၂၀၁၄ စီးပွားရေးအလားအလာ ----------- ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

Photo: ၂၀၁၄ စီးပွားရေးအလားအလာ
-----------
ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏စီးပွားရေးကို ရိုက်ခတ်စေမည့် လုပ်ဆောင်ချက်ခြောက်ခုရှိသည်။ နိုင်ငံခြားဘဏ်များကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် လုပ်ပိုင်ခွင့်ပြုရန် စီစဉ်ထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပြန်လည်ပြဋ္ဌာန်းရန်ရှိခြင်း၊ အီးယူ-မြန်မာအလုပ်အဖွဲ့၏ သဘောတူညီချက်များ၊ ပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာစတင်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းနှင့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေများတို့ဖြစ်သည်။ 

အဆိုပါအချက်များသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအတွက် အကောင်းဖြစ်လာနိုင်သလို ဆိုးကျိုးသက်ရောက်မှုလည်း ရှိလာနိုင်သည်။

မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်များကို ၂၀၁၄ ခုနှစ် ပထမ ၄ လအတွင်း ၀န်ဆောင်မှုအချို့ကို ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် အစိုးရက နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုရန် ဘဏ်ခွဲဖွင့်လှစ်ပေးရန်နှင့် ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခွင့်ပေးရန်တို့ဖြစ်သည်။ အဆိုပါအချက်သုံးချက်မှ နှစ်ချက်ခွင့်ပြုပေးရန်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ငါးဆယ်ကျော်ရှိသည်။

အဆိုပါအချက်သုံးချက်မှ နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ဆန္ဒမရှိကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ဘဏ်ခွဲဖွင့်ခွင့်နှင့် ငွေချေးဝန်ဆောင်မှုများ ပေးလိုက်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုက်လာနိုင်သည်ဟု ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုကာကိုလာစီးပွားရေးပဲ သောက်ရင်တော့ အဆာပြေသွားတယ်။ ဒါပေမဲ့ ဗိုက်မ၀ဘူး အာဟာရမဖြစ်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကသုံးသပ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရေးဆွဲပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို တစ်ခုတည်းပေါင်းစပ်ရန်အတွက် ပြင်ဆင်ရေးဆွဲလျက်
ရှိသည်။ ထိုကဲ့သို့ပေါင်းစပ်လိုက်သည့်ဥပဒေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပမည့် လွှတ်တော်၌ တင်ပြနိုင်ရန် ရေးဆွဲလျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူကဆိုသည်။

“ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ ထည့်ပေးလိုက်ပြီး win-win ဖြစ်အောင်လုပ်ရင်တော့ ဘာပြဿနာမှမရှိနိုင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးကသုံးသပ်သည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံသားများအား အခွန်ကင်းလွတ်ခွင့်မပေးထားပေ။ ထို့ကြောင့် အဆိုပါဥပဒေနှစ်ရပ်ပေါင်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များကို တန်းတူအခွင့်အရေးပေးလိုက်ပါက ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့်မယှဉ်နိုင်သော လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြေအနေပိုကောင်းလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

နောက် အရေးပါသောသက်ရောက်မှုတစ်ခုမှာ ၂၀၁၃ နိုဝင်ဘာလအတွင်း အီးယူ-မြန်မာအလုပ်အဖွဲ့ ဆွေးနွေးပွဲများမှ သဘောတူညီမှုများဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့တွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့သည် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပြီး အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်ကာ ချေးငွေထုတ်ချေးရန် သဘောတူညီခဲ့ကြသည်။

အဆိုပါသဘောတူညီချက်ကို အီးယူလွှတ်တော်မှ အတည်ပြုပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးမည်ဖြစ်ပြီး နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြား ထုတ်ချေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် အီးယူ-မြန်မာအလုပ်အဖွဲ့ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လျစ်လျူမရှုရန်နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးအရ တာဝန်ယူမှုတစ်ခုတည်းနှင့် မြန်မာနိုင်ငံသို့မလာရန် နိုင်ငံရေးအရတာဝန်ယူမှုပါ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကြောင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် လက်တွန့်သွားခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့
တက်ရောက်ခဲ့သူ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် ဥရောပသမဂ္ဂအောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို ကာကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်ဟု အီးယူ-မြန်မာရုံးခွဲ၏ မြန်မာနိုင်ငံရေးရာကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇာညွန့်တင်ကပြောကြားသည်။

“Market တွေ ဖွင့်ပေမယ့် တိုးတက်အောင်လုပ်ဖို့ မလွယ်သေးဘူး။ အီးယူတို့ အမေရိကန်တို့ ဈေးကွက်တွေပွင့်လာပေမယ့် စံချိန်စံညွှန်းသတ်မှတ်ချက်များကြောင့် ဈေးကွက်ရဖို့မလွယ်သေးဘူး”ဟု အီးယူ-မြန်မာအလုပ်အဖွဲ့တွင် ပါဝင်သူ ဦးနှင်းဦးကသုံးသပ်သည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က လေ့လာထားသော (Doing Business 2014) အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေခြင်းမှာလည်း မြန်မာနိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်အတွက် အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်သုံးခု တည်ဆောက်လျက်ရှိသည်။ ထိုအထူးစီးပွားဇုန်သုံးခုကို၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမှာမူ အကောင်အထည်မဖော်နိုင်သေးပေ။ အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်းမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေဦးမည်ဖြစ်သည်။

သို့သော် သီလ၀ါအထူးစီးပွားရေးဇုန် ဖွင့်လှစ်နိုင်ခြင်းမှာ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်ရန်ပြင်ဆင်နေသော ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန် တွန်းအားတစ်ခု
ဖြစ်ခဲ့သည်။

ထို့အပြင် စွမ်းအင်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတိုင်းတွင် တင်ဒါအောင်ထားသော လုပ်ငန်းများမှာ ၂၀၁၄ ခုနှစ်တွင် ၀င်ရောက်လုပ်ကိုင်လာမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် လုပ်ကွက် ၃၀ လေလံတင်ထားပြီး လေလံအောင်သည့်စာရင်းကို ဇန်န၀ါရီတွင် ကြေညာမည်ဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍတွင် လေလံအောင်ထားသော အော်ပရေတာနှစ်ခုလည်း ၂၀၁၄ ခုနှစ်အတွင်း တရားဝင်လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အခြားအရေးကြီးသော လုပ်ငန်းမှာ ပို့ကုန်လုပ်ငန်းဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ပို့ကုန်မဟာဗျူဟာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းမှ ဆန်၊ ပဲ၊ ရေထွက်ပစ္စည်း သစ်တောထွက်ပစ္စည်း အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဆန်နှင့် အထည်ချုပ်လုပ်ငန်းများ ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် ဥရောပဈေးကွက်နှင့် ဂျပန်နိုင်ငံတို့ကိုတင်ပို့နိုင်သော အရည်အချင်းမြင့်ဆန်များမှ အရောင်းအ၀ယ်ကောင်းလာနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကပြောသည်။

“ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေက အရင်လို ပိတ်လိုက်၊ ဖွင့်လိုက် မလုပ်တော့တဲ့အခါကျတော့ ဈေးကွက်ရနေပြီး ဒီနှစ်မှာ ငွေလဲနှုန်းကလည်းမဆိုးတဲ့အတွက် လာမယ့်နှစ်လည်း လယ်ယာထွက်ကုန်ကတော့ အခြေအနေကောင်းဦးမှာပဲ။ တရုတ်နိုင်ငံကလည်း စီးပွားရေးကောင်းနေတဲ့အတွက် ပုံမှန်ထက်တော့ မကျသွားနိုင်ဘူး”ဟု မူဆယ်၊ နန့်ခမ်း ကုန်သည်စက်မှုအသင်းမှ တစ်ဦးကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်တွင် အစည်းအဝေးကြီးလေးခုနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကို ပုဂံနှင့် နေပြည်တော်တို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုအစည်းအဝေးများမှာ ဇန်န၀ါရီလတွင် ၃၆ ကြိမ်၊ ဖေဖေ၀ါရီလတွင် ၁၁ ကြိမ်၊ မတ်လတွင် အကြိမ် ၈၀၊ ဧပြီလတွင် အကြိမ် ၂၀၊ မေလတွင် ၁၃ ကြိမ်၊ ဇွန်လတွင် ၁၂ ကြိမ်၊ ဇူလိုင်လတွင် ၂၆ ကြိမ်၊ သြဂုတ်လတွင် ၂၇ ကြိမ်၊ စက်တင်ဘာလတွင် ၁၁ ကြိမ်၊ အောက်တိုဘာလတွင် ၁၇ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၂၅ ကြိမ်တို့တွင် ကျင်းပမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသို့ အဓိကငွေလွှဲပို့ပေးနေသော ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာမူ ၂၀၁၄ ခုနှစ်တွင် အလားအလာသိပ်မကောင်းပေ။ မြန်မာနိုင်ငံသား သုံးသန်းကျော် အလုပ်လုပ်ကိုင်နေသာ ထိုင်းနိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းမှာ ကျဆင်းလျက်ရှိပြီး အလုပ်သမားများမှာလည်း အချိန်ပိုမဆင်းရခြင်းအပါအ၀င် လုပ်ခလစာများလည်း လျော့နည်းလာနေပြီ။

“တကယ်လို့ ယင်လပ်အစိုးရသာပြုတ်ပြီး အခြားအဖွဲ့တက်လာမယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အခြေအနေပိုဆိုးသွားနိုင်တယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အင်န်ဂျီအိုမှတာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာခဏတိုက်ခိုက်ခံနေရသဖြင့် မြန်မာနိုင်ငံသားများမှာ ပြည်တော်ပြန်သူများ တစ်နေ့တခြား များပြားလျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် စီးပွားရေးအခြေအနေမှာ ထင်သလောက်မတိုးတက်လာနိုင်ဟု ပညာရှင်များနှင့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် လက်ကျန် လ ၃၀ တွင် စီးပွားရေးတိုးတက်အောင် အဓိကဆောင်ရွက်မည်ဟု ၂၀၁၃ နှစ်လယ်ပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့မှာ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့၌ ကူညီမှုများပေးလျက်ရှိသည်။

နေထိုင်စားသောက်စရိတ် မြင့်တက်လာမှုကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းထိ တက်လာသဖြင့် ထိုအခြေအနေကိုသတိထားရန် ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် လုပ်ရမည့်လုပ်ငန်းများ များပြားသလောက် စွမ်းဆောင်မှု၊ စွမ်းရေးပိုင်းက လိုက်မမီသေးပါ။ ထို့အတွက် ပြင်းထန်သောသက်ရောက်မှုများ ရှိနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုများ ပြန်လည်မြင့်တက်လာခြင်း နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းအပြင် အခြားငွေရေးကြေးရေးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကြားဖြတ်မဟာဗျူဟာမှတ်စုစာတမ်းတွင် သတိပေးထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

Credit To 7Day News Journal
Read More »

၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း ------------------ ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

Photo: ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း
------------------
ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်

၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် ပေါ်ထွက်လာမည့် အခြေခံဥပဒေလေ့လာသုံးသပ်သည့် အစီရင်ခံစာနှင့် ဇန်န၀ါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးမူဘောင်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို အဓိကပုံဖော်ပေးမည့်ကိစ္စရပ်များဖြစ်သည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံအတွက် ၂၀၁၄ ခုနှစ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအ၀င် ဥရောပနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကျယ်ပြန့်စွာဆက်သွယ်ဆက်ဆံမှုကိုရတော့မည် နှစ်တစ်နှစ်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ၏ ခြေလှမ်းအစအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကို ဇန်န၀ါရီလတွင်ပင် ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးများမှ ပေါ်ထွက်လာမည့် ရလဒ်များသည် ၂၀၁၄ ၏ နိုင်ငံရေးဖြစ်စဉ်ကို ပုံဖော်မည်ဆိုသော်လည်း ၂၀၁၄ ခုနှစ်တစ်နှစ်လုံးသည် သိသာထင်ရှားသော အပြောင်းအလဲများ တွေ့ရမည်မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုများ၊ စိန်ခေါ်မှုများနှင့် တအုံနွေးနွေးဖြင့်သာရှိမည့် နှစ်တစ်နှစ်လည်းဖြစ်နိုင်သည်။

“၂၀၁၄ ခုနှစ်ရဲ့အကြီးမားဆုံးရိုက်ခတ်မှုက ၁၀၉ ဦး ကော်မတီရဲ့ အစီရင်ခံစာကိစ္စဖြစ်လာမယ်။ အစီရင်ခံစာက ပြည်သူလိုလားတဲ့အနေအထားကို ရောက်မလား၊ မည်ကာမတ္တပဲဖြစ်မလားဆိုတာ ဘယ်သူမှမပြောနိုင်ဘူး”ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီဝင်ဖြစ်သည့် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။	

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အဓိကကျသည့်ခေါင်းဆောင်များ အထူးသဖြင့် အတိုက်အခံနှင့် တပ်မတော်ကြားတွင် အခြေခံကျသော နားလည်မှု၊ နိုင်ငံရေးသဘောတူညီချက်မရှိသည့်အတွက် ဥပဒေပြင်ဆင်ရာတွင် မရေရာမှုများနှင့်အတူ အခက်အခဲအချို့ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကလည်း ယူဆကြသည်။

၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အဆင်ပြေနေသည့် အသိုင်းအ၀ိုင်းက ယခုပြုပြင်ပြောင်းလဲမှုများကို အန္တရာယ်ဟုမြင်လာနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ပိုမိုလွတ်လပ်သော အနေအထားများ ခံစားရရှိလာသဖြင့် ယခင်ကမျိုသိပ်ထားရသည့် အခြားတင်းမာမှုများ ပေါ်ထွက်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းက ၂၀၁၄ ခုနှစ်တွင် ကြုံတွေ့နိုင်သည့် နိုင်ငံရေးအခြေအနေကို သုံးသပ်ထားသည်။

“၂၀၁၄ မှာ သိပ်ပြီးတော့ပြင်းထန်တဲ့ လူမှုမငြိမ်သက်မှုတွေ ရုပ်ပျက်ဆင်းပျက် အားပြိုင်မှုတွေမဖြစ်အောင်လို့ အစိုးရပိုင်းက ထိန်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ မျက်နှာပျက်ရမယ့်ကိစ္စတွေကို ရှောင်ရှားချင်လိမ့်မယ်ထင်တယ်”ဟု နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းဇင်ကပြောသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွင် အရေးပါသော ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ချောမွေ့စေရန် တပ်မတော်၊ လွှတ်တော်၊ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းသည် ၂၀၁၄ ခုနှစ်တွင် အကောင်အထည် ပေါ်၊ မပေါ် မရေမရာသာရှိနေသေးသည်။

