Friday, August 2, 2013

ပြင်ဆင်ရန် အခက်ခဲဆုံး အခြေခံဥပဒေ၊ ထိပ်တန်းဦးစားပေး ပြင်ဆင်ချက်နှင့် ဒီမိုကရေစီခိုင်မာရေး


(မှူးဇော်)

နိဒါန်း

၂၀၁၀ ရွေးကောက်ပွဲများ မတိုင်မီက ပြင်းထန်ခဲ့သော အငြင်းအခုံများတွင် Space မည်မျှကျယ်မည်နည်း ဖြစ်ကြောင်း ပြန်ပြောင်း သတိရနိုင်လျှင် လက်ရှိချဲ့ထွင် ရရှိနေသော လှုပ်ရှားခွင့် အကျယ်အပြန့်ကို ကြည့်မြင်နိုင်ပေလိမ့်မည်။ ထိုစဉ်က ဒီဘိတ်များ၏ ထိပ်စည်းပိုင်းတွင် အစဉ်တည်ရှိခဲ့သော ခေါင်းစဉ်မှာ အခြေခံဥပဒေဟူသော Rule of the Game ပင် ဖြစ်သည်။

အခြေခံဥပဒေသည် အခြေခံအကျဆုံးသော အင်စတီကျူးရှင်းဖြစ်ရာ ယူနီဗာဆယ်ပေတံများဖြင့် တိုင်းတာခြင်း၊ ဆန်းစစ်ခြင်း၊ ကန့်ကွက်ခြင်း စသည်အားဖြင့် ရပ်တည်ချက် အမျိုးမျိုး ရှိခဲ့ကြသော်လည်း လက်ရှိမြန်မာ့နိုင်ငံရေး တိမ်းညွတ်မှု၏ ဗဟိုချက်တွင် အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည်ဟူသော Common Position ကို ရောက်ရှိနေကြပြီ ဖြစ်သည်။ ဆိုရလျှင် အခြေခံဥပဒေဖြင့် ရယူခဲ့သော Political Space on Rule of the Game ပြင်ဆင်သည့်အဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ အကူးနှင့်အခိုင် (ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင့်နှင့် ဒီမိုကရေစီ ခိုင်မာရေးအဆင့်) ကြားကာလဟုပင် ဆိုကောင်းဆိုနိုင်သည့် အနေအထား ဖြစ်နေသည်။

အသုံးချ အခြေခံဥပဒေ

အခြေခံဥပဒေ ပြင်ဆင်ခြင်းမပြုမီ အခြေခံဥပဒေက ခွင့်ပြုပေးထားသော အခွင့်အလမ်းများ ကုန်စင်လုနီးပါး အသုံးချနေကြပြီလားဟူသော အခြေအနေမှာ မဏ္ဍိုင်ကြီးသုံးရပ်သာမက ဒီမိုကရေစီ၏ ယန္တရားများဖြစ်သော အခြားသော အင်စတီကျူးရှင်းများ၏ ရှေ့သို့ခြေလှမ်းများ တိုး၍လျှောက်လှမ်းလာမှုအပေါ် အဓိကမူတည်နေသည်။ ဤနေရာတွင် ဖြစ်ပေါ်လာသော Space ကို အကျိုးရှိရှိ ချဲ့ထွင်နိုင်သည်မှာ ရယူသူများဘက်က ဆောင်ရွက်နိုင်စွမ်းက အဓိကကျကြောင်း လက်ရှိ စာနယ်ဇင်းလောက တိုးတက်မှုကို ဥပမာအဖြစ် ကြည့်မြင်နိုင်သည်။ စာနယ်ဇင်းများတွင် မူလရှိပြီး အင်စတီကျူးရှင်း (ဤနေရာတွင် သင်းပင်းအဖွဲ့အစည်းကို ညွှန်းပါသည်) များ အားကောင်းနေခြင်းကြောင့် ထွက်ပေါ်လာသော နေရာလပ်ကို အပြည့်အဝ အသုံးချ၍ ချဲ့ထွင်နိုင်လာခြင်း ဖြစ်သည်။ အခြေခံဥပဒေက ခွင့်ပြုအပ်နှင်းထားသော နိုင်ငံသားများ၏ အခွင့်အရေးများကို ဖြည့်ဆည်း မြှင့်တင်နိုင်ရေးအတွက် အစောဆုံး ပေါ်ထွက်ခဲ့သော ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့် စသည်တို့က အထင်အရှား ပြသနေသည်။

