နိုင်ငံရေး အနုပညာ (Written by - မောင်ကြည် )



နိုင်ငံရေးကို အနုပညာဆန်ဆန် လုပ်ခြင်းကို နိုင်ငံရေး အနုပညာဟု ခေါ်ပါသည်။ အနုပညာဆန်သော နိုင်ငံရေးဟုလည်း ပြောလို့ရပါသည်။ တချို့က နိုင်ငံရေးသည် အနုမဟုတ် အကြမ်း။ နိုင်ငံရေးသည် လရောင်အောက်မှာ လမ်းလျှောက်ခြင်း မဟုတ်။ နေပူကျဲကျဲမှာ တိုက်ပွဲဝင်ရခြင်း ဖြစ်သည်ဟု ပြောကြပေလိမ့်မည်။ သူနိုင်ငါနိုင် အပြိုင်ကြဲရသော အလုပ်။ လျင်သူစားစတမ်း နိုင်ရသူ စတမ်းဟု ပြောကြပေလိမ့်မည်။ တချို့ကလည်း နိုင်ငံရေးဆိုတာ လူညစ်ပတ်တွေရဲ့ အလုပ်။ သူတောင်ကောင်းတွေက နိုင်ငံရေးနဲ့ ဝေးဝေးမှာ နေတယ်ဟုလည်း ပြောကြပါလိမ့်မည်။ တချို့ကလည်း နိုင်ငံရေး လုပ်တာထောင် နှုတ်ခမ်းမှာ စင်္ကြံလျှောက်ခြင်းဟု ပြောကြပါလိမ့်မည်။ မည်သို့ဆိုစေ နိုင်ငံရေးကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရပါသည်။ နိုင်ငံရေးကို ရှုထောင်အမျိုးမျိုးကနေ ကြည့်လို့ရပါသည်။

ကျွန်တော်ကတော့ နိုင်ငံရေးကို အနုပညာ ရှုထောင့်ကနေ ကြည့်ချင်ပါသည်။ နိုင်ငံရေးကို အနုပညာဆန်ဆန် လုပ်လို့မရဘူးလား။ အများအကျိုးကို ရှေးရှုသော၊ တရားမျှတသော ငြိမ်းချမ်းသာယာ ၀ပြောသည့် နိုင်ငံတစ်ခုကို ထူထောင်ချင်သော စိတ်ဆန္ဒဖြင့် နိုင်ငံရေးကို လုပ်လို့မရဘူးလား။ ထိုကဲ့သို့သော စိတ်ဓာတ်နှင့်သာ နိုင်ငံရေးကို လုပ်လို့ရမည်ဆိုလျှင် အနုပညာဆန်သည့် နိုင်ငံရေး ဖြစ်လာနိုင်သည် မဟုတ်ပါလား။ နိုင်ငံရေး ကို စိတ်မ၀င်စားဘူးဟု ပြောတတ်သော လူတချို့ကို ပြောချင်ပါသည်။ "မခေါ်ချင်ဘဲ နေလို့ရတယ် မတော်ချင်ဘဲ နေလို့မရဘူး" ဟူသော စကားလိုပါပဲ။ နိုင်ငံရေး မလုပ်ဘဲ နေလို့ရပါတယ်။ နိုင်ငံရေးနဲ့ မပတ်သက်ချင်လို့တော့ မရပါဘူး။ နိုင်ငံရေးအကြောင်း မတွေးဘဲ နေလို့ရပါတယ်။ ငါနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ "နိုင်ငံရေး မလုပ်တဲ့ ပြည်သူတွေတောင် နိုင်ငံရေးနဲ့ မကင်းရှင်းနိုင်ပါဘူး" ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးပါသည်။ မိသားစု ရှိတဲ့လူတိုင်း မိသားစုရဲ့ အရေးကိစ္စနဲ့ ပတ်သက်ဆက်နွှယ် နေသလိုပါပဲ။ ကိုယ်က နိုင်ငံရေးနဲ့ မပတ်သက်ချင်ပေမယ့် နိုင်ငံရေးက ကိုယ့်ကိုလာ ပတ်သက်မှာတော့ သေချာပါသည်။

ကျွန်တော်တို့ နိုင်ငံမှာ ၈၈ အရေးအခင်းနောက်ပိုင်း "နိုင်ငံရေး" ဆိုသည့် စကားလုံးကို ပြည်သူအတော်များများက ကြောက်ရွံ့သွားခဲ့ ကြပါသည်။ အာဏာရှင် အစိုးရကလည်း ထိုကဲ့သို့ ကြောက်နေအောင် ခြောက်လှန့်ထားခဲ့ ကြပါသည်။ နောက်ဆုံးတော့ ပြည်သူတွေက နိုင်ငံရေးဆိုတာ ခပ်ဝေးဝေးကနေ ရှောင်ရမယ့်အရာ၊ အန္တရာယ်ရှိတဲ့ အရာဟု မှတ်ထင်ယူဆ ခဲ့ကြပါသည်။ ထိုစဉ်အချိန် တုန်းကတော့ အစိုးရကို ဝေဖန်ချင်လျှင်တောင် ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲ၊ တိုးတိုးတိတ်တိတ်နှင့် မ၀ံ့မရဲ ဝေဖန်ရသည့် အချိန်ကာလပါပဲ။ "နိုင်ငံရေး" ဆိုသည့် စကားလုံး၏ မူရင်းအဓိပ္ပါယ်နှင့် အနှစ်သာရပါ ပျောက်ဆုံးသွားအောင် လုပ်ခဲ့ကြပါသည်။ နိုင်ငံရေးဆိုတာ မလုပ်ကောင်းတဲ့ အရာ၊ မစားကောင်းတဲ့ အသီး၊ ရွံရှာမုန်းတီး စက်ဆုပ်စရာကောင်းတဲ့ အရာဟု ယူဆသည့် အဆင့်သို့ ရောက်ရှိသွားအောင် လုပ်ခဲ့ကြသည်။

တကယ်တော့ "နိုင်ငံရေး" ကကြောက် စရာကောင်းတဲ့ စကားလုံး မဟုတ်ပါ။ ချစ်စရာကောင်းတဲ့ စကားလုံးသာ ဖြစ်သင့်ပါသည်။ မိမိတို့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက် စေချင်သူတိုင်း၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်းရဲ့ ရင်ထဲအသည်းထဲ နှလုံးသားထဲမှာ "နိုင်ငံရေး" ဆိုတဲ့ စကားလုံးလောက် လှပကာ ဆွဲဆောင်မှုရှိသည့် စကားလုံးကို တခြားဘယ်နေရာမှ ရှာတွေ့လိမ့်မည် မဟုတ်ပါ။

နိုင်ငံရေးလုပ်တာ ကုသိုလ်ကောင်းမှု လုပ်တာပါ။ နိုင်ငံရေးဆိုတာ ပရဟိတ လုပ်ငန်းပါ။ နိုင်ငံရေးလုပ်တာ အများကောင်းစားအောင် လုပ်တာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံကြီးသား ပီသတဲ့သူတွေ လုပ်တာပါ။ နိုင်ငံရေးလုပ်တာ ပြည်သူတွေ အေးချမ်းပျော်ရွှင်အောင် လုပ်တာပါ။ နိုင်ငံရေးလုပ်တာ လောကကြီးကို ငြိမ်းချမ်းစေချင်လို့ပါ။ နိုင်ငံရေးလုပ်တာ လူ့အဆင့်အတန်းကို မြှင့်တင်တာပါ။ နိုင်ငံရေးလုပ်တာ ဘ၀ကူးကောင်းအောင် လုပ်တာပါ။ နိုင်ငံရေးလုပ်တာ သံသရာအကျိုး သယ်ပိုးတာပါ။ နိုင်ငံရေးဆိုတာ နေ့စဉ်လုပ်ရမယ့် အလုပ်ပါ။ နိုင်ငံရေးဆိုတာ လူတိုင်းလုပ်ရမယ့် အလုပ်ပါ။ နိုင်ငံရေးလုပ်တာ ထူးဆန်းအံ့သြစရာ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ ရိုးရိုးသားသား လုပ်ရတာပါ။ နိုင်ငံရေးလုပ်တာ ကလိမ်ကကျစ်ကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တာ အတ္တနဲ့ ပရကို မျှတအောင်လုပ်တာ။ နိုင်ငံရေးလုပ်တာ လူ့သဘာဝပါ။
ဆရာကြီး ဒဂုန်တာရာက "နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ" ဟု ပြောဖူးပါသည်။ ဆရာကြီးက နိုင်ငံရေးကို ငြိမ်းချမ်းရေး ရှုထောင့်ကနေ ကြည့်တဲ့သူပါ။ တစ်နည်းပြောရရင် နိုင်ငံရေးကို အနုပညာဆန်ဆန် တွေးခေါ်ပြလိုက် တာပါပဲ။ နိုင်ငံရေးဆိုတာ အနုပညာ ဆန်လို့ရတယ်ဟု ပြောလိုက်တဲ့ သဘောပါပဲ။

နိုင်ငံရေးကို အနုပညာဆန်ဆန် တွေးခေါ်ပြသူ နောက်တစ်ဦးကတော့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ သူမရဲ့ နိုင်ငံရေး သဘောတရားကို ၁၁၊ ၁၁၊ ၂၀၁၃ ရက်နေ့ထုတ် ဒီလှိုင်းစာစောင်မှာ ဟောဒီလို တွေ့ရပါသည်။ "အချို့က နိုင်ငံရေးလုပ်တာ လူလည်လုပ်နိုင်မှ ဖြစ်တယ်လို့ ယုံကြပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ရင် ကလိမ်ကကျစ် လုပ်ရတယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ အဲဒါကို ကျွန်မ သဘောမတူပါဘူး။ နိုင်ငံရေးကို ရိုးရိုးဖြောင့်ဖြောင့် လုပ်တာဟာ နိုင်ငံရေး ပရိယာယ် ကြွယ်ဝခြင်း မရှိတာ၊ "ရိုး" တာထက် "အ" တာလို့ မြင်သူတွေလည်း ရှိပါတယ်။ ဒါကိုလည်း ကျွန်မ သဘောမတူပါဘူး" တဲ့။ "မုသားမပါ လင်္ကာမချော" လို့ ပြောပြီး အများမိုးခါးရေသောက်လို့ လိုက်သောက်နေကြတဲ့ ခေတ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးဆိုတာ ညစ်ပတ်စရာ မလိုဘဲ သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား လုပ်လို့ရတယ် ဆိုတာကို အတိအလင်း ကြေညာလိုက်တဲ့ သဘောပါပဲ။ တကယ်တော့ အဲဒါ အနုပညာဆန်တဲ့ နိုင်ငံရေး (၀ါ) နိုင်ငံရေး အနုပညာပါပဲ။

ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အနုပညာဆန်တဲ့ နိုင်ငံရေးမျိုး ထွန်းကားစေချင်ပါသည်။ ထိုကဲ့သို့သော နိုင်ငံရေးမျိုးကို လူတိုင်းစိတ်ဝင်စားစေ ချင်ပါသည်။ လူတိုင်းစိတ်ဝင်စား ကြမှသာ အများမျှော်လင့် နေသည့် "ဒီမိုကရေစီ ပန်းတိုင်" သို့ ရောက်ရှိနိုင်ပါ လိမ့်မည်။
Credit To  Eleven Media Group
Read More »

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ (သတမန်အသိုင်းအဝိုင်းမှပေးစာ)

