Tuesday, July 23, 2013

နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများကို ကြိုတင်ခန့်မှန်းခြင်း (Transboundary Environmental Impact Assessment) (TEIA)


ပါမောက္ခ ဦးညိုမောင် (ရုက္ခဗေဒ)

စပ်ဖြတ်ကျော် ထိခိုက်မှုများ ကြိုတင်ခန့်မှန်းခြင်းသည် နယ်စပ် ဖြတ်ကျော် စီမံချက်များ (Transboundary Project) များ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် စီမံချက်များတွင် အပြည်ပြည်ဆိုင်ရာမြစ်များ (International Rivers) နှင့် နယ်စပ်မြစ်များ (Border Rivers) ပေါ်တွင် ဆည်များ တည်ဆောက်ခြင်း၊ ရေလွှဲမြောင်းဖြင့် ရေလွှဲယူခြင်း၊ နယ်စပ်ဒေသ များတွင် အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်း (Development of Special Economic Zone in Border Area) နှင့် နယ်စပ်မြစ်ဝှမ်းများ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ဧရိယာတို့တွင် တည်ဆောက်ရေး စီမံကိန်းများကြောင့် နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ နယ်စပ် ဖြတ်ကျော် ထိခိုက်မှုများ ကြိုတင်ခန့်မှန်းခြင်း လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သည်။

နိုင်ငံအများစု၏ ပတ်ဝန်းကျင် ထိခိုက်မှုများ ကြိုတင်ခန့်မှန်းခြင်း ဥပဒေ (EIA Law) သည် နိုင်ငံအတွင်း လုပ်ဆောင်မည့် စီမံကိန်း (Plan)၊ စီမံချက် (Project) နှင့် အစီအမံ (Program) များနှင့်သာ သက်ဆိုင်လျက် ရှိနေသည်။ နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများနှင့် ပတ်သက်သော အာမခံမှု မပါဝင်သည်ကို တွေ့ရသည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော် စီမံချက်များ (Transborder Project) တွင် နယ်စပ်ဖြတ်ကျော် ထိခိုက်မှုများ ကြိုတင်ခန့်မှန်းခြင်း (TEIA) သည် မရှိမဖြစ် လိုအပ်သော ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ သက်ဆိုင်ရာ နိုင်ငံများအကြား နှစ်ဦးနှစ်ဖက် နားလည်မှု စာချွန်လွှာတွင် (Memorandum of Understanding - MoU) နှစ်နိုင်ငံပူးတွဲပြီး ဒေသဆိုင်ရာ ကြိုတင်ခန့်မှန်းမှု (Regional Assessment) ပြုလုပ်ရန် ထည့်သွင်းရမည် ဖြစ်ပါသည်။

ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ တည်ဆောက်ဆဲနှင့် တည်ဆောက်မည့် သံလွင်မြစ်ကြောင်း စီမံချက်များ (Projects on Thanlwin River) အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပတ်ဝန်းကျင် ကြိုတင်ခန့်မှန်းခြင်း မဟာဗျူဟာ (Strategic Environmental Assessment: SEA) နှင့် ပတ်သက်သော လမ်းညွှန်ချက်များ ချမှတ်ရန်နှင့် ထိုနိုင်ငံများနှင့် MoU ရေးထိုးရာတွင် TEIA ဆောင်ရွက်ရန်ကို ထည့်သွင်းရန် ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဆွေးနွေးပွဲခန်းမတွင် ကျင်းပခဲ့သော Workshop on Value of Thanlwin/Salween/Nu River:Ecosystem Resources Conservation and Management တွင် တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်နှစ်ဦး၊ ထိုင်းနိုင်ငံမှ ပညာရှင် ၆၀ ဦးနှင့် မြန်မာနိုင်ငံမှ ပညာရှင်များ၏ စာတမ်းဖတ်ခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပါဝင်ခဲ့ရာ သံလွင်မြစ်ကို တန်ဖိုးထားသူများအားလုံး သိသင့်သော အကြောင်းအရာများ ဖြစ်လာသည်။ အထူးသဖြင့် မူဝါဒ ချမှတ်သူများနှင့် ပတ်ဝန်းကျင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ သိရှိရန် အရေးကြီးပါသည်။

