ခရိုနီငိုချင်း၊ နှစ်ပါးသွားနှင့် မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် အလွန်နက်နဲ၊ ရှုပ်ထွေးသည့်အပြင်၊ တခါတရံ အလွန် နားလည်ရခက်သည်ဟုဆိုသော သက်ကြီးဝါကြီးတို့၏ စကားကို ကျွန်တော်တို့ မှတ်သားခဲ့ရသည်။ ယနေ့ခေတ်၊ ကျွန်တော်တို့ လူလတ်ပိုင်း အရွယ်ရောက်သော အချိန်တိုင်အောင် နိုင်ငံရေးဖြစ်စဉ်၊ ခေါင်းဆောင်အများစုနှင့် နိုင်ငံရေးသမား အများစုတို့သည် ရှုပ်ထွေးနေဆဲ၊ နားလည်ရန် ခက်ခဲနေဆဲဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမအစည်းအဝေး၊ ပထမနေ့၊ နေ့လည်ပိုင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံစကားပြောရင်း လဘက်ရည်ဝိုင်းဖွဲ့ခဲ့သည်။ အဆိုပါ နွေးထွေးသော လဘက်ရည်ဝိုင်းသည် သတင်းထောက်တစ်ဦး၏ ခရိုနီများနှင့် ပတ်သက်သော မေးခွန်းကြောင့် ပိုမိုသက်ဝင် လှုပ်ရှားလာခဲ့သည်ဟု ဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလုပ်ရာတွင် အာဃာတကို အခြေခံပြီး၊ လုပ်သည်ကို မကြိုက်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။ အကယ်စင်စစ်၊ မကျေနပ်မှု၊ ဖိနှိပ်ခံရမှု၊ မတရားခံရမှု၊ နှိပ်စက်ခံရမှုတို့ကြောင့် အာဃာတဖြစ်ပြီး၊ အာဃာတကြောင့် မသင့်မမြတ် ဖြစ်ကြရသည်။ အာဃာတသည် အကြောင်းမဲ့ ဖြစ်လာခြင်းမဟုတ်။ ထို့ကြောင့် ဖြစ်ရသည့် အကြောင်းများကို ချေဖျက်မှ၊ အာဃာတလည်း ပျောက်မည်ဖြစ်သည်။ လတ်တလော ခရိုနီများကိစ္စကို ကြည့်လျင်၊ မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူအတော်များများက မည်သူတို့သည် ခရိုနီကြီးများဖြစ်သည်ကို ကောင်းကောင်း သိကြသည်။ ထိုခရိုကြီးများအနေဖြင့်၊ အများပြည်သူအနေဖြင့်၊ အာဃာတ ဖြစ်စေခဲ့ရသော အကြောင်းများကို ဦးစွာ အထုပ်ဖြေ၊ ရှင်းပြခြင်းသည် အကောင်းဆုံး အာဃာတ ဖြေဖျောက်ခြင်းဖြစ်သည်ဟု သုံးသပ်မိသည်။ စကားမစပ်၊ လက်ရှိမြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင်လည်း အာဃာတကို ဘေးဖယ်ထားသည့်မူ၊ လမ်းစဉ်တို့ကို ကိုင်စွဲဆောင်ရွက်မည်ဆိုလျင် ကောင်းလေစွဟု မြည်တွန်တောက်တီးမိသည်။ ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစုများ အကြားတွင် မျက်နှာချင်းဆိုင် စကားမပြောနိုင်သည်မှာလည်း ထိုအာဃာတကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။ ပြည်နယ်များ၏ လက်ရှိနိုင်ငံရေး အနေအထားကို ကြည့်လျင်၊ အာဃာတတရားများကို ဘေးဖယ်ထားပြီး၊ အတူလက်တွဲ အလုပ်လုပ်နေကြသည်မှာ အားရစရာဖြစ်သည်။ ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ပါတီတည်း ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဆွေးနွေးမှုများသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေပြီဖြစ်သည်။ သို့သော် တဖက်တွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အခြားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အဖွဲ့အစည်းများ၊ တိုင်းရင်းသားပါတီများနှင့် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးအတွက် အလုပ်သဘောဆွေးနွေးမှုများ၊ အစည်းအဝေးများကို ယနေ့အထိ ပုံမှန်ပြုလုပ်နိုင်မှု မရှိခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် နှုတ်ထွက်မိန့်ကြားသည့် အာဃာတမဲ့ မူဝါဒအပေါ် အခြေပြု၊ သုံးသပ် ဆင်ခြင်နိုင်မည်ဆိုလျင် အလွန်ကောင်းလေစွဟု ထပ်မံကောက်ချက်ပြုမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ခရိုနီအမျိုးမျိုးရှိကြောင်း၊ ခရိုနီဟုခေါ်ရသည်မှာ န၀တ၊ နအဖခေတ်တွင် ချမ်းသာလာကြသူများကို ခေါ်ခြင်းဖြစ်ကြောင်း၊ ခရိုနီများ ချမ်းသာလာကြပုံများသည် မတူညီကြကြောင်း၊ ချမ်းသာပုံ ချမ်းသားနည်းတွင် မတရားမှုများ ပါ၊ မပါကို စိစစ်ရမှာဖြစ်ကြောင်း၊ မည်သူဖြစ်ဖြစ် ပြစ်မှုမထင်ရှားသရွေ့ အပြစ်မဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ ခရိုနီကြီးတို့ ခုန်ပေါက် ပျော်မြူးကြသည့်အချိန်တွင် ပြည်သူလူထုကြီးက ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။ ပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့ရာတွင် အဓိကနေရာမှ ပါခဲ့သည့် ခရိုနီများကို သက်သေအထောက်အထား မရှိသဖြင့် အပြစ်မှ ကွင်းလုံးကျွတ် လွတ်စေဟု တစ်ချက်လွှတ် အမိန့်ချလိုက်ခြင်းပင် ဖြစ်သည်။ အကယ်စင်စစ်၊ မြန်မာပြည် တနံတလျားမှ ပြည်သူလူထု အများစုကြီးသည် အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ပြီး၊ မတရား ချမ်းသာကြွယ်ဝလာသော ခရိုနီများအကြောင်းကို ဘ၀နှင့်ရင်း၊ တွေ့ကြုံခဲ့ရ၊ တွေ့ကြုံနေရသဖြင့် ဒေါ်အောင်ဆန်းစုကြည်ထက် များစွာ နားလည် သဘောပေါက်ပြီးဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အပြစ်ရှာမရအောင် လုပ်နိုင်သည့် အခြေအနေများ၊ ပံ့ပိုးမည့်သူများ၊ အင်နှင့်အားနှင့် ရှိနေချိန်တွင် ဘယ်ခရိုနီကြီးကို ပြစ်မှုထင်ရှားကြောင်း ပြနိုင်ပါမည်နည်း။ အခြေအနေအရ၊ ပြစ်မှုထင်ရှားအောင် မပြနိုင်လင့်ကစား၊ အများပြည်သူ၏ နှလုံးသားတွင် မည်သူတို့သည် ခရိုနီကြီးများ ဖြစ်သည်ကို သံမှိုဆွဲထားပြီးဖြစ်သည်။ ပြစ်မှုကျူးလွန်သူများသည် ကိုယ့်ကိုယ်ကို ပြုပြင်ပိုင်ခွင့်ရှိသည်ကို လက်ခံသော်လည်း၊ တရားဥပဒေကြောင်းအရ ထိုက်သင့်သော ပြစ်ဒဏ်ကို ခံယူရင်း၊ ပြုပြင်ခွင့် ပေးရမည်ဖြစ်ပြီး၊ ပြန်လည်ထူထောင်ရေးကိုလည်း နှလုံးသွင်းရမည်ဖြစ်သည်။ သို့သော် မိမိ၏နှုတ်ထွက်စကားသည် ခရိုနီများဖက်မှ မသိမသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း၊ ရပ်တည်သည့်သဘော သက်ရောက်သွားမည်ကို သတိထားဆင်ခြင်သင့်သည်ဟု အကျိုးမျော် နှိုးဆော်လိုပါသည်။ လက်ရှိ ခရိုနီရှင်းတမ်း၏ အဓိကဇစ်မြစ်မှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အခါလည်အံ့ဆဲဆဲအချိန်တွင် ကမ္ဘာသိ၊ နိုင်ငံသိ ခရိုနီကြီးများနှင့် လက်ချင်းချိတ်ပြီး၊ ပြည်သူလူထုရှေ့ ထွက်ရပ်ပြခြင်းကို ထောက်ခံသူများ၊ စိတ်ဝင်စားသူများနှင့် အများပြည်သူတို့က စိတ်မကောင်းဖြစ်ခြင်း၊ နားမလည်နိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ခရိုနီများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပတ်သက်သော တိကျပြတ်သားသည့် မူဝါဒတစ်ရပ် ချမှတ်ထားမှု မရှိခြင်းကိုလည်း အထင်းသား လှစ်ပြလိုက်ခြင်းပင် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး၊ ပညာရေးကွန်ယက်သည် ပါတီ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ခု ဖြစ်သည်။ နိုင်ငံရေးပါတီသည် မူဝါဒ၊ လမ်းစဉ်၊ သဘောထားတို့နှင့် ရပ်တည်ရသည့်အလျောက်၊ ပညာရေးကွန်ယက်သည်လည်း ပါတီ၏ မူဝါဒ၊ လမ်းစဉ်အောက်တွင်သာ အလုပ်လုပ်ရမည်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်သူလူထုက လေးစားအားကိုးသော ပါတီကြီးသည် ခရိုနီကြီးများထံ လက်ဝါးဖြန့်ခဲ့သည်ကို ကြားသိရသောအခါ အများသူငါတို့သည် ရင်ထုမနာ ဖြစ်ကြရသည်။ သူတို့မှလွဲ၍ လှူနိုင်တန်းနိုင်သူ မရှိတော့ပြီလားဟုလည်း ဂရုဏာပွားခဲ့ကြသည်။ ခရိုနီများကို ဘေးဖယ်ထားရမည်၊ ကျဉ်ထားရမည်၊ လူရာမသွင်းဘဲ ထားရမည်ဟု ဆော်သြနေကြခြင်း မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင်တိုင်းသည် ခရိုနီမဟုတ်သော်လည်း၊ ခရိုနီတိုင်းသည် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် အများစုသည်လည်း ခရိုနီကြီးများကို မနှစ်မြို့ကြပါ။ လွန်ခဲ့သောကာလများက စီးပွားရေးလုပ်ငန်းရှင်များသည် ခရိုနီကြီးများကို အကျောပေးပြိုင်ခဲ့ရသဖြင့်မကျေနပ်ခဲ့ကြပါ။ သို့သော် ခရိုနီ အကြီး၊ အလတ်၊ အငယ်တို့သည် တိုင်းပြည်စီးပွားရေး ထူထောင်ရာတွင်လည်းကောင်း၊ ဆင်းရဲမွဲတေမှု လျော့ချရာတွင်လည်းကောင်း၊ အထောက်အကူ ပြုနိုင်သည်ကို နားလည်ကြပါသည်။ ခရိုနီများကိုယ်တိုင် အသိစိတ်ဓာတ်ရှိရှိ ပြည်သူလူထုအတွက် ထိထိရောက်ရောက် လုပ်လာပြီဆိုပါက၊ လက်ခုပ်တီး ချီးကျူးမည့်သူများလည်း ဒုနှင့်ဒေး ရှိနေပါသည်။ သို့သော် ခရိုနီကြီးအများစုသည် မယောင်ရာဆီလူးတတ်၊ အကျိုးမျော် ညောင်ရေလောင်းတတ်သော စရိုက်ကို ယနေ့အထိ မပြင်နိုင်သေးသည်က ခက်နေခြင်းဖြစ်ပါသည်။ စေတနာအကျိုးမျော် နှိုးဆောင်ရလျင်၊ ခရိုနီကြီးများ အနေဖြင့်၊ ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် စနစ်တကျ၊ လုပ်နိုင်၊ ကိုင်နိုင်၊ လှူနိုင်၊ တန်းနိုင်သည့် နေရာများ မြန်မာနိုင်ငံတွင် အများအပြား ရှိနေပါသည်။ သို့သော် ပါတီကြီးတစ်ခု၏ ပညာရေးကွန်ယက်၊ ရန်ပုံငွေပွဲတွင် စပွန်ဆာပေးခြင်းကြောင့် ပြန်ရသည့် ဂုဏ်သိက္ခာ အမြတ်အစွန်းနှင့် နှိုင်းယှဉ်လျင် ကွာခြားနိုင်သည်မှာ ချွင်းချက်ဖြစ်သည်။ ခရိုနီကြီးများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုကို ကန့်သတ်ပိတ်ပင်ခြင်းမဟုတ်။ ပေါ်ပြူလာမဆန်၊ ပေါ်ပင်မဟုတ်၊ လက်တွေ့မျက်တွေ့လှူဒါန်းမှုမျိုးနှင့် ပြည်သူကို လက်တွေ့အကျိုးပြုခြင်းသည် အကောင်းဆုံး ဂုဏ်သိက္ခာ အဖတ်ဆည်ခြင်းဖြစ်ကြောင်း လမ်းပြနေခြင်းသာဖြစ်သည်။ လက်တွေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ လုပ်နည်းလုပ်ဟန်၊ နည်းဗျူဟာပိုင်းကို ဆွေးနွေးခြင်းသာဖြစ်သည်။ တိုင်းပြည် ပြန်လည်ထူထောင်ရေးတွင် အားလုံးပါဝင်ဖို့ လိုသည်ကို လက်ခံသော်လည်း၊ လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ အနေဖြင့်၊ လူထုအမြင်မကြည်သော ခရိုနီကြီးများနှင့် ဆက်ဆံရေးအပိုင်းတွင် သီးခြားမူဝါဒ၊ သီးခြားဗျူဟာ ချမှတ်ထားရန် လိုအပ်ခြင်းကို ထောက်ပြခြင်းဖြစ်သည်။ ရင့်ကျက်၊ ပြည့်ဝသော နိုင်ငံရေးစနစ်တစ်ခုကို ဦးတည်မည်ဆိုပါက၊ အဆိုပါနိုင်ငံရေးစနစ်တွင် အဓိက ပါဝင်နေသည့် နိုင်ငံရေးပါတီများ၏ မူဝါဒ၊ လမ်းစဉ်၊ သဘောထားများ မည်မျှ ခိုင်မာသည်နှင့်သာ တိုင်းတာရမည်ဖြစ်သည်။ ပြည်သူလူထုကို ကိုယ်စားပြုသော၊ ကိုယ်စားပြုလိုသော အစိုးရများ၊ နိုင်ငံရေးပါတီများသည် လူထုက ငြိုငြင်သော ခရိုနီကြီးများနှင့် ဆက်ဆံရာတွင် တိကျပြတ်သားသော မူဝါဒ၊ လမ်းစဉ်ချမှတ်ထားရန် အလွန်အရေးကြီးသည်။ စည်းကမ်းတကျ၊ မူဘောင်ထဲမှ ခရိုနီကြီးများ၏ ပါဝင်ခွင့်ကို သတ်မှတ်ရမည်ဖြစ်သည်။ ခရိုနီများသည် ကိုယ့်အကျိုး၊ ကိုယ့်ဆွေမျိုးနှင့် မိသားစုအကျိုး၊ ကိုယ့်ဆရာသမား အကျိုးများကိုသာ ရှေ့တန်းတင်ပြီး၊ နိုင်ငံနှင့် ပြည်သူအကျိုးကို လစ်လျူရှု၊ အလေးမထားခဲ့သည့် နှစ်နှစ်ဆယ်ကျော် မှတ်တမ်းများအရ၊ ခရိုနီများအပေါ် အယုံမလွယ်ပဲ၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သတိနှင့် ထိတွေ့ဆက်ဆံဖို့ အကြံပြုခြင်း သက်သက်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရာတွင် ဆေးမြီးတိုကို အသုံးပြု၍ မဖြစ်နိုင်သကဲ့သို့၊ လတ်တလောဝေဒနာ သက်သာရုံကုသ၍လည်း မဖြစ်နိုင်ပါ။ အနာရှိလျင် ဆေးရှိမည်သာ။ ထို့ကြောင့် ခရိုနီအရင်းရှင်စနစ်ကို စနစ်တကျ ချဉ်းကပ်ပြီး၊ အမြစ်ပြတ်ပျောက်အောင် ကုသဖို့ တိုက်တွန်းခြင်းသာ ဖြစ်ပါသည်။ ထိုသို့ ပုံဖော်နိုင်ရန် မဟာဗျူဟာ၊ နည်းဗျူဟာများ စနစ်တကျ ရေးဆွဲချမှတ် အကောင်အထည် ဖော်ရမည်ဖြစ်သည်။ တဖက်ကလည်း၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ခရိုနီများနှင့် ဆက်ဆံရေးအပိုင်းတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်သည်။ ပွင့်လင်းမြင်သာမှု အားနည်းခဲ့သည့်အတွက် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်သည် ခရိုနီများအတွက် လိုတရသေတ္တာကြီး ဖြစ်ခဲ့ရသည်။ ပွင့်လင်မြင်သာမှု နည်းခြင်းသည် ခရိုနီများအတွက် အခွင့်အလမ်းကောင်းဖြစ်ခဲ့သည်။ ''လူများတွေ ဒုက္ခရောက်နေချိန်မှာ ချမ်းသာနေတာ ရှက်စရာကောင်းတယ်'' ဟု တချိန်က အမည်မသိ၊ အမည်သိသလိုလို၊ မသိသလိုလို ခေါင်းဆောင်ကြီးတစ်ဦးက မိန့်ဖူးပါသည်။ ယနေ့ခေတ်တွင် အဆိုပါစကားကို ပြောင်းပြန် လုပ်ပစ်ရတော့မည်ထင်သည်။ လူများတွေ ဒုက္ခရောက်နေချိန် မှာ ချမ်းသာနေတာ ဂုဏ်ယူစရာပါဟု ပြောင်းပစ်ရမည်ထင်သည်။ အဆိုပါ ချမ်းသာကြွယ်ဝမှုများကို ကျစ်ကျစ်လစ်လစ်၊ မယိုမဖိတ်သိမ်းထားပြီး၊ ခေတ်စနစ်ပြောင်းသည့် အချိန်တွင် လူထုထောက်ခံမှု အများဆုံးခေါင်းဆောင်နှင့် နိုင်ငံရေးပါတီကို ပြည်သူလူထုဘန်းပြ၊ လှူဒါန်းမှုပြုလိုက်ရုံဖြင့်၊ ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာ၊ အတုယူစရာ၊ ကြီးကျယ်ခန်းနားသော အရာ ဖြစ်သွားနိုင်ပါသည်ဟု ပြန်ပြောင်း မိန့်ကြားရမလို ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုကို စက်မှုတော်လှန်ရေးဆီ ပြန်ခေါ်သွားပြီး၊ အမေရိကန်ပြည်ထောင်စုမှာလည်း လွန်ခဲ့သော နှစ် နှစ်ရာကျော်က ယနေ့ မြန်မာနိုင်ငံမှာကဲ့သို့ ခရိုနီကြီးများ ကြီးစိုးခဲ့သော်လည်း ယနေ့ကမ္ဘာတွင် နံပါတ်တစ် ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည်ကို စံနမူနာယူလျက်၊ မြန်မာ့ခရိုနီကြီးများအပေါ် နားလည်မှုပေးကြပါဟု လော်ဘီလုပ်ပေးနေသယောင် ခံစားမိလိုက်ကြရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ခရိုနီဟု အခေါ်ခံရသူများက အန်အယ်လ်ဒီနှင့် အခြားလူမှုရေးလုပ်ငန်းများကို ပံ့ပိုးသည်ဆိုပါက၊ ပံ့ပိုးစေသင့်ကြောင်း၊ အဆိုပါငွေများကို အခြားနေရာတွင် အလာဟာသဖြစ်အောင် သုံးမည့်အစား၊ ပံ့ပိုးသင့်သောနေရာတွင် သုံးခြင်းသည် အလွန်ကောင်းကြောင်း၊ အန်အယ်လ်ဒီကို ချဉ်းကပ်လာသည်လား၊ အခြားအဖွဲ့ကို ချဉ်းကပ်သည်လားကို မကြည့်လိုကြောင်း၊ ဘယ်ကိုထောက်ပံ့သည်၊ ဘာလုပ်သည်၊ ပြည်သူကို အကျိုးပြုမည်၊ ဒီမိုကရေစီအပြောင်းအလဲကို အကျိုးပြုမည်၊ လိုအပ်နေသော ကျန်းမာရေး၊ ပညာရေးကိစ္စများကို အကျိုးပြုမည်ဆိုလျင် ကြိုဆိုရမည့် ကိစ္စဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။ သို့သော် သွားသတိ၊ လာသတိ၊ စားသတိ၊ ပြောသတိ၊ တွေးသတိ၊ အစစအရာ ရာသတိရှိခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ထပ်လောင်း အကြံပြုလိုသည်။ စကားနောက် တရားပါ။ ကြမ်းကျွံလျင်နှုတ်ရ၊ စကားကျွံလျင်နှုတ်မရ။ စသည် စသည်တို့သည် ဆင်ခြင်ရဦးမည့် အကိုးအကားများဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော်၊ မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအလွန်တွင် ပုံပေါ်လာမည်လားဟု မှန်းဆထားမိသည်။ အဆိုပါ ဇာတ်ပေါင်းခန်းတွင် မြန်မာ့ခရိုနီကြီးများသည် ခရိုနီငိုချင်းကို ကြူးရင့်ပြီးသကာလ၊ ခရိုနီနှစ်ပါးသွားကို နိုင်ငံရေးခေါင်းဆောင်ကြီးများနှင့် တွဲကကြမည်လားဟု စိုးထင့်နေမိသည်။ သေချာသည်ကတော့၊ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး ဇာတ်ပေါင်းခန်းအတွက် ခရိုနီကြီးများက အကြီးအကျယ် စပွန်ဆာပေးကာ၊ နိုင်ငံရေး ခေါင်းဆောင်ကြီးများနှင့် လက်ချင်းချိတ်လျက်၊ အောင်ပွဲခံနေမည့် အချိန်တွင် မြန်မာပြည်သူလူထု အများစုကြီးကတော့၊ တစ်နေ့ရှင်သန်ဖို့အတွက် တစ်နေ့လုပ်စာကို ချွေးတဒီးဒီးကျ၊ ခက်ခက်ခဲခဲရှာဖွေလျက်၊ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မည့်ဘ၀တွင် ရေတိမ်နစ်နေဆဲ ဖြစ်နေဦးမည်မှာ မလွဲနိုင်သော တရားပင်ဖြစ်သည်။ ဒေါက်တာရန်မျိုးသိမ်း ၁၁၊ ဇန်န၀ါရီ၊ ၂၀၁၃ Credit:First-11 weekly
Read More »

