Tuesday, July 30, 2013

ဂျပန် ဓာတ်ပုံသတင်းထောက် မစ္စတာ UDA Yuzo နှင့် တွေ့ဆုံခြင်း


(ဉာဏ်မျိုးအောင်)

မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာဓလေ့၊ ပြုမူနေထိုင်ပုံနှင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတို့ကို နှစ်ပေါင်း ၂၀ ခန့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သော ဂျပန် ဓာတ်ပုံသတင်းထောက် မစ္စတာ UDA Yuzo နှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : မြန်မာနိုင်ငံမှာ ဓာတ်ပုံစပြီး လာရိုက်ဖြစ်တာ ဘယ်တုန်းလောက်ကလဲ။

Yuzo : မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ်ကတည်းက ဓာတ်ပုံစရိုက်တာပါ။ ဓာတ်ပုံ စရိုက်တုန်းကတော့ အာဖရိကဘက်က နီကာရာဂွာ၊ ဂွာတီမာလာလို နိုင်ငံတွေမှာ စရိုက်ခဲ့တယ်။ ဓာတ်ပုံစရိုက်တုန်းက ဆိုရင် ပဋိပက္ခနဲ့ ပတ်သက်တာတွေကို ကောင်းကောင်း မရိုက်တတ်ဘူး။ အဲဒီနိုင်ငံတွေမှာ ပဋိပက္ခတွေ အများကြီး ဖြစ်တယ်။ ဓာတ်ပုံ သတင်းထောက် တွေကလည်း အများကြီး ပေါ့ဗျာ။ အဲဒီတုန်းက ကျွန်တော်က သိပ်မဝင်ဆံ့သေးဘူးဗျ။ ဒါက ပြဿနာပဲလေ။ ကျွန်တော် အာရုံဝင်စားတာက စစ်အစိုးရ လက်အောက်က ပြည်သူတွေပါပဲ။ အဲဒီထဲမှာ တိုင်းရင်းသား လူမျိုးစုတွေလည်း ပါတယ်လေ။ ၁၉၉၂-၁၉၉၆ ခုနှစ်မှာတော့ စစ်အစိုးရ နိဂုံးချုပ်သွားတယ်။ အဲဒီအချိန်မှာ ဂျပန်ကို ပြန်သွားတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲက စစ်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတွေကို ပြန်ကြည့်တယ်။ ဒီလိုနဲ့ပဲ ၁၉၉၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ဒီမှာလာရိုက်ဖြစ်ခဲ့တယ်။

Voice : ဘယ်လိုဓာတ်ပုံမျိုးတွေ ဒီမှာလာရိုက်ဖြစ်ခဲ့တာလဲ။

Yuzo : အားလုံးပါပဲ။ ပဋိပက္ခဓာတ်ပုံတွေ တင်မကဘူး။ စစ်အစိုးရ လက်အောက်မှာ လူတွေဘယ်လို နေထိုင်ကြလဲဆိုတဲ့ ပုံတွေပါရိုက်တယ်။ ဒီပုံကို ကြည့်ကြည့်စမ်းပါ။ ၂၀၀၃ ခုနှစ်မှာ အခွင့်အလမ်းကြီးတစ်ခု ကြုံခဲ့ရတယ်။ ဒီပဲယင်း အရေးအခင်းတုန်းကပုံလေ။ အဲဒီအရေးအခင်း ပြီးတော့ စုကြည် (ဒေါ်အောင်ဆန်းစုကြည်) ကို စမ်းချောင်းမှာ ဆေးရုံတင်ခဲ့ရတယ်။ NLD လူငယ်တွေက လမ်းပေါ်မှာ စုရုံးကြတယ်။
သူတို့က စုကြည်ကို သိပ်ချစ်ကြတယ်။ အစိုးရဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကို သူတို့မစိုးရိမ်ကြဘူး။ အဲဒီတုန်းက ကျွန်တော် ဓာတ်ပုံရိုက်ထားတယ်။ စစ်အစိုးရလက်အောက်မှာ လူတွေရဲ့ဘဝက ဘယ်လိုဆိုတာကို။

Voice : မြန်မာနိုင်ငံမှာ ဓာတ်ပုံလာရိုက်တဲ့ အချိန်က ဘယ်လိုစိုးရိမ်မှုမျိုးတွေ ရှိလဲ။