လက်ရှိအချိန်တွင် သံလွင်မြစ်သည် လွတ်လပ်စွာ စီးဆင်းလျက်ရှိသော မြစ်တစ်ခု (Free Flowing River) ဖြစ်နေပါသည်။ သို့သော် အနာဂတ်ကာလတွင်မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်နိမိတ်အတွင်း ရေအားလျှပ်စစ်ဆည် ၁၃ ခုနှင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဆည် ခုနစ်ခု တည်ဆောက်ရန် အဆိုပြုထားရာ သံလွင်၏ အနာဂတ်သည် အကြီးအကျယ် ပြောင်းလဲတော့မည် ဖြစ်ပါသည်။ ထို့ပြင် သံလွင်မြစ်ရေ ၂ ဒသမ ၂ ဘီလီယံ ကုဗမီတာ (2.2 billion cubic meter) ကို ထိုင်းနိုင်ငံ ဘူမိဘောဆည်သို့ ရေလွှဲမြောင်းဖြင့် ရေလွှဲမည်ဟု ဆိုထားရာ သံလွင်မြစ်ရေသည် တစ်စက္ကန့်လျှင် ၃၀၀၀ ကုဗမီတာနှုန်း (3000M3/sec) ဖြင့် ဘူမိဘောဆည်တွင်းသို့ စီးဆင်းတော့မည် ဖြစ်ပါသည်။

သံလွင်မြစ်ကြောင်းတွင် မြစ်ညာပိုင်း (Up Stream) သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပိုင်နက် နယ်နိမိတ်တွင် တည်ရှိပြီး မြစ်ခြေပိုင်း (Downstream) သည် မြန်မာနိုင်ငံ ပိုင်နက် နယ်နိမိတ်တွင် ရှိပါသည်။ မြစ်ညာပိုင်းတွင် စီးဆင်းနေသောရေကို အပြောင်းအလဲ လုပ်ခဲ့လျှင် မြစ်ခြေပိုင်းရေ (Downstream Hydrology) ပြောင်းလဲမှုမှာ ရှောင်လွှဲမရပါ။ ထို့ကြောင့် မြစ်ခြေပိုင်းတွင် သက်ရောက်မည့် ထိခိုက်မှုများကို သိရှိရန် TEIA သည် မြန်မာနိုင်ငံအတွက် ‘အမျိုးသားရေးကိစ္စ’ ဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် TEIA နှင့် ပတ်သက်၍ စာရေးသူကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့ရာ တရုတ်ပညာရှင်များ၏ အဖြေကလည်း ရှင်းပါသည်။ “ဒီကိစ္စက မင်းတို့ကိစ္စ မင်းတို့လုပ်ရမှာ” ဟု ဖြစ်ပါသည်။ ထို့ကြောင့် ‘အနာဂတ်သံလွင်’ အမည်ဖြင့် ဆောင်းပါး ရေးသားရန် ရည်ရွယ်ထားပါသည်။ သို့သော် TEIA သည် လတ်တလော လုပ်ဆောင်ရမည့် အရေးကိစ္စ ဖြစ်နေသောကြောင့် ဦးစွာ တင်ပြရခြင်း ဖြစ်ပါသည်။

ဥပမာ ထောက်ပါမည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ သုံးနိုင်ငံပိုင်သော တူမင်းမြစ် (Tuman River) သည် တရုတ်ပြည်၏ အရှေ့မြောက်ပိုင်းတွင် ရှိပါသည်။ မြစ်ဝမှ ပထမ ၁၆ ကီလိုမီတာအထိ အပိုင်းသည် ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား နယ်စပ်မြစ် (Border River) ဖြစ်သည်။ ၎င်းမှ အပေါ်ပိုင်းသည် တရုတ်နှင့် မြောက်ကိုရီးယားကြား နယ်စပ်မြစ် ဖြစ်သည်။ တရုတ်ပြည်က ပင်လယ်ထွက်ပေါက် ရေကြောင်းလမ်းကို အသုံးပြုပိုင်ခွင့် တောင်းခံသည်။ သုံးနိုင်ငံ၏ မြစ်ဝှမ်းဒေသများအတွက် စိုက်ပျိုးရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မြစ်ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာရှိ တူမင်းမြစ်ဝကျွန်းပေါ်ဒေသ (Tuman Delta an Pacific Ocean) ၏ ဇီဝမျိုးစုံလင်ကြွယ်ဝခြင်း (Biodiversity) သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုတစ်ခု ဖြစ်သည်။ ဂျလဲလင်းဒေသ (Jilin Province) SEA အစီရင်ခံစာအရ တူမင်းမြစ်ရေသည် စက်မှုလုပ်ငန်းများမှ ထုတ်လွှတ်သော အညစ်အကြေးများကြောင့် ညစ်ညမ်းနေသည်။ မြစ်ရေ၏ ၇၅ ရာခိုင်နှုန်းသည် သောက်သုံးရန်နှင့် စက်မှုနှင့် စိုက်ပျိုးရေးတွင် အသုံးပြုရန် မသင့်ဖြစ်နေသည်။ ထိုညစ်ညမ်းမှုသည် တရုတ်ပြည်အပိုင်းရှိ ပျော့ဖတ်နှင့် စက္ကူစက်ရုံမှ အညစ်အကြေးရည်များ မြစ်ထဲသို့ စွန့်ပစ်ထုတ်လွှတ်ခြင်းကြောင့် ဖြစ်သည်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် တူမင်းမြစ်ကြောင်းဒေသ ရေရှည် ဖွံ့ဖြိုးမှုကို ကူညီရန် အစိုးရများဆိုင်ရာ အဖွဲ့အစည်း (Intergovermental Organization) အဖြစ် တူမင်းမြစ်ကြောင်း ဧရိယာ ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Tuman River Area Development Coordination Committee) နှင့် တူမင်းမြစ်ကြောင်း စီးပွားရေးဧရိယာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတိုင်ပင်ခံ ကော်မရှင် (The Consultative Commission for Development of Tuman River Economic Area) တို့ကို ဖွဲ့စည်းရန် မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ သဘောတူညီချက် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် The Greater Tuman Initiative (GTI) in Northeast Asia ဟုခေါ်တွင်သော တရုတ်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ရုရှားတို့ ပါဝင်သော အစိုးရများ ပူးပေါင်းဆောင်ရွက်သောဖြစ်စဉ် (The Intergovermental Coorperation Mechanism) တစ်ခုဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၅ ခုနှစ်၏ သဘောတူညီချက်အရ တူမင်းမြစ်ကြောင်း ဧရိယာ ဖွံ့ဖြိုးမှု အစီအစဉ် (Tuman River Area Development Program) ချမှတ်ရေးဆွဲနိုင်ခဲ့သည်။ အတိုင်ပင်ခ ကော်မရှင်တွင် GTI နိုင်ငံများ၏ အစိုးရ ကိုယ်စားလှယ်များ ပါဝင်ပြီး အဓိကဆုံးဖြတ်ချက်များ ချမှတ်သည့် အဖွဲ့အစည်း (Core Decision Making Institution) ဖြစ်လာခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တူမင်းအတိုင်ပင်ခံ ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် SEA (Strategic Enviromental Assessment) တွင် TEIA ၏ အခန်းကဏ္ဍကို ထည့်သွင်းခဲ့သည်။

