Wednesday, July 31, 2013

တတိယမြို့တော်သားတို့အတွက် ကျောတစ်ခင်းစာ


ရေးသားသူ- မောင်တာ

“တစ်နေ့တော့...ဒို့နှစ်ယောက် စလုံးအတွက်...လုံခြုံတဲ့အိမ်လိုချင်တယ်...။ မနက်ဖြန် ဒီအခန်းကနေခဲ့တာ စာချုပ်ပြည့်တော့မယ်...
လက်ထဲမှာ ဘယ်မလဲငွေ...ထပ်ငှားဖို့စဉ်းစားတော့လဲ... စိတ်ညစ်လဲ ဘာထူးမှာလဲ..။ အသက်တွေကသာ ကြီးခဲ့တယ်။ ဒို့နှစ်ယောက်
အတွက် အိမ်ဘယ်မှာလဲ...

ဝါးထရံလေးသာခြားထားသည့် ကပ်လျက်အခန်းက ပျံ့လွင့်လာသော သီချင်းသံဖြစ်သည်။ လက်ရှိနေထိုင်သော အခန်းငယ်လေးကို ထပ်ငှားရန်လက်ထဲတွင် ငွေမရှိသော်လည်း မြက်ခင်းစိမ်းစိမ်းနှင့် လုံးချင်းအိမ်ကလေးပိုင်ဆိုင်ရသည်ဟု အိပ်မက်မက်ခဲ့ကြောင်း ရေးသားထားသည့် သီချင်းစာသား။ တည်ငြိမ်အေးချမ်းသည့် မိသားစုဘ၀လေးတည်ဆောက်ရန် လုံခြုံနွေးထွေးသည့် အိမ်ငယ်လေးပိုင်ဆိုင်ခွင့်ရရန် ကြိုးစားရင်းအသက်ကြီးလာပြီး မျှော်လင့်ချက်တွေေ၀၀ါးကာ ဘ၀နိဂုံးချုပ်ရတော့မလားဟု နေအိမ်အတွက် တမ်းတရေးဖွဲ့ထားပြီး အဆိုတော်အငဲက သီဆိုထားသည်။သီချင်းသံမှာ သူ လက်ရှိခံစားနေရသော အခက်အခဲကို လာကြည့်ပြီး
ရေးထားသလို ထပ်တူကျနေသည့်အတွက် ကိုသန်းနိုင်စိုးတစ်ယောက် သီချင်းကို အာရုံစိုက်၍ နားထောင်နေမိသည်။

သူတို့ မိသားစုလေးယောက် ငှားရမ်းနေထိုင်သည့် ဆယ်ပေပတ်လည်သီးသန့်အိမ်ခန်းလေးက လာမည့်လပိုင်းအတွင်းပြောင်း ပေးရတော့မည်ဖြစ်သည်။ မန္တလေးမြို့၏ အစွန်အဖျားရပ်ကွက်တွင်ရှိပြီး ၀ါးထရံကာထားသည့် အိမ်ခန်းလေးတွင် နေထိုင်ခွင့်ရရန် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သည့် ကိုသန်းနိုင်စိုးအတွက် တစ်လကျပ်ငါးသောင်းဆိုသည့် ထိုအိမ်ခန်းငှားရမ်းခက မသုံးမဖြစ်။ သည်အိမ်ခန်းလေးက ၎င်းတို့မိသားစု၏ အသိုက်အမြုံ။ ကလေးကျောင်းစရိတ်နှင့် မိသားစုစားဝတ်နေရေးအတွက် ကုမ္ပဏီအလုပ်တစ်ခုတည်းနှင့် မလုံလောက်တော့၍ ညပိုင်းအချိန်များတွင် အလွတ်စာသင်ဝိုင်းများ၌ အချိန်ပိုင်း စာပြသည့်အလုပ်ကို လုပ်သည်ဟု ကိုသန်းနိုင်စိုးကပြောသည်။

မန္တလေးမြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများနှင့် အိမ်ငှားခဈေးနှုန်းများ ယခုနှစ်ပိုင်းအတွင်း သိသာစွာမြင့်တက်လာနေကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း အိမ်ငှားခများ အဆပေါင်းဆယ်ချီမြင့်တက်သွားပြီး ယခင်တစ်လငှားရမ်းခကျပ်သောင်းဂဏန်းသာရှိသော မြို့လယ်တိုက်ခန်းများမှာ ယခုတစ်လ ကျပ်သိန်းဆယ်ဂဏန်းအထိ ဈေးရှိကြောင်း၊ မြေကွက်ဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့ပြီး မန္တလေးမြို့သစ်များတိုးချဲ့ခဲ့သည့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ကျပ်တစ်သိန်းတန်မြေကွက်မှာ ယခုအနည်းဆုံးကျပ်သိန်းတစ်ထောင့်ငါးရာခန့်မှ အမြင့်ဆုံး ကျပ်သိန်းသောင်းဂဏန်းအထိ ဈေးပေါက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