တရားသောစစ်နဲ့ မတရားသောအဖြစ်

တတိယကမ္ဘာစစ်ကို ဘယ်လို လက်နက်တွေနဲ့ တိုက်ကြမလဲဆိုတာကိုတော့ မသိနိုင်ဘူး၊ စတုတ္ထကမ္ဘာ စစ်ကိုတော့ ကျောက်တုံးတွေ ကျောက်ခဲတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်'လို့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်ကြီး'အဲလ်ဘတ်အိုင်းစတိုင်း' ပြောသွားခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ လူရယ်လို့ ဖြစ်ပေါ်လာကတည်းက လူတွေဟာ တစ်ဦးအပေါ်တစ်ဦး တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ငြိုးမာန်ဖွဲ့ပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ စပြီး အပြန်ပြန်အလှန်လှန် တိုက်ခိုက်လာခဲ့ကြတာပါ။ အဲဒီလို တိုက်ခိုက် ကြရင်းနဲ့ ပိုပြီးကောင်းတဲ့ လက်နက်ဆန်းတွေကို တီထွင်လာခဲ့ကြရာက အခုဆို တစ်ကမ္ဘာလုံး နာရီပိုင်းအတွင်းမှာ ပြုတ်ပြုတ်ပြုန်းသွားနိုင်မယ့် လက်နက်တွေတောင် ပေါ်လာနေကြပါပြီ။ ဒါ့ကြောင့်ကမ္ဘာစစ် ပြန်ဖြစ်ရင်တော့ အားလုံးကျောက်ခေတ်ကို ပြန်ရောက်သွားတော့မှာပဲလို့ အိုင်းစတိုင်းက ဆိုလိုချင်တာပါ။ စစ်ပွဲဆိုတာ သေနတ်နဲ့ တိုက်ရတာမဟုတ်ဘူး၊ ဓနဓနချင်း တိုက်ရတာလို့ ရှေးယခင်ကတော့ ပြောလေ့ရှိကြပါတယ်။ ဒီစကားက သူ့ခေတ်နဲ့ သူ့အခါမှန်တာပါပဲ။ အမြောက် ကောင်းကောင်း စစ်သင်္ဘောကောင်းကောင်း တိုက်လေယာဉ်ကောင်းကောင်း ၀ယ်နိုင်တဲ့သူက နောက်ဆုံး စစ်နိုင်သွားတာပဲ မဟုတ်လား။ အခုနောက်ပိုင်းမှာတော့ နည်းပညာသာတဲ့လူက အနိုင်ရမလို ဖြစ်နေပါပြီ။ တစ်နည်းအားဖြင့် ဦးနှောက် ဦးနှောက်ချင်း တိုက်ရတဲ့ခေတ်ကို ရောက်လာပြီလို့ ပြောရတော့မလို ဖြစ်လာပါတယ်။ ဒါဖြင့် ဦးနှောက် ဒီလောက်ကောင်းနေမှတော့ စစ်မတိုက်ဘဲ နိုင်နိုင်တဲ့နည်းလမ်းတွေကို ဦးနှောက်အသုံးပြုပြီး ရွေးလို့ မရဘူးလားလို့ မေးစရာရှိလာပါတယ်။ မှန်ပါတယ်၊ ဒီကိစ္စကို ၀ိုင်းစဉ်းစားကြစေချင်ကြလို့ ဒီဆောင်းပါးကို ရေးလိုက်ရတာလည်း ဖြစ်ပါတယ်။ လူတွေသေကျေစေတဲ့ စစ်ကို ဖန်တီးကြသူတွေဟာ လူတွေပဲဖြစ်တယ်။ ဒါ့ကြောင့် လူတွေဟာ နောက်ထပ် စစ်ထပ်မဖြစ်ဖို့ စစ်ပွဲတွေကို လေ့လာသင့်တယ်။ ဘယ်လို တိုက်သွားကြတယ် ဆိုတာထက် ဘာ့ကြောင့်တိုက်ခဲ့ကြသလဲ ဆိုတာကို အရင်လေ့လာမှ နောင်စစ်ပွဲတွေ ထပ်ဖြစ်မလာအောင် ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ စစ်ဖြစ်ကြရတဲ့ အကြောင်းရင်းတွေဟာ များသောအားဖြင့် တူနေတတ်ကြတာများတယ်။ဒါ့ကြောင့် ဒုတိယကမ္ဘာစစ်ထဲကို ဂျပန်ဘာ့ကြောင့် ၀င်လာရသလဲဆိုတာကို အရင်လေ့လာကြည့်ရုံနဲ့ စစ်မတိုက်ဘဲ နိုင်နိုင်တဲ့ နည်းလမ်းတွေကို တွေ့လာနိုင်ပါတယ်။ ဂျပန်မှာရှိတဲ့ စစ်တပ်ဟာ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ တန်ခိုးထွားလာတယ်။ အမျိုးသားရေး မူဝါဒအပေါ် လွှမ်းမိုးလာနိုင်ရုံသာမက ဂျပန်နိုင်ငံရဲ့ ဧကရာဇ်အပေါ်မှာလည်း အတော်စကား ပေါက်လာနိုင်တာကို တွေ့ရတယ်။ အဲဒီမှာ သူတို့ စိတ်ဝင်စားလာတာကတော့ အာရှတိုက်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲကို နယ်မြေတိုးချဲ့ဖို့ပါပဲ။ အဲဒီဒေသနှစ်ခုကို ချုပ်ကိုင်ထားနိုင်မှ ဂျပန်နိုင်ငံ စီးပွားရေးအတွက် လိုအပ်တဲ့ လောင်စာဆီတို့ ကုန်ကြမ်းတို့ ဈေးကွက်တို့ ရမှာမို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပစိဖိတ်သမုဒ္ဒရာထဲ ဂျပန် လွှမ်းမိုးလာမှာကို အမေရိကန်ကလည်း စိုးရိမ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာကို ဂျပန်စိုးမိုးနိုင်ပြီဆိုရင် ဂျပန်အနေနဲ့ အမေရိကန်ရဲ့ အနောက်ဘက်ကမ်းခြေကို အလွယ်တကူ ခြိမ်းခြောက်လာနိုင်တော့မှာကိုး။ ဒီလို ဂျပန့် အန္တရာယ်ကို စိုးရိမ်နေတုန်းအချိန်မှာ ဂျပန်က တရုတ်ပြည်ထဲကို ကျူးကျော်လိုက်တော့ အမေရိကန်တွေ အကြောစိမ့်သွားကြရပါတယ်။ နဂိုကမှ ဘယ်လိုမှ စေ့စပ်လို့ မရတဲ့အထဲမှာ ဂျပန်က ဒီလိုလုပ်လာတော့ အမေရိကန်ဟာ ငြိမ်နေလို့ မရတော့ပါဘူး။ ဂျပန်နိုင်ငံကို ဘာကုန်ကြမ်းမှ မပို့ရဘူးလို့ သူ့သြဇာသက်ရောက်တဲ့ နိုင်ငံတွေကို ပိတ်ပင်လိုက်ပါတယ်။ အထူးသဖြင့်တော့ စက်သုံးဆီပေါ့။ အဲဒီအချိန်မှာ ဂျပန့်ရဲ့လက်ထဲမှာ စက်သုံးဆီကလည်း ၆လစာပဲ ကျန်ပါတော့တယ်။ ဒီတော့လည်း ကျဉ်းထဲကျပ်ထဲ ရောက်ရပြီပေါ့။ စက်သုံးဆီမရရင် ဘာစီးပွားရေးမှလည်း မလုပ်နိုင်တော့ လို့ တိုင်းပြည်ဟာ ပြိုလဲဖို့ပဲရှိပါတော့တယ်။ ဒီနေရာမှာ ဂျပန်ဟာ ၆ လအတွင်း ပြိုလဲတော့မယ့် အန္တရာယ်ကို ကြုံတွေ့လာတဲ့အခါကျမှ စစ်တိုက်ဖို့ စဉ်းစားလာတယ်ဆိုတာကို သတိပြုရပါမယ်။ တကယ်လို့ အမေရိကန် အင်္ဂလန်တို့နဲ့ ပြန်ဆွေးနွေးပြီး တရုတ်မှာ ရောက်နေတဲ့ ဂျပန်တပ်တွေကို ပြန်ရုတ်သိမ်းပေးမယ်ဆိုရင် ဒုတိယကမ္ဘာစစ်ကို ဂျပန်ရှောင်လွှဲနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ သမိုင်းသုတေသီတွေလည်း အများကြီးရှိပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ဆို စကားတစ်ခွန်းကိုလည်း သွား သတိရမိပါတယ်။ 'တတိယကမ္ဘာစစ်ကို ဘယ်လို လက်နက်တွေနဲ့ တိုက်ကြမလဲဆိုတာကိုတော့ မသိနိုင်ဘူး၊ စတုတ္ထကမ္ဘာ စစ်ကိုတော့ ကျောက်တုံးတွေ ကျောက်ခဲတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်'လို့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်ကြီး'အဲလ်ဘတ်အိုင်းစတိုင်း' ပြောသွားခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်.... အဲဒါကတော့ 'စစ်တိုက်တာ အင်မတန်ကောင်းပါတယ်၊ ဒါ့ကြောင့် ခင်ဗျားတို့အားလုံး စားပွဲဝိုင်းတစ်ခုမှာ အတူထိုင်ပြီး တိုက်ကြ၊ မပြတ်မချင်းတိုက်ကြ' လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဆိုတာ သေနတ်နဲ့ ပစ်ပြီးတိုက်မှ ကိစ္စပြတ်လေ့ ရှိတယ်ဆိုတဲ့ အယူအဆဟာ ခေတ်လူငယ်စကားနဲ့ ပြောရရင် အောက်သွားပြီလို့ ဆိုရမှာဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ကြီးစိုးတဲ့ ဂျပန်နိုင်ငံဟာ အဲဒီအချိန်က အဲဒီလိုမစဉ်းစားခဲ့ဘူး။ အမေရိကန်ကို နိုင်အောင်တိုက်ဖို့သာ အားသန်နေခဲ့တယ်။ အမေရိကန်မှာ ပညာသင်ခဲ့ဖူးတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကလွဲပြီး ကျန်ဂျပန်မှာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အားလုံးက အမေရိကန်ကို တိုက်ရင်နိုင်မယ်လို့ပဲ ထင်ခဲ့ကြတာကိုး။ ဒါဟာလည်း ဂျပန်နိုင်ငံရဲ့သမိုင်းမှာ ဘယ်နိုင်ငံနဲ့ပဲ တိုက်တိုက် တစ်ခါမှ စစ်မရှုံးခဲ့ဖူးသေးတဲ့ အတွေ့အကြုံတွေကြောင့် ဖြစ်ရတာပါ။ ၁၉၀၄-၁၉၀၅ ခုနှစ်တွေမှာ ရုရှားနဲ့ စစ်ဖြစ်တော့လည်း နိုင်ခဲ့တာပဲ။ ပထမကမ္ဘာစစ်ထဲ ၀င်တိုက်တော့လည်း နိုင်ခဲ့တာပဲ။ ဒါ့ကြောင့် စစ်ရှုံးတဲ့ အရသာဟာ ချို သလား ခါးသလား ဂျပန်မသိခဲ့ပါဘူး။ ဒါ့ကြောင့် ဂျပန်စစ်ဗိုလ်ချုပ်ကြီးတွေဟာ အမေရိကန်ရေတပ်ကို ဦးကျိုးသွားအောင် လုပ်နိုင်မှ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်ထဲက ကျွန်းတွေကို အေးအေးဆေးဆေး သိမ်းနိုင်ရုံသာမက အာရှအရှေ့ပိုင်းတစ်ခု လုံးကို အလွယ်တကူ အုပ်စီးထားနိုင်မယ်ဆိုတာ သဘောပေါက်သွားပါတယ်။ ဒါ့ကြောင့် ဟာဝေယီကျွန်းက ပုလဲဆိပ်ကမ်းမှာ ကပ်ထားတဲ့ အမေရိကန်ရေတပ်က ဖျက်သင်္ဘောနဲ့ လေယာဉ်တင် သင်္ဘောတွေကို အကုန်ကုန်အောင် အငိုက်ဖမ်းပြီး ၀င်တိုက်ခဲ့တာပါပဲ။ ဒါကတော့ ဂျပန်ဘာ့ကြောင့် စစ်ထဲဝင်လာရသလဲဆိုတဲ့ အကြောင်းရင်းပါ။ ဒီထက် ပိုရှည်အောင်ပြောရင်လည်း ရပါသေးတယ်။ ဒါပေမယ့် ပြောရင်လည်း ပိုရှုပ်သွားတာပဲ ရှိမှာပါ။ ဒါ့ကြောင့် တိုတိုပြောရရင် ဒီဒုတိ ယ ကမ္ဘာစစ်ကြီးထဲကို ဂျပန်ဝင်တိုက်ရတာ သယံဇာတကြောင့် ၀င်တိုက်ခဲ့ရတာပဲ ဖြစ်ပါတယ်။အဲဒီလိုတိုက်တော့ ဘာဖြစ်သလဲ၊ သူဖြစ်ချင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာကို မစိုးမိုးနိုင်ရုံသာမက ဂျပန်စစ်သားနှစ်သန်းနဲ့ ဂျပန်အရပ်သား တစ်သန်း တို့ရဲ့အသက်တွေ ပေးလိုက်ရတာပဲ အဖတ်တင်ခဲ့တာပါ။ ပေးလိုက်ရတဲ့ စစ်လျော်ကြေးတွေကလည်း ကြောက်ခမန်းလိလိပါပဲ။ နိုင်ငံပေါင်းစုံကို ပေးလိုက်ရတဲ့ စစ်လျော်ကြေးတွေကို ချပေါင်းကြည့်တာ အမေရိကန်ဒေါ်လာ ၄၄.၁၉ ဘီလျံတောင် ရှိတာကို တွေ့ရပါတယ်။အဲဒါကတော့ ပါးစပ်နဲ့မပစ်ဘဲ တကယ့်သေနတ်နဲ့ပဲ ပစ်ချင်မိခဲ့တဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဒါ့ကြောင့် သေနတ်တစ်ချက် စမဖောက်ခင်မှာ ဒါတွေကို အရင်စဉ်းစားသင့်သလို ဖောက်ပြီးရင်လည်း စားပွဲဝိုင်းတစ်ခုမှာ အတူရောက်လာနိုင်ဖို့ ကျန်သံယောဇဉ်အားလုံးကို ဖြတ်တောက်နိုင်ဖို့ လိုပါတယ်။ စစ်ဆိုတာ မကောင်းတဲ့ အကြောင်းပြောထားကြတဲ့ စကားတွေကတော့ အများကြီးပါ။ အဲဒီအထဲက 'လူတွေဟာ ငြိမ်းချမ်းနေတဲ့အချိန်မှာ သားတွေက အဖေတွေကို သင်္ဂြိုဟ်ကြရပြီး စစ်ပွဲအတွင်းမှာတော့ အဖေတွေက သားတွေကို သင်္ဂြိုဟ်ကြရတယ်'ဆိုတဲ့ စကားဟာ အင်မတန်မှ သံဝေဂရစရာ ကောင်းလှပါတယ်။ သားယောက်ျားချင်း တူတာတောင်မှ လူမမယ်သား ယောက်ျားလေးတွေကို သင်္ဂြိုဟ်ရတာက ပိုပြီး ရင်ကျိုးစရာ ကောင်းပါတယ်။ ဒါ့ကြောင့် မတိုက်ဘဲနဲ့ ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းတွေ လုံးဝမရှိတော့ဘူးလား၊တိုက်ကိုတိုက်မှ ရမယ်ဆိုတာ တကယ့် ရိုးသားမှုကို အခြေခံတဲ့ အကြောင်းပြချက်ရော ဖြစ်နိုင်ရဲ့လား၊ ကျန်တဲ့လူတွေကရော အဲဒီကလေးတွေ အကုန်ကုန်အောင် ဆက်တိုက်နေကြတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ အားလုံး ၀ိုင်းစဉ်းစားသင့်ကြပါပြီ။ နောက်တစ်ခု ပြောချင်တာကတော့ အမှန်တရားအကြောင်းပါပဲ။ လူဆိုတာ အမှန်တရားဆီကို မသွားချင်လို့မရပါဘူး။ မသွားလည်း တစ်နေ့တော့ ရောက်ရမှာမို့ အနှေးနဲ့အမြန် ရောက်အောင်သွားရမှာပါ။ မြန်မြန်သွားနိုင်လေ ကောင်းလေပါပဲ။ အခုလို အခြေအနေမျိုးမှာဆို ပိုပြီးမြန်အောင်တောင် သွားသင့်တာပါ။ ဟိုခေတ်က နာမည်ကြီးသီချင်း တစ်ပုဒ်ထဲကလို 'ဖြည်းဖြည်းလေး... အနှေး..ရထား..' ဆိုတာမျိုးနဲ့တော့ သွားဖို့မသင့်ပါဘူး။ကျည်ဆန်ရထားနဲ့ သွားရပါလိမ့်မယ်။ ကိုယ်သွားရမယ့် ဘူတာကလည်း အသစ်မဟုတ်ဘဲ အများသူငါ သွားကြတာများ လွန်းလို့ လူပြည့်နေတဲ့ ဘူတာတစ်ခုလည်း ဖြစ်နေပါတယ်။ Google မှာ Federalism လို့ ရိုက်ထည့်ပြီး Enter ကို ခေါက်လိုက်ပါ။ နောက် Federalism - Wikipedia, the free encyclopedia ကို click ပေးကြည့်လိုက်ပါ။ မြေပုံတစ်ချပ် ပေါ်လာပါ လိမ့်မယ်။ အဲဒီဘူတာကို ရောက်နေကြတဲ့ အမေရိကန်၊ ကနေဒါနဲ့ အိန္ဒိယအပြင် ကျန်နိုင်ငံတွေကို အစိမ်းရောင်နဲ့ ခြယ်ပြထားလို့ တစ်ကမ္ဘာလုံး စိမ်းရွှေနေတာကို တွေ့ရပါလိမ့်မယ်။ 'အေးပေါ့ဗျာ အနောက်နိုင်ငံတွေကတော့ အဲဒီဘူတာကို သွားကြမှာ ပေါ့၊ လက်ဝဲယိမ်းဝါဒီတွေကတော့ ဘယ်သွားချင်ကြလိမ့်မတုန်း'လို့ ပြောလို့ မရနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ခေတ်သစ် ရုရှားနိုင်ငံရဲ့ နာမည်ကိုက Russian Federation ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် အဲဒီဘူတာကို သွားချင်နေပြီလား၊ မသွားချင် သေးဘူးလား။ မသွားခင် ဘာတွေ အရင်လုပ်နေဦးမှာလဲ။ ဒါမှမဟုတ် အကောင်းဆုံး အစီအစဉ်တစ်ခုကို ဖော်ဆောင်ဖို့ ဘယ်လိုစီစဉ်နေသလဲ။ အားလုံး စောင့်ကြည့်ရဦးမှာပါပဲ။ နောက်ပြီး စစ်ဆိုတာ မကောင်းရင် ဘာ့ကြောင့် စစ်ပွဲတွေ ဆင်နွှဲနေကြ တာလဲလို့ မေးစရာရှိပါတယ်။ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ စစ်မှုထမ်းဖြစ်သူ ကိုယ့်ဘကြီးပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ 'ဒီလိုအချိန်မျိုးမှာ လူတွေပြောရဆိုရ သိပ်လွယ်တယ်ကွ၊ ဟိုကားဒီကိုလာစမ်း၊ ဒီလှည်း ဟိုဘက် ကိုသွားစမ်းဆိုရင် နှစ်ခွန်းတောင် ပြောစရာမလိုဘူး၊ သိပ်လုပ်လို့ကိုင်လို့ ကောင်းတာပဲ'လို့ ဘကြီးက ကိုယ့်ကို ပြောခဲ့ဖူးတာပါ။ ဒီဘက်က ကိုယ့်ဘကြီးက ဒီလိုအခြေအနေမျိုးကို ဒီပုံဒီနည်းနဲ့ ခံတွင်းတွေ့နေတယ်ဆိုရင် ဟိုဘက် က ဘကြီးတွေအနေနဲ့ အဲဒီလို အခြေအနေမျိုးကို ပိုပြီး သဘောခွေ့မနေနိုင်ကြဘူးလားလို့ တွေးစရာရှိပါတယ်။ သူတို့ဘက်မှာဆို ပိုပြီးပြောလို့ဆိုလို့ လွယ်ရုံသာမက လက်ညှိုးညွှန်ရာမှာတောင် ရေဖြစ်နိုင်သေးတာ မဟုတ်လား။ သူတို့ပြောလာမယ့် စကားအသွားအလာကို အသိဉာဏ်ထက်မြက်တဲ့ ပြည်သူတွေ နည်းနည်းလောက် အကဲခတ်လိုက်ရုံနဲ့ ဒီအယူအဆမှန်တယ် မမှန်ဘူးဆိုတာ သိလာကြမှာပါ။ ကိုယ့်အနေနဲ့ကတော့ ဘယ်ဘက်ကိုမှ အပြစ်မတင်ချင်ပါဘူး။ စစ်ဆိုတာ ကောင်းမယ်ထင်လို့ တရားတယ်ထင်လို့၊နောက်ပြီး ဒီနည်းလမ်းကလွဲပြီး ဒီ့ပြင်ကောင်းတဲ့ နည်းလမ်း ရှိမယ်မထင်လို့ တိုက်ကြတာပါပဲ။ ဒါပေမယ့် ဖြစ်ချင်ရာဖြစ် စွတ်လုပ်တဲ့ ခေတ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ လောက် ကတည်းက ကုန်သွားခဲ့ပါပြီ။ ဂျပန်တွေလည်း ဒီလိုပဲစွတ် လုပ်ခဲ့ကြပြီး နောက်ကျမှသာ အကုန် ဒုက္ခရောက်ကုန်ကြရတာပါ။ လူတွေ သန်းချီ သေကုန်ရုံသာမက ကိုယ့်ကလေးတွေကို နောင်တစ်သက်လုံးဆပ်လို့ မကြေနိုင်တဲ့ အကြွေးတွေနဲ့အတူ ထားရစ်ခဲ့ရတာကို သတိရတိုင်း စစ်ထဲဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူတွေ ဘယ့်ကလောက် အသေမဖြောင့်ကြမလဲ ဆိုတာတွေးလို့တောင် မကြည့်ရဲပါဘူး။ 'စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး သေနတ်မှန်သေတဲ့ သူကတော့ အမှန်တရားပဲ'လို့ ပြောတဲ့လူတွေလည်းရှိပါတယ်။ကိုယ်ကတော့ အဲဒီစကားအကြောင်း မဆွေးနွေးချင်တော့ပါဘူး။ တရားသောစစ်ကို ဆင်နွှဲနေရတာပါ ဆိုတဲ့အဆိုနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှမှတ်ချက် မပြုလိုပါဘူး။ စစ်ဖြစ်ပြီဆိုတာနဲ့ အရင်ဆုံး သေနတ်မှန်သေရမယ့် သူတွေဟာ ဘာမှန်းညာ မှန်းမသိသေးတဲ့ လူမမယ်အရွယ် ကလေးတွေပဲ ဖြစ်ကြတာမို့ အဲဒီကလေး မိဘတွေရဲ့ရင်ထဲမှာ ဘယ်လိုနေရှာကြမလဲဆိုတာကိုပဲ တွေးနေမိတော့တာပါ။ Written by နီမင်းဆွေ Credit:first-11 weekly
Read More »