Yuzo : ကျွန်တော်စိုးရိမ်တာက ဒီနိုင်ငံက ဒေသခံတွေရဲ့ လုံခြုံမှုအတွက်ပါပဲ။ ကျွန်တော်ကတော့ နိုင်ငံခြားသားလေ။ ရဲကဖမ်းရင်လည်း ကျွန်တော့်နိုင်ငံပဲ ပြန်ပို့မှာပဲ။ အဓိက စိုးရိမ်ရမှာက ဒေသခံတွေပါပဲ။ အစိုးရဘက်က အာရုံစိုက်တာကလည်း ဒေသခံတွေကိုပါ။

Voice : ဒါပေမဲ့ ၂၀၀၇ ခုနှစ်က ဂျပန်သတင်းထောက် တစ်ယောက် သေနတ်ပစ်ခံရတယ်လေ။ အဲဒီလိုမျိုးရှိထားတော့ တစ်စုံတစ်ရာ စိုးရိမ်စိတ်ကော မရှိဘူးလား။

Yuzo : သူက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်တာလေ။ မြန်မာနိုင်ငံမှာ ဘယ်လို သတင်းယူရတယ် ဆိုတာကို သူမသိဘူး။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံး မြို့ကြီးတွေသွားရင် မော်တော်ဆိုင်ကယ်တွေ အများကြီးရှိတယ်။ ရန်ကုန်မှာလည်း မော်တော်ဆိုင်ကယ်ရှိတယ် ဆိုပါစို့။ တစ်စုံတစ်ယောက်က ကျွန်တော့်နောက်ကနေ ဆိုင်ကယ်စီးလာမယ်။ ကျွန်တော့်ဆီ တည့်တည့်စီးလာမယ်။ ဒါပေမဲ့ သူမသိဘူး။ ဘာလို့လဲဆိုတော့ သူ့မှာအတွေ့အကြုံ မရှိဘူး။ သူက ဖြစ်နေတဲ့သတင်းကိုပဲ ယူဖို့ ကြိုးစားနေတယ်။ ကျွန်တော်ကတော့ လူတွေထဲမှာ ထဲထဲဝင်ဝင်သွားဖို့ ကြိုးစားတယ်။ မြန်မာနိုင်ငံက ဘယ်လိုလဲဆိုတာကို တင်ပြဖို့ ကြိုးစားတယ်။

Voice : မြန်မာနိုင်ငံထဲမှာ ဘယ်ဒေသတွေကို သွားခဲ့ဖူးလဲဗျ။

Yuzo : တိုင်းခုနှစ်ခု၊ ပြည်နယ်ခုနှစ်ခု အနှံ့သွားတဲ့ ပထမဆုံး နိုင်ငံခြားသားပါဗျာ။ မြန်မာနိုင်ငံ မြောက်ပိုင်းက ပူတာအိုမှာဆို လေးပတ်အလုပ် လုပ်ခဲ့တယ်။ ရွာငယ်လေးတစ်ခု ရှိတယ်။ အဲဒီမှာ (ထရုံ) လူမျိုးတွေ နေကြတယ်။ သူတို့တွေက သေးသေးညှပ်ညှပ် အရပ်ပုပုလေးရယ်။ ကော့သောင်း ဘက်လည်း ရောက်တယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံး ရောက်ဖူးတယ်။

Voice : ဒီပုံတွေကို ဘယ်မှာသုံးလဲဗျ။

Yuzo : အများစုကို ဂျပန်သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေမှာ သုံးတယ်။ ပြည်ပရောက် မြန်မာမီဒီယာတွေထဲက ဆိုရင် မဇ္ဈိမ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) တွေမှာ သုံးတယ်။

Voice : မြန်မာနိုင်ငံမှာ ဓာတ်ပုံရိုက်ရတာ၊ အရင်အစိုးရနဲ့ အခုအစိုးရ လက်ထက်မှာ ဘာတွေကွာခြားမှုရှိလဲ။

Yuzo : နိုင်ငံရေးတော့ မပြောတတ်ပါဘူး။ ဒီအပြောင်းအလဲ ကိုလည်း မပြောတတ်ပါဘူး။ ဘယ်သူမှလဲ မျှော်လင့်မထားဘူးလေ။ ပြီးခဲ့တဲ့နှစ်အထိတော့ နောက်ပြန်လှည့်သွားနိုင်တယ်လို့ ထင်ခဲ့ တယ်။ အခုတော့ မထင်တော့ပါဘူး။ ဒါကို အားလုံးကလည်း ယုံကြည်တယ်။

Voice : ကျွန်တော် သိချင်တာက အရင်အစိုးရနဲ့ အခုအစိုးရလက်ထက်မှာ ခင်ဗျားတွေ့ကြုံရတဲ့ အတွေ့အကြုံကိုပါ။