“တွေ့ဆုံမှုက ဖြစ်ရင်ဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အဓိကကျတဲ့အချက်တွေကို ပြင်ဖို့ကတော့ အရမ်းခက်ခဲမယ်ဆိုတာ သတိပြုဖို့လိုတယ်”ဟု မြန်မာနိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဘာတေးလ်လင့်တနာကသုံးသပ်သည်။

အတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ရန် မဖြစ်မနေပြင်ဆင်ရန် လိုအပ်နေသည့် ပုဒ်မ ၅၉(စ)ကို မပြင်ပေးပါကလည်း ရွေးကောင်ပွဲဝင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ပြောကြားလိုက်ပြီး အာဏာရပါတီကလည်း ပုဒ်မ ၅၉(စ)ကို ပြင်မည်ဟု ပြောကြားလိုက်သဖြင့် ခေါင်းဆောင်များကြားတွင် တစ်စုံတစ်ရာ အပေးအယူမှုများရှိနိုင်သည်ဆိုသော ခန့်မှန်းချက်များလည်းရှိလာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် တိုင်းရင်းသားများ၏ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည် အပြန်အလှန်ဆက်စပ်မှုများရှိနေသည်ဖြစ်ရာ “အခြေခံဥပဒေမပြင်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူရဦးအောင်ကိုက ထောက်ပြသည်။

“ဒီနှစ်ထဲမှာတော့ တိုင်းရင်းသားတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ဖြစ်ရင်ဖြစ်နိုင်မယ်။ ဒါပေမဲ့ အဖြေရတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတော့ ပြီးပြတ်မယ်မထင်ဘူး။ နောက်တစ်ခုက သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကို တစ်စုံတစ်ရာအာမခံချက်ရတဲ့အထိ ပြီးပြတ်စေချင်တယ်။ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ကတိက၀တ်မျိုးရတဲ့အထိ ဖြစ်စေချင်တယ်”ဟု တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့်လည်း အပစ်အခတ်ရပ်စဲရေးမရရှိသေးခြင်းက ၂၀၁၄ အတွက် နှစ်အဆက်ဆက် လက်ဆင့်ကမ်းပြဿနာအမွေဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ တိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင်တိုက်ပွဲများနှင့် လူမျိုးရေးပဋိပက္ခများအတွက် စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် အင်အားကြီးပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများက သက်ဝင်လှုပ်ရှားလာတော့မည်။

“ဒီအချိန်မှာ စီးပွားရေးမူဝါဒကို ချပြရတော့မယ့်အချိန်ဖြစ်နေပြီ။ အချိန်ကသိပ်မရှိတော့ဘူး။ ရှေ့နှစ်မှာ အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဇုန် (AFTA)ကလည်း လာတော့မယ်။ ရွေးကောက်ပွဲကလည်း လာတော့မယ်။ ဒီတော့ စီးပွားရေးမူဝါဒကိုရေးရမယ်။ လူပြိန်းကြိုက်နိုင်ငံရေးတွေ၊ ကြွေးကြော်သံတွေနဲ့ သွားရမယ့်အချိန်မဟုတ်တော့ဘူး”ဟု ဥရောပသမဂ္ဂ၏  စီးပွားရေးဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးမင်းတေဇာညွန့်တင်ကပြောသည်။

ယခုအချိန်သည် တိုင်းပြည်၏ မဟာဗျူဟာတစ်ရပ်ကို မည်သို့ပုံဖော်ဆောင်ရွက်မည်ဆိုသည်ကို ပြည်သူအားချပြစည်းရုံးခြင်းကို နိုင်ငံရေးပါတီများအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ထောက်ပြပြောဆိုမှုများရှိနေသည်။

သက်တမ်းကုန်ရန် အချိန်တဖြည်းဖြည်းနီးလာပြီဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် အစိုးရသစ်အတွက်လည်း မီးကုန်ယမ်းကုန် အားထုတ်ရမည့်နှစ်လည်းဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။

၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံရေးတွင် အရေးပါမည့်နှစ်တစ်နှစ် ဖြစ်သော်လည်း တိကျသည့်ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်စွာပြုလုပ်နိုင်ရေးသည် နိုင်ငံရေးခေါင်းဆောင်များ၏ အတ္တကင်းသော အမြော်အမြင်ရှိရှိ ဆွေးနွေးညှိနှိုင်းမှုများလိုအပ်ပြီး စေတနာကောင်းဖြင့် လုပ်ဆောင်မှုများအပေါ်တွင်သာ မူတည်နေသည်။၂၀၁၄ တွင် လုပ်ဆောင်နိုင်မှသာ ၂၀၁၅ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ချောမွေ့စေမည်ဖြစ်သကဲ့သို့ ဒီမိုကရေစီအခြေခံကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
Credit To 7Day News Journal
Read More »