အိမ်ခန်းငှားခအပါအ၀င် အိမ်ခြံမြေဈေးများ မြင့်တက်လာခြင်းမှာ အိမ်ခြံမြေအသုံးချမှုကြောင့် မဟုတ်ဘဲ အိမ်ခြံမြေကို စီးပွားရေးဈေးကွက်တစ်ခုနေဖြင့် ၀င်ရောက်လုပ်ကိုင်ဈေးကစားခြင်းကြောင့်ဖြစ်ကြောင်း အိမ်ခြံမြေစီးပွားရေးသမားများက ပြောသည်။

အလုပ်နှစ်ခုတွဲလုပ်ရ၍ မိသားစုအတွက် အချိန်ပေးနိုင်မှု လျော့သွားသည်။သို့သော် မန္တလေးမှာ မိသားစုလေးယောက်နေထိုင်ရန်အတွက် ရေ၊ မီးအပါအ၀င် အိမ်ရှင်၊ အိမ်ငှားဆက်ဆံရေးမှအစ အတန်အသင့်အဆင်ပြေစွာ နေထိုင်နိုင်ရန်အတွက် အနည်းဆုံး တစ်လငါးသောင်း မသုံးလျှင်မဖြစ်နိုင်ဟု ကိုသန်းနိုင်စိုးက ပြောသည်။

ထိုအိမ်ခန်းလေးကို ဆက်ငှားကာ နေလိုသော်လည်း အိမ်ရှင်ကိုယ်တိုင်က အိမ်ရောင်းမည်ဖြစ်သောကြောင့် နောက်ထပ်အိမ်တစ်လုံး မဖြစ်မနေ ရှာဖွေရတော့မည်ဖြစ်သည်။

“မန္တလေးမှာ ကျောခင်းစရာ နေရာအိမ်တစ်လုံးရဖို့ တော်တော်ခက်ခဲတယ်။ အိမ်ငှားခဈေးတွေကလည်း ဒီဘက်နှစ်ပိုင်းတော်တော် မြင့်တက်သွားတယ်” ဟု ကိုသန်းနိုင်စိုးက ညည်းညူသည်။ နှစ်စဉ် အိမ်ငှားခဈေးနှုန်းမြင့်တက်နေပြီး အိမ်ငှားခများ ဈေးတိုးတောင်းခြင်းနှင့် အိမ်ရှင်အချို့ အိမ်ရောင်းသွားခြင်းကြောင့် သူအိမ်ထောင်ခွဲနေသည့် လေးနှစ်တာကာလအတွင်း နေရာလေးနေရာ ပြောင်းရွှေ့နေထိုင်ပြီးပြီဟု ကိုသန်းနိုင်စိုးက ပြောသည်။

၁၉၉၇ ခုနှစ်ဝန်းကျင်မှစတင်ကာ မန္တလေးအိမ်ခြံမြေဈေးများ စတင်မြင့်တက်မှုရှိခဲ့ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ထိန်းမရအောင် ဖြစ်ခဲ့သည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း အမှုဆောင်နှင့် မန်းမြေရာဇာ တိုက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။ ထိုသို့ဈေးမြင့်တက်ခြင်းမှာ ၂၀၀၇ခုနှစ်မှ ၂၀၁၂
ခုနှစ်အထိ အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ရာတွင် အခွန်သက်သာခွင့်အနေဖြင့် ရောင်းဝယ်သည့် အိမ်ခြံမြေကာလတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းသာ အခွန်ကောက်ခံခြင်းနှင့်နိုင်ငံတွင်း အခြားစီးပွားရေးလုပ်ငန်းများကျဆင်းချိန်တွင် အိမ်ခြံမြေဈေးကွက်တွင်းသို့ ငွေကြေးအများအပြားစီးဝင်လာပြီး အိမ်ခြံမြေလုပ်ငန်းကို စီးပွားရေး လုပ်ငန်းကြီးတစ်ခုအနေဖြင့် ၀င်ရောက်လုပ်ကိုင်ကြခြင်းကြောင့်ဖြစ်ကြောင်း ဦးကျော်ဝင်းကပြောသည်။

“ငွေရှင်၊ လုပ်ငန်းရှင်တွေက တခြားစီးပွားရေးလုပ်ငန်းလုပ်လို့ အဆင်မပြေတော့ အိမ်ခြံမြေဈေးကွက်ထဲဝင်လာပြီး အရောင်းအ၀ယ်လုပ်ဈေးကစားတယ်။ တခြား ကျောက်မျက်သမား၊ ရွှေသမား၊ ကားသမား၊ ပဲ၊နှမ်းကုန်သည်တွေကလည်း ဒီလုပ်ငန်းထဲဝင်လာကြတယ်။ အဲဒီတော့ အိမ်ခြံမြေက တကယ်နေဖို့၊ မနေဖို့ထက် ဈေးကွက်ကြီးတစ်ခုဖြစ်လာပြီး ဈေးတွေဆက် တိုက်မြင့်တက်လာတယ်” ဟု ဦးကျော်ဝင်းကပြောသည်။