နိုင်ငံရေးခေါင်းဆောင်များ အနေနှင့် အခြေခံဥပဒေပါ Rule of the Game တွင်ပါရှိသော ဂိမ်း စည်းမျဉ်းများကို နားလည် သဘောပေါက်မှသာ ဂိမ်းစည်းမျဉ်း ပြင်ဆင်သည့်အခါ မှန်မှန်ကန်ကန် သိမြင်ကာ သန်း ၆၀ အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ တစ်ဖန်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ စကားလုံးများ၊ စကားရပ်များသာမက ဖွဲ့တည်ထားသော မူဘောင်ကိုလည်း ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်ပါမည်။ လွှတ်တော်သက်တမ်း ထက်ဝက်ကျိုးသည်နှင့်အမျှ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၏ နိုင်ငံရေး စိတ်စေတနာ ကောင်းများကို ပြဆိုနိုင်ခဲ့သလို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်း ကော်မရှင်၏ စွမ်းဆောင် နိုင်မှုသည်လည်း အထင်အရှား ထွက်ပေါ်လာခဲ့သည်။ အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးရဲထွန်း၊ ဦးကြည်မြင့်၊ ဒေါ်တင်နွယ်ဦး စသည်တို့သည်လည်း အခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို အခြေခံ၍ နိုင်ငံသားများ၏ အကျိုးကို မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်သူများ အဖြစ်လည်း ပညာတတ်များ၏ အသိုင်းအဝိုင်းတွင် အလေးထား အသိအမှတ် ပြုလာခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံရေးသမားတို့ မည်သည် ပြည်သူလူထု၏ မှတ်ကျောက်ဖြင့် အတင်ခံနိုင်ရမည် ဖြစ်သလို ပြည်သူလူထု၏ မှတ်ကျောက်ဖြင့်သာ အတင်ခံကြရမည် ဖြစ်သည်။ လူထုထောက်ခံမှုကို လက်တွေ့စွမ်းဆောင်မှုဖြင့် တောင်းခံခြင်းသည် စစ်မှန်သော ကိုယ်စားပြုမှု မည်ပါလိမ့်မည်။

ဗြိတိန်ပုံတူလား၊ အမေရိကန်ပုံတူလား

လက်ရှိ အခြေခံဥပဒေအရ မဏ္ဍိုင်ကြီးသုံးရပ် သီးခြားစီ ပိုင်းခြားထားခြင်း၊ သမ္မတအား ဥပဒေပြုရေးနှင့် စည်းခြားထားခြင်း၊ ကက်ဘိနက်တစ်ခုလုံး လွှတ်တော်တွင်း မရှိခြင်းစသည်တို့မှာ အမေရိကန်စနစ်နှင့် ဆင်တူသော်လည်း အုပ်ချုပ်ရေး အနှစ်သာရနှင့် Check and Balance နှင့်တူသော Check and Balance များပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေမှုများကို ရှာဖွေကြည့်လျှင် ၁၉၄၇၊ ၁၉၇၄ စသည်တို့မှ သက်ဆင်းလာခဲ့သော ပါလီမန် အုပ်ချုပ်ရေးစနစ် သဘောတရားများကို လက်ရှိ အခြေခံဥပဒေ၌ပင် တွေ့ရှိနိုင်သည်။ Mixed Sysytem ဟုဆိုသော် ရကောင်းရနိုင်မည် ဖြစ်သော်လည်း ဒီမိုကရေစီနှင့် Check and Balance တန်ဖိုးများနှင့် ချိန်ထိုးကြည့်လျှင်သော် လည်းကောင်း၊ သန်း ၆၀ သော ပြည်သူများအကျိုး ဆောင်ကြဉ်းနိုင်မှုဖြင့် တိုက်ဆိုင်ကြည့်လျှင်သော် လည်းကောင်း စနစ်ကို မည်သူများက မည်သို့ကျင့်သုံးသည်က ပိုမိုအဓိက ကျနေကြောင်း တွေ့ရှိရ သည်။

