Sunday, July 21, 2013

အာဇာနည်နေ့ အနီးတစ်ဝိုက် နိုင်ငံရေး ရာသီဥတု



တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် (၆၆)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းစဉ်
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်ခဲ့သော (၆၆) ကြိမ်မြောက် အာဇာနည်နေ့နှင့် အနီးတစ်ဝိုက် ကာလတွင် မျက်မှောက်မြန်မာ့နိုင်ငံရေး၌ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် ဖြစ်စဉ်အချို့နှင့်အတူ အကောင်းဘက်သို့ ပိုမိုဦးတည်သည်ဟု ယူဆနိုင်သော နိုင်ငံရေးခြေလှမ်း အချို့ကို သတိပြုမိသည်။ ထို့ကြောင့် ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြုလျက် မိုးအုပ်လိုက်၊ မိုးရွာချလိုက် ဖြစ်နေခဲ့သော ၂၀၁၃ ခုနှစ် အာဇာနည်နေ့ အနီးတစ်ဝိုက် နိုင်ငံရေး ရာသီဥတုသည် သာယာသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။
ယခုနှစ် အာဇာနည်နေ့ အခမ်းအနားများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေး အနှစ်သာရကဲသော၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ပိုသာသော၊ အမျိုးသားပြန်လည် သင့်မြတ်ရေး အသွင်ဆောင်သော လူထုလှုပ်ရှားမှုများဟု မှတ်ချက်ပြုနိုင်သည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လွတ်လပ်လပ် လုပ်နိုင်ခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ နိုင်ငံရေး အနှစ်သာရပိုင်းအရပြောလျှင် လွတ်လပ်ရေးအလွန် အခင်းအကျင်းတွင် နိုင်ငံရေး အသွေးအရောင် အစုံဆုံး၊ လူထုပါဝင်မှု အမြင့်မားဆုံး အထိမ်းအမှတ် အခမ်းအနား တစ်ခုဟုပင် မှတ်ချက်ပြုနိုင်သည်။ ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုလိုင်းများ၊ အက်ဖ်အမ် ရေဒီယိုလိုင်းများ၊ သတင်းစာများနှင့် ဂျာနယ်များတွင် အာဇာနည်နေ့အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများတို့ အကြောင်းတို့နှင့် ဖွေးဖွေးလှုပ် ဂုဏ်ပြုအမှတ်ရ နေခဲ့ကြသည်ကိုကြည့်ပြီး မျက်ရည်လည်မိ ၀မ်းသာလုံးဆို့မိသည်။
၂၀၁၃ ခုနှစ် အာဇာနည်နေ့ အခမ်းအနားကို ယခုကဲ့သို့ နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပနိုင်ခဲ့မှုတွင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများတို့၏ ဟန်ချက်ညီညီ၊ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက် မှုသည်လည်း အလွန်ပဓာန ကျသည်။ နောင်လာမည့် နှစ်များတွင်လည်း ယခုနှစ်ထက် ပိုမိုကြီးကျယ်သော၊ တစ်နိုင်ငံလုံး ပါဝင်သော၊ နိုင်ငံရေး အနှစ်သာရ မြင့်မားသော အမျိုးသား လှုပ်ရှားမှုကြီးအဖြစ် အာဇာနည်နေ့ကို ကျင်းပနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
