Thursday, July 11, 2013

နားလည်မှုရှိစွာဖြင့် နားလည်ပေးပါ


ကျွန်တော်သည် လမ်းဘေး ပလက်ဖောင်းပေါ်တွင် လမ်းလျှောက်ဖူးပါသည်။ ပလက်ဖောင်းပေါ်တွင် ဈေးသည်များ ပြည့်နေသည့်အခါ အောက်သို့ဆင်း၍ လျှောက်ရပါသည်။ ကတ္တရာလမ်းနှင့် ပလက်ဖောင်း အကြားတွင် ချိုင့်ခွက်များ၊ ရေအိုင်ငယ်များ ရှိသည့်အတွက် ရှောင်ရှား၍ သွားရပါ သည်။ ထိုအခါ နောက်မှလာသော ဆိုက်ကားသည် ချိုင့်ခွက်ကို ရှောင်ပြီး အလုအယက် နင်းသည့် အတွက် ဆိုက်ကား မတိုက်မိအောင် ရှောင်ရသဖြင့် ချိုင့်ခွက်၊ ရေအိုင်ထဲ ခြေထောက် ကျရပါသည်။ မိမိအား ကျော်တက်သွားသော ဆိုက်ကားကို မကျေမနပ် ရေရွတ်သည်ကလွဲ၍ ဘာမှမတတ်နိုင်ပါ။ တစ်ခါတစ်ရံ မော်တော်ကားများမှာ ရေအိုင်ကို မရှောင်ဘဲ နင်းချသွားသည့်အတွက် ရွှံ့ရေများစင်ပြီး မကြားနိုင်တော့မှန်းသိလျက် ယာဉ်မောင်းဆရာကို ကလော်တုတ်ခဲ့ရသည့် အဖြစ်များလည်း ရှိခဲ့ပါ သည်။
ကျွန်တော်သည် ဆိုက်ကားလည်း စီးဖူးပါသည်။ ဆိုက်ကား၏ သဘာဝမှာ ညီညာသော လမ်းကို ရွေး၍ နင်းရပါသည်။ မညီမညာသော လမ်း၊ ချိုင့်ခွက်များကို နင်းမိလျှင် တိမ်းစောင်း၍ မှောက်နိုင်ပါ သည်။ ဆိုက်ကားဆရာသည် မိမိ ဆိုက်ကား မတိမ်းမှောက်ရေးအတွက် ချိုင့်ခွက်ကို ရှောင်၍ လမ်းကောင်းကို ရွေးပြီး နင်းရသည်ဖြစ်ရာ ခြေလျင် လျှောက်သူများ၏ မကျေမနပ်ဖြစ်မှုကို ခံရပါသည်။ ထို့ထက် ပို၍ ဆိုးသည်မှာ ကားမောင်းရမ်းသူများ၏ အန္တရာယ်ပင် ဖြစ်ပါသည်။ ယာဉ်မောင်းသူများ သည် လမ်းပေါ်မှ ဆိုက်ကားကို ဂရုမစိုက်ဟူ၍ ဆိုက်ကားဆရာများက ယူဆကြပါသည်။ တစ်ခါတစ်ရံ မော်တော်ယာဉ်သည် ဆိုက်ကားကို ရုတ်တရက် ကပ်၍ ကျော်ပြီး ရှေ့မှပိတ်၍ ရပ်လိုက်သည့်အခါ ဆိုက်ကားဆရာ ဒုက္ခရောက်ပါတော့သည်။ ဆိုက်ကားများမှာ ဘရိတ်ကောင်းကောင်း မမိသဖြင့် လမ်းဘေးသို့ ဆွဲချရသည့်အခါ ခရီးသည်မှာလည်း ထိတ်လန့်တကြားနှင့် အော်ဟစ်ရသည်မျိုးလည်း ကြုံတွေ့ကြရပါသည်။

ကျွန်တော်သည် မော်တော်ကားလည်း မောင်းဖူးပါသည်။ အချို့လူများသည် ပလက်ဖောင်းရှိလျက် ကားလမ်းပေါ်တွင် ဆင်း၍ လျှောက်သည့်အတွက် ကားမောင်းရ အလွန် ခက်ပါသည်။ သည်အထဲ လမ်းတွေက မကောင်း၍ ချိုင့်ခွက်တွေ၊ ရေအိုင်တွေကို ရှောင်၍ မောင်းရပြန်ပါသည်။ တစ်ခါတစ်ရံ ရှေ့မှလာသည့် ကားကို မျက်နှာချင်းဆိုင် ရှောင်သည့်အချိန်၊ နောက်မှလည်း