ဗြိတိသျှတို့၏ ပါလီမန်စနစ်မှာ ဝန်ကြီးချုပ်နှင့် ကက်ဘိနက်သည် ပါလီမန်အမတ်များ ဖြစ်နေကြပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးသည် ခွဲခြားထားသည် ဆိုသော်ငြားလည်း အမှန်စင်စစ် အတူတူသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်မှာ အမေရိကန်ပုံစံ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကို သီးခြားစီ ခွဲထုတ်ထားခြင်း ဖြစ်သည်။ တရားသူကြီးချုပ်ကို အမေရိကန် ပြည်ထောင်စုတွင် သမ္မတက အမည်စာရင်း တင်သွင်းပြီး ဆီးနိတ် အထက်လွှတ်တော်က အတည်ပြုပေးရသည်။ တရားသူကြီးချုပ်သည် သတ်မှတ် ပြဋ္ဌာန်းထားသော အချက်များကို ဖောက်ဖျက်ခဲ့လျှင် စွပ်စွဲပြစ်တင်ခြင်း နည်းလမ်းဖြင့် ဥပဒေပြုမဏ္ဍိုင်က ဖြုတ်ချနိုင်သည်။ ဗြိတိသျှစနစ်မှာမူ တရားသူကြီးချုပ်ကို ဝန်ကြီးချုပ်က အကြံပေးတင်ပြပြီး ဘုရင်က ခန့်အပ်ရသည်။ ယင်းတရားသူကြီးချုပ်ကို လွှတ်တော်နှစ်ရပ်ပေါင်းက ဖြုတ်ချနိုင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေခံဥပဒေနှင့် နှိုင်းယှဉ်ကြည့်လျှင် အမေရိကန်ပုံတူလား၊ ဗြိတိသျှပုံတူလား များများစားစား စဉ်းစားစရာ မလိုအပ်ပေ။ အချုပ်အခြာအာဏာ ခက်မကြီးသုံးဖြာကို မဏ္ဍိုင်သုံးရပ်အဖြစ် ပိုင်းခြားထားမှုတွင် မြန်မာနိုင်ငံသည် အမေရိကန် ပုံစံဘက်နှင့် လုံးလုံးလျားလျား တူညီနေသည်။ သမ္မတရွေးချယ် တင်မြှောက်မှုတွင် လွှတ်တော်ကို အခြေခံရသောကြောင့် ဗြိတိန်ပုံစံ ကွက်ကြားဝင်နေပြန်သည်။ တရားစီရင်ရေး၌ တရားသူကြီးချုပ် ရွေးချယ် ခန့်ထားရာတွင် အမေရိကန်ပုံစံနှင့် လုံးလုံးလျားလျား တူနေပြန်သည်။ ဥပဒေပြုရေးတွင် ဗြိတိသျှဝန်ကြီးချုပ်မှာ အမတ်တစ်ဦးသာဖြစ်ပြီး အမေရိကန်သမ္မတမှာ ဗီတိုအာဏာ၊ အိတ်ဆောင် ဗီတိုအာဏာများ ရှိနေခြင်းတို့ကို လက်ရှိအခြေခံဥပဒေနှင့် တိုက်ဆိုင်ကြည့်လျှင် Check and Balance လျှော့ချခြင်း ခံထားရသော သမ္မတအုပ်ချုပ်ရေးစနစ် ဖြစ်နေသည်။ ထို့အပြင် ၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေများမှ သက်ဆင်းလာခဲ့သော ပါလီမန်အုပ်ချုပ်ရေး သဘောတရားများကလည်း စိမ့်ဝင်နေပြန်သည်။

