မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ပါ -သခင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခြေခံဥပဒေ ပြင်ချင်တဲ့ အချက်တွေကို ကြည့်လိုက်တော့ တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ပြင်ချင်တာတွေ  တွေ့ရတယ်။ ကာလုံရဲ့အခန်းကဏ္ဍ၊ ကာချုပ်ရဲ့ ပါဝါကို ခွင့်ပြုထားပေးတဲ့ အချက်တွေကို ပြင်ချင်တာ။
အဲဒီမှာ ဒေါက်တာနေဝင်းမောင် ပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိတယ်။ “ကဲ အခြေခံဥပဒေမှာ အာဏာပြန် မသိမ်းပါဘူးလို့ ရေးထားပါပြီတဲ့ ... တကယ် အာဏာပြန် မသိမ်းတော့ဘူးလား ....” တဲ့။ ဟုတ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီမိုကရေစီနဲ့  မညီညွတ်တဲ့ ပုဒ်မတွေ ဒုနဲ့ဒေးပါ။ ပါဝင်နေတဲ့ တပ်မတော်သား တစ်မတ်သားဟာ ရွေးကောက်ခံ မဟုတ်ရုံတင်မက သူတို့ စိတ်ကြိုက် သမ္မတတစ်ယောက် တင်မြှောက်ခွင့် ရှိနေတာကလည်း မနှစ်မြို့စရာပါ။ ပြည်သူ့ဆန္ဒ မဟုတ်ဘူးလေ။

ဒါပေမဲ့လည်း သူတို့ရဲ့ အခန်းကဏ္ဍဟာ မြန်မာ့သမိုင်း တစ်လျှောက် အဆိုးရော အကောင်းပါ တွက်ကြည့်ရင် အတော်ကြီးမားပြီး အတော်အရာ ရောက်နေတာကို ထည့်မတွက်လို့ မရပါဘူး။ အသိအမှတ်ပြုကို ပြုထားရမယ့် အခြေအနေပါ။ ပြီးတော့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အင်စတီ ကျူးရှင်းတွေ အားလုံးထဲမှာ စနစ်တကျ အရှိဆုံး အင်စတီကျူးရှင်း တစ်ခုလည်းဖြစ်ပါတယ်။ အခုထိ ပြည်သူလူထုက အော့ကြောလန်ပါတယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင်က သွားဂါရဝ ပြုနေသေးတာကို ကြည့်ရင် သူတို့ အခန်းကဏ္ဍကို အပြုတ်တိုက်ဖို့ဆိုတာ အိပ်မက်ပါပဲ။

နောက်တစ်ခုက စေ့စပ်ဆွေးနွေးရေးကို တောင်းဆိုပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ပြောဆိုမှုကိုလည်း နည်းနည်းတော့ လေ့လာ သုံးသပ်ကြည့်ဖို့ လိုပါမယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာကတည်းက သမ္မတ ဦးသိန်းစိန်နဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပါတယ်။ အစောပိုင်း နှစ်တွေကတည်းကပေါ့။ အဲဒီတုန်းက သူတို့ ဘာစကားတွေ ပြောကြသလဲ။ ဒေါ်စု ဘာဆွေးနွေးသလဲ။ သဘောထား ပျော့ပျောင်းပါတယ်လို့ သူကိုယ်တိုင် ပြောခဲ့တဲ့ ဦးသိန်းစိန်နဲ့ ဘာတွေ ညှိနှိုင်းခဲ့သလဲ။ ဦးသိန်းစိန်ကလည်း ဘာတွေ ပြန်ဆွေးနွေး၊ ညှိနှိုင်း၊ ပြောဆိုခဲ့သလဲ။ ပြည်သူတွေ မသိရပါဘူး။ တွေ့ခဲ့ကြတယ် ဆိုတာလောက်ပဲ သိလိုက်ရတယ်။ တကယ့်ကို အလွတ်သဘောပဲ သိရတာပါ။ တိုင်းပြည်ရဲ့ အရေးပါ အရာရောက်တဲ့ ခေါင်းဆောင်နှစ်ယောက် တွေ့ကြဆုံကြ ဆွေးနွေးကြတဲ့အခါ တိုင်းပြည်အတွက် အကျိုးရှိမှာတွေကို ဆွေးနွေးကြ၊ ညှိနှိုင်းကြမယ်လို့ပဲ ပြည်သူတွေက နားလည်ထားပါလိမ့်မယ်။ နေကောင်းလား ဟုတ်ကဲ့ ကောင်းပါတယ်။ အဆင်ပြေရဲ့လား ပြေတာပေါ့ လောက်နဲ့တင် ပြီးခဲ့မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီကနေ့အထိ နှစ်ဖက်ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ အရိပ်အမြွက်တောင် ပြည်သူကို အသိမပေးပါဘူး။ ဒီလို စကားပြောကြတဲ့အခါ အပြန်အလှန် လေးစားမှု ရှိဖို့အပြင် ပြည်သူလူထုကိုလည်း နှစ်ဖက်စလုံးက လေးစားဖို့ လိုပါတယ်။

တစ်ဦးချင်းအနေနဲ့ ပြောရရင် ဦးသိန်းစိန် ဆိုတာလည်း တပ်မတော် ခေါင်းဆောင်ဟောင်းတွေထဲမှာ တော်တော့်ကို Flexible ဖြစ်ပြီး တော်တော့်ကို ရိုးဖြောင့်တဲ့အပြင် အရင်စစ်ခေါင်းဆောင်တွေတောင် မရဖူးတဲ့ ပြည်သူထောက်ခံမှု၊ နိုင်ငံတကာ ထောက်ခံမှုတွေ ရထားတဲ့သူ ဖြစ်ပါတယ်။ ဒေါ်စုဆိုတာက အထွေအထူး ပြောနေစရာတောင် မလိုဘူး။ အရင်ကတည်းက လူထုခေါင်းဆောင်၊ ပြည်သူအတွက် မိသားစုဘဝကို စွန့်လွှတ်ပြီး အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ပညာတတ် အမျိုးသမီး၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။ သူ့ကို လွှတ်ပေးလိုက်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ခွင့်ပြုခဲ့ကတည်းက ဘာ အကြောင်းရှိလို့ပဲ ဖြစ်ဖြစ် လက်ရှိ အစိုးရဘက်က အီလစ်တွေရဲ့ သဘောထား ပျော့ပျောင်းမှုအဖြစ် မြင်ကြည့်လို့ ရပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်ယောက် ကြားမှာ ဘာလို့ ခုနောက်ပိုင်း တင်းမာမှုတွေ ဖြစ်လာရတာလဲ။

အစက ဟုတ်မလိုလိုနဲ့ နောက်ဆုံးကျတော့မှ မာနတွေ ပြလာကြရတာလဲ။ ကိုယ်က လူထု ခေါင်းဆောင်ပဲ။ လူထုကို တိုင်တည်ပြီး တွေ့ခွင့်ကို ခပ်မာမာပဲ တောင်းမယ်။ တစ်ဖက်ကလည်း ကိုယ်က လက်ရှိအစိုးရ အကြီးအကဲ၊ သမ္မတမို့လို့ မတွေ့ချင် မတွေ့ဘူး ဆိုပြီး .....။ သူတို့ကြားမှာ ညှိနှိုင်းမှုတွေ ရှိရမှာပါ။ ၂၀၁၀ တုန်းကလို ဒီချုပ်က No Vote လုပ်ပြီး ရွေးကောက်ပွဲ မဝင်လို့ မရပါဘူး။ တိုင်းပြည်ကို တကယ် ကောင်းစား စေချင်တယ်ဆိုရင် တိုင်းပြည် တိုးတက်လာအောင် ရသလောက် ‘ခွင်’ ထဲက ကြိုးစားရမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ တာဝန်ပါ။ ဒီလိုပြောလို့ အဲဒီ့ ခေါင်းဆောင်တွေကို ခေါင်းဆောင်ကောင်း လုံးဝ မဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝေဖန် နေတာတော့ ဟုတ်ပါတယ်။ တိုင်းပြည်တိုးတက် ကောင်းစားလာဖို့က အဲဒီခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့ မဟာဗျူဟာပေါ်မှာ မူတည်နေလို့ပါ။

ပြီးတော့ လွှတ်တော်က ၅၉ (စ)ကို မူအရ ပြင်ပေးသင့်တယ်လို့  မြင်ပါတယ်။ သမ္မတဖြစ်ခွင့် အရည်အချင်းတစ်ခုဟာ သားသမီးအထိ ကန့်သတ် ထားတာတော့ မဖြစ်သင့်ပါဘူး။ တကယ်လို့ ဒီပုဒ်မဟာ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ချင်တဲ့ သဘောပါလို့ ပြောရင် ဒါကို မဲပေးတဲ့ ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ပြန်ချေပရမှာပါပဲ။ နိုင်ငံတော် သမ္မတလောင်း တစ်ဦးရဲ့ သားသမီးတွေဟာ နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် ပြည်သူတွေက မဲမပေးချင်ရင် မပေးဘဲ နေနိုင်ပါတယ်။ ဒါ ပြည်သူလူထုက ဆုံးဖြတ်ပါလိမ့်မယ်။ အခုအခြေအနေအရလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်က နိုင်ငံခြားသား ဖြစ်နေတာမို့လို့ အချို့သော အမျိုးသားရေး ဝါဒီများဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်ကြတာတွေ ရှိပါတယ်။ ဒါကြောင့် သူတို့ ရွေးကောက်ပွဲမှာ ဒီချုပ်ကို မဲမပေးဘဲ နေနိုင်ပါတယ်။ တခြားပါတီတွေကို မဲ ပေးနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူအများရဲ့ဆန္ဒဟာ ဒေါ်စုကို မဲပေးကြတယ်ဆိုရင်တော့ သူ သမ္မတ ဖြစ်သင့်တာပါပဲ။ ဒါကို လက်ခံရပါမယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉ (စ)ဟာ သူ့ကို ရည်ရွယ်ထားတဲ့အတွက် မဖြစ်မနေ ပြင်ပေးရမယ်ဆိုတဲ့ စကားကို စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ အားနည်းချက်တွေကို ထောက်ပြီး ပြောဆို နေတာတွေကလည်း အလွန်အန္တရာယ်ကြီးပြီး တင်းမာမှုကို ပိုဖြစ်စေနိုင်ပါတယ်။ တကယ်လို့သာ ပြောတဲ့လေသံနဲ့ စကားလုံးတွေကို ဒီ့ထက်နည်းနည်း နားခံသာအောင် ပညာသားပါပါ ပြောတဲ့လေသံမျိုး ပြောင်းပြီး ၅၉ (စ)ကို ပြင်ခွင့်ရအောင် တခြားစကားရပ်တွေနဲ့ အစားထိုး သုံးစွဲ ပြောဆိုလို့ကော မရဘူးလားလို့လည်း စဉ်းစားမိပါတယ်။ လူထုအင်မတန် အားကိုးယုံကြည် လေးစားခံရတဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်အန္တရာယ်ကိုလည်း အလေးထားသင့်ပါတယ်။ တစ်ဖက်ကို နာအောင် ဆွပေးပြီး အလိုရှိတာကို တောင်းဆိုတာထက် တစ်ဖက်ရဲ့ သောက၊ စိုးရိမ်ပူပန်မှု၊ မတူညီတဲ့ ဖြတ်သန်းမှု၊ မတူညီတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု၊ မတူညီတဲ့ လေ့ကျင့် သင်တန်း ပေးမှုနဲ့ ဝါဒ အဖြန့်ခံထားခဲ့ရတဲ့ အခြေအနေတွေကို နားလည်အောင် ကြိုးစားပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးတာက ပိုထိရောက်ပြီး အဖြေရနိုင်တဲ့ နည်းလမ်းလို့ မြင်ပါတယ်။

မြန်မာနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတာ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဖွံ့ ဖြိုးတိုးတက်ဖို့ပါ။ အခု နိုင်ငံရေးစနစ်က ခွင့်ပြု ပေးထားတာကလည်း အပြန်အလှန် Check and Balance ရှိတဲ့ ပုံစံပါ။ သမ္မတ တစ်ယောက် တည်းမှာတင် လုပ်ပိုင်ခွင့်တွေ ပုံအောနေတာ မဟုတ်တဲ့အတွက် တိုင်းပြည် အကျိုးကို သယ်ပိုးချင်ရင် သမ္မတ နေရာမှ မဟုတ်ပါဘူး။ ကိုယ်ရောက်ရှိတဲ့ နေရာကနေ သယ်ပိုးပေးလို့ ရပါတယ်။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်ဘူးလို့ မဆိုလိုသလို ဖြစ်စေချင် ပါတယ်လို့လည်း မပြောပါဘူး။

