Saturday, July 27, 2013

မူဝါဒ သုံးပွင့်ဆိုင်



(ေဇယ်သူ)

ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမလဲမေးလျှင် ကျမ်းဂန် အစောင်စောင် ရေးကာ ဖြေကြားနိုင်မှ တန်ကာ ကျမည်။ တိုတိုတုတ်တုတ်သာ ဖြေပါဟု ဆိုလျှင်တော့ မူဝါဒ သုံးရပ်ကို နိုင်အောင် ကိုင်လျှင် ရပါပြီဟု ဖြေရလိမ့်မည်။

မူဝါဒ သုံးရပ်သည် ယနေ့ကာလ နိုင်ငံတွင် ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေး ပြဿနာများကို ဖြေရှင်းရာ၊ ဆောင်ရွက်ရာတွင် ရိုးရှင်းသလောက် အသုံးကျသည်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသည့်အတိုင်း မိမိ အရပ်၊ မိမိဇာတ်နှင့် လိုက်အောင် ထိုးထွင်း ပြုပြင် ဆောင်ရွက်နိုင်သည်။

မူဝါဒ သုံးရပ် ဆိုသည်မှာ အခြားမဟုတ်။ ရေရှည်ခံ ဖွံ့ဖြိုးရေး၏ အခြေခံ မူဝါဒတို့ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုး အောင် လုပ်ဆောင်ရာတွင် ယခင်ကကဲ့သို့ မြန်မြန် ကြီးပွားလျှင် ပြီးရော ကျန်တာပြီးမှ ကြည့်ရှင်းမည် ဟူသော တစ်နပ်စား အကြံအစည်မျိုးသည် ယခင်လောက် လူကြိုက် မများကြတော့။ ဝုန်းခနဲ ဒိုင်းခနဲ ဖွံ့ဖြိုးပြီး နောက်ပိုင်းတွင် ခပ်မြန်မြန် ကျဆင်းသည့် ကောက်ရိုးမီး ဖွံ့ဖြိုးမှုမျိုးကို ရှောင်ရှားရကောင်းမှန်း ပညာရှင်များရော မူဝါဒ ချမှတ်သူများပါ သဘောပေါက်လာကြသည်။ သို့နှင့်ပင် စဉ်ဆက်မပြတ် နိုင်ငံ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟူသော ရေရှည်ခံ ဖွံ့ဖြိုးရေး (Sustainable Development) အကြံအစည် ရှေ့တန်း ရောက်လာသည်။

“development that meets the needs of the present without compromising the ability of future generations to meet their own needs”

နောင်မျိုးဆက်များအတွက် ၎င်းတို့၏ ကိုယ်ပိုင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် အရည်အသွေးကို မထိခိုက်စေဘဲ ယနေ့ကာလ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် ဖွံ့ဖြိုး တိုးတက်မှုသည် ရေရှည်ခံ ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ မိမိ အသက်ရှင်နေစဉ် ကာလတွင်း နေထိုင် စားသောက် ခံစားသကဲ့သို့ မိမိ၏ သား မြေး မြစ် တီတွတ် နောင်လာ နောက်သားများပါ နေနိုင်အောင် စီစဉ် တွက်ဆ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းသည် ရေရှည်ခံ ဖွံ့ဖြိုးရေး သဘောတရား ဖြစ်သည်။

ရေရှည်ခံ ဖွံ့ဖြိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်ရာတွင် လူမှုရေး မူဝါဒ Social policy၊ စီးပွားရေး မူဝါဒ Economic policy နှင့် သဘာဝ ပတ်ဝန်းကျင် မူဝါဒ Environmental policy တို့ကို ချိတ်ဆက်ပြီး ဆောင်ရွက်သည်။

