Sunday, July 28, 2013

ကမ္ဘာပေါ်ရှိ ခေတ်စနစ်အပြောင်းအလဲအကြားမှ မြန်မာပြည်


ကမ္ဘာပေါ်ရှိ ခေတ်စနစ်တို့ သည် ခေတ်စနစ်တစ်ခုမှ ခေတ်စနစ်အခြားတစ်ခုသို့ ချောမောလွယ်ကူစွာ ပြောင်းလဲခဲ့ခြင်းမရှိပေ ။နိုင်ငံတိုင်း၏ မည်သည့်သမိုင်း စာမျက်နှာများတွင် ရှာဖွေလေ့လာသည် ဖြစ်စေ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား ၊ အစိုးရနှင့်ပြည်သူ ၊ အာဏာရှင်နှင့် ဖိနှိပ်ခံပြည်သူတို့ ၏အကြား အားပြိုင်မှုအပါအ၀င် တော်လှန်တိုက်ပွဲများဖြစ်ပွားရင်း လူနည်းစုကို ကိုယ်စားပြုသော မကောင်းမွန်သော စနစ်များချုပ်ငြိမ်းကာ အများပြည်သူကို အကျိုးပြုနိုင်လောက်သော စနစ်များသည်သာ ကမ္ဘာမြေပေါ် ဇကာတင်ကျန်ရစ်ခဲ့သည်ဟုဆိုလျှင် မှားမည်မထင်ပါ။
ဒါဝင်သီအိုရီအဆိုအရ လူသည် မျောက်က ဆင်းသက်လာသည်ဟု ယူဆခဲ့သော်လည်း မျောက်တွေကို စနစ်တကျလေ့လာဆန်းစစ်သောအခါ မျောက်များသာ သေဆုံးသွားခဲ့သော်လည်း လူမဖြစ်လာခဲ့ပေ။

http://en.wikipedia.org/wiki/Darwin%27s_theory_of_evolution

ကမ္ဘာပေါ်တွင် ဒီမိုကရေစီ စတင်ထွန်းကားရာ ဂရိနိုင်ငံတွင် အတွေးအခေါ်ပညာရှင် ဆိုကရေတီးသည် အုပ်ချုပ်သူလူတန်းစားများကို ဆန့် ကျင်ရင်း အမှန်တရားအတွက် အဆိပ်သောက်ပြီး သေဆုံးခဲ့ပေသည် ။
မြန်မာပြည်၏ အကျဉ်းထောင်များနှင့် လမ်းမများပေါ်တွင်လည်း ဒီမိုကရေစီတိုက်ပွဲ အတွက် အာဇာနည် သူရဲကောင်းများ အသက်ပေးသွားခဲ့ကြပေသည် ။
မြန်မာ့သမိုင်းတွင်လည်း ပြည်သူလူထုဘ၀ သာယာဝပြောမည်ဟူသော မိုးလုံးပြည့် မုသာဝါဒများဖြင့် ချီတက်ခဲ့သော မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် အသက်သွင်းခဲ့သော မြန်မာ့ဆို၇ှယ်လစ်လမ်းစဉ်ပါတီကြီးသည် ဟိုလူလစ် ဒီလူလစ်နှင့် နောက်ဆုံး၌ အာဏာရှင်ကြီးများသာသေသည်အထိ ကြီးပွားချမ်းသာသွားခဲ့ပြီး တိုင်းပြည်က ဆင်းရဲမွဲတေ ဒေ၀ါလီခံခဲ့ရကာ လူထုမှာ စားဝတ်နေရေးမပြေလည်မှုများနဲ့ အတူ ကုန်းကောက်စရာမရှိအောင် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အဖက်ဖက်က ခြွတ်ချုံကျခဲ့ရပေသည် ။
ထိုကဲ့သို့ သော အကြောင်းပြချက်မခိုင်လုံသော သီအိုရီများ ၊ စနစ်များ ကမ္ဘာမြေပေါ် အဘယ်ကြောင့် ပေါ်ပေါက်ခဲ့ရသည်ဟူသော အချက်သည် စိတ်ဝင်စားဖွယ်ဖြစ်သလို ခိုင်မာသော ကြောင်းကျိုးဆက်စပ်မှုများရှိသကဲ့သို့ ထိုဆိုးဝါးသော စနစ်များကို ကောင်းမွန်သောစနစ်များ အစားထိုးပေါ်ပေါက်ရန် အာဇာနည်များအပါအ၀င် အညတရသူရဲကောင်းများ အများအပြား ဘ၀တွေ အသက်တွေ စတေးပေးဆပ်လျက် ဖိနှိပ် အနစ်နာခံခဲ့ရမှုများကို ကြေကွဲဝမ်းနည်းစွာ တွေ့ မြင်ရမည်ဖြစ်ပေသည် ။
အမေရိကန်နိုင်ငံတွင် ကျွန်ပိုင်ရှင်စနစ်မှ အရင်းရှင်စနစ်သို့ ကူးပြောင်းခဲ့သော သမိုင်းကြောင်း အထင်အရှားရှိသလို ရုရှားနိုင်ငံတွင်လည်း ဇာဘုရင်စနစ်ကျဆုံးပြီး ကွန်မြူနစ်စနစ်ပေါ်ပေါက်လာခဲ့ပေသည် ။မြန်မာ့သမိုင်းတွင်လည်း နန်းတော်၌ ဘုရင်နှင့် ဆွေမျိုးအပေါင်းအပါတစ်စုသာ နန်းစည်းစိမ်များဖြင့် ပျော်ပါးကာ စည်းစိမ်ယစ်နေသောဘုရင်ဆိုသူများသည် ညီအစ်ကိုတော်ချင်းပါမကျန် အချင်းချင်းအာဏာလုမှုများသာ စိတ်ဝင်စားခဲ့ပြီး လူထုဘ၀အားအပြည့်အ၀နားလည်မှုမရှိယုံမက လူထုဘ၀မြင့်တင်တိုးတက်ရေးကို လျစ်လျူရှုခဲ့သဖြင့် တိုင်းပြည်နှင့်လူမျိုးသည် အလွယ်တကူ နယ်ချဲ့ အင်္ဂလိပ်လက်အောက်ကျကာ ကျွန်ဖြစ်ခဲ့ရပေသည် ။
သို့ ဖြင့်ပင် မြန်မာပြည်အပါအ၀င် ကမ္ဘာ့တိုင်းပြည်အသီးသီး၌နယ်ချဲ့စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်ရင်း တိုင်းပြည် လွတ်လပ်ရေးရရှိအောင်ဆောင်ရွက်ခဲ့ကြပေရာ တိုင်းပြည်၌ ကိုလိုနီ နယ်ချဲ့ စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သော လွတ်လပ်ရေး ဗိသုကာများ၊ နိုင်ငံရေးခေါင်းဆောင်များသည်လည်း ကမ္ဘာ့နိုင်ငံများတွင် ပေါ်ထွန်းခဲ့ပေသည် ။ တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးတွင် ပထမ ကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ် စစ်ပွဲများအဆုံး၌ လက်ဝဲ လက်ယာ နိုင်ငံရေးအားပြိုင်မှုများပေါ်ထွန်းခဲ့ပြီးကမ္ဘာ့အင်အားကြီးနိုင်ငံများသည် စီးပွားရေး ၊ နိုင်ငံရေး လက်ဝါးကြီးအုပ်မှုများကို ဗြောင်တစ်မျိုး ၊ ကွယ်ရာတစ်မျိုး နည်းမျိုးစုံဖြင့် လုပ်ဆောင်လာသည်ကို ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် မျက်ဝါးထင်ထင် တွေ့ မြင်ရပေမည် ။
ထိုဖြစ်စဉ်များမှသည် နဂိုကတည်းက တိုင်းတစ်ပါးနယ်ချဲ့ ကို ရွံရှာမုန်းတီးပြီး တိုင်းပြည် လွတ်လပ်ရေးကာလ၌ တိုက်ပွဲဝင်ခဲ့သော မျိုးဆက်တစ်ခုသည် တခြားတိုင်းပြည်များနှင့်ဆက်ဆံရေး ကင်းမဲ့ကာ တိုင်းပြည်နှင့်လူထုအား အထီးကျန်နေထိုင်စေရင်း ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ကာ တံခါးပိတ်လျက် နိုင်ငံ၌ အာဏာရှင်လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့ပေသည် ။ကမ္ဘာ့ နိုင်ငံရေးစစ်တမ်းများအရဆိုလျှင် ကိုလိုနီ နယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သော နိုင်ငံတော်တော်များများသည် နိုင်ငံရေး ၊ ဘာသာရေး ၊ လူမျိုးရေး ၊ စစ်ရေး အရြေုခုံသော အာဏာရှင်လက်သစ်များ ပေါ်ပေါက်ထွန်းကားခဲ့ပေသည် ။
ထိုအာဏာရှင်များသည်လည်း လူထုအကျိုးစီးပွားထက် မိမိ၏ကိုယ်ကျိုးစီးပွားကိုသာ လိုလားကြသဖြင့် လူထုကောင်းစားရေးထက် လက်တစ်ဆုပ်စာ လူတစ်စုချမ်းသာကောင်းစားရေးကိုသာ လုပ်ဆောင်ခဲ့ကြသဖြင့် လူထုအုံကြွမှုများနှင့် ရင်ဆိုင်နိဂုံးချုပ်ရပေသည် ။မြန်မာပြည်တွင်လည်း ( ၈၈၈၈ ) လူထုအုံကြွမှုကြီးဖြစ်ပွားလျက် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတောင်းဆို မှုများ ယနေ့ တိုင်ဖြစ်ပွားလျက်ရှိပေသည် ။
ကမ္ဘာကြီးတွင် သမိုင်းဘီးသည် တစ်ပတ်လည်မြဲဖြစ်ပေရာ တိုင်းပြည်နှင့်လူထုကို ကိုယ်စားမပြုပဲ မိမိကိုယ်ကျိုးကိုသာ ဆောင်ရွက်သူများသည် သမိုင်း၏ဒဏ်ခတ်ခြင်းခံရကာ နောက်ဆုံး၌ ကျဆုံးရမြဲဖြစ်သည်ကို သတိချပ်သင့်ပေသည် ။
လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲတစ်ဆက်တည်း လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲများကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ဆွေးနွေးပြောဆိုနေခြင်းအပေါ်ခြုံငုံကြည့်ပါက အစိုးရကို ဆန့် ကျင်သော စာတစ်ရွက်ဖြန့် လျှင်ပင် ထောင်နှစ်ရှည်ချသော စစ်အာဏာရှင်များ ဖိနှိပ်အုပ်ချုပ်သော ယခင်အမှောင်ခေတ်ကထက်စာလျှင် တိုးတက်ပြောင်းလဲမှု တစ်စွန်းတစ်စအဖြစ် တွေ့ မြင်ရပေမည် ။ သို့ သော် လွတ်လပ်ပွင့်လင်းသော လူ့ အဖွဲ့ အစည်းကို ဦးတည်ပြီး ဒီမိုကရေစီလမ်းကြောင်းကို သွားနေချိန်တွင် ယခုလို အသေးအဖွဲ အပြောင်းအလဲ၌ မိန်းမောရပ်တန့်  မနေပဲ တိုင်းပြည်၏ နိုင်ငံရေး ၊ စီးပွားရေး နှင့် လူထုဘ၀ငြိမ်းချမ်းတိုးတက်ကာ တရားမျှတသော ဥပဒေစိုးမိုးမှုများအောက်တွင် လူထုသည် လုံခြုံစိတ်ချရသော ဘ၀များပိုင်ဆိုင်မှုရှိမရှိ ပေတံဖြင့် အမြဲတိုင်းတာကာပြုပြင်ပြောင်းလဲရေးကို အမြဲတွန်းအားပေးရမည် ဖြစ်ပေသည် ။