စာရေးသူတို့ မြန်မာနိုင်ငံကို ရှေ့လျှောက် လူနဲ့ မောင်းနှင်ရတဲ့ ပုံစံမဟုတ်ဘဲ မူနဲ့ မောင်းနှင်ရတဲ့ ပုံစံ ဖြစ်စေချင်လို့ပါ။ သမ္မတ တစ်ယောက်တည်းနဲ့တင် တိုင်းပြည် တည်ဆောက်လို့ မရသလို စစ်တပ်က ပါနေလို့ တိုင်းပြည်တည် ဆောက်လို့ မရဘူး ဆိုတာလည်း မဟုတ်ပါဘူး။ စာရေးသူတို့ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ယိုယွင်းလာတဲ့ ဗျူရိုကရေစီယန္တရား၊ အကျင့်ပျက် ခြစားမှု၊ ဝန်ထမ်းတွေရဲ့ အရည်အချင်း ချို့တဲ့မှု၊ တရားဥပဒေ စိုးမိုးရေး အားနည်းမှုတွေဟာ ဥုံဖွဆိုပြီး အကုန်ကောင်းသွားမှာ မဟုတ်သလို သမ္မတ တစ်ယောက်တည်း ပြင်လို့လည်း မရနိုင်ပါဘူး။ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိဂုံးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကြားဖူးတာလေးနဲ့ နိဂုံးချုပ်ပါရစေ။ ဗိုလ်ချုပ်တို့ အင်္ဂလန်သွားပြီး ဘုရင်ခံနဲ့ သွားတွေ့မယ် ဆိုတဲ့အခါ သူ့ကို့ Your Majesty ဆိုပြီး နှုတ်ဆက်ဖို့ ဗိုလ်ချုပ်ကို ပြောပါတယ်တဲ့။ အဲလိုပြောတော့ ဗိုလ်ချုပ်က ငါတို့ကို နယ်ချဲ့ထားတဲ့သူကို အဲလို မပြောနိုင်ဘူးလို့ ငြင်းတယ် ဆိုပါတယ်။ ဒါပေမဲ့ “ဒါဟာ သံတမန် နည်းလမ်းအရ ပြောကို ပြောရတဲ့ အခေါ်အဝေါ်ဖြစ်ပါတယ်။ အောက်ကျတယ်လို့ ဗိုလ်ချုပ် မခံယူပါနဲ့။ လွတ်လပ်ရေးကို တောင့်တနေကြတဲ့ ဗမာပြည်သူ ပြည်သားတွေကို မြင်ယောင်ကြည့်လိုက်ပါ” လို့ ဘကြီး ဘဘေက နားချတော့မှ Your Majesty ရယ်လို့ ကောင်းကောင်းမွန်မွန်ပဲ သွားနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဆင့်စကားနဲ့ ကြားဖူးတဲ့ အဖြစ်အပျက်လေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်လေးကို ကြားမိပြီး ဗိုလ်ချုပ်အောင်ဆန်းကို ပိုလို့ လေးစားချစ်ခင်သွားမိပါတယ်။ အခုလက်ရှိ နိုင်ငံရေး ဖြစ်စဉ်တွေမှာလည်း ခေါင်းဆောင်များ မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
Credit To The Voice Weekly
Read More »

ထွက်ပေါက် Exit ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ထွက်ပေါက် (Exit) ဟူသည် အကျဉ်းအကျပ်၊ အကျပ်အတည်းမှ လွတ်မြောက်ရာ တံခါးဝ သို့မဟုတ် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်ရာ တံခါးဝဟု ထင်မြင်မိသည်။
သို့ဆိုလျှင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည် ထိုစဉ်က လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သော နိုင်ငံရေး အကျဉ်းအကျပ် ထွက်ပေါက် ဖြစ်ခဲ့သော်လည်း ယင်းမှာ အရေးပေါ် ထွက်ပေါက် (Emergency Exit) မျှသာဟုပင် ပြောနိုင်မည်ဟု ထင်မြင်မိသည်။ အကြောင်းမှာ ယင်းအရေးပေါ် ထွက်ပေါက်သာ မရှိခဲ့လျှင် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေမှာ စဉ်းစား၍ပင် မရနိုင်သော အခြေအနေမျိုးစုံနှင့် ရင်ဆိုင် နေပေလိမ့်မည်ဟု ထင်မြင်မိသည်။

ယင်းအရေးပေါ် ထွက်ပေါက် (Emergency Exit) သည် နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှု တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရရှိခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ သို့သော် ယင်းထွက်ပေါက်သည် အရေးပေါ် ထွက်ပေါက်မျှသာ ဖြစ်ခဲ့၍ ၂၀၁၅ ရွေးကောက်ပွဲသည် ယနေ့ပြည်သူ သန်း ၆၀ ၏ ဒီမိုကရေစီ နည်းလမ်းများဖြင့် ရွေးချယ်သော ပြိုင်ဆိုင်မှုကို အခြေခံသော ရွေးကောက်ပွဲဟူသော ပင်မ ထွက်ပေါက် (Main Exit ) ပင် ဖြစ်ပေလိမ့်မည်ဟု ယူဆမိသည်။

အကြောင်းမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးခဲ့ချိန်မှစ၍ ယနေ့အချိန်ထိ များစွာသော ပြောင်းလဲမှုများ (ဥပမာ- လွှတ်တော်နိုင်ငံရေး အခင်းအကျဉ်း၊ နိုင်ငံတကာ အကူအညီများ၊ GSP အခွင့်အရေးများ၊ တားဆီး ပိတ်ဆို့ခံခဲ့ရသော စီးပွားရေး အခွင့်အလမ်းများ အစရှိသဖြင့်) သည် ယင်းအရေးပေါ် ထွက်ပေါက်၏ အကျိုးရလဒ်များပင် ဖြစ်ပေလိမ့်မည်။

သို့သော် ယင်းအရေးပေါ် ထွက်ပေါက် (Emergency Exit) မှသည် အဓိကထွက်ပေါက် (Main Exit) သို့ ပြောင်းလဲ ထွက်ရှိနိုင်ပါက ကျန်ရှိသော (ကျန်ရှိနေသေးသော) ပြဿနာများစွာသည် ပြေလည်သွားနိုင် သို့မဟုတ် ပြေလည်သွားနိုင်ရန် လမ်းစများ၊ နည်းလမ်းများကို ရှာဖွေ သွားနိုင်မည်ဟု ယူဆမိသည်။

နှစ်ပေါင်းများစွာ အကျပ်အတည်း ပေါင်းစုံကို ရင်ဆိုင် ဖြတ်သန်းနေခဲ့ရသော မြန်မာပြည်သူ ပြည်သားတို့သည် မိမိတို့၏ ဘဝရှေ့ရေး အနာဂတ်ကို မည်သို့ ပုံစံချရမည် ဆိုသည်ကို လက်တွေ့ကျကျ မလုပ်ဆောင် နိုင်ကြသေးသည်ကို တွေ့မြင်နိုင်ပြီး အခြေခံ လူနေမှု အဆင့်အတန်းမှာလည်း နိမ့်ကျမြဲ နိမ့်ကျဆဲ ဖြစ်နေသေးသည်ကို တွေ့ မြင်ရသည်။

အနာဂတ်ဟူသော တံခါးဝကို ရောက်ရှိရန်အတွက် ပစ္စုပ္ပန်ဟူသော တံခါးမှ ဝင်ရောက်ရမည် ဖြစ်သောကြောင့် မည်သည့်နိုင်ငံသားမဆို မိမိတို့၏ ဘဝလုံခြုံမှုအတွက် စိတ်အေးလက်အေး ဖြတ်သန်းလိုကြသည် ဖြစ်သည်ကို တွေ့နိုင်သည်။

ဆိုလိုသည်မှာ များမကြာမီ  ဖြတ်သန်းရမည့် ၂၀၁၅ ဟူသော ရွေးကောက်ပွဲကြီးသည် မျှတသော ပြိုင်ဆိုင်မှု မျှတသော ယှဉ်ပြိုင်မှု (Fair Competition) မရှိလျှင် ယနေ့အထိ တည်ရှိနေဆဲဖြစ်သော တည်ရှိမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို သက်ရောက်မှု ပေးနိုင်သည်ဟုလည်း ထင်မြင်မိသည်။

တစ်နည်းအားဖြင့် ၂၀၁၅ ဟူသော အဓိက ထွက်ပေါက် (Main Exit) မှ ချောချောမောမော အောင်အောင်မြင်မြင် ထွက်နိုင်သွားလျှင် ယနေ့ကာလ လက်ရှိပြဿနာများမှာ စုပေါင်းတိုင်ပင် စုပေါင်းဆွေးနွေး စုပေါင်းတည်ဆောက် စုပေါင်းကာကွယ်သော ဒီမိုကရေစီနိုင်ငံကြီး ပေါ်ပေါက်လာရန် အတွက် လိုအပ်သော အင်အားများ (အင်အားများစွာ) ရရှိလာမည် ဖြစ်သည်။

မိမိတို့နိုင်ငံကို အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ညီညွတ်မှု (Unity) နှင့် တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) ကို တည်ဆောက် ရပေလိမ့်မည်။
 Credit To The Voice Weekly
Read More »