ထို့ပြင် ပတ်ဝန်းကျင်ဆိုင်ရာ ကြိုတင်ခန့်မှန်းခြင်း အစီအစဉ်၊ လျော့ပါး သက်သာစေမည့် အစီအမံနှင့် စီမံခန့်ခွဲမည့် အစီအစဉ်များ (Enviromental Assessment, Mitigation and Management Plan-EAMMP) ကို ပထမပိုင်း Article 1.1 အနေနှင့် MoU တွင် ထည့်သွင်းပြီး သက်ဆိုင်ရာ နိုင်ငံများ၏ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့သည်။ Articel 1.5 တွင် TEIA လိုအပ်ချက်ကို ထည့်သွင်းထားသည်။

UNDP က ထောက်ခံသော Greater Tuman Initiative (GTI) in Northeast Asia တွင်မူ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားအပြင် မွန်ဂိုလီးယားနှင့် တောင်ကိုရီးယားပါ ပါဝင်ခဲ့သည်။ ထိုနိုင်ငံများက လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော တိုးတက်မှု (Social and Economic Property and Sustainable Development) တို့ကို မျှဝေခံစားရန် ဖော်သောပုံစံကို နမူနာယူနိုင်ရန် တင်ပြခြင်း ဖြစ်ပါသည်။

သံလွင်အရေးကိစ္စမှာ အမျိုးသားရေး ဖြစ်ပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ဆွေးနွေးပြီး (Intergovermental Organization) အစိုးရများဆိုင်ရာ အဖွဲ့အစည်းများအဖြစ် သံလွင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး အတိုင်ပင်ခံ ကော်မရှင် (Thanlwin River Development Coordination Committe and The Consultative Commision for the Development of Thanlwin River Basin) တို့ ဖွဲ့စည်းတည်ထောင်ရန် အကြံပြုအပ်ပါသည်။ ထိုကော်မတီမှ သံလွင်မြစ်ဝှမ်းဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (Thanlwin River Basin Economic Development Program) ရေးဆွဲရန်လိုပါမည်။ UNDP ကဲ့သို့သော ကုလသမဂ္ဂ အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ဆွေးနွေး အကြံဉာဏ်များ ရယူနိုင်ပါသည်။ ထိုအစီအစဉ်တွင် TEIA လုပ်ဆောင်ရန်ကို သဘောတူညီမှု စာချွန်လွှာတွင် ထည့်သွင်း (MoU) လက်မှတ်ရေးထိုးရန် အကြံပြုပါသည်။

သံလွင်၏ တန်ဖိုးကို အလေးထားကြပါစို့။
(Let’s respect the value of Thanlwin.)

Credit To The Voice Weekly

Ref:
Promoting Transboundary EIA in China: The Greater Tumen Initiative
Simon Marsden, by Law School, Flinder University, Adelaide, Australia

Related Articles:

Post a Comment