ကချင်ထိုးစစ်နဲ့ စပ်လျဉ်းတဲ့ စစ်ရေးနဲ့နိုင်ငံရေးအမြင်

ကချင်နဲ့နောက်ဆုံးဆွေးနွေးတဲ့အခါ ကချင်ဘက်က စစ်ရေးကိုယ်စားလှယ်တွေ ပါမလာခဲ့ပါ။ နိုင်ငံရေးအဖြေကို ရှာနိုင်ရင် စစ်ရေးပြဿနာလည်း အလိုအလျှောက် ဖြေရှင်းပြီသားဆိုတဲ့ ကချင်တို့ရဲ့ ရပ်တည်ချက်ဟာ တပ်နဲ့အစိုးရ အာဏာခွဲဝေရတဲ့ ၂၀၀၈ ဥပဒေကို ခြိမ်းခြောက်နေလို့ ဖြစ်တယ်။ ဒါကို ကာချုပ်မင်းအောင်လှိုင်က ဒေါသူပုန်ထခဲ့တယ်။ လိုင်ဇာကို လေကြောင်းအကူနဲ့ ကြည်ကြောင်းက အပြင်းအထန်ထိုးစစ်ဆင်ခဲ့တယ်။ အခု ဒီထိုးစစ်ကို တစ်ဖက်သတ်ရပ်စဲကြောင်း အစိုးရက ကျေညာခဲ့ပါပြီ။ ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ထားတယ်။ နောင်အခါ ဆွေးနွေးပွဲလုပ်ရင် ကချင်ဘက်က စစ်ဖက်ဆိုင်ရာများ မလာမနေရ။ မကျေညာခဲ့တဲ့၊ ဝန်မခံခဲ့တဲ့ ထိုးစစ်တစ်ခုကို ရပ်စဲကြောင်းကျေညာခဲ့ပါပြီ။ နှစ်ပေါင်း (၂၀)ကျော် စစ်တပ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုများကို မေ့ပျောက်ဖို့၊ ၂၀၀၈ ဥပဒေမှာ နေသားကျဖို့ ခေတ်သစ်ပြည်တွင်းစစ်သမိုင်းမှာ အကြီးကျယ်ဆုံးထိုးစစ်တစ်ခုကို လုပ်ခဲ့ပါပြီ။ ဒါပေမဲ့ မင်းအောင်လှိုင် နိုင်ခဲ့ပါသလား။ မနိုင်ပါ။ စစ်ပွဲကို မကျေညာဘဲ တိုက်ခဲ့တဲ့မင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်တို့ကို ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ တရုတ်တို့ကလည်း မကျေညာဘဲနဲ့ သူတို့ကို ငြိုငြင်ခဲ့ကြပါပြီ။ ကချင်ထိုးစစ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်မှာ စစ်ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ဖြစ်တယ်။ စစ်ရေးအရ အစိုးရတပ်က ကချင်ပြည်နယ်မှာ ခြေကုပ်စခန်းများများရဖို့၊ နိုင်ငံရေးအရ ကချင်များကို အခြားအဖွဲ့များလိုပဲ အပစ်ရပ်လက်မှတ်ထိုးစေဖို့၊ တရုတ်အကျိုးစီးပွားကို ကာကွယ်ပေးနေကြောင်း ပြသဖို့ ဖြစ်တယ်။ အစိုးရက လာမတိုက်ရင်၊ အစိုးရတပ်များကို နုတ်လိုက်ရင် အပစ်ရပ်စရာတောင် မလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲကို မိမိတစ်ဖွဲ့ချင်းအနေနဲ့ပဲဖြစ်ဖြစ်၊ U.N.F.C.အဖွဲ့အနေနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးဖို့ ကချင်က မငြင်းဆိုပါ။ ဒါပေမဲ့ အစိုးရအနေနဲ့ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို အချိန်ဆွဲနိုင်သမျှဆွဲထားချင်တဲ့အနေအထားရှိလို့ ကချင်စစ်ကို မဖြစ်မနေ တစ်ဖက်သတ်တိုက်ရခြင်းဖြစ်တယ်။ ဒါပေမဲ့ ကချင်ထိုးစစ်မှာ အစိုးရအနေနဲ့ အရှုံးကြီးရှုံးခဲ့ပါတယ်။ ၁။ လိုင်ဇာကို မဖြစ်မနေ သိမ်းမယ်ဆိုရင် အစိုးရတပ်က သိမ်းနိုင်ဖွယ်ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲပေါင်း (၂၀၀၀)ကျော်ကို (၂)နှစ်မျှတိုက်ရကျိုးမနပ်ပါ။ ဝယ်ထားတဲ့လက်နက်များနဲ့ လေယာဉ်စုတ်များကို ထုတ်သုံးခဲ့ပေမဲ့ ကချင်တွေ ဖြုံအောင် ဖိန့်လုံးမထုတ်နိုင်ခဲ့ပါ။ ကချင်ထိုးစစ်ကို မရပ်ရင် ကရင်အပါအဝင် U.N.F.C. အဖွဲ့အနေနဲ့ စစ်ရေးအရ လှုပ်ရှားလာဖွယ်ရှိတာကိုလည်း အစိုးရက ရိပ်မိလာပါတယ်။ ကချင်ထိုးစစ်အပြီးမှာ တိုင်းရင်းသားများက အစိုးရတပ်ကို မကြောက်တော့ပါ။ သူတို့အားလုံး စုပေါင်းပြီး ဒီတပ်ကို ဖြိုရင် ပြိုနိုင်တယ်ဆိုတာ လေ့လာခွင့်ရခဲ့ကြပါပြီ။ ၂။ အစိုးရအကြံပေးများက ကချင်ထိုးစစ်ကို ဆင်နွှဲခြင်းဖြင့် တရုတ်ကို မျက်နှာလိုမျက်နှာရလုပ်ဖို့ စိတ်ကူးထားပါတယ်။ ၂၀၀၈ ဥပဒေကို လက်မခံရင် ဒီလိုအဖြစ်မျိုးဆီ ပြန်ရောက်သွားမယ်ဆိုပြီး ခြိမ်းခြောက်ရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကျွံကျွံလုပ်လာတဲ့အခါမှာ တရုတ်က သတိပေးမှုတွေ လုပ်လာပါတယ်။ တရုတ်ကို အချိုသပ်ဖို့ ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ပြပါတယ်။ ဒါလည်း တရုတ်က ကမန်းကတန်း ရှောင်ထွက်ခဲ့ရပါတယ်။ ဒါဟာ အစိုးရအဖွဲ့တွင်းမှာ စီမံခန့်ခွဲမှု အားနည်းနေကြောင်း ရိပ်မိစေတယ်။ ၃။ ဒီထိုးစစ်ကြောင့် ကချင်များက အပစ်ရပ်လက်မှတ်ပြန်ထိုးမယ်မထင်ပါ။ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍလည်း အနည်းငယ်မှေးမှိန်သွားရပါတယ်။ ဒီအချက်မှာ အစိုးရက အမြတ်ထွက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ စစ်ပွဲတစ်ပွဲကို ရပ်အောင် လုပ်နိုင်ခဲ့ပြီဆိုတဲ့ မလိမ့်တပတ်အမြင်ကို ပုံဖော်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အစိုးရက နိုင်သလိုနဲ့ ဒီအချက်မှာလည်း အရှုံးပေါ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကနေ စစ်ပွဲကို ရပ်စဲဖို့ ဆုံးဖြတ်ချက်ချရတယ်။ ဒါဟာ အဆိုးထဲက အကောင်းပါ။ ဒီနေ့မှာပဲ သမ္မတဦးသိန်းစိန်ထုတ်ပြန်ခဲ့တဲ့ ခုခံစစ်သဘောကို ကာချုပ်မင်းအောင်လှိုင်က သဘောပေါက်မိတော့တယ်။ သူတို့အချင်းချင်း အချိတ်အဆက်ရှိရှိနဲ့ လှုပ်ရှားခဲ့ကြတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီး အမှားကြီးမှားခဲ့ပါတယ်လို့ သူတို့ဝန်မခံရုံတမယ် အရှက်တကွဲဖြစ်ခဲ့ရပါပြီ။ Ven Ravika face book page
Read More »

" ငြိမ်းချမ်းရေးခရီး "