၂၀၁၅ အတွက် အဖြေ ဇေယျသူ

မြန်မာနိုင်ငံအတွက် အရင်းအနှီးများ အလွန် လိုအပ်နေသောကြောင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များကိုပင် ဖိတ်ခေါ်နေရသည်။ သို့သော် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ငွေကြေး အရင်းအနှီးမျှနှင့် လုံလောက်ခြင်းမရှိပါ။ လူတစ်ဦးနှင့်တစ်ဦးအကြား၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှုဖြစ်သည့် လူမှုအရင်းအနှီး (Social Capital) သည် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည်။
မြန်မာနိုင်ငံသည် တစ်နိုင်ငံတည်း တွင်ပင် ပထဝီအနေအထား အမျိုးမျိုး ရှိသည်။ လျှိုမြောင် စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်တို့ ပေါများသလို ပင်လယ်ကမ်းရိုးတန်းလည်း ရှည်လျားသည်။ အရှေ့တောင်အာရှတွင်း နှင်းဖုံးတောင်များ ရှိရာ တစ်ခုတည်းသောနေရာ ဖြစ်သလို အလယ်ပိုင်းဒေသသည် ပူပြင်းခြောက်သွေ့ပြီး သဲကန္တာရဆန်သည်။ တိုင်းရင်းသား လူမျိုးသည်လည်း ယခုပင်လျှင် ၁၃၅ မျိုးရှိသည်။ ဖြည့်လိုသူ စွက်လိုသူ ဖြုတ်လိုသူ လျှော့လိုသူများ ညှိနှိုင်းလိုက်လျှင်ပင် တိုင်းရင်းသားတို့ များစွာရှိဦးမည်။ နိုင်ငံတွင်း စည်းလုံးညီညွတ်မှု မရဘဲ ထိုသို့သောနိုင်ငံမျိုး မအောင်မြင်နိုင်။ အသွင်ကွဲပြားခြင်းများ ပေါင်းစုလျှင် အကောင်းဆုံးများ ရနိုင်သည် ဖြစ်သောကြောင့် ပေါင်းစည်းညီညွတ်ရေးသည် မြန်မာတို့အတွက် အလွန်အရေး ကြီးသည်။
လူမှုအရင်းအနှီးသည် လူ့အဖွဲ့အစည်းကို မြဲမြံစေရန် ကပ်ထားသည့် ကော်နှင့် အလားတူသည်။ အသွင်ကွဲပြားခြင်းများ ရှိသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် လူမှုအရင်းအနှီး၏ အခန်းကဏ္ဍသည် အသွင်တူ လူ့အဖွဲ့အစည်း ထက်ပင် ပိုအရေးကြီးကြောင်း မြင်နိုင်သည်။ ထင်းချောင်း တစ်ချောင်းချင်းစီ ဆိုလျှင် ချိုရန်လွယ်သော်လည်း ထင်းစည်းဖြစ်သွားလျှင် အလွန်ခိုင်မာသည်။ လူမှု အရင်းအနှီးသည် ထင်းစည်းကို စည်းထားသည့် ကြိုးသဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံသည် အသွင်ကွဲပြားခြင်းများ ပေါင်းထားရုံ မကဘဲ ပြန်လည်တည်ဆောက်စ နိုင်ငံဖြစ်သည်။ ပြန်လည်တည်ဆောက်စ ဖြစ်သည့်အတွက် လူတိုင်း၏အား၊ အဖွဲ့အစည်းတိုင်း၏ အားလိုသည်။ လူတိုင်း၊ လူတိုင်းသည် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နောက်ကျော မပေးရဲဘဲ သံသယ ကြီးနေလျှင် ဘာဆိုဘာမျှ ထည့်ဝင်ကြမည်မဟုတ်။ ထို့ကြောင့် လူမှုအရင်းအနှီးသည် မြန်မာနိုင်ငံကဲ့သို့ ပြန်လည်တည်ဆောက်စ နိုင်ငံမျိုးအတွက် အရေးကြီးလှသည်။
ယုံကြည်မှု နည်းပါးလျှင် တစ်လမ်းမောင်းလမ်းကို ဖြတ်ကူးရာတွင်ပင် လမ်းနှစ်ဖက်စလုံးကို ကြည့်ရမည်။ ဝိုင်းဖွဲ့ပြောနေကြသည့် စကားဝိုင်းတွင် ကိုယ်ကချွန်ပြီး ထထွက်ဝံ့မည် မဟုတ်၊ ကျန်သောသူများက ကိုယ့်အတင်းကို ပြောနေမည်စိုးရသည် မဟုတ်ပါလား။ ခြံစည်းရိုးများ မြင့်မြင့်ကာရခြင်း၊ ပြတင်း သံပန်းများ ထူထူတပ်ရခြင်း တို့သည်လည်း ယုံကြည်မှုနည်းပါးခြင်း လက္ခဏာ ဖြစ်သည်။
ယုံကြည်မှုမြှင့်တင်ရန် အတူလက်တွဲ လုပ်ဆောင်ခြင်းမှတစ်ပါး အခြားမရှိပါ။ အတူလက်တွဲ လုပ်ကိုင်မှသာ တစ်ဦးအရည်အချင်း၊ အကြံအစည်၊ စိတ်နေသဘောထား သိရပြီး အစင်းသိ ဖြစ်လာနိုင်သည်။ ညစ်တတ်သူ အကြောင်း ပိုသိလာနိုင်သလို စင်ကြယ်သူတို့ ပါဝင်ကြောင်းလည်း မြင်လာနိုင်သည်။ အနေဝေး သောကြောင့် အမြင်လွဲနေခြင်း မျိုးကို ကာကွယ်နိုင်မည်။ ကြားစကားများကိုလည်း တိုက်ရိုက် ရှင်းလင်းနိုင်မည်။
၂၀၁၅ ရွေးကောက်ပွဲကို မြန်မာနိုင်ငံအတွက် အချိုးအကွေ့ကြီး အဖြစ် တင်စားပြောဆို နေကြသည်။ ထိုအတိုင်းသာမှန်လျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရန် လူမှုအရင်းအနှီး ကြီးမားစွာ လိုအပ်သည်။ ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် ဖြစ်ပါ့မလား၊ အနိုင်ကို အသိအမှတ်ပြု ပါ့မလား၊ ရွေးကောက်ပွဲ နိုင်သူက ပြိုင်ဘက်တို့ကို အပြတ်ရှင်းမည်လား၊ နောက်တက်မည့်သူက မူဝါဒ၊ စီမံကိန်းများကို ပြောင်းပြန် လှန်လိုက်လေမလား၊ တိုင်းပြည် မတည်မငြိမ် ဖြစ်လေမည်လား စသည့် လားပေါင်းများစွာ တို့ကို နိုင်ငံရေးသမား၊ စီးပွားရေး သမား၊ ဝန်ထမ်း၊ ပြည်သူတို့က အနည်းဆုံး စိတ်ထဲတွင် တဖွဖွ မေးနေကြသည်။
အပေါင်းလက္ခဏာ ဆောင်သော အဖြေတို့သာ နည်းပါးလျှင် အားလုံးလိုလိုသည် သူတူတူ ကိုယ်တူတူ တစ်စုံတစ်ရာ ကြိုတင်ပြင်ဆင် ထားကြမည်မှာ သေချာသည်။ အထူးသဖြင့် ဆုံးရှုံးမှု ကြီးနိုင်သူတို့က ပိုပိုလိုလို တွက်ချက်ထားကြ၊ အစိုးရိမ် ကြီးကြလျှင် နိုင်ငံအခြေအနေသည် လှုပ်ယမ်းလာနိုင်သည်။
ထိုလာမည့် အနာဂတ် အခြေအနေကို တစ်စုံတစ်ရာ သြဇာလွှမ်းမိုးလိုလျှင် ယနေ့ကာလတွင် တစ်စုံတစ်ရာ ဆောင်ရွက်ထားရမည် ဖြစ်သောကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် သို့လော၊ သို့လောများ တိုးလာမည်။ သို့လော၊ သို့လော များလာခြင်းသည် နိုင်ငံတည်ဆောက်ရေး အတွက် လုံးဝမကောင်းပါ။ လူမှု အရင်းအနှီးကို ယခုကာလတွင် ဖြည့်တင်းထားမှသာ ၂၀၁၅၊ ၂၀၁၆ ကာလအတွက် တန်ကာကျမည်။
လူမှုအရင်းအနှီး တက်လာရေးသည် လူတိုင်း လူတိုင်းတွင် မူတည်သော်လည်း နိုင်ငံရေး၊ မူဝါဒရေးတွင် ပါဝင်လှုပ်ရှား ကစားနေသည့် လက်ကြီးသမားများ ပေါ်တွင် အဓိကတည်နေသည်။ ထိုအကောင်ကြီး အမြီးရှည်တို့ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု အဆင့်အတန်းသည် နိုင်ငံတစ်နိုင်ငံလုံး လူမှုအရင်းအနှီး ရေချိန်ကို ဆုံးဖြတ်သည်။ ထိုကစားသမားကြီးများ ကိုယ်စားပြုသော အဖွဲ့အစည်း တို့အကြား ယုံကြည်မှုသည် မြန်မာ့လူမှုအရင်းအနှီး၏ အဖြေပင် ဖြစ်သည်။ ထိုလူမှု အရင်းအနှီး၏ အဖြေသည် ၂၀၁၅ ၏ အဖြေဖြစ်သလို မြန်မာ့တည်ဆောက်ရေး အဖြေလည်း ဖြစ်သည်။
Credit To The Voice Weekly
Read More »

အခြေခံ အုတ်မြစ် ခိုင်ပါစေ – အဲးခိုး

““လူနေမှု ဘ၀ကို လေ့လာကြည့်တဲ့အခါ ပျော်ရွှင်ချမ်းမြေ့မှု၊ အချင်းချင်းစည်းလုံး ညီညွတ်မှု၊ ရိုင်းပင်း ကူညီတတ်မှု ရှိကြရင် ခက်ခဲ ကြမ်းတမ်းတဲ့ လောကမဖြစ်ပါဘူး။ (တောင်ကလေးဆရာတော်)

