၂၀၁၃ အဆုံးမသတ် ၂၀၁၄ ရင်လေးဖွယ်ရာ ကျော်ဝင်း

ပြင်/သစ် မှသည် ၂၅ ရာခိုင်နှုန်းသို့


မကြာမီ ရက်ပိုင်းအတွင်း ၂၀၁၃ ကုန်ဆုံး၍ ၂၀၁၄ သို့ ရောက်ပေတော့မည်။ သို့တိုင်အောင် ၂၀၁၃ ဒီဘိတ်ကား မဆုံးသေး။ ၂၀၁၄ တွင် ပို၍ပင် သည်းသန် ပြင်းထန်လာဖို့ ရှိသည်။
အစိုးရသစ် သက်တမ်း ၂ နှစ်ခွဲ အရောက်တွင် ‘၂၀၀၈ အခြေခံဥပဒေ’ ကို အခြေတည် ငြင်းခုံရသော ဒီဘိတ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြင်မလား ..သစ်မလား ဆိုသော ပြင်/သစ်ကိစ္စ။ ၂၀၁၃ နိဂုံးရက်များ ရောက်တော့ သစ်ရေးထက် ပြင်ရေးက ပိုအပေါ်စီး ရလာဟန် ရှိသည်။ သည်တွင် အသစ်သမားများက ပြင်ရေးဘောင်ထဲမှ အသစ်နီးပါး ပြင်ဆင်နိုင်ရန် တာစူ လာကြသည်။ အထူးသဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ။
စာရေးသူ အနေနှင့် မူအားလုံးကို နားလည်နိုင်ပါသည်။ ‘စံကိုက် ဒီမိုကရေစီ’ အညွှန်းဖြင့် မိမိတို့ဆန္ဒကို ဖော်ထုတ်ကြသည် ဖြစ်၍ အပြစ်မရှိပါ။ အပြစ်လည်း မတင်ထိုက်ပါ။ သို့တစေ မဟာဗျူဟာ ရှုထောင့်မှ ကြည့်လျှင်မူ ထည့်သွင်း စဉ်းစားစရာတွေ မနည်းမနော ရှိလိမ့်မည်ဟု သဘောရသည်။ လက်တွေ့ အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာတစ်ရပ် ချမှတ်နိုင်ဖို့ဆိုလျှင် ‘နှုန်းစံ’ တွေဖြင့် စလို့မဖြစ်။ ပကတိအရှိမှ အစပြုရမည် မဟုတ်ပါလော။

ထွက်ပေါက် မဟာဗျူဟာ


၂၀၀၈ အခြေခံ ဥပဒေအကြာင်း ပြောတော့မည်ဆိုလျှင် ဤအခြေခံ ဥပဒေ ရေးဆွဲခဲ့ရသော အချိန်ကာလနှင့် အခြေအနေကို ပြန်နှလုံးသွင်းကြဖို့ လိုပါလိမ့်မည်။ ဤကာလမှာ လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတွင် အမှောင်မိုက်ဆုံးခေတ် တစ်ခေတ်ဟု ဆိုနိုင်သည်။ အစိုးရနှင့် လူထုကြား၊ တပ်မတော်နှင့် ပြည်သူကြား ယုံကြည်မှု ပျောက်ဆုံးနေချိန်။ နိုင်ငံတကာ မိသားစုနှင့် အဆက်ပြတ် အထီးကျန်ဘဝ။ ဆိုရလျှင် ‘တရားနည်းလမ်းကျမှု’ (Legitimacy) အနိမ့်ဆုံးအမှတ် ကျရောက်နေချိန်ဟု ဆိုရပါလိမ့်မည်။
ဤအခြေအနေဆိုးကြီးကို ဘယ်သူမှ နှစ်သက်ပျော်ပိုက်ကြမည် မဟုတ်ပါ။ ထိုစဉ်က အစိုးရ ကိုယ်တိုင်လည်း ဘဝင်ကျဖွယ်ရာ မရှိဟု ယူဆရပါသည်။ သို့အတွက်ကြောင့်လည်း အဆိုပါ အခြေအနေဆိုးမှ ပေါက်ထွက်ရန် ‘ထွက်ပေါက် မဟာဗျူဟာ’ (Exit Strategy) တစ်ရပ် ချမှတ်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
စဉ်းစားချက် နှစ်ရပ်အပေါ် အခြေခံပြီး ဆိုခဲ့ပါ ‘ထွက်ပေါက်မဟာ ဗျူဟာ’ ချမှတ်ခဲ့ဟန် ရှိပါသည်။ ဤသည်တို့မှာ -
၁။ မိမိတို့ အသက်ဆက် ရှင်သန်နိုင်ရန် အပြောင်းအလဲတစ်ခုကို ဖန်တီးပုံဖော်ဖို့ လိုလာပြီ။
၂။ အပြောင်းအလဲ နှင့်အတူ ထွက်ပေါ်လာနိုင်သော မိမိတို့အပေါ် ဒဏ်သင့်မှုများကို ကာကွယ်နိုင်ရန် အစီအမံ တစ်ခုတော့ အသေအချာရှိဖို့ လိုလိမ့်မည်ဆိုသော စဉ်းစားချက်များ ဖြစ်ပါသည်။
ပြောရလျှင် ၂၀၀၈ အခြေခံဥပဒေသည်ပင် ဆိုခဲ့ပါ စဉ်းစားချက် နှစ်ရပ်ဖြင့် ပုံဖော်လိုက်သော ‘ထွက်ပေါက် မဟာဗျူဟာ’ ဟု ဆိုချင်သည်။ ပထမစဉ်းစားချက် အရ အခြေခံဥပဒေတွင် ‘လှုပ်ရှားခွင်’ (Space) များ ဖန်တီးပေးခဲ့ရသလို ဒုတိယ စဉ်းစားချက်အရ တပ်မတော်ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။ ဆိုခဲ့ပြီးသော ထွက်ပေါက် မဟာဗျူဟာကို အပြုသဘော တုံ့ပြန်ဖို့ဆိုလျှင် ‘ဆန္ဒ’ ထက် ‘အမြော်အမြင်’ က ပိုအရေးကြီးပါလိမ့်မည်။ ပထမ စဉ်းစားချက် (ပြောင်းလဲလိုသော ဆန္ဒ) ကို ဝိုင်းတွန်းပေးဖို့ လိုသလို ဒုတိယစဉ်းစားချက် (စိုးရိမ်သောက) ကို လျှော့ပါး သက်သာစေဖို့ လိုပါလိမ့်မည်။

အကဲဆတ် ‘ပွိုင့်’


လက်တွေ့ ဖြစ်ရပ်များအရ ဆိုခဲ့ပါ ‘ထွက်ပေါက် မဟာဗျူဟာ’ အလုပ် ဖြစ်သည်ဟု ယူဆရပါသည်။ အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရသစ်မှာ နုနယ်သေးသော သက်တမ်း အတွင်းမှာပင် နိုင်ငံတကာ သိမှတ်လက်ခံမှု ရလာသည်။ ပြည်တွင်း တင်းမာမှုများကိုလည်း သိသိ သာသာ လျှော့ချနိုင်ခဲ့သည်။ သို့နှင့်တိုင် မြန်မာနိုင်ငံ၏ အပြောင်းအလဲမှာ စိတ်ချရသော အနေအထား မဟုတ်သေးပါ။ ‘ဖြေလျှော့ရေး’ အဆင့်မျှသာ ရှိသေးရာ ‘ကနဦးခြေလှမ်း’ (Political Opening) မျှသာ ရှိပါသေးသည်။
နိုင်ငံတကာ အတွေ့အကြုံများအရ ဤအဆင့်မှာ ကြာကြာမခံတတ်ပါ။ လွန်ရောကျွံရော ၁၀ နှစ်မျှသာ ရှိသည်။ မြန်မာ့ ဒီမိုကရေစီရေး ယခုအချိန်ထိ ကတိမ်းကပါး မဖြစ်သေးသည်မှာ အပြောင်းအလဲအတွက် ချမှတ် ထားခဲ့သော ထွက်ပေါက် မဟာဗျူဟာ အလုပ် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။ ဒုတိယ စဉ်းစားချက်မှလာသော ‘လုံခြုံရေးအစီအမံ’ များ အထိပါး မခံ ရသေးသရွေ့ ပထမစဉ်းစားချက်မှ လာသော ‘အပြောင်းအလဲ’ တွင် ခြေမြဲလက်မြဲ ရှိနေပါလိမ့်မည်။
သို့တိုင်အောင် တဖြည်းဖြည်း အရှိန်မြင့်လာသော ၂၀၁၃ အခြေခံဥပဒေ ဒီဘိတ်ကြီးက လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲကို ‘အကဲဆတ်ပွိုင့်’ တစ်ခုသို့ တွန်းပို့ ပေးနေသလို ရှိသည်။ လက်ရှိ ထွက်ပေါက် မဟာဗျူဟာမှ လုံခြုံရေး အစီအမံများ အချိန်မတိုင်မီ ဖယ်ရှားဖို့အထိ ဦးတည်လာရာ ထွက်ပေါက် မဟာဗျူဟာမှ နောက်ကြောင်းပြန် မဟာဗျူဟာသို့ အချိန်မရွေး ရွေ့သွားနိုင်သည်။ ဒီမိုကရက်တစ် ယဉ်ကျေးမှုဖြစ်သော စေ့စပ်ညှိနှိုင်း အဖြေရှာရေးမှ ထိပ်တိုက် ရင်ဆိုင်ရေးသို့ ပြန်လည် သွားနိုင်သည်။

ထိုင်း ဂယက်


တစ်လောက ကျင်းပခဲ့သော အခြေခံဥပဒေဆိုင်ရာ လူထုဆွေးနွေးပွဲ တစ်ရပ်တွင် မိတ်ဆွေတစ်ဦးက ယခုလောလောဆယ် ဖြစ်ပွားနေသော ထိုင်းနိုင်ငံ ဆန္ဒပြမှုများကို ဒီမိုကရေစီ စံနှုန်းတစ်ခုအဖြစ် ပြောဆိုသွားရာ စာရေးသူအတွက် စဉ်းစားစရာတွေ လျှံကျသွားသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုင်းအဖြစ်အပျက်ကို စာရေးသူ မေးခွန်းထုတ်ကြည့် နေမိသည်မှာ ကြာပါပြီ။ လူထုဆန္ဒဖြင့် တက်လာသော အရွေးချယ်ခံ အစိုးရတစ်ရပ်ကို လူအုပ်ဖြင့် ဖိအားပေး နုတ်ထွက်စေသည်မှာ ဒီမိုကရေစီ ဟုတ်ပါ၏လော။ လူအများစုဖြင့် အနိုင်ကျင့်ရာ မရောက်ပါသလော။
ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ လူထုဆန္ဒကို အခြေခံရသည်မှာ မှန်သော်လည်း လှုပ်ရှားမှုတိုင်းသည် ‘ဒီမိုကရက်တစ်မူဘောင်’ အတွင်းမှ ဖြစ်ရ ပါလိမ့်မည်။ လူထုကိုယ်တိုင်က ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ် သို့မဟုတ် အစိုးရကို သက်ဆိုင်ရာလူထုက မနှစ်သက်တော့သည်မျိုး ရှိလာလျှင် ‘ပြန်လည် ရုပ်သိမ်းခွင့်’ (Right to recall) ဆိုသော ‘မူဘောင်’ ရှိသည်သာ ဖြစ်သည်။ တကယ့်လက်တွေ့တွင် ဤမူဘောင်ကိုပင် ချင့်ချင့် ချိန်ချိန် သုံးကြရသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးလို ဥပဒေပြုရေးနှင့် တိုက်ရိုက် သက်ဆိုင်သော ကိစ္စများ ဆိုလျှင်လည်း လွှတ်တော် လမ်းကြောင်းမှ သွားရသည်သာ ဖြစ်သည်။ ဒီမိုကရေစီ၏ အစွန်းတစ်ပါးမှ ‘အများစုဖြင့် ဗိုလ်ကျခြင်း’ (Tyranny of majority) ဖြစ်သည်ကို သတိချပ် ကြစေချင်သည်။
အနှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ် ဖြစ်နေသော၊ နှစ်ပေါင်း ၅၀ နီးပါး ဒီမိုကရေစီနှင့် ဝေးနေခဲ့သော၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်း (မူဘောင်) များ အဆင်သင့် မရှိသေးသော မြန်မာနိုင်ငံ အနေနှင့် စံကိုက်ဒီမို ကရေစီချက်ချင်း ရနိုင်ဖွယ်ရာ မရှိပါ။ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရမည့် သဘောရှိပါသည်။ (Tyranny of majority) ဤအခင်းအကျင်းတွင် ဆန့်ကျင် ဘက်များကို သည်းခံနိုင်သော ဒီမိုကရက်တစ် ရင့်ကျက်မှု မရှိမဖြစ် လိုသလို ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ယဉ်ကျေးမှု ထွန်းကားဖို့ အရေးကြီးသည်ဟု ထင်သည်။
Credit To The Voice Weekly
Read More »

ယုံကြည်မှုတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဘယ်ဟာအရေးကြီးသနည်း – တင်ဇာအောင်


