Monday, July 22, 2013

ဆရာယုဒသန် (တင်နိုင်တိုး) စာအုပ် ၂၀၁၁



 တင်နိုင်တိုး - စာမြည်း

၂၀၁၁ ဇွန်လတွင် ဆရာကြီးယုဒသန်အကြောင်း ခရစ်ယန်မဟုတ်သော စာရေးဆရာ တင်နိုင်တိုးရေးသည့်စာအုပ်ကို ဦးကျော်လှိုင်၊ စေတနာစာပေမှ ထိုတ်ဝေပြီး၊ တကောင်းစာအုပ်တိုက်မှဖြန့်ချိသည်။ ဂျပ်ဆမ်ဘုရားကျောင်း(ရန်ကုန်) မှ သင်းအုပ်ဆရာတော် ဦးအာသာကိုလေး(Rev, Dr) နှင့် တွဲဖက်သင်းအုပ် ဦးကျော်ညွန့် (Rev.) တို့က အမှာစာရေးသားရာတွင် မည်သည့်ရည်ရွယ်ချက်နှင့် တင်နိုင်တိုး ရေးသား၊ထုတ်ဝေခြင်းကို မသိသော်လည်း၊ မြန်မာ့စာပေသမိုင်းဆရာကြီးတစ်ဦးအကြောင်း နှစ်၂၀၀ပြည့်မတိုင်မီ ထွက်လာသဖြင့် ၀မ်းသာမိပါသည်။ စာရွက်ချောဖြင့် သမိုင်းဝင်ဓါတ်ပုံ ၁၂မျက်နှာပါရှိသည်။

စာရေးသူ တင်နိုင်တိုး ညွှန်းသော မြန်မာစာအုပ်စာပေ ၂၄အုပ်တွင် ဆရာကြီးဂျပ်ဆမ်အကြောင်း သီးသန့်အထုပ္ပတိစာအုပ်တစ်အုပ်မှ မပါသည်ကို ၀မ်းနည်းမိပါသည်။ အင်္ဂလိပ်အညွှန်း ၄အုပ်တွင် တစ်အုပ်မှာ The Life of Adoniram Judson, New York Anson, 1883 by Edward Judson တအုပ်ကိုတွေ့ရပါသည်။ နောက်ဆုံးထုတ်ဝေသော To The Golden Shore by Courtney Anderson (520 pages)အညွှန်းအဖြစ် မပါရှိပါ။ ထိုစာအုပ်ကို ဘာသာပြန်ရန်ကြိုးစားကြသော်လည်း ယခုအချိန်ထိ ဆရာယုဒသန်အကြောင်း မြန်မာလို ပြည်စုံသောစာအုပ် မရှိသေး၊ မထုတ်နိုင်သေးပါ။ အဘယ့်ကြောင့် ယုံကြည်သူမြန်မာများ ဆရာကြီုးယုဒသန်အထုပ္ပတိစာအုပ်မထုတ်ဖြစ်သနည်း .. မေးခွန်း၏အဖြေမှာ မြန်မာလိုကောင်းကောင်း မတုတ်နိုင်လျှင်လည်း  To The Golden Shore စာအုပ်ကို ခရစ်ယာန်အဖွဲ့အစည်းတစ်ခုမှ ဘာသာပြန်ထုတ်ဝေရန်ဖြစ်ပါသည်။

မြန်မာခရစ်ယန်မဟုတ်သူတစ်ဦးရေးသားသော စာအုပ်ဖြစ်သဖြင့် ၀ိညာဉ်ရေးဆိုင်ရာ မပါသလောက်ရှိသည်။ ဥပမာ .. အဘယ့်ကြောင့် ဆရာကြိးဂျပ်ဆမ် မြန်မာပြည်သို့လာရောက်သာသနာပြုပါသနည်း .. မေးခွန်းအတွက် အဖြေမပါရှိပါ။ ဆရာကြီး၏ မမှိတ်မသုန် သစ္စာရှိသောယုံကြည်ချက်ကို သူ၏လုပ်ဆောင်မှုများဖြင့် တင်ပြထားပါသည်။ အထူးသဖြင့် ၁၈၂၄ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် မြန်မာတို့စစ်ရှုံးပြီး၊ နိုင်ငံခြားသားများကို ဖမ်းဆီးနှိပ်စက်သောကာလ အင်းဝ၊ လက်မရွံထောင်၊ အောင်ပင်လယ်ထောင်၊ နှင့် မြန်မာဘုရင်ထံ စစ်ပြေငြိမ်းစာချုပ်အတွက် စကားပြန်လုပ်ဆောင်မှုများ၊ ပထမဇနီး မမယုဒသန်၏ ခင်ပွန်းသည်ရှိရာလိုက်ရင်း မေတ္တာပြမှု၊ ဆရာကြီး၏ သာသမီးသေဆုံး၊ ဇနီးသည်သေဆုံးခြင်း၊ မိမိတည်ထောင်သော အသင်းတော်နှင့်အသင်းသားများ သတ်ဖြတ်၊ဖျက်ဆီးခံရခြင်း .. စသည့်ဆင်းရဲဒုက္ခများစွာကြားမှ မြန်မာလူမျိုးများ ခရစ်တော်ကို သိရှိ၊လက်ခံလာရန် ဆောင်ရွက်ချက်များလည်း ရေးသားထားပါသည်။