မြန်မာတွေရဲ့ လှပဖော်ရွေတဲ့အပြုံးများ၊  လှပတဲ့ အနုပညာလက်ရာများ၊  ဗိသုကာလက်ရာများ၊ (လက်ရာ တွေကို)  အဘယ်ကြောင့် ပြုပြင်ထိန်းသိမ်းရမှုကို မသိကြပါသလဲ ဆိုတဲ့ မေးခွန်း . . .
နည်းပါးလာ
ယနေ့မြန်မာ လူမျိုးတွေဟာ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာ ကမ္ဘာရဲ့ အစိတ်အပိုင်းတွေမှာ အောင်မြင် ကျော်ကြား နေကြတဲ့ ထူးချွန်တဲ့ သူတွေကို တွေ့ရလို့ မိမိဘ၀ကို အားမရကြတော့တဲ့ အဖြစ်တွေ ဖြစ်လာ ကြတယ်။ စိတ်ကျေနပ်မှုတွေနည်းပါးကြ ပြီး သိမ်ငယ်နေရသလို ထင်လာကြတယ်။ အခြားသော လူနေမှုစနစ် တွေကို တွေ့ရလို့ လက်ရှိ မိမိလူမျိုးများ နေထိုင်ကြရတဲ့ ဘ၀ကို စိတ်ပျက်အားလျော့လာကြတယ်။ မိမိ နေထိုင် ရတဲ့ ရပ်တည်မှု တွေကို ရှေးရိုးရာ လူနေမှု စနစ်တစ်ရပ်ပါလို့ မမြင်ကြတော့ဘဲ [လောကမှာ မိမိရဲ့ အရေးပါမှုကို မတွေးမမြင်တော့ဘဲ] အားတက်သရော မရှိကြလို့ ၀မ်းမြောက်ပျော်ရွှင်ရမှုလည်း နည်းပါးလာကြတယ်။
စာပန်းချီ နွေရာသီ
ဒီနှစ် နွေရာသီမှာ (၂၀၁၃ ခုနှစ် နွေ ရာသီ) အစိုးရက စာမတတ်မြောက်သူ စာတတ်မြောက်ရေးအတွက် စာမ တတ်ကြ သူတွေကို ကျေးရွာတိုင်းလိုလို သင်ပေးတယ်။ သက်ကြီးရွယ်အို၊ ရွယ်လတ်များ ဖတ်၊ တွက်၊ ရေး စာတတ်မြောက်မှု အရေးကို ကြိုးစား အားထုတ်ကြတဲ့ မြင်ကွင်းကို မြင်ရလို့ ဤစာရေးသူ အရှင်အဖို့ အလွန် ၀မ်းမြောက်မိတယ်။ စာအတတ်ပညာမရ ကြတဲ့ မိမိရဲ့ လူမျိုးကို မြင်ရတဲ့အခါ သူတို့ရဲ့ လိုအပ်ချက်ကို တကယ် လိုအပ်ချက် အစစ်ဖြစ်နေတာကို သိလာကြရတဲ့ အခါ စာဖတ်တတ်ဖို့ အရေးကြီးတယ်ဆို တာကို သိလာမြင် လာကြတယ်။ …
လူ့အဖွဲ့အစည်းမှာ စာမတတ်ရင် လူရာမ၀င်သလို ဖြစ်လာပါပြီ။ ပိုမိုကျယ် ပြန့်လာတဲ့ နိုင်ငံရေးနယ်ပယ်ထဲကို လေ့လာကြည့်ရင် လူထုအချင်းချင်း ဆက်ဆံ ရေးဟာ စာပေကို အထူးသဖြင့် အလေးပေး အားပြု လာကြ ရတယ်။ အရင်က စကားတတ်ရင် ကိစ္စပြီးနိုင်ပေမယ့် ခုခေတ် ကာလမှာ စကားနဲ့ စာပါတတ်မြောက်ကြ မှ သြဇာ၊ အာဏာ ရှိတယ်ဆိုတာကို သိမြင်လာကြပြီ။ ဒါကြောင့် ဒီနှစ် နွေရာသီ ဟာ ထူးခြားတဲ့ စာပန်းချီ နွေရာသီ ပါလို့ သတ်မှတ်ခေါ်ဆိုလိုက်ချင်ပါလေရဲ့။
သာယာတဲ့ လူမှုလောက
မြန်မာ လူမျိုးတွေဟာ ““စာမတတ်ပေ မယ့် (စာမတတ်သော်လည်း) မိမိရဲ့ဘ၀ ရှင်သန်ရပ်တည် နိုင်ရေး အတွက် ခိုင်မာစွာ ဆုံးဖြတ်ရွေးချယ် နိုင်ကြတယ်””ဆိုတဲ့အမြင် ရှိကြတယ်။ တခြားနိုင်ငံတွေနဲ့စာရင် သာ လွန်တဲ့ အခွင့်အရေး ရှိကြတယ်။ ဘယ်လိုပဲ ပြောပြော ရှေးရိုးရာလူ့အဖွဲ့ အစည်းတွေရဲ့ စာမတတ် မြောက်ကြ တာဟာ ခေတ်သစ် လူ့အဖွဲ့အစည်းနဲ့ မဆန့်ကျင်ပါ။ ဒီနေ့ ခေတ်မီလူ့အဖွဲ့အစည်းကို လေ့လာ ကြည့်ပါ။ ရှေးရိုးရာ လူ့အဖွဲ့အစည်းတွေနဲ့ ခြားနားတယ် ဆိုပေမယ့် ကျန်းမာရေး၊ သက်တမ်း ကာလနဲ့ကြည့်ရင် ရှေးခေတ် ရှေးရိုးရာ လူ့အဖွဲ့အစည်းလောက် မကျန်းမာကြဘဲ သက်တမ်းလည်း မမီပါ။ ခေတ်ဆေးနည်း ပညာနဲ့ ကုသလို့ မရတဲ့ရောဂါတွေ ရှေးရိုးရာ တိုင်းရင်းဆေးနဲ့ ကုသလို့ပျောက်ကွယ် သွားတဲ့ရောဂါတွေ မနည်းပါဘူး။ မွေးကင်း စကလေးတွေ သေပျောက်နှုန်း နည်းပါး ကြပြီး ရောဂါပိုးကူးစက်မှုလည်း မြန်နှုန်း မြင့်မြင့် မားမား မရှိကြဘဲ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အလုပ်နဲ့သာ ကိုယ်လက် လှုပ်ရှားမှု လုပ်လာ ကြလို့ ကျန်းမာလို့ ပျော် ရွှင်နေကြတာပါပဲ။ ရိုးရာအ၀တ်၊ ရိုးရာ အစားအစာ၊ ရိုးရာအိမ်လေးနဲ့ နေထိုင်ကြ လို့ ပျော်ရွှင် ချမ်းမြေ့တဲ့ သာယာတဲ့ လူမှုလောကကို ဖန်တီးပေးနိုင်ကြတယ်။
တက်မပိုင် လှေမနိုင်
လူမှုအဖွဲ့အစည်း အတွင်းမှာ ဖြစ်လာတဲ့ကိစ္စ၊ သို့မဟုတ် ပြဿနာအရပ်ရပ် (အမျိုးမျိုး) ကို ဘက်စုံရှုမြင်ပြီးမှ ဖြေရှင်း ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ ယခု အရှင်တို့ရဲ့ မြန်မာနိုင်ငံရေးစနစ်ဟာ တစ် လမ်းသွားစနစ်နဲ့ တစ်သွားတည်း သွားလို့ ပြည်တွင်းမှာဖြစ်တဲ့ ပြဿနာအရပ်ရပ်ကို လှည့်မကြည့်နိုင်ကြဘဲ ပြဿနာတစ်ခုချင်း ရဲ့ အဖြေဟာ များပြားလာနေတယ်။ ရေ ရှည်အတွက် ကောင်းတဲ့အကျိုး သက် ရောက်မှုတွေ မဖန်တီးနိုင်ကြဘဲ (မဖန်တီးနိုင်ရင်) စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေ တက်မပိုင် လှေမနိုင်လိုဖြစ်နေတော့မယ် ဆိုတာကို တွေ့ရတယ်။
မြန်မာတွေသိဖို့
အရှင်တို့ တိုင်းပြည်ဟာ ပြည်ပမှလာတဲ့ စားသုံးကုန်ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတွေကို လက်ခံစား သုံးလာခဲ့ကြတာ နှစ်ပေါင်း ရာစုနီးပါး ရှိနေကြပါပြီ။ ပြင်ပကမ္ဘာနဲ့ ပိုနီးစပ်တဲ့ အစားအစာကို ဇိမ်ခံပွဲသုံး မလုပ်ကြ ဘဲ နိုင်ငံတကာကလာ တဲ့ စားသောက်ကုန်မျိုးတွေကိုပဲ လိုလား နှစ်သက်နေကြတယ်။ဒီအတွေးဟာ မြန်မာ လူမျိုးတွေ များစွာ ပြုပြင်ရဦးမယ်။ ခေတ် သစ် လူ့အဖွဲ့အစည်းတွေကို အားကျ ပြီး နှစ်သက်ဖွယ် မြန်မာ့အ၀တ် အစားကုန် ပစ္စည်းတွေကို နိုင်ငံတကာသို့ပျံ့နှံ့ အောင် စွမ်းဆောင်မှု မလုပ်တတ်ရင် မြန်မာတွေ စံချိန်၊ စံနှုန်း ကျဆုံး နိုင်ပါတယ်။ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ စံချိန်စံနှုန်းဟာလူမှုရေး မျှတကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်သော သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲမှုနဲ့ ရိုးရာအစားအသောက်နဲ့ နေထိုင်မှုပဲ ဖြစ်ပါ တယ်။ ဒီသဘောတရားကို မြန်မာတွေသိဖို့ (နားလည်ဖို့) လိုအပ်မယ် ထင်ပါလေရဲ့။
အမျိုးသားရေးအတွက်
ယနေ့ ခေတ်သစ် ပညာရေးစနစ်ဟာ လူတိုင်းအတွက် အားရ (အားကျ) နှစ် သက်စရာဖြစ်တယ်လို့ ယူဆကြ ပေမယ့် မြန်မာ့ လူမျိုးနယ်ပယ် မှာတော့ အရာခပ် သိမ်းအားကျစရာ မဖြစ်သေးပါဘူး။ ခေတ်သစ် လူ့အဖွဲ့ အစည်းတွေဟာ ခေတ်သစ် လူနေမှုဘ၀အမြင်ကို အတွေးအမြင်သစ်  ဖြစ်လာအောင် ဖန်တီးဖော် ထုတ်နိုင်ကြ ပေမယ့် ရိုးရာလူ့ အဖွဲ့အစည်း တွေးခေါ်မှုအထဲကနေ ရုန်းထွက်နေကြရစမြဲပါပဲ။ လူငယ် တွေစံထားကြတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်း ကမ္ဘာဟာ မိဘဘိုးဘွားတွေ စံထားကြတဲ့ ရိုးရာလူ့အဖွဲ့အစည်းကို မမီသေးပါဘူး။ ရှေးရိုးရာ အစဉ်အလာ မဟုတ်တဲ့ နိုးကြား တက်ကြွမှုတွေဟာ လွတ်လပ်ပေါ့ပါးစွာရှိ ကြပေမယ့် အမျိုးသားရေး အတွက်အကျိုး မများပါဘူး။
ဆက်စပ်ရပ်တည်နေထိုင်
အခုဆိုရင် မြန်မာ့လူမှုရေး နယ်ပယ်ဟာ အလွန်ကွာခြားလာပါတယ်။ ချို့ယွင်း အားနည်းချက်တွေ၊ စိတ်ပျက် ဖွယ်တွေ အမျိုးမျိုး တွေ့မြင်လာရတယ်။ ရှေးရှေးက မြန်မာလူမှုရေးတွေဟာ ဂေဟဗေဒသဘော အရ ခိုင်မြဲ တည်ငြိမ်နေတာကို တွေ့ရ တယ်။ ပြီးခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော် က မြန်မာ့လူမှုရေးကို ပြန်သုံး သပ်ကြည့် ပါ။ လောကအမြင်နဲ့ ခံယူချက်တွေ သဟဇာတ အလွန်ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓ တရားတော်ကို အခြေခံ ထား ကြတဲ့ လူမှု အဖွဲ့အစည်းဖြစ်ကြလို့ မေတ္တာ၊ ကရုဏာ တရားအောက်ကနေ အချင်းချင်း အပြန် အလှန် ဆက်စပ် ရပ်တည်နေထိုင်ကြ တယ်ဆိုတာကို မြင်တွေ့ကြမှာပါ။
အဆိုးဆုံး ပျက်စီးဆုံးရှုံးရမှု
မြန်မာတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်းက (၂၉၈၈ ခုနှစ်) အတွေးအခေါ် တွေ ပြောင်းလဲလာနေတာကို သတိ ထား မိတယ်။ ယခင်က မေတ်္တာနဲ့ ဖွဲ့နှောင်ထား တဲ့လူမှုရေးအသိုင်းအ၀ိုင်းကိုမတွေ့ရတော့ ဘဲ၊ တာဝန် ကျေ မှုတွေ၊ စာနာနားလည်မှု တွေ၊ တည်ငြိမ်အေးချမ်းမှုတွေ၊ ရောင့်ရဲ တင်းတိမ်မှုတွေ၊ စိုးရိမ်ကင်း ဝေးမှုတွေ အထင်အရှားမတွေ့ရတော့ဘဲ ပျော်ရွှင်ရ တဲ့ဘ၀တွေ မခံစားကြရတော့ဘဲ လူမှုရေး မျှတကောင်း မွန်မှု တွေ လည်း မတွေ့ရတော့ ပါ။ သန့်ရှင်းသပ်ရပ်တဲ့ သဘာဝပတ်ဝန်း ကျင်တွေလည်း ပိုပြီးဝေးကွာသွားကြရသလို ဖြစ် နေကြတယ်။ ခေတ်သစ်ယဉ်ကျေးမှု အတွေးအခေါ်တွေ တွေးခေါ်လာကြလို့ အလွန်နိမ့်ကျတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်သွားမှာကို စိုးရိမ်ရတယ်။ အရှင်တို့ရဲ့ တွေ့မြင်ခံစားနေရတဲ့ ဒီအဖြစ်ဆိုးဟာအချိန် မီဖြေရှင်းနိုင်ဖို့ လို မယ်။ (ပြုပြင်နိုင်ဖို့လိုမယ်) ဒီအတွက်ကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေရင် တော့ အဆိုးဆုံး ပျက်စီးဆုံးရှုံးရမှုတွေနဲ့ ရင်ဆိုင် ရဖွယ်ရှိမယ် ဆိုတာကို သံသယရှိဖို့ တောင် မလိုတော့ပါဘူး။
ချိုးနှိမ်ဖျက်ဆီးပစ်သလို
အနောက် ကမ္ဘာအုပ်စုတွေကို ကြည့် ကြပါ။ အချို့တိုင်းပြည်တွေဟာ ညီညွတ်မှု အစည်းပြေတဲ့ လူမှုအဖွဲ့ အစည်းတွေ ဖြစ်နေကြတယ်။ အမျိုးသား ယဉ်ကျေးမှုစရိုက်တွေ ဆုတ်ယုတ် ပျက်စီးနေကြတယ်။ ထိန်းရ သိမ်းရကောင်းတဲ့ လူမှုယဉ်ကျေးမှုတွေ ရှိနေတည်နေပါလျက်နဲ့ မိမိရဲ့အမျိုးသားရေး ယဉ်ကျေးမှုကို အထင် သေးတတ် ကြပြီး ခေတ်သစ်လူ့ယဉ်ကျေးမှုကို စံပြုပြီး ပျော်ရွှင်နေကြတယ်။ မြန်မာပြည် မြန်မာ့ယဉ်ကျေး မှုလည်း မိမိတို့ရဲ့ ယဉ်ကျေးမှုကို အထင်အမြင် သေးလာတတ် ကြအောင် စည်းဆွစည်းဖြေတဲ့ အကျင့် ဆိုးတရားတွေ လက်ခံကျင့်သုံး လာနေတာကို မြင်ရတဲ့ အရှင်အဖို့ အမျိုးမျိုး တုန်လှုပ်မိပါတယ်။ မနုဿဗေဒ ပညာအနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာလူမျိုးတွေဟာ ရိုးရာလူတန်းစား ကွဲပြားမှုထက် ပိုမိုကြီး မားတဲ့ ခေတ်မီ လူတန်းစား အဖွဲ့အစည်းနဲ့ တိုင်းတာမှု ပြုနေတာကိုတွေ့ရတယ်။ ဒီလို တိုင်းတာမှုကို စံပြပြုထားတဲ့ အတွေး အခေါ်ဟာ အရှင်တို့ရဲ့ တိုင်းရင်းသား ယဉ်ကျေးမှုကို ချိုးနှိမ်ဖျက်ဆီးပစ်သလိုခံစားရတယ်။
