Sunday, January 6, 2013

အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်လင်းမြင်သာမှု

Photo Google ၂၀၁၂ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အဟုန်သည် ဧပြီလနောက်ပိုင်းတွင် ပိုမိုခြေလှမ်းသွက်လာသည်ဟု ဆိုနိုင်သော်လည်း အစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်တွင်း နိုင်ငံရေးပါတီများ၏ ပွင့်လင်းမြင်သာမှုအပိုင်းတွင် နှေးကွေးလေးလံနေဆဲ ဖြစ်သည်ဟု ကောက်ချက်ပြုရမည်။ ပွင့်လင်းမြင်သာမှုသည် ပြုပြင်ပြောင်းလဲရေး၏ အဓိကတွန်းအားများထဲမှ တစ်ခုဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှု မြင့်မားလာရေးတွင် အစိုးရ၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ယခုထက်ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရေးသည်လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၆ ရက်တွင် တတိယအကြိမ်၊ စီမံကိန်းကော်မရှင် အစည်းအဝေးတွင် လည်းကောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တတိယအကြိမ်၊ စီမံကိန်းကော်မရှင်၊ ဒုတိယနေ့ အစည်းအဝေးတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၊ ဒုတိယအကြိမ် အစည်းအဝေးတွင် လည်းကောင်း မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ခါနီး ပြောကြားခဲ့သော မိန့်ခွန်းများသည် ၂၀၁၃ ခုနှစ် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အလားအလာများကို ခန့်မှန်းသုံးသပ်နိုင်ရန် အတိုင်းအတာတစ်ခုအထိ လှစ်ဟပြခဲ့သည်ဟု သုံးသပ်နိုင်သည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို နိုင်ငံပိုင်သတင်းစာများ၊ သမ္မတရုံး အင်တာနက် စာမျက်နှာ၊ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတို့တွင် ဖော်ပြခဲ့သည့်အပြင် အချို့မိန့်ခွန်းများကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ မိန့်ခွန်းများကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြခြင်းတို့သည် ပွင့်လင်းမြင်သာမှုနှင့် ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးပေးနိုင်သည်။ သို့သော် ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်း သမ္မတ၏ မိန့်ခွန်းများသည် ပြည်သူလူထု၏ နှလုံးအိမ်ကို ကိုင်လှုပ်နိုင်မှု အပိုင်းတွင် အားနည်းခဲ့သည်ဟု ထင်မြင်မိသည်။ မိန့်ခွန်းပါ အကြောင်းအရာ အများစုသည် ယေဘုယျသဘော ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် လွန်ခဲ့သောနှစ်အတွင်း သမ္မတ၏ မိန့်ခွန်းများတွင် ပြည်သူလူထုအတွက် သည်းခြေကြိုက် အကြောင်းအရာများ မရှိသလောက် နည်းပါးခဲ့သည်ဟု ဆိုနိုင်သည်။ အစိုးရ သတင်းစာများတွင် သမ္မတဦးသိန်းစိန်၏ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေး အပါအ၀င် နိုင်ငံတော်အဆင့် အစည်းအဝေးများ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည့် သတင်းများကို ဖော်ပြရာတွင် မိန့်ခွန်းကို