အာဏာရှင်စနစ်ဆီ ဦးလှည့်မည်စိုး – ကျော်မင်း

သူဟာ လူကြိုက်များ ရေပန်းစားနေပြီး မဲတွေလည်းရလိမ့်မယ် … သူ အာဏာရသွားတာနဲ့ ဘယ်တော့မှ ပြန်ပြီး မဆင်းတော့ မှာကို စိုးရိမ်တယ်။ သူဟာ နောက်ထပ် မူဘာရက်တစ်ဦး ဖြစ်လာနိုင်တယ်လေ . . .
TOPSHOTS-EGYPT-POLITICS-UNREST-ISLAMIST
အီဂျစ်နိုင်ငံတွင် စစ်တပ်က ခန့်အပ်ထားသော အာဏာပိုင်များက လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်ကို ရိုက်ချိုး ဖျက်ဆီးကာ ဆန္ဒပြမှုများကို ထိန်းချုပ် နှိမ်နင်း၍ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသဖြင့် အာဏာရှင် စနစ်ဆီသို့ ပြန်လည်ဦးလှည့် ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန် လာကြသည်။ ဟော့စ်နီမူ ဘာရက် ရာထူးမှပြုတ်ကျ ခဲ့ပြီးနောက် သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်တွင် လူထုတော်လှန်ရေး တစ်ဖန်ပြန် လည်ပေါ်ပေါက် လာမည့် အရိပ်လက္ခဏာများကို မြင်တွေ့နေရပြီ ဖြစ်သည်။
အာမတ်ဟာရာရာကို ရေဘင် အမှတ်တံဆိပ် နေကာ မျက်မှန်မပါဘဲနှင့် တွေ့ရခဲလှသည်။ အသက် ၃၃နှစ်  အရွယ်ရှိ သွားဘက်ဆိုင်ရာ ဆရာဝန်ဟောင်း တစ်ဦးဖြစ်သူ မစ္စတာဟာရာရာ အတွက် နေကာမျက် မှန်သည် အလှအပ အတွက်ဟန်ပန် ထုတ်စရာတော့ မဟုတ်ပေ။ နေကာမျက်မှန်ကို ဖယ်ရှားလိုက်ပါ က အမြင်အာရုံ ချို့ယွင်းနေသော သူ၏မျက်လုံးအစုံကို တွေ့လိုက်ရ မည်ဖြစ်သည်။ ဘယ်ဘက် မျက်လုံးသည် အတုထည့် ထားခြင်းဖြစ်ပြီး မျက်လုံးတုပေါ်တွင် ဟာရီယာဟူသော စာလုံးကို ရေးထိုးထားသည်။ ဟာရီယာသည် အာရဗီ ဘာသာ စကားဖြစ်ပြီး လွတ်လပ်ခွင့်ဟူ၍ အဓိပ္ပာယ်ရသည်။ …
အဆိုပါ ၀ဲဘက်မျက်လုံးကို လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ရာ၌ ရင်းနှီး ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်က တစ်လုံးတည်းသာ အကောင်းပကတိ ကျန်ရှိသော ၀ဲမျက်လုံးကို ဆုံးရှုံးခဲ့ရခြင်းလည်း ဖြစ်သည်။ ၂၀၁၁ခုနှစ်တွင် မစ္စတာ ဟာရာရာသည် သေနတ်နှင့် ပစ်ခတ်မှုကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခံစားခဲ့ရပြီး ယင်းနှစ်ကြိမ်စလုံး သည် ရဲတပ်ဖွဲ့၏ လက်ချက်ပင်ဖြစ်သည်။ မူဘာရက်ကို ဆန့်ကျင်သော လူထုအုံကြွမှုကြီး စတင်ဖြစ် ပွားပြီး ရက်အနည်း ငယ်မျှအကြာ တွင် ၂၀၁၁ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် သေနတ်ကျည်ကြောင့် သူ၏ညာဘက် မျက်လုံး ထိခိုက်ပျက် စီးသွားခဲ့သည်။ ယင်းနှစ်နိုဝင်ဘာ မှာပင် လက်ဖြောင့်သေနတ်သမား လက်ချက်ဖြင့် သူ၏ ၀ဲဘက်မျက်လုံး ဆုံးရှုံးခဲ့ရသည်။ ““တန်ဖိုးကြီးကြီး ပေးဆပ်လိုက်တာ ကျွန်တော်တစ် ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်ထက် ပိုမိုဆိုးဝါးတဲ့ ထိ ခိုက်ဒဏ်ရာရခဲ့ကြတဲ့ အခြားလူ တွေအများကြီးပါ။ သူတို့ တွေဟာ အခုလည်း ဆက်ပြီး တိုက်ပွဲဝင် နေကြဆဲပါ””ဟု သူကဆိုသည်။
သူသည်လည်း မျက်လုံးနှစ် လုံးဆုံးရှုံး သွားစေကာမူ လွတ်လပ်ခွင့်အတွက် ဆက်လက် လုပ်ဆောင် နေဆဲဖြစ် သည်။ သူ့ကို အမှောင် တွင်းထဲဆွဲချခဲ့သော အုပ်ချုပ်ရေး စနစ်ကို ဆန့်ကျင်ကာ တိုက်ပွဲဝင် နေဆဲ ပင်ဖြစ် သည်။ လက်ရှိအချိန် အထိ အုပ်ချုပ်ရေး စနစ်သည် ယခင်အတိုင်းပင် မပြောင်းမလဲရှိ နေသည်ဟု သူက ဆိုသည်။
““စနစ်က အရင်ပုံစံအတိုင်းပဲ မပြောင်းလဲဘူး။ စစ်တပ်က အဲဒီ အနေအထားမျိုးဖြစ်အောင် ဆက်ပြီး လုပ်ထားတယ်။ ဒါမျိုး မဖြစ်အောင် ထိန်းမယ့်သူမရှိဘူး။ စောင့်ကြည့်စစ်ဆေးမယ့် သူမရှိ ဘူး။ အဲဒီအစားအခွင့် ထူးတွေပိုပို ကဲပြီး ယူလာကြတယ်။ ၁၉၅၂ ခုနှစ်က တည်းက ဒီလို အုပ်ချုပ်ရေးမျိုး ရှိခဲ့ပြီး ပြောင်းလဲမလာ သေးလို့ လူငယ်တွေ လမ်းတွေပေါ်တက်ပြီး ဆန္ဒပြကြတာပါ””ဟု သူကပြော သည်။ ယခင်ထက်စာလျှင် ယခုလူ စုလူဝေးသည် အင်အား နည်းပါးသွားသည့်တိုင် အီဂျစ်နိုင်ငံ၏ လမ်းမများပေါ်တင် လူငယ်များဆန္ဒပြ ကြဆဲဖြစ်ပြီး မျက်ရည်ယို ဓါတ်ငွေ့များ၊ မီးသတ်ပိုက်များနှင့် သေဘေးသင့်နိုင်သည့် ခြိမ်းခြောက်မှု တို့ကို ရဲဝံ့စွာ ရင်ဆိုင်နေကြသည်။ ဆန္ဒဖော် ထုတ်ပြသမှုများကို လုပ်ဆောင်မရအောင်ပင် ပြင်းထန် ကြမ်းတမ်းသည့် ဥပဒေ သစ်တစ်ရပ်ကို တင်းတင်းကြပ်ကြပ် ပြဋ္ဌါန်းထားသည်။ အဆိုပါ ဥပဒေသစ်သည် လူထုတော်လှန်ရေးမှရရှိ ထားခဲ့သော အဓိကကျသည့် အသီးအပွင့်များ အနက်မှ တစ်ခုဖြစ်သည့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပြန် လည်သိမ်း ယူသွားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူများက ဝေဖန်သည်။
ယင်းဥပဒေကို ဆန့်ကျင်စိန်ခေါ်မှုဖြင့် အစွန်းမရောက်သော အလယ်အလတ်သမား တက်ကြွ လှုပ်ရှားသူ ဒါဇင်ပေါင်း များစွာ ဖမ်းဆီးခဲ့ရသော်လည်း အဆိုပါဥပဒေ သည် ဖြုတ်ချခံသမ်္မတမိုဟာမက် မော်စီနှင့် သူ၏ မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့အား ထောက်ခံသူများကို အဓိက ရည်ရွယ်ပြဋ္ဌါန်းခြင်း ဖြစ်သည်ဟု အများစုက ယုံကြည်နေကြသည်။
အီဂျစ်၏ လူထုတော်လှန်ရေး မှတစ်ဆင့် အစ္စလာမ်မစ်အဖွဲ့ အာဏာ ရလာခဲ့သော်လည်း ကြာရှည် မမြဲဘဲ ပြုတ်ကျ သွားခဲ့သည်။ အီဂျစ်၌ လက်ရှိကြုံတွေ့နေရသော ဘေးဒုက္ခကိုဖန်တီးရာ၌ အဓိက လက်ညှိုးထိုး စရာဖြစ်ခဲ့သော ညီအစ်ကိုတော်များ အဖွဲ့သည် ယခုအခါ သင်ခန်းစာယူစရာ ဖြစ်နေသည်။ အီဂျစ်နိုင်ငံ၏ ပထမဆုံး လွတ်လပ်သော ရွေးကောက်ပွဲဖြင့် သမ္မတဖြစ်လာသူ မစ္စတာမော်စီသည် တစ်နှစ်မျှသာ အာဏာကိုင် စွဲနိုင်ခဲ့သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် လူအများ၏ ထောက်ခံမှုရသော အာဏာသိမ်းမှု တစ်ခုဖြင့် သူ့ကို စစ်တပ်က ရာထူးမှ ဖယ်ရှားခဲ့သည်။ ရွေးကောက်ခံ သမ္မတကို ရာထူးမှဖယ်ရှားမှုနှင့် ပတ်သက်၍ အာဏာသိမ်းမှု ဟုတ်မဟုတ်ကိုလည်း အငြင်းပွားနေဆဲဖြစ်သည်။
သြဂုတ်လတွင် အာဏာပိုင်များက မော်စီအားထောက်ခံသူများ၏ ဆန္ဒပြစခန်း နှစ်ခုကို ပြင်း ထန်ကြမ်းတမ်းစွာ ၀င်ရောက်ရှင်း လင်းခဲ့ရာမှ ဆန္ဒပြသူ ရာနှင့်ချီသေ ဆုံးခဲ့ရသည်။ ယင်းအချိန်မှစ၍ ညီအစ်ကိုတော်များ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်အများစု အပါအ၀င် နောက်ထပ်လူပေါင်းထောင်နှင့်ချီ ၍ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။
ညီအစ်ကိုတော်များအဖွဲ့၏ အဖွဲ့သားအများစု သံတိုင်နောက် သို့ရောက်ရှိသွားပြီးနောက် ညီအစ်မများက အဖွဲ့ကို ဆက်လက်တာ ၀န်ယူနေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ကို ၀ါဖါးဟက်ဖ်နီဆိုသူ အမျိုးသမီးက ဦးဆောင်သည်။ အရပ်ရှည်ရှည်နှင့် ဖော်ရွေတတ်သော တက္ကသိုလ်ဆရာမတစ် ဦးဖြစ်သူ အဆိုပါ အမျိုးသမီးသည် လက်ရှိဖြိုခွင်းခံရသော အခြေအနေကို တုန်လှုပ်ချောက်ချားပုံ မရပေ။
““ကျွန်မ ဘယ်တော့မှလက် မြှောက်အရှုံးမပေးဘူး။ အဲဒီစိတ်ဓာတ် ကျွန်မအဘိုးဆီက ရထားတာ””ဟု သူမက ဆိုသည်။ သူမ၏ အဘိုးမှာ ၁၉၂၈ခုနှစ်တွင် ညီအစ်ကိုတော်များအဖွဲ့ကို တည်ထောင်ခဲ့ သူ ဟတ်ဆန် အယ်လ်ဘန်နာ ဖြစ်သည်။ ညီအစ်ကိုတော်များအဖွဲ့သည် ပဋိပက္ခ အကြပ်အတည်း တစ်ခုအတွင်း၌ အကောင်းဆုံးရပ်တည် နိုင်ပြီး အသားကျနေပြီဖြစ်ကြောင်း မစ်္စဟက်ဖ်နီက အခိုင်အမာပြော ဆိုသည်။
““(အဖွဲ့ရဲ့)အထက်ပိုင်းက လူတွေ အကုန်လုံး မရှိကြတော့ဘူး။ ခရိုင်တိုင်းမှာ ထိပ်ဆုံးအဆင့်ရယ်၊ ဒုတိယ အဆင့်ရယ်၊ တတိယ အဆင့်ကအချို့ရယ် မရှိကြတော့ဘူး။ ဒါပေမဲ့ လူတိုင်းကို အဆင့်မြှင့် ထားလိုက်ပြီးပြီ။ ကျွန်မတို့ ဆီမှာ လွတ်နေတဲ့ နေရာ မရှိတော့ဘူး””ဟု သူမကရယ်မောကာ ပြောပြသည်။ မစ္စဟက်ဖ်နီနှင့်အတူ မုဆိုးမငယ် တစ်ဦးဖြစ်သူ အယ်လ်ရှိုင်းမား အက်ဘ်ဒယ်လာ ထံသို့ သွားရောက် ခဲ့သည်။ အဆိုပါ အမျိုးသမီး ငယ်၏ ခင်ပွန်း မာမွတ်သည် သြဂုတ်လ အတွင်း ဆန္ဒပြစခန်း တစ်ခု၌သေ ဆုံးခဲ့ရသည်။ ခေါင်းမှခြေဖျားအထိ အနက်ရောင်ဝတ်ဆင်ထားသော မစ်္စအက်ဘ်ဒယ်လာက သူမ၏ခင် ပွန်းသည် ညီအစ်ကိုတော်များအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ မွတ်ဆလင်လူမျိုး အပေါ် သစ္စာရှိပြီး အစ္စလာမ်ဘာသာကို ကာကွယ်သူ တစ်ဦးမျှသာ ဖြစ်သည်ဟူသော အချက်ကို အလေးပေးပြောဆိုသည်။ သို့သော် ယခုအခါ သူမနှင့် သူမ၏မိသားစုသည် ညီအစ်ကို တော်များအဖွဲ့နှင့် ပူးပေါင်းရမည်ကို ပျော်ရွှင်မိကြောင်း ယင်းအမျိုး သမီးကဆိုသည်။
ကျောင်းဆရာမ ဟောင်းဖြစ်သူ အဆိုပါ အမျိုးသမီးသည် ကလေး သုံးယောက်၏ တစ်ဦးတည်းသော မိဘအဖြစ် ရပ်တည်နေရသည်။ အသက်လေးနှစ် နီးပါး ရှိပြီဖြစ် သော သူမ၏သား အက်ဘ်ဒူရာမန်သည် သူ၏ဖခင် ခရီးလွန်နေသည် ဟုထင်ကာ ဖအေဖြစ်သူအတွက် အစားအသောက်များ ခွဲ၍ချန်နေဆဲ ဖြစ်သည်။ ကလေး မိခင်ကို အီဂျစ် နိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ သူမ၏အမြင်ကို မေးမြန်းကြည့်ရာ အံ့အားသင့်ဖွယ်အဖြေ တစ်ခုကို ကြားလိုက်ရသည်။
““ကျွန်မအနေနဲ့ကတော့ တကယ့်ကို အကောင်းဖက်က ရှုမြင်ပါတယ်။ ကျွန်မတို့ တစ်တွေကို သွေးခွဲဖို့ အင်မတန် ခက်ပါတယ်။ အနီးဝန်းကျင်တွေမှာ ရှိရှိသမျှပြည် သူတွေအားလုံးဟာ နိုင်ငံရေးအရ ကွဲလွဲပြီး ဆန့်ကျင်ဖက် တွေဖြစ်နေမယ် ဆိုရင်တောင် အချင်းချင်း အရမ်းကို ရင်းနှီးကျွမ်းဝင်ကြပါ တယ်””ဟု သူမက ခိုင်မာပြတ်သား စွာပြောဆိုသည်။
သို့သော် အီဂျစ်နိုင်ငံ၌ လူထု အုံကြွမှုမှ ပေါ်ထွက်လာသော အထင်ရှားဆုံး အကျိုးရလဒ်များ အနက်တစ်ခုမှာ ဆန့်ကျင်ဖက်အုပ် စုနှစ်ခု ကွဲထွက်သွားခြင်းဖြစ် နိုင်သည်။ ဖာရိုး ဘုရင်များ အုပ်ချုပ် မင်းမူခဲ့သော သမိုင်းအစဉ် အလာရှိသည့် အီဂျစ်နိုင်ငံ၌ ယင်းသို့ဖြစ်နေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ တည်ငြိမ်အေးချမ်းရေးကို ဆာ လောင် မွတ်သိပ်ကြ သကဲ့သို့ စွမ်းပကားရှိသော ခေါင်းဆောင်သစ်ကိုလည်း တောင့်တမက်မောကြသည်။ မင်းလောင်းမျှော်သည့် သဘောပင်ဖြစ်သည်။
ရွေးကောက်ခံ သမ္မတကို ဖယ်ရှားလိုက်သည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘဒူဖတ္တာ အယ်လ် စီစီသည် အာဏာသိမ်း သူရဲကောင်းအဖြစ် ပေါ်ထွက်လာသည်။ လာမည့်နှစ်တွင် သမ္မတ ရွေးကောက်ပွဲကို အဆိုပါ ဗိုလ်ချုပ်ကြီးအနေနှင့် ၀င်ရောက် ယှဉ်ပြိုင်ပါက အပြတ်အသတ် အနိုင်ရရန် မျှော်လင့်နိုင်သည့် အရိပ်အယောင် များမြင်တွေ့နေရသည်။ စစ်အာဏာရှင် တစ်ဦးကို ဖြုတ်ချခဲ့သော လူအုပ်ကြီးစုဝေးခဲ့ရာ တဟရာရင်ပြင်၌ နောက်ထပ်စစ်ခေါင်း ဆောင် သစ်တစ်ဦးအတွက် ကြွေးကြော် တောင်းဆို နေသော ဖော်ထုတ် ဆန္ဒပြသည့် လူအုပ်တစ်အုပ်ကို တွေ့မြင်ခဲ့ရသည်။
၂၀၁၁ခုနှစ်တွင် လွပ်လပ်ခွင့်နှင့် ဒီမိုကရေစီ အရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည့် အဆိုပါ ရင်ပြင်၌ပင် ယင်းလူအုပ်က   ““(ဗိုလ်ချုပ်ကြီး)စီစီ၊ ခင်ဗျားကို ကျုပ်တို့ချစ်တယ်””ဟူ၍ သံပြိုင် အော်ဟစ်နေကြသည်။
““သူ(စီစီ)ဟာ အီဂျစ်နိုင်ငံ သားတွေရဲ့ ဦးထိပ်ပန်ဆင်စရာပါ။ ကျုပ်တို့တစ်တွေ သွေးပင်လယ်ဝေ ရမယ့် အဖြစ်ဆိုးကို ရှောင်လွှဲအောင် သူကူညီခဲ့တာ””ဟု သက်ကြီး၇ွယ်အို အမျိုးသား တစ်ဦးက ပြောဆိုသည်။ ယင်းဗိုလ်ချုပ်ကြီးသည် မစ္စတာမော်စီကို ရာထူးမှ ဖယ်ရှား၍ အီဂျစ်နိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်မည့် အခြေအနေကို တားဆီးခဲ့သည်ဟူ၍ ယုံကြည်နေသူများစွာ ၇ှိနေသည်။ ဟင်းချက်ဆီ ပုလင်းပေါ်၌ လည်းကောင်း၊ ကြိုးရှုံ့ ဘောင်းဘီများ၊ အစားအသောက် စာရင်းနှင့် သကြားလုံးပေါ် တို့၌လည်းကောင်း ဗိုလ်ချုပ်ကြီးစီစီ၏ ရုပ်ပုံများ ကိုမြင်တွေ့နေရသည့် အချက်မှာ သူ့အပေါ် မည်မျှ အရူးအမူးနှစ်သက် ကြသည်ကို မီးမောင်း ထိုးပြနေသည်။
သို့သော် မစ္စတာမူဘာရက်၏ နှစ်ရှည်လများ အာဏာစွဲကိုင်ထားမှုကို အဆုံးသတ်ရန် တိုက်ပွဲဝင်ခဲ့ ကြသူ အများစု အတွက်မူ ဗိုလ်ချုပ် ကြီးစီစီနှင့် ပတ်သက်သမျှ အရာ အားလုံးက ခါးသီးလွန်းလှသည်။
““စစ်အုပ်ချုပ်ရေးစနစ်က တန်ပြန်တော်လှန်ရေးပဲ။ သူတို့တွေဟာ တိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတုန်းပဲ။ သူတို့ဟာ ကျုပ်တို့ကို လိမ်လည်လှည့်ဖျားနေ ကြတာ””ဟု မစ္စတာဟာရာရာက ဝေဖန်သည်။ အီဂျစ်နိုင်ငံတွင် တော်လှန်ရေး မပြီးဆုံးသေးသည့် သဘောမျိုးမြင်တွေ့ ခံစားနေရ သည်။ သုံးနှစ်အတွင်း သမ္မတနှစ် ဦးကိုဖယ် ရှားခဲ့ပြီး ဖြစ်သော်လည်း စနစ်ဟောင်းကိုတော့ အပြီးတိုင် ရှင်းလင်း ဖယ်ရှားခြင်းမရှိသေးပေ။ တကယ့်အာဏာ အစစ်အမှန်သည် စစ်တပ်လက်ထဲ၌ သာရှိနေပြီး အီ ဂျစ်နိုင်ငံသည် လူထုတော်လှန်ရေး မတိုင်မီ အခြေ အနေနှင့် များစွာကွာ ခြားမှုမရှိဟု လူ့အခွင့်အရေးစောင့် ကြည့်အဖွဲ့မှ တမာရာအယ်ရီဖိုင်က ဆိုသည်။
““လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်ဟာ ၂၀၁၁မတိုင်ခင်ကထက် တောင်ပိုပြီး ဆိုးသွားသလိုပဲ။ အတိုက်အခံ မီဒီယာတွေအတွက်လည်း လုပ်ခွင့်နေရာ အရမ်းနည်းတယ်။ လက်ရှိအခြေအနေကို ဖီဆန်အာခံရဲတဲ့ သူတိုင်းကို ဖမ်းဆီး တာ၊ ဖျောက်ဖျက် ပစ်တာတွေ ရှိနေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က အခြေအနေမျိုး လောက်အထိကို နောက် ပြန်ဆုတ်သွားတာကို မြင်ရတာ စိတ်ပျက်စရာပါပဲ””ဟု ယင်းအမျိုးသမီးကဆိုသည်။
ရွေးကောက်ပွဲ များကို လူဦးရေ သိပ်သည်း များပြားသော အီဂျစ်နိုင်ငံ၌ မြင်တွေ့ရတော့မည် ဖြစ်သည်။ လာမည့် နှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်၊ သမ္မတသစ်နှင့် ပါလီမန်အသစ် တို့အတွက် အီဂျစ် ပြည်သူများ မဲပေးရလိမ့်မည်။ ယင်းအနေအထားကြောင့် ဒီမိုကရေစီစနစ်ဆီ ဦးတည် ရောက်၇ှိနိုင်ဖွယ် ရှိသော်လည်း ပညာရှင်များကမူ ဘာမဆို ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။
““စီစီက ရဲတပ်ဖွဲ့၊ စစ်တပ်၊ တရားစီရင်ရေးနဲ့ မီဒီယာတွေကို ကိုင်တွယ် ထိန်းချုပ်ထားတယ်။ သူ ဟာ လူကြိုက်များ ရေပန်းစားနေပြီး မဲတွေလည်းရလိမ့်မယ်။ သူအာဏာ ရသွားတာနဲ့ ဘယ်တော့မှ ပြန်ပြီး မဆင်းတော့မှာကို စိုး၇ိမ်တယ်။ သူဟာ နောက်ထပ် မူဘာရက်တစ်ဦး ဖြစ်လာနိုင်တယ်လေ””ဟူ၍ ကိုင်ရိုမြို့တော်မှ ၀ါရင့် ဝေဖန် သုံးသပ်သူတစ်ဦးက ပြောကြား လိုက်သည်။
Ref: Egytians fear return to authoritarianism By Orla Guerin
Credit To The Myanmar Herald
Read More »