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ စစ်ရေးအမြင်နဲ့ပြောရင် ဦးရွှေမန်းမရှိတုန်းလုပ်ချလိုက်တာဟာ သမ္မတနဲ့ကာချုပ်တို့ရဲ့ နာမည်ကို သုံးပြီး ဦးသန်းရွှေက အာဏာသိမ်းလိုက်တာပဲ ၊ ကြေငြာချက်ထွက်သွားတယ်ဆိုတော့ ဦးသန်းရွှေ လက်ဦးမှု ရသွားတယ်ပေါ့ ၊ ဒါပေမယ့် ဦးသန်းရွှေက လက်ဦးမှုရသွားတယ်တာပြောတာ အားကမပါလာတော့ဘူး ၊ သမ္မတနဲ့ ကာချုပ်က ဒီတစ်ခါဟာ ဦးသန်းရွှေစကားကို နောက်ဆုံးအချိန်နားထောင်တာဖြစ်လောက်တယ် ၊ ကြေငြာချက်ကိုလည်း သေသေချာချာဖတ်ကြည့်ကြပါ ၊ အခြေခံဥပဒေကို မပြင်ဘူး မတွေ့ဘူးလို့ ပြောတာတွေ မပါပါဘူး ၊ လက်ရှိ လုပ်လက်စလမ်းကြောင်းအတိုင်း ဒီဇင်ဘာလကုန်လောက် မှာ အားလုံးတင်လာတာတွေကို ဝိုင်းကြည့်ပြီးမှ တွေ့သင့်တယ်ဆိုရင် တွေ့မယ် လို့ ပြန်ပြောတာလေ ၊ ဒါကို သုံးသပ်ရရင် အချက်ပြန်ပြတဲ့ အထဲမှာ အလံဖြူက တစ်ဝက်လောက်ပါနေပြီ ၊ ဒီကြားထဲမှာ ဦးသန်းရွှေက ဦးအောင်သောင်း ဦးတင်အေးလိုမျိုး သူ့လူဟောင်းတွေကို အသုံးချပြီး တိုင်းပြည်ကို ခလောက်မဆန်ဖို့ပဲလိုပါတယ် ၊ အခုပဲ အင်တာနက်သတင်းမှာတွေ့လိုက်တယ် မြောက်ဥက္ကလာမှာ လက်ပစ်ဗုံး ၅၈ လုံးတွေ့တယ်တဲ့ ၊ အဲလိုသတင်းမျိုးတွေ နဲ့ ပြည်သူနဲ့စစ်တပ်ကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်ပြီး ခလောက်ဆန်ပစ်မှာကိုတော့ စိုးရိမ်ရတယ် ၊ ခုဆို ဦးဌေးဦးလိုလူမျိုးကတောင် ဦးသန်းရွှေဖက်မှာ ပြတ်ပြတ်သားသားရပ်တည်မယ်ဆိုတာမျီုးတွေ သိပ်မတွေ့ရတော့ဘူးလေ ၊ ဦးအောင်သိန်းလင်းလုပ်တာတွေလည်း လမ်းကြောင်းပေါ်ရောက်လာတာတွေ့ရတယ် ၊ ဦးဌေးဦး တို့ ဦးအောင်သိန်းလင်းတို့ကို အမတ်တွေ အဖြစ် နဲ့လည်း မြင်ပါ ၊ စစ်ဗိုလ်ဟောင်းတွေအဖြစ်နဲ့လည်း မြင်ရပါမယ် ၊ တစ်သက်လုံးနီးပါး စစ်တပ်အထဲမှာ နေလာပြီ အခု ယူနီဖောင်းလဲ အမတ်ဖြစ်တာမှ ဘာကြာသေးလို့လဲ သုံးနှစ်ကျော်ကျော်ပဲရှိသေးတာလေ ၊ သူတို့ အတွေးအမြင်တွေထဲမှာ ဒီမိုကရေစီအင်အားစုတွေ ကို ရန်ဖြစ်ဖက်ဆိုတဲ့ အမြင်တွေ ရှိနေသေး ကျန်နေသေးမှာပေါ့ ၊ ဒါပေမယ့် လက်ရှိအချိန်နဲ့ ပတ်ဝန်းကျင်ကြီးက သူတို့ကို နေ့စဉ် စိန်ခေါ်နေတယ်လေ ၊ တိုင်းပြည်က ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်နေပြီလေ ၊ တချို့ ကိစ္စတွေမှာ သူတို့ချက်ချင်းကြီး တွေးခေါ်ဆုံးဖြတ်ချက် ချနိုင်မှာ မဟုတ်ဘူး ၊ နဲနဲတော့ အချိန်ပေးရမယ် ၊ သူတို့ ပြောတဲ့ စကားတွေကိုလည်း စကားလုံးအကျအနကောက်ပြီး အပြစ်ပြောနေလို့လဲ မရဘူးလေ ၊ သူတို့တကယ်ဘာလုပ်သလဲဆိုတာပဲကြည့်ရမှာပေါ့ ၊ သူတို့က ဒီဘဝကို လိုလိုချင်ချင် နဲ့ ကြိုတင်ပြင်ဆင်ပြီးရောက်လာကြတာမှ မဟုတ်တာ ၊ ကလေးစကားပြောမယ်ဆိုရင် ကန်အချခံရလို့ ရောက်လာတဲ့သူတွေလေ ၊ ကဲပြန်ပြီး ရီဗျူးလုပ်ကြည့်မယ် ၊ ဦးသိန်းစိန် က သမ္မတဆိုပေမယ့် ဦးသန်းရွှေ ခိုင်းတာလုပ်နေရတဲ့ဘဝ သူလည်း ငြီးငွေ့လာပြီ ၊ နောက် ကာချုပ်မင်းအောင်လှိုင် သူ့ကို ပြည်သူတွေက မျှော်လင့်နေတယ် ၊ အဲဒါကို သူသိတယ် ၊ လူတစ်ယောက်မျက်နှာကိုကြည့်မလား မြန်မာပြည်သူတစ်ရပ်လုံးမျက်နှာကိုကြည့်မှာလား ၊ မြန်မာတစ်ပြည်လုံးရဲ့ မျှော်လင့်ချင်ကို ဖျက်ပြီး ဦးသန်းရွှေ ဆီမှာ ကျွန်ဆက်ခံမှာ မဟုတ်တော့ဘူးလို့ယူဆမယ် ၊ ဦးရွှေမန်း ၊ သူကတော့ မြောက်ကိုးရီးယား နျူကလီးယား ကိစ္စကို ပြတ်ပြတ်သားသား ငြင်းလိုက် ကတည်းက ဦးသန်းရွှေ နဲ့ လမ်းခွဲလိုက်တယ်လို့တောင် ပြောလို့ရတယ် ၊ အခု ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မယ် ၊ အရင် ၂၀၁၂ တုန်းက ထောက်ခံခဲ့တဲ့ ပြည်သူတွေနဲ့ တချို့နေရာတွေမှာ သွေးခွဲခံရထားတယ် ၊ ရခိုင်ကိစ္စ လိုမျိုး ဘာသာရေး ကိစ္စ လူမျိုးရေးကိစ္စ နဲ့ လက်ပံတောင်းတောင်လို ကိစ္စတွေမှာပါ ပါတယ် ၊ နောက်ပြီး ၂၀၁၂ ရွေးကောက်ပွဲဝင်မယ်ဆိုကတည်းက အပြင်ရောက်နေကြတဲ့ ဒီမိုကရေစီအင်အားအများစုက လက်မခံကြဘူး ၊ အဲဒီအထဲက တချို့တွေက ဒီကနေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပြောနေကြတုန်း ၊ နောက်ပြီး NLD ပါတီတွင်းမှာလည်း နေရာလုနေတာတွေ ဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်ချင်နေကြလို့ အချင်းချင်း ထိခိုက်တာတွေလည်းရှိတယ် ၊ နောက် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုတွေ ၊ အဲဒီအထဲက တချို့တွေက ကျရာနေရာမှာ ဆက်လုပ်နေကြတယ် ၊ တချို့ကျနေတာ့ ဟိတ်ဟန်ထုတ်ပြိး လက်ရှိ ရေပန်းစားမှုကလေးကို ကျေနပ်နေတယ် ဒီအတိုင်းမျှောနေလို့ ဘာမှ မဖြစ်ဘူး နော် ဆက်လုပ်မှ မှားသွားရင် အောက်ဆင်းသွားမှာ ဆိုပြီး ကြောက်နေတဲ့သူတွေလည်းရှိတယ် ၊ တစ်ချို့က သီးခြားပါတီထောင်ဖို့ ကြိုးစားနေတယ် ၊ ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေရဲ့ မွေးရာပါလဲပါတာပေါ့ ၊ အရေးကြီးရင်တော့ သွေးနီးတယ် ၊ အရေးမကြီးရင် အချင်းချင်းလှည့်ခွပ်နေတာပဲ ၊ ဒါက လက်ခံရမှာပဲ ၊ အဲဒီမှာ အရေးကြီးတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ သူက အဖြေမှန်ကိုသိထားတယ် ၊ အဖြေမှန်ရောက်ဖို့ ဖြေရှင်းနည်းပေါင်းများစွာကိုလည်း သိတယ် ၊ အသိဥာဏ်အမျှော်အမြင်ကြီးသလောက် လုပ်နည်းလုပ်ဟန်က ရိုးစင်းသေချာလွန်းတယ် ၊ နိုင်ငံရေးသမားပီသတယ် ၊၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်ကိုယ်သဘာဝအရကိုက အဖွဲ့အစည်းကြီးတစ်ခုဖွဲ့ပြီး တစ်သက်လုံးဗိုလ်နေရာက ဗိုလ်ကျသွားချင်တဲ့လူစားမျိုးမဟုတ် ၊ လိုတဲ့နေရာကို ဝင်ဖြည့်ချင်တဲ့ အမျိုးအစား ၊ သူလိုလူမျီုးက တည့်တည့်ပြောတတ်တော့ အမြဲတမ်း နားဝင်ချိုမှာမဟုတ် ၊ ဦးသန်းရွှေက စစ်တပ်ကို အပိုင်ကိုင်ထားတာ ၊ အပိုင်ကိုင်လို့ရအောင် စစ်ဗိုလ်ဆိုတာကိုရွေးကတည်းက ဆိုက်ကိုအောက်နေတဲ့သူ ကြောက်တတ်တဲ့သူ မှီခိုတတ်တဲ့သူ အများစုကို ပဲရွေးခဲ့တာ ၊ ဒါဆိုဗိုလ်ချုပ်တွေအထဲမှာ ထက်တဲ့သူမပါတော့ဘူးလားလို့မေးရင်တော့ ပါကောင်းပါနိုင်မယ် ဒါပေမယ့် အဲဒီထက်တာကို ဦးသန်းရွှေ မသိအောင် ဖွက်ထားနိုင်မှ ၊ မဟုတ်ရင် ဦးသန်းရွှေ သိသွားလို့ကတော့ ပညာပေးခံရမှာ ၊ စစ်သားတွေ ဆိုတာလည်း ဘာပညာမှမတတ် ပညာဆိုတာကို သင်ယူရကောင်းမှန်း မသိတဲ့သူတွေကိုပဲ ရွေးထားသလား အောက်မေ့ရအောင် လုပ်ထားတာ ၊ ဒါပေမယ့် ဒါက လောကကို ဆန့်ကျင်ပြီးလုပ်ထားတာ ၊ အရင် စစ်အာဏာရှင်ဆိုတဲ့ ခေါင်းစဉ်အောင်မှာဆိုရင်တော့ ဒီပုံစံဟာ နှစ်ပေါင်းများစွာအထိ အဆင်ပြေတယ် ၊ ခု ခေါင်းစဉ်ပြောင်းသွားပြီ ၊ ဒီမိုကရေစီ စနစ် ဒီတော့ အချိန်မြန်တာနဲ့ ကြာတာပဲကွာမယ် ၊ အားလုံးမျက်စိပွင့် နားပွင့်ဖြစ်လာပြီးဆိုရင် ဦးသန်းရွှေက စစ်တပ်ကို ကြာကြာဆက်မကိုင်ထားနိုင်ဘူး ၊ ဦးသန်းရွှေက အသက်ကြီးသွားလို့ မဟုတ်ဘူး ၊ ဒီနည်းဒီပုံစံကိုက ခေတ်နဲ့ အံမဝင်တော့တာ ၊ ဒါသဘာဝနော် ၊ ဘယ်သူမှ လွန်ဆန်လို့ မရတဲ့ သဘာဝ ၊ ကဲ အခု သမ္မတကြီး ဦးသိန်းစိန် နဲ့ ကာချုပ်မင်းအောင်လှိုင်တို့က ဦးသန်းရွှေ ကို မလှန်နိုင်ဘူးဖြစ်နေတယ် ၊ လက်ရှိအခြေအနေကိုပြောတာ ၊ ကဲ သူတို့ နှစ်ယောက် ဦးသန်းရွှေကို လှန်လိုက်ရင် ဘာဖြစ်မလဲ ၊ သူတို့ သူရဲကောင်းဖြစ်သွားမယ် ၊ ခုအချိန်မှာ ပြီးခဲ့တာတွေ အားလုံးဟာ ဦးသန်းရွှေတစ်ယောက်ထဲကြောင့်ပဲလို့ ပြည်သူတွေက မှတ်ယူပေးလို့ရတယ် ၊ ဒီအချိန်မှာ အဲဒီ သမ္မတနဲ့ကာချုပ် ဒါကိုရွေးချယ်နေတယ် ၊ ကဲပြောကြည့်မယ် ၊ တကယ်လို့ အဲဒီ သမ္မတ နဲ့ ကာချုပ်က ပြည်သူတွေ မျက်နှာမကြည့်ပဲ ဦးသန်းရွှေတစ်မျက်နှာပဲကြည့်သွားတယ်ဆိုပါတော့ ၊ စိတ်မပူနဲ့ သိပ်မကြာခင်မှာ သူတို့အားလုံးကို ဆုံးမဖို့ နောက်တစ်ယောက်ထွက်လာလိမ့်မယ် ၊ အဲဒီလူက စစ်တပ်အထဲကပဲထွက်လာမှာ ၊ အပြင်ကလာမှာမဟုတ်ဘူး ၊ မိုးပေါ်က ကျလာမှာမဟုတ်ဘူး ၊ အဲဒီ စစ်တပ်အထဲကပဲ ထွက်လာရမှာ ၊ အဲဒီတော့မှာ ထွက်လာတဲ့ နောက်တစ်ယောက်လည်း သူရဲကောင်းဖြစ် စစ်တပ်ကြီးလည်း ပြည်သူ့တပ်မတော်ဖြစ် ၊ ဒါရှင်းနေတာပဲ ၊ ဒီလမ်းကြောင်းအတိုင်းပဲဖြစ်ရမှာ ၊ ဒီတော့ စိတ်ရှည်ရမယ် ၊ မလောရဘူး ၊ စည်းချက်ညီရမယ် ၊ စည်းချက်ကဘယ်ကလာမှာလဲ ၊ စည်းချက်တီးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ၊ အရေးကြီးတာတစ်ခုရှိတယ် ၊ စစ်တပ်ကို နီးနီးကပ်ကပ်ရှိပြီး ပြည်သူတွေလိုချင်နေတာ ဘာလဲဆိုတာ အောက်ခြေစစ်သားတွေ အရာရှိငယ်တွေ တပ်မှူးငယ်တွေ သိအောင် ပြောနေရမယ် ၊ တတွတ်တွတ်နဲ့ ကိုပြောနေရမယ် ၊ လူထုတိုက်ပွဲဆိုတာကြီးနဲ့ စိတ်ကူးမယဉ်နဲ့ လူထုတိုက်ပွဲဆိုတာ လူစိတ်မရှိတဲ့လူတွေလက်ထဲက သေနတ်တွေကို ကိုယ်တွေရဲ့ ရင်ဘတ်တွေ နဲ့ ရင်ဆိုင်တာ ၊ ဒါမျိုးဒေါ်အောင်ဆန်းစုကြည် အဖြစ်ခံမှာမဟုတ်ဘူး ၊ အဲလို သွေးတွေမြေမကျစေချင်လို့ ၂၀၁၂ ကတည်းက မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်လုပ်ခဲ့တာ ၊ ကဲဒါဆို နားလည်လောက်ပြီထင်ပါတယ် ၊ ဦးသန်းရွှေ ချောင်ပိတ်မိနေတယ်ဆိုတာ နားလည်လောက်ပြီထင်ပါတယ် ၊ (သံတမန်အသိုင်းအဝိုင်းမှပေးလာခြင်းဖြစ်သည်)
Read More »

အနောက်တိုင်း တရားသေဝါဒနှင့် မြန်မာနိုင်ငံ၏ ပုံရိပ် ကောင်းမွန်ရေး စိန်ခေါ်မှု ချစ်ဦးကိုကို

