Monday, July 22, 2013

တိုင်းရင်းသားများ လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်စေရန်အတွက် တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံတစ်ခု ကျင်းပရန် တောင်းဆို



ပြည်ထောင်စု တိုင်းရင်းသား သက်ကြီးဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုပွဲ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသားအားလုံး လိုချင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာစေရန် အတွက် တိုင်းရင်းသားများ ပါဝင်သည့် အမျိုးသား ညီလာခံတစ်ခုကို ကျင်းပပေးစေလိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဇူလိုင် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား သက်ကြီးဝါရင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများအား ဂါရ၀ပြုပွဲ အခမ်းအနားတွင် ပြောကြားသည်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်က ပေးခဲ့သည့် ကတိများကို အမျိုးသား ခေါင်းဆောင်ကြီး ကွယ်လွန်သွားချိန်တွင် ပျောက်ပျက် သွားခဲ့ရသောကြောင့် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရသည့် ပြည်တွင်းစစ်များအား သမိုင်းသင်ခန်းစာ များကိုယူပြီး ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများအား ဖြေရှင်းစေလိုသည်ဟု ပြောကြားသည်။
ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာရန် လွှတ်တော်တွင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သော်လည်း မည်သည့် အတိုင်းအတာအထိ ပြင်ဆင်နိုင်မည်ကို မသေချာသဖြင့် ဖက်ဒရယ် စနစ်ကို အာမခံသည့်၊ ဒီမိုကရေစီ ပီပြင်သည့်၊ တန်းတူညီမျမှုကို အာမခံနိုင်သည့် ဖွဲစည်းပုံ အခြေခံဥပဒေ တစ်ရပ်ကို ရရှိအောင် တည်ဆောက် ရတော့မည့်အချိန် တစ်ခုဖြစ်ပြီး ယခုရှိနေသည့် အခြေခံဥပဒေသည် ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို လည်းကောင်း၊ ယခုအစိုးရကိုသော် လည်းကောင်း ယုံကြည်မှု မရရှိနိုင်ခြင်းကြောင့် တိုင်းရင်းသားအားလုံး ယုံကြည်လက်ခံသည့် အခြေခံ ဥပဒေတစ်ခု ပေါ်ထွက်လာစေရန် အမျိုးသားညီလာခံ ကဲ့သို့သော ညီလာခံတစ်ခု ဖြစ်ပေါ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယခုရှိနေသည့် အခြေခံဥပဒေသည် ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲကို လည်းကောင်း၊ ယခုအစိုးရကိုသော် လည်းကောင်း ယုံကြည်မှု မရရှိနိုင်ခြင်းကြောင့် တိုင်းရင်းသားအားလုံး ယုံကြည်လက်ခံသည့် အခြေခံ ဥပဒေတစ်ခု ပေါ်ထွက်လာစေရန် အမျိုးသားညီလာခံ ကဲ့သို့သော ညီလာခံတစ်ခု ဖြစ်ပေါ်ရန် လိုအပ်ခြင်းဖြစ်...
ဒေါက်တာအေးမောင်က ''၁၉၄၇ ခုနှစ်က ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြည့်ဆည်းတဲ့ အနေနဲ့ သက်ရှိထင်ရှား ရှိနေကြတဲ့ နယ်ချဲ့ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေက ဦးဆောင်ပြီး ပင်လုံကဲ့သို့သော အမျိုးသား အားလုံးပါဝင်တဲ့ ညီလာခံကြီးကို ခေါ်ယူနိုင်မှသာလျှင် ပြည်တွင်းစစ်တွေလည်း ရပ်စဲသွားမယ်။ သယံဇာတ ခွဲဝေမှုတွေမှာလည်း မျှတမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တန်းတူညီမျှခွင့်တွေလည်း ရရှိကြမှာ ဖြစ်တယ်။ ရရှိလာတဲ့ အခွင့်အရေးတွေကို လက်ဆုပ်လက်ကိုင်ပြုပြီး ညှိနှိုင်းတိုင်ပင်ပြီး ပြည်ထာင်စု တစ်ခုလုံး သာယာဝပြောအောင် ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်လာအောင် ပင်လုံကဲ့သို့သော အမျိုးသား ညီလာခံတစ်ခုကို ခေါ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်'' ဟု ပြောကြားသည်။
ထို့အတူ ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီး စောလွင်ကလည်း လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုလားကြပြီး ပြင်ဆင်သည်ဟု ဆိုရာတွင် အနည်းငယ် ပြင်ဆင်ခြင်း မဟုတ်ဘဲ ပြင်သင့်သမျှ၊ ဖျက်သင့်သမျှ အားလုံးကို ပြင်ဆင်၊ ပယ်ဖျက် ပေးမှသာလျှင် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မည်ဖြစ်ကြောင်းနှင့် စစ်မှန်သော အမျိုးသား ပြန်လည်ညီညွတ်ရေး ဖြစ်ပေါ်မည် ဖြစ်သည်ဟု ပြောကြားသည်။
ဗိုလ်မှူးကြီး စောလွင်က ''ပင်လုံညီလာခံ ကတိက၀တ်တွေကို တစ်ဖက်သတ် ဖျက်သိမ်းခံရ၊ အာဏာနဲ့ ဖိနှိပ်ခံရတဲ့ အတွက် ငြိမ်းချမ်းရေးကို လိုချင်လို့ ကျွန်တော်တို့ လက်နက်ကိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ပါတယ်။ ဒါဟာတိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးလိုချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေကို အဖျားအနားလောက် ပြင်တာ မလိုချင်ပါဘူး။ ပြင်ဖို့လိုတာ မှန်သမျှ၊ ဖျက်ဖို့လိုတာမှန်သမျှ အရင်းအမြစ်အထိ လိုက်ပြီးတော့ စေ့စေ့စပ်စပ် ပြင်တာမျိုးပဲ ဖြစ်ရပါမယ်။ ဒါမှလည်း တန်းတူပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မှာပါ'' ဟု ပြောကြားခဲ့ကာ ၎င်းကဆက်လက်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖြစ်မှသာလျှင် စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ရမည်ဟု ပြောကြားသည်။ အမျိုးသား ပြန်လည်သင့်မြတ်မှသာ ပြည်တွင်းငြိမ်းချမ်းရေး ရမည်ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးရမှသာ စစ်အာဏာရှင် စနစ်ကို အပြီးတိုင် တိုက်ဖျက်နိုင်မည် ဖြစ်သည်ဟု ပြောကြားသည်။
ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်မှာ ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် လွှတ်တော်ပြင်ပတွင်သာ ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ အတွက် ပင်လုံကဲ့သို့သော ညီလာခံကို ကျင်းပနိုင်ရန် အတွက်လည်း ၎င်းက တောင်းဆိုသည်။
ထိုဂါရ၀ပြုပွဲကို တိုင်းရင်းသား လူငယ်များ ကွန်ရက်က ပထမဦးဆုံး အကြိမ်အဖြစ် ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သက်ကြီးဝါရင့် နိုင်ငံရေးသမား ၃၁ ဦးအား ဖိတ်ကြားခဲ့သော်လည်း ကျမ်းမာရေး အခြေအနေအရ ၁၁ ဦးမှာ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
Credit To Eleven Journal 

Related Articles:

Post a Comment