အပြည့်အစုံ သို့မဟုတ် အနှစ်ချုပ် ဖော်ပြလေ့ ရှိသော်လည်း၊ အစည်းအဝေးများတွင် အစိုးရအဖွဲ့ဝင်များ၏ ဆွေးနွေးပြောဆိုမှုများ၊ ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရပိုင် သတင်းစာများတွင် အသေးစိတ်ထည့်သွင်း ဖော်ပြခြင်း မရှိသည်မှာ သမ္မတနှင့် အစိုးရအဖွဲ့တို့ ဦးတည်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်ရေးစနစ်၊ ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးစနစ်တို့နှင့် သွေဖယ်နေပုံရသည်ဟု သုံးသပ်မိသည်။ အစိုးရအဖွဲ့၏ ဆွေးနွေးပွဲသတင်း၊ အစည်းအဝေးသတင်းများကို ယခုထက်ပိုမို ပြည့်ပြည့်စုံစုံ အစိုးရသတင်းစာများတွင် ထည့်သွင်းဖော်ပြလာနိုင်မည် ဆိုပါက ပြည်သူလူထုသည် အစိုးရသတင်းစာများကို ပိုမိုစိတ်ဝင်စားလာနိုင်သည့်အလျောက်၊ အစိုးရ၏ လုပ်ငန်းစဉ်များအပေါ် လူထုစိတ်ဝင်စားမှုလည်း မြင့်တက်လာနိုင်သည်။ အစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှုကိုလည်း မြှင့်တင်ရာရောက်သည်။ နိုင်ငံတော်၏ စီမံကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်နိုင်ပြီး ယင်းတို့အပေါ် ပြည်သူလူထု၏ ဝေဖန်မှု၊ အကြံပြုမှုများကိုလည်း ဖိတ်ခေါ်နိုင်မည်ဆိုလျှင် အစိုးရသည် ပြည်သူလူထုဘက်ကို မျက်နှာမူလာသည့်သဘောဆောင်ပြီး ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကိုလည်း ပံ့ပိုးပေးရာ ရောက်မည်ဖြစ်သည်။ အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုပါက ပြည်သူလူထုကို ဗဟိုပြုပါက ပြည်သူလူထုကို တန်ဖိုးထားရန် လိုအပ်သည်။ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ၊ ပြည်သူလူထု ဆန္ဒမဲများနှင့် တက်လာသော အစိုးရများသည် ပြည်သူလူထု၏ အစေခံဖြစ်ပြီး ပြည်သူလူထုသည် အစိုးရ၏ မိဘ၊ အုပ်ထိန်းသူ ဖြစ်သည်။ ပြည်သူလူထုက မလိုလားလျှင်၊ မထောက်ခံလျှင် အစိုးရကို ဖယ်ရှားနိုင်သည့် အခွင့်အရေးကို ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံများတွင် မဲဆန္ဒရှင်များထံ အပ်နှင်းထားသည်။ ထို့ကြောင့် ပြည်သူ့ကျွန်ဖြစ်သော အစိုးရသည် မိဘဖြစ်သော ပြည်သူလူထု၏ အကျိုးကို ရွက်ဆောင်ရမည်မှာ ပင်ကိုတရားပင် ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်တမ်း နှစ်နှစ် စွန်းစွန်းကာလအထိ အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့၏ ၀န်ကြီးဌာနများ အနေဖြင့်လည်းကောင်း လစဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်နိုင်ခြင်း မရှိသည်ကို သတိပြုမိသည်။ အစိုးရအဖွဲ့နှင့် ၀န်ကြီးဌာန အသီးသီးတွင် သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားလင့်ကစား ပုံမှန်သတင်းစာရှင်းလင်းပွဲများ မပြုလုပ်နိုင်ခြင်းသည် အစိုးရအဖွဲ့၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေးအပိုင်း အားနည်းချက်ကို ဖော်ပြနေသည်ဟု သုံးသပ်နိုင်ပါသည်။ အစိုးရအဖွဲ့အနေဖြင့် သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုကို အသိပေးခြင်းဖြင့် အစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှု၊ ပြည်သူဗဟိုပြုမှု စသည့်အချက်များ မြှင့်တင်နိုင်သည်ကို မျက်စိရှန်းနေပုံရသည်ဟုလည်း သုံးသပ်ကြသည်။ နိုင်ငံတကာ အစိုးရအဖွဲ့များ၊ ၀န်ကြီးဌာနများတွင် ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သည့်အပြင် အရေးကြီးလျှင်ကြီးသလို သတင်းသမားများအား ဖိတ်ခေါ်ပြီး အထူးရှင်းလင်းပွဲများ ပြုလုပ်ခြင်းဖြင့် မိမိတို့၏ သတင်း၊ အချက်အလက်များကို အများပြည်သူထံ အလျင်အမြန် စီးဆင်းနိုင်ရန် အားထုတ်ကြသည်ချည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ သူရဲကောင်းဝါဒများ အကင်းမသေသေးသမျှ ဒီမိုကရေစီ အုတ်မြစ်ချဖို့ရာ ခက်ခဲနေဦးမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးသည် အသင်းအဖွဲ့ကောင်း၊ အစုအဖွဲ့ကောင်းအပေါ် အခြေပြုလျက် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ရသည့် အလျောက် . . . ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် လက်ရှိအခြေအနေတွင် ပွင့်လင်းမြင်သာမှု အရှိဆုံးဟု ဆိုနိုင်သည်။ လွန်ခဲ့သော လွှတ်တော်အစည်းအဝေးပွဲများမှစ၍ ပြည်တွင်း၊ ပြည်ပ သတင်းစာသမားများ၊ သတင်းထောက်များကို လွှတ်တော်အစည်းအဝေးများတွင် လွတ်လွတ်လပ်လပ် တက်ရောက်သတင်းယူခွင့် ပြုခဲ့ခြင်းသည် လွန်ခဲ့သော နှစ်များအတွင်း အမြင့်မားဆုံး ပွင့်လင်းမြင်သာမှုကို ဖြစ်စေခဲ့သည်။ သို့သော် လွှတ်တော်တွင်း နေ့စဉ်ဆွေးနွေးပြောဆိုမှုများကို အများပြည်သူ လက်လှမ်းမီသည့် မီဒီယာမှတစ်ဆင့် တိုက်ရိုက်လွှင့်ထုတ်နိုင်ခြင်း မရှိသည်မှာ အပြစ်တင်ဖွယ်ကောင်းသော အနေအထားဖြစ်သည်။ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ရေဒီယိုမှ တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်မည်ဆိုပါက ပြည်သူ့အသံ၊ လွှတ်တော်အသံဆိုသည့် ဆောင်ပုဒ်အတိုင်း လွှတ်တော်၏ လှုပ်ရှားမှု၊ ဂယက်များသည် အောက်ခြေပြည်သူလူထုဆီအထိ စီးဝင်နိုင်မည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများသည်ပင်လျှင် အက်ဖ်အမ်ရေဒီယိုလိုင်းများ အပြိုင်အဆိုင် လုပ်ကိုင်နေသည့် အခြေအနေတွင် ပြည်သူလူထုနှင့် လွှတ်တော်ကို ဆက်စပ်ပေးမည့် သီးခြားအက်ဖ်အမ် ရေဒီယိုလိုင်းတစ်ခု မထုတ်လွှင့်နိုင်ခြင်းကို နားမလည်နိုင် ဖြစ်ရသည်။ ထိုသို့ တိုက်ရိုက်ထုတ်လွှင့်နိုင်ပါက အောက်ခြေပြည်သူလူထုထံမှ လိုလားချက်၊ မျှော်လင့်ချက်အသံများသည်လည်း လွှတ်တော်ထဲသို့လည်း ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ လတ်တလော ရေဒီယိုမှ တိုက်ရိုက်မထုတ်လွှင့်နိုင်သည့်တိုင် နေ့စဉ်ထုတ်သတင်းစာများတွင် လွှတ်တော်တွင်း ဆွေးနွေးသည့် အကြောင်းအရာများကို သီးခြားအချပ်ပို ထည့်သွင်းပြီး ပိုမိုစုံလင်စွာ ဖော်ပြပေးလာနိုင်မည်ဆိုလျှင် ပြည်သူလူထု၏ လွှတ်တော်အပေါ် စိတ်ဝင်စားမှုသည်လည်း မြင့်တက်လာနိုင်ပါသည်။ လွှတ်တော်များအနေဖြင့် ပြည်သူလူထုနှင့် စနစ်တကျသော