ဘာလင်ခရီးမှာ လေ့လာရေးခရီး စီစဉ်သူတွေက ပရိသတ် အနည်းငယ် တက်ရောက်မည့် Café Talk လေး တစ်ခု လုပ်ချင်ကြောင်း၊ မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားကြသည့် ဂျာမန် လူမျိုးများ ပါဝင် နားထောင် ဆွေးနွေးကြမည် ဖြစ်ကြောင်း အချိန်ကပ် ပြောလာသည်။ မြန်မာနိုင်ငံအကြောင်း ယေဘုယျ ပြောလျှင် ရပါသည်ဟု ပြောသည့်တိုင် အင်္ဂလိပ်လို ညံ့ရသည့်အထဲ ဗမာလိုပင် လူရှေ့ထွက်ပြီး ဟောတာပြောတာ မလုပ်ဖူးသော ကျွန်တော့်မှာ ခေါင်းနပန်း ကြီးရသည်။ ပိုဆိုးသည်က တစ်နာရီမျှသာ ကပ်၍ ကျွန်တော် ပြောရမည်ဟု လူအပြောင်းအလဲ လုပ်လိုက်ခြင်းကြောင့် ဖြစ်ရာ ဘာမှ ပြင်ဆင်ချိန် မရခဲ့။
ထိုသို့ဖြင့်ပင် လူတွေ တဖွဲဖွဲ ဝင်လာသည့် ကော်ဖီဘားလေး အတွင်း လူခြောက်ဆယ် နီးပါးမျှ ရှိလာသည်။ စစချင်း ဆောက်နှင့်ထွင်း ဆိုသလိုပင် မြန်မာနှင့်ဘားမား ဘယ်ကိစ္စ အမှန်လဲဆိုသော မေးခွန်းနှင့် စလေတော့သည်။
ကျွန်တော်နှင့်အတူ ဖြေရသည့် အမျိုးသမီး နှစ်ဦးက သူတို့ အတွေ့အကြုံကို မူတည်၍ မြန်မာနိုင်ငံထဲမှာ ဖြစ်နေသည့် ဘားမားနှင့် မြန်မာ သဘောထား ကွဲသည့်ကိစ္စ၊ အစိုးရ၏ သဘောထားတို့ကို အချက်အလက်နှင့် အဟအပွင့် မရှိအောင် ထိန်း၍ ဖြေပေးသည်။
ကျွန်တော့်အလှည့် ရောက်လာတော့ မြန်မာ ဖြစ်ဖြစ်၊ ဘားမား ဖြစ်ဖြစ်၊ ထိုကိစ္စက ပြဿနာ မဟုတ်ကြောင်း၊ သမိုင်းကြောင်း အရလည်း မြန်မာ မင်းများ၊ ဗမာ ဘုရင်များဟု ခေါ်ကြသည့်တိုင် မြန်မာ အမည်နှင့်ရော ဗမာအမည်နှင့်ပါ တည်ထောင်ခဲ့သည့် နိုင်ငံတော် မရှိ၊ တရုတ် သမိုင်း မှတ်တမ်းများတွင် မန်းမန် (ခ) မိန်ရ်မဟု ခေါ်ကြပြီး အိန္ဒိယတိုက်သားတို့က ဗြာဟ္မဏဟု ခေါ်ကြကြောင်း၊ အင်္ဂလိပ်တို့က အိန္ဒိယက ဗြဟ္မာကို မွေးစားပြီး ဘားမားဟု ခေါ်ရာမှ လွတ်လပ်ရေး ရပြီး ဘားမား ဖြစ်လာကြောင်း၊ ထို့နောက် တစ်ပါတီ အုပ်ချုပ်ရေးအောက်တွင် မြန်မာဟူသော အမည်ကို ပြောင်းလဲ သုံးစွဲခဲ့ကြောင်း၊ သို့သော် ကျွန်တော်တို့ နိုင်ငံမှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်၍ တရုတ်က ဘယ်လို ခေါ်ခေါ် အိန္ဒိယက ဘယ်လို ခေါ်ခေါ် ကျွန်တော်တို့ နိုင်ငံ အမည်ကို ကျွန်တော်တို့ သတ်မှတ်နိုင်ရေးပင် ဖြစ်ကြောင်း၊ ဘားမားလား၊ မြန်မာလား ဆိုသည့်ကိစ္စမှာ ကျယ်ပြန့်စွာ ငြင်းခုံရမည့် ဒီဘိတ်ဖြစ်သည့်တိုင် လက်ရှိ ကျွန်တော်တို့မျိုးဆက် တော်တော်များများ ကတော့ မြန်မာဟုသာ ပြောကြကြောင်း၊ ကုလသမဂ္ဂ တရားဝင် အသုံးအနှုန်းမှာလည်း မြန်မာသာ ဖြစ်ကြောင်း ရှည်ရှည်လျားလျား ရှင်းပြလိုက်ပါသည်။
နိုင်ငံတစ်ခု၏ Legitimacy ဟု ခေါ်သည့် ဂုဏ်သရေက အရေးကြီးကြောင်း၊ လက်ရှိ တရားဝင် အသိအမှတ် ပြုထားသော အမည်ကို သုံးစွဲလျှင် သင့်လျော်မည် ဖြစ်ကြောင်း၊ ပို၍ အရေးကြီးသည်မှာ ဘားမားလား၊ မြန်မာလား အရေမရအဖတ်မရ မငြင်းဘဲ နိုင်ငံတော် ဆိုသည်ကို မည်သို့ အဓိပ္ပာယ် ဖွင့်ကြမည်နည်း၊ မည်သို့ တည်ဆောက် ကြမည်နည်းဟု စဉ်းစားရမည့် အချိန်သာ ဖြစ်ကြောင်း၊ အကျိုးမ ဖြစ်ထွန်းသည့် ငြင်းခုံမှုများက တိုင်းပြည်ကို နှစ်ပေါင်း များစွာ နောက်ကျ ကျန်စေခဲ့သည်ကို သင်ခန်းစာ ယူရမည်သာ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ပြောပြလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၅ ရွေးကောက်ပွဲ၊ သမ္မတ ဖြစ်နိုင်ခြေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတို့တွင် ဘယ်လို ထင်ပါသနည်းဟု တစ်ဆက်တည်း မေးလာသည်။
နိုင်ငံရေးတွင် မဖြစ်နိုင်တာ ဘာတစ်ခုမှ မရှိကြောင်းကို မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများက သက်သေပြပြီး ဖြစ်ကြောင်း၊ ပြဿနာမှာ နိုင်ငံရေး အင်အားစုများ အကြား ပါဝါခွဲဝေမှု မညှိနှိုင်းနိုင်၍သာ တိုင်းပြည် နောက်ကျ ကျန်နေခဲ့ရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ လူထုထံမှလာသော အပြောင်းအလဲ မဟုတ်ဘဲ အပေါ်ထပ် အဆောက်အဦမှ လာခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်ကို ဆုံးဖြတ်နိုင်ရေး အတွက် နိုင်ငံရေး အင်အားစုများ အကြား မည်သူက မည်သူ့ကို မည်သို့ အာမခံနိုင်မည် ဆိုသည့် ကိစ္စကို ညှိနှိုင်းနိုင်ကြလျှင် သမ္မတ ရွေးချယ်ရေး ဆိုသည့် ကိစ္စမှာ ပြဿနာဟု မမြင်မိကြောင်း၊ သို့သော် မိသားစုအတွင်း၌ပင် ညှိနှိုင်းရန် ခက်ခဲသည်ဖြစ်ရာ တိုင်းပြည်နှင့်ချီသော ကိစ္စအတွက် ညှိနှိုင်းရန်မှာ စိန်ခေါ်မှု များစွာ ရှိပါသည် ဟူ၍ပင် ကွေ့လည်ကြောင်ပတ် ဖြေလိုက်ရသည်။
စီစဉ်သူများက တက်ရောက် နားထောင်မည့် ဂျာမန်များမှာ မြန်မာနိုင်ငံအကြောင်း ယေဘုယျသာ သိထားပြီး စိတ်ဝင်စား၍ လာရောက် နားထောင်သူများ ဖြစ်ပါသည်ဟု ဆိုသည့်တိုင် သူတို့ သိသည့် ယေဘုယျမှာ နိုင်ငံတကာ မီဒီယာက ပုံဖော်ထားသည့် မြန်မာနိုင်ငံ၏ ပုံရိပ်များ၊ ထို့ပြင် မြန်မာ နိုင်ငံတွင် အလုပ်လုပ်ဖူးသူများ၊ INGO များမှ ပုဂ္ဂိုလ်များပါ ပါလာသည်ဖြစ်ရာ တဖြည်းဖြည်းနှင့် စကားဝိုင်းက အရှိန်ရလာသည်။
အထူးသဖြင့် အနောက်တိုင်းသားတို့ အမွှန်းတင်လေ့ ရှိသည့် လူ့အခွင့်အရေး ကိစ္စများတွင် သူတို့ မေးသည့် မေးခွန်းများမှာ ပြင်းထန်လာသည်။ ရိုဟင်ဂျာ ကိစ္စနှင့် ဘင်္ဂါလီ ကိစ္စကို ဘယ်လို ထင်ပါသလဲဟု မေးလာသည်။
ဘယ်လိုမှ မထင်ပါ၊ သမိုင်း ပညာရှင်များနှင့် အစိုးရများက ဆုံးဖြတ်ရမည့် ကိစ္စရပ်များ ဖြစ်၍ ဂျာနယ်လစ်များနှင့် လားလားမျှ မဆိုင်ပါဟုသာ တိုတိုပြတ်ပြတ် ဖြေလိုက်ရသည်။
သို့သော် ထိုမျှနှင့် မရပ်။ ဘင်္ဂါလီ ဆိုလျှင်လည်း အချို့မှာ မျိုးဆက်ပေါင်း များစွာ နေလာပြီး ဖြစ်သည့်တိုင် အဘယ့်ကြောင့် နိုင်ငံသား မပေးရသနည်း ဆိုသည့် ကိစ္စကို အမျိုးသမီး တစ်ဦးက လေသံ ခပ်မာမာနှင့် မေးလာသည်။
မြန်မာနိုင်ငံတွင် လူနည်းစု ဘာသာဝင်များနှင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေး ချိုးဖောက် ခံနေရသည်မှာ ခါးသီးသည့် အမှန်တရား ဖြစ်ပါသည်။ သို့နှင့်တိုင် တစ်ဖက်မှ စဉ်းစားရမည့် ကိစ္စမှာ လူများစုတွေရော လူ့အခွင့်အရေး အပြည့်အဝ ရနေသလား ဆိုသည့် ကိစ္စပင်။ အဓိက ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတာက တရားဥပဒေ စိုးမိုးရေး ကိစ္စဖြစ်သည်။ နိုင်ငံသားမရ ထိုက်သူတွေ ရနေသလို ရထိုက်သူတွေလည်း မရဘဲ ဖြစ်နေသည်။ တည်ဆဲ နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်လျှင် ဖြစ်ရမည် ဖြစ်သည်။ သို့သော် လုပ်ထုံးလုပ်နည်းနှင့် တရားဥပဒေ စိုးမိုးရေး မရှိ၍ ထိုကိစ္စများမှာ ယနေ့ မြန်မာနိုင်ငံ အတွက် အရေးအကြီးဆုံး စိန်ခေါ်မှုများ ဖြစ်လာနေသည်။ မြေယာကိစ္စမှာ ယနေ့ ပွင့်လင်းလာသည့် မြန်မာ့ နိုင်ငံရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်ပါသည်။
ထိုသို့ပြောတော့ ဂျာမန် အမျိုးသမီးကြီး တစ်ဦး လက်ပံတောင်း ကိစ္စနှင့် ဥပမာပေးသည်။ လက်ပံတောင်းမှာ လူ့အခွင့်အရေး ချိုးဖောက် ခံရသူတွေက လူနည်းစုတွေလား လူများစုတွေလား ဆိုသည့် ကိစ္စကို တက်ရောက်လာသူတွေ နည်းနည်း မြင်သွားသလို ရှိသည်။ သို့သော် လတ်တလော အကြမ်းဖက်မှုများ ကိစ္စ၊ ထိုကိစ္စကလည်း အထက်က ဆိုခဲ့သလို တရားဥပဒေ စိုးမိုးရေးသာ ဖြစ်သည်။ အင်္ဂလန်မှာရော ဂျာမနီမှာပါ အမျိုးသားရေး ဝါဒီတွေ ရှိသည့်တိုင် တရားဥပဒေ စိုးမိုးရေး အားကောင်းသဖြင့် လူနည်းစုတွေကို အကာအကွယ် ပေးထားသည်။ ကျွန်တော်တို့ နိုင်ငံမှာက တရားဥပဒေ စိုးမိုးရေး မရှိသဖြင့် လူများစုကိုပင် အကာအကွယ် မပေးနိုင်သည် ဖြစ်ရာ သူတို့ စံနှုန်းနှင့် မည်သို့မျှ တိုင်းမရ။
သူတို့ ထပ်မေးသည်က မြန်မာနိုင်ငံ အနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ၊ INGO များထံမှ ဘာတွေ မျှော်လင့်ထားသနည်း ဆိုသည့်ကိစ္စပင် ဖြစ်သည်။
ကျွန်တော်တို့က ဂျာနယ်လစ်တွေသာ ဖြစ်သည်။ အစိုးရ မဟုတ်၊ ထို့ကြောင့် ဘာတွေ မျှော်လင့်သလဲ ဆိုတာ အစိုးရကိုသာ သွားမေးပါဟု ဘုတော တောရတော့သည်။ သို့သော် ဘုတောပြီးမှ မြန်မာပီပီ အားနာသွားပြီး ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးမှု နည်းသည်၊ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ရောက်ဖို့ ကြိုးစားတာ တိုးတက်ချင်၍ ဖြစ်သည်။ နိုင်ငံသား တစ်ဦး အနေနှင့် ဖြေရလျှင်မူ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းကို အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းမှုများနှင့် အင်စတီကျူးရှင်း ဆိုင်ရာ စွမ်းရည်များကို ရယူ လိုပါသည်။ ကျွန်တော်တို့ နိုင်ငံမှာ ရေရှည်တွင် ဂုဏ်သိက္ခာ ရှိသော နိုင်ငံအဖြစ် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရန် လိုအပ်ပါသည်၊ ထိုကိစ္စများကို နိုင်ငံသား တစ်ဦး အနေနှင့် ပြောခြင်းသာ ဖြစ်ပါသည်ဟု လေပြေ ထိုးလိုက်ရသည်။
ကျွန်တော် သတိထား မိလာသည်က လှေနံဓားထစ်နှင့် တရားသေဝါဒ ဖြစ်သည်။ ထိုစကားရပ်မှာ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့ လူ့အဖွဲ့အစည်းကို သရော်ရာတွင် ထိထိမိမိ ရှိလှသော စကားရပ်။ သို့နှင့်တိုင် သတိထား မိလာသည်က အတွေးအခေါ် ထွန်းကားသော ဥရောပတွင်ပင်လျှင် တရားသေဝါဒ ဆုပ်ကိုင်မှုကို လှစ်ခနဲ မြင်လိုက်သလို ရှိသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ အသွင်ပြောင်း အစိုးရတစ်ရပ်၊ ဖွံ့ဖြိုးမှု နှေးကွေး၊ တိုင်းရင်းသား လူနည်းစုများကို အစိုးရတပ်က ထိုးစစ်ဆင်၊ လူနည်းစု ဘာသာဝင်များကို လူများစုက အကြမ်းဖက်၊ ယခုကဲ့သို့ နိမ့်ကျလှသော နိုင်ငံမျိုးကို လူ့ယဉ်ကျေး အသိုင်းအဝိုင်း နိုင်ငံကြီးများနှင့် INGO များက ထောက်ပံ့ရမည် ဆိုသည့် အနောက်တိုင်း တရားသေဝါဒကိုများ ဆုပ်ကိုင်ထားကြသလောဟု သံသယ ဖြစ်လာသည်။ ကျွန်တော်တို့ ဖြေသည့် အဖြေများကို လက်ခံလိုပုံ မရပါ။ မြန်မာနိုင်ငံ ရောက်ဖူးပါသလားဟု မေးလိုက်တော့လည်း ရောက်ဖူးသူ အနည်းငယ်သာ ရှိပြီး မြန်မာ့ နိုင်ငံရေးကို အတွင်းကျကျ သိပုံမပေါ်။
သို့သော် မီဒီယာ အားကောင်းသော လူ့အဖွဲ့အစည်းတွင် နေထိုင်ရသော သူတို့အတွက် သူတို့ရသည့် အင်ဖော်မေးရှင်းဖြင့် ထိုကဲ့သို့ တရားသေဝါဒကို ကိုင်စွဲပြီး စွပ်စွဲလာခြင်းကိုမူ နားလည်ပေး၍ ရသည်။ ပုံမှန်အားဖြင့် အနောက်တိုင်းသားများမှာ လက်တွေ့ကျကျ သိမြင်လျှင် လက်ခံနိုင်စွမ်း အနည်းနှင့်အများ ရှိကြသည်သာ ဖြစ်ပါသည်။ ထိုကိစ္စကို အနောက်တိုင်း အစိုးရများနှင့် ပြည်သူများ အကြား အကွာအဟဖြင့် ချိန်ထိုးကြည့်နိုင်မည် ဖြစ်ပါသည်။ ဆိုရပါမူ မြန်မာနိုင်ငံ၏ အပြောင်းအလဲများ၊ လက်တွေ့ နိုင်ငံရေးဘဝနှင့် နိုင်ငံတော်သမ္မတ၏ လစ်ဘရယ် အမွှန်းခန်းများပါသော မိန့်ခွန်းများကို အနောက်နိုင်ငံ အစိုးရများက အပေါင်းလက္ခဏာ အဖြစ် ကြိုဆို လက်ခံနိုင်ကြသည့်တိုင် အနောက်တိုင်း ပြည်သူများကတော့ သူတို့ လက်လှမ်းမီသည့် မီဒီယာများမှ ရရှိသည့် သတင်းများဖြင့်သာ တိုင်းတာ ကြပါသည်။
ကျွန်တော် တွေးမိသည်က အနောက်တိုင်းသားများ တရားသေဝါဒ ကိုင်စွဲခြင်းကြောင့် သူတို့တွင် ဘာမှ ထိခိုက်စရာ မရှိသော်လည်း ကျွန်တော်တို့ တိုင်းပြည်၏ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေတာတော့ သေချာသည်။ သူတို့ဆီမှာက အစိုးရက ဆုံးဖြတ်ခြင်း မဟုတ်၊ ပြည်သူလူထုက တိုက်ရိုက် ဆုံးဖြတ်ခြင်း ဖြစ်ပြီး ပြည်သူ၏ မဲတစ်မဲက အစိုးရ အပြောင်းအလဲ အတွက် အဆုံးအဖြတ် ပေးနိုင်သည်။ ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေကို သူတို့ ပြည်သူတွေထံမှ ရသော အခွန်ဖြင့် ဆိုင်ရာ အစိုးရများက ထောက်ပံ့ ကူညီခြင်း ဖြစ်သည်။ ထိုပြည်သူများ အမြင်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်မှာ တစ်မျိုးတစ်မည် ဖြစ်နေလျှင် နိုင်ငံတကာကို ကူညီ ထောက်ပံ့မှုများ လျှော့ချမည့် အစိုးရမျိုးကို ရွေးချယ်ပေလိမ့်မည်။ ယခု အန်ဂျလာမာကယ် ပြန်လည် အနိုင်ရခြင်းတွင် အိမ်နီးချင်း နိုင်ငံများကို အားနာနေရခြင်းထက် ဂျာမန်လူထု၏ အကျိုးစီးပွားကို အာရုံပို၍ စိုက်မည်ဆိုသော ပေါ်လစီက များစွာ အဆုံးအဖြတ် ပေးခဲ့ပါသည်။
အစိုးရချင်း ဆက်ဆံရေးကို ဦးစားပေးခဲ့၍ မဟာအိမ်နီးချင်း နိုင်ငံနှင့် ပြည်သူများ အပေါ်တွင် ကျွန်တော်တို့ ပြည်သူလူထု၏ အမြင်တစ်မျိုး ရှိသည့် အချက်ကိုလည်း သတိပြုနိုင်ပါလိမ့်မည်။ အစိုးရချင်း ဆက်ဆံရေးမှ ပြည်သူချင်း ရင်းနှီး ချစ်ကြည်ရေး ဆိုသည့် မူဝါဒမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကြီးသော ထိုနိုင်ငံများ၏ အီလစ်များက မြန်မာနိုင်ငံတွင် မည်မျှ လာရောက် ရင်းနှီးမြှုပ်နှံမည်၊ လူမှုရေး အကူအညီများ မည်မျှပေးမည် ဆိုသည့် အချက်ကို အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။ ယခင်က ပွင့်လင်းမြင်သာမှု မရှိခဲ့၍၊ မီဒီယာကို အကျိုးရှိစွာ အသုံးချရန်ထက် ပိတ်ပင်ရန် ကြိုးစားခဲ့၍ နိုင်ငံတကာတွင် တိုင်းပြည်ပုံရိပ် ကျဆင်းခဲ့သလိုပင် ယခုလည်း မီဒီယာကို အကျိုးရှိစွာ အသုံးချရန်ထက် မိမိ အခက်အခဲကို ဖုံးကွယ်၍ သိက္ခာဆည်ရန် ကြိုးပမ်းနေမှု များကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာ ပြည်သူတွေက တစ်မျိုး မြင်လျက်ပင် ရှိပါသေးသည်။ ထို့အတွက် သူတို့ အစွဲကျွတ်ရန် မြန်မာနိုင်ငံတွင် လက်တွေ့ အပြောင်းအလဲများ ဖြစ်နေပါပြီ ဆိုသော သေချာသည့် ပုံရိပ်မျိုး ဖြစ်ရန် ကြိုးစားရမည်မှာ မြန်မာနိုင်ငံ၏ တာဝန်သာ ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂုဏ်သိက္ခာရှိစွာ ဝင်ရောက်မည့် နိုင်ငံတစ်နိုင်ငံ အနေနှင့် နိုင်ငံတကာက ကိုယ့်ကို ဘယ်လို မြင်စေချင်တာလဲ ဆိုသည့် ကိစ္စမှာ ကိုယ်က လုပ်ဆောင်ရမည့် ကိစ္စသာ ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံ၏ အပြောင်းအလဲများ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပါသည်။ နိုင်ငံတကာ အစိုးရများကလည်း သဘောပေါက် လက်ခံလာပြီ ဖြစ်ပါသည်။ သို့နှင့်တိုင် စဉ်းစားရမည့် အချက်မှာ နိုင်ငံတကာ ပြည်သူများ အမြင်မပြောင်းသေးသည့် ကိစ္စကို ကျွန်တော်တို့ အနေနှင့် မည်သို့ လုပ်ဆောင်ကြမည်နည်း ဆိုသည့် ကိစ္စသာ ဖြစ်သည်။ တိုင်းပြည်၏ ပုံရိပ်ကောင်းဖို့ အစိုးရတွင် တာဝန်ရှိသလို နိုင်ငံတကာ ပြည်သူများထံ သတင်းစကားပါးဖို့ ကျွန်တော်တို့ မီဒီယာများနှင့် ပြည်သူများကလည်း ဝိုင်းဝန်းကြရန် လိုပေလိမ့်မည် ဖြစ်ပါသည်။
ချစ်ဦးကိုကို
Credit To The Voice Weekly
Read More »

