ဖြစ်နိုင်ခြေက အစပြုကြပါ ( ဘမောင်ညို )


လက်ရှိ မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ တစ်နေ့တစ်မျိုး မရိုးလောက်အောင် ဖြစ်ထွန်းမှုတွေ တွေ့နေရတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပြောဆိုမှုများ၊ လွှတ်တော်ဘက်မှ ပြောဆိုမှုများ၊ တိုင်းရင်းသားများရဲ့ စုဖွဲ့မှုများ၊ NLD အပါအဝင် အတိုက်အခံများရဲ့ ပြင်ဆင်နေမှုများ စသဖြင့် အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ အခြေအနေကို တွေ့မြင်နေရတာ ဖြစ်ပါတယ်။
အခု အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ လက်နက်ကိုင် အုပ်စုများရဲ့ ဦးတည်ချက်ဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်နေပါတယ်။ အဖွဲ့ ၁၈ ဖွဲ့ပါ WGEC နဲ့ အဖွဲ့ ၁၁ ဖွဲ့ပါ UNFC တို့ရဲ့ လှုပ်ရှားမှုများ၊ SNLD ဦးဆောင်တဲ့ ရှမ်း၊ ကယား၊ မွန်တို့ ပါဝင်တဲ့ တိုင်းရင်းသားအရေး ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်၊ SNDP (ကျားဖြူပါတီ) ရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ၊ ရခိုင်နှစ်ပါတီရဲ့ စုဖွဲ့မှုသတင်းများနဲ့ အခြားသော တိုင်းရင်းသားနိုင်ငံရေး လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရပါတယ်။
တစ်ဖက်ကလည်း ပြည်ထောင်စုလွှတ်တော်မှာ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ’ ဆိုတာကို ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေး ထိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ သုံးသပ်ရေး ကော်မရှင်ရဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အပေါ် လေ့လာတင်ပြချက် ဆိုတာကိုလည်း သြဂုတ်လဆန်းပိုင်းက တွေ့ကြရတယ်။
ယနေ့အခြေအနေ၊ အခင်းအကျင်းများကို ကြည့်ရတာဟာ ၁၉၆၁- ၆၂ က အခြေအနေမျိုးနဲ့ ဆင်တူနေတယ်လို့ ထင်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ဖို့ ဥပဒေအရ ပြည်နယ်များ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ၁၀ နှစ်ကျော်လွန်လာခဲ့တဲ့ နောက်ပိုင်း ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တရားရေးဌာန ဝန်ကြီး ဒေါက်တာအေးမောင်က အခြေခံဥပဒေ ပြင်ဆင်ရေးအဆိုကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အခြေခံဥပဒေကို ပြင်ဆင်ရာတွင် အစအဆုံး ပြင်ဆင်ရန် မဟုတ်ဘဲ ရှိပြီးသားမူကို မပျက်စေရန် ဘောင်ခတ်ပေးရန် တင်ပြပြီး (၁) ဒီမိုကရေစီကို ထိခိုက်လာမည့် အချက်များ၊ (၂) ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမည့် အချက်များ၊ (၃) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် အချက်များအပေါ် အခြေခံစဉ်းစားပြီး ပြင်ဆင်ကြရန် အဆိုပြုခဲ့တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အစိုးရကို လိုအပ်သလို အကြံပေးနိုင်ရန် ‘အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ’ ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တယ်။
၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စပ်ခွန်ချို ဦးဆောင်ပြီး ရှမ်းခေါင်းဆောင်များ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စတင်ဆွေးနွေးခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ‘ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ ပြင်ဆင်ရေးစာတမ်း’ ကို အတည်ပြုခဲ့တယ်။ ဒီစာတမ်းဟာ နောင်မှာ ဖက်ဒရယ်မူအဖြစ် ကျော်ကြား လာမယ့် စာတမ်းပဲ ဖြစ်ပါတယ်။
ဒီဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြည်လမ်း အသံလွှင့်ရုံမှာ နိုင်ငံရေးပါတီများ၊ အစိုးရ အဖွဲ့ဝင်များနဲ့ ဆွေးနွေးခဲ့တယ်။ တတိယအကြိမ် ဆွေးနွေးဖို့ မတ်လ ၇ ရက်နေ့ကို ချိန်းဆိုထားပေမယ့် မတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဒေါက်တာအေးမောင် တင်ပြရန်ရှိတဲ့ အာဏာရ ပ.ထ.စ အစိုးရရဲ့ သဘောထားကို မတင်ပြလိုက် ရတော့ပါဘူး။ ဒါကတော့ ၁၉၆၂ ခုနှစ်က ဖက်ဒရယ်မူရဲ့ အရုပ်ဆိုးစွာ ဇာတ်သိမ်းခဲ့ပုံကို အကျဉ်းချုပ် တင်ပြတာ ဖြစ်ပါတယ်။
"ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။"
အခုတစ်ကြိမ်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပွဲကတော့ စည်နေပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ရှမ်းမူကို အသေဆုပ်ကိုင်ပြီး ရပ်ခံနေတဲ့ အင်အားစုအချို့ ရှိနေသလို မတူတဲ့ လမ်းကြောင်းများကို တင်ပြတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ရန် အလွန်ခက်ခဲအောင် ရေးဆွဲထားတဲ့အတွက် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်းထက် အသစ်ပြန်လည် ရေးဆွဲခြင်းက ပိုကောင်းမယ်လို့ ဆိုနေသူတွေလည်း ရှိလာပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည် ရေးဆွဲမလားဆိုတာ ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာပါတော့တယ်။
အခုတစ်ကြိမ်မှာလည်း ၁၉၆၂ ခုနှစ်တုန်းကလိုပဲ အစိုးရဘက်ကရော၊ တိုင်းရင်းသားများနဲ့ အတိုက်အခံဘက်ကပါ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လေ့လာသုံးသပ်နေကြတာ ဖြစ်ပါတယ်။ လွှတ်တော်နဲ့ ကော်မတီရဲ့ အစီရင်ခံစာဟာ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ထွက်ပေါ်လာရမှာ ဖြစ်တယ်။ အလားတူ NLD နဲ့ တိုင်းရင်းသားပါတီ အချို့ရဲ့ ညှိနှိုင်းမှုဟာလည်း သုံးကြိမ် ရှိခဲ့ပြီ ဖြစ်ပါ တယ်။ ကျားဖြူပါတီရဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုကတော့ ပြီးဆုံးသွားပြီလို့ သိရတယ်။
ဒီအခြေအနေကြားမှာပဲ ပြီးခဲ့တဲ့ လအတွင်းက တစ်ဖက်နိုင်ငံမှာ ကျင်းပတဲ့ UNFC ရဲ့ ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲဖို့ အခိုင်အမာ ရပ်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဒီလိုတစ်လမ်းသွား ရပ်တည်ချက်ဟာ တကယ်တော့ အပြု သဘောဆောင်ပါရဲ့လား။ ဒီလိုရပ်ခံနိုင်ဖို့အတွက် လိုအပ်တဲ့ စုရုံးပြင်ဆင် မူအား ကိုယ့်မှာ ရှိပါရဲ့လား၊ ပြင်ဆင်ခြင်း နည်းလမ်းနဲ့ သွားလို့ မရဘူးဆိုတာကော တကယ်ဟုတ်ပါရဲ့လား စတဲ့ စဉ်းစားစရာတွေ အများအပြား ထွက်ပေါ်လာပါတယ်။
ဒီလိုအရေးကြီးလှတဲ့ ကိစ္စကြီးတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ဆိုတာ လက်ရှိအခြေအနေကို နိုင်ငံရေးအရ အကဲဖြတ်မှုနဲ့ များစွာ သက်ဆိုင်ပါတယ်။ မြန်မာရဲ့ လက်ရှိအနေအထားဟာ ဗဟိုဦးစီးချုပ်ကိုင်မှု ဖြေလျှော့တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီအခြေအနေကမှ တစ်ဆင့် ကနဦးဒီမိုကရက်တစ် အကူးအပြောင်း အဆင့်ကို ရောက်အောင် အတော်ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေကိုပဲ တောင်းဆိုတာဟာ နိုင်ငံရေးလို့ ပြောလို့မရပါဘူး။ ဖြစ်နိုင်ခြေက အစပြုဖို့ လိုပါတယ်။
နောက်ကြောင်းပြန်တယ် ဆိုရာမှာ ဘက်တစ်ဖက်တည်းကချည်း မဟုတ်ဘဲ ဘက်နှစ်ဖက်စလုံးက နောက်ကြောင်းပြန်နိုင်တာ ဖြစ်ပါတယ်။ ရှမ်းမူအတိုင်း အသေဆုပ်ကိုင်ထားခြင်း၊ ဖွဲ့စည်းပုံဥပဒေသည် အသစ်ရေးဆွဲရန်မှတစ်ပါး အခြားလမ်းမရှိလို့ ယူဆခြင်းတွေဟာလည်း ကိုယ့်ဘက်က နောက်ကြောင်းပြန်ခြင်း တစ်မျိုးပါပဲ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ ဆိုကြရာမှ အလျှော့အတင်း အပေးအယူ ညှိနှိုင်းမှုများနဲ့ အစပြုရမှာပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်က နိုင်ငံတော်အစိုးရကို အကြံပြုဖို့ဖွဲ့စည်းထားတဲ့ ‘ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကော်မတီ’ ဟာ အစီရင်ခံစာတစ်စောင် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအစီရင်ခံစာမှာ အုပ်ချုပ်ရေး ဆိုင်ရာနဲ့ အရင်းအမြစ် ခွဲဝေရေး (သစ်တော၊ သတ္တုတူးဖော်ခွင့်များ) ဆိုင်ရာတွေ ပါဝင်တဲ့အချက်၂၄ ချက် လိုက်လျောထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်က ခေတ်စားတဲ့ ကျန်ရှိနေသောအာဏာ (Resedue Power) ကိုပါ ပေးအပ်ဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာလည်း လွှတ်တော်ရဲ့သုံးသပ်ချက် ထွက်ပေါ်လာရန် ရှိနေပြီး NLD နဲ့ တိုင်းရင်းသားပါတီများ ညှိနှိုင်းမှုမှလည်း ရလဒ်ကောင်းများ ထွက်ပေါ်လာရန် ရှိနေပါသည်။ ကျားဖြူပါတီရဲ့ အဆိုပြုချက်တွေဟာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီအချိန်မျိုးမှာ တစ်ကြောင်းဆွဲပုံစံကို တင်ပြလာခြင်းဟာ နိုင်ငံရေးအရ ရှေ့ကိုဆက်မတိုးနိုင်အောင် ဖြစ်သွား စေပါလိမ့်မယ်။
တစ်နေ့က လက်နက်ကိုင်အဖွဲ့ သေးသေးလေးတစ်ခုက ဗိုလ်မှူးကြီး ဆိုသူတစ်ဦးရဲ့ ရေဒီယို အင်တာဗျူး တစ်ခုလည်း ကြားလိုက်ရပါတယ်။
အမျိုးသား တွေ့ဆုံဆွေးနွေးပွဲကြီးမှာ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်က တစ်ဖွဲ့၊ လက်နက်ကိုင် အုပ်စုများကတစ်ဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ NLD ပါတီ အပါအဝင် အခြားပါတီများက တစ်ဖွဲ့စီ စုစုပေါင်း လေးပွင့်ဆိုင် အချိုးညီ ဆွေးနွေးရမယ်ဆိုပြီး ပြောပါတယ်။ ဒီလိုမဖြစ်နိုင်တဲ့ အချိုးအစားတွေကို တောင်းဆိုခြင်းတွေဟာ အကျိုးမများဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။
ယနေ့ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတွေ အများအပြား ရှိပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွက် အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေ ခွဲဝေရေးတွေမှာ အခွင့်အာဏာတွေ ပိုမိုရရှိလာနိုင်ပါတယ်။ လက်ရှိတိုင်းနဲ့ ပြည်နယ်အစိုးရများ ကိုယ်တိုင်က တင်ပြထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ ဖြစ်နေတဲ့ အချက်ပေါင်း ၁၅၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ အချို့ ဇယား (၁) မှ ဇယား (၂) သို့ ပြောင်းလဲပေးရမှာတွေလည်း ဖြစ်နိုင်ပါတယ်။ ဇယား (၁) ပါ နယ်ပယ်အသီးသီးမှ ဥပဒေပြုပိုင်ခွင့် အချက် ၁၂၃ ချက်အနက်မှ အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေပြုခွင့်ထဲကို လွှဲပြောင်းပေးအပ်နိုင်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ ဖက်ဒရယ်အသွင် ပိုဆောင်လာစေမှာ ဖြစ်ပါတယ်။
ဒီတလောမှာပဲ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်မှုစနစ်ဆိုတဲ့ စာတမ်းတစ်စောင် ထွက်တာ တွေ့ရပါတယ်။ ဒီစာတမ်းဟာ MDRI လက်အောက်ရှိ CESD နဲ့ အာရှဖောင်ဒေးရှင်းတို့ ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး နှစ်ခုတို့မှာ ကွင်းဆင်း လေ့လာ ရရှိချက်တွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ နိုင်ငံရေးအရ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်း၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းနဲ့ ဘဏ္ဍာငွေရ/သုံးဆိုင်ရာ ဗဟိုဦးစီးစနစ် ဖြေလျှော့ခြင်းဆိုပြီး မျက်နှာစာသုံးဖက်မှ ဆန်းစစ် လေ့လာထားတာ တွေ့ရတယ်။ ခြုံလိုက်ရင် ဒီစာတမ်းမှာ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗဟိုဦးစီးစနစ်ဟာ ပြင်းထန်စွာ တည်ရှိနေတာဖြစ်ပြီး အပိုင်းလိုက်၊ အပိုင်းလိုက် ဖြေလျှော့မှုတွေ လုပ်သွားဖို့ အခိုင်အမာ သုတေသနပြု တွေ့ရှိချက်တွေနဲ့ တင်ပြထားတာ တွေ့ရတယ်။ ဒီလိုအစီရင်ခံစာတွေဟာ ဆန္ဒစွဲမပါတဲ့ တင်ပြချက်တွေ ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ ကြိုဆိုလက်ခံရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။
ဒါကြောင့် အခုအချိန်ဟာ အရှိကိုအရှိအတိုင်း လက်ခံပြီး ရိုးသားစွာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာဖို့ မျှော်လင့်ရမယ့်အချိန် ဖြစ်ပါတယ်။ ဒီအဆင့် (ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး) ကို အရင်ဖြတ်သန်းပြီးမှ နောက်တစ်ဆင့်ကို ဖြတ်သန်းကြရမှာပါ။ ဖွဲ့စည်းပုံဥပဒေကို အားလုံးအသစ် ပြန်လည် ရေးဆွဲမယ်ဆိုရင် အဲဒီကြားကာလဟာ ဘာမဆို ဖြစ်ပျက်သွားနိုင်တဲ့ ကြားကာလ ဖြစ်လာပါလိမ့်မယ်။
လူဦးရေ နှစ်ယောက်နဲ့ တစ်ပိုင်းလောက်ပဲရှိတဲ့ အဖွဲ့အစည်းလေးတွေက သူတို့ရဲ့အပြောင်းအလဲကာလ ပါဝင်ခွင့်အတွက် အသည်းအသန် ရပ်တည်နေချိန်မှာ အင်မတန် ကြီးမားတဲ့ အင်စတီကျူးရှင်းကြီးတွေရဲ့ ရပ်တည်ခွင့်တွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေကို အဲဒီ အဖွဲ့ကြီးတွေက လက်ခံနိုင်ပါ့မလား ဆိုတာ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေး ဆိုသည်မှာ ဖြစ်နိုင်ခြေက အစပြုတာ အကောင်းဆုံးပဲလို့ ယူဆမိပါတယ်။
Credit The Voice Weekly
Read More »