စီးပွားရေး

နိုင်ငံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူတိုင်း စီးပွားရေး တက်အောင် အားထုတ် ကြိုးပမ်းရသည်။ နိုင်ငံ တစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးမှု အခြေအနေကို တိုင်းရာတွင် မပါမဖြစ် ပေတံသည် ဝင်ငွေ ပေတံပင် ဖြစ်သည်။ ‘ငွေသည် အရာအားလုံးကို လုပ်ဆောင်သည်’ Money makes Everything ဆိုသည့် စကားမှာ မမှန်သော်လည်း ငွေသည် အရာအားလုံး နီးနီးနှင့် ဆက်စပ်နေသည်။ ‘ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ကောင်းသည်’ ‘Health is better than wealth’ ဖြစ်သော်လည်း နေမကောင်း လျှင် ဆေးခန်းသွားရန်၊ ဆေးဝယ်သောက်ရန် ငွေလိုသည်။ စီးပွားရေး ကောင်းခြင်းသည် နိုင်ငံ ဖွံ့ဖြိုး ခြင်း၏ ပေတံ တစ်ချောင်း ဖြစ်သကဲ့သို့ စီးပွားရေး ကောင်းလျှင် နိုင်ငံ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်သည်။ နိုင်ငံ ဖွံ့ဖြိုးရေး မူဝါဒဟု ပြောလိုက်လျှင် စီးပွားရေး တက်အောင် လုပ်ဆောင် မည့် နည်းဗျူဟာများ၊ မဟာ ဗျူဟာများကို ပြေးမြင်ကြခြင်းမှာ ထိုသဘောပင် ဖြစ်သည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၊ လွတ်လပ်စွာ ကုန်သွယ်ရေး၊ အလုပ်အကိုင် ပေါများရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေး၊ ငွေကြေး တည်ငြိမ်ရေး စသည်တို့သည် စီးပွားရေး မူဝါဒများပင် ဖြစ်သည်။

လူမှုရေး

နိုင်ငံ စီးပွားတက်ခြင်းသည် ဖွံ့ဖြိုးခြင်း၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး လူမှုရေး ကဏ္ဍတွင် တိုးတက်မှု မရှိလျှင် ဖွံ့ဖြိုးခြင်း၏ အသီးအပွင့်ကို မျှမျှတတ ခံစားကြရမည် မဟုတ်ပေ။ လူလူချင်း အကြား တရားမျှတမှု ရှိရေးသည် လူမှုရေး မူဝါဒ၏ မဏ္ဍိုင်ပင် ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး၊ ဆင်းရဲနှင့် ချမ်းသာအကြား ကွာဟမှု နည်းစေရေး၊ ပညာရေး၊ အခွင့်အလမ်းများ တိုးတက် များပြားရေး စသည်တို့သည် လူမှုရေး ကဏ္ဍနှင့် သက်ဆိုင်သည်။ စစ်မက် ဖြစ်ပွားခြင်း၊ ရာဇဝတ်မှု ထူပြောခြင်း၊ လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှု ထွန်းကားခြင်းတို့သည် လူလူချင်းအကြား တရား မျှတမှုကို ပျက်စီးစေသည့် အရာများ ဖြစ်သည်။ နိုင်ငံအတွင်း မျှတမှု နိမ့်လျှင် သာယာ အေးချမ်းသော လူ့အသိုင်းအဝိုင်း မဖြစ်နိုင်။

သဘာဝ ပတ်ဝန်းကျင်

ယခင့်ယခင်က စီးပွား တိုးတက်ရေးကိုသာ အဓိကထားပြီး ကျန်သည့် အရာများကို ဘေးချိတ်ခဲ့ ကြသည်။ ဝင်ငွေတိုးရေး၊ စီးပွား အခြေခံကောင်းရေးကိုသာ မဲနေကြသဖြင့် အထိနာခဲ့သည်မှာ သဘာဝ ပတ်ဝန်းကျင် ဖြစ်သည်။ မြေ၊ ရေ၊ လေတို့ ညစ်ညမ်းသွားလျှင် လူတို့ ကျန်းကျန်းမာမာ အသက်ရှင် နေထိုင်ရန်ပင် ခက်သွားပြီ ဖြစ်သည့်အတွက် မည်မျှ ငွေကြေးရှိရှိ မထူးခြားတော့ပေ။ လူသည် သဘာဝ ပတ်ဝန်းကျင်၏ အစိတ်အပိုင်းပင်ဖြစ်ပြီး လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့ အညမည ဆက်စပ်နေကြသည့်အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလျှင် လူတို့လည်း အနည်းနှင့်အများ ထိခိုက်ကြရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် ဖွံ့ဖြိုးရန် သဘာဝ ပတ်ဝန်းကျင်ကို စတေးခဲ့ကြပြီး ယခုမှ နောင်တရကာ သဘာဝ ပတ်ဝန်းကျင်ကို နဂိုအတိုင်း ပြန်ဖြစ်ရန် ကြိုးစားကြသော်လည်း မဖြစ်နိုင် တော့ပေ။