ကိုယ်တွေ့ခံစားဖူးသူ
နိုင်ငံတကာကို သွားလာလို့ အရှင်ကို ဒီမေးခွန်းတွေကို အမေးခံရဖူးပါတယ်။
““မြန်မာတွေရဲ့ လှပဖော်ရွေတဲ့ အပြုံးများ၊ လှပတဲ့ အနုပညာလက်ရာများ၊ ဗိသုကာ လက်ရာများ၊ (လက်ရာ တွေကို) အဘယ်ကြောင့် ပြုပြင်ထိန်းသိမ်းရမှုကို မသိကြပါ သလဲ””ဆိုတဲ့မေးခွန်းပါ။ ဒီ မေးခွန်းအမေးခံ ရလို့ အရှင်ဘာမှ မဖြေကြားနိုင်ပါ။ဒီမေးခွန်း မေးခံရစဉ်က ချက်ချင်းပဲ မြန်မာတွေရဲ့ လှပတဲ့ဖော်ရွေမှု၊ လှိုက်လှဲစွာ ကြိုဆိုတတ်မှု၊ လှပတဲ့အနုပညာပန်းချီ၊ ပန်းပု၊ ဗိသုကာ လက်ရာ၊ ရှေးဟောင်း ပုဂံမြို့တော်ကြီးကို သတိရပြီး ရင်နစ်စွာ သို့မဟုတ် ဆို့တက်လာတဲ့ စကားအသံတွေ ဖြေကြားခဲ့ရဖူးပါတယ်။ ဒီခံစားရမှုဟာ တိုင်းပြည်ကို ချစ်တတ်ကြ တဲ့သူတွေ ကိုယ်တွေ့ခံစားကြရဖူးလိမ့်မယ် လို့ ထင်ပါလေရဲ့။
နေလုံးကျသလို
မြန်မာလူမျိုးတွေဟာ တကယ်စင်စစ် အလွန်ရိုးသား တင်းတိမ်ရောင့်ရဲတတ်တဲ့ လူမျိုးပါ။ မိမိရဲ့ဘ၀ကို ကျေကျေ နပ်နပ်နဲ့ ခံယူအသက်ရှင်ကြတဲ့သူတွေပါ။ စိတ်ပျက် ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေလည်း မခံစား ဖူးကြပါ။ စိတ်ဓာတ်ကျရောဂါရှိသူဟူ၍ မကြားဖူးခဲ့ကြပါ။ အခုတော့ အံ့သြထူးဆန်း မှုတွေ မြန်မာတွေ ရောဂါ အမျိုးမျိုး ခံစား တွေ့ကြုံလာကြရလို့ကုသပေးသော ဆေး ဆရာဝန်တွေ မလောက်မငတောင် ဖြစ်နေ ကြရပြီ။ နာမည် မတပ်တဲ့ ရောဂါ ဝေဒနာ အဆန်းတွေလည်း အမျိုးမျိုးခံစား ကြရပြီ။ ကုထုံးမပေါ်သေးတဲ့ ဝေဒနာ အဆန်းအပြား တွေကြောင့် [ပေါင်းစပ်လာကြတဲ့ နိုင်ငံတ ကာကလာတဲ့ ဧည့်သည်တွေကြောင့်] ယဉ်ကျေးမှု ရောဂါ၊ စရိုက်ဆိုး ရောဂါတွေ အမျိုးမျိုးဖြစ်လာနေကြပါပြီ။ နိုင်ငံခြားနဲ့ ဓလေ့စရိုက်ရင်းနှီးမှုမထား တဲ့ မြန်မာ့ယဉ် ကျေးမှုဟာ ပိုင်ဆိုင်လာခဲ့ကြတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ တဖြည်းဖြည်း နေလုံးကျ သလို ဆိုးသွမ်းစွာ ကွယ်ပ ပျောက်ကွယ် သွားမှာကို စိုးရိမ်မဆုံးဖြစ်မိပါတယ်။
ယဉ်ကျေးမှုပြိုကွဲရခြင်း
ယဉ်ကျေးမှုပြိုကွဲ၊ ဖရိုဖရဲဖြစ်လာမည့် အရိပ်အယောင်ကို တွေးမိလေးတိုင်း ရှေး ခေတ်မြန်မာ့ တိုင်းသာယာ လှပဆန်း ကျယ်လှတဲ့ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေ တစ်စုမကျန်ပျောက်ကွယ်သွားမှာ စိုးရိမ် မိပါတယ်။ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှု ပျောက်ကွယ်သွားအောင် တွန်းအားစု အမျိုးအစားတွေ အမျိုးမျိုးရှိပါတယ်။အရှင်တို့ မြန်မာ တွေ ကြိုကြိုတင်တင်သိ ထားသင့်တယ်။ ခေတ်မီဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေး မှုတွေကို ဖျက်ဆီးပစ်မယ် ဆိုတာကို သိထားသင့်ပါတယ်။ လူတစ်ဦး ချင်းစီကို ပြောင်းလဲတိုးတက်လာမည့် ထင်ရ တဲ့အရာက အနာဂတ်မြန်မာပြည်မှာ ရေရှည် ဆိုးကျိုးတွေပေးတော့မယ်ဆိုတာ ကို မြန်မာပြည်သူတွေ သတိမထားလို့မရပါ။ အရှင်ရဲ့ ဒီတင်ပြချက်ဟာ မှန်မမှန်၊ ဟုတ် မဟုတ်ဆိုတာကိုမြန်မာလူထုတွေ ဆင်ခြင် စဉ်းစားရင် သိမြင်နိုင်ပါတယ်။
မြန်မာပြည်ဟာ ပြင်ပ(အပြင်) ကမ္ဘာ (နိုင်ငံ)နဲ့ လွတ်လပ်စွာ ကူးလူးဆက်ဆံကြ တော့မှာ ဖြစ်တာကြောင့် အရှင့်အဖို့ (အရှင်ရဲ့စိတ်ထဲမှာ) မိမိတို့ဘ၀ ယဉ်ကျေးမှုတွေ နိမ့်ကျလာကြရတော့မယ်ဆိုတာကို အလို လိုနဲ့ သိမ်ငယ် စိတ်တွေ ၀င်လာမိတယ်။ ဒီအကြောင်းဟာ ယဉ်ကျေးမှုပြို ကွဲရခြင်း ရဲ့အရေးကြီးတဲ့ အကြောင်းရင်းပဲ လို့ မြင်ပါတယ်။
ပြုပြင်ပြောင်းလဲမှုများ
အရှင်တို့ဟာ ရှေးယခင်က မိဘ ဘိုးဘွားတို့လို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖူလုံမှုရခဲ့ကြမှာ မဟုတ်တော့ပါ။ ဘာကြောင့်လဲဆိုရင် ဒီနေ့ခေတ်ကာလ အစိုးရတွေ ““ခေတ်မီပြုပြင်ပြောင်းလဲရေး”” ဟာ အရှင်တို့ရဲ့ မြန်မာ့ ယဉ်ကျေး မှုကို ထိန်းသိမ်းပြုပြင် အားထုတ်ထားပေးမည့် ဆန်္ဒတွေ အလွန်နည်းပါးနေတာကို တွေ့ရ လို့ပါပဲ။ အခုဆိုရင် ဝေးလံခေါင်ခိုက်တဲ့ အရပ်ဒေသတွေမှာ လမ်းပန်းဆက်သွယ် ရေးတွေ၊ တာတမံကြီးတွေ၊ ဆည်ကြီး တွေ ပိတ်ဆို့ကာရံဖို့ တင်တာတွေလုပ် [အစိုးရက ဖွံ့ဖြိုးစီမံကိန်းလိုက်လုပ်ကြလို့] ကြလို့ ချောင်းတွေ၊ မြစ်တွေ၊ မြေတောင် တွေ၊ ကျောက်တောင်တွေ၊ သစ်တောဝါး တော၊စိုစွတ်ကောင်းမွန်တဲ့ရာသီတွေ ဟာ အလွန်ဆိုးဝါးတဲ့ ရာသီဥတုတွေခံစားလာ ကြရပြီးဆိုတာကို သိလာကြလို့ ခေတ်မီတဲ့ ဖွံ့ဖြိုးရေးကိုအလိုအလျောက် နားလည်လာ ကြတယ်။တကယ်တော့အရှင်တို့တိုင်းပြည် ဟာ သာယာလှပစွာ ဖွံ့ဖြိုးနေပြီးသားပါ။ လို တာထက် ပိုမများတဲ့ ပြုပြင်ပြောင်းလဲမှု များလုပ်လိုက်ရင် ငွေကြေးအင်အား၊ လူ အင်အားတွေ များများစားစားသုံးပစ်စရာ မလိုဘဲ ခေတ်မီ တဲ့ မြန်မာပြည်ကြီး ဖြစ်လာ နိုင်စရာ အင်္ဂါရပ်တွေအများကြီး ရှိနေပါ တယ်။ ဒီလေ့လာမှုဟာ အရှင်တစ် ပါးရဲ့ အဆိုမဟုတ်ပါ။
ငရဲမီးပေးသွားတဲ့ ပြည်သူ့ကိုယ်စားလှယ်
အရှင်တို့ မြန်မာယဉ်ကျေးမှုကို တစ် နေ့နေ့မှာ လှောင်ပြောင်ခံကြရတော့မှာကို တွေးနေမိရင်း အစိုးရတွေ အကောင် အထည်ဖော်မည့် စီမံကိန်းကြီးတွေကို ရပ် ဆိုင်းထားပေးဖို့ တောင်းဆိုလိုတဲ့ ဆန္ဒတွေ များစွာ ပေါ်လာ မိပါတယ်။ မြန်မာပြည် လူထုခေါင်းဆောင်လုပ်လိုတဲ့သူတွေက ငါတို့မှာ ဆင်းရဲလို့၊ ငွေကြေးမရှိလို့ ဒီစီမံ ကိန်းကြီးတွေ လုပ်ရတာ””ဆိုတဲ့ သဘော မျိုးနဲ့ လူထုလူပုံအလယ်မှာ အရှက်မဲ့စွာ ပြောကြားလာခဲ့တဲ့စကားကို ကြားရတဲ့ အရှင်အဖို့ ယဉ်ကျေးမှုပြိုကွဲမည့်အရိပ် အယောင်ကို မြင်နေမိပါတယ်။ လူထုတွေ ဟာ ““ဘာတတ် နိုင်မှာ မို့လဲ၊ တို့ လူထု ကိုယ်စားလှယ်တောင်မှတို့ဘက်က မရပ် မနေတော့တာ”” ဆိုတဲ့ လူထုရဲ့အသံကို ကြားရတဲ့ အခါ မြန်မာလူထုတွေ စိတ်ဓာတ် ကိုရိုက်ချိုးပစ်တဲ့ လူထုကိုယ်စားလှယ် တွေ လူထုကိုသနားဖို့ လိုပါ လိမ့်မယ်။
ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာနဲ့ နေလာခဲ့တဲ့ အရှင်တို့ရဲ့ ပြည်သူကို ““စာ မတတ်သူ၊ အမြော်အမြင် နည်းပါးသူ၊ ဆန့်ကျင်သူ၊ အဖျက်အမှောင့်လုပ်သူများ”” အထင်နဲ့ ကျေးလက်ဒေသ ပြည်သူ့ရင်တွင်းကို ငရဲမီး ပေးသွင်းတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အိနိ္ဒယနိုင်ငံ၊ လာဒတ် ဒေသ၊ လခါဒီလူမျိုး ဘ၀ယဉ်ကျေးမှု အကြောင်းကို လေ့လာဖို့ လိုလာပြီလို့ ထင်ပါလေရဲ့။
ရှက်ရွံ့အားနာတတ်လာ
အရှင်နေထိုင်တဲ့ ကရင်ပြည်နယ်ဟာ အရှင့်ပြန်လာစက မီးမရှိဘဲ မှောင်မည်းနေတဲ့ တောကျကျရွာတွေကို ရောက်သွားရင် ဆီးကြိုနှုတ်ဆက်ခဲ့ကြတဲ့ ကရင်တိုင်းရင်း သားလူထုတွေရဲ့ အခြေအနေဟာ ရှက်ရွံ့ အား ငယ်ကြတဲ့ သူတွေ မရှိပါဘူး။ လျှပ်စစ် မီးမရှိဘဲ ရိုးရာကညင်ဆီမီးအိမ်လေးနဲ့ နေထိုင်တဲ့ဓလေ့ဟာ ချစ်စရာ ကောင်းလှ ပါတယ်။ တကယ်တော့ တောအရပ်မှာ လျှပ်စ်မီးရှိရင်လည်း ခေတ်မီလာမည့် ရိုးရာယဉ်ကျေးမှုတွေ မဟုတ်ပါဘူး။ မိမိ ကိုယ်ကို တန်ဖိုးလေးစားတတ်တဲ့ ကရင် တိုင်းရင်းသားလူမျိုးဟာ ရုပ်ဝတ္ထုအဆောင် အယောင် တွေကြောင့် ယခုဆိုရင် ဒေါန တောင်တန်းတစ်လျှောက်မှာ လျှပ်စစ်မီး၊ ပလပ်စတစ်အသုံးအဆောင် ပရိဘောဂ၊ စက်မှုပစ္စည်းတွေကို အလေးထားလာကြ တယ်။ တုကြွားတဲ့ဟန်နဲ့ မော်တော်ယာဉ် တွေပါ စီးကြပြီး ရိုးရာလှည်းယာဉ်တွေ တစ်စတစ်စပျောက်ဆုံးနေပါပြီ။ မိမိကိုယ် ကို ခေတ်မီသူများအဖြစ် ခံယူလာကြပြီး တော့ ရိုးရာယဉ်ကျေးမှုကိုလည်း ပစ်ပယ် လာကြတာကို တွေ့ရတယ်။ ရိုးရာအစား အသောက်တွေကိုလည်း မြတ်နိုး ခြင်း မရှိတော့ပါ။ ဧည့်သည်ရောက်လာ၍ နှစ်မိနစ် ခေါက်ဆွဲမရှိလို့ ရိုးရာအစားအစာနဲ့ ဧည့်ခံ ရတာကို ရှက်ရွံ့အားနာတတ်လာတာကို တွေ့ရတယ်။
မထိခိုက်စေလိုပါ
အခုဆိုရင် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ မိမိတို့ရဲ့ သမိုင်းကြောင်းအပေါ် အမြင်နဲ့ သဘောထားတွေ ပြောင်းလဲလာ နေကြတာကို တွေ့ရတယ်။ အရင်က ငတ်မွတ်တာတွေ မရှိဘဲ စားရသောက်ရ လုံလုံလောက် လောက်ရှိခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပြောပြီးရင် အခုကျတော့ ၀မ်းစာအတွက် အလျင်မီအောင် မနည်း ရုန်းကန် ခဲ့ကြရတယ်ဆိုတဲ့အကြောင်း ပြောလာကြတာကို တွေ့ရတယ်။ ဒီပြော ပြတဲ့အချက်အလက်တွေဟာ အကုန်လုံး နီးပါး မမှားပါ။ ဒါကြောင့် မြန်မာလူမျိုးများ တိုးတက်မှုနဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဟာ အစဉ် အလာက ထိန်းသိမ်းဆောက်တည်လာခဲ့ကြတဲ့ လူမှုရေးနဲ့ ဂေဟဗေဒ ညီညွတ်မျှတမှု (မြန်မာ လူမှုရေး စနစ်) စနစ်ကို မထိခိုက်စေလိုပါ။
အရှင်ပေးလိုတဲ့ အကြံဉာဏ်ကတော့ မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုအခြေခံ အုတ်မြစ်ကို ခိုင်မြဲစေပြီးမှသာ တိုးတက် ဖွံ့ဖြိုးရေးကို ထပ်ဆင့် တည်ဆောက်သင့် တယ်လို့ မြင်ပါတယ်။
Credit To The Myanmar Herald
Read More »