အရှုပ်ကိုရှင်းသူ၊ အရှင်းကိုရှုပ်သူ(ဌေးအောင်ကို)




နိုင်ငံရေးမှာ အတိုက်အခံဆိုတဲ့ စကားလုံးကို တွင်ကျယ်စွာ အသုံးပြုနေကြ ပါတယ်။ ပါတီတစ်ခုက အနိုင်ရပါတီ ဖြစ်သွားရင် ကျန်ပါတီက အတိုက်အခံပါတီ အမည်ခံဘဝကို ရောက်သွားရပါတော့တယ်။ တကယ်တော့ ဘယ်လိုပဲ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ၊ ဘယ်သူဖြစ်စေ၊ ဘယ်ပါတီဖြစ်စေ တိုင်းပြည်ရဲ့ အခက်အခဲကို ကူညီ ဖြေရှင်းသွားနိုင်ဖို့သာ အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ရှုပ်နေတာကို ရှင်းဖို့ပါ။ ရှင်းနေတာကို ရှုပ်ဖို့တော့ မဟုတ်ရပါ။

အရှုပ်ကို ရှင်းတဲ့သူချင်း၊ ပါတီချင်း တူညီနေတဲ့ နိုင်ငံများမှ ပြည်သူများဟာ ဘယ်ပါတီကို မဲပေးရမှန်း မသိအောင် မျက်စိလည်ကုန်ပါတယ်။ မင်းသား နှစ်ပါးစလုံးက အကကောင်း ကြလေတော့ ဘယ်မင်းသားကို ပထမ ပေးရမှန်း မသိနိုင်အောင် ဖြစ်ကုန်ကြတာပါ။ နိုင်သူကို ရှုံးသူက ဂုဏ်ယူပါ သတဲ့၊ ရှုံးသူကို နိုင်သူက ပြိုင်ဘက်ကောင်းပါပဲတဲ့။ ကံကောင်းတဲ့ တိုင်းပြည်ပါပဲ။

ကျွန်တော်တို့ တိုင်းပြည်ရော အလားတူ ကံကောင်းပါရဲ့လား။ သေချာတာ ကတော့ နှစ် ၅၀ လုံးလုံး ကံဆိုးခဲ့တာပါပဲ။ နိုင်သူကို ရှုံးသူက အာဏာ လွှဲမပေးနိုင်ဘူးလို့သာ ကြားဖူးလို့ပါ။ မဲပေးလိုက်မိတဲ့ ပြည်သူတွေကို ပြောတော့လည်း စစ်သားရင့်မာကြီး ကိုယ်တိုင်က ပြောလိုက်တာမို့ ပြည်သူ့ တပ်မတော် အပေါ်မှာ ပြည်သူ့ ယုံကြည်မှုတွေ ကျဆင်း သွားခဲ့ရပါတယ်။

ဒါ ပြည်သူပြော ပြောလိုက်တာပါ။ ယုံကြည်မှု တည်ဆောက်တယ် ဆိုတာလည်း အဲဒီတုန်းက ကတိအတိုင်း လွှဲပြောင်းပေးခဲ့ရင် ယခုအချိန်ဟာ ယုံကြည်မှု တည်ဆောက်နေရမယ့် အချိန်မဟုတ်ပါဘဲ တိုင်းပြည်ကြီး အာဆီယံ ၁၀ နိုင်ငံရဲ့ အလယ်အလတ် အဆင့်ကို ရောက်ချင်လည်း ရောက်နေနိုင်တဲ့ အချိန်ဖြစ်ပေမယ့် ယခုတော့ နောက်ဆုံးက ကုန်းထရမယ့် အချိန်ပါပဲ။

အရှင်းကို ရှုပ်သူများဟာ ဘယ်တော့မှ ပြည်သူ့ဆန္ဒ ခံယူလို့ မရနိုင်ပါဘူး။ ရွေးကောက်ပွဲ ဝင်ရင်လည်း မင်းသားနဲ့ ပုဏ္ဏားလိုပါပဲ။ မင်းသားအတွက် အသည်းကြားက မဲတစ်ပြား၊ ပုဏ္ဏား အတွက်ကတော့ သေချာပါတယ်။ အသည်းထဲက ခဲမဲတွေပဲ ရမယ်ဆိုတာ။ ဒီတော့ ပုဏ္ဏားထံက ပုဏ္ဏားသံ ထွက်လာပြန်ပါတယ်။ “ငါပုဏ္ဏား မှန်နီးကီးတယ်။ ပြည်သူတွေ မဲပေးတာ မှားနီးကီးတယ်” တဲ့။

မိဘပြည်သူတွေကို အထင်အမြင် သေးတတ်သူများ ပါတီမထောင်၊ ခေါင်းဆောင် မလုပ်ဘဲ ကိုယ့်စီးပွားပဲ ကိုယ်လုပ်စေချင်ပါတယ်။ ဒါဆိုရင် အရှင်းကို ရှုပ်တတ်သူများ လျော့ပါးသွားမှာပါ။ ခုဟာက ပြည်သူ့ခလုတ်လို ဖြစ်နေပါတယ်။ ဘာပဲလုပ်လုပ် ရှုပ်နေတော့တာပါပဲ။

ခုပဲ ဖွဲ့စည်းပုံပြင်ဖို့ လုပ်နေပါပြီ။ ကမ္ဘာကအစ ပြင်စေချင်တဲ့ ဖွဲ့စည်းပုံကြီးကို “ပြည်သူက ပြင်ချင်တယ်ဆိုတာ မယုံဘူး” ပြောတဲ့လူက ပြောတယ်။ မနေ့တစ်နေ့က လျှောက်ထားဆဲ ပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုသူက “ကျွန်တော်တို့က ပြည်သူလူထုကို အခြေခံပြီး အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ကျွန်တော်ကတော့ အယုံအကြည် မရှိဘူး။ လုပ်လည်း မလုပ်ဘူး” တဲ့ဗျာ။

‘မြန်မာပြည်မှာ ပါတီတွေကများ၊ ကွာလတီတွေကနည်း’ ဆိုတာလို ဖြစ်နေတာပါ။ ပြည်သူတွေဟာ သူတို့ ပါးစပ်ထဲက နလပိန်းတုံးတွေ ဖြစ်နေရတယ်။ သူတို့က အသိအတတ်၊ ပြည်သူက ပစိပစပ်၊ သူတို့က အကျော်အမော် ပြည်သူက မတော်တရော်လို့ အောက်မေ့နေပုံပါပဲ။ ဘယ်သူမှ ပညာကုန် မတတ်ပေမယ့် ပြည်သူဆိုတာ မဲရုံထဲမှာ စိတ်ချရတာတော့ ယုံလိုက်ပါ။

မြန်မာ့နိုင်ငံရေး ညစ်ထေးနေရမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေမှာ တာဝန်မရှိပါ။ ခေါင်းဆောင်ပိုင်းက စိတ်ဓာတ် မသန့်ရှင်းလို့ပါပဲ။ ယခု ခေါင်းဆောင်ပိုင်းရဲ့ စိတ်ဓာတ် သန့်ရှင်းပြန်တော့ အဟောင်းဆရာရဲ့ အပေါင်းအပါတွေက မကောင်းတာတွေ လုပ်ချင်ပြန်တယ်။ ခေါင်းဆောင်က ရခိုင်ကို သွားတယ်။ “သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်” သီချင်းလို သမ္မတလာမှ မီးရှို့ပြပြန်တယ်။ ကမ္ဘာက ကြားလို့မှ မလျော်တဲ့ကိစ္စပါ။ သမ္မတက “ဒါတိုက်ဆိုင်တာ မဟုတ်ဘူး၊ ပယောဂ” တဲ့။

ယခုအချိန်ဟာ ခေါင်းဆောင်ကောင်းနဲ့ အတိုက်အခံကောင်းတို့ ပေါင်းမိချိန် ဖြစ်ပြီး တိုင်းပြည်ကောင်းဖို့ အတွက် ကြိုးစားကြရမယ့် အချိန်ကို ရောက်နေတာပါ။ သမ္မတက ဘာဖြစ်တယ်။ သူမက ညာဖြစ်တယ်နဲ့ ရွဲ့နေရမယ့်အချိန် ဖဲ့နေရမယ့် အချိန်တွေလည်း မဟုတ်ပါဘူး။

ပြည်သူ့အသံကိုလည်း နားမထောင် ခေါင်းဆောင်ရဲ့ အပြောကိုလည်း နားမစွဲ ကြားထဲက ဖျက်မြင်းလုပ်နေသူ၊ အရှင်းကို ရှုပ်နေသူတွေရဲ့ရန်က တိုင်းပြည်ကို ကာကွယ်ရမှာပါ။ သူတို့က လက်နက်လည်း ကိုင်မထားလေတော့ တပ်မတော်နဲ့လည်း တိုက်လို့မရ၊ ပြည်သူ့အသည်းက ညီတူမဲတွေနဲ့သာ တိုက်ထုတ်လို့ ရပါလိမ့်မယ်။ ရှုံးမဲ၊ ဗုံးခွဲတွေဟာ သတိထားစရာတွေပါပဲ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့လည်း တိုက်ရိုက် အချိုးကျနေတာပါ။ သင့်မြတ်ရေးဟာ ပြည်တွင်း ငြိမ်းချမ်းရေးလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်ပုံစံ ပြည်ထောင်စုကို လိုချင်နေကြတယ်။ မပေးသရွေ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမှာမို့ အပေးအယူ မျှတစွာနဲ့ ပေးဖို့သာ ကြိုးစားကြရမှာပါ။ ဗမာ လူမျိုးကြီးဝါဒ လုပ်လို့မရပါ။

ဖွဲ့စည်းပုံထဲမှာ တပ်မတော်ဆိုတဲ့ စကားလုံး ၁၂၂ လုံး ပါဝင်တယ်လို့ ထောက်ပြကြတာ ရှိပါတယ်။ ယခင်က လုံးဝမပါရှိဘဲ ယခုဒီလောက် များပြားစွာ နေရာယူထားတာမို့ အပြောင်းအလဲ ကာလမှာ ထည့်သွင်းထားရတာ ဆိုရင်လည်း ဒီကိစ္စကို မထိနဲ့လို့ ပြောဆို၊ ငြင်းဆိုနေမယ့်အစား အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးခြင်းဖြင့် ပြည်သူ့ ယုံကြည်မှုကို ရယူစေလိုပါတယ်။

နိုင်ငံတကာ အမြင်အရရော ပြည်သူ့ဆန္ဒအရပါ အနှေးနဲ့အမြန်ပဲ ရုပ်သိမ်းပေးရမယ့် ကိစ္စလည်း ဖြစ်နေပါတယ်။ လူနည်းစုက ပညာရှင် အမြင်လိုလို ဘယ်လိုပဲ ဘေးတီး ပေးနေစေကာမူ ပြည်သူနဲ့ ဆန့်ကျင်လို့ မရစကောင်းတာမို့ ပြည်သူချစ်တဲ့ တပ်မတော်ကြီးအဖြစ်သာ လျှောက်လှမ်းသင့်ပါတယ်။ လူမှန် နေရာမှန် အလှမှန်တဲ့ တပ်မတော်ကြီးကိုပဲ မြင်လိုပါတယ်။

နိုင်ငံရေးရဲ့ အလှဟာ နိုင်ငံရေးသမားကောင်းတွေရဲ့ ခေါင်းဆောင်မှုပါပဲ။ ကာကွယ်ရေးရဲ့ တကယ့် အလှတရားဟာ စစ်သားကောင်းတွေရဲ့ ခေါင်းဆောင်မှုပါပဲ။ ပညာရေးရဲ့ အလှတရားကို စစ်သားက ဦးဆောင်ပြလို့ မရနိုင်ပါဘူး။ တကယ့် ပညာတတ်တွေကသာ ဦးဆောင်ရမယ့် အရာပါပဲ။ ခြေမရဲ့အလှဟာ လက်မမှာ လာလှလို့ ဖြစ်နိုင်တဲ့အရာ မဟုတ်ပါ။

ဒီမိုကရေစီ ခေါင်းဆောင်က တွေ့ဖို့ကြိုးစားတာ လေးငါးခါ ရှိသော်လည်း ပေးမတွေ့ဘူးဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ ဒီသတင်းမှန်ရင် ပေးတွေ့ခြင်းသာ တိုင်းပြည်အတွက် မမှားတဲ့ ဆေးပါပဲလို့ တိုက်တွန်း လိုပါတယ်။ ပြည်သူတွေဟာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးမူကို လက်ကိုင် ထားကြတာမို့ မတွေ့လိုသူဘက်မှာ ပြည်သူရဲ့ ရပ်တည်မှုဆိုတာ မရှိလို့ပါပဲ။

ဒီတိုင်းပြည်မှာ အားလုံးညီညွတ်မှသာ (ဗိုလ်ချုပ် ပြောသလို စားဖားတွေ ညီညွတ်တာကို မဆိုလိုပါ) အားလုံး ညီညာမှသာ ပြည်သာတော့မှာပါ။ အိမ်နီးချင်း တိုင်းပြည်တွေကို အမီလိုက်နိုင်မှာပါ။ ခုတော့ အိမ်နီးချင်း တိုင်းပြည်များမှာ သူ့ကျွန်သွားပြီး ခံနေရတုန်းပါပဲ။

နောက်ထပ် အသံထွက်နေတာကတော့ သူမ မပါရအောင် ရေးဆွဲထားတဲ့ ပုဒ်မကိစ္စပါပဲ။ ဒီနေရာမှာ ရှင်းတာကို ရှုပ်ပြထားတာက ဗိုလ်ချုပ် လက်ထက်က ဆွဲထားတဲ့ အတိုင်းလိုလို ပြောဆိုနေမှုပါပဲ။ ၁၉၄၇ ခု ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၉ (က) မှာ ‘မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ နှစ်ပါးသော် လည်းကောင်း၊ ပြည်ထောင်စု နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်း ဖြစ်သော’ လို့သာ ဖော်ပြထားပြီး ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမ၊ သမက်ဆိုတာတွေ ယခုလို ထည့်သွင်း ရေးဆွဲထားတာ လုံးဝမတွေ့ရပါ။

ဗိုလ်ချုပ် ဒီကနေ့အထိ ရှိခဲ့ရင်လည်း သူ့ခေတ်က ထည့်သွင်းရေးဆွဲ မထားတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုသာ ဖယ်ရှားမှာပါ။ သူကိုယ်တိုင် နိုင်ငံရေးလုပ်တော့ တပ်ကနေ ထွက်လိုက်တာကို ကြည့်ရင် နိုင်ငံရေးနဲ့ ကာကွယ်ရေးကို မရောထွေးစေချင်တာ ထင်ရှားနေလို့ပါပဲ။

မဆလတစ်ဖြစ်လဲ ပါတီကလည်း ပြင်မပေးနိုင်တဲ့ အသံကို ထွက်လိုက်ပြီး သူ့ကျွန်ဘဝကို မရောက်ရအောင်လို့ ဆိုပါတယ်။ သူတို့ရဲ့ခေါင်းဆောင် ဖြစ်ခဲ့တဲ့ မဆလပါတီ ဥက္ကဋ္ဌကြီးကိုယ်တိုင် တိုင်းတစ်ပါးသူနဲ့ လက်ဆက်ခဲ့ဖူးပြီး ဒီကိစ္စကြောင့် သူ့ကျွန်ဘဝကို မရောက်ခဲ့တာလည်း အထင်အရှားမို့ ယခုလို ပြောဆိုလိုက်တဲ့ အပေါ်မှာလည်း အံ့အားသင့်မိပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးအမြင်၊ နိုင်ငံတကာအမြင်၊ ဒီမိုကရေစီအမြင်တွေ ရှင်သန်နေသူတိုင်း ပြည်သူ့ဆန္ဒကိုသာ အလေးထားကြ စမြဲပါ။ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို မလေးစားတတ်သူဟာ နိုင်ငံသားအားလုံးရဲ့ ထောက်ခံမှုကို မျှော်လင့်လို့ မရပါဘူး။ ၁၉၉၀ တုန်းက သက်သေပြခဲ့ပါပြီ။ ပိတ်ပင်သူကို မတရားသူလို့သာ ပြည်သူက မြင်ပါတယ်။