မဏ္ဍိုင်ငါးခု ပွတ်တိုက်မှု (ဌေးအောင်ကို)



နိုင်ငံတော်သမ္မတ မိန့်ခွန်းမှာ ‘ပဉ္စမမဏ္ဍိုင် မိဘပြည်သူ’ လို့ သုံးစွဲလိုက်တဲ့ နောက်မှာတော့ မဏ္ဍိုင်ငါးခုဆိုတဲ့ အသုံးအနှုန်းဟာ တွင်ကျယ်လာတယ်လို့ သဘောရပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ မီဒီယာနဲ့ မိဘပြည်သူများပါပဲ။ မဏ္ဍိုင်ငါးခုဟာ နိုင်ငံတော်မှာ လက်ငါး ချောင်းပမာ တာဝန်ကိုယ်စီ ရှိလာပြီး လှုပ်ရှားဆောင်ရွက် လုပ်ကိုင်ကြတဲ့ အခါမှာလည်း လက်ငါးချောင်း လှုပ်ရှားရာမှာ ပွတ်တိုက်မှု ရှိသလိုမျိုးပဲ မဏ္ဍိုင်ငါးခုရဲ့ ပွတ်တိုက်မှုတွေလည်း မလွဲမသွေ ရှိလာပါတယ်။ ဘယ်အထိ ရှိလာသလဲဆိုရင် မီဒီယာ အချင်းချင်းမှာလည်း ဘယ်ဘက်လက်ညှိုးနဲ့ ညာဘက်လက်ညှိုးတို့ရဲ့ ပွတ်တိုက်မှု ဆိုတာမျိုးတွေ ရှိလာတာပါပဲ။

ပွတ်တိုက်မှု ဆိုတာကို ဇွတ်မိုက်မှုလို့တော့ တန်းပြီးပြောလို့ မရနိုင်သေးပါဘူး။ ပွတ်တိုက်မှု ပုံသဏ္ဌာန်တွေကို အရင်လေ့လာရဦးမှာပါ။ ဘာတွေ ပွတ်တိုက်နေတာလဲ၊ ဘာကြောင့် ပွတ်တိုက်နေတာလဲ၊ ဘယ်လို ပွတ်တိုက်နေတာလဲ။ ဘယ်လောက်ကြာ ပွတ်တိုက်မှုမျိုးလဲ။

စက်တင်ဘာလ ၃ ရက်နေ့ကစတဲ့ လောလောလတ်လတ် ပွတ်တိုက်မှုလေး တစ်ခုကတော့ သမ္မတကိုယ်တိုင် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လမ်းညွှန်ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတက ကျပ်သိန်းငါးရာ လှူဒါန်းမည် ဖြစ်ကြောင်းကို ကြားသိရာမှ အစပြုလာခဲ့ရတဲ့ မီဒီယာချင်း ပွတ်တိုက်မှုပါပဲ။

တစ်နှစ်တာ ကာလအတွင်း အစိုးရထံမှ ဘာအထောက်အပံ့မှ မရယူပါဘဲ အထွေထွေစရိတ်ကို အဖွဲ့ဝင်များ ထည့်ဝင်ငွေနဲ့သာ စိုက်ထုတ်သုံးစွဲ လည်ပတ်နေတဲ့ စာနယ်ဇင်းကောင်စီဟာ ယခုလှူဒါန်းငွေ လက်ခံခြင်းအပေါ်မှာ ဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး “သမ္မတ အလှူငွေကို လက်ခံလို့ စာနယ်ဇင်းကောင်စီကို ဝေဖန်တဲ့သူတွေဟာ မီဒီယာအကျိုးအတွက် လုပ်တဲ့နေရာမှာ ဉာဏ်အား၊ လူအား၊ ငွေအား၊ ဘာတွေပါဖူးသလဲ ဆိုတာ မေးဖို့ကောင်းတယ်” လို့ အတွင်းရေးမှူးက ဆိုလိုက်ပါတယ်။ “ဝေဖန်သူများဟာ ဘယ်အချိန်မဆို ကောင်စီသို့ စုံစမ်းမေးမြန်းနိုင်တယ်၊ အဝေးက ဝေဖန်နေရင် အထင်အမြင် လွဲနိုင်တယ်” လို့လည်း ဆိုပါတယ်။

သတင်းစာ အယ်ဒီတာချုပ် တစ်ယောက် ထောက်ပြပုံက “စာနယ်ဇင်းကောင်စီ အနေနဲ့ သတင်းမီဒီယာ ဆိုင်ရာ ဥပဒေကိစ္စရပ်များ အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အငြင်းပွားနေချိန်မှာ သမ္မတရဲ့ အလှူငွေကို လက်မခံသင့်ဘူး။ ဒီအချိန်မှာ မယူသင့်သေးဘူး” လို့ ဆိုပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူးကတော့ “လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ ရပါတယ်၊ ဒါပေမဲ့ လက်တွေ့ လာလုပ်ကြည့်ပါ။ ပြီးမှ ဝေဖန်ကြပါ” တဲ့။

စာနယ်ဇင်းကောင်စီရဲ့ သက်တမ်း တစ်နှစ်ပြည့်ချိန်မှာ သမ္မတထံ ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီအတွက် လိုအပ်တဲ့ ရုံးခန်းအဆောက်အအုံ ပုဂ္ဂလိက သတင်းစာတွေ ရေရှည်ရပ်တည်နိုင်ရေး ကူညီမယ်လို့ သမ္မတက ပြောကြားလိုက်ပါတယ်။ အစိုးရ သတင်းစာတွေနဲ့ ယှဉ်ရတဲ့အခါ ကာလရှည်ကြာ လုပ်ကိုင်လာပြီး ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်ကာ အစိုးရရဲ့ အခွင့်အာဏာနဲ့ ဖြန့်ချိရေး ကွန်ရက်ရှိမှု အားသာချက်တွေကို ယှဉ်ပြိုင်နေရချိန်ပါပဲ။ အယ်ဒီတာချုပ် တစ်ယောက် ပြောသလို အားသာချက်က ဆယ်ချက်တစ်ချက်ပါ။

ဒီကိစ္စ စက်တင်ဘာ လဆန်းရက်မှာ ပေါ်ထွက်လာတော့ သြဂုတ်လဆန်းရက်က ပွတ်တိုက်မှုလေး ကိုလည်း ပြေးပြီး အမှတ်ရစေပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကျင်းပ ပြုလုပ်ရာမှာ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများကို ဖိတ်သင့်မဖိတ်သင့် ဆိုတဲ့ကိစ္စပါပဲ။ ၂၀၀၇ မျိုးဆက်ကျောင်းသား အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားတာကတော့
“သွေးစွန်းတဲ့ လက်တွေနဲ့ အသက်သွေးချွေး ပေးဆပ်ခဲ့သူတွေ ဒီနေ့တစ်ရက် မှာတော့ အတူယှဉ်တွဲ မထိုင်လိုပါ နောက်ရက်စွဲများကို မဆိုလိုပါ” လို့ ဖွင့်ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး မူဘောင်အတွင်းမှာ ကျင်းပလိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို လက်မခံတဲ့အတွက် ရန်ကုန်မှာ ကျင်းပတဲ့ပွဲကို မတက်ရောက်တော့ဘဲ ဖိတ်ကြားထားခြင်း မရှိတဲ့ပွဲကိုပဲ တက်ရောက်တော့မယ်လို့ ဆိုလိုက်တာပါပဲ။

ဒါကို ဘယ်ဘက်က မှန်တယ် မှားတယ်လို့ ဆိုလိုမှာ မဟုတ်ဘဲ ဒီပွတ်တိုက်မှုဟာ ပွဲကျင်းပရက် သုံးရက်တာရဲ့ အယူအဆရေးရာ ပွတ်တိုက်မှုလို့ပဲ ဆိုချင်ပါတယ်။ ဒီအတွက် အစရှိ အနောင်နောင် ဆိုတာလို နောက်နောင် များမှာလည်း ဒီလိုပွတ်တိုက်မှုမျိုး ဆက်လက်ဖြစ်ပွား သွားနိုင်တယ်လို့တော့ ပြောလို့ မရပါဘူး။ ဒါဟာ သဘာဝကျတဲ့ ဖြစ်တတ်တဲ့ ဒီမိုကရေစီ အမြင်ပိုင်းဆိုင်ရာ အယူအဆရေးရာသာ ဖြစ်တယ်ဆိုတာ နှစ်ဖက်စလုံးက လက်ခံကြမှာပါပဲ။

ဒီပွဲကျင်းပတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရဲ့ မှတ်ချက်ပြု ပြောဆိုရာမှာတော့ “ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုလိုက်ပါတယ်။

ကိုမြအေးက “သမ္မတရဲ့ ပြောကြားမှုကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဆန္ဒမှာလည်း မတူညီမှုများကြားမှ တူညီတဲ့ အချက်တွေကို ပူးပေါင်းလုပ်ဆောင် လိုခြင်းသာ ဖြစ်ပါတယ်၊ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရဲ့ ဖြစ်ပေါ်တိုးတက်မှု တစ်ရပ်လို့ ကျွန်တော်မြင်တယ်” လို့ပြောပါတယ်။

ဒီငွေရတုပွဲမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ပြီး လွှတ်တော် ဥက္ကဋ္ဌများကလည်း သဝဏ်လွှာ ပေးပို့ကာ ဒီပွဲကို အသိအမှတ် ပြုခဲ့တာဟာလည်း ထူးခြားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ပြုပြင်ပြောင်းလဲရေးမှာ အကြမ်းဖက်တဲ့ နည်းနဲ့သွားရင် ကိုယ်လိုချင်တာ မြန်မြန်ရရင်လည်း ကုစားရမယ့် ဒဏ်ရာတွေများမယ်။ အကြမ်းမဖက်ဘဲသွားရင် အချိန်တစ်ခု ယူရနိုင်ပေမယ့် ကုစားရမယ့် ဒဏ်ရာတွေ နည်းမယ်” လို့ ဒီပွဲမှာ တက်ရောက် ပြောဆိုပါတယ်။