၁၉၄၇ နှင့် ၁၉၇၄ အခြေခံဥပဒေများအရ ဖွဲ့စည်းတည်ဆောက်ခဲ့သော ပါလီမန် အုပ်ချုပ်ရေးခေတ်တွင် နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေး အကြီးအကဲ မဟုတ်ဘဲ ဝန်ကြီးချုပ်သာလျှင် အုပ်ချုပ်ရေး အကြီးအကဲ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း တောင်ရှည်ပုဆိုး အလျင်အမြန် ဝတ်ဆင်တတ်ခြင်း၊ ဂေါက်ရိုက်တတ်ခြင်း၊ မြင်းစီးတတ်ခြင်းတို့သာ တတ်ကျွမ်းလာသည်၊ သမ္မတတို့ တတ်အပ်သော အဋ္ဌာရသသုံးရပ်ဟု ဆိုညွှန်းခဲ့ကြသော ရုပ်ပြအကြီးအကဲ သဘောမျိုး ဖော်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းခေတ်ကာလ နိုင်ငံတော် သမ္မတသည် ပါလီမန်ကို ဖျက်သိမ်းပစ်နိုင်သော အခွင့်အာဏာ ရှိခဲ့သည်။ လက်ရှိ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင်မူ နိုင်ငံတော်သမ္မတသည် နိုင်ငံတော် အကြီးအကဲသာမက အုပ်ချုပ်ရေး အကြီးအကဲလည်း ဖြစ်ရာ အမေရိကန်ပုံစံ ထပ်တူထပ်မျှ ကျနေသော်လည်း အုပ်ချုပ်ရေး အခွင့်အာဏာ အပ်နှင်းထားမှုတွင် များစွာလိုအပ်နေကြောင်း တွေ့ရှိရသည်။ ပါလီမန်စနစ်လိုလို သမ္မတစနစ်လိုလို မကွဲမပြား ဖြစ်နေသည်များကိုလည်း ကွဲကွဲပြားပြား ဖြစ်ရန် လိုအပ်ပေမည်။

အမေရိကန်သမ္မတသည် ဗြိတိသျှ ဝန်ကြီးချုပ်၊ အိန္ဒိယ ဝန်ကြီးချုပ်တို့ကဲ့သို့ အုပ်ချုပ်ရေး အာဏာကို အပြည့်အဝ ကျင့်သုံးနေသလို အိန္ဒိယသမ္မတ၊ မြန်မာနိုင်ငံ၏ (၁၉၄၇၊ ၁၉၇၄ အခြေခံဥပဒေအရ) သမ္မတများကဲ့သို့ အဆောင်အယောင်၊ အခမ်းအနား ကိစ္စရပ်များကိုလည်း ဆောင်ရွက်နေရသည်ကို တွေ့မြင်နိုင်သည်။ အမေရိကန်သမ္မတသည် အမေရိကန်ဥပဒေပြု အဖွဲ့ဖြစ်သော ကွန်ဂရက် (ဗြိတိသျှအခေါ် ပါလီမန်) နှင့် သီးခြား ကင်းလွတ်နေသောကြောင့် အမေရိကန် အုပ်ချုပ်ရေးစနစ်ကို ကွန်ဂရက်နှင့် ဆက်စပ်မှု မရှိသော (ပါလီမန်ကို တာဝန်မခံသော) အုပ်ချုပ်ရေး Fixed Excutive ဟု ခေါ်တွင်လေ့ ရှိသည်။
နိုင်ငံပြုခေါင်းဆောင်

