Monday, July 29, 2013

အခါးသီးဆုံး သင်ခန်းစာ


ရေးသားသူ- ရဲမိုး

၈၈၈၈ တော်လှန်ရေးကို ၂၅ နှစ် အကြာမှာ ပြန်လည်သုံး သပ်သည့်အခါ အကြီးမားဆုံး သင်ခန်းစာတစ်ခုကိုရသည်။ တပ်မတော်ကို ဒီမိုကရက် တစ်အဖွဲ့အစည်းတစ်ခုဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကျပျောက်သွားသော “အနာဂတ်တစ်ခု” ဆိုသည့် သင်ခန်းစာဖြစ်ပါသည်။

သန်းနှင့်ချီသည့် ပြည်သူများ၏ ဆန္ဒကို ငြင်းပယ်ခဲ့ခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ၏နှလုံးသားတွင် တစ်စုံတစ်ရာအကြီးအကျယ် မှားယွင်းနေပြီကို ပြသခဲ့သည်။ တပ်မတော်ကို ပြည်သူနှင့်ဝေးကွာ အောင်ပြုလုပ်ခဲ့ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ခေါင်းတလားထဲထည့် ပြီး နောက်ဆုံးရိုက်လိုက်သည့် သံမှိုတစ်ချောင်းဖြစ်ခဲ့ပါသည်။

တပ်မတော်ကို ဒီမိုကရက်တစ် အဖွဲ့အစည်းတစ်ခုဖြစ်အောင် အသွင်မပြောင်းဘဲ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့တင်ဖို့ လုံး ၀မဖြစ်နိုင်ပါ။ ပြည်သူ့အကျိုးစီးပွား ကိုကာကွယ်ဖို့ တာဝန်ရှိသောတပ်မတော်ကို ပြည်သူများက ချစ်ခင် လေးစားသည့်တပ်မတော်ဖြစ်လာ အောင် ပြုလုပ်ရပါမည်။

အာဏာရှင်ဆူဟာတိုနောက်ပိုင်း အင်ဒိုနီးရှားစစ်တပ်ကိုပြုပြင်ပြောင်းလဲသည့်အခါ အခြေခံမူ လေးချက်ကို အကောင်အထည်ဖော်ဖို့ သူတို့ကြိုးစားခဲ့ကြသည်။ ပထမအချက်က အရပ်သားတို့၏ အကြင်း မဲ့အုပ်ချုပ်မှုအာဏာကို အုတ်မြစ်ချရေးဖြစ်သည်။ နိုင်ငံတော်ကို စီမံခန့် ခွဲမှုသည် အရပ်သားအစိုးရ၏ လက်ထဲတွင်သာရှိရမည်ဆိုသည့် စနစ်ကိုအရေးကြီးဆုံးမူအဖြစ် ထူထောင်ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များ သည် အရပ်သားအုပ်ချုပ်မှု၏ စီမံခန့်ခွဲမှုကို လိုက်နာရမည်ဖြစ်သည်။ ဒုတိယအချက်က စစ်တပ်၏နိုင်ငံရေးအခန်းကဏ္ဍကို အဆုံးသတ်ရေး ဖြစ်သည်။ စစ်တပ်ကို အင်ဒိုနီးရှား နိုင်ငံရေးက ဆွဲထုတ်ခြင်းဖြင့် ဘက်မလိုက်တာဝန်ကျေသည့် တပ်ဖွဲ့များ ဖြစ်လာအောင်ချခဲ့သည့်မူဖြစ် သည်။

တတိယအချက်ကတော့ စစ်တပ်၏စီးပွားရေးဆိုင်ရာ အခန်း ကဏ္ဍကို အဆုံးသတ်ရေးဖြစ်သည်။
“စစ်တပ် + စီးပွားရေး = အာဏာအလွဲ သုံးစားမှု + တိုင်းပြည်ဆင်းရဲမွဲတေမှု” ဟု သူတို့သင်ခန်းစာထုတ်ခဲ့ကြသည်။ စတုတ္ထအချက်ကတော့ စစ်တပ်ကို ဥပဒေကြောင်းအရပင် တာဝန်ယူမှုရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်လာအောင် ပြောင်းလဲရေး ဖြစ်သည်။ လက်နက်ကိုင်သူသည် တာဝန်အသိတတ်ဆုံးသူဖြစ်ရမည်ဆိုသည့်မူဖြစ်သည်။

အင်ဒိုနီးရှားကိုထားပြီး ကျွန်တော်တို့နိုင်ငံအကြောင်းကို ဆွေးနွေးကြရအောင်ပါ။ တပ်မတော်ကို လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူများနှင့် အခြားအစုအဖွဲ့များ က အမြင်မကြည်လင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ နိုင်ငံရေးတွင် တပ်မတော်ကို အသုံးချခြင်းကြောင့် ဖြစ်သည်။
မြန်မာ့နိုင်ငံရေး၏ အလယ်ဗဟိုချက်မမှာ တပ်မတော်ကိုထားခြင်းဖြင့် အားလုံး၏ “ဘုံအမုန်းခံ”ဘ၀ကို ရောက်ရှိသွားစေခဲ့ပါသည်။ တပ်မ
တော်ကို နိုင်ငံရေးမှ ဆွဲထုတ်နိုင်လျှင် တပ်မတော်သားများကို ပြည်သူများက ပြန်လည်လေးစားချစ်ခင်လာမည်မှာမလွဲပါ။ ယခုတိုင် ဗိုလ်ချုပ်
ကြီးဟောင်းတချို့ ပြောနေဆဲစကားတစ်ခုရှိပါသည်။ “တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသောနေရာမှာ အမြဲရှိ နေခဲ့သည်”ဆိုသည့်စကားဖြစ်သည်။ မှန်ပါသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းသည်လည်း မည်သည့်အခါမှ ငြိမ်းချမ်းလှပခြင်း မရှိခဲ့ပါ။