နိုင်ငံရေး၏ အပြောင်းအလဲ အတိမ်အနက်ကိုလိုက်ပြီး ဝေဖန်သုံးသပ်လုပ်ဆောင်ချက်များသည် လက်တွေ့ လူထု ဘ၀နှင့်နီးစပ်ကာ တိုင်းပြည်နှင့်လူထုဘ၀တိုးတက်မြင့်မားရေးကို မည့်သို့ မည်ပုံ အထောက်အကူပြုရေးအပါအ၀င် မပြီးပြတ်သေးသော ဒီမိုကရေစီလုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်မည့် လုပ်ရပ်များအား ပူးတွဲချမှတ် အကောင်အထည်ဖော်မှုများ အနာဂတ်ကာလအတွက် အရေးတကြီးလိုအပ်နေပေသည် ။
ယနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်သည် တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ရင်ဆိုင်ရေး ၊ အမြစ်ပြတ်ချေမှုန်းရေးအစား ပြည်တွင်း ငြိမ်းချမ်းရေး ၊အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ သွားနေပေသည် ။ အမေရိကန် သမ္မတအိုဘားမားအပါအ၀င် ကမ္ဘာ့နိုင်ငံခေါင်းဆောင်အသီးသီးသည် လက်ရှိအပြောင်းအလဲအပေါ် အကောင်းမြင်ပြီး အားပေးထောက်ခံမှုများ အထိုက်အလျောက်ရှိနေပေသည် ။ သို့ သော်တခြားတစ်ဖက်တွင်မူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်မည့် ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး အပါအ၀င် လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေး ကိုအခြေခံသည့် ဒီမိုကရေစီ လူ့ အခွင့်အရေး နှင့် ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်ေ၇ှ့ ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်ကြီးများဖြစ်ကာ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရပေမည် ။
မြန်မာ့နိုင်ငံရေးကို လုပ်ဆောင်ရာတွင် အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးကိုလည်း ပြင်ဆင်ထားရမည်ဖြစ်ပေရာ ပြည်တွင်းပြည်ပ၌ Plan A .Plan B ရှေ့လုပ်ငန်းစဉ်များ ရေတိုရေရှည်ထားရှိရပေမည် ။
ထိုအချိန်အခါမျိုးတွင် အစိုးရနှင့် အတိုက်အခံကြားတွင် တူတာများတွဲလုပ်ပြီး မတူညီမှုများခွဲခြားလုပ်ကိုင်များရှိသည့်နည်းတူ ဒီမိုကရေစီလိုလားသော အတိုက်အခံအင်အားစုများတွင်လည်း တူတာများတွဲလုပ်ပြီး မတူညီမှုများခွဲခြားလုပ်ကိုင်မှုများရှိရပေမည် ။ ဆိုလိုသည်မှာ နိုင်ငံရေးဖြစ်စဉ်လိုအပ်ချက်အရ ပြည်တွင်းရှိ အတိုက်အခံအင်အားစုများ၏ အစိုးရနှင့်ပူးတွဲလုပ်ဆောင်နေသောလုပ်ရပ်များအပေါ် အကောင်းမြင်သူများရှိသလို အဆိုးမြင်များလည်းရှိနေသည်မှာ သဘာဝကျပါသည် ။ သို့ သော် တခြားတစ်ဖက်တွင် နိုင်ငံရေး အပြောင်းအလဲသည် ခြေချော်လက်ချော်ရှိသွားခဲ့သော် Plan B အရမြန်မာပြည်တွင် ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းကားရေး ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် အမြော်အမြင်ကြီးစွာ ပြည်တွင်းပြည်ပ အတိုက်အခံ ညီညွတ်ရေးကိုလည်း တစ်ချိန်တည်းတည်ဆောက်ထားရပေမည် ။ထိုသို့ ပြောဆိုဆွေးနွေးရသည်မှာ ယခုလို အစိုးရနှင့်အတိုက်အခံအင်အားစုများ၏ ပူးတွဲလုပ်ဆောင်မှုအပေါ် အမြင်မကြည်လင်သူများက နောက်တစ်ကြိမ် စစ်အစိုးရမှ အတိုက်အခံခေါင်းဆောင်များကို ဖမ်းဆီးချုပ်နှောင်မှုများလုပ်လာခဲ့သည်ရှိသော့်အတိုက်အခံအချင်းချင်း လက်တွေ့ ညီညွတ်ရေး သဘောတရားမတည်ဆောက်ထားပါက အစိုးရ၏ မတရားမှုအောက်၌ လူထုသော်၎င်း ၊ အတိုက်အခံအချင်းချင်းသော်၎င်း ဒုက္ခရောက်ပါက မဆိုင်သလို လက်ပိုက်ကြည့်နေမည့်သူများ ရှိလာနိုင်သောကြောင့်ဖြစ်ပါသည် ။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး လူထုထံ အာဏာလွှဲပြောင်းရေးကို ငြင်းဆိုခဲ့သော စစ်အစိုးရသည် ယခုလက်ရှိဦးသိန်းစိန်အစိုးရနှင့်ကွာဟမှုရှိသော်လည်း တစ်ချို့ အမြင်တွင်မူ စစ်ယူနီဖောင်းဝတ်မှ အရပ်သား အ၀တ်ဝတ်ထားစေကာမူ ခပ်ဆင်ဆင်ဖြစ်နေပေသည်ဟု သုံးသပ်မှုများ ရှိနေဆဲ ဖြစ်သည် ။ဆိုလိုသည်မှာ ယခင်ကကဲ့သို့ ပင် တိုင်းပြည်တွင်ေ၇ရှည်ပြည်တွင်းစစ်ရှိနေပြီး အစိုးရအာဏာပိုင်များမှ အာဏာအလွဲသုံးစားလုပ်ကာ ဥပဒေမဲ့ ထင်ရာစိုင်းအုပ်ချုပ်မှုများရှိနေဆဲဖြစ်သောကြောင့် ဖြစ်ပေသည် ။သို့ ဖြစ်ပေရာ ၂၀၁၅ ရွေးကောက်ပွဲသည်ပင် အကောင်းဖက်သို့ ဦးတည်မည်လား အဆိုးဖက်ကို သွားမည်လားဆိုသည်ကို မည်သူမျှအတိအကျ သုံးသပ် ပြောဆိုရန် လောလောဆယ်၌ ခက်ခဲနေပေဦးမည် ။ ယခုအစိုးရသည်လွှတ်တော်ထဲ၌ တိုက်ပုံဝတ်ခေါင်းပေါင်းများ ကြီးစိုးရာ ယခင် ဦးနေ၀င်း၏ ဆိုရှယ်လစ်လမ်းစဉ်ပါတီကဲ့သို့ အတွေးအခေါ်သဘောတရားရေးအရ တထပ်တည်းမကျစေကာမူ အတူတူပင်ဖြစ်နေသေးသကဲ့သို့ ဖြစ်နေပေသည်ဟု ထင်မြင်ယူဆမှုများလည်း ရှိနေပေသေးသည် ။
သို့ ဖြစ်၍ အတိုက်အခံဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် နှစ် ( ၂၀ )နီးပါးထောင်တွင်း၌ ဒီမိုကရေစီ ဓားစားခံအဖြစ် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှုမရှိပဲ ရဲရဲဝံ့ဝံ့အကျဉ်းကျခံခဲ့သည် ။ သို့ သော်တိုင်းပြည်နှင့်လူထုသည် စစ်အာဏာရှင်လက်အောက်၌ အခြေအနေဆိုးများဖြင့် ရင်ဆိုင်ပြီး နိုင်ငံရေးအရ ရှေ့ မတိုးသာနောက်မဆုတ်သာ အနေအထားမှ ရုန်းထွက်ကာ တိုင်းပြည်နှင့်လူထုမျက်နှာ ကြည့်ကာ ယခုလို တိုင်းပြည်၏ဒီမိုကရေစီ ဖြစ်ပေါ်ထွန်းကားရေး မဟာဗျူဟာအတွက် နည်းဗျူဟာအသစ်ဖြင့် အစိုးရနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ညှိနှိုင်းချဉ်းကပ်မှုကို နားလည် သဘောပေါက်သင့်ပေသည် ။ သွေးထွက်သံယိုမှု အနည်းဆုံးဖြင့် ပြောင်းလဲခဲ့သော် မကောင်းပေဘူးလားဟု အကောင်းမြင်သူများကလည်း ဆိုနေပေသည် ။
ထို့ ကြောင့် ဒီမိုကရေစီ အတိုက်အခံများအချင်းချင်း မည်သည့်အခြေအနေတွင်ပင် ရှိစေကာမူ ညီညွတ်ရေးတည်ဆောက်ရင်း ကျောချင်းကပ် ရင်ချင်းကပ်လျက် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ၊ ဒီမိုကရေစီရေးကို ဦးတည်လုပ်ဆောင်ရန် လူထုကို စည်းရုံးရင်း အနာဂတ်ကို မျက်ခြေမပြတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည် ။
တစ်ခြားတစ်ဖက်တွင်လည်း လက်ရှိဦးသိန်းစိန်အစိုးရအနေဖြင့် စီးပွားရေးအရအရေးယူပိတ်ဆို့ မှုများဖြေလျော့ရေးအတွက်ဖြစ်စေ ၊ နိုင်ငံတကာကို အလည်အပတ်ခရီးစဉ်အတွက် မျက်နှာပန်းပွင့်ဖို့ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းထက် တိုင်းပြည်၏တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးအတွက့်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအား မဖြစ်မနေ လုပ်ဆောင်သင့်သည့်နည်းတူ ၂၀၁၃ ဆီးဂိမ်း ၊ ၂၀၁၄ အာဆီယံဥက္ကဌဖြစ်ရေးအတွက် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်ဆဲရေးကို ဟန်ပြလုပ်ဆောင်ခြင်းထက် ပင်လုံစိတ်ဓာတ်ကိုအခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးအခင်းအကျင်းအား မဖြစ်မနေလုပ်ဆောင်ရန် တာဝန်ရှိပေသည် ။
သို့မှသာ မြန်မာ့သမိုင်းသည် လူထုဘ၀နှင့် ဆန္ဒကို လစ်လှူရှုကာ ပေါ်ထွန်းခဲ့သောဖွဲ့ စည်းပုံများသည် လူထုအုံကြွမှုများ ဖြစ်ပေါ်မှသာ ဖျက်သိမ်းခဲ့သော သမိုင်းကြောင်းကို ပြောင်းလဲနိုင်ရန်မှာ အတိုက်အခံ ၊ လူထု ၊ အစိုးရသည် တိုင်းပြည်နှင့်လူထု အကျိုးကိုေ၇ှ့ ရှုလျက် အတွေးအခေါ်မှန် လုပ်ရပ်မှန်မှသာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် သိက္ခာရှိရှိ ရင်ဘောင်တန်းနိုင်သော တိုင်းပြည်ဖြစ်မည် ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် တိုက်တွန်းလိုက်ရပါသည် ။

အောင်ခိုင်မြင့်
၂၉ ဇူလိုင်လ ၂၀၁၃

Related Articles:

Post a Comment