အခြား ကားတစ်စီးက ကပ်၍ ပါလာလျှင် ကားကို ရုတ်တရက် ရပ်၍လည်းမရ ချိုင့်ခွက်ကိုလည်း ရှောင်၍မရနှင့် မလွှဲသာ မရှောင်သာ ရေအိုင်ကို နင်းချလိုက်ရသည့်အတွက် ရွှံ့ရေများ အစင်ခံလိုက်ရသူ၏ မကျေမနပ် ရေရွတ်သံကို မကြားယောင်ပြုရင်း ဆက်လက် မောင်းထွက်ခဲ့ရပါသည်။ ဆိုက်ကားများမှာလည်း ချိုင့်ခွက်ကို ချ၍မနင်း၊ လမ်းကောင်းကို ရွေး၍ နင်းသည့်အတွက် ၎င်းတို့ကို ရှောင်၍ မောင်းရသည်မှာ လည်း မလွယ်ကူပါ။ ပို၍ ဆိုးသည်မှာ ကားလမ်းပေါ်တွင် မြွေလိမ်မြွေကောက် မောင်းနေသော ခရီးသည်တင် လိုင်းကားများပင် ဖြစ်ပါသည်။ မှတ်တိုင် ရောက်ခါနီးတွင် ရှေ့တွင် ရှိနေသော ယာဉ်ငယ်များကို လုံးဝဂရုမစိုက်ဘဲ ကိုယ်လုံးကြီးဖြင့် ဖိ၍ အတင်းကပ် ကျော်ကာ ရုတ်တရက် ရပ်လိုက်ခြင်းပင် ဖြစ်ပါသည်။ သတိ မရှိလျှင် ပြဿနာ တက်သွားနိုင်ပါသည်။
ကျွန်တော်သည် ခရီးသည်တင် ဘတ်စ်ကားကိုလည်း စီးဖူးပါသည်။ ဈေးသည်တွေ၊ ခြေလျင်လျှောက် သူတွေ၊ ဆိုက်ကားတွေအကြား အတင်း ကျော်ခွ၍ နောက်မှ လိုက်လာသည့် ကားနှင့် လွတ်အောင် သို့မဟုတ် ရှေ့မှ ကားကို အမီလိုက်ရန်အတွက် မြွေလိမ်မြွေကောက် အလုအယက် မောင်းနှင်၍ မှတ်တိုင်သို့ အရောက် ဝင်ရပါသည်။ မှတ်တိုင် အဝင်တွင် ရှေ့မှ ဖြည်းဖြည်း မောင်းနေသော ကိုယ်ပိုင်ယာဉ်နှင့် တက္ကစီ ယာဉ်ငယ်များကို ယာဉ်မောင်းဖြစ်သူက နောက်မှနေ၍ အော်ဟစ်ပါသည်။ မတတ်နိုင်သည့်အဆုံး ယာဉ်မောင်းသည် ယာဉ်ငယ်များကို ကျော်ခွ၍ မှတ်တိုင်သို့ အရောက်ဝင်ကာ ကားကို ဘရိတ်ဆောင့်နင်း ခရီးသည် အမြန်တင်၍ အလုအယက် မောင်းထွက်ရပါသည်။ ဒေါသ ထွက်နေသော ယာဉ်ငယ် မောင်းသူ၏ ဆဲဆို ကြိမ်းမောင်းသံတို့ကို လျစ်လျူရှုနိုင်ခြင်းမှာလည်း အရည်အချင်း တစ်ရပ်ပင် ဖြစ်ပါသည်။ သည်းမခံနိုင်ကြသူများ၏ ရန်ပွဲများမှာလည်း မကြာခဏ ကြုံတွေ့နေရသော မြင်ကွင်းများ ဖြစ်ကြပါသည်။
ကျွန်တော် ဤကဲ့သို့ ကြုံတွေ့နေကျ ဖြစ်ရပ်များကို ရေးပြနေရခြင်းမှာ လူတို့သည် တစ်ခုခုကို ရှုမြင် သုံးသပ်ကြရာတွင် မိမိ ရပ်တည်ရာ နေရာ၊ မိမိ အမြင်၊ မိမိ ရှုထောင့်မှသာလျှင် တွေးခေါ်၊ ရှုမြင်၊ သုံးသပ်ကြသည့်အတွက် ဖြစ်ပါသည်။ အခြားသူ တစ်ယောက်၏ နေရာတွင် ဝင်၍ ခံစားကြည့်ခြင်း၊ အခြားသူ၏ ရှုထောင့်မှ ဝင်ရောက် ကြည့်ရှုခြင်းမျိုး မရှိကြောင်း ပေါ်လွင်စေချင်၍ ဖြစ်ပါသည်။ ဤကဲ့သို့ အကြောင်းအရာ တစ်ရပ်ကို၊ မိမိအမြင် မိမိရှုထောင့်မှ တစ်ဖက်သတ် ရှုမြင်ခြင်းဖြင့် မိမိအယူအဆသာလျှင် မှန်သည်၊ အခြားသူ၏ အထင်အမြင် အယူအဆများမှာ မှားသည် ဟူသော အတွေးအခေါ်လည်း ဖြစ်ပေါ်လာပါသည်။ မိမိ၏ အပြစ်ကို မမြင်ဘဲ အခြားသူ၏ အပြစ်ကိုသာ ရှာတတ်၊ မြင်တတ်သော အလေ့အထလည်း ဖြစ်လာပါသည်။
အထက် ဖော်ပြပါ ရေးသား ဖော်ပြချက်များအရ လမ်းဘေးတွင် လမ်းလျှောက်သူကလည်း ဆိုက်ကား နင်းသူနှင့် ကားမောင်းသူတို့ကို အပြစ်မြင်သည်။ ဆိုက်ကားဆရာကလည်း လမ်းလျှောက်သူနှင့် ကားမောင်းသူကို အပြစ် မြင်သည်။ ကားမောင်းသူကလည်း လမ်းလျှောက်သူနှင့် ဆိုက်ကားဆရာကို အပြစ်မြင်သည်။ မည်သူကမျှ မိမိကိုယ်တိုင် စည်းကမ်း မလိုက်နာကြောင်း၊ တစ်ဖက်သူကို မိမိက စာနာရကောင်းမှန်း မသိကြပါ။
လူလူချင်း ကိုယ်ချင်းစာတရား ထားကြပါသည်ဆိုသော ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နေရာ ဌာနတိုင်း၌ ဤသို့ပင် ဖြစ်နေကြသည်။ ကျွန်တော်သည် နိုင်ငံ့ ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသလို ပုဂ္ဂလိက အဖွဲ့အစည်းတွင်လည်း တာဝန် ထမ်းဆောင်ဖူးပါသည်။ ကျွန်တော်သည် ရောက်လေရာ နေရာ ဌာနတိုင်း၌ ဝန်ထမ်းများကို အချင်းချင်း အပြန်အလှန် နားလည်မှုရှိကြဖို့၊ အချင်းချင်း အပြန်အလှန် လေးစားကြဖို့၊ ကိုယ်ချင်းစာတရား ထားကြဖို့ အမြဲ ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ သို့သော်လည်း မရပါ။ ဝန်ထမ်းတို့သည် ကိုယ့်ကိစ္စ ကိုယ်ပဲ သိပါသည်၊ ကိုယ့်အလုပ် ကိုယ်ပဲ သိပါသည်၊ အခြားသူအတွက် မစဉ်းစားပေးကြပါ။ ကိုယ့်အလုပ် ပြီးလျှင် ပြီးရော သဘောထားကြပါသည်။ ရုံးသုံး မော်တော်ယာဉ်ကို မျှဝေ သုံးစွဲရန် ကိစ္စမှာပင် အရင် သုံးစွဲခွင့်ရသူက နောက်လူကို မငဲ့ညှာ၊ တမေ့တမောသုံးပြီး ရုံးချိန်ကုန်မှ ပြန်လာပေးသည်။ နောက်လူမှာ အသုံးပြုဖို့ အချိန်မရတော့။ ကိုယ်ဝန်ဆောင်နှင့် ကလေးအမေများ ခွင့်ယူခြင်းကို အိမ်ထောင်မရှိသူများက မကျေနပ်ကြ၊ စာနာနားလည်မှု မပေးနိုင်ကြသည်ကို တွေ့ရသည်။
