Wednesday, July 24, 2013

အားလုံးစောင့်ကြည့်နေသော မျိုးစောင့်ဥပဒေ



 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- အောင်ခိုင်၊ ရဲနောင်

မှော်ဘီမြို့၌ ဇွန်လ ၁၃ ရက်က ပြု လုပ်ခဲ့သော ဗုဒ္ဓသာသနာ တော်ဆိုင်ရာသြ၀ါဒခံယူပွဲအပြီးတွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ထောက်ခံသူနှင့် ကန့်ကွက်သူများက ယင်းဥပဒေနှင့်ပတ်သက်၍ ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ခဲ့ကြသည်။

လတ်တလောတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများကြောင့် မျိုးစောင့်ဥပဒေသည် အများစောင့်ကြည့်နေသည့် အကြောင်းအရာတစ်ခု ဖြစ်နေသည်။

မျိုးစောင့်ဥပဒေဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း)ဖြစ်ပေါ်လာရန် ၂၀၁၃ ခုနှစ် မေလ ၆ ရက်က စတင်ခဲ့သည်။ ထိုနေ့က အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူ အပါအ၀င် ဆရာတော်ရှစ်ပါးက အဆိုပါဥပဒေမူကြမ်းရေးဆွဲရန် သဘောတူခဲ့ကြသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် ပြည်တွင်းပြည်ပ သံဃာ့ကိုယ်စားလှယ်အပါး ၁၅၀၀ ကျော်က ဇွန်လ ၂၇ ရက် အင်းစိန်သံဃာ့ညီလာခံတွင် တညီတညွတ်တည်းလက်ခံအတည်ပြုခဲ့ကြပြန်သည်။

ယခုအခါ မျိုးစောင့်ဥပဒေကို ကျွမ်းကျင်သော ဥပဒေပညာရှင်များဖြင့် တိုင်ပင်၍ မူကြမ်းအဆင့် ရေးဆွဲထားပြီဖြစ်သည်။ ပြည်သူ၏ ထောက်ခံဆန္ဒမဲများဖြင့် လွှတ်တော်သို့ တင်သွင်းအတည်ပြုနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆရာတော်များက မိန့်ကြားထားသည်။

မျိုးစောင့်ဥပဒေ(မူကြမ်း) တွင် မည်သူမဆို ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင်ဗုဒ္ဓဘာဘာဝင်ဖြစ်ရမည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မလိုက်နာဘဲ လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဟု ဖော်ပြထားသည်။

ယင်းဥပဒေနှင့်ပတ်သက်၍ မိမိအမျိုးဘာသာကို စောင့်ရှောက်ရာတွင် ဥပဒေဖြင့် ကန့်သတ်ခြင်းထက် လူထုပညာပေးစနစ်ဖြင့် ဆောင်ရွက်ခြင်းက ပိုသင့်လျော်မည်ဟု နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားအင်အားစုအချို့က ၎င်းတို့ အမြင်ကို သုံးသပ်ပြောကြသည်။

“ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့ ဘာသာတိုင်းမှာ အနည်းအများရှိတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကျမ်းစာတွေမှာ ဘာသာခြားနဲ့ယူတဲ့ အကျိုးအပြစ်တွေပါတယ်။ ဒါပေမဲ့ ဒါက Civil Education အနေနဲ့ လုံလောက်တယ်လို့ ယုံကြည်တယ်။ ဥပဒေတစ်ခုအနေနဲ့ မလိုအပ်ဘူးလို့ ယူဆတယ်။ ဥပဒေဆိုရင် ဒီထက်အရေးကြီးတဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ ဒါတွေကို အရင်လုပ်သင့်တယ်လို့ပဲ ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ထောက်ပြပြောဆိုသည်။

မျိုးစောင့်ဥပဒေ ပြည်သူ့ဆန္ဒထောက်ခံမဲများကို အထက်မြန်မာပြည်တွင် အရှင်ဝီရသူ၊ အောက်မြန်မာပြည်တွင် ဆရာတော်ဘဒန္တပညာဝရတို့က တာဝန်ယူကောက်ခံလျက်ရှိသည်။