တစ်ပါတီ အာဏာရှင်၊ စစ်အာဏာရှင်ခေတ်က အစွဲအလမ်းကြီးတွေနဲ့ ၂၀၁၅ ပြိုင်ပွဲဝင်ရင် ‘ထင်သာထင်၊ မဝင်ဘူး ကျောင်းအမရေ’ ဆိုသလိုပဲ ဖြစ်မှာပါ။ အာဏာရှင် ခေါက်ရိုးကျိုးနေသူများ အတွက် ၂၀၁၅ မှာ နေရာ မရှိနိုင်ပါ။ ရွေးကောက်ပွဲနားနီးမှ ငွေထုပ်ကြီးကြီးနဲ့ ပြည်သူကို ပေါက်ရင်လည်း ငွေယူပြီး မဲပေးဖို့ဆိုတာ ဘယ်လိုမှ မရေရာတဲ့ ကိစ္စသာ ဖြစ်ပါတယ်။

လုပ်သင့်တာကတော့ မရှုပ်သင့်တာပါပဲ။ ဂုဏ်သိက္ခာမဲ့ စကားမဆိုဖို့ပါပဲ။ ပြည်သူ ကြည်ဖြူအောင် စွမ်းဆောင်နိုင်ဖို့ပါပဲ။ ကိုယ့်ထက်သာ မုဒိတာစိတ် ပွားတတ်ဖို့ပါပဲ။ ဒါမှ ကိုယ်ရှုံးနိမ့် သွားခဲ့ရင်တောင် ကိုယ့်ထက်သာတဲ့သူက တိုင်းပြည်ကို ထူထောင်ခွင့် ကြုံတာမို့ ကိုယ့်ထက်သူက ပိုမိုရွက်ဆောင်နိုင် တော့မှာပါလားဆိုတဲ့ မုဒိတာအတွေးနဲ့ ကျေနပ်စေလိုပါတယ်။

ကိုယ်က ပြည်သူတွေ ဘာတစ်ခုမှ မသိနိုင်ဘူးလို့ ထင်မြင်နေခိုက်မှာ တကယ်တမ်း မသိတာက ဒီမိုကရေစီ အလေ့အကျင့် နည်းခဲ့ပြီး အာဏာရှင်ခေတ်မှာ သူကြီးဖြစ်ခဲ့၊ ပြည်သူကို ဖိနှိပ်ခဲ့ဖူးတဲ့ မိမိသာ ဖြစ်နေတာ၊ ပြည်သူက ဒီမိုကရေစီကို လိုလားတဲ့ မိမိတို့ကို တော်လှန်ခဲ့တာ ဒီမိုကရေစီအတွက် အသက်စွန့်ရန် ဝန်မလေးသူများကို ရွေးချယ်ခဲ့တာတွေ သတိမူမိဖို့ပါပဲ။

ပြောချင်တာကတော့ အရှုပ်ကိုရှင်းဖို့၊ အရှင်းကို မရှုပ်မိစေဖို့ပါ။ ကိုယ့်အတွက် မပြိုင်၊ တိုင်းပြည်အတွက် ပြိုင်ဖို့ပါ။ ကိုယ်နိုင်လည်း တိုင်းပြည်အတွက်၊ သူနိုင်လည်း တိုင်းပြည် အတွက်ပဲလို့ သဘောထားမှန်ဖို့ပါ။ သူရှုံးရင်လည်း ကရုဏာပွားဖို့၊ သူနိုင်ရင်လည်း မုဒိတာပွားဖို့ပါ။ နိုင်ငံသား အချင်းချင်း တရားသော အောင်နိုင်ခြင်း၊ သိက္ခာရှိသော ရှုံးနိမ့်ခြင်းနဲ့ ပါဝင်ယှဉ်ပြိုင် စေဖို့ပါ။ ဒါမှလည်း ဒီတိုင်းပြည်ရဲ့ ကံကြမ္မာ မြန်မကြာ ကောင်းစားစေမှာ ဖြစ်ပါကြောင်း။
Credit To The Voice Weekly
Read More »

လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေဆိုတာ ဒေါက်တာခင်မောင်ညို

တစ်နေ့သ၌ ကိုဘသစ်နှင့် စာရေးဆရာအချို့ အောင်ပရိယတ္တိ စာသင်တိုက်ကို ရောက်သွားလေသည်။ ဆရာတော်နှင့် တွေ့သည်။
"စာရေးဆရာတွေကို စောင့်နေတာ"
ကိုဘသစ်တို့ကို နေရာပေးသည်။
"ဒီမှာတော့ အစုံရှိတယ်။ ဒါပေမဲ့ စာပေဟောပြောပွဲမရှိသေးလို့ ကလေးတွေကို မြင်ဖူးရအောင် လုပ်ရတာပါ" ဟု ဆရာတော်က ရှင်းပြသည်။
ကျောင်းသား တစ်ထောင်ကျော်ကို ခန်းမထဲထည့်ထားသည်။ စုစုပေါင်း နှစ်ထောင်ကျော် ပညာသင်နေသော ပရဟိတ ဘုန်းတော်ကြီး ကျောင်းပညာရေးကို သင်ပြပေးနေသော ကျောင်းဖြစ်သည်။
မြန်မာ့ဆိုင်းဝိုင်းကြီးလည်း ရှိသည်။ ဆိုင်းသံဖြင့် ကြိုသည်။
"စာရေးဆရာ လယ်တွင်းသား စောချစ်တို့ကိုတွေ့ပြီး စီစဉ်သေးတယ်။ သူတို့လည်း အချိန်မရကြဘူး။ ဆရာတို့လာကြတာ ကျေးဇူးပါပဲ"
"အရှင်ဘုရား တပည့်တော်တို့ ဒီလောက် ကြီးကျယ်တဲ့ကျောင်းကို မတွေ့ဖူးသေးဘူး"
ခမ်းနားကြီးကျယ်သည်တော့ မဟုတ်ပါ။ လှိုင်သာယာရှိ ရပ်ကွက်ငယ်တစ်ခု၏ သဘာဝအတိုင်း ဆင်းရဲသည့် အငွေ့အသက်များသာ ထင်ဟပ်နေပါသည်။
လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်း ပေးနေခြင်းသာ ဖြစ်သည်။
စက်ချုပ်သင်တန်း၊ ကွန်ပျူတာသင်တန်း၊ လက်သမားသင်တန်း၊ ဆိုင်းတွေ အငြိမ့်တွေ ဇာတ်ပွဲတွေကအစ ဒီမှာသင်ပေးသည်။ ကားပြင်လုပ်ငန်း၊ ဘော်ဒီရုံပါရှိသည်။
"ဘော်ဒီရုံတို့ ၀ပ်ရှော့တို့ရှိတာက ဒီက နာရေးကားတွေကို ဘယ်သူကမှ မပြင်လို့ပါဘဲ။ ခုတော့ ၀ါသနာပါတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေတာပေါ့"
စာကြည့်တိုက်တစ်ခုကိုလည်း ထားရှိပါသည်။
မှန်ပါသည်။ ဒီအရပ်က ဆရာဝန် အင်ဂျင်နီယာတွေ တစ်ယောက်တလေတော့ ဖြစ်လာပါမည်။ အများစုကတော့ သေစာရှင်စာ ဖတ်ရုံမက အတွေးအမြင်ရှိသော စာတွေကို ဖတ်တတ်လာမည်။
အသက်မွေးဝမ်းကျောင်းအတွက် ရွေးချယ်ဖို့ ဆရာတော်က လမ်းပြထားရှိသည်။
ကျောင်းသားက နှစ်ထောင်၊ ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေသည့် ကလေးတစ်ရာကျော်ရှိသည်။ ဆရာ၊ ဆရာမဦးရေ က ၆၅ ယောက်။
စွန့်ပစ်ကလေးများကိုလည်း မွေးထားသးသည်။
ဤမျှသောပမာဏကို ဆရာတော် ဘယ်လိုလုပ်ပြီး စောင့်ရှောက်ထားပါသလဲ။ မေတ္တာကြီးမားခြင်းမှသာ စောင့်ရှောက်နိုင်မည် ဖြစ်သည်။ အစီအမံ အကြံအစည်များ ပြည့်စုံပါသည်။ ဆရာတော့် ကျောင်းဆရာ၊ ဆရာမလစာသည်ပင် တစ်လသိန်းသုံးဆယ် ကျော်သည်။ ပြုပြင်ထိန်းသိမ်း စရိတ်တွေနှင့် တစ်လသိန်းရာကျော်နိုင်ပါသည်။
ဆရာတော်က ကိုဘသစ်တို့ဆီမှ အလှူမခံပါ။ ဟောပြောသည့်အတွက် ဂုဏ်ပြုလက်မှတ် မျက်နှာသုတ်ပ၀ါ၊ ဆေးဝါး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာကအစ စွန့်လိုက်သည့်အပြင် စာရေးဆရာ တစ်ယောက်ကို ငွေငါးသောင်းကိုလည်း စွန့်ပါသေးသည်။
"ဒီကျောင်းမှာ တစ်ရက်ဆွမ်းကျွေးရင် ဘယ်လောက်ကုန်လဲ" ကပ္ပိယတစ်ယောက်ကို မေးရသည်။
"နှစ်သိန်းပါ"
ဒီမိုကရေစီဆိုသည်မှာ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို ပြည်သူကပေးထားတာပါ။ ပြည်သူအတွက် ဘာတွေလုပ်ပေးမှာလဲ။ အစိုးရကိုမှာလိုပါသည်။ Corrupt ဖြစ်တယ်ဆိုတာ အကျင့်မကောင်းတာကို ပြောတာပါ။ ဒါကိုထိန်းဖို့ ကြိုးစားကြပါ။ စံနမူနာပြသည့် လူကောင်းများ ဖြစ်လာပါစေ
စာရေးဆရာများက စွန့်ငွေနှင့်အတူ အလှူငွေထပ်မံထည့်ဝင်ကာ ဆွမ်းကျွေး ပါဦးမည်။
"ဒါနဲ့ အရှင်ဘုရား၊ ဒီအတွက် အလှူငွေတွေ ဘယ်ကရလဲ"
"အဖွဲ့အစည်းတွေက အများဆုံးလှူတယ်။ ကုမ္ပဏီတွေလည်း လှူတယ်။ နိုင်ငံခြားကတော့ ဒေါ်လာတွေနဲ့ လာလှူပါတယ်"
"မှန်ပ။ သူတို့အတွက်တော့ ဒေါ်လာတစ်ရာဟာ မများပါဘူး"
"ဟုတ်တယ်။စုပေါင်းလိုက်တော့ များလာတယ်။ ဒီမှာ ဆေးခန်းလည်း ဖွင့်တယ်။ ဆရာဝန်လာထိုင်တယ်။ စမ်းသပ်ခတော့ ပေးရတယ်။ ကျပ် ၅၀၀ ပါပဲ"
"တပည့်တော်တို့ ဘာကူရမလဲ"
"ရပါတယ်။ ဒီမှာ နိုင်ငံရေးသမားတွေပဲ နှောင့်ယှက်တာ"
"ခုလား"
"အရင်ကပါ။ နာဂစ်ဖြစ်တုန်းက ဒီကျောင်းကို ဒေါ်လာငါးသောင်း လာလှူတယ်။ အစိုးရက တိုက်ရိုက်အလှူမခံရဘူးဆိုပြီး သူက အလှူငွေတွေကို သိမ်းလိုက်တယ်"
"ပြန်မပေးဘူးလား"
"ပေးပါတယ်။ တစ်ဒေါ်လာ ခုနစ်ကျပ်နဲ့ဆိုတော့ သုံးသိန်းခွဲလာပေးတယ်"
"ဘုရား ဘုရား" စာရေးဆရာတစ်ယောက် ဘုရားတသည်။ မောင်ဘသစ် ကြံကြံဖန်ဖန် စကားတောင်းစားကို စဉ်းစားမိသည်။ စကားတောင်းစားငယ်ငယ်က မဟုတ်တာကို လုပ်သည့်အတွက် ဘုန်းကြီးရိုက်သည်။
သူက "ရတနာနှစ်ပါး ကယ်ပါဘုရား" ဟုသာ တသည်။
ထိုအခါဘုန်းတော်ကြီးက "ဟေ့ကောင် ရတနာသုံးပါးရှိတယ်ကွ" ဟု  ကြိမ်းလိုက်သည်။ ထိုအခါ စကားတောင်းစားက "ရတနာသုံးပါးရှိပေမယ့် တစ်ပါးက ရိုက်နေတော့ ကျန်နှစ်ပါးကိုပဲ အကူအညီတောင်းရတာပေါ့" ဟုဖြေလေသည်။
"တစ်ဒေါ်လာ ခုနစ်ကျပ်နှင့် ငွေကျပ်သုံးသိန်းခွဲ လာပေးတယ်ဆိုတော့လည်း သံဃာ ဘာမှမတတ်နိုင်ပါ"ဟု စဉ်းစားမိသည်။
တကယ်တော့ ရတနာသုံးပါးစလုံး မကယ်နိုင်ပါ။
ဓာတ်ငွေ့ရောင်းရငွေ တစ်နှစ်ကို ဒေါ်လာ သန်းသုံးထောင်ရသည့် အခါတွင်လည်း တစ်ဒေါ်လာကို ခြောက်ကျပ်ခွဲ၊ ခုနစ်ကျပ်ဖြင့်လဲပြီး ပြည်သူ့ဘဏ္ဍာအဖြစ် ထည့်ပေးပါသည်။
စင်စစ် ငွေကျပ်သန်းပေါင်း သုံးသန်း (သန်း ၃၀၀၀ç၀၀၀) ကျော်ရသင့်ပါသည်။ သို့သော် ကျပ်ငွေသန်း ၂၁,၀၀၀ သာ ရရှိခဲ့သည်။ ကျပ်ငွေသန်း ၂၉၈၀,၀၀၀ သည်  တစ်စုံတစ်ယောက် အိတ်ထဲကို ရောက်သွားလေသည်။ မြန်မာပြည် ဘတ်ဂျက်သည် လိုငွေပြနေသည်။ နှစ်ပေါင်းများစွာ ဒီငွေများဖြင့် လူတစ်စုကို ချမ်းသာအောင် ဆောင်ရွက်ပေးခဲ့ပါပြီ။
သူတို့တွေ ပြည်သူတွေကို ပြန်ကြည့်ဖို့ လိုသည်။
ရပိုင်ခွင့်တွေယူသည်။
လုပ်ပိုင်ခွင့်များဖြင့် ပြည်သူတွေကို ပြန်တိုက်ခိုက်သည်။
ဒီလုပ်ရပ်တွေကို ရှက်သင့်ပါပြီ။
ကျောင်းကောင်းကောင်းမရှိပါ။ Unicef ကပြောသည်။ ဓာတ်ငွေ့ရောင်းရငွေ ၀ ဒသမ ၁ ရာခိုင်နှုန်းကိုသုံးလျှင် တစ်ကျောင်းတွင် ဆရာ၊ ဆရာမတစ်ယောက် ခန့်နိုင်သတဲ့။ ကိုးရက်စာကိုသုံးလျှင် ကျောင်းပေါင်း ၁၄၉၀ ကို ဆောက်နိုင်သတဲ့။ ဆေးဝါးတွေမရှိသော ပြည်သူ့ဆေးရုံများကို ကျွန်တော်တို့အားလုံး မျက်ဝါးထင်ထင် မြင်နေရသည်။
လူ့အဆင့်မမီသော နေထိုင်မှုတွေ၊ စားစရာမရှိသူတွေ၊ သောက်ရေသုံးရေ မလုံလောက်သူတွေ၊ အလုပ်လက်မဲ့တွေ ဒါတွေကို ကိုဘသစ်တို့အစိုးရ လျစ်လျူရှုထားကြသည်။
"ကျွန်တော်တို့ ပြည်သူတွေအတွက် သတင်းစာတွေ ထုတ်နေပါသည်" ဟု သူတို့ ပြောတာကြားဖူးသည်။ ထိုသတင်းစာသည် ဘက်လိုက်သည်။ မမျှတ။ ပြည်သူ့ပိုက်ဆံ ပြည်သူ့ဘတ်ဂျက်ကိုသုံးကာ အစိုးရ၀ါဒ ဖြန့်သည်။
ဒီမိုကရေစီဆိုသည်မှာ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို ပြည်သူကပေးထားတာပါ။ ပြည်သူအတွက် ဘာတွေလုပ်ပေးမှာလဲ။ အစိုးရကိုမှာလိုပါသည်။ Corrupt ဖြစ်တယ်ဆိုတာ အကျင့်မကောင်းတာကို ပြောတာပါ။ ဒါကိုထိန်းဖို့ ကြိုးစားကြပါ။ စံနမူနာပြသည့် လူကောင်းများ ဖြစ်လာပါစေ။
Credit To first-11
Read More »