လက်နက်ကိုင် တိုင်းရင်းသားတွေထဲ သဘောထားနှစ်မျိုး ကွဲနေသလား – စည်သူအောင်မြင့်

အာဏာရ အစိုးရ အဆက်ဆက်နဲ့  တစ်ကြိမ်မှ အပစ်အခတ်ရပ်စဲတာ မလုပ်ဖူးဘူး။ အာဏာရ အစိုးရ အဆက် ဆက် ကလည်း ကေအန်ယူကို တော်လှန်ပုန်ကန်သူတွေရဲ့ခံတပ်ကြီး၊ ခံကတုတ်ကြီးဆိုပြီး နှစ်ပေါင်း ၆၀ ကျော် နည်းအမျိုးမျိုး သုံးပြီး တိုက်ခိုက်ခဲတယ်။ လူအသေအပျောက်များ ကြီးမားတဲ့ ထိုးစစ်ကြီးတွေဆင်တာက အစ၊ ကေအန်ယူကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲအောင် သပ်လျှိုဖြိုခွဲတာအဆုံး အားလုံးလုပ်ခဲ့တယ် . . .
အောင်ကျော်- လာကပေါ်- အခု ခင်ဗျားတို့ ကေအန်ယူ ဥက္ကဋ္ဌကြီး နေပြည်တော်သွားပြီး သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ သွားတွေ့ပြန်ပြီနော်။ သွားလှချည့်လားဗျ။
လာကပေါ်- ဘာလဲဗျ ခင်ဗျားစကား၊ သွားလှချည်လားဗျ။ သိပ်သဘောမကျတဲ့ လေသံနဲ့။
အောင်ကျော်- အဲဒီသဘော မဟုတ်ပါဘူးဗျာ။ အခြားအဖွဲ့တွေနဲ့စာရင် ကေအန်ယူနဲ့ အစိုးရ ထိတွေ့ ဆက်ဆံမှုများ တယ်ပြောတာပါ။
လာကပေါ်- ငြိမ်းချမ်းရေး လုပ်နေတယ်လေဗျာ။ ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုများလေ ကောင်းလေ ပေါ့၊ မဟုတ်ဘူးလား။
အောင်ကျော်- ဟုတ်ပါတယ်။ ကျွန်တော်မငြင်းပါဘူး။ ဒါပေမဲ့ အခု အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမယ့် ကိစ်္စ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စမယ့်ကိစ္စ၊ တိုင်းရင်းသားတွေထဲမှာသဘောထားနှစ် မျိုးရှိနေတယ်လို့ သတင်းကလည်း ထွက်နေတော့ အစိုးရနဲ့ ကေအန်ယူ ဆွေးနွေးပွဲတွေ စိပ်လာတာဟာ အဓိပ္ပာယ် တစ်မျိုး ထွက်နေ မလားလို့။
လာကပေါ်- အရင် စာပေစိစစ်ရေး ရှိတုန်းက အပြောအဆိုကျနေတာပဲ။ သွယ်ကာဝိုက်ကာ၊ ဝေ့ကာဝဲကာနဲ့ လိုရင်း မရောက်ဘူး။ တည့်တည့် ပြောပေါ့ဗျာ။ အစိုးရက တိုင်းရင်းသားတွေကို ခွဲခြား ဆက်ဆံ စည်းရုံး နေသလား၊ သွေးခွဲနေသလား၊ အဲလိုပြောချင်တာ မဟုတ်လား။
အောင်ကျော်- အဲ- အဲလောက်ထိ မရည်ရွယ်ပါဘူးဗျာ။ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေ ထိခိုက်မှာ ကျွန်တော်လည်း အလွန် ကြောက်ပါတယ်။ …
လာကပေါ်- ကျွန်တော့် စိတ်ထင် ခင်ဗျားဆိုလိုရင်း မမှန်ဘူး။ အခု ကေအန်ယူ ခေါင်းဆောင်တွေလာတာ တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စပါတယ်။ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး ကိစ္စလည်းပါတယ်။ နောက် ကေအန်ယူ တစ်ဖွဲ့ချင်းရဲ့ တပ်နေရာချထားမှုနဲ့ အခြား ကိစ္စ၀ိစ္စတွေလည်း ပါတာပေါ့ဗျာ။ တွေ့ဖို့ လိုလို့ တွေ့တာပေါ့ဗျာ။ ဒီ့ထက်တောင် တွေ့ကြရဦးမှာ။
အောင်ကျော်- ဟုတ်ပါပြီဗျာ။ ဆက်ပါဦး။ ဆိုတော့ အခုနောက်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါင်း ဖွဲ့ထားတဲ့ NTTC လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ထဲမှာ သဘောထား အမြင်မတူတာတွေ ရှိတယ် ဆိုတာကိုရော ခင်ဗျားငြင်းမလို့လား။
လာကပေါ် – မငြင်းပါဘူး။ ဒါက အဖွဲ့အစည်းတွေ စုပေါင်းထားတဲ့အထဲမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ သဘာဝပဲ လေဗျာ။ နောက်တစ်ခုလက်ရှိ မြန်မာပြည်ထဲက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေထဲမှာ ကေအိုင်အိုနဲ့ သူ့မဟာမိတ်တအာင်း ပလောင်တပ်ဖွဲ့က အစိုးရနဲ့ အပစ်မရပ်ထားသေးတဲ့ အဖွဲ့တွေ၊ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်။ ဆိုတော့ အဲဒီကတည်းက ရှုမြင်ပုံ မတူတော့ဘူး။ ဒါကို ကျွန်တော် နားလည် ပါတယ်ဗျ။
အောင်ကျော်- အဲဒါဆို ခင်ဗျား အမြင် ဆက်ပြောပါဦး။
လာကပေါ်- ဆိုတော့ သူတို့တွေရဲ့ မတူညီတဲ့ အခြေအနေအောက်ကနေ မတူညီတဲ့ စဉ်းစားပုံရှိမှာပဲ ဆိုတာ ကျွန်တော် နားလည်တယ်။ ဥပမာ ဆိုပါတော့ဗျာ။ ကေအန်ယူက အစိုးရဘက်က တင်ပြ တဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ် လက်မှတ်ထိုး၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်မယ့် ဆွေးနွေးပွဲလုပ်၊ ပြီး တာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး စဆိုတာမျိုး လက်ခံတယ်။ ဒီတော့ သူကလည်း အဲဒီခရီးကို သွားဖို့အတွက် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးနိုင်ရေး မြန်မြန်လုပ်ချင်တယ်။
အောင်ကျော်- ဒီတော့——-
လာကပေါ်- ကဲ ဟုတ်ပါပြီတဲ့။ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ အခြေအနေ ဆိုက်လာ ပြီဆိုရင် ကေအိုင်အို ဘယ်လိုစဉ်းစားမလဲ၊ လက် မှတ်မထိုးရင် သူတစ်ဖွဲ့တည်းအထီးကျန် ဖြစ်ရမယ်၊ ထိုးလိုက် ပြန်ရင်လည်း အခု ရပ်တည်ထား တာတွေ၊ သူတို့ အဖွဲ့ကပြော ပြောနေတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေကို အရင်လုပ်၊ အဲဒါပြေလည်ရင် တိုက်ခိုက်မှုတွေ သူ့အလိုလို ရပ်စဲသွား လိမ့်မယ်ဆိုတာကိုလည်း ပြောင်းလဲ ပစ်ရမယ်။
အောင်ကျော်- အခု သတင်းတွေမှာ တက်နေတာ ကချင်လူမှု အဖွဲ့အစည်းတွေ ကလည်း ငြိမ်းချမ်းရေးအတွက် အစိုးရဆီက ခိုင်မာတဲ့ အာမခံချက် မရရင် အပစ်ရပ် လက်မှတ်မထိုးနဲ့ ဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတယ်တဲ့။
လာကပေါ်- အဲဒါကြောင့်ပေါ့ဗျာ။ ဒါ သူတို့ အခက်အခဲပေါ့။ ကျွန်တော် သုံးသပ်ရသလောက် ကေအန်ယူ ဆိုတာ မြန်မာပြည်မှာ ဗမာစစ်ဝါဒီတွေကို အစောဆုံး တိုက်ပွဲဝင်ခဲ့တဲ့ အဖွဲ့။ ၁၉၄၈ လွတ်လပ်ရေး ရတယ်။ ၁၉၄၉ ဇန်န၀ါရီ ၃၁မှာ ကေအန်ယူက အစိုးရကို စစ်ဆင်နွှဲ တော့တာပဲ။ နောက်ကြားထဲမှာ အာဏာရ အစိုးရ အဆက်ဆက်နဲ့ တစ်ကြိမ်မှ အပစ်အခတ် ရပ်စဲတာ မလုပ်ဖူးဘူး။ အာဏာရ အစိုးရ အဆက်ဆက်ကလည်း ကေအန်ယူကို တော်လှန်ပုန်ကန်သူတွေရဲ့ ခံတပ်ကြီး၊ ခံကတုတ်ကြီး ဆိုပြီး နှစ်ပေါင်း ၆၀ ကျော် နည်းအမျိုးမျိုး သုံးပြီး တိုက်ခိုက်ခဲ့တယ်။ လူအသေအပျောက်များ ကြီးမားတဲ့ ထိုးစစ်ကြီးတွေ ဆင်တာက အစ၊ ကေအန်ယူကို အစိတ်စိတ် အမြွှာမြွှာပြိုကွဲအောင် သပ်လျှို ဖြိုခွဲတာအဆုံး အားလုံးလုပ်ခဲ့တယ်။
အောင်ကျော်- ခင်ဗျား ဆိုလိုတာ။
လာကပေါ်- ပြောရရင် သူတို့တွေ နိုင်ငံရေးကိုကောင်းကောင်းသိတယ်။ ငြိမ်းချမ်းရေး တန်ဖိုး ကောင်းကောင်း သိတယ်။ လက်ရှိ အစိုးရဘယ်အထိ ဘယ်လောက်သွားမလဲ ကောင်းကောင်း သိကြတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့်လည်း အပစ်ရပ် ကိစ္စတွေ ငြိမ်းချမ်းရေး ကိစ္စတွေ အားသွန်ခွန်စိုက် လုပ်နေတာပဲလို့ ထင်တယ်။
အောင်ကျော်- ဒါဆို ကေအိုင်အိုရဲ့ လက်ရှိ ရပ်တည်ချက်က မှားနေတယ်ပေါ့။
လာကပေါ်- ကျွန်တော် အဲဒီလို မဆိုလိုဘူး။ သူတို့က ခေတ်သစ်မှာ တိုက်ခိုက် ခံရတဲ့သူ၊ ကာလတိုလေးမှာ ကချင်စစ်ပြေး ဒုက္ခသည် သိန်းဂဏန်း ရောက်သွားအောင် ခံရတဲ့သူဆိုတော့ သူတို့အနေအထား ကျွန်တော် နားလည်နိုင်တယ်။ ဒါပေမဲ့-
အောင်ကျော်-ဘယ်လိုဒါပေမဲ့လဲ-
လာကပေါ်- ပြဿနာတွေ ဖြေရှင်းတဲ့ဆီမှာ အရင် နှစ်ပေါင်း ၆၀ လောက်ကပဲ ဖြစ်ခဲ့ ဖြစ်ခဲ့။ မနေ့တစ်နေ့ကပဲ ဖြစ်ခဲ့ဖြစ်ခဲ့။ လတ်တလောနဲ့ အနာဂတ် ကောင်းရေးကိုပဲ ရှေးရှုရမှာပဲ။ အထူးသဖြင့် ပြည်သူလူထု ကောင်း စားရေးကို ရှေးရှုရမှာပဲ။
အောင်ကျော်-အပြောလွယ် သလောက် အလုပ်ခက်တယ်နော်။
လာကပေါ်- ကျွန်တော် စိတ်မကောင်းတာ တစ်ခုရှိသေးတယ်။
အောင်ကျော်- အင်- ပြော။
လာကပေါ်- ဒီမှာ – ဇန်န၀ါရီ ၆ ရက်နေ့ကစ သမ္မတ အပါအ၀င် အစိုးရ အဖွဲ့ လာမယ့် ၂၀၁၄-၁၅ ဘတ်ဂျက် လျာထားချက် ကိစ္စ ဆွေးနွေးကြတယ်။
အောင်ကျော်- သြော် အခုပြောနေ တာနဲ့ ဘာဆိုင်လို့လဲ။
လာကပေါ်- ဆုံးအောင် နားထောင်ဦး။ အဲဒီမှာ ဘတ်ဂျက် လျာထားတာတွေ လုပ်ရတယ်ဗျာ။ တစ်နိုင်ငံလုံး၊ နောက် ၀န်ကြီးဌာန တစ်ခုစီ။ နောက် ပြည်နယ်နဲ့ တိုင်းတစ်ခုစီ။ အဲဒီမှာ ကျွန်တော် ကိန်းဂဏန်းတွေ ကြည့် လိုက်တော့ လာမယ့် ဘတ်ဂျက်အတွက် ကချင်ပြည်နယ် တိုးတက်မှုအတွက် လျာထားတာ ၂ ရာခိုင် နှုန်းပဲ ရှိတယ်။ ကရင်ပြည်နယ်ကို ၁၅ ရာခိုင်နှုန်းကျော် တိုးတက်ဖို့ လျာထားတယ်။ ချင်းပြည်နယ်ကိုတော့ အများဆုံး ၂၆ ရာခိုင်နှုန်းကျော် အထိ တိုးတက်ဖို့ လျာထားတာ တွေ့ရတယ်။
အောင်ကျော်- အဲလိုဆိုရင်တော့ စိတ်မကောင်းစရာပဲ။
လာကပေါ်- ကျွန်တော်ပြောချင်တာ အဲဒါပဲ။ ကချင်ပြည်နယ်ဟာ စစ်ပွဲတွေဖြစ်နေလို့ အဲလို လျာထားသလား မသိနိုင်ဘူး ပေါ့ဗျာ။
အောင်ကျော်- ဖြစ်နိုင်တာပေါ့။ ဖြစ် နိုင်တာပေါ့။
လာကပေါ်- ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ပထမ တစ်ဆင့် စစ်ပွဲတွေ အမြန် ရပ်စေချင်ပြီ။ ငြိမ်းချမ်းရေး ရအောင် ခင်ဗျားတို့ လက်နက်ကိုင်ထား သူတွေချင်း တစ်လပဲ ဆွေးနွေး ဆွေးနွေး၊ တစ်နှစ်ပဲ ဆွေးနွေး ဆွေးနွေး၊ ဆယ်နှစ်ပဲ ဆွေးနွေး ဆွေးနွေး ဆွေးနွေးကြ။ အဲဒီ ကာလ အတွင်း ပြည်သူတွေအတွက် မိုင်းရှင်းပေး၊ ဒုက္ခသည် တွေနေရပ် ပြန်နိုင်အောင် လုပ်ပေး၊ စားဝတ်နေရေးအတွက် အထောက် အကူတွေပေး၊ လွတ်လပ်စွာ လုပ်ကိုင်စား သောက်နိုင်အောင် အခြေအနေ ဖန်တီး ပေး၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေး။ အစိုးရတပ် အပါအ၀င် ဘယ်လက်နက်ကိုင် တပ်ဖွဲ့မှ ပြည်သူတွေကို အပူမီး ဒုက္ခတွေ မပေးကြနဲ့ဗျာ။ အဲဒါ တွေပဲ လိုချင်တယ်ဗျာ။
အောင်ကျော်- အင်း၊ အခုတောင် အဲဒီစစ်ပွဲဒေသက ပြည်သူတွေကို ကူညီဖို့ ဂျပန်က ယန်း ၁၀ ဘီလီယံ လောက် ကူမယ်တဲ့။
လာကပေါ်- မင်္ဂလာသတင်းပေါ့ဗျာ။ နောက်ထပ် အများကြီး၊ အများကြီး လိုသေးတယ်၊ ရကြပါစေ၊ လာကူ ကြပါစေ လို့လည်း ဆုတောင်းနေပါတယ်ဗျာ။
အောင်ကျော်- ကောင်းပါပြီဗျာ။
Credit To The Myanmar Herald
Read More »