ယနေ့ မြန်မာနိုင်ငံ နေရာအချို့တွင် လယ်သမားအချို့ သိမ်းဆည်းခံ (အသုံးမပြုသော) လယ်ယာမြေ များ ပြန်လည် ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြသည်။ အများစုမှာ မပြေလည်သေးကြ။ မည်သူကမျှလည်း ဖြေရှင်းမပေးကြ။ မသိကျိုးကျွန် ပြုနေကြသလား မသိပါ။ ထွန်တုံးတိုက်ပွဲ အပျော် ဆင်နွှဲနေခြင်းတော့ မဖြစ်တန်ရာ၊ လုပ်စားစရာ မရှိ၍သာ ဖြစ်ပါသည်။ လယ်သမားတို့၏ ဘဝကို လယ်သမားတို့သာ သိကြမည်။ မည်သည့် တာဝန်ရှိသူကမျှ ဝင်၍ ခံစားမပေးကြ။ ခံစားပေးရကောင်း မှန်းလည်း မသိ၍ ဖြစ်ပါလိမ့်မည်။ ကိုယ်ချင်းစာတရား ဆိုသည်မှာ ကိုယ်တိုင် ခံစားရမှပင် သိသည့် သဘော ဖြစ်နေပါသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် အလုပ်သမားတို့ အခြေခံ လစာ တိုးမြှင့်ရေးအတွက် ဆန္ဒ ဖော်ထုတ် ကြသည်။ ရရှိသော လစာငွေဖြင့် မလုံလောက်၍ ဖြစ်ပါသည်။ နေပူ၊ မိုးရွာထဲတွင် အလုပ်ပျက်ခံ၍ ဆန္ဒ ထုတ်ဖော်ကြသည်မှာလည်း ပျော်စေ၊ ပျက်စေ သဘောတော့ မဟုတ်ကြပါ။ အလုပ်သမားတို့၏ ဘဝကို အလုပ်သမားတို့သာ သိပါသည်။ မည်သည့် လုပ်ငန်းရှင် သူဌေးကမျှ ကိုယ်ချင်းစာ နားလည်မည် မဟုတ်ပါ။ အလုပ်သမား ဝန်ထမ်းတွေ ရရှိသော လစာငွေနှင့် မလုံလောက်ဆိုသည်ကို အလုပ်ရှင်တို့က မယုံကြည်ကြပါ၊ ကိုယ်တိုင် ဝန်ထမ်း မဖြစ်ဖူး၍ ဖြစ်ပါသည်။ သည်တော့ နားလည်မှု နှင့် ကိုယ်ချင်းစာတရား ဟူသည် ငွေရှင် ကြေးရှင်နှင့် အာဏာရှင်တို့၏ ရင်ဝယ် မရှင်သန် မပေါက်ဖွား နိုင်ဟုပင် မှတ်ယူရတော့မည် ဖြစ်ပါသည်။ ကိုယ်ချင်းစာတရားနှင့် အပြန်အလှန် နားလည်မှုမရှိသော လူ့အဖွဲ့အစည်းသည် နေပျော်ဖွယ် မရှိသော လူ့အဖွဲ့အစည်း ဖြစ်သည့်အပြင် ဖွံ့ဖြိုး တိုးတက်နိုင်စရာ လမ်းစ မမြင်သော လူ့အဖွဲ့အစည်းဟူ၍ပင် ဆိုချင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဤသို့သော လူ့အဖွဲ့အစည်းသည် တစ်ဦးကို တစ်ဦး အပြန်အလှန် နားလည်မှုရှိစွာဖြင့် ဖေးမ ကူညီခြင်း၊ တစ်ဦး အခက်အခဲကို တစ်ဦးက ကူညီ ဖြေရှင်းပေးခြင်း စသည်တို့မရှိဘဲ တစ်ဦးကို တစ်ဦး အပြစ်တင်ခြင်း၊ တစ်ဦး၏ ကွယ်ရာတွင် တစ်ဦးက အတင်းအဖျင်း ပြောခြင်း၊ အပုပ်ချခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ အတူတကွ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း၊ တိုင်ပင် ဆွေးနွေးမှု မရှိခြင်းများကြောင့် အဖွဲ့အစည်း(တိုင်းပြည်/နိုင်ငံ) သည် ဖွံ့ဖြိုး တိုးတက်မှုသို့ ဦးမတည်တော့ဘဲ ဆုတ်ယုတ် ပျက်စီးခြင်းသို့သာ ဦးတည်တော့မည် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၁၉၉၊ (က) အရ ‘နိုင်ငံတော်၏ အုပ်ချုပ်ရေး အကြီးအကဲ’ ဖြစ်သည့်အပြင် ပုဒ်မ ၅၈၊ အရလည်း ‘ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်’ ဟူ၍ ပြဋ္ဌာန်းထား ပါသည်။ ထို့ကြောင့် လုပ်ငန်း တာဝန်များ အလွန် များပြားမည် ဆိုသည်ကတော့ ပြောဖွယ်ရာ မရှိပါ။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအခါ အတွေးအခေါ်၊ အပြောအဆို၊ လုပ်နည်းကိုင်နည်း အစစအရာရာ မတူကွဲပြား ခြားနားစွာ ပြောဆို၊ လုပ်ကိုင် ဆောင်ရွက်နေသည်ကို အားလုံး အသိပင် ဖြစ်ပါသည်။
သူသည် ယခင် အစိုးရ၏ ဆိုးမွေတို့ကို အခံရဆုံးသူပင် ဖြစ်ပါသည်။ ဝန်ကြီးချုပ်ပင် ဖြစ်ခဲ့ငြားလည်း သူကိုယ်တိုင်ပင် အသေးစိတ် သိချင်မှ သိမည်ဖြစ်သည့် စီမံကိန်းများ၏ ပြဿနာများကို ရှင်းနေရ သည်။ သူနှင့် မပတ်သက်ခဲ့သည့် ခရိုနီတို့ သိမ်းယူခဲ့သည့် မြေယာ ပြဿနာများက သူ့ခေါင်းပေါ်သို့ ရောက်လာသည်။ သူပါဝင်ခဲ့သော စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန် နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့သည်ကို ပြန်လည် ဖွင့်ပေးရေးအတွက် သူ့မှာ မနားမနေ အားထုတ် ကြိုးပမ်းခဲ့ရသည်။ အရင်းအနှီး မရှိ၊ နည်းပညာ မရှိ ဆင်းရဲတွင်း နက်နေသော သူ့နိုင်ငံကို ဆင်းရဲတွင်းက ဆွဲထုတ်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရသည်၊ ယုံကြည်မှုရှိအောင် လုပ်ရသည်။ ယုတ်စွ အဆုံး ယခင် အစိုးရ လက်ထက်က တင်ရှိခဲ့သည့်ကြွေးမြီများကို မြီရှင် နိုင်ငံများက လျှော်ပစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်၍ ချေးငွေအသစ်များ ရရှိအောင် ဆောင်ရွက်နိုင်ခြင်းသည်လည်း သမ္မတ၏ ထူးကဲသော အရည်အချင်း တစ်ရပ်ပင် မဟုတ်ပါလော။
သမ္မတသည် လူသား တစ်ဦးသာ ဖြစ်သည့်အတွက် အားနည်းချက်များ ရှိပါမည်။ ဤသည်ကို ကျွန်တော်တို့ နားလည်ပေးရပါမည်။ သူ၏ နှလုံးသားသည်လည်း စက် အကူအညီကို ရယူနေရသည် ဖြစ်ရာ ကျွန်တော်တို့ ကိုယ်ချင်းစာနာစိတ် ထားပေးရပါမည်။ သို့သော် အချို့သော သူတို့သည် သမ္မတကို အားမလိုအားမရ ဖြစ်ကြပါသည်။ ပြုပြင် ပြောင်းလဲမှုများသည် အောက်ခြေသို့ မရောက်သေးဟူ၍ လည်းကောင်း၊ အဂတိ လိုက်စားမှုများ၊ လာဘ်ပေး၊ လာဘ်ယူမှုများ မပပျောက်သေး ဟူ၍လည်းကောင်း၊ ဆင်းရဲမွဲတေမှု လုပ်ငန်းများ မအောင်မြင်သေးဟူ၍လည်းကောင်း ပြစ်တင် ဝေဖန်ကြပါသည်။
