Monday, July 22, 2013

ဒီမိုကရေစီစနစ် မည်မျှပင် အောင်မြင်စေကာမူ ငြိမ်းချမ်းရေး မရပါက မျက်မမြင် ခရီးသွားသကဲ့သို့ပင် ဖြစ်မည်


ဒီမိုကရေစီစနစ် မည်မျှပင် အောင်မြင်စေကာမူ ငြိမ်းချမ်းရေး မရပါက မျက်မမြင် ခရီးသွားသကဲ့သို့သာ ဖြစ်မည်ဟု ကရင်ဝါရင့် နိုင်ငံရေးသမား မန်းသိန်းရွှေက ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား သက်ကြီးဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုပွဲ အခမ်းအနားတွင် ပြောကြားသည်။
မန်းသိန်းရွှေက သူ့အနေနှင့် အင်္ဂလိပ်ဝင်စ အချိန်ကို မသိရှိခဲ့ဘဲ ဂျပန်ဝင်ပြီးမှ ဒီဘက်ခေတ်အထိကို သိမီခဲ့ကြောင်းနှင့် ယခုအခြေအနေကို သိလားမေးလျှင် ညီအစ်ကို မသိတသိ အခြေအနေ ဖြစ်နေသည်ဟု ပြောကြားသည်။
ယနေ့ အချိန်တွင် ဒီမိုကရေစီသို့ ဦးတည်နေပါပြီဟု ဆိုသော်လည်း နေ့ရှိသရွေ့ ကြားနေရသည်က နောက်ပြန်လှည့်၊ မလှည့်ဟုသာ ဖြစ်သည်၊ ပညာရှင်များ ရေးသားသည်ကို ဖတ်ရှုတော့လည်း လွယ်မည်ဟု ပြောသူတစ်ဦး တစ်ယောက်မှ မရှိကြောင်းကိုလည်း ဖတ်ရှုရသည်ဟု ပြောကြားသည်။
ထို့နောက် ဂျပန် မီဂျီဘုရင်ခေတ်သည် မြန်မာပြည်၌ ကုန်းဘောင်မင်းဆက်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ပြီး မီဂျီပြုပြင်ရေးသည် ၁၈၅၄ ခုနှစ်မှ မြန်မာပြည် စက်မှုဖွံ့ဖြိုး တိုးတက်ရေးထက် ၁၀ နှစ်နောက်ကျ ခဲ့သော်လည်း ဂျပန်၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာပြည်ထက် ပိုရှေ့ရောက်ခဲ့သည်မှာ မည်သူတို့ကြောင့်နည်း၊ မည်သည်တို့ မှားယွင်းခဲ့ခြင်း ဖြစ်သနည်းဟု မေးမြန်းခဲ့ကာ ၎င်းက ဆက်လက်ပြီး မြန်မာ့သမိုင်းတွင် ယောအတွင်းဝန်လို ပုဂ္ဂိုလ်မျိုးက ဘေးရောက်ကာ ကနောင်မောင်မောင်တုတ်လို လူမျိုးက ရှေ့တန်းသို့ ရောက်လာလေ့ ရှိသောကြောင့် ဖြစ်သည်ဟု ပြောကြားသည်။
အာရှကျားအဖြစ် ပထမအသုတ်တွင် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ၊ တောင်ကိုရီးယားတို့က ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ဒုတိယအသုတ်အဖြစ် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းတို့က တိုးတက်ဖွံ့ဖြိုး လာခဲ့ပြီး မြန်မာပြည်သည် အရာရာ နောက်ကျကျန်ခဲ့ ရခြင်းမှာ ခေါင်းဆောင်များ၏ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်သည်ဟု ပြောကြားသည်။
ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းအား မိအောင် စီးနိုင်ခြင်းသည် ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေးများဖြစ်ပြီး တရုတ်နိုင်ငံသည် လူဦးရေ အများဆုံး ရှိသော်လည်း အော်တိုမေစီ စနစ်ဖြင့် အုပ်ချုပ်သော်လည်း အမေရိကန်ကို အမီလိုက်နိုင်ခဲ့ခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းကို စီးနိုင်ခဲ့သည့် တိန့်ရှောင်ဖိန်၏ အမြော်အမြင် ကြီးမှုကြောင့် လည်းကောင်း၊ တောင်ကိုရီးယား နိုင်ငံတွင် အာဏာသိမ်းခဲ့သည့် ပတ်ချုံဟီးက တောင်ကိုရီးယား နိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းသည် (၁) စိတ်ရှည်ခြင်း (၂) အမြင်ကျယ်ခြင်းနှင့် (၃) လူမှန်နေရာမှန် ရွေးချယ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားသည်။
မန်းသိန်းရွှေက ''ကျွန်တော် မှတ်ချက်ချချင်တာက ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုပိုင်းက ပိုအရေးကြီးပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ပြည်သူတွေ ညီညွတ်ဖို့ထက် ခေါင်းဆောင်တွေ ညီညွတ်ဖို့က ပိုအရေးကြီးပါတယ်။ တိုင်းပြည်တစ်ပြည်လုံးရဲ့ ပြည်သူတွေ ညီညွတ်ဖို့ထက်စာရင် တိုင်းရင်းသား ခေါင်းဆောင်တွေ ညီညွတ်ဖို့ လိုပါတယ်။ အခုရှိနေတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ငြိမ်းချမ်းရေးဆိုတာ အမြွှာညီအစ်ကိုတွေပါ။ ဒီမိုကရေစီရပြီး ငြိမ်းချမ်းရေး မရရင် မျက်မမြင် ခရီးသွားနေတာပါ။ ငြိမ်းချမ်းရေးပဲရှိပြီး ဒီမိုကရေစီ မရှိရင်လည်း အချည်းနှီးပါပဲ။ ဒါကြောင့် ခေါင်းဆောင်တွေက အမြင်ကျယ်ကျယ် ဒီမိုကရေစီရော၊ ငြိမ်းချမ်းရေးပါ ရအောင်လို့ ဆောင်ရွက်သင့်တယ်'' ဟုပြောကြားသည်။
Credit To Eleven Journal 

Related Articles:

Post a Comment