Wednesday, July 31, 2013

သံသယ ပျောက်ပါစေ အမှန်ဘဝ ရောက်ပါစေ



(သိန်းထက်အောင်)

ကျွန်တော် ငယ်စဉ်က စစ်ပွဲ ရုပ်ရှင်ကားများကို တော်တော်များများ ကြည့်ခဲ့ဖူးသည်။ The Longest Day, the Guns of Neveron အပါအဝင် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် နောက်ခံ စစ်ကား များကား အများဆုံး ဖြစ်သည်။ ယခုနောက်ပိုင်း ရုပ်သံ အစီအစဉ်များက ပြန်လည် ပြသသည့် Pearl Harbour ဇာတ်ကားကိုလည်း မကြာခဏ ပြန်လည် ကြည့်ရှုရပါသည်။ မြန်မာ စစ်ကားများထဲက ဆိုလျှင် ဒါရိုက်တာ မောင်မောင်မြင့်၏ ‘၁၃ ယောက်၊ ၁၃ ရက်၊ ၁၃ နာရီ’၊ မင်းသားဇော်လွင်ပါဝင်သော ‘ကျည်ဆန် ငါးတောင့်’ နှင့် မင်းသား ကျော်ဆွေ ပါဝင်သော ‘ပုလဲမျက်ရည်’ ရုပ်ရှင် ဇာတ်ကားများကား အသည်းစွဲဖြစ်ပြီး အဆင့်အတန်းမြင့်သည့် မြန်မာစစ်ကားများ အဖြစ်လည်း အတော်များများက အသိအမှတ်ပြု ကြပါသည်။

စစ်ကားများတွင် နှစ်ဖက်တပ်များ တိုက်ကြ ခိုက်ကြပြီး အနိုင်ရသောဘက်က ရန်သူ့ စခန်းကို ဝင်ရောက် သိမ်းပိုက်သော အခန်းများ၊ ရန်သူ့စခန်းကို ဝင်ရောက် သိမ်းပိုက်ပြီး၍ အနိုင်ရသူက မိမိတို့ အလံကို လွှင့်ထူသော အခန်းများကို ကြည့်ရသည်မှာ မိမိကိုယ်တိုင် အနိုင်ရသောဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးလိုက်ရသလို ခံစားရသည်။ စစ်ပွဲတွင် ရှုံးနိမ့်သူဘက်က ဝင်ရောက်၍ မခံစားခဲ့ဖူးပါ။ ရိုက်ကူးသူများကလည်း ရှုံးနိမ့်သူများဘက်မှ အကျအဆုံးများကိုသာ ပြသကြ၍ အနိုင်ရသူ၏ အကျအဆုံးများကို ပြသလေ့ မရှိကြပါ။ အမှန်တကယ်တော့ ရုပ်ရှင် ရိုက်ကူး ထုတ်လုပ်သော နိုင်ငံ သည် တမင်သက်သက် စစ်ရှုံး နိုင်ငံကို တစ်ဖက်သတ် နှိမ်ချလိုသော သဘောဖြင့် ရိုက်ကူး ထုတ်လုပ် ကြခြင်း ဖြစ်သည်ကို နောင်မှ သဘောပေါက်ပါသည်။