အချို့သော ကိစ္စရပ်များမှာ သမ္မတ တစ်ဦးတည်းက ဆောင်ရွက်၍ မရသလို အစိုးရ တစ်ဖွဲ့တည်း ကလည်း ဆောင်ရွက်၍ မရသော ကိစ္စများလည်း ရှိကြပါသည်။ ကျွန်တော်တို့ အားလုံးက ဝိုင်းဝန်း ကူညီ ပါဝင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လွှတ်တော်များကလည်း (Check and Balance လုပ်ရမည်ဆိုသည်ကို နားလည်သော်လည်း) နိုင်ငံတော်နှင့် ပြည်သူ အကျိုးရှိမည့် ကိစ္စများတွင် သမ္မတကို လုပ်သာကိုင်သာ ရှိစေရပါမည်။ သမ္မတကို အကျပ်အတည်း မဖြစ်စေသင့်ဟု ယူဆပါသည်။ ပြီးခဲ့သော ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူသည့် ကိစ္စတွင် တင်ဒါ အောင်မြင်သူ ကြေညာရန် တစ်ရက်အလိုတွင် ပြည်သူအားလုံး ရင်ထိတ်ခဲ့ရပါသည်။ သို့သော် နိုင်ငံတော်သမ္မတ၏ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် စေတနာ အပြည့်အဝ ထား၍ လိမ္မာ ပါးနပ်စွာနှင့် ပွင့်လင်း မြင်သာစွာ လွှတ်တော်များသို့ ရှင်းပြနိုင်မှုကြောင့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်များ အကြား ‘အပြန်အလှန် နားလည်မှု’ ရရှိပြီး ပြည်သူအားလုံး ပြုံးပျော်ခဲ့ရသည်မှာ မြန်မာ့ဆက်သွယ်ရေး သမိုင်းတွင် မှတ်တမ်းရေးထိုးရမည် ဖြစ်ပါသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် လင်ပစ်၊ သားပစ် အနစ်နာခံခဲ့ သူ ဖြစ်ပါသည် (အင်္ဂလန်နိုင်ငံသို့ ပြန်မည်ဆိုလျှင် နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု နဝတ အစိုးရက ပြောခဲ့သော်လည်း လက်မခံခဲ့ပါ)။ သူသည် တစ်ချိန်က တပ်မတော်ကို ထိပ်တိုက် ရင်ဆိုင်ပြီး မကျေနပ်ချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုခဲ့သဖြင့် တပ်မတော်နှင့် ဆက်ဆံရေး သိပ်မကောင်းခဲ့ပါ။ ထို့ကြောင့်ပင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နေအိမ် အကျယ်ချုပ်မှ လွတ်ရက်စေ့ သော်လည်း အမေရိကန် နိုင်ငံသား မစ္စတာ ရက်တော အကြောင်းပြချက်ဖြင့် သက်တမ်း တိုးမြှင့်ခံရပြီး ရွေးကောက်ပွဲပြီးမှ လွှတ်ပေးခြင်းခံခဲ့ရသူ ဖြစ်ပါသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို ယခုအခါ ဝေဖန်သူများက အမနာပ ပြောဆို ဝေဖန်လျက်ရှိသည်ကို သတင်းစာ၊ ဂျာနယ်အချို့နှင့် Online Media များတွင် ဖတ်ရှုနေရပါသည်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အလွမ်းသင့်နေပြီ ဟူ၍လည်း ပြော ကြပါသေးသည်။ အမှန်မှာတော့ တစ်ဦးနှင့် တစ်ဦး နားလည်မှု ယူနေကြခြင်းသာ ဖြစ်ပါမည်။ ဤသည်ကို နားလည်မှု မလွဲစေချင်ပါ။