သယံဇာတပဋိပက္ခနဲ့ သဟဇာတပဋိညာဉ် ကေသွယ်

R.28.11
လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာထိပ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး နိုဝင်ဘာ ၁၄ ရက်က လာရောက်ဖြေရှင်းနေစဉ်
ပြီးတဲ့အပတ်တွေထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့  မြန်မာအစိုးရရဲ့ ဆွေးနွေးပွဲသတင်းတွေကို စိတ်ဝင်တစား အင်တာနက်မှာ လိုက်ရှာဖတ်နေတုန်း  ညနေခင်းနိုင်ငံတကာ တီဗွီသတင်းတစ်ခုမှာ M 23 လက်နက်ကိုင် သူပုန်အဖွဲ့က ကွန်ဂိုအစိုးရကို ငြိမ်းချမ်းရေး ကမ်းလှမ်းပြီဆိုတဲ့ ခေါင်းကြီးသတင်းကို ကြားလိုက်ရတယ်။ တိုက်ဆိုင်တယ်လို့ဆိုရပေမယ့် ကွန်ဂိုနဲ့ မြန်မာဆိုတာက အလှမ်းဝေးလှတဲ့ နိုင်ငံနှစ်ခု။ ဒါပေမဲ့  အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ် တော်တော်များများဟာ၊ လူမျိုးရေးပဋိပက္ခတွေရယ် သယံဇာတ လုပ်ငန်းတွေရယ်ကြားမှာ သွေးအလိမ်းလိမ်း ဖုန်အလိမ်းလိမ်း ရှိနေတတ်တာမို့ မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး အကျပ်အတည်းနဲ့  ဆက်စပ်စဉ်းစား ကြည့်နိုင်မလားရယ်လို့ ကွန်ဂိုသတင်းတွေနောက် လိုက်ရှာဖတ်ရင်း တစ်ယောက်တည်း မေးခွန်းထုတ်မိတယ်။ ပဋိပက္ခကြောင့်  သယံဇာတ လုပ်ငန်းတွေ အဟန့်အတားဖြစ်တာလား။ သယံဇာတလုပ်ငန်းတွေကြောင့် ပဋိပက္ခတွေ ပိုပြီးပြင်းထန်လာတာလား။ သေချာတာကတော့ အခုနောက်ပိုင်းနှစ်တွေမှာ သယံဇာတနဲ့ ပဋိပက္ခဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းလို ဖြစ်လာနေတာပဲ။  ငြိမ်းချမ်းရေးဆိုပြီး မကျက်တဲ့အနာတွေကို မန်းမှုတ်ပစ်နေကြရတာကလည်း  စိတ်ဝင်စားစရာ ကောင်းနေပြန်တော့တယ်။
တကယ်ဆိုတော့  ၂၁ ရာစုအရောက်မှာ လူတွေရဲ့  အနေအထိုင် အသုံးအဆောင်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးမှာ စွမ်းအင်သယံဇာတတွေ ပိုပြီးလိုအပ်လာ။  ဈေးကွက်ကြီးက ပိုပြီးကျယ်ပြန့်ရှုပ်ထွေးလာ ။ နိုင်ငံအစိုးရတွေလည်း  ဒီသယံဇာတ၀င်ငွေတွေနဲ့ ပိုပြီးအကျင့်ပျက်လာ။ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးစုတွေကလည်း  သူတို့အကျိုးဝေစုအတွက် မြင်တတ် တောင်းတတ် တိုက်တတ်ခိုက်တတ်လာ။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ မြေယာသိမ်းမှုတွေနဲ့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ရုန်းကြွလာ။ အဲဒီလိုနဲ့ ပေါက်ပင်ဘာကြောင့် ကိုင်းရတာလဲဆိုတဲ့ မေးခွန်းလို၊ အတောမသတ်နိုင် ဖြစ်နေကြရတာဟာ ဒီနေ့ကမ္ဘာရဲ့ ပစ္စက္ခသယံ ဇာတပဋိပက္ခကြီးပဲ ဖြစ်တော့တယ်။
အဲဒီလို ပြည်သူက ဆင်းရဲသလောက် ခေါင်းဆောင်တွေက မတရားကြွယ်ဝလာနေတဲ့ သယံဇာတ ကျိန်စာသင့် နိုင်ငံတွေမှာ ရှိသမျှမြေ လှန်ထုတ်ရောင်းရင်း ပြည်တွင်းစစ်တွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်လာနေကြတော့၊  ဒီသယံဇာတ ပဋိပက္ခဆိုတာတွေကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မဖြစ်မနေ အာရုံစိုက်လာရတော့တယ်။ ကမ္ဘာ့ဈေးကွက်ထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ၀င်ရောက်လာမယ့် အဲဒီသယံဇာတတွေကို Conflict Mineral လို့ ပုဒ်မတပ်ပြီး ဥပဒေတွေနဲ့ ပိတ်ပင် ကြည့်ကြတယ်။ ဥပမာ အမေရိကန် အထက်လွှတ်တော်မှာ တင်သွင်းခဲ့တဲ့  မြန်မာပြည်နဲ့ ပတ်သက်နေတဲ့ Burmese Jade Act ဆိုတာ ရှိခဲ့တယ်။ အခုလည်း သက်တမ်းထပ်တိုးထားဆဲပဲ။ အာဖရိကတိုက်က ထွက်တဲ့ စိန်တွေကို Blood Diamonds  ဆိုပြီး  ရှောင်ကြဉ်ဖို့ လှုံ့ဆော်မှုတွေ လုပ်ကြတယ်။ ကွန်ဂိုမှာဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့နိုင်ငံရဲ့ အရှေ့ဖျားဒေသကလာတဲ့ T3 (Tin,Tungstun,Tantalum) လို့ခေါ်တဲ့  သတ္တုတွေကို အီလက်ထရွန်နစ် ပစ္စည်းထုတ်တဲ့ လုပ်ငန်ကြီးတွေက မရှိမဖြစ် အသုံးပြုနေရသည်မို့  အမေရိကန်နိုင်ငံမှာ ဥပဒေပြုပြီး တင်းကျပ်စိစစ် နေရပါတယ်။ 
ပြည်သူက ဆင်းရဲသလောက် ခေါင်းဆောင်တွေက မတရားကြွယ်ဝလာနေတဲ့ သယံဇာတ ကျိန်စာသင့် နိုင်ငံတွေမှာ ရှိသမျှမြေ လှန်ထုတ်ရောင်းရင်း ပြည်တွင်းစစ်တွေနဲ့ ဖြစ်ချင်တိုင်း ဖြစ်လာနေကြတော့၊  ဒီသယံဇာတ ပဋိပက္ခဆိုတာတွေကို ကမ္ဘာ့အသိုင်းအ၀ိုင်းက မဖြစ်မနေ အာရုံစိုက်လာရတော့တယ်။ ကမ္ဘာ့ဈေးကွက်ထဲကို လမ်းကြောင်းအမျိုးမျိုးကနေ ၀င်ရောက်လာမယ့် အဲဒီသယံဇာတတွေကို Conflict Mineral လို့ ပုဒ်မတပ်ပြီး ဥပဒေတွေနဲ . . .
ဒါ့အပြင် အခုမြန်မာပြည်မှာ စိတ်ဝင်စားလာကြတဲ့ Extractive Industries Transparency Initiative (EITI) လို အဖွဲ့ကြီးတွေနဲ့ တည့်မတ်ဖို့တီထွင်ကြံဆလာကြတယ်။ အဖွဲ့ဝင်အဖြစ် မှတ်ကျောက်တင်ခံနိုင်ရင် ကမ္ဘာက လေးစားမယ်ပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည်က အခုမှ EITI အဖွဲ့ဝင်ဖြစ်ဖို့ သိမ်းသွင်းတုန်း  ပြင်ဆင်ကြိုးစားတုန်း အချိန်မှာ၊ ကွန်ဂိုနိုင်ငံကတော့ ၂၀၁၃ နှစ် ဆန်းပိုင်းတုန်းကမှ ရခဲ့တဲ့ တင်းပြည့်အဖွဲ့ဝင် အဖြစ်ကနေတောင် ယာယီရပ်စဲခံထားရပြီလို့ ဆိုတယ်။
အခု ကွန်ဂိုမှာ သူပုန်တွေက လက်နက်ချပြီး အလံဖြူ ပြထားတယ်ဆိုပေမယ့် ငြိမ်းချမ်းရေး အလားအလာက မသေချာမှုတွေ များနေပြန်တယ်။ ကွန်ဂို အမျိုးသားတပ်မတော်က သူ့ထဲကနေ ခွဲထွက်ပုန်ကန်သွားတဲ့ တွတ်စီသူပုန်တွေကို ပြန်ပေါင်းစည်းဖို့ လက်မခံနိုင်သလို နိုင်ငံရေး စားပွဲဝိုင်းပေါ်လည်း မခေါ်နိုင်ဘူးဟု ငြင်းဆိုတယ်။ လူမျိုးရေးမကျေနပ်မှုတွေ ရှိခဲ့တဲ့ အဲဒီ M23 သူပုန်အဖွဲ့ဟာ ခဲတွေရွှေတွေထွက်တဲ့ ကီဗူဒေသကို နှစ်နှစ်လောက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဒေသခံလူထုတွေလည်း အတော့်ကို ဒုက္ခရောက်ကြ သေကြကျေကြတယ်။ အခု ကုလသမဂ္ဂတပ်တွေရဲ့ အကူအညီနဲ့ ကွန်ဂိုအစိုးရစစ်တပ်က တိုက်ထုတ်လိုက်နိုင်တော့မှ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံထဲ ပြေးဝင် လက်နက်ချ ငြိမ်းချမ်းရေးစကားဆိုခြင်း ဖြစ်တယ်။
ကွန်ဂိုရဲ့ ပဋိပက္ခက ဘယ်လောက်ထိ ကျယ်ပြန့်သက်ရောက်မှု ရှိသလဲတော့မသိ။ ကုလသမဂ္ဂ တပ်အင်အားအများဆုံး ချထားတဲ့ နိုင်ငံဖြစ်ပြီး အခွန်ထမ်းငွေတွေ တစ်နှစ်ကို တစ်ဘီလျံကျော်လောက် သုံးစွဲကုန်ကျတယ်လို့ တွက်ချက်ကြတယ်။ ကွန်ဂိုပဋိပက္ခထဲကို နောက်ထပ် ၀င်လာသူတွေကတော့ အာဖရိကတိုက်ကို အင်အားချဲ့ထွင် စွမ်းအင်အရှာထွက်လာတဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီကြီးတွေ။ အာဖရိကတိုက်ကြီးမှာ အနောက်အုပ်စုတွေက  ငှက်ဖျားတွေ AIDS တွေနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဗြုန်းဆို ဆိုးဆိုးဆတ်ဆတ် တရုတ်တွေဝင်ချလာပြီး လမ်းတွေခင်း တံတားတွေဆောက် သတ္တုတွေတူးထုတ်တော့မှ  အားလုံးမျက်လုံးပြူးကုန်ကြတယ်။ အထူးသဖြင့် တရုတ်ရဲ့ အင်အားဖြန့်ရာ ထက်ကြပ်မကွာ အင်အားလိုက်မျှနေရတဲ့ အမေရိကန်တွေပဲ။ အမေရိကန်ပိုင် အီလက်ထရွန်နစ် ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားမျှဖို့ အကြောင်းတွေလည်း ရှိချင်ရှိမည်ပေါ့။  ဘာပဲဖြစ်ဖြစ် ကွန်ဂိုပြည်တွင်းစစ်ကို ရပ်တန့်ဖို့ အကြောင်းတွေတော့ ရှိလာနေပြီ။
ကွန်ဂိုအကြောင်း အရင်စဉ်းစားလိုက်မိတော့  မြန်မာပြည်အကြောင်းရေးဖို့တောင် အထွေအထူး မရှိတော့သလို ဖြစ်သွားတယ်။  နိုင်ငံချင်း၊ လူမျိုးချင်း ဝေးကွာလှတယ် ဆိုပေမယ့် ပဋိပက္ခကျောရိုး ဖြစ်စဉ်တွေက ဒါတွေပဲ မဟုတ်လား။ ထူးခြားတာက  မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ခုနှစ်ခု မကသလို သယံဇာတတွေ ထုတ်ယူသုံးစွဲနိုင်တဲ့ အလားအလာတွေကလည်း ဟိုတစ်ကွက် ဒီတစ်ကွက်လောက်မဟုတ်။ မြန်မာပြည်ကြီးကို ပထ၀ီနိုင်ငံရေးအရ မြင်းခွာပုံဝိုင်းရံ ကာကွယ်ပေးနေတဲ့ တိုင်းရင်းသားဒေသ တောင်တန်းကြီးတွေမှာ သယံဇာတတွေ ရှိနေကြသလို သမုဒ္ဒရာရေကြောင်းလမ်းတွေကို ဖြန့်ကြက်သွယ်တန်းပေးနေတဲ့ ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာလည်း ရေနံသဘာဝဓာတ်ငွေ့တွေ အလျှံအပယ် ထွက်ရှိနေလေတော့ ပထ၀ီနိုင်ငံရေးတင်မက ပထ၀ီစီးပွားရေးလို့တောင် ပြောရမလောက်ပင်။ ပိုပြီးထူးခြားတာက မြန်မာပြည်တွင်းစစ်ရဲ့ သက်တမ်းက ရာစုနှစ် တစ်ဝက်ကျော်အောင် ကြာမြင့်ခဲ့ပြီ။ ပြည်တွင်းစစ်ကို သမိုင်းလက်ဆင့်ကမ်းခဲ့ကြရင်း ပထမမျိုးဆက်ဖြစ်တဲ့ ဒေါင်ဒေါင်မြည် တော်လှန်ရေးသမားကြီးတွေပင် သိပ်မကျန်တော့။ အမျိုးသားအရေးထက် အကျိုးစီးပွားအရေးကို အာရုံကျလာကြရင်း တော်လှန်ရေးရဲ့ သန္ဓေကလည်း ရွေ့လျောသားပျက်ချင်သလို ဖြစ်နေတယ်။ ပြောရရင် အဓိကလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေရဲ့ အနေအထားက  ဥသျှစ်သီးကြီး တစ်လုံးလို ရင့်မှည့်ကွဲအက်နေပြီ။
ပြောခဲ့သလို ကမ္ဘာ့ဈေးကွက်ကြီးရဲ့ သယံဇာတသတ္တုစွမ်းအင် လိုအပ်မှု ကြီးမားလာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ထိုးဖောက်မှု ဈေးကွက်ထိုးဖောက်မူတွေကို အနောက်အုပ်စုက စိုးရိမ်လာတယ်။ မြန်မာပြည်ကို အရွေ့တစ်ခုတော့ ရွေ့စေချင်ပြီ။ ကဲ-အခုမြန်မာပြည်ကြီးရွေ့ပြီ။ တံခါးဖွင့်ပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီ။ ဒီမိုကရေစီ ပေးပြီဆိုတော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နေတဲ့ သူတွေအားလုံး အလိုက်သင့် လိုက်ရွေ့ရပေတော့မယ်။ နိုင်ငံပြင်ပမှာ အခြေချနေခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေတောင် အခုအချိန်မှာ မြန်မာပြည်ထဲကိုပဲ အလုအယက် ပြန်ဝင်ပြီးနေရာရှာ မဟာမိတ် ပြုနေကြရပြီဆိုတော့ မြန်မာ့နိုင်ငံရေးမှာ သိပ်ကိုအရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာလည်း ၂၀၁၅ အမီ အရွေ့တစ်ခုတော့ ရွေ့ရတော့မယ်။
အခုဖြစ်နေကြတာက ဘယ်လိုရွေ့မလဲဆိုတဲ့ ပြဿနာ။ ငြိမ်းချမ်းရေး မရ၊ ရအောင်ယူ ရှေ့ဆုံးက လက်မှတ်ထိုးပြီး လွှတ်တော်နိုင်ငံရေးထဲ ၀င်ထိုင်ကြမလား ။ အစိုးရက ဖဲ့ရွဲ့ပေးနေတဲ့ စီးပွားရေးလုပ်ခွင့်တွေနဲ့ ကုမ္ပဏီထောင်ကြမလား။ ဂုဏ်ပြုချီးမြှင့်ကြေးလေးတွေနဲ့ အေးအေးလူလူ နယ်ပြန်ပြီး ခြံစိုက်စားကြမလား။ ၉၀ ပြည့်လွန် ကာလတွေက ၀၊ ပအို့ဝ်နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေကို ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်တပ်ပြီး ရန်ကုန်မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် စီးပွားရေးလုပ်ငန်းကြီးတွေ ပေးလုပ်ခဲ့ဖူးသည်ပင်။ ကနေ့လွှတ်တော်ထဲမှာတောင် အဲဒီတုန်းက ငြိမ်းချမ်းရေး အဆက်အနွှယ်တချို့ နေရာကောင်းတွေ့ရနှင့် နေပြီးကြပြီ။ ခက်တာက  တစ်သက်လုံး စစ်ပဲတိုက်လာခဲ့ပြီး ထောင်နဲ့သောင်းနဲ့ချီရှိနေတဲ့ အောက်ခြေက လူတွေကို ဘယ်လိုစီစဉ်မလဲ။ ဒီလိုပဲ တပ်ပျက်တောပြန် တောင်ယာလုပ်စားကြရုံပဲလား။ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ အပစ်ရပ်တပ် နာမည်အမျိုးမျိုးတပ်ပြီး မဟာဗျူဟာကျကျ ဆက်မွေးမြူထားမည်လား။ အခု တောင်းဆိုနေသလို ဖက်ဒရယ်တပ်မတော်ဆိုပြီး ပိုနေမြဲကျားနေမြဲဆက်ပြီး လက်နက်ပေးကိုင်ထားမလား။ မူလမြန်မာ့တပ်မတော်ကြီးကပင် အဆမတန် အင်အားချဲ့ထွင်ပြီးသား အခြေအနေမှာ တိုင်းရင်းသားတပ်မတော်တွေပါ တရားဝင် ဖြစ်လာမယ်ဆိုတဲ့ကိစ္စက အင်အားအာဏာမျှချေ ဖြစ်လာနိုင်မှာမို့ ကြိုဆိုရမယ့် အနေအထားလား။ စစ်အသုံးစရိတ်တွေ ပိုများလာပြီး  စစ်အာဏာရှင်စနစ် ပယ်ဖျက်ပစ်ဖို့ ကမ်းဝေးနေရဦးမယ့် ခရီးလား။
ဆက်လက်ဖော်ပြပါမည်
Credit To first-11
Read More »