တပ်မတော်သားများကို ၀န်ထုပ်ဝန်ပိုးဖြစ်စေသည့်အပြင် နိုင်ငံ့လုပ်ငန်းများကိုလည်း သွက်ချာပါဒလိုက်စေသည့် အတွေးအခေါ်တစ်ခု ရှိနေဆဲဖြစ်ပါသည်။ “တပ်မတော်သားသည် ဘာမဆိုလုပ်နိုင်စွမ်းရှိသည်”ဆိုသည့်အယူအဆဖြစ်သည်။ စာတိုက်နှင့်ကြေးနန်း၊ ကျန်းမာရေး နှင့်ပညာရေးကဏ္ဍတို့ကစ၍ ဘဏ္ဍာ ရေး၊ ကုန်သွယ်ရေးနှင့် သစ်တော စသည့်ကဏ္ဍအသီးသီးအထိ တပ်မတော်သားများကို စေလွှတ်အုပ်ချုပ်စေခဲ့သည်။ နှစ် ၅၀ အကြာမှာ ဟောင်းလောင်းကျန်ခဲ့သည့် နိုင်ငံ့အခြေအနေက ထိုအတွေးအခေါ်မှန်၊ မ မှန်ကို သက်သေပြပြီးဖြစ်ပါသည်။

နိုင်ငံ့ကဏ္ဍအသီးသီးကို စစ်မှုပြုခြင်း (Militarized) ၏နောက် အကျိုးဆက်တစ်ခုက “အမိန့်”တစ်ခုနှင့်သာ အလုပ်လုပ်တတ်သည့် ယဉ်ကျေးမှုကို အရပ်ဘက်လူ့အဖွဲ့ အစည်းအတွင်းသို့ သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ “အမိန့်နာခံခြင်း”သည် စစ်တပ်တစ်တပ်အတွက် အရေးပါလှသော စည်းစနစ်တစ်ခု ဖြစ်သည့်တိုင် တီထွင်ဖန်တီးမှုနှင့်လွတ်လပ်မှုတို့ကို အခြေခံရမည့် အရပ်ဘက်အဖွဲ့အစည်းများအ တွက်တော့ လူသားကို စက်ရုပ်ဘ၀သို့ အသွင်ပြောင်းလဲလိုက်ခြင်းဖြစ် ပါသည်။

တပ်မတော်ကိုပြုပြင်ပြောင်းလဲရာမှာအရေးပါလှသည့် အဓိ ပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို မဖြစ် မနေပြုလုပ်ရပါမည်။ “နိုင်ငံတော်” ဆိုသည့်စကားလုံးကို အနက်အဓိ ပ္ပာယ်ဖွင့်ဖို့ဖြစ်ပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များမှာ “နိုင်ငံတော်၏ စေတနာဖြင့်”၊ “နိုင်ငံတော်ကဦး ဆောင်ပြီး...”၊ “နိုင်ငံတော်က ပြု လုပ်သည့်...”ဆိုသည့် စကားများ မိုးလုံးပြည့်ခဲ့သည်။ နိုင်ငံတော်ဆို သည်မှာ “အစိုးရလား”၊ “ဗိုလ်ချုပ်ကြီး လား”၊ “ပြည်သူလား”ဆိုသည်ကို တပ်မတော်သားများအတွက် မှန်မှန် ကန်ကန် အဓိပ္ပာယ်ဖွင့်ပေးဖို့လိုအပ် ပါသည်။

လူ့အဖွဲ့အစည်းမှန်မှန်ကန်ကန်ဖွံ့ဖြိုးဖို့အတွက် အားလုံးကိုယ့် အလုပ်ကိုလုပ်ဖို့လိုအပ်သည်။ တပ်မတော်သားက လုံခြုံရေးကို တာဝန်ယူ၊ နိုင်ငံရေးသမားက စီမံခန့်ခွဲ၊ သတင်းစာဆရာက သတင်းပို့၊ ၀န်ထမ်းက ယန္တရားကိုလည်ပတ်ဖို့လိုအပ်သည်။

သို့မဟုတ်ဘဲ စစ်သားကနိုင်ငံရေးလုပ်၊ နိုင်ငံရေးသမားက သတင်း စာတိုက်ထောင်၊ သတင်းစာဆရာ က ဘာသာရေးတိုက်ပွဲဝင်ပြီး သံဃာ တော်က ဥပဒေပြဋ္ဌာန်းဖို့ကြိုးစားကြလျှင်တော့ နောက်အနှစ် ၅၀ နှင့်တောင် လုံလောက်မည်မဟုတ်ပါ။

Credit To The 7Day News Journal

Related Articles:

Post a Comment