ဒီကနေ့ ၂၀၁၃ ခုနှစ် ဇန်ဝါရီလ (၁၂)ရက်နေ့၊ ပြည်ထောင်စု အစိုးရနဲ့ ကရင် အမျိုးသားအစည်းအရုံး(KNU) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့တာ တနှစ် ပြည့်ခဲ့ပါပြီ။ ဒီနေ့ ကျရောက်တဲ့ ၂၇၅၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သန်း(၆၀)ထဲက ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံသားတဦးအနေနဲ့၊ တနှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်မြဲစေချင်ပါတယ်။ ကျွန်တော့်လိုပဲ မိတ်ဆွေများလည်း အပစ်အခတ် ရပ်စဲမှုကို ပျက်စေချင်ကြမှာ မဟုတ်ဘူး၊ ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြမှာပါ။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းမှာ ဖြစ်နေဆဲ တိုက်ခိုက်မှုတွေကိုလည်း ပြီးဆုံးစေချင်ကြမှာပါ။ KNU နဲ့ အပစ်အခတ်ရပ်စဲမှု တနှစ်ပြည့်မှာ ကျွန်တော်တို့ တစ်ထောင့်တနေရာက ပါဝင်ခွင့်ရခဲ့တဲ့ တစ်နှစ်ကျော် ကာလရဲ့ အတွေ့အကြုံတချို့၊ အတွေးအမြင်တချို့ကို ဝေမျှလိုပါတယ်။ သဘောမတူတာလဲ ဖြစ်နိုင်ပါတယ် ၊ မကြိုက်တာပါဖြစ်နိုင်ပါတယ်။ ၂၀၁၁ခုနှစ် မတ်လမှာ သမ္မတကြီး ဦးသိန်းစိန် လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး အစိုးရအဖွဲသစ်ရဲ့ တာဝန်များကို စတင် ထမ်းဆောင်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတာတွေအတွက် ညှိနှိုင်းမှုတွေကို သက်ဆိုင်တဲ့ သူတွေက ကြိုးစား ဆောင်ရွက်ခဲ့ပေမဲ့ အဆင်မပြေ နိုင်ခဲ့ပါဘူး။ ၂၀၁၁၊ သြဂုတ်လ (၁၈) ရက်မှာ နိုင်ငံတော် သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အားလုံးထံ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို တရားဝင် ကြေငြာကမ်းလှမ်း ခဲ့တာ တွေ့ခဲ့ရပါတယ်။၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၇)ရက် မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အနေနဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ ပြည်ပကို ပထမဆုံး စတင် ထွက်ခွါ ခဲ့ပါတယ်။ ၀န်ကြီးနဲ့ သူ့လက်ထောက် ဦးစိုးမိုးအောင်ကလွဲလို့ ကျန်သူများဟာ အရပ်သားများသာ ဖြစ်ပါတယ်။ KNU နဲ့ တကယ်ပဲ စတင်တွေ့နိုင်ဖို့စီစဉ်ခဲ့သူများဖြစ်ကြတဲ့ ဦးချစ်သန်း ၊ ဦးငွေစိုး ၊ ဦးကိုကိုမောင် နဲ့မစု တို့ကို ဒီနေရာကနေ အားလုံးကိုယ်စား အထူး ကျေးဇူးတင်ကြောင်း စိတ်ရင်း အမှန်နဲ့ ပြောပါရစေ။ ထိုင်းနိုင်ငံအနှံ့ ရေကြီးနေလို့ ၆နာရီ ခရီးကို အသွား ၁၃နာရီ ၊ အပြန် ၁၄နာရီ လောက်အချိန်ပေးပြီး သွားခဲ့ကြရပါတယ်။၂၀၁၁ ခုနှစ် အောက်တိုဘာလ (၉) ရက်မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ၊ ဗဟိုကော်မတီဝင် ဖဒိုအားတိုး ၊ စောလှထွန်းတို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ပထမဆုံးဆွေးနွေးပွဲဖြစ်လို့ ငြိမ်းချမ်းရေး ဖိတ်စာကမ်းလှမ်း ၊ သမ္မတအသစ်ရဲ့ ငြိမ်းချမ်းရေး သဘောထားများကို ရှင်းပြ၊ ယုံကြည်မှု့ကို ကြိုးစား တည်ဆောက်ခဲ့ပါတယ်။ KNU အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ရိုးသားမှု့ကိုလည်း လေးစား အားကျမိပါတယ်။ ထူးခြားချက် တခုကတော့ အပြန်ခရီးစဉ် ဘန်ကောက်မှာ ၀န်ကြီးဦးအောင်မင်း အနေနဲ့ ပြည်ပရောက် မြန်မာတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ပထမဆုံး သမ္မတကြီးရဲ့သား ဦးဟန်ရောင်ဝေ(U Harn Yawnghwe) ၊ ဦးဘိုဘိုကျော်ငြိမ်း ၊ ဦးညိုအုန်းမြင့် ၊ ဦးအောင်နိုင်ဦး ၊ ဦးအောင်သူငြိမ်း တို့ကို သီးခြားစီ တွေ့ဆုံနိုင်ခဲ့ပြီး သမ္မတသစ်နဲ့ အစိုးရအဖွဲ့ကြိုးစားဆောင်ရွက်မဲ့ State Building ၊ Nation Building ၊ Peace Process တို့ကို ရှင်းပြခဲ့ပါတယ်။ သူတို့ကလည်း ပြန်လည် ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးတဦးရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်အစမှာ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် တွေဖြစ်တဲ့ ဦးတင်မောင်သန်းနဲ့ Dr.ကျော်ရင်လှိုင် တို့လည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းဖြစ်စဉ်တွေဟာ မြန်ဆန် လွန်းလို့ တခါတခါပြန်တွေးမိရင် အံ့သြမဆုံး ဖြစ်မိပါတယ်။ နှစ်ပေါင်း များစွာအတွင်း ပြည်ထောင်စုဝန်ကြီးတဦး မဲဆောက်ကိုရောက်တယ်။ (မဲဆောက်ဟာ နာမည်ကြီးတဲ့ နေရာ တစ်ခုပါ။ ၂၀၀၈ မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုမန်းရှာ လုပ်ကြံ ခံခဲ့ ရတဲ့နေရာ၊ အခုထိ တရားခံကို မဖော်နိုင်သေးပါဘူး။ ပြီးတော့ မြန်မာအတိုက်အခံ အများစု ရှိတဲ့ နေရာဖြစ်လို့ပါ) KNU နဲ့ ဆွေးနွေးအပြီး နောက်တရက်မှာ အတိုက်အခံ တချို့နဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက် နှစ်ပတ်လောက်ပဲ ကြာပါတယ်။ သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ဦးဟန်ရောင်ဝေ ပြည်တွင်းကို အလည်ဝင်ခွင့်ရခဲ့ပါတယ်။ သူရှင်းပြတာက "သူ့အနေနဲ့ အမိမြေကို နှစ်ပေါင်း လေးဆယ်ကျော်ကြာမှ ပထမဆုံးအကြိမ် တရားဝင် အလည်ရောက်ခဲ့တယ် ၊ သူ့မွေးရပ်မြေ ရှမ်းပြည်ကိုလည်း သွားလည်ခဲ့တယ်။ ဆွေးနွေးနိုင်တဲ့သူတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယုံကြည်မှု တစုံတရာလည်း ရခဲ့ပါတယ်" လို့ ပြောပါတယ်။ ၀န်ကြီးဦးအောင်မင်းကိုလည်း ငြိမ်းချမ်းရေးမှာ သူအတတ်နိုင်ဆုံး ပါဝင်ကူညီမယ် လို့ မပြန်ခင်မှာ ပြောသွားပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလထဲမှာ မြန်မာ့ငြိမ်းချမ်းရေး သမိုင်းမှာ မှတ်တိုင် တခုအဖြစ် ကျန်ခဲ့မယ်လို့ ကျွန်တော်ယူဆတဲ့ အဖြစ်ပျက်တွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလ (၁၈) ရက်မှာ ဝန်ကြီးဦးအောင်မင်းနဲ့ သူ့လက်ထောက်၊ ပြီးတော့ ကျွန်တော်တို့ (ဦးတင်မောင်သန်း၊ Dr. နေ၀င်းမောင် ၊ Dr.ကျော်ရင်လှိုင် ၊ ဦးဆန်နီညွှန့်သိန်း နဲ့ ဦးကျော်နီခင်တို့ပါ) တာချီလိတ်ကနေ ဖြတ်ပြီး ချင်ရိုင်း (Chiang Rai) ဆိုတဲ့ မြို့လေးကို သွားကြပါတယ်။ နောက်တရက်မှာ ဦးဟန်ရောင်ဝေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ စီစဉ်ပေးတဲ့ Meeting Place မှာ ဆွေးနွေးပွဲတွေ စပါတယ်။ တိုင်းရင်းသား အားလုံး လိုချင်တာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ၊ တန်းတူညီမျှမှု ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ။ ဒီ Meeting မှာ ညီမျှမှု တချို့ စရတယ်လို့ ထင်ပါတယ်။ ဒီတွေ့ဆုံပွဲဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစဖြစ်တယ်။ အဖွဲ့အသေးအကြီး မခွဲခြားပဲ ပဏာမ ဆွေးနွေးပွဲမှာ အဖွဲ့တိုင်း တန်းတူ ညီမျှတဲ့ ဆွေးနွေးချိန် ရကြပါတယ်။ ပထမ ဒုဗိုလ်ချုပ်ကြီးရွက်ဆစ် (Lt.General Yawd Serk) ဦးဆောင်တဲ့ RCSS/SSA အဖွဲ့နဲ့ စပြီး ဆွေးနွေးပါတယ်။ အဖွဲ့ဝင် (၉) ဦးခန့် ပါဝင်ပါတယ်။ ဒုတိယ ဆွေးနွေးပွဲက ဖဒိုဒေးဗစ်ထော ၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ၊ ဖဒိုအားတိုး တို့(၃)ဦးပါတဲ့ KNU အဖွဲ့ ၊ တတိယ ဗိုလ်ချုပ်ဘီထူး ဦးဆောင်တဲ့ KNPP အဖွဲ့ ၊ စတုတ္တပွဲက ဥက္ကဋ္ဌ ပူးဇင်ကျုံး (Pu Zing Cung) နဲ့ ဒေါက်တာရွှေခါး ဦးဆောင်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ပဉ္စမ နဲ့ နောက်ဆုံးကတော့ KIO က ဒု ဥက္ကဋ္ဌ ဦးအန်ဘန်လ နဲ့ အထွေထွေအတွင်းရေးမှုး ဒေါက်တာလဂျာ ဦးဆောင်တဲ့ (၆) ဦး ပါတဲ့ အဖွဲ့ပါ။ အခြားလူတွေအတွက်တော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ အတော့်ကို စိတ်လှုပ်ရှားစရာပါ။ သင်ယူစရာ ၊ မှတ်သား စရာ၊ စဉ်းစားစရာ တွေ အများကြီးပါ။ နာမည်ကျော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ တနေ့ထဲမှာ (၅)ဖွဲ့နဲ့ ဆွေးနွေးပွဲမျိုး ဒီဘက်ခေတ်မှာ ရှိတယ်ဆိုတာ ကျွန်တော် မဖတ်ဖူး မမှတ်ဖူးပါဘူး။ ဆွေးနွေးပွဲ တစ်ပွဲ ပြီးတိုင်းမှာ လက်ဆွဲ နှုတ်ဆက်တိုင်း ခပ်တင်းတင်း Hand Shake လုပ် ၊ Eye to Eye contact လုပ်ရင်း ငြိမ်းချမ်းရေးအတွက်လည်း နိုင်ငံသားတဦးအနေနဲ့ အားတက်မိခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောသမျှကို အပြုံးမပျက်ပဲ စိတ်ရှည်သည်းခံပြီး အတတ်နိုင်ဆုံး ယုံကြည်မှုတည်ဆောက်ဖို့ ၀န်ကြီး ဦးအောင်မင်း အထူးကြိုးစားခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကြီး၊ ဝန်ကြီးဦးအောင်မင်းနဲ့တကွ တိုင်းရင်းသားခေါင်းဆောင် အားလုံးနဲ့ ဦးဟန်ရောင်ဝေတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း အတန်ကြာထဲက ကျွန်တော်တို့နဲ့ ဆွေးနွေးဖက် ၊ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတဲ့ ဦးဘိုဘိုကျော်ငြိမ်း၊ ဦးညိုအုန်းမြင့်နဲ့ ဦးအောင်နိုင်ဦး တို့လည်း ချင်ရိုင်း(Chiang Rai) ကို လိုက်လာကြပြီး ဝန်ကြီးကို အားဖြည့်ပေးကြပါတယ်။ Exile ပဲဖြစ်ဖြစ်၊ scholar ပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး လိုချင်ကြတာတော့ အတူတူပဲဖြစ်မှာပါ။ အဲဒီည ညစာ စားပွဲကတော့ အဖွဲ့ပေါင်းစုံနဲ့ ပျော်စရာကြီးပါပဲဗျာ။ နောက်နေ့ KNU အဖွဲ့နဲ့ KIO အဖွဲ့ကို သီးခြားစီ ထပ်ဆွေးနွေးဖို့ ဖိတ်ကြားပေမဲ့ KNU တစ်ဖွဲ့သာ လာနိုင်ပါတော့တယ်။ ဝန်ကြီးဦးအောင်မင်း အခန်းမှာ တကယ့်ကို တရင်းတနှီး နာရီပေါင်းများစွာ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ဆရာဒေးဗစ်ထောနဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ဆီက ပညာတွေ၊ အတွေ့အကြုံတွေကို ကျွန်တော့် အဖို့တော့ တအံ့တသြ ဖြစ်လို့မဆုံး လေ့လာ မှတ်သားနေမိပါတယ်။ သူတို့ရဲ့ အတွေးအမြင်တွေကို သိရတော့ ပိုပြီးတော့လည်း စာနာမိပါတယ်။ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက သူငယ်စဉ် စစ်သားဘဝမှာ သူ့သေနတ်ပြောင်း ချိန်မှတ်ထဲကို ရောက်လာတဲ့ မြန်မာစစ်သားကို သူခလုတ်မဆွဲခင်မှာ ချီတုံချတုံ ဖြစ်မိတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ "သူ့ကို ငါမသတ်ရင် ငါအသတ်ခံရနိုင်တယ်" ဆိုတဲ့ စစ်သားစိတ်နဲ့ဘဲ ခလုတ်ဆွဲခဲ့တယ်။ ဒါပေမယ့် သူစိတ်မကောင်းပါဘူးလို့ ပြန်ရှင်းပြရင်း ပြောပါတယ်။ အခု ဒီအဖြစ်မျိုးတွေ သူ လုံးဝ မမြင်လို မကြားလို မဖြစ်လိုတော့ဘူးလို့ ဆက်ပြောပါတယ်။ ကျွန်တော့အတွက်တော့ "ဒီမြန်မာ စစ်သားဟာ ကျွန်တော့် အဖေဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် ကျွန်တော့် ညီ ဖြစ်ခဲ့ရင်" လို့ တွေးမိတိုင်း ရင်ထဲမှာ မွန်းကျပ်လာပါတယ်။ ရှေ့တန်းသွားပြီး မိသားစုတွေဆီ ပြန်မလာနိုင်တော့တဲ့ တပ်မတော်သားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဘယ်လောက်များရှိသွားပြီလဲ။ ဝန်ကြီး ဦးအောင်မင်းကလည်း သူ ဘာ့ကြောင့် ငြိမ်းချမ်းရေး လိုချင်ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူဖြတ်သန်းခဲ့ရတဲ့ မြန်မာ့တပ်မတော် အရာရှိဘဝကို ရှင်းပြရင်း ယုံကြည်မှုတွေ ထိုက်သင့်သလောက် ဆောက်နိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ နောက်ဆုံးမှာ ဝန်ကြီးနဲ့ KNLA စစ်ဦးစီးချုပ်ဟာ သတိဆွဲပြီး အပြန်အလှန် အလေးပြုကြတာကို ကြည့်ရင်း ရင်ထဲ တလှပ်လှပ်ဖြစ်အောင် ခံစားရပါတယ်။ ကာယကံရှင် ဗိုလ်ချုပ်နှစ်ဦးက ပိုလို့တောင် ခံစားကြရမယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါ။ ဆွေးနွေးပွဲ တလျှောက်လုံး ဝန်ကြီးဟာ သူ့ထက်အသက်ကြီးတဲ့ KNU လူကြီး သုံးဦးကို တလေးတစားနဲ့ "အဘ" လို့ ခေါ်တာ တွေ့ရပြီး ဝန်ကြီးကိုလည်း တဖက်က လူကြီးတွေက "ဗိုလ်ချုပ်" လို့ဘဲ ခေါ်ကြ ပြောကြပြီး လေးလေးစား ဆက်ဆံကြတာ တွေ့ရပါတယ်။ မာရသွန် ဆွေးနွေးပွဲတွေက အပြန် နိုဝင်ဘာ ၂၁၊ ၂၀၁၁ မှာ ဝန်ကြီးနဲ့ ကျွန်တော်တို့ဟာ တာချီလိတ်ကို ဝင်ပြီး နဂါးနှစ်ကောင် မိုင်ဖုန်းဆရာတော်ကို ငြိမ်းချမ်းရေးကိစ္စ ရှင်းပြလျှောက်ထားရင်း သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ ဆရာတော်က ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးတာလဲ မှတ်မိပါတယ်။ နိုဝင်ဘာ ၂၄၊ ၂၀၁၁ မှာ ကျွန်တော်တို့ အလွယ်တကူ Team (B) လို့ ခေါ်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တစ်ဖွဲ့ကို နိုင်ငံတော် သမ္မတကြီးက ဝန်ကြီးဦးအောင်မင်း ခေါင်းဆာင်ပြီး ထပ်ဖွဲ့ပေးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြာရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ နိုဝင်ဘာလ (၃၀)ရက်၊ ၂၀၁၁ မှာ နေပြည်တော်ကို သမိုင်းဝင် လာရောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ နောက်နှစ်ရက် အကြာ ဒီဇင်ဘာ (၂) ရက်နေ့ တောင်ကြီးမှာ RCSS/SSA အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပါတယ်။ ချင်ရိုင်း(Chiang Rai) ဆွေးနွေးပွဲအပြီး (၁၂) ရက် အကြာမှာ အရင်က မရေးထိုးနိုင်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကို အခု အစိုးရ အဖွဲ့သစ်မှာ ပထမဆုံး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အဖွဲ့အဖြစ် သမိုင်းဝင်သွားပါတယ်။ သမ္မတကြီး၊ အစိုးရအဖွဲ့၊ ဝန်ကြီး ဦးအောင်မင်းရဲ့ Team (B) နဲ့ ကျွန်တော်တို့ လုပ်အားပေးတွေ အားလုံး ပိုပြီး အားတက်လာကြပါတယ်။ နောက်ထပ် ဘန်ကောက်၊ မဲဆောက်ကို အကြိမ်ကြိမ် ခရီးထွက် ညှိနှိုင်းနိုင်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ(MNSP) နဲ့ တွေ့ဖို့ စံခလဘူရီ(Sangkhlaburi) ကိုလည်း ရောက်ခဲ့ပါတယ်။ ဒီကြိုးစားအားထုတ်မှု တွေရဲ့ ရလဒ်ဟာ ငြိမ်းချမ်းရေးအတွက် အလွန်ဘဲ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလ (၁)ရက်နေ့မှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာနေဝင်းမောင် ကွယ်လွန်ခဲ့ပါတယ်။ ဇန်နဝါရီလ (၅) ရက်နေ့မှာ ချင်းအမျိုးသား တပ်ဦး(CNF) နဲ့ ချင်းပြည်နယ်၊ ဟားခါးမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရေးထိုး နိုင်ခဲ့ပါတယ်။ အစိုးအဖွဲ့သစ်အနေရဲ့ ဒုတိယမြောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အဖွဲ့အဖြစ် စာရင်းဝင်သွားပါတယ်။ ဇန်နဝါရီလ (၁၀)ရက်နေ့မှာ ဆရာဒေးဗစ်ထော ဦးဆောင်တဲ့ KNU ကိုယ်စားလှယ် အဖွဲ့ဝင် (၁၉) ဦးပါအဖွဲ့ဟာ မြဝတီကနေ ဝင်လာပါတယ်။ ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ အခြား တာဝန်ရှိသူတို့က သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ လမ်းတလျှောက်မှာလည်း ကရင်၊ ဗမာ ပြည်သူလူထုတွေဟာ မျှော်လင့်မှု မျက်နှာတွေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုနေကြတာ တွေ့ရပါတယ်။ KNU ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ဆရာဒေးဗစ်ထော နဲ့ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကို ဝန်ကြီးဦးအောင်မင်းက သူ့ကားရဲ့ သူထိုင်နေကျ နေရာ နောက်ခန်းမှာ အဘတို့ ထိုင်ပါ။ သူကိုယ်တိုင်က ရှေ့ခန်းမှာ ထိုင်ပြီး သူ့ကို လက်ထောက်တစ်ဦးလို သဘောထားပါ။ ကားအတူစီးရင်း လမ်းမှာ ဆွေးနွေးသွားကြတာပေါ့ လို့ ပြောတာကို KNU ခေါင်းဆောင်များ အတော်အားနာသွားကြပုံ ရပါတယ်။ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ နှစ်ဖက်ခေါင်းဆောင်များ လမ်းတလျှောက် ဆွေးနွေးတာကို နားထောင်နိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးယာဉ်ရဲ့ ယာဉ်မောင်းအဖြစ် လုပ်ခွင့် ရတာကိုဘဲ အတော် သဘောကျ ဂုဏ်ယူနေမိပါတယ်။ ဒါ့အပြင် အလွတ်သဘော ဆွေးနွေးပွဲတွေကော ၊ စားပွဲဝိုင်း ဆွေးနွေးပွဲတွေမှာပါ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ရောက်မလာနိုင်သေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ယုံကြည်မှု့ မရနိုင်သေးတာ ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ပါဘူး။ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ အဖြစ်က တခဏနဲ့တော့ ပြီးမြောက်အောင် မလုပ်နိုင်ပါဘူး။ ယုံကြည်မှုတွေ ရှိလာအောင် Stakeholders များ အားလုံးက ဝိုင်းပြီး ဆောင်ရွက် ကြရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၂၀၀)လောက် ရှိတဲ့အထဲမှာ ကျွန်တော်တို့ နိုင်ငံလောက် များပြားတဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ ဒီလောက်များပြားတဲ့ အင်အား ကမ္ဘာပေါ်မှာ ရှိမယ်မထင်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ မလွယ်ကူ ပါဘူး။ တော်တော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သန်း(၆၀) အတွက် ဒီခက်တဲ့ လမ်းအပြင် အခြားနည်းလမ်း ရွေးစရာ မရှိဘူး ထင်ပါတယ်။ ဒီခက်တဲ့လမ်းကိုဘဲ ကျွန်တော်တို့အားလုံး အောင်မြင်အောင် ကြိုးစားကြရပါလိမ့်မယ်။ KNU နဲ့ အပစ်အခတ် ရပ်စဲမှုဟာ ပြောသလောက် မလွယ်ခဲ့ပါဘူး။ တနှစ်ပြည့်ချိန်မှာတောင် ပြန်ဖော်ပြဖို့ မသင့်သေးတဲ့ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး နှစ်ဖက် ဆွေးနွေးဖက် ခေါင်းဆောင်တွေဟာ တာဝန်ယူမှု၊ တာဝန်သိမှု၊ ငြိမ်းချမ်းရေး အတွက် ပြင်းပြတဲ့စိတ်နဲ့ (၆၁)နှစ် ကျော် ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းနိုင်ဖို့၊ နှစ်ဖက် စစ်သည်တော်တွေ၊ မြေဇာပင် ပြည်သူလူထုတွေရဲ့ အသက်တွေ ထပ်မဆုံရှုံးဖို့၊ ဒုက္ခတွေ မခံစားရဖို့ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ အဆုတ်တခြမ်းပဲ အလုပ်လုပ်တော့တဲ့ ဆရာဒေးဗစ်ထောဟာ ခြေလှမ်း ဆယ်လှမ်းလောက် လျှောက်ပြီးရင် တခါနားရတဲ့ အခြေနေနဲ့ အားတင်းပြီး ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အတူ သူ့အဖွဲ့ဝင်များနဲ့ ဒီပွဲမှာ အထူးကြိုးစားခဲ့ပါတယ်။ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သက်ဆိုင်ရာ စစ်ဖက်နယ်ဖက်က ပုဂ္ဂိုလ်များကလည်း တကယ့်ကို စိတ်ရင်းမှန်နဲ့ ကြိုးစားခဲ့ကြတာကို ဒီတသက် မမေ့နိုင်ပါဘူး။ ဆွေးနွေးပွဲ ခန်းမအပြင်မှာ စိုးရိမ်စိတ်နဲ့ စောင့်နေကြတဲ့ ကရင်တိုင်းရင်းသား လူကြီးတွေ၊ ရပ်မိရပ်ဖတွေ အားလုံး လက်မှတ်ထိုးနိုင်ပြီဆိုတဲ့ သတင်းကြောင့် ဝမ်းသာအဲလဲ ဖြစ်ကြ၊ အပြန်အလှန်ဖက်ကြပြီး မျက်ရည်ကျကြတာကို တွေ့ရပြီးတော့ ကိုယ်တိုင်လည်း ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။ KNU ရဲ့ ဖိတ်ကြားမှုနဲ့ ရောက်လာတဲ့ Observer တစ်ဦးဖြစ်တဲ့ "Center for Peace and Conflict Studies (Cambodia)" က Mrs. Emma Leslie က မျက်ရည်တွေနဲ့ "လှမောင်ရွှေ၊ ဒီနေ့ အဖြစ်အပျက်တွေကို နင့်သူငယ်ချင်း နေဝင်းမောင်က Heaven ကနေ ကြည့်ပြီး ကောင်းချီးပေးနေတယ်လို့ နင်မထင်ဘူးလား" ဆိုတဲ့ စကားနဲ့အတူ ကောင်းကင်ကို မော့ကြည့်ရင်း ပြောလာတော့ ကျွန်တော်လည်း မျက်ရည်မထိန်းနိုင်ခဲ့ပါဘူး။ အဲဒီအချိန်အထိ မြန်မာနိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာတဲ့တိုင်အောင် ပြန်မလာနိုင်သေးတဲ့ အဝေးရောက်နေတဲ့ ဦးအောင်နိုင်ဦးကလည်း ဝန်ကြီးကို ဖုန်းလှမ်းဆက်ပြီး ဂုဏ်ပြုစကားပြောရင်း သူလည်း ဝမ်းသာ၊ ဝမ်းနည်းဖြစ်ပြီး မျက်ရည် မထိန်းနိုင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာတက်တဲ့ စစ်တိုင်း (၃)တိုင်းက နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတွေနဲ့ KNLA တပ်မဟာ (၇) က နာမည်ကျော် ဗိုလ်မှူးချုပ် စောဂျော်နီတို့ အမှတ်တရ ဓါတ်ပုံ တွဲရိုက်ကြတာလည်း အဲဒီတုန်းက တအံ့တသြဖြစ်စရာ အနေနဲ့ မှတ်မိနေပါသေးတယ်။ အဲဒီနေ့က လက်မှတ်ရေးထိုးပြီး နောက် (၄) နာရီအကြာမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေငြာစာ ထုတ်ခဲ့တာလည်း မင်္ဂလာပေါ် မင်္ဂလာဆင့်တဲ့ လုပ်ဆောင်မှု ဖြစ်ခဲ့ပါတယ်။ လက်မှတ်ထိုးတဲ့နေ့ ညနေမှာဘဲ မော်လမြိုင်ကို ထွက်လာခဲ့ကြပြီး မော်လမြိုင်၊ ပဲခူးနဲ့ နေပြည်တော်တွေမှာ နောက်ဆက်တွဲ တွေ့ဆုံ ဆွေးနွေးပွဲတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၂၊ ဧပြီလထဲမှာ ဒေါ်နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU အဖွဲ့ဟာ ဆက်လက် ဆွေးနွေးဖို့ ပြည်တွင်းကို ဒုတိယအကြိမ် တရားဝင် လာရောက်ခဲ့ကြပါတယ်။ ဧပြီလ (၅) ရက်နေ့မှာ KNU က ခေါင်းဆောင် (၅) ဦးဟာ နိုင်ငံတော် သမ္မတကြီးနဲ့ နေပြည်တော်မှာ နှစ်နာရီကြာ တွေ့ဆုံနိုင်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက "သမ္မတကြီး အနေနဲ့ တနိုင်ငံလုံး ငြိမ်းချမ်းအောင် ခွန်အားပြည့် ဆက်လက် ဆောင်ရွက်နိုင်ဖို့၊ KNU နဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲမှုကနေ ရေရှည် ခိုင်မာတည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်စေဖို့ " လို့ ပြောပြီး ကရင်ရိုးရာ သင်တိုင်းကို သမ္မတကြီးကို ကိုယ်တိုင်ဝတ်ဆင်ပေးခဲ့ပါတယ်။ သမ္မတကြီးကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ အဲဒီ ကရင်သင်တိုင်းကို ဝတ်ဆင်ပေးနေတဲ့ အခိုက်အတန့်ဟာ ကျွန်တော့်လို သာမန်ပြည်သူ တစ်ယောက်အဖို့တော့ ကြက်သီး မွေးညင်းထရလောက်တဲ့ အထိ ဝမ်းသာပီတိ ဖြစ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာပဲ သမ္မတကြီးက ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့နဲ့ အရှည် တည်တံ့နိုင်ဖို့အတွက် အချက် (၆) ချက် ကို သူ့ရဲ့ အတွေ့အကြုံအရ ပြောပြပါတယ်။ အဲဒါတွေကတော့ (၁) အစိုးရဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၂) တပ်မတော်ဟာ ငြိမ်းချမ်းရေးကို ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၃) တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ပြင်းပြတဲ့ဆန္ဒနဲ့ လိုလိုချင်ချင် ရှိရမယ်။ (၄) ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးတွေ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးစားကြရပါမယ်။ (၅) နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ဖြစ်စဉ်တွေကို လိုလားထောက်ခံမှု ရှိရမယ်။ (၆) ငြိမ်းချမ်းရေး ဖော်ဆောင်ရမယ့် နှစ်ဖက် Player တွေဟာ ပြင်းပြတဲ့ ဆန္ဒနဲ့ လိမ္မာပါးနပ်မှု ရှိရမယ် လို့ ဆိုပါတယ်။ အခု ဒီအခြေနေတွေ ပြည့်စုံနေပြီဖြစ်လို့ ငြိမ်းချမ်းရေး ရအောင် လုပ်ကြပါစို့ တိုက်တွန်းပါတယ်။ ဒီတွေ့ဆုံမှုဟာ လေးလတာ အပစ်အခတ်ရပ်စဲမှုရဲ့ နောက်မှာ အကြီးမားဆုံး ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တနှစ်ပြည့်တဲ့အထိ သေနတ်သံ မကြားရသလောက်ဖြစ်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ တပ်မတော် ခေါင်းဆောင်များ ၊ KNLA ခေါင်းဆောင်များကို တကယ်ပဲ ကျေးဇူး တင်မိပါတယ်။ ရေရှည်လည်း ဆက်လက် ထိန်းသိမ်း သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ KNU အဖွဲ့ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထူးခြားအောင်မြင်မှုနဲ့အတူ သမိုင်းမှတ်တိုင်သစ်တွေကို စိုက်ထူနိုင်ခဲ့တဲ့ အဖွဲ့အစည်း ဆိုလည်း မမှားပါဘူး။ ထူးခြားချက်အနေနဲ့ KNU ဟာ နေပြည်တော်အထိ ရောက်ခဲ့ပြီး ဒု သမ္မတ၊ ကာကွယ်ရေးဝန်ကြီး အပါအဝင် ဒု ဗိုလ်ချုပ်ကြီးများ နဲ့အတူ ညစာစားပွဲမှာ ဆုံနိုင်ခဲ့ကြပါတယ်။ ပိုပြီး ထူးခြားတာကတော့ KNU အဖွဲ့ဟာ တနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတကြီးနဲ့ နှစ်ကြိမ်၊ ဒု သမ္မတ နဲ့ နှစ်ကြိမ် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တစ်ကြိမ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကြိမ် တွေ့ဆုံထားပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အောင်မြင်တဲ့ သမိုင်းမှတ်တိုင်များ စိုက်ထူ ထားနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာ အဖြစ်အပျက်ပေါင်းများစွာ တခုပြီးတခု ဖြစ်ပျက်သွားပါတယ်။ အခု တနှစ်ပြည့်ပါပြီ။ ငြိမ်းချမ်းရေးအတွက် ကြိုးစားကြရင်း ဆရာဒေးဗစ်ထော၊ KNU က ဗိုလ်မှူးကြီး မိုးဖြူ၊ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဒေါက်တာနေဝင်းမောင် တို့အပြင် ကျွန်တော်သိသော၊ မသိသော လူပေါင်းများစွာ ကွယ်လွန်သွားခဲ့ပါပြီ။ တနှစ်ပြည့်ကနေ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်ခန့်မယ့် ငြိမ်းချမ်းရေးကို ကျန်ခဲ့တဲ့ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးက ဆက်ပြီး ဆောင်ရွက်ကြရပါလိမ့်မယ်။ ကျွန်တော်တို့ နောင်လာနောက်သား မျိုးဆက်တွေ အတွက် အပစ်အခတ်တွေ ရပ်စဲကြပြီး ငြိမ်းချမ်းရေးတွေ ရသည်အထိ၊ ပြီးတော့ ရလာတဲ့ ငြိမ်းချမ်းရေးကို ခိုင်မာသထက် ခိုင်မာအောင် ကြိုးစားပြီး ဆောင်ရွက်ကြဖို့ အားလုံးကို မေတ္တာရပ်ခံပါရစေ။ KNU အဖွဲ့လိုဘဲ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ် ရပ်စဲမှု လက်မှတ်ရေးထိုးတဲ့ အဖွဲ့ပေါင်းများစွာ ရှိပါတယ်။ ဒီအဖွဲ့တွေကိုလည်း ဒီနေရာကနေ ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ပါကြောင်း၊ ဂုဏ်ပြုပါကြောင်းနဲ့ ဆက်လက်ထိန်းသိမ်းပြီး ငြိမ်းချမ်းရေးအတွက် နောက်ထပ် တဆင့်ပြီး တဆင့် ဆက်သွားနိုင်ပါစေကြောင်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။ နောက်ထပ် ကြိုးစား ညှိနှိုင်းနေတဲ့ အဖွဲ့တွေလည်း ရှိပါသေးတယ်။ KIO အပါအဝင် ဒီအဖွဲ့တွေ အားလုံးလည်း တဆင့်ပြီး တဆင့် ညှိနှိုင်းဆွေးနွေး၊ ယုံကြည်မှု တည်ဆောက်၊ မျှတတဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ရရှိလာပြီး ဒီနိုင်ငံရဲ့ Nation Building ၊ State Building မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြဖို့ကိုလည်း မျှော်လင့်ပါတယ်။ ကျွန်တော့်စာကို ၂၀၁၂၊ အောက်တိုဘာလ (၁၄)ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာဒေးဗစ်ထောကို အစွမ်းကုန် ကြိုးစားကုသပေးခဲ့တဲ့ ဆရာဝန် ဗိုလ်မှူးကြီးရဲ့ စကားနဲ့ အဆုံးသတ်လိုပါတယ်။ "အရင်တုန်းက တရက်ထဲမှာ မိုင်းထိတဲ့ တပ်မတော်သား အများဆုံး နှစ်ဆယ်ကျော်အထိ ခြေဖြတ်၊ လက်ဖြတ် Case တွေ လုပ်ခဲ့ရဘူးတယ်။ အခု အဲဒီလို Case တွေ မရှိသလောက်ဖြစ်လို့ ဆေးကျောင်းသားတွေကို Video File တွေ ပြပြီး သင်နေရတယ်။ နောက်ထပ် သူ့ဘဝ တလျှောက်လုံး ဒီလို Video File နဲ့ပဲ သင်ရတဲ့ ဘဝကို ရလိုပါတယ်" တဲ့။ (ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးနဲ့ ပြည်သူလူထု အားလုံးကို ဒီနေရာကနေ ကျေးဇူးတင် လေးစားမှုနဲ့ ဦးညွတ် အလေးပြုပါတယ်။) Credit:လှမောင်ရွှေ Face Book page ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်
Read More »