မြန်မာနိုင်ငံတွင် အာဇာနည်နေ့ အခမ်းအနားကို လူထုပါဝင်မှု၊ နိုင်ငံရေးရေချိန်မြင့်မြင့် ကျင်းပနေချိန်၌ သမ္မတဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံမှတစ်ဆင့် ပြင်သစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသည်။ နိုင်ငံခြား အလည်အပတ် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်တွင် သမ္မတအဖြစ် ပြန်အရွေးခံမည် မဟုတ်ကြောင်း ဆိုင်းမဆင့်ဗုံမဆင့် ထုတ်ဖော်ပြောကြားမှုသည် ပြည်တွင်းနိုင်ငံရေး အခင်းအကျင်းအပေါ် များစွာသက်ရောက်မှု ရှိလာနိုင်ပြီး နိုင်ငံရေးအရ သုံးပွင့်ဆိုင်ပုံစံမှ စီးချင်းထိုးသည့် ပုံစံသို့ ပြောင်းလဲလာစေနိုင်ဖွယ် ရှိနေသည်ကိုလည်း သတိပြုမိသည်။
သမ္မတ ဦးသိန်းစိန်၏ အင်္ဂလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဇူလိုင် ၁၆ ရက်၊ ပန်ခရက်စ်ရီနေးဆန့် ဟိုတယ်တွင် ဘီဘီစီနှင့် သီးခြားတွေ့ဆုံ မေးမြန်းခန်း၌ သမ္မတဦးသိန်းစိန် အနေဖြင့် အသက်အရွယ်နှင့် ကျန်းမာရေးအရ သမ္မတ ဒုတိယသက်တမ်းကို တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိကြောင်း၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူ၏ပြိုင်ဘက်များ မဟုတ်ကြောင်းတို့ကို တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒုတိယသက်တမ်း အရွေးမခံလိုကြောင်း ပြောဆိုမှုသည် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား သမ္မတနေရာ အရွေးခံရရေးအတွက် နိုင်ငံရေးအရ မျက်နှာချင်းဆိုင် စီးချင်းထိုးရမည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။
သမ္မတဦးသိန်းစိန်နှင့် ဘီဘီစီ တွေ့ဆုံမေးမြန်းခန်းနှင့် မရှေးမနှောင်း ဇူလိုင် ၁၇ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နေပြည်တော် ပြည်သူ့လွှတ်တော်၌ လွှတ်တော်သတင်းများ လာရောက်ယူနေသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကိစ္စ၊ လယ်ယာမြေ သိမ်းယူမှုကိစ္စ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ လက်ရှိအပြောင်းအလဲ အနှေးအမြန် ကိစ္စ၊ သမ္မတအဖြစ် လုပ်ခွင့်ရှိလျှင် လုပ်လိုသည့် ကိစ္စ၊ ပုံနှိပ်နှင့်ထုတ်ဝေ ဥပဒေ၊ လျှပ်စစ်ဥပဒေ ကိစ္စများကို အကျယ်တ၀င့် ဖြေကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် မကြာမီ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌဖြစ်လာမည့်သူ တစ်ဦး၏ သတင်းမီဒီယာများနှင့် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဖြေကြားမှုသည် အားရဖွယ်ခြေလှမ်းတစ်ခုဟု သတ်မှတ်ရမည် ဖြစ်သည်။
သတင်းမီဒီယာများနှင့် ပုံမှန်ထိတွေ့မှုမှတစ်ဆင့် အစိုးရ ခေါင်းဆောင်များ၊ လွှတ်တော်အကြီးအကဲများ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများသည် ထင်မြင်ချက်များ၊ အသိအမြင်များ၊ သုံးသပ်ချက်များ၊ မှတ်ချက်များ၊ သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ အလျင်အမြန် ပို့ဆောင်နိုင်သည်ကို တန်ဖိုးထားရမည် ဖြစ်သည်။ သို့သော် သတင်းမီဒီယာများ အနေဖြင့် ပြည်သူလူထုအတွက် လိုအပ်တန်ဖိုးရှိမည့် အကြောင်းအရာများကိုသာ တည်းဖြတ်ထည့်သွင်းမည် ဖြစ်သဖြင့် ခေါင်းဆောင်များနှင့် အကြီးအကဲများ ပြောသမျှအားလုံးကို ဖော်ပြနိုင်မည် မဟုတ်သည်ကို လိုရာဆွဲရေးသည်၊ ဘက်လိုက်သည်ဟု မှတ်ချက်မပြုနိုင်သည်ကိုလည်း ဆင်ခြင်သင့်သည်။ မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များသည် သတင်းမီဒီယာများကို တန်ဖိုးထားလာပြီး ထိတွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ် လာခြင်းအပေါ် အကောင်းမြင်ရမည်သာ ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားကို လုပ်ပေးနိုင်ဖို့ ယနေ့တာဝန် ထမ်းဆောင်နေခြင်းဖြစ်ပြီး နိုင်ငံနှင့်နိုင်ငံသားများ အကျိုးစီးပွားကို အမြင့်ဆုံး လုပ်ပေးနိုင်မည့် သမ္မတတာဝန်ကို ထမ်းဆောင်လိုကြောင်း အမေရိကန်ခရီးစဉ်အတွင်း ပြောကြားချက်ကို နေပြည်တော်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထပ်မံအတည်ပြု ပြောကြားခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် သမ္မတလောင်း နှစ်ဦး၏ အနေအထားကိုကြည့်လျှင် သူရဦးရွှေမန်း အနေဖြင့် သမ္မတဖြစ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှု လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု လိုအပ်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၏ အခန်းကဏ္ဍမှာလည်း အဓိကကျနသည်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက်နိုင်ရေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နိုင်ငံတော်အကြီးအကဲ အခန်းပါ ပြဋ္ဌာန်းချက်များနှင့် ညှိစွန်းနေသဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များကို မပြင်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်၊ မဖြစ်နိုင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် အစီရင်ခံစာအပေါ်တွင် တည်မှီနေမည် ဖြစ်သည်။ ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသင့်သော ပုဒ်မများကို ပူးပေါင်းကော်မတီ အနေဖြင့် ဆုံးဖြတ်ပြီး ပြည်ထောင်စု လွှတ်တော်ကို အစီရင် ခံမည်ဖြစ်သဖြင့် ကော်မတီ၏ အဆုံးအဖြတ်များသည် ကော်မတီ၏ ဖွဲ့စည်းပုံနှင့် ဆက်စပ်နေသည်။ ကော်မတီအဖွဲ့ဝင် ၁၀၉ ဦးတွင် လွှတ်တော်နှစ်ရပ်မှ အချိုးညီညီ၊ နိုင်ငံရေး ပါတီများမှ အချိုးကျ၊ ကိုယ်စားလှယ်များ ပါဝင်သဖြင့် ပြည်ခိုင်ဖြိုးပါတီသည် ကော်မတီဝင် ၅၀ ကျော်၊ အန်အယ်လ်ဒီပါတီသည် ကော်မတီဝင် ခုနစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ဦး အသီးသီး ပါဝင်မည်ဖြစ်သည်။ ပူးပေါင်းကော်မတီ ဖွဲ့စည်းရာတွင် အချိုးကျ ကိုယ်စားပြုသည့် စနစ်ပုံစံကို အခြေခံထားသည်ကိုလည်း တွေ့ရသည်။
အာဇာနည်နေ့အလွန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အခင်းအကျင်းသည် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေး စီးချင်းထိုးမည့် အခင်းအကျင်းလား နိုင်ငံရေးပေါင်းထုပ်မည့် အခင်းအကျင်းလား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့သည် ပြည်သူလူထုကို မျက်နှာမူနေသရွေ့ . . . . .