ယခုလက်ရှိ နိုင်ငံရေး အခြေအနေတွင် ယုံကြည်မှု တည်ဆောက်ရေး ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသားများအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံရေး ပါတီများမှ လူထုဆန္ဒ ခံယူပွဲများ၊ ဟောပြော ပွဲများ ပြုလုပ် ဆောင်ရွက်လျက် ရှိပြီး ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလား၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အရေးကြီးသလား စသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဝေဖန် သုံးသပ်ချက်များကို မြန်မာသံတော်ဆင့်မှ စုစည်း တင်ပြလိုက်ပါသည်။
 ဦးနိုင်ဟံသာ (UNFC အတွင်းရေးမှူး)
အဓိက အားဖြင့်ကတော့ ယုံကြည်မှု တည်ဆောက် တာကတော့ ယာယီသဘောပဲ။ အခိုင်အမာမရှိ နိုင်သေးဘူး။ ဒါကတော့ လုပ်ရပ်ပေါ့လေ။ တကယ်တမ်း အပြောင်းအလဲ ဖြစ်နိုင်တာက၊ အခိုင်အမာဖြစ် နိုင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှပဲ။ ဒါက အခိုင်အမာ ဖြစ်သွားမှာ။ အဓိက ကျတာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေး အဓိကကျတာပေါ့။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်မှပဲ။ ဒါကတော့ အားလုံး ပြီးမြောက်တဲ့ အဆင့် အကောင်အထည် ဖော်နိုင်မယ့် အဆင့်ကို ရောက်မယ့် အပိုင်းမှာ ယုံကြည်မှု တည်ဆောက်ရေး ကလည်း တစ်ဖက်က လိုအပ်တယ်လေ။ ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်း ဆွေးနွေးကြမယ်။ ယုံကြည်မှု ရှိလာမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးက ပိုလွယ်တာပေါ့လေ။ ဒါကလည်း ဆက်စပ်မှု ရှိပါတယ်။ …
ဒေါ်ခင်လေး (Triangle Women Support Group Founder)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက တစ်ခုစီပဲ သိပ်တော့ မတူဘူးပေါ့နော်။ ယုံကြည်မှု တည်ဆောက်မှုဆိုတာ ဟိုးတုန်းက စစ်အာဏာရှင် လက်အောက်မှာ ကတည်းက ဒေါ်အောင်ဆန်း စုကြည်ကော၊ ဒီမိုကရေစီ အင်အားစုတွေကော တောင်းဆို ခဲ့တာလေ။ တောင်းဆိုခဲ့တာဆိုတော့ ယုံကြည်မှု တည်ဆောက်ဖို့လည်း လိုသလို အခုအချိန်မှာ ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်လို့ ကျွန်မတို့က နားလည် ထားတယ်လေ။ ဒီအချိန်မှာ တစ်ဖက်နဲ့ တစ်ဖက်က ဟိုတုန်းက ဘယ်လိုမှ ညှိနှိုင်း မျက်နှာချင်းဆိုင်လို့ မရ ဘူးလေ။ အခုနောက်ပိုင်းတော့ ဘာပဲပြောပြော ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲမှာ ၀င်ထိုင်ပြီးတော့ ၀ိုင်းပြီးတော့ ဥပဒေပြုတဲ့ နေရာမှာ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒါလည်း ယုံကြည်မှု တည်ဆောက်နေတဲ့ အပိုင်းပေါ့။ အဲလို ယုံကြည်မှု တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ဒေသ အဖြစ်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း တစ်စိတ်တစ်ပိုင်းလို့ပဲ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောချင်ရင်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်ဆိုရင် ပြည်သူတွေ မလိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပေးဖို့က ယုံကြည်မှု တည်ဆောက်မှုရဲ့ ပြယုဂ် တစ်ခုလို့ပဲ မြင်တယ်။ ပါးစပ်နဲ့ပဲ ပြည်သူတွေကို ဘယ်လောက်တောင် လုပ်ပေးနေပါတယ်။ စေတနာ ထားပါတယ်။ ဒါပေမဲ့ အားနည်းမှုတွေ ရှိပါတယ်လို့ ပါးစပ်က ပြောနေရုံနဲ့ မရဘူး။ ပြည်သူလူထုကို သက်သေပြဖို့ လိုတယ်။ အဲ့လို သက်သေပြနိုင်ဖို့ဆိုရင် အခြေခံဥပဒေကို ပြည်သူလူထု လိုလားတဲ့ ဆန္ဒအတိုင်း ပြင်ပေးတာသာ တကယ့် အကောင်းဆုံး သက်သေပြမှုလို့ပဲ မြင်ပါတယ်။
ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
အစ်မအမြင်ပေါ့။ အဓိကတော့ အစ်မတို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး ဖြစ်လိမ့်မယ်ပေါ့နော်။ အစ်မတို့ တိုင်းပြည်မှာ အခုဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေး မရရှိတာတွေ၊ တရားဥပဒေ စိုးမိုးမှုမရှိတာတွေ၊ ယုံကြည်မှု တည်ဆောက်မှု ပျက်ပြားနေတာတွေ အားလုံးဟာ အကုန်လုံး ချုပ်လိုက်မယ်ဆိုရင် အခြေခံဥပဒေကြောင့် ဖြစ်နေတယ်လို့ ယူဆတယ်။ ဘာ့ကြောင့်လဲ ဆိုလို့ရှိရင် အခြေခံဥပဒေက ပြည်သူလူထုအတွက် တကယ့် အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေတာ ဖြစ်တဲ့အတွက် ဒီဟာတောင်မှ မပြင်ဆင်ဘဲနဲ့ အစ်မတို့ ယုံကြည် မှုလည်း တည်ဆောက်လို့ မရနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး။ တရားဥပဒေ စိုးမိုးမှုလည်း ရှိနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အစ်မအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ပိုပြီး အရေးကြီး တယ်လို့ မြင်တယ်။
ဦးဝင်းမြင့် (ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
လောလောဆယ်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လုပ်နေတယ်။ တစ်ပြိုင်တည်း လုပ်နိုင်ရင်လည်း ပိုကောင်းတာပေါ့။ ယုံကြည်မှုလည်း ရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်လည်း လုပ်တယ်ဆိုရင် ပိုအဆင် ပြေတာပေါ့။ အရေးကြီးတာ ကတော့ ၂ ခုလုံး အရေးကြီးတာပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှပဲ အဆင်ပြေ ချောမွေ့မှာလေ။
ဦးဂျေယောဝူ (မဲဆန္ဒနယ် ၁၂၊ ပူတာအိုခရိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
နှစ်ခုစလုံးက အရေးကြီးတာပေါ့။ တစ်ခုတည်း ပိုအရေးကြီးတာ မရှိပါဘူး။ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရင်တော့ ယုံကြည်မှုကိုလည်း တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့။ ဘာကြောင့်လဲဆိုရင် ဒါကို မပြင်မှာကို စိုးရိမ် တာပဲလေ။ တိုင်းရင်းသား ပြည်သူလူထုတွေက ဒါကို မပြင်နိုင်မှာကို စိုးရိမ်နေတာပဲလေ။
ဦးခွန်ထွန်းဦး (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
ယုံကြည်မှု တည်ဆောက်နိုင်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှာလေ။ အခြေခံဥပဒေ ကောင်းလာမှ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှာလေ။ အဲ့တော့ ဘယ်လိုမှ ခွဲခြားပြီး ပြောလို့မရဘူး။ အဲ့လိုပဲမြင်ပါတယ်။ ယုံကြည်မှုရှိပြီး အခြေခံဥပဒေ မကောင်းရင် ဘယ်လိုလုပ်မလဲ။ အခြေခံဥပဒေက ကောင်းပြီး တစ်ယောက်နဲ့တစ် ယောက် မယုံကြည်ရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်မှု မရှိတာလည်း နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် ရှိနေပြီ။ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ အစတုန်းက ငြိမ်းချမ်းရေးက ရခါနီး ၉၀ ရာခိုင်နှုန်းကြီးတာပဲ။ အခုမှ ယုံကြည်မှုပြောတယ်။ ကျွန်တော် ထင်တာက ၂ ခု လုံးက အရေးကြီးတာ အတူတူပဲ။ ခေါင်းနဲ့ပန်းလိုပဲ။
မစုစုလှိုင် (Myanmar Positive Group Women Network မှ အကြံပေး)
ယုံကြည်မှု တည်ဆောက်တာကို အရင်လုပ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သွားလို့ရမှာ။ ယုံကြည်မှု မတည်ဆောက် ထားဘဲနဲ့ ဖွဲ့စည်းပုံကို ပြင်နေရင်လည်း အမှားချည်းပဲ ဖြစ်နေမှာ။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ လွယ်ကူသွားမယ်။ ယုံကြည်မှု ပျက်ပြားနေရင် ဖွဲ့စည်းပုံပဲဖြစ်ဖြစ်၊ တခြားဘာပဲလုပ်လုပ် ဘယ်ဟာမှ အရာထင်မှာ မဟုတ်ဘူး။ အရေခြုံထားတဲ့ ဟာပဲဖြစ်နေမှာလေ။ အဓိကက တော့ trust (ယုံကြည်မှု) ပေါ့။ trust က ဘယ်နေရာမဆို အရေးကြီးတာပဲ။ မြန်မာပြည်အတွက်ဆို ပိုအရေးကြီး တာပေါ့။ ယုံကြည်မှု တည်ဆောက်ဖို့က နေရာတိုင်းအတွက် အရေးပါတာပေါ့။ ငြိမ်းချမ်းရေး အတွက်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အတွက်ပဲဖြစ်ဖြစ် ရှေ့ကို မရောက်နိုင်ဘူးဆိုတာ ယုံကြည်မှု မရှိကြလို့လေ။ တစ်ဦးနဲ့တစ်ဦး မယုံကြည်နိုင်သေးဘူးဆိုရင် ဘယ်တော့မှ ရှေ့ကို မရောက်ဘူး။ ဖွဲ့စည်းပုံကြီး ကောင်းနေလည်းပဲ ရှေ့ကို မရောက်နိုင်ဘူးလေ။ ဒါကြောင့် ယုံကြည်မှုက ပိုအရေးကြီးတယ်လို့ အစ်မက သုံးသပ်ပါတယ်။
ကိုငယ်ပီး (ချင်းအမျိုးသားပါတီ အတွင်းရေးမှူး)
ယုံကြည်မှု တည်ဆောက်နိုင်မှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်လို့ ဖြစ်မှာပါ။ ဒါဟာ အပြန်အလှန် ဆက်စပ် နေပါတယ်။ တစ်ခုချင်း ခွဲခြားလို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ မြင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ပေမယ့် အပြန်အလှန် ယုံကြည်မှု မရှိဘူး ဆိုရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်သတ်ကြီးဖြစ်ပြီး တကယ့် လက်တွေ့မှာ ကျင့်သုံးနေတဲ့ စနစ်က တစ်မျိုး ဖြစ်သွားနိုင်တယ်။ ယုံကြည်မှု တည်ဆောက်တဲ့ဟာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့ဟာကို တစ်ပြိုင်တည်း လုပ်သင့်တယ်လို့ မြင်ပါတယ်။ ခွဲလို့မရပါဘူး။
ကိုဂျင်မီ (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက ၂ ခုလုံး အရေးကြီးတာပေါ့။ ဒီတိုင်းပြည်မှာဆိုရင် ဒါတွေက အပြန်အလှန် အမှီသဟဲ ပြုနေတဲ့ ကိစ္စတွေပဲ။ တစ်လျှောက်လုံး ဒါက အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ စသည်ဖြင့် ဒါတွေအကုန်လုံးက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိမှ ရမှာပေါ့။ ယုံကြည်မှု တည်ဆောက်ရေးက အရေးကြီးသလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကလည်း အရေးကြီးတာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းပြည်ရဲ့ အနှစ်ချုပ်ပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးဆိုတာ တိုင်းပြည်ရဲ့ ရည်မှန်းချက်ပဲ။ အဲဒါကို အကောင် အထည် ဖော်တဲ့အခါ ယုံကြည်မှုနဲ့ သွားကြတာ အကောင်းဆုံးပဲ။ တစ်ယောက်နဲ့ တစ်ယောက် သံသယတွေနဲ့ ယုံကြည်မှု မရှိရင် ပြဿနာက ဖြစ်တာပဲ။ ကိုကိုကြီးပြောတဲ့ အဓိပ္ပာယ်က ကျွန်တော် နားလည်တာက အဲဒီ အဓိပ္ပာယ်ကို ပြောတာပဲ။ ကျွန်တော်တို့ သဘောထားက နဂိုတည်းက ဒီအတိုင်းပဲလေ။ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ဖြစ်ပေါ်လာရေးကလည်း ကျွန်တော်တို့ရဲ့ အရေးပါတဲ့ ရည်မှန်းချက် ဖြစ်တာပဲ။ ယုံကြည်မှု တည်ဆောက်ရေး ဆိုတဲ့ကိစ္စကလည်း ရှိအောင် လုပ်ရမယ့်ကိစ္စပဲ။ အခုလည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာတို့ ဘာတို့လည်း ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာဖို့ ပြောဆို ဆွေးနွေးပြီး တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်နေတဲ့ လုပ်ငန်းစဉ် တစ်ခုပဲ။ ဒါတွေက ၂ ခုလုံးက အရေးကြီးတယ်။
ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)
အခြေခံဥပဒေ ပြင်ဆင်ရင်းနဲ့ ယုံကြည်မှုကို တည်ဆောက် သင့်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ် လာရင်လည်း ယုံကြည်မှု ရလာမှာပါ။ ယုံကြည်မှု တည်ဆောက်နေတဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖြစ်၊ မပြင်ဖြစ်က မသေချာဘူး။  နောက်ပြီး နိုင်ငံ့ ကိုယ်စားလှယ်တွေ၊ လူထု ခေါင်းဆောင်တွေက တိကျတဲ့ ရည်မှန်းချက်တွေ ရှိဖို့တော့ လိုတယ်။ တကယ် လက်တွေ့ကျတဲ့ ပြဋ္ဌာန်း ချက်တွေက အများလက်ခံဖို့လည်း လိုတာလေ။ အခုပြည်သူတွေက တပ်မတော်ကို သူ့ရဲ့ စစ်တန်းလျားမှာပဲ ပြန်နေစေချင်တယ်။ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းမှာ မပါစေချင်တော့ဘူး။ ပြည်သူ့ဆန္ဒကလည်း ထင်ရှား နေပြီ။
ဦးကျော်ဝင်း (စာရေးဆရာ)
လက်ရှိအချိန်မှာ ယုံကြည်မှု တည်ဆောက်ရေးတွေ ပြောနေကြပေမယ့် တစ်ယောက်ကို တစ်ယောက်လည်း ယုံကြည်နေကြတာ မဟုတ်ဘူး။ အဓိက ဖြစ်နေတာက အခြေခံ ဥပဒေကို ပြင်ဆင်နိုင်တာ လွှတ်တော်ပါ။ လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကလည်း ဘာမှန်း မသိရသေးဘူး။ လျှောက်ပြော နေကြလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။
 Credit To Myanmar Herald
Read More »

““ကျင့်သုံးရေးအနှစ်သာရ”” – အဲးခိုး


“နိုင်ငံရေး အရဖြစ်စေ၊ စီးပွားရေး အရ ဖြစ်စေ၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း လုပ်ရင် အဓမ္မပြုခြင်း သာဖြစ် တယ်” (တောင်ကလေးဆရာတော်)

အသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို ကျင့်သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့ ရန်တိုက်တဲ့ အချင်းချင်းအန်တုမှုတွေ လုပ်နေတာကို တွေ့ရ . . .
 အဓမ္မလူမှုအဖွဲ့အစည်း
လူ့အဖွဲ့အစည်းတစ်ခုမှာ မိမိနေထိုင်တဲ့ တိုင်းပြည်အတွင်း ညီတူညီမျှပိုင်စိုးတဲ့ သယံဇာတတွေကို တရားသဖြင့် မဝေခွဲ (မခွဲဝေ)ရင် အဓမ္မလူမှုအဖွဲ့အစည်းပေါ် ပေါက်လာကြရစမြဲပါပဲ။ မတရားတဲ့ (အဓမ္မ) လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရင်
(၁) Elitism = အညာအဖြန်းကြီးစိုး သောဝါဒ
(၂) Ethno Centrism = လူမျိုးကြီး ၀ါဒ
(၃) Racism  = ခွဲခြားမှုဝါဒ
(၄) Classism = ပေါ်အောက်ခွဲခြား သည့်ဝါဒ
(၅) Sexism = လိင်ခွဲခြားသည့်ဝါဒ
(၆) Nationalism = အမျိုးခွဲခြားသည့် ၀ါဒ
(၇) Heterosexism = လိင်တူအခြေ ခံသည့်ဝါဒ
(၈) Ageism = လူကြီးလူငယ်ဝါဒ တွေထွက်ပေါ်လာကြစမြဲပါပဲ။ …
မြင်နိုင်
အဓမ္မ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာရင်
(၁) သဘာဝသယံဇာတ
(၂) နိုင်ငံရေးအာဏာ
(၃) ပညာရေး
(၄) ကျန်းမာရေးစောင့်ရှောက်မှု
(၅) ဥပဒေစတဲ့ အခွင့်အရေး တွေဟာ တန်းတူ(ရှိမှု) ရမှု မဖြစ်နိုင်ပါ။ လူမှုအဖွဲ့ အစည်းတစ်ခုရဲ့ တည်ဆောက် ဖွဲ့စည်းပုံ မညီ မျှရင် အဓမ္မစနစ် အဖွဲ့အစည်းကြောင့် လူမဆန်တဲ့ ပြုမူမှုတွေ၊ ဖြစ်ရပ်မှန် မဟုတ်တဲ့ တည်ဆောက် ပုံတွေ တွေ့ကြရစမြဲပါ။ ဒီအခြေအနေကို မြန်မာပြည် နိုင်ငံရေးခေတ် ကာလတစ်လျှောက်လုံး မြင်နိုင်ပါတယ်။
ပွဲကြည့်သူ မဖြစ်ရ
ယနေ့မြန်မာပြည်ကို ကြည့်ပါ။ လူ့အဖွဲ့အစည်း တည်ဆောက်ပုံစနစ် (Social Structure ) ဟာ သဘာဝ အလျောက်ဖြစ် တည်တဲ့ လူမှုစနစ် မဟုတ်ပါ။ နိုင်ငံရေး သမားတွေ လှည့်ကွက်ထဲက တည်ဆောက်တဲ့ လူမှုစနစ် တစ်ခု ဖြစ်နေတယ်။ ဒီလိုစနစ်မျိုးနဲ့ မြန်မာ့လူမှု အဖွဲ့အစည်းမှာ မရှိသင့်ပါ။ (မဖြစ်သင့်ပါ)။ ဒီလို လူမှု အဆောက် အအုံနဲ့ နေရင် မြန်မာလူမျိုးတွေဟာ ဘေးဒဏ် သင့်ခံရတဲ့ လူမျိုးဖြစ်သွား နိုင်ပါတယ်။ ဘေး ဒဏ်သင့် ခံရတဲ့ လူမျိုးဖြစ်သွားရင် ၀ါဒလွန် ကဲသူတွေကို ဆရာတင်ခံရပြီး ပွဲကြည့် သူအဖြစ်နဲ့ (ခေါင်းညိတ်သူ အဖြစ်နဲ့) နေကြရမယ်။ အရှင်တို့ဟာ ဒီလိုဝါဒရှင် အောက်က လွန်မြောက်အောင် သူတို့ရဲ့ သတ်မှတ်ချက် နယ်နိမိတ်ကို (လက်မခံသင့်တာတွေ အားလုံးကို) ရယူပိုင်ဆိုင်မှု ရောက်တဲ့အထိ ပြောင်းလဲယူရမယ်။
သိရမယ်
ဥပမာ မတရားသဖြင့် နိုင်ငံရေး အာဏာ ကိုရယူတဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် ပေါင်းစည်းမလား။ မိမိရဲ့အတွေး၊ မိမိရဲ့အပြုအမူ၊ မိမိရဲ့ဆန္ဒသဘောထားတွေကို အများနားလည် အောင် ဘယ်လိုပေး သိလိုပါသလဲ။ (ဘယ်လိုပေး သိမလဲ) နိုင်ငံရေး အာဏာဆိုတာ ဆက်နွှယ်ပတ်သက်နေမှု ထူထပ်တာကြောင့် အယူအဆ အားလုံးကို ဖော်ပြထားတဲ့ နိုင်ငံရေးလည်း မဟုတ်ပါ။ ပြန်စိစစ်ရတဲ့ နိုင်ငံရေး၊ လွတ်လွတ်လပ်လပ် မဖော်ပြတဲ့ နိုင်ငံရေးကို ခြိမ်းခြောက်မှု အယူအဆတွေ ဘယ်လောက် များပြားနေ သလဲဆိုတာကို နိုင်ငံရေး လုပ်တဲ့သူတွေကို သင်ပေးနေမှာ ဖြစ်ပါတယ်။
သုံးသပ်ပါ
စက်တင်ဘာလ ၁၁၊ ၂၀၀၁ရက်နေ့တုန်းက လူမှုအဖွဲ့ အစည်းအလွန် အားကောင်းတဲ့ အမေရိကန်တိုင်းပြည်ကို အကြမ်းဖက်သမားတွေက ကမ္ဘာ့ကုန်သွယ် ရေးဗဟိုဌာနကြီးကို လေယာဉ်နဲ့ တိုက်လိုက်တယ်။ စီးပွားရေး အဆောက် အအုံကြီး နာရီပိုင်းအတွင်း မြေပြင်ပေါ်မှာ ပျက်စီးပျောက် ကွယ်သွားတယ်။ အကြမ်းဖက်အုပ်စုက ကြမ်းကြမ်း တမ်းတမ်း ဆန့်ကျင်လိုက်လို့ ကြမ်းတမ်းတဲ့အုပ်စုကို မကောင်းဆိုးဝါး အဖြစ်သတ်မှတ်ပြီး အာဖဂန်နဲ့ အီရတ်ကို ၀င်တိုက်ပြီး တုံ့ပြန်လိုက်တယ်။ ဆန့်ကျင် ဘက်ကြမ်းတမ်းသူတွေကို မကောင်းဆိုးဝါး အဖြစ်နဲ့ ၀င်တိုက် တုံ့ပြန်လိုက်တာကို နိုင်ငံရေး သဘောတရား အရ အဖြေရှာရင် မှန်ကန်သင့်မြတ်တယ်လို့ ယူဆကြတဲ့ သူ တွေရှိကြမှာပါ။
မြန်မာပြည်မှာ ၁၉၈၈ခုနှစ် အရေး အခင်းစတင်ဖြစ်ပေါ်ရာကစပြီး ၂၀၁၀ ပြည့် နှစ်အထိ ဆန့်ကျင်မှု ကာလ သတ်မှတ်ချက် အတွင်း နိုင်ငံရေး  အာဏာကို ၀ါဒစရိုက် နည်းဖြင့် ဘေးအမျိုးမျိုးဖြစ်ပေါ်အောင် လုပ် ကြံဖန် တီးကြတဲ့ လူ့အဖွဲ့အစည်း အုပ်စုတစ် စုရဲ့လုပ်ရပ်ကို မြန်မာလူထုတွေ နိုင်ငံရေး သိမ်းသွင်းမှု အောင်ပွဲ (သို့မဟုတ်) အချင်းချင်း သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ အလွန်လေး စားထိုက်တဲ့ နိုင်ငံရေးစနစ်ပါပဲ။
မြန်မာ့နိုင်ငံရေး လမ်းစဉ်
ပဋိပက္ခ-ဖြစ်စဉ် တစ်ခုဟာ အရင်းအမြစ်ကို မသုံးသပ်ဘဲ အဖြေရှာဖို့ (ရဖို့) ခဲယဉ်းပါတယ်။ အိမ်နီးနားချင်း၊ ခြံစည်းရိုးချင်းနဲ့ နယ်နိမိတ်ချင်းများ ပဋိပက္ခရှိကြ (ဖြစ်ကြ)သလို ရင်းသူ၊ စိမ်းသူတို့လည်း ပဋိပက္ခ(နှစ်စု၊ နှစ်ဖွဲ့) ရှိကြတာပါပဲ။ တစ်ဖက်သတ်(တစ်ဖက်သား) အပြစ်တင်၊ တင်းမာမှု အမျိုးမျိုးနဲ့ ဖြစ်နေကြတဲ့ ပဋိပက္ခလောက ကို နားလည်ပေးနိုင်မှု အပြည့်အ၀ထား တတ်တဲ့သူဟာ ရည်ရွယ်ချက်ကောင်းကို ပြည့်ဝတဲ့သူလို့ ဆိုရမယ်။
ဒါကြောင့် (၁) အဆက်အသွယ် လုပ်ခြင်း
(၂) အရင်းအမြစ်တွေကို မျှဝေခြင်းဟာ အကြမ်းမဖက်ခြင်း လူမှု အသိုင်းအ၀ိုင်းကို ဖန်တီးတာပါပဲ။ ဒီလမ်းစဉ် ဟာ မြန်မာတွေ သွားရမယ်။ မြန်မာတွေ ယူထားရ မယ်။
စည်းရုံးသိမ်းသွင်း
မြန်မာအစိုးရထဲက အချို့ခေါင်း ဆောင်တွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးတွဲ ဖက်ပြီး နိုင်ငံရေး စားဖားကြီးတွေ လုပ်နေ ကြတယ်။ ကိုယ်ပိုင် အရည်အချင်း မဲ့ပြီး စိတ်ထားပါ မဖြူစင်ဘဲတွေရတယ်။ မှား ယွင်းတဲ့ နိုင်ငံရေး လမ်းစဉ်တွေကို လက်ခံကျင့်သုံးယူပြီး အကြမ်းဖက်ခြင်း လောကကို ဖန်တီးတယ်။ ခွဲခြားဆက်ဆံတယ်။ မုန်း တီးခြင်းနဲ့ အချင်းချင်းကို ရန်တိုက်တယ်။ စစ်နဲ့နိုင်လိုမင်းထက်သုံးတယ်။ တစ်နိုင်ငံ လုံးသုံးတဲ့ငွေကို တစ်ယောက် တည်း သုံးချင်တယ်။ နောက်လိုက်သူတွေက သဘော ကျလို့ အတုယူကြတယ်။ သင်းဖွဲ့ကို ပါတီနိုင်ငံရေး ဖြစ်အောင်လုပ်တယ်။ အများ နဲ့ဆိုင်တဲ့ပိုင်ဆိုင်မှုကို စုပေါင်းပြီး ဖွဲ့စည်း ပိုင်ဆိုင်လိုကြတယ်။ ပဋိပက္ခများအောင် ဖက်တဲ့နည်းနဲ့နိုင်ငံရေးကို စည်းရုံးသိမ်း သွင်းတယ်။
သူ့မူနဲ့သူ့လူ
ဒီလိုစည်းရုံး သိမ်းသွင်းတဲ့ နည်းပရိ ယာယ်ကြောင့် မြန်မာပြည်ကို တစ်ပါတီ အာဏာရှင်စနစ်လားလား လှုပ်ရှား ပြတဲ့ အခြေအနေတွေထွက်လာတာကို တွေ့ရ တယ်။ အသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှု တွေကို ကျင့် သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့ ရန်တိုက်တဲ့အချင်းချင်းအန်တုမှုတွေ လုပ် နေတာကို တွေ့ရတယ်။ ဒီအမူအကျင့်တွေဟာ နိုင်ငံရေး လှုပ်ရှားမှု တစ်လျှောက် လုံးမှာ မမြင်ချင် လောက် အောင် တွေ့ရတယ်။ ရှည်ရှည်ဝေးဝေး ကြည့်ဖို့ မလိုပါ။ မိတီ်္ထလာ အရေး၊ ပဲခူး အနောက်ခြမ်းအရေး၊ လားရှိုး အရေးတွေဟာ ရုတ်တရက် နားမလည်တဲ့ သူတွေက အဖျက်အမှောင့် အုပ်စုတစ်စုက လုပ်သလိုလိုနဲ့ ထင်ရ တယ်။ တကယ်တော့ လက်ရှိ အစိုးရ နိုင်ငံရေးလုပ် ဆောင်မှုဟာ အစိုးရကို လူထုကထောက်ခံ ပွဲလုပ် စေချင် တဲ့ ဆန္ဒကြောင့် အော်ပေး၊ ဟစ်ပေး၊ ထောက်ခံပေးမယ့် အလုပ်တွေကို ဖန်တီးယူတာပါပဲ။ သူ့မူနဲ့ သူ့လူပါပဲ။
အကွက်ချ နိုင်ငံရေး တွေဖန်တီး
ဒီမိုကရေစီ နိုင်ငံတစ်ခုဟာ အစိုးရကို ထောက်ခံတဲ့ လူထုပြပွဲတွေ၊ အစိုးရကို ဆန့်ကျင်တဲ့ လူထုပြပွဲတွေ မရှိရင် အာဏာရ အစိုးရကို ချီးမွမ်းကြမယ့် သူတွေ မရှိပါဘူး။ ကွန်မြူနစ်နိုင်ငံရေး တွေတောင် ဆန္ဒပြပွဲ တွေရှိသေး တာပဲ။ ဒီမိုကရေစီ နိုင်ငံရေးဆို ရင်တော့ တော်လှန်ရေး ချီတက်ပွဲတွေ မရှိလို့ မဖြစ်တာအမှန်ပါပဲ။ ဘယ်အစိုးရ မဆို ပြည်သူ့ထောက်ခံ အားပေးမှုကို လိုချင်ကြ တာပါပဲ။ တမင်တကာ အကွက်ဆင်ပြီးလုပ် ခိုင်းတဲ့ လူထု ဆန္ဒပြပွဲတွေ လည်းရှိ တတ်ပါတယ်။ အရှင်တို့ မြန်မာလူမျိုးတွေက နိုင်ငံရေးအမြင် မစုံကြသေးတော့ နိုင်ငံရေး ဟာ ကိုယ်နဲ့ မဆိုင်ဘူး ချည်းသက်သက်ပဲ ထင်နေမိတယ်။ အဲဒီအထင်ကြောင့် မြန်မာ ပြည်နိုင်ငံရေး စားဖားကြီး တွေက အမျိုးမျိုး လှည့်ပြီး အကွက်ချနိုင်ငံရေးတွေ ဖန်တီး လုပ်စားနေကြတယ်။
နိုင်ငံတော် သစ္စာဖောက်တယ်လို့ မမြင်ရ
မြန်မာပြည် နိုင်ငံရေးဟာ အာဏာရ ပါတီတွေကို ကြည့်လိုက်ရင် အစိုးရဆန့် ကျင်တဲ့ နိုင်ငံရေး အစီအစဉ်တွေ မလုပ်ဘဲ အစိုးရရဲ့ အလုပ်ကို ၀င်ရောက်ပူး ကပ်လုပ် ကိုင်နေကြတာတွေကို တွေ့ရတယ်။ လူထုအကျိုးကို အကြောင်းပြပြီး အစိုးရရဲ့  အဓိကမူဝါဒ တွေကို လိုက်လံပြီးတော့ ထောက်ခံနေကြတယ်။ အစိုးရ သိက္ခာတက် စေအောင်လုပ်ပေး နေတာဖြစ်ပေမယ့် ဒီမိုကရေစီ နိုင်ငံရေးကို အကဲခတ်သုံးသပ်တဲ့ နိုင်ငံရေး ပုဂ်္ဂိုလ်တွေ ကတော့ အာဏာရတဲ့ အဲဒီပါတီကြီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေဟာ အာဏာရှင်စနစ်ပြန်ကြီး စိုးရေး အတွက်ပဲ လုပ်ဆောင်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ တကယ်တော့ နိုင်ငံရေးဟာ အစိုးရကို ဆန့်ကျင်တာကို နိုင်ငံတော် သစ္စာဖောက်တယ်လို့ မမြင်ရပါ။ အဲဒီအမြင်ဟာ ဒီမိုကရေစီ နိုင်ငံရေး မူဝါဒနဲ့ တခြား စီဖြစ်နေ ပါတယ်။
ဒီမိုကရေစီဆိတ်သုဉ်း
မြန်မာ့နိုင်ငံရေးဟာ သည်းခံခွင့်ပြု နိုင်လောက်တဲ့ နိုင်ငံရေး ရင့်ကျက်မှုမျိုးတွေ မရှိသေးပါဘူး။ နိုင်ငံရေးဆိုတာ မိမိတို့ ဆန့်ကျင်နေတဲ့သူနဲ့ ပါတီတွေကို ဆန့်ကျင်မှု ခွင့်ပြုပေးရမယ်။ သည်းခံပေးရမယ်။ မိမိကို ဆန့်ကျင်တဲ့ သူကို သစ္စာဖောက်သူ၊ သစ္စာမဲ့သူလို့ မမြင်ရပါ။ မူဝါဒမဲ့စွာ ဆန့်ကျင်တဲ့ သူမဖြစ်ဖို့ ဒီမိုကရေစီ နိုင်ငံရေးမှာ လိုအပ်တယ်။ ဒီမိုကရေစီ အလေ့အကျင့် မပြည့်ဝသေးတဲ့ အရှင်တို့ မြန်မာပြည်ဟာ အတိုက်အခံသဘောတွေ လှုပ်ရှားမှုတွေ တွေ့လာရင် မကောင်းမှုအမျိုးမျိုးနဲ့ သမုတ် ပြီးသည်းမခံကြတဲ့ ယုတိ္တမဲ့ စိန်ခေါ်မှုတွေ လုပ်နေ တာကို တွေ့ရတယ်။ အဲဒီယူဆ ချက်ဟာ အမှန်တရားအရ ယူဆတာ မဟုတ်ဘဲ သံသယအရသာ ယူဆမှုဖြစ် တယ်။ သံသယအဖြစ်နဲ့ တက်တက်ကြွကြွ လုပ်တဲ့ နိုင်ငံရေးဟာ အကြမ်းဖက်မှုဖြစ် သွားတတ်တယ်။ အကြမ်း ဖက်မှု ဖြစ်လာတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီရေး ဆိတ်သုဉ်းပါတယ်။ ဒီမိုကရေစီ နိုင်ငံရေး ဆိတ် သုဉ်းနေရင် ဖောက်ပြန်တဲ့ အစိုးရတွေ ကြီးစိုးမှု အမျိုးမျိုးလုပ်နေမှာပါပဲ။
လက်လွတ်ဆုံးရှုံး
အာဏာရှင်၊ အစိုးရကြီးစိုးတဲ့ အချိန်က မြန်မာပြည်သူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယူဆချက်တွေ၊ အမြော်အမြင်တွေ မစဉ်းစားရဲ၊ မဆွေးနွေးရဲကြဘဲ ကြောက်စိတ်စိုး ရိမ်စိတ်တွေနဲ့ပဲ တိတ်တိတ် ကလေးကြိတ် မှိတ်ပြီး နေကြရတယ်။ ကွဲလွဲ ဆန့်ကျင်တဲ့ နိုင်ငံရေးယူဆချက် အကြောင်း အရာတွေ တစ်ပါးပါးပြောမိဆိုမိရင် ““ယူဂျီတွေ၊ ကွန်မြူနစ်တွေ၊ သစ်္စာဖောက်တွေ””ဆိုပြီး လူပုံအလယ်မှာ ရှုတ်ချခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဟာ နိုင်ငံရေးတွေ စိတ်ဝင် စားတဲ့ကလေးတွေ အလိုအလျောက် စိတ် ဓာတ်ရေးရာ ချိုးနှိမ်ခံခဲ့ရတယ်။
တကယ်တော့ ကွဲလွဲဆန့်ကျင်တဲ့ အယူအဆတွေဟာ သေသေချာချာလေ့ လာကြရင် (နားထောင်ကြည့်ရင်) ယုတိ္တ ဆန်တဲ့ ယူဆမှုတွေ၊ ဆင်ခြင်တုံတရားစုတွေ၊ အကျိုးပြုကောင်းတွေ အများကြီးပါရှိနေတာ ကိုတွေ့ ရတယ်။ ဒါကြောင့် နိုင်ငံရေးကို လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆွေး နွေးခွင့်ထားခဲ့တာဖြစ်တယ်။ နိုင်ငံရေးမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆွေးနွေးခွင့် မထားရင် ဆန့်ကျင်အမြင်တွေ မမြင်ရဘဲ တင်ပြခွင့်အမြင်တွေပါ လက်လွတ် ဆုံးရှုံး ကြရတယ်။
အာဏာရှင် အစိုးရမြင်ကွင်း
နိုင်ငံရေး အချို့ဟာ ကွဲလွဲတဲ့ ယူဆချက်ရှိတဲ့ နိုင်ငံရေးအယူကို လက်မခံကြ ဘဲ အမှားလုပ်သူ အဖြစ်နဲ့ သဘောထား တယ်။ နိုင်ငံရေးဆိုတာ အခြေခံစနစ်ချင်း မတူညီကြပါ။ ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး ၀ါဒပဲဖြစ်ဖြစ်၊ အခြေမခံတဲ့ ၀ါဒပဲ ဖြစ်ဖြစ် ဆင်ခြင်တုံတရားများ အခြေခံမှု မပါရင် လူထုလိုအပ်ချက်နိုင်ငံရေး အကျိုး စီးပွားကောင်း ဖြစ်လာနိုင်စရာ မရှိပါ။ (ရှိမယ် မဟုတ်ပါ) အာဏာရှင် နိုင်ငံရေးစနစ် ကိုလေ့လာပါ။ ယခင်မြန်မာပြည် အာဏာရှင် အစိုးရဟာ ပြောတိုင်း၊ ခိုင်းတိုင်းလိုက်နာမှ အမှန်လို့သတ်မှတ်တယ်။ မလိုက်နာ သူကို အမှားလို့ မြင်တယ်။ ပြိုင်ဘက်ကို ရန်ဘက် သတ်မှတ်တယ်။ ယှဉ်ပြိုင်သူကို ရင်ဆိုင်သူအဖြစ်မြင်တယ်။ ပြိုင်ဘက်ကို ထောင်သွင်းတယ်။ အကျဉ်းချတယ်။ ၀ိုင်းတိုက်ကြတယ်ဆိုတဲ့ ဒီပြုမူချက်တွေဟာ အာဏာရှင် အစိုးရတိုင်း လိုလိုမှာ မြင်တွေ့ နိုင်ပါတယ်။
အားမနည်းစေပါ
မြန်မာပြည်ဟာ တိုင်းရင်းသားတွေ (သို့မဟုတ်) လူမျိုးကို အခြေခံတဲ့နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။ လူမျိုးကွဲပြား ခြားနားနေမှုကြောင့် နိုင်ငံရေး အာဏာကျင့်သုံးဖို့ခက်ခဲလာနိုင်တယ်လို့ မြန်မာပြည် နိုင်ငံရေးကို သုံးသပ်တဲ့သူတွေက ယူဆကြတယ်။ ဤအရှင်က အဲဒီလို မယူဆပါ။ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်း သားတွေဟာ လူမျိုးရေးကို အဓိကထားတဲ့ တိုင်းရင်းသားတွေ မဟုတ်ကြပါ။ အကယ်၍ လူမျိုးရေးကို အဓိကထားမယ့် တိုင်းရင်းသားတွေများ ဖြစ်ခဲ့ရင်တောင် လူမျိုးရေးကို အဓိကထားတဲ့ နိုင်ငံရေး တော့ လုပ်ကြမယ် မဟုတ်ပါ။
ဘာကြောင့်လဲ ဆိုရင် ပြည်ထောင်စု စနစ်နဲ့ တည်ထောင်တဲ့ တိုင်းပြည်ဟာ လူမျိုးသက်သက်ကို အဓိကထားတဲ့ နိုင်ငံရေး ပါတီတွေ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းဆို တာမျိုးတူ အုပ်စုတွေနဲ့ ပိုင်းခြားထားတာ ကြောင့် ပါတီ နိုင်ငံရေး စနစ်ပေါ်ပေါက် လာလို့ မျိုးတူအုပ်စုတွေ အခြေခံပြီး ဖွဲ့စည်းထားတဲ့ ပါတီဟာ နိုင်ငံရေးကို ခံယူတဲ့ နေရာမှာ တူညီတဲ့ခံယူချက်တွေ ပေါင်းစည်းထား တာကြောင့် ဒီမိုကရေစီနိုင်ငံရေးကို အားမနည်းစေနိုင်ပါ။
နောက်မကြာ မြန်မာပြည်မှာ
ဂျူးလူမျိုးတွေကို နာဇီတွေ နှိမ်နင်းတဲ့ အဖြစ်ဟာ လူမျိုးရေးကို အဓိကထားလွန်းတဲ့ နိုင်ငံရေးကြောင့် ဆိုပြီးတော့ သုံးသပ် ထားပါတယ်။ လူမျိုးတစ်မျိုးလုံး ပျောက်ကွယ်သွားအောင် နိုင်ငံရေးနဲ့ ဖိအုပ်စီးထား လို့မရပါ။ နည်းမျိုး စုံနဲ့ လုပ်နေပေမယ့် နောက်ဆုံးတော့ မဆလပါတီကြီးတစ်ရပ် လုံး ပျောက်ကွယ်သွား သလိုပဲဖြစ်သွား တာပါပဲ။ လူမျိုးအားလုံးရဲ့ အကျိုးစီးပွားဟာ နိုင်ငံရေး သို့မဟုတ် ပါတီတွေနဲ့ မသက်ဆိုင်ပါ။ လူမျိုး အကျိုးကိုကြည့်ပြီး ပါတီဖွဲ့စည်း ထားတာမဟုတ်လို့ လူမျိုးကို စည်းရုံးပြီး ပါတီဖွဲ့စည်းပြီး အပြုတ်တိုက်ပေမယ့် ခု ခေတ်ကာလမှာ နာဇီ တော်လှန်ရေးလိုလည်း လုပ်လို့မရတော့ပါ။ နိုင်ငံရေးဟာ ပြိုင်ဆိုင်မှု မဟုတ်ပါ။ ပါတီကသာ ပြိုင်ဆိုင်ရ မှာဖြစ် ပါတယ်။ ပါတီဖွဲ့ပြီး မပြိုင်ရင် ဒီမိုကရေစီ အားမရှိပါ။ တစ်ပါတီစနစ်နဲ့ ကြီးစိုးတဲ့ မြန်မာ့ ဆိုရှယ်လစ်ခေတ် ကိုပြန်ကြည့်ပါ။ အာဏာရယူပြီး ပြိုင်ဆိုင်ကြသူ မရှိတာကြောင့် အာဏာကြီးစိုးမှုနဲ့ပဲ အချိန်ကုန်ပြီး ကျဆုံးသွား ကြတယ်။ ဒီလိုအဖြစ်နဲ့ ကြုံရတဲ့ ပါတီတွေ ကမ္ဘာပေါ်မှာ များစွာရှိသလို နောက်မကြာ မြန်မာပြည်မှာ ကြီးစိုးတဲ့ ပါတီကြီး အချို့လည်း ကြုံရနိုင်မယ့် အနေအထားတွေမှာ ရှိတယ်ဆိုတဲ့အကြောင်း တွေ့ထားပါတယ်။
စွမ်းနိုင်သည့် အရည်အချင်းသာ
အရင်က မြန်မာပြည်မှာ ဖက်ပြိုင် ကင်းတဲ့ပါတီဟာ မဆလပါတီပါပဲ။ ပြိုင်ဘက်မရှိလို့ အဂတိတွေ လိုက်စားပြီး လာဘ်ပေးလာဘ်ယူမှုတွေ ဖော်မပြနိုင်လောက် အောင်များပြားခဲ့တယ်။ ပါတီကြီးစိုးတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီ နိုင်ငံရေး မဟုတ်ပါ။ ပါတီနိုင်ငံရေးဟာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်မရှိရင် နိုင်ငံတော်နဲ့ ပါတီသတ် မှတ်ထားချက် ရှိနေပြီလို့သာ မှတ်ရမယ်။ အဲဒီသဘောတရားဟာ ယခင် မဆလ ခေတ် မြန်မာ့နိုင်ငံရေးကို လေ့လာရင် မြင် နိုင်ပါတယ်။ ခုခေတ် နိုင်ငံရေးဟာ ပါတီ အစွဲအလမ်း မထားကြဘဲ ကိုယ်စားပြုတဲ့ ပုဂ်္ဂိုလ်ပဲ ရွေးတင်ကြပါတယ်။ ပါတီတွေကိုလည်း စွဲစွဲမြဲမြဲ မထားသလို ပုဂ်္ဂိုလ်ကိုလည်း မြဲမြဲမြံမြံ မထားပါဘူး။ အရည်အချင်းနဲ့ အရည်အသွေး ပြည့်ဝရင် နိုင်ငံရေးဟာ အစွဲအလမ်း မရှိဘဲ ကျင့်သုံးတဲ့နိုင်ငံရေး စနစ်အတိုင်း သွားနေတာပါပဲ။ နိုင်ငံရေး ပါးဝမှု မရှိသေးတဲ့ အချိန်မှာတော့ ပါတီခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်ဆိုပြီး သမုတ် တင်ပြီးထားကြဦးမှာပဲ။ နောက်ဆုံးပြ နိုင်ငံရေး ပန်းတိုင်ဟာ ပုဂ်္ဂိုလ်ရေး ပါတီရေး မဟုတ်ဘဲ စွမ်းနိုင်သည့် အရည်အချင်းသာ ဖြစ် ပါတယ်။
နှလုံးအိမ်မှာ စွဲမြဲစွာ
ခေတ်ကာလ နိုင်ငံရေး လှည်းဘီးဟာ လူထုချည်းသက်သက်ပဲ နစ်နာပြီး ခံစား ရမယ်လို့ မရှိပါ။ အခွင့်အရေး တွေ၊ ရပိုင် ခွင့်တွေ၊ အကာအကွယ်တွေ မရသေးတဲ့ အချိန်မှာ အရှင်တို့လူထုတွေဟာ တရား မျှတမှုကိုသာ ကျင့်သုံးတတ်အောင် တည် ဆောက်ထားကြပါ။ တရားမျှတတဲ့ ဥပဒေ တွေ လက်တွေ့ကျင့်သုံးမှုကိုလည်း ကြိုး စားကြပါ။ လက်တွေ့ကျင့်သုံးရေးရဲ့ အနှစ် သာရဟာ ဒီမိုကရေစီ စနစ်ရဲ့ပန်းတိုင် ပါလို့ သိထားရမယ်။
- လူမှုတရားမျှတရေး
- လူထုအကျိုးစီးပွား ကာကွယ်ရေး
- မတရားဥပဒေအမိန့် မထုတ်ပြန် နိုင်ရေးတွက် ကို မြန်မာလူထု နှလုံးအိမ် မှာ စွဲမြဲစွာတည်ရှိဖို့ပါပဲ။
Credit To Myanmar Herald
Read More »

လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ နီငြိမ်း

scan
(၀ဲမှယာ) မစ္စတာ အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးစော (မျက်မှန်)၊ ဦးတင်ထွဋ်
၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်းသည် အောင်ဆန်းအက်တလီစာချုပ်အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။ ဗိုလ်ချုပ်တို့ သဘောတူညီချက်များ အပြည့်အစုံမှာမရပါ။ ယခုရှာဖွေရသည်ကို ဂျာနယ်မှ တင်ပြလိုက်ပါသည်။ ခေါင်းစီးအလိုက်ဖော်ပြပါမည်။
တိုင်းပြုပြည်ပြုလွှတ်တော်
၁၉၃၅ ခု အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခု လွှတ်တော်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ဖို့လိုသည်။
ဧပြီလအတွင်း လူမျိုးသီးခြားမထားသောအစု၊ ကရင်အမျိုးသားအစု၊ အင်္ဂလိပ်၊ မြန်မာ ကပြားအစုတို့အတွက် ရွေးကောက်ပွဲကျင်းပမည်။ ထိုအစုအဖွဲ့တိုင်းက ကိုယ်စားလှယ်နှစ်ဦးစီ လွှတ်ရမည်။
ခေတ်ပြောင်းချိန်က အရေးကြီး
၁၉၃၅ ခုတွင် ဖြစ်ပေါ်လာသော အက်ဥပဒေပါ အထူးအာဏာများနှင့် ၄၅း၃ ယာယီစီမံချက် ဥပဒေများ ပေါင်းစပ်ကာ ဘုရင်ခံကာင်စီတွင် အမိန့်များထုတ်ပြန် ဆာင်ရွက်ကြမည်။
အထူးဆောင်ရွက်ရန်လိုသည်ဟူသော ထင်မြင်ချက်များရှိလျှင်  အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမည်။
ကြားဖြတ်အစိုးရအဖွဲ့
ကြားဖြတ်အစိုးရအဖွဲ့အတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေပြုကောင်စီရှိမည်။ ထိုကောင်စီအတွက် ၅၁ ဦးမှ ၁၀၀ အထိ ပါဝင်ရန် လျာထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ခြင်းများ ပြီးဆုံးသည်နှင့် ဘုရင်ခံသည် ဦးရေ ၁၀၀ ပါ ဥပဒေပြုကောင်စီကို ခန့်အပ်မည်။ ထိုကောင်စီတွင် တိုင်းရင်းသားမဟုတ်သူ လူနည်းစု ကိုယ်စားလှယ်များလည်း ပါဝင်ရမည်။ ထိုကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြု လွှတ်တော်ကရွေးချယ်ရန်။
ကြားဖြတ်အစိုးရအဖွဲ့  ဆောင်ရွက်ရန်များ
ဘုရင်ခံ၏ အာဏာကိုပြောင်းလဲပစ်ရန် မဖြစ်နိုင်သော်လည်း ကြားဖြတ်အစိုးရသည် အိန္ဒိယတွင် လုပ်သလိုလုပ်မည်။
ဒိုနိုမီနီယမ် အစိုးရကို ဘုရင်ခံက တိုင်ပင်ဖွဲ့စည်းရပါမည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမှုဆောင်ကောင်စီက အစိုးရအကြီးအကဲကို လွတ်လွတ်လပ်လပ်ရွေးချယ်ပေးရမည်။
ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို အမှုဆောင်ကောင်စီအစိုးရက တင်သွင်းရမည်။
ထိုကိစ္စများ ဆောင်ရွက်ရန် ဘုရင်ခံက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်လွှဲမည်။ အမှုဆောင်ကောင်စီအစိုးရသည် စီမံကိန်းနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ကင်းလွတ်ခွင့်ရမည်။
ကုလသမဂ္ဂ၀င်ခွင့်
နိုင်ငံခြားရေးကိစ္စရပ်များ ဆောင်ရွက်ရန် လန်ဒန်တွင် မဟာမင်းကြီးတစ်ဦး ခန့်ထားရမည်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ၀င်ဖြစ်ရေး အချိန်အခါအရ ဘုရင့်အစိုးရက ထောက်ခံချက်ပေးမည်။ ဤနေရာ၌  UN အတွင်းရေးမှူးချုပ်ကိုလည်း တိုင်ပင်ရမည်။
အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့ မြန်မာဝင်လိုလျှင် ခွင့်ပြုချက်ရရေး ဘုရင့်အစိုးရအဖွဲ့ထံ ချဉ်းကပ်လုပ်ဆောင်မည်။
ကာကွယ်ရေး
(က) မြန်မာနိုင်ငံ၌ထားသည့် စစ်သည်များသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်၌ ရှိသည်။
(ခ) မြန်မာစစ်သည်အားလုံး မြန်မာအစိုးရအုပ်ချုပ်မှုအောက်၌ ရှိသည်။
(ဂ) လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲသည် ဘုရင်ခံနှင့်မြန်မာအစိုးရ လက်အောက်ခံဖြစ်ရမည်။
(ဃ) မဟာမိတ်အချင်းချင်း စစ်ဘက်လုပ်ငန်းများ မပြီးသေး၍ လက်နက်ကိုင်အားလုံး၊ အရှေ့တောင်အာရှတပ်မှူးအောက်၌ ရှိနေလိမ့်မည်။
(င) နှစ်ဖက်အစိုးရတို့က ကာကွယ်ရေးအတွက် ကူညီရန်တာဝန်ရှိသည်။
(စ) အုပ်ချုပ်ရေးအသစ်ထူထောင်ပြီးလျှင် ဗြိတိသျှ စစ်တပ်များအတွက် ထားရေး၊ မထားရေး ဗြိတိန်အစိုးရနှင့် မြန်မာအစိုးရညှိနှိုင်းလုပ်ဆောင်မည်။
နယ်ခြားကိစ္စရပ်များ
နှစ်ဖက်အစိုးရ သဘောတူပြီး ဖြစ်သည့်အတိုင်း တောင်တန်း မြေပြန့်အကျိုးရှိအောင် ပူးတွဲလုပ်ကိုင်မည်။
ပြည်နယ် ပြည်မ လွတ်လပ်စွာကူးသန်းခွင့်ရှိသည်။
မကြာမီ ကျင်းပမည့် ပင်လုံညီလာခံ ခေါင်းဆောင်များထံ နယ်ခြားအုပ်ချုပ်ရေးအတွက် အမှုဆောင်ဝန်ကြီးတစ်ဦးစီခန့်ထားရေးလုပ်ဆောင်မည်။
ပင်လုံကွန်ဖရင့်ပြီးလျှင် ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အကြား တောင်တန်းသားများဆိုင်ရာ သဘောတူညီချက်ယူမည်။
နယ်ခြားဒေသများနှင့် ပေါင်းစည်းရန် စုံစမ်းရေးကော်မရှင်ထူထောင်မည်။ ထိုကော်မရှင်တွင်  ပြည်နယ်၊ ပြည်မကိုယ်စားလှယ်များ အချိုးကျပါဝင်မည်။
ဥက္ကဋ္ဌမှာ မြန်မာပြည်ပြင်ပမှ ကြားနေပုဂ္ဂိုလ်ဖြစ်ရမည်။
ဘဏ္ဍာရေးသဘောတူညီချက်
မြန်မာနိုင်ငံတော်က ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသည်ကို ဗြိတိသျှအစိုးရက သဘောတူသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် World Bank တွင် မြန်မာအဖွဲ့ဝင်ဖြစ်ရေး ဗြိတိသျှအစိုးရက တာဝန်ယူခဲ့ပြီး ဖြစ်၏။
၄၅ ခု အောက်တိုဘာလမှ ၄၆ ခု စက်တင်ဘာလအထိ အတိုးလွတ်ငွေဒင်္ဂါး နှစ်သန်းရခဲ့ပြီး ၄၆ ခု အောက်တိုဘာမှ ၄၇ ခု စက်တင်ဘာအထိ ၇၅ သန်း ရရန်သဘောတူညီချက်ရသည်။
ဗြိတိသျှအစိုးရက ပရောဂျက်စီမံကိန်း ဘတ်ဂျက်ကို အချုပ်အချယ်ကန့်သတ်မှု မပြုသတ်မှတ် ချေးငွေရရန် ဗြိတိသျှတို့က စုံစမ်းပေးမည်။
တစ်ဦးအပေါ်တစ်ဦးက တာဝန်မထားဘဲ ဘဏ္ဍာရေးကို ထပ်မံတွဲဖက်စစ်ဆေးကြရန်။
အခြားလုပ်ငန်းအချို့
ဗြိတိသျှအစိုးရနှင့် မြန်မာအလုပ်အမှုဆောင်အစိုးရတို့သည် ယခုနည်းအတိုင်းရိုင်းပင်းခြင်း၊ တိုင်ပင်ခြင်းကို ဓနသဟာယ သို့ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ရမည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအသစ်မစမီ အနာဂတ်တွင်ဖြစ်ပေါ်မည့် ကိစ္စရပ်တိုင်းကို တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရန်တို့ ပါရှိသည်။
(ပုံ) စီအာအက်တလီ
၂၀ ဒေါင်းနင်းလမ်း
၁၉၄၇ ခု ဇန်န၀ါရီ ၂၇ ရက်
(ပုံ) အောင်ဆန်း
မြန်မာအဖွဲ့ခေါင်းဆောင်
ဗမာပြည်
၂၇-၁-၁၉၄၇
ဤအောင်ဆန်းအက်တလီစာချုပ်ကြီး ကိုဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူသဖြင့် Note of dissent by ဦးစော  U Saw and Tha khin Ba Sein ဟူသော အင်္ဂလိပ်လို ထည့်ရေးခဲ့သည်။ အောင်ဆန်းအက်တလီ စာချုပ်ရေးရာတွင်အပါးတော်မြဲ၊ ဗိုလ်ထွန်းလှက အချိန်ပြည့် လိုက်လံဆောင်ရွက်ပေးသည်။ ထို့နောက် ဗိုလ်ချုပ်တို့အားလုံး ၃၁-၁-၁၉၄၇ ရက်တွင် လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ကြောင်း စုဆောင်းပါရှိသည့် သတင်းဟောင်းများကို တင်ပြအပ်ပါသည်။
ကျမ်းကိုး
-    ဗိုလ်ချုပ်နှင့်မောင့်ဗက်တန် (ကိုဝမ်း)
-    မြန်မာ့သမိုင်းပုံရိပ်များ (လာဘ်မိုးဆွေ ဦးသန့်)
-    မြန်မာ့စွယ်စုံကျမ်းကောက်နုတ်ချက်
Credit To First-11
Read More »

တရားခွင်မှ ငါးသလောက်ပေါင်းစားသူများ ------------------------------ ရေးသားသူ- အေးသူစံ



ြ မြန်မာနိုင်ငံတွင် မတရားမှုတစ်ခုအတွက် အမှန်တရားကို တရားရုံးတွင်သွားရှာဖို့ စဉ်းစားနေပါသလား။ ဒါဆိုလျှင်တော့ မှားတာ၊ မှန်တာ အသာထား။ သင့်တွင် ပိုက်ဆံလုံလုံလောက်လောက်ရှိရပါမည်။ စိတ်ရှည်ရှည်ဖြင့် အချိန်ပေးနိုင်ရမည်။ အရေးကြီးဆုံးက အမှုကို တရားရုံးအရောက် စွဲဆိုတင်ပို့ပေးမည့် အမှုစစ်ရဲအရာရှိနှင့် ဥပဒေအရာရှိတို့အကြောင်း ပထမဆုံးတီးမိခေါက်မိ သိနားလည်ထားဖို့လိုပါလိမ့်မည်။

ယိုယွင်းနေသော တရားစီရင်ရေးတွင် အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုတို့ကို လုပ်နေသူမှာ တရားသူကြီး၊ ရှေ့နေရှေ့ရပ်များဟု အများစုကမြင်ယောင်မိသည်။

တကယ်တမ်းအကျင့်ပျက်ခြစားမှုနှင့် အာဏာပိုင်များ၏ စွက်ဖက်မှုများရှိနေဆဲ မြန်မာ့တရားစီရင်ရေးတွင် နစ်နာသူ ပြည်သူ့အသံကို တရားရုံးအထိ ပို့ဆောင်ပေးမည့် ပြည်သူ့ရဲနှင့် ဥပဒေအရာရှိအချို့၏ လုပ်ရပ်များက တရားစီရင်ရေးမဏ္ဍိုင်တိမ်းစောင်းရာတွင် အဓိကနေရာမှ ပါဝင်နေကြောင်း ဥပဒေလောကအသိုင်းအ၀ိုင်းနှင့် အမှုသည်တို့ကဆိုကြသည်။

အမှုတစ်ခုကို နစ်နာသူက ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း ရဲအများစုက ချက်ချင်းမဖွင့်ပေးကြပါ။ တိုင်တန်းခံရသူသည် နာမည်ကျော်ပုဂ္ဂိုလ်ကြီးလား၊ ဂုဏ်သရေရှိလူကြီးမင်းများလား၊ ထင်ရှားကျော်ကြားသူ ရုပ်ရှင်မင်းသား၊ မင်းသမီးများလား၊ ၀ိတ်ရှိသူလား စသဖြင့်လေ့လာသည်။ အကောင်ကြီးကြီး၊ အမြီးရှည်ရှည်ဖြစ်နေလျှင် မြို့နယ်က ခရိုင်၊ ခရိုင်က တိုင်းရဲမှူးကြီးအထိ သတင်းပို့သည်။ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း အကျင့်တစ်ခုသဖွယ် ရဲအချို့က ခေတ်အဆက်ဆက်ကျင့်သုံးသည်။

တိုင်ချက်ဖွင့်ပြီးပါက အမှုသည် တရားမလား၊ ရာဇ၀တ်ကြောင်းလား၊ ဘယ်ပုဒ်မနှင့် အရေးယူသင့်သလဲကို ဥပဒေအရာရှိထံ အကြံတောင်းသည်။ ဥပဒေအရာရှိက သက်သေမပြည်စုံသေးဟု ဥပဒေဘောင်အတွင်းက ပါးပါးလေးညစ်ထားလိုက်လျှင် အမှုသည်က သက်သေထပ်စစ်ဖို့အတွက် သက်ဆိုင်ရာရဲကို ပေးရကမ်းရသည်။

တရားလိုနှင့် တရားခံ ဘယ်သူပိုက်ဆံပိုပေးနိုင်သလဲပေါ် မူတည်၍ ပုဒ်မများသည် တရားရုံးမရောက်မီ မျက်လှည့်ပြလိုက်သလို ပြောင်းလဲသွားတတ်ကြောင်း ဥပဒေပညာရှင်အချို့ကပြောသည်။

“ရဲတွေ၊ ဥပဒေအရာရှိတွေက သူတို့မရရင်မရသလို လုပ်တယ်။ ရဲကလည်း သူမရရင် ပညာပြပြန်ရော။ ဒီတော့ သူ့ကိုလည်း တစ်ခါထပ်ပေးရပြန်ရော၊ ဒါကြောင့် အမှုတစ်ခုဖြစ်ရင် ငါးသလောက်ပေါင်းစားရတဲ့စနစ်လို့ ပြောတယ်။ အားလုံးကိုပေါင်းပြီး ပေးစားနေရတာကိုး”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇေယျကပြောသည်။

“မူးယစ်ဆေးဝါးမှုနဲ့ ထောင်ခြောက်နှစ်ကျတယ်။ ရဲဘက်မရောက်ခင် ဆွဲချ(ဥပဒေအရာရှိ)က ကျွန်မအိမ်ကိုသွားတွေ့ပြီး ငါးသောင်းပေးရမယ်။ မပေးရင် ထောင်ထပ်ချနိုင်တယ်လို့ ပြောတယ်။ ကိုယ့်လူက ထောင်ကျသွားပြီဆိုတော့ ကျွန်မအိမ်ကလည်း ထပ်မပေးလိုက်တော့ဘူး။ တကယ်ပဲ ကျွန်မ ထောင်နောက်ထပ်လေးနှစ်ထပ်တိုးသွားတယ်။ ရဲဘက်စခန်းလည်းရောက်သွားတယ်”ဟု မူးယစ်မှုဖြင့်ထောင်ကျခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

ရဲမှာ တရားဥပဒေစိုးမိုးရေးတွင် အရေးကြီးသည့်အုတ်မြစ်ဖြစ်သည်။ ဥပဒေအရာရှိမှာ နိုင်ငံတော်ဘက်က လိုက်ပါဆောင်ရွက်ရပြီး အမှုဖြစ်စဉ်များကို ဥပဒေနှင့်အညီ မှန်မှန်မျှတစွာအကြံပေးရန်ဖြစ်သည်။ သို့သော် ပုဒ်မတပ် တရားစွဲရသည့် တိုင်ချက်ကို လက်ခံပေးရသည့် ဥပဒေဘက်တော်သားတို့၏ လုပ်ပိုင်ခွင့်မှာ ကိုယ်ကျိုးရှာလိုသူများအတွက် လာဘ်ပေးလာဘ်ယူဖန်တီးပေးရာ လမ်းကြောင်းကြီးအဖြစ်ရှိနေသည်ဟု နစ်နာခဲ့သူတို့ကဆိုသည်။

“တိုက်ခန်းဝယ်တဲ့ကိစ္စ စရန်ပြန်မပေးလို့ ပုဇွန်တောင်ရဲစခန်းမှာ အမှုဖွင့်တယ်။ ဒုရဲအုပ်က လမ်းစရိတ်တို့၊ ခရိုင်မှူးကန်တော့ရမယ်တို့၊ စခန်းမှူးကိုပေးရမယ်ဆိုပြီး သုံးသိန်း၊ ဥပဒေအရာရှိကို အကြံတောင်းခဆိုပြီး နှစ်သိန်း၊ စုစုပေါင်းငါးသိန်းယူသွားတယ်။ သုံးလလောက်အထိ အမှုက တရားရုံးမရောက်လို့ ဥပဒေအရာရှိသွားတွေ့တော့ အဲဒီနှစ်သိန်း သူမစားရပါဘူးတဲ့။ ပြီးတော့ ကျွန်မစစ်ချက်ထဲမှာမပါဘဲ သူဘာသာ ပြင်ရေးထားတဲ့စစ်ချက်ကြောင့် အမှုကို ပလပ်လိုက်ရတာပါလို့ ဥပဒေအရာရှိကပြောတယ်”ဟု ဒေါက်တာဇင်မင်းမောင်မောင်က သူ၏အတွေ့အကြုံကိုပြောသည်။

တရားသူကြီးအချို့ လာဘ်စားသော်လည်း တရားသူကြီးအများစုလိုက်စားသည့် အဂတိမှာ အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက်ခြင်းကြောင့် ကြောက်ရွံ့ခြင်းဖြင့် ဆုံးဖြတ်ရသည့် ဘယာဂတိက အများဆုံးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောသည်။

“ဒါတွေကြောင့် မြန်မာ့အမှုသည်တွေသာမက နိုင်ငံခြားသားတွေကပါ တရားစီရင်ရေးအပေါ်မှာ အားမလို၊ အားမရဖြစ်နေတာ။ ဒါကြောင့်လည်း နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေဟာ ၀င်သင့်သလောက်မ၀င်ဘူး။ တိုင်းပြည်နာတယ်”ဟု ၎င်းကပြောသည်။

အမှုလာရောက်တိုင်တန်းပါက ရဲအရေးပိုင်ပါက အမှုဖွင့်ပေးလိုက်ပြီး မမှန်မကန်တိုင်တန်းပါကလည်း တိုင်တန်းသူကို ပြန်လည်အရေးယူနိုင်ပေရာ လုပ်ထုံးလုပ်နည်း မြန်ဆန်သွက်လက်စေရန် ရဲအရေးပိုင်အမှုကို ချက်ချင်းလက်ခံဖွင့်ပေးသင့်ကြောင်းလည်း ဥပဒေပညာရှင်များက အကြံပြုသည်။

“ရဲအရေးမပိုင်လို့ ဦးတိုက်မှုဆိုပိုဆိုးတယ်။ တရားရုံးကစစ်၊ ပေါ်ပေါက်ချက်နဲ့ အရေးယူအမိန့်ချ။ မဟုတ်ရင်ပလပ်။ အရေးယူရင် ဘယ်လောက်လက်ခံရင် ဘယ်လောက်ရဲကိုပြန်ချပေး။ တလွဲအသုံးချနေတာတွေကို ကြားနေရတယ်။ ဥပဒေပြဋ္ဌာန်းချက်တွေကို လုပ်စားနေကြတာ။ ဒါကြောင့် ပြည်သူတွေ နှာခေါင်းရှုံ့ကြတာ”ဟု အထက်တန်းရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က ပြောကြားသည်။

မဆလအစိုးရလက်ထက်တွင် တရားရေးဝန်ကြီးဌာန သီးသန့်ရှိခဲ့ပြီး ၀န်ကြီးက တရားစီရင်ရေးကို ထိန်းကျောင်းကိုင်တွယ်သောကြောင့် ယခုလောက် တရားစီရင်ရေးအခြေအနေ မဆိုးဝါးကြောင်း၊ တရားလွှတ်တော်အဆင့်လောက်ရောက်လျှင်ပင် အမှန်တရားနှင့်နီးစပ်ပြီဟု မျှော်လင့်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီ၏ တစ်နှစ်ပြည့်အစီရင်ခံစာတွင်လည်း ဥပဒေအရာရှိများသည် ပြည်သူများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာကွယ်ပေးရပါမည်ဟု ဖော်ပြထားသည်။ ပြည်သူ့ရဲအရာရှိများကလည်း ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ တရားစွဲဆိုခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ကြပြီး အမှုမှန်ပေါ်ပေါက်ရေး ဦးတည်ရပါမည်ဟုပါရှိသည်။