အထူးသဖြင့် ဆရာကြီးယုဒသန်၏ မြန်မာ့စာပေလောကကို ပထမဆုံး အင်္ဂလိပ်မြန်မာ၊ မြန်မာအင်္ဂလိပ် အဘိဓါန်၊ ပထမဆုံး စက္ကူအဖြူပေါ် ပုံနှိပ်ခြင်း၊ ပထမဆုံး မြန်မာပုံနှိပ်စာအုပ် (၇မျက်နှာ)၊ မြန်မာသမ္မာကျမ်းစာ (ဓမ္မသစ်၊ ဓမ္မဟောင်း) စသည်တို့ကို မြန်မာ့စာပေသုခမိန်၊ ပညာရှင်ကြီးအနေနှင့် ရေးသားဖေါ်ပြထားပါသည်။

ဆရာကြီးသည် အလွန်ချမ်းသာသော အမေရိကန်နိုင်ငံတွင် ကောင်းမွန်စွာနေထိုင်၊ ဘုရားတရားလုပ်ဆောင်နိုင်သော်လည်း မြန်မာပြည်သို့အဆင်းရဲခံရန် လာရောက်ခြင်းကိုလည်း ပေါ်လွင်အောင် ရေးထားပါသည်။

မည်သို့ဖြစ်စေ အမေရိကန်နိုင်ငံသည် အနှစ်၂၀၀ ကြာခဲ့ပြီဖြစ်သော်လည်း ယခုတိုင်၊ In God We Trust ဆိုသည့် စာတန်းကို အမေရိကန်ဒေါ်လာတွင် ရေးထားသည့် ခရစ်ယန်နိုင်ငံကြီး၊ ကမ္ဘာအချမ်းသာဆုံးနိုင်ငံ၊ ကြီးကျယ်ကြွယ်ဝသောနိုင်ငံ ဖြစ်နေဆဲပင်ဖြစ်သည်။ အမေရိကန်၏ ပြည်ပသာသနာ Foreign Mission ပထမဆုံးသော နိုင်ငံဖြစ်ပါသည်။

အမေရိကန်-မြန်မာ ဆက်ဆံရေး အနှစ်၂၀၀ကြာသောအခါတွင် တဖန်ပြန်လည်ပြီး၊ ချစ်ကြည်ရင်းနှီးလာရန် မျှော်လင့်မိပါသည်။

မုရန်စာအုပ်အမြည်း (အောက်တိုဘာ-၂၀၁၁)

စာအုပ်မှာကြားရန် - တကောင်းစာအုပ်တိုက်၊ +95 95001983 ရန်ကုန်၊ စာပေခွင့်ပြုချက်အမှတ် - ၄၀၀၂၂၆၀၂၁၁၊ တန်ဘိုး ၂၀၀၀ကျပ်။ စာမျက်နှာ ၁၇၈



ဆရာကြီးယုဒဿန်ဘ၀ဖြစ်စဉ် Judson Bio (By year)
SATURDAY, 13 JUNE 2009 19:54 ADMINISTRATOR
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။


နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ်

၁၇၈၈ သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။

၁၈၀၄ ၁၆နှစ် ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။ ၁၈၀၇ ၁၉နှစ် ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင် ရရှိခဲ့သည်။

၁၈၀၇ ၁၉နှစ် အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာသင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက်မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။

၁၈၀၈ ၂၀နှစ် ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်းဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်းAndover Seminary တွင်ဆက်လက်တက်ခဲ့သည်။

၁၈၀၉ ၂၁နှစ် Plymouth အသင်းတော်တွင် ပါဝင်ပြီး ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင်ချီပြီးဆွေးနွေးတိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၈၁၁ ၂၃နှစ် လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။

၁၈၁၂ ၂၄နှစ် အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြိုမှာ သင်္ဘောဖြင့် အိန္နိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။

၁၉၁၃ ၂၅နှစ် ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။

၁၈၁၆ ၂၈နှစ် မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ် အဘိဓာန်၊ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်ဝင် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။

၁၈၁၉ ၃၁နှစ် လူထုတရားပွဲများ ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး  ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။

၁၈၂၀ ၃၂နှစ် ထို့နောက် သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်ဝချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။

၁၈၂၃ ၃၅နှစ် ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။

၁၈၂၄ ၃၆နှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

၁၈၂၆ ၃၈နှစ် သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။ ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။