ယနေ့အချိန်အခါသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်ရာ သူ့အရပ်နှင့် သူ့ဇာတ်ဟူသော Local Narrative အဓိက ဖြစ်ပေလိမ့်မည်။ အသွင်ကူးပြောင်းရေးကာလ ဖြစ်၍လည်း အင်စတီကျူးရှင်းများ ခိုင်မာသည်ထက် ခိုင်မာစေရန် ဆောင်ရွက်လျက်ရှိရာ အခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်သည် အနာဂတ်၌ ရေရှည်တည်တံ့သော ဒီမိုကရေစီ ထွန်းကား ရှင်သန်ရေးအတွက် အချက်အချာ ဖြစ်လာနေသည်။ အာဏာကြီး သုံးရပ်ကို တစ်နေရာတည်း စုစည်းမထားခြင်း၏ မူလရည်ရွယ်ချက်မှာ အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားကို ပုံဖော်ခြင်း ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းရေးစက်ဝိုင်း တစ်ပတ်လည်ရန် အရေးကြီးသည်။ လက်ရှိ ကာလကိုသာ မကြည့်ဘဲ သားစဉ်မြေးဆက် ဆက်လက်တည်တံ့စေမည့် ဒီမိုကရေစီ အင်စတီကျူးရှင်းများ တည်ဆောက်ရေးသည် လက်ရှိ နိုင်ငံပြု ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေသည်။

အမေရိကန် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က သီးခြားစီသုံးပုံနှစ်ပုံသော ထောက်ခံမဲဖြင့် တင်သွင်းခြင်းဖြစ်ပြီး အဆိုပါ သုံးပုံနှစ်ပုံမှာလည်း မဲခွဲသည့်နေ့တွင် လွှတ်တော် အသီးသီး၌ တက်ရောက်လျက် ရှိသော လွှတ်တော်အမတ်များ၏ သုံးပုံနှစ်ပုံ မဟုတ်ဘဲ လွှတ်တော်တစ်ခုစီတွင်ရှိသော လွှတ်တော်အမတ် စုစုပေါင်း၏ သုံးပုံနှစ်ပုံ ဖြစ်သည်။ နောက်တစ်နည်းမှာ ပြည်နယ် စုစုပေါင်း(၅၀ ပြည်နယ်) ၏ လွှတ်တော်အမတ် အရေအတွက် အနည်းဆုံး သုံးပုံနှစ်ပုံ (ပြည်နယ်ပေါင်း ၃၄ ပြည်နယ်) က ပြင်ဆင်လိုကြောင်း တင်ပြရန် လိုအပ်သည်။ ထိုသို့ တင်ပြလာသည့်အခါ ကွန်ဂရက်သည် National Convention ခေါ်ယူကျင်းပပေးရမည် ဖြစ်သည်။ ၎င်းနောက် ပြည်နယ်စုစုပေါင်း၏ လေးပုံသုံးပုံက သဘောတူညီလျှင် ပြင်ဆင်ချက် အတည်ဖြစ်ပြီး လေးပုံသုံးပုံ၏ သဘောတူညီချက် မရရှိလျှင် ပြင်ဆင်ချက် အတည်မဖြစ်နိုင်ပေ။ အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် စတင်ပေါ်ပေါက်ခဲ့သော ၁၇၈၉ ခုနှစ်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း အခြေခံ ပြင်ဆင်ချက်ပေါင်း ၂၇ ခုသာ ရှိခဲ့သည်ကို ကြည့်လျှင် အမေရိကန် အခြေခံဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ခဲဆုံးဟု သတ်မှတ်ထားချက် မှန်-မမှန်ကို သိရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ ပြင်ဆင်ချက် စုစုပေါင်း ၂၇ ခု ရှိသည့် အနက် ပထမဦးဆုံးသော ပြင်ဆင်ချက် ၁၀ ခုမှာ Bill of Rights ဟု ခေါ်တွင်သော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် တိုးမြှင့် ခွဲဝေပေးခြင်းများ ဖြစ်နေကြောင်း တွေ့ရှိနိုင်သည်။ ဤပြင်ဆင်ချက်များ၏ ညွှန်းဆိုချက်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်တံ့ရေးကို Bill of Rights ဖြင့် ပြန်လည် ထိန်းညှိထားခြင်း ဖြစ်နေသည်။ အမေရိကန် အခြေခံဥပဒေအား ပြင်ဆင်ရန် ၁၇၈၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် တင်သွင်းခဲ့သည့် ပထမဦးဆုံးသော ပြင်ဆင်ချက်မှာ Protects freedom of speech, freedom of religion, and freedom of the press, as well as the right to assemble and petition the government ဟူ၍ ဖြစ်နေသည်ကို ကြည့်လျှင် အခြေခံဥပဒေ ပြင်ဆင်ချက်၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို သိရှိနိုင်ပေလိမ့်မည်။ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ဆုံးဟု ဥပဒေပညာရှင်များ အားလုံးလက်ခံထားသော အမေရိကန် အခြေခံဥပဒေ၏ ထိပ်တန်းဦးစားပေး ပထမဆုံး ပြင်ဆင်ချက်သည် ဒီမိုကရေစီ တန်ဖိုးများကို ကိုယ်စားပြုလျက်ရှိရာ ယနေ့ အမေရိကန် ဒီမိုကရေစီ မည်သည့်အတွက်ကြောင့် ခိုင်မာအားကောင်းနေသည်ကို ဆက်စပ် စဉ်းစား ကြည့်နိုင်ပေလိမ့်မည်။