သို့သော် ယင်းအချက်တွေကို အမှန်တကယ် လိုက်ပါဆောင်ရွက်သူ မျှတသည့် ဥပဒေအရာရှိနှင့် ရဲအရာရှိတို့မှာ အလွန်နည်းပါးနေပါသေးသည်။ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်က ပြောထားသော်လည်း လာဘ်ပေးလာဘ်ယူမှုထူပြောပြီး ဥပဒေကို နားလည်သူတို့ကပင် ဥပဒေကို လက်တစ်လုံးခြားပြုလုပ်နေသည့် တရားဥပဒေလောကသားအချို့နှင့် ပြည်သူများကြားက နစ်နာမှုတို့ကို အစိုးရက မည်သို့ဖြေရှင်းပေးပါမည်နည်းဟု မေးရပါတော့မည်။

Credit To 7Day News Journal 
Read More »

ဒီမိုကရေစီကျင့်သုံးရန် အသင့်ဖြစ်ပါပြီလား ---------------- ရေးသားသူ- အိဖြူလွင်

Photo: ဒီမိုကရေစီကျင့်သုံးရန် အသင့်ဖြစ်ပါပြီလား
----------------
ရေးသားသူ- အိဖြူလွင်

ဒီမိုကရေစီရရှိရန် အနှစ်နှစ်ဆယ်ကျော်တောင်းဆိုခဲ့သော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ၏အနှစ်သာရကို အမှန်တကယ်ရရှိပါပြီလား၊ ဒီမိုကရေစီ၏တာဝန်များကို အမှန်တကယ်သိရှိနေပါပြီလားဟု မေးခွန်းမေးသောအခါ ပြည်သူအများစုက မရရှိသေးပါ၊ မသိရှိသေးပါဟုသာ ဖြေကြသည်။

တစ်ပါတီစနစ်ကို ၂၆ နှစ် ကျင့်သုံးခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် အနှစ်နှစ်ဆယ်ကျော် နေခဲ့ရသည့်အတွက် ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီအလေ့အကျင့်များနှင့် နှစ်ပေါင်း ၅၀ ကင်းဝေးခဲ့သည့် ပြည်သူလူထုမှာ ထိုအလေ့အထများကို ကောင်းစွာသိရှိ ကျင့်သုံးနိုင်ရန်များစွာ လိုအပ်နေပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသောကြောင့် ဖြစ်သည်။ ၀ါရင့်သတင်းစာ ဆရာရဲနိုင်မိုးကလည်း မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီကို တောင်းဆိုသည့်အဆင့်မှ ကိုယ်တိုင်ကျင့်သုံးသည့် အဆင့်သို့တက်ရန် လိုပြီဖြစ်ကြောင်း သူ၏ဆောင်းပါးများတွင် တိုက်တွန်းဖူးသည်။

“ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့ဆိုတာက ပြည်သူအဆင့်မဟုတ်သေးဘဲ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုယ်၌က ကာလတစ်ခုဖြတ်သန်းရဦးမယ်”ဟု ဒီမိုကရေစီရရှိရေးကို တောင်းဆိုခဲ့သည့် ၈၈ အရေးတော်ပုံမှ မွေးထုတ်ပေးလိုက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောကြားသည်။

စစ်အစိုးရမှ အရပ်သားအစိုးရဖြစ်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ သုံးနှစ်ပြည့်လာသည့် ယနေ့အချိန်ကို ဒီမိုကရေစီ အပြည့်အ၀မကျင့်သုံးနိုင်သေးဘဲ ဖြေလျှော့မှုများ ပြုနေသည့်အချိန်သာဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

ဒီမိုကရေစီမှာ ပြည်သူက အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။ ပြည်သူတွေ အုပ်ချုပ်တာဖြစ်တယ်။ ဒါဆိုပြည်သူတွေအနေနဲ့ သူတို့ဘ၀နဲ့ သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေမှာ၊ အရေးကိစ္စတွေမှာ သူတို့ကိုယ်တိုင်ပါဝင်နေရတယ်။ ကိုယ်တိုင်စီမံအုပ်ချုပ်နေနိုင်တယ်လို့ ခံစားမိဖို့လိုတယ်”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်အောင်ကပြောသည်။

ဥပမာအနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်သည် ဒီမိုကရေစီရရှိသည့် အခွင့်အရေးဖြစ်သော်လည်း အကြမ်းဖက်မှုများနှင့် တရားဥပဒေပြင်ပမှ လုပ်ဆောင်မှုများ၊ အခြားသူများ၏ အခွင့်အရေးများကို ထိပါးခြင်း၊ စော်ကားခြင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ယဉ်ကျေးမှုများ၊ ကျင့်စဉ်များနှင့်မညီဟု နိုင်ငံရေးပါတီခေါင်းဆောင်များကပြောသည်။

“ပြည်သူတွေက ဒီမိုကရေစီရရင် လွတ်လွတ်လပ်လပ်နေရမယ်ဆိုတာပဲသိတယ်။ ဒီမိုကရေစီရဲ့အရသာကို ခွဲခွဲခြားခြားမမြင်တတ်သေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာဦးကပြောသည်။

သို့ရာတွင် ဒီမိုကရေစီဆိုသည့် စကားလုံးကိုသာမဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်များကိုပါ ပြည်သူအနေဖြင့်သိရှိရန် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများအပါအ၀င် တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ ဒီမိုကရေစီအနှစ်သာရအပေါ် ပညာပေးမှုများမှာ မလုံလောက်သေးပါဟု အဆိုပါအဖွဲ့အစည်းများက ထောက်ပြသည်။

အဘိဓာန်အနက်ဖွင့်ဆိုချက်အရ ဒီမိုကရေစီဆိုသည်မှာ “အဓိကအာဏာကို ပြည်သူလူထု၏ လက်ထဲ၌သာ အပ်နှင်းထားပြီး ယင်းအာဏာကို ပြည်သူလူထုက တိုက်ရိုက်သုံးစွဲနိုင်သည် (သို့မဟုတ်) လွတ်လပ်သောစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသော လူထုကိုယ်စားလှယ်များက သုံးစွဲသော ပြည်သူလူထု၏အစိုးရ” ဖြစ်သည်။

အေဘရာဟင်လင်ကွန်း၏ စကားအရဆိုရလျှင် ဒီမိုကရေစီဆိုသည်မှာ “ပြည်သူလူထု “၏”၊ ပြည်သူလူထု “က”၊ ပြည်သူလူထု “အတွက်” ဖြစ်သော အစိုးရ” ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ရန် ပါလီမန်ခေတ် ၁၉၅၀ တွင် ၀န်ကြီးချုပ်ဦးနု စိတ်ကူးကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီသဘောတရားပြန့်ပွားရေးအဖွဲ့ဖွဲ့ကာ နိုင်ငံတစ်ဝန်းပညာပေးရန် ကြိုးစားခဲ့ကြောင်း “တာတေစနေသား” စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိရောက်စွာလုပ်ကိုင်သူမရှိခြင်း၊ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးမငြိမ်သက်မှုကြောင့်  ၁၉၅၈ ခုနှစ်တွင် အဆိုပါအဖွဲ့ ပျက်စီးခဲ့၍ ဦးနုရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

အစိုးရက အရာရာကိုတင်းကျပ်ထားရာမှ ဖြေလျှော့ပေးလိုက်သည့်အချိန်ဖြစ်သဖြင့် လူထု၏ မကျေနပ်ချက်များ ပွင့်အန်လျှံကျလာသည့်အချိန်တွင် အစိုးရနှင့် ထိရှမှုများလည်း ဖြစ်နိုင်သဖြင့် ပြည်သူ၏မကျေနပ်ချက်များကို ကူညီပေးနိုင်သည့် တက်ကြွလှုပ်ရှားသူများကိုယ်တိုင် သတိထားသင့်သည့် အချိန်ဖြစ်သကဲ့သို့ တက်ကြွလှုပ်ရှားသူများသည် ခံစားချက်ကို ရှေ့တန်းတင်သူများမဟုတ်ဘဲ အဖွဲ့အစည်းပုံစံဖြင့် လုပ်ဆောင်နိုင်ရန်လိုသည်ဟု နိုင်ငံရေးပါတီတစ်ခု၏ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးတိုးတိုးကသုံးသပ်သည်။

“ကျွန်တော်တို့ တတ်နိုင်သမျှလုပ်နေပေမယ့် ဒီလိုအသိအမြင်ပေးတဲ့ အဖွဲ့အစည်းတွေ အများကြီးအားနည်းနေတယ်။ ပြီးတော့ ပြည်သူလူထုထဲကို ဒါရဲ့အနှစ်သာရတွေကို စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ဖို့ကလည်း အားနည်းနေတုန်းပဲ”ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆာင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“ပြောရင် ဒီမိုကရေစီကိုကျင့်သုံးနေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်တောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိသေးတာ။ သာမန်ပြည်သူတွေက ဘယ်လိုလုပ်ပြီး ဒီတာဝန်တွေကို နားလည်ဦးမလဲ”ဟု ဦးဂျင်မီကဆက်လက်ပြောကြားသည်။

အောက်ခြေပြည်သူလူထုအထိ ပညာပေးရန် အသိအမြင်ပေးရန်အတွက် အခြေခံပညာရေးတွင်ပင် လူတစ်ဦးနှင့်တစ်ဦး လေးစားတတ်ရန် အလေ့အကျင့်ကို ရေရှည်အတွက် ထည့်သွင်းရန်လိုသည်ဟု ဦးအောင်မိုးဇော်ကအကြံပြုသည်။

“ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ရုပ်သံရေဒီယိုတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြည်သူ့အသိပညာပေးအစီအစဉ်တွေကို ထုတ်လွှင့်ခွင့်ပေးရမယ်ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အတွက် အဓိကကျသည့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ မီဒီယာများသည်လည်း မှန်ကန်သောအသိအမြင်များပေးရန် တာဝန်ရှိသူများဖြစ်ပြီး အောက်ခြေသို့ အမှန်တကယ်ဆင်းရန်လည်း လိုသည်ဟု အချို့သူများက ထောက်ပြသည်။

“ကျွန်မတို့အနေနဲ့ သိချင်တာတွေ၊ မေးချင်တာတွေကို ဘယ်ကသိရမလဲ။ မြို့နယ်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မေးရမလား၊ နိုင်ငံရေးပါတီကို အားကိုးရမလား၊ ဘယ်ပညာရှင်ကို မေးရမလဲ၊ ဘယ်သူတွေက လာပြောမလဲ၊ သူတို့ပြည်သူတွေအတွက် လုပ်နေပါတယ်ဆိုတာ ဘာကိုကြည့်ပြီး ယုံရမလဲလို့ပဲ မေးချင်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီတစ်ခု၏ အရောင်းကြီးကြပ်ရေးမှူး မသဇင်မြင့်က သူ၏အမြင်ကိုပြောသည်။ 

ပါတီဝင်အချို့နှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ အချို့သူများသည်လည်း ပညာပေးဆွေးနွေးပွဲတိုင်း၊ ဟောပြောပွဲတိုင်းသို့ တက်လေ့ရှိသူများသာဖြစ်ပြီး ၎င်းတို့ထံမှ ပြန်လည်ဆင့်ပွားမှုမျိုးကိုမတွေ့ရဟု ဝေဖန်မှုများလည်းရှိသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းမှာလည်း လူသားအရင်းအမြစ် အကန့်အသတ်များကြောင့် ဖြစ်နိုင်ပြီး အခြေအနေအရ ထပ်ဆင့်ပွားများမှုများ၊ ဝေမျှမှုများပြုလုပ်ရန် အဆိုပါပုဂ္ဂိုလ်များ ကိုယ်တိုင်၏ စွမ်းရည်နှင့်ဆိုင်သည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သူ မနိုးနိုးထက်စံက ၎င်း၏ယူဆချက်ကိုပြောသည်။

အချို့သောဆွေးနွေးပွဲများတွင် ပြည်သူအချို့ပါ တက်ရောက်ခွင့်ရှိသော်လည်း ပြည်သူကမေးသောမေးခွန်းများကို ပညာရှင်များက ပြန်လည်ဖြေကြားရာတွင်(သို့မဟုတ်)ဟောပြောမှုများတွင် အများနားလည်လွယ်သောပုံစံမျိုးမဟုတ်ဟုလည်း အဆိုပါဟောပြောပွဲများတွင် ကြုံတွေ့ခဲ့မှုကို လူငယ်ကွန်ရက်မှ ကိုသန့်စင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ လူအများကြီးတက်ပေမယ့် တကယ်ကျေလည်အောင် မပြောနိုင်တဲ့ပွဲမျိုးကို မလုပ်ချင်ဘူး။ လူ ၂၀ လောက် ပွဲတက်နိုင်ရင်တောင် အဲဒီလူတွေက လူတွေအများကြီးကို ပြန်ဝေမျှပေးနိုင်တဲ့ အနေအထားမျိုးပဲ ဖြစ်စေချင်တယ်”ဟု စာပေဟောပြောပွဲများတွင်လည်း ဟောပြောလေ့ရှိသည့် နိုင်ငံရေးသမားနှင့် စာရေးဆရာမတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)ကပြောသည်။

နယ်မြို့များနှင့် ကျေးလက်နေရာအနှံ့အပြားသို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်နေသည့်ထဲမှ အောင်မြင်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြည်သူ၏ အခြေခံအခွင့်အရေးဖြစ်သည့် မသိသည်ကို မေးခွန်းထုတ်ရန်၊ တိုင်ကြားရန်စသည်တို့ပြုလုပ်ရန် အခြေခံလိုအပ်ချက်အဖြစ်ပြောပြီး အမှန်တကယ်နားလည်လွယ်ရန်အတွက် အနုပညာရှင်များ၏ ပံ့ပိုးမှုသည်လည်း ပြည်သူအားလုံး ဒီမိုကရေစီအလေ့အကျင့်ကို ထဲထဲဝင်ဝင်သိရှိရန် လိုအပ်ချက်တစ်ခုဟုပြောသည်။

ဒီမိုကရေစီအလေ့အကျင့်များသိရှိပြီး မြန်မာပြည်သူများ ကျင့်သုံးရန်မှာ ရေရှည်လုပ်ဆောင်ရမည်သာဖြစ်သည်။ အသိပညာရရန်အတွက် စာကြည့်တိုက်များ၊ အမျိုးသားရေးနှင့် ဘာသာရေးအမုန်းပွားစေမည့် ဟောပြောမှုများမဟုတ်ဘဲ အသိပညာတိုးပွားရေးကိုသာ အမှန်တကယ်ရည်ရွယ်သည့် ဟောပြောမှုများဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များကဆိုသည်။ နောက်ဆုံးအနေဖြင့် ရာနှုန်းပြည့်လွတ်လပ်မှုမရှိသေးသည့်အချိန်တွင် ပြည်သူများအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးမှုများကို လုပ်သည့်နေရာတွင် အဓိကအားဖြင့် အစိုးရ၏ အားပေးမှုပံ့ပိုးမှုများသည် အလွန်အရေးကြီးသည်ဟု ၎င်းတို့ကသုံးသပ်ခဲ့ကြသည်။

ဓာတ်ပုံ- နစ်ကီ
ဒီမိုကရေစီရရှိရန် အနှစ်နှစ်ဆယ်ကျော်တောင်းဆိုခဲ့သော မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ၏အနှစ်သာရကို အမှန်တကယ်ရရှိပါပြီလား၊ ဒီမိုကရေစီ၏တာဝန်များကို အမှန်တကယ်သိရှိနေပါပြီလားဟု မေးခွန်းမေးသောအခါ ပြည်သူအများစုက မရရှိသေးပါ၊ မသိရှိသေးပါဟုသာ ဖြေကြသည်။

တစ်ပါတီစနစ်ကို ၂၆ နှစ် ကျင့်သုံးခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအောက်တွင် အနှစ်နှစ်ဆယ်ကျော် နေခဲ့ရသည့်အတွက် ဒီမိုကရေစီယဉ်ကျေးမှု ဒီမိုကရေစီအလေ့အကျင့်များနှင့် နှစ်ပေါင်း ၅၀ ကင်းဝေးခဲ့သည့် ပြည်သူလူထုမှာ ထိုအလေ့အထများကို ကောင်းစွာသိရှိ ကျင့်သုံးနိုင်ရန်များစွာ လိုအပ်နေပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကျင့်သုံးနေသောကြောင့် ဖြစ်သည်။ ၀ါရင့်သတင်းစာ ဆရာရဲနိုင်မိုးကလည်း မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီကို တောင်းဆိုသည့်အဆင့်မှ ကိုယ်တိုင်ကျင့်သုံးသည့် အဆင့်သို့တက်ရန် လိုပြီဖြစ်ကြောင်း သူ၏ဆောင်းပါးများတွင် တိုက်တွန်းဖူးသည်။

“ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့ဆိုတာက ပြည်သူအဆင့်မဟုတ်သေးဘဲ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကိုယ်၌က ကာလတစ်ခုဖြတ်သန်းရဦးမယ်”ဟု ဒီမိုကရေစီရရှိရေးကို တောင်းဆိုခဲ့သည့် ၈၈ အရေးတော်ပုံမှ မွေးထုတ်ပေးလိုက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကပြောကြားသည်။

စစ်အစိုးရမှ အရပ်သားအစိုးရဖြစ်လာပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ သုံးနှစ်ပြည့်လာသည့် ယနေ့အချိန်ကို ဒီမိုကရေစီ အပြည့်အ၀မကျင့်သုံးနိုင်သေးဘဲ ဖြေလျှော့မှုများ ပြုနေသည့်အချိန်သာဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။

ဒီမိုကရေစီမှာ ပြည်သူက အချုပ်အခြာအာဏာပိုင်ဖြစ်တယ်။ ပြည်သူတွေ အုပ်ချုပ်တာဖြစ်တယ်။ ဒါဆိုပြည်သူတွေအနေနဲ့ သူတို့ဘ၀နဲ့ သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေမှာ၊ အရေးကိစ္စတွေမှာ သူတို့ကိုယ်တိုင်ပါဝင်နေရတယ်။ ကိုယ်တိုင်စီမံအုပ်ချုပ်နေနိုင်တယ်လို့ ခံစားမိဖို့လိုတယ်”ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုးမြင့်အောင်ကပြောသည်။

ဥပမာအနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်သည် ဒီမိုကရေစီရရှိသည့် အခွင့်အရေးဖြစ်သော်လည်း အကြမ်းဖက်မှုများနှင့် တရားဥပဒေပြင်ပမှ လုပ်ဆောင်မှုများ၊ အခြားသူများ၏ အခွင့်အရေးများကို ထိပါးခြင်း၊ စော်ကားခြင်းများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၏ ယဉ်ကျေးမှုများ၊ ကျင့်စဉ်များနှင့်မညီဟု နိုင်ငံရေးပါတီခေါင်းဆောင်များကပြောသည်။

“ပြည်သူတွေက ဒီမိုကရေစီရရင် လွတ်လွတ်လပ်လပ်နေရမယ်ဆိုတာပဲသိတယ်။ ဒီမိုကရေစီရဲ့အရသာကို ခွဲခွဲခြားခြားမမြင်တတ်သေးဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လူငယ်ကွန်ရက်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာဦးကပြောသည်။

သို့ရာတွင် ဒီမိုကရေစီဆိုသည့် စကားလုံးကိုသာမဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်များကိုပါ ပြည်သူအနေဖြင့်သိရှိရန် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများအပါအ၀င် တက်ကြွလှုပ်ရှားသူများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ ဒီမိုကရေစီအနှစ်သာရအပေါ် ပညာပေးမှုများမှာ မလုံလောက်သေးပါဟု အဆိုပါအဖွဲ့အစည်းများက ထောက်ပြသည်။

အဘိဓာန်အနက်ဖွင့်ဆိုချက်အရ ဒီမိုကရေစီဆိုသည်မှာ “အဓိကအာဏာကို ပြည်သူလူထု၏ လက်ထဲ၌သာ အပ်နှင်းထားပြီး ယင်းအာဏာကို ပြည်သူလူထုက တိုက်ရိုက်သုံးစွဲနိုင်သည် (သို့မဟုတ်) လွတ်လပ်သောစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသော လူထုကိုယ်စားလှယ်များက သုံးစွဲသော ပြည်သူလူထု၏အစိုးရ” ဖြစ်သည်။