၂၀၁၄ စီးပွားရေးအလားအလာ ----------- ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

Photo: ၂၀၁၄ စီးပွားရေးအလားအလာ
-----------
ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏စီးပွားရေးကို ရိုက်ခတ်စေမည့် လုပ်ဆောင်ချက်ခြောက်ခုရှိသည်။ နိုင်ငံခြားဘဏ်များကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် လုပ်ပိုင်ခွင့်ပြုရန် စီစဉ်ထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပြန်လည်ပြဋ္ဌာန်းရန်ရှိခြင်း၊ အီးယူ-မြန်မာအလုပ်အဖွဲ့၏ သဘောတူညီချက်များ၊ ပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာစတင်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းနှင့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေများတို့ဖြစ်သည်။ 

အဆိုပါအချက်များသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအတွက် အကောင်းဖြစ်လာနိုင်သလို ဆိုးကျိုးသက်ရောက်မှုလည်း ရှိလာနိုင်သည်။

မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်များကို ၂၀၁၄ ခုနှစ် ပထမ ၄ လအတွင်း ၀န်ဆောင်မှုအချို့ကို ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် အစိုးရက နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုရန် ဘဏ်ခွဲဖွင့်လှစ်ပေးရန်နှင့် ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခွင့်ပေးရန်တို့ဖြစ်သည်။ အဆိုပါအချက်သုံးချက်မှ နှစ်ချက်ခွင့်ပြုပေးရန်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ငါးဆယ်ကျော်ရှိသည်။

အဆိုပါအချက်သုံးချက်မှ နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ဆန္ဒမရှိကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ဘဏ်ခွဲဖွင့်ခွင့်နှင့် ငွေချေးဝန်ဆောင်မှုများ ပေးလိုက်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုက်လာနိုင်သည်ဟု ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုကာကိုလာစီးပွားရေးပဲ သောက်ရင်တော့ အဆာပြေသွားတယ်။ ဒါပေမဲ့ ဗိုက်မ၀ဘူး အာဟာရမဖြစ်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကသုံးသပ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရေးဆွဲပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို တစ်ခုတည်းပေါင်းစပ်ရန်အတွက် ပြင်ဆင်ရေးဆွဲလျက်
ရှိသည်။ ထိုကဲ့သို့ပေါင်းစပ်လိုက်သည့်ဥပဒေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပမည့် လွှတ်တော်၌ တင်ပြနိုင်ရန် ရေးဆွဲလျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူကဆိုသည်။

“ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ ထည့်ပေးလိုက်ပြီး win-win ဖြစ်အောင်လုပ်ရင်တော့ ဘာပြဿနာမှမရှိနိုင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးကသုံးသပ်သည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံသားများအား အခွန်ကင်းလွတ်ခွင့်မပေးထားပေ။ ထို့ကြောင့် အဆိုပါဥပဒေနှစ်ရပ်ပေါင်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များကို တန်းတူအခွင့်အရေးပေးလိုက်ပါက ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့်မယှဉ်နိုင်သော လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြေအနေပိုကောင်းလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

နောက် အရေးပါသောသက်ရောက်မှုတစ်ခုမှာ ၂၀၁၃ နိုဝင်ဘာလအတွင်း အီးယူ-မြန်မာအလုပ်အဖွဲ့ ဆွေးနွေးပွဲများမှ သဘောတူညီမှုများဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့တွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့သည် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပြီး အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်ကာ ချေးငွေထုတ်ချေးရန် သဘောတူညီခဲ့ကြသည်။

အဆိုပါသဘောတူညီချက်ကို အီးယူလွှတ်တော်မှ အတည်ပြုပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးမည်ဖြစ်ပြီး နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြား ထုတ်ချေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် အီးယူ-မြန်မာအလုပ်အဖွဲ့ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လျစ်လျူမရှုရန်နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးအရ တာဝန်ယူမှုတစ်ခုတည်းနှင့် မြန်မာနိုင်ငံသို့မလာရန် နိုင်ငံရေးအရတာဝန်ယူမှုပါ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကြောင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် လက်တွန့်သွားခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့
တက်ရောက်ခဲ့သူ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် ဥရောပသမဂ္ဂအောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို ကာကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်ဟု အီးယူ-မြန်မာရုံးခွဲ၏ မြန်မာနိုင်ငံရေးရာကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇာညွန့်တင်ကပြောကြားသည်။

