Monday, July 29, 2013

အစွန်းရောက်မှုတွေကြားက နင်းပြားများ





ယခင်နှစ်က မိုးလယ် မိုးခေါင်ပြီး ဒုက္ခများခဲ့ရသော အညာတောင်သူများ ယခုနှစ်တွင်လည်း မိုးဦးကတည်းက မိုးကောင်းကောင်း မရွာပြန်၍ သောကပွားနေရပါပြီ။ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးကောင်းလွန်း၍ ရေလွှမ်းနေချိန်တွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသများတွင်တော့ မိုးခေါင်၍ စိုက်ပျိုးသမျှသီးနှံအများစု ပျက်စီးနေသည်။

အတိတ်က ရာသီဥတု သာယာမျှတခဲ့သည်ဆိုသော မြန်မာပြည်အတွက် မိုးခေါင်ခြင်း၊ ရေလွှမ်းခြင်းကဲ့သို့ အစွန်းရောက်ရာသီဥတုများ ယခုနောက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာသည်။ အစွန်းရောက်ရာသီဥတုက အစိုးရသစ်ကိုလည်း ချမ်းသာမပေးပါ။ အစိုးရသစ်တက်လာသော ၂၀၁၁ တွင် O2B မုန်တိုင်းကြောင့် ဒေသအချို့ရေလွှမ်းမိုးသည်။ ၂၀၁၂ တွင် အညာမိုးခေါင်ပြီး အောက်ပိုင်းဒေသရေလွှမ်းကာ ၂၀၁၃ တွင်လည်း အညာတွင် မိုးဆက်ခေါင်နေပြန်သည်။

ထိုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ရာသီဥတုပြောင်းလဲခြင်း ကြောင့် ထိခိုက်ခံစားရမှုအဆိုးဆုံး နိုင်ငံစာရင်းတွင် မြန်မာက ဒုတိယဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပြီးလျှင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ခံစားရမှုအများဆုံးက မြန်မာပင်ဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းများကပင် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးကိုဆိုးဆိုးရွားရွားခံစားနေရကြောင်း ပြောဆိုနေချိန် ယခင်အစိုးရရော၊ယခုအစိုးရကပါ မသိချင်ယောင်ဆောင်နေသည်။


စိုက်ပျိုးရေးနိုင်ငံဟုဆိုသော်လည်း အညာတွင် မိုးခေါင်သောကြောင့် တောင်သူများ လယ်ယာလုပ်ငန်းခွင်ကို ကျောခိုင်းကာ ပြည်ပသို့ အလုပ်
ကြမ်းသွားလုပ်နေကြရခြင်းကို အစိုးရက ယခုထိမဆန်းစစ်သေး။ ရာသီဥတုဖောက်ပြန်၍ သီးနှံများဆုံးရှုံးကာ ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာလည်း အစိုးရဆီမှ အသံတိတ်နေဆဲ။ နှစ်ဆက်ရာသီဥတုဖောက်ပြန်နေမှုကြောင့် တောင်သူများဆောင်ရန်၊ ရှောင်ရန်ကို ဒေါက်တာ ထွန်းလွင်ကဲ့သို့ အရပ်ဘက်ပညာရှင်အချို့က အရေးတယူ သတိပေးနေ ချိန်တွင် အစိုးရကတော့ ပုံမှန်အတိုင်းသာ သတင်းထုတ်ပြန်သည်။ ပြည်သူအရေး အလေးထားသောနိုင်ငံအများစုတွင် မိုးခေါင်လွန်းခြင်း၊ ရေကြီးလွန်းခြင်းများကြုံလာပါက သဘာဝဘေးအန္တရာယ်ကျရောက် သော ဒေသအဖြစ်ကြေညာကာ ထိုဒေသများအရေး အလေးပေးဆောင်ရွက်လေ့ရှိသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်တော့ ဆိုင်ရာဌာနက စံပြလယ်ယာများသီးနှံအထွက်တိုးရေးကိုသာ ဦးစားပေးလွန်းနေသည်။ မိုးခေါင်၍ သီးနှံများပျက်စီးနေ သော တောင်သူများ၊ ရေလွှမ်း၍ စပါးခင်းရေနစ်နေသော လယ်သမားများအတွက် ပံ့ပိုးကူညီရန်၊ နည်းပညာပေးဝေရန်၊ သတင်းဖြန့်ဖြူးရန်တော့ ဘယ်ဌာနတွင်မှ တာဝန်မရှိသလိုဖြစ်နေသည်။

ဆင်းရဲမွဲတေမှုကို အစိုးရက အမှန်တကယ်တိုက်ဖျက်လိုလျှင် မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါး လူဦးရေ ၁၇ သန်းကျော်ရှိ
သော ဒေသများတွင် မိုးခေါင်လွန်းပြီး သီးနှံများပျက်စီးနေသည်က နိုင်ငံအတွက် ဂရုတစိုက်ဖြေရှင်းရမည့်ပြဿနာတစ်ရပ်ဖြစ်သင့်ပါသည်။

Credit To 7Day News Journal

Related Articles:

Post a Comment