အေဘရာဟင်လင်ကွန်း၏ စကားအရဆိုရလျှင် ဒီမိုကရေစီဆိုသည်မှာ “ပြည်သူလူထု “၏”၊ ပြည်သူလူထု “က”၊ ပြည်သူလူထု “အတွက်” ဖြစ်သော အစိုးရ” ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်ပတ်သက်၍ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ရန် ပါလီမန်ခေတ် ၁၉၅၀ တွင် ၀န်ကြီးချုပ်ဦးနု စိတ်ကူးကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီသဘောတရားပြန့်ပွားရေးအဖွဲ့ဖွဲ့ကာ နိုင်ငံတစ်ဝန်းပညာပေးရန် ကြိုးစားခဲ့ကြောင်း “တာတေစနေသား” စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိရောက်စွာလုပ်ကိုင်သူမရှိခြင်း၊ အကွဲအပြဲဇာတ်လမ်းများနှင့် နိုင်ငံရေးမငြိမ်သက်မှုကြောင့် ၁၉၅၈ ခုနှစ်တွင် အဆိုပါအဖွဲ့ ပျက်စီးခဲ့၍ ဦးနုရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။

အစိုးရက အရာရာကိုတင်းကျပ်ထားရာမှ ဖြေလျှော့ပေးလိုက်သည့်အချိန်ဖြစ်သဖြင့် လူထု၏ မကျေနပ်ချက်များ ပွင့်အန်လျှံကျလာသည့်အချိန်တွင် အစိုးရနှင့် ထိရှမှုများလည်း ဖြစ်နိုင်သဖြင့် ပြည်သူ၏မကျေနပ်ချက်များကို ကူညီပေးနိုင်သည့် တက်ကြွလှုပ်ရှားသူများကိုယ်တိုင် သတိထားသင့်သည့် အချိန်ဖြစ်သကဲ့သို့ တက်ကြွလှုပ်ရှားသူများသည် ခံစားချက်ကို ရှေ့တန်းတင်သူများမဟုတ်ဘဲ အဖွဲ့အစည်းပုံစံဖြင့် လုပ်ဆောင်နိုင်ရန်လိုသည်ဟု နိုင်ငံရေးပါတီတစ်ခု၏ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးတိုးတိုးကသုံးသပ်သည်။

“ကျွန်တော်တို့ တတ်နိုင်သမျှလုပ်နေပေမယ့် ဒီလိုအသိအမြင်ပေးတဲ့ အဖွဲ့အစည်းတွေ အများကြီးအားနည်းနေတယ်။ ပြီးတော့ ပြည်သူလူထုထဲကို ဒါရဲ့အနှစ်သာရတွေကို စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ဖို့ကလည်း အားနည်းနေတုန်းပဲ”ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆာင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“ပြောရင် ဒီမိုကရေစီကိုကျင့်သုံးနေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်တောင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ မရှိသေးတာ။ သာမန်ပြည်သူတွေက ဘယ်လိုလုပ်ပြီး ဒီတာဝန်တွေကို နားလည်ဦးမလဲ”ဟု ဦးဂျင်မီကဆက်လက်ပြောကြားသည်။

အောက်ခြေပြည်သူလူထုအထိ ပညာပေးရန် အသိအမြင်ပေးရန်အတွက် အခြေခံပညာရေးတွင်ပင် လူတစ်ဦးနှင့်တစ်ဦး လေးစားတတ်ရန် အလေ့အကျင့်ကို ရေရှည်အတွက် ထည့်သွင်းရန်လိုသည်ဟု ဦးအောင်မိုးဇော်ကအကြံပြုသည်။

“ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ရုပ်သံရေဒီယိုတွေကို နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပြည်သူ့အသိပညာပေးအစီအစဉ်တွေကို ထုတ်လွှင့်ခွင့်ပေးရမယ်ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အတွက် အဓိကကျသည့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ မီဒီယာများသည်လည်း မှန်ကန်သောအသိအမြင်များပေးရန် တာဝန်ရှိသူများဖြစ်ပြီး အောက်ခြေသို့ အမှန်တကယ်ဆင်းရန်လည်း လိုသည်ဟု အချို့သူများက ထောက်ပြသည်။

“ကျွန်မတို့အနေနဲ့ သိချင်တာတွေ၊ မေးချင်တာတွေကို ဘယ်ကသိရမလဲ။ မြို့နယ်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မေးရမလား၊ နိုင်ငံရေးပါတီကို အားကိုးရမလား၊ ဘယ်ပညာရှင်ကို မေးရမလဲ၊ ဘယ်သူတွေက လာပြောမလဲ၊ သူတို့ပြည်သူတွေအတွက် လုပ်နေပါတယ်ဆိုတာ ဘာကိုကြည့်ပြီး ယုံရမလဲလို့ပဲ မေးချင်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီတစ်ခု၏ အရောင်းကြီးကြပ်ရေးမှူး မသဇင်မြင့်က သူ၏အမြင်ကိုပြောသည်။

ပါတီဝင်အချို့နှင့် လူထုအခြေပြုအဖွဲ့အစည်းများမှ အချို့သူများသည်လည်း ပညာပေးဆွေးနွေးပွဲတိုင်း၊ ဟောပြောပွဲတိုင်းသို့ တက်လေ့ရှိသူများသာဖြစ်ပြီး ၎င်းတို့ထံမှ ပြန်လည်ဆင့်ပွားမှုမျိုးကိုမတွေ့ရဟု ဝေဖန်မှုများလည်းရှိသည်။

သို့သော် ထိုသို့ဖြစ်နေခြင်းမှာလည်း လူသားအရင်းအမြစ် အကန့်အသတ်များကြောင့် ဖြစ်နိုင်ပြီး အခြေအနေအရ ထပ်ဆင့်ပွားများမှုများ၊ ဝေမျှမှုများပြုလုပ်ရန် အဆိုပါပုဂ္ဂိုလ်များ ကိုယ်တိုင်၏ စွမ်းရည်နှင့်ဆိုင်သည်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သူ မနိုးနိုးထက်စံက ၎င်း၏ယူဆချက်ကိုပြောသည်။

အချို့သောဆွေးနွေးပွဲများတွင် ပြည်သူအချို့ပါ တက်ရောက်ခွင့်ရှိသော်လည်း ပြည်သူကမေးသောမေးခွန်းများကို ပညာရှင်များက ပြန်လည်ဖြေကြားရာတွင်(သို့မဟုတ်)ဟောပြောမှုများတွင် အများနားလည်လွယ်သောပုံစံမျိုးမဟုတ်ဟုလည်း အဆိုပါဟောပြောပွဲများတွင် ကြုံတွေ့ခဲ့မှုကို လူငယ်ကွန်ရက်မှ ကိုသန့်စင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ လူအများကြီးတက်ပေမယ့် တကယ်ကျေလည်အောင် မပြောနိုင်တဲ့ပွဲမျိုးကို မလုပ်ချင်ဘူး။ လူ ၂၀ လောက် ပွဲတက်နိုင်ရင်တောင် အဲဒီလူတွေက လူတွေအများကြီးကို ပြန်ဝေမျှပေးနိုင်တဲ့ အနေအထားမျိုးပဲ ဖြစ်စေချင်တယ်”ဟု စာပေဟောပြောပွဲများတွင်လည်း ဟောပြောလေ့ရှိသည့် နိုင်ငံရေးသမားနှင့် စာရေးဆရာမတစ်ဦးဖြစ်သူ မသီတာ(စမ်းချောင်း)ကပြောသည်။

နယ်မြို့များနှင့် ကျေးလက်နေရာအနှံ့အပြားသို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်နေသည့်ထဲမှ အောင်မြင်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီက ပြည်သူ၏ အခြေခံအခွင့်အရေးဖြစ်သည့် မသိသည်ကို မေးခွန်းထုတ်ရန်၊ တိုင်ကြားရန်စသည်တို့ပြုလုပ်ရန် အခြေခံလိုအပ်ချက်အဖြစ်ပြောပြီး အမှန်တကယ်နားလည်လွယ်ရန်အတွက် အနုပညာရှင်များ၏ ပံ့ပိုးမှုသည်လည်း ပြည်သူအားလုံး ဒီမိုကရေစီအလေ့အကျင့်ကို ထဲထဲဝင်ဝင်သိရှိရန် လိုအပ်ချက်တစ်ခုဟုပြောသည်။

ဒီမိုကရေစီအလေ့အကျင့်များသိရှိပြီး မြန်မာပြည်သူများ ကျင့်သုံးရန်မှာ ရေရှည်လုပ်ဆောင်ရမည်သာဖြစ်သည်။ အသိပညာရရန်အတွက် စာကြည့်တိုက်များ၊ အမျိုးသားရေးနှင့် ဘာသာရေးအမုန်းပွားစေမည့် ဟောပြောမှုများမဟုတ်ဘဲ အသိပညာတိုးပွားရေးကိုသာ အမှန်တကယ်ရည်ရွယ်သည့် ဟောပြောမှုများဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေးပါတီများနှင့် 
 
လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များကဆိုသည်။ နောက်ဆုံးအနေဖြင့် ရာနှုန်းပြည့်လွတ်လပ်မှုမရှိသေးသည့်အချိန်တွင် ပြည်သူများအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးမှုများကို လုပ်သည့်နေရာတွင် အဓိကအားဖြင့် အစိုးရ၏ အားပေးမှုပံ့ပိုးမှုများသည်
 အလွန်အရေးကြီးသည်ဟု ၎င်းတို့ကသုံးသပ်ခဲ့ကြသည်။
Credit To 7Day News Journal
Read More »

ဒီမိုကရေစီမီးပွားများ လွင့်ပါးချိန် ကျော်ဗလ

ကင်းဘရစ်ခ်ျတက္ကသိုလ် ပညာရှင်တစ်ဦးဖြစ်သူ ဂျွန်ဒန်းက ဒီမိုကရေစီကို လွှမ်းမိုးလာသော ကမ္ဘာ့စိတ်ကူး" ဟု တင်စားခဲ့သည်။ သို့သော် အချို့နိုင်ငံများတွင် ကြောက်စရာ၊ သံသယဖြစ်စရာ အနေနှင့် သတ်မှတ်နေ ကြသေးသည်။ မျက်မှောက်ခေတ်တွင် အာဏာရှင် အစိုးရများနှင့် ဒီမိုကရေစီ အားပြိုင်မှုများက နက်ရှိုင်းလာသည်။ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ရခြင်းသည် ပြည်သူများအတွက် သိပ်ပြီးကြောက်ရွံ့ ထိတ်လန့်စရာ ကိစ္စတစ်ခု မဟုတ်တော့ပေ။
အခြေအနေ မဟန်မှန်း သိလာကြသော အာဏာရှင် များသည် ထိပ်တိုက်ရင်ဆိုင်လာသော ပြည်သူများကို တစ်နည်းမဟုတ် တစ်နည်း ပူးပေါင်းလာကြသည်။ ရန်သူကိုခွာသတ်၍ မရလျှင် ပူးသတ်ရန် ကြိုးစားခြင်း ကသာ အကောင်းဆုံးဗျူဟာ ဖြစ်ကြောင်း အာဏာရှင်တွေက ကောင်းစွာ သိလာကြသည်။ ယင်းကိုပင် ဆေမွာမာတင်လစ်ဆက် ဆိုသူက "နှစ်လိုဖွယ် ကောင်းသော အာဏာရှင်များ" ဟု တင်စား ခေါ်ဝေါ်ခဲ့သည်။
အာဏာရှင်တွေက ပါးနပ်ကြသည်။ အတုအယောင် လွတ်လပ်ခွင့် များကို ပေးပြီး ဟန်ပြဒီမိုကရေစီ များနှင့် ပြည်သူတွေကို ဆွဲဆောင်ကြသည်။ ရုရှားတွင် ပြန်လည်ပြင်ဆင်ရေး ဝါဒီများ ကျင့်သုံးနေသည့် ဒီမိုကရေစီသည် “ရင်ခွင်ပိုက် ဒီမိုကရေစီ” သဘောမျိုးဖြစ်သည်။ တစ်နည်းအားဖြင့် “အတုအယောင် ဒီမိုကရေစီ” ဟုလည်း ဆိုနိုင်သည်။
တရုတ် တို့ကလည်း သူတို့ကျင့်သုံးသည့် ဒီမိုကရေစီကို စနစ်ကျသော လစ်ဘရယ်ဒီမိုကရေစီ ဖြစ်ကြောင်း ထုတ်ဖော်ပြောလေ့ ရှိသည်။ သူတို့ ဒီမိုကရေစီက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး ယှဉ်ပြိုင်မှု များကို ချုပ်ကိုင်ထားခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တစ်ပါတီ ဒီမိုကရေစီစနစ်ဟု ဆိုရမည် ထင်သည်။ တိန်ရှောက်ပင် လက်ထက်က အမွှမ်းတင်သည့် စကားနှင့် ပြောရမည်ဆိုလျှင် "တရုတ်နည်း တရုတ်ဟန်ဖြင့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်အံ့" ဟုဆိုရမည်။
တရုတ် ရူပဗေဒပညာရှင် ဖြစ်ခဲ့ပြီး ယခု အတိုက်အခံတစ်ယောက်အဖြစ် ရပ်တည်နေသည့် ဖန်လီဇီး ဆိုသူက သူ့တက္ကသိုလ် ကျောင်းသားများကို တရုတ်နည်းတရုတ်ဟန် ရူပဗေဒကို ယုံကြည်သလားဟု မေးဖူးသည်။ ဖန်က သိပ္ပံနည်းကျ အဆိုငါးခုကို ထောက်ပြထားသည်။ ယင်းအဆို များက ဒီမိုကရေစီကို အထောက်အကူ ပြုနိုင်မည်လောဟု ဆန်းစစ်စရာ ဖြစ်လာသည်။
သိပ္ပံပညာသည် သံသယဖြင့် စတင်သည်။ မော်စီတုံးဝါဒလို ယုံကြည်မှုဖြင့် မတည်ဆောက်ပေ။
သိပ္ပံပညာသည် ဆုံးဖြတ်ချက် တစ်ခုအပေါ်တွင် ဖိစီးမှုများ မရှိစေရန် အလေးထားသည်။ သို့ဖြစ်ရာ အစဉ်အလာ ကိုလည်း လိုက်နာချင်မှ လိုက်နာမည်။
သိပ္ပံပညာသည် တန်းတူညီမျှ စဉ်းစားရသည်။ အဆိုတစ်ခုသည် အခြားအဆို တစ်ခုထက် သာသည်ဆိုသော အယူအဆဖြင့် စဉ်းစားပြီး စတင်လေ့ မရှိပေ။
သိပ္ပံပညာသည် သတင်း အချက်အလက်များ လွတ်လပ်စွာ စီးဆင်း ရယူနိုင်မှုကို ဦးစားပေးသည်။
သိပ္ပံပညာသည် မှန်ကန်ကြောင်း သက်သေပြရန် လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေသများနှင့် ကိုက်ညီရသည်။ တစ်နေရာတစ်မျိုး နောက်တစ်နေရာ တစ်မျိုး သတ်မှတ်၍ မရပေ။
၁၉၇၄ ခုနှစ် ကတည်းက တွက်စစ်လျှင် ဒီမိုကရေစီ တော်လှန်ရေးပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သည်။ လွတ်လပ်သောနိုင်ငံ အဖြစ် ရောက်ရှိလာသော နိုင်ငံပေါင်း ၁၀၀ ခန့်ဖြစ်လာသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ဒီမိုကရေစီကို ပြန်ဆန်းစစ်လျှင် အောင်မြင်သည်ထက် ကျဆုံးသည့်ဘက်က များကြောင်း Freedom House က သုံးသပ်ထားသည်။
အီဂျစ်၊ လစ်ဗျား၊ အိုင်ဗရီကို့၊ မြန်မာနှင့် ဆီနီဂေါ နိုင်ငံများသည် ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်နိုင်ရန် အစိုးရက ဆောင်ရွက်နေသည် ဟု ဆိုရမည်။ အရှေ့အလယ်ပိုင်း နိုင်ငံများ ဖြစ်သည့် အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်နှင့် ဆီးရီးယားနိုင်ငံ များတွင် ပြည်သူတို့က ဒီမိုကရေစီ ဖော်ဆောင် နေကြသောကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားပြီး သွေးလွှမ်းနေရသည်။
ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီ လှုပ်ရှားမှုများ မရပ်မနား ဖြစ်ပွား နေသော်လည်း ဆုတ်ယုတ်ကျဆင်းမှု တွေက ဖြစ်ပွားနေဆဲ ဖြစ်သည်။ ဒီမိုကရေစီ ဆိုသည်က အနောက်နည်း အနောက်ဟန်ဖြစ်ပြီး၊ အနောက်စတိုင် အတိုင်း အတင်းအဓမ္မ သွတ်သွင်းရန်လည်း မဖြစ်နိုင်ပေ။
၂၀၀၆ ခုနှစ်က ချီလီနိုင်ငံမှ ဝတ္ထုရေးဆရာ အစ္စဘဲလ် အယ်လန်းဒေး က "လက်တင် အမေရိကသည် ဒီမိုကရေစီကို ရွေးချယ်ခဲ့သည်" ဟု ထုတ်ဖော် ကြေညာခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာ့တစ်ခြမ်းစာခန့် ရှိသော ပြည်သူများသည် ဒီမိုကရေစီအတွက် တိုက်ပွဲဝင် နေကြရသေးသည်။ အာဖရိက တိုက်တွင် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် အပြိုင်အဆိုင် ရွေးကောက်ပွဲများ ကျင်းပနေကြသည်။ သို့သော် ထိုဒေသ များတွင် ကမ္ဘာ့အဆိုးဆုံး အာဏာရှင်များနှင့် အကျင့်ပျက် ခြစားမှုများက ရှိနေသည်။
အရှေ့အလယ်ပိုင်း ဒေသများသည် အာဏာရှင် အစိုးရများက ဖိနှိပ် လွန်းသဖြင့် ဒယ်အိုးလို ခွက်ကျနေပြီ ဟုပင် တင်စားနေကြသည်။ သူတို့ အာဏာ မပျောက်ပျက်ရေးအတွက် ဒီမိုကရေစီ မပေးရန် အရေးကြီးသည်။ အာရှတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာပြီး၊ မြောက်ကိုရီးယား နိုင်ငံတွင် ဒီမိုကရေစီ ဆုတ်ယုတ်မှုက ကမ်းကုန်နေသည်။ မြောက်အမေရိက နှင့် ဥရောပ တွင်လည်း ဒီမိုကရေစီ တိုးတက်မှုက ရောထွေးနေသည်။ ထိုနိုင်ငံ များတွင် ဒီမိုကရေစီကို ဖော်ဆောင် နိုင်သည်ထား စီးပွားရေးက ကျဆင်းပြီး ပြည်သူတွေက လုံးလည်ချာလည် လိုက်နေကြသည်။
ဒီမိုကရေစီနှင့် ကင်းသောနိုင်ငံ မရှိသလောက် ဖြစ်လာသည်။ ဒီမိုကရေစီ ဆိုသည်မှာ ဥယျာဉ်ကြီးတစ်ခုနှင့် တူပြီး အမြဲအပြတ် ထိန်းသိမ်း စောင့်ရှောက်ရန် လိုလာသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလသည် ဆတ်ဆတ်ထိ မခံနိုင်သော အနေအထား ဖြစ်သည်။ ထိုကာလတွင် အတား အဆီး၊ အတိုက်အခိုက်၊ အနှောင့်အယှက်များ ရှိလာနိုင်သည်။ သွေးစည်း ညီညွတ်ခြင်းဖြင့်သာ ကျော်လွှားနိုင်ပါလိမ့်မည်။ အများသဘောသည် အမှား ပေါသည် ဆိုသော်လည်း အများဆန္ဒနှင့် အညီ ဒီမိုကရေစီ အတွက် သင့်လျော်မည့် ပုံစံများကို အမြဲပြုပြင် ပြောင်းလဲသွားရန် လိုသည်။ ထိုသို့ပြောင်း လဲရာတွင် အကြမ်းဖက်မှု မရှိဘဲ ပြုပြင် ပြောင်းလဲနိုင်ရေးက ပိုပြီးအရေး ကြီးသည်။
အစိုးရဆိုသည်မှာ အတင်းအကျပ် ပြုပြင်ပြောင်းလဲ ခိုင်းရသည့် သဘော၊ အဓမ္မတိုက်တွန်း စေခိုင်းရသည့် သဘောများ ရှိနေသောကြောင့် ပြည်သူများက သဘော မကျတတ်သည်က များသည်။ မည်မျှ သဘောကျပြီး တင်မြှောက်ထားသည် ဖြစ်စေ ကိုယ့်ဆန္ဒ အလိုအတိုင်း မဖြစ်လျှင် အစိုးရကို ငြိုငြင်ကြသည်သာ ဖြစ်သည်။
ဒီမိုကရေစီ အစိုးရ ဆိုသည်မှာလည်း တစ်ခါတစ်ရံ အာဏာရှင် မျက်နှာဖုံးကို အငှားသုံးသင့်လျှင် သုံးကြရသည်။ အဘယ်ကြောင့် ဆိုသော် လိုက်လျောလွန်းသည့် အစိုးရသည် အုပ်ချုပ်၍ မရနိုင်သည့် သဘောကိုလည်း သတိထားရမည် ဖြစ်သည်။ ပြည်သူတွေ ကြောက်ရွံ့ကြသည်မှာ အကြမ်းဖက်မှု ဖြစ်သည်။ အစိုးရက အကြမ်းဖက် မည်ကိုလည်း ကြောက်ကြသည်။ အချင်းချင်း အကြမ်းဖက်မည် ကိုလည်း ကြောက်ကြသည်။ ဥပမာ - ဆီးရီးယား နိုင်ငံတွင် ဖြစ်သည်။
ဖိနှိပ်သည့် အစိုးရသည် ကျဆုံးရမည်သာ ဖြစ်သည်။ မည်သည့် ဖိနှိပ်သည့် အစိုးရမှ ရေရှည် မတည်မြဲနိုင်ပေ။ အိန္ဒိယအမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက "အာဏာအရှိဆုံးသူ ဖြစ်ပါစေ ဥပဒေကို မလိုက်နာလျှင် အုပ်ချုပ်ရန်မဖြစ်နိုင်" ဟု ဆိုထားသည်။
ဒီမိုကရေစီစံ များက ပျံ့နှံ့လွှမ်းမိုးလာသည်။ ကမ္ဘာက ပြားလာပြီး လူတွေက တစ်နေရာနှင့် တစ်နေရာ ကူးသန်း သွားလာနေကြသည်။ ခေတ်က သတင်းအချက်အလက် တော်လှန်ရေးခေတ် ဖြစ်သည်။ နေရာတိုင်းတွင် လောင်စာတွေက ရှိနေသည်။ ဒီမိုကရေစီ မီးပွားလေးများ လွင့်ပါးလာမည်ကို ကြောက်ရွံ့ စိုးရိမ်စွာဖြင့် အာဏာရှင်များသည် ရေဖျန်းထားရန် လိုသည်။ ဓားဓားချင်း တုတ်တုတ်ချင်း စိန်ခေါ်ဝံ့သော အာဏာရှင် များကား တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ရသည်။
Credit To The Voice Weekly
Read More »