ရွေးကောက်ပွဲကော်မရှင်မှ လက်ခံလိုက်သည့် “ဖက်ဒရယ်ပြည်ထောင်စုပါတီ” တည်ထောင်သူ ဦးစောသန်းမြင့်နှင့်ပြောခြင်း – အံ့ခေါင်မင်း

““ဖက်ဒရယ်ဆိုတဲ့ စကားကို တရားဝင်သုံးတာ ကျွန်တော်တို့ FUP က  . . . အခုအစိုးရဟာ ဖက်ဒရယ်ဆိုတာကို ကောင်းကောင်း နားလည်ပြီးတော့ ကျွန်တော်တို့ကို လက်ခံခြင်းဖြစ်တယ်””
u saw than myintမကြာမီ ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီ တစ်ရပ်ကို တည်ထောင်ခွင့် ပြုလိုက်ကြောင်း ကြေညာခဲ့သည်။ ၂၀၀၉  ခုနှစ် အတွင်းမှစကာ ယခင်အစိုးရက ဖွဲ့စည်း ပေးခဲ့သော ရွေးကောက်ပွဲ ကော်မရှင်မှ  နိုင်ငံရေးပါတီ တစ်ရပ် တည်ထောင်ခွင့်ပြုကြောင်း ကြေညာချက်သည် NLD ပါတီ တည်ထောင်ခွင့် ကြေညာချက်နှင့် ၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အချို့အား တည်ထောင်ခွင့် ပြုကြောင်း ကြေညာချက်များမှ လွဲ၍ ထူးခြားသော အကြောင်းခြင်းရာတစ်ရပ် မဟုတ်ခဲ့ပေ။ သို့သော် ယခု တည်ထောင်ခွင့် ပြုခဲ့သော ကြေညာချက်ပါ၊ ပါတီအမည်မှစ၍  ပါတီ ပေါ်ပေါက်လာရသည့် အရင်းခံ အကြောင်းရင်းများသည် မြန်မာ့နိုင်ငံရေးတွင် အလေးဂရုပြုရမည့် ကိစ္စတစ်ရပ် ဖြစ်နေသည်။
ယင်းပါတီကို ၂၀၁၀ ရွေးကောက်ပွဲဝင်နှင့် ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ပေါက်လာသော တိုင်းရင်းသား ပါတီများ စုပေါင်းကာ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(UNF) ကို ဖွဲ့စည်းပြီးနောက် ထို UNF ၏ ညီလာခံ ဆုံးဖြတ်ချက်အရ အဖွဲ့ဝင် ပါတီများမှ တစ်ပါတီလျှင် တစ်ဦးအနေဖြင့်  ယခု ““ဖက်ဒရယ်ပြည်ထောင်စုပါတီ”” (FUP)ကို တည်ထောင်ခွင့် တင်ပြခဲ့ခြင်းဖြစ်သည်။   တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှု အင်အားကို ပြသသော ယခုပါတီ တည်ထောင်မှုသည် ၀မ်းမြောက်ဖွယ် ကောင်းလှသော်လည်း မြန်မာနိုင်ငံရေး၏ ရှုပ်ကွက်၊ မြှုပ်ကွက် အစဉ်အလာများအရ သင်္ကာရနံ့ မကင်းမှုများကလည်း အလျှိုလျှို ထွက်ပေါ် လာခဲ့သည်။ မကြာသေးမီကပင် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်၊  NBF ၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ရှုမြင်နေရသူ၊ ယခုဖက်ဒရယ် ပြည်ထောင်စုပါတီ၏ ဦးဆောင် တည်ထောင်သူ တစ်ဦးဖြစ်သူ ဦးစောသန်းမြင့် အား တွေ့ဆုံ မေးမြန်းခဲ့ရာတွင် -
 ရန်ကုန်၊ အောက်တိုဘာ ၃၀
ပထမဦးဆုံးပေါ့ခင်ဗျ ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ ချပေးလိုက်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပါတီနဲ့ ပတ်သက်ပြီးတော့ တည်ထောင်ခွင့် ပေးလိုက်တဲ့ အထဲမှာ အန်ကယ်လ် အပါအ၀င် ၁၆ ဦးလို့ သိရတယ်ခင်ဗျ။ အဲဒီ ၁၆ ဦးဟာ အရင်တုန်းက ညီနောင် တိုင်းရင်းသား ပါတီအဖွဲ့ထဲမှာပါတဲ့ ပါတီတွေထဲက ထိပ်ပိုင်းပုဂ္ဂိုလ်တွေ ဖြစ်နေတာကို တစ်ချက်လောက် ရှင်းပြပေးပါလား။
ကျွန်တော်တို့ ပြင်ဆင် ထားတာတော့ တစ်နှစ်လောက် ရှိပြီပေါ့နော်။ အခြားပါတီကြီးတွေနဲ့ ယှဉ်ပြီးတော့ ပြည်မမှာ နေရာယူဖို့တော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်တည်းက ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပြီးခဲ့တဲ့ ကျွန်တော်တို့ ဇွန်လမှာ လုပ်တဲ့ တောင်ကြီးမှာတော့ ဆုံးဖြတ်ချက်ချလိုက်တာ ပေါ့နော်။ ၁၅ ကြိမ်မြောက် NBF ရဲ့ အစည်းအဝေးမှာ ကျတော့ အားလုံးက သဘောတူ၊ ဘယ်သူမှ ကန့်ကွက်တဲ့ ပါတီ မရှိဘဲနဲ့ ဆုံးဖြတ်ချက် ချလိုက်တယ်ပေါ့နော်။ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကနေ အသစ်မွေးဖွားဖို့၊ အသစ် မွေးဖွားမယ့် ပါတီအသစ် တစ်ခုကို တည်ထောင်မယ်။ တည်ထောင်ပြီးတော့ ပြည်မမှာ အားလုံး မဲဆန္ဒနယ် အပြည့်ယှဉ်ပြိုင်မယ်။ အဲဒီလို ဆုံးဖြတ်ချက် ချလိုက်ပြီးတော့ တောင်ကြီး ၁၅ ကြိမ်မြောက် NBF နှစ်ပတ်လည် အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဆုံးဖြတ်ချက် ပြီးတာနဲ့ ကျွန်တော်တို့ NBF က ထိပ်ပိုင်း ခေါင်းဆောင်တွေ မကြာခဏ အစည်းအဝေး လုပ်ပြီးတော့ တွေ့ဆုံတယ်။ ဘယ်လို ဖွဲ့စည်းရင် ကောင်းမလဲ ဆိုတာ အဲဒီမှာ ကျွန်တော်တို့ ဖွဲ့စည်းတာကတော့ အဲဒီတုန်းက ၁၅ ပါတီ ရှိတယ်။ သူက အနည်းဆုံး ၁၅ ဦးနဲ့ Founder ၁၅ ဦး ဆိုတော့ တစ်ပါတီကို တစ်ယောက် အနည်းဆုံး ပါရမယ်ပေါ့။ ပြီးတော့ လိုအပ်လို့ရှိရင် အခြား ပါတီတွေက ဖြည့်စွက် ပေးမယ်ပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့က ပြည်မမှာ အဓိက ယှဉ်ပြိုင်မယ် ဆိုတော့ ရန်ကုန်ကို ဗဟိုပြုပြီးတော့ ရုံးချုပ်ကို ဖွင့်ရမယ်။ အဲဒီတော့ ရန်ကုန်မှာ အနေများတဲ့ ခေါင်းဆောင်ပိုင်းတွေကို ဦးစားပေးပေးပါ။ နောက်ပြီးတော့ ဦးစားပေးတဲ့ နေရာမှာ သက်ကြီးရွယ်အိုပိုင်း မဟုတ်ဘဲနဲ့ လူငယ်နဲ့ လူလတ်ပိုင်းကို ဦးစားပေးပေးပါ။ လူငယ်နဲ့ လူလတ်ပိုင်းတွေကလည်း ပါတီမှာ အင်မတန် တက်ကြွ၊ ရဲရင့်၊ ဖျတ်လတ်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေကို ဦးစားပေးပါလို့ ကျွန်တော်တို့ အားလုံး ဒီအတိုင်းပဲ ဆုံးဖြတ်ချက် ချတယ်ပေါ့နော်။ အခုကျွန်တော်တို့ ပါတီမှာကတော့ လူငယ်နဲ့ လူလတ်ပိုင်းတွေ အင်မတန် များလာတယ်။ Founder မှာရော။ နောက် မကြာခင် ဖွဲ့မယ့် CEC မှာရောပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ လူကြီးပိုင်း ဖြစ်လာရင် တစ်နိုင်ငံလုံး သွားနေရမယ် ဆိုတော့ အသက်ကြီးပိုင်းဆိုရင် ကျွန်တော်တို့ ပါတီအနေနဲ့ အားနာ တယ်လေ။ အဲဒီတော့ လူငယ် လူလတ်ဆိုတော့ အားနာစရာ မရှိဘူး။ သွားရေးလာရေး၊ လုပ်ရေး ကိုင်ရေးမှာ ပေါ့နော်။ နောက်ပြီးတော့ အမှန်အတိုင်း ပြောရရင် တချို့ အသက်သိပ်ကြီးသွားတဲ့ လူတွေက အယူသီးတယ်။ ကျွန်တော်တို့က အယူသီးလို့မရဘူး။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ်၊ အသက် သိပ်ကြီးသွားရင် အယူသီး တယ်။ သေတဲ့အထိ မပြင်ကြဘူး။ တစ်ဇွတ်ထိုး သွားကြတယ်။ အဲဒီပုံစံမျိုး ပါတီမှာ ပါဝင်လို့မရဘူး။ နောက်ပြီးတော့ ဒီပါတီက နဂို မိခင် ပါတီတွေ အနေအထား မတူဘူး။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးမှာ ယှဉ်ပြိုင်ရမယ့် ပါတီဖြစ်တဲ့အတွက် ကျွန်တော်တို့ မူဝါဒ သဘောထား တွေကအစ ပိုပြီးတော့ ကျစ်ကျစ် လျစ်လျစ် ခိုင်ခိုင်မာမာနဲ့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်အောင် မူဝါဒသဘောထား စာအုပ်ကိုလည်း လုပ်ရတယ် ပေါ့လေ။ နောက်ပြီးတော့ စည်းရုံးတဲ့ အခါမှာလည်း သိပ်ပြီး တစ်ယူသန်တဲ့လူတွေ မပါဖို့လိုတယ်။ ကျွန်တော့် ဖောင်ဒါထဲမှာ ဗမာတိုင်းရင်းသားလည်း တစ်ဦးပါတယ်။ တိုင်းရင်းသားအားလုံး စုံတဲ့အပြင် ဗမာ တိုင်းရင်းသား တစ်ဦးလည်း ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က တိုင်းရင်းသားဆိုတာ အများစုက တော်တော်များများက ပါတီ ခေါင်းဆောင်တွေရော လူ့အဖွဲ့အစည်းမှာ ဗမာလည်း တိုင်းရင်းသားပါပဲ ဆိုတဲ့ စကားကို ပြောလာတဲ့ အတွက် ဗမာတိုင်းရင်းသား ဆိုပြီးတော့မှ နေရာ ထားထားပေးတယ်ပေါ့လေ။ အဲဒီအတွက်လည်း ပါတယ်။ မကြာခင် CEC ဖွဲ့တဲ့ အခါမှာလည်း ဘယ်နှယောက် ပါလာမလဲ မသိဘူး။
အခုအန်ကယ်လ်ပြောသမျှ ဆိုရင်ပေါ့လေ ညီနောင် တိုင်းရင်းသား ပါတီတွေထဲက ပါတဲ့ ပါတီတွေက သူတစ်ဦးချင်း မိခင်ပါတီကနေ နုတ်ထွက်ပြီးတော့ ဒီပါတီကို ထောင်တယ်။ အဲဒီတော့ အခု FUP နဲ့ မိခင် ပါတီတွေနဲ့က ဘယ်လို ရှေ့ဆက်ဆံကြမှာလဲ။ ညီနောင် တိုင်းရင်းသား ပါတီများ အစုအဖွဲ့ကြီးနဲ့ ဒီပါတီနဲ့ရော ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားမလဲ ဆိုတာ ရှင်းပြပေးပါဦး။
အခုကျွန်တော်တို့ FUP ပါတီရဲ့ ဖွဲ့စည်းပုံမှာ ထိပ်ဆုံးမှာက ညီလာခံ ကိုယ်စားလှယ်ကနေ ဗဟိုကော်မတီတွေ ရွေးမယ်။ ဒါက ဖွဲ့စည်းပုံ ပေါ့နော်။ ဗဟိုကော်မတီကနေ CEC ရွေးမယ်။ ဗဟို အလုပ်အမှုဆောင် ကော်မတီ ရွေးမယ်။ အဲဒီမှာ ကျွန်တော်တို့နဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဥစ္စာက ညီလာခံကနေ ပတ်သက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ FUP ရဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ထဲမှာ ဘယ်သူတွေ ပါဦးမလဲဆိုတော့ CEC ရဲ့ အပေါ်မှာ NBF ရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေးအဖြစ် ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က NBF ပါတီနဲ့ ဘယ်လို ဆက်စပ်သလဲပေါ့။ ဒီ FUP ရဲ့ CEC ရဲ့အထက်မှာ NBF ရဲ့ အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေး အဖြစ်ပါ တယ်။ နောက် ဂုဏ်ထူးဆောင် နာယကကြီးများဆိုတာ ရှိတယ်။ အဲဒါကတော့ ဗမာအပါအ၀င် တိုင်းရင်းသား အားလုံးမှာရှိတဲ့ ခေါင်းဆောင်ကြီးများ သို့မဟုတ် လူမျိုးစု ဂုဏ်သရေရှိ ပုဂ္ဂိုလ်များလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ လူမျိုးအလိုက် ထည့်ထားတယ်။ ဗမာလည်း ပါမယ်ပေါ့။ တစ်ဖက်မှာက NBF ရဲ့အမြဲတမ်း အဖွဲ့ဝင်တွေက အကြံပေးကော်မတီ၊ တစ်ဖက်မှာက ဂုဏ်ထူးဆောင်နာယက။ အဲဒီတော့ ကျွန်တော်တို့ CEC ရဲ့ ဖွဲ့စည်းပုံက CEC ရဲ့အထက်မှာက NBF ရှိတယ်။ တစ်ဖက်မှာက ဂုဏ်ထူးဆောင် နာယကတွေ ရှိတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအရ NBF နဲ့ FUP နဲ့က တစ်ဆက်တစ်စပ်တည်း ပေါ့နော်။ ကျွန်တော်တို့က မိခင်ပါတီကနေ ဥပမာ ကျွန်တော်ဆိုရင် ကျားဖြူပါတီကနေ ဥပဒေအရ တရားဝင် နုတ်ထွက်လိုက်တယ်။ ဒါပေမဲ့ ယနေ့အထိ မိခင် ပါတီအတွက် တောက်လျှောက် တာဝန်ယူနေတုန်းပဲလေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် တာဝန်ကို နောက်ထပ် ချိတ်ဆက်မယ့်သူကို ကျွန်တော်က သူ့ကိုအားလုံး Carry လုပ်ပေး နေရတယ်ပေါ့နော်။  အချိန် နှစ်လ သုံးလတော့ ယူရဦးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ တရားဝင်အရ FUP မှာဖြစ်တယ်။ ကျားဖြူပါတီ ကနေ တရားမ၀င်တော့ဘူး။ ဒါပေမဲ့ တာဝန်ကို လွှဲပြောင်းတဲ့အခါမှာ ချက်ချင်း လွှဲပြောင်းလို့ မရတော့ ဆက်ပြီး တော့ ကျွန်တော် အပြင်ကနေ ပံ့ပိုးပေးတယ် ပေါ့နော်။ အဲဒီတော့ ကျွန်တော်က မိခင်ပါတီ ကိုယ်စား ဒီမှာ ၀င်ရတဲ့အတွက် မိခင်ပါတီအတွက်လည်း တာဝန်ရှိတယ်။ FUP အတွက်လည်း တာဝန်ရှိတယ်။ ကော်မရှင်ရဲ့ ဥပဒေအရတော့ FUP ပါတီမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ FUP ပါတီမှာ ကျားဖြူကနေ ကိုယ်စားပြုတဲ့အတွက် ကျားဖြူမှာလည်း ကျွန်တော် တာဝန်ရှိတယ်။ ဆက်စပ်မှုက ဒါဆိုရင် ရှင်းသွားမယ် ထင်တယ်နော်။
အခု ဒီပါတီကို ၁၆ ပါတီ ပေါင်းပြီးတော့ နောက်ထပ် ပါတီတစ်ခုအနေနဲ့ ထောင်တယ်ပေါ့။ အဲဒါက အခုန အန်ကယ်လ် ပြောတဲ့။ ပြည်မတွေမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်ဖို့ ဆိုတာ NBF အနေနဲ့ပဲ နေပြီးတော့ ကိုယ့်နေရာ အလိုက် အကုန်လုံး ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လို့ ရနိုင်ရဲ့သားနဲ့ ဘာကြောင့် ပါတီ အသစ်တစ်ရပ်ကို နာမည်အသစ် တစ်ခုနဲ့ တည်ထောင်တာလဲ ခင်ဗျ။
ကျွန်တော်တို့က လက်ရှိ အနေအထား အားလုံးမှာ လာမယ့် ၂၀၁၅ မှာ ပြည်နယ် အားလုံးမှာ ကျွန်တော်တို့က ကျွန်တော်တို့ ပါတီတွေ အားလုံး အစိုးရဖြစ်ရမယ်။ စီမံကိန်းလည်း ချထားပြီ။ နည်းဗျူဟာတွေလည်း အားလုံး ဆွဲထားပြီးပြီ။ အဲဒီတော့ ပြည်နယ် အားလုံးမှာ ပြည်နယ်ဒေသခံ ပါတီတွေဟာ အားလုံး အစိုးရဖြစ်ရမယ်။ အထူးသဖြင့် ရှမ်းပြည်မှာဆိုရင် ကျားဖြူပါတီဟာ အစိုးရလုံးဝကို ဖြစ်ရမယ်။ ဖြစ်အောင်လည်း ကျွန်တော်တို့ Schedule တွေ အကုန်လုံး ဆွဲထားပြီးသား။ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ ပြည်နယ်မှာ ကျားဖြူ ပါတီဟာ အစိုးရ ဖြစ်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်။ ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပြီးပြီ။ စီစဉ်ထားပြီးပြီ ဆိုတာ ကြိုးစား နေတယ်ပေါ့။ အလားတူ ကျန်တဲ့ တိုင်းရင်းသား ပါတီတွေကလည်း သူ့ပြည်နယ်နဲ့သူ ကရင်က ကရင်မှာ၊ ချင်းကချင်းမှာ ရခိုင်က ရခိုင်မှာ မွန်က မွန်မှာ အားလုံး အစီစဉ်တကျ လုပ်ထားပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ပါတီချင်း အနေနဲ့ ပြည်မကို လာပြိုင်မယ် ဆိုရင် ကျားဖြူပါတီဆိုရင် ပြည်မကို လာပြိုင်ရင် ကျွန်တော်တို့ အင်အား သေးတယ်လေ။ ချင်းကလည်း ချင်းပြည်နယ်မှာ ပြိုင်မယ်။ သူ့ပြည်နယ်နဲ့သူ အနိုင်ရမယ်။ ဒါပေမဲ့ ပြည်မမှာ ချင်းပါတီ အနေနဲ့ လာပြိုင်ရင် မဟန်နိုင်ဘူး။ ကျွန်တော်တို့က အင်အား သေးတယ် ပြောရမှာပေါ့နော် တစ်နိုင်ငံလုံးနဲ့ မပတ်သက်နိုင်ဘူး။ ဥပမာ ကျွန်တော်တို့ ဆိုရင် စစ်ကိုင်းတိုင်း ၀င်ပြိုင်တယ်။ ကချင်ပြည်နယ် ၀င်ပြိုင်တယ်။ ရှမ်းအရှေ့၊ တောင်၊ မြောက် ပြိုင်တယ်။ ကယားပြည်နယ် ပြိုင်တယ်။ လေးနယ်ကို ပြိုင်တယ်။ ဒါပေမဲ့ ပြည်မမှာရှိတဲ့ ပါတီကြီးတွေက အကုန်လုံး ပြိုင်တယ်လေ။ တစ်နိုင်ငံလုံး ပြိုင်တယ်။ အဲဒါနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ တိုင်းရင်းသားမှာ အကြီးဆုံးဆိုတဲ့ ကျားဖြူ ပါတီတောင် ဘယ်လိုမှ ယှဉ်လို့မရဘူး ပြည်မမှာ။ အဲဒီတော့ ကျွန်တော်တို့က နည်းဗျူဟာ ပြောင်းပြီးတော့ ကဲဒါ ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား အားလုံး ပေါင်းမယ်။ ပေါင်းပြီးတော့ ပြည်မမှာ ပြိုင်မယ်။ ပြည်မက နေရာအားလုံးကို ကျွန်တော်တို့ ၀င်အရွေးခံမယ်။ ရှိသမျှ နေရာအားလုံးကို အရွေးခံမယ်။  အရွေးခံတဲ့ နေရာမှာ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသား ပါတီတွေ ၀င်ပြီးတော့ မရွေးတဲ့နေရာ အားလုံးမှာ ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်တို့ FUP က ၀င်ပြီးတော့ အရွေးခံမယ်။ ၀င်ပြီးတော့ ယှဉ်ပြိုင်မယ်ပေါ့။ ဒီမူဝါဒနဲ့ပေါ့နော် အဲဒါဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားရဲ့ အခန်းကဏ္ဍဟာ ပြည်မမှာလည်း အင်အားကြီးလာမယ်။ ပြည်နယ်မှာတော့ ကျွန်တော်တို့ ရထားပြီးသား ဖြစ်မယ်။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ သွားပေါင်းလိုက်ရင် ကျွန်တော်တို့ အင်အားက တအားကြီးလာပြီ။ အဲဒီအခါမှာ ဒီအစိုးရ ဖွဲ့တဲ့အခါမှာ အင်အားကြီးက သုံးနေရာ သုံးမျိုးပဲ ဖြစ်လာမယ်။လက်ရှိ USDP ရှိမယ်။ NLD ရှိမယ်။ ပြီးရင် ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေ ရှိမယ်။ FUP နဲ့ NBF ရှိမယ်။ အဲဒီတော့ အစိုးရ ဖွဲ့တဲ့အခါမှာ ကျွန်တော်တို့ မပါရင် ဘယ်သူမှ အစိုးရ ဖွဲ့လို့ မရလောက်ဘူး။ အဲဒီ အနေအထားမျိုးကို ကျွန်တော်တို့ လုပ်တယ်။ အဲဒီတော့ အစိုးရ ဖွဲ့တဲ့အခါမှာ ကျွန်တော်တို့က ကြားခံ အနေနဲ့ဖြစ်မယ်။ ကျွန်တော်တို့ ထောက်ခံတဲ့ ပါတီသာလျှင် အစိုးရဖြစ်ရမယ်။ ကျွန်တော်တို့ ကန့်ကွက်တဲ့ ပါတီဟာ အစိုးရ ဘယ်တော့မှ မဖွဲ့နိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့ဟာ လတ်တလော သမ္မတဖြစ်နိုင်တဲ့ အနေအထားရှိ၊ မရှိတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့မှာ ကျွန်တော်တို့က ၀င်ပြီး နေရာယူရမယ်။
အန်ကယ်လ်တို့အနေနှင့် ဒီပါတီ ထောင်ဖို့အတွက် ကိုယ့်ရဲ့ မိခင်ပါတီ အသီးသီးကို နုတ်ထွက် လိုက်ရတယ်ပေါ့။ ဒါဟာ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ကနေပြီးတော့ ချမှတ်ထားတဲ့ နိုင်ငံရေး ပါတီများ ဥပဒေကြောင့်ပဲလား။ တခြား ဘယ်လို ကိစ္စတွေ ရှိနိုင်ဦးမလဲ ခင်ဗျ။
 ရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ ထုတ်ပြန်ထားတဲ့ ဥပဒေကြောင့်ပဲ ကျွန်တော်တို့ ထွက်ရတယ်။ သူက စည်းမျဉ်း စည်းကမ်းထဲမှာ လူတစ်ယောက်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် တခြား ကန့်သတ်ချက်တွေ မရှိရင် ပါတီဝင်လို့ ရတယ်ပေါ့နော်။ ဥပမာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတို့၊ သူပုန်နဲ့ ပတ်သက်တာတို့၊ ပြစ်ဒဏ် ကျခံ နေရတာတို့ အဲဒါကလွဲရင် ၁၈ နှစ်ပြည့်ရင် ပါတီဝင်ခွင့် ရတယ်။ နောက်ပြီးတော့ လူတစ်ယောက်ဟာ တစ်ပါတီပဲ ၀င်ခွင့်ရှိတယ်။ ဒါပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းပဲ။ အဲဒီတော့ ကျွန်တော်တို့ဟာ တစ်ပါတီမှာပဲ ရပ်တည်လို့ ရတဲ့အတွက် နောက်ပါတီကို ပြောင်းမယ် ဆိုရင် မိခင်ပါတီကနေ ထွက်ရတယ်ပေါ့နော်။ တရားဝင်ထွက်ပြီးတော့ နောက်ပါတီကို ကူးပြောင်းရတယ်။
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ (RNDP) နဲ့ ပေါင်းဖို့ ကြိုးစားကြတဲ့အခါ သူတို့ပါတီ နှစ်ခုစလုံး ဖျက်ပြီးတော့ပေါ့လေ ပါတီသစ် တစ်ရပ် ခေါင်းစဉ်အောက်ကနေပဲ သွားဖို့ဆိုပြီးတော့ သူတို့ လုပ်ဆောင် နေကြတယ်ပေါ့။ အန်ကယ်လ်တို့ ကျတော့ ဥပဒေအရကြောင့်သာ တစ်ပါတီ စီက တစ်ယောက်စီ ထွက်လိုက်တယ် ဆိုပေမယ့် အဲဒီမိခင် ပါတီတွေ စုဖွဲ့ထားတဲ့  NBF ရဲ့ ခေါင်းစဉ်အောက်မှာပဲ ဆိုတော့ တစ်မျိုးများ ဖြစ်နေ သလားခင်ဗျ။ ပါတီသစ်တစ်ရပ် နာမည်ပဲ တိုးလာပြီး ဒီအဖွဲ့ ဒီလူတွေပဲဆိုတော့။
NBF က ပါတီ မဟုတ်ဘူးလေ။ သူက အစုအဖွဲ့ပဲ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေကလည်း  မှန်တယ်၊ မမှန်ဘူး ဆိုတာတော့ အငြင်းပွားဖွယ်ရာ ရှိတာပေါ့။ သို့သော် ဒါသည် သူက လက်ရှိ ဥပဒေတစ်ရပ် ဖြစ်နေတယ်ပေါ့လေ။ ဒီတော့ လေးစား လိုက်နာရမယ်လို့ ရှိတဲ့အခါ FUP အပေါ် ပြောကြားမှုမျိုးတွေ ရှိလားခင်ဗျ။
လက်တစ်လုံး မခြားဘူးခင်ဗျ။ NBF အမြဲတမ်း အဖွဲ့ဝင်တွေက ပါတီမ၀င်ဘူး။ သူတို့က အကြံပေးဆိုတော့ သူတို့က ပါတီမ၀င်ဘူးလေ။ ပါတီကို ၀င်တာ မဟုတ်ဘူး။ ပါတီကို အကြံပေးတာပဲ။ သူတို့က တာဝန်ရှိတဲ့ အတွက် အကြံပေးတာပဲ။ သူပါတီဝင် မဟုတ်ဘူး။ ဥပမာ USDP ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ NLD ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ ကျွန်တော်တို့ကိုလည်း FUP ကို ဘယ်သူဖြစ်ဖြစ် အကြံပေးလို့ ရတယ်။ ကျွန်တော်တို့ အပေါ်မှာရှိတဲ့ NBF က အကြံပေးပဲ။ သူ ပါတီရဲ့ FUP ထဲမှာ မဟုတ်ဘူး။ ကျွန်တော် တို့ကလည်း လိုအပ်ရင် တခြား ပါတီကို အကြံပေးလို့ ရတယ်။ အခုဆိုရင် NBF Group ထဲမှာပါတဲ့ ပါတီတွေ အားလုံးဟာ အပြန်အလှန် အကြံပေးကြတယ်။ ဒီလို သဘောပါပဲ။ အဲဒီတော့ ကျွန်တော်တို့ဟာ လက်တစ်လုံးခြား လုပ်တာတော့ မဟုတ်ဘူး။
FUP သည်မ၀င်ဘူး။ NBF ကနေ မွေးဖွားလာတဲ့ ပါတီဖြစ်တယ်။ NBF ရဲ့သားသမီးဖြစ်တယ်။ NBF က သူ့ အပေါ်မှာ အကြံအမြဲတမ်း ပေးနေတယ်။ မိဘက သားသမီးကို အကြံပေးတဲ့ သဘောပါပဲ။ FUP ဆိုတာ NBF ရဲ့သားသမီးပါပဲ။ NBF ကနေလွတ်ကင်းလို့မရဘူး။ NBF ဆိုတာပါတီမဟုတ်ဘူး။ မှတ်ပုံတင်ထားတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ အစုအဖွဲ့ ဖွဲ့ထားတာ။ ဥပဒေအရလည်း ရှင်းလင်းတယ်။
အန်ကယ်လ်တို့ပါတီ မှတ်ပုံတင်လို့ ပြီးသွားရင် NBF ထဲကို နောက် ပါတီသစ် ထပ်တိုးအနေနဲ့ ၀င်ဖို့ ရှိပါသလား။
ကျွန်တော်တို့က NBF က မွေးဖွားတယ်ဆိုတာ NBF Group အလိုအလျောက် ဖြစ်ပြီးသား။ နောက်ထပ် ပါလာမှာ ကတော့ ဒီနေ့ တည်ထောင်ခွင့်ကျတဲ့ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီက ပါလာမယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့မှာကျတဲ့ ထားဝယ် တိုင်းရင်းသားများပါတီ။ သူလည်း NBF မှာ အလိုအလျောက် ပါဝင် ပြီးသား ဖြစ်သွားတာပေါ့။ သူတို့က ပါတီကျရင် NBF မှာ ၀င်ပြီးသားပါလို့ အရင်ကတည်းက ပြောထားတယ်။
တိုင်းရင်းသား နိုင်ငံရေး အစုအဖွဲ့တွေဆီမှာ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)  လည်း ရှိနေတော့ NBF နဲ့ UNA ဆက်ဆံရေးကရော ခင်ဗျ။
တိုင်းရင်းသား နိုင်ငံရေးလိုင်းမှာ နှစ်လိုင်းရှိတယ်။  ၁၉၉၀ တုန်းက UNA ဆိုတဲ့ နိုင်ငံရေးလိုင်း၊ ၂၀၁၀ နောက်ပိုင်းမှာ ၂၀၁၀ နှင့် ၂၀၁၀ ရဲ့ နောက်ပိုင်းမှာ ပေါ်လာတဲ့ ပါတီသစ်ပေါ့နော်။  NBF ပေါ့။ ၂၀၁၀ နောက်ပိုင်းမှာ ပေါ်တဲ့ ပါတီသစ် အားလုံးဟာ NBF မှာပဲ ပူးပေါင်းကြတယ်။ လိုင်းနှစ်လိုင်းပေါ့။ အဟောင်းလိုင်း နှင့် အသစ်လိုင်းပေါ့။ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ သွားတာလည်း  တစ်ခုတည်းပဲ ရှိတယ်။ သွားတဲ့ လမ်းကြောင်း ပုံစံက မတူဘူး။ UNA ကလည်း ဦးတည်ချက် တစ်ခုတည်း။ ဖက်ဒရယ်ပဲ။ NBF ကလည်း ဖက်ဒရယ် တစ်ခုတည်းပဲ။ ပန်းတိုင်မှာတော့ သွားဆုံတယ်။ သွားမယ့် လမ်းကြောင်းချင်း မတူဘူး။ အားလုံးက တော့ တစ်ခုတည်းပါပဲ။
ရခိုင်တိုင်းရင်းသား နှစ်ပါတီဖြစ်တဲ့  ALD နှင့် RNDP မှာ RNDP က NBF ထဲမှာပါတယ်။ ALD ဆိုရင် UNA ထဲမှာ ပါတယ်။ သူတို့နှစ်ပါတီ ပေါင်းဖြစ်သွားရင် UNA နှင့် NBF ကြား သို့မဟုတ် အန်ကယ်လ်တို့ FUP မှာ ရှုပ်ထွေး နိုင်တဲ့ အလားအလာတွေ ရှိပါလား။
UNA နှင့် NBF က ဘယ်နှင့်ညာ သွားတယ်။ တစ်ယောက်က ဘယ်ဘက်နှင့် တစ်ယောက်က ညာဘက် သွားတယ်။ ဒါပဲ ကွာတာ။ နောက်ဆုံး ပန်းတိုင်က တစ်နေရာပဲ သွားဆုံတာ။ သူတို့နှင့် ကျွန်တော်တို့ ကြားမှာ ပြဿနာ ဒီနေ့အထိ မရှိဘူး။ နောက်ကို ပိုပြီးမရှိဘူး။ အားလုံးက ပန်းတိုင် အတူတူပဲ ဖြစ်တယ်။ ပေါင်းမယ့်ပါတီ ထဲမှာ ရှမ်းက အရင်စတာ။ ရှမ်းကို နှစ်ပါတီ ပေါင်းဖို့ ဖိအားပေးတာ။  ဒီအချိန်မှာ ကျွန်တော်တို့မှာ ဖိအားမရှိဘူး။ နိုင်ငံရေးအရ ဒီမိုကရေစီ နိုင်ငံဖြစ်တယ်။ တစ်ပါတီတည်း ဖြစ်ရမယ်ဆိုရင် ဒါတစ်ပါတီ စနစ်ပဲ။ ရှမ်းပြည်မှာ ကျားဖြူ တစ်ခုပဲရှိတယ်။ ကျားဖြူနိုင်ရင် ကျားဖြူက အာဏာရှင် ဖြစ်ပြီပေါ့။ တခြားပါတီလည်း ရှိရမယ်လေ။ ရှမ်းမှာလည်း တခြားပါတီရှိတယ်။ ကျွန်တော်တို့ လက်ခံတယ်။ ကျွန်တော်တို့က နိုင်ငံရေးအရ နောက်ထပ် ဘယ်နှပါတီပဲ ရှိရှိ အားလုံးက ရင်းရင်းနှီးနှီး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက်ကို ယူတယ်။ ကျွန်တော်တို့က ပြဿနာ မရှိတော့ဘူး။
ဒုတိယဖြစ်တာက ချင်း။ ချင်းလည်း ဒီလိုပဲ ပြီးသွားပြီ။ အခုနောက်ဆုံး တတိယအကြိမ်မှာ မွန် ကျန်သေးတယ်။ လေးပါတီပေါ့။ ရခိုင်ကလည်း ပူးပေါင်းဖို့အားလုံး ဆုံးဖြတ်ထားပြီးပြီ။ လွှတ်တော် ကော်မရှင်ကို တင်ထားပြီ။ သူတို့ ပေါင်းကြတဲ့အတွက် ကျွန်တော်တို့ကတော့ ဂုဏ်ယူတယ်။ သူတို့မှာ ပေါင်းမှဖြစ်မယ့် အနေအထားမျိုး ရှိတယ်။ ဒါကြောင့် သူတို့မှာ ဘယ်လို ပေါ်လစီပဲရှိရှိ ပေါင်းရတော့မယ်။ မကြာခင် မွန်လည်း ပေါင်းကြလိမ့်မယ်။ မွန်က ၂၀၁၄ ဒီဇင်ဘာမှာ ပေါင်းကိုပေါင်းမယ်လို့ သူတို့ ဆုံးဖြတ်ချက် ချပြီးသားပဲ။
ပေါင်းတဲ့နေရာမှာ UNA နှင့် NBF မှာ ဘယ်လို ဖြစ်လာမလဲ ဆိုရင် ကျွန်တော်တို့ ဒီနှစ်ဖွဲ့ကတော့ ဘာမှ ပြဿနာ မရှိကြဘူး။ လက်ရှိ ပေါင်းစည်းတဲ့ အသစ်ဖြစ်လာတဲ့ ပါတီရဲ့ ပေါ်လစီပေါ် မူတည်တယ်။ သူတို့ ပေါ်လစီက UNA ဘက်ကို ယိမ်းသလား။ NBF ကိုယိမ်းသလား။ သူတို့ပေါ်လစီနှင့် ဆိုင်တယ်။ ထွက်လာတဲ့ ပါတီသစ်ရဲ့ ပေါ်လစီပေါ် မူတည်ပြီး သူတို့ သင့်တော်တဲ့ဘက်ကို သူတို့ယိမ်းမယ်။ ဘာမှပြဿနာမရှိဘူး။
ပါတီသစ်တစ်ခု ထူထောင်မယ်ဆိုရင် ပြည်သူလူထုကို အရင်ဆုံး အသိပေးရမယ်ဆိုတဲ့ ပါတီရဲ့ မူဝါဒ၊ ပေါ်လစီ၊ တွေလည်း ပြောပြ ပေးပါဦးခင်ဗျ။
သတ်သတ်မှတ်မှတ် အတိုချုပ်ပဲ ပြောပါမယ်။ နံပါတ်တစ်က ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စု စစ်စစ် အနေအထားကို မရောက် သေးဘူး။ ပြည်ထောင်စုလို့ ခံယူထားတဲ့ နိုင်ငံဟာ ပြည်နယ်တွေ အများကြီး ပေါင်းစု ထားတာ ဖြစ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု အားလုံးဟာ သူ့ပြည်နယ်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်ဒေသ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်နေရာမှာ ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ရှိတယ်။ အဒီနေရာက အားလုံး ပေါင်းစည်းပြီးတော့ နောက်ဆုံး အကုန်လုံး စည်းလုံး ညီညွတ်စွာနှင့် နေတဲ့ အနေအထား ရှိတယ်။
မြန်မာပြည်ကလည်း ဒီအတိုင်းပါပဲ။ သူ့နယ်နဲ့သူ၊ သူ့အကန့်နှင့် သူ့ကိုယ်ပိုင် အုပ်ချုပ်လာတာ။ အဲဒါကို လွတ်လပ်ရေးရပြီး စုလိုက်တယ်။ ပြည်ထောင်စု ဖြစ်လာတယ်။ အခု ကျွန်တော့် သက်တမ်း ၅၈နှစ်မှာ ပြည်ထောင်စု နာမည်ပဲ ဖြစ်သေးတယ်။ ကျွန်တော်တို့က ပြည်ထောင်စုဆိုတဲ့ နာမည်ကို ကြိုက်တယ်။ ဒါပေမဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် ဒီပါတီတွေက အစွမ်းကုန် ကြိုးစားမယ်။
အဲဒီမှာ အရေးကြီး အချက်တစ်ချက်က ပါတီ တည်ထောင်ခွင့်တွေ တင်တဲ့အခါမှာ မူဝါဒတွေ၊ ပါတီနာမည်တွေပါ တင်ရတာဆိုတော့ ဦးနေ၀င်းကနေစပြီး အမည်ပျက်စာရင်း သွင်းလိုက်တဲ့ ဒီဖက်ဒရယ် ဆိုတာကို အဆက်ဆက် လက်မခံတဲ့သူတွေပဲ အခုအချိန်ထိ ကြီးစိုးဆဲ ဖြစ်သလို၊ သူတို့ စစ်အုပ်စု အတွင်းမှာလည်း ဖက်ဒရယ်နှင့် ပတ်သက်ပြီး သဘောမညီမှုလေးတွေ တွေ့လာရတဲ့ အခုလို အချိန်မှာ အရင်က စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ဦးပိုင် ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဦးတင်အေး ဦးဆောင်တဲ့ ကော်မရှင်က အန်ကယ်လ်တို့ ပါတီရဲ့ အမည်နဲ့ မူဝါဒတွေကို ခွင့်ပြု လိုက်တယ်ဆိုတာက မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားမှု တစ်ခုလည်း ဖြစ်နေတော့ အဲဒီအပေါ်မှာ အန်ကယ့်လ် အမြင်လေး ပြောပြပေးပါဦး။
ဖက်ဒရယ်ဆိုတဲ့ စကားကို တရားဝင်သုံးတာ ကျွန်တော်တို့ NBF ကဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော စာရွက်၊ စာမျက်နှာ တင်ပြီးတော့ လုပ်တဲ့ အဖွဲ့အစည်း မရှိသေးဘူး မြန်မာပြည်မှာ။ ကျွန်တော်တို့ NBF ကနေ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရမယ်ဆိုတာ နဂိုတည်းက NBF အဖွဲ့ဝင်အားလုံး၊ ပါတီအားလုံးက ကျွန်တော်တို့ နိုင်ငံဟာ မကြာသော ကာလမှာ ဖက်ဒရယ် နိုင်ငံဖြစ်ရမယ်။ အဲဒါကို ကျွန်တော်တို့ အဓိက ဦးတည်ပါတယ်။ ငြိမ်းချမ်းရေး ရချင်ရင် ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စုကို လုပ်ရမယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့က Federal Union Party ဆိုပြီးတော့ ပထမဦးဆုံး မြန်မာပြည်မှာ တရားဝင်စာနဲ့ စာရွက် မျက်နှာပေါ် တင်ခြင်းဖြစ်တယ်။ ဖက်ဒရယ်ဆိုတဲ့ ဥစ္စာကိုလည်း အခုအချိန်မှာတော့ လက်ရှိ နိုင်ငံတော် အကြီးအကဲ တော်တော်များများတွေရော ပြည်တွင်းမှာရှိတဲ့ ပြည်သူ အားလုံးကလည်း ဖက်ဒရယ် ဆိုတာကို နားလည် လာပြီလို့ ကျွန်တော် သုံးသပ်တယ်။ ထင်ရတယ် ပေါ့နော်။ အရင်တုန်းကဆိုရင် မဆလခေတ် တစ်လျှောက်လုံးမှာ ဖက်ဒရယ်လို့ ပြောတဲ့အတွက် အာဏာသိမ်းလိုက်တယ်။ အဲဒီတုန်းကတော့ အဲဒီတုန်းက နိုင်ငံရေး အခြေအနေအရ ဖက်ဒရယ်ကို လက်မခံခဲ့ဘူး။ အဲဒီ လက်မခံခဲ့တဲ့ စနစ်ဟာ ကျွန်တော်တို့ ခေါင်းထဲမှာ စွဲလာတာ အခု ဒီမိုကရေစီ နိုင်ငံစပြီးတော့ ပြောင်းလဲတဲ့ အချိန်အထိ ဖက်ဒရယ်ဆိုတာကို အားလုံးက ခွဲထွက်ရေး လမ်းစဉ်လားဆိုတဲ့ အယူစွဲတာကို မနည်းကြီး ပျောက်အောင် ကုစားလိုက်နိုင်ပြီမို့ အခု အစိုးရဟာ ဖက်ဒရယ် ဆိုတာကို ကောင်းကောင်း နားလည်ပြီးတော့ ကျွန်တော်တို့ကို လက်ခံခြင်း ဖြစ်တယ်။ အမှန်ဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားဟာ ထွက်လို့တောင် မရဘူးလေ။ အဲဒီတော့ အခုက ဖက်ဒရယ်ဆိုတာ အား လုံးနဲ့ သက်ဆိုင်တယ်၊ အစိုးရကလည်း ဖက်ဒရယ်နဲ့ သက်ဆိုင်တယ်၊ ပြည်သူအားလုံးလည်း ဖက်ဒရယ်နဲ့ သက်ဆိုင်တယ်လို့ ခံယူချက် ပြောင်းလာတဲ့ အချိန်မှာ ကျွန်တော်တို့ ပါတီကိုချခြင်း ဖြစ်တယ်။ နို့မဟုတ်ရင် ကျွန်တော်တို့ ပါတီက မျှော်လင့်ချက် မရှိပါဘူး။ ပါတီ တည်ထောင်ခွင့်တောင် ကျပါ့မလားလို့တောင် ထင်မိတယ်။
Credit To The Myanmar Herald
Read More »

ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် တွေ့ဆုံခြင်း – လင်းယုန်

““တပ်မတော်က ပေါက်ဖွားလာတဲ့ ပါတီဆိုတာကို ပြည်သူလူထုက စွဲနေတယ် အဲဒီအစွဲကို မချွတ်နိုင်သရွေ့ ရွေးကောက်ပွဲ မနိုင်နိုင်ဘူး”

၂၀၁၂ အတွေ့အကြုံအရ ကျွန်တော်တို့ ရွေးကောက်ပွဲမတိုင်ခင်မှာ စည်းရုံးရေးဆင်းတယ်။ တစ်ရက်နှစ်ရက် အလိုအထိဆင်းတယ်။ ပထမတစ်ရက် ရေဘူးတွေပေး၊ ၀င်ထွက်သွားလာ ရင်းရင်းနှီးနှီး ပဲ။ ဒုတိယတစ်ရက် ရင်းရင်းနှီးနှီးပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်တစ်ရက်မှာ လူတွေ ပုံစံ ပြောင်းသွားတယ် . . .
 အစိုးရ၀န်ထမ်း အကြီးအကဲဘ၀မှပင် စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးတွင် ပါဝင်ခဲ့ကာ ပါတီသို့ အကူးအပြောင်းတွင် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါတီတာဝန်ရှိသူများ၏ ရွေးချယ် တာဝန်ပေးအပ်ခြင်း ခံရသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊  ပါတီနာယက၊ ပြည်နယ်အရန် အလုပ်အမှုဆောင်၊ ကျိုက်ထို မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၏ ပါတီအပေါ် သစ္စာရှိသော စိတ်ဖြင့် လိုအပ်ချက်၊ အားနည်းချက်များကို ရှုမြင် သုံးသပ်မှုများသည် လူထုနှင့် နီးကပ်လျက် ရှိသည့် ပါတီဝင် တစ်ဦး၏ အကြံပြုချက်များအဖြစ် လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုတာဝန်ရှိသူသာမက မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ အနေဖြင့် ထည့်သွင်း စဉ်းစားသင့်လှ၍ ဖော်ပြလိုက်ရပါသည်။
အန်ကယ်က ပြည်ခိုင်ဖြိုးအသင်း ဘ၀ကနေပြီး ပါတီပြောင်းတဲ့အထိ ပါခဲ့တယ် လို့ သိထားတယ်ခင်ဗျ။
ကျွန်တော်က အသင်းထဲက ပါခဲ့တယ်ပေါ့နော်။ ကျွန်တော်က ပြည်ခိုင်ဖြိုးစပြီးတော့ တည်ထောင်တဲ့ အချိန်တည်းက ပါခဲ့တာ။ ပြည်ခိုင်ဖြိုး စပြီးတော့ တည်ထောင်တည်းက  ကျွန်တော် မန္တလေးမှာပေါ့ဗျာ စပြီးတော့ ပါခဲ့တာ။ အဲဒီတုန်းက ကျွန်တော်တို့က အရာထမ်းပေါ့ဗျာ။ အရာထမ်း ဆိုတော့ တိုက်ရိုက်လှုပ်ရှားမှု မရှိပေမယ့် သွယ်ဝိုက်တဲ့ လှုပ်ရှားမှု ရှိခဲ့တယ်။ ကျွန်တော်တို့က အသင်းဆိုတော့ လူမှုရေးတွေ ဆောင်ရွက်တဲ့ အသင်းမို့ ကျွန်တော် ပါခဲ့တယ်ပေါ့ဗျာ။ နောက်မန္တလေးကနေ ဒီကို ပြောင်းလာတော့လည်း ပြည်နယ်ပြည်ခိုင် ဖြိုးနဲ့ ဆက်သွယ်ပြီးတော့ အသင်းမှာ ကျိုက်ထိုမြို့နယ်မှာ မြို့နယ်နာယက တစ်ယောက်အနေနဲ့ အသင်း နာယက အနေနဲ့ ကျွန်တော် လှုပ်ရှားခဲ့တယ်။ အဲဒီတည်းက ကျွန်တော် ပြည်နယ် အရန် အလုပ်အမှုဆောင်ပေါ့။ အသင်းဘ၀တည်းက ကျွန်တော့် ပြည်ခိုင်ဖြိုးအသင်းရဲ့ နံပါတ်ဆိုရင် မန္တလေးမှာ ကျွန်တော် ရာဂဏန်းရှိတယ်။ ၉၀၀ ကျော်လေ။ …
ကျွန်တော် မွန်ပြည်နယ်ကို ပြောင်းလာတော့လည်း ကျွန်တော် လှုပ်ရှားတာပဲ။ ကျိုက်ထိုမြို့နယ်မှာ တော်တော် များများ လုပ်ခဲ့တယ်။ ပြည်နယ် အရန်အလုပ်အမှုဆောင်နဲ့ လုပ်ခဲ့တာ။ နောက်ရွေးကောက်ပွဲ မတိုင်မီ ပါတီ ဖွဲ့တော့ ကျွန်တော်လည်း ပင်စင်သွားတာနဲ့ ပါတီထဲ ဆက်ပါပြီးတော့ ရွေးကောက်ပွဲဝင် ဖြစ်သွားတာပေါ့ဗျာ။ ကျွန်တော့် ဇာတိမြို့ပေါ့။
ရွေးကောက်ပွဲဝင်ဖြစ်တာက အပေါ်က တာဝန်ရှိသူတွေက နေပြီးတော့ ရွေးကောက်ပွဲ ၀င်ရမယ်ဆိုလို့ ၀င်တာလား၊ အန်ကယ့်အနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ဆန္ဒပြုပြီးတော့ ၀င်တာလား။
နှစ်ပိုင်းရှိတယ်၊ တစ်ပိုင်းက ကျွန်တော့်မွေးရပ်မြေ၊ ကျိုက်ထိုပေါ့၊ အဲဒီအနေနဲ့ဝင်တော့ တစ်ပိုင်းက ကျွန်တော့် မွေးရပ်မြေ တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက် ချင်လို့ပေါ့။ နောက်ပြီးတော့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုး လူကြီးတွေကလည်း သဘောကျတာပေါ့ဗျာ။ ကျွန်တော်က ကျိုက်ထိုမြို့မှာ လူမှုရေးတွေ တော်တော်လေးကို ဆောင်ရွက်ထားတယ်။ အဓိကကတော့ ကျေးရွာတွေမှာ ကျေးလက် စာကြည့်တိုက်တွေ ၁၂ တိုက်လောက် ကျွန်တော့် ပိုက်ဆံနဲ့ ကျွန်တော် လိုက်ဖွင့်ထားတယ်။ နောက်ပြီးတော့ ကျိုက်ထိုမြို့နယ်မှာ ဘုန်းကြီးကျောင်း ပညာရေးပေါ့၊ ကျွန်တော်က ဆိပ်ဖြူတောင် ပရဟိတဂေဟာရဲ့ နာယကပေါ့။ အခုလည်း ကျွန်တော် နာယကပါပဲ။ အဲဒီမှာဆို မိဘမဲ့ ကလေး ၇၀၀ လောက် ရှိတယ်။ ဆရာတော်နဲ့လည်း ကျွန်တော်က ဒကာဆရာရင်း ဆိုတော့ မိဘမဲ့ကလေး ကျောင်းတွေပေါ့ ကျွန်တော် တော်တော် လေးကို ကူညီခဲ့တယ်။ အဲဒီတော့ ကျိုက်ထိုမြို့ တစ်မြို့လုံးရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေရဲ့ နာယကကြီး တစ်ယောက် လိုပဲ ကျွန်တော် ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့ နယ်လူထုကလည်း လက်ခံတယ်ပေါ့။ အထူးသဖြင့် မြို့နဲ့ စာရင် ကျေးလက် လူထုတွေဟာ ပိုလက်ခံတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဟုတ်ဘဲနဲ့ ပြည်နယ် လွှတ်တော်ကိုပဲ ၀င်ရောက်ခဲ့တာ ဘာကြောင့် များလဲခင်ဗျ။
အဲဒါကတော့ ကျွန်တော် ကိုယ်တိုင်က ရွေးတာပါ။ ကျွန်တော်တို့က ကိုယ့်ရဲ့ဘ၀ အခြေအနေအရပေါ့ ပင်စင်စား၊ နောက်တစ်ခုက အမျိုးသား လွှတ်တော်တို့၊ ပြည်သူ့ လွှတ်တော်တို့ဆိုရင် နေပြည်တော်ကို သွားရမယ်၊ အချိန်ဖြုန်းရမယ်ပေါ့။ ကျွန်တော်ကတော့ အများအားဖြင့် ကိုယ့်ရပ် ကိုယ့်ရွာ လူထုတွေနဲ့ အထူးသဖြင့် ကျေးလက်လူထုပေါ့။ ကျွန်တော့် မဲဆန္ဒနယ်က ရွာတွေများတာ။ ထိတွေ့ချင်တယ်။ သူတို့ နဲ့ပတ်သက်တဲ့ အသိပညာတွေ ပေးချင်တယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာကိုး။ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့ပေါ့။ ကျွန်တော်တို့ရဲ့ ဘ၀ အတွေ့အကြုံတွေ၊ ကျွန်တော်တို့ရဲ့ အသိပညာလေးတွေ မျှဝေစေချင်တာပေါ့။ အဲဒါကြောင့် ကျွန်တော်က ပြည်နယ်ထဲမှာပဲ နေလိုက်တာ။
လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးတဲ့ အခါမှာ အန်ကယ်ခုနပြောခဲ့တဲ့ ရည်မှန်းချက်တွေ ပေါ့လေ ကျေးရွာလူထုအတွက် လုပ်ပေးချင်တဲ့ ကိစ္စတွေ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်ခဲ့လဲ ခင်ဗျ။
ဘယ်လောက်ထိလဲ ဆိုတော့ အခြေအနေ ပေးသလောက် ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခြေအနေပေးမှုပေါ့။
ကျွန်တော်တို့နိုင်ငံဟာ ကျွန်တော်တို့ အတွေ့အကြုံရ ပြောရရင်တော့ အရင် လက်ထက်တွေတုန်းက မိတ်ဆွေ တစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်။ တိုင်းပြည်အနေဟာ သုညအောက်ကို ရောက်သွားတယ်။ အပေါ်ရောက်ဖို့ နေနေသာသာ သုညအောက်ကနေ တက်ဖို့ မနည်းဆွဲတင်ရတယ်။ တစ်တိုင်းပြည်လုံး အရွေ့နည်းတာပေါ့။ ကျွန်တော်က ဘာနဲ့ တိုင်းတာလဲဆိုတော့ ကျွန်တော်တို့ မြို့ပြနဲ့ မတိုင်းတာဘူး။  လူတန်းစား ၇၀ ရာခိုင်နှုန်း ကျေးလက်နဲ့ တိုင်းတာတယ်။ လမ်းနှင့်လျှပ်စစ်မီးတွေ ထိုက်သင့်လျောက်ပတ်အောင် ကောင်းမယ်ဆိုပေမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးမှာ အရွေ့နည်းသေးတယ်။ နောက်စီးပွားရေးပေါ့။ မခိုင်မာသေးဘူး။ ရန်ကုန် မြို့ကြီးမှာ ကားတွေ မြောက်မြားစွာ သွားလာနိုင်ပေမယ့် ကျေးလက်တွေရဲ့ လျှပ်စစ်မီး ၊ ရပ်တည်မှု စီးပွားရေး တွေက မခိုင်မာသေးဘူး။ အဲဒါနဲ့ တိုင်းတာရင်တော့ အရွေ့ နည်းသေးတယ်လို့ ထင်တယ်။
ကျေးလက်နေ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေတွေပေါ်မှာ ပြည်နယ်အစိုးရက ဘယ်လောက်ထိ အကောင်အထည် ဖော်ပေးနိုင်တယ်လို့ မြင်လဲခင်ဗျ။
သူတို့လည်း တတ်နိုင်သလောက် လုပ်တာပဲ။ လုပ်နေတယ်။ ဒါပေမဲ့ အရင် အဟောင်းတွေရဲ့ အကြွေးတွေပေါ့။ ဥပမာ ကျောင်းတွေ အရင်တုန်းက ပညာရေး၊ ကျန်းမာရေး ဘတ်ဂျက်ဟာ ရာခိုင်နှုန်းတွေ နည်းနေတယ်။ အခု ရာခိုင်နှုန်း များလာတော့ အရင် လိုအပ်ချက်တွေကို အခုထိ လိုက်ဖြည့်ဆည်း ပေးနေရတယ်။ ၂၀၁၃- ၂၀၁၄ ဘတ်ဂျက် ပညာရေးကို တော်တော်ကို ကျောင်းတွေ ချပေးတယ်။ ဒါပေမဲ့ အဟောင်းတွေက ရှိသေးတော့ ဒီနေ့ ထိကို မပြည့်စုံ မလုံလောက်သေးဘူး။
ပြည်နယ် လွှတ်တော်က အစိုးရအဖွဲ့အပေါ် ထိန်းကျောင်းနိုင်မှု အနေအထားက ဘယ်လိုများ ရှိပါသလဲ။