KIA အဖွဲ့ တပ်မဟာ (၂) တပ်ရင်း (၆) စခန်းဟောင်းအား အစိုးရတပ် သိမ်းပိုက်

ဖားကန့်မြို့နယ်နှင့် အရှေ့မြောက်ဖက် ၁၀ မိုင်အကွာရှိ ကန်စီး၊ စိုင်းလှ ဒေသအခြေစိုက် KIA တပ်ရင်း (၆)၊ စခန်း ဟောင်းအား တပ်မ (၆၆) တပ်ဖွဲ့များက ယမာန်နေ့ ညပိုင်း (၂၂း၀၀) အချိန်တွင် သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ တဦးက ဆိုပါသည်။ “ စခန်းကတော့ အရင်ကဆို တပ်ရင်း (၆) စခန်း ပါဘဲ။ အခုကျတော့ KIA အောက်ပို့ တပ်နဲနဲဘဲ ရှိတယ်။ စခန်းပြောင်း နေတာ တလနီးပါး ရှိပါပြီး။ အစိုးရတပ်ဖွဲ့က ၀ါဒဖြန့်သလို အဲဒီစခန်းမှာ KIA အင်အား (၅၀၀) လောက်ရှိမယ် ဆိုရင် လွယ်လွယ်နဲ့ ဘယ်ရမလဲ၊ အခုတော့ အလွယ်လေးနဲ့ ရလိုက်တာပါ။ KIA မ် သိပ္မရွိတာ။ တပ်စုရုံးလောက် ဘဲရှိ တယ် လေ။” ဟု ဆိုပါသည်။ အစိုးရတပ်များသည် ဤစခန်း ရရှိရေးအတွက် တပတ်နီးပါးခန့် စစ်ဆင်နေခဲ့ပါသည်။ KIA တပ်များသည် စခန်းအရှင် ထားရှိပြီး အစိုးရစစ်ကြောင်းများကို ချွေစစ်ဖြင့် ဖြတ်တိုက် နေခဲ့ပါသည်။ အစိုးရတပ်ဖွဲ့များသည် ဗန်းမော်- လိုင်ဇာ လမ်းကြောင်းရှိ လာဂျားယန်၌လည်း ပြင်းထန်စွာ စစ်ဆင်ခဲ့ပါသည်။ ဤ သို့ကြောင့် နေရာတချို့တွင် KIA တပ်များ (၂) ဖါလုံခန့် တပ်ဆုတ် ပေးခဲ့ရပါသည်။ လဂျားယန်ရှိ ခယာဘွမ် စခန်းအား စစ်ဆင်နေသော အစိုးရတပ်များမှာ တပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၆) တပ်ရင်း၏ အထူးကွန်မန်ဒို တပ်ဖွဲ့၊ တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်သော ခလရ (၂၅၉) တပ်ဖွဲ့၊ ခလရ (၂၅၈) (၂၅၉) တပ်ဖွဲ့ ခမရ (၃၈၂) (၃၈၈) တပ်ဖွဲ့များဖြစ်ပြီး၊ ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အခြေချ အမြောက်တပ်ရင်းမှ ခယာဘွမ် KIA တပ်စခန်းဘက်သို့ ၁၀၅ မမ ဖြင့်၎င်း၊ မန်တဲကျေးရွာဘက်မှ ၁၂၀ မမ ဖြင့်၎င်း၊ ဘွမ်ရေ (Bum Re Bum) တပ်စခန်း၊ တိဘက်တပ်စခန်း၊ ၀ိုင်း မော်တပ်စခန်းများမှ ၈၁ မမ၊ ၆၀ မမ စိန်ပြောင်း၊ အမြောက်များက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ပါသည်။ ခယာဘွမ် KIA တပ်စခန်းကို ညနေ ၄ နာရီ ၁၅ မိနစ်တွင်တကြိမ်၊ ၄ နာရီ ၄၅ မိနစ်တွင်တကြိမ်၊ (၃) ကြိမ်လာပြီး Jet Fighter (၂) စီးသည် ဗုံးကျဲ ဒုံးဖြင့် မိနစ် ၃၀ စီခန့်ကြာ ပျံဝဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ယမာန်နေ့၌လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အထိနာခဲ့သော အစိုးရတပ်များသည် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံ ကျေးရွာ ရှိ ကချင်ရပ်ကွက်ကို မီးရှို့လိုက်သည်ဟု ရှေ့တန်းရှိ ကျောင်းသားတပ်မတော်က ဆိုပါသည်။ အဆိုပါ ကျေးရွာ သည် ရှမ်းလူမျိုးများ အများစုနေထိုင်ရာ ရွာကြီးဖြစ်ပြီး ယခုကဲ့သို့  ကချင်လူမျိုးများ အများစု နေထိုင်ရာ ရပ်ကွက် ကို သာ ရွေးချယ်ပြီး မီးရှို့ ခြင်းဖြစ်ပါသည် ။ ထို့အပြင် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်အနီး ကားလမ်းပေါ်တွင် ဇန်န၀ါရီလ (၁၇) ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်တွင် ဗုံး ၁ လုံးပေါက်ကွဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံတဦးက ဆို ပါသည်။ ဤဗုံးခွဲမှုသည် အစိုးရတပ်ဖွဲ့က KIA အား စွပ်စွဲထားသော်လည်း ဒေသခံများကမူ မဖြစ်နိုင်ကြောင်း ဆိုပါသည်။ Credit: ရွှေဟင်္သာသတင်းဌာန
Read More »

မော်ဝမ်းဆုတောင်းကုန်းအား ဗမာစစ်တပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်

ဇန်န၀ါရီလ ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ဖားကန့်မြို့၊ မော်ဝမ်း ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းရှိ ဆုတောင်းကုန်းသို့ ဗမာစစ်တပ် ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း မော်ဝမ်းအသင်းတော်၏ သိက္ခာတော်ရ အသင်းအုပ်ဆရာကြီးထိန်နန်တက်နော် နှလုံးဖောက်ပြီး သွေးတက်ကာ ပုဂ္ဂလိကဆေးရုံတွင် တစ်ညတာ ကုသခဲ့ရကြောင်း အသင်းတော်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းကပြောပြပါသည်။ အခင်းမဖြစ်ပွါးမှီ အသင်းတော် အမျိုးသမီးအဖွဲ့များက ထိုဆုတောင်းကုန်းတွင် ဆုတောင်းဝတ်ပြုအပြီး ညနေ ၃ နာရီခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ပစ်ခတ်မှုကြောင့် ဆုတောင်းကုန်းရှိ အဆောက်အဦးတစ်ခု ပျက်စီး ခဲ့ပြီး လက်ဝါးကပ်တိုင်လည်း ထိခိုက်ခဲ့ရပါသည်။ ထိုဆုတောင်းကုန်းတွင် ဗမာစစ်တပ် ခလရ ၂၂၈ မှ တစ်နှစ်ပတ်လုံး စခန်းချကာ နေထိုင်ခဲ့သည့်နေရာဖြစ်ပြီး တပ်ရုပ်သိမ်းသွားသည်မှာ နှစ်ပတ်ခန့်သာရှိသေးကြောင်းသိရပါသည်။ ထိုတပ်မှ ဗိုလ်ကြီးလွမ်းမိုးအောင် ပစ်ခတ်မှုမဖြစ်မှီ မော်ဝမ်းအသင်းအုပ်ဆရာကြီးထံသို့ ဖုန်းဆက်ခဲ့ကြောင်း အသင်းအုပ်ဆရာကြီးက ပြန်လည် မဖြေကြားနိုင်ခဲ့သဖြင့် ပစ်ခတ်မှုပြီးမှ ဖုန်းဆက်နိုင်ခဲ့ကြောင်း ပြောပြပါသည်။ ထိုဗိုလ်ကြီးက လက်နက်ကြီး ကျသည့်နေရာအားမေးမြန်းပြီး၊ ထပ်မံပစ်မည်ဖြစ်ကြောင်း သတိပေးပါသည်။ အသင်းအုပ်ဆရာကြီးမှ အဘယ့်ကြောင့်ဆုတောင်းကုန်းသို့ လက်နက်ကြီးဖြင့်ပစ်သနည်း၊ မည်သူမျှမရှိကြောင်း ၊ ဆုတောင်းကုန်း တောင်ခြေတွင် စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်ရှိကြောင်း ထပ်မံ၍မပစ်ခတ်ရန်တောင်းပန်ကြောင်း၊ ထိုဗိုလ်ကြီးကလည်း ဗျူဟာမှူးအား ပြောပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုပါသည်ဟု အသင်းအုပ် ဆရာကြီးက ပြောပြပါသည်။ ထိုသို့ပြောဆိုပြီးနောက် ပစ်ခတ်မှုများရပ်သွားပါသည်။ ည ၈ နာရီခန့်တွင် ထိုဗိုလ်ကြီးလွမ်းမိုးအောင်က မော်ဝမ်းအသင်းတော်လူငယ်ခေါင်းဆောင်အား ၎င်းတို့ပစ်ခတ်ခြင်းမဟုတ်ကြောင်း၊ အမှိုက်ပုံဖက်မှပစ်ခတ်ခြင်းဖြစ်ကြောင်း ငြင်းဆိုကြောင်းရှင်းပြပါသည်။ သို့သော် ထိုလူငယ်ခေါင်းဆောင်က ထိုပစ်ခတ်မှုဖြစ်စဉ်တွင် ၎င်း၏နေအိမ်တွင်ရှိနေပြီး ဗျူဟာကုန်းဖက်မှ လာသော မီးခိုးတန်းအား မိမိနေအိမ်မှမြင်တွေ့ခဲ့ကြောင်းဆိုပါသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ သွားရောက်ခဲ့သည့် လူငယ်လေး၏ ပြောပြချက်အရ မြုပ်ထားတဲ့မိုင်းကွဲတာလည်းမဟုတ်ဘူး၊ အမှိုက်ပုံဖက်က လာတဲ့ လက်နက်လည်းမဟုတ်ဘူး၊ ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ ပခုံးထမ်းဖြစ်ဖို့များပါတယ်၊ လက်နက်ရဲ့ဦးတည်ရာက အဲဒီဖက်ကလာတယ်ဆိုတော့ ရှင်းပြစရာတော့လိုမယ်မထင်ဘူး ဟု သူ၏ အမြင်ကိုပြောပြပါသည်။ ဗမာစစ်တပ်သည် ခရစ်ယာန်အသင်းတော်များအား လက်လွတ်စပယ် ပစ်ခတ်သည်မှာ အကြိမ်ကြိမ်ရှိပြီဖြစ်ပါသည်။ ၂၀၁၂ ဇွန်လတွင်လည်း ဆိုင်းတောင် ခရစ်ယာန်ဆုတောင်းကုန်းနှင့် တရုတ်နှစ်ခြင်းအသင်းတော်သို့အား လက်နက်ကြီးဖြင့် ၁၂ ချက်တိတိပစ်ခတ်ခဲ့ဖူးပါသည်။ အောက်တိုဘာလအတွင်းကလည်း ထိုမော်ဝမ်းကချင်နှစ်ခြင်းဘုရားကျောင်းအရှေ့တွင် လက်နက်ကြီးကျပြီး လူ ၆ ဦးဒဏ်ရာရရှိခဲ့ဖူးပါသည်။ ယခုအခါ ထိုမော်ဝမ်းကချင်နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်းရှိ ဆုတောင်းကုန်း ပေါ်သို့ တက်ရောက်ခွင့်ပိတ်ထားကြောင်း၊ တက်ရောက်လိုပါက ဗျူဟာမှူးထံ အခွင့်တောင်းပြီးမှသာ တက်ရောက်နိုင်ကြောင်းအသင်းသားများကပြောပြပါသည်။ ထိုဘုရားကျောင်းဝင်း အတွင်းနေထိုင်သော စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်မှာလည်း စိုးရိမ်ထိန့်လန့်စွာ နေထိုင်နေရပါသည်။ ဖားကန့်ဒေသခံများက ဗမာစစ်တပ်သည် တောမှော်သွားရာလမ်းတွင် ထိခိုက်ကျဆုံးမှုများသဖြင့် ဆုတောင်းကုန်းတွင် ဆုတောင်းသူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ စာရေးသူအနေဖြင့် ဗမာစစ်တပ်သည် အစိုးရတစ်ရပ်ဖြစ်သည့်အတွက် ဤကဲ့သို့ ထိခိုက်ရှလွယ်သော ကိစ္စမျိုးတွင် လူကြီးဆန်စွာကိုင်တွယ်သင့်ပါသည်။ လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာများမဖြစ်အောင် ရှောင်ရှားရမည့်အစား ဤကဲ့သို့လက်လွတ်စပယ် လုပ်ဆောင်ခြင်းမှာ အစိုးရတစ်ရပ်ဟုခေါ်ဆိုနိုင်ရန် စဉ်းစားစရာများဖြစ်ပါသည်။ မည်သူအစိုးရဆန်နေပြီး မည်သူသူပုန် ဆန်နေသည်ကို တွေးခေါ်တတ်သူတိုင်း စဉ်းစားနိုင်ကြစေရန်ဆန္ဒပြုလိုက်ပါသည်။ Credit: Lachid Kachin
Read More »

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား

ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက - “နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။ ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။ ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။ အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။ ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။ ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ.... ဒေါက်တာဆိတ်ဖွား
Read More »