၁၈၃၄ ၄၆နှစ် ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။ ၁၈၃၅ ၄၇နှစ် ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။  (ဒီဇင်ဘာ ၂၉)။

၁၈၃၅ ၄၇နှစ် အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅)ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။

၁၈၄၅ ၅၇နှစ် မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။ ၁၈၄၆ ၅၈နှစ် အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။

၁၈၅၀ ၆၂နှစ် ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀)


အောင်ပင်လယ်လက်မရွံ့ထောင်မှယုဒဿန်
ဆရာကြီးယုဒဿန် နှစ်၂၀၀ပြည့်မှာ မြန်မာပြည်မစ်ရှင်အတွက် ပေးဆပ်ခဲ့သည်။  ဆရာကြီး၏ အထုပတိ To the Golden Shore , by Courtney Anderson စာအုပ်ထူကြီးကို ဖတ်ကြည့်လျှင် အင်မတန် သက်ပြင်းချမိပါလိမ့်မည်။ ထိုမျှပင်ပမ်းလှမည့် ဆရာကြီးရဲ့ မြန်မာပြည်မစ်ရှင်ခရီးစဉ် ၃၈နှစ်စာအုပ်၊ လက်မရွံ့ အကျဉ်းထောင်ဓါတ်ပုံများသည် ရင်လေးစရာကောင်းပါသည်။ သို့သော် ခရစ်တော်အတွက် အသက်ရှင်သူများအတွက်တော့ "ငါ့ထမ်းပိုးသည်ပေါ့သည်" ဟူသည့်အတိုင်း အင်မတန်ခွန်အားရတဲ့ ဓါတ်ပုံနဲ့စာအုပ်ပဲဖြစ်ပါသည်။ဆရာယုဒဿန် သာသနာပြုခြင်းနှင့်ကျမ်းစာဘာသာပြန်ခြင်းကို လုပ်ဆောင်ရာတွင်၊ မလုပ်ချင်ဆုံးအလုပ်များကိုလည်း လုပ်ခဲ့ရသည်။ အဘိဓါန်ပြုစုခြင်းမှာ ဆရာကြီး မလုပ်ချင်ဆုံးအလုပ်ဖြစ်သည်။ မိမိအတွက်မလိုအပ်သော်လည်း မြန်မာလူမျိုးများနှင့် မစ်ရှင်အတွက် အကျိုးရှိမည့် ပါဠိ-မြန်မာအဘိဓါန်၊ အင်္ဂလိပ်-မြန်မာ အဘိဓါန်၊ မြန်မာ-အင်္ဂလိပ်အဘိဓါန်များကို ပြုစုခဲ့ပါသည်။

ကျမ်းပိုဒ်ငါ ယုဒဿန်သည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဖို့အလိုငှာ ဆင်းရဲခံခြင်း၌ ယခု ၀မ်းမြောက်၍ ခရစ်တော်၏ ဆင်းရဲဒုက္ခ အကြွင်းအကျန်ကို အသင်းတော်တည်း ဟူသော ကိုယ်တော့်အဖို့ အလို့ငှာ ငါ့ကိုယ်ခန္တာ၌ ပြည့်စုံစေ၏။ ကောလောသဲ ၁း၂၄ (ပေါလု အစား ယုဒဿန် သုံးပါသည်)။


အယ်ဒီတာမှတ်ချက်။    Christian Heroism in Heathen Lands by Galen B. Royer မှတဆင့် မြန်မာမှုပြုသည်။ To the Golden Shore စာအုပ်သည် ဆရာကြီးယုဒဿန်ဘ၀ဖြစ်စဉ်ကို Latest Book အဖြစ် ၂၀၀၂ တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာပြန်ထားသော စာအုပ်ရှိ ရန်ကုန်တွင် စုံစမ်းရနိုင်ပါသည်။ စင်ကာပူတွင်http://www.sksbooks.com/ 315 Outram Road, Tan Boon Liat Building, #09-03 Tel: 62279700 တွင်ရနိုင်ပါသည်။ အမေရိကန်တွင် Online Purchase ဖြင့် US$10.00 ခန့်ဖြင့် ၀ယ်ယူနိုင်ပါသည်။ အမေရိကန်တွင် ဂျပ်ဆင်အမည်ဖြင့် လူမှုရေးအဖွဲ့http://judsoncenter.org/ နှင့်Judson Memory Church စသဖြင့်များစွာရှိပါသည်။ မြန်မာပြည်နှင့် နိုင်ငံရပ်ခြား မြန်မာခရစ်ယာန်များလည်း ဆရာယုဒဿန် နှစ်၂၀၀ပြည့် အထိမ်းအမှတ်ကို ကျင်းပရန်ရှိပါသည်။ ယုဒဿန်မြန်မာ သမ္မာကျမ်းစာ ကို ယခုအချိန်ထိ မြန်မာများ လက်မလွတ်နိုင် - ကျေးဇူးတော်ကြီးလှပေသည်။

Related Articles:

Post a Comment