နောက်ပိုင်း ရိုက်လာသော စစ်ကားများတွင်မူ စစ်ပွဲ တစ်ပွဲ ဖြစ်ပွားပါက နှစ်ဖက် တပ်များ အကျအဆုံး များပုံ၊ အထူးသဖြင့် စစ်ပွဲနှင့် မည်သို့မျှ မသက်ဆိုင်သော သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးနှင့် ကလေးငယ်များ ဒုက္ခရောက်ရပုံ၊ အိုးပစ်၊ အိမ်ပစ် ထွက်ပြေးကြပုံများကို အနုပညာမြောက်စွာ ရိုက်ပြ လာသောအခါ စစ်ကားကြိုက်သော ကျွန်တော့်အဖို့ မည်သို့မျှ မခံစားနိုင်တော့ပါ၊ ကြည့်ရှုရသော မိမိအနေနှင့်ပင် ဤမျှ ခံစားရပါက စစ်မြေပြင်တွင် အမှန်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေကြ ရသူများမှာ မည်သို့ ရှိကြမည်နည်း၊ ၎င်းတို့၏ မိသားစုများ၊ ဆွေမျိုးသားချင်းများ အနေနှင့်ရော မည်သို့ ရှိကြပါမည်နည်း။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော် စစ်ကားများကို မကြည့်ဖြစ်တော့ပါ။ စစ်ကား များကို မကြည့်ဖြစ်သော်လည်း စစ်သတင်းများကိုမူ ရံဖန်ရံခါ ဖတ်ရှုဖြစ်ပါသည်။ စစ်သတင်းများတွင် လည်း သေကျေ ဒဏ်ရာရမှုများ၊ ပျက်စီး ဆုံးရှုံးမှုများ၊ အရပ်သားများ ထိခိုက် ဒဏ်ရာရ သေဆုံးမှုများ၊ မိကွဲ၊ ဖကွဲဖြစ်ရသော ကလေးငယ်များ၊ လင်ဆုံး သားဆုံး ဖြစ်ရသည့် ဇနီး၊ မိခင်များ စသည့် စစ်၏ အနိဋ္ဌာရုံ သတင်းများကို ရေးသား ဖော်ပြကြသဖြင့် စစ်ပွဲကြိုက်သော ကျွန်တော် ‘စစ်’ ကို မုန်းတီးမှန်း မသိ မုန်းတီးလာခဲ့မိပါတော့သည်။

စစ်ပွဲ သတင်းများကို ရေးသား ဖော်ပြကြရာတွင် စစ်ပွဲ ဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ပြရာ၌ မည်သည့် နိုင်ငံက မည်သည့် နိုင်ငံသို့ စတင် ဝင်ရောက် တိုက်ခိုက်ရခြင်းမှာ ‘နိုင်ငံရေးအရ သြဇာ လွှမ်းမိုးလိုခြင်း၊ စီးပွားရေးအရ နယ်ပယ် ချဲ့ထွင်လိုခြင်း၊ စစ်ရေးအရ အသာစီးရလိုခြင်း’ စသည့် အပေါ်ယံ အကြောင်းခြင်းရာများကိုသာ သုံးသပ် ရေးသားကြလျက် ယင်းတို့၏ နောက်ကွယ်မှ ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များ၏ လောဘ၊ ဒေါသ၊ မာန်မာနများ၊ အမုန်းတရားများ၊ လက်စား ချေခြင်းများ၊ ဘာသာရေး အစွန်းရောက်မှုများ၊ ပြင်းထန်သည့် အယူဝါဒရေးရာ ယုံကြည် သက်ဝင်မှု များ စသည့် အခြေခံ အကြောင်းတရားတို့ကို ဖော်ထုတ် ရေးသားသူ ဟူ၍ မရှိသလောက်ပင် ဖြစ်ပါသည်။

ကမ္ဘာ့သမိုင်းတွင် သမိုင်းတင်ပြီး နောက်ပိုင်း ဖြစ်ပွားသည့် စစ်ပွဲများမှာ အထက်ဖော်ပြပါ အခြေခံ အကြောင်းတရားများ အနက် တစ်ခုမဟုတ် တစ်ခုပေါ်တွင် အခြေခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲများသာ ဖြစ်ပါသည်။ ထိုစစ်ပွဲများအနက် ၁၁ ရာစု နောက်ပိုင်း ဖြစ်ပွား ပေါ်ပေါက်ခဲ့သော ခရူးဆစ် စစ်ပွဲများမှာ ဘာသာရေး အစွန်းရောက်မှုကို အခြေခံသော စစ်ပွဲများ ဖြစ်ကြပြီး သမိုင်းစဉ် တစ်လျှောက် အရှည်ကြာဆုံး စစ်ပွဲများလည်း ဖြစ်ခဲ့ပါသည်။ အလားတူ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ယနေ့တိုင် အပြီးသတ် ငြိမ်းချမ်းရေး မရရှိသေးသည့် စစ်ပွဲ တစ်ပွဲမှာ ၁၉၄၈ ခုနှစ်က အစပြုခဲ့သည့် အာရပ် အစ္စရေး စစ်ပွဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုကို အခြေခံသည့် စစ်ပွဲများမှာ အခြား စစ်ပွဲများထက် ပို၍ ရှည်ကြာတတ်သဖြင့် မဖြစ်မီက ကြိုတင်တားဆီး ရန် လိုအပ်ပါသည်။