“အငိုလွယ်သည်” စိုးမင်း

  ဒီဆောင်းပါဟာ တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့အတွက်အကြောင့် တိုင်းရင်းသားလူငယ်တွေဖတ်ဖိုသုံးသပ်နိုင်ဖိုအတွက်ကျတော်ကိုစိုးမင်းထံကကူလာတာပါ။ မြန်မာလူမျိုးတွေရဲ့တိုင်းရင်းသားအပေါ်ထားတဲ့
စိတ်နေသဘောထားနဲ့ မြန်မာလူမျိုးတွေလိုချင်တဲ့ပြည်တွင်းငြိမ်းချမ်းရေးဟာဘယ်လိုငြိမ်းချမ်းရေးမျိုးဖြစ်သလည်းဆိုတာမိမိဘာသာသုံး
သပ်နိုင်ဖိုအတွက်ကူလာခြင်းဖြစ်ပါတယ်။ အထူးသဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အနေနီစပ်တဲ့တိုင်းရင်းသားလူငယ်တွေပိုလိုတောင်
ဖတ်သင့်တယ်လိုထင်မိလိုပါ။

ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ ကာယကံရှင် နှစ်ဦးနှစ်ဘက်ကြားက၀င်ပြီးသည်းခံလိုက်ပါ သူကြီးရာ။ သည်းခံလိုက်ပါ သူဌေးကတော်။ဖြန်ဖြေစေ့စပ်ပေးရုံနဲ့ မရသလို ရွာဦးကဆရာတော် ကျောင်းခေါ်၍ ကြိမ်ဆော်ပြီး နင်တော်နင်တန် ပန်းကန်ကွဲ လက်ဘက်တစ်ရိုး ကွမ်းတစ်ရိုးနဲ့ ကျေအေးပလိုက်လို့လည်း မရပြန်ပါဘူး။ ကြားထဲမှာ အကြောင်းအပေါင်းတွေက အများကြီး ရှိသေးတာကိုး။ ထည့်တွက်ငဲ့ကွက်ဖို့ လိုလာတဲ့အထဲမှာ ထိပ်ဆုံးကပြေးနေတာကတော့ Geo-politics လို့ခေါ်တဲ့ ပထ၀ီနိုင်ငံရေးကြီးပါပဲ။ တိုင်းရင်းသားချင်းအတူတူ၊ ခံစားချက်ရှိခဲ့တာချင်းလည်းအတူတူ၊ ရခိုင်တွေဆီမှာ လက်နက်ကိုင် သည်လောက်မရှိပဲ၊ ရှမ်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကယားတွေဆီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေရခြင်းအကြောင်းဟာ အဲသည် ပထ၀ီကြောမလွတ်တဲ့ ပယောဂက ထိပ်ဆုံးကပါပါတယ်။ တဘက်နိုင်ငံက အားပေးအားမြှောက်ပြုနေတယ်လို့ မဆိုလိုပါဘူး။ သူတို့ကိုင်ထားတဲ့ လက်နက်တွေဟာ အဲသည်ဘက်က၀င်လာတာ မဟုတ်ရင် ကိုယ့်ဆီကစစ်တပ်ကတော့ ပြန်ထုတ်ရောင်းစားပါ့မလား။ ပြီးကျ အဲ့ဒါကြီးတွေနဲ့ ကိုယ့်ပြန်ပစ်မယ့်ဟာကို။

          အဲသည်နယ်စပ်ဒေသတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်မှုဟာ တစ်ဘက်နိုင်ငံရဲ့ နိုင်ငံရေးပေါ်လစီတွေအပေါ်မှာ အမှီပြုနေတာကတော့ ငြင်းဖို့ခက်ပါတယ်။ မြန်မာ-ဘင်္ဂလား၊ မြန်မာ-တရုတ် နဲ့ မြန်မာ-ထိုင်းဆက်ဆံရေးတွေ မတူညီတဲ့အတွက် သက်ဆိုင်ရာ နယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရှင်သန်နေထိုင်ပုံချင်းလည်း မတူညီကြဘူး။ တရုတ်တစ်နိုင်ငံတည်းတောင်မှပဲ ဘေကျင်းအစိုးရဆီက သဘောထား၊ ယူနန်ပြည်နယ်အစိုးရရဲ့ သဘောထား၊ နယ်စပ်အုပ်ချုပ်ရေးအဖွဲ့ရဲ့သဘောထားတွေဟာ တစ်ခုနဲ့တစ်ခု မတူကြဘူး။ တစ်ဦးချင်းစီရဲ့ အကျိုးစီးပွားသက်ရောက်မှုအပေါ်မှာ အခြေခံပြီး တစ်မျိုးစီတုန့်ပြန်ကြသတဲ့။ အဲသည်အခါမှာ ရှုမြင်သုံးသပ်ဖို့က ပထ၀ီကနေ ဘောဂဘက်ကို ပြောင်းလာပြန်ရော။ စစ်ကိုအမှီပြုပြီး အကျိုးစီးပွားဖြစ်ထွန်းမှု (War economy) ဆိုတာကို ထည့်မစဉ်းစားလို့ မရဘူး ဖြစ်လာတယ်။

         စစ်ဖြစ်ရင် လူတွေက ဒုက္ခသည်တွေကိုချည့် မြင်မြင်နေကြတာ။ သူဌေးဖြစ်သွားတဲ့သူတွေကို ဘယ်သူမှ သတိမထားမိလိုက်ဘူး။ စစ်မြေပြင်မှာ ပစ်လိုက်တဲ့ ဒိုင်းညောင့် ဒိုင်းညောင့် တစ်ခွန်းဟာ ကိုယ့်ပါးစပ်က စစ်တိုက်တမ်းကစားရင်း အော်သလိုမျိုး အလကားရတာမှ မဟုတ်ပဲ။ နှစ်ဘက်စလုံးမှာ စစ်စားရိတ်ဆိုတာတွေရှိတယ်။ အဲဒီအတွက် ငွေရပေါက်ရလမ်းတွေလည်း ရှိရတယ်။ သည်တော့မှ နားလည်လာရပြန်တာက ခရိုနီဆိုတာ နန်းရပ်နေပြည်မှာမှ ရှိတာ မဟုတ်ဘူး။ တောထဲတောင်ထဲ လက်နက်ကိုင်တွေဆီမှာလည်း ရှိတတ်တာပဲ လို့ သဘောပေါက်လာတယ်။ ရွှေတွင်းကြီးပေါ် ဖင်ခုထိုင်ထားတဲ့ အဖွဲ့ဆီမှာ ရွှေသူဌေးကြီးတွေရှိသလို
ကျောက်တွင်းကြီးတွေ ခြေကန်တိုက်နေတဲ့အဖွဲ့ဆီမှာ ကျောက်သူဌေးကြီးတွေ ရှိမယ်။ ဘာမှ မရှိရင်လည်း ပူစရာ မလိုပါဘူး။ တောထဲမှာပါဆိုမှ သစ်ပင်မရှိပဲနေမလား။ အဲသည်သစ်ပင်မှ မရှိလည်း မပူနဲ့။ ရာသီဥတုက ကိုယ့်ဘက်မှာရှိတယ်။ ဘိန်းစိုက်စား။ ဒါလောက်မှ အဖြစ်မရှိဘူးဆိုရင် သိပ်စဉ်းစားမနေနဲ့။ ဆက်ကြေးကောက်စား။ ငှက်ပျောသီးကမှ အခွံနွှာနေရဦးမယ်။ တောခိုနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းပါဆိုနေ ရဲဖမ်းမှာ၊ တရားဥပဒေနဲ့မညီမှာ ဘာကြောက်စရာရှိသတုန်း။ အဲသည်ရေသောက်မြစ်ကြီးတွေကို ထည့်မတွက်ပဲ ကိုင်းဖျားကိုင်းနားလောက်ပဲ လှည့်ချိုင်နေတဲ့ ငြိမ်းချမ်းရေးဆိုရင် ပျဉ်းမငုတ်တိုကြီးကမှ အတက်ထွက်တာ နှေးနေဦးမယ်။ အသစ်အသစ်သော လက်နက်ကိုင်တွေ ၀င်လာမစဲ တသဲသဲ ရှိလိမ့်မပ။      စစ်နဲ့အကျိုးစီးပွား ဖြစ်ထွန်းနေသူတွေက ဥပုသ်သည်တစ်ယောက်မှ မပါတဲ့အတွက် လူသားချင်း စာနာထောက်ထားစွာ ငြိမ်းချမ်းရေးကို လိုလားလိမ့်မယ် လို့များ ထင်သလား။ ခနတဖြုတ်ကလေး အပစ်အခတ်ရပ်စဲလိုက်ရင်တောင် ဘိန်းစိုက်နှုန်း ၁၃%၊ ဘိန်းထုတ်လုပ်မှုနှုန်း ၁၆%လောက် တက်လာသတဲ့။ ဆက်ကြေးတွေဈေးမြင့်လာပြီး ဆက်ကြေးလိုက်ကောက်တဲ့ ဧရိယာ ပိုကျယ်ပြန့်လာသတဲ့။

             အဲဒီလို ငဲ့ကွက်စရာအကြောင်းတွေကြောင့် တကယ်လို့များ ငြိမ်းချမ်းရေးရခဲ့လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အရပ်သားအဖြစ် တပ်ခေါင်းခွဲပြီး နေရပ်ပြန်လို့ လွှတ်လိုက်ရင် သည်အတိုင်း ပြန်လွှတ်လို့မရဘူး။ သူတို့တတွေ ဘယ်လိုဆက်ပြီး လုပ်စားကိုင်စားကြမလဲဆိုတာအထိ ပူပူပင်ပင် ရှိရလိမ့်မယ်။ အဲဒါ Demobilization လုပ်ရင် တွေ့ရမယ့် ပြဿနာပဲ။ ငါ့နှယ်။ မုန့်ဆီကြော်ဆို အသံတောင် မကြားချင်တော့ဘူး။ စဉ်းစားကြည့်လေ။ သူတို့ကို သူပုန်လို့ ကိုယ်ကခေါ်ပေမယ့်လည်း သူတို့နယ်မှာသူတို့ လက်နက်ကိုအမှီပြုပြီးရထားတဲ့ အာဏာဆိုတာကလေးက အထိုက်အလျောက်တော့ ယစ်မူးစေတယ်။ ကိုယ့်လက်ထဲကအာဏာကို အဲလောက်လွယ်လွယ်ကူကူ ပြန်ပေးတတ်မှဖြင့် ကျုပ်တို့မြန်မာပြည် ခုလိုဘ၀ရောက်စရာလား။

           နောက်တစ်ကြောင်းကတော့ လက်နက်ကိုင်ဆိုတာ အနည်းနဲ့အများ အရိုင်းလို့ပဲ ပြောရမယ်။ အယဉ်တစ်ယောက်မှ မပါဘူး။ ယဉ်နေရင် လက်နက်ကိုင်လို့မရဘူး။ တချို့များဆို လူလားတောင် မမြောက်သေးတဲ့ ကလေးစစ်သားတွေတောင် ပါသေးတယ်လေ။ မဟုတ်ဘူး ငြင်းရင် ယူကျုထဲမှာ ထိုင်းဆေးရုံဝင်စီးတဲ့သူငယ်လေးတွေ ပြန်ကြည့်။ သူတို့တတွေမှ စိတ်ကြမ်းလူကြမ်းမရှိရင် ဘယ်သူရှိမလဲ။ ငယ်ငယ်ရွယ်ရွယ် လက်နက်ကိုင်ဘ၀ကို ရောက်လာရတာ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာတွေ မရှိပဲ မနေဘူး။ သူတို့ကို အရပ်သားတွေနဲ့ အတူထားလို့ လွယ်ပါ့မလား။ အရပ်ကရော သူတို့ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်လက်ခံမှာလဲ။ အတိတ်က အဖြစ်တွေကို ခ၀ါချပြီး သင်ပုန်းချေတာ အဲသလောက် လွယ်ပါ့မလား။ သူတို့တတွေ အလုပ်အကိုင် လူမှုရေး စီးပွားရေး အဆင်ပြေအောင် စီစဉ်မထားနိုင်ရင် အရင်အတိုင်း လက်နက်ပြန်ကိုင်ဖို့က အနီးဆုံးထွက်ပေါက် ဖြစ်သွားဦးမယ်။ ဒါကတော့ Re-integration လုပ်ရင် တွေ့ရမယ့် ပြဿနာပါ။

              သူများတကာဆီက အတွေ့အကြုံ သဘောတရားနဲ့ ပူပူပင်ပင် တွေးခေါ်မျှော်မြင်ထားတာတွေ ကို လေ့လာမှတ်သားသင့်သလိုပဲ တကယ်တမ်း စစ်မြေပြင်မှာ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်တိုက်ပွဲဝင်နေသူတွေဆီက ငြိမ်းချမ်းရေးအတွေ့အကြုံတွေကိုလည်း သိသင့်တာပေါ့နော်။ အထိုက်အလျောက် အောင်မြင်ခဲ့လို့သာ သည်ကနေ့ လွှတ်တော်ပေါ်မှာ တချို့သော လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေကို ကိုယ်စားလှယ်တော်ကြီးများအဖြစ် မြင်တွေ့ခွင့်ရနေတာ မဟုတ်လား။ လက်နက်ကိုင်နဲ့ လက်နက်စွန့်နဲ့ ဘယ်သင်းက ပိုများတယ် ထင်သလဲ။ “အို.. သူတို့လုပ်သမျှ ဘာဆို ဘာမှ မကောင်းဘူး။ ဘာမှ လာမပြောနဲ့ မသိချင်ဘူး။” ဆိုတဲ့ တစ်ဘက်ပိတ်အမြင်မျိုးကို မစွန့်နိုင်ရင် နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သည်အခါမှာ ဘဘကြီးများရဲ့ ခြေစလက်စ နဲ့ လက်ရုံးရည် နှလုံးရည်ကိုလည်း တွေ့ခွင့်မြင်ခွင့် ရခဲ့ပါပေတယ်။

        ကိုယ်တို့ဘဘကြီးတွေက ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ “ဟေ့ကောင်တွေ ဟေ့ကောင်တွေ။ မပြေးနဲ့။ အားလုံးလက်နက်ဖမ်းပြီး အချခံပါ။ ပြည်သူ့ဝိုင်းတွေ ရဲထားပြီ။” ဆိုတာမျိုး ချောင်ပိတ်ဖမ်းထားတာ မဟုတ်ပါဘူးတဲ့။ အပိုင်းသုံးပိုင်းခွဲခြားပြီး သီးခြားထွက်ပေါက်ကလေးတွေ ပေးထားပါတယ်။ ခေါင်းဆောင်ပိုင်းကိုတော့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေးအားဖြင့် ခေါင်းဆောင်မှုကို ရယူပါ။ တရားဝင် နိုင်ငံရေးပါတီထောင်ပါ။ ကိုယ့်ပြည်သူထောက်ခံမှု ရရင် အဲသည်ပြည်သူကို ကိုယ်စားပြုပြီး ခေါင်းဆောင်အဖြစ် ရပ်တည်ပါ လို့ လမ်းဖွင့်ပေးခဲ့တယ်။ အဲဒီနည်းအားဖြင့် ဦးဖုန်ကျားရှင်တို့၊ ဦးကျောက်ညီလိုင်တို့၊ ဦးအောင်ခမ်းထီတို့ဆိုတာကို တိုင်းရင်းသားခေါင်းဆောင်များအဖြစ် မြင်တွေ့ခဲ့ရတယ်။ တခြားလည်း အများကြီး ရှိဦးမှာ။ ကိုယ်က ကိုယ်မြင်ဖူးတဲ့သူကိုပဲ ပြောနေတာ။   ဒုတိယအဆင့် လူလတ်ပိုင်းခေါင်းဆောင်တွေကိုတော့ စီးပွားရေးအခွင့်အလမ်းတွေဖွင့်ပေးပြီး တရားဝင် ကုမ္ပဏီထောင်လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးခဲ့တယ်။ အေးရှားဝေါတို့၊ ပတ္တမြားနဂါးတို့လို တိုင်းရင်းသားကျောထောက်နောက်ခံ ကုမ္ပဏီလုပ်ငန်းစုကြီးတွေဟာ အဲဒီနည်းအားဖြင့် စည်ပင်ဖြစ်ထွန်းလာတယ်။