အယူအဆရေးရာ ပွတ်တိုက်မှုများဟာ နှိုင်းရဓမ္မတရား ပေါ်မှာ အခြေခံ ဝေဖန်ဆွေးနွေးကြရာမှ ဖြစ်လာတတ်ကြပြီး ပုထုဇဉ် သဘာဝအရ မိမိကိုင်စွဲတဲ့ ဝါဒအယူအဆကိုပဲ ဦးစားပေး အမှန်တရားအဖြစ် ရှုမြင်ကြတာဟာလည်း ဆန်းတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ တကယ့် ပရမတ္ထကျတဲ့ အမှန်တရား ဆိုတာကလည်း လောကုတ္တရာကိစ္စ ဖြစ်နေပြန်ပါတယ်။

အောင်ဆန်းအက်တလီ၊ နုအက်တလီ စာချုပ်တွေနဲ့ လွတ်လပ်ရေး ကြိုးပမ်းရယူတဲ့ ကာလမှာလည်း တိုက်ယူလို့ရတဲ့ လွတ်လပ်ရေး မဟုတ်ခဲ့လို့ ရွှေရည်စိမ် လွတ်လပ်ရေး အဆင့်ပဲလို့ သတ်မှတ်တဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်က နုတ်ထွက်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ်နဲ့ တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်ဆိုတဲ့ ကတိနဲ့အတူ ပြည်သူ့ထောက်ခံမှုရယူပြီး လွတ်လပ်ရေးကိုလည်း ရယူနိုင်ခဲ့တာပါ။

“ဝန်ကြီးဌာနများနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းပုံ နှေးကွေးနေလို့ တောင်းဆိုဆန္ဒပြမှု၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီး ရိုးသားတဲ့ တောင်သူများ ဥပဒေကြောင်းအရ အရေးယူခံရခြင်းတွေကို တွေ့နေရပါတယ်”

ဒီစကားကိုတော့ ပြည်ထောင်စုလွှတ်တော် နာယကက ပြောလိုက်တာပါ။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ခုရဲ့ကြားက ပွတ်တိုက်မှု တစ်ခုပါ။ ရံဖန်ရံခါ ပွတ်တိုက်မှုတွေ နဲ့အတူ စာနယ်ဇင်း စာမျက်နှာပေါ်မှာ နေရာယူ ဖော်ပြနေကြပြီး ဒီအတိုင်းဆိုရင် ဆက်လက်ပြီး ပွတ်တိုက်မှုတွေ အရှိန်လျော့သွားစရာ မမြင်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“တကယ်တော့ တချို့ ဥပဒေတွေက လိုက်နာဖို့ ခက်တဲ့ဟာတွေဆိုတော့ အလိုလို ဥပဒေချိုးဖောက် ဖြစ်သွားတာပေါ့။ အဲဒါတွေကို ပြုပြင်ခြင်းအားဖြင့် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုနိုင်မယ်။ ဆန္ဒပြမှုတွေကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိနေမှာပဲ၊ စည်းမျဉ်းစည်း ကမ်းတွေကိုက လိုအပ်ချက်တွေ ရှိနေတဲ့အခါကျတော့ တရားမဝင် ဆန္ဒပြမှုတွေအဖြစ် ရောက်ရောက်သွားကြတယ်” တဲ့။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌက ပြောလိုက်တာပါ။ မိဘပြည်သူနဲ့ တရားစီရင်ရေး ဥပဒေပြုရေးတို့ရဲ့ ပွတ်တိုက်မှုတွေကို ဖော်ပြနေပါတယ်။ ပုဒ်မ (၁၈) ဖျက်သိမ်းပစ် ဆိုတဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုကို အထဲထည့်တဲ့ နည်းနဲ့ပဲ ဖြေရှင်းနေသေးတော့ တောင်းရင်း အထဲရောက်သွားရင်းနဲ့ တောင်းထဲထည့်ခံရတဲ့ ဘဝက မလွတ်မချင်း တောင်းထဲကလည်း တလှုပ်လှုပ် အပြင်ကလည်း တလှုပ်လှုပ်နဲ့ ခရီးဆက်ကြရပေဦးမယ်။

“တရားဥပဒေရဲ့အထက်မှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘာသာမှ စိုးမိုးမှု မရှိရပါဘူး။ ဖြစ်ခဲ့တာတွေက တရားဥပဒေ စိုးမိုးမှု မရှိလို့ ဖြစ်ရတာ ဆိုပေမယ့် တပည့်မကောင်း ဆရာ့ခေါင်း ဆိုတာလို ရဟန်းတော်တွေ ဘက်ကလည်း ဝင်ရောက် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်”
‘သင့်မြတ်ကြသူများ စကားဝိုင်း’ မှာ နာယက ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်ပါ။ ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ဘဲ ဒီမိုကရေစီ ကူးပြောင်းစအချိန်မှာမှ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် ပဋိပက္ခနဲ့ အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်းအပေါ်မှာ အဖြေရှာဖို့ လိုကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများကို မထိန်းသိမ်းနိုင်ခြင်းဟာ ရဟန်း သံဃာတော်များတွင်လည်း တာဝန်မကင်းကြောင်း နာယကဆရာတော် အရှင်ဓမ္မစာရကပဲ ဆက်လက် မိန့်ကြားလိုက်ပါတယ်။

ဘာသာရေး ပွတ်တိုက်မှု အဆင့်ကို လွန်မြောက်ပြီး အစွန်းရောက် တိုက်ခိုက်မှုတွေ မပေါ်ပေါက် ရလေအောင် ထိန်းသိမ်းမှုတွေ လိုအပ်နေပြီ ဖြစ်ပါတယ်။ ကိုယ့်ပေါင်ကို ဘယ်သူမှတော့ လှန်ပြီး မထောင်းချင်ကြရိုး အမှန်ပါ။ ဘာသာရေး သူရဲကောင်းများဟာ ခန္တီစပါရမီတွေနဲ့ ပြည့်ဝနိုင်ကြပါစေလို့ပဲ ဆုမွန်ကောင်း ချွေလိုက်ရပါတယ်။

မဏ္ဍိုင်ငါးခု ပွတ်တိုက်မှုတွေကို ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါ။ စာမြည်းသဘောအရပဲ ရေးသားဖော်ပြရင်း ကွင်းဆက်တရားတွေကို ရှာဖွေလေ့လာရင်း ချောမွတ်စေတဲ့ သစ်သားထည်တစ်ခု ဖြစ်လာအောင် ရွေပေါ်ကောင်းနဲ့ လက်သမားကောင်းတို့ရဲ့ ပွတ်တိုက်မှုမျိုးကို အားပေးရမည် ဖြစ်သော်လည်း အကြမ်းပတမ်း ပွတ်တိုက်မှုမျိုး တွေကိုတော့ဖြင့် ယောင်မှားစရာ မလိုဘဲ ရှောင်ရှားဖို့သာ လိုမှာ ဖြစ်ပါကြောင်း။

Credit The Voice Weekly
Read More »

နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿနာ ( ထက်အောင်ကျော် )


ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံသား ခံယူခြင်း အခမ်းအနားတစ်ခု အော်စလို မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီမြို့တော်ခန်းမဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတစ်လွှားက ထင်ရှားတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေကို ဆုချီးမြှင့်တဲ့ နေရာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ကိုယ်တက်ရမှာက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဘယ်လ် ဆုရှင်တွေကို ကြိုဆိုတဲ့ အခမ်းအနားမဟုတ်။ မြန်မာနိုင်ငံသား ဘဝကနေ နော်ဝေနိုင်ငံသားအဖြစ် ခံယူရမယ့် အခမ်းအနားဆိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျလှပါ။
“ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။
ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။
တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။
၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။
ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။
ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။
သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။
တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင် နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။
ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။
ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။
ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။
‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။
အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။
အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။
ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။
အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။
Credit The Voice Weekly
Read More »

ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၅ ဆရာဖေမြင့်၏ဆောင်းပါး ....



အတ္တနောမတိများ

ဒီမိုကရေစီ ရရှိရေး ဒို့ အရေး

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လျှင် စစ်မှန်သော ဒီမိုကရေစီ မဖြစ်ဘဲ အယောင်ဆောင် ဒီမိုကရေစီသာ ဖြစ်နေမည် ဖြစ်ကြောင်း၊ တရားမျှတမှုမရှိသော ၎င်းင်းဖွဲ့စည်းပုံ အောက်တွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည်ဆိုက ထိုရွေးကောက်ပွဲသည် တရားမျှတမည် မဟုတ်ကြောင်း၊ မမျှတမှုများရှိသော နိုင်ငံတွင် ပြဿနာအမျိုးမျိုး ပေါ်ပေါက် လာမည် ဖြစ်ကြောင်း၊ စသဖြင့် ပြင်းထန်သော ဝေဖန်သံများ NLDခေါင်းဆောင်ထံမှ မကြာမီက ထွက်ပေါ်လာခဲ့ရာ ယခင် ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်ရမိ၏။

တူတာတွေ တွဲလုပ်ရန် လွှတ်တော်ထဲ ၀င်ရောက် သွားခဲ့ရာက တူတာထက် မတူတာက များနေသည်ကို တွေ့ရှိကာ သည်စကားသံများ ထွက်ပေါ်လာသည်ဟု ယူဆမိသည်။
စင်စစ်၊ ဒီမိုကရေစီ လိုလားသော မည်သည့် ပုဂ်္ဂိုလ်မဆို လွှတ်တော် လမ်းကြောင်းထဲတွင် စဉ်းစားကြည့်မည် ဆိုလျှင် ရှေ့မှာ လမ်းပိတ်နေသော အနေအထားကို မြင်ရလိမ့်မည် ဖြစ်သည်။
၊မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းမှု ရှေ့သို့ တိုးတက်ဖို့ ဆိုလျှင် နိုင်ငံရေးတွင် အခြေခံကျသော ပြောင်းလဲမှုတွေ လုပ်ရတော့မည်။

အဲသည်မှာ အဓိကသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းပုံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ သို့မဟုတ်၊ အာဏာရှင်စနစ်ကို တစ်စုံတစ်ရာ ပျော့ပျောင်းသော အနေအထားတစ်ရပ်ဆီသို့၊ ရွှေ့ပြောင်းရန် အတွက် စီမံ ဖော်စပ်ခဲ့သည့် အာဏာ-ဒီမို နှစ်မျိုးစပ် ဖွဲ့စည်းပုံမျိုးဟု ဆိုနိုင်သည်။ ၎င်း၌ အာဏာရှင် ကဏ္ဍ ဘယ်လောက်ပါ၍၊ ဒီမို အနှစ်သာရ ဘယ်ရွေ့ဘယ်မျှ ရှိသည်ကို အငြင်းပွားနိုင်ကြသော်လည်း လောလောဆယ် တွင် သူသူငါငါ တညီတညာ ပြောဆိုနေကြသည်က ၎င်းင်းဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဟူ၍ ဖြစ်၏။
သည်တွင်၊ တချို့က ဟိုအချက် သည်အချက်တွေ ပြင်ချင်သည်ဟု ဆိုသည်။ တချို့ကတော့ နည်းနည်း ပြင်၍ မရ၊ အများကြီး ပြင်ရမည်။ ထို့ကြောင့် အသစ်ရေးတာ ကောင်းသည်ဟု ဆိုနေသည်။

ပြင်တာရော အသစ်ရေးတာပါ၊ နည်းနည်း ပြင်တာနှင့် များများ ပြင်တာ (သို့မဟုတ် တစ်အုပ်လုံး ပြင်တာ)ပဲ ဖြစ်ရာ၊ သည်အတွက်တော့ သိပ်အငြင်းအခုံ မပွားသင့်ဟု ထင်သည်။
သို့သော်၊ အဲဒါက တစ်ကဏ္ဍ ဆိုပါတော့။

တခြား ပြဿနာရှိသည်က၊ အရပ်ကသာ ပြင်ချင်တာ အသစ်ရေးချင်တာတွေ ရှိနေသည်။ ပိုင်ရှင်များက ဘယ်လောက် ပြင်ချင်သလဲ၊ ပြင်ဖို့ လိုမည်ကော ထင်သလား၊ မထင်ဘူးလား၊ ဟူသော အချက်ဖြစ်သည်။