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်

KIA တပ်ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) စခန်းမှ အစိုးရတပ်များသည် ၄င်းစခန်းပတ်ဝန်းကျင်ကို ရှင်းလင်းရန် မနေ့ကထိုး စစ်ဆင်ခဲ့ရာ အကျအဆုံးများစွာရှိခဲ့သည်ဟု ကျောင်းသားတပ်မတော် ဒုတိယစစ်ရေးတာဝန်ခံ ဗိုလ်မှူးကိုပေါက်က ဆိုပါ သည်။ “ ခါ့ရာဘွမ် ကို သူတို့ စစ်ထိုးဆင်နေတာ ၅ ရက်ရှိပြီး။ မနေ့က မနက် ၇ နာရီခွဲမှာဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။ လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟုဆိုပါသည်။ အကျအဆုံးများစွာရှိသော်လည်း ယနေ့ မနက် ၇ နာရီခန့်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ပြန်ပါသည်။ အစိုးရ၏ ထိုးစစ် ဆင်တပ်ဖွဲ့များအား KIA နှင့် ကျောင်းသားတပ်မတော်တို့က ဖြတ်တောက်တိုက်ခိုက်သဖြင့် အစိုးရတပ်ဖွဲ့များရှေ့မ တိုးနိုင် သေးဟုဆိုပါသည်။ ဤသို့ကြောင့် တိုက်လေယာဉ် ၂စင်း၂ နာရီ ၁၅ မိနစ်အချိန်တွင် လာရောက် ဗုံးကျဲခြင်း ၊ စက်သေ နတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းနှင့် မြေပြင်ပစ် ဒုံးများ အသုံးပြု ပစ်ခတ် တိုက်ခိုက်လာခဲ့သည်။ ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် လိုင်ဇာ၏ အနောက်ဘက်၌ ရှိပြီး ၅ မိုင်ခန့် အကွာတွင် ရှိပါသည်။ ဤနေရာသည် KIA တပ်ရင်း (၂၃) နှင့် (၂၄) အတွက် အဓိကကျသည့် အရှေ့ကာကင်းစခန်း တခုလည်းဖြစ်နေပါသည်။ လိုင်ဇာကိုစိုးမိုးနိုင် ရန် ဤနေရာရရှိရေးသည် အစိုးရတပ်ဖွဲ့များအတွက် လွန်စွာအရေးကြီးပါသည်။ ဤ သို့ကြောင့် (၁၇) ရက်တိုင်တိုင် မြေ ပြင်နှင့် ဝေဟင်ကို အသုံးချပြီး စစ်ဆင်နေခြင်းဖြစ်ပါသည်။ “ လာပစ်တဲ့ လေယာဉ်က ၆ စင်း ၊ တခါလာတာ ၂ စင်းတွဲ ၊ ၃ ခေါက် လာပစ်သွားတယ်ဗျ။ စက်သေနတ်နဲ့လဲပစ်တယ်။ နောက်ပြီး ဗုံကျဲချတယ်။ မြေပြင်ပစ် ဒုံးတွေနဲ့လဲ ပစ်တယ်။ အပြင်းအထန်ပါဘဲ။ အခု ၅ နာရီခွဲမှာ ဒီ ဘွမ်ရီဘွမ် ၇၇၁ ဘက် မှာလဲ ပစ်ခတ်နေတုန်း ။” ဟု ဗိုလ်မှူးက ဆိုပါသည်။ အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျား ယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်နေခြင်း မဟုတ် ကြောင်း ဇန်န၀ါရီလ ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ KIA သည် ဘွမ်ရီဘွမ် ပွိုင့် ၇၇၁စခန်းကို လက်လွှတ်ထားရသော်လည်း စခန်းပတ်ပတ်လည်ကို ၀ိုင်းရံထားခြင်းဖြစ်ပါသည်။ ဤသို့ကြောင့် ဘွမ်ရီဘွမ်စခန်းရှိ အစိုးရတပ်များ ထွက်ပေါက်မရှိသဖြင့် ပိတ်မိနေသည်မှာ (၃) ပတ်ခန့်ရှိနေပြီးဖြစ်သည်။ တ ချိန်ထဲ၌ ၄င်းအနီးရှိ KIA တပ်ရင်း (၂၄) ကိုပါ အစိုးရတပ်ဖွဲ့များက ကြည်းလေနှစ်မျိုးစလုံး ပြင်းထန်စွာ စစ်ဆင်ခဲ့သော်လည်း အကျအဆုံးများစွာနှင့် စစ်ဆင်ရေးရပ်တန့်ကို ရပ်ထားရပါသည်။ ဤအခြေအနေမှ KIA တပ်များသည် ပြီးခဲ့သည့်အပတ်ကစပြိး လဂျားယန်စစ်မျက်နှာကို တန်ပြန်စစ်ဆင်ခဲ့ရာ အစိုးရလေ ကြောင်းမှ အကူအညီပေးခဲ့ရသဖြင့် ရဟတ်ယာဉ်တစင်း ပစ်ချခြင်းခံရခြင်းဖြစ်ပါသည်။ ဤအခြေအနေကြောင့် အစိုးရတပ် များသည် တန်ပြန်စစ်ဆင်သဖြင့် ယခုကဲ့သို့ တိုက်ပွဲများထပ်မံပြင်းထန်လာပြန်ပါသည်။ ဤအပတ်ထပ်မံစစ်ဆင်ရေးတွင် အစိုးရလက်နက်ကြီးတပ်ဖွဲ့သည် လိုင်ဇာကို ဦးတည်ပြိး တိုက်ခိုက်လာခဲ့ပါသည်။ အရပ် သားများထိခိုက် သေဆုံးမှုများဖြစ်လာသည့်အတွက် တရုတ်အစိုးရကပါ ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဖက်၌ နေရာချလာခဲ့ရခြင်းဖြစ်ပါသည်။ အစိုးရ၏ (၇) မိုင် (၀ါ) လိုင်ဇာစစ်ဆင်ရေးသည် မြောက်ပိုင်းတိုင်းတိုင်းမှူး၏ ဒီဇင်ဘာ (၂၅) ရက်နေ့ ရာဇာသံပြီးနောက်ပိုင်း အထူးစစ်ဆင်ရေးဖြင့် တိုက်ခိုက်လာခဲ့သော်လည်း ယနေ့အထိရှေ့တိုးနိုင်ခြင်း မရှိသေးသလို ထိခိုက်သေဆုံးမှုများစွာနှင့် စစ်ကူအခက်အခဲနှင့်ပါ ရင်ဆိုင်နေရသည်ဟုဆိုပါသည်။ Lachid Kachin
Read More »

KIO နှင့် ဆွေးနွေးရန် ရက်ပိုင်းအတွင်း ဦးအောင်မင်း ထပ်မံကမ်းလှမ်းမည်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း မှ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံ ကမ်းလှမ်းမည် ဖြစ်ကြောင်း Myanmar Peace center (MPC)မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက နေပြည်တော် MPC တွင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။ “ဦးအောင်မင်းအနေနဲ့တော့ သူ့အနေနဲ့ တောက်လျှောက်ကမ်းလှမ်းနေတယ်။ အခုလည်း ဒီလလယ်ကျော်လို့မှ ကျနော်တို့ တဖက် အဖွဲ့အစည်းဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် သူ ထပ်ပြီးတော့ ကမ်းလှမ်းမယ်လို့ ဒီနေ့ မနက်ပဲ ကျနော်တို့ကို ရှင်းပြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ ဇန်နဝါရီလဆန်းတွင် ထပ်မံ တွေ့ဆုံရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းခဲ့ဖူးသော်လည်း KIO ဘက်မှ ပြန်လည် တုံ့ပြန်ခြင်း မရှိခဲ့သည့်အပေါ် ထပ်မံ ကမ်းလှမ်းမည်ဟုဆိုခြင်း ဖြစ်သည်။ “ဆိုလိုတာကတော့ တိုက်ပွဲအရှိန် မြင့်နေသော်လည်း ကျနော်တို့ ဖြတ်သန်းရတဲ့ထဲမှာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဝန်ကြီး ဦးအောင်မင်း ရှင်းပြတာကတော့ ငြိမ်းချမ်းရေးအတွက်ကို တဖက်က အကြောင်းမပြန်နိုင်သေးရင် သူ့အနေနဲ့ ထပ်ကမ်းလှမ်းမယ်လို့ ရည်ရွယ်ထားတယ်လို့ ရှင်းပြပါတယ်” ဟု ဦးလှမောင်ရွှေ က ဆက်ပြောသည်။ KIO ဘက်ကမူ ဝန်ကြီး ဦးအောင်မင်း ဘက်မှ ဒီဇင်ဘာလပိုင်းက ကမ်းလှမ်းခဲ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်မှု ပြင်းထန်လာသဖြင့် တွေ့ဆုံရန် တုံ့ပြန်ခြင်း မရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။ အင်္ဂါနေ့ကလည်း နေပြည်တော် MPC တွင် ဝန်ကြီး ဦအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ဇန်နဝါရီလအတွင်း KIO အပါအဝင် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံရန်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် နိုင်ငံရေး ဆွေးနွေးမှုအတွက် မူဘောင် (Frame Work) ဆွေးနွေးရန်နှင့် KIO နှင့် ငြိမ်းချမ်ရေး ဆက်လက် ဆွေးနွေးရန် ရည်မှန်းထားပြီး အကောင်အထည်ဖော်ရန် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးလှမောင်ရွှေ က ဆိုသည်။ “အစိုးရ စစ်တပ်တွေဘက်ကလည်း မှားတာ မရှိဘူး မဟုတ်ဘူး။ စစ်တပ်ဘက်ကလည်း လိုမှပဲ။ ဒါပေမယ့် အစိုးရဘက်က ငြိမ်းချမ်းရေး တကယ်ရစေဖို့ ကြိုးစားတယ်လို့ ကျနော် လုံးဝ ယုံတယ်။ ကျနော်နားလည်သလောက် မကြာမီ ရက်ပိုင်းတွေမှာ ကမ်းလှမ်းတဲ့အပြင် အခြား အပြုသဘော ဆောင်တာတွေလည်း ဆောင်ရွက်နိုင်တယ်။ သေချာပေါက် ပြောနိုင်တာကတော့ ဒီလမှာ ဒီအဖွဲ့ သုံးဖွဲ့နဲ့ တွေ့ဖို့ လုပ်ဖို့ ရည်မှန်းထားတယ်။ ဒါပေမယ့် အချိန်ပဲ အပြောင်းအလဲ ရှိမယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။ ဝန်ကြီး ဦးအောင်မင်းဘက်မှ UNFC နှင့် တွေ့ဆုံရန် အဆင်သင့်ရှိသည်ဟု သူက မဇ္စျိမကို ပြောသည်။ သို့သော် UNFC ဘက်ကမူ ဝန်ကြီး ဦအောင်မင်းနှင့် တွေ့ဆုံသည့်အခါ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား မဆွေးနွေးဘဲ အစိုးရ စစ်တပ်ဘက်မှ KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးကိုသာ ဆွေးနွေးမည်ဟု UNFC ၏ ပြောခွင့်ရသူ နိုင်ဟံသာ က မကြာမီက မဇ္စျိမကို ပြောဆိုထားသည်။ Credit : ချင်းမိုင်(မဇ္စျိမ)
Read More »

တပ်တွေကိုသာပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ၊ တိုက်ပွဲအရှိန်လျော့သွားမှာပါ ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် တွေ့ဆုံခြင်း

အစိုးရတပ်မတော်နှင့် ကေအိုင်အေကြား တိုက်ပွဲများနှင့်ပတ်သက်၍ ကေအိုင်အို၊ ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နှင့် ဇန်န၀ါရီ ၁၄ ရက်တွင် ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်များအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ မေး- ဒီနေ့မနက် ဇန်န၀ါရီ ၁၄ ရက်မှာ တပ်မတော်က ပစ်လိုက်တဲ့ အမြောက်ဆန်ထိမှန်ပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရခဲ့တာတွေ ရှိတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးလိုပါသလဲ။ ဖြေ- အစိုးရကတော့ ကေအိုင်အေက လူထုကို အမြဲတမ်း ထိခိုက်အောင်လုပ်တယ်။ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်တယ်လို့ ပြောနေကြပါ။ အမှန်တကယ်တော့ ဒီအဖွဲ့အစည်းဟာ လူထုကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေး အဖွဲ့အစည်းပါ။ လူထုအရပ်သားတွေကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်စေတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ စစ်တပ်အနေနဲ့ တိုက်ပွဲ စဖြစ်လာကတည်းက အရပ်သားတွေ နှိပ်စက်တာမျိုး၊ ရွာတွေမီးရှို့တာမျိုး၊ ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ အများကြီးရှိပါတယ်။ အထောက်အထားတွေလည်း အများကြီးရှိတယ်။ သိရက်သားနဲ့ လိုင်ဇာမှာ အရပ်သားတွေ လူနေစိပ်တဲ့နေရာကို တမင်ရည်ရွယ်ပြီး ပစ်ခတ်တာပါ။ ဒါကြောင့် လက်နက်ကြီးနှစ်လုံးက ရှေ့ဆင့်နောက်ဆင့်ကျရောက်ပြီး ပေါက်ကွဲတယ်။ မေး- ဒီဇင်ဘာလကုန်နဲ့ ဒီလဆန်းပိုင်းမှာ အခြေအနေက အတော့်ကို တင်းမာလာတော့ ဖြေရှင်းလို့ရမယ့်နည်းရော ရှိပါသေးလား။ ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ။ ဖြေ- ဒီကိစ္စပြောမယ်ဆိုတော့ ခက်မယ်ထင်တယ်ခင်ဗျ။ ထိခိုက်နစ်နာတာတွေ များလာလေ ရှုပ်ထွေးမှုတွေ များလာမယ်။ ဒီရှုပ်ထွေးမှုကို ဖြေရှင်းဖို့တော့ အချိန်ကြာကြာ ယူရလိမ့်မယ်လို့ ထင်တယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပြည်နယ်သူပြည်နယ်သားတွေနဲ့ အစိုးရကြားမှာလည်း ဖြေရှင်းရခက်တဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်။ မေး- အစိုးရဘက်က ရဟတ်ယာဉ်တစ်စီး ဇန်န၀ါရီ ၁၁ ရက်က ပျက်ကျသွားပါတယ်။ စက်ချွတ်ယွင်းခဲ့လို့ အရေးပေါ်ဆင်းသက်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဘက်က ဘာများပြောလိုပါသလဲ။ ဖြေ- အစိုးရထုတ်ပြန်ချက်က အမြဲတမ်းအဲဒီလိုပါပဲ။ ကေအိုင်အို ဌာနချုပ်၊ လဂျားယန်ဘက်ကို လေယာဉ်နဲ့ လာပစ်တုန်းကလည်း မပစ်ပါဘူးလို့ ငြင်းချက်ထုတ်တယ်။ နောက်ပြောတာများလာတဲ့အခါ လေ့ကျင့်ရေးလေယာဉ်တွေ လာတာပါလို့ ပြောတယ်။ အဲဒီလိုနဲ့ပဲ နောက်ဆုံးကျတော့ လေတပ်ကူ တိုက်ခိုက်ရတယ်လို့ နောက်ဆုံးကျ သတင်းထုတ်တယ်။ ဒါတော့ အမြဲလုပ်နေကျ ဖြစ်ရိုးဖြစ်စဉ်ပါ။ ကေအိုင်အေအနေနဲ့ လေယာဉ်လာတဲ့နောက်ပိုင်းမှာ လေယာဉ်ပစ်တဲ့အဖွဲ့ကို ဖွဲ့စည်းထားတာရှိတယ်။ လေယာဉ်ပစ်လက်နက်တွေနဲ့ နေရာတော်တော်များများမှာ နေရာယူထားတာရှိတယ်။ အခြားနေရာမှာလည်း ပစ်ခဲ့တာရှိတယ်။ ထိခဲ့တာလည်း ရှိတယ်။ ပျက်ကျသွားတဲ့အဆင့်တော့ မရောက်ဘူး။ ၁၁ ရက်နေ့ဖြစ်စဉ်မှာတော့ အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တဲ့အထဲမှာ ကျည်တချို့က အင်ဂျင်ပိုင်းကို ထိချက်မှန်သွားတယ်။ ထိချက်မှန်တာနဲ့ လေယာဉ်က နောက်ကြောင်းပြန်သွားတယ်။ ပြန်သွားရင်းနဲ့ပဲ လမ်းခရီးမှာ ပျက်ကျသွားတာပါ။ မေး- ကေအိုင်အေက ရထားလမ်းတွေ၊ တံတားတွေ မိုင်းခွဲတာ အကြိမ် ၅၀ ကျော် လုပ်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးရော ဘာများမှတ်ချက်ပေးချင်ပါလဲ။ ဖြေ- အစိုးရစစ်တပ်ကနေ တက်လာတဲ့ ရထားကို ဟန့်တားနှောင့်ယှက်တာမျိုးလုပ်တယ်။ ဒါပေမဲ့ ရထားကို တိုက်ခိုက်တာမျိုးတော့ မရှိသလောက်ပါဘဲ။ ဟိုတလောတုန်းက ကုန်တွဲနဲ့ စစ်ပစ္စည်းတွေ သယ်လာတယ်။ အဲဒီမှာ ရထားကို ဖျက်ဆီးတာ၊ ဟန့်တားတာမျိုး လုပ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာတုန်းက စစ်သားတွေ တင်လာတဲ့ ရထားဆိုရင် ဟန့်တားတာမျိုးလုပ်တယ်။ ဒါပေမဲ့ အရပ်သားတွေစီးတဲ့ လူစီးတွဲကို ဖောက်ခွဲဖျက်ဆီးတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ နောက်ပြီး လုပ်တဲ့နေရာမှာလည်း အဆန်ရထားကို ဟန့်တားတာမျိုး လုပ်တယ်။ မန္တလေးကနေတက်လာပြီဆိုတာနဲ့ သတင်းရပြီးသားပါ။ ဘယ်ရထား၊ ဘယ်အတွဲမှာ ဘယ်ပစ္စည်းတင်လာတယ်ဆိုတာ သတင်းအတိအကျရတာပါ။ သတင်းအရ လုပ်တာမျိုးလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ မနေ့တစ်နေ့ကဖြစ်တဲ့ ဖြစ်စဉ်တွေမှာတော့ ကျွန်တော်တို့ရဲ့ လက်ချက်လုံးဝမဟုတ်ဘူး။ အဲဒါကတော့ ကေအိုင်အိုအဖွဲ့အစည်းကို အဖျက်သမားဖြစ်ပါတယ်၊ အဖျက်အမှောင့်လုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်ဆိုပြီး ပုံဖော်ချင်တဲ့အတွက် လုပ်တာလို့သာ ပြောရမယ်။ ဒါ ကေအိုင်အိုနဲ့ လုံးဝသက်ဆိုင်မှု မရှိတဲ့လုပ်ရပ်တွေပါ။ မေး- အခုဆိုရင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးကိုရော ဘယ်လိုစီစဉ်ထားလဲ။ ဖြေ- အရပ်သားတွေက နဂိုကတည်းက တိုက်ပွဲဖြစ်လာတဲ့ကြားမှာဆိုတော့ အားလုံးသတိအနေအထားနဲ့ နေပြီးသားပါ။ အဲဒီလို သတိအနေနဲ့ နေရင်းတန်းလန်းနဲ့ကို အခုလိုမျိုး ဖြစ်လာတယ်။ ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်မှာလည်း အရပ်သားတွေက ဗုံးခို ကျင်းတွေထဲပုန်းဖို့ အဆင်သင့်ပါပဲ။ ပေါက်ကွဲသံကြားလိုက်တာနဲ့ နေရာယူပြီးသားပါ။ ဒါပေမဲ့ အမြောက်ကျည်ဆန်က မြန်တဲ့အတွက် အားလုံးရှောင်ချိန်မရခဲ့ဘူး။ ဒီနေ့ သေဆုံးဒဏ်ရာရတဲ့လူတွေ အများစုက ဒုက္ခသည်တွေပါ။ တခြားရပ်ရွာက တိုက်ပွဲဖြစ်လာတဲ့အခါ လိုင်ဇာဘက်ကိုပြေးလာပြီး ဆွေမျိုးအိမ်မှာ ခိုကပ်နေတဲ့ ဒုက္ခ သည်တွေပါ။ အဲဒီမှာ ၉ တန်း ကျောင်းသား အသက် ၁၄ နှစ်အရွယ်ပါတယ်။ မေး- ဒီလပိုင်းတွေမှာဆို အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်တွေမှာဆို ဟိုဘက်ဒီဘက် အုပ်စုကွဲသလိုမျိုးဖြစ်လာ။ မှတ်ချက်ပေးတာတွေကလည်း တော်တော်လေး အစွန်းရောက် လာတာတွေ့ရတယ်။ အဲဒါတွေက ပြဿနာကို ပိုဆိုးရွားသွားစေနိုင် တယ်လို့ထင်ပါသလား။ ဖြေ- ဖေ့စ်ဘွတ်ခ်တွေ ဒီမှာဖွင့်လို့ မရဘူး။ ဖေ့စ်ဘွတ်ခ်ထဲမှာ အချင်းချင်း အချင်းများနေကြတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းဘူး။ မလုပ်သင့်တဲ့ကိစ္စလို့ ယူဆတယ်။ ဖေ့စ်ဘွတ်ခ်မှာ ပြောကြဆိုကြရင်း နောက်မှာ လူမျိုးရေးပြဿနာတွေ ပေါ်လာနိုင်တယ်။ အဲဒါတကယ့် စိုးရိမ်စရာပဲဗျ။ ဒါ မဖြစ်စေချင်ဘူးဗျ။ မေး- တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အခုချိန်မှာ အရေးကြီးဆုံးက ဘာဖြစ်မယ်ထင်လဲ။ ပြန်ပြီး စကားဝိုင်း စနိုင်ဖို့ဆိုရင်က အဓိကဘာလိုအပ်မယ်ထင်ပါသလဲ။ ဖြေ- အဓိကကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့ တည်ဆောက်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုကို စတင်ဖို့ပါပဲ။ နိုင်ငံရေးဆွေးနွေးမှု စတင်လိုက်တာနဲ့ ဒီပြဿနာတွေဟာ အားလုံးပြေလည်သွားဖို့ အဆင်သင့်ပါပဲ။ အရင်တုန်းက နိုင်ငံရေးဆွေးနွေးမှုကို မပြောဘူး။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးဖို့ လုပ်ရအောင်ဆိုတဲ့ ပြောလာတာမျိုး ရှိပါတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြမယ်ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စလည်း အဖြေကောင်းရနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် ပြေလည်ဖို့ဘာလိုလဲဆိုတော့ နိုင်ငံရေးဆွေးနွေး ဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးမှု ရှိရမယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်သွားမယ်ဆိုရင်တော့ ဒီကိစ္စလွယ်လွယ်နဲ့ ပြေလည်သွားမှာပါ။ အခု သူတို့ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင်တဲ့ကိစ္စရှိတယ်။ နောက်တစ်ခုက အောက်တိုဘာ ၃၀ ရက် အတောအတွင်းမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးရအောင် ပြောဆိုပြီးတဲ့နောက်ပိုင်းမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်ပြီး လုပ်လာတယ်။ ဒါကိုချိန်ထိုးပြီးမှ သုံးသပ်ရမယ့်အပိုင်းရှိတယ်။ မေး- တွေ့ဆုံဆွေးနွေးရေးပြန်လုပ်ဖို့ စစ်ရှိန်တအားမြှင့်နေတော့ စစ်ရှိန်လျှော့ဖို့ သဘောတူပါသလား။ ဖြေ- စစ်ရှိန်လျှော့ဖို့ဆိုတာ ဒါလုပ်ရမယ့်ကိစ္စတစ်ခုပါ။ စစ်အရှိန်လျှော့ဖို့ ဘာတွေလုပ်ရမလဲဆိုရင် ကချင်ပြည်နယ်ကို ရောက်နေတဲ့ တပ်မတွေအားလုံးကို မူလတပ်တွေနေရာကို ပြန်ပြီးဆုတ်သွားလိုက်ပါ။ နောက်ပြီး လေယာဉ်သုံး ပစ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်ပါ။ ဒါဆိုရင် စစ်အရှိန်လျော့သွားမှာပဲ။ ၂၀၁၂ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ကြီးကြီးမားမားမရှိခဲ့ဘူးဆိုတာ သူတို့စစ်ရေးလှုပ်ရှားမှု မရှိလို့ပါ။ စစ်ဆင်ရေးလုပ်လာတာနဲ့အမျှ တိုက်ပွဲတွေပြင်းထန်လာ တယ်။ စစ်အရှိန်ဟာ အစိုးရတပ်ရဲ့ ထိုးစစ်ပေါ်မှာမူတည်တယ်။ တပ်တွေကိုသာ ပြန်ဆုတ်လိုက်ပြီး စမ်းကြည့်ပါ။ တိုက်ပွဲအရှိန်လျော့သွားမှာပါ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါ။ ရေးသားသူ- အေးမြကျော် 7Day News Journal ဓာတ်ပုံ- မိုးမခ
Read More »

