Sunday, July 21, 2013

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ သဘောတူညီမှု မရသေးဘဲ အဖွဲ့ လေး၊ ငါးဖွဲ့လောက်နှင့်သာ သဘောတူထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြား



ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားနေစဉ်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ သဘောတူညီမှု မရရှိသေးဘဲ အဖွဲ့ လေး၊ ငါးဖွဲ့လောက်သာ သဘောတူထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဦးအောင်မင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။  
လက်ရှိတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သဘောတူညီမှု ရရှိရန် ဆောင်ရွက်နေသည်ဟု ဦးအောင်မင်းက ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "Nation Wide Ceasefire အတွက်ကလည်း သူတို့ရဲ့ဆန္ဒကို လိုက်ပြီးမေးဖို့ ရှိတယ်။ အခုလိုက်မေးနေတယ်။ အားလုံးရဲ့ သဘောတူဆန္ဒ မရသေးပါဘူး။ အားလုံးက သဘောတူတယ်ဆိုရင် Nation Wide Ceasefire အတွက် တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တစ်ခု လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။ လေး၊ ငါးဖွဲ့လောက် သဘောတူညီ ထားပြီးပါပြီ" ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန် သဘောတူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမည်များကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာသည့်တိုင် မရရှိသေးသော ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင်များက ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံစဉ် ပြောကြားထားသည်။  
လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များအကြား တိုက်ပွဲများ မဖြစ်ပွားရေး ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။  
"တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို ရက်သတ္တပတ် အနည်းငယ်အတွင်း လုပ်ဆောင်နိုင်ဖို့ အလားအလာ ကောင်းနေတဲ့အတွက် နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ သေနတ်သံတွေ တိတ်ဆိတ်သွားတော့မှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၅ ရက်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Chatham House ၌ ကျင်းပခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦးစလုံး သဘောတူညီမှု ရရှိပြီးမှသာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ရန် ဇူလိုင် ၁၉ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်မှ ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ အရေးဆို တင်ပြချက်များအနက် ထည့်သွင်းဖော်ပြထားသည်။
Credit To Eleven Journal 

Related Articles:

Post a Comment