မြန်မာကျပ်ငွေမှာ ခိုင်မာမှုမရှိဘဲ ပြည်တွင်းတွင် အိမ်ခြံမြေကို အဓိကပိုင်ဆိုင်မှုပစ္စည်းတစ်ခုနှင့် အခိုင်မာဆုံးရင်းနှီးမြှုပ်နှံမှုဟု
ယူဆမှုများကလည်း အိမ်ခြံမြေဈေးမြင့်တက်စေသည့် အကြောင်းအရာများထဲမှ တစ်ခုဖြစ်ကြောင်း မန္တလေးမြို့၊ ထွန်းသစ္စာအိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းမှ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်ဦးတင်မောင်က ပြောသည်။

၂၀၀၇ ခုနှစ်သြဂုတ် ၁၂ ရက်တွင် မြန်မာနိုင်ငံဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ်ကြီးမားစွာ အကျိုးသက်ရောက်မှုရှိစေခဲ့သည့် ကြေညာချက်တစ်ခုကို အမိန့်ကြော်ငြာစာအမှတ် ၁၃၅/၂၀၀၇ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်မှာ ပုဂ္ဂလိကမှ အိမ်ခြံမြေ တိုက်တာအဆောက်အအုံများကို ၀င်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိသော ငွေကြေးများဖြင့် ၀ယ်ယူတည်ဆောက်ခြင်းများ ပြုလုပ်လျှင်ပင် သတ်မှတ်အခွန်ဥပဒေများနှင့်အညီ ရာဖြတ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်သည်။

ယင်းကြေညာချက်ကြောင့် ဘိန်းဘုရင်၊ သစ်မှောင်ခိုသမား၊ မူးယစ်ဆေးဝါးရောင်းဝယ်သူစသည့် တရားမ၀င်နည်းလမ်းများဖြင့် ငွေကြေးရှာဖွေထားကြသူများသည် ၎င်းတို့ရရှိထားသော ငွေမည်းများကို အခွန် ၁၅ ရာခိုင်နှုန်းပေးဆောင်ကာ အိမ်ခြံမြေများဝယ်ယူပြီး တရားဝင်ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲကာ ငွေကြေးခ၀ါချခဲ့ကြသည်။ ယင်းကြေညာချက်သည် မြန်မာ့အိမ်ခြံမြေဈေးထင်မှတ်မထားသည့် ဈေးနှုန်းများအထိ မြင့်တက်စေခြင်း၏ အဓိကအကြောင်းအရာတစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။ ယင်းအမိန့်ကြော်ငြာစာကြောင့် အိမ်ခြံမြေဈေးကွက်သည် ငွေကြေးခ၀ါချသည့် အဓိကနေရာ တစ်ခုဖြစ်ခဲ့ပြီး တရားမ၀င်ငွေကြေးများ အိမ်ခြံမြေဈေးကွက်သို့ အလုံးအရင်းဖြင့် စီးဝင်လာခဲ့သည်ဟု စီးပွားရေးပညာရှင်များကဝေဖန်ခဲ့ သည်။

တရုတ်၊ အိန္ဒိယနယ်စပ်လမ်းကြောင်းများနှင့် ထိစပ်မှုရှိနေပြီး မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးအရ အဓိကအချက်အချာကျသည့်နေရာတွင် တည်ရှိသည့် မန္တလေးမြို့အိမ်ခြံမြေဈေးကွက်သည် ငွေကြေးခ၀ါချမှုများအတွက် အဓိကဈေးကွက်တစ်ခုဖြစ်ခဲ့ကြောင်း မန္တလေးမြို့ခံများက ပြောသည်။ ထို့အပြင် ဘဏ်အတိုးနှုန်းကွာခြားခြင်း၊ မြန်မာကျပ်ငွေဖောင်းပွခြင်းနှင့် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ကွာခြားခြင်းတို့ကြောင့် အကျိုးအမြတ်ရှိခဲ့သည့် မန္တလေးအိမ်ခြံမြေဈေးကွက်သို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်များဝင်ရောက်လာမှုကလည်း အိမ်ခြံမြေဈေးမြင့်တက်ခြင်း၏ အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း မြို့ခံများကဆိုသည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှာ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် များပြားစွာရင်းနှီး မြှုပ်နှံထားကြပြီး မန္တလေးမြို့တွင်းပိုင်း အိမ်ခြံမြေ၏ သုံးဆယ်ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ လက်ရှိ မန္တလေးမြို့တွင်း အိမ်ခြံမြေအရောင်းအ၀ယ် လုပ်ရာတွင်လည်း တရုတ်လုပ်ငန်းရှင်အများစုက လက်ကြီးလုပ်ကိုင်နေကြောင်း မြို့ခံများက ပြောသည်။

“အများအားဖြင့်တော့ တရုတ်လုပ်ငန်းရှင်တွေ အရောင်းအ၀ယ်လုပ်ရင် မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအ၀ယ် ကောင်းတာပဲ။ သူတို့ငွေနဲ့ကစားသွားတာပေါ့။ တရုတ်နှစ်သစ်ကူးချိန်တွေလို သူတို့အိမ်ပြန်ချိန်ဆိုရင်တော့ မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအ၀ယ်အေးတတ်တယ်” ဟု မန္တလေးမြို့မှ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

အိမ်ခြံမြေပိုင်ဆိုင်မှုအတွက် ဧည့်နိုင်ငံသားမှတ်ပုံတင်ရှိလျှင်ပင် ဂရန်ထုတ်ပေးနိုင်ပြီး တရားဝင်စာချုပ်အမည်ပေါက်ဝယ်ယူခွင့်ရှိကြောင်း မန္တလေးစည်ပင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လတ်တလောမန္တလေးမြို့တွင်းပိုင်း အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းများတွင် တရုတ်နှင့်တိုင်းရင်းသားနာမည်များဖြင့် ပြောင်းလဲဝယ်ယူမှုမှာ အများဆုံးပါဝင်နေကြောင်း အထက်ပါမန္တလေးစည်ပင်တာဝန်ရှိသူကဆိုသည်။ မန္တလေးမြို့၏ အကျယ်အ၀န်းနှင့် လက်ရှိနေထိုင်သော လူဦးရေအရ မန္တလေးအိမ်ခြံမြေဈေးနှုန်းများ လက်ရှိနှုန်းထားအထိ မြင့်တက်နေခြင်းမှာ အိမ်ခြံမြေအသုံးပြုမှုကြောင့်မဟုတ်ကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့၏ လူဦးရေသိပ်သည်းမှုမှာ တစ်ဧကလျှင် ၁၆ ဦးခန့်သာ နေထိုင်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၏ ပြုစုထားသောစာရင်းများတွင် ဖော်ပြထားသည်။ မန္တလေးမြို့၏ ၂၀၁၁ ခုနှစ်လူဦးရေသည် ၁၂၅၁၆၇ ဦးရှိပြီး မြို့၏ အကျယ်အ၀န်းမှာ ၁၂၁ဒသမ၇၈ စတုရန်း မိုင်ရှိသည်။ ဧကအားဖြင့် ၇၇၃၉ ဧကကျယ်ဝန်းကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ နယ်နိမိတ်အတွင်း မြို့နယ်ခြောက်မြို့နယ်ရှိပြီး လူဦးရေ သိပ်သည်းမှုအများဆုံးမြို့နယ်များမှာ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်များဖြစ်ပြီး တစ်ဧကလျှင် ပျမ်းမျှလူဦးရေ ၄၆ ဦးခန့် နေထိုင်ကြောင်း မန်းစည်ပင်သာယာရေး
ကော်မတီမှပြုစုထားသည့် စာရင်းတွင်ဖော်ပြထားသည်။

လက်ရှိလူဦးရေတိုးနှုန်းအရ လာမည့်နှစ်သုံးဆယ်အတွင်း မန္တလေးမြို့၏ လူဦးရေ ၁ဒသမ ၇သန်းခန့်အထိ ရှိလာနိုင်ကြောင်း၊ မကြာမီကာလအတွင်း မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ်အား မန္တလေး စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းရန် စီစဉ်နေကြောင်း မန္တလေးစည်ပင်တာဝန်ရှိသူကပြောသည်။

မန္တလေးအိမ်ခြံမြေသည် သာမန်လုပ်သားပြည်သူများနှင့် တစ်နေ့ထက်တစ်နေ့ပိုမိုဝေးကွာလာနေကြောင်း မြို့ခံများကပြောသည်။ သာမန်ဝန်ထမ်းတစ်ယောက်အတွက် မန္တလေးမြို့တွင် ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအိပ်မက်မက်ရန်မှာ အလွန်ခက်ခဲနေပြီဖြစ်ကြောင်း ကိုသန်းနိုင်စိုးက ပြောသည်။ ထို့ကြောင့် မိသားစုကျောခင်းနိုင်ရန် ငွေနည်းနည်းနှင့် လုံခြုံမည့် တစ်နေရာရှာရပါဦးမည်။ ။

Credit To 7Day News Journal

Related Articles:

Post a Comment