အစိုးရသစ် တက်လာပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ ကြသည်ကို မှတ်မိကြဦးမည် ထင်ပါသည်။ နဝတ/ နအဖ အစိုးရ တက်လာပြီး နောက်ပိုင်း အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်နေသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို နောက်ခံပြုလျက် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ဆွေးနွေးပွဲအပြီး ဓာတ်ပုံ အရိုက်ခံခဲ့ရာ အဆိုပါ ဓာတ်ပုံမှာ မြန်မာသာမက ကမ္ဘာကျော် ဓာတ်ပုံတစ်ပုံ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ထိုဓာတ်ပုံ၏ နောက်ကွယ်မှ အကြောင်းအရာများကိုမူ ယနေ့တိုင် မည်သူမျှ မသိကြရပါ။ တရားဝင် သတင်းထုတ်ပြန်ချက်အရ ၎င်းတို့ နှစ်ဦးသည် ‘မတူတာတွေကို ဘေးဖယ်ထား ၍ တူတာတွေကို တွဲလုပ်မည်’ ဟုသာ အကြမ်းဖျင်း သိကြပါသည်။
တူတာတွေက ဘာတွေဖြစ်ပြီး မတူတာတွေက ဘာတွေဖြစ်ကြောင်း မည်သူမျှ မသိကြပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့် ကိစ္စများနှင့် ပတ်သက်၍ ပြောခွင့် ဆိုခွင့်ရှိပြီး၊ မည်သည့် ကိစ္စများတွင် မည်သည့် အတိုင်းအတာအထိ ပါဝင် ပူးပေါင်း ဆောင်ရွက်ခွင့် ရှိသည်ကို သူတို့နှစ်ဦးသာ သိကြပါလိမ့်မည်။ လူအချို့က အချို့ကိစ္စများတွင် သူမအနေနှင့် ဝင်ရောက်ပြောဆို ဝေဖန်ခြင်း မပြုသည်ကို အားမလို အားမရ ဖြစ်ကြသည်။ သူမအနေဖြင့် စကားတစ်ခွန်း ပြောဖို့အတွက် များစွာ စဉ်းစားရမည် ဖြစ်ပါသည်။ သူမပြောသော စကားတစ်ခွန်းသည် ပြီးပြီးပျောက်ပျောက် ဖြစ်မသွားပါ၊ မီဒီယာများမှ တစ်ဆင့် ကမ္ဘာအနှံ့သို့ ပြန့်သွားမည် ဖြစ်ပါသည်။ လိုသူတို့က လိုသလို ကောင်းချီးပေး၍ မလိုသူတို့က မလိုသလို ပြစ်တင် ရှုတ်ချကြပါလိမ့်မည်။ အထူးသဖြင့် Online Media များက အဆင့်အတန်းမရှိသော စကားလုံးများဖြင့် ပစ်ပေါက်ကြပါမည်။