သုံးဦးစပ်

ချမှတ်သော၊ အကောင်အထည်ဖော်သော မူဝါဒများသည် စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ရှုထောင့် သုံးထောင့်စလုံးကို ထည့်စဉ်းစားနိုင်မှသာ ပြည့်စုံ ကုံလုံသော မူဝါဒ ဖြစ်လာသည်။ ဥပမာ-ဆည်တစ်ခု တည်ဆောက်ရန် စဉ်းစားသည် ဆိုပါစို့။ ကုန်ကျစရိတ်နှင့် ပြန်ရမည့်ငွေကို ကြည့်ပြီး စီးပွားရေးအရ တွက်ခြေ ကိုက် မကိုက် စဉ်းစားရမည်။ တစ်ချိန်တည်းတွင် အနီးအနား နေထိုင်သူများ အပေါ် ဆည်က မည်သို့ သက်ရောက်နိုင်သည်ကိုလည်း တွက်ချက်ရမည်။ ဆည်သည် ထိုသူတို့ကို တိုက်ရိုက် အကျိုး ပြု မပြု၊ သူတို့၏ ဘဝများအပေါ် ထိခိုက်မှု ရှိ မရှိ တို့ကို လေ့လာရမည်။ တစ်ဖန် ဆည်ဆောက်လိုက်သည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကို မည်သို့ သက်ရောက်နိုင်သလဲကိုလည်း အဖြေထုတ်ရမည်။ မြစ်ကြောင်း၊ တောတောင်၊ သားငှက် တိရစ္ဆာန်တို့ ထိခိုက်နိုင်သည်များကို သေချာစွာ လေ့လာ ဆန်းစစ်ရမည်။

စီးပွားရေးအရ မကိုက်လျှင် ဆောက်စရာမလို ရှင်းသည်။ စီးပွားရေးအရ ကိုက်လျှင် လူမှုရေးအရ အထိနာနိုင် မနာနိုင် စဉ်းစားရပြန်သည်။ သဘာဝ ပတ်ဝန်းကျင် အရရော။ ထိုသုံးခုလုံး တစ်ပတ် လည် အောင် စဉ်းစားပြီးလျှင် ဆည်ကို နဂိုမူလ စီစဉ်သည့်အတိုင်း ဆောက်လုပ်ခြင်း၊ နေရာရွှေ့ခြင်း၊ ဆည်အရွယ် ကြီးကြီးအစား အသေး ပြောင်းဆောက်ခြင်း၊ လုံးဝ မဆောက်တော့ခြင်း စသည့် မူဝါဒ ဆုံးဖြတ်ချက် အမျိုးမျိုး ပေါ်လာလိမ့်မည်။ ဆည်ရေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ပြီး မြို့သို့ ပို့မည် သို့မဟုတ် နိုင်ငံခြားသို့ ရောင်းစားမည်ဆိုလျှင် ဆည်ဆောက်သည့်အတွက် ရွှေ့ရ ပြောင်းရသူများ အရင်ဆုံး လျှပ်စစ်မီး ရသင့်သည်။ သူတို့ ဘဝ အခြေမပျက်အောင် လျော်ကြေးပေးခြင်း၊ လုပ်လက်စ အလုပ်ကို ဆက်လုပ်နိုင်အောင် ဖန်တီးပေးခြင်း၊ ကျောင်း၊ ဆေးရုံ စသည်တို့ ဆောက်လုပ်ပေးခြင်း၊ တတ်ကျွမ်းရာ အလုပ်ဖြင့် အသက်မွေးခွင့် မရတော့လျှင် အသက်မွေးပညာအသစ် သင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။ စက်ရုံ ဆောက်လျှင်လည်း ထိုအတိုင်း၊ တံတား ဆောက်လျှင်လည်း ထိုအတိုင်း ဆောင်ရွက်လျှင် ရေရှည်ခံ ဖွံ့ဖြိုးရေး ဖြစ်စေမည့် မူဝါဒများကို ပြည်သူတို့ အကျိုး ခံစားရလိမ့်မည်။

စီးပွားရေးတည်းဟူသော ရှုထောင့် တစ်ခုတည်းမှသာ စဉ်းစားလျှင် အကောင်းဆုံး အဖြေ ထွက်နိုင်ခြေ နည်းသွားသည်။ ရှုထောင့် သုံးထောင့်စလုံး စုံအောင် စဉ်းစားနိုင်မှသာ နိုင်ငံအတွက် အသင့်လျော်ဆုံး မူဝါဒ ပေါ်ထွက်လာလိမ့်မည်။

Credit To The Voice Weekly

Related Articles:

Post a Comment