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေတို့သည် မြန်မာဂျာနယ်လစ်ကွန်ရက် (အမ်ဂျေအန်)နှင့် သတင်းမီဒီယာများနှင့် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ သီးသန့်တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း အနေဖြင့် မိမိနှင့် ယှဉ်ပြိုင်ရဲပါက သမ္မတဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးရမည်ဟု ပြောကြားချက်အပေါ် သူရဦးရွှေမန်းက အဖြစ်နိုင်ဆုံး အမျှတဆုံးဖြစ်အောင် ဥက္ကဋ္ဌဘက်က ကြိုးစားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမ္မတအဖြစ် လက်ခံနိုင်ရန် အဆင်သင့် ဖြစ်၊ မဖြစ်ဆိုသော အချက်သည် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရေးတွင် နိုင်ငံရေးအရ ပိုမိုပဓာန ကျသည်ဟု ဆိုနိုင်သည်။ လက်ရှိပကတိ အခြေအနေတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်၏ ထောက်ခံမှုကို ရရှိမှသာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ရန် ကန့်သတ်ထားသော အချက်များ အပါအ၀င် အခြားဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများကို ပြည်ထောင်စုလွှတ်တော်တွင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးခံနိုင်ခွင့်ပြုမည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အပိုင်းသည် လာမည့်နှစ်နှစ်တာ ကာလအတွင်း ရုပ်လုံးပေါ်လာနိုင်ရန် ခက်ခဲသည်။ ထို့ကြောင့် လာမည့်နှစ်နှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းနှင့်အပြိုင် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးပွင့်ဆိုင် ဆက်ဆံရေးများ ပေါ်ပေါ်ထင်ထင်သော် လည်းကောင်း၊ သိုသိုသိပ်သိပ်သော် လည်းကောင်း၊ ပုံပေါ်လာနိုင်ခြေကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့် ရမည်ဖြစ်သည်။
ဇူလိုင် ၁၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အတည်ပြု ပြောကြားခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်ရာတွင် ပါတီတစ်ခုနှင့်တစ်ခု ရန်သူကဲ့သို့ ဆက်ဆံနေမည် ဆိုပါက အတိတ်ကာလ သမိုင်းကို ပြန်ရောက်နိုင်ကြောင်း သတိပေးစကား ပါးခဲ့သည်။ ဖဆပလခေတ် နိုင်ငံရေးပါတီများသည် မိတ်ဖက်လုပ်ဖော်ကိုင်ဖက် ကဲ့သို့သဘောမထား၊ ရန်သူလို သဘောထားခဲ့သဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည်ဟု သူရဦးရွှေမန်း၏ မှတ်ချက်ပြုမှုအပေါ် စောဒကတက်ဖွယ် ရှိသည်။ ဖဆပလခေတ်၊ လွှတ်တော်နိုင်ငံရေးတွင် နိုင်ငံရေး ပါတီများသည် တစ်ပါတီနှင့် တစ်ပါတီ ရန်သူသဖွယ် ဆက်ဆံခဲ့သည်ဟု ကောက်ချက်ဆွဲရန် ခက်သည့်အပြင် နိုင်ငံရေးပါတီချင်း ရန်ဘက်အသွင် ဆက်ဆံရေးကြောင့် အမျိုးသားစည်းလုံး ညီညွတ်ရေး ပျက်ခဲ့ရသည်ဟု သုံးသပ်ချက်မှာလည်း ပကတိ အခြေအနေများနှင့် ကင်းလွတ်နေသည်ဟု ထင်မြင်မိသည်။ လွှတ်တော်တွင်း အာဏာရနှင့် အတိုက်အခံနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးကြခြင်းသည် ရန်သူသဖွယ် ဆက်ဆံရေး မဟုတ်၊ လွှတ်တော်နိုင်ငံရေး သဘာဝပင် ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အကြား ပူးပေါင်းဆောင်ရွက်မည်ဟုလည်း အတည်ပြု ပြောကြားခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုတွင် ကျီးကဘုတ်မြှောက်၊ ဘုတ်ကကျီးမြှောက်သည့်ပုံစံ ၀င်နေမည်ဆိုလျှင် နိုင်ငံနှင့်ပြည်သူ အကျိုးကို သယ်ပိုးခြင်းမဟုတ်၊ နိုင်ငံရေးလှည့်စားမှု သက်သက် ဖြစ်သွားနိုင်သည်ကိုလည်း ဆင်ခြင်သင့်သည်။ ထို့အပြင် လွှတ်တော်ထဲတွင် အတိုက်အခံ မရှိတော့လေသလားဟု အများပြည်သူအကြား စိုးရိမ်မှုများကိုလည်း အတိုင်းအတာ တစ်ခုအထိ သက်သေပြသည့်အသွင် ရောက်သွားနိုင်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်၏ ဆွဲဆောင်မှုများထဲမှ တစ်ခုသည် လွှတ်တော်တွင်း အာဏာရပါတီနှင့် အတိုက်အခံ ပါတီတို့အကြား အကြိတ်အနယ် ငြင်းခုံဆွေးနွေးမှုများပင် ဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူလူထုသည်လည်း လွှတ်တော်တွင်း အကြိတ်အနယ် ဆွေးနွေးမှုများကို နားထောင်လျက် နိုင်ငံရေးအရ ရင့်ကျက်လာနိုင်သည်။ လွှတ်တော် အစည်းအဝေးပွဲများသည် ခြေစစ်ဘောလုံးပွဲများနှင့်မတူ ချစ်ကြည်ရေး ဘောလုံးပွဲများကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ပြည်သူလူထု အများစုကြီးသည် လွှတ်တော်နိုင်ငံရေးအပေါ် စိတ်ပျက်ငြီးငွေ့ လာနိုင်ဖွယ် ရှိသည်ကိုလည်း သတိပြု ဆင်ခြင်သင့်သည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက် (၆၆) ကြိမ်မြောက် အာဇာနည်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်တို့သည် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄)၊ အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပခဲ့သည့် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားမှုအရ တက်ရောက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ခိုင်မာကောင်းမွန်ကြောင်းကို ထပ်မံအတည်ပြုခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦးမှလွဲ၍ ပါတီခေါင်းဆောင် တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ နိုင်ငံရေးတွင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုသည် အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်သည်မှာ မှန်ကန်သော်လည်း ပုဂ္ဂိုလ်ရေးအပေါ် အခြေပြုသော နိုင်ငံရေး တည်ဆောက်မှုသည် ထိုပုဂ္ဂိုလ်မရှိလျှင် ပျက်ပြယ်တတ်သဖြင့် လူပုဂ္ဂိုလ်မဟုတ်သော မူဝါဒအပေါ် အခြေပြုသည့် နိုင်ငံရေး တည်ဆောက်မှုမျိုးကို အားစိုက်သင့်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် (၆၆) နှစ်မြောက် အာဇာနည်နေ့ အနီးတစ်ဝိုက်တွင် သမ္မတဦးသိန်းစိန်၏ ဒုတိယ သက်တမ်းအတွက် ပြန်လည်အရွေးခံမည် မဟုတ်ကြောင်း အတည်ပြု ပြောကြားချက်နှင့်အတူ သမ္မတလောင်းအဖြစ် အဆိုပြုထားသူ နှစ်ဦးဖြစ်သော လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ပွဲထွက်မှုများသည် ပို၍ပို၍ နီးကပ်လာနေခဲ့သည်။ အာဇာနည်နေ့အလွန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အခင်းအကျင်းသည် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေး စီးချင်းထိုးမည့် အခင်းအကျင်းလား နိုင်ငံရေးပေါင်းထုပ်မည့် အခင်းအကျင်းလား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့သည် ပြည်သူလူထုကို မျက်နှာမူနေသရွေ့ နိုင်ငံရေး ရာသီဥတုသည် သာယာနေမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် သတင်းမီဒီယာများနှင့် နိုင်ငံရေး အတိုက်အခံများကလည်း ပြည်သူလူထုကို ကျောခိုင်းသော နိုင်ငံရေး ပုံစံများအတွက် အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို အာခံအန်တုရန် အသင့်ပြင်ဆင် စောင့်ကြည့်နေမည် ဖြစ်ပါကြောင်း မောင်းခတ်အသိပေး လိုက်ရပါသည်။
 Written by ဒေါက်တာရန်မျိုးသိမ်း
Credit To Eleven Journal 

Related Articles:

Post a Comment