“Market တွေ ဖွင့်ပေမယ့် တိုးတက်အောင်လုပ်ဖို့ မလွယ်သေးဘူး။ အီးယူတို့ အမေရိကန်တို့ ဈေးကွက်တွေပွင့်လာပေမယ့် စံချိန်စံညွှန်းသတ်မှတ်ချက်များကြောင့် ဈေးကွက်ရဖို့မလွယ်သေးဘူး”ဟု အီးယူ-မြန်မာအလုပ်အဖွဲ့တွင် ပါဝင်သူ ဦးနှင်းဦးကသုံးသပ်သည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က လေ့လာထားသော (Doing Business 2014) အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေခြင်းမှာလည်း မြန်မာနိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်အတွက် အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်သုံးခု တည်ဆောက်လျက်ရှိသည်။ ထိုအထူးစီးပွားဇုန်သုံးခုကို၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမှာမူ အကောင်အထည်မဖော်နိုင်သေးပေ။ အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်းမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေဦးမည်ဖြစ်သည်။

သို့သော် သီလ၀ါအထူးစီးပွားရေးဇုန် ဖွင့်လှစ်နိုင်ခြင်းမှာ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်ရန်ပြင်ဆင်နေသော ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန် တွန်းအားတစ်ခု
ဖြစ်ခဲ့သည်။

ထို့အပြင် စွမ်းအင်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတိုင်းတွင် တင်ဒါအောင်ထားသော လုပ်ငန်းများမှာ ၂၀၁၄ ခုနှစ်တွင် ၀င်ရောက်လုပ်ကိုင်လာမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် လုပ်ကွက် ၃၀ လေလံတင်ထားပြီး လေလံအောင်သည့်စာရင်းကို ဇန်န၀ါရီတွင် ကြေညာမည်ဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍတွင် လေလံအောင်ထားသော အော်ပရေတာနှစ်ခုလည်း ၂၀၁၄ ခုနှစ်အတွင်း တရားဝင်လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အခြားအရေးကြီးသော လုပ်ငန်းမှာ ပို့ကုန်လုပ်ငန်းဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ပို့ကုန်မဟာဗျူဟာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းမှ ဆန်၊ ပဲ၊ ရေထွက်ပစ္စည်း သစ်တောထွက်ပစ္စည်း အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဆန်နှင့် အထည်ချုပ်လုပ်ငန်းများ ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် ဥရောပဈေးကွက်နှင့် ဂျပန်နိုင်ငံတို့ကိုတင်ပို့နိုင်သော အရည်အချင်းမြင့်ဆန်များမှ အရောင်းအ၀ယ်ကောင်းလာနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကပြောသည်။

“ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေက အရင်လို ပိတ်လိုက်၊ ဖွင့်လိုက် မလုပ်တော့တဲ့အခါကျတော့ ဈေးကွက်ရနေပြီး ဒီနှစ်မှာ ငွေလဲနှုန်းကလည်းမဆိုးတဲ့အတွက် လာမယ့်နှစ်လည်း လယ်ယာထွက်ကုန်ကတော့ အခြေအနေကောင်းဦးမှာပဲ။ တရုတ်နိုင်ငံကလည်း စီးပွားရေးကောင်းနေတဲ့အတွက် ပုံမှန်ထက်တော့ မကျသွားနိုင်ဘူး”ဟု မူဆယ်၊ နန့်ခမ်း ကုန်သည်စက်မှုအသင်းမှ တစ်ဦးကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်တွင် အစည်းအဝေးကြီးလေးခုနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကို ပုဂံနှင့် နေပြည်တော်တို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုအစည်းအဝေးများမှာ ဇန်န၀ါရီလတွင် ၃၆ ကြိမ်၊ ဖေဖေ၀ါရီလတွင် ၁၁ ကြိမ်၊ မတ်လတွင် အကြိမ် ၈၀၊ ဧပြီလတွင် အကြိမ် ၂၀၊ မေလတွင် ၁၃ ကြိမ်၊ ဇွန်လတွင် ၁၂ ကြိမ်၊ ဇူလိုင်လတွင် ၂၆ ကြိမ်၊ သြဂုတ်လတွင် ၂၇ ကြိမ်၊ စက်တင်ဘာလတွင် ၁၁ ကြိမ်၊ အောက်တိုဘာလတွင် ၁၇ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၂၅ ကြိမ်တို့တွင် ကျင်းပမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသို့ အဓိကငွေလွှဲပို့ပေးနေသော ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာမူ ၂၀၁၄ ခုနှစ်တွင် အလားအလာသိပ်မကောင်းပေ။ မြန်မာနိုင်ငံသား သုံးသန်းကျော် အလုပ်လုပ်ကိုင်နေသာ ထိုင်းနိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းမှာ ကျဆင်းလျက်ရှိပြီး အလုပ်သမားများမှာလည်း အချိန်ပိုမဆင်းရခြင်းအပါအ၀င် လုပ်ခလစာများလည်း လျော့နည်းလာနေပြီ။

“တကယ်လို့ ယင်လပ်အစိုးရသာပြုတ်ပြီး အခြားအဖွဲ့တက်လာမယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အခြေအနေပိုဆိုးသွားနိုင်တယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အင်န်ဂျီအိုမှတာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာခဏတိုက်ခိုက်ခံနေရသဖြင့် မြန်မာနိုင်ငံသားများမှာ ပြည်တော်ပြန်သူများ တစ်နေ့တခြား များပြားလျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် စီးပွားရေးအခြေအနေမှာ ထင်သလောက်မတိုးတက်လာနိုင်ဟု ပညာရှင်များနှင့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် လက်ကျန် လ ၃၀ တွင် စီးပွားရေးတိုးတက်အောင် အဓိကဆောင်ရွက်မည်ဟု ၂၀၁၃ နှစ်လယ်ပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့မှာ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့၌ ကူညီမှုများပေးလျက်ရှိသည်။

နေထိုင်စားသောက်စရိတ် မြင့်တက်လာမှုကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းထိ တက်လာသဖြင့် ထိုအခြေအနေကိုသတိထားရန် ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် လုပ်ရမည့်လုပ်ငန်းများ များပြားသလောက် စွမ်းဆောင်မှု၊ စွမ်းရေးပိုင်းက လိုက်မမီသေးပါ။ ထို့အတွက် ပြင်းထန်သောသက်ရောက်မှုများ ရှိနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုများ ပြန်လည်မြင့်တက်လာခြင်း နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းအပြင် အခြားငွေရေးကြေးရေးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကြားဖြတ်မဟာဗျူဟာမှတ်စုစာတမ်းတွင် သတိပေးထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

Credit To 7Day News Journal
Read More »

၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း ------------------ ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

Photo: ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း
------------------
ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် ပေါ်ထွက်လာမည့် အခြေခံဥပဒေလေ့လာသုံးသပ်သည့် အစီရင်ခံစာနှင့် ဇန်န၀ါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးမူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို အဓိကပုံဖော်ပေးမည့်ကိစ္စရပ်များဖြစ်သည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအ၀င် ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်စွာဆက်သွယ်ဆက်ဆံမှုကိုရတော့မည် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ၏ ခြေလှမ်းအစအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလတွင်ပင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများမှ ပေါ်ထွက်လာမည့် ရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို ပုံဖော်မည်ဆိုသော်လည်း ၂၀၁၄ ခုနှစ်တစ်နှစ်လုံးသည် သိသာထင်ရှားသော အပြောင်းအလဲများ တွေ့ရမည်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုများ၊ စိန်ခေါ်မှုများနှင့် တအုံနွေးနွေးဖြင့်သာရှိမည့် နှစ်တစ်နှစ်လည်းဖြစ်နိုင်သည်။

“၂၀၁၄ ခုနှစ်ရဲ့အကြီးမားဆုံးရိုက်ခတ်မှုက ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကိစ္စဖြစ်လာမယ်။ အစီရင်ခံစာက ပြည်သူလိုလားတဲ့အနေအထားကို ရောက်မလား၊ မည်ကာမတ္တပဲဖြစ်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်ဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။	

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အဓိကကျသည့်ခေါင်းဆောင်များ အထူးသဖြင့် အတိုက်အခံနှင့် တပ်မတော်ကြားတွင် အခြေခံကျသော နားလည်မှု၊ နိုင်ငံရေးသဘောတူညီချက်မရှိသည့်အတွက် ဥပဒေပြင်ဆင်ရာတွင် မရေရာမှုများနှင့်အတူ အခက်အခဲအချို့ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ယူဆကြသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆင်ပြေနေသည့် အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို အန္တရာယ်ဟုမြင်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ပိုမိုလွတ်လပ်သော အနေအထားများ ခံစားရရှိလာသဖြင့် ယခင်ကမျိုသိပ်ထားရသည့် အခြားတင်းမာမှုများ ပေါ်ထွက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့နိုင်သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ထားသည်။

“၂၀၁၄ မှာ သိပ်ပြီးတော့ပြင်းထန်တဲ့ လူမှုမငြိမ်သက်မှုတွေ ရုပ်ပျက်ဆင်းပျက် အားပြိုင်မှုတွေမဖြစ်အောင်လို့ အစိုးရပိုင်းက ထိန်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိစ္စတွေကို ရှောင်ရှားချင်လိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇင်ကပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် တပ်မတော်၊ လွှတ်တော်၊ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းသည် ၂၀၁၄ ခုနှစ်တွင် အကောင်အထည် ပေါ်၊ မပေါ် မရေမရာသာရှိနေသေးသည်။

“တွေ့ဆုံမှုက ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကကျတဲ့အချက်တွေကို ပြင်ဖို့ကတော့ အရမ်းခက်ခဲမယ်ဆိုတာ သတိပြုဖို့လိုတယ်”ဟု မြန်မာနိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် မဖြစ်မနေပြင်ဆင်ရန် လိုအပ်နေသည့် ပုဒ်မ ၅၉(စ)ကို မပြင်ပေးပါကလည်း ရွေးကောင်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ပြောကြားလိုက်ပြီး အာဏာရပါတီကလည်း ပုဒ်မ ၅၉(စ)ကို ပြင်မည်ဟု ပြောကြားလိုက်သဖြင့် ခေါင်းဆောင်များကြားတွင် တစ်စုံတစ်ရာ အပေးအယူမှုများရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်းရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အပြန်အလှန်ဆက်စပ်မှုများရှိနေသည်ဖြစ်ရာ “အခြေခံဥပဒေမပြင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ထောက်ပြသည်။

“ဒီနှစ်ထဲမှာတော့ တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖြစ်ရင်ဖြစ်နိုင်မယ်။ ဒါပေမဲ့ အဖြေရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ ပြီးပြတ်မယ်မထင်ဘူး။ နောက်တစ်ခုက သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တစ်စုံတစ်ရာအာမခံချက်ရတဲ့အထိ ပြီးပြတ်စေချင်တယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ကတိက၀တ်မျိုးရတဲ့အထိ ဖြစ်စေချင်တယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်လည်း အပစ်အခတ်ရပ်စဲရေးမရရှိသေးခြင်းက ၂၀၁၄ အတွက် နှစ်အဆက်ဆက် လက်ဆင့်ကမ်းပြဿနာအမွေဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင်တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အင်အားကြီးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများက သက်ဝင်လှုပ်ရှားလာတော့မည်။

“ဒီအချိန်မှာ စီးပွားရေးမူဝါဒကို ချပြရတော့မယ့်အချိန်ဖြစ်နေပြီ။ အချိန်ကသိပ်မရှိတော့ဘူး။ ရှေ့နှစ်မှာ အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် (AFTA)ကလည်း လာတော့မယ်။ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ဒီတော့ စီးပွားရေးမူဝါဒကိုရေးရမယ်။ လူပြိန်းကြိုက်နိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေနဲ့ သွားရမယ့်အချိန်မဟုတ်တော့ဘူး”ဟု ဥရောပသမဂ္ဂ၏  စီးပွားရေးဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းတေဇာညွန့်တင်ကပြောသည်။

ယခုအချိန်သည် တိုင်းပြည်၏ မဟာဗျူဟာတစ်ရပ်ကို မည်သို့ပုံဖော်ဆောင်ရွက်မည်ဆိုသည်ကို ပြည်သူအားချပြစည်းရုံးခြင်းကို နိုင်ငံရေးပါတီများအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

သက်တမ်းကုန်ရန် အချိန်တဖြည်းဖြည်းနီးလာပြီဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် အစိုးရသစ်အတွက်လည်း မီးကုန်ယမ်းကုန် အားထုတ်ရမည့်နှစ်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။

၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
Credit To 7Day News Journal
Read More »