Yuzo : ကျွန်တော်ကတော့ မြန်မာ ပြည်သူတွေကို အာရုံစိုက်တယ်။ သူတို့က သိပ်အပြောင်းအလဲ မရှိဘူး။ ဒါက ပြဿနာပဲလေ။ သူတို့က လူကြီးကိုပဲ အမြဲမျှော်ကြည့်နေရတယ်။ အမိန့်ကိုနာခံရတယ်။ အပြောင်းအလဲက ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ မတူဘူး။ ဟိုမှာက လူမှုအဖွဲ့အစည်းတိုင်း၊ ကဏ္ဍအသီးသီးတိုင်းက ပြောင်းလဲနေတယ်။ မြန်မာနိုင်ငံမှာလည်း ပြောင်းတော့ ပြောင်းနေတာပါပဲ။ ဒါပေမဲ့လူတွေ ပြောင်းလဲအောင် ဘယ်လိုချိတ်ဆက်မလဲ။ ဘယ်လို ပေါင်းကူးဆက်သွယ်မလဲ ဆိုတာတော့ ပြဿနာတစ်ခုပဲလေ။ ပြောင်းတော့ပြောင်းနေတာပဲ၊ ဘယ်ကို ဦးတည်လဲ ဆိုတာတော့ မပြောတတ်ပါဘူး။