ဘယ်သူက ဘယ်သူ့ကို မယုံကြည်တာလဲ မောင်တင်ဦး (မြောင်းမြ)

Q-23-12
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ ဒုတိယနေ့ကို နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မယုံကြည်ဘူးလား
မယုံကြည်တာ မင်္ဂလာစကားတော့ မဟုတ်ပါဘူး။ ကောင်းတဲ့အစဉ်အလာကို ရည်ညွှန်းနေတာလည်း မဟုတ်ပါဘူး။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်က တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ဖက်ဖက်ကို အထင်အမြင်လွဲနေတာ၊ လက်မခံနိုင်တာ အထင်မကြီးတာကို ထုတ်ဖော်ပြသ လိုက်တာပါ။
လူတစ်ဦးနဲ့တစ်ဦး တစ်စုနဲ့တစ်စု မယုံနိုင်စရာ အကြောင်းတွေက အများအပြား ရှိနေပါတယ်။ လင်နဲ့မယား၊ သားနဲ့သမီး၊ ညီနဲ့အစ်ကို အချင်းချင်း၊ ဆွေမျိုးသားချင်း အတူတူ တစ်အိမ်တည်းနေသူ အချင်းချင်း၊ တစ်နိုင်ငံတည်းနေသူ အချင်းချင်း နိစ္စဓူဝ ပြဿနာများ ဖြေရှင်းနေရတာကြောင့် ဖြေရှင်းပုံ ကွဲလွဲမှု အကြောင်းအရာအပေါ် သဘောပေါက်ပုံ ကွဲလွဲမှု၊ ခံယူချက် ကွဲလွဲမှု စတာတွေကြောင့် ယုံကြည်မှုတွေ ပျက်ပြားကြတာ အဆန်းတကြယ်တော့ မဟုတ်လှပါဘူး။
သူ့အမြင် သူ့အတွေးဟာ သူဖြတ်သန်းလာတဲ့ဘ၀၊ သူတွေ့ကြုံလာတဲ့အသိ၊ သူဆည်းပူးတတ်မြောက်ထားတဲ့ပညာ၊ သူလေ့ကျင့်သင်ယူထားတဲ့ ပတ်ဝန်းကျင်နဲ့အသိ စသဖြင့် ဘ၀မတူ၊ ခံစားချက် မတူရာမှ ယုံကြည်ချက်တွေ ကွဲလွဲလာကြတာ အရှိအတိုင်း လက်ခံထားရမှာပါ။
လူနာတစ်ယောက်ကို ချဉ်းကပ်ကြတဲ့ နည်းအမြင်တွေဟာ ကုသတဲ့ဆရာအပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။ လူနာတစ်ယောက်တည်းကို အနောက်တိုင်းဆေးပညာ သင်ယူတတ်မြောက်ထားတဲ့ ဆရာဝန် (Doctor) ကုသနည်းက တိုင်းရင်းဆေးပညာ တတ်မြောက်ထားတဲ့ တိုင်းရင်းဆေးသမားတော်ရဲ့ ကုသနည်းနဲ့ မတူပါဘူး။
ဒီနေရာမှာ သူ့ကုသနည်းကို ကိုယ်မယုံတာ၊ ကိုယ့်ကုသနည်းကို သူမယုံတာက ပြဿနာ လုပ်နေရမယ့် ရေးကြီးခွင့်ကျယ်ကိစ္စ မဟုတ်ပါဘူး။ လူနာရောဂါ ပျောက်ကင်းဖို့ ဘယ်ဆရာကကုကု ကြိုဆိုရမှာ လက်ခံရမှာပါ။
လူနာရောဂါ ပျောက်ရေးအတွက် လူနာကတော့ ဘယ်သူ့ကိုမဆို ယုံကြည်ပါတယ်။ အားကိုးပါတယ်။ ကုပေးပါ။ ဆရာသမားအချင်းချင်း ယုံကြည်လိုက်ရင် လူနာအတွက် ကုသခွင့် အမြန်ရမှာပါ။
ရင်မှာစိုက်နေတဲ့ အဆိပ်လူးမြားကို အရင်ဆွဲနုတ်ရမှာက အဓိကလား၊ မြားပစ်သူဟာ သူဌေးလား၊ သူကြွယ်လား၊ သူဆင်းရဲလား၊ ဘယ်အရပ်က ပစ်တဲ့မြားလဲ စတဲ့လတ်တလော အရေးမကြီးတဲ့ အမှုကို အရင်ပြုမှာလား။
တိုင်းပြည်က လူနာဖြစ်နေပြီ
ခုလည်း နှစ်ပေါင်း ၁၀၀ ကျော် အင်္ဂလိပ်နယ်ချဲ့က နှိပ်စက်၊ ဂျပန်က အလစ်အငိုက် ၀င်ဆွဲလိုက်သေး။ ရောင်စုံသောင်းကျန်းသူ၊ ကွန်မြူနစ်သူပုန်၊ ပြည်တွင်းစစ်၊ တောခိုတော်လှန် ထကြွသူတွေရဲ့ စစ်ဒဏ်ကို နိုင်ငံအနှံ့ ခံစားနေခဲ့ရ၊ နေနေရတုန်းပဲ ရှိသေးတယ်။
လူနာဖြစ်နေတဲ့ တိုင်းပြည်ကို မသိကျိုးကျွန်ပြုပြီး အပေါ်ယံရွှေမှုန်ကြဲ၊ ရွှေနိုင်ငံလို့ ထထအော်နေတာ တွေးတတ်ရင် ရှက်စရာကောင်းပါတယ်။ ရွှေထွက်တဲ့နိုင်ငံ ဖြစ်ပေမယ့် ပြည်သူတွေ ရွှေမကိုင်နိုင်တဲ့ နိုင်ငံပါ။ ကျောက်စိမ်းတွေ အလျှံပယ် ထွက်နေပေမယ့် ကျောက်စိမ်းတစ်စမျှ မကိုင်နိုင်တဲ့ ပြည်သူတွေပါ။ ကျောက်စိမ်းအရောင်းပြပွဲတွေမှာ မြန်မာစကား မပြောတတ်တဲ့ တိုင်းတစ်ပါး ကုန်သည်တွေနဲ့ ပြည်တွင်းခရိုနီတွေပဲ ခြေချင်းလိမ်နေကြတာပါ။
တကယ်ဆို ခုထိတိုင်းပြည်က နာလန်မထသေးပါဘူး။ ဘာကြောင့်လဲ။ တိုင်းပြည်ကုသမယ့် ဆရာဝန်တွေ၊ သမားတော်တွေက တိုင်းပြည်ကို ကုသပေးရေးထက် ကိုယ့်ရဲ့အခန်းကဏ္ဍ အရေးပါရေး ဦးဆောင်မှုရရေးက ပိုလို့အရေးကြီးနေကြလို့ ဖြစ်ပါတယ်။
ဒီလိုနဲ့ တိုင်းပြည်ခမျာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေပါပြီ။ အသက်ရှည်ရှည်နေရအောင် ၀ိုင်းဝန်းကုသပေးကြမယ့် တိုင်းပြည်ကိုချစ်တဲ့ ပုဂ္ဂိုလ်၊ နိုင်ငံကို နာလန်ထစေလိုတဲ့ စိတ်ကောင်းရှိသူကို မျှော်လင့်နေပါတယ်။
မာတင်လူသာကင်းဟာ လူဖြူ၊ လူမည်း အသားအရောင်ခွဲခြားရေးကို တိုက်ဖျက်ခဲ့သလို နယ်လ်ဆင်မင်ဒဲလားကလည်း လူမည်းတွေအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။
အပေါ်ယံကြောမြင်သာတဲ့ အရေပြား အဖြူအမည်း ခွဲခြားမှုဟာ တိုက်ဖျက်ရ လွယ်ကူပေမယ့် အသားအရောင်ချင်းလည်း တူပါရဲ့။ လူမျိုးဘာသာစကားလည်း တူပါရဲ့။ ဒီမြေမှာနေ၊ ဒီရေသောက်သုံး ကြီးပြင်းလာတာချင်းလည်း တူနေပါရက်နဲ့ ဘာတွေမတူလို့ ပြည်သူတွေကို ခွဲခြားဆက်ဆံ နေတာလဲဆိုတာ တွေးမရအောင်ပါဘဲ။ ဘာကြောင့် မယုံကြည်တာလဲ ဆိုတာကိုလည်း ပိုလို့ပိုလို့ မတွေးတတ်တော့ပါဘူး။
ပြည်သူတွေကို ခွဲခြားဆက်ဆံတာ၊ မယုံကြည်တာက အရေးမကြီးဘူးဘဲ ထားလိုက်ကြပါစို့။ ဒါပေမဲ့ ပြည်သူတွေနဲ့ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ကြတဲ့ ပြည်သူတွေကို ခွဲခြားဆက်ဆံ နေတဲ့သူတွေပါ နေထိုင်နေကြတဲ့ ဒီတိုင်းပြည်ကို လူနာအဖြစ် သေလုမြောပါး ခံစားနေစေပြီး ကြာလေမွဲလေ အခြေအနေ ဆိုက်ရောက်လာနေတာဟာ ခွဲခြားဆက်ဆံချင်တဲ့ ပုဂ္ဂိုလ်တွေကိုပါ တစ်နေ့နေ့ ထိခိုက်လာမှာ မစိုးရိမ်ဘူးလား။ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်လာမှာ မတွက်ဆမိကြဘူးလား။ တစ်ခါက မြန်မာနိုင်ငံမှဆို မည်သည့်ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်ကိုမှ ၀င်ခွင့်မပေးခဲ့တာ ပြန်အမှတ်ရကြပါ။
ဘယ်သူက ဘယ်သူ့ကို မယုံတာလဲ။ သူ့လက်ညှိုးထိုး ကိုယ့်လက်ညှိုးထိုးနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဘယ်သူက ယုံယုံမယုံယုံ ကိုယ်ကစတင် ယုံကြည်မှုပြပေးပါ။ ကိုယ်က တိုင်းပြည်ချစ်ကြောင်း၊ တိုင်းပြည်အတွက်ဆို ဘာကိုဖြစ်ဖြစ် စွန့်စွန့်စားစား ယုံကြည်ပါကြောင်း ပြသကြပါ။ ပြလိုက်ကြပါ . . . . .
ပြည်သူရဲ့ ဆင်းရဲမွဲတေမှု ပုံရိပ်ဟာ တိုင်းပြည်ကို ကူးစက်လာပြီး ဆင်းရဲမွဲတေတဲ့ တိုင်းပြည်ရဲ့ ပုံရိပ်ဟာ အဲ့ဒီတိုင်းပြည်မှာ နေထိုင်တဲ့ ဘယ်သူ့ကိုမဆို ကူးစက်လာမှာကို မတွေးတောမိကြဘူးလား။ ကိုယ်တစ်ဦးတည်း၊ ကိုယ့်အသိုင်းအ၀ိုင်း တစ်စုတည်းမှာ ချမ်းသာလို့ နိုင်ငံခြားဘဏ်တွေမှာ ငွေတွေအပ်ထားရတာဟာ ဂုဏ်ယူစရာ မဖြစ်ပါဘူး။ တိုင်းပြည်ကို ရောင်းစားသူလို့ပဲ သတ်မှတ်ကြမှာပါ။
ဒီတိုင်းပြည်ထဲ နေသူပီပီ ဒီတိုင်းပြည်ကို ကယ်တင်ကြရပါမယ်။ တိုင်းပြည်ချမ်းသာအောင် ထူထောင်ရပါမယ်။ တိုင်းပြည်ကို ချမ်းသာစေချင်ရင် ပြည်သူတွေကို မမွဲအောင် စီမံဆောင်ရွက်ရပါမယ်။ ပြည်သူတွေကို စီးပွားရေး လုပ်ငန်းထဲမှာ လုပ်ကိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေးရမှာပါ။ ပြည်သူအများစုနဲ့ လူအနည်းစုတို့ ရင်ဆိုင်တွေ့ကြပြီဆိုရင် ပြည်သူအများစုဘက်က ရပ်တည်ကာကွယ် ယုံကြည်ပေးရမှာပါ။
ဆိုတော့ လူမမာဖြစ်နေတဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ရာ အကြောင်းမပြ၊ လက်မနှေးကြဘဲ ယုံယုံမယုံယုံ ယုံနိုင်သရွေ့ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။
ယုံကြည်မှု တည်ဆောက်မယ်။ ယုံကြည်အောင် ပြုမူနေထိုင်ကြတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်ကြပြီဆိုမှတော့ အပေးအယူ၊ အလျှော့ပေးမှု၊ နားလည်မှု စတဲ့နောက်ဆက်တွဲ လုပ်ဆောင်ရမှာတွေ ပေါ်ထွက်လာပါတယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် နောက်ဆုံးရလဒ်က တစ်ဦးကိုတစ်ဦး ယုံကြည်လိုက်ကြဖို့ပဲ ဖြစ်ပါတယ်။
အလျှော့ပေးမှု
ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အလျှော့ပေးမှုက မလွဲမသွေ ပါဝင်လာပါတယ်။ အလျော့ပေးမှု ဆိုတာနဲ့ အချို့က မိမိထံမှ တစ်ခုခု ပေးလိုက်ရပြီ။ လျှော့နည်းသွားပြီလို့ မှတ်ယူကြသလို အချို့က အလျှော့ပေးမှုဟာ မြင့်မြတ်သူတို့ရဲ့ လုပ်ရပ်လို့ မှတ်ယူသူတွေလည်း ရှိတတ်ပါတယ်။
ဘယ်လိုပဲ ယူဆယူဆ ပြဿနာ ပြေလည်ရေးက ပဓာန ကျပါတယ်။ ပြဿနာပြေလည်အောင် တချို့က စစ်ရေးနဲ့ ဖြေရှင်းကြပါတယ်။ တစ်ဖက်ဖက်က လက်နက်ချ အရှုံးပေးလိုက်မှ ပြဿနာ ပြီးဆုံးသွားမယ်။ ပြီးဆုံးသွားပြီလို့ ယူဆကြပါတယ်။ တဒင်္ဂ ပြီးဆုံးပေမယ့် တချိန်ချိန်မှ ပြန်ခေါင်းထောင်နိုင်တဲ့ အချိန်မှာ စစ်ရေးကို စစ်ရေးနဲ့ တုံ့ပြန်ခြင်းအားဖြင့် စစ်ပွဲတွေဟာ မဆုံးနိုင်သေးတာ လူတွေကိုယ်တွေ့ကြုံခဲ့၊ ခံစားခဲ့ကြပြီးပါပြီ။
တဒင်္ဂ အလျှော့မပေးချင်ဘဲ အနိုင်ကိုမှ လိုချင်ရင် ထာဝရအောင်နိုင်သူ ဖြစ်ရိုးထုံးစံ မရှိပါဘူး။ အနိုင်သာလိုချင်ပြီး ထာဝရ အရှုံးမပေးလိုတဲ့ အဒေါ့ဟစ်တလာဟာ စစ်တပ်ကိုချဲ့ထွင်ပြီး နိုင်ငံတိုင်းကို သိမ်းသွင်းအနိုင်ကျင့်ဖို့ နယ်ချဲ့ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နိဂုံးဟာ ဇာတ်သိမ်းမလှခဲ့ပါဘူး။ ဒါဟာ သိပ်မဟောင်းသေးတဲ့ သမိုင်းဆိုတာ သိကြမှာပါ။
လိုအပ်လို့ အလျှော့ပေးခြင်းဖြင့် စွန့်လွှတ်ပြတာဟာ ထာဝရ အောင်နိုင်သူအဖြစ် အသိအမှတ်ပြုခံရ တတ်ပါတယ်။
မြတ်စွာဘုရားရဲ့ အောင်ခြင်းရှစ်ပါးဟာ မေတ္တာရဲ့ အောင်မြင်မှု၊ တစ်နည်း အလျှော့ပေးခြင်းရဲ့ အောင်မြင်သူအဖြစ် ယနေ့ကာလထိတိုင် အသိအမှတ် ပြုခံနေရတာ လက်တွေ့ဖြစ်ပါတယ်။
တိုင်းပြည်ကောင်းစားမယ်ဆိုရင် ကျွန်မကို အသုံးချနိုင်ပါတယ်ဆိုတဲ့ ဆိုစကားဟာ အလျှော့ပေးပါတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
R-23-12
အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံသဘောတူညီချက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၂ ရက်က လိုင်ဇာမြို့၌ ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ အလျှော့ပေးခြင်းနဲ့ အစပြုရပါမယ်။ တစ်ဖက်က စတင်အလျှော့ပေးတာကို တစ်ဖက်က အလျင်အမြန် အသိအမှတ်ပြု တုံ့ပြန်ပြီး အလားတူ အလျှော့ပေးမှုနဲ့ ယုံကြည်မှု ရှေ့တစ်လှမ်းတိုး လုပ်ဆောင်ပြသင့်ပါတယ်။ ဖိအားပေးလို့၊ မနိုင်နိုင်လို့ဆိုတဲ့ ပြေးထွက်လို့ မလွတ်တော့တဲ့ ထောင့်ကျဉ်းထဲရောက်မှ အလျှော့ပေးတာမျိုး မဖြစ်သင့်ပါဘူး။
အလျှော့ပေးတာဟာ အရှုံးပေးတာ မဟုတ်သလို အနိုင်လိုချင်တာလည်း မဟုတ်ပါဘူး။ ပြည်သူအများစုကို ငဲ့ကွက်ပြီး လုပ်သင့်တာကို လုပ်ရင်ဖြစ်လို့ သူရှုံးရှုံး၊ ကိုယ်ရှုံးရှုံး၊ ပြည်သူတွေ မရှုံးဖို့သာ အဓိကဖြစ်ပါတယ်။ အလျှော့ပေးလိုက်လို့၊ ယုံကြည်မှု တည်ဆောက်နိုင်လို့ ပြည်သူတွေ အောင်ပွဲခံသွားမှာ ဘာမနာလိုစရာ ရှိမှာလဲ၊ ဘာမရှုဆိတ်စရာ ရှိရမှာလဲ။
တိုင်းပြည်အတွက် စွန့်စွန့်စားစား ယုံလိုက်ပါ
ဒီကနေ့ မြန်မာနိုင်ငံဆိုတဲ့ အမည်နာမဟာ ကမ္ဘာ့အလယ်မှာ ထည်ဝါစ၊ နာမည်ကောင်းပေါ်ထွန်းစ ကာလကောင်းတစ်ခု ရောက်နေချိန် ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက အခုမှစ တင်ရရှိတဲ့ အခြေအနေမျိုးပါ။
၁၉၄၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ နှစ်ပေါင်း ၇၀ နီးပါး ကာလရှည်ကြာထဲမှာ မြန်မာနိုင်ငံဟာ နာလန်ထလိုက်၊ လူမမာဖြစ်လိုက်၊ ဒဏ်ရာတွေနဲ့ မိန်းမောနေလိုက်နဲ့ လူကောင်းပကတိ ဘ၀ရယ်လို့ ထူထူထောင်ထောင် ရပ်တည်ခဲ့ရတဲ့ ကာလတွေ ရှားပါးပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာမှ ဒီမိုကရေစီ အားဆေးလေး တိုက်ကျွေးလို့ နည်းနည်းလေး အသက်ရှူမှန်လာတာပါ။ ဒီအချိန်မှာ လူနာရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူအပါအ၀င် တိုင်းရင်းသားပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံက ယုံကြည်မှုတွေ တည်ဆောက်ကြပြီး တိုင်းပြည်ကို စိတ်ရောကိုယ်ပါ ၀ိုင်းဝန်းကယ်တင်ကြဖို့ အချိန်တန်ပါပြီ။
အကြောင်းကြောင်းကြောင့်ဖြစ်ဖြစ်၊ မယုံကြည်နိုင်တာတွေကို ဘေးဖယ်ထားပြီး ယုံကြည်နိုင်စရာတွေ ရွေးချယ်ထားဖို့ လိုပါတယ်။ ကိုယ့်ဖို့ထက်၊ ကိုယ့်အဖွဲ့အစည်းအတွက်ထက်၊ တိုင်းပြည်တိုးတက်ဖို့ဆိုရင် စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ကြရပါမယ်။ တိုင်းပြည်အတွက်ဆို စွန့်လွှတ်ဖို့ ၀န်မလေးဘူးလို့ ပါးစပ်ကတော့ ပြောကြတာပါပဲ။ တိုင်းပြည်အတွက်ဆို အသက်စွန့်ဖို့ ၀န်မလေးဘူးလို့လည်း ဆိုကြပါတယ်။ ယုံကြည်မှု တည်ဆောက်မှု အရေးကိစ္စက အသက်အထိ စွန့်စရာ မလိုသလို အလျှော့ပေး စွန့်လွှတ်မှုဟာ ဂုဏ်သိက္ခာ မြင့်မားစေမယ့် လုပ်ရပ်ဖြစ်ပါတယ်။
ဘယ်သူက ဘယ်သူ့ကို မယုံတာလဲ။ သူ့လက်ညှိုးထိုး ကိုယ့်လက်ညှိုးထိုးနေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဘယ်သူက ယုံယုံမယုံယုံ ကိုယ်ကစတင် ယုံကြည်မှုပြပေးပါ။ ကိုယ်က တိုင်းပြည်ချစ်ကြောင်း၊ တိုင်းပြည်အတွက်ဆို ဘာကိုဖြစ်ဖြစ် စွန့်စွန့်စားစား ယုံကြည်ပါကြောင်း ပြသကြပါ။ ပြလိုက်ကြပါ။
Credit To First-11
Read More »

ဂုဏ်သိက္ခာနှင့် ကျင့်ဝတ် တက္ကသိုလ် မိုးဝါ

ဂုဏ်သိက္ခာ (Integrity) ဟူသည် အမြင်၊ အယူအဆ၊ ကိုယ်ကျင့်တရားဆိုင်ရာ အရာတစ်ခုဖြစ်သည်။ လူတစ်ယောက်၏ လုပ်ဆောင်ချက်များ၊ တန်ဖိုးထားမှုများ၊ နည်းနိဿယများ၊ ကိုယ်ကျင့်တရားဆိုင်ရာ စွဲကိုင်ထားမှုများ၊ မျှော်မှန်းချက်များနှင့် ရလဒ်များစသည်တို့ တစ်သမတ်တည်းရှိမှု၊ မရှိမှုကို တိုင်းတာသော အမြင်အယူအဆတစ်ခုဖြစ်ပေသည်။

ဂုဏ်သိက္ခာအား မိမိကိုယ်ပိုင်ရွေးချယ်ရသော အရာတစ်ခုအဖြစ် သတ်မှတ်ကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ၊ လူ့ကျင့်ဝတ်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားရှိမှုနှင့် မူဘောင်သဘော တရားစွဲကိုင်ထားမှုတို့အား ယုံမှားသံသယကင်းရှင်းစွာ၊ တစ်သမတ်တည်းကျစွာ၊ မိမိက ထိုက်ထိုက်တန်တန် ဖြစ်စေရန်ပြုလုပ်ခြင်းသည် ဂုဏ်သိက္ခာတည်ဆောက်ခြင်းပင်ဖြစ်သည်။

လူ့ကျင့်ဝတ် (Ethics) ဆိုင်ရာကိစ္စတို့တွင်မူ လူတစ်ယောက်၏ လုပ်ဆောင်ချက်၏ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် မှန်ကန်တိကျမှု စသည်တို့ကို ဂုဏ်သိက္ခာအဖြစ် သတ်မှတ်ကြသည်။ ဂုဏ်သိက္ခာသည် သူတော်ကောင်းအယောင်ဆောင် သို့မဟုတ် ကြောင်သူတော်တို့၏ လုပ်ရပ်နှင့် ဆန့်ကျင်စွာ ရပ်တည်သည်။ ဂုဏ်သိက္ခာ၏ စံတစ်ခုမှာ "အချိန်တိုင်းတွင် အရာရာတိုင်းသည် တစ်သမတ်တည်းရှိနေရမည်" ဟူ၍ ဖြစ်သောကြောင့် လူတစ်ဦးစီ၏ အတွင်းစိတ်ထဲ၌ မတူညီသည့် ၀ိရောဓိစိတ်တို့ ဖြစ်တည်လာပါက ယင်းတို့ကို ကိုယ်တိုင်တာဝန်ယူ ပြောင်းလဲပစ်ရမည် ဖြစ်သည်။

လူအများက ထင်ကြပေမည်။ ဂုဏ်သိက္ခာဟူသည် ကလေးလူငယ်၊ ကျောင်းသားအရွယ်၌မရှိ၊ မလိုအပ်။ လူကြီးဖြစ်လာမှ၊ ယုတ်စွအဆုံး စီးပွားရေးတွင် အောင်မြင်မှ၊ လူချမ်းသာဖြစ်မှ၊ ရာထူးရာခံကြီးတွေရမှ ဂုဏ်သိက္ခာ ကြီးကြီးမားမားရှိမည်ဟု...။ တကယ်တမ်းမူ၊ ခေါင်းရွက်ဗျပ်ထိုး၊ လက်လုပ်လက်စားနှင့် ဆိုက်ကားသမားတို့၌လည်း ဂုဏ်သိက္ခာအထိုက်အလျောက်ရှိကြ၏။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ၊ ၀န်ကြီးဖြစ်မှ စသည်ဖြင့် ဂုဏ်သိက္ခာမြင့်မားစွာရှိမည်ဟု ထင်ကြသည်။

စာရေးသူ ငယ်ငယ်ကကြည့်ခဲ့ဖူးသော "ဘယ်ပန်းချီ ရေးလို့မမီ" အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို အမှတ်ရနေပါသေးသည်။ စာရေးဆရာ သိန်းသန်းထွန်း၏၀တ္ထုကို ရှုမ၀ဦးကျော်က ရိုက်ကူးခြင်းဖြစ်သည်။ ၎င်းဇာတ်ကားထဲတွင် မင်းသားကြီး ဦးကျောက်လုံးက ရွာမျက်နှာဖုံး ရွာသူကြီး။ ရွာထဲတွင် ခြေဦးတည့်ရာသွားတတ်သော စိတ်သိပ်မမှန်သူ "ဆွေဇင်ထိုက်" ကို နေ့ညမပြတ်ချောင်းမြောင်းပြီး မတော်မတရားပြုရန် ကြံစည်သည်။ နောက်ဆုံးရွာသူကြီး၏ အကြံအစည်အောင်မြင်သွားသည်။ သူကြီး၏သား လူပျို (လင်းထင်)ကလည်း  နောက်တော့ရိပ်မိ၍ သားအဖထိုးကြိတ်တော့မတတ် စကားများကြသည်။ ဇာတ်ရှိန်မြင့်တက်သွားသည်။
ပြောချင်သည်မှာ တကယ်ဆိုလျှင် ရွာ၏မျက်နှာဖုံးဖြစ်သောသူကြီးသည် အများအမြင်၌ ကြီးမားသော ဂုဏ်သိက္ခာနှင့် နေထိုင်သူဖြစ်သည်။ သို့သော်ဤနေရာတွင် သူ၏ဂုဏ်သိက္ခာ သုညအမှတ်သို့ လုံးလုံးလျားလျား ကျဆင်းသွားသည်ကို သူ့သားမှလွဲ၍ မည်သူမျှမသိလိုက်ကြ။ လူကြီးဆိုသည့် ပေတံသုံးပြီး ဂုဏ်သိက္ခာကိုတိုင်း၍ မရနိုင်ဟု ပြောချင်ပါသည်။ ရာထူးလည်း ထိုနည်းလည်းကောင်းပါပဲ။ မသိသူတို့အဖို့ ဂုဏ်သိက္ခာရှိသူဟု အထင်ကြီးစရာ ဖြစ်သော်လည်း အဖြစ်မှန်က ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။
  
သို့ဖြစ်၍ ကိုယ်ကျင့်တရားဖြင့် ပြည့်ဝသည့် ဂုဏ်သိက္ခာရှိမရှိကို လူတစ်ဦး၏လုပ်ဆောင်ချက်၊ ယုံကြည်ချက်၊ နည်းနိဿယ၊ မူဘောင်သဘောတရားစွဲကိုင်ချက် စသည်တို့ဖြင့် တိုင်းတာရပေမည်။
  
ကမ္ဘာတစ်ဝန်းလုံးရှိ လူအများက လက်ခံထားသည့် နိယာမစည်းမျဉ်းစည်းကမ်းများအတိုင်း ပြည်သူများလိုက်နာကြရသလို အုပ်ချုပ်သူအာဏာပိုင်တို့သည်လည်း လိုက်နာရပေမည်။ ပမာအားဖြင့် ခိုးမှုကျူးလွန်သူအများ နေထိုင်သည့် "ကမ္ဘာ" ထဲတွင် မိမိမနေလိုပါလျှင် မိမိကိုယ်တိုင်လည်း ခိုးမှုမကျူးလွန်မိရန် သတိထားထိန်းချုပ်ရမည် ဖြစ်သည်။
နိုင်ငံဟူသည် သက်ရှိမဟုတ်၊ အမှန်တကယ်မူ၊ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သူမှာ "လူ" တွေပင်ဖြစ်သည်။ လူတွေ မမှန်လုပ်၍ နိုင်ငံနာမည် မှေးမှိန်သွားခြင်းသာဖြစ်သည်။ လူတွေက မတရားသည့်အလုပ်၊ သတ်ဖြတ်ဖိနှိပ်ကိုယ်ကျိုးရှာ လိမ်လည်ပြောဆိုခြင်းတို့ကိုလုပ်မှ နိုင်ငံသိက္ခာကျမည် . . .
Ayn Rand ဆိုသူ၏ အယူအဆအရ "ဂုဏ်သိက္ခာဟူသည် မိမိ၏ပုဂ္ဂလဓိဋ္ဌာန် အလိုဆန္ဒကို သစ္စာနာခံသောအရာမဟုတ်။ စဉ်းစားဆင်ခြင်တုံမူ သဘောအား သစ္စာနာခံသော အရာတစ်ခုသာဖြစ်သည်" ဟုဆိုပါသည်။
  
ယခုအခါ ဂုဏ်သိက္ခာဟူသောစကားလုံးကို အလွဲသုံးနေကြသူ တော်တော်များနေသည်ကို တွေ့နေရ၏။ မြေယာပိုင်ဆိုင်သူများက မိမိတို့နှစ်ပေါင်းများစွာကတည်းက ပိုင်ဆိုင်ခဲ့သောမြေယာများအား ပြန်လည်ရယူလို၍ သပိတ်စခန်းဖွင့်ထားသည့်နေရာ၌ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြန်လည်ဖြေရှင်းပြောကြားရာတွင်"ခင်ဗျားတို့ အဲဒီအသိမ်းခံရတဲ့အချိန်တုန်းက တင်ပြခဲ့သင့် မေးခဲ့သင့်တယ်။ ဒီလိုလူသွားလမ်းမမျိုးမှာ သပိတ်စခန်းဖွင့်နေတာမျိုးကတော့ နိုင်ငံ့ဂုဏ်သိက္ခာလည်း ကျဆင်းနိုင်တာပေါ့ဗျာ"  ဟုဆိုသည်။
  
[Daily Eleven သတင်းစာ၊ ၃-၁၂-၂၀၁၃ နေ့ထုတ်မှ ထုတ်နုတ်သည်]
  
နိုင်ငံ့ဂုဏ်သိက္ခာဟု ကြီးကျယ်သောစကားလုံးဖြင့် ပစ်ပေါက်ပြောဆိုခြင်းမှာ ဟုတ်မှန်သယောင်ယောင်နှင့် မျက်စိလည်သွားစေသည့် စကား။ နိုင်ငံဟူသည် သက်ရှိမဟုတ်၊ အမှန်တကယ်မူ၊ နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်သူမှာ "လူ" တွေပင်ဖြစ်သည်။ လူတွေ မမှန်လုပ်၍ နိုင်ငံနာမည် မှေးမှိန်သွားခြင်းသာဖြစ်သည်။ လူတွေက မတရားသည့်အလုပ်၊ သတ်ဖြတ်ဖိနှိပ်ကိုယ်ကျိုးရှာ လိမ်လည်ပြောဆိုခြင်းတို့ကိုလုပ်မှ နိုင်ငံသိက္ခာကျမည်။ ၁၉၉၀ ပြည့်နှစ်လောက်က အသိမ်းခံထားရသည့် မြေယာများအား ထိုမြေယာပိုင်ရှင်တို့က ပြန်လိုချင်၍ တောင်းဆိုခြင်းလုပ်ရပ်ကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ ကျသွားမည်လော၊ မည်သူ့ကြောင့် သိက္ခာကျမည်နည်း၊ အဖြေကို ဝေးဝေးပြေးရှာစရာမလို။
  
လူ့ကျင့်ဝတ် (Ethics) နှင့် ကိုယ်ကျင့်သိက္ခာ (Morality) စသည့် စကားလုံးနှစ်လုံးအား အပြန်အလှန် အလဲအလှယ် အသုံးပြုကြလေ့ရှိ၏။ ယဉ်ကျေးမှုတစ်ခု၊ ဓလေ့ထုံးစံတစ်ခု၊ လူအုပ်စုတစ်စုတို့၏ ကိုယ်ကျင့်သိက္ခာဆိုင်ရာ မူသဘောများသည် လူ့ကျင့်ဝတ်ဖြစ်သည်ဟု ဆိုသည်။
  
ဆရာတော် အရှင်ဇနကာဘိဝံသ၏ အဆုံးအမတစ်ခုတွင် တိုင်းပြည်နှင့်သာသနာကို စည်ပင်ပြန့်ပွားအောင် ထမ်းဆောင်နိုင်ရေး၊ အသိဥာဏ် ကိုယ်ကျင့်တရားပြည့်စုံ ဖွံ့ဖြိုးရေးအတွက် ဗုဒ္ဓမြတ်စွာ၏ ဂုဏ်ကျေးဇူးတော်ကို အမြဲညွှန်ပြဟောကြားသည့်အပြင် ကိုယ်ကျင့်သီလတရားကို မထိန်းသိမ်းဘဲ သာသနာတော်တွင် ပေါ့ပေါ့ဆဆနေထိုင်လျှင် ပစ္စုပ္ပန်သံသရာ၌ ဆင်းရဲဒုက္ခတွေ့ရမည်ဟု သတိပေး ဆုံးမတော်မူခဲ့၏။ ဒါနသည် ပြုလုပ်သင့်သော ကိစ္စဖြစ်သော်လည်း ကိုယ်ကျင့်သီလ ၀ိနည်းသည်သာ သုဂတိဘ၀အတွက် စိတ်ချရသောအလုပ်ဖြစ်ကြောင်း ညွှန်ပြဆုံးမတော်မူခဲ့သည်။
  
ဤနေရာတွင် ဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ကိုယ်ကျင့်သီလ ပျက်ပြားဖောက်ပြန်စေသော အကုသိုလ်စေတသိက် ၁၄ ပါးကို ထုတ်နုတ်ဖော်ပြလိုပေသည်။
ယင်းတို့မှာ -
(၁) မောဟ - မသိတတ်ခြင်းသဘော။
(၂) အဟိရိက - မရှက်ခြင်းသဘော။
(၃) အနောတ္တပ္ပ-မကြောက်လန့်ခြင်းသဘော။
(၄) ဥဒ္ဓစ္စ - စိတ်၏ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘော။
(၅) လောဘ-လိုချင်မှုသဘော။
(၆) ဒိဋ္ဌိ-မှားမှားယွင်းယွင်း သိမြင်ခြင်း။
(၇) မာန -ထောင်လွှားတက်ကြွခင်းသဘော။
(ဂ)ဒေါသ-စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းသဘော။
(၉) ဣဿာ-မနာလိုခြင်း၊ ငြူစူခြင်းသဘော။
(၁၀) မစ္ဆရိယ-၀န်တိုခြင်းသဘော ။
(၁၁) ကုက္ကုစ္စ-နောင်တတစ်ဖန် ပူပန်ခြင်းသဘော။
(၁၂) ထိန -စိတ်ရောကိုယ်ပါ ထိုင်းတိုင်းတိုင်းဖြစ်ခြင်းသဘော။
(၁၃) မိဒ္ဓ-မှိုင်းတိုင်းတိုင်းဖြစ်ခြင်းသဘော။
(၁၄) ၀ိစိကိစ္ဆာ-ဘုရားစသည်တို့၌ ယုံမှားခြင်းသဘော ။
  
မိမိကိုယ်ကိုယ် အထက်ပါ ကိုယ်ကျင့်သီလပျက်ပြားစေသော အကုသိုလ်စေတသိက်များဖြင့် ဆန်ခါစစ်ပြီး မိမိကိုယ်မိမိ မလိမ်မညာတမ်း ဆန်းစစ်ကြည့်နိုင်ရာ ဤလောက၌ ဂုဏ်သိက္ခာတကယ်ရှိသူ ဘယ်နှယောက်ရှိသနည်း။ မည်သူတွေက ဂုဏ်သိက္ခာအစစ်အမှန် ပိုင်ဆိုင်သူဖြစ်ပါသနည်း။ မည်သူတွေက ဂုဏ်သိက္ခာအတုအယောင်ဖြင့် ဟန်ဆောင်နေနေကြသနည်းဆိုသည် ကို ထင်ရှားစွာပေါ်လွင်စေမည်ဖြစ်သည်။
  
ကိုယ်ကျင့်သိက္ခာဆိုင်ရာ မှတ်သားဖွယ်ကောင်းသော ဆောင်ပုဒ်စာတစ်ကြောင်းကို လက်ဆင့်ကမ်းလိုက်ပါသည်။
  
"မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း မိမိကလည်း သူတစ်ပါးအား အလားတူ ပြုမူဆက်ဆံသင့်သည်"
Credit To First-11
Read More »