ချိတ်ဆက်မှု ပြုလုပ်နိုင်ရန် လွှတ်တော်အသီးသီး၏ ကော်မတီများမှ ထုတ်ဝေသော အစီရင်ခံစာများနှင့် အခြားအစီရင်ခံစာများကို အများပြည်သူ သိရှိနိုင်အောင် အချိန်မီထုတ်ပြန်ရမည့်အပြင် လေ့လာလိုသူများ၊ သုတေသီများကို ဖိတ်ခေါ်ပြီး လွှတ်တော်အစီရင်ခံစာများ၏ အားနည်းချက်၊ လိုအပ်ချက်၊ ပြုပြင်ရမည့် အချက်များကို ဆွေးနွေးအကြံပြုနိုင်မည် ဆိုပါက လွှတ်တော်အတွက်သာမက လွှတ်တော်ကိုယ်စားလှယ်များအတွက်ပါ များစွာအကျိုးရှိသည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င် ပြည်တွင်းနိုင်ငံရေး ပါတီခေါင်းဆောင်များသည် အတိုင်းအတာတစ်ခုအထိ ပွင့်လင်းသော မိန့်ခွန်းများကို ပြောကြားခဲ့ကြသော်လည်း တိုင်းပြည်၏ အဓိကပြဿနာများနှင့် စပ်လျဉ်း၍ နိုင်ငံရေးခေါင်းဆောင် အများစု၏ မိန့်ခွန်းများပါ အချက်အလက်များသည် ယေဘုယျသဘောသာ ဖြစ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများတွင် ပြောကြားသည့် အကြောင်းအရာများသည်လည်း ယေဘုယျသဘော၊ အလွတ်သဘောသာ ဖြစ်သည်ကို သတိပြုမိသည်။ ထို့အပြင် နိုင်ငံရေးပါတီများသည် ပုံမှန်သတင်းစာရှင်းလင်းပွဲများ လုပ်လေ့လုပ်ထရှိသည်ကို မတွေ့ရခြင်းပင် ဖြစ်သည်။ အကယ်စင်စစ် ပုံမှန်သတင်းစာရှင်းလင်းပွဲများသည် နိုင်ငံရေးပါတီများအတွက် သတင်းနှင့်ပြန်ကြားရေး၊ အများပြည်သူနှင့် ဆက်ဆံရေးတို့အတွက် တံတားထိုးပေးသော ယန္တရားများဖြစ်သဖြင့် များစွာသုံးသပ်ကာ လာမည့်နှစ်အတွင်း ပုံမှန်သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး သတင်းသမားများနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုပြုလုပ်သင့်သည်ဟု အကြံပြုလိုပါသည်။ မီဒီယာများသည် သုံးတတ်လျှင်ဆေးဖြစ်ပြီး မသုံးတတ်လျှင် ဘေးဖြစ်နိုင်သည်။ နိုင်ငံရေးပါတီ ခေါင်းဆောင်များအနေဖြင့် သတင်းသမားများ၊ သတင်းထောက်များကို အသက်အရွယ်အားဖြင့် ငယ်ရွယ်သူများ ဖြစ်လင့်ကစား တူမျှသောလေးစားမှုပေးကာ ထိတွေ့ဆက်ဆံသင့်သည်ဟု အကြံပြုလိုပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ အများစုသည် ယခုအချိန်အထိ ပါတီ၏ မူဝါဒ၊ လမ်းစဉ်၊ သဘောထားတို့အပေါ် အခြေပြုလျက် ပြည်သူလူထုကို စည်းရုံးနိုင်ခြင်း၊ ပါတီကို တည်ဆောက်နိုင်ခြင်း မရှိသေးသော်လည်း တိုင်းရင်းသားပါတီ အများစုသည် ပါတီ၏ လမ်းစဉ်နှင့် မူဝါဒအပေါ် အခြေခံလျက် ပါတီတည်ဆောက်ရေးကို ဆောင်ရွက်နေပြီ ဖြစ်သည်။ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပထမအကြိမ် ပါတီညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ပြီး လမ်းစဉ်နှင့် မူဝါဒအပေါ် အခြေခံသည့် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလာနိုင်ရန် အလားအလာ ကောင်းနေသည်ဟု ကောက်ချက်ပြုရမည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်ရှိ နိုင်ငံရေးပါတီများသည် ပါတီအဖွဲ့အစည်းကို စနစ်တကျ တည်ဆောက်နိုင်ရန် အထူးအရေးကြီးသည်။ စနစ်ကျသော