ပိုင်ရှင်များ ဆိုသည်က၊....
အဲ၊ တကယ် တရားနည်းလမ်းတကျ ပြောလျှင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပိုင်ရှင်သည် ပြည်သူလူထုပဲ ဖြစ်ရလိမ့်မည်။
သို့သော်၊ လူထုက ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာနှင့် ကိုယ်စားလှယ်တွေ ရွေးပေးထားခဲ့ရာ ထို့ပြင်၊ လူထုမရွေးဘဲ သူ့အလိုအလျောက် နေရာယူထားသည့် ကိုယ်စားလှယ် များလည်း ရှိနေရာ၊ ပြင်ဆင်ရေး မပြင်ဆင်ရေးကိစ္စသည် အဲသည် ကိုယ်စားလှယ်များလက်ထဲမှာ ရှိသလို ဖြစ်နေ သည်။
သူတို့က မပြင်ချင်ဘူး၊ သို့မဟုတ် ဒါလေးပဲ ပြင်မယ်ဗျာ၊ ကျန်တာ မပြင်နိုင်ဘူး၊ လွှတ်တော်မှာ ကျွန်တော်တို့က အများစု၊ ကျွန်တော်တို့ သဘောပဲဟု ဆိုလျှင် ဘာတတ်နိုင်မည်နည်း။

အများစုသဘော ဆိုတော့လည်း ခွကျနေသည်။

သို့သော်၊ အများပြည်သူက အဆိုပါ ကိုယ်စားလှယ် တွေနှင့် မိမိတို့ သဘောချင်း မတိုက်ဆိုင်ပါ၊ ၎င်းင်းတို့သည် ကိုယ်စားလှယ်များဟု ဆိုသော်လည်း မူလပိုင်ရှင်စစ်စစ် ဖြစ်သော မိမိတို့၏ သဘောဆန္ဒနှင့် ဖီလာ ဆန့်ကျင် ဖြစ်နေပါသည်၊ ထို့ကြောင့်၊ ၎င်းင်းတို့ကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပယ်ဖျက်လိုပါသည်ဟု ဆိုလျှင်ကော၊ ယခု အခြေအနေမှာ အဲဒါ လုပ်ခွင့်ရှိသလား၊ လုပ်နိုင်သည့် နည်းလမ်းရှိသလား၊ လုပ်နိုင်သော အခြေအနေရှိသလား။
စဉ်းစားစရာ။

နိုင်ငံတကာကတော့ သည်တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ စတင်နေပြီဟု ရှုမြင်ကာ ဆက်ဆံ အားပေးလျက် ရှိသည်။ တကယ်တမ်း ကူးပြောင်းနေကြတာ မှန်လျှင်တော့ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် ၀မ်းမြောက် စရာ ဖြစ်သည်။
သို့သော်၊
ဘာတွေကို ကြည့်ကာ အသွင်ကူးပြောင်းပြီဟု ရှုမြင်ခဲ့ကြသလဲ၊ ပြန်စဉ်းစားကြည့်ပါ။
နိုင်ငံရေးအကျဉ်းသားများကို (အတော် တွန့်တွန့် ဆုတ်ဆုတ်နှင့် တဖြည်းဖြည်း) လွှတ်ပေးခဲ့ခြင်း၊
အတိုက်အခံများ ရွေးကောက်ပွဲဝင်နိုင်အောင် ယခင် ကန့်သတ်ထားသော စည်းမျဉ်းတချို့ကို ပယ်ဖျက်ပေးခဲ့ခြင်း၊
စာနယ်ဇင်းများ ကြိုတင် စိစစ်ခံရန် မလိုဘဲ ရေးသား ခွင့်ပြုခြင်း၊
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြင်ဆင်နေခြင်း၊ စတာတွေကို ကြည့်ကာ တိုးတက်တာပဲ၊ အသွင်ပြောင်း နေတာပဲဟု မှတ်ချက်ချခဲ့ကြခြင်း ဖြစ်သည်။

အဲဒါတွေ အားလုံးသည် တကယ် တိုးတက်ကောင်းမွန် သော အရာများ ဖြစ်တာ မှန်ပါ၏။
သို့သော်၊ အဲဒါတွေ အားလုံးပင် စိတ်ကောင်းစေတနာ ကောင်းတွင် အရင်းခံသလား၊ နိုင်ငံတကာ အမြင်ကောင်း အောင် ဟူသော သဘောသက်သက်ဖြင့် ဆောင်ရွက်တာ လား ခွဲခြားရန် ခက်သည့် “အပြုအမူကောင်းများ”သာ ဖြစ်ရာ၊ အကယ်၍ မကောင်းချင်တော့ဘူး ဆိုပါက အချိန်မရွေး နဂိုပုံစံသို့ ပြောင်းလဲသွားနိုင်ပါသည်။

သည်အတိုင်း ဆက်လက် တည်ရှိရမည်ဟု အာမခံ နိုင်သည့် ခိုင်မာသော အခြေခံ မရှိ။
သည်ဟာတွေကို လည်းကောင်း၊ သည်ဟာတွေထက် ပိုအရေးကြီးသည့် တန်းတူညီမျှရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူ့အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်များ ခံစားနိုင်ရေး စတာတွေကို တကယ် အာမခံနိုင်ရန်အတွက်က၊
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ ဤနိုင်ငံ အနှံ့အပြားမှ၊ အများပြည်သူ့ သဘောဆန်္ဒများကို သယ်ဆောင်လာမည့် ကိုယ်စားလှယ်စစ်စစ်များ ကျယ်ပြန့် ပြည့်စုံစွာ ပါဝင်သည့် အမျိုးသား ညီလာခံသစ်တစ်ရပ် ကျင်းပကာ လွတ်လပ်စွာ နှီးနှော တိုင်ပင် ရေးဆွဲပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ် တည်ရှိဖို့၊
အဲသည် ဖွဲ့စည်းပုံအရ ရွေးကောက်တင်မြှောက်သည့် အစိုးရ(တို့)သည် အဲသည် ဖွဲ့စည်းပုံကို စကားလုံးရော၊ အဓိပ်္ပာယ်အနှစ်သာရအရပါ လေးစားလိုက်နာဖို့၊
ပြည်သူက တာဝန်လွှဲအပ်ထားသည့် အစိုးရသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်စွာ၊ ဆန့်ကျင် ကွဲလွဲစွာ ဆောင်ရွက်ခဲ့သည်ရှိသော်၊ အစိုးရထဲတွင် မပါဝင်သည့် အခြား ပါတီအဖွဲ့အစည်းတို့မှ ပြည်သူ့ ကိုယ်စားလှယ်များ၊ ပြည်သူများ၊ ပြည်သူကြားက လူထု အဖွဲ့အစည်းများ၊ စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော စာနယ်ဇင်း များက ဝေဖန် ထိန်းကွပ်ဖို့၊ လိုအပ်လျှင် တာဝန်မှ ရုပ်သိမ်း ပယ်ဖျက်ရန် လုပ်ဆောင်ဖို့၊...စတာတွေ လိုသည်။

အဲသည် အနေအထားတွေ တည်ရှိလာမှသာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်၌ ပြောင်းလဲပြီးသော အခြင်းအရာတို့ တည်တံ့ခိုင်မာ၍ ပြောင်းလဲမှု ဖြစ်စဉ်သည် လည်း ရှေ့သို့ တိုးတက်ဖြစ်ပေါ်သကဲ့သို့ နိုင်မည် ဖြစ်သည်။


၂၀၁၀ တုန်းက သည်တိုင်းပြည်တွင် လူမပြောင်းသော်လည်း မူပြောင်းပြီဟု ဆိုခဲ့ကြသည်။
အစပထမမှာတော့ ဘာမှ မပြောင်းတာနှင့်စာလျှင် နည်းနည်း ပြောင်းလျှင်လည်း အင်း၊ ပြောင်းသည်ဟု ယူဆကြရသည်ပေါ့။
သို့သော်၊ ၂၀၁၅ လောက် ရောက်လျှင်တော့ လူရော မူပါ ပြောင်းလဲတာ စတင် မြင်တွေ့ရဖို့ သင့်ပါပြီ။ သို့မှသာ၊ ကူးပြောင်းမှုဖြစ်စဉ်သည် တကယ် တိုးတက် ရွေ့လျား နေသည်ဟု ဆိုနိုင်ပါမည်။

သည်အတွက်၊ ရှေ့မှာ ပြောခဲ့သလို တိုင်းပြည်၏ အခြေခံပန္နက်ဖြစ်သည့် ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲရေးကို အချိန်မဆွဲဘဲ ဆောင်ရွက်ဖို့ လိုပါသည်။

သို့သော်၊ အရပ်ရပ်က တောင်းဆိုနေတာကို မသိ ကျိုးကျွန်ပြုကာ ဖွဲ့စည်းပုံကို လူထုက ပြင်ချင်တာ ဟုတ်ရဲ့ လား၊ လူထုဆိုတာက ဒါကို တကယ်ကော စိတ်ဝင်စားရဲ့ လား။လူထုဆိုတာမှာ ဒါတွေ နားလည်လောက်အောင်၊ အသိဉဏ်ကော ရှိသလား၊ လူထုနာမည်သုံးပြီး ကိုယ် လိုရာတွေ ပြောနေကြတာလား၊ စသဖြင့် အချို့ အချို့ ပုဂ်္ဂိုလ်တွေ ငြင်းဆန်နေကြတာ တွေ့နေရသည်။
အဲသည် ငြင်းဆန်သူများသည် ဒီမိုကရေစီ ဂိတ်တံခါးမှာ စောင့်ကြပ် ပိတ်ဆို့နေသူများ ဖြစ်သည်။
၎င်းပုဂ်္ဂိုလ်များ စဉ်းစားသင့်ပါသည်။

လူထုသည် ၁၉၈၈ ကတည်းက ဒီမိုကရေစီကို တစ်ခဲနက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါသည်။
နိုင်ငံ တည်ဆောက်ပုံစနစ်အရ ပြောသော် ဒီမိုကရေစီ ဖွဲ့စည်းပုံကို လိုလား တောင်းဆိုကြတာ ဖြစ်ပါသည်။

ဒါကိုမှ ဟုတ်ရဲ့လားဟု ဇဝေဇ၀ါဖြစ်နေလျှင် လူထုကို တရားဝင် ကြေညာပြီး မေးကြည့်ပါ။ ခင်ဗျားတို့ သဘော ဆန်္ဒက ဘယ်လိုပါလဲဟူ၍။
အဲဒါဆိုလျှင် တစ်တိုင်းပြည်လုံးရှိ လူထုထံက အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် တောင်းဆိုသံကို ထပ်မံ ကြားသိရပါလိမ့်မည်။
“ဒီမိုကရေစီ ရရှိရေး ဒို့ အရေး”...
“အရေးတော်ပုံ....အောင်ရမည်..."

၃၀၊ ၉၊ ၂၀၁၃
ဖေမြင့်
Read More »

