါတယ်။
အကြောင်းအားလျော်စွာ ကိုယ်ပိုင်ဆိုင်ထားတဲ့ နယ်မြေထဲမှာ ရေနံတွင်းရှိတဲ့
နိုင်ငံကရှိပါတယ်။ ရေပိုင် နက် ကျယ်ကျယ်ရပြီး ငါးပေါတဲ့နိုင်ငံက ပေါပါတယ်။
မြေဆီသြဇာကောင်းလို့ ဆန်စပါးစိုက်ပျိုးလို့ ကောင်းတဲ့နိုင်ငံက
ကောင်းပါတယ်။
ဒါတွေဟာ သဘာဝရဲ့ အကန့်အသတ်တွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေက
တရုတ်ပြည်က မြစ် ၀ါမြစ်ရေကိုမှ သောက်သုံးချင်လို့ မရပါဘူး။ ထို့အတူ
တရုတ်ကလည်း မြန်မာပြည် လက်ပံတောင်းတောင်က မြေတွေကိုမှ လက်သိပ်ထိုး
အချောင်လိုချင်လို့ မရပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားက မြန်မာပြည်ကထွက်တဲ့ ပုန်းရည်ကြီးကိုမှ
စားချင်လို့ မရပါဘူး။ ကိုယ့်နိုင်ငံထွက်ကိုပဲ အဓိကထား စားကြရမှာပါ။
သုံးစွဲကြရမှာပါ။ ခိုးချောင်ခိုးဝှက် ၀င်လာပြီး ဟိုဟာနှိုက်စား ဒီဟာနှိုက်စား
လွန်ကျူးလာရင်တော့ ယဉ်ကျေးတဲ့ ကမ္ဘာရဲ့ ဥပဒေအတိုင်း ဒဏ်ခတ်ခံရမှာပါ။
မိမိမရှိတာကို ယဉ်ကျေးတဲ့ ကမ္ဘာမှာ အဓမ္မ မတရားယူလို့မရပါဘူး။
လာဘ်ထိုးပြီး မိမိကိုယ်ကျိုး ရှာလို့မရပါဘူး။ ကျေးဇူးရှင်ဆိုပြီး
တစ်သက်လုံး ကျွန်ခံခိုင်းလို့မရပါဘူး။ လက်နက်အားကိုး အာဏာအားကိုးနဲ့
အနိုင်ကျင့်လုယူလို့ မရပါဘူး။
ငွေကြေးနဲ့ ရောင်းဝယ်တဲ့စနစ်ကို ပြည်သူကိုချပြ၊ ပြည်သူ့ယုံကြည်မှုကိုရယူ၊
ပွင့်လင်းတဲ့ သဘောတူညီမှုတွေနဲ့ ယဉ်ကျေးတဲ့ကမ္ဘာမှာ သုံးစွဲလာတာ
အခြေကျအကျွမ်းတ၀င် ဖြစ်နေကြပါပြီ။ အစိုးရတစ်ဖွဲ့တည်း သဘောဆန္ဒနဲ့
တိတ်တိတ်ကလေး နှစ်ဦး သဘောတူလို့ မရပါဘူး။
မိမိမှာမရှိတဲ့ ကုန်ပစ္စည်းကို ငွေကြေးနဲ့ ၀ယ်ယူသုံးစွဲလာကြပါတယ်။
ဒါပေမဲ့ ငွေရှိတိုင်း ၀ယ်လို့ရနိုင်ပါသလား။ ရောင်းတဲ့တိုင်းပြည်ကလည်း
သူ့ပြည်သူမျက်နှာကို ကြည့်ပြီးမှ ရောင်းသင့်တာကိုပဲ ရောင်းရမှာပါ။
ဝယ်တဲ့တိုင်းပြည်ကလည်း နောက်ကျောဓားထောက်ပြီး အနိုင်ကျင့်ဝယ်လို့ မရပါဘူး။
ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ စိတ်ခံစားချက်တွေ၊ မြတ်နိုးမှုတွေ၊
မေတ္တာတရားတွေ၊ သစ္စာတရားတွေ၊ မျှတမှုတွေ၊ တရားဥပဒေတွေ၊ ပြည်သူ့ဆန္ဒတွေ
ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ၀ယ်လို့ ရနိုင်ပါတယ်၊
ရောင်းလို့ရနိုင်ပါတယ်။
သူတို့က ၀ယ်တိုင်းရော မြန်မာနိုင်ငံက ပြန်ရောင်းသင့်သလား။
မြန်မာနိုင်ငံမှာ ရောင်းလို့ ၀ယ်လို့ မရနိုင်တဲ့ ပစ္စည်းတွေကို
ရောင်းမပစ်လိုက်မိဖို့ အရေးကြီးပါတယ်။
ပြန်လည်ပြည့်ဖြိုးမြဲ
ရောင်းမှဖြစ်မယ်။ ရောင်းရင် ပြည်သူတွေ အကျိုးရှိမယ်။ နိုင်ငံအတွက်
အကျိုးရှိမယ်လို့ သေချာပေါက် ယုံကြည်ရင် ပြည်သူတွေ လက်ခံလာအောင်
စိတ်ရှည်ရှည် ရှင်းပြပြီးမှ သဘောတူညီမှု တစ်ခုရလာ ပြီးမှ ရောင်းရပါမယ်။
ရောင်းသင့်တာကို ရောင်းပြီးရင်လည်း အဲဒီ ရောင်းလိုက်တဲ့ ပစ္စည်းမျိုး
ပြန်လည်ထုတ်လုပ်ကြရပါမယ်။ စိုက်ပျိုးရပါမယ်။ ဖြစ်နိုင်တဲ့ နည်းလမ်းစုံနဲ့
ပြန်လည် အစားထိုးထားရပါမယ်။ထာဝရ မြေပဒေသာပင်ကြီး ဖြစ်နေစေရပါမယ်။
မူလရှိရင်းစွဲ အခြေအနေကနေ လျော့မသွားအောင် ရောင်းသူနဲ့ ထုတ်လုပ်သူတို့
အချိုးကျကျ ပူးပေါင်း ဆောင်ရွက်ကြရပါမယ်။ ရောင်းသူက ဗုံးပေါလအော ထင်သလို
ရောင်းချလိုက်လို့ မရပါဘူး။ ကုန်ထုတ်လုပ် တဲ့ သဘောသဘာဝကို နားလည်ရပါမယ်။
ကုန်ထုတ်ပေးနိုင်သူတွေရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်း စဉ်းစားရပါမယ်။
သူတို့တွေ ခေတ်မီနေရပါမယ်။ဒါမှ မြန်မာ့ရေ၊ မြေသယံဇာတဟာ ပြန်လည်
ပြည့်ဖြိုးမြဲအတိုင်း ထာဝရ စည်ပင်သာယာဝပြောနေမှာပါ။
ငွေကြေးနဲ့ ရောင်းဝယ်တဲ့စနစ်ကို ပြည်သူကိုချပြ၊ ပြည်သူ့ယုံကြည်မှုကိုရယူ၊
ပွင့်လင်းတဲ့ သဘောတူညီမှုတွေနဲ့ ယဉ်ကျေးတဲ့ကမ္ဘာမှာ သုံးစွဲလာတာ
အခြေကျအကျွမ်းတ၀င် ဖြစ်နေကြပါပြီ။ အစိုးရတစ်ဖွဲ့တည်း သဘောဆန္ဒနဲ့
တိတ်တိတ်ကလေး နှစ်ဦး သဘောတူလို့ မရပါဘူး.....