အချုပ်ဆိုရလျှင် နောင်လာမည့် မျိုးဆက်များ၏ လက်ထက်တွင် ဒီမိုကရေစီ အုတ်မြစ်များ ခိုင်မာသည်ထက် ခိုင်မာစေနိုင်မည့် အင်စတီကျူးရှင်းများ တည်ဆောက်ရေးသည် လက်ရှိနိုင်ငံ တည်ဆောက်ရေးပင်ဖြစ်ရာ အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားများတွင် မီဒီယာများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်၊ ပြည်သူများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အပြန်အလှန် ထိန်းကျောင်းခွင့်တို့ကိုလည်း လမ်းဖွင့်ပေးရန် လိုအပ်သည်။ မီဒီယာ၊ ပြည်သူ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများက ထိုသို့ အပြန်အလှန် ထိန်းကျောင်းနိုင်ခွင့် တိုးမြှင့် ရရှိစေရန်လည်း ခိုင်မာသော အင်စတီကျူးရှင်းများ တည်ဆောက်ပေးပြီး ခိုင်မာသော လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန် လိုအပ်သည်။ သို့မှသာ နုသစ်ပေါ်ထွက်စ မြန်မာ့ဒီမိုကရေစီသည် အပြန်အလှန် ထိန်းကျောင်းရေး ယန္တရားကြီး တစ်ခုလုံး တစ်ပတ်လည်ပြီး မည်သည့်မဏ္ဍိုင်ကမှ အခွင့်ထူးခံ မဖြစ်စေဘဲ အညီအမျှ ခွဲဝေမှု ဖြစ်လာပါလိမ့်မည်။ Rule of the Game ပြင်ဆင်ရေးအတွက် သုံးသပ်ဆင်ခြင် ကြရာတွင် မည်သည့် ပြင်ဆင်ချက်က ထိပ်တန်းဦးစားပေး ဖြစ်သင့်သည်ဟူသော မဟာဗျူဟာသဘော ခြုံငုံစဉ်းစား သုံးသပ်ကြမှသာ ပြင်ဆင်ရန် ခက်ခဲလှသည်ဟူသော ညည်းတွားခြင်းများကို ကျော်လွှားနိုင်ပါမည့်အကြောင်း အလေးထား တင်ပြလိုက်ရပေသည်။

Credit To The Voice Weekly

Related Articles:

Post a Comment