ဒီမိုကရေစီအပြောင်းအလဲ စုဖွဲ့မှုများ - နှင့် ဖြစ်တန်ရာ အကျိုးဆက်များ - ကျော်ဝင်း

အပြောင်းအလဲကာလ၊ နိုင်ငံရေးအင်အားစုများ
        ဒီမိုကရက်တိုင်ဇေးရှင်း(ဒီမိုကရေစီအပြောင်းအလဲ)ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော“အို-ဒေါ်နယ်”နှင့်“ရှမစ်ထာ”တို့၏အလိုအရ အာဏာပိုင်စနစ်မှ ဒီမိုကရေစီ စနစ်သို့အရွှေ့တွင်အောက်ပါနိုင်ငံရေးအင်အားစု လေးမျိုး သို့မဟုတ် ငါးမျိုးကို တွေ့ရလေ့ရှိပါသည်။(O’Donnell,1979.O’Donnell and Schmitter,1986)
၁။ပြုပြင်ပြောင်းလဲရေးသမားများ(Reformers)
၂။သဘောထားတင်းမာသူများ(Hardliners)
          (ဤနှစ်စုလုံးမှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသူများဖြစ်သည်။အပြောင်းအလဲကိုလိုလားသူများနှင့် ခုခံသူများဟုဆိုနိုင်သည်။ရေဘုယျအားဖြင့်၊ အပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွါးများထိခိုက်နစ်နာနိုင်စရာ ရှိသူများမှာ “သဘောထားတင်းမာသူများ”ဖြစ်လေ့ရှိသည်ဟုဆိုပါသည်။)
၃။သဘောထားပျော့ပြောင်းသူများ(Moderates)
၎။အရင်းအမြစ်မှမြေလှန်ပြောင်းလဲလိုသူများ၊သို့မဟုတ်“ရယ်ဒီကယ်များ”(Radicals)
(ဤနှစ်စုလုံးမှာ၊အတိုက်အခံဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သည်။ဒီမိုကရေစီရည်မှန်းချက်အပေါ်ကွဲလွဲကြသည်တော့မဟုတ်။ဒီမိုကရေစီရရှိရေးဆိုင်ရာ၊မဟာဗျူဟာ၊နည်းဗျူဟာများ၊မတူကြခြင်းသာဖြစ်သည်။သဘောထားပျော့ပြောင်းသူများမှာ၊ရယ်ဒီကယ်တွေလောက်ဒီမိုကရေစီရည်မှန်းချက်မမြင့်ဟုမဆိုနိုင်ပါချေ။)
၅။လက်နက်ကိုင်တပ်ဖွဲ့များ(ArmedForces)
          (ယခင် အာဏာပိုင်စနစ်ဟောင်း၏ ဗဟိုချက်မ နေရာတွင်ရှိခဲ့သောအင်အားစုပင် ဖြစ်သည်။သို့နှင့်တိုင် အပြောင်းအလဲကာလတွင်မူ၊လက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်တိုင်သည်ပင်၊ “ပြုပြင်ပြောင်းလဲရေးသများများ” (သို့မဟုတ်)“အပြောင်းအလဲကိုလိုလားသူများ”ဖြစ်နိုင်သလို၊“သဘောထားတင်းမာသူများ”(သို့မဟုတ်) “သဘောထားတင်းမာသူများနှင့်နီးစပ်သူများ”လည်းဖြစ်နိုင်သည်။မည်သည့်ဘက်နှင့်မှမနီးစပ်တော့ဘဲ “လွတ်လပ်သော အင်အားစု”(autonomous force)အဖြစ် ရပ်တည်သွားသည်လည်းရှိနိုင်ပါသည်။
          ဆိုခဲ့ပါသရုပ်ခွဲစိစစ်ချက်ကို၊မြန်မာ့ဒီမိုကရေစီအပြောင်းအလဲပေါ်တင်ကြည့်လိုက်လျှင်၊တစ်သွေမတိမ်း မဟုတ်သည့်တိုင်နီးစပ်တူညီမှု အချို့ရှိလိမ့်မည်ဟုယူဆရပါသည်။သမ္မတဦးသိန်းစိန်ကမူသူ၏ တစ်နှစ်ပြည့်မိန့်ခွန်းမှာပင်၊“ကျွန်တော်တို့အစိုးရမှာ ခေါင်းမာဂိုဏ်း ၊အပျော့ဂိုဏ်းကွဲနေတာမျိုး မရှိပါဘူး” ဟု အခိုင်အမာပြောခဲ့သည်။လက်ရှိအပြောင်းအလဲဖြစ်စဉ်ကို ၊စတင်ဖွင့်ပေးလိုက်သည်မှာ  ယခင်တပ်မတော် အစိုးရခေါင်းဆောင် (နိုင်ငံတော်အကြီးအကဲလည်းဖြစ်)ကိုယ်တိုင်ဖြစ်ရာ မည်သူမျှပြုပြင် ပြောင်းလဲရေးဖြစ်စဉ်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်မည့်သူမရှိနိုင်ဟုယူဆရပါသည်။(ICG- Report,2012)သို့တစေ ပြောင်းလဲလာသည့် အခြေအနေအောက်တွင် မိမိတို့ အကျိုးစီးပွါးများကိုဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် အတွင်းမှဝင်၍ ပေါ်လစီပုံဖျက်မှုများ၊လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွင်နှေးကွေးလေးလံစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းကြသည်များကား ရှိကောင်းရှိနိုင်ပေသည်။(FroncisFukuyana,2012)
          နဂါးနီခေတ်လောက်မှစ၍ တစ်လျှောက်လုံးလောက်ပင်လက်ဝဲအိုင်ဒီအိုလိုဂျီ တစ်ဘက်သတ်လွှမ်းမိုး တွင်ကျယ်ခဲ့သော မြန်မာ့နိုင်ငံရေးတွင်ကားရယ်ဒီကယ်အစွဲများ နက်နက်ရှိုင်းရှိုင်းပင်ရှိနိုင်ပါသည်။ ပြောရ လျှင၂၀၁၀ရွေးကောက်ပွဲကာလအထိ  မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင် ထိပ်တိုက်ရင်ဆိုင်ရေးရယ်ဒီကယ်လမ်းကြောင်းကသာ အပေါ်စီးရသလို ရှိနေခဲ့သည်။ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းလောက်မှ သဘောထားပျော့ပြောင်းသူများ၏ ညှိနှိုင်းအဖြေရှာရေး လမ်းကြောင်းကို လူထုကတစ်စုံတစ်ရာသဘောပေါက် လက်ခံလာကြခြင်းဖြစ်သည်။
          မြန်မာ့တပ်မတော်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်သန္ဓေတည်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်ဖြစ်ရာ “လာခြင်းကောင်းသောတပ်မတော်”ဟုဆိုနိုင်ပါသည်။သို့နှင့်တိုင်၁၉၆၂ နောက်ပိုင်း မှစ၍၊အာဏာနိုင်ငံရေး၏ဗဟိုချက်မ ဖြစ်လာခဲ့ရာ၊ လူထုကြားတွင်ရှိခဲ့သောတပ်မတော်အပေါ် ယုံကြည်မှုမှာ တစ်စစ ယိုယွင်းလာခဲ့ရသည်။ ယနေ့အပြောင်းအလဲကာလတွင်ကား တပ်မတော်အနေနှင့်မည်သည့်နိုင်ငံရေးပါတီနှင့်မှ ပတ်သက်ဆက်စပ်မှု မရှိတော့ပဲ သီးခြားလွတ်လပ်သည့် အင်အားစု အဖြစ် ရပ်တည်တော့မည့်ခြေလှမ်းများတွေ့လာရပေသည်။လက်ရှိတပ်မတော်၏ အနေအထားမှာ“ဒို့တာဝန်အရေးသုံးပါး” နှင့်“အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး”အခြေခံပေါ်တွင်သာ ရပ်တည်သွားလိမ့်မည်ဟု မှန်းဆရပါသည်။သေချာသည့်အချက်ကိုဆိုရလျှင်၊တပ်မတော်အနေနှင့်“နိုင်ငံရေးမှတစ်စစ ဆုတ်ခွါရေးဖြစ်စဉ်”(demilitarizalionprocess) ကိုအစပြုနေပြီဖြစ်သည့်တိုင် မြန်မာ့နိုင်ငံရေးတွင်မူ သော့ချက်အခန်းမှာသာကာလတစ်ခုဆက်လက်ရှိနေဦးမည့်သဘော ဖြစ်ပါသည်။
စုဖွဲ့မှုများနှင့်ဒီမိုကရေစီအပြောင်းအလဲ
ဆိုခဲ့ပြီးသောအပြောင်းအလဲကာလ နိုင်ငံရေးအင်အားစုများကြား မည်သို့သော စုဖွဲ့မှုနှင့် မည်သို့သော ဆက်ဆံရေးများမှအောင်မြင်သည့် ဒီမိုကရေစီ အပြောင်းအလဲတစ်ရပ်ထွက်ပေါ်လာနိုင်ပါသနည်း။ အရှေ့ ဥရောပ နှင့်လက်တင်အမေရိကအတွေ့အကြုံများအရ ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများကြားကျယ်ပြန့်နက်ရှိုင်းသော နားလည်မှု ရှိမှသာလျင် ဒီမိုကရေစီ အပြောင်းအလဲ တစ်ရပ်လမ်းပွင့်သွားနိုင်စရာရှိပါသည်။ပို၍တိတိကျကျ ဆိုရပါက အောင်မြင်သော ဒီမိုကရေစီအပြောင်းအလဲတစ်ရပ်ဖြစ်ပေါ်လာဖို့ဆိုလျှင်အောက်ပါအခြေအနေသုံးရပ်ရှိဖို့လိုပါသည်။
၁။ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများကြား၊ အကြေအလည်ညှိနှိုင်း ဆွေးနွေးပြီး၊နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိနိုင်လောက်သည့် အခြေအနေ။
၂။အထက်ပါအနေအထားမျိုးဖြစ်တည်လာစေရန်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ တစ်ချိန်ကလုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများ၏သဘောတူညီချက်ကိုရယူနိုင်လောက်သည့်အခြေအနေ။အနိမ့်ဆုံးအားဖြင့်သဘောထားတင်းမာသူများကိုအထိုက်အသင့်ပျော့ပြောင်းလာစေရန်ထိန်းနိုင်သိမ်းနိုင်လောက်သည့်အခြေအနေ။
          ၃။သဘောထားပျော့ပြောင်းသူများဘက်မှလည်း၎င်းတို့နှင့်လက်တွဲဖော် ရယ်ဒီကယ်အင်အားစုများကို ထိပ်တိုက်ရင်ဆိုင်မှူများအထိ ကျွံမသွားစေရန်ထိန်းထားနိုင်လောက်သည့် အခြေအနေ - တို့ဖြစ်ပါသည်။ ယုတ္တိ သဘောအရဆိုရလျှင် ဆိုခဲ့ပါအခြေအနေသုံးရပ်အနက်ဒုတိယနှင့်တတိယအခြေအနေတို့ လက်ဦးမဆွက တည်းကရှိနှင့်နေဖို့ လိုပါသည်။သို့မှသာလျှင်ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား ပျော့ပြောင်း သူများအနှောက်အယှက်အဟန့်အတားကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ (Adam Przeworski ,1991)
ဆိုခဲ့ပါ အခြေအနေသုံးရပ် လက်တွေ့ကျကျဖြစ်ပေါ်လာရေးတွင် အဆုံးအဖြတ်အခန်းမှရှိနေသည် မှာလက်နက်ကိုင်တပ်ဖွဲ့များ၏ ရပ်တည်ချက်ပင်ဖြစ်သည်။လက်နက်ကိုင်တပ်ဖွဲများကိုယ်တိုင်ကပြုပြင် ပြောင်းလဲရေးသမားများ ဖြစ်နေလျင်မူ အကောင်းဆုံးပင်ဖြစ်သည်။(ဥပမာ-ပေါ်တူဂီ) အကယ်၍ဤအတိုင်းမဖြစ်ပါက အနိမ့်ဆုံးအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် နီးကပ်သော ဆက်ဆံရေးရှိဖို့လို သည်။သဘောထားတင်းမာသူများကို ထိန်းချုပ်ထားနိုင်သည့်အနေအထားလည်း ရှိဖို့လိုပါသည်။သို့အတွက်ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့် ၄င်းတို့၏ လုပ်ငန်းစဉ်များကို အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်စေရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် နားလည်မှုအရယူနိုင်ဖို့ အထူးအရေးကြီးပါသည်။တစ်ပြိုင်နက်တည်းမှာပင်သဘောထားပျော့ပြောင်းသူများအနေနှင့်လည်းမိမိတို့၏ပူးပေါင်းဆောင်ရွက်လိုသောဆန္ဒကို သဘောထားတင်းမာသူများနှင့်လက်နက်ကိုင်တပ်ဖွဲများယုံကြည်လာအောင် ပြသနိုင်ဖို့ အရေးကြီးပါသည်။ ရယ်ဒီကယ်သမားများအာရုံညွတ်လေ့ရှိသော လမ်းပေါ်ဆန္ဒပြပွဲများ ၊စက်ရုံသပိတ်များကို မထိန်းနိုင်လျှင် ယုံကြည်မှုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်နိုင်ပေသည်။(Stefan Nowak ,1981)
ဖြစ်တန်ရာအကျိုးဆက်များ
          နိုင်ငံတကာအတွေ့အကြုံများအရ ဒီမိုကရေစီအပြောင်းအလဲအတွက် အရေးအကြီးဆုံး အင်အားစုနှစ်ရပ်မှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသော “ပြုပြင်ပြောင်းလဲရေးသမားများ” နှင့်အတိုက် အခံ ဒီမိုကရက်တစ်အင်အားစုများထဲမှဖြစ်သော“သဘောထားပျော့ပြောင်းသူများ”ပင်ဖြစ်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများတွင်မဟာဗျူဟာအရ ရွေးချယ်စရာလမ်းနှစ်သွယ်ရှိသည်။ယခင်လုပ် ဖော်ကိုင်ဖက် သဘောထားတင်းမာသူများနှင့်လက်တွဲပြီး အာဏာပိုင်မဟာမိတ်ဖွဲမည်လော...၊ သို့မဟုတ် သဘောထားပျော့ပြောင်းသူများနှင့်လက်တွဲပြီးဒီမိုကရက်တစ်မဟာမိတ်ဖွဲ့မည်လော...။ အလားတူ သဘောထားပျော့ပြောင်းသူများအတွက်လည်း ရွေးချယ်စရာမဟာဗျူဟာ လမ်းနှစ်သွယ်ရှိပါသည်။အာဏာ ပိုင်စနစ်ကို အပြီးအပြတ်ဖြိုဖျက်ရန်အတွက် ရယ်ဒီကယ်များနှင့်မဟာမိတ်ဖွဲ့ပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းကိုရွေးမည်လော....၊သို့တည်းမဟုတ်ပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲပြီး ညှိနှိုင်းပြေ လည်ရေးလမ်းကြောင်းကို ရွေးမည်လော....။ဒီမိုကရေစီအပြောင်းအလဲ၏ကံကြမ္မာမှာ၊အဆိုပါ အင်အားစု နှစ်ရပ်၏ ရွေးချယ်မှုအပေါ်မူတည်ပါလိမ့်မည်။ဤသို့မဟာဗျူဟာလမ်းကြောင်းများရွေးချယ်ကြရာတွင် အပြောင်းအလဲ၏အဆုံးအဖြတ် နေရာတွင်ရှိသော လက်နက်ကိုင်တပ်ဖွဲ့၏ဖြစ်တန်ရာရပ်တည်မှုကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရေးမှာလည်း အထူးအရေးကြီးပါလိမ့်မည်။
အောက်ပါဇယားမှာဆိုခဲ့ပါမဟာဗျူဟာ ရွေးချယ်မှုမှလာသော ဖြစ်တန်ရာ စုဖွဲ့မှုလေးမျိုးနှင့် ၄င်းတို့၏ အကျိုးဆက်ရှုမြင်ကွင်းလေးရပ်ကို ညွှန်းပါသည်။(Adam Przeworski,1991)