တရားဥပဒေ စိုးမိုးရေး ဥက္ကဌ လူထုကို သစ္စာဖောက်လေပြီ။

ခုတလော ခရိုနီ၊ ခရိုပြာ အကြောင်း အမျိုးမျိုး ပြောဆိုနေတာကို ကြားရပါတယ်။ ခရိုနီ လက်ဝေခံ လုပ်ချင်တဲ့ ခေါင်းဆောင်တချို့ကလည်း ပေါင်းရမယ် တောင်းရမယ် အယူအဆနဲ့ ကောင်းတယ် ပြောလာတာတွေလည်း ရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွက်တော့ နဲနဲလေးမှ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။ ကျနော်တို့ တွက်ချက် ကြည့်ကြပါစို့၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ ဒေါ်လာ ၁ သန်း ပဲ ရှိတယ် ခုခေတ် မြန်မာငွေ ဈေးနဲ့ တွက်ချက် ကြည့်ရင် သန်း ၁ ထောင် တောင် မရှိပါဘူး။ ခရိုနီ ဇော်ဇော် လှူဒါန်းထားတဲ့ ကလေးဆေးရုံက မြန်မာငွေ သန်း ၉ သောင်းကျော်ပါတယ် ဒီအပြင် ဆေးရုံဆေးခန်းဆိုတာ ထိန်းသိမ်းစောင့်ရှောက်ခ၊ လစာတွေနဲ့ ပေါင်းရင် ထပ်ပြီး လစဉ် ကုန်ကျနေအုံးမှာပါ။ ဒီငွေတွေ ဘယ်က ရနေလဲ ပြောရင်၊ လူထုလည်ပင်းညစ်ပြီး ရရင်ရ၊ မရရင် စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး တိုင်းပြည် သံယံဇာတတွေကို နည်းမျိုးစုံနဲ့ လူထုမသိအောင် ခိုးထုတ်ရောင်းစားနေလို့သာ ရနေတာပါ။ ထားပါ ရတာတွေကို အခုလို မြန်မာငွေ သန်း ၉ သောင်းကို လှူနိုင်တဲ့သူရဲ့ ချမ်းသာမှု့ဟာ ဘယ်လောက် ရှိနိုင်မလဲ ထပ်ပြီး တွက်ချက်ကြည့်ရင် ကိန်းဂဏန်းတွေ အများကြီး ထပ်ထွက်လာဦးမှာပါ။ ဒီလို မတရားနဲ့ ရထားတဲ့ ခရိုနီ အပေါင်းပါတွေနဲ့ ပေါင်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အများကြည်ညို အားထားတဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဌ ရာထူးယူထားတဲ့ ခေါင်းဆောင် တယောက် ပါးစပ်က စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးဖို့ မပြောဘဲ၊ ပေါင်းပြီး ပြောင်းမယ် ဆိုတဲ့ စကား ထွက်လာတာဟာ လူထုကို သစ္စာဖောက်ရာ ရောက်သလို လူငယ်တွေရဲ့ ဖြူစင်သန့်ရှင်းလိုတဲ့ အတွေးအခေါ်ကိုပါ ဖျက်ဆီးရာ ရောက်ပါတယ်။ အကယ်၍ လူငယ်အများစုက ပိုက်ဆံရှိရင် ပြီးပြီ၊ တရား သာ မတရား သာ အသာထား ဘယ်သူသေသေ ငတေမာ ပြီးရော တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ပါတဲ့ အဖွဲ့တွေကို မစို့မပို့ လှူလိုက်၊ ဒါမှ မဟုတ် အခမ်းအနား တခုခုကို တက်ခိုင်းလိုက်ရင် ပြီးပြီလို့ အတွေးပေါက်လာခဲ့ရင် ကျနော်တို့ မြန်မာပြည်ရဲ့ အနာဂါတ်ဟာ ကောင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေး ဥက္ကဌ အနေနဲ့ ပြောမိတဲ့စကားအတွက် နောင်တ ရစေချင်သလို၊ ပြန်လည် ပြုပြင် စေချင်ပါတယ်။ဒါမှ မဟုတ်ရင်တော့ သခင်စိုး လမ်းစဉ်အတိုင်း အလံကတော့ နီတယ်၊ စစ်အာဏာရှင်က နီအောင် လုပ်ပေးတတ်တော့ ကြောက်တယ် ဆိုတဲ့ လမ်းစဉ်းအတိုင်း ပူးပေါင်းလိုက်ပြီလို့ တရားဝင်ကြေငြာလိုက်ပါ။ Nyein Chan Aung
Read More »

“ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ========================== ဘာစိတ်မကျေနပ်တာ ရှိလဲ” ဟိုဝါး ဒူဝါဇော်ဂမ် နှင့် အင်တာဗျူး

Howa-Duwa-Zau-Gamချင်းမိုင်(မဇ္စျိမ)။ ။ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ဦးဆောင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဟိုဝါး ဒူဝါဇော်ဂမ် Howa Duwa Zau Gam အား ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်အဖွဲ့တွင် ပါဝင်တိုက်ခိုက်ခဲ့သူ ဟိုဝါး ဒူဝါဇော်ဂမ်မှာ ယခု အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်တွင် ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်နေထိုင်လျက်ရှိသည်။ KIO နဲ့ အစိုးရ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘာတွေ ကြားနေရလဲ။ ဖြေ။ ။ တိုက်ပွဲတွေ ရပ်စဲသွားမယ်လို့ ကျနော်ကြားရလို့ ကျနော် ဝမ်းသာတယ်။ အသံလိုင်း သတင်းတွေမှာ ကြားရ တာက အခု ဆွေးနွေးမှုတွေမှာ UNFC ကနေ အဆိုတင်သွင်းမယ်ဆိုတာ ကြားရလို့ ဝမ်းသာတယ်။ ဒါမှမဟုတ်ရင် ရေရှည်တိုက်ပွဲ ဖြစ်နေမှာပဲ။ အခုက လူမျိုးရေး တိုက်ပွဲဖြစ်နေသလို ကျနော်တို့ ခံစားရတယ်။ တိုက်ပွဲတွေက တနှစ်နဲ့ ရှစ်လကျော်လာပြီ။ ဒီတိုက်ပွဲများက ဘာကြောင့် ဖြစ်ပေါ်ခဲ့တယ်လို့ ပြောလို့ရလဲ ရှင်။ ဖြေ။ ။ ခုတိုက်ပွဲတွေက ပြည်သူလူထု နာနေကြတယ်။ ခေါင်းဆောင်ပိုင်းမှာ စီမံခန့်ခွဲတဲ့နေရာမှာ လွဲမှားနေတယ်လို့ ကျနော်မြင်ရတယ်လေ။ အကောင်းဆုံးက စားပွဲပေါ်မှာ ဘာမကျေနပ်တာရှိလဲ၊ ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ၊ ဘာမှားတာ ရှိလဲ၊ ဘာအပြစ်ရှိလဲ။ အဲဒါမျိုးတွေ မေးရမှာ။ အခု ကျနော် တို့ သိသလောက် နယ်ခြားစောင့်တပ်ကို လက်မခံလို့ တိုက်တယ်လို့ ပြောတယ်။ အဲဒီဟာကိုလည်း ဘာဖြစ်လို့ နယ်ခြား စောင့်တပ်ကို ဖွဲ့ရသလဲ၊ အဲဒါ မဖွဲ့ရော ဘာဖြစ်လဲဆိုတာကို အဖြေရှာရင် ကျနော်တို့ ပြည်သူလူထုတောင် အဖြေ ပေးနိုင်ပါတယ်။ အဲဒါ ပြောချင်တယ်။ ဒီငြိမ်းချမ်းရေးအကြောင်းက ဖြည်းဖြည်းဆွေးနွေးလို့ ရတယ်။ ဒူဝါ အနေနဲ့ ဒီတိုက်ပွဲတွေ ရပ်ဆိုင်းသွားဖို့ နှစ်ဖက်စလုံးကို ဘာအကြံပြုချင်လဲ။ ဖြေ။ ။ ကျနော်တို့ ဆွေးနွေးရမယ်။ ပြေလည်အောင် ဆွေးနွေးပေးရမှာပေါ့။ အမိန့်ချလို့ မရဘူး။ တဖက်စောင်းဖြစ် မှာစိုးလို့ မပြောချင်ဘူး။ ဒါကြောင့် ကျနော့်ကို ဘယ်သူဖြစ်ဖြစ် ခေါ်ပါ။ ကျနော်က အဆင်သင့်ရှိပါတယ်။ အတတ်နိုင် ဆုံး ညှိနှိုင်းမှာပါ။ ခုနောက်ပိုင်း ပင်လုံစာချုပ်ကိစ္စကို သိပ်ပြောဆိုလာတာ မရှိဘူး။ အဲဒီအပေါ် ဒူဝါအနေနဲ့ ဘာပြောချင်လဲ။ ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ်ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။ ဖြေ။ ။ ကျနော့်အမြင်က ထာဝရ ငြိမ်းချမ်းရေး ရဖို့အရေးဆိုတာက အဲဒီ ပင်လုံစာချုပ်ကနေ ပြန်စရင် ကောင်းမယ်နော်။ ကျနော်အခု စာတွေ ဖတ်နေတဲ့အခါ ပင်လုံစာချုပ် ချုပ်တုန်းက လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေး စုစည်းပြီး ငြိမ်းချမ်းရေးအတွက် လုပ်တာ။ ကျနော်တို့ အဲဒီလို အစည်းအဝေး လို ဖြစ်မှကောင်းမှာပါ။ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားတွေက ပင်လုံစာချုပ်ကို ရိုသေတယ်။ လေးစား၊ လိုက်နာတယ်ဆို လက်ခံထားတယ်။ မဖျက်ချင်ဘူး။ ကောင်းတယ်ဆိုတာ လက်ခံထားတယ်။ ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ် ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။ ပေါင်းချင်လျက်သားနဲ့ မပေါင်းနိုင်အောင် လုပ်တာက ပေါင်းဖို့ မလိုဘူး၊ လူမျိုးပြုန်းတီးအောင်လုပ် ဆိုတဲ့သဘော သက်ရောက်တာကို မြင်ရ တယ်။ ဝမ်းနည်းတယ်။ ဒါကြောင့် ဒီပင်လုံစာချုပ်နဲ့ ပတ်သက်လို့ ကျနော်ပြောစရာတွေ အများကြီးရှိပါတယ်။ အခုက အောက်ခြေ ရာဇဝင်ကို၊ ပြည်တွင်း အစဖြစ်လာတဲ့ ရာဇဝင်ကို ကောင်းကောင်း နားမလည်ဘဲ အပေါ်ယံ လိုချင်တာပဲ လုပ်သွားရင်တော့ မှားသွားမယ်လေ။ အဲဒါကို ကျနော်ကတော့ နိုင်ငံရေးအရ ကျနော့်အဖေက နိုင်ငံရေး လုပ်ခဲ့တဲ့ လူဖြစ်တော့ သူပြောပြတာ အကုန်လုံး မှတ်ထားတာ ရှိတယ်။ “ငါတို့ ပင်လုံမှာ လက်နဲ့ ထိုးထားတဲ့ဟာကို မင်းတို့ သားသမီးတွေ၊ နောင်လာနောက်သားတွေက ခြေထောက်နဲ့ မဖျက်နဲ့” လို့ နှစ်ခါတောင် ပြောထားတာ ရှိတယ်လေ။ ဒါကြောင့် ကျနော်က အမြဲတမ်း ဘယ်သူ့ကိုမဆို ပြောပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကချင်တိုက်ပွဲကိစ္စတွေမှာ ဘာမှ ပြောဆိုလာတာ မရှိတဲ့အပေါ်မှာရော ဒူဝါအနေနဲ့ ဘယ်လို သုံးသပ်လို့ ရမလဲ။ ဖြေ။ ။ ကာတွန်းတခုမှာ တွန်းလှည်းမှာ ဦးသိန်းစိန်က သူ့ကို တွန်းတဲ့အခါကျတော့ ဒေါ်အောင်ဆန်း စုကြည်က “အေးအေး အဘ ဟိုးမှာ ရှေ့မှာ ကျင်းကြီး အနက်ကြီး”လို့ ပြောတယ်။ ဆိုတော့ သူ့ကို ကျင်းထဲ တွန်းချမလား ဆိုတဲ့ဟာမျိုး သူ သံသယ ဖြစ်နေတာနဲ့ တူတယ်။ လူအများ မြင်တာပေါ့လေ။ သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ် ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။ သူကတော့။ အသုံး ချရင်တော့ ကောင်းတာပေါ့။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်သင့်တယ်လို့ ယူဆလဲ။ သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ်ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။ ဖြေ။ ။ ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာပဲ စကားပြောရမှာပေါ့။ အစိုးရက ဖိတ်ခေါ်ပြီးမှ အကုန်လုံးဆွေးနွေးရင်တော့ ရမှာပေါ့။ မဆွေးနွေးဘဲ အခုက တပ်မတော်က ဆွေးနွေးချင်တဲ့ စိတ်မရှိဘူးဆိုတာ ကျနော်တို့ မြင်ရတယ်။ အပြတ် ရှင်းချင်တယ်။ လက်နက်နဲ့ပဲ အဖြေ ရှာချင်တယ်ပေါ့။ လက်နက်နဲ့ အဖြေရှာခဲ့တယ်ဆိုတာက ခေတ်ကုန်သွားပြီ။ ဘယ်ဟာမှ စားပွဲပေါ်မှာ မဖြေရှင်းဘဲ ရပ်တန့်လို့ မရဘူး။ လူမျိုး တမျိုး ပြုန်းတီးသွားအောင် တိုက်ရမယ် ဆိုတာက အရင်တုန်းက ဟစ်တလာ၊ နာဇီတို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ဘယ်ဟာမှ အောင်မြင်မှု မရှိဘူးလေ။ နောက်ဆုံးက လက်နက်ကိုပဲ အားကိုးတဲ့လူတွေက အရှုံးပေးသွားရတယ်။ မြန်မာအစိုးရ သတင်းစာမှာ ကြားရတဲ့အတိုင်းဆိုရင်တော့ တပ်မတော်က ထိုးစစ်ဆင်တာ မဟုတ်ပါဘူးတဲ့။ သူတို့ စခန်းမှာ သူတို့ ရိက္ခာပို့တာ အဲဒီမှာ KIA က လာတိုက်တယ်။ အရင်တုန်းက အစိုးရစခန်းတွေ မရှိတာ၊ ခုရှိလာတာက ဘယ်သူက ထိုးစစ်ဆင်တယ်လို့ ပြောရမှာလဲ။ KIA က ဖိတ်ခေါ်လို့လား။ တဖက်သတ်ကြီးလည်း စဉ်းစားလို့ မရဘူး လေ။ အခုက ထိုးစစ်ဆင်တယ်လို့ ပြောရမှာက တပ်မတော်က ထိုးစစ်ဆင်တာလား။ KIA က ထိုးစစ်ဆင်တာလားဆို တာ ကျနော်တို့ ဝေဖန်ကြည့်ရမယ်။ KIO ကလည်း ခံစစ်သဘောနဲ့ပဲ တက်လာတဲ့ စစ်ရန်ကိုတော့ လမ်းဖြတ်တာတို့ သူတို့ ရန်သူ မလာနိုင်အောင် ကြိုးစားတာပေါ့။ ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။ လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ် ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ကျနော်တို့ ဝေဖန်တာထက် ကလေးကို မေးကြည့်ရင်တောင် သိပါတယ်။ ခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ယူဆလဲ။ ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။ လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ်ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ဖြေ။ ။ အခု တိုက်ပွဲတွေက အပစ်အခတ် ရပ်စဲရေး ၁၇ နှစ်ကြာပြီးနောက်မှာ စစ်ပြန်တိုက်ဖို့ ဆိုတာက သမ္မတ ကပဲ အကြံပြုတယ်လို့ ထင်တယ်လေ။ ကျနော့်အမြင်က ဦးသိန်းစိန်လို့ မခေါ်ချင်ဘူး။ ဗိုလ်ချုပ် သိန်းစိန်လို့ပဲ ခေါ်ချင်တယ်။ ဒီလက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း၊ ကုန်းကြောင်း နေ့စဉ် ပစ်ခတ်နေတာက ကျနော်တို့ စဉ်းစားလို့တောင် သဘောမပေါက်ဘူး။ လက်နက်နဲ့ ဖြေရင်းလို့ မရဘူးဆိုတာကိုတော့ ကျနော် မြင်မိတယ်။ ဆွေးနွေးပွဲ လုပ်တဲ့အခါ ကျနော့်ကို ခေါ်ရင် ကျနော် ပြောချင်တာ အများကြီးရှိပါတယ်။ စစ်ရေးအရရော ကျနော် စစ်ထဲမှာ နေခဲ့ဖူးတော့ ကျနော်နားလည်ပါတယ်။ နိုင်ငံရေးအရ ဆိုရင်လည်း အဖေက အမြဲတမ်းပြောပြလို့ ကျနော်ပြောလို့ ရပါတယ်။ ကျနော်နားမလည်တာ ကျနော်မေးမယ်။ ကျနော်ဖြေဖို့လည်း အဆင်သင့်ရှိပါတယ်။ တခြား ဘာပြောချင်တာ ရှိသေးလဲ။ ဖြေ။ ။ ကျနော့်အနေနဲ့ အေးအေးဆေးဆေး ခေါင်းပြားအောင် အိပ်နေလို့တော့ မရဘူး။ တိုင်းပြည်က ဒီလို ဖြစ်တော့ စိတ်ထဲမှာ အင်မတန် ဝမ်းနည်းတာပေါ့။ ဝမ်းနည်းတော့ ဘယ်က ဘယ်လို ဝင်ပါပြီးမှ လုပ်ဆောင်ရမလဲ၊ အကြံပေးရမလဲ ဆိုတာ အမြဲတမ်း သတိ ဝီရိယနဲ့ နေနေပါတယ်။ ဒါကြောင့် ခေါ်တဲ့အခါ ဘယ်မှာဘဲ ခေါ်ခေါ် အချိန်မရွေးတိုင်းမှာခေါ်ခေါ်၊ ပြည်နယ်မှာဘဲ ခေါ်ခေါ်၊ ဗဟိုမှာဘဲ ခေါ်ခေါ် ကျနော်က သွားဖို့ အဆင်သင့်ရှိပါတယ်။ ချင်းမိုင်(မဇ္စျိမ)
Read More »

