Monday, July 29, 2013

လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ နိုင်ငံရေး လက်နက်တစ်ခု အနေဖြင့် အသုံးချရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ပြောကြား



ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်၌ရှင်းလင်းစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)
လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ခြင်း မရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကို နိုင်ငံတော်အစိုးရ အနေနှင့် နိုင်ငံရေးလက်နက် တစ်ခုအနေဖြင့် အသုံးချပြီး အရေးယူခြင်း ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မေးမြန်းသည့် ''ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပုဒ်ခွဲ(၁)တွင် မည်ကဲ့သို့သော အကျဉ်းသားများ အကျုံးဝင်သည် (သို့မဟုတ်) အကျုံးမ၀င်သည်။ ပြစ်မှုကျူးလွန်လျှင် ပြစ်ဒဏ်မှခံစားခွင့် (သို့မဟုတ်) ကင်းလွတ်ခွင့် ရှိသည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒုတိယ၀န်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နိုင်ငံရေး အကျဉ်းသားများ၏ ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့် ပေးခြင်းနှင့် လျှော့ပေါ့ ပြောင်းလဲခြင်းတို့နှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)တွင် 'ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ် ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့် အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့မဟုတ်) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ပြဋ္ဌာန်းထားကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းတွင် ပြစ်မှုအမျိုးအစား ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''အကျဉ်းထောင် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် တည်ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ မည်သည့် အကျဉ်းသားများမဆို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)နဲ့ အကျုံးဝင်ပါတယ်။ မည်သည့် အကျဉ်းသားများမှာ အကျုံးမ၀င်ကြောင်းနဲ့ ပြစ်ဒဏ်အမျိုးအစား ခွဲခြားသတ်မှတ် ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ တည်ဆဲ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူများအား တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ချမှတ် ခဲ့ပေမယ့်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်များကို ကျခံပြီးဖြစ်လို့ မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံအကျိုးအတွက် အများပြည်သူနဲ့အတူ တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင် သွားနိုင်စေရန် ရည်ရွယ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။ အစိုးရ အနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)ကို နိုင်ငံရေးလက်နက် တစ်ခုအနေဖြင့် အသုံးချပြီး အရေးယူခြင်း ပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
Credit To First-11

Related Articles:

Post a Comment