ပါတီတည်ဆောက်ရေးသည် မြန်မာ့ဒီမိုကရေစီ ခရီးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုကြီးပင် ဖြစ်သည်။ ပါတီအဖွဲ့အစည်းများ တည်ဆောက်ခြင်းကို အားသွန်ခွန်စိုက် ဖော်ဆောင်နိုင်မှသာ အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ အာဏာရှင်စနစ်တို့ဆီ ဦးတည်နိုင်သည့် ပုဂ္ဂိုလ်ရေး အလွန်အမင်း ယုံကြည်မှု သို့မဟုတ် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတို့ကို တဖြည်းဖြည်း လျှော့ချပြီး အကင်းသေအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အကင်းသေမှသာ ဒီမိုကရေစီစနစ်နှင့် အများဆန္ဒကို အခြေခံသည့် စနစ်တို့ စနစ်တကျ ဖွံ့ဖြိုးကာ တိုင်းပြည်အတွက် ရေရှည်တွင် အကျိုးဖြစ်ထွန်းနိုင်မည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ သူရဲကောင်းဝါဒများ အကင်းမသေသေးသမျှ ဒီမိုကရေစီ အုတ်မြစ်ချဖို့ရာ ခက်ခဲနေဦးမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးသည် အသင်းအဖွဲ့ကောင်း၊ အစုအဖွဲ့ကောင်းအပေါ် အခြေပြုလျက် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းအကောင်အထည်ဖော်ရသည့်အလျောက် ခေါင်းဆောင်တစ်ဦး သို့မဟုတ် ခေါင်းဆောင်အချို့၏ ဗဟိုဦးစီးဆန်ဆန် ဆုံးဖြတ်လုပ်ဆောင်တတ်သည့် အရိုးစွဲအမူအကျင့်များကို အစိုးရအဖွဲ့၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများတွင် တဖြည်းဖြည်း လျော့ချနိုင်မှသာ ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြောမဟုတ်၊ မိန့်ခွန်းထဲတွင်သာမဟုတ်၊ လက်တွေ့တွင် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အစိုးရ၊ လွှတ်တော်များနှင့် နိုင်ငံရေးပါတီများ အနေဖြင့် ပြည်သူလူထု၏ အကျိုးဘက်မှ ရပ်တည်မှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့ကို ပိုမိုမြှင့်တင်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ယန္တရားသည် ပိုမိုအားကောင်းမောင်းသန်လာမည် ဖြစ်သည်။ အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှု တဖြည်းဖြည်း မြှင့်တင်နိုင်ရေးကို နည်းဗျူဟာ၊ အစီအမံများ ချမှတ်ဆောင်ရွက် တိုက်တွန်းကြရမည်မှာ ယနေ့အပြောင်းအလဲတွင် ဇာတ်စီးနေသူအားလုံးတွင် တာဝန်ရှိသည်ဟု ယုံကြည်ပါသည်။ တစ်ချိန်တည်းတွင် မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်ရှိ ပါတီ၊ အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့တည်ရေးကိုလည်း မဖြစ်မနေ ဇောင်းပေးကြရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုအားကြီးခြင်း၊ လမ်းစဉ်၊ မူဝါဒများ ပျော့ပျောင်းခြင်းတို့ကြောင့် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီခရီးသည် နှေးသည်သထက် နှေးကွေးနေနိုင်သည်ကိုလည်း သတိပြုအပ်သည်ဟု စေတနာအကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။ ၄၊ ဇန်န၀ါရီ၊ ၂၀၁၃ ဒေါက်တာရန်မျိုးသိမ်း Eleven Media Group

Related Articles:

Post a Comment