ယနေ့ မီဒီယာအချို့သည် စကားလုံးများကို လျှော့၍ ဖော်ပြခြင်း ပြုတတ်ပါသည်။ ပြောဆိုသောစကား အစ အဆုံးကို ဖော်ပြခြင်းမပြုဘဲ လိုရာဆွဲ၍ ရေးတတ်ကြပါသည်။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် စကား တစ်ခွန်းကို မိမိကစ၍ အရင်းမရှိ၊ အဖျားမရှိ စပြောလေ့ မရှိကြပါ။ အခြားသူများက မေး၍သာ ဖြေကြားကြခြင်း ဖြစ်ကြပါသည်။ အမေးရှိ၍သာ အဖြေရှိရခြင်း ဖြစ်ပါသည် မေးသူများမှာလည်း နိုင်ငံခြား ခရီးစဉ်များ တွင် မေးကြသည်က များပါသည်။ အဖြေပေးရာတွင်လည်း မလိမ် မညာတတ်သော ခေါင်းဆောင်များ ပီပီ စိတ်ထဲရှိသည်ကို အမှန်အတိုင်း ပွင့်လင်း ရိုးသားစွာ ဖြေကြားကြပါသည်။
ဤသည်ကို မီဒီယာ အချို့က မျက်နှာဖုံးတွင် ခေါင်းစဉ် တင်၍၊ မေးသူမရှိဘဲ အရင်းမရှိ၊ အဖျားမရှိ တုံးတိတိ ‘သမ္မတလုပ်ချင်သည်’ ဟူ၍ ပြောသယောင် ရေးသားကြသည်ကို တွေ့ရပါသည်။ အချို့သော ဆောင်းပါးများ ကာတွန်းများတွင်လည်း သမ္မတနေရာကို အတင်းအဓမ္မ မရမက လိုချင်နေသယောင် ‘ဣနြေ္ဒတောင် မဆယ်နိုင်ပဲ ပြောသည်’ ဟူ၍လည်း ရေးသားကြပါသည်။ အကယ်စင်စစ် ခေါင်းဆောင်ကြီး သုံးဦးတို့သည် တစ်ဦးနှင့် တစ်ဦး အလွန် နားလည်သူများ ဖြစ်ကြပါ သည်။ တစ်ဦးနှင့် တစ်ဦးလည်း နိုင်ငံရေး ပြိုင်ဘက်များအဖြစ် သဘောမထားဘဲ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကြသူများ ဖြစ်ကြပါသည်။ တစ်ဦးက သမ္မတဖြစ်၍လည်း အခြား တစ်ဦးက မကျေမနပ်မဖြစ်ဘဲ အပြန်အလှန် နားလည်မှုရှိစွာဖြင့် ဖေးမ ကူညီကြမည့်သူများ ဖြစ်ကြပါသည်။
ဤဆောင်းပါးကို ၂၉.၆.၂၀၁၃ ရက်နေ့က ပြုလုပ်သော ‘ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၏ တွေ့ဆုံပွဲ’ တွင် ပြောကြားခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ အောက်ပါ ပြောကြားချက်ဖြင့် နိဂုံးချုပ်အပ်ပါသည် ---
‘တစ်ဦးချင်းကို နိုင်ငံရေးနဲ့ ပတ်သက်ပြီး တိုက်ခိုက်တဲ့ အလုပ်မျိုးက မကောင်းပါဘူး။ တိုက်ခိုက်မယ့် အစား၊ စွပ်စွဲမယ့်အစား မှန်ကန်တဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး ဝေဖန်တာ၊ ထောက်ပြတာက ပိုမှန်ကန်တယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီရဲ့သဘောအရ ဝေဖန်ရမယ်၊ မှန်တာကို သုံးသပ်ပြရမယ်၊ မိမိအမြင်ကို လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ အဲဒီလို လုပ်ခြင်းသည်သာ ဒီမိုကရေစီကို လျှောက်လှမ်းရာမှာ တစ်တပ် တစ်အား ဖြစ်စေမှာ ဖြစ်ပါတယ်။’
Written by  သိန်းထက်အောင်  
Credit To The Voice Weekly

Related Articles:

Post a Comment