ကျွန်တော်တို့ကတော့ ထိန်းကျောင်းဖို့ မူကြီးကို ကိုင်တာပဲ။ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း အပြန်အလှန် ထိန်းကျောင်းမှု ပြောတာပဲ။ မွန်ပြည်နယ် လွှတ်တော်ကလည်း ဒီနေ့ တစ်ခုပြောရရင် တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူဘူးဗျ။ ဆယ်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် ၃၁ ယောက်ပဲရှိတယ်။ အဲဒီမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ၈ ယောက်။ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌမှ လွှတ်တော် ကိုယ်စားလှယ် ၉ယောက်ပဲ ရှိတယ်။ ၀န်ကြီးတွေရဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုတော့ ပြောရရင် ၀န်ကြီး အရေအတွက်ထက်ကို ကျွန်တော်တို့က နည်းတယ်။ ဒီ ၉ယောက်နဲ့ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌကတော့ ထိန်းကျောင်းမှုကိုတော့ ရအောင်တော့ ကြိုးစားတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် အမုန်းခံပြီးတော့ ပြောတယ်။ ထောက်ပြတယ်။ ညှိနှိုင်းတယ်။ လွှတ်တော် အစည်းအဝေးမှာ ကျွန်တော်တို့ မေးခွန်းတွေ မေးတယ်။ ပြည်သူလူထုအတွက် ကျွန်တော်တို့ တွေဟာ မေးထားတယ်။ အစိုးရအဖွဲ့အနေနဲ့ ဖြည်းဆည်း နိုင်တာလည်း ရှိတယ်။ တချို့ မနှစ်သက်တာလည်း ရှိတယ်။ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ ညှိနှိုင်းလုပ်ကြတာပဲ။
ပြည်သူလူထုနဲ့ ဆက်ဆံနေရတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ကိုယ့်ပါတီအပေါ် ဘယ်လို ပြန်သုံးသပ်မိပါသလဲ။ ပြည်သူအနေနဲ့ ကိုယ့်ပါတီအပေါ်မှာ ဘယ်လို သဘောထားရှိတယ်လို့ သုံးသပ်မိပါသလဲ။
၂၀၁၂ ရွေးကောက်ပွဲ ကြားဖြတ် ရွေးကောက်ပွဲမှာ ရှုံးသွားတယ်။ ကျွန်တော်လည်း မုန်းချင် မုန်းပါစေဆိုပြီး တင်ပြခဲ့တယ်။ ပြည်သူတွေက နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတောထဲမှာ နေခဲ့ရတာ။ အဲဒီတော့ သူတို့က အခွင့်အရေး လိုချင်တယ်။ အမေရိကန်မှာလည်း အိုဘားမား နိုင်သွားတယ်။ Change ဆိုတဲ့ စကားလုံးတစ်လုံး နဲ့နိုင်သွားတာ။ သူတို့က Change ဖြစ်မှာကို အများကြီး မျှော်လင့်တာ။ သူတို့ဆန္ဒကို အမျိုးမျိုး ဖိနှိပ်ချုပ်ချယ် ခံခဲ့ရတယ်။ သူတို့ရဲ့ဆန္ဒကို လျှို့ဝှက် ထားတာပဲရှိတယ်။ ဘယ်တော့မှ ထုတ်မပြောဘူး။ ရွေးကောက်ပွဲ မဲပုံးရှေ့ ကျမှပဲ ထုတ်ပြောမယ်။ လက်ခံတယ် လက်မခံဘူးဆိုတာ ပြောဖို့က အရမ်းစောပါသေးတယ်။ ပြည်သူလူထုကို အထင်သေးလို့မရဘူး။
ပြီးခဲ့တဲ့ ၂၀၁၂ ရွေးကောက်ပွဲက ပြည်သူလူထုရဲ့ သဘောဆန္ဒကို ပြည်ခိုင်ဖြိုး ပါတီအပေါ်မှာ ထားတဲ့ သဘောထားကို ပြသလိုက်တယ်လို့ အန်ကယ် ထင်မြင်မိပါသလားခင်ဗျ။
ရာခိုင်နှုန်း တော်တော်များများ မှန်တယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ကြားထဲမှာ သုံးနှစ်ကာလရှိတယ်။ သုံးနှစ်ကာလထဲမှာ ပြည်ခိုင်ဖြိုးပါတီကလည်း သူတို့ရဲ့ ပြင်ဆင်မှုတွေ အများကြီး လုပ်လာတယ်။ ပြင်ဆင်မှု တွေကို ပြည်သူလူထုက လက်ခံမလား။ လက်မခံဘူးလား ဆိုတာလည်း ပြောလို့မရဘူး။ ၂၀၁၂ အတွေ့အကြုံ အရ ကျွန်တော်တို့ ရွေးကောက်ပွဲ မတိုင်ခင်မှာ စည်းရုံးရေး ဆင်းတယ်။ တစ်ရက်နှစ်ရက် အလိုအထိ ဆင်းတယ်။ ပထမတစ်ရက် ရေဘူးတွေပေး ၀င်ထွက် သွားလာ ရင်းရင်းနှီးနှီးပဲ။ ဒုတိယ တစ်ရက် ရင်းရင်း နှီးနှီးပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် တစ်ရက်မှာ  လူတွေပုံစံ ပြောင်းသွားတယ်။ လက်မခံဘူး။ နက်ဖြန် မဲရွေးမယ်။ ပြည်သူလူထုကို လျှော့တွက်တာ။ လုံးဝ လျှော့တွက်လို့ မရဘူး။ ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်ပေးခဲ့လဲ ဆိုရင် ရွာတစ်ရွာ မီးလင်းရေးအတွက် နက်ဖြန်ရွေးကောက်ပွဲ။ ဒီနေ့မှာ ထရမ်စဖော်မာ တစ်လုံး ရွာထိပ်ပို့တယ်။ တစ်ရွာလုံး သောင်းသောင်းဖြဖြ ထွက်ကြိုတယ်။ ၀မ်းသား အားရ လက်ခုပ်တီးတယ်။ ဒါပေမဲ့ နောက်နေ့ မဲပေးတော့ ရှုံးတယ်ဗျ။ ပြည်ခိုင်ဖြိုး။ ဘယ်လိုမှ တွက်လို့မရဘူး။
မဲပေးလို့ပြီးတော့ ကျွန်တော်ရွာကို သွားပြီးတော့ မေးတယ်။ ညီလေး မင်း ဘယ်ပါတီကို မဲပေးခဲ့လဲ။ ကျွန်တော် ဒေါင်းကို ထည့်ခဲ့တယ်။ ဘာဖြစ်လို့ ထည့်တာလဲ။ ဘာတွေကောင်းလို့လဲ။
ကျွန်တော်ကြိုက်လို့ထည့်ခဲ့တာ။ ဒါ တစ်ခွန်းပဲပြောတယ်။ ပြည်သူလူထုနဲ့ အနီးစပ်ဆုံးနေပြီးတော့ ပြည်သူ လူထုရဲ့ ဆန္ဒအမှန်စိတ်ကို ဖတ်တတ်ဖို့လိုပြီ။ ဖတ်တတ်ရင်တော့ အဖြေနဲ့ အနီးဆုံးတွေ့မယ်။
အဲဒီလိုဖြစ်ဖို့ အန်ကယ်တို့ ပြည်ခိုင်ဖြိုးက ဘာတွေလုပ်ဖို့ လိုအပ်နေလဲ။
ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်ဖို့၊ သူတို့ရဲ့လေးစားမှုရှိဖို့၊ သူတို့ ဆွဲဆောင်နိုင်ဖို့ ပင်ကို အရည်အသွေးတွေ အများကြီးလိုတယ်။ ကိုယ်ကျိုးစီးပွား မရှာဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းနေရမယ်။ ပြည်သူ လူထုအတွက် လိုအပ်ချက်တွေကို အမြဲဦးစားပေးပြီးတော့ တစ်သားတည်း လုပ်နေရမယ်။ အထူးသဖြင့် သူတို့ရဲ့ အာရုံထဲမှာ လွှမ်းမိုးနိုင်ရမယ်။ သူတို့ကို အများကြီး ဖြည့်ဆည်းပေးနိုင်ရမယ်။ သူတို့ကို စေတနာ ရှိတယ်။ ဆန္ဒရှိတယ်။ ရိုးသား ဖြောင့်မတ်တယ်။ ဖြူစင်တယ်ဆိုရင် ကိုယ့်ဘက်ကို အလိုလို ရောက်လာ လိမ့်မယ်။
အခုအန်ကယ်ပြောတဲ့ အချက်တွေကို ပြည်ခိုင်ဖြိုးပါတီမှာ ဗဟိုထိပ်ပိုင်းက ခေါင်းဆောင်တွေ အပါအ၀င် ပါတီဝင်တွေ လုပ်ဆောင်နေကြပြီလို့ မြင်ပါသလားခင်ဗျ။
လုပ်ဆောင်နေတာတော့ အများစုပဲ ဒါပေမဲ့ ပြည်ခိုင်ဖြိုးပါတီမှာ အရိပ်ကြီး ရှိနေတာ။ အဲဒီအရိပ်ကြီးကို ပယ်ဖျက်နိုင်ဖို့ လိုတယ်။ ရှင်းရှင်းပြောရရင် ဒါ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ ပြောတာ မဟုတ်ဘူး ကျွန်တော့်ထက် ကြီးမြင့်တဲ့ လူကြီးတွေ ပြောတဲ့စကား။ ပြည်ခိုင်ဖြိုးပါတီရဲ့ အရိပ်ကြီးကတော့ တပ်မတော်က ပေါက်ဖွားလာတဲ့ ပါတီဆိုတာကို ပြည်သူလူထုက စွဲနေတယ်။ အဲဒီအစွဲကို မချွတ်နိုင်သရွေ့ ရွေးကောက်ပွဲ မနိုင်နိုင်ဘူး။
လက်ရှိ မွန်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၀န်ကြီးအဖွဲ့တွေ၊ အစိုးရအဖွဲ့ တွေထဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီဟာ အများဆုံး ပါဝင်နေတယ်၊ ၀န်ကြီးချုပ် ကိုယ်တိုင်ကလည်း ပြည်ခိုင်ဖြိုးပါတီက ဖြစ်နေတယ်။ လွှတ်တော် ဥက္ကဋ္ဌ ဆိုရင်လည်း ပြည်ခိုင်ဖြိုးပါတီက၊ လွှတ်တော်ထဲမှာ ဆိုရင်လည်း ကိုယ်စားလှယ် အများစုကလည်း ပြည်ခိုင်ဖြိုး ပါတီကပဲလေ။ ပြီးတော့ ခုန အန်ကယ်ပြောသလို ၂၅ ရာခိုင်နှုန်းဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာလည်း ပြည်ခိုင်ဖြိုး ပေါက်ဖွားခဲ့တဲ့ တပ်မတော်က ဖြစ်နေတဲ့ အခါကျတော့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူတွေအတွက် တခြားပါတီတွေနဲ့ ယှဉ်ပြီးတော့ အားသာချက်အနေနဲ့ ဘာတွေများ လုပ်ဆောင်နိုင်စွမ်းတွေ ရှိလဲခင်ဗျ။
ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လုပ်ပိုင်ခွင့်တွေ ရှိတာကိုး။ လုပ်ပိုင်ခွင့်ရှိတော့ အားသာချက်တွေ အများကြီး ရှိတာပေါ့။ အဲဒီ လုပ်ပိုင်ခွင့်တွေမှာ ပြည်သူလူထုက ဒီလုပ်ပိုင်ခွင့်ကို သူတို့အပေါ် တကယ် မေတ္တာ၊ စေတနာ ထားတယ် ဆိုတဲ့စေတနာ အမှန်ပြည်သူလူထုက မြင်လို့ရှိရင် အောင်နိုင်တယ်။
အန်ကယ့်အနေနဲ့ ပြောချင်တာလေး ရှိရင် ပြောပြပေးပါဦးခင်ဗျ။
ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်ကို ဒီနေ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်အောင် ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက တင်ခဲ့ပေးတာပေါ့။ ကျွန်တော်ကတော့ ပါတီကနေ ထွက်မယ်၊ ပါတီကို သစ္စာဖောက်ပြီးတော့ ဒီ့ပြင်ပါတီကို သွားမယ်ဆိုတာ မရှိပါဘူး။ စိတ်ဆန္ဒလည်းမရှိဘူး။ ကျွန်တော်တစ်သီးပုဂ္ဂလ လည်း ပါတီကနေ ထွက်ပြီးတော့ အရွေးမခံဘူး။ ကျွန်တော်အရွေးခံရင် ပြည်ခိုင်ဖြိုးကပဲ အရွေးခံမယ်။ အရွေးမခံရင် အရွေးမခံဘူး ဒါပဲရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူဆိုတာက သစ္စာတရားဆိုတာ ရှိရတာကိုး။ ဒါကျွန်တော့်ရဲ့ သစ္စာတရားပဲ။ ကျွန်တော်က ဒီစင်မြင့်ပေါ်ကို ထိုက်သင့်တဲ့ အတိုင်းအတာ ရောက်လာပြီ၊ ဘာပဲဖြစ်ဖြစ် ကောင်းမွေ၊ ဆိုးမွေကတော့ ကျွန်တော် ဆက်ခံရမှာ ပေါ့နော်။ ဒီ့ပြင်ပါတီတော့ မပြောင်းဘူး။ တစ်သီးပုဂ္ဂလလည်းအရွေးမခံဘူး။ အရွေးခံရင် ပြည်ခိုင်ဖြိုးကပဲ အရွေးခံမယ်၊ အရွေးမခံရင်လည်း လုံးဝအရွေး မခံဘူး။
Credit To The Myanmar Herald
အခုလိုဖြေကြားပေးတာ ကျေးဇူးပါပဲခင်ဗျ။

Read More »