ကချင်တိုက်ပွဲများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ဒုက္ခသည်ဦးရေးတိုးလာ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်း ပတ်ဝန်းကျင်ကျေးရွာ တဝိုက်မှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား လတ်တလော ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် လုံးခင်းနဲ့မှော်စီစာကျေးရွာက ကယ်ဆယ်ရေးစခန်း (၇) ခုမှာ လာရောက် ခိုလှုံကြတာကြောင့် ဒုက္ခသည်တွေ နှစ်ဆခန့် ပိုတိုးလာပါတယ်။ ဒီရက်ပိုင်းမှာ စစ်ပွဲအရှိန်အဟုန်ပိုမြင့်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ထားတဲ့အတွက် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးစေချင်တယ်လို့ လုံးခင်းဒေသက ဘုန်းကြီးကျောင်းမှာ ခိုလုံနေပြီး ဖားကန့်ကျောက်စိမ်းတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဇေယျာက RFA ကို အခုလို ပြောပါတယ်။ " ကချင်ပြည်နယ်ဖာကန့် လုံးခင်းကျေးရွာအုပ်စုမှာ အစိုးရစစ်တပ်နဲ့ KIA စစ်တပ်တို့ ၁၃ ရက်နေ့မနက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် လမ်းတွေပိတ်ထားပါတယ်၊ ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေ အိမ်ပြန်လို့မရဘူးဖြစ်နေပါတယ်" အဲ့ဒီဒုက္ခသည်တွေကို လုံးခင်းဒေသခံ ရပ်မိရပ်ဖတွေ၊ ဈေးသူဈေးသားတွေ၊ ကျောက်သမားတွေနဲ့ စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်၊ ဆန်နဲ့ အလှူငွေ စုစုပေါင်း (၂၅)သိန်းခန့် လှူဒါန်းခဲ့တယ်လို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ လုံးခင်းကျေးရွာက ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးတင်စိုးက RFA ကိုပြောပါတယ်။ " မနက်ကလက်နက်ကြီးသံတွေ ကြားလို့ စာသင်ကျောင်းတွေကို နေ့လည်ကပဲပိတ်လိုက်ပါတယ်၊ ဗျူဟာကုန်းနဲ့လည်းနီးတယ်လေ၊ ပြည်သူလူထုတွေ စိတ်ချမ်းချမ်းသာသာစားနိုင် သောက်နိုင်အောင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေး အမြန်ရချင်တယ်" နယ်မြေမလုံခြုံတဲ့အတွက် ကထန်၊ ဆန်ခါ၊ မားဆား၊ ကုဋေမှော်၊ မဇွပ်ယန်စတဲ့ ရွာတွေဘက်က ဒေသခံပြည်သူတွေဟာ လုံးခင်းနဲ့ မှော်စီစာကျေးရွာက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေက ကယ်ဆယ်ရေးစခန်း တွေမှာလာရောက်ခိုလှုံနေကြတာ အခုဆို လူဦးရေ တစ်ထောင်ကျော်ရှိပြီလို့ သိရပါတယ်။ (By- RFA)
Read More »

တပ်မ ၈၈ အန္တရာယ်ကင်ပါစေ။

(Sunny Man မှ Jan. 15, 2013 နေ့ တင်ထားသော ဓါတ်ပုံ နဲ့ စာ ကို ကူးယူတင်ပြပါသည်) ထိုးစစ်မဆင်ပါဘူး... ဆိုတဲ့ သမ္မတ နဲ့ ကာချုပ်တွေရဲ့ စကား နဲ့ ဒီ မကွေးက တပ်မ တွေ ကချင်ပြည်ရောက်လာတာ ပြောင်းပြန်သဘော တက်ရောက်တယ်။ ထိုးစစ်မဆင်ဘူး ဆိုရင် ဘာသွားလုပ်ဖို့တက်သွားခိုင်းတာလဲ.. သွားအသေခံခိုင်းဖို့လား.... စကားမစပ် ပြောရအုံးမယ်... ၂၀၁၁ ဇွန်လ တိုက်ပွဲ မတိုင်မှီ ၂၀၁၀ မှာ သမ္မတ ဦးသိန်းစိန် က ၀န်ကြီးချုပ်ရာထူးနဲ့ ပူတာအို မှာ လူထု ရှေ့ ပြောခဲ့တဲ့ စကား ရှိပါတယ်။ နယ်ခြားစောင့်တပ် လက်မခံ တဲ့ ကေအိုင်အေ ကို ရွေးကောက်ပွဲ ပြီးတဲ့ နောက် အမြစ်ပျက် တိုက်မယ် ဆိုပြီး ကျူးံဝါးခဲ့တယ်။ (သူ သမ္မတ ဖြစ်လာမယ် ဆိုတာ ကျိန်းသေ တွက်ထားပုံပါ။) ၂၀၁၁ ဇွန်လ ၉ ရက်မတိုင်မှီ ဒီ တပ်မ ၈၈ တွေ ကချင်ပြည်ရောက်လာတယ်။ ပြီးတော့ တိုက်တယ်။ ၂၀၁၁ ဒီဇင်ဘာလ မှာတော့ မတိုက်ဖို့ အမိန့်ထုတ်တယ် လို့ ပြောတယ်။ သို့သော် တရားဝင်ထုတ်ထားတဲ့ အမိန့်စာ မတွေ့ဘူး။ (ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကေအိုင်အေ က အဲဒီ အထောက်အထားတောင်းတာ မပြနိုင်ခဲ့ဘူး။) ပြီးတော့ တိုင်းမှူးက စစ်သား ငါးသောင်း လောက်ကတော့ ထိုးကျွေးပြီး လိုင်ဇာ သိမ်းလိုက်မယ်.. ဘာမှတ်လဲ ဆိုပြီး ကျူံးဝါးထားတော့ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေ တော်တော် ကြောက်သွားတယ်။ သူတို့ခင်မျာ ထိုးကျွေးတဲ့ စာရင်းထဲများ ပါသွားပြီလား ဆိုပြီး ကြောက်ခဲ့ရတယ်။ ဟုတ်လဲ ဟုတ်နေပါတယ်။ ၂၀၁၁ ဇွန်လ ၉ ရက်ကနေ ယနေ့ထိ ဆုံးသွားတဲ့ တပ်မတော်သား တွေ နဲ့ အဖမ်းခံရတဲ့ တုန့်ပန်းကိစ္စ ဘာမှ အရေးတယူ လုပ်ပေးတာ မတွေ့ရပါ။ ထိုးကျွေးလိုက်တဲ့ သဘောလို့ မြင်ပါတယ်။ အခုလောလောဆယ်တော့ တိုင်းရင်းသား စစ်သား (ချင်း၊ ရခိုင်၊ ရ၀မ် နဲ့ ရှမ်း ပြည်သူ့စစ်) များကို ရှေ့တန်းမှာ ထိုးကျွေးနေတယ် လို့ သိရပါတယ်။
Read More »

ကချင်စစ်ပွဲရပ်တန့်ရေး UWSA အပါအဝင် သျှမ်းပြည် ============================= လက်နက်ကိုင်အဖွဲ့ကြီး ၃ ဖွဲ့ ပူးပေါင်းတောင်းဆို

စစ်ပွဲအဆင့်တိုးမြင့်လာနေသော ကချင်ပြည်နယ် တိုက်ပွဲ အမြန်ဆုံးရပ်တန့်အောင် အစိုးရမှ ဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။ သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၂ ပန်ဆန်းအခြေစိုက် UWSP / UWSA ၊ သျှမ်းပြည်အလယ်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် အထူးဒေသ ၃ (SSPP/SSA) ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ (မိုင်းလား) တို့ ပူးပေါင်း၍ ကချင်ပြည်နယ်တိုက်ပွဲ များရပ်တန့်ရန် ကြေငြာချက်ကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာဘာသာ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ “ ဟုတ်ပါတယ် ကျနော်တို့ ၃ ဖွဲ့ တွေ့ဆုံပြီးတော့မှ ဒီကချင်ပြည်နယ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ။ ကျနော်တို့တိုင်းရင်းသားတွေ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ နှစ်ပေါင်း ၆ဝ ကျော်ကာလ အေးအေးချမ်းချမ်း မနေရ သေးဘူး။ အစိုးရရဲ့မြန်မာ့ တပ်မတော် ကနေ တိုင်းရင်းသားတွေအပေါ် စစ်အင်အားသုံးတိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန် အစိုးရကနေ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ဝတ္တရားအရ တားဆီးပေးဖို့ပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ ဇာတ်ဆွေးကြီးကို အစိုးရကနေ ဖြစ်သမျှ နည်းပေါင်းစုံနဲ့ ပြန်ပေါ် မလာအောင် တားဆီးပေးဖို့ အလေးအနက်တိုက်တွန်း ထားတဲ့ ကြေငြာချက်ဖြစ်ပါတယ်” ဟု "ဝ" ပြည် အထူးဒေသ ၂ မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့က ပြောပါသည်။ လွတ်လပ်ရေးရပြီးချိန်ကစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၆၀ တာကာလ အတွင်း တိုင်းရင်း သားနှင့် အစိုးရအကြား ယုံကြည် မှုမရှိသဖြင့် တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျကာ စစ်မီးတောက်လောင်ခဲ့ရ သည်ဟုလည်း ကြေငြာချက် တွင်ဖော်ပြထားသည်။ “ သမ္မတကြီးအနေနဲ့ တိုင်းရင်းသားအငြင်းပွါးမှုကို ပြေငြိမ်းစေပြီးသင့်မြတ်စွာနေ ထိုင်နိုင်ရေး အတွက် လက်နက် ကိုင် တိုင်း ရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုး ပမ်းတယ်။ မြန်မာကို ကမ္ဘာက သိလာပြီးတော့ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲ လျှော့ပေးတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ မြန်မာ့တပ်မတော်ကနေ KIA အပေါ် ထိုးစစ်ဆင်နေမှု တွေ ကိုရပ် စဲပေး သင့်ပြီ။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အချိန်တန်ပြီ လို့ကျနော်တို့ တိုက်တွန်း ချင်ပါတယ်” ဟုလည်း ဆိုပါသည်။ နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုသည့်ကြိုတင်မူဘောင်အောက်တွင် မြန်မာ့တပ်မတော်မှ KIA ကချင်တပ်မတော် အား ရည်စူး သည့် စစ်ဆင်ရေးကိုချက်ချင်းရပ်စဲ ကာ နှစ်ဦးနှစ် ဘက် တွေ့ ဆုံဆွေးနွေးရေး ပြန်လည် စတင်ရန် အဆိုပါ ကြေငြာချက်၌ ဖော်ပြ ထားသည်။ မိုင်းလားတပ်မတော် ၊ UWSA,"ဝ" တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA
Read More »

တန်ဖိုးရှိသောစကားများ

ကောင်းကောင်းမွန်မွန်နေထိုင်ပြီးမကြာမကြာရယ်မောကာ အများကြီးချစ်တတ်သူသည် အောင်မြင်သူ ဖြစ်၏။ (ရောဘတ်လူး ဝစ်စတီဗင်ဆင်) * အသင်.ပြင်.ထားမှုနှင်. အခွင်.အလမ်းတို.ဆုံတွေ.သော အခါကံတရားဆိုတာ ဖြစ်ပေါ်လာ၏။ (ဆင်နကာ ) *သူတို.စွမ်းဆောင်နိုင်သည်။ အဘယ်ကြောင်.ဆိုသော် သူတို. စွမ်းဆောင်နိုင်သည်ဟု ယုံကြည်သော ကြောင်.ဖြစ်၏။ (ဗာဂျီးလ်) *အကယ်၍ ရေဆုံး ရေဖျား လိုက်ပြီး အကောင်အထည် မဖော်ဘူးဆိုလျှင်စိတ်ကူးအကောင်းစားများသည် အိမ်မက်အကောင်းစားများထက် ပိုမိုအဖိုးတန်ခြင်း မရှိ။ (ရာ.ဖ်ဝေါ်လီဒိုအင်မာဆန်) *သင်.ဘဝအတွက် သင်.မှာပဲတာဝန်ရှိသည်။ ဘဝကပတ္တူပိတ်စကိုအသင်.ဆောင်ထားပေးသည်။ပန်းချီ ရေးဆွဲခြင်းကို သင်ကလုပ်ရမည်။ (အမည်မသိ) *ကြီးမားသောရှုံးနှိမ်.မှုကို ရင်ဆိုင်ဝံ့သူတွေဟာ ကြီးမားသော အောင်မြင်မှုကို ရနိုင်၏။ (ရောဘတ်အက်ဖ်ကနေဒီ) *သင်ကြောက်နေသည်. ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ပါ။ ထိုအခါ ကြောက်စိတ်သေဆုံးသွားသည်ကို မလွဲမသွေ တွေ.ရပါလိမ်.မယ်။ (ရာ.ဖ်ဝေါ်လ်ဒိုအင်မာဆန်) *သင်.ဘဝ၏ ပျော်ရွှင်မှုသည် သင်.အတွေးများ၏ အရည်အသွေးပေါ်မှာ မူတည်နေ၏။ (မားကပ်စ်အန်တိုနီယပ်စ်) *လူတွင် ယုံမှားသံသယ ဖြစ်စရာမလိုသည်.စွမ်းရည် တစ်ရပ်ရှိသည်။ ငှင်းစွမ်းရည်မှာ အသိစိတ်ဖြင်. အား ထုတ်ပြီး မိမိဘဝကို မြှင်.တင်ခြင်းဖြစ်၏။ ထိုစွမ်းရည် ရှိခြင်းထက်အားတက်စရာကောင်းသည်.အချက်မျိုး ကျွန်ုပ်မသိပါ။ (ဟင်နရီဒေးဗစ်သော်ရိုး) *သင်.အတွေးတွေကို သတိထား။သူတို.က စကားလုံးတွေ ဖြစ်လာသည်။သင်.စကားလုံးတွေကို သတိ ထား။သူတို.က လှုပ်ရှားမှုတွေဖြစ်လာသည်။သင်.လှုပ်ရှားမှုတွေကို သတိထား။ သူတို.ကအလေ.အထ တွေဖြစ်လာသည်။သင်.အလေ.အထတွေကို သတိထား။ သူတို.ကစရိုက်ဖြစ်လာသည်။ သင်.စရိုက်ကို သတိထား။ သူတို.ကသင်.ကံကြမ္မာ ဖြစ်လာသည်။ (ဖရင်.အောက်လော) ဆရာချစ်နိုင်(စိတ်ပညာ) အောင်မြင်သူတို.ရဲ.အပြုအမူ စာအုပ်ထည်းမှ ကောက်နှုတ်ထားပါသည်။
Read More »

ဥပဒေကြမ်းနှစ်ခုနှင့် ပတ်သက်၍ သမ္မတ၏ သဘောထား မှတ်ချက်များကို မဲခွဲရာ သမ္မတ ရှုံးနိမ့်

ယနေ့ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့ ပုံမှန်အစည်းအဝေးသို့တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့တွင်ပါရှိသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို မဲခွဲဆုံးဖြတ်ရာ ပြည်ထောင်စုလွှတ်တော်က သဘောတူညီမှုရှိသော သဘောထား မှတ်ချက်များသာ အနိုင်ရရှိခဲ့ကြောင်း နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။ ယနေ့ကျင်းပသည့် အဆိုပါ လွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၆၀၇ ဦးတက်ရောက်ခဲ့ပြီးဥပဒေကြမ်းနှစ်ခုပါ သမ္မတ၏ သဘောထားမှတ်ချက်များကို တပ်မတော်သား ကိုယ်စားလှယ်အားလုံးနီးပါး ထောက်ခံသော်လည်း ရှုံးနိမ့်ခဲ့ကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။ Reference and Credit to -The Voice Weekly
Read More »

ရှောင်စေချင်သည် တညင်းသီး

အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။ အဆိပ်သင်.ခြင်း တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။ တညင်းသီးစားမယ်ဆိုရင် တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။ အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။ (ဒေါက်တာ ခင်မောင်လွင်) Ref: မြ၀တီ
Read More »

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသော သူပင် ဒေ၀ါလီ ခံရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက် အတန့် တခုသာ ထိန်းထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။ လဲလှယ်နိုင်မှ သာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာ သည်များ အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက်သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရ ပါမည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ် သက်သာ အကုန် အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသော ဆေးနည်းမှာ ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။ ၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ ( အသား၊ ငါး မရော ပါနှင့်၊ ရောဂါမရှိသေး သူများ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျား များ အတွက် ယောက်ျား ပီသစေပါသည်) ၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သလို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေးပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါ သည်။ ၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံ သီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာ လာပါမည်။ ၄။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ သုံးလ အနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။ ပျောက်ကင်း သက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူး တင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက် စာမျက်နှာပေါ် တင်လိုက်ရပါသည်။ Credit:Sandar Laynyuntmg
Read More »

ပင်လုံစာချုပ်

၁၉၄၇နေ့စွဲ။ ။ ၁၉၄၇ ဖေဖေါ်ဝါရီ လ (၁၂) ရက်။ ပင်လုံ။ မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက် ကြသော ပင်လုံမြို့ တွင် ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်း လိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင် တို့က ယုံကြည် ကြသည့် အတိုင်း တညီ တညွှတ်တည်း အောက်ပါ အတိုင်း သဘောတူညီ ကြသည်- ၁။ တောင်တန်းသားများ ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့ မှ ကိုယ်စားလှယ် များက ထောက်ခံသည့် ကိုယ်စားလှယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။ ၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာန လက်ကိုင်မရှိ ဝန်ကြီး အဖြစ်လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး နည်းတူ တောင်တန်း ဒေသ ရေးရာဌာန ကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ ထားရှိရမည်။ ထိုတောင်တန်း ဒေသ ဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။ ၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ရင်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ် နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ် ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့် အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။ ၄။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင် အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသော အခါ တွဲဘက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီ အစည်းအဝေးသို့ တက်ရောက် နိုင်ခွင့်ရှိ ရမည်။ ၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်း ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက် ရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည်မဟုတ်။ တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မှုအားဖြင့် လက်ခံသည်။ ၆။ မြန်မာ ပြည်ထောင်စု အတွင်း ကချင်ပြည်နယ် အတွက် နယ်ခြား သတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ် စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံတော် အစိုးရ အက်ဥပဒေ အရ အပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့် နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင် အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်း ဒေသ အတိုင်ပင်ခံ ဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံ တို့ကို တိုင်ပင်ဆွေးနွေးရမည်။ ၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်။ ၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံး ခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။ ၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့် ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှု များကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှု များကို လက်တွေ့ ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင် ကောင်စီသည် တောင်တန်း ဒေသ အတိုင်ပင်ခံ ဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံ များနှင့်အတူ စူးစမ်း လေ့လာမည်။ မြန်မာနိုင်ငံတော်အစိုးရ (ပုံ) အောင်ဆန်း ၁၂-၂-၄၇ ကချင်ကော်မတီ (ပုံ) (ပုံ) (ပုံ) (ပုံ) ဆမားဒူးဝါးဆင်ဝါးနောင် ဇော်ရစ် ဒိန်ရတန် ဇော်လ မြစ်ကြီးနား မြစ်ကြီးနား မြစ်ကြီးနား ဗန်းမော် (ပုံ) (ပုံ) ဇော်လွန်း လဗန်းဂရောင်း ဗန်းမော် ဗန်းမော် ချင်းကော်မတီ (ပုံ) (ပုံ) (ပုံ) ဦးလွှာမှုန်း ဦးထောင်ဇာခုပ် ဦးကီယိုမန်း အေတီအမ်။ အေတီအမ်၊တီးတိန်။ အေတီအမ်၊ဟားခါး။ အိုင်တီအက်(စ်)အမ်၊ဖလမ်း။ ရှမ်းကော်မတီ (ပုံ) (ပုံ) (ပုံ) (ပုံ) ခွန်ပန်းစိန် စပ်ရွှေသိုက် စပ်ဟုံဖ စပ်နွံ တောင်ပိုင်းစပ်ဖလုံ ညောင်ရွှေစပ်ဖလုံ မြောက်ပိုင်းသိန္နီစပ်ဖလုံ လဲချားစပ်ဖလုံ (ပုံ) (ပုံ) (ပုံ) (ပုံ) စပ်စံထွန်း စပ်ထွန်းအေး ဦးဖြူ ခွန်းဖုံး မိုင်းပွန်စပ်ဖလုံ သာမိုင်းခမ်းစပ်ဖလုံ သထုံစပ်ဖလုံ၏ကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ (ပုံ) (ပုံ) (ပုံ) (ပုံ) ဦးတင်ဧ ဦးထွန်းမြင့် ဦးကြာပု ဦးခွန်စော (ပုံ) (ပုံ) စပ်ရစ်ဖ ဦးခွန်ထီး THE PANGLONG AGREEMENT 1947 Dated the12th February 1947, Panglong, A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills: The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government: 1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counselor for Frontier Areas shall be given executive authority by similar means. 2. The said Counselor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defense and External Affairs. The Counselor for Frontier Areas shall be given executive authority by similar means. 3. The said Counselors shall be assisted by two Deputy Counselor’s representing races of which he is not a member. While the two Deputy Counselors should deal in the first instance with the affairs of their respective areas and the Counselor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility. 4. While the Counselor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counselors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed. 5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle. 6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counselor for Frontier Areas and the Deputy Counselors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935. 7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries. 8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States. 9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Executive Council will examine with the Frontier Areas Counselor and Deputy Counselors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States. Burmese Government. (Signed) Aung San Kachin Committee (Signed) Sinwa Naw, Myitkyina (Signed) Zaurip, Myitkyina (Signed) Dinra Tang, Myitkyina (Signed) Zau La, Bhamo (Signed) Zau Lawn, Bhamo (Signed) Labang Grong, Bhamo Chin Committee (Signed) U Hlur Hmung, Falam (Signed) U Thawng Za Khup, Tiddim (Signed) U Kio Mang, Haka Shan Committee (Signed) Saohpalong of Tawngpeng State. (Signed) Saohpalong of Yawnghwe State. (Signed) Saohpalong of North Hsenwi State. (Signed) Saohpalong of Laihka State. (Signed) Saohpalong of Mong Pawn State. (Signed) Saohpalong of Hsamonghkam State (Signed) Representative of Hsahtung Saohpalong. Hkun Pung (Signed) U Tin E (Signed) U Htun Myint (Signed) U Kya Bu (Signed) Hkun Saw (Signed) Sao Yape Hpa (Signed) Hkun Hte — အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »