Thursday, July 25, 2013

ထိုင်းဘုရင့် နန်းတော်တွင်းမှ ဟံသာဝတီအဆက်မွန်မိဖုရားများ.


ယနေ့ထိုင်းနိုင်ငံ ယဉ်ကျေးမှုမှာ ရှေးမွန်ဘုရင့်နိုင်ငံတော်တွေရဲ့ ကျေးဇူးမကင်းခဲ့ကြောင်း အခြေအတင် ငြင်းခုံမှုတွေဟာ ဒီလ (အောက်တိုဘလ) အစောပိုင်း ဘန်ကောက် နှီးနှောဖလှယ်ပွဲမှာ ရှင်းလင်း ထင်ရှားသွားခဲ့တယ်။ အဲဒီနှီးနှောဖလှယ်ပွဲက ဗမာတွေ အမြစ်လာလှန်ခဲ့ပြီး ထိုင်းနိုင်ငံကို မောင်းထုတ်ခံခဲ့ရတဲ့ အဲဒီယဉ်ကျေးမှုဟာ ပြန်လည်ရှင်သန်လာတဲ့ ထိုင်းဘုရင် စနစ်အတွင်းမှာ မျိုးစေ့ချ သန္ဓေတည်ခဲ့ကြောင်း ဖော်ထုတ်ပြခဲ့တယ်။ ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပတဲ့ အဲဒီ နှီးနှောဖလှယ်ပွဲကို အာရှရေးရာ လေ့လာရေးဌာန (IAS)က စည်းရုံးဦးဆောင် ကျင်းပပေးခဲ့တာ ဖြစ်တယ်။

မွန်ဘုရင့်နိုင်ငံဟာ ကျူးကျော်သူတွေရဲ့လက်အောက်ကို (1757) ခုနှစ်မှာ ကျရောက်ခဲ့တယ်။ အယုဒ္ဓယရဲ့ ထိန်းချုပ်မှုအောက် အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ ရှိခဲ့တဲ့ အဲဒီဒေသကို မွန်တွေဟာ ဗမာဘုရင်လက်အောက်မှာ နေရမဲ့အစား ဆုတ်ခွာပြောင်းရွေ့ လာကြတယ်။ အယုဒ္ဓယနဲ့ နောက်လာမည့် အခြားထိုင်းနိုင်ငံ ဘုရင့်နေပြည်တော်တွေမှာ မွန်မျိုးနွယ် အမျိုးသမီး (၅၀) လောက်ဟာ ဘုရင့်မိဖုရား တွေနဲ့ ယနေ့ချတ်ကရီမင်းဆက် ဘုရင်တွေရဲ့ မိခင်တွေ ဖြစ်လာခဲ့ကြတယ်။ ပထမနဲ့ ဒုတိယရာမာ (Rama) မင်းဆက် နှစ်ဆက်မှာ မွန်မိဖုရား (၇) ပါးစီ ရှိကြပြီး တတိယရာမမင်းမှာ (၄) ပါးနဲ့ စတုတ္ထ ရာမမင်းမှာ မွန်မိဖုရား (၆) ပါး ရှိခဲ့ကြတယ်။ ပဉ္စမ ရာမမင်းမှာ မွန်မိဖုရား (၂၆) ပါး ရှိပြီး အဲဒီထဲက (၉) ပါးဟာ မင်းသားနဲ့ မင်းသမီးတွေ မွေးဖွားသန့်စင်ပေးခဲ့ကြတယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ ပါဝင်တင်ပြ ဆွေးနွေးသူတွေရဲ့ တင်ပြချက်အရဆိုရင် အဲဒီမိဖုရားတွေဟာ သူတို့ရောက်ရာနန်းတော်တွေကို မွန်ဓလေ့ မွန်ထုံးစံ မွန်အသုံးအဆောင်ပစ္စည်းတွေနဲ့ အသွင်ပြောင်း ပစ်ကြတယ်။ အခြားမွန်အမျိုးသမီးတွေကိုလည်း နန်းတွင်းမှာ ထပ်ခေါ်ပြီး အမှုတော် ထမ်းစေကြတယ်။


ထိုင်းနိုင်ငံဖွား မွန်ပညာရှင် အွန်ဗန်ဂျွန် (Ong Bunjom)က “ထိုင်းမှာရှိတဲ့ အခြားမျိုးနွယ်စုတွေလိုပဲ မွန်အမျိုးသမီးတွေဟာ ထိုင်းဘုရင့် နန်းတော်ထဲမှာ ခြားနားတဲ့ ကဏ္ဍအဆင့်နေရာ အမျိုးမျိုးနဲ့ ရှိနေခဲ့ကြတယ်။ မွန်မှူးမျိုးမတ်နွယ်တွေဟာ မိမိသမီးတော်တွေကို နန်းတော်မှာ အမှုထမ်းစေတာဟာ ထုံးစံပါဘဲ။ ဒါဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အစီအမံ ဖြစ်ပါတယ်။ နန်းတော်အတွက် မှူးမတ်ရဲ့ သစ္စာရှိမှုကို ပြရာရောက်ပြီး မှူးမတ်ကိုယ်တိုင်အတွက်ကတော့ ဘုရင့်သူကောင်းပြုမှုနဲ့ ဘဝလုံခြုံရေး အာမခံချက်ကို ရရှိစေပါတယ်” လို့ ပြောပါတယ်။ အွန်ဟာ မကြာသေးခင်ကဘဲ သူ့ရဲ့ ဘွဲ့လွန်စာတမ်း “ရတနာကိုးစင်ခေတ် (1782-1932) ထိုင်းဘုရင့်နန်းတော်တွင်းမှ မွန်အမျိုးသမီးများ”ကို အပြီးသတ်ခဲ့တယ်။ သူက မွန်မိဖုရားတွေ အမြဲတမ်း ဘုရင့်သွေးကို ဝမ်းမှာလွယ်ချင်ကြတယ်။ ဒီနည်းနဲ့ ပိုပြီးမြင့်တဲ့ ဘဝတက်လမ်း အာမခံချက်ရှိအောင် လုပ်ကြကြောင်း အွန်က မှတ်ချက်ချပါတယ်။ မွန်မိဖုရား အားလုံးတွေထဲက မွန်မျိုးမွန်နွယ် မိဖုရား (၂၁)ပါးဟာ ချတ်ကရီမင်းဆက် မင်းသား၊ မင်းသမီးတွေရဲ့ မယ်တော်တွေ ဖြစ်လာကြတယ်။

ဘုရင်အက်ကာသက် (E. Ka-that) လက်ထက်မှာ အယုဒ္ဓယနန်းရောက် မွန်အမျိုးသမီးတွေထဲက တော်ဆွန်လာန်ဒါန်သုန်မွန် (Tao Sangkandarn Thargmon) ဆိုတဲ့ မွန်အမျိုးသမီးဟာ မင်းသားတပါးနဲ့ အဦးဆုံး စုလျားရစ်ပတ် ထိမ်းမြားခဲ့တယ်။ သူမဟာ တက်ဆက် (Thaksin) ဘုရင့်မှူးမတ် မဒေါက် (Ma-dod) ရဲ့ ညီမငယ်ဖြစ်တယ်။ သူမရဲ့ ချက်ကရီမင်းဆက်အတွက် သမီးဦးဟာ ပထမရာမမင်းရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာတယ်။ သူမကို နတ်စ် (Nak) လို့ လူသိများပေမယ့် နောက်ပိုင်းမှာ ကရွမ်ဆွမ်ဒက်ဖရာအင်ဒရာမတ် (Krom Sondij Phra Indramart) ဘွဲ့တံဆိပ် ပေးသနားခြင်းခံ ရတယ်။ သူမကို အမာရင်တြာ မိဖုရားကြီး (Queen Amarintra) လို့လည်း ခေါ်ကြတယ်။ သူမရဲ့ ရင်သွေးတော် (၁၀) ပါးထဲက သားတော်ဟာ ဒုတိယရာမဘုရင် ဖြစ်လာတယ်။ ပထမရာမမင်းမှာ မိဖုရား (၂၈) ပါးရှိတဲ့အနက် (၇) ပါးက မွန်တွေဖြစ်ပြီး နတ်စ်က မိဖုရားခေါင်ကြီး ဖြစ်တယ်။ ဒါဟာ မွန်ရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့ ရင်သွေးတော်တွေကို မွေးမြူထိန်းကျောင်းနိုင်ဖို့ ဆွေမျိုးသင်္ဂဟ အမြောက်အများ နန်းတော်ရောက်လာဖို့ လမ်းခင်းပေးသလို ဖြစ်နေခဲ့တယ်။ အကျိုးဆက်အနေနဲ့ မွန်တွေရဲ့လက်မှာ ကြီးပြင်းလာခဲ့တဲ့ ဒုတိယရာမဟာ မွန်တွေကို သိပ်ချစ်မြတ်နိုးပြီး မွန်မိဖုရားလေးပါးနဲ့ ရင်သွေးရတနာတွေ ရရှိခဲ့တယ်။ အွန်ဟာ “1814 မှာ ဒုတိယရာမာမင်းဟာ သူရဲ့ (၁၀) နှစ်သား သားတော်မောင်းကွတ် (Mongkut) ကို ဗမာပြည်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ဆွေမျိုးတော်တွေကို သွားကြိုဖို့ စေလွှတ်ခဲ့တယ်” လို့ပြောတယ်။ အဲဒီမောင်းကွတ်မင်းသားဟာ စတုတ္ထရာမာမင်းအနေနဲ့ နန်းဆက်ခံတဲ့အခါ မွန်မိဖုရား (၆) ပါး ရှိခဲ့တယ်။ သူရဲ့ မိဖုရားခေါင်ကြီးဟာ မွန်ဖြစ်ပြီး ဘွဲ့တော်က ကရွမ်ဆွမ်ဒက်ဖရာ သက်ဆီရင်တြာမတြာ (Krom Somdej Phara Thepseirintrama Taya) ဖြစ်တယ်။ သူမဟာ ရင်သွေးရတနာ (၄) ပါးထွန်းကားပြီး အနာဂါတ်မှာ ပဉ္စမရာမာမင်း ဖြစ်လာခဲ့ ချူလာလောင်ကွန် မင်းသား အပါအဝင် ဖြစ်တယ်။

ချူလာလောင်ကောင် မင်းသားဟာ ငယ်စဉ်ကတည်းက မွန်ဓလေ့ထုံးစံတွေနဲ့ ယဉ်ပါးနေခဲ့ပြီး ဒီယဉ်ကျေးမှုကို ချစ်မြတ်နိုးသူလည်း ဖြစ်တယ်။ သူဟာမွန်မိဖုရား (၂၆) ပါးထိ ရယူခဲ့တယ်။ သူရဲ့ မယ်တော်ဈာပနာအခမ်းအနားမှာ မွန်ယဉ်ကျေးမှုအဆိုအကအဖွဲ့ကို ဖြေဖျော်ခွင့်ပေးခဲ့တယ်။ ဒါဟာ မွန်အနုပညာရှင်တွေအနေနဲ့ ထိုင်းနန်းတော်တွင်း ပထမဦးဆုံးအကြိမ် ဖြေဖျော်ခွင့်ရတာ ဖြစ်တယ်။ မောင်းကွတ်ဘုရင်ရဲ့ မိဖုရားနဲ့ သားတော် သမီးတော်တွေအတွက် စာသင်ပေးရတဲ့ ဆရာမ အန်နာ (Anna Deonoroens) မိဖုရားခေါင်နဲ့ ပါတ်သက်ပြီး အတွေ့အကြုံ အများကြီး ရှိခဲ့တယ်။ သူမရဲ့ “အင်္ဂလိပ် အုပ်ချုပ်မှုနဲ့ ထိုင်းဘုရင့်နန်းတော်” စာအုပ်မှာ မိဖုရားခေါင်ရဲ့ အတွင်းရေးတွေနဲ့ ပတ်သက်ပြီး အခန်းတခန်စာ အသားပေး ရေးသားခဲ့တယ်။ သူမက မမွှေးငုံ (Hidden Perfume) လို့ခေါ်တဲ့ မိဖုရားတပါးဟာ နန်းတွင်းရေး ဝင်ရောက်စွက်ဖက်မှုနဲ့ အကျဉ်းချ ခံခဲ့ရတဲ့ အကြောင်း ရေးသားထားတယ်။ သူမရေးထားတဲ့အတိုင်းဆိုရင် “သူမဟာ သားတော်မောင်ကတဆင့် အရင်သူ့ဘကြီးတော် နေရာမှာ သူမရဲ့ နောင်တော်ကို ခန့်အပ်ဖို့ အသနားခံတယ်။ ဘုရင့်မင်းမြတ်က အဲဒီနေရာမှာ အခြားအမတ်တယောက် ရွေးထားပြီးသားဆိုတာ မသိရှာဘူးတဲ့။ အွန်က ရှင်းပြပါတယ်။ အဲဒီမမွှေးငုံဆိုသူဟာ ချာချွမ်မန်ဒါဆွန်စလင် (Chaochom Marnda Sonklin) ဖြစ်ပြီး မင်းသားကရစ်ဒါဖီဟန် (Kriradaphiharn) ရဲ့ မွန်မျိုးနွယ်မယ်တော်ဖြစ်တယ်။ သူက ဆက်ရှင်းပြပါတယ်။ “မင်းဆက်တိုင်းမှာ မွန်နန်းတွင်းသူတွေဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု ရှိကြတယ်။ တိုက်ရိုက်မဟုတ်ပေမဲ့ သြဇာအာဏာ အပြည့်ရှိကြတယ်။ မိဖုရားခေါင်ကြီး (သို့) မိဖုရားဖြစ်လာတဲ့ သူတိုင်း မိမိဆွေမျိုး သားချင်းတွေရဲ့ နန်းတွင်း ရာထူးတက်လမ်း ဖြောင့်ဖြူးဖို့ ကူညီကြတယ်။ ဒါကြောင့်မင်းသား မယ်တော်တွေနဲ့ ချတ်ကရီမင်းတွေက ဆက်နွယ်ဆင်းသက်သူ အားလုံးဟာ ထိုင်းနိုင်ငံရေးမှာ ကြီးစွာ ပါဝင်ပါတ်သက်မှု ရှိကြတယ်။”

မိဖုရား မမွှေးငုံအနေနဲ့ အမှန်တကယ် နခွန်ခေါ်နီကန်မြို့ (Maung Kakhon Kaunakan) စားလည်းဖြစ်စေချင်တာ သူ့မောင်တော်ဘဲ ဖြစ်တယ်။ အဲဒီမြို့က အခုဖရပရာဒင် (Phra Pradaeng) ခရိုင်ဖြစ်တယ်။ အင်နာဟာ မမွှေးငုံအတွက် ကြားဝင် ပြောဆိုပေးရာမှာ အောင်မြင်မှု ရခဲ့တယ်။ သူမကို အကျဉ်းကလွှတ်ပြီး စာဆက်သင်ခွင့် ပြုလိုက်တယ်။ ဒီအဖြစ်အပျက်မှန်ကြောင်း ၁၈၆၅ ခုနှစ် အင်နာဆီဘုရာင်မင်းမြတ် ရေးတဲ့ စာလွှာအရ သိရတယ်။ “သင့်ကိ အသိပေးချင်တာက သင့်ကျောင်းသူ မကလင် (Lady Klin) ကို ဘုရင့်ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တာဘဲ ဖြစ်တယ်။” အဲဒီစာလွှာထဲမှာ ပါတယ်။

အင်နာရဲ့ စာအုပ်ထဲမှာ “ကျောင်းသူတယောက်အနေနဲ့ သူမဟာ ထူးထူးခြားခြား စာရုံစူးစိုက်မှုရှိပြီး လုံလဝိရိယလည်း ကောင်းပါတယ်။ အင်္ဂလိပ်စာ အဖတ်နဲ့ဘာသာပြန်ရာမှာ တိုးတက်မှုဟာ အံ့မခန်းပါဘဲ”လို့ ရေးထားပါတယ်။ သူမရဲ့ ဘာသာပြန်ချက်များထဲမှာ ကျွန်ဆန့်ကျင်ရေးဝတ္ထု “ဦးလေးတွမ်” (Uncle Tom’s Calin)လည်း ပါဝင်ပါတယ်။ အဲဒီစာအုပ်က မိဖုရားကို ကျွန်တွေပေါ် သက်ညှာကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး အခပေးမှုတွေ စတင်လာစေခဲ့ပါတယ်လို့ အွန်က ပြောပါတယ်။ သူမက ထိုင်းနိုင်ငံ ကျွန်ပြုမှု ဖျက်သိမ်းရေး ပထမဆုံးလိုလားသူများထဲမှာ ထည့်သွင့်နိုင်တယ်လို့လည်း ပြောတယ်။

စတုတ္ထ ရာမမင်းလက်ထက်မှာ တစ်လင်တစ်မယားစနစ် တွင်တွင်ကျယ်ကျယ် ချမှတ်လာတာနဲ့အမျှ မွန်နန်းတွင်းသူတွေ အရေအတွက် ကျဆင်းခဲ့ရတယ်။ များစွာသော မွန်မိဖုရားဟောင်းတွေဟာ မွန်ဓလေ့ထုံစံကို ထိုင်းလူ့အဖွဲ့အစည်းတွင်း ရောယှက်ပေါင်းစပ်နိုင်ဖို့ ကဏ္ဍတရပ်အနေနဲ့ ဆက်လက်ပါဝင်ခဲ့ကြတယ်။

“မွန်တွေရဲ့၊ ဘာသာရေး၊ အနုပညာနဲ့ ယဉ်ကျေးမှုဟာ နန်းတွင်းကနေ အရပ်ထဲကို ပျံ့နှံ့သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတိတ်နဲ့ ပစ္စုပ္ပန်က ထိုင်းအုပ်ချုပ်ရေးမှာ ပါဝင်သူများစွာဟာ မွန်မျိုးနွယ်တွေ ဖြစ်လို့ပါဘဲ”လို့ အွန်က မှတ်ချက်ပြုပါတယ်။

(27/ 10/ 07 ရက်နေ့ထုတ် The Nation သတင်းစာပါ Suthatra Bhimiphrabhas ရဲ့ Mon Lives and Mothers of Kings ကို ပြန်ဆိုပါတယ်။

Related Articles:

Post a Comment