လူမျိုး တစ်မျိုးက လူမျိုး တစ်မျိုးကို နှိမ့်ချ ဆက်ဆံခြင်း၊ ဘာသာ တစ်ခုနှင့်တစ်ခု နားလည်မှု လွဲမှားစွာ ဝေဖန် သုံးသပ်ခြင်း စသည်တို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခြင်းတို့မှ အစပြု၍ လူစုလူဝေး ဖြစ်ပွားကာ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ အဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း စသည်တို့သည် လူမျိုးရေး၊ ဘာသာရေး စစ်ပွဲများဆီ သို့ ဦးတည်သွားစေသော အကြောင်းတရားများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဖော်ပြပါ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ် ကိစ္စမျိုးကို ကိုင်တွယ် ဖြေရှင်းကြရာတွင် တာဝန်ရှိသော အုပ်ချုပ်ရေး အဖွဲ့အစည်း၊ လုံခြုံရေး အဖွဲ့အစည်းတို့သည် စိတ်ရှည် သည်းခံမှုဖြင့် လိမ္မာ ပါးနပ်စွာ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ဘာသာလူမျိုး မခွဲခြားဘဲ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရေးသည် များစွာ အရေးကြီး လှပါသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ဘာသာရေး အစွန်းရောက် အဖွဲ့များသည် နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာကို ကျော်လွန်၍ မိမိတို့နှင့် ဘာသာတူ လူမျိုးတူများဘက်မှ (မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ) အတင်း ဝင်ရောက် စွက်ဖက်ခြင်း၊ မမှန်သတင်းများ ချဲ့ကား ထုတ်လွှင့်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အားကို ရယူခြင်း စသည်တို့ ဆောင်ရွက်လေ့ ရှိသောကြောင့် ဖြစ်ပါ သည်။

လူမျိုးရေး၊ ဘာသာရေးကို အခြေ မခံသော်လည်း ၁၉၅၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အနှစ် နှစ်ဆယ်ခန့် ကြာရှည်ခဲ့သော စစ်ပွဲ တစ်ပွဲမှာ အယူဝါဒရေးရာကို အခြေခံသည့် တောင်နှင့်မြောက် ဗီယက်နမ် စစ်ပွဲ ပင် ဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံ ကွန်မြူနစ်နိုင်ငံ ဖြစ်သွားပါက ဒေသတွင်း ကျန်နိုင်ငံ များသို့လည်း ပျံ့နှံ့လာနိုင်သည်ဆိုသည့် အယူအဆ (ဒိုမီိနို သီအိုရီ) ကြောင့် အမေရိကန်နိုင်ငံက တောင်ဗီယက်နမ် နိုင်ငံဘက်မှ ဝင်ရောက် ကူညီ၍ မြောက် ဗီယက်နမ် (ကွန်မြူနစ်နိုင်ငံ) ကို တိုက်ခိုက်ပေးခဲ့ပါသည်။ နှစ်ဖက် စစ်သည်နှင့် ဗီယက်နမ် ပြည်သူတို့ များစွာ သေဆုံး ဒဏ်ရာ ရရှိ ခဲ့ကြပြီး အမေရိကန်ပြည်သူတို့၏ စစ်ပွဲ ဆန့်ကျင်မှုများကြောင့် အမေရိကန်တို့သည် အောင်မြင်မှု မရဘဲ ဗီယက်နမ် စစ်မြေပြင်မှ ဆုတ်ခွာခဲ့ရပါသည်။

မာနနှင့် လက်စားချေလိုမှုကို အခြေခံခဲ့သော်လည်း ဖျက်အားပြင်း လက်နက်များရှိသည် ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်နိုင်ငံက အီရတ်နိုင်ငံအပေါ် ဆင်နွှဲခဲ့သည့် ကျူးကျော် စစ်ပွဲသည် လည်းကောင်း၊ အိုစမာ ဘင်လာဒင်၏ အနောက် ကမ္ဘာအပေါ် မုန်းတီးမှုမှသည် ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုံ ညီနောင်ကို တိုက်ခိုက်ခဲ့သည့် ၉/၁၁ ဖြစ်စဉ်ပြီးနောက် လက်တုံ့ပြန် စစ်ပွဲ ဆင်နွှဲ ခဲ့သည့် အမေရိကန် (နေတိုး) ၏ အာဖဂန် စစ်ပွဲသည် လည်းကောင်း နှစ်ဖက် စစ်သည်နှင့် ပြည်သူ အများအပြား သေဆုံးကြကာ ကြီးမားသော စစ် အသုံးစရိတ်များကိုလည်း ပြည်သူများကပင် ကျခံခဲ့ ရပါသည်။

မြန်မာနိုင်ငံသည်လည်း ၁၈၂၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အတွင်း စီးပွားရေး လောဘဇောတိုက်သော နယ်ချဲ့ ကျူးကျော်သူတို့နှင့် သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် တိုင်းရင်းသား လူမျိုးစုများအားလုံး စည်းလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ခဲ့ကြသော်လည်း သူ့ကျွန်ဘဝ ရောက်ခဲ့ရသောအခါ နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်ခဲ့မှုကြောင့် တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ခဲ့ကြသူ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး အထင်အမြင် လွဲမှား သံသယပွားကာ ယနေ့တိုင် အချို့သော နေရာများ၌ သေနတ်သံ မစဲသေးဘဲ မြန်မာ့ မြေပေါ်တွင် မြန်မာပြည်ဖွား တိုင်းရင်းသားတို့၏ သွေးများ မြေကျ လျက်ပင် ရှိနေပါသေးသည်။ မိခင်၊ ဖခင်တို့ ကိုယ့်အိမ်ကိုယ် မနေနိုင်၊ ကိုယ့်ယာကိုယ် မစိုက်နိုင် ဘဝတွင် သားသမီးတို့ ပညာရေး မတွေးနိုင်ရှာကြပါ။

မြန်မာ့လွတ်လပ်ရေး ရရှိသည်နှင့်တစ်ပြိုင်နက် အယူဝါဒ အစွဲကြီးလှသော ကွန်မြူနစ်တို့က လက်နက်ကိုင် လမ်းစဉ်ကို အစပြုသည်။ သူ့နောက်က ရဲဘော်ဖြူ၊ သည်နောက်တော့ KNU, KIA, SSA, UWSA, ကိုးကန့်၊ ပအို့ဝ်၊ ကရင်နီ၊ ရခိုင်၊ မွန်၊ နာဂ၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပေါ်ပေါက်လာကြသည်။ မြန်မာနိုင်ငံကို လက်နက်ကိုင် အဖွဲ့အစည်း အများဆုံးနှင့် အရှည်ကြာဆုံးသော ပြည်တွင်းစစ်ကို ပိုင်ဆိုင်ထားသည့် တိုင်းပြည် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ပုံဖော်ကြသည်။

နှစ်ပေါင်း ၅၀၊ ၆၀ မျှ ကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် သေကျေ ဒဏ်ရာရကြသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ လူစဉ်မမီ ဖြစ်ခဲ့ရသော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများ၊ ပညာရေးနှင့် အလှမ်းဝေးခဲ့ရသော မိဘမဲ့ ကလေးငယ်များနှင့် ကလေး စစ်သားများ၊ ဖောက်ခွဲ ဖျက်ဆီးခဲ့သော လမ်းတံတား၊ အဆောက်အအုံ စသည်တို့ကို တိကျသော စာရင်းဇယားများသာ ပြုစုနိုင်မည်ဆိုလျှင် အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးမှု အများဆုံး နိုင်ငံအဖြစ် ဂင်းနစ် မှတ်တမ်း စာအုပ်တွင် စာရင်းဝင်နိုင်မည်ဟု ထင်မိပါသည်။

သို့ရာတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်များကို လေ့လာကြည့်ပါက (ဗကပတို့နှင့် ဖြစ်ပွားခဲ့သော စစ်မှ လွဲ၍) အယူဝါဒရေးရာ အစွန်းရောက်မှုကြောင့်သော်လည်းကောင်း၊ နယ်မြေ ချဲ့ထွင်လိုခြင်းကြောင့်သော် လည်းကောင်း၊ လူမျိုးရေး မုန်းတီးမှုကြောင့်သော် လည်းကောင်း၊ ဘာသာရေး အစွန်းရောက်မှုကြောင့်သော် လည်းကောင်း ဖြစ်ပွားခဲ့သော စစ်ပွဲဟူ၍ မရှိပါ။ (ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်းကို အကြောင်းပြု၍ ကချင် လူမျိုးတို့ လက်နက်ဆွဲကိုင် ဆန့်ကျင် ပုန်ကန်သည်ဟု ဆိုကြသော်လည်း ကျွန်တော် သိရသလောက် ကချင်လူမျိုးတို့သည် ခရစ်ယာန် အစွန်းရောက်များ မဟုတ်ကြသကဲ့သို့ ဗုဒ္ဓဘာသာ အပါအဝင် အခြား ဘာသာများကိုလည်း နှိမ်ချ ပြောဆိုခြင်းမျိုး မရှိခဲ့ပါ။)

ဤသို့ဆိုလျှင် နှစ်ပေါင်းများစွာ သွေးရင်းသားရင်းကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ အစဉ်အဆက် နေလာ ကြပြီး လွတ်လပ်ရေး တိုက်ပွဲကိုလည်း အတူတကွ ဆင်နွှဲခဲ့ကြသော တိုင်းရင်းသား ညီအစ်ကိုများ သည် အဘယ်ကြောင့် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် အချင်းချင်း လက်နက်စွဲကိုင် တိုက်ပွဲဝင်နေ ကြပါသနည်း။ မြန်မာနိုင်ငံကို ကျွန်ပြု သွေးစုပ် ခြယ်လှယ်ခဲ့ကြသော နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်ခဲ့မှု ကြောင့် တစ်ဦးအပေါ် တစ်ဦး အထင်အမြင် လွဲမှား သံသယပွားကာ ယနေ့တိုင် မယုံရဲရဲ၊ ယုံရဲရဲဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်းကြဆဲပင် ဖြစ်ပါသည်။ တိုင်းရင်းသားတို့က ဗမာ လူမျိုးတို့သည် လူမျိုးကြီး ဝါဒကို လက်ကိုင်ပြု၍ တိုင်းရင်းသားတို့အပေါ် တန်းတူရည်တူ မဆက်ဆံကြ။ တိုင်းရင်းသားတို့အား ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို မပေးလိုကြဟူ၍ ထင်မြင် ယူဆလျက် ရှိကြသည့်အပြင် ဗမာ လူမျိုးတို့ကလည်း တိုင်းရင်းသားတို့အား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးလိုက်လျှင် ပြည်ထောင်စုကြီးမှ ခွဲထွက်၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားကာ ပြည်ထောင်စု ပြိုကွဲလိမ့်မည်ဟူ၍ အချင်းချင်း အပြန်အလှန် သံသယပွားကာ မယုံမကြည် ဖြစ်ခဲ့ကြသည်မှာ နှစ်ပေါင်း ရှည်ကြာခဲ့ပြီ ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သော စစ်ပွဲများနှင့် မြန်မာ့ သမိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများကို လေ့လာ ကြည့်ပါက တိုင်းသူပြည်သားတို့က စစ်တိုက်လိုပါသည် ဟူ၍ တောင်းဆိုသောကြောင့် ဖြစ်ပွားရသည့် စစ်ပွဲ ဟူ၍ မရှိဘဲ ပြည်သူ့အကျိုးကို လိုလားပါသည်ဆိုသော ခေါင်းဆောင်/စစ်ခေါင်းဆောင် တို့၏ စစ် လိုလားမှု၊ မာန်မာန ထောင်လွှားမှု၊ မခံချင်မှု၊ တစ်ဖက်နှင့် တစ်ဖက် မယုံကြည်မှု စသည့် လောဘ၊ ဒေါသ၊ မောဟကို အခြေခံသည့် စိတ်များကြောင့်သာ စစ်ပွဲများ ဖြစ်ပွားရပြီး ပြည်သူတို့၏ အသက်၊ စည်းစိမ်၊ ဥစ္စာများ ဆုံးရှုံးရခြင်းသာ ဖြစ်ပါသည်။ စစ်ပွဲ တစ်ပွဲ စတင် ဖြစ်ပွားရခြင်းမှာ ခေါင်းဆောင် ကြောင့်ဟု ဆိုလျှင် စစ်ပွဲ တစ်ပွဲကို အဆုံးသတ်ဖို့အတွက်လည်း ခေါင်းဆောင်တွင် တာဝန်မရှိပြီလော။ ခေါင်းဆောင်ဖြစ်သူက စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တာဝန်မှာ ခေါင်းဆောင် (ဆက်ခံသူ ခေါင်းဆောင် အပါအဝင်) တွင်သာ တာဝန်ရှိသည့်အတွက် ၎င်းကပင် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုကို ရပ်တန့်စေရမည် ဖြစ်သည်။