ရှုမြင်ကွင်း (၁)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်ယခင်လုပ်ဖော်ကိုင်ဘက်သဘောထားတင်းမာသူများနှင့် မဟာမိတ်ဖွဲ့ပြီး ၊သဘောထားပျော့ပြောင်းသူများကလည်း၎င်းတို့နှင့် လက်တွဲဖော် ရယ်ဒီကယ်သမားများနှင့် မဟာမိတ်ဖွဲ့ထားလျှင်ပဋိပက္ခသံသရာဆုံးလိမ့်မည်မဟုတ်ပါ။လက်နက်ကိုင်အင်အားစုအနေနှင့်ကြားနေလျှင်ပင်ပုံစံဟောင်း အာဏာပိုင်စနစ်မှ ရွေ့နိုင်ဖွယ်ရာ မမြင်ပါချေ။
ရှုမြင်ကွင်း (၂)
          ပြုပြင်ပြောင်းလဲရေးသမားများဘက်မှသဘောထားပျော့ပြောင်းသူများနှင့် လက်တွဲပြီး ၊သဘောထား ပျော့ပြောင်းသူများ ကိုယ်တိုင်ကလည်းပြုပြင်ပြောင်းလဲရေးသမားများနှင့် လက်တွဲဖို့သဘောထား ရှိမည်ဆိုလျှင် ၊ အောင်မြင်သောဒီမိုကရေစီအပြောင်းအလဲအတွက် အာမခံချက်ရှိနိုင်ပါသည်။အာမခံချက်ရှိ သော ဒီမိုကရေစီသို့ဦးတည်ဖို့များသည်။နှစ်ဘက်လုံးအနေနှင့် လက်နက်ကိုင် အင်အားစုများနှင့် နားလည် မှုရှိဖို့တော့လိုပါသည်။
ရှုမြင်ကွင်း (၃)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားပျော့ပြောင်းသူများနှင့် လက်တွဲထားသော်လည်း သဘောထားပျော့ပြောင်းသူများကိုယ်တိုင်ကရယ်ဒီကယ်သမားများကို မလွန်ဆန်နိုင်လျှင် (သို့မဟုတ်) ရယ်ဒီကယ်သမားများနှင့်မဟာမိတ်ပြုထားလျှင်လက်နက်ကိုင်အင်အားစု နှင့် ထိပ်တိုက်တိုးနိုင်စရာပိုများ ပါသည်။ကံကောင်းထောက်မ၍ ဒီမိုကရေစီရလျှင်သော်မှရေရှည်ခံနိုင်ဖွယ်ရာ မရှိပါ။အာမခံချက်မရှိသော ဒီမိုကရေစီသာဖြစ်ပါလိမ့်မည်။
ရှုမြင်ကွင်း (၄)
          ပြုပြင်ပြောင်းလဲရေးသမားများအနေနှင့်သဘောထားတင်းမာသူများနှင့်လက်တွဲ မဖြုတ်ရှိနေစဉ်မှာပင် သဘောထားပျော့ပြောင်းသူများဘက်မှပြုပြင်ပြောင်းလဲရေးသမားများနှင့် မဟာမိတ်ပြုနိုင်လျင်မူ၊ “တစ်စုံတရာပျော့ ပြောင်းသောအာဏာပိုင်စနစ်” (liberalized autocracy) ရနိုင်ပါသည်။သို့တစေ ဤအခြေအနေမှာ မတည်ငြိမ်ပါ၊အကောင်းသို့မဟုတ် အဆိုးတစ်ခုခုသို့ ဦးတည်သွားနိုင်သည်။
ဘာအကောင်းဆုံးလဲ
          သေချာသည့်အချက်ကိုဆိုရလျှင်ယခင်အာဏာပိုင်စနစ်ဟောင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ ဖြစ်စေ ၊ အတိုက်အခံဒီမိုကရေစီအင်အားစုမှ သဘောထားပျော့ပြောင်းသူများဖြစ်စေ ၊ မည်သည့်အင်အားစု မဆို၊ နိုင်ငံရေးအာဏာရယူလိုကြမည်သာဖြစ်ပါသည်။နိုင်ငံရေး၏ သဘောသဘာဝမို့ အပြစ်မဆိုသာပါ။ အဆိုပါ ပြုပြင်ပြောင်းလဲရေးသမားများနှင့်သဘောထားပျော့ပြောင်းသူများအတွက် ဆိုခဲ့ပါရှုမြင်ကွင်းလေးရပ် ထဲမှ မည်သည့်ရှုမြင်ကွင်းကအာဏာရဖို့အလားအလာ ပိုရှိနိုင်သည်ကို တွက်ဆကြည့်ပါမည်။ ဤအတွက် ရှုမြင်ကွင်းတစ်ခုစီ၏နောက်တွင်“ကွင်းစ ၊ ကွင်းပိတ်” ဖြင့်ဖော်ပြထားသော ဂဏန်းနှစ်လုံးမှာ ညွှန်ကိန်းများပင် ဖြစ်သည်။ရှေ့ဂဏန်းမှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ဖြစ်ပြီး ၊ နောက်ဂဏန်းမှာ သဘောထား ပျော့ပြောင်းသူများအတွက်ဖြစ်သည်။ဂဏန်းကြီးလေ အာဏာရဖို့အလားအလာ ပိုကောင်းလေဖြစ်သည်။ ဥပမာ - “၄” သည်အလားအလာအကောင်းဆုံး၊ “၁” သည်အလားအလာအနည်းဆုံး -ဟူလို (ဇယားကိုပြန် ကြည့်ပါရန်)
          ရှုမြင်ကွင်း(၁)မှာပြုပြင်ပြောင်းလဲရေးသမားများအတွက်ရော၊သဘောထားပျော့ပြောင်းသူများအတွက် ပါ အာဏာရဖို့အလားအလာနည်းပါသည်။အထူးသဖြင့် သဘောထားပျော့ပြောင်းသူများအတွက်ဆိုလျှင် မရှိ သလောက်ပင်နည်းသည်။ထို့ထက်အရေးကြီးသည်မှာ၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေမည့် ရှုမြင်ကွင်းဖြစ် ပါသည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်၊ အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၄)ပင်ဖြစ်သည်။ သို့တစေမှာ ဤရှုမြင်ကွင်းမှာလှုပ်နေသည်ဖြစ်၍ ၊ အာဏာရလျှင်ပင် တည်ငြိမ်သော အစိုးရဖြစ်ဖို့ ခက်ခဲနိုင် ပါသည်။ဒီမိုကရေစီအပြောင်းအလဲမှာလည်း ရှေ့မတိုးနောက်မဆုတ် အီလည်လိုက်နေဖို့များပါသည်။ (frozentransition)
          သဘောထားပျော့ပြောင်းသူများအတွက်အာဏာရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၃)ဖြစ်ပါသည်။ သို့တိုင်အောင် ဤရှုမြင်ကွင်းမှာနောက်ကြောင်းပြန်နိုင်ခြေအများဆုံးဖြစ်၍ အကောင်းဆုံးဟု မဆိုနိုင်ပါ။ အကယ်၍ နောက်ကြောင်းပြန်လျှင်သဘောထားပျော့ပြောင်းသူများအတွက် အာဏာရဖို့အသာထား တရားဝင်နိုင်ငံရေးအင်အားစု တစ်ခုအဖြစ်ရပ်တည်ဖို့ပင်ခက်သွားနိုင်သည်။
          ပြုပြင်ပြောင်းလဲရေးသမားများအတွက်ရောသဘောထားပျော့ပြောင်းသူများအတွက်ပါ အာဏာရနိုင် ခြေဆတူဖြစ်ပြီး အာမခံချက်ရှိသော ဒီမိုကရေစီရနိုင်ခြေအများဆုံးမှာ ရှုမြင်ကွင်း (၂) ပင်ဖြစ်ပါသည်။ဤနေရာ တွင် အာမခံချက်ဆိုသည်မှာပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထားပျော့ပြောင်းသူများအတွက် သာမက၊ လက်နက်ကိုင်အင်အားစုအပါအ၀င် အားလုံးအတွက် အာမခံချက်ရှိရမည်ဖြစ်ပါသည်။လက်နက်ကိုင် အင်အားစုများအနေနှင့်လွတ်လပ်သော ပရော်ဖက်ရှင်နယ်အင်အားစုအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်သလို သဘောထားတင်းမာသူများအနေနှင့်လည်းအမျိုးသားရေးအင်အားစု တစ်ရပ်အဖြစ် ဥပဒေဘောင်အတွင်း လွတ်လွတ်လပ်လပ်လှုပ် ရှားခွင့်ရှိရမည်ဖြစ်သည်။ဆိုရလျှင်နိုင်ငံရေးအင်အားစု အားလုံးအတွက် အကောင်းဆုံးရှုမြင်ကွင်းဖြစ်၍ နတ်လူ သာဓုခေါ်စေနိုင်မည့်အခင်းအကျင်းဖြစ်ပါသည်။
          မြန်မာ့နိုင်ငံရေးအင်အားစုများအနေနှင့်အဆိုပါအကောင်းဆုံးရှုမြင်ကွင်းသို့ ဦးတည်နိုင်စေရန် အမျှော် အမြင်ရှိရှိ ဗျူဟာခင်းနိုင်ကြပါစေသတည်း.......။

                                                                                     
Read More »

လူငယ်နဲ့ မာန

မာနကို တိုက်ရိုက်အဓိပ္ပာယ်အနေနဲ့ ထောင်လွှားခြင်းဆိုပြီး သိထားကြပါတယ်။ သို့သော်လည်းပဲ ဒါလောက် နဲ့တော့ မပြည့်စုံဟု ထင်မိပါတယ်။ ဒါပေမယ့် ထောင်လွှားမှုကအဓိကဖြစ်နေတော့ ဒါလေးကိုပဲ ဦးစားပေးပြီး ပြောချင်ပါတယ်။ အထူးသဖြင့်တော့ မထောင်လွှား၊ မပလွှားသင့်တာကို ထောင်လွှား ပလွှားခြင်းကြောင့် မလိုလား အပ်တဲ့ ဆိုးကျိုးတွေ တစ်ခုပြီးတစ်ခု တန်းစီပြီးတော့ ဖြစ်ပေါ်တတ်တာကြောင့် ဒါလေးကို မီးမောင်းထိုးပြလိုတဲ့အတွက် ကြောင့် လူငယ်နဲ့ မာနဆိုတာလေးကို ရေးသားလိုက်ပါတယ်။
    အထူးသဖြင့်တော့ ပြိုင်ဆိုင်မှုလွန်ကဲရင် မကောင်းမှုတွေဟာ သက်ရောက်မှုအားပြင်းစွာနဲ့ ပေါ်ပေါက်လာတတ် ပါတယ်။ တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွဲမျိုးစုံဟာလည်း ဒါကို အခြေတည်ပြီးရိုက်ပြတာများပါတယ်။ အချစ်ကြောင့်၊ အလုပ်ကြောင့်၊ ပညာကြောင့်၊ စီးပွားရေးကြောင့်ဆိုပြီး အရေးကိစ္စတော်တော်များများမှာ ပြိုင်ဆိုင်မှု တွေက လွန်လွန်ကဲကဲဖြစ်တာကို ပုံဖော်ထားတဲ့ ဇာတ်လမ်းများဖြစ်ပါတယ်။
    ဆရာတော်တစ်ပါးပြောဖူးတယ်။ မာနဆိုတာ ပထမကတော့ မာတယ်ထင်ပေမယ့်၊ နောက်ပိုင်းကျရင်တော့ တဖြည်းဖြည်းနဲ့ မာပြီးတော့ နသွားတတ်တယ်တဲ့။ ဟုတ်ပါတယ်။ မာနဆိုတာ မာပြီးရင် နသွားတတ်ပါတယ်။ ဒီမာနနဲ့ တွဲပြီးပါလာတာကတော့ မာန်တက်တယ်။ မာန်ြ<ွကတယ်ဆိုတာပါပဲ။ြေ>ွမတွေ ပါးပြင်းထောင်တာကို ဥပမာ ပေးရမယ်ဆိုရင်တော့ သူတို့လည်း ထောင်စရာလေးရှိနေသေးလို့ ပါးပြင်ထောင်တာပေါ့၊ ထောင်စရာ အစွယ်မရှိတော့ ရင် အလိုလိုနေရင်း အလမ္ပာယ်ဆရာရဲ့လက်ထဲမှာ ခွေခွေလေးနေနေရတတ်သလိုပါပဲ။ မာန်ထောင်စရာလေးရှိနေ သေးရင်တော့ ဒီအစွယ်လေးနဲ့ အမောက်ထောင်ထောင်ပြနေပေမယ့်၊ အစွယ်လေးကျိုးသွားပြီဆိုရင်တော့ မာန်ထောင်မှုလည်း အလိုလိုပျော့ခွေသွားတတ်ပြီး မာရင်းကနေ နသွားတတ်တာဆိုတာပါပဲ။
    ခုနကပြောခဲ့တဲ့ စကားထဲမှာ မာန်တက်တယ်။ မာန်ြ
    ဒီတော့ အေးစက်မာကြောသွားရတဲ့ ဆက်ဆံရေးတွေကနေ ငါ့လောက်သူ မလုပ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။ ငါ့လောက် မတော်ဘူး။ ငါ့လောက် အကျိုးဖြစ်ထွန်းမှုမရှိပါဘူး။ ဒီကောင်လောက်ကတော့ အပျော့ဘဲဆိုတဲ့ ပုံစံနဲ့ ငါကိုရှေ့တန်းတင်ပြီး မာနေတဲ့ မာန်တွေကို မလိုအပ်ဘဲ ထောင်ပြခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေတန်းစီ ပြီး ဆုံးရှုံးမှုတွေ တစ်ခုပြီး တစ်ခု တန်းစီကျရောက်လာတော့တာပေါ့။ ဒီတော့ စီးပွားအတူလုပ်၊ သို့မဟုတ် သူ့အကျိုး ကိုယ့်အကျိုးအတူ ဆောင်ရွက်ဖက်ကနေ အေးစက်မာကြောနဲ့ ဆက်ဆံရေးတွေနဲ့ တဖြည်းဖြည်း တင်းမာလာရင်း နောက်ဆုံး တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ နောက်ပြောင်မှုတွေကနေတဆင့် အသက်ပါထိခိုက်နိုင်တဲ့အထိ ဖြစ်လာ တတ်တာဟာ ဒီမာနလေးကြောင့်ပါပဲ။
    မိမိရဲ့သူငယ်ချင်းတွေထဲမှာလည်း လူငယ်တွေ အပြိုင်အဆိုင် လွန်ကဲမှုကနေတဆင့် နောက်ဆုံးမြောင်းထဲကို ထိုးကျသွားတာတွေ ရှိနေတတ်တယ်။ တချို့ကတော့ လုပ်ငန်းကျွမ်းကျင်မှုကြောင့်၊ ပညာကြောင့်၊ ရုပ်ရည်ကြောင့် ဆက်ဆံရေးကောင်းမွန်တာကြောင့် အမျိုးမျိုးပါပဲ နေရာအသီးသီးကို တက်လာကြတယ်။ ဒီတော့ အတူတူလုပ်နေရင်း ကနေ သူကငါလောက်မတော်ဘဲ ဘာဖြစ်လို့ ငါ့ထိပ်မှာရှိနေရတာလဲ၊ ငါ့လောက်မတော်တဲ့လူကို ငါ့ခေါင်းပေါ်ကနေ နင်းလျှောက်စေတာဟာ မဖြစ်သင့်ဘူး။ ဒီလိုနဲ့ တစ်ဦးကိုတစ်ဦး ပြိုင်ကြဆိုင်ကြရင်း မြောင်းထဲကို ထိုးကျသွားတော့ တာပေါ့။ ဒါကြောင့် ဒီမာနဟာ လူငယ်တွေအနေနဲ့ လူငယ်ပီပီ စိတ်ခံစားမှုရှိပေမယ့် ကိုယ့်စိတ်ကို ရင့်ကျက်တဲ့ တည်ဆောက်မှုတွေနဲ့ ပုံသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ထိပ်မရောက်ခင်မှာပဲ တဖုတ်ဖုတ်နဲ့ ပြုတ်ကျရင်း ပြန်ပြီးတော့ မထနိုင်တော့တဲ့အထိ အထိနာပြီး ဘဝကို အရှုံးပေးသွားရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ မာနထောင်လွှားမှုမျိုးကိုတော့ ရှောင်ပါ။
    ပြိုင်ဆိုင်မှုတိုင်းကိုတော့ မကောင်းဘူးလို့ မသတ်မှတ်လိုပါဘူး။ သို့သော်လည်း ကောင်းတဲ့ပြိုင်ဆိုင်မှုတွေမှာ တစ်ဦးကိုတစ်ဦး မထိခိုက်ဘဲ၊ ချစ်ခင်မပျက်ဘဲ၊ မိတ်မပျက်ဘဲ ပညာရေး၊ စီးပွားရေးမှာ မသိမသာပြိုင်ဆိုင်မှုမျိုးကို တော့ လုပ်သင့်ရင်လုပ်ပါ။ ဒါကတော့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုပါပဲ။ သို့သော်လည်း ဒီလိုပြိုင်ဆိုင်တာကို ကိုယ့်ရဲ့ ပြိုင်ဘက် မသိစေပါနဲ့၊ ကိုယ့်လမ်းကိုသာ အေးအေးဆေးဆေး လျှောက်ရင်း မသိမသာ သူ့ထက်သာအောင် လုပ်ဆောင် မှုမျိုးကိုတော့ အားပေးချင်ပါတယ်။
    မာနဆိုတာတွေ ကျမ်းဂန်မှာတော့ အမျိုးမျိုး သူ့နေရာသူ ဖွင့်ပြထားတာ တွေ့ရပါတယ်။ အဲဒါတွေကို အကျဉ်းချုံ့ပြီးတော့ အနည်းငယ်ဆီ မိတ်ဆက်ပေးလိုပါတယ်။ တချို့ကတော့ အမျိုးအနွယ်ဇာတ်အားဖြင့် ထောင်လွှားမှု တွေဖြစ်လာတတ်ပါတယ်။ ငါက ချမ်းသာတဲ့အမျိုးကနေ ဆင်းတတ်လာတာ။ ငါတို့အမျိုးက ချမ်းသာတယ်ဆိုပြီး  ဆင်းရဲသူတွေကို မထီမဲ့မြင်လုပ်ချင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မာနမျိုးပေါ့။ ဒီတော့ လူကို လူလိုမမြင်နိုင်တော့ဘူး ငါက ချမ်းသာတယ်။ သူတို့က ဆင်းရဲတယ်ဆိုပြီး ထောင်လွှားမှုတွေကနေတဆင့် မလိုလားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာခဲ့တယ်။
    တချို့ကတော့ ကိုယ့်ကိုယ်ကို သူတော်ကောင်းပုံစံမျိုးနဲ့ ထောင်လွှားခြင်းဆိုတာတွေလည်း ရှိတတ်ပြန်ပါတယ်။ တကယ့်ကို ကိုယ့်ကိုယ်ကို သူတော်ကောင်းဆိုရင် ဒီထောင်လွှားမှုမျိုးဟာ မကောင်းတဲ့အကျိုးကိုပေးတတ်တာကြောင့် မသူတော်ဖြစ်နေတာကို သူကိုယ်တိုင်မသိတော့ဘူး။ ကိုယ့်ကိုယ်ကို ကောင်းတယ်တာလောက်တော့ မဆိုးသေးပါဘူး။ ဒါပေမယ့် အခြားလူတွေကို ပုတ်ခတ်လာမယ်၊ ဝေဖန်လာမယ်။ ပြစ်တင်လာမယ်ဆိုရင်တော့ ဒီသူတော်ကောင်းဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ထောင်လွှားလိုက်မိတဲ့မာနဟာလည်း နောက်ဆုံးတော့ ကိုယ့်ဂုဏ်ကိုဖော် မသူတော်ဖြစ်သွားရတတ် ပါတယ်။ ဒါဟာလည်း မကောင်းတဲ့ အကြောင်းတရားဖြစ်တဲ့ ထောင်လွှားမှုပါပဲ။
    အချို့ကတော့ အတိတ်ကံပေးမှုကြောင့် ရလာတဲ့ ရုပ်ရည်အဆင်းလေး ဗန်းပြပြီး ထောင်လွှားမှု၊ မောက်မာ မှု၊ မော်ြ
    တချို့ကတော့ ပညာတတ်တယ်ဆိုပြီး ထောင်လွှားမှု လုပ်တတ်ပါတယ်။ တကယ်က ပညာတတ်တယ်ဆိုတာ အဲဒီ ထောင်လွှားမှုမျိုးတွေကို မကောင်းမှန်းသိပြီး ရှောင်ကျဉ်မှသာ ပညာတတ်ဖြစ်ပါလိမ့်မယ်။ ငါကတော့ ဘာဘွဲ့ကြီး ရထားတယ်။ ငါရတဲ့ ဘွဲ့ကြီးနဲ့ ဒီနေရာနဲ့တန်သလားဆိုပြီး ထောင်လွှားပြီးတော့ မောက်မာမှု၊ တင်းမာမှုတွေကနေ နောက်ဆုံး ပညာတတ်သူလည်း မြောင်းထဲရောက်သွားရတာပါပဲ။ ဒါကြောင့် ကိုယ်တတ်တဲ့ ပညာဟာ ထောင်လွှား ဖို့၊ မောက်မာဖို့ မဟုတ်ဘူးဆိုတာ သိပြီး ပညာကို အကျိုးကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်ပါလိမ့်မယ်။
    နောက်တစ်ခုကတော့ လုပ်ငန်းခွင်တွေမှာဖြစ်တတ်တဲ့ ထောင်လွှားမှုပါပဲ။ ဒါကတော့ တော်တော်များများ တွေ့နေရတဲ့ မာနပါပဲ။ ငါက ဒီလုပ်ငန်းကို ကျွမ်းကျင်တယ်။ ပိုင်နိုင်တယ်။ ဒါကြောင့် ဒီနေရာက ငါနဲ့သာထိုက်တန် တယ်။ ဘာမှ မသိတဲ့၊ မတတ်တဲ့၊ မကျွမ်းကျင်တဲ့လူကို နေရာပေးတာကတော့ အဓိပ္ပာယ်မရှိဘူးဆိုပြီး ထောင်လွှားရင်း ကန့်လန့်တိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်က သူထက်သာနေပေမယ့် သူလောက် နေရာမရခြင်းဟာ ကိုယ့်ရဲ့ မသိမသာ ညံ့ဖျင်းမှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် ငါသူ့ထက် ဘာတွေ ညံ့ဖျင်းနေတာလဲဆိုတာ သိအောင် အဖြေရှာပြီး ပတ်ဝန်းကျင်ကို မထိခိုက်တဲ့နည်းနဲ့ စိတ်ထားမှန်မှန်နဲ့ ကြိုးစားမယ်၊ လုပ်ဆောင်မယ်ဆိုရင် ကိုယ်လည်း နေရာရပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့လေ ဒါကတော့ ခေါင်းဆောင်ပိုင်းနဲ့လည်း အရေးကြီးတာ ပေါ့။ ခေါင်းဆောင်ပိုင်းက အရည်အချင်းမရှိဘဲ တစ်ဖက်သတ်ယုံကြည်မှုမျိုးတွေနဲ့ တော်သည်၊ ညံ့သည်ဆိုတာကို မဆုံးဖြတ်နိုင်ရင်တော့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိကကတော့ ကိုယ့်ဘက်က စိတ်ထားကောင်းခြင်းဆိုတဲ့ စိတ်ဓာတ်မွန်မြတ်မှုကို မွေးပြီး တော်တည့်မှန်ကန်စွာ လုပ်ဆောင်ဖို့ကတော့ အရေးကြီးပါတယ်။
    ဆိုတော့ များစွာရှိနေတဲ့ မကောင်းတဲ့ ထောင်လွှားခြင်း မာနဆိုတာတွေဟာ ကိုယ့်အတွက် ဘာမှကောင်းကျိုးကို မပေးနိုင်တဲ့အတွက် ဖြေလျော့နိုင်အောင် လုပ်ဆောင်ဖို့၊ မာနဆိုတာ မာတယ်ထင်ပေမယ့် တချိန်မှာတော့ ပျော့ခွေ သွားရင်း နောက်ဆုံး နသွားတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါကြောင့် မာနကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အမွေဆိုးတွေကို မခံရအောင် ကိုယ်တိုင်တိုက်ထုတ် ဖြေရှင်းနိုင်မှသာလျှင် ဒီထောင်လွှားမှု၊ မောက်မာ မှု။ြ

မောင်မင်းစိုး
Read More »

တစ်ကျော့ပြန် ရယ်ဒီကယ်လှိုင်း - ကျော်ဝင်း

အစွဲ နှင့် ခေါင်းဆောင်မှု

မြန်မာ့နိုင်ငံရေး ဓလေ့တွင် မူလကတည်းက “ရယ်ဒီကယ်” အစွဲသန်သည်ဟု သမိုင်းပညာရှင် ဒေါက်တာမောင်မောင်ကြီးကမှတ်ချက်ပြုဖူးသည်။ဤအချက်ကဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်စေရေးအတွက် ခက်ခဲနိုင်သလို၊ အာဏာပိုင်စနစ် သက်ဆိုးရှည်စေရေးအတွက် အထောက်အကူ ဖြစ်စေ သည်ဟုလည်း သူက ကောက်ချက်ချခဲ့သည်။စာရေးသူ၏ မဆိုစလောက် အတွေ့အကြုံနှင့် ဥာဏ်မီ သလောက်ဆိုရလျင် ဆရာမောင်မောင်ကြီး၏ အဆိုနှင့်ကောက်ချက်မှာ သွေးထွက်အောင်မှန်သည်ဟု ထင်ပါသည်။                                                                                                      
တစ်ခုတော့ရှိသည်။အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုက ၊ဆိုခဲ့ပါ ရယ်ဒီကယ်အစွဲကို ဖေါက်ထွင်းစဥ်းစားနိုင်လျင်မူ၊ လမ်းကြောင်းမှန်သို့ ဦးတည်သွားနိုင်သည့် သာဓကအချို့ ရှိသလောက်ရှိသည်ဟု ဆင်ခြင်မိသည်။ဥပမာ-ဒုတိယ ကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်း မှုနောက်ဆုံး အဆင့်။ထိုစဉ်ကာလ ၊ပြည်တွင်းမှာရော၊နိုင်ငံတကာတွင်ပါ သြဇာကြီးလှသော၊ လက်ဝဲရယ်ဒီကယ်လှိုင်းကြီးကိုကျော်ပြီး၊လွတ်လပ်ရေးအရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ၏ခေါင်းဆောင်မှုမျိုး ဖြစ်သည်။
သို့နှင့်တိုင် ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်း လွတ်လပ်ရေးခေတ်ဦးမှာပင် ၊လက်ဝဲ လက်ယာ အပြုတ်တိုက် ရယ်ဒီကယ်လှိုင်းများကို မကျော်လွှားနိုင်ရာမှ၊ပြည်တွင်းစစ်၊ဇတ်နာကြီး နှင့် တိုးခဲ့ရသည်။ အကျိုးဆက်ကား၊အားယူခါစ ဒီမိုကရေစီ နိုင်ငံရေးစနစ် သက်တမ်းကုန်သွားခြင်းပင်။ သည်လိုနှင့် ဆယ်စုများစွာ ပျောက်ဆုံးသွားခဲ့ရသော ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ဖို့၊ မနည်းကြိုးစားရုန်းကန် နေရဆဲမှာပင်၊ ရယ်ဒီကယ် အန္တရာယ်လှိုင်းများကား ဆုံးပဲမဆုံးနိုင်။တစ်ကျော့ တဖန် ပြန်လည်အားသစ်လာသည်ကို တွေ့နေရသည်။                                

ဓလေ့နှစ်မျိုး

ဤနေရာတွင်၊စကားလုံးများနှင့် ဆက်စပ်နေသော သဘောထားများကို၊ပြန်ရှင်းဖို့လိုမည် ထင်ပါသည်။ အဘိဓာန်ဖွင့်ဆိုချက်အရ၊“ရယ်ဒီကယ်” ဆိုသည်မှာ၊“အရင်းအမြစ်မှတော်လှန်ပြောင်းလဲ
လိုသော”ဟုအဓိပ္ပါယ်ရသည်။နိုင်ငံရေးအရဆိုလျှင်၊သဘောထားမတူသူချင်း အပြန်အလှန်ဖယ်ထုတ်ဖို့ ရည်ရွယ်သော၊ ထိပ်တိုက်ရင်ဆိုင်ရေး အပြုတ်တိုက်ရေးဓလေ့ပင် ဖြစ်သည်။ဆိုရလျင် ပြည်တွင်းစစ် “ချသမိုင်း“ကြီးကို မွေးထုတ်လိုက်သည်မှာ ဤဓလေ့ပင်ဖြစ်သည်။

ကြည့်ပါ။ ၁၉၄၈ နောက်ပိုင်း၊အစိုးရအဆက်ဆက်၏ ရည်မှန်းချက်မှာ၊သူပုန်သကန်အမြစ်ဖြုတ် ရေးဖြစ်သည်။အပြန်အလှန်အနေနှင့်၊တောတွင်းလက်နက်ကိုင် အင်အားစုအသီးသီး၏ ရည်မှန်းချက် မှာလည်း၊ အစိုးရဖြုတ်ချရေးပင်ဖြစ်သည်။သူ့အကြောင်းနှင့်သူ အစိုးရတွေပြောင်းသွားသော်လည်း ၊ “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကြောင့် ပြုတ်ကျသွားသော အစိုးရဆို၍ တစ်ခုမှမရှိ။တစ်ဘက် က သူပုန်လည်းအမြစ်မပြတ်။တိုင်းပြည်သာ စုတ်ပြတ်သွားခဲ့ရသည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုသာ စတေးခဲ့ရသည်။ရယ်ဒီကယ် ဓလေ့ဖြင့်၊ပြည်တွင်းစစ် မရပ်နိုင်သည့်သာဓက။ဒီမိုကရေစီ ရေစုန်မျော ခဲ့ရသည့် သင်ခန်းစာ။

ဒီမိုကရေစီစနစ်အမြစ်တွယ်ရှင်သန်ဖို့ဆိုလျင် “သဘောထားမတူသူများ၊ အတူလက်တွဲညှိနှိုင်း ဆောင်ရွက်ကြရမည့် ယဉ်ကျေးမှု” တစ်နည်း ၊ “ဒီမိုကရက်တစ်ဓလေ့“ထွန်းကားဖို့လိုပါလိမ့်မည်။ ခက်နေသည်မှာ၊မြန်မာ့နိုင်ငံရေး ဓလေ့တွင်၊အဆိုပါ “ဒီမိုကရက်တစ်ဓလေ့”ထက်၊ရယ်ဒီကယ်ဓလေ့က ပိုစွဲခိုင်နေခြင်းပင်။ပြောရလျင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းရောက်မှ ဒီမိုကရက်တစ် ဓလေ့ကို ခပ်ရေးရေး စတွေ့လာရသည်။ဒီကြားထဲမှပင်၊ရယ်ဒီကယ်လှိုင်းများကား ၊အခါခွင့်သင့်တိုင်း ၊   တ၀ုန်းဝုန်း ရိုက်ခတ်ဆဲ....။ဥပမာ - လက်ပံတောင်းကိစ္စ ၊မန္တလေး ရှစ်လေးလုံးငွေရတု...စသည်ဖြင့်..။ ဟော- အခု နောက်တစ်ကြိမ်လာပြန်ပြီ။

ပြင်ရေးလား / အသစ်လား

ပြည်တွင်းငြိမ်းချမ်းရေး၊ ကြိုးပမ်းမှု၊ အဆင့်တစ်ဆင့်သို့ ရောက်လာချိန်၊ လွှတ်တော်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရေး ကော်မတီဖွဲ့ပြီး၊ကြိုးပမ်းလာချိန်...၊(ပို၍ အရေးကြီးသည်မှာ) မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ၊တည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်ရေးအတွက် အထူးလိုအပ်နေချိန်...။ ဤမျှအရေးကြီး၊အကဲဆတ်လှသော အခြေအနေမှာပင်၊ ဆိုခဲ့ပါ ဓလေ့နှစ်ရပ် တစ်ပြိုင်နက် ပေါ်လာသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်၊သဘောထား မတူသူများ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဆိုသော “ဒီမိုကရက်တစ်ဓလေ့” နှင့် ၊ “၂၀၀၈ အခြေခံဥပဒေဖျက် ၊ အသစ်ပြန်ရေးရမယ်“ ဆို သော ထိပ်တိုက်ရင်ဆိုင်ရေး “ရယ်ဒီကယ်ဓလေ့” တို့ဖြစ်သည်။ နိုင်ငံရေးဓလေ့ ကိုယ်တိုင်မှာပင်  ရယ်ဒီကယ် အစွဲသန်သော၊ မြန်မာနိုင်ငံအတွက်၊ဒုတိယလမ်းကြောင်း (အသစ်ပြန်လည်ရေးဆွဲရေး)မှာ၊ လူကြိုက်များနိုင်သည်၊ လက်ခုပ်သံရနိုင်သည်ကို ဆ၀ါးမိပါသည်။ သို့ တစေ သမိုင်းအတွေ့အကြုံများ အရ၊အန္တရာယ်ရှိနိုင်သည်။ လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် ကတိမ်းကပါး ဖြစ်ကောင်းဖြစ်သွား နိုင်သည်။ စေတနာ မှန်သော၊ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဘာကိုရွေးကြမည်နည်း။

တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးခေါင်းဆောင်များက၊လက်တွေ့ကျသော၊ပထမ လမ်းကြောင်းကို ရွေးလိုက်ကြသည်ကို ကြားရဖတ်ရသောအခါ ကျေးဇူးတင်ဝမ်းမြောက်ရသည်။ အထူး သဖြင့် ၀ါရင့်သမ္ဘာရင့် တော်လှန်ရေးသမားကြီး ၊ KNU ဗဟိုကော်မတီဝင် ၊ဖဒိုမန်းငြိမ်းမောင် လို ပုဂ္ဂိုလ် မျိုး ကိုယ်တိုင်က ၊ ဒီမိုကရက်တစ်ဓလေ့ဖြင့် ရပ်တည်ပြလိုက်ရာ၊ သူ့စေတနာနှင့် သူ့အမျှော်အမြင်ကို လေးစားအားကျရသည်။“လ္ဘက်ရည်ဆိုင်၊ဘီယာဆိုင်တွေထဲက၊နိုင်ငံရေး မီးရှူးမီးပန်းများကို မှုစရာမလို တော့ပြီ...” တွေးမိတော့ပျော်သွားသည်။  သို့သော်.......။

မေတ္တာရပ်ခံချက်

ပွင့်ပွင့်လင်းလင်းဆိုရလျင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂ /၀၉ /၂၀၁၃) ကိုဖတ် ရသောအခါ စောစောက အပျော်တွေလွင့်စင်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က၊ ဆိုခဲ့ပြီး သော၊ လမ်းကြောင်းနှစ်ရပ် ၊ဓလေ့နှစ်ခု တွင်။ တိတိပပ အဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကိုရ ယူမည်” ဟုဆိုသည်။ “ ဘာလဲ....ဘယ်လိုလဲ”

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့်သဘောလား။ဤသို့ဆိုလျှင် ဘယ်သူက လုပ်ပေးမည် နည်း။ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။စာရေးသူ နားလည်သလောက်ဆိုရလျင် ၊ NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲ ကော်မရှင်မဟုတ်၊အစိုးရမဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစား ကြရမည်မှာ  “ ဆန္ဒခံယူပွဲတိုင်းသည်၊လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော...” ၊“လူထု ဆန္ဒအမှန်ကို ရရှိလျင်ပင်ထား ၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို  ချမှတ်နိုင်စွမ်း အခါခပ်သိမ်းရှိနိုင်ပါမည်လော...”။ “မဟာဗျူဟာချမှတ်ရန် အတွက်လူထုတွင် တာဝန် ကောရှိပါ၏လော....”။ရာစုဝက်ကျော်မျှ ၊ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေးချွတ်ခြုံကျနေ သော၊နိုင်ငံရေးသားကြောဖြတ်ခံရသော၊စားဝတ်နေရေးအတွက် ကျားကုပ်ကျားခဲ ရုန်းကန်နေကြရ သော၊ အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည်ထင်ပါသည်။

စာရေးသူအနေနှင့် NLD ခေါင်းဆောင်အပေါ် အများကြီးမျှော်လင့်ထားပါသည်။အထူးသဖြင့် လက်ဝဲရယ်ဒီကယ် အစွဲသန်သော မြန်မာ့နိုင်ငံရေးတွင်၊ ရှားရှားပါးပါး “လစ်ဘရယ်စိတ်အခံရှိသူ” ဟု မြင်ထားသည်။ သူမကိုယ်တိုင်ရေးသော ဆောင်းပါးတစ်ပုဒ်အရ၊ “တော်လှန်ရေးကာလ နှင့် တည်ဆောက်ရေးကာလ” ကို ကောင်းစွာခွဲခြား သိမြင် နိုင်သူဟု ယုံကြည်ထားပါသည်။ လက်ပံတောင်းအရေးကို ကိုင်တွယ်ခဲ့သော ၊ အမျှော်အမြင်ဖြင့် ယခုကိစ္စကို ပြန်လည်စဉ်းစားပေးပါ ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ကျော်ဝင်း
၂၉ .စက်တင်ဘာ.၂၀၁၃
Read More »