Voice : ဒါနဲ့ မြန်မာဓာတ်ပုံ သတင်းထောက်တွေကိုကော ဘယ်လိုမြင်မိလဲ။

Yuzo : သူတို့က နိုင်ငံခြား သတင်းထောက်တွေနည်းတူ သတင်းဓာတ်ပုံ ယူချင်ကြတယ်။ ကျွန်တော်ကတော့ မြန်မာလူမျိုးတွေရဲ့ပုံကို ဖန်တီးပုံဖော်ချင်တယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံဆိုတာ ဘာလဲ၊ မြန်မာမီဒီယာဘာလဲ ဆိုတာကို သိချင်တယ်။ ပြဿနာက နိုင်ငံခြား သတင်းထောက်တွေ ကလည်း သူမ (ဒေါ်အောင်ဆန်းစုကြည်) ပုံပဲ ရိုက်တယ်။ ဒေသခံ သတင်းထောက်တွေကလည်း သူမပုံပဲ အာရုံစိုက်တယ်။ ကျွန်တော်ကတော့ နက်နက်ရှိုင်းရှိုင်းခွဲခြမ်း စိတ်ဖြာတာမျိုးတွေ လုပ်စေချင်တယ်။
ကျွန်တော်တို့ နိုင်ငံခြား သတင်းထောက်တွေမသိဘဲ ခင်ဗျားတို့ဒေသခံတွေပဲ သိနိုင် တာမျိုးတွေ ရှိတယ်။ ကျွန်တော်ရွာငယ်လေးတွေ ရောက်တော့ တချို့အလှူခံတွေ တွေ့ရတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ဖို့ သူတို့မှာ ငွေမရှိဘူး။ ဒါပေမဲ့ ဘုရားတွေ၊ ကျောင်းကန်တွေကတော့ ပေါတယ်။ ဘာကြောင့်များ စာသင်ကျောင်းဆောက်ဖို့ သူတို့တွေ မသုံးကြတာလဲဗျာ။ ဒါက လူတွေအတွက် အရေးကြီးတယ်ဗျ။ ဗုဒ္ဓဘာသာ အစွန်းရောက်တွေ ဖြစ်သွားမှာကိုဖြင့် စိုးရိမ်မိတယ်။ ဆိုလိုချင်တာ ကတော့ဗျာ၊ နိုင်ငံခြားသတင်းထောက် အတော်များများက ဒေါ်အောင်ဆန်းစုကြည်၊ လက်ပံတောင်းတောင်၊ ဟန်ဝင်းအောင်တို့ပဲ အာရုံစိုက်ကြတယ်။ မြန်မာလူမျိုးတွေ ဘယ်လိုလဲ ဆိုတာတော့ သိပ်အာရုံမထားကြဘူး။
ကျွန်တော်ကတော့ မြန်မာလူမျိုးတွေ ဘယ်လိုလဲ၊ ဘယ်ပုံရှင်သန်လဲ ဆိုတာကိုပဲ တွေ့ချင်၊ မြင်ချင်တာ။ (ရွှံ့အိုင်ငယ်တစ်ခုတွင် မြန်မာအမျိုးသမီး လယ်သူမနှစ်ဦး ငါးဖမ်းနေသောပုံကို ထောက်ပြလျက်) ဂျပန်လူမျိုးတွေနဲ့ မြန်မာလူမျိုးတွေကို ကျွန်တော်ပြကြည့်တယ်။ သူတို့တွေက ရေအိုင်ရေကန်ပုံတွေ ကြိုက်ကြတယ်။ ပင်လယ်ငါးပုံတွေထက် ပိုကြိုက်ကြတယ်။ ဒါကတော့ သူတို့ငါးဖမ်းနေတဲ့ပုံပါ။
နိုင်ငံခြား သတင်းထောက် အများစုက ထင်ကြတယ်ဗျာ။ မြန်မာတွေက သူတို့လိုပဲ ပင်လယ်ထဲမှာ ငါးဖမ်းတယ်လို့။ (မြန်မာ့ ဓလေ့ထုံးတမ်းအရ သီလရှင်များ စီတန်းအလှူခံနေစဉ် သီလရှင်များဘေးတွင် ကားများ စီတန်း ရှောင်ကွင်းသွားပုံကို ပြလျက်) ဒါကတော့ ရှေးရိုးရာထုံးတမ်းအရ သီလရှင်တွေ အလှူခံ လှည့်နေပုံနဲ့ ခေတ်သစ်မော်တော်ကားတွေကို နှိုင်းယှဉ် ရိုက်ကြည့်တယ်။ နောက်တစ်ပုံဆိုရင် ရွှေတိဂုံဘုရားရှေ့က ကားဖြတ်မောင်းတုန်း လိုင်းကားပေါ်ကလူတွေ ဘုရားကို လက်အုပ်ချီနေတဲ့ပုံပါ။ ခင်ဗျားတို့က ဒီမှာ မွေး၊ ဒီမှာကြီးတာဆိုတော့ ဒီမှာရှိတဲ့ သဘာဝတရား အများစုကို ခင်ဗျားတို့တွေက ပိုသိပါတယ်။ ဒါတွေကို ဘယ်လိုဖော်ထုတ်မလဲ၊ ဘယ်လိုတင်ပြမလဲ။ (စစ်သားတစ်ယောက်၏ပုံကို ထောက်ပြလျက်) ဒါက ပအို့ဝ်စစ်သားပါ။ တောင်ကြီးမြို့၊ ညောင်ရွှေ မြို့ကို ရောက်တုန်းက ရိုက်ထားတာ။ ရှမ်းပြည်နယ်မှာဆို စီးပွားရေးကို ဘယ်သူက ထိန်းချုပ်ထားလဲ။ ပအို့ဝ်တွေဗျ။ အင်းလေးလိုပေါ့။ အင်းလေးမှာဆို အင်းသားတွေ ရှိတယ်။ ပအို့ဝ်တွေက စီးပွားရေးကို ထိန်းကိုင်ထားတယ်။ ဒါ ဘာကြောင့်လဲ။ ဒေသခံတွေပဲ သိတယ်လေ။ ဒါတွေကို ဒေသခံ သတင်းထောက်တွေက Analysis လုပ်ကြည့်သင့်တယ်။ ဒါတွေကို လေ့လာရတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။

Voice : တိုင်းရင်းသား လက်နက်ကိုင်တွေဘက် သွားတော့ ခင်ဗျားလုံခြုံရေးကို ဘယ်သူက တာဝန်ယူပေးလဲ။

Yuzo : တစ်ခါတလေကျ လက်နက်ကိုင်တွေ ကိုယ်တိုင် အကာအကွယ်ပေးတယ်။ တစ်ခါတလေ မပေးဘူး။ ကျွန်တော်တစ်ယောက်တည်း သွားတယ်။ ရှမ်းဘက်မှာဆို သူတို့လူမျိုးစုစာတွေ ဖတ်နေတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ ဒါဟာ လူမျိုးစုတွေ သူတို့ယဉ်ကျေးမှုကို ဘယ်လို ထိန်းသိမ်းနေတာလဲဆိုတာ ပြတယ်။ တခြားနိုင်ငံခြား သတင်းထောက်တွေဆိုရင် လူမျိုးစုတွေက ဗမာစာတွေပဲ ဖတ်တယ်ထင်နေမှာ။ သူတို့ မသိဘူး။ ကျွန်တော်ကတော့ သိခဲ့ရတယ်။

Voice : ဒီလိုမျိုး မြန်မာလူမျိုးတွေနဲ့ ပတ်သက်လို့ နှိုက်နှိုက်ချွတ်ချွတ် ရိုက်ဖို့ ဘယ်လို ဆုံးဖြတ်ဖြစ်သွားတာလဲဗျာ။

Yuzo : ကျွန်တော်က ဒီမှာအကြာကြီး နေဖြစ်သွားလို့ပါ။ ဒီပုံကိုကြည့်ပါဦး (ရန်ကုန်မြို့ရှိ တိုက်တာအိမ်ခြေများကို အပေါ်စီးမှ ခြုံရိုက်ထားသောပုံကို ပြလျက်) ဒါက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဓာတ်ပုံ။

ပြီးခဲ့တဲ့နှစ်ကမှ ရိုက်ထားတာ။ ဘာမှ သိပ်ပြီးတော့ ထူးထူးခြားခြား ပြောင်းပုံမရဘူး။ ဘန်ကောက်နဲ့ မနီလာလိုမြို့ကြီးတွေမှာ ဒီ ၁၀ နှစ်အတွင်းမှာ မြန်မြန်ဆန်ဆန် ပြောင်းသွားတယ်ဗျာ။ ဘာကြောင့် မပြောင်းလဲဘဲ ကျန်ခဲ့ရတာလဲ။ ကျွန်တော်တို့က ခေါင်းဆောင်တွေကို သတင်းအချက် အလက်တွေတင် ပေးနေလို့မရဘူး။ သူတို့ကို စဉ်းစားစရာတွေ ပေးဖို့လည်းလိုတယ်။ ဘယ်လမ်းကိုရွေးမလဲ။ အတိတ်ကနေ သင်ယူရမယ်။

Voice : မြန်မာနိုင်ငံမှာ ဘယ်လိုကြောင့် ဓာတ်ပုံရိုက်ဖို့ ရွေးချယ်ဖြစ်တာလဲ။

Yuzo : မြန်မာနိုင်ငံမလာခင် အင်ဒိုနီးရှားမှာ လုပ်ခဲ့သေးတယ်။ အင်ဒိုနီးရှားကျ ကျယ်တယ်ဗျ။ ရိုက်စရာတွေက အများကြီး။ မြန်မာလည်း ကျယ်တော့ကျယ်ပါတယ်။ ဒါပေမဲ့ လူတွေကို ပိုစိတ်ဝင်စားတယ်။ လူတွေကိုကြည့်ပြီးတော့ ကျွန်တော့် စိတ်ခံစားချက်ကို ဖော်ပြဖို့ ကြိုးစားတယ်။ ကိုယ့်ခံစားချက်ကို စကားနဲ့ဖော်ပြဖို့က လွယ်တယ်ဗျ။ ဓာတ်ပုံနဲ့ကျ မလွယ်ဘူးဗျ။
ကျွန်တော့်ခံစားချက်ကို ဓာတ်ပုံတွေနဲ့ မျှဝေခံစားတယ်။ ဒီလိုပုံတွေက ဘာသာစကား အခက်အခဲကို ကျော်လွှားနိုင်တယ်လေ။

Voice : နှစ်ပေါင်းနှစ်ဆယ်အတွင်း ခင်ဗျား စိတ်အပျက်ရဆုံး အတွေ့အကြုံကို ပြောပြပေးပါ။

Yuzo : နေပြည်တော် ညောင်တုန်းဈေး ရောက်သွားတုန်းက ဓာတ်ပုံရိုက်တယ်။ အာဏာပိုင်တွေ ရောက်လာပြီး ဓာတ်ပုံ လုံးဝမရိုက်ရဘူးလို့ ပြောတယ်။ ဒီဓာတ်ပုံတွေကို ဆန့်ကျင်ဘက် အမြင်နဲ့ သူတို့ကို ထိခိုက်အောင် လုပ်မယ်လို့ သူတို့ထင်နေတယ်။ အခြေအနေမှန်ကို တခြားနိုင်ငံတွေ သိအောင် ကျွန်တော်မပြနိုင်ဘူးဆိုရင် ဘယ်သူမှကူမှာ မဟုတ်ဘူးလို့ပြောမှ သူကရိုက်ခွင့်ပြုတယ်။ နိုင်ငံထဲက အစိုးရအရာရှိတွေက အဲဒီလိုမျိုး တားတာဆီးတာတွေတော့ ရှိတယ်။ သူတို့တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါက အရေးကြီးတယ်။

Credit To The Voice Weekly

Related Articles: