Monday, July 22, 2013

သယံဇာတ ပေါကြွယ်ဝသော်လည်း သန်း ၆၀ မျှသော ပြည်သူများ ဆင်းရဲနွမ်းပါး နေသည်မှာ မည်သည့် နေရာတွင် မှားယွင်းနေ သနည်းဟု သမိုင်းပညာရှင် ဦးစိုင်းအောင်ထွန်း မေးခွန်းထုတ်



သမိုင်းပညာရှင် တစ်ဦးဖြစ်သည့် ရှမ်းအမျိုးသား ၀ါရင့်နိုင်ငံရေး သမားကြီး ဦးစိုင်းအောင်ထွန်းက မြန်မာပြည်သည် သယံဇာတ ပေါများသော်လည်း မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသည့် သန်း ၆၀ မျှသော ပြည်သူများ ဆင်းရဲနွမ်းပါး နေသည်မှာ မည်သည့်နေရာတွင် မှားယွင်းနေ သနည်းဟူ၍ တော်ဝင်နှင်းဆီ ခန်းမတွင် ဇူလိုင် ၂၂ ရက်က ကျင်းပသည့် တိုင်းရင်းသား ၀ါရင့်နိုင်ငံရေး သမားများ ဂါရ၀ပြုပွဲတွင် မေးခွန်းထုတ်လိုက်သည်။

ဦးစိုင်းအောင်ထွန်းက ''ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ သန်း ၆၀ ရှိတယ်။ လုပ်မယ်ဆိုရင် လုပ်စရာတွေ အများကြီးရှိတယ်။ ပြောရမယ်ဆိုရင် လူတောင်မလောက်ဘူးဗျ။ တကယ်လို့ ကျွန်တော်တို့ဆီမှာ လုပ်ရမယ်လို့ စီမံချက်မျိုးရှိရင် လူဦးရေ သန်း ၆၀ ဆိုတာ လူတောင် မလောက်ပါဘူး။ သူများ သန်း၂၀၀၊ သန်း ၁၀၀၀ ကိုတောင် ကျွေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ သန်း ၆၀ ကို မကျွေးနိုင်ဘူး။ မကူညီနိုင်ဘူး။ မစောင့်ရှောက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်နေရာမှာ မှားနေလဲ။ ပြီးတော့လဲ ကျွန်တော်တို့ဆီမှာ သယံဇာတတွေ အများကြီး ရှိနေတယ်။ ဒါပေမဲ့ ထမင်းငတ်နေတယ်။ ချို့တဲ့နေတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတာကို သေချာစဉ်းစား ကြည့်ရမယ်။ ဘယ်နေရာမှာ အံချော်နေလဲ ဆိုတာကို အားလုံးက ၀ိုင်းစဉ်းစားရမှာပါ'' ဟု ပြောကြားသည်။

ထို့နောက် ပညာတတ်သူများ တိုင်းပြည်ပြင်ပကို ရောက်ရှိပါက Brain Drain ဟု ခေါ်ဆိုနိုင်ပြီး တိုင်းပြည်အတွင်းမှ လူအတော်များများ ရွှေ့ပြောင်းနေခြင်းမှာ Brain Drain တွင်မကတော့ဘဲ Human Drain ဟု ခေါ်ဆိုကြရမှာ ဖြစ်ကြောင်းနှင့် ဤတိုင်းပြည်အတွင်း တိုင်းရင်းသား မျိုးနွယ်စုများ အဘယ်ကြောင့် အတူတကွ နေထိုင်ကြသည်ကို လေ့လာရန် လိုသလို ဤတိုင်းပြည်မှ ပြင်ပသို့ အဘယ်ကြောင့် ထွက်ခွာလိုသည်ကိုလည်း သေချာလေ့လာ ဆန်းစစ်ရန် လိုအပ်သည်ဟု အကြံပြုခဲ့သည်။

ထို့အပြင် တိုင်းပြည်များအား လေ့လာရာတွင် သုံးမျိုးသုံးစား ခွဲထားကြောင်းနှင့် ထိုအမျိုးအစားများမှာ Strong State, Weak State, Failed State တို့ဖြစ်ပြီး Strong State ဆိုသည်မှာ အင်အားကောင်းမွန်ကာ အရာရာ အညီအမျှ တိုးတက်နေကြခြင်း ဖြစ်ပြီး Weak State ဆိုသည်မှာ တိုးတက်မှု မညီမျှသောကြောင့် အင်အားမကောင်းသော တိုင်းပြည်မျိုးဖြစ်ကာ Failed State ဆိုသည်မှာ အင်အား မကောင်းရုံ မကတော့ဘဲ ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်ကာ တိုင်းပြည်ပြိုကွဲနေသော အခြေအနေမျိုး ဖြစ်သည်ဟု ရှင်းလင်းခဲ့သည်။ ထို့နောက် မိမိတိုင်းပြည်သည် မည်သည့် အဆင့်တွင် ရှိနေသည်ကို ကိုယ်တိုင်သုံးသပ်ကာ မည်သည့် အဆင့်အထိ ရောက်လိုသည်ကို သေချာသုံးသပ် နိုင်မှသာ မိမိတို့ ရည်မှန်းချက် အောင်မြင်မည် ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် မြန်မာပြည်၏ ပင်လုံစိတ်ဓာတ်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ကြရကြောင်းကို ဦးစိုင်းအောင်ထွန်းက ''တစ်ခါက ကောင်လေး တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း အရုပ်ရဲ့ အိတ်ထောင်ထဲကို နှိုက်ကြည့်တယ်။ လူကြီးတွေက ကောင်လေး ဘာလုပ်တာလဲ ဆိုတော့ ပင်လုံစာချုပ် ဗိုလ်ချုပ်အိတ်ထဲ ပါသွားလား သိချင်လို့တဲ့။ စာချုပ်ကတစ်ခု၊ စိတ်ဓာတ်က တစ်ခု၊ စိတ်ဓာတ်ကြောင့်သာ စာချုပ်ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မရှိတော့ဘူး။ သူပြောတဲ့ စကားတွေကိုလည်း ဘယ်သူကမှ မလိုက်နာဘူး။ သူထားခဲ့တဲ့ လမ်းစဉ်ကို ဘယ်သူကမှ မကျင့်သုံးဘူး။ ဒါကြောင့် ဒီလောက်အထိ ဖြစ်သွားတယ်။ အဲဒါ သူမရှိလို့ဖြစ်တာ သူပြောသလို မလုပ်လို့ ဖြစ်တာ။ ပင်လုံစိတ်ဓာတ်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ရတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးရတာလို့ ပြောရင်မမှားဘူး။ ပင်လုံ စိတ်ဓာတ်ကြောင့်ပဲ ဒေါ်စုပေါ်လာတယ်လို့ ပြောရင်မမှားဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပင်လုံစိတ်ဓာတ်ကြောင့်ပဲ ကုလသမဂ္ဂမှာ အစောဆုံး အဖွဲ့ဝင် ဖြစ်ခဲ့ရတာပါ။ ဒါကြောင့် ပင်လုံစိတ်ဓာတ်ဆိုတာ ဘယ်လို ဖျောက်ဖျောက် မပျောက်ပါဘူး'' ဟု ပြောကြားသည်။

ထို့နောက် ပင်လုံကတိ ပျက်ခဲ့သောကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရပြီး ထိုပြည်တွင်းစစ်အတွင်း သေဆုံးသူများ၏ စာရင်းကို ထုတ်ပြန်ရန် မလွယ်ကူကြောင်းနှင့် ပြည်တွင်းစစ်အတွင်း မိမိ၏ ကိုယ်ပိုင်မဟုတ်သော လက်နက်များဖြင့် အချင်းချင်း ပစ်ခတ်နေကြရခြင်းကြောင့် တိုင်းပြည်၏ အရှုံးများသာ ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အဆုံး၌ ကမ္ဘာကြီးပေါ်တွင် စနစ်အမျိုးမျိုး ကျဆုံးသွားရသော်လည်း ရောမခေတ် ကတည်းက စတင်ခဲ့သည့် ဒီမိုကရေစီ စနစ်သာ ကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲမည် ဆိုပါက ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော အတွေးအခေါ်ကို ပြောင်းလဲဖို့ အရေးတကြီး လိုအပ်သည်ဟု ပြောကြားကာ နိဂုံးချုပ်ခဲ့သည်။

Credit To EMG

Related Articles:

Post a Comment