        တတိယအဆင့်ကတော့ လက်အောက်ငယ်သားပိုင်းတွေ ဖြစ်ပါတယ်။ သူတို့က လူဦးရေပိုများပြီး ကိုင်တွယ်ထိန်းသိမ်းရခက်တဲ့အထဲမှာ ပါတယ်။ သူတို့ကို မူလရှိရင်းစွဲခေါင်းဆောင်ရဲ့အောက်မှာ လက်နက်စွဲကိုင်ခွင့်ဆက်ပေးထားပြီး ကိုယ့်ဒေသကိုယ် ကာကွယ်ဖို့ ရိက္ခာလစာများနဲ့ ဆက်လက်တည်ရှိနေစေရတယ်။ သို့သော်..။ အဲသည် သို့သော်က အရေးကြီးတာ။ အမိန့်နာခံတဲ့အခါမှာတော့ မြန်မာ့တပ်မတော်ကိုသာ အမိန့်နာခံစေရမယ်။ နယ်ခြားစောင့်တပ် လို့ ခေါ်ချင်ခေါ်၊ ပြည်သူ့စစ်လို့ ခေါ်ချင်ခေါ်၊ ကြိုက်သလိုခေါ်။ ဒါပေမယ့် တရားဥပဒေ အပြင်ဘက်က လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တော့ဘူး။ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်က စည်းကမ်းစံနစ်ကျတဲ့ လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိရမတဲ့။ အဲသည်တပ်သားတွေဟာ တပ်မတော်သားများနည်းတူ ရိက္ခာလစာ၊ နေရာထိုင်ခင်း၊ အခွင့်အရေးများ ခံစားနိုင်မှာဖြစ်ပြီး အိုမင်းမစွမ်းလာတဲ့အခါ ပင်စင်ပါမကျန်ရအောင် ခံစားခွင့်ရှိစေမတဲ့။ တပ်မှူး၊ ခွဲမှူး၊ အရာရှိ၊ အရာခံအားလုံး ငြိမ်းချမ်းရေးအဖွဲ့အစည်းကသာ ပါဝင်ဖွဲ့စည်းစေပြီး၊ တပ်မတော်ကတော့ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းမှာ ၀င်မပါပဲ ကူညီပံ့ပိုးရုံသက်သက်မို့ တပ်ရေးဗိုလ်ကြီး တပ်ထောက်ဗိုလ်ကြီးနဲ့ စာရေးစာချီဝန်ထမ်း အနည်းငယ်သာ ပါဝင်ကြမတဲ့။ “တော်ပါရှင် တစ်ပတ်လောက်လျှော့လိုက်ဦး” လို့တောင် ပြောစရာ မကျန်ဘူးနော်။ လွှတ်ကို လိုက်လျောတော့တာ။ ဒါပေသိ ဟိုဘက်က ငြိမ်းချမ်းရေးယူထားမိသူတွေကတော့ အိုင်ရင်းဇင်မာမြင့် သီချင်းသံကြားတိုင်း မျက်ရည်မဆည်နိုင်ဖြစ်ကြရသတဲ့။ “ချိုသာတဲ့စကားလေးများစွာ ပြောသမျှ အဟုတ်ထင်ခဲ့။ ခုတော့ မှန်ရာကို မှားတယ်။ ကြုံလာပြီမို့ မြင်လာပြီမို့….။” ဆိုတာလေ။ လက်စသတ်တော့ သူတို့လည်း နှလုံးသားအရင်းအနှီးနဲ့ပဲကိုး။ ယုံမှတ်လို့ ပုံအပ်ပြီးမှတော့ ထွက်မပြေးပါနဲ့ အသက်ကလေးရယ်။ အတူတူပဲ ဆက်နေကြတာပေါ့။ သာယာလို့ငြိမ်းချမ်းတဲ့ကမ္ဘာ ဘာမှမဝေးဘူး အနီးလေးမှာပါ။

          ဒီအခါမှာတော့ ကိုယ်ရောက်ခဲ့နေခဲ့ဖူးတဲ့ ကိုးကန့်အထူးဒေသ(၁)က လောက်ကိုင်မြို့ကလေးကို ပြန်သတိရမိပါတယ်။ ဘဘဦးခင်ညွန့်နဲ့ ဘဘဦးဖုန်ကြားရှင်တို့ ငြိမ်းချမ်းရေးယူပြီးတဲ့အခါမှာ ကိုးကန့်ဒေသကို အထူးဒေသအဖြစ် သတ်မှတ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ အချက်သုံးချက်နဲ့အညီ ရှဥ့်လည်းလျှောက် ပျားလည်းစွဲခဲ့ပါတယ်။ ဖုန်အိမ်ကလူတွေကို အရပ်သားအဖြစ်နဲ့ ရွှေပြည်ညွန့်မြို့သစ်တည်ပြီးတောင် အုံနဲ့ကျင်းနဲ့ စုစုစည်းစည်း ပြည်တွင်းအ၀င်ခံခဲ့တယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဖို့လည်း လမ်းဖွင့်ပေးခဲ့တယ်။ အရင်တုန်းကလို နင်ပဲငဆ အခေါ်အဝေါ်တွေအစား တလေးတစား ဦးခွန်ဆာ၊ ဦးဖုန်။ ဗိုလ်ချုပ်မြ အစရှိသဖြင့် အရေးတယူ ခေါ်ဆိုဆက်ဆံတဲ့အခါ ကိုယ်တွေတောင် အရင်တုန်းက သူတို့တွေ ပုလင်းတူဗူးဆို့မို့သာ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် မြှောက်နေကြတာ လို့ ထင်ခဲ့တယ်။ ဘိန်းဘုရင် လည်ပင်းဖက်ပေါင်းနေမှတော့ ဘုရားတကာလုပ်လည်း အကုသိုလ် မစင်နိုင်ဘူး လို့ အောင့်မေ့မိတယ်။

              အခုတော့ သဘောပေါက်လာပြီ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်တဲ့အခါမှာ အတိတ်ကဖြစ်ရပ်တွေကို သင်ပုန်းမချေပဲနဲ့ ရှေ့ဆက်လို့ မရဘူး။ သူ့ဘာသူ အရင်က ဘိန်းဘုရင်မကလို့ ဘိန်းသိကြားမင်းကြီးပဲလုပ်လုပ်။ ကိုယ့်ဘက်က တလေးတစားခေါ်ပြောဆက်ဆံပြီး ငြိမ်းချမ်းရေးယူလိုက်လို့ အဲသည်ဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်သွားမယ်ဆိုရင်၊ စစ်ပွဲတွေ ရပ်သွားမယ်ဆိုရင် ဆယ်ခါခေါ်ပလိုက်မယ်။ တန်တယ်။ တကယ်တော့ ကိုယ်ပေးနိုင်တဲ့ ငွေကြေး၊ စီးပွားရေးအခွင့်အလမ်းဆိုတာ သူတို့တွေအတွက် ဘာမှ ပြောပလောက်တာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး မယူလည်း သူတို့ဆီမှာ အဲဒါတွေ ပြည့်စုံပြီးသား။ ဒါပေမယ့် ငြိမ်းချမ်းရေးယူလိုက်လို့ စစ်ပွဲတွေရပ်သွားရင် ဒေသတွင်း စီးပွားရေး လူမှုရေးတွေ ပိုဖွံ့ဖြိုးတိုးတက်လာမယ်။ ပြည်သူတွေ အေးအေးချမ်းချမ်းနေရမယ်။ တပ်မတော်ကြီးလည်း အေးအေးချမ်းချမ်းနေရမယ်။ ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်ချိုတယ်။ မလိုသူတွေ ပြောစမ်းပါစေ။ ငြိမ်းချမ်းဖို့က အဓိက။ အကုသိုလ်အတွက်ကတော့ ကိုယ့်ခွဲတမ်းနဲ့ကိုယ်။ ကိုယ့်အထုပ်ကိုယ်ထမ်း သူ့အထုပ်သူထမ်း။

           ငြိမ်းချမ်းရေးယူပြီးစမှာ ကိုးကန့်ဒေသကလေးဟာ အမှန်တကယ်ကိုပဲ သာတောင့်သာယာ အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။ ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံ နဲ့ လက်ဘက်ကို စိုက်တဲ့အခါ ကိုးကန့်လက်ဘက်ခြောက်ဆိုတာ ဈေးအကြီးဆုံး ထိပ်တန်း ပထမတန်း ဖြစ်ခဲ့တယ်။ နိုင်ငံတကာက အစိုးရမဟုတ်သောအဖွဲ့အစည်းများနဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို တောထဲတောင်ထဲပါမကျန် ထဲထဲဝင်ဝင် လုပ်ခဲ့ကြတယ်။ ဂြိုလ်တုက ဓါတ်ပုံချဲ့ကြည့်လို့ရတဲ့ခေတ်ကြီးမှာ ဘိန်းခင်းတွေတွေ့ရင် ဘီဘီစီက မအော်ပဲနေမှာလား။ လုံးဝပပျောက်မသွားပါဘူးလို့ ဆိုချင်ဆို၊ နဂိုတုန်းက ဘိန်းရောင်းတဲ့ဈေးဟောင်းကလေးကို အမှီပြုပြီး တရုတ်ဘာသာနဲ့ လောင်ကိုင်းလို့ခေါ်တဲ့ နယ်မြေကလေးဟာ တရားဥပဒေစည်းဝိုင်းထဲကိုတော့ ရောက်လာခဲ့တာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဆရာဝန် ဆရာမကို “နင်ထမင်းစားဖို့ ဘိန်းတစ်ခင်း ပိုစိုက်ပေးမယ်။” ဆိုတဲ့ခေတ်တော့ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် ရေရှည်မှာ စစ်မီးပြန်တောက်လာခဲ့တာကတော့ လက်နက်ကို အခြေခံတယ် လို့ ပြောရမှာပဲ။

            ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းလို့ ရချင်ရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံမှာတော့ လက်နက်ကိုင်စစ်တပ် နှစ်ခုရှိနေလို့ မရဘူး။ ကိုးကန့်ခေါင်းဆောင်တွေမှာ ကိုးကန့်စစ်တပ်ဆိုတဲ့ ခါးပိုက်ဆောင်တပ်တစ်တပ်ထားတယ်။ သူတို့အုပ်ချုပ်ရေးအဖွဲ့ ရှိတယ်။ ကိုးကန့်ရဲ နဲ့ ကိုးကန့်တရားစီရင်ရေးအဖွဲ့ သပ်သပ်ရှိတယ်။ ထောင်တောင်မှ ကိုးကန့်အကျဉ်းထောင် သပ်သပ်ရှိတာ။ ကိုယ်တွေဘက်မှာဆို ရဲစခန်းမှာပဲ ချုပ်စရာရှိတယ်။ ထောင်ရေးတန်းရေးဆို လားရှိုးလွှတ်ရတာ။ အုပ်ချုပ်ရေးပိုင်း နှစ်ဖွဲ့ရှိပေမယ့် သိပ်မရှုပ်ထွေးဘူး။ တရားခံမိရင် ဗမာလား။ လာခဲ့ ဗမာရဲစခန်းကို။ တရုတ်၊ ကိုးကန့်လား။ သူတို့ဟာသူတို့ လာခေါ်သွားလိမ့်မယ်။ ဗမာဘက်က ဌာနဆိုင်ရာအစည်းအဝေးတွေတိုင်း ကိုးကန့်ဘက်က ကိုယ်စားလှယ် တစ်ယောက်နှစ်ယောက် တက်တယ်။ ကိုးကန့်အစည်းအဝေးလည်း မြန်မာကိုယ်စားလှယ်ဖိတ်တယ်။ ညီညွတ်ရေး နဲ့ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်ပေါ့။ ကျန်းမာရေးပိုင်းမှာ ခေတ်မီစက်ကိရိယာပစ္စည်းစုံတဲ့ သူတို့ကိုးကန့်ဆေးရုံထက် ကိုယ်တို့မြန်မာဆေးရုံကို ပိုအားကိုးတယ်။ သည်ဘက်မှာက အထူးကုထားတာလေ။ မြန်မာဆရာဝန်တစ်ယောက်အနေနဲ့ ကိုးကန့်တစ်နယ်လုံးကို တံခါးမရှိ ဓါးမရှိ အန္တရာယ်ကင်းစွာ သွားလာလို့ရတယ်။ ဖုန်အိမ်လည်း ဆေးသွားကုဖူးတယ်။ ပယ်အိမ်လည်း ဆေးသွားကုဖူးတယ်။ အလွန်ချမ်းသာကြွယ်ဝသလောက် မာန်မာနမရှိ၊ ဖော်ဖော်ရွေရွေ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်သူများအဖြစ်ပဲ မြင်ခဲ့ရတယ်။ ကိုယ်နေခဲ့တဲ့ သက်တမ်းတလျှောက် ဘယ်နေရာမှာမှ ပြဿနာ မရှိခဲ့ဖူး။ လက်နက်ကိုင်နှစ်ဖွဲ့ ရှိနေတာကလွဲလို့။ ဒါပေမယ့် အဲသည်လွဲလို့ကြောင့်ပဲ ကိုးကန့်မှာ နောက်တစ်ကြိမ် တိုက်ပွဲတွေ ထပ်ဖြစ်ရတယ်။
 
        လက်နက်အသင့်ငြိမ်းချမ်းရေးဆိုတာ အချိန်မရွေး ပဋိပက္ခပြန်ဖြစ်နိုင်တာကိုး။ တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုတွေ ပျက်ပြားသွားတာနဲ့ ငြိမ်းချမ်းရေးကလေးလည်း ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး လစ်ရတယ်။ ဒါကြောင့် ပါးစပ်က ငြိမ်းချမ်းရေးစကား ဘယ်လိုပဲဆိုနေနေ၊ လက်နက်အသစ်တွေ ထပ်ဝယ်နေသမျှ၊ လက်နက်အင်အားတွေ တိုးချဲ့နေသမျှ ဓါးသွေးရင်း မေတ္တာပို့၊ ငါးမျှားရင်း ဥပုသ်စောင့်နေသလိုသာ ရှိလိမ့်မယ်။ ဒီအချက်တွေကြောင့် တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုနေကြတဲ့ ဖက်ဒရယ်တပ်မတော်ကြီးဆိုတာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နိုင်ချေရှိသလဲ တောင်းဆိုတဲ့သူတွေ ကိုယ်တိုင်ပဲ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

              ကိုယ့်ဘက်က မုန့်ဆီကြော်ကြီးမျှော်ပြီး နှုတ်ခမ်းနာနဲ့ သင့်မသင့် စဉ်းစားပူပန်နေသလိုပဲ၊ ဖက်ဒရယ်ပြည်ထောင်စုတောင်းဆိုနေတဲ့သူတွေအတွက် နှုတ်ခမ်းနာအကြောင်းကလေး မေးပါရစေ။ တကယ်လို့များ အစိုးရဘက်က မေတ္တာတရားကြီးမားစွာ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့ ခင်ဗျားတို့ပြည်နယ်ကို သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်ပြီဆိုရင် ကိုယ့်ပြည်နယ်ထဲမှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေး၊ ကာကွယ်ရေး အစရှိတဲ့ အဖွဲ့အစည်း (Institutions) တွေများ စံနစ်တကျ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီးတာ အဆင်သင့်ဖြစ်နေပြီလား။ အလုံအလောက် ရှိနေပြီလား။ တကယ်ကြီး အဟုတ်ကြီးကို ကိုယ့်ဘာသာခွဲထွက်နိုင်ပြီလား။ ပြန်တွေးကြည့်ပါဦးလေ။ မုန့်ဆီကြော် မစားရလည်း နှုတ်ခမ်းနာစင်တော့ ဘာလာလာ စားနိုင်လိမ့်မယ် မဟုတ်ဘူးလား။ သူတို့ကို ပြောရင်း ကိုယ့်မေကြီးကိုလည်း မနေနိုင်မထိုင်နိုင် ပူပူပင်ပင် ကြောင့်ကျဝင်ရပြန်ပါတယ်။ မယ်ဖျားလည်း ရွှေတောင်တက်မယ် ဟန်ပြင်ရင် “မင်းကြီးများ” ဆို “ဖရား” ထူးမယ့်၊ မင်းကြီးနည်းရင် “ဖရဲ” လိုက်မယ့် နောက်ပါဗိုလ်ခြေ လောက်လောက်လားလားမှ ရှိနိုင်ပါ့မလား။ အားကိုးလောက်ပါ့မလား။ လို့ အများကြီး စိုးရိမ်မိပါတယ် မယ်မယ်။ ဟော.. ဟိုရှေ့က လာနေတာ မုန့်ဆီကြော်သည်ကြီး ထင်ပါရဲ့။ 
Credit To Soe Min FB page
Read More »