ပြည်သူ့ဆန္ဒကို အလေးထားသော၊ ပြည်သူကို ညှာတာ သနားသော၊ အမြော်အမြင်ရှိသော ခေါင်းဆောင်တို့သည် စစ်မြေပြင်သို့ မသွား၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ သွားကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့နှင့် ပဏာမ သဘောတူညီမှု ရရှိထားပြီဟု သိရပါသည်။ သို့ရာတွင် ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက်ကား ခရီးရှည်ကြီးကို ဆက်ကြရပေဦးမည်၊ ဤခရီးကား မည်မျှ ရှည်ဦးမည်ကို မည်သူမျှ မပြောနိုင်ကြ။ သို့သော် ပြည်သူအားလုံး၏ ဆန္ဒသည်ကား ဤခရီးကို အမြန် ရောက်လိုကြပြီ၊ အဆုံးသတ်စေလိုကြပြီ။ ပြည်သူတွေကို ဆင်းရဲတွင်း သာမက သေတွင်းသို့ ဆွဲပို့နေသော စစ်ပွဲရှည်ကြီးကို ရပ်လိုကြပါပြီ။ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာကို နယ်ချဲ့တို့က လုပ်ခဲ့ပြီး ဇာတ်ကောင်များအဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့ ပါဝင် သရုပ်ဆောင်ထားသော The Longest Civil war of the World ဆိုသည့် ရုပ်ရှင်ကားကြီးကိုလည်း မကြည့်လိုတော့ပါ။ ကျွန်တော့်လိုပင် ပြည်သူအများကလည်း ဤမျှ ရှည်ကြာ ညောင်းသည့် အနိဋ္ဌာရုံ ဇာတ်ကားကြီးကို မည်သူမျှ ကြည့်လိုကြမည် မဟုတ်ပါ။ ကမ္ဘာကပေးသော အော်စကာဆုကိုလည်း မလိုချင်ပါ၊ ဂင်းနစ် မှတ်တမ်းတွင်လည်း မဝင်လိုပါ။ ကျွန်တော်တို့ လိုချင်သည်မှာကား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ကို ပူးတွဲ ချီးမြှင့်သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပင် ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တို့သည် သူသာ ကိုယ်သာ မစဉ်းစားဘဲ ပြည်သူ့မျက်နှာ တစ်ခုတည်းကိုသာ ကြည့်၍ စိတ်ရှည် သည်းခံမှု၊ အပြန်အလှန် လေးစားမှု၊ ချစ်ကြည် ရင်းနှီးမှု၊ အမြော်အမြင် ကြီးမားမှုတို့ကို အခြေခံပြီး တန်းတူရည်တူ ရှိသော၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသော၊ စစ်မှန်သော ပြည်ထောင်စုကြီးကို အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း မင်္ဂလာ ရွှေမောင်း ခတ်လိုက်ရပါသည် ခင်ဗျာ။

Credit To The Voice Weekly

Related Articles:

Post a Comment