|
အချုပ်အခြာအာဏာ
ရှေးခေတ်ဘုရင်များ လက်ထက်က သက်ဦးဆံပိုင် အာဏာရှင် ဖြစ်လေတော့
သူနိုင်ငံတော်ဟာ သူတစ်ဦးတည်းအမိန့်နဲ့ အခြားနိုင်ငံကို ပေးချင်တာပေးမယ်။
လှူချင်တာ လှူမယ်။ ဘယ်သူကမှ ကန့်ကွက်လို့ မရပါဘူး။ တစ်ခါတရံ
စစ်ပြေငြိမ်းဖို့၊ နှစ်နိုင်ငံ ချစ်ကြည်ရေးရဖို့ဆိုပြီး မိမိရဲ့သမီးတော်၊
ဒါမှမဟုတ် မိမိနိုင်ငံတွင်း မိန်းမလှလှလေး တစ်ယောက်ယောက်ကို
လက်ဆောင်ပဏ္ဍာအဖြစ် ပေးဆက်ကြတဲ့ အစဉ် အလာတွေရှိခဲ့ပါတယ်။
ဒါမှမဟုတ် မိမိပြည်တွင်းကထွက်တဲ့ စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြား
စတာတွေကိုလည်း ဘုရင်တစ်ပါးတည်းရဲ့ဆန္ဒနဲ့ အခြားနိုင်ငံကို ပေးချင်
ပေးတတ်ပါတယ်။ အချုပ်အခြာအာဏာဟာ ဘုရင်ရဲ့နှုတ်ဖျားမှာ ရှိပါတယ်။
ဒါမျိုး ဒီခေတ်မှာ လုံးဝမရှိစေရပါ။ ယဉ်ကျေးလာတဲ့ ကမ္ဘာမှာ
နိုင်ငံတစ်နိုင်ငံဆီအတွက် အချုပ်အခြာအာဏာ အလွန်အရေးကြီးပါတယ်။
တစ်နိုင်ငံနဲ့တစ်နိုင်ငံ လေးစားမှုကို ပြသတဲ့ အထွတ်အထိပ်ယဉ်ကျေးမှု
ပြယုဂ်ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မစော်ကားရပါဘူး။ မလေးမစား
မပြုရပါဘူး။ နိုင်ငံတွင်းရှိ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာရေး အဆောက်အဦ၊
လူမှုရေး အသိုက်အ၀န်း၊ ရေ၊ မြေ၊ တောတောင်၊ မြစ်ချောင်း အင်းအိုင်၊မြေပေါ်
မြေအောက် သယံဇာတ အလုံးစုံဟာ အချုပ်အခြာ အာဏာအောက်မှာ စုစည်းတည်ရှိနေတာပါ။
အချုပ်အခြာရဲ့ မူလပိုင်ရှင်ဟာ မြန်မာပြည်သူပြည်သားတွေ ဖြစ်နေလေတော့
မြန်မာပြည်သူတစ်ဦး တစ်ယောက်ကမှ ခွင့်မပြုရင် သဘောမတူရင် ဘယ်မြေတစ်လက်မ၊
ဘယ်ရေတစ်စက်၊ဘယ်လေတစ်ရှိုက်ကိုမှ ပြည်ပကို မိမိတစ်ဦးတည်းသဘောနဲ့
ထုတ်ရောင်းလို့ မရပါဘူး။ မိမိတစ်ဖွဲ့တည်း ဆုံးဖြတ်ချက်နဲ့မှ လုပ်ချင်တာ
လုပ်လို့မရပါဘူး။ ထင်သာမြင်သာဖြစ်အောင် ပြည်သူအများစုသိအောင် လုပ်ပြီးမှ
ပြည်သူသဘောထား တုံ့ပြန်မှုနဲ့အညီ ဆောင်ရွက်ကြရမှာပါ။
လက်ပံတောင်းတောင်လို အဖြစ်မျိုး နောက်ထပ်ထပ်မကြုံချင်ရင်
ပြည်သူကိုတိုင်ပင်ပါ။ ပြည်သူကို အသိပေးပါ။ ပြည်သူ့သဘောထားရယူပါ။
အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်အ စစ်အမှန်ဟာ ပြည်သူပါ။
အချုပ်အခြာအာဏာ ပိုင်ရှင်ရင်း ပြည်သူကို ၀န်းရံရင်း တပ်မတော်၊
အစိုးရအားလုံး ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရပါမယ်။ဒီလိုတပ်မတော်၊
အစိုးရ၊ ပြည်သူကျစ်လျစ် ညီညွတ်နေမယ်ဆိုရင် မြန်မာပြည်ရဲ့ လေတစ်ရှိုက်ကို
ဘယ်တိုင်းတစ်ပါးကမှ ကျူးကျော် ရှူရှိုက်ခွင့် ရကြမှာ မဟုတ်ပါဘူး။
မောင်တင်ဦး (မြောင်မြ)
credit http://www.first-11.com