ယင်းသို့ ကောက်ခံရာတွင် တိုင်းနှင့်ပြည်နယ်များမှ သံဃာတော်များ၊ ဒေသခံလူမှုရေးအဖွဲ့များ၊ နိုင်ငံရေးပါတီအချို့မှ အဖွဲ့ဝင်များတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အချို့သော မြို့နယ်များတွင် မဏ္ဍပ်များထိုး၍ ကောက်ခံမှု များပင် တွေ့ရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ မျိုးစောင့်ဥပဒေကို ထောက်ခံသည့် လက်မှတ်ထိုးပွဲများကို ဆွမ်းလောင်းဓမ္မာရုံမဏ္ဍပ်
အချို့တွင် ပြုလုပ်ခဲ့သော်လည်း လက်မှတ်ရေးထိုးခဲ့သည့် လူအများစုမှာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ တိတိကျကျသိရှိခြင်းမရှိကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

“မနေ့ကအထိ ထောက်ခံမဲ သုံးသန်းလောက်ရပါတယ်။ အထက်ပိုင်းမှာ စစ်ကိုင်းနဲ့ ရှမ်းက အများဆုံးပါ။ လွှတ်တော်ကိုတင်ဖို့ ဆက်လုပ်မှာပါ” ဟု အရှင်ဝီရသူက ဇူလိုင် ၂၁ ရက်က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ဘာသာမဆို ထိန်းသိမ်းစောင့်ရှောက်သည့် ဥပဒေများရှိသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာတွင်မူ မရှိသည့်အတွက် ဧည့်သည်များ၏ အနိုင်ကျင့်မှုများ ကြုံတွေ့ခဲ့ရသောကြောင့် ယင်းဥပဒေပေါ်ပေါက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဆရာတော်များက မိန့် ကြားထားသည်။

ကန့်ကွက်ကြသည့် အဖွဲ့အစည်းများကမူ ယင်းဥပဒေတွင် လူ့အခွင့်အရေးကို ချိုးဖောက်သည့် အချက်များ ပါဝင်သည့်အတွက် သဘောမတူနိုင်ခြင်းဖြစ်ကြောင်း ပြောကြသည်။

ယင်းမျိုးစောင့်ဥပဒေကို Rain Fall ၊ အခရာအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်မီးအိမ်၊ ၈၈ မျိုးဆက် (အမျိုးသမီး)၊ Colorful Girls နှင့် Triangel Women Support Group အပါအ၀င် အဖွဲ့အစည်း ရှစ်ခုက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အခန်း(၁၆)တွင် အသက်အရွယ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်းသည် လူမျိုး၊ နိုင်ငံသား (သို့မဟုတ်) ဘာသာရေးအရ ကန့်သတ်ထားမှု တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာထိမ်းမြားခွင့်၊ မိသားစုထူထောင်ခွင့်ရှိသည်။ ၎င်းတို့သည် လက်ထပ်ထိမ်းမြားခြင်း မတိုင်မီလည်းကောင်း၊ အိမ်ထောင်ဖက်ဘ၀၌လည်းကောင်း၊ ကွာရှင်းပြတ်စဲရာတွင်လည်းကောင်း တူညီသောအခွင့်အရေးများ ရှိရမည်ဟု ဖော်ပြထားသည်။

မြန်မာ့ဓလေ့ထုံးတမ်းထိမ်းမြားမှုဥပဒေတွင် မည်သူ့ကို လက်ထပ်ခွင့်မရှိဟုမပါဝင်ဘဲ သွေးရင်းသားရင်းမှလွဲ၍ လွတ်လပ်စွာ လက်ထပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

“၁၉၅၄ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေရှိတယ်။ ပြည့်စုံပြီးသားပါ။ ပြီးရင်လွှတ်တော်ကတစ်ဆင့် လုပ်ရမှာ။ အရမ်းလုပ်လို့ မရဘူး။ လုပ်ရင် ဘောင်မ၀င်ပါဘူး” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းများ တင်သွင်းရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီး ဌာနနှင့် အဖွဲ့အစည်းများကသာ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်။

“ဒီဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးထားတာ မရှိသေးပါဘူး။ ပြည်သူ့ဆန္ဒမဲနဲ့ တင်သွင်းမှာပါ” ဟု ဆရာတော်ဘဒ္ဒန္တဒေါက်တာ ဓမ္မပီယက မိန့်ကြားထားသည်။ ယခုပြည်သူများ လက်ဝယ်ရောက်ရှိနေသည့် ဥပဒေမှာ မူကြမ်းသာဖြစ်ပြီး အကြိမ်ကြိမ်လေ့လာသုံးသပ်ပြီးမှ အတည်ပြု၍ လွှတ်တော်သို့ တင်ပြမည်ဟုလည်း ဆရာတော်များက မိန့်ကြားသည်။

မျိုးစောင့်ဥပဒေကို ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှ စဉ်းစားသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုမှာ အများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ အရေးကြီးသည့် အသွင်ကူးပြောင်းရေးကာလတွင် အချင်းချင်းစိတ်ဝမ်းမကွဲသင့်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ကြောင်း လူမှုရေးအဖွဲ့အစည်းအချို့နှင့် ပညာရှင်များက ထောက်ပြပြောဆိုသည်။

“ကန့်ကွက်တာလည်း ဗုဒ္ဓဘာသာ၊ ဒီဥပဒေကို လုပ်တာကလည်း ဆရာတော်တွေ၊ ဗုဒ္ဓဘာသာတွေ၊ နှစ်ဖက်လုံးက ကောင်းတာကို လိုချင်လို့။ ဒါကြောင့် ဘာဖြစ်လို့ ဒီဥပဒေကို လုပ်တာလဲ ကန့်ကွက်သူတွေကို ဖိတ်ခေါ်ညှိနှိုင်း ဆောင်ရွက်သင့်ပါတယ်။ နှစ်ဖက်ထိပါးတာတွေ မလုပ်သင့်ဘူး” ဟု စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများဆုံးဖြစ်သော်လည်း ခရစ်ယာန်ဘာသာကိုးကွယ်မှုမှာ လေးရာခိုင်နှုန်းခန့်ရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုမှာ ကချင်၊ ချင်း၊ ကရင်စသည့် တိုင်းရင်းသားများတွင် အများဆုံး ဖြစ်သည်။ ကမ္ဘာတွင် ပြည်တွင်းစစ်
သက်တမ်းအရှည်ဆုံးဖြစ်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုများမှာ တန်းတူညီမျှအခွင့်အရေးရှိသည့် ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရန် လိုလားကြသည်။

ယခုမျိုးစောင့်ဥပဒေအတည်ပြုဖြစ်ပါက တိုင်းရင်းသားလူမျိုးစုများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း တိုင်းရင်းသားပါတီအချို့နှင့် ခေါင်းဆောင်များက ထောက်ပြသည်။

“ဖက်ဒရယ်စနစ်ကို အနည်းအများတော့ ထိခိုက်မှာပဲ။ ဖက်ဒရယ်ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်လေ။ နောက်ပြီး အမျိုးသားရေးဝါဒတွေ ပေါ်ထွက်လာမှာကို စိုးရိမ်မိတယ်။ ဥပဒေလုပ်မယ်ဆိုရင် ပါလီမန်ဒီမိုကရေစီကို ဦးတည်တဲ့ဥပဒေမျိုးဘဲ လုပ်သင့်တယ်” ဟု ဦးဇိုဇမ်ကပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအဖြစ် ဒေသတွင်း အရေးကိစ္စ၊ နိုင်ငံတကာအရေး ကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂ မျက်နှာစာတွင် တင်ပြရန် ကြိုးစားမှုများ စတင်တွေ့ရှိလာရပြီဖြစ်ပြီး မိမိတို့နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာကြီးလေးခုကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်ရမည့် ပြဋ္ဌာန်းချက်များ ပါဝင်ပြီးဖြစ်၍ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများကို လုံးဝလက်မခံနိုင်ကြောင်း ဇူလိုင် ၂၁ ရက်က ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

Credit To 7Day News Journal

Related Articles:

Post a Comment