Tuesday, January 14, 2014

၂၀၁၅ အတွက် အဖြေ ဇေယျသူ


မြန်မာနိုင်ငံအတွက် အရင်းအနှီးများ အလွန် လိုအပ်နေသောကြောင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု များကိုပင် ဖိတ်ခေါ်နေရသည်။ သို့သော် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ငွေကြေး အရင်းအနှီးမျှနှင့် လုံလောက်ခြင်းမရှိပါ။ လူတစ်ဦးနှင့်တစ်ဦးအကြား၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား ယုံကြည်မှုဖြစ်သည့် လူမှုအရင်းအနှီး (Social Capital) သည် မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသည်။
မြန်မာနိုင်ငံသည် တစ်နိုင်ငံတည်း တွင်ပင် ပထဝီအနေအထား အမျိုးမျိုး ရှိသည်။ လျှိုမြောင် စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်တို့ ပေါများသလို ပင်လယ်ကမ်းရိုးတန်းလည်း ရှည်လျားသည်။ အရှေ့တောင်အာရှတွင်း နှင်းဖုံးတောင်များ ရှိရာ တစ်ခုတည်းသောနေရာ ဖြစ်သလို အလယ်ပိုင်းဒေသသည် ပူပြင်းခြောက်သွေ့ပြီး သဲကန္တာရဆန်သည်။ တိုင်းရင်းသား လူမျိုးသည်လည်း ယခုပင်လျှင် ၁၃၅ မျိုးရှိသည်။ ဖြည့်လိုသူ စွက်လိုသူ ဖြုတ်လိုသူ လျှော့လိုသူများ ညှိနှိုင်းလိုက်လျှင်ပင် တိုင်းရင်းသားတို့ များစွာရှိဦးမည်။ နိုင်ငံတွင်း စည်းလုံးညီညွတ်မှု မရဘဲ ထိုသို့သောနိုင်ငံမျိုး မအောင်မြင်နိုင်။ အသွင်ကွဲပြားခြင်းများ ပေါင်းစုလျှင် အကောင်းဆုံးများ ရနိုင်သည် ဖြစ်သောကြောင့် ပေါင်းစည်းညီညွတ်ရေးသည် မြန်မာတို့အတွက် အလွန်အရေး ကြီးသည်။
လူမှုအရင်းအနှီးသည် လူ့အဖွဲ့အစည်းကို မြဲမြံစေရန် ကပ်ထားသည့် ကော်နှင့် အလားတူသည်။ အသွင်ကွဲပြားခြင်းများ ရှိသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် လူမှုအရင်းအနှီး၏ အခန်းကဏ္ဍသည် အသွင်တူ လူ့အဖွဲ့အစည်း ထက်ပင် ပိုအရေးကြီးကြောင်း မြင်နိုင်သည်။ ထင်းချောင်း တစ်ချောင်းချင်းစီ ဆိုလျှင် ချိုရန်လွယ်သော်လည်း ထင်းစည်းဖြစ်သွားလျှင် အလွန်ခိုင်မာသည်။ လူမှု အရင်းအနှီးသည် ထင်းစည်းကို စည်းထားသည့် ကြိုးသဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံသည် အသွင်ကွဲပြားခြင်းများ ပေါင်းထားရုံ မကဘဲ ပြန်လည်တည်ဆောက်စ နိုင်ငံဖြစ်သည်။ ပြန်လည်တည်ဆောက်စ ဖြစ်သည့်အတွက် လူတိုင်း၏အား၊ အဖွဲ့အစည်းတိုင်း၏ အားလိုသည်။ လူတိုင်း၊ လူတိုင်းသည် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် နောက်ကျော မပေးရဲဘဲ သံသယ ကြီးနေလျှင် ဘာဆိုဘာမျှ ထည့်ဝင်ကြမည်မဟုတ်။ ထို့ကြောင့် လူမှုအရင်းအနှီးသည် မြန်မာနိုင်ငံကဲ့သို့ ပြန်လည်တည်ဆောက်စ နိုင်ငံမျိုးအတွက် အရေးကြီးလှသည်။
ယုံကြည်မှု နည်းပါးလျှင် တစ်လမ်းမောင်းလမ်းကို ဖြတ်ကူးရာတွင်ပင် လမ်းနှစ်ဖက်စလုံးကို ကြည့်ရမည်။ ဝိုင်းဖွဲ့ပြောနေကြသည့် စကားဝိုင်းတွင် ကိုယ်ကချွန်ပြီး ထထွက်ဝံ့မည် မဟုတ်၊ ကျန်သောသူများက ကိုယ့်အတင်းကို ပြောနေမည်စိုးရသည် မဟုတ်ပါလား။ ခြံစည်းရိုးများ မြင့်မြင့်ကာရခြင်း၊ ပြတင်း သံပန်းများ ထူထူတပ်ရခြင်း တို့သည်လည်း ယုံကြည်မှုနည်းပါးခြင်း လက္ခဏာ ဖြစ်သည်။
ယုံကြည်မှုမြှင့်တင်ရန် အတူလက်တွဲ လုပ်ဆောင်ခြင်းမှတစ်ပါး အခြားမရှိပါ။ အတူလက်တွဲ လုပ်ကိုင်မှသာ တစ်ဦးအရည်အချင်း၊ အကြံအစည်၊ စိတ်နေသဘောထား သိရပြီး အစင်းသိ ဖြစ်လာနိုင်သည်။ ညစ်တတ်သူ အကြောင်း ပိုသိလာနိုင်သလို စင်ကြယ်သူတို့ ပါဝင်ကြောင်းလည်း မြင်လာနိုင်သည်။ အနေဝေး သောကြောင့် အမြင်လွဲနေခြင်း မျိုးကို ကာကွယ်နိုင်မည်။ ကြားစကားများကိုလည်း တိုက်ရိုက် ရှင်းလင်းနိုင်မည်။
၂၀၁၅ ရွေးကောက်ပွဲကို မြန်မာနိုင်ငံအတွက် အချိုးအကွေ့ကြီး အဖြစ် တင်စားပြောဆို နေကြသည်။ ထိုအတိုင်းသာမှန်လျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရန် လူမှုအရင်းအနှီး ကြီးမားစွာ လိုအပ်သည်။ ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် ဖြစ်ပါ့မလား၊ အနိုင်ကို အသိအမှတ်ပြု ပါ့မလား၊ ရွေးကောက်ပွဲ နိုင်သူက ပြိုင်ဘက်တို့ကို အပြတ်ရှင်းမည်လား၊ နောက်တက်မည့်သူက မူဝါဒ၊ စီမံကိန်းများကို ပြောင်းပြန် လှန်လိုက်လေမလား၊ တိုင်းပြည် မတည်မငြိမ် ဖြစ်လေမည်လား စသည့် လားပေါင်းများစွာ တို့ကို နိုင်ငံရေးသမား၊ စီးပွားရေး သမား၊ ဝန်ထမ်း၊ ပြည်သူတို့က အနည်းဆုံး စိတ်ထဲတွင် တဖွဖွ မေးနေကြသည်။
အပေါင်းလက္ခဏာ ဆောင်သော အဖြေတို့သာ နည်းပါးလျှင် အားလုံးလိုလိုသည် သူတူတူ ကိုယ်တူတူ တစ်စုံတစ်ရာ ကြိုတင်ပြင်ဆင် ထားကြမည်မှာ သေချာသည်။ အထူးသဖြင့် ဆုံးရှုံးမှု ကြီးနိုင်သူတို့က ပိုပိုလိုလို တွက်ချက်ထားကြ၊ အစိုးရိမ် ကြီးကြလျှင် နိုင်ငံအခြေအနေသည် လှုပ်ယမ်းလာနိုင်သည်။
ထိုလာမည့် အနာဂတ် အခြေအနေကို တစ်စုံတစ်ရာ သြဇာလွှမ်းမိုးလိုလျှင် ယနေ့ကာလတွင် တစ်စုံတစ်ရာ ဆောင်ရွက်ထားရမည် ဖြစ်သောကြောင့် နိုင်ငံ တည်ဆောက်ရေးတွင် သို့လော၊ သို့လောများ တိုးလာမည်။ သို့လော၊ သို့လော များလာခြင်းသည် နိုင်ငံတည်ဆောက်ရေး အတွက် လုံးဝမကောင်းပါ။ လူမှု အရင်းအနှီးကို ယခုကာလတွင် ဖြည့်တင်းထားမှသာ ၂၀၁၅၊ ၂၀၁၆ ကာလအတွက် တန်ကာကျမည်။
လူမှုအရင်းအနှီး တက်လာရေးသည် လူတိုင်း လူတိုင်းတွင် မူတည်သော်လည်း နိုင်ငံရေး၊ မူဝါဒရေးတွင် ပါဝင်လှုပ်ရှား ကစားနေသည့် လက်ကြီးသမားများ ပေါ်တွင် အဓိကတည်နေသည်။ ထိုအကောင်ကြီး အမြီးရှည်တို့ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု အဆင့်အတန်းသည် နိုင်ငံတစ်နိုင်ငံလုံး လူမှုအရင်းအနှီး ရေချိန်ကို ဆုံးဖြတ်သည်။ ထိုကစားသမားကြီးများ ကိုယ်စားပြုသော အဖွဲ့အစည်း တို့အကြား ယုံကြည်မှုသည် မြန်မာ့လူမှုအရင်းအနှီး၏ အဖြေပင် ဖြစ်သည်။ ထိုလူမှု အရင်းအနှီး၏ အဖြေသည် ၂၀၁၅ ၏ အဖြေဖြစ်သလို မြန်မာ့တည်ဆောက်ရေး အဖြေလည်း ဖြစ်သည်။